ဦးကြည်မောင် ဘာသာပြန်

(အကျဉ်းချုပ် – ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း၊ “လေးအတတ်နှင့် ဉာဏ်အထူး” ၊ “ပန်းအတတ်နှင့် ဉာဏ်အထူး” စာအုပ်များအကြောင်းနှင့် ထိုစာအုပ်များကို ဘာသာပြန်ပုံ နမူနာ မြည်းစမ်းစရာများ။ဘာသာပြန်ခြင်းနှင့် စပ်လျဉ်းသော အယူအဆများ။ ဘာသာပြန်ရာ၌ သစ္စာရှိသည် ဟူသည်မှာ ဘာလဲ။ ဆရာဇော်ဂျီ၊ ဦးခင်ဇော်တို့၏ ဘာသာပြန်ပုံ နမူနာများ၊ သူတို့ အယူအဆများနှင့် တိုက်ကြည့်သော် ဦးကြည်မောင်၏ လက်ရာမှာ ဘာသာပြန်ကောင်း ဖြစ်သည်)

■ အချီး

ဤစာတမ်းပါ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် တစ်ဦးဖြစ်သော ဗိုလ်မှူးကြီး (ဟောင်း) ဦးကြည်မောင် ဖြစ်သည်။ ထို ဦးကြည်မောင်၏ အင်တာဗျူး တစ်ခုကို ဖတ်ဖူးသည်။

အဲလန် –         ခင်ဗျားကြည့်ရတာ နဝတ ခြိမ်းခြောက်မှုကို ဆေးပြီးနေသလိုပဲ။ ထပ်အဖမ်းခံရမှာ၊ ထောင်ကျမှာကိုလဲ ကြောက်ပုံမရဘူး။ ဒါပေမဲ့ ခင်ဗျားဟာ လူသားပဲလေ။ တခါတလေ ကြောက်စိတ် မဝင်မိဘူးလား။

မောင် –          ဒါတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော် ဂရုစိုက်တာက၊ လက်တွေ့လုပ်တာက တစ်နေ့တာလုံး သတိကပ်ထားတာပဲ၊ ဒါပဲ။ သတိရှိနေရမယ်။ ကြည့်၊ အင်္ကျီအိတ်ထဲ စက္ကူရွက်ကလေးတွေ ကျွန်တော် ထည့်ထားတယ်။ ကိုးကားဖို့၊ မမေ့မလျော့အောင် မှတ်ထားဖို့ပဲ။ ဒါလေးတွေက ဒီမှာ ကျွန်တော့်စိတ်ကို စုစည်းထားပေးတယ်။ ဒါဟာ အရေးအကြီးဆုံးပဲ။ ပစ္စုပ္ပန်ကျရမယ်။ နိုးကြားနေရမယ်။ သိတယ်မို့လား။ ထောင်တွင်းဘဝဆိုတာ ပန်းမွေ့ရာ မဟုတ်ဘူးဆိုတာ။ ဒါပေမဲ့ အချိန်ကာလဟာ ကျွန်တော့်ရဲ့ အခွင့်သာချက်ပဲလေ။ ခုမြင်နေရတာကို သတိနဲ့နေတယ်။ လွှတ်မထားဘူး။ ကြည့်၊ ရေကန်ပါ်က တလက်လက်နဲ့ စိမ်းဖျော့ဖျော့ အရေးအကြောင်းကလေး။ ပြီး သစ်ပင်ရိပ်တွေ။ ခင်ဗျားခြေထောက်နားမှာ။ ဒါတွေကို ကျောခိုင်းလိုက်တာနဲ့ အားလုံးပျောက်သွားပြီ။ ဒါဟာ ဘဝရဲ့ ရိုးစင်းမှုပဲ။ ဒီမှာ ခုလေးတင်၊ ဘာမှ မမြဲဘူးလေ။ အားလုံးဟာ အရိပ်တခုလိုပဲ။ ဘာမှမရှိဘူး။ ဟိုမှာ စုအိမ်ဝင်းနောက်မှာ ကာရံထားတဲ့ သွပ်ဆူးကြိုးကို မြင်နေရတယ်။ အဲဒီလိုရှိနေတဲ့ ကသိကအောက် ဖြစ်စရာတွေကို ဘာလို့ ပူပုံပွားနေရမှာလဲ။ ဒါဟာ အရေးမပါ ပါဘူး။ ခုနေ တစ်ခုခုကို ကျွန်တော် ပူပန်မိရင် အဲဒီ ပူပန်တဲ့အခိုက်မှာပဲ သတိတရား လွတ်သွားပြီ။ ဒါကြောင့် သတိကို ရတနာလို ဂရုစိုက်ရတာ။ ဖြစ်ပြီး ပျက်သွားတယ်။ ဒါကို ကျွန်တော်သိနေတယ်။ ဘဝဆိုတာ ခု ခင်ဗျား ဖန်တီးတဲ့အတိုင်း ဖြစ်နေတာ။ ဘာမှ တွယ်တာဖို့ မရှိဘူး။ ဒါ အခြေခံပဲ။ သိတယ်နော်။ ဒီတော့ ဘဝထဲကို စွမ်းအင်ဖြည့်ထည့်လိုက်ပါ။ ဒီနည်းနဲ့ ကျွန်တော်ဟာ မိမိနဲ့ ယထာဘူတ အမြင်ကို အလွတ်မခံရအောင် နေနိုင်တာ။

အဲလန် –         မိမိရဲ့ သေမယ့်အရေးကို ခင်ဗျား ဆင်ခြင်ဖူးပါသလား။

မောင် –          ဆင်ခြင်တာပေါ့ဗျာ။ တနင်္ဂနွေနေ့မှာ မတ်တတ်ရပ်ပြီး လူထုကို စကားပြောတုန်းမှာ ကျည်ဖူးတစ်ခုက ကျွန်တော့် နှလုံးသားကို ဖောက်ထွင်းသွားတယ်။ သွေးတွေ ထွက်တယ်။ ကျွန်တော် လဲကျသွားတယ်။ တခါတလေ အဲဒီလို ကျွန်တော် မြင်အောင် ကြည့်တယ်။ ဒါပေမဲ့ ကျွန်တော် မမှုဘူး။ လုံးဝကို မမှုဘူး။ ဂရုလဲမစိုက်ဘူး။ ကျည်ဆံထိပ်ဖူးက လာချင်တယ်ဆိုရင်လည်း လာပေါ့ဗျာ။ သို့သော် ကျွန်တော် ကြောက်မိတာက ကျွန်တော်ဟာ သိပ် အားအင်ချည့်နဲ့ပြီး အလွယ်ကူဆုံးလမ်းက ထွက်လမ်း ရှာမိမှာကိုပါ။ အိပ်ရာထဲ တစ်နေကုန် လူးလှိမ့်နေပြီး နောက်ထပ် အကြွင်းမဲ့ အာဏာရှင်အစိုးရကြီး တစ်ဖွဲ့ ပြိုလဲသွားတဲ့အကြောင်း ရေးထားတဲ့ စာအုပ်တွေကို ဖတ်နေရမှာကို ကြောက်တာပါ။

(ဦးကြည်မောင်၏ နှစ်ကိုယ်ကြားပြောစကား၊ စာ ၆၂ – ၆၃)

အထက်ပါ အင်တာဗျူးကို ဖတ်မိသောအခါ ကျွန်တော် အံ့သြသွားသည်။ ပညာရှင်တစ်ယောက် (ပညာရှိတစ်ယောက်) ရဲ့ အဖြေပဲ။ သို့သော် စစ်ဗိုလ်ကြီး။ ဆင်ခြင်တတ်တဲ့ စစ်ဗိုလ်ကြီး တစ်ဦး။ ရှားရှားပါးပါးသာ တွေ့ရနိုင်တဲ့ ပုဂ္ဂိုလ်အမျိုးအစား။ စစ်ဗိုလ်ကြီး ဆိုသော်ငြား ဂီတကို စုံမက်သူတဲ့။ ပြဇာတ်တွေလည်း ရေးသတဲ့။ သူကား “မူနဲ့လူ”ဟူ၍လည်း နာမည်ကျော်သည်။ “နိုင်ငံတော်နှင့် စစ်မှုထမ်း”၊ “အုပ်ချုပ်ပိုင်ခွင့်” ဟူသော အရေးကြီးသည့် စာတမ်းနှစ်စောင်လည်း ရေးသည်။ ထိုသို့သော ဂုဏ်ပုဒ်များ ရှိသည်။

ဦးကြည်မောင်သည် စာအုပ်နှစ်အုပ်လည်း ဘာသာပြန်ခဲ့ရာ၊ ကျွန်တော် မုံရွေးစာပေက ထုတ်ခဲ့သည်။ အဲသည် စာအုပ်များမှာ၊ ထိုအချိန်က ဦးကြည်မောင် အမည်နှင့် ထုတ်ခွင့် မရသောကြောင့် သူ့သမီးအမည် ခင်မျိုးကြည်နှင့် ထုတ်ခဲ့ရသည်။ တိုင်ပင်ကြကာ၊ လူတွေ အကျိုးရှိဖို့သာလိုရင်း၊ ပြည်သူလူထုဆီ အရောက်ပို့ဖို့သာလိုရင်း ဟူ၍ လုပ်ခဲ့ရသည်။ ထိုစာများကို ယခင်ကတော့ ဖတ်ရုံသာဖတ်၍ တယ်ဟုတ်ပါကလား ဟု မူရင်းနှင့် တိုက်မကြည့်ဖြစ်။ ယခု ထိုစာအုပ်နှစ်အုပ် ဘာသာပြန်ပုံကို မူရင်းနှင့် တိုက်ဆိုင် စေ့ငုကြည့်သည်။

■ ဦးကြည်မောင် ဘာသာပြန်သော စာအုပ်အကြောင်း

ပထမတစ်အုပ်မှာ Zen in the Art of Archery ဖြစ်၏။

ယူဂျင်းဟယ်ရီဂယ်လ် အမည်ရှိ အနောက်တိုင်းသား ဒဿနိကဗေဒ ပါမောက္ခတစ်ဦးက မိမိ၏ ဓမ္မခရီး အတွေ့အကြုံများကို မှတ်တမ်း တင်ထားသော ကျမ်းငယ် ဖြစ်သည်။ ၁၉၅၃ ခုနှစ်မှ စတင်၍ ၁၉၇၅ ခုနှစ်အထိ ခုနစ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရသော ကမ္ဘာကျော် ကျမ်းတစ်ဆူ ဖြစ်သည်။ မူရင်း ဂျာမန်မှ အင်္ဂလိပ်သို့ ပြန်သည်။ ဦးကြည်မောင်၏ မြန်မာပြန်မှာမူ အင်္ဂလိပ်မှ ဖြစ်သည်။ ဘာသာပြန်အကြောင်းကို မတင်ပြမီ စာအုပ်အကြောင်း အနည်းငယ်မျှ တင်ပြမှ သင့်နိုးမည်ထင်၍ တင်ပြပါရစေ။ တည်းဖြတ်သူ ဓမ္မိကဘသန်း၏ နိဒါန်း၌လာရှိသည်ကို ရှုပါ။

“ဤကျမ်းငယ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် ဂျပန်ယဉ်ကျေးမှုကို လိုက်စားသူများသည် အနုပညာနှင့် တရားဓမ္မကို ဂျပန်တို့က ရှေးရှေး ဘိုးစဉ်ဘောင်ဆက် လက်ထက်မှသည် ယခု တိုင်အောင် မည်သို့မည်ပုံ တထပ်တည်း တသားတည်း ဖြစ်အောင် စပ်ဟပ်ထားသည်ကို သိရှိ နားလည်နိုင်ကြပေမည်။

တရားဓမ္မကို ဆုံးခန်းတိုင်အောင် လိုက်စားလိုသူများသည် စိတ်၏ လွတ်မြောက်ခြင်း (စေတောဝိမုတ်) ကိုသာမက၊ ဤမှာဘက်ကမ်း-ဟိုမှာဘက်ကမ်း နှစ်မျိုးစလုံးမှ ကွင်းလုံးကျွတ် လွတ်မြောက်ခြင်း (ဥဘတောဘာဂဝိမုတ်) ကိုပါ လှမ်းဆွတ်လိုလျှင် လည်းကောင်း၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ အက၊ ဇာတ်ဆောင်၊ ဂီတ၊ ရသစာပေ စသော အနုပညာရှင်များသည် အနုပညာထိုက်သော လက်ရာမွန် လက်ရာကောင်းများကို တီထွင် ဖန်ဆင်းနိုင်စွမ်း ရှိလာလိုလျှင် လည်းကောင်း၊ ကွန်ဖူး၊ ဓားသိုင်း၊ တုတ်သိုင်း၊ လှံသိုင်း၊ ဗန်တို၊ ဗန်ရှည် စသော အတတ်များကို လိုက်စားနေကြသောသူများသည် မိမိဆိုင်ရာ အတတ်များ၌ တဖက်ကမ်းခပ် ပြီးပြည့်စုံအောင်၊ သည်မှ အထက် တိုးတက်၍ သင်ယူစရာ မရှိအောင်၊ သည်တခါဖြင့် အကျင့်ခွင်သို့ ဝင်ဖွယ်မရှိအောင် တတ်မြောက်လိုလျှင် လည်းကောင်း၊ ဇင်ဘာသာ စာပေလောက၌ ဂန္ထဝင်ကျမ်းတစ်ဆူဟု ကမ္ဘာနှင့်အဝှမ်း အသိအမှတ်ပြုထားသော ဤကျမ်းငယ်ကို မလွတ်တမ်း ဖတ်ရှုလေ့လာ ကျင့်သုံးထိုက်လှပေသတည်း။”

ရေးရိုးရေးစဉ် အကြောင်းအရာလည်း မဟုတ်။ တစ်မူထူး၍ နက်နဲသော အရေးအသားလည်း ဖြစ်သဖြင့် ဘာသာပြန်သူအဖို့ ခက်ခဲသည့် ကျမ်းအမျိုးအစား ဖြစ်သည်ဟူ၍ ဆင်ခြင်ရန် ဖြစ်ပါသည်။

■ ဘာသာပြန်ပုံ

ဦးကြည်မောင်၏ ဘာသာပြန်ကို နမူနာများနှင့် တင်ပြပါမည်။

“လေးအတတ်နှင့် Óဏ်အထူး”ကျမ်းငယ်၌ ဒိုင်ဆက်စု-တေးတာရိုး-စူဇူကီး၏ အမှာ စကား ပါသည်။ ထိုအမှာစကားကို ဦးကြည်မောင်က အောက်ပါအတိုင်းပြန်ရာ မြည်စမ်းကြည့်ပါ။

“လေးအတတ် သင်ယူနေသူသည် ပစ်မှတ်ကို ထိမှန်ရန် သက်သက် လေ့ကျင့်နေရခြင်း မဟုတ်။ ဓားသမားသည်လည်း သူနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရမည့်သူအပေါ် အနိုင်ရရှိနိုင်ရန် ရည်မှန်းချက် တစ်ခုတည်းဖြင့် ဓားရေး လေ့ကျင့်နေရသည် မဟုတ်။ အကသင်သူကလည်း ခန္ဓာကိုယ်နှင့်တကွ ခြေလက်တို့ကို စည်းနရီ ကိုက်အောင် ယိမ်းနွဲ့လှုပ်ရှားနိုင်ရန် ကျင့်နေရသည် မဟုတ်။ အနုပညာတစ်ရပ်ကို သင်ယူ လေ့ကျင့်နေရသူသည် မိမိစိတ်ကိုမိမိ (စိတ်၏ အောက်ခံဖြစ်၍ စိတ်လည်း မဟုတ်သော) ပကတိ အသိဓာတ်အကြည် (ဝိညာဏ)နှင့် ရင်းနှီး ညီညွတ်လာအောင် လုပ်ဆောင်နေရခြင်းသာ ဖြစ်သည်။

ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် အနုပညာရပ်တစ်ခုကို သမားဂုဏ်မြောက် တတ်မြောက်လိုသည်ဆိုပါက ယင်းပညာရပ်နှင့် သက်ဆိုင်သော နည်းနာနိဿရည်းတို့ကို ကျွမ်းကျင်စွာ လုပ်ကိုင်တတ်ရုံမျှဖြင့် မလုံလောက်သေးပေ။ တစ်နည်းဆိုရသော် အတတ်စခန်း၊ အတတ်အဆင့် ရောက်ရှိရုံဖြင့် မပြီးသေးချေ။ အတတ်စခန်း၊ အတတ်အဆင့်ကို ကျော်လွန်ပြီး ပကတိအသိဓာတ် အကြည် (ဝိညာဏ) မှသာ ပေါက်ဖွား ထွက်ပေါ်လာနိုင်သော ပညာယောင် မဆောင်သည့် ပညာစခန်း၊ ပညာအဆင့်သို့ ဆိုက်ရောက်သည့် တိုင်အောင် တက်လှမ်းရလေသည်။”

မူရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

‘Archery is, therefore, not practised solely for hitting the target; the swordman does not wield the sword just for the sake of outdoing his opponent; the dancer does not dance just to perform certain rhythmical movements of the body. The mind has first to be attuned to the Unconscious.

If one really wishes to be master of an art, technical knowledge of it is not enough. One has to transcend technique so that the art becomes an ‘artless art’ growing out of the Unconscious.’ (Zen in the Art of Archery, p 5)

‘Unconscious ’ ၏ သာမန် အနက်ကောက်မှာ မသိစိတ် ဖြစ်သည်။ ဦးကြည်မောင်ကမူ (စိတ်၏ အောက်ခံဖြစ်၍ စိတ်လည်း မဟုတ်သော) ပကတိ အသိစိတ်အကြည် (ဝိဉာဏ) ဟူ၍ ပြန်သည်။ ‘artless art’ ကိုလည်း “ပညာယောင် မဆောင်သည့် ပညာစခန်း၊ ပညာအဆင့်”၊ တစ်နေရာ၌မူ “ပညာဝိမုတ်”ဟူ၍ ပြန်သည်။

ကျွန်တော်သည် “လေးအတတ်နှင့် ဉာဏ်ပညာ” ကိုဖတ်ရင်း “ဗုဒ္ဓ၏ စကြဝဠာတရား” ၌ ဆရာကြီး သခင်ဘသောင်း၏ ဘာသာပြန်ကို သွား၍သတိရသည်။ ယင်းစာအုပ်၏ ရှေ့နိဒါန်း၌

“ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော မာထု (Mathu) လျှင် အမှူးရှိသော၊ အသိတရား ရှိသော လူပေါင်း ၁၀၀၀၀ (တစ်သောင်း) က ဗုဒ္ဓအား သတ္တဝါများနှင့် စကြဝဠာ ဖြစ်ပေါ်လာပုံအကြောင်းကို ပြည့်စုံစွာ ဟောပြောပါရန် တောင်းပန်ကြကုန်၏။ အဆိုပါ လူ ၁၀၀၀၀ အနက် မည်သူကမျှ ဗုဒ္ဓထံမှ တိုတိုတုတ်တုတ်အဖြေကို ရလိမ့်မည်ဟု မမျှော်လင့်ကြဘဲ ထိုအကြောင်းနှင့် ပတ်သက်၍ ရှည်လျားသော တရားကို နာကြားလိုသော ဆန္ဒရှိကြောင်းကိုသာ ပြကြ၏။”

အင်္ဂလိပ်မူရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

‘A group of over 10,000 earnest people, headed by Mathu, a prominent personality, requested the Buddha to explain fully the manner of the incidence of life and the universe. None of these people was so optimistic as to expect a simple reply couched in a few words and phrases, but expressed their willingness to attend a long course of lectures for the purpose.’

‘headed by Mathu’ ကို “မာထုလျှင် အမှူးရှိသော” ဟူ၍ သခင်ဘသောင်း ပြန်ထားပုံကို “မာထု ဦးဆောင်သော” ဟူ၍သာ သာမန်အားဖြင့် ပြန်ကြမည်ဖြစ်ရာ၊ အော်…၊ ဒီလို ခွင်ကျ ပြန်ထားသကိုးဟု သတိပြုမိသဖြင့် ဦးကြည်မောင်နှင့် ကြိတ်၍ နှိုင်းယှဉ်မိသည်။

သခင်ဘသောင်းက ဘာသာပြန်ရာ၌ ဖြည့်စွက်မှတ်စုများ ထည့်ပေးရသည့် အကြောင်းကိုလည်း ရှင်းပြသည်။

“ဤကျမ်း (ဗုဒ္ဓ၏ စကြဝဠာတရား) သည် ရှေ့နိဒါန်း၌ ရနသင်ဃ ဆိုခဲ့သည့်အတိုင်း ဗုဒ္ဓ၏ ဟောကြားချက်များကို အကျဉ်းချုံး၍ ဖော်ပြထားသော ကျမ်းဖြစ်၏။ ထို့ကြောင့် အချို့အချို့သော အခန်းများတွင်၊ အကြောင်းအရာတို့ကို ရှင်းလင်းဖော်ပြထားပုံမှာ၊ ဗုဒ္ဓဝါဒလေ့လာမှု၌ အခြေခံ အတော်အသင့်ရှိပြီးသော ပုဂ္ဂိုလ်များအဖို့ သဘောပေါက် လွယ်မည်ဖြစ်သော်လည်း အခြေခံနည်းပါးသော ပုဂ္ဂိုလ်များအဖို့မူ တိုတောင်းနေသယောင် ရှိပေလိမ့်မည်။

ဗုဒ္ဓ၏ စကြဝဠာတရား စာအုပ်ပါ၊ အကြောင်းအရာအချို့ကို မြန်မာ့အသိ၊ မြန်မာ့အတွေး၊ မြန်မာ့အမြင်နှင့် ဟပ်မိစေရန် ထပ်ဆင့် ရှင်းပြဖို့ လိုအပ်သော နေရာ၌ ရှင်းပြလျှင် သင့်မည်ဟု ထင်မြင်မိသောကြောင့် ဤ ဖြည့်စွက် မှတ်စုများကို ထည့်သွင်းလိုက်ခြင်း ဖြစ်ပါသည်။ ကောက်နုတ်ချက် အများဆုံးကို လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီများမှ ထုတ်ယူထားပါ၏။” (ဖြည့်စွက်မှတ်စုများ၊ ဗုဒ္ဓ၏ စကြဝဠာတရား၊ စာ ၈၁)

ဦးကြည်မောင် သည်လည်း လိုအပ်သည်ဟု သူက ယူဆသော နေရာများ၌ ဖြည့်စွက်ထားသည်များကို တွေ့ရသည်။ ဗုဒ္ဓဘာသာ စာပေများကို ပြန်ရာ၌ လူပြိန်းများ နားလည်ရန်အတွက် ဆရာကြီး သခင်ဘသောင်း၏ နည်းသည် နည်းကောင်း ဖြစ်တန်သည်။ မြည်းစမ်းနိုင်ရန် နမူနာများကို ဆက်လက် တင်ပြပါမည်။

“လူသည် စဉ်းစားကြံစည် တွေးခေါ်တတ်သော ကျူရိုးကျူပင် ဖြစ်၏။ သို့တစ်စေလည်း လူ၏ အံ့ဘနန်းကြီးမားသော စွမ်းဆောင်မှုတို့သည် ဝိတက် စိတ်ကြံစိတ်တွေးများ လုပ်မနေသော အခါမျိုး၌သာ ပေါ်ထွက်လာနိုင်သော ရုတ်ချည်း ထိုးထွင်းသိမြင်ဉာဏ်၌သာလျှင် အရင်းခံ၏။ မိမိကိုယ်မိမိ မေ့ပျောက်နေသော အလေ့အထ အတတ်ပညာ၌ နှစ်ပေါင်းများစွာ နပ်နောပြီးမှသာလျှင် ရိုးသားသော ပကတိ အသိဓာတ် အကြည်ဖြင့်နေသော ကလေးသူငယ် ဘဝမျိုးသို့ ပြန်လည် ဆိုက်ရောက်ရ၏။ ဤစခန်းအဆင့်သို့ ပြန်လည် ပေါက်ရောက်သည့်ကာလ၌ သူသည် စဉ်းစားသည့်တိုင်အောင် ယခင်ကကဲ့သို့ စဉ်းစားပုံမျိုး မဟုတ်တော့သဖြင့် စဉ်းစားသည်ဟု မဆိုသာ။ သူ၏ ယခုစဉ်းစားပုံသည် ကောင်းကင်ယံမှ မိုးသီးမိုးပေါက်တို့ ရွာသွန်းချသကဲ့သို့ လည်းကောင်း၊ သမုဒ္ဒရာတွင် လိမ့်နေသော လှိုင်းလုံးကြီးများကဲ့သို့ လည်းကောင်း၊ ညစဉ်ညတိုင်း ထက်ကောင်းကင် မိုးတိမ်ယံ၌ တလက်လက် တောက်ပနေသော ကြယ်ပေါင်းစုံတို့ကဲ့သို့ လည်းကောင်း၊ နွေဦးပေါက်အချိန်၌ ညင်သာစွာ တိုက်ခတ်နေသော လေပြေလေညင်း အလယ်တွင် ဝှေ့ယမ်းနေသော စိမ်းစိုလန်းဆန်းသည့် ရွက်ပင်ငယ်တို့ကဲ့သို့ လည်းကောင်း၊ သဘာဝကျခြင်း၊ တင့်တယ်ခြင်း၊ ကြည်နူးအေးမြခြင်း စသည်တို့ဖြင့် ပြည့်စုံနေလှစွာ၏။ စင်စစ်သော်ကား သူသည်ပင် မိုးရေများ ဖြစ်နေ၏။ သူသည်ပင် သမုဒ္ဒရာဖြစ်နေ၏။ သူသည်ပင် ကြယ်များဖြစ်နေ၏။ သူသည်ပင် ရွက်စိမ်းပင်များ ဖြစ်နေ၏။”

မူရင်း အင်္ဂလိပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

‘Man is a thinking reed but his great works are done when he is not calculating and thinking. ‘Childlikeness’ has to be restored after long years of training in the art of self-forgetfulness. When this is attained, man thinks yet he does not think. He thinks like the showers coming down from the sky; he thinks like the waves rolling on the ocean; he thinks like the stars illuminating the nightly heavens; he thinks like the green foliage shooting forth in the relaxing spring breeze. Indeed, he is the showers, the ocean, the stars, the foliage.’

(Zen in the Art of Archery, p 7)

‘long years of training’ ကို “နှစ်ပေါင်းများစွာ နပ်နောပြီးမှ” ဟု ခပ်ဆန်းဆန်း ပြန်သည်။ ‘Childlikeness’ ကိုမူ “ရိုးသားသော ပကတိ အသိဓာတ်အကြည်ဖြင့် ပြည့်နေသော ကလေးသူငယ်ဘဝမျိုး”ဟု ပြန်သည်။

“ရိုးသားသော ပကတိ အသိဓာတ်အကြည်ဖြင့်” ဟူသည့် နာမဝိသေသနကို အပိုထည့်သည်။

“နွေဦးပေါက်အချိန်၌ ညင်သာစွာ တိုက်ခတ်နေသော လေပြေလေညင်းသည် သဘာဝကျခြင်း၊ တင့်တယ်ခြင်း၊ ကြည်နူးအေးမြခြင်း စသည်တို့ဖြင့် ပြည့်စုံစွာနေ၏” တွင် “သဘာဝကျခြင်း၊ တင့်တယ်ခြင်း…” သည် မူရင်း၌ မပါသော အပိုဆာဒါးကလေးများ ဖြစ်သည်။

သူ့ဘာသာပြန် “ချော” သည်ကို ငြင်းဆိုသူ ရှိမည်မထင်။ မူရင်း၏ သဘောသည်လည်း ဖတ်သူထံ ပို၍ရောက်သည်ဟု ယူဆသည်။ ထိုသို့ ရောက်စေချင်သောကြောင့်ပင် အပိုအမိုကလေး “လုပ်” လိုက်သည်ဟု ထင်သည်။

နမူနာများကို ဆက်၍ ရှုပါ။

‘ှ့Should one ask, from this standpoint, how the Japanese Masters understand this contest of the archer with himself, and how they describe it, their answer would sound enigmatic in the extreme. For them the contest consists in the archer aiming at himself—and yet not at himself, in hitting himself—and yet not himself, and thus becoming simultaneously the aimer and the aim, the hitter and the hit.’

(Zen in the Art of Archery, p 16)

“လေးအတတ်သည် လေးပစ်သူနှင့် လေးပစ်သူ၏စိတ် ယှဉ်ပြိုင်ပွဲသာ ဖြစ်သည်ဟုဆိုသည့် သဘောသကန်ကို ဂျပန် လေးဆရာကြီးများက မည်သို့ နားလည်၍ မည်သို့ ရှင်းပြကြမည်နည်းဟု အမေးအမြန်း ရှိလာလျှင်၊ သူတို့ပေးမည့် အဖြေများသည် အလွန်တရာမှ ပဟေဠိဆန်လိမ့်မည်။ သူတို့ ပြောလေ့ရှိကြသည့် စကားများကို ငှား၍ဖြေရလျှင် “လေးပစ်သူသည် သူ့ကိုယ်သူ ပစ်မှတ်ပြုကာ ချိန်ရွယ်ရမည်။ သို့ရာတွင် ချိန်သည့်အရာသည် သူ့ကိုယ်မဟုတ်။ သူ့ကိုယ်ကို ထိမှန်လျှင်လည်း ထိမှန်ရာသည်လည်း သူမဟုတ်။ ဤသို့လျှင် ချိန်ရွယ်တာနှင့် ချိန်ရွယ်ရာ၊ ပစ်တာနှင့်ပစ်ရာ၊ ပစ်သူနှင့် အပစ်ခံသည် နှစ်ထွေနှစ်ခု မပြားဘဲ တစ်သားတည်း တစ်ခုတည်း (ဧကောဓမ္မော) ဖြစ်လာရသည်။”

(ဧကောဓမ္မောဟူ၍ ထည့်လိုက်ရာ ထိုစကားလုံးကြောင့် ဗုဒ္ဓစာပေနှင့် မကင်းသူများသည် သြ၊ ဒီလိုကိုးဟု ကျေကျေနပ်နပ်ကြီး ပို၍ ခံစားရမည် ထင်သည်။)

‘I mean Dhyana Buddhism, which is known in Japan as ‘Zen’ and is not speculation at all but immediate experience of what, as the bottomless ground of Being, cannot be apprehended by intellectual means, and cannot be conceived or interpreted even after the most unequivocal and incontestable experiences: one knows it by not knowing it. For the sake of those crucial experiences Zen Buddhism has struck out on paths which, through methodical immersion in oneself, lead to one’s becoming aware, in the deepest ground of the soul, of the unnamable Groundlessness and Qualitylessness—nay more, to one’s becoming one with it.’

(Zen in the Art of Archery, p 17–18)

“ဂျပန်ပြည်တွင် “ဇင်” ဟုခေါ်သည့် ဗုဒ္ဓဘာသာတွင် မိမိကိုယ်တိုင် ရုတ်ခြည်းတွေ့ ရုတ်ခြည်းခံစားရသော တိုက်ရိုက် ပရမတ် အတွေ့အကြုံကိုသာ အသားပေးသည်။ ဝိတက်ဉာဏ် (တွေးခေါ် မြော်မြင်သောဉာဏ်)ဖြင့် အမှန်တရား(ဓမ္မသာရ)ကို ရှာ၍ မရစကောင်းဟု ယုံကြည်သည်။ တရားသဘောဉာဏ်ပေါက်ပြီးသော ပုဂ္ဂိုလ်တို့ကလည်း သူတို့ တွေ့လာသော (ဓမ္မသာရ) တရားနှစ်အမှန်ကို နှုတ်ဖြင့် တစ်ဆင့် ထုတ်ဖော် ဖောက်သည်ချခြင်းမျိုး ပြုလုပ်၍ မရစကောင်းဟုလည်း ယူဆကြသည်။ အမှန်တရားသည် အက္ခရာဝဏ္ဏသဒ္ဒတို့ဖြင့် ထုတ်ဖော်ပြောဆို၍ မရစကောင်း ဖြစ်သောကြောင့် (ဝါ) နိဗ္ဗဇနိယ ဖြစ်သောကြောင့် တရားသဘောဉာဏ် (ဓမ္မစက္ခု) ပေါက်သူသည် “ဓမ္မကို မသိခြင်းဖြင့် သိသည်” မည်၏ဟု ဆိုရိုးရှိသည်။ အမှန်တရားကို ကိုယ်တွေ့ (သန္ဒိဋ္ဌိက) ဖြစ်စေရန် ဇင်တရားသည် မိမိအတွင်းသန္တာန်ကို မိမိစိတ်ဖြင့် အဆက်မပြတ် ရှုနေခြင်း “ကမ္မဋ္ဌာန်း နည်းနိဿရည်းဖြင့် နာမပညတ် အမည်တပ်ခြင်းငှာ လည်းကောင်း၊ ဂုဏ်ရည်များ ပြဋ္ဌာန်းခြင်းငှာ လည်းကောင်း၊ မရစကောင်းသော သုညတတရားဆီသို့ ပို့ဆောင်သည်။ ပို့ဆောင်ရုံသာမက၊ ထိုသုညတ တရားနှင့် တပေါင်းတစည်းတည်း၊ တစပ်တထပ်တည်း ဖြစ်လာအောင်လည်း ဆောင်ကြဉ်းသေး၏။”

(“အမှန်တရားသည် အက္ခရာဝဏ္ဏသဒ္ဒတို့ဖြင့် ထုတ်ဖော်ပြောဆို၍ မရစကောင်း ဖြစ်သောကြောင့် (ဝါ) နိဗ္ဗဇနိယ ဖြစ်သောကြောင့်…”ဟူ၍ ပြန်ထားသည်။ ‘through methodical immersion in oneself’ ကို “မိမိအတွင်းသန္တာန်ကို မိမိစိတ်ဖြင့် အဆက်မပြတ်ရှုနေခြင်း – ကမ္မဋ္ဌာန်းနည်း နိဿရည်းဖြင့်”ဟူ၍။ ‘the unnamable Groundlessness and Qualitylessness’ အား “နာမပညတ် အမည်တပ်ခြင်းငှာ လည်းကောင်း၊ ဂုဏ်ရည်များ ပြဋ္ဌာန်းခြင်းငှာ လည်းကောင်း၊ မရစကောင်းသော သုညတတရား” ဟူ၍ ပြန်သည်။ ဤနေရာ၌ စကားလုံးများကို တသဝေမတိမ်း ပြန်သော် ဆိုလိုရင်းအဓိပ္ပာယ် မရောက်နိုင်။)

‘Thus he does by pointing out, casually and as though it were scarcely worth a mention in view of all that the pupil has already learned, that all right doing is accomplished only in a state of true selflessness, in which the doer cannot be present any longer as ‘himself’. Only the spirit is present, a kind of awareness which shows no trace of egohood and for that rea-son ranges without limit through all the distances and depths, with ‘eyes that hear and with ears that see.’

“ဆရာသည် အခါအားလျော်စွာ အတော်ပင် တတ်မြောက်နေသည့် တပည့်အား ပြောဖို့ပင် မလိုသယောင်သော လေသံမျိုးဖြင့်၊ အမှုမဲ့ အမှတ်မထင် ပြောဆိုလေ့ ရှိသည်မှာ –

“ကောင်းသော ပြုလုပ်ခြင်း (သမ္မာကမ္မ) ဖြစ်ဖို့ လိုတာဟာလေ၊ ကိုယ်ကျိုးကို လုံး၀ မမျှော်လင့်တဲ့ စိတ်ထားမျိုးနဲ့ လုပ်နိုင်မှဖြစ်တာ၊ ဒီစိတ်ထားမျိုးဟာလဲ “ငါ” လုပ်နေတာရယ်လို့ အထင်အမှတ် အယူအစွဲ လုံး၀ မရှိတော့မှ ဖြစ်နိုင်တာ။ ဒီလိုအခြေအနေမျိုးမှာ မူလ စိတ်အကြည်သာရှိတာ၊ “ငါ” ပါမနေတဲ့ ထူးသော အသိဉာဏ်(ဝိညာဏံ)ပေါ့။ “ငါ”  ပါမနေတဲ့ အကြောင်းကြောင့်ပဲ၊ အဲဒီ ထူးသော အသိဉာဏ်ဟာ ဌာန ကာလ အကန့်အသတ်တို့က လွတ်မြောက်ပြီး အဝေးဆိုရင်လဲ အတိုင်းအတာ မရွေး၊ အနက်ဆိုရင်လဲ အစောက်အရှိုင်းမရွေး ဘယ်မျက်နှာ ဘယ်ဆီကိုမဆို “ကြားတတ်တဲ့ မျက်စေ့များ၊ မြင်တတ်တဲ့ နားများ” နဲ့ ကြားတော့ မြင်တော့တာပဲ။”

(‘all right doing’ ကို “ကောင်းသော ပြုလုပ်ခြင်း”အပြင် “သမ္မာကမ္မန္တ”ကို ထည့်ပြန်လိုက်သည်။ ဤအပိုဒ် ဘာသာပြန်မှာ ဘာသာပြန်ပင် မသိမှတ်အောင်ပင် လျှောကနဲဝင်သည်။)

‘The first step along this road had already been taken. It had led to a loosening of the body, without which the bow cannot be properly drawn. If the shot is to be loosed right, the physical loosening must now be continual in a mental and spiritual loosening, so as to make the mind not only agile, but free: agile because of its freedom, and free because of its original agility is essentially different from everything that is usually understood by mental agility.’

“ဤလုပ်ငန်းစဉ်၏ ပထမပိုင်းကို ဆောင်ရွက်ပြီးလေပြီ။ လေးညှို့ငင်ရာ၌ ခန္ဓာကိုယ်ကို (တင်းမလာစေဘဲ) လျှော့ချထားနိုင်ခြင်းသည် အဓိကဖြစ်သည်။ ဤအတွက် လေ့ကျင့်ပြီးလေပြီ။ မြားလွှတ်မှု မှန်ကန်ဖို့ရန်မူ ဤရုပ်ပိုင်း လျှော့ထားနိုင်ခြင်းမှတစ်ဆင့် နာမ်ပိုင်း လျှော့ထားခြင်း အဆင့်သို့ ရောက်အောင် ဆက်လက် ဆောင်ရွက်ရလေသည်။ ဤနည်းဖြင့် စိတ်သည် ဖျတ်လတ်ပေါ့ပါး (စိတ္တလဟုတာ) လာရုံသာမက လွတ်လပ် (စေတောဝိမုတ္တိ) လာသည်။ စိတ်ဖျတ်လတ် ပေါ့ပါးလာခြင်းသည်လည်း စိတ်လွတ်လပ်လာခြင်းကြောင့် ဖြစ်သည်။ စိတ်လွတ်လပ်လာခြင်းသည်လည်း မူလကတည်းက ရှိနှင့်နေသော စိတ်ဖျတ်လတ် ပေါ့ပါးမှုကြောင့် ဖြစ်သည်။ မူလကတည်းက ရှိနှင့်ပြီးဖြစ်သော ဤ ဖျတ်လတ် ပေါ့ပါးမှုသည်လည်း ကျွနု်ပ်တို့ ပြောနေကျ ကြားနေကျဖြစ်သော စိတ်ဖျတ်လတ်ပေါ့ပါးမှုမျိုးနှင့် အနှစ်သာရအားဖြင့် လုံးဝမတူ၊ ခြားနားလေသည်။”

(“စိတ်သည် ဖျတ်လတ်ပေါ့ပါးခြင်း”ကို   “စိတ္တလဟုတာ”၊   “စိတ် လွတ်လပ်လာသည်”ကို  “စေတောဝိမုတ္တိ”ဟူ၍ ပါဠိဝေါဟာရကို အောက်ခြေမှတ်စု၌ ထပ်ထည့်သည်။ ထိုသို့ ထပ်ထည့်ခြင်းကြောင့် စိတ်သည် ဖျတ်လတ် ပေါ့ပါးခြင်း စိတ် လွတ်လပ်ခြင်းသည် နက်ရှိုင်းသော အဓိပ္ပာယ် ရှိလာပါသည်။)

‘The demand that the door of the senses be closed is not met by turning energetically away from the sensible world, but rather by a readiness to yield without resistance. In order that this actionless activity may be accomplished instinctively, the soul needs an inner hold, and it wins it by concentrating on breathing. This is performed consciously and with a conscientiousness that borders on the pedantic. The breathing in, like the breathing out, is practiced again and again by itself with the utmost care. One does not have to wait long for results.’

“မျက်စိ၊ နား စသော အာရုံပေါက်တို့ကို ပိတ်ဆို့ထားရမည်ဟု ဆိုရာတွင်လည်း အာရုံခံ လောကကြီးမှ တမင်တကာ ကြိုးစားပမ်းစား ရှောင်တိမ်း ဖယ်ခွာနေခြင်း မဟုတ်။ အာရုံခံတို့က မိမိစိတ်ကို တိုက်ခိုက်လာလျှင် ခုခံဖယ်ရှားနေခြင်း မလုပ်ဘဲ၊ မြင်စရာရှိလျှင် မြင်လိုက်၊ ကြားစရာရှိ ကြားလိုက် စသည်ဖြင့် စိတ်လျှော့ထားခြင်းကို ဆိုလိုသည်။ ဤသို့ပြုခြင်းကို (အဗျာပါရ ကြိယာ – ဗျာပါရ အားထုတ်ခြင်း လုံ့လမပါသော အလုပ်) အလုပ်မပါသော အလုပ်ဟု ခေါ်သည်။ ဤကဲ့သို့သော ကြိယာစိတ်မျိုးနှင့် အလိုလိုနေတတ်ရန်မှာ စိတ်ဝိညာဉ်သည် အတွင်းခြေကုပ်တစ်ခု ထားရှိဖို့လိုသည်။ ယင်းခြေကုပ်ကို ထွက်သက် ဝင်သက်အပေါ် အာရုံစူးစိုက်ထားခြင်းကို သတိဖြင့် သိသိနေရသည်။”

(‘actionless activity’ ကို အဗျာပါရကြိယာ၊ အားထုတ်ခြင်း လုံ့လမပါသော အလုပ်ဟူ၍ ဗုဒ္ဓစာပေ၌ နပ်နောသောကြောင့် ပြန်၏။)

‘If he is irresistibly driven towards this goal, he must set out on his way again, take the road to the artless art. He must dare to leap into the Origin, so as to live by the Truth and in the Truth, like one who has become one with it. He must become a pupil again, a beginner; conquer the last and steepest stretch of the way, undergo new transformations. If  he survives its perils, then is his destiny fulfilled: face to face he beholds the unbroken Truth, the Truth beyond all truths, the formless Origin of origins, the Void which is the All, is absorbed into it and from it emerges reborn.’

“အကယ်၍ သူသည် “ဇင်” တရားဆုံးသည်အထိ တားမရနိုင်အောင် သွားလိုသည့် စိတ်ဆန္ဒ ပြင်းပြသည်မှန်လျှင်၊ သူသည် ခရီးဆက်ရချိမ့်ဦးသည်။ “ပညာယောင် မဆောင်သည့် ပညာဆီသို့ ချီတက်ရဦးမည်။ သူသည် အစကနေဦး မူလပင်ရင်းကြီးထဲသို့ ခုန်တက်ဝံ့သူ ဖြစ်ရပေမည်။ သစ္စာတရားကြီးဖြင့် သစ္စာတရားကြီးထဲတွင် သစ္စာတရားကြီးနှင့် တထပ်တည်း တစပ်တည်း ဖြစ်နေသောသူ တစ်ဦးပမာ ဖြစ်နေရပေမည်။ သူသည် တဖန် တပည့် ဖြစ်လာရဦးမည်။ ပညာစသင်သူ ဖြစ်ရဦးမည်။ အသွင်အမျိုးမျိုးပြောင်းပြီးနောက် နောက်ဆုံး အမတ်စောက်ဆုံး ဖြစ်သော ခရီးပိုင်းကို တက်ရဦးမည်။ အကယ်၍ အန္တရာယ်များကို ကျော်လွှားနိုင်လျှင် သည်မှာ အထက်တိုးတက်၍ ကျင့်သုံးဖွယ် မရှိအောင် သူ၏ အောင်မြင်ခြင်းသည် အန္တိမအဆုံးသို့ ရောက်လိမ့်မည်။ ထိုအခါသူသည် ချိုးဖျက်၍ မရနိုင်သော သဒ္ဓါတရားကြီး (ဝါ) အလုံးစုံသော သဒ္ဓါတရား တို့ထက် ကျော်လွန်သော သဒ္ဓတရားကြီး (ဝါ) အစမူလတကာတို့၏ နိမိတ်သဏ္ဍာန် မရှိသော အစမူလကြီး (ဝါ) အလုံးစုံသော တရားတို့ဖြစ်ရာ ဟင်းလင်းကြီး (သဗ္ဗမ္မာသုညတာ လက္ခဏာ)ကို မျက်နှာချင်းဆိုင် တွေ့ဆုံလျက် ထိုတရားကြီးထဲသို့ စုံးစုံးနှစ်မြှုပ်ကာ ယင်းနှင့် တစ်ပေါင်းတစ်စည်း တည်းဖြစ်၍၊ တဖန် ထိုတရား ဝမ်းကြာတိုက်ကြီးထဲမှပင် ထွက်ပေါ်ပြီး အသစ်တဖန် ပြန်လည် မွေးဖွားလာဘိသည့်အလား၊ လူသစ်တစ်ပါး လူသားအာဇာနည် ဖြစ်လာအံ့သတည်း။”

(ဤတခါ၌  ‘Truth’ ကို  “ချိုးဖျက်၍ မရသော သဒ္ဓါတရားကြီး”၊  ‘Origin of origins’ ကို “နိမိတ်သဏ္ဍာန်မရှိသော အစမူလကြီး” ၊ ‘the Void which is the All’ ကို “အလုံးစုံသော တရားတို့ဖြစ်ရာ ဟင်းလင်းကြီး” စသည်ဖြင့် ရဲရဲရင့်ရင့်ကြီး ပြန်သည်။)

■ ပန်းအတတ်နှင့် ဉာဏ်အထူး

Zen in the Art of Flower Arrangement

ဦးကြည်မောင် ဘာသာပြန်သော ဒုတိယစာအုပ်မှာ “ပန်းအတတ်နှင့် ဉာဏ်အထူး” ဖြစ်သည်။ စာအုပ်ကို ရေးသူမှာ ရူစတီဟယ်ရီဂယ်လ် ဖြစ်၍ သူသည် ယူဂျင်းဟယ်ရီဂယ်လ်၏ ဇနီး ဖြစ်သည်။ စာအုပ်၌ ဒေါက်တာ စူဇူကီးကပင် နိဒါန်းရေးသည်။ စာအုပ်အကြောင်းကို နိဒါန်းတွင် လာရှိသော အောက်ပါ ဒေါက်တာစူဇူကီးစကားဖြင့် ဖော်ပြသင့်သည်ဟု ထင်သည်။

“ပန်းအတတ်ဟူသည်ကား ဓမ္မစစ်အားဖြင့် အနုပညာမဟုတ်၊ ဘဝအတွေ့အကြုံ အနက်အရှိုင်း ဖော်ထုတ်ချက်သာ ဖြစ်သည်။ ပန်းများကို ဤနည်းဤပုံဖြင့် ပြင်ဆင်ခြင်းမှာ လယ်တောထဲက ကြာပန်း၏အလှကို ဆော်လမွန်ဘုရင်ကြီး၏ ဂုဏ်သရေကပင် မကျော်လွှားနိုင်ဟူသော အချက်ကို သင်တို့အား သတိချပ်စေရန် ဖြစ်သည်။ “နာဇုနာ”တောပန်းရိုင်းကလေးကိုပင် ကဗျာဆရာကြီးဘရှိုးက တရိုတသေပြု၏။ ပန်းရိုင်းကလေးက သဘာဝ၏ လျှို့ဝှက်ချက် အနက်ဆုံးကို ထင်ရှားဖော်ပြ၍ ဖြစ်၏။”

■ ဘာသာပြန်ပုံ

ဤစာအုပ်၌မူ တည်းဖြတ်သူ မရှိ။ ဘာသာပြန်ကို “လေးအတတ်နှင့်…” နှိုင်းသော် ပါဠိစကားလုံးများ မသုံးလှ။ အပိုဆာဒါးများလည်း အထည့်နည်းသည်။ အောက်ပါ နမူနာများကို မြည်းစမ်းကြည့်ပါ။

‘The Principle of Three contains, in its unsymmetrical structure, the reciprocal action of fullness and emptiness, vitality and detachment; it encloses the whole cycle within it. In his work, the pupil gives the totality of heaven, man and earth a further ‘unfolding’ in visible unity and symbolic form. He implants into it the limitations of his ego and at the same time equalizes them. Since he participates with his whole being, the little ego becomes unimportant in the total cosmos; it makes way for the non-ego. The European from his standpoint might formulate this as follows: after the differentiations are surpassed, the way to one’s real self is unfolded and hence to wholeness. The pupil will then cling to the pattern no longer; he will forget the Principle of Three. It ceases to exist; the stepping-stones are forgotten so as to reach the everlasting origin.’

(Zen in the Art of Flower Arrangement, p 38 – 39)

“မူသုံးချက်၏ အနှစ်သာရကို လေ့လာကြည့်သည့်အခါ ယင်းတွင် ပြည်စုံခြင်းနှင့် ဗလာကျင်းခြင်း၊ ခွန်အားဖြင့် ပြည့်ဖြိုးခြင်းနှင့် သီးခြားကင်းလွတ်စွာ တည်ရှိခြင်း စသည်တို့သည် အပြန်အလှန် တည်ရှိနေကြောင်းကို မြင်တွေ့ရသည်။ ပန်းအလှ ဆင်ယင်ရာဝယ် ကောင်းကင်လူသားနှင့် မြေကြီးတို့ တပေါင်းတစည်းတည်း တည်ရှိနေကြပုံကို မြင်အောင် ထင်အောင်နှင့် နိမိတ်ပုံပေါ်အောင်လည်း ဖော်ထုတ်ရသည် ဖြစ်၏။

ဤသို့ ပြုသည့်အခါ သရုပ်ဖော်သူက သူ၏ အတ္တစိတ်ကို ထုတ်ဖော်သကဲ့သို့ ရှိသော်လည်း အမှန်တွင် သူသည် ကရိယာစိတ် သက်သက်ဖြင့် ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသမျှ အတ္တစိတ်တို့သည် အရာမထင် ပျောက်ပျက်ကုန်သည်သာ ဖြစ်၏။ ယင်းအချက်ကို တက္ကဗေဒဖြင့် ဆန်းစစ်လိုလေ့ ရှိသော ဥရောပတိုက်သားတို့က ဤသို့ပြောလိုကြပေသည်။ ခွဲခြားတတ်သော စိတ်တို့ကို လွန်မြောက် ကျော်လွှားသွားနိုင်သည့်အခါ မိမိ၏ နဂိုစိတ်ကို မြင်နိုင်သောလမ်းသည် ပွင့်သွားပြီဖြစ်၏။ ထိုအခါသူ၏ မူလသင်ကြား လေ့လာခဲ့သော ပုံသဏ္ဍာန်တို့ကို စွဲကပ်ဆုပ်ကိုင်ခြင်း မပြုတော့ပေ။ ဤမျှသာမက မူသုံးချက်ကိုပင် မေ့လျှော့သွားပြီးသည့်နောက် သူ့အတွက်တွင် လုံး၀ မလိုတော့ပြီ။ ထာဝစဉ် တည်တံ့ ခိုင်မြဲရာဖြစ်သော သစ္စာစခန်းဆီသို့ ဦးတည်ကာ သွားနေပြီဖြစ်ရကား နင်းကြမ်းအဖြစ် အသုံးပြုခဲ့သော မူသုံးချက်ကို သူ မေ့ဖျောက်ပစ်လိုက်ပြီ ဖြစ်သည်။”

In spring and summer the picture will be a rich and joyful one, in winter it will be rather more frugal but no less charming for that. In building it up, the pupil must take care that no branch hides the other and that they do not overlap. Each branch should be given the chance to spread out freely, its extremities pointing upwards, and each flower should be clearly visible despite the number of its leaves. Any uniformity of contrasts would, however, be regarded as mindless repetition. Attention should be given to asymmetry and to leaving certain places open, because ‘emptiness’ has an essential significance.

(Zen in the Art of Flower Arrangement, p 55 – 56)

“နွေဦးပေါက်စနှင့် ခါနွေဦးတွင် အလှဆင်ယင်ထားသော ပန်းအိုးသည် ရောင်စုံပွင့်ဖူး ရွှင်မြူးနေသော အသွင်ကိုဆောင်၍ ဆောင်းဥတု အခါသမယတွင်မူ ဆိုခဲ့သော ရာသီတို့နှင့် စာလိုက်သော် အရောင်အသွေး ချို့တဲ့နေသကဲ့သို့ ရှိမည်ဖြစ်သော်လည်း အလှကျက်သရေတွင် ယုတ်လျော့မည် မဟုတ်ပေ။ ပန်းအိုးတွင် ပန်းတခက်ကို အခြားပန်းတခက်က မဖုံးကွယ်ရေး တစ်ခုနှင့်တစ်ခု မထပ်ရေးကို အလေးဂရုပြုရပါမည်။ ညှာတံတစ်ခုစီသည် သူ့သဘာဝအလျောက် လွတ်လပ်စွာ ဖြန့်နိုင်အောင် စီစဉ်ပေးပြီး ပန်းတို့၏ ထိပ်ဖျားသည် အထက်သို့ ထိုးထွက်နေစေရပါမည်။ ပန်းရွက်ချပ်တို့ မည်မျှလောက် များပြားကြသည် ဖြစ်စေကာမူ ပန်းတစ်ပွင့်စီကိုမူကား ကောင်းစွာ မြင်တွေ့နိုင်စေရပါမည်။ အရှည်အတို၊ အထောင်အလဲှ စသည့် ဆန့်ကျင်ဘက် အင်အားစုများဖြင့် ဆွဲဆောင်မှု ရှိစေရန် စီစဉ်သည့်အခါတွင် ၎င်းဖွဲ့စည်းပုံကို ပုံသေနည်း တစ်ခုအဖြစ် မြင်တွေ့လာရသည်အထိ ထပ်ကာတလဲလဲ အသုံးပြုလျှင် ငြီးငွေ့ဖွယ် ဖြစ်ပေလိမ့်မည်ကို သတိချပ်ရာ၏။ မညီမညာရှိမှသာ အလှပသာဒ ဖော်ထုတ်သည်မည်ခြင်း သဘောတရားနှင့် ကွက်လပ်တို့၏ အဓိပ္ပာယ်ကိုလည်း နှလုံးသွင်းကြရာ၏။ ဗလာအဖြစ် ချန်လှပ်ထားသော ကွက်လပ်၏ သဘောတွင် ထိရောက်သော အဓိပ္ပာယ် ရှိပါသည်။”

The Flowers’ Way

  1. Flower-setting brings high and low into spiritual relationship.
  2. Carry ‘Nothing’ in the heart. It is ‘Everything’.
  3. Quiet, clear feeling. Yu can reach solutions without thinking.
  4. Freedom from all cares.
  5. Intimate, sensitive relationships with plants and the essence of Nature.
  6. Love and esteem all men.
  7. Fill the room with harmony and reverence.
  8. ‘True spirit’ nourishes life; combine flower arrangement with religious feeling.
  9. Harmony of body and soul.
  10. Self-denial and reserve; freedom from evil.

(Zen in the Art of Flower Arrangement, p 65–66)

■ ပန်းတို့၏ လမ်းစဉ်

၁။ ပန်းအလှ ဆင်ယင်ခြင်းသည် အထက်နှင့်အောက်တို့အား စိတ်ဓာတ်ခြင်း ဆက်သွယ် ထိတွေ့နိုင်ရန်  ဆောင်ကြဉ်းပေးသည်။

၂။ စိတ်ကို ဗလာထားပါ။ ဗလာအဖြစ် တည်ခြင်းသည် အရာခပ်သိမ်းဖြင့် ပြည်စုံခြင်းမည်၏။

၃။ ငြိမ်သက်စွာ ရှင်းလင်းစွာ ခံစားနေတတ်ပါစေ။ စဉ်းစားမနေရဘဲ အဖြေမှန်များ ရလာပါလိမ့်မည်။

၄။ အပူအပင်အားလုံးမှ လွတ်မြောက်အောင် နေရပါမည်။

၅။ အသီးအပင်များနှင့် ရင်းနှီးစွာ အနုစိတ် ထိတွေ့နိုင်သော စိတ်သဘာဝတရား၏  အနှစ်သားနှင့် အလားတူ ထိတွေ့တတ်သော စိတ်ကို မွေးမြူပါ။

၆။ လူသားအားလုံးကို ချစ်ခင်လေးစားပါ။

၇။ အခန်းတွင်းဝယ် အရာခပ်သိမ်းကို ချစ်မြတ်နိုးစိတ်ဖြင့် သဟဇာတဖြစ်အောင် နေရာချထားပါ။

၈။ စိတ်ထားမှန်လျှင် ဘ၀ စိုပြေပါသည်။ ပန်းအလှ ဆင်ယင်ခြင်းနှင့် ဘာသာတရား ကိုင်းရှိုင်းစိတ်ကို ဆက်စပ်ကျင့်သုံးပါ။

၉။ ခန္ဓာနှင့်စိတ်ဓာတ် သဟဇာတ ဖြစ်ပါစေ။

၁၀။ ခြိုးခြံကျင့်သုံးပါ။ နှုတ်စောင့်စည်းပါ။ ဒုစရိုက်မှ လွတ်ကင်းအောင် ကျင့်ကြံ အားထုတ်ပါ။

‘Thus the ‘truth’ finds, in the essential nature of the artist, the theatre in which it takes on visible form. To embody the truth of ‘Heaven itself’ – this is the highest task, whose solution is granted only to the best poets and painters. And if he is successful, the flower artist will find it rising out of himself with unforced naturalness, like a gift that can never be lost.  (Zen in the Art of Flower Arrangement, p 122 – 123)

“ဤနည်းအားဖြင့် သစ္စာတရားသည် အနုပညာရှင်၏ နဂိုစိတ်ကို သူ ကပြရန် ဇာတ်ခုံသဖွယ် အသုံးချကာ သူကိုယ်တိုင်ပင် ဝင်ရောက် ကပြတော့မည် ဖြစ်၏။ လောက၏ သစ္စာကို ကိုယ်စားပြုနိုင်ရန်မှာ အနုပညာရှင်၏ အမြင့်မြတ်ဆုံး အလုပ်ဖြစ်သည်။ ဤ ဂုဏ်အင်္ဂါအား အရည်အချင်း အပြည့်ဝဆုံး ကဗျာဆရာများ၊ ပန်းချီဆရာများသာ ရရှိပေမည်ဖြစ်၏။ ယင်းကဲ့သို့သော အရည်အချင်းကို အကယ်၍သာ ပန်းအလှ ဆင်ယင်မှုတွင် ကျွမ်းကျင်သော ပညာရှင်တစ်ယောက်က ရရှိခဲ့သည်ဖြစ်ဘိမူ ထိုပညာရှင်သည် မည်သည့်အခါမှ မပျောက်ပျက်နိုင်သော ဆုလာဘ်ကြီးတစ်ခုကို ရရှိသည်နှင့် အလားတူပေမည် ဖြစ်၏။”

■ ပထမ နမူနာ၌ မူရင်းကို အောက်ပါအတိုင်း ရေးသည်။

‘He implants into it the limitations of his ego and at the same time equalizes them. Since he participates with his whole being, the little ego becomes unimportant in the total cosmos; it makes way for the non-ego.’

အထက်ပါအတိုင်း ရေးသည်ကို

“သရုပ်ဖော်သူက သူ၏ အတ္တစိတ်ကို ထုတ်ဖော်သကဲ့သို့ ရှိသော်လည်း အမှန်တွင် သူသည် ကရိယာစိတ် သက်သက်ဖြင့် ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသမျှ အတ္တစိတ်တို့သည် အရာမထင် ပျောက်ပျက် ကုန်သည်သာ ဖြစ်၏။” ဟူ၍ ပြန်သည်။ အနက်ကိုသာ ယူ၏။

တတိယ နမူနာ၊ ပန်းတို့၏ လမ်းစဉ် နံပါတ် ၁၀ က ‘Self-denial and reserve’ အား အဆက်အစပ်ကို လိုက်၍ “ခြိုးခြံကျင့်သုံးပါ။ နှုတ်စောင့်စည်းပါ၊” ဟူ၍ ပြန်သည်။

စဉ်းစားမိတာများ (ဘာသာပြန် အယူအဆများ)

ရသစာပေ ဘာသာပြန်တွင် ဆိုရိုးရှိသည်ဟူ၏။ မူရင်းနှင့် မတူတူအောင် လုံးကောက် ပြန်သောကြောင့် ဘာသာပြန်မှုတွင် ပြဿနာ ကြုံရသည်။ ထိုအချက်ကို “သစ္စာရှိသော အကျည်းတန်”ဟု ခေါ်သည်။

မူရင်းနှင့် ကွဲလွဲကာ အဆင်ပြေအောင် ဘာသာပြန်သော အခါတွင်လည်း ဘာသာပြန်မှုတွင် ပြဿနာကြုံရပြန်သည်။ ထိုအချက်ကို “သစ္စာမဲ့သော အလှအပ”ဟု ခေါ်သည်။

ဦးကြည်မောင်၏ ဘာသာပြန်ကို ဖတ်ရင်း၊ ဘာသာပြန်မှု၌ သစ္စာရှိသည် ဟူသည်မှာ ဘာလဲဟု စဉ်းစားမိသည်။ ဘာကို ဘာသာပြန်သူက သစ္စာရှိရမှာလဲ။ ဤ “သစ္စာ” ပြဿနာကို ဆရာဇော်ဂျီ၊ ဆရာဦးခင်ဇော်တို့က စဉ်းစားခဲ့ဖူးသည်။ စဉ်းစားခဲ့သည့်အလျောက် ရေးခဲ့ဖူးသည်။ ဆင်ခြင်နိုင်ရန် ရှုပါ။

ဆရာဇော်ဂျီက သူ၏ ပွဲစားကြီး ဗက်ဗစ်ဝတ္ထု ဘာသာပြန်ပုံကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။

“It had been a manly battle, but after it Babbit drooped … He muttered, “Makes me sick to think of Lyte carrying off most of the profit when I did all the work, the old skinflint!…”

အင်္ဂလိပ်ဘာသာ အရေးအသားအတိုင်း လိုက်၍ မြန်မာပြန်လျှင် ဗက်ဗစ်၏ ညည်းခြင်းသည် “အလုပ်လုပ်တော့ ငါကချည်း လုပ်ရတယ်။ အမြတ်ကိုတော့ သူက အများဆုံး ကျုံးယူသွားတယ်။ လဲသေလိုက်ဖို့သာ ကောင်းတာပဲ။ ဒီလူကြီးဟာ ကပ်စေးနည်း ကော်တရာကြီး၊ စားဖားကြီး။” ဟု ဖြစ်လာနိုင်သည်။ ထိုမြန်မာပြန်ကို မြန်မာ စာဖတ်ပရိသတ်သည် အလွယ်တကူ နားလည်ကြလိမ့်မည်ဟု ထင်ပါသည်။ သို့ရာတွင် ထိုမြန်မာပြန်၌ တစ်ခုခု လိုနေသေးသည်ဟု မိမိ၏ စိတ်၌ စနောင့်စနင်း ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ အသက်ပါသင့်သလောက် မပါသေးဟု အထင်ရှိခြင်း ဖြစ်သည်။

ဝတ္ထုရေးဆရာ လူးဝစ်သည် ကိုယ်ကျိုး အမြတ်အစွန်းအတွက် အချင်းချင်း လည်လှီးနေကြသော အရင်းရှင်လောကကို မကြိုက်သူ ဖြစ်သည်။ သရုပ်ဖော်ရာတွင် ထိုလောက၏ သဘာဝကို အသက်ပါအောင် ဖွဲ့တတ်သည်။ စာဖတ်ပရိသတ်၏ စိတ်၌ စက်ဆုပ်ချင်စရာ၊ ရယ်ချင်စရာ ဖြစ်အောင် ဖွဲ့တတ်သည်။ ထို့ကြောင့် ပွဲစား ဗက်ဗစ်၏ စက်ဆုပ်စရာ၊ ရယ်စရာ သဘာဝ၌ အသက်ပါနိုင်သမျှ ပါအောင် အားထုတ်ဖို့ လိုအပ်သည်။ ထို့ကြောင့် မြန်မာ့အသိခံ၊ မြန်မာ့အကြိုက်ခံတို့နှင့် ဆီလျော်အောင်ပြု၍ အားထုတ်ခဲ့သည်မှာ အောက်ပါအတိုင်း ဖြစ်သည်။

“တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ပြောင်ပြောင်မြောက်မြောက် ကျားကျားလျားလျား ဈေးဆစ်ပြီးကြ၍ ပွဲပြတ်စဉ် အခါကသော် ပွဲစားကြီး ဗက်ဗစ်သည် ဝမ်းသာလုံးကြီး ဆို့သွားမိသည်။ သူ့ပွဲရုံးခန်း၌ သူတစ်ဦးတည်း ကျန်ခဲ့သောအခါ၌ကား ချက်ချင်း သူ ဝမ်းနည်းပက်လက်ဖြစ်၍ ညည်းလိုက်သည်။ “လုပ်စရာရှိတော့လဲ ငါကချည်း ကျုံးလုပ်ရတယ်။ နွားကြီးလိုဘဲ။ ပြောစရာရှိတော့လည်း ငါကချည်း ကျုံးပြောရတယ်။ လျှာထွက်မတတ်ဘဲ။ ရစရာရှိတော့ သူက ကိုးထောင်ကျော်။ အဆီနဲ့ဝင်းဝင်း။ ။ ငါ့မှာတော့ လေးရာ့ငါးဆယ်။ အရိုးအရင်းရယ် …။” “ (ဦးသိန်းဟန် (ဇော်ဂျီ)၊ “ရသစာပေ ဘာသာပြန် ပြဿနာအချို့”၊ ဘာသာပြန်စာပေ၊ စာ ၆၂ – ၆၃)

ဆရာဇော်ဂျီက ဆက်ရေးသည်မှာ –

“အကြောင်းကောင်းရှိ အလိုက်သင့် ဖြည့်ခြင်းကို လည်းကောင်း၊ ဆီလျော်အောင် ပြုခြင်းကို လည်းကောင်း ကျေနပ်သင့်ကြောင်း ထောက်ခံရာ ရောက်သော သက်သေနှစ်ဦးကို တင်ပြပါမည်။ သက်သေတစ်ဦးသည် ကာလီဒါသ၏ သကုန္တလပြဇာတ်ကို သက္ကတဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသော မော်နီဝီလျံ ဖြစ်သည်။ တစ်ဦးသည် ပလေးတိုး၏ ကထာများကို ဂရိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သော ပါမောက္ခ ဂျို့ဝက် ဖြစ်သည်။”

လူမျိုးတစ်မျိုး၏ ရသစာပေကို ဘာသာပြန်ရာတွင် တချို့ တစ်ချို့သော ကိစ္စရပ်များ၌ ဘာသာပြန်ကို ဖတ်ရှုကြမည့်လူမျိုး စာဖတ်ပရိသတ်၏ အသိခံ အကြိုက်ခံ တို့ကို ထောက်လျက် ထိုပရိသတ် နားလည် လက်ခံနိုင်အောင် ဘာသာပြန်သင့်ကြောင်း ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးက ဆိုခဲ့သည်ဟု ဆရာဇော်ဂျီက ရေးသည်။

ဆရာ ဦးခင်ဇော် ရှင်းပြပုံကိုလည်း ရှုပါ။

“အလျဉ်းသင့်၍ ပါမောက္ခ လုစ် (Prof. Luce) ၏ သမိုင်းဝင် အဆုံးအဖြတ် တစ်ခုကို ဖော်ပြလိုပါသည်။ ၁၉၃၆ ခုနှစ်က မင်းသုဝဏ် ပညာတော်သင်အဖြစ်နှင့် အောက်စဖို့ဒ် တက္ကသိုလ် သွားခါနီးမှာ သူ့ကဗျာစုကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး စာအုပ်ငယ်ကလေး ရိုက်နှိပ် ထုတ်ဝေလျက် ဂုဏ်ပြုပွဲ လုပ်ကြပါသည်။ သည်စာအုပ်ငယ်၏ နိဒါန်းတိုကလေးကို ပါမောက္ခလုစ်က ရေးသားပေးရှာသည်။ သူ့အဆိုက“The translations are strangely felicitous because the translators are poets themselves. They sound like variations on the same theme.”

“Variations on the same theme” ဆိုသည်မှာ ဂီတအသုံးအနှုန်း၊ ဂီတဝေါဟာရ ဖြစ်ပါသည်။ ဂီတနှင့် ဥပမာပြရမည်ဆိုလျှင် – မန်းတော tune ဆိုသည်မှာ theme ပါပဲ။ ယင်း 1st variation ဆိုင်း။ ယင်း 2nd variation  နှဲ။ Main theme  ၏ တာဝန်မှာ သံမှန်သံချကို ရောက်အောင် ပို့ဖို့ဖြစ်ပြီး၊ ဆိုင်းကလည်း သူ့နည်းနှင့်သူ၊ နှဲကလည်း သူ့နည်းနှင့်သူ အရောက်ပို့ကြရပါသည်။ ဘယ်နည်းနှင့်ပဲပို့ပို့ လိုရာရောက်လျှင် တာဝန်ကျေပါသည်။ ဘာသာပြန်ရာမှာလည်း သည်သဘောပင် ဖြစ်ပါသည်။ တခါတရံ ဘာသာပြန်ရုံနှင့် မတင်းတိမ်ဘဲ အသစ်ဖန်ဆင်းသည်အထိ ရောက်သွားတတ်ပါသည်။ မူလကဗျာ၏ ခံစားချက်၊ ရသ အပြည့်အ၀ ရရှိပေမည့် စာကြောင်း တစ်ကြောင်းစီ၊ စာလုံး တစ်လုံးစီ လိုက်စစ်ကြည့်လျှင် ကဗျာသစ်တစ်ခုလို ဖြစ်နေတတ်ပါသည်။ ဖြစ်ပါစေ။ မူလကဗျာကို မဖတ်တတ်သည့် လူမျိုးတွေက သူတို့ဘာသာမှာ မရှိသေးသည့် ရသတစ်ခုကို ဘာသာပြန်ကဗျာမှာ ခံစားရလျှင် တာဝန်ကျေရာ ရောက်ပါသည်။ ဥပမာ Ed. Fitzgerald ၏ Rubaiyat of Omar Kheyyam ဘာသာပြန်ဆိုလျှင် ဝိဝဒါအများကြီး ရှိပါသည်။ မူကွဲအဖုံဖုံ ရှိပါသည်။ ရှိပါစေ။ အင်္ဂလိပ်စာပေမှာ ကဗျာကောင်းတစ်ခု တိုးသွားပြီး Omar Kheyyam  ၏ ကဗျာ့အတွေးအခေါ်တွေကို မြည်းဖူးသွားပြီ။ အရေးအကြီးဆုံးမှာ ဆရာကြီးလုစ် ပြောသကဲ့သို့ ဘာသာပြန်သူ ကိုယ်၌က ကဗျာစာဆိုတစ်ယောက် ဖြစ်ဖို့လိုပါသည်။  (ဦးခင်ဇော်၊ “မြန်မာစကားပြေမှ အင်္ဂလိပ်စကားပြေသို့ ပြန်ဆိုခြင်း”၊ ဘာသာပြန်စာပေ၊ စာ ၁၇၅ – ၁၇၆)

ဘာသာပြန်ကောင်းနှင့် စပ်လျဉ်းသော အေအက်ဖ် တေလာ (A. F. Tayler) ၏ စည်းစနစ်များကိုလည်း ရှုပါ။

“မူလ စာရေးဆရာ၏ အနက်အဓိပ္ပာယ်နှင့် အတွေးအခေါ် အယူအဆကို ချဉ်းကပ်ရမည်မှာ ဘာသာပြန်သူ၏ ဝတ္တရားပင် ဖြစ်သည်။ မူရင်း စာရေးဆရာ၏ စိတ်ကူးစိတ်သန်းကို သိမှီနားလည်အောင် အားထုတ်ရန်၊ အကောင်းဆုံး သင့်လျော်ရာ ရွေးချယ်ပြီး ဖော်ပြရန် ဆုံးဖြတ်နိုင်ရမည်။

– မူရင်းစာကို အခြားဘာသာသို့ ပြန်ဆိုရာတွင် ပိုင်နိုင်မှု၊ လေးနက်စွာ သိမှတ်ခံစားမှုတို့ ရှိအပ်ကြောင်း၊ ဘာသာပြန်ကို ဖတ်သောသူ၏စိတ် မိမိ ဘာသာစကားဖြင့် ရေးထားသောစာဟု ထင်မြင် ခံစားလာရအောင် ဘာသာပြန်နိုင်လျှင် ထိုဘာသာပြန်သည် ဘာသာပြန်ကောင်း ဖြစ်သည်။

– ဘာသာပြန်ကောင်းတို့ မည်သည် မူရင်းစာအုပ်၏ စိတ်ကူးစိတ်သန်း အယူအဆကို ပြည့်စုံ ကုန်လုံစွာ ပြန်ဆိုနိုင်ခြင်းပင် ဖြစ်သည်။

– မူရင်းစာပေ၏ ရေးဟန်နှင့်အသွင်ကို ဘာသာပြန်တွင် တသဝေမတိမ်း ရှိအပ်သည်။

– ဘာသာပြန်သည် မူရင်းစာ၏ အရေးအဖွဲ့မျိုး ဖြစ်အပ်သည်။

(ဦးသော်ကောင်းနှင့် ငြိမ်းကျော်၊ “ဘာသာပြန်သဘောနှင့် အထောက်အကူပြုကျမ်းများ”၊ ဘာသာပြန်စာပေ၊ စာ ၂၂)

ဘာသာပြန်ရာ၌ တသဝေမတိမ်း ဖြစ်မှု (ဝါ) တိကျမှုကို လိုက်မှာလား။ အနက်အဓိပ္ပာယ် သယ်ဆောင်မှုကို လိုက်မှာလား။ (အနက်အဓိပ္ပာယ်ကို သယ်ဆောင်လိုသည်။ ထို့ကြောင့် ရှင်းပြဖို့ အလို့ငှာ ထပ်ဖြည့်လိုက်မည်။) တုံးတိတိ ဖြစ်ချင် ဖြစ်ပစေလား၊ သို့တည်းမဟုတ် လှအောင် ဝေေ၀ဆာဆာ ရေးမလား။ (ထိထိခိုက်ခိုက် ဖြစ်သွားအောင် တလုံးတလေ ထပ်ထည့်လိုက်မည်။)

ဆရာကြီးများ၏ အကြိုက်မှာ ဘာသာပြန်ကောင်းသည် အနက်အာဘော် မယွင်းရ၊ ထို့အပြင် အရသာကို သယ်ဆောင်၍ အလှအပကို သယ်ဆောင်ရာသည်။ ထိုအချက်သာ လိုရင်း (အဓိက) ဖြစ်သည်ဟု ယူကြပုံရ၏။

ဘာသာပြန်၌ သစ္စာရှိခြင်းဟူသည်မှာ တသဝေမတိမ်း လုံးကောက်ပြန်ခြင်း မဟုတ်။ အနက်အာဘော် မယွင်းသော် သင့်သလို ဖြည့်သင့်တာလေးများ ဖြည့်ခြင်းသည် သစ္စာမရှိခြင်း မဟုတ်ဟု (အထက်ပါ ဆရာကြီးတို့၏ အယူအဆများကို ထောက်၍) ယူရမည် ထင်ပါသည်။ သစ္စာရှိခြင်း၊ မရှိခြင်း ပြဿနာမှာ ဘယ်ဟာကို ပို၍ တန်ဖိုးထားသနည်းဟူသော ပြဿနာသာ ဖြစ်သည်ဟု ထင်ပါသည်။

ကျွန်တော့်အမြင်မှာ အကယ်စင်စစ် အနုပညာသမား၌ ကလောင်လွတ်လပ်ခွင့် ရှိသည်။ ထိုသို့ရှိခြင်းဖြင့်သာ စာ၏ အာဘော်အပြင် စာ၏အရသာ၊ စာ၏အာဝဇ္ဇန်းကို သူသည် သယ်ဆောင်နိုင်သည်ဟု ယူဆသည်။ မည်သည့် အတိုင်းအတာအထိ လွတ်လပ်ခွင့် ရသင့်သလဲ စဉ်းစားရသော် လွတ်လပ်ခွင့်ဟူသည်မှာ အကန့်အသတ်ရှိသည်ဟူသော အချက်ကို တော်သော ဘာသာ ပြန်ဆရာများ ချင့်ချိန်တတ်ပါသည်။ ငှက်တွေ ပျံချင်ရာ ပျံကြသည် သို့သော် အသိုက်ဆောက်ကြသည်ကို သူတို့ သိကြပါသည်ဟု ယူဆပါသည်။

■ နိဂုံး

Zen in the Art of Archery ESifh Zen in the Art of Flower Arrangement ဟူသော ခက်ခဲသော ကျမ်းနှစ်ကျမ်းကို “လေးအတတ်နှင့် ဉာဏ်အထူး”၊ “ပန်းအတတ်နှင့် ဉာဏ်အထူး” ဟု ဦးကြည်မောင်သည် ဘာသာပြန်၏။ သို့သော် ပုံနှိပ်ထုတ်ဝေသော အခါ၌မူ သူ့အမည်နှင့် ထုတ်ဝေခွင့် မရသော ခေတ်ကာလ အခြေအနေအရ သမီးဖြစ်သူ ခင်မျိုးကြည်၏ အမည်နှင့်သာ ထုတ်ဝေရ၏။ လူသူလေးပါး သိကြားစေရန် ယခု အသိပေးပါသည်။

ဦးကြည်မောင်၏ ဘာသာပြန်ကို ဘာသာပြန်ကောင်းဟု ဆိုပါမည်။ မူရင်း၏ အာဘော်၊ အဓိပ္ပာယ်၊ အာဝဇ္ဇာန်းအပြင် ခံစားမှုကိုပါ ဖတ်ရှုသူ ကျွန်တော်များထံ ယူဆောင်ပေးသည်။ လိုသည်ထင်လို့သာ၊ ပို၍ ရှင်းစေရန်သာ ကြီးသောစေတနာ ရှေ့ထားလျက် လျော်သော စကားလုံးအပိုများ၊ တခါတရံ ပါဠိအသုံးအနှုန်းများ ဖြည့်သည်ဟု ဆိုပါမည်။ ဦးကြည်မောင်၏ ဘာသာပြန်သည် “သစ္စာရှိလျက် လှပါသည်”ဟု ဆိုပါမည်။ သူမို့လို့သာ သည်လိုပြန်နိုင်သည်ဟုပင် ဆိုချင်ပါတော့သည်။

■ “လေးအတတ်နှင့် ဉာဏ်အထူး” ဟူသော အမည်သည်လည်း မုံရွေးထုတ်ဝေသူ ကျွန်တော်ပေးသော အမည်သာဖြစ်လျက်၊ လက်နှိပ်စက် မူရင်း၌မူ “ဂျပန်လေးမြားအတတ်တို့၌ လာရှိသော ဇင်အဘိညာဉ်တရား” ဟု ဖြစ်ပါသည်။ ဇင်အဘိညာဉ်တရား ဟူသော စကားလုံးအသုံးကို အတွင်း၌သာ ထည့်ဝံ့သောကြောင့် ဖြစ်ပါသည်။ စာဖတ်သူ လူအများထံ ရောက်ရန်ကသာ လိုရင်းဟူ၍ တွက်ခဲ့ပါသည်။

ကျမ်းကိုးစာရင်း

မြန်မာဘာသာ

ဦးကြည်မောင်။ အုပ်ချုပ်ပိုင်ခွင့်နှင့် ဂန္ဒီခန်းမ မိန့်ခွန်း၊ ရန်ကုန်၊ တောရိုင်းနှင်းဆီစာပေ၊ ၂၀၁၄။

ဦးကြည်မောင်။ နိုင်ငံတော်နှင့် စစ်မှုထမ်း၊ ရန်ကုန်၊ ရှင်မတောင်စာပေ၊ ၂၀၁၄။

ဦးကြည်မောင်။ အဲလန်ကလီမင့်နှင့် ဦးကြည်မောင်၏ နှစ်ကိုယ်ကြားပြောစကား၊ ရန်ကုန်၊ ဇင်ရတနာစာပေ၊ ၂၀၁၃။

ခင်မျိုးကြည်။ လေးအတတ်နှင့် ဉာဏ်အထူး၊ ရန်ကုန်၊ မုံရွေးစာပေ၊ ၂၀၁၁။

ခင်မျိုးကြည်။ ပန်းအတတ်နှင့် ဉာဏ်အထူး၊ ရန်ကုန်၊ မုံရွေးစာပေ၊ ၂၀၁၁။

ဘာသာပြန်စာပေ၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၀။

ဘာသာပြန် စာပေစာတမ်းများ၊ ပထမတွဲ၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၉၀။

ဘသောင်း၊ သခင်။ ဗုဒ္ဓ၏ စကြာဝဠတရား၊ ရန်ကုန်၊ သီဟရတနာ၊ ၁၉၇၅။

မာမာအေး။ ပြောပြစရာတွေလဲ တပုံကြီး(၄)၊ ရန်ကုန်၊ လင်းလွန်းခင်စာပေ၊ ၂၀၁၅။

 အင်္ဂလိပ်ဘာသာ

Herrigel, E., & Hull, R. F. C. (1955). Zen in the Art of Archery. translated from the German by R. F. C. Hull, London, Routledge & Kegan Paul.

Herrigel, G. L. (1999). Zen in the Art of Flower Arrangement. translated from the German by R. F. C. Hull, London, Souvernir Press.

U Kyi Maung: Solider, Leader and Translator

By Ko Tar

This article describes U Kyi Maung as a wise soldier who was fond of music and writing plays. U Kyi Maung translated two books under his daughter’s name, Khin Myo Kyi. He translated “Zen in the Art of Archery” and “Zen in the Art of Flower Arrangement” which are religious memoirs written on how art and religion harmoniously coexist in Japanese culture. This article examines his two translations, compares them with the original texts and the works of others famous translators. Rather than translating directly, U Kyi Maung followed an approach in which he provided additional explanation to enhance the reader’s understanding. His translations aimed to provide the reader with original author’s intentions and values as well as local context. The author characterizes U Kyi Maung’s translations as faithful to the originals and beautifully written.

About the author

Ko Tar

ကိုတာသည် မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်တဦး ဖြစ်ပြီး ထင်ရှားသော စာရေးဆရာဖြစ်သည်။

Add comment