/wp-content/uploads/2023/03/isp-logo-200x200-1.png
  • Home
  • About
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • ISP Explainers
    • Explainers
    • ISP OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Events
      • ISP Briefing
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • ISP Community
  • Burmese Version
/wp-content/uploads/2023/03/isp-logo-200x200-1.png
  • Home
  • About
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • ISP Explainers
    • Explainers
    • ISP OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Events
      • ISP Briefing
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • ISP Community
  • Burmese Version
November 27, 2020

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့အိတ်ဖွင့်ပေးစာ

  • By ဦးမြင့်
  • Articles

အယ်ဒီတာမှတ်ချက်

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် (ရာပြည့်သဘင်) အခါသမယတွင် အမှတ်တရဖြစ်စေရန် အလို့ငှာ ၂၀၁၂ ခုနှစ် မေ ၁၉ ရက်က ဆရာဦးမြင့် ရေးသားခဲ့သော ပြည်သူသို့အိတ်ဖွင့်ပေးစာကို (ဆရာ ဦးမြင့်၏ ခွင့်ပြုချက်ဖြင့်) ISP-Myanmar က ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။


ဦးမြင့် [1]
ရန်ကုန်
မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ [2]

၁။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းခဲ့ပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး၊ ထင်သာမြင်သာရှိရေး၊ တာဝန်ခံရေး၊ အုပ်ချုပ်မှုကောင်းဖြစ်ပေါ်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုပြုပြင်ပြောင်းလဲရေးတွေကို ဦးတည်ပြီးတော့လည်း လျှောက်လှမ်းခဲ့တာပါ။ ဒီပြုပြင်ပြောင်းလဲရေးတွေကို ပြောရတာထက် လုပ်ရတာက အများကြီး ခက်တယ် ဆိုတာကို သိကြပါတယ်။ ဒါပေမဲ့ ဒီဆောင်ရွက်ချက်တွေကြောင့် မကြာခင်မှာ ကောင်းလာတော့မယ့် အလားအလာတွေရှိနေပြီဆိုတဲ့ မြင်ယောင်မျှော်လင့်ချက်တွေကလည်း မြန်မာပြည်သူတွေကြားမှာ မြင့်မားလာ ကြပါတယ်။

၂။ မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာရုံနဲ့တော့ မလုံလောက်သေးပါဘူး။ အတိတ်တုန်းကလည်း ဒီလို မျှော်လင့်ချက်တွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဘယ်မှ မရောက်ပေါက်ခဲ့ပါဘူး။ မျှော်လင့်ကြတဲ့အတိုင်း ဖြစ်ပေါ်ဖို့ ဆိုရင်တော့ နိုင်ငံရေးအရ တကယ်လုပ်ချင်တဲ့ စိတ်ဆန္ဒ ပြင်းပြင်းပြပြရှိရပါမယ်။ စိုက်လိုက်မတ်တတ် ပိုင်းဖြတ်လုပ်ဆောင်ရပါမယ်။ အားထုတ်ကြိုးပမ်းရပါမယ်။ လုပ်နိုင်စွမ်းရှိရပါမယ်။ ဒါတွေ လိုအပ်ပါတယ်။ ဒီလိုစိတ်အားပြင်းပြ လုပ်ဆောင်ပုံထောင့်က ပြောမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ခုထိတော့ ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးကြောင့် ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ထားကြတဲ့ အကျိုးရလာဒ်တွေ ပြည်သူတွေလက်တွေ့ မျက်တွေ့ အခိုင်အမာ ရရှိခံစားနိုင်အောင် လုပ်ကြရဦးမှာပါ။ ဒါက ခုချိန်မှာ ကြုံနေရတဲ့ အဓိက စိမ်ခေါ်ချက်တစ်ရပ် ဖြစ်ပါတယ်။

၃။ ဒီစိမ်ခေါ်ချက်အပေါ် တုံ့ပြန်ဖို့ လိုအပ်တာကို သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့်ကို တစ်ဆင့်တက် ဆောင်ရွက်ကြဖို့ လမ်းညွှန်ရာမှာ အထူးအလေးထား ပြောခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ မေလ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ လုပ်ခဲ့တဲ့ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး”မှာ သမ္မတကြီးက ကြေညာခဲ့တာပါ။ သမ္မတကြီးရဲ့ လမ်းညွှန်ချက်မှာ “ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေး” ရရှိအောင် ဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။[3]

၄။ “ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေး” ဆိုတာဘာပါလဲ။ အဓိပ္ပါယ်ကတော့ သာမန်နိုင်ငံသားတွေရဲ့ ဘဝကို အရည်အသွေးသဘောအရ တိုးတက်လာအောင် ဦးစားပေးဆောင်ရွက်ကြရမယ့် မဟာဗျူဟာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေး ကနဦးအဆင့်မှာပဲ ရှိသေးတဲ့အတိုင်း သာမန်မိသားစုတွေအနေနဲ့ အခြေခံစားဝတ်နေရေး လိုအပ်ချက်တွေကို ခံစားနိုင်ဖို့သာမက၊ အစဉ်အလာအရ လိုအပ်ချက်တွေ ဖြစ်ကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ စိတ်ချရတဲ့ ရေရရှိရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်သန့်ရှင်းရှင်းပတ်ဝန်းကျင်မှာ နေထိုင်လုပ်ကိုင်နိုင်ရေး၊ အဆင်ပြေပြေသွားလာနိုင်ရေး၊ အိမ်သုံးလျှပ်စစ်ပုံမှန် ရရှိရေး၊ စာတိုက်ကြေးနန်း တယ်လီဖုံးနဲ့ ဆက်သွယ်ရေး စံနစ်များ ကောင်းမွန်သက်သာရေး၊ သင့်တင့်လျောက်ပတ်တဲ့ အိမ်ယာများရှိရေး၊ ရပ်ရွာများ လုံခြုံသာယာရေးတွေလည်း လိုအပ်ပါတယ်။ ဒီလိုပါပဲ ပန်းခြံတွေ၊ ကဇာတ် ရုပ်ရှင်ရုံတွေ၊ စာကြည့်တိုက်တွေ၊ အားကစားနဲ့ အပန်းဖြေစရာနေရာတွေ၊ အဆောက်အအုံတွေလည်း လိုပါတယ်။ ဆင်းရဲတဲ့ ပြည်သူတွေဟာ ရပ်တည်လို့ရတယ် ဆိုရုံလေးအတွက် နေထွက်နေဝင် အလုပ်လုပ်နေကြရတယ်လို့ သမ္မတကြီးက ပြောခဲ့ပါတယ်။ တခြားကိစ္စတွေအတွက် အချိန်မရှိကြ ရှာပါဘူး။ ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာတော့ ပိုပြီးကောင်းလာမယ့် လူမှုဆက်ဆံရေးစနစ်တွေနဲ့ အဖွဲ့အစည်းတွေကတဆင့် အလုပ်ချိန်တွေကို လျှော့ချရမှာပါ။ အလုပ်လုပ်သူတွေရဲ့ သက်သာချောင်ချိရေး အလုပ်တွေကို ပိုလို့အာရုံထားပြီး အလုပ်ချိန်ကို လျှော့ချရမှာပါ။ ဒီလိုနဲ့ လူတွေဟာ ယဉ်ကျေးမှုနဲ့ လူမှုသဘောဆောင်ပြီး အပန်းလည်း ပြေစေနိုင်မယ့် ကိစ္စတွေကို ပိုပြီးလုပ်ဆောင်နိုင်လာပါလိမ့်မယ်။

၅။ ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးမှုအတွက် သမ္မတကြီးက ဖြစ်စေချင်တဲ့အတိုင်း ဆောင်ရွက်လို့ ရနိုင်တာတွေ ဘာတွေရှိနိုင်သလဲ စဉ်းစားကြည့်ကြရအောင်။ အဲဒီလို လုပ်ကြမယ်ဆိုရင် တိုင်းပြည်အတွင်းမှာ မျှော်လင့်ချက်တွေ မြင့်မားလာနေတယ်ဆိုတာ သတိပြုရမှာဖြစ်သလို အချိန်တိုတိုအတွင်းမှာ စွမ်းဆောင်လို့လည်း ရရမယ့် အဆိုပြုချက်တစ်ရပ် ထွက်ပေါ်လာဖို့လည်း လိုပါတယ်။ ပညာရေးကဏ္ဍမှာ တစ်ခုခုလုပ်တာက အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက် စဉ်းစားကြဖို့ အဆိုပြုအပ်ပါတယ်။ ဒီအဆိုပြုချက်ရဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ရမယ့် အလုပ်တွေ၊ ဖြစ်ပေါ်လာမယ်လို့ မျှော်မှန်းထားတဲ့ စီးပွားရေး၊ လူမှုရေးအကျိုးဆက်တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

၆။ စပြောရမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်ကြီးနဲ့ နှိုင်းယှဉ်ကြည့်နိုင်မယ် ထင်ပါတယ်။ ဧရာဝတီလိုပါပဲ၊ ရန်ကုန်တက္ကသိုလ်ကို မြန်မာပြည်သူ တရပ်လုံးက ပိုင်ဆိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသား အမွေအနှစ်ပါ။ အနာဂတ် မျိုးဆက်တွေ အတွက် ရန်ကုန်တက္ကသိုလ်ကို ထိန်းသိမ်းရပါမယ်။ ကာကွယ်ရပါမယ်။

၇။ တက္ကသိုလ်ရဲ့ သမိုင်းဦးကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ အာရှမှာ အကောင်းဆုံး အကြီးကျယ်ဆုံး တက္ကသိုလ်တွေထဲက တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကို သတိရကြရမှာပါ။ မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုဟာ ဒီနေရာက စခဲ့တယ်ဆိုတာကိုလည်း သတိရကြမှာပါ။

၈။ ဧရာဝတီလိုပါပဲ၊ ရန်ကုန်တက္ကသိုလ်ဟာ သူ့ရဲ့အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်နဲ့ အသွေးရောင်စုံ တော်တော်များများ ပြယ်လွင့်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာသေးခင် ဧရာဝတီအတွေ့အကြုံကနေ အဖိုးတန် သင်ခန်းစာတစ်ရပ် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဧရာဝတီကို ကာကွယ်ဖို့၊ အရင်တုန်းကရှိခဲ့တဲ့ ထယ်ဝါမှုမျိုး ပြန်ရဖို့ လိုအပ်ချက် အပေါ်မှာ မြန်မာပြည်သူတွေဟာ စည်းစည်းလုံးလုံး၊ ပီပီသသ၊ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြပါတယ်။ စည်းလုံးခိုင်မာတဲ့ လူထုသဘောထားနဲ့ အစိုးရရဲ့ လူထုဆန္ဒကို အလေးထားတဲ့ လိုက်လျောမှုကြောင့် ရလာဒ်ကောင်းတွေ ရရှိခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြင့်မားအောင် ဆောင်ရွက်ကြရမယ့် ခုတစ်ကြိမ်မှာလည်း ရရှိပြီး ဖြစ်တဲ့ အဲဒီအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြစေလိုပါတယ်။ ဧရာဝတီကိစ္စလိုပါပဲ၊ ဒီဆောင်ရွက်ချက်တွေဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်တိုင် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမိုင်းကဏ္ဍအသစ်ကို လွမ်းမော အောက်မေ့စရာနည်းလမ်းနဲ့ စလိုက်တာလည်း ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေက ခုထိမပေးနိုင်သေးတဲ့ လက်ငင်းလက်တွေ့မျက်တွေ့ အကျိုးရလာဒ် ကိုလည်း ဒီဆောင်ရွက်ချက်တွေကြောင့် တွေ့မြင်ခံစားလာရပါလိမ့်မယ်။

၉။ နောက်ထပ်ပြောစရာ တစ်ချက်ရှိပါသေးတယ်။ ရန်ကုန်မြို့ပြင်ရောက် တက္ကသိုလ်တွေက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ စကားပြောတိုင်း‌ ကြားလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “တလျှောက်လုံး ရှိခဲ့တဲ့ ကျွန်တော်၊ ကျွန်မတို့ရဲ့ အကြီးမားဆုံးဆန္ဒကတော့ ပင်မရန်ကုန်တက္ကသိုလ်ပရဝုဏ်ထဲ ပြန်ရောက်ချင်တာပဲ ဖြစ်ပါတယ်။”

၁၀။ သူတို့ ဆန္ဒကို နားလည်နိုင်ပါတယ်။ အဲဒီမြို့ပြင်တက္ကသိုလ်တွေက အဝေးကြီးပါ။ အများပြည်သူ အသုံးပြု နိုင်တဲ့ သယ်ယူပို့ဆောင်ရေးကလည်း မလုံလောက်ပါဘူး။ ကားတွေ ပိုများလာ၊ လူဦးရေ ထူထပ်လာ၊ သင့်လျော် ချောမွေ့မယ့် ယာဉ်အသွားအလာနဲ့ မြို့ပြစီမံကိန်းကလည်း မရှိတဲ့ အခြေအနေမှာ သွားရ၊ လာရ၊ စာသင်ကြ ရတာက ပိုဆိုးလာပါလိမ့်မယ်။ မြို့ပြင်မှာ ပုံမှန်အတန်းတွေသင်၊ ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲမှာ ဒစ်ပလိုမာ နဲ့ ဘွဲ့လွန်ညနေတန်းတွေ သင်ဖို့ ပြေးရလွှားရတာဟာ ဆရာ ဆရာမတွေ အတွက် ရုပ်ပိုင်း စိတ်ပိုင်း ပင်ပန်းစရာ ဖြစ်ပါတယ်။

၁၁။ ဒီလက်တွေ့ ဖြစ်ရပ်တွေအရ အရင်တုန်းကအတိုင်း ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ မြင့်မားအောင် စဆောင်ရွက်ဖို့ နည်းလမ်းကောင်းတစ်ရပ်ကတော့ ခုအများအားဖြင့် အားနေတဲ့ ရန်ကုန်တက္ကသိုလ် ပင်မဝင်း ထဲက စာသင်ခန်းတွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် ပုံမှန်အတန်းတွေကို ပြန်သင်ကြားဖို့ပဲ ဖြစ်ပါတယ်။ အဆောင် တွေမှာလည်း ကျောင်းသူ ကျောင်းသားတွေကို ပြန်ထားရပါမယ်။ ၁၉၉၀ ခုနှစ်များ အစပိုင်းလောက် ကတည်းက ဒီအဆောင်တွေမှာ ကျောင်းသူကျောင်းသားတွေ ကင်းမဲ့ခဲ့ရတာပါ။ ကောလိပ်ကျောင်းသူ ကျောင်းသားဘဝရဲ့ အဆောင်နေဘဝဆိုတာ လူငယ်တွေအတွက် လူမှု၊ ယဉ်ကျေးမှု တန်ဖိုးတွေ အပြည့်အဝ ခံစား၊ သင်ယူရရှိနိုင်တဲ့ တသက်တာ လွမ်းမောဘွယ် ကာလလည်းဖြစ်ပါတယ်။ အမိတက္ကသိုလ်ကြီး ပြန်စည်ကားလာစေချင်ကြတဲ့ ဆရာ ဆရာမတွေ၊ လက်ရှိ ကျောင်းသူကျောင်းသားတွေ၊ တက္ကသိုလ် ကျောင်းထွက်တွေရဲ့ ပြင်းပြလှတဲ့ ဆန္ဒဟာ အကြောင်းခိုင်လုံ၊ အားကောင်းလှပါတယ်။

၁၂။ ရန်ကုန်တက္ကသိုလ်မှာ စာပြန်သင်နိုင်အောင် ဆောင်ရွက်ဖို့ စီးပွားရေးသဘောအရ လုံလောက်တဲ့ အကြောင်းတွေလည်း ရှိပါတယ်။ အခုလုပ်နေတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် မကြာခင် မှာပဲ လုပ်ငန်းကိုင်ငန်းတွေ ပွင့်လာမယ်၊ ပိုက်ဆံရှာဖို့ အခွင့်အလမ်းကောင်းတွေ ရှိလာမယ်လို့ မျှော်လင့်လာ ကြပါတယ်။ ရလာဒ်ကတော့ စီးပွားရေး တက်တော့မှာပဲလို့ ကြိုယူဆကြပြီး စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာမစဲ ဖြစ်နေပါတယ်။ အကျိုးဆက်တစ်ရပ်ကတော့ ရန်ကုန်နဲ့ အဓိက မြို့ကြီးတွေမှာ အိမ်ရာမြေဈေးတွေ ထပ်ထိုးတက်နေတာပါပဲ။ ရန်ကုန်တက္ကသိုလ်နယ်မြေဟာ မြို့တော်ရဲ့ အဓိကကျတဲ့ နေရာတစ်နေရာမှာ ရှိပါတယ်။ မြေ၊ အဆောက်အဦ၊ အားကစားကွင်းတွေ၊ အပန်းဖြေနားနေ အဆောက်အအုံ တွေနဲ့ အခြား အဆောက်အဦတွေက သန်းထောင်ချီတန်ဖိုးရှိလာပါတယ်။ အလွန်တန်ဖိုးထားထိုက်တဲ့ တမျိုးသားလုံးရဲ့ ဉစ္စာပစ္စည်း ရန်ကုန်တက္ကသိုလ်ကို တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးများရအောင်၊ အစိုးရ ဝင်ငွေရရှိအောင် ထိထိရောက်ရောက် အသုံးပြုကြရမှာပါ။ သုံးသင့်သလို မသုံးဘဲ ထားမယ်ဆိုရင် တိုင်းပြည် အတွက် ဝင်ငွေသဘောအရ ဆုံးရှုံးသလို၊ စီးပွားရေး သဘောအရ အလဟဿ ဖြစ်သွားရတာကလည်း ကြီးမား လှပါတယ်။

၁၃။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဟာ အဆောင်နေခွင့် မရကြတဲ့အတွက်၊ ပြင်ပ ပုဂ္ဂလိက အဆောင်တွေမှာ နေစရာရှာကြရပါတယ်။ အဲဒီအဆောင်အများစုမှာ ကြီးကြပ်စောင့်ရှောက် ပေးတာက မလုံလောက်ပါဘူး။ အစားအသောက်နဲ့ နေရေးထိုင်ရေး ပတ်ဝန်းကျင်ကလည်း လူငယ်တယောက် အတွက် ကောင်းမွန်လှတယ်လို့ ပြောလို့ မရနိုင်ပါဘူး။ ဒီအခြေအနေတွေမှာ လူငယ်တွေတချို့ အကျင့်စာရိတ္တ ယိုယွင်း လာ၊ လူတော သူတော မဝင်ဆန့်တဲ့ အပြုအမူတွေ ဖြစ်ပေါ်လာတဲ့အတွက် မိဘတွေနဲ့ ရပ်ရွာအသိုက်အဝန်း အတွင်းမှာ စိုးရိမ်မကင်း ဖြစ်လာကြရပါတယ်။ ဒီလူမှုရောဂါကိုလည်း ကျွန်တော်တို့ ကိုင်တွယ်ကြရမယ့် အချိန်ရောက်လာပါပြီ။ တစ်ခုသောနည်းလမ်းကတော့ ကျောင်းသူကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ် ဝင်းထဲက အဆောင်တွေမှာ ပြန်လက်ခံတာပါပဲ။ အဆောင်မှူး၊ အဆောင်နည်းပြတွေရဲ့ စောင့်ရှောက်မှု အောက်မှာ သူတို့ရှိလာကြမှာပါ။ လေ့လာ၊ အပန်းဖြေ နားနေစရာဝန်းကျင်လည်း လူငယ်တွေ ရရှိလာကြမှာပါ။ တက္ကသိုလ်မှာ ရှိနေတဲ့ အထောက်အကူကိစ္စအားလုံးကို အပြည့်အဝ အသုံးပြုနိုင်အောင် လုပ်မယ့် ပြုပြင် ပြောင်းလဲရေးကြောင့် တိုင်းပြည်အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့ လူငယ်တွေအတွက် အရာထင် အကျိုး ရှိလာပါလိမ့်မယ်။ ဒီအကျိုးစီးပွားက ချက်ချင်းလက်ငင်း ရရှိမှာပါ။ မြင်သာပါတယ်။ ပညာရေး ဝန်ကြီးဌာန အတွက်လည်း အသုံးစားရိတ် ထပ်မတက်နိုင်ပါဘူး။ ပြည်သူတရပ်လုံးကလည်း ကြိုဆိုကြပါလိမ့်မယ်။

၁၄။ လက်ရှိအခြေအနေမှာ အဆောက်အဦတွေက ဟာလာဟင်းလင်း၊ နယ်မြေကလည်း ကျယ်ဝန်း၊ အပန်းဖြေ နားနေစရာ အဆောက်အအုံတွေနဲ့ အားကစားခန်းမတွေကလည်း ထိန်းသိမ်းဖို့ လိုအပ်နေတဲ့အပြင်၊ အထက်က ပြောခဲ့သလိုပဲ၊ အိမ်ယာမြေဈေးတွေ ထောင်တက်နေတာကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအတွက် တက္ကသိုလ်နယ်မြေက မျက်စိကျစရာ ဖြစ်နေပါတယ်။ ဒီလိုနောက်ထပ်ထိပါးလာနိုင်မယ့် အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဆရာတွေ ကျောင်းသူ ကျောင်းသားတွေနဲ့ ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်စည်ကား လာရေးဟာ အပူတပြင်း သဘောထားပြီး လုပ်ရမယ့် အကြောင်းတစ်ကြောင်း ဖြစ်လာပါတယ်။

၁၅။ ဒါကြောင့် လက်ရှိ ဆရာမတွေ၊ ဆရာတွေ၊ အငြိမ်းစား ဆရာမကြီးတွေ၊ ဆရာကြီးတွေ၊ တိုင်းပြည် ချစ်ကြတဲ့သူတွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြည်တွင်း ပြည်ပက အတွေ့အကြုံ ဗဟုသုတရှိကြတဲ့ မိတ်ဆွေ တွေကို ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။ ရန်ကုန်တက္ကသိုလ် အရင်ကအတိုင်း ဂုဏ်သိက္ခာ ပြန်ရှိရေးအတွက် အကြောင်းအရာ ၃ ရပ်နဲ့ ဆောင်ရွက်ကြဖို့ ကျွန်တော် အဆိုပြုပါရစေ။

  • (က) အာရှမှာ အကောင်းဆုံး အကြီးကျယ်ဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ သမိုင်းဦးကာလက ရန်ကုန်တက္ကသိုလ်က ဘယ်လိုတက္ကသိုလ်မျိုး ဖြစ်တယ်ဆိုတာကို ပြောဆို၊ ရေးသား၊ တင်ပြပေးကြပါ။
  • (ခ) လက်ရှိ ရန်ကုန်တက္ကသိုလ်က ဘယ်လို၊ ဘာဖြစ်နေတယ်ဆိုတာကိုလည်း ပြောဆို၊ ရေးသား၊ တင်ပြကြပါ။
  • (ဂ) ရန်ကုန်တက္ကသိုလ် အရင်ကအတိုင်း ဂုဏ်သိက္ခာ ပြန်ရှိရေးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်း တစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်ဖို့ အကြံပြု တင်ပြကြပါ။

၁၆။ အကြောင်းအရာသုံးရပ်မှာ လုပ်ငန်းအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာရေးက အရေးအကြီးဆုံး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ပြည်တွင်းမှာဆိုရင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီတွေ၊ ပညာရပ်ဆိုင်ရာ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အသိုက်အဝန်း၊ မီဒီယာနဲ့ လူထုအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းအသီးသီးရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁၇။ ဒါ့အပြင် နိုင်ငံတကာကလည်း ကူညီကြမှာပါ။ အစိုးရ အချင်းချင်း ဆက်ဆံရေးက ဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဖြစ်စေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာကလည်း အကောင်အထည်ဖော်ရေးလုပ်ငန်း အစီအစဉ်ကို ကူညီကြမှာပါ။ အဲဒီအကူအညီတွေထဲမှာ ပညာရေး အရည်အသွေး မြှင့်တင်ရေး၊ ဆရာဆရာမ ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းရည် မြှင့်တင်ရေး၊ စာအုပ်စာတမ်း ရရှိရေး၊ သင်ရိုးအထောက်အကူ ရရှိရေး၊ ပစ္စည်းကိရိယာ ရရှိရေး၊ နိုင်ငံခြားနဲ့ ကျောင်းသားတွေ အပြန်အလှန်သွားရောက်ပညာသင်ကြားရေး၊ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ထောက်ပံ့ကြေးရရှိရေး၊ နယ်ပယ်များစွာမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်စပ်ဆောင်ရွက်ရေးစတဲ့ ကိစ္စတွေ ပါဝင်မှာပါ။

၁၈။ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ အရင်အတိုင်း ပြန်လည်မြင့်မားအောင် ဆောင်ရွက်ရေးမှာ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ နောက်ဆုံးသမ္မတ ဒေါက်တာမောင်မောင် ၁၉၈၈ ခုနှစ်မှာ ပေးခဲ့တဲ့ ကတိကဝတ်ကို ဖြည့်ဆည်းဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ တခြားမဟုတ်ပါ။ ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။

၁၉။ ကျွန်တော့်မိဘတွေက နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေပါ။ နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်ဖို့ သွားကြတဲ့အခါ၊ ရန်ကုန်တက္ကသိုလ်မှာ အဆုံးတိုင် ပညာသင်ကြားဖို့ ကျွန်တော် နေရစ်ခဲ့ပါတယ်။ စစ်ကိုင်းဆောင်မှာ ကျွန်တော်နေပါတယ်။ အဲဒီတုန်းက တခြားကျောင်းသားတွေလိုပါပဲ၊ ကျောင်းသားသမဂ္ဂ အဆောက်အဦထဲမှာ ကျွန်တော့်အချိန်တွေကို အတော်အသုံးပြုခဲ့တာပေါ့။ ကျွန်တော်မှတ်မိပါသေးတယ်။ အဲဒီမှာ စာဖတ်ခန်းငယ်လေးတစ်ခုရှိတယ်။ စာကြည့်တိုက်ရှိတယ်။ စားသောက်ဆိုင်ရှိတယ်။ ဆံပင်ညှပ်ဆိုင် ရှိတယ်။ အစည်းအဝေးခန်းရှိတယ်။ စားပွဲတင် တင်းနစ်ခုံနဲ့ နားနေခန်းရှိတယ်။

၂၀။ ကျောင်းသားသမဂ္ဂကို ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲ ပြန်လည်တည်ဆောက်တဲ့ ကိစ္စဟာ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ကိစ္စပဲ ဖြစ်ဖို့ ကျွန်တော်အဆိုပြုပါရစေ။ ဆိုလိုတာကတော့ ပြန်လည် တည်ဆောက်ရေး စီမံချက်ရံပုံငွေဟာ ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေရဲ့ အလှူငွေပဲ လုံးဝဖြစ်သင့်တဲ့ သဘောဖြစ်ပါတယ်။ အလှူငွေ အနည်းဆုံး အများဆုံး ကန့်သတ်ချက် မရှိသင့်ပါဘူး။ အလှူရှင် ဆန္ဒအလျောက် ကြိုက်သလောက် လှူနိုင်ပါတယ်။ အကောင်အထည်ဖော်ကြမယ့် သူတွေကလည်း အလှူငွေ နည်းနည်း များများ အားလုံးကို မခွဲခြားဘဲ၊ အလှူရှင်အဖြစ် ကျေးဇူးတင် မေတ္တာထားမှာပါ။

၂၁။ အဆင့်မြင့် ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို တည်ဆောက်နိုင်လောက်အောင် လုံလောက်တဲ့ ရံပုံငွေ ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်ခန်းပါမယ်။ စာကြည့်တိုက်ပါမယ်။ စားသောက်ဆိုင်ပါမယ်။ ဆံပင်ညှပ်ဆိုင်ပါမယ်။ စားပွဲတင်တင်းနစ်ခုံနဲ့ နားနေခန်းပါမယ်။ ဒါ့အပြင် ကျောင်းသူတွေအတွက် အလှပြင်ဆိုင်တစ်ဆိုင်လည်း ရှိပါမယ်။ ပြောင်းလဲနေတဲ့ အချိန်ကာလအတိုင်းသမဂ္ဂအဆောက်အအုံက လေအေးပေးစက် အပြည့်တပ်ထားတာလည်း ဖြစ်ပါမယ်။ ခေတ်မီဆက်သွယ်ရေး ပစ္စည်းတွေ၊ ရုံးသုံးအထောက် အကူတွေလည်း တပ်ဆင်ထားပါမယ်။ အစည်အဝေးခန်းတွေလည်း ရှိမယ်။ စာသင်ခန်းမကြီးလည်းရှိမယ်။ ညီလာခံခန်းမလည်းရှိမယ်။ ဧည့်ပညာရှင်တွေအတွက် အခန်းတွေလည်းရှိမယ်။ နားနေဖို့၊ အပန်းဖြေဖို့၊ တွေ့ဆုံ နိုင်ကြဖို့နေရာ အထောက်အကူလည်းထားပါမယ်။ အဆောက်အဦထဲမှာ ဘာရှိသင့်တယ်လို့ ထင်ကြပါသလဲ။ ပြောကြပါ။ ကျွန်တော်တို့ထည့်မှာပေါ့။

၂၂။ အရာရာထက်သာတာကတော့၊ ကျောင်းသားသမဂ္ဂအဆောက်အဦအသစ်ဟာ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ရဲ့ အထိမ်းအမှတ်ဖြစ်လာမှာပါပဲ။ ကျွန်တော်တို့ နှလုံးသားထဲမှာ လပ်ဟာခဲ့တဲ့ကွက်လပ်ကို ဖြည့်ပေးမှာပါ။ ဟိုတုန်းကအတိုင်းပဲ၊ လူငယ်တွေ လွတ်လွတ်လပ်လပ်အချေအတင် ပြောဆိုဆွေးနွေးကြတဲ့ နေရာဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အစဉ်အလာနဲ့အညီ၊ အနာဂတ်မှာ ကြုံရမယ့် တိုင်းပြည်တည်ဆောက်ရေးအလုပ်တွေမှာ လူငယ်ကျောင်းသားတွေ ထိထိရောက်ရောက် ပါဝင်လာကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

၂၃။ ကျောင်းသားသမဂ္ဂအဆောက်အအုံရှိပြီး၊ ကျောင်းသားသမဂ္ဂမရှိရင်တော့ သိပ်သဘာဝမကျလှပါဘူး။ နွားရှေ့ထွန်ကျူးတယ်လို့ စွပ်စွဲခံရကိန်းကလည်း ကောင်းကောင်းရှိနေပါတယ်။ ဒီကိစ္စက ထိလွယ်ခိုက်လွယ် ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လိုအဖိုးကြီးတွေက ၁၉၆၀ ပြည့်နှစ်များအတွင်းက စိတ်အထာကျပုံအတိုင်း အစိုးရိမ်ကြီးနေကြချိန်မှာ လူငယ်တွေကတော့ သတင်းအချက်အလက် နည်းပညာ ခေတ်ထဲ ဝင်ရောက်နေထိုင်နေကြပါပြီ။ ဒီကိစ္စကို လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ကြရင်၊ ဖြေရှင်းနိုင်ချေရှိလိမ့်မယ်လို့ ယူဆပါတယ်။

၂၄။ အငြိမ်းစားကျောင်းဆရာတစ်ယောက်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောရရင် အမျိုးသားရင်ကြားစေ့ရေးဟာ မျှတပြီး၊ တာရှည်ခံအောင်၊ အားလုံးပါဝင်၊ ကျယ်ကျယ်ပြန့်ပြန့် အခြေခံဆောင်ရွက်ကြရမှာပါ။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေကို လူ့အဖွဲ့အစည်းရဲ့ တခြားအစိတ်အပိုင်းက လူတွေအတိုင်း၊ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ပေးဖို့ စိုးရိမ်မကင်း ဖြစ်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေး မေးသင့်ပါတယ်။ နယ်ပယ်တော်တော်များများ၊ အထူးသဖြင့် မြန်မာပြည်အပေါ် အကြင်အနာကင်းတဲ့ နိုင်ငံခြားသားတွေနဲ့တောင် ရင်ကြားစေ့နိုင်ဖို့ ကြိုစားပန်းစားလုပ်နေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ လူငယ်တွေနဲ့ ဘာကြောင့်များ ရင်ကြားစေ့ ဖို့ မလုပ်နိုင်ရမှာလဲ။

၂၅။ ပစ္စည်းကိရိယာကောင်းတွေ တပ်ဆင်ထားပြီး ခေတ်မီတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံအသစ်ဟာ မြန်မာပြည်သူတွေက လူငယ်တွေကို ပေးတဲ့လက်ဆောင် ဖြစ်လာပါလိမ့်မယ်။ လူငယ်တွေအပေါ်မှာ ယုံကြည်အားထားမှုရှိတယ်ဆိုတာကို သက်သေထူတဲ့ လက်ဆောင်ပါ။ မြန်မာနိုင်ငံကို ပိုပြီး နေထိုင်လို့ကောင်းအောင် ဖန်တီးဖို့ လက်ရှိဆောင်ရွက်နေကြတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အပြောင်းအလဲတွေမှာ လူငယ်တွေရဲ့ ထောက်ခံမှု၊ တက်တက်ကြွကြွပါဝင်ဆောင်ရွက်မှုကို မျှော်လင့်အားထားကြောင်း ပြသတဲ့ ပြည်သူတွေရဲ့လက်ဆောင် ဖြစ်ပါတယ်။


[1] အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Centre for Economic and Social Development – CESD)၊ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (Myanmar Development Resource Institute – MDRI)။ ယခင် ကထိက၊ ပညာရေးနှင့် စီးပွားရေးတက္ကသိုလ်။

[2] ဦးမြင့် အင်္ဂလိပ်ဘာသာနဲ့ ပြုစုထားတဲ့ Open Letter on Restoring the University of Yangon to its Former Glory ပြည်သူသို့ အိတ်ဖွင့်ပေးစာကို စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD) ရဲ့ အကြီးတန်းသုတေသီ၊ ယခင် သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာ၊ တင်မောင်သန်း ဆီလျော်အောင် ဘာသာပြန်တယ်။ The Wave အယ်ဒီတာ ကျော်ဝင်း တည်းဖြတ်တယ်။

[3] မြန်မာ့အလင်း၊ မေလ ၁၂ ရက်၊ စနေနေ့၊ အတွဲ(၅၁)၊ အမှတ်(၂၂၀)၊ စာမျက်နှာ ၁ နှင့် ၈။ အပြည့်အစုံကို သမ္မတရုံး အင်တာနက် စာမျက်နှာ http://www.president-office.gov.mm/briefing-room/daily-news/new3 မှာ ဖတ်ရှုပါ။

About ISP-Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.
  •   +66 80 747 9712
  •   [email protected]
  •   PO Box 149, Chiang Mai University PO, Chiang Mai 50202

Recent Publications

  • June 5, 2023
    Energy Sector: 70% of Total Inflow and Key in Foreign Investment
  • May 31, 2023
    Data Matters 46 - Burmese Version
  • May 26, 2023
    Alerted Security in Mae Sot, Thai-Myanmar border in Post-Election: Normal Response?
  • May 26, 2023
    Insight Email 15 - Burmese Version
  • May 24, 2023
    Aligning with China’s Policy Reset: Revitalizing Trade Routes and Economic Plans in Myanmar
Follow us on
Copyright ISP-Myanmar © 2023. All Rights Reserved