ဒီမိုကရေစီသို့ သွားရာ လမ်းမထက်မှ အန္တရာယ်များနှင့် ဆူးညှောင့်ခလုတ်များ

အီဂေါ ဘလေဇ်ဗစ်

မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ အလားအလာ မျှော်လင့်ချက်များနှင့် ပတ်သက်၍ နှိုင်းယှဉ် လေ့လာခြင်းဆိုင်ရာ ရှုထောင့်မှ တွေးဆကြည့်ခြင်း

အီဂေါ ဘလာဇီဗစ် (Educational Initiatives)

ယခု ဆောင်းပါးကို အပြုသဘော အကောင်းမြင်မှုများဖြင့် စလိုက်ချင်ပါသည်။ ၂၀၁၅ နိုဝင်ဘာ၌ ဒီမိုကရက်တစ် အတိုက်အခံများ၏ အောင်ပွဲသည် မြန်မာပြည်၏ ဒီမိုကရေစီသို့ သွားရာ လမ်းမထက်မှ အထင်ကရ အောင်မြင်မှုပင် ဖြစ်ပေသည်။ ဖိနှိပ်ချုပ်ချယ်သည့် စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေလာခဲ့ရပြီးနောက် မြန်မာ ပြည်သူများ အနေဖြင့် ၎င်းတို့ လိုချင်သည့် အစိုးရတစ်ရပ်ကို ရွေးချယ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို သောင်းသောင်းဖြဖြ တခဲနက် အာဏာ လွှဲအပ်ခဲ့ကြပြီး ယခုတစ်ကြိမ်တွင် တပ်မတော်ကလည်း အာဏာလွှဲပြောင်းမှုကို သဘောတူ ခွင့်ပြုခဲ့ပေသည်။ ဦးသိန်းစိန်၏ သမ္မတရာထူး သက်တမ်းအတွင်း ဗမာပြည်အနေဖြင့် နိုင်ငံရေးဆိုင်ရာ လျှော့ပေါ့ပေးမှုများ၊ စီးပွားရေး ပွင့်လင်းလာခြင်းနှင့် ပထဝီ နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာ ပြောင်းလဲမှု စသည့် အရေးပါသော ဖြစ်စဉ်များကို ဖြတ်သန်း ကြုံတွေ့ခဲ့ရပေသည်။ NLD အစိုးရ ဖွဲ့စည်းပုံနှင့်အတူ ဗမာပြည်၏ အသွင်ကူးပြောင်းမှုသည်လည်း ကြီးမားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အဖြစ် ရှေ့သို့ လှမ်းတက် လာစေရန် ပြုလုပ်နိုင်ခဲ့ပေပြီ။

ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရအဖွဲ့ကြားမှ ကွဲပြား ခြားနားချက်မှာ သိသာ ထင်ရှားပါသည်။ ယခု လက်ရှိအချိန်တွင် များသောအားဖြင့် ဒီမိုကရေစီ နည်းကျစွာ ဖွဲ့စည်းထားသော လွှတ်တော်၊ လွတ်လပ်သော ရွေးကောက်ပွဲများဖြင့် ရွေးကောက် တင်မြှောက် ခံထားရသည့် အရပ်သား အစိုးရအဖွဲ့ကို ရရှိနေပြီ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က လွှတ်တော်သည် ကြိုးကိုင် ချယ်လှယ်မှုများမှ တစ်ဆင့် ပေါ်ပေါက်လာခဲ့ပြီး မလွတ်လပ် မမျှတသော ရွေးကောက်ပွဲများ၊ ဝါရင့် အာဏာသိမ်း ခေါင်းဆောင်ကြီးများက လက်ရွေးစင်အဖြစ် သေချာ ရွေးချယ် ပေးခဲ့သည့် ဟန်ပြ အရပ်သားအစိုးရအဖွဲ့နှင့် လွှတ်တော်မှာလည်း လက်ညှိုးထောင် ခေါင်းညိမ့် လွှတ်တော်သာသာ ဖြစ်နေခဲ့သည်။ သို့ဖြစ်၍ ယခု ရွေးကောက် တင်မြှောက် ခံထားရသည့် အရပ်သား အစိုးရအဖွဲ့နှင့် ပြီးခဲ့သော ဟန်ပြ အရပ်သား အစိုးရအဖွဲ့နှင့် နှိုင်းယှဉ်ပါက နိုင်ငံရေးဆိုင်ရာ နည်းနာ ကွဲပြား ခြားနားပေသည်။ NLD အစိုးရအဖွဲ့က ဒီမိုကရေစီ အမှတ်သင်္ကေတကို သယ်ဆောင် လာနိုင်ခဲ့သည်ဟု ဆိုနိုင်ပြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့အနေဖြင့် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ပါ။

သို့ရာတွင် ယခုလက်ရှိ မြန်မာပြည်၏ နိုင်ငံရေးစနစ်မှာ မည်သည့် အမျိုးအစား ဖြစ်ပါသနည်းဟု ပြန်လည် မေးခွန်း ထုတ်ကြည့်သည့်နောက် မြန်မာပြည် ဒီမိုကရေစီ ရရှိလာပြီဟု ကောက်ချက် မချနိုင်သေးပါ။ တိုင်းပြည်၏ နိုင်ငံရေးစနစ်သည် ပြိုင်ဆိုင်မှု ရှိသော ရွေးကောက် တင်မြှောက်ခံ ဒီမိုကရေစီစနစ်အတွင်းမှ နှစ်မျိုးစပ် နိုင်ငံရေးစနစ်အဖြစ် အသွင်ပြောင်းလဲခဲ့ပြီး ဖြစ်သော်လည်း ဒီမိုကရေစီ နည်းမကျသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအပြင် များသောအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော စစ်ခေါင်းဆောင်များ၏ ကန့်သတ် ချုပ်ခြယ်ခြင်း ခံနေရလေသည်။

ဒီမိုကရေစီ စနစ်တွင် စစ်တပ်ကို အခြေခံဥပဒေက ကန့်သတ် ထိန်းချုပ်ထားပြီး ရွေးကောက် တင်မြှောက်ခံထားရသည့် အရပ်သား နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့၏ ကွပ်ကဲမှုအောက်တွင် ထားရှိရမည် ဖြစ်သည်။ အသာစီးရယူ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်ကို မြန်မာ့နိုင်ငံရေးစနစ်၏ ပြင်ပမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းတစ်ရပ်အဖြစ် ရောက်ရှိစေပြီး ရွေးကောက် တင်မြှောက်ခံ လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ကြီးကြပ်ကွပ်ကဲ ထိန်းကျောင်းရန် အတွက်ပါ အာဏာ အပ်နှင်းထားခဲ့သည်။ စစ်ခေါင်းဆောင်များ လွှမ်းမိုးကြီးစိုးသော စနစ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားသော စစ်တပ်က အင်စတီကျုးရှင်း တစ်ခုအဖြစ် နိုင်ငံရေးစနစ်၏ ပြင်ပတွင် ရပ်တည်ကာ နိုင်ငံရေး နယ်ပယ်တွင် မည်သည့်အရာများ ဖြစ်ပေါ်နေသည်ကို ကြီးကြပ် ကွပ်ကဲသည့် စောင့်ရှောက်သူနှင့် အပြီးသတ် ဆုံးဖြတ်ချက်ချသည့် ခုံသမာဓိပင် ဖြစ်သည်။ နိုင်ငံရေးနယ်ပယ်မှ ဖွံ့ဖြိုး တိုးတက်မှုများသည် စစ်တပ်၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ၎င်းတို့ သိမှတ် ခံယူထားသော နိုင်ငံတော်၊ အမျိုးသားရေး အကျိုးစီးပွားကို ထိခိုက် နစ်နာစေခြင်း မရှိခဲ့လျှင် စစ်တပ်အနေဖြင့် ရွေးကောက် တင်မြှောက်ခံထားရသည့် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့၏ လုပ်ငန်းများ ဖြစ်သည့် ဥပဒေပြုခြင်း၊ တိုင်းပြည်အုပ်ချုပ်ခြင်းကို ဆက်လက် လုပ်ကိုင်စေမည် ဖြစ်သည်။ သို့သော်လည်း အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ လုပ်ကိုင်နေသည်များကို စစ်တပ်က သဘောမတွေ့ပါက ဖိအားပေးခြင်း၊ ပိတ်ဆို့ခြင်း၊ တစ်ချက်လွှတ် အမိန့်အာဏာ သုံးခြင်း၊ ပိတ်ပင် ဟန့်တားခြင်းများ ပြုလုပ်လာနိုင်ပြီး နောက်ဆုံးအနေဖြင့် အစိုးရနှင့် လွှတ်တော်ကို အခြေခံဥပဒေ နည်းလမ်းကျစွာ ဖယ်ရှား ရှင်းလင်းနိုင်ပေသည်။ စစ်ခေါင်းဆောင်များ အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးသော နိုင်ငံ နှစ်နိုင်ငံဖြစ်သည့် ထိုင်း၊ ပါကစ္စတန်တို့နှင့် နှိုင်းယှဉ်ကြည့်ပါက အပြစ်အနာအဆာ မကင်းသည့် ရွေးကောက် တင်မြှောက်ခံ ဒီမိုကရေစီအဖွဲ့များနှင့် မကြာခဏ ဆိုသလို “အမှန်ဖြစ်အောင် တည့်မတ်ပေးလိုသည့်” စစ်အာဏာသိမ်းမှုများအကြား ကြိမ်ဖန်များစွာ အာဏာလက်လွှွှဲ ကူးပြောင်းနေခဲ့သည်ကို တွေ့နိုင်ပေမည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများနှင့် ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ အာဏာရယူပြီးနောက် မြန်မာပြည်သည်လည်း အထက်မှ အောက်သို့ ဂရုတစိုက် ထိန်းချုပ်ကွပ်ကဲသည့် ဖြစ်စဉ်အတိုင်း ပြောင်းလဲ သွားခဲ့သည်။ ထိုဖြစ်စဉ်အရ ရွေးကောက်ပွဲများ၊ နိုင်ငံရေး၊ ပြည်သူနှင့် နိုင်ငံသားဗဟိုပြု ဗဟုဝါဒ မရှိသော စစ်အာဏာရှင် စနစ်မှသည် စစ်ခေါင်းဆောင်များ ကြီးစိုးသည့် စနစ်နှင့် အပြိုင်အဆိုင် မရှိသည့် ရွေးကောက်ပွဲ စနစ်တို့ကို ပေါင်းစပ်ထားသော နှစ်မျိုးစပ် နိုင်ငံရေးစနစ်သို့ ပြောင်းလဲသွားခဲ့သည်။ (ထိုစနစ်တွင် ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများ ရှိသော်လည်း လွတ်လပ်မှုနှင့် တရားမျှတမှု သိသိသာသာ ကင်းမဲ့ခြင်းကြောင့် စစ်မှန်သော ပြိုင်ဆိုင်မှု မဟုတ်ပေ။ စင်ကာပူနှင့် ကမ္ဘောဒီးယား ကဲ့သို့ပင် အာဏာရပါတီက အမြဲတစေ အနိုင်ရပြီး အတိုက်အခံများက အစဉ် ရှုံးနိမ့်လေ့ ရှိပေသည်) NLD ပါတီက သိမ်းကျုံး အနိုင်ရခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲများနှင့် USDP အစိုးရက NLD အစိုးရထံ ချောမွေ့စွာ အာဏာ လွှဲပြောင်းမှုများဖြင့် မြန်မာပြည်သည် စစ်ခေါင်းဆောင်များ ကြီးစိုးသည့် စနစ်နှင့် အပြိုင်အဆိုင် ရှိသော ရွေးကောက် တင်မြှောက်ခံ ဒီမိုကရေစီစနစ်အတွင်း ထင်ရှားသော အင်အားစုများ ပေါင်းစပ်ထားသည့် နှစ်မျိုးစပ် စနစ်အဖြစ် အသွင်ပြောင်းသွားခဲ့သည် (ထိုစနစ်တွင် ပါတီစုံ ရွေးကောက်ပွဲများရှိပြီး အတိုက်အခံ ပါတီက အနိုင်ရနိုင်ကာ အာဏာလွှဲပြောင်း ရယူနိုင်သည်)။ မြန်မာပြည်၏ ကန့်သတ် ချုပ်ခြယ်ထားသော ရွေးကောက် တင်မြှောက်ခံ ဒီမိုကရေစီစနစ်တွင် များပြား ဆိုးရွားလှသည့် အပြစ်အနာအဆာများ ရှိသော်လည်း အောင်မြင်မှုမှာ အလွန်ကြီးမားလှသည်။ အထူးသဖြင့် ယခု အခြေအနေသို့ ရောက်ရှိလာအောင် မည်ကဲ့သို့ စတင် လုပ်ဆောင်ခဲ့ရသည် ဆိုသည်နှင့် အခြားနိုင်ငံများ၏ ပြီးခဲ့သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများ ပြီးမြောက် အောင်မြင်မှု မရှိခဲ့ခြင်းတို့မှာ နိုင်ငံသားများ၏ စိတ်တွင် အမြဲ စွဲမြဲ ထင်ဟပ်နေပေသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် စစ်မှန်သည့် ဒီမိုကရေစီ ရရှိရန်၊ စစ်တပ်၏ အခန်းကဏ္ဍကို ဖြည်းဖြည်းချင်း လျှော့ချရန်၊ ငြိမ်းချမ်းရေး ရရှိရန်၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နှင့် ဖက်ဒရယ်ဝါဒနှင့် လူအများစု၏ ဘဝများ တိုးတက် ကောင်းမွန်လာစေရန် ဟူသည့် ကတိ၊ ရည်မှန်းချက်များဖြင့် အစိုးရအဖွဲ့ တာဝန်ကို လွှဲပြောင်း ရယူခဲ့သည်။ သို့သော်လည်း ထို ကောင်းမွန်သော ရည်မှန်းချက်များ အပြည့်အ၀ ဖြစ်မြောက် အကောင်အထည် ပေါ်စေရန် အလှမ်းဝေးနေဆဲပင် ဖြစ်သည်။ ထို့ပြင် ယင်းအချက်က မြန်မာပြည် အသွင်ကူးပြောင်းရေး ဆိုင်ရာ ကောင်းသော အလားအလာ မျှော်လင့်ချက်များကို လျော့ကျ သွားစေခဲ့သော်လည်း  ကမ္ဘာတစ်ဝှန်းရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များနှင့် နှိုင်းယှဉ် လေ့လာကြည့်ပါက သင့်တင့် ဆီလျော်သော ကောက်ချက် ချမှတ်နိုင်ပေမည်။ မေရီလန်း တက္ကသိုလ်မှ ဂျိုးဆက်ဖ် ဆီဂယ်က “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ဟာ မကြာခဏ ဆိုသလို ကသောင်းကနင်း ဖြစ်တတ်တာမျိုးပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းထားတဲ့ နိုင်ငံတွေအားလုံးရဲ့ ၅ ရာခိုင်နှုန်း လောက်ဟာ အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းက အာဏာရှင် စနစ်လိုမျိုးကို နောက်ကြောင်း ပြန်သွားတဲ့ အတွေ့အကြုံ ရှိထားပါတယ်။ ဒီ အတွေ့အကြုံတွေအရ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အစောပိုင်း နှစ်ကာလတွေဟာ အန္တရာယ် အများဆုံးပါပဲ။ ဒါ့အပြင် ဒီမိုကရေစီကနေ ဆုတ်ယုတ် ရွေ့လျောမှုဖြစ်စဉ် တစ်ဝက်ကျော်ကျော်က အသွင်ကူးပြောင်းမှုရဲ့ အစပိုင်း ၅ နှစ်၊ ၆ နှစ်မှာ ဖြစ်တတ်ပါတယ်။ ဒီ အန္တရာယ်က အချိန်ကြာလာတာနဲ့အမျှ လျော့ပါးလာတယ် ဆိုပေမယ့် ၁၀ ရာခိုင်နှုန်း မပြည့်တဲ့ ဒီမိုကရေစီ ဆုတ်ယုတ်ရွေ့လျောမှု ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့ဖူးပြီး နိုင်ငံ တစ်နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို စီမံဆောင်ရွက်ဖို့ အချိန် ၁၅ နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး အချိန် လိုအပ်နိုင်ပါတယ်။ အခုအချိန်ထိ ဖြစ်ပွားနေဆဲ ဒီမိုကရေစီ ဆုတ်ယုတ် ရွေ့လျောမှု အန္တရာယ်ကို ရင်ဆိုင်ခဲ့ဖူးသော ဒီမိုကရေစီ အသွင်ကူးပြောင်းပြီးသူတွေ ပဓာနပြု ပြောခဲ့တဲ့ တကယ့် အရှိတရားကတော့ ဒီမိုကရေစီ တည်တံ့ခိုင်မြဲဖို့ ဆိုတာဟာ ထုံးစံအတိုင်းဆိုရင် ဆယ်စုနှစ်ချီ ရှည်လျားတဲ့ ဖြစ်စဉ် ဆိုတာပါပဲ”ဟု ထောက်ပြ သတိပေးခဲ့သည်။

ဒီမိုကရေစီစနစ် စတင် ကျင့်သုံးပြီးချိန်တွင် ထိုစနစ် ပြီးပြည့်စုံစွာ တည်တံ့ ခိုင်မြဲရေးအတွက် အကြီးမားဆုံး အပိတ်အပင် အတားအဆီးမှာ ကြံ့ကြံ့ခံ ရပ်တည် ခုခံနိုင်အားရှိသော နိုင်ငံရေးနှင့် စီးပွားရေး ကိုယ်ကျိုးစီးပွားများကို ကျော်လွန် လွန်မြောက်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။ ဆီဂယ်၏ အဆိုအရ “အာဏာရှင် စနစ်ဟောင်းကို ထောက်ခံခဲ့သူတွေ အနေနဲ့ တစ်ချိန်က သူတို့ ကောင်းကျိုးချမ်းသာ ရရှိခဲ့ဖူးတဲ့ နေရာတွေကို ခြိမ်းခြောက်ခံရရင် ဆုံးရှုံးမှု ပိုများလာနိုင်တယ် ဆိုတာ သိထားပြီးသားပါ။ ဒါ့အပြင် သူတို့နဲ့ ပတ်သက် ဆက်နွယ်ပြီးသား အချိတ်အဆက်တွေကြောင့် အသိအမြင် ဗဟုသုတ ကြွယ်ဝနေသလို စုစည်းပြီးသား အရင်းအမြစ်တွေလည်း ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ပြုပြင် ပြောင်းလဲလိုသူတွေက အသွင်ကူးပြောင်းမှုကို ကြားနေ အနေအထားကနေ မစတင်နိုင်သလို တစ်ချက်ကလည်း လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဟာ အလွန်အမင်း ဟန်ချက် မညီစွာနဲ့ အောက်တန်း နောက်တန်း ကျနေခဲ့တယ်။ ပြုပြင် ပြောင်းလဲလိုသူတွေက လူအများစုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပေမယ့် အဲဒီ လူများစုကလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်၊ စုစည်းဖို့ ခက်ခဲနေတဲ့အပြင် အကန့်အသတ်ရှိတဲ့ သတင်း အချက်အလက်တွေနဲ့ပဲ လည်ပတ် နေရတယ်။ အထူးသဖြင့် လူမှု အင်အားစုတွေ ပျံ့နှံ့ပါဝင်မှုကို အတိုက်အခံပြုတဲ့ အဖျက်သဘောဆောင် တုံ့ပြန်မှုတွေဟာ အများနဲ့ သက်ဆိုင်နေတဲ့အပြင် အသွင်ကူးပြောင်းမှု ဖြစ်စဉ်ရဲ့ အစောပိုင်း နေ့ရက်တွေမှာ မကြာခဏ ပေါ်ပေါက်တတ်လို့ ကြိုတင် ပြင်ဆင်ထားသင့် ပါတယ်”ဟု ဆိုခဲ့သည်။

ထို့အပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲသူများသည် စီးပွားရေးကဏ္ဍ တိုးတက်လာစေရေး၊ ပို၍ လစာကောင်းမွန်သော အလုပ်အကိုင်များ ဖန်တီးပေးရေး၊ လျှပ်စစ်စွမ်းအား၊ သန့်ရှင်းသော သောက်သုံးရေ၊ ပိုမိုကောင်းမွန်သော လမ်းမကြီးများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးများ စသည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ လုပ်ဆောင်ပေးရမည့် အလွန်ကြီးမားသော ဖိအားများအောက် ရောက်ရှိ နေပေသည်။ ထို့ထက်ပို၍ ဆိုရလျှင် ဒီမိုကရေစီ အစိုးရသစ်သည် အလွန်ဆိုးရွားသော ပုံစံရှိနေသည့် တိုင်းပြည် စီးပွားရေး အခြေအနေကို အမွေ ဆက်ခံ ခဲ့ရသည့်အပြင် စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ ကုန်ထုတ်လုပ်မှု မရှိခြင်း၊ ကြွေးမြီ၊ လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းများ၊ အဂတိလိုက်စားမှု၊ အခွင့်ထူး ရပိုင်ခွင့်၊ ငွေရင်း မရှိမှု၊ အတိအကျ သတ်မှတ် မထားသော မပီပြင်သည့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်၊ တရားဥပဒေဆိုင်ရာ လုံခြုံစိတ်ချရမှု မရှိခြင်းနှင့် အဓိကအားဖြင့် ပုံသဏ္ဌာန် ပျက်ယွင်းနေသော ဈေးကွက်တို့ကလည်း ဝန်ထုပ်ဝန်ပိုးများပင် ဖြစ်သည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲပြီးနောက် အမြဲလိုလို ပေါ်ပေါက်တတ်သည့် စီးပွားရေး ပွင့်လန်းလာမှုများ ရှိနိုင်သော်လည်း နှစ်အတန် ကြာပြီးနောက် စီးပွားရေးဆိုင်ရာ ပြဿနာများနှင့်အတူ သာမန် လူတန်းစားများအတွက် ပို၍ ကြီးမားသော ငွေရေးကြေးရေး ဆိုင်ရာ ဖိအားများ ကျရောက် လာနိုင်ပေသည်။ ငွေရေးကြေးရေး ဆိုင်ရာ ကြောင့်ကြစိတ်ကြောင့် ဒီမိုကရေစီစနစ်အပေါ် ကျေနပ်အားရ မွေ့လျော်နေသော ပြည်သူလူထု၏ အစောပိုင်း စိတ်အခြေအနေမှာလည်း လျင်မြန်စွာ ပျောက်ကွယ် သွားနိုင်ပါသည်။ ထို့နောက် ဖြစ်လေ့ရှိသည့် “ဒီမိုကရေစီ စနစ်သည် သိသာထင်ရှားသော မည်သည့် ကွဲပြားခြားနားမှုများကိုမှ ယူဆောင် မလာနိုင်ဟု နိုင်ငံသားများက ထောက်ပြ ပြောဆိုလာမည့် ဒီမိုကရေစီ စနစ်အပေါ် အထင်နှင့်အမြင် ခြားနားမှု” ပေါ်ပေါက်လာပေမည်။

လွန်ခဲ့သော ဆယ်စုနှစ် လေးခုအတွင်း ဒီမိုကရေစီ စနစ်သည် သမားရိုးကျ မဟုတ်သော ပုံစံမျိုးဖြင့် ပျံ့နှံ့ခဲ့လေသည်။ ၁၉၇၄ ခုနှစ်၌ ရွေးကောက် တင်မြှောက်ခံ ဒီမိုကရေစီနိုင်ငံ ၄၆ နိုင်ငံသာ ရှိရာ ကမ္ဘာ့နိုင်ငံများ၏ ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် ရောက်ရှိချိန်တွင် နိုင်ငံပေါင်း ၁၃၅ နိုင်ငံ၌ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်နေပြီ ဖြစ်သည်။ Freedom House အဖွဲ့က (၄၄) ရာခိုင်နှုန်း ဖြစ်သည့် နိုင်ငံပေါင်း ၈၆ နိုင်ငံသည် လွတ်လပ်သော ရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့ပြီး (၃၀) ရာခိုင်နှုန်း ဖြစ်သည့် နိုင်ငံပေါင်း ၅၉ နိုင်ငံမှာ တစ်စိတ် တစ်ဒေသ လွတ်လပ်သော ရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဓိကအားဖြင့် အောင်မြင်မှု ရရှိခဲ့သော တတိယမြောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလှိုင်း (၁၉၇၄ မှ ၂၀၀၀ ပြည့်နှစ်အတွင်း)တွင် ဥရောပတိုက် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ လက်တင် အမေရိက၊ အာရှနှင့် အာဖရိက တိုက်တို့မှ နိုင်ငံအများအပြား ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများ ဖြစ်သွားခဲ့ကြသည်။ သို့ရာတွင် လွန်ခဲ့သော ၁၅ နှစ်တာ ကာလကို အာရုံစိုက် လေ့လာကြည့်ပါက ပိုမိုဆိုးရွားသော အခြေအနေကို တွေ့ရှိလာပေလိမ့်မည်။ ဒီမိုကရေစီ စနစ်မှသည် အမိန့်ပေး အာဏာပြစနစ်သို့ နောက်ကြောင်း ပြန်သွားသော နိုင်ငံများစာရင်းမှာ ပိုမို များပြားလာပြီး သိသာ ထင်ရှားစွာ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှု ရှိသည့် နိုင်ငံများ စာရင်းမှာ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ လာရီဒိုင်းမွန်း၏ “ဒီမိုကရေစီစနစ် နောက်ဆုတ် ရွေ့လျောသွားသည့် ခက်ခဲသော အခြေအနေကို ရင်ဆိုင်ရခြင်း” ဆောင်းပါးတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ် ကြားကာလအတွင်း ဒီမိုကရေစီစနစ်မှ နောက်ကြောင်းပြန်မှု ၂၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

မတူညီသော ကမ္ဘာ့တိုက်ကြီးများနှင့် ကွဲပြားခြားနားသော ယဉ်ကျေးမှုရှိသည့် ကမ္ဘာပေါ်ရှိ လူသားများသည် အဂတိလိုက်စားမှု၊ ဖိနှိပ်ချုပ်ခြယ်သော အစိုးရအဖွဲ့များကို ဆန့်ကျင် ပုန်ကန်လာခဲ့ကြပြီး လွတ်လပ်ရေး၊ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိသည့် ဘဝအတွက် ပြင်းပြသော အာသီသ ရှိကြောင်း ပြသလာခဲ့ကြသည်။ ထို့ပြင် အဆိုပါ အကြမ်းမဖက် လူထုအုံကြွမှုများဖြင့် လေးစားဖွယ် ရဲစွမ်းသတ္တိ၊ စွဲမြဲသော အဓိဋ္ဌာန်နှင့် တီထွင် ဖန်တီးနိုင်စွမ်းများလည်း ရှိကြောင်း ပြသခဲ့ကြသည်။ ၎င်းတို့အနက်မှ အချို့ကို ရည်ညွှန်း ဖော်ပြရလျှင် ဂျော်ဂျီယာမှ နှင်းဆီတော်လှန်ရေး (၂၀၀၃)၊ ယူကရိန်းမှ လိမ္မော်ရောင် တော်လှန်ရေး (၂၀၀၄ နိုဝင်ဘာ-၂၀၀၅ ဇန်နဝါရီ)၊ မော်ဒိုဗာမှ တွစ်တာ တော်လှန်ရေး (၂၀၀၉)၊ အီရန်နိုင်ငံမှ အစိမ်းရောင်လှိုင်း (၂၀၀၉ ဇွန်-၂၀၁၀ နွေရာသီ)၊ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် အာရပ်နွေဦး (တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ ဘာရိန်း)၊ ယူကရိန်းနိုင်ငံသားတို့၏ ဂုဏ်သိက္ခာ တော်လှန်ရေး (၂၀၁၄)၊ ဟောင်ကောင်မှ ထီးလှုပ်ရှားမှု (၂၀၁၄) စသည်တို့ပင် ဖြစ်သည်။ သို့သော်လည်း ထိုဖြစ်ရပ်များမှ ပေါ်ပေါက်လာသော ရလဒ်များကို ကြည့်ပါက ပြင်းထန် ကြမ်းတမ်းသော လူစုလူဝေး ဖြိုခွဲမှုများ၊  ခွဲထွက်ရေး ဝါဒီတို့၏ စစ်ပွဲများနှင့် ပြည်ပနိုင်ငံများ၏ ကျူးကျော်မှုများ၊ ဒီမိုကရက်တစ် အီလိထ်များ၏ ကျရှုံးမှု၊ စစ်အာဏာသိမ်းမှုများ၊ ပျက်စီး ဆုံးရှုံးမှု များပြားသော ပြည်တွင်းစစ်များနှင့် နိုင်ငံများ ပျက်သုဉ်းကုန်ခြင်းတို့ကိုသာ တွေ့ရပေမည်။ လွန်ခဲ့သော ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ဒီမိုကရေစီ လိုလားသည့် ပြင်းပြသော ဆန္ဒများ၊ လူစုလူဝေးဖြင့် အုံကြွမှုများ ပြုလုပ်ခြင်းများ၊ အခါအားလျော်စွာ ပေါ်ပေါက်လာသော ဒီမိုကရေစီစနစ်၏ ပြဿနာများကို ထိုးဖောက် ကျော်လွှားနိုင်မှုများမှာ “သင့်တင့်သော အကျိုးဆက်”ကိုသာ ပေါ်ပေါက်စေခဲ့သည်ဟု ကောက်ချက် ချရပေမည်။

နိုင်ငံရေး လေ့လာ သုံးသပ်သူများက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများ အဘယ်ကြောင့် မအောင်မြင်ရသနည်း ဟူသော မေးခွန်းကို တုံ့ပြန်ရန် ကြိုးပမ်းခဲ့ပြီး အဓိကကျသည့် အချက်အလက်များကို မီးမောင်း ထိုးပြခဲ့ကြသည်။ သဘောထား တင်းမာသော အုပ်ချုပ်ရေးစနစ်ရှိသည့် (အီရန်၊ ဆီးရီးယား၊ ဘာရိန်း၊ ဘဲလားရုစ်) နိုင်ငံများသည် သစ္စာခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့များကို အသုံးပြုကာ အစွမ်းကုန် ဖိနှိပ်မှု ပြုလုပ်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။ တိုင်းရင်းသား၊ ဘာသာရေး သို့မဟုတ် လူမျိုးစု ပုံသဏ္ဌာန်များ နက်ရှိုင်းစွာ ကွဲပြားနေသည့် လူ့အဖွဲ့အစည်းများ (အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆီးရီးယား၊ ဂျော်ဂျီယာ) ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြုလုပ်ရန် ခက်ခဲကြောင်း သက်သေ ပြနေခဲ့ကြသည်။ ဘာရိန်း၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဗင်နီဇွဲလား စသော နိုင်ငံများအတွက် ရေနံနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝခြင်းကလည်း ကျိန်စာတစ်ခုကဲ့သို့ ဖြစ်လာစေခဲ့လေသည်။ ထို့အပြင် အိမ်နီးချင်းကောင်းများ မရှိခြင်းကလည်း အဓိက အခန်းကဏ္ဍအဖြစ် ပါဝင် အသုံးတော် ခံခဲ့သည်။ ပူတင်၏ ရုရှားနိုင်ငံသည် ဂျော်ဂျီယာ၊ ယူကရိန်း စသော နိုင်ငံများတွင် တက်ကြွစွာ ကိုယ်ကျိုးရှာ အမြတ်ထုတ်သည့် ပြည်ပနိုင်ငံဖြစ်ခဲ့ပြီး ဆော်ဒီအာရေဗျ သည်လည်း ဘာရိန်းနိုင်ငံမှ လူထုအုံကြွမှုကို ဖြိုခွဲရာတွင် ကူညီခဲ့ကာ အီဂျစ်မှ စစ်အာဏာ သိမ်းမှုကိုလည်း ထောက်ခံခဲ့သည်။ အီဂျစ်နှင့် လစ်ဗျားတွင်လည်း ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ စည်းလုံးညီညွတ်မှု မရှိဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲပြားကာ သဘောထား ကွဲလွဲနေခြင်း တို့ကြောင့် နိုင်ငံအတွင်းမှ အာဏာရှင်များကို ဖယ်ရှားပြီးသည့် တိုင်အောင် တည်တံ့ခိုင်မြဲသည့် အခြေအနေသို့ ရောက်ရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ယူကရိန်းတွင် လိမ္မော်ရောင် တော်လှန်ရေးနှင့် မော်ဒိုဗာတွင် တွစ်တာ တော်လှန်ရေးတို့အပြီး ပေါ်ပေါက်ခဲ့သော အကြောင်းချင်းရာများမှာ ဒီမိုကရက်တစ် အီလိထ်များ အနေဖြင့် တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ထိရောက်သော အုပ်ချုပ်မှုများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသည့် သက်သေ သာဓကများပင် ဖြစ်သည်။ ကာလရှည်ကြာ တည်ရှိခဲ့ပြီးသော နိုင်ငံရေးသိပ္ပံ နှိုင်းယှဉ် လေ့လာမှုများအရ ဆင်းရဲပြီး ဖွံ့ဖြိုးတိုးတက်မှု မရှိသော နိုင်ငံများ၊ သမိုင်းကြောင်းဆိုင်ရာ အတွေ့အကြုံနှင့် သက်ဆိုင်သည့် နိုင်ငံရေး ဗဟုဝါဒချို့ယွင်းသော နိုင်ငံများ၊ စေ့စပ်ဖြန်ဖြေမှုနှင့် စိတ်ရှည် သည်းခံမှုဆိုင်ရာ ယဉ်ကျေးမှု အခြေခံမရှိသော နိုင်ငံများတွင် ဒီမိုကရေစီ တည်တံ့ခိုင်မြဲရန် ပို၍ ခက်ခဲသည်ဟု ကောက်ချက် ချခဲ့ကြသည်။

အထက်ပါ မလိုလားအပ်သော အခြေအနေများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့လျှင် အလားအလာ အလွန်ကောင်းသော နိုင်ငံ့ပုံရိပ်ကို မရရှိနိုင်ပါ။ တပ်မတော်က NLD ကို အစိုးရ အာဏာ လွှဲပြောင်းရယူရန် ခွင့်ပြုထားသော်လည်း ၎င်းတို့၏ “စောင့်ကြပ် ကြည့်ရှုသူ” တာဝန်နှင့် ၎င်းတို့၏ အခန်းကဏ္ဍမှာ မြန်မာ့နိုင်ငံရေးလောကတွင် မရှိမဖြစ်ဟူသော အချက်တို့ကို ခေါင်းမာစွာဖြင့် ယုံကြည် လက်ခံထားဆဲ ဖြစ်သည်။ မြန်မာပြည်သည် ဒီမိုကရေစီနှင့် ပတ်သက်သော သမိုင်းဆိုင်ရာ အတွေ့အကြုံ အနည်းငယ်သာ ရှိပြီး အရိုးစွဲနေသည့် မယုံကြည်မှုများနှင့် စုပုံ များပြားနေသော နစ်နာမှုများ၊ ရှေးရိုးစွဲနှင့် ထက်အောက် ကြီးစဉ်ငယ်လိုက် အုပ်ချုပ်သည့် လူမှုယဉ်ကျေးမှု နှုန်းစံများရှိသော လူ့အဖွဲ့အစည်းအဖြစ် နက်ရှိုင်းစွာ ကွဲပြားခြားနား နေခဲ့သည်။ မဖွံ့ဖြိုး မတိုးတက်သော ဆင်းရဲသည့် နိုင်ငံဖြစ်၍ ကြီးပွား ချမ်းသာရေးထက် အသက်ရှင် ရပ်တည်ရေးအတွက် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ဆောင်ရသည့် ကျေးလက်နေ လူတန်းစားများ များပြားပြီး လူလတ်တန်းစား အနည်းငယ်နှင့် အလွန် အဆင့်နိမ့်ကျသော ပညာရေး အဆင့်ကလည်း ဒီမိုကရေစီ တည်တံ့ခိုင်မြဲရန် မဖြစ်နိုင်ဘဲ အလွယ်တကူ ပြိုလဲနိုင်သော အခြေခံ အုတ်မြစ်ကဲ့သို့ ဖြစ်နေခဲ့သည်။ အစိုးရအဖွဲ့ အနေဖြင့် အလျှံအပယ် ဖြစ်နေသော သဘာ၀ သယံဇာတများကို ထုတ်ယူရန်နှင့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးများ ပြုလုပ်ရန် ခွင့်ပြုထားသော်လည်း အရည်အချင်း ပြည့်ဝသော ပညာတတ် လုပ်သား အင်အားစုမှာလည်း အလွန် နည်းပါးလှပေသည်။ ဤသို့ဖြင့် အဂတိ လိုက်စားသော ဗျူရိုကရေစီများ၊ နိုင်ငံရေးမူဝါဒ ချမှတ်သူများနှင့် ငှားရမ်း လုပ်ကိုင်ခြင်းကိုသာ ဦးစားပေး၍ ကုတ်သွေးစုပ် အမြတ်ထုတ်လိုသည့် စီးပွားရေးသမားများ ပူးပေါင်းပြီး ၎င်းတို့အတွက် အခွင့်သာသော အခြေအနေများကိုသာ ဆက်လက် ဖန်တီးနေပေလိမ့်မည်။ ထို့အပြင် ဘင်္ဂါလီများ၏ ခြိမ်းခြောက်မှု၊ အရှေ့ဘက်နှင့် မြောက်ဘက်မှ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများမှာလည်း မြန်မာနိုင်ငံအတွက် မကောင်းသော အိမ်နီးချင်းများ ရှိနေသည့် သက်သေ သာဓကများပင် ဖြစ်သည်။ ထိုင်းနိုင်ငံမှ စစ်အုပ်ချုပ်ရေးစနစ်၊ ဗီယက်နမ်နှင့် လာအိုမှ တစ်ပါတီ ကွန်မြူနစ်စနစ်၊ ဟွန်ဆန် ကာလရှည်ကြာ အုပ်ချုပ်နေခဲ့သော ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူမှ ပေါင်းစပ်အုပ်ချုပ်ရေး စနစ်နှင့် ပြီးခဲ့သော ရွေးကောက်ပွဲတွင် မထင်မှတ်ဘဲ အနိုင်ရခဲ့သော ဖိလစ်ပိုင်နိုင်ငံ၏ ပဲ့ကိုင်ရှင်သစ် ဒူတာတေ စသည်တို့မှာလည်း အာဆီယံ ဒေသတွင်း ဒီမိုကရေစီ အောင်မြင်ဖြစ်ထွန်းမှု အနည်းငယ်သာ ရှိကြောင်း ပြသနေခဲ့သည်။ နောက်တစ်ချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ဂုဏ်သတင်း အလွန်ကျော်စောမှု၊ ယုံမှားသံသယ ဖြစ်ဖွယ် မရှိသော အာဏာပိုင်မှုနှင့် စည်းကမ်း ကျနသော ခေါင်းဆောင်မှု ပုံစံတို့ကြောင့် NLD ပါတီအတွင်း မညီညွတ်မှုများ ပေါ်ပေါက် မလာရန် ကာကွယ်ပေးထားသည့်အပြင် အခြားသော နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအတွင်းမှ ပုဂ္ဂိုလ်များကို အရေးမပါ ဟူသောသဘော သက်ရောက်စေခဲ့သည်။ သို့သော်လည်း NLD ပါတီ၏ စည်းမျဉ်း စည်းကမ်းပိုင်းတွင် အကွဲအအက်များ ပေါ်ပေါက်လာပါက ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ဂုဏ်သတင်း ကျော်စောမှုနှင့် အင်အားများ အားလျော့ ကျဆင်းလာမည် ဖြစ်ကြောင်း သိသာ မြင်သာပေသည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီသည် တစ်တိုင်းပြည်လုံး ပျံ့နှံ့နေသော အင်အားကောင်းသည့် ပါတီ ဖြစ်သော်လည်း မြန်မာပြည် နိုင်ငံရေးပါတီ လောကတွင် တည်တံ့ခိုင်မြဲမှု မရှိခြင်း၊ အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေခြင်း၊ စုစည်းညီညွတ်မှု မရှိခြင်းနှင့် အကြောင်းအရာ အမျိုးမျိုးအပေါ်တွင် သဘောထား ကွဲလွဲနေခြင်း စသော အချက်များရှိကြောင်း မှာလည်း ဖုံးကွယ်ထား၍ မရသော ကိစ္စရပ်များပင် ဖြစ်လေသည်။

■ စစ်တပ်က အခက်အခဲ အတားအဆီး တစ်ခုအဖြစ် ကျန်ရှိနေခြင်း

အသာစီးရယူ ပြဋ္ဌာန်းထားသော ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အခြေခံဥပဒေက စစ်တပ်ကို အကာအကွယ် ပေးနေပြီး စစ်တပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မည် ဟူသည့် အဆိုး သံသရာကြီးသည် နောင်လာမည့် မြန်မာပြည်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြီးမားသော အဟန့်အတား တစ်ခုပင် ဖြစ်သည်။ တပ်မတော်က တိုင်းပြည်သည် အကြီးအကျယ် အကဲဆတ်၍ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ အလွန်များပြားသည်ဟု ရှုမြင်ပြီး ၎င်းတို့၏ အခန်းကဏ္ဍကိုလည်း နိုင်ငံ၏ တစ်ခုတည်းသော အကာအကွယ်ပေးရာ မှီခိုအားထားရာ တစ်ခုအဖြစ် လက်ခံ ယုံကြည်ထားခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးမှုနှင့် အယူဝါဒ သွတ်သွင်းမှုများက စစ်တပ်ကို တိုင်းပြည်၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် မလွဲမရှောင်သာ ရောက်ရှိနေစေကြောင်းနှင့် မြန်မာ့ နိုင်ငံရေး နယ်ပယ်တွင် ဆက်လက် ပါဝင်လှုပ်ရှားနိုင်ခွင့် ရှိသည်ဟု ယုံကြည်ယူဆစေခဲ့သည်။ တပ်မတော်သည် အဆင့်ဆင့် အမိန့်ပေး ကွပ်ကဲမှုစနစ်ဖြင့် ကောင်းစွာ စုစည်းထားသော အသားကျထားပြီး အဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်သည်။ ထို့အပြင် တပ်မတော်သည် အခြေခံဥပဒေ၊ လက်နက်၊ အာဏာသိမ်းပိုင်ခွင့်၊ အခြေခံဥပဒေ နောက်ဆက်တွဲ ပြင်ဆင်မှုများကို တစ်ချက်လွှတ် အမိန့်အာဏာ သုံးခွင့်၊ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့ကို ထိန်းချုပ် ကွပ်ကဲခြင်း၊ ပြည်သူ့စစ် အဖွဲ့များ၊ လူဆိုးလူမိုက် အုပ်စုများ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများကို နောက်ကွယ်မှ ထိန်းချုပ်ခြင်းများ စသည့် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည့် သိသာ ထင်ရှားသော အစွမ်းသတ္တိများ လက်ဝယ် ပိုင်ဆိုင် ဆုပ်ကိုင်ထားနိုင်ပေသည်။ ထို့အပြင် စစ်တပ်ပိုင် သိသာထင်ရှားသည့် စီးပွားရေး ရင်းမြစ်များသာမက ၎င်းတို့ ကိုယ်ပိုင် များပြားသော ဆက်သွယ်ရေးဆိုင်ရာ လုပ်နိုင်စွမ်းလည်း ရှိပြီး စည်းကမ်း သေဝပ်သော သစ္စာရှိ လူသားအရင်းအမြစ်များနှင့် USDP ပါတီလည်း ရှိပေသည်။ အထက်ပါ စွမ်းအား သတ္တိများကြောင့်  လောကတွင် တပ်မတော်သည် လေးစားခံ့ညားဖွယ်ရာ အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နေနိုင်ခြင်းပင် ဖြစ်သည်။

ထို့အပြင် စစ်တပ်ပိုင် အကျိုးစီးပွားများနှင့်လည်း အဆက်အစပ် ရှိပြီး “စုစည်းထားသော အကျိုးစီးပွားရှိသည့် အဖွဲ့အစည်း”တစ်ရပ်အဖြစ် ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်၊ မခန့်မှန်းနိုင်သော အချိန်ကာလ တစ်ခုထိတိုင် ရောက်ရှိ သွားနိုင်သည့် ကြီးကြပ် ကွပ်ကဲနိုင်သော ကိုယ်ပိုင် အခွင့်အာဏာ၊ နိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍ စသည်တို့ကို ဆက်လက် ဆုပ်ကိုင်ထားလို ပေသည်။ ထို့အပြင် စစ်တပ်၏ ပြစ်ဒဏ်မှ ကင်းလွတ်ပိုင်ခွင့်ကို ကာကွယ်ရန်၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အကျိုးအမြတ်များကို ဆက်လက် ထိန်းသိမ်းထားရန်နှင့် တရားဥပဒေနှင့် အညီ တရားဝင် ဖြစ်မှုကိုလည်း ပို၍ လိုလားနေပေသည်။ တပ်မတော်ကိုလည်း ခေတ်မီ တပ်မတော် တစ်ရပ်အဖြစ် တည်ဆောက်၍ လက်နက်ကောင်းများ တပ်ဆင်ပေးကာ ပိုမို ကောင်းမွန်သော စစ်ရေး လေ့ကျင့်ခန်းများလည်း ရယူလိုနေပြီး ထိုကဲ့သို့သာ ပြုလုပ်နိုင်ခဲ့ပါက တိုင်းပြည်၏ ပိုင်နက် နယ်မြေ တစ်ခုလုံးကို အမြဲတစေ အပြည့်အ၀ ထိန်းချုပ်လာနိုင်ပေမည်။ ထိုရည်မှန်းချက်များတွင် လက်နက် လျှော့ပေါ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ လက်နက်ကိုင်တပ်များ ဖျက်သိမ်းရေးတို့ ပါဝင်ပြီး ဖြစ်နိုင်ပါက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်”ဟူသော ပျော့ပြောင်းသော အသုံးအနှုန်းမှ တစ်ဆင့် သွားလိုသော်လည်း ထိုကဲ့သို့ ဖြစ်မလာခဲ့ပါက ပြင်းထန် ကြမ်းတမ်းသော ဆောင်ရွက်ချက် ဖြစ်သည့် စစ်ရေးအရ တိုက်ခိုက် ချေမှုန်းခြင်းများလည်း ပေါ်ပေါက် လာနိုင်သည်။

အခြားသော နိုင်ငံများမှ အတွေ့အကြုံများအရ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရာ၌ အကြမ်းမဖက် လူစုလူဝေး အုံကြွမှု တစ်ခုတည်းဖြင့် အပြည့်အ၀ အောင်မြင်မှု မရခဲ့ကြောင်း ပြသနေခဲ့သည်။ ထို့အပြင် လက်နက်ကိုင် ပုန်ကန်ထကြွမှုကလည်း စစ်အုပ်ချုပ်ရေးစနစ် ပြိုလဲစေမည့် အောင်မြင်သော မဟာဗျုဟာ တစ်ခု မဟုတ်ပေ။ လက်နက်ကိုင် ပုန်ကန်မှုများသည် စစ်ဝါဒ လွှမ်းမိုးမှုကိုသာ တိုးပွားလာစေပြီး အမိန့်ပေး အာဏာပြစနစ်ကို တွန်းအားပေးကာ ထို အမိန့်ပေး အာဏာပြ စနစ်ကလည်း ဖိနှိပ်ချုပ်ခြယ်မှုများကိုသာ တိုးပွားလာ စေသည့်နောက် ရှည်ကြာသော လက်နက်ကိုင် ပုန်ကန်မှုများ ပေါက်ဖွားလာတော့သည်။ ထို သမိုင်းဖြစ်ရပ်ဆိုး၏ ကြောက်မက်ဖွယ် သံသရာထဲတွင် ကျရောက်နေသည့် တိုင်းပြည်များမှ ပြည်သူလူထု များမှာ ဆယ်စုနှစ်ပေါင်း များစွာတိုင်အောင် ထိုဒုက္ခများကို ခံစားကြရတော့သည်။

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည့် ချီလီ၊ ဘရာဇီး၊ ထိုင်ဝမ်၊ တောင်ကိုရီးယား စသော နိုင်ငံများမှ အတွေ့အကြုံများအရ ရွေးကောက် တင်မြှောက် ခံထားရသော လွှတ်တော်များ၊ လုပ်ပိုင်ခွင့်အာဏာ အခိုင်အမာရရှိထားသည့် ထိရောက်စွာ အုပ်ချုပ်စီမံ ခန့်ခွဲနိုင်သော အစိုးရအဖွဲ့များဖြင့် စစ်တပ်ကို နိုင်ငံရေးလောကမှ အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော်လည်း စစ်တပ်ကို နိုင်ငံရေးလာကမှ ဖယ်ထုတ်နိုင်ရန်မှာ အချိန်အားဖြင့် ၁၅ နှစ်မှ နှစ် ၂၀ ခန့်အထိ အချိန်ယူရပြီး ထိုကဲ့သို့ စစ်တပ် အုပ်ချုပ်မှုအောက်မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သော အတွေ့အကြုံ သင်ခန်းစာများကို ဇိုလ်တန်ဘရန်နီ၏ ဆောင်းပါးတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။

■ အမှတ် သင်္ကေတ လက္ခဏာများ နက်ရှိုင်းစွာ ကွဲပြားနေခြင်းကလည်း အဓိက အတားအဆီး ဖြစ်နေခြင်း

တစ်ခုတည်းသော အကြီးမားဆုံး စိန်ခေါ်မှုမှာ ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံတော်အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မဖြစ်မနေ ဆောင်ရွက်ရန်ပင် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ရေးတွင် ပထမဆုံး အဆင့်အဖြစ် “နိုင်ငံတော်”တစ်ခု ရှိနေရန် လိုအပ်ကြောင်းမှာ အထူးတလည် ဆွေးနွေးရန် မလိုသော ကိစ္စဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းပြည် အစွန်အဖျား ဒေသများတွင် များပြားလှသော တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ကြပြီး အလွန်အမင်း ဖိနှိပ်ခံထားရသည့် failed state တစ်ခု၏ သွင်ပြင် လက္ခဏာများနှင့်အတူ တိုက်ခိုက် သတ်ဖြတ်မှုများ ရှိရာ ဗဟိုဋ္ဌာန တစ်ခုအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပြီး ဖြစ်သည်။ “မြန်မာနိုင်ငံတော်” ကြီးသည် လွတ်လပ်ရေး ရပြီးကတည်းက တည်တံ့ ခိုင်မြဲမှု မရှိခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ နောင်လာမည့် အောင်မြင်သော အသွင်ကူးပြောင်းမှုများအတွက် အကြီးမားဆုံး အန္တရာယ်မှာ ဗမာတိုင်းရင်းသား လူများစုနှင့် မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသား အုပ်စုများအကြား နိုင်ငံတော်၏ စရိုက်လက္ခဏာ သတ်မှတ်ရန်အတွက် အခြေခံကျသည့် ဘုံသဘောတူညီချက် ကင်းမဲ့နေခြင်းပင် ဖြစ်သည်။

နက်ရှိုင်းစွာ သဘောထား ကွဲလွဲနေသော အဖွဲ့အစည်းများအကြား ဒီမိုကရေစီ အသွင်ကူးပြောင်းရန် ခက်ခဲသည် ဟူသော စိတ်မချမ်းမြေ့ဖွယ်ရာ အချက်ကို ကျွန်တော်တို့ ကောင်းစွာ သိရှိထားပြီး ဖြစ်ပါသည်။ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက် မရရှိပါဘဲလျက် အဓိကကျသော ပါဝင်သင့် ပါဝင်ထိုက်သူများ၊ ထင်ရှားသော တိုင်းရင်းသား မျိုးနွယ်စုနှင့် ဘာသာရေး အုပ်စုများ အားလုံး ပါဝင်သော နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရာ၌ အောင်မြင်မှု မရနိုင်ပါ။ ထို့အတူ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာလည်း မအောင်မြင်နိုင်ဘဲ ငြိမ်းချမ်းရေး ရရှိရန်လည်း မဖြစ်နိုင်သည့်ပြင် မြန်မာ့ နိုင်ငံရေးလောကမှ စစ်တပ် ထွက်ခွာပြီး စစ်မှန်သော အရပ်သား အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရန်လည်း မဖြစ်နိုင်ပါ။

ရွေးကောက်ပွဲများ ပြီးဆုံးသွားချိန်၌ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာလွှဲပြောင်းမှု ချောမွေ့ စေရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပိတ်ပင် တားဆီးမှုကြောင့် ၎င်းအနေဖြင့် သမ္မတတာဝန် မထမ်းဆောင်နိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းရန် အဓိက ဦးစားပေး ဆောင်ရွက်ခဲ့ပြီး အစိုးရအဖွဲ့အပေါ် ပုဂ္ဂိုလ်ရေးအရ ထိန်းချုပ်မှု ခိုင်မာစေရန် လုပ်ဆောင်ခဲ့သည်။ ထိုကိစ္စရပ်များ ပြီးမြောက် အောင်မြင်ခဲ့သည့်နောက် နောက်ထပ် ဦးစားပေး အကြောင်းအရာ တစ်ခုဖြစ်သည့် ၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဆက်စပ် လုပ်ဆောင်ခဲ့ပြီး လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားပါတီများ တောင်းဆိုခဲ့ကြသည့် ပင်လုံ စည်းမျဉ်း စည်းကမ်းများအပေါ် အခြေခံသော ဖက်ဒရယ် ဖွဲ့စည်းပုံကို လိုလားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါတလဲလဲ ဝန်ခံပြောဆိုခဲ့သည်။ ထိုအချက်မှာ အလားအလား ကောင်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ငြိမ်းချမ်းရေး သံတမန်များအနေဖြင့် ဦးသိန်းစိန်နှင့် ၎င်း၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ဆောင်ရွက်ခဲ့သည်ထက် ပို၍ မသေချာ မရေရာသော အခြေအနေမျိုးသို့လည်း ဆိုက်ရောက် သွားနိုင်သည်။ ထို့အပြင် ပြန်လည် အသက်ဝင်လာသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်မှာ အဓိက ခလုတ်တံသင်း ၄ မျိုးဖြင့် ရင်ဆိုင်ရဖွယ် ရှိသည်။

ပထမ အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ အနေဖြင့် စစ်တပ်နှင့် ၎င်း၏ ကိုယ်စားလှယ် ပြည်သူ့စစ်အဖွဲ့များအပေါ် အာဏာပိုင်စိုးမှု မရှိခြင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သည် လုံး၀ ဆန့်ကျင်ဖက် အနေအထားတွင် ရပ်တည်နေသော ဘက် ၂ ဘက်အကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် စေ့စပ်ဖြန်ဖြေရေးအတွက် ကြားပွဲစားအဖြစ် ဆောင်ရွက်ရန် လိုအပ်နေခြင်း ဖြစ်သည်။ တပ်မတော်အနေဖြင့် ဗဟိုမှ လွန်စွာ ချုပ်ကိုင်သည့် တစ်စု တစ်စည်းတည်းသော အမျိုးသားနိုင်ငံတော်ကို ကာကွယ်ရန် ဟူသည့် အချက်နှင့် “ပြည်ထောင်စု စိတ်ဓာတ်” မြှင့်တင်ရန်သည်သာ တစ်ခုတည်းသော လက်ခံနိုင်ဖွယ် အဖြေဖြစ်သည် ဟူသော အချက်တို့ကို ဆယ်စုနှစ်ပေါင်းများစွာ တရားသေ ဆုပ်ကိုင်၍ ပဓာနပြု ပြောဆိုလာခဲ့ကြသည်။ အခြား တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တိုင်းရင်းသားများကို ဗဟိုပြုသော ဖက်ဒရယ်စနစ် (၎င်းတို့၏ အဖွဲ့များကို မတူကွဲပြားသော တိုင်းရင်းသားမျိုးနွယ်စုများ၏ လွတ်လပ်သော အမျိုးသား နိုင်ငံတော်အဖြစ် စုစည်း၍ ဗဟိုချုပ်ကိုင်မှု မရှိသလောက် ဖြစ်သော သမဂ္ဂနိုင်ငံတော်) ကိုရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ပွဲဝင်လာခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ယခုကဲ့သို့ အလွန် ကွဲပြားခြားနား နေသည့် ဆန့်ကျင်ဘက် ရပ်တည်မှုများအကြား စေ့စပ် ဖျန်ဖြေမှုများ ပြုလုပ်ရန် ခက်ခဲလှပေသည်။ တစ်ချိန်တည်းမှာပင် စစ်တပ်ကို တစ်စုံတစ်ရာ ထိန်းချုပ်ကွပ်ကဲမှု မပြုနိုင်သေးသည့်အပြင် တိုင်းရင်းသား နိုင်ငံရေးအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်တန်း ပုဂ္ဂိုလ်များကလည်း ယုံကြည်မှု အနည်းငယ်သာ ရှိနေသေးသည့် မသင့်မြတ် မညီညွတ်နိုင်သေးသော ဘက် ၂ ဘက်ကြားရှိ မည်သည့် အစိုးရအဖွဲ့မျိုးအတွက်မဆို ၎င်းတို့ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အချိန်မရွေး ပျက်ယွင်း သွားနိုင်ပေသည်။

တတိယ အချက်မှာ ဖက်ဒရယ်ဝါဒကို ငြင်းပယ်ပြီး လွတ်လပ်သော အမျိုးသားနိုင်ငံတော် (ဗမာလူမျိုးအဖြစ် သွတ်သွင်းခြင်း) အဖြစ် အတင်းအကျပ် တည်ဆောက်ခဲ့ခြင်းကြောင့် ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို အဓိကအားဖြင့် မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။ ထို့အပြင် နယ်မြေ အတိအကျ ပိုင်းခြား သတ်မှတ် ပေးထားသည့် တိုင်းရင်းသား လူများစုများနှင့် ဒေသ တစ်ခုတည်းတွင် အစဉ်အဆက် အတူတကွ နေထိုင်ခဲ့ရသည့် အခြားတိုင်းရင်းသား မျိုးနွယ်စုငယ်များအကြား အကြိမ်ကြိမ် အခါခါ သဘောထား ကွဲလွဲမှုများကလည်း ပြည်တွင်း စစ်သက်တမ်းကို ပိုမို ရှည်လျားစေခဲ့သည်။ မည်သည့်ဘက်ကပင် ဖြစ်စေ စေ့စပ် ဆွေးနွေးမှုများကို သဘောထား အလယ်အလတ် ရှိသူများက ဦးဆောင်မှု မပြုပါက တစ်ခုနှင့် တစ်ခု ဆက်စပ်နေသည့် “အစဉ်အဆက် ပိုင်ဆိုင်ခဲ့သော ဘိုးဘွားပိုင်မြေ” ရပိုင်ခွင့် တောင်းဆိုမှုများကြောင့် ပြန်လည် သင့်မြတ် သဟဇာတဖြစ်ရန် ခက်ခဲလှပြီး နှောင့်ယှက် ဖျက်ဆီးလိုသူ တစ်ဦးတစ်ယောက် သို့မဟုတ် တချို့ကြောင့်လည်း အခြေအနေများ ပိုမိုတင်းမာ ခက်ခဲလာနိုင်ပေသည်။

စတုတ္ထ အချက်မှာ အလွန် လေးနက် နက်ရှိုင်းသော အရေးအပါဆုံး မေးခွန်းဖြစ်ပြီး မြန်မာပြည်သည် ဗုဒ္ဓဘာသာ ဗမာလူများစုကြီး၏ လွတ်လပ်သော အမျိုးသားနိုင်ငံ ဖြစ်ပါသလား။ ထိုသို့ ဆိုလျှင် ဒီမိုကရေစီ စနစ်အရ တိုင်းရင်းသား လူနည်းစုများကို လေးစားမှု၊ သည်းခံ လိုက်လျောမှုတို့ ထားရှိနိုင်ပါ မည်လား။ သို့မဟုတ်ပါကလည်း မြန်မာပြည်သည် မူလ ကတည်းက အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခဲ့သော ကွဲပြားခြားနားသည့် တိုင်းရင်းသား မျိုးနွယ်စုများ “အတူတကွ” ဖန်တီး တည်ထောင်ထားရာ အများဆိုင် နိုင်ငံတော်ဖြစ်ပြီး တိုင်းရင်းသားတို့၏ မူလ အချုပ်အခြာ အာဏာ ပိုင်မှု အနည်းငယ်သာ ဆုံးရှုံးရမည့် နိုင်ငံတစ်ခု ဖြစ်လာမည်လား ဟူသည့် မေးခွန်းများကို အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါသည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အထက်ပါ မေးခွန်းများနှင့် ပတ်သက်၍ အလွန် ကွဲပြားခြားနားသည့် အမြင်များ ရှိကြပြီး ထိုကဲ့သို့ အမြင်မျိုး ရှိသူများမှာ ၎င်းတို့တင် မဟုတ်ပါ။ ဗမာတိုင်းရင်းသား လူများစုနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်သည့် နိုင်ငံရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများကို သင်တန်းပေးပြီးနောက် အထက်ပါ မေးခွန်းများကို သင်တန်းသား အများစုနှင့် ကျွန်တော် ဆွေးနွေးခဲ့ဖူးသည်။ ဗမာလူမျိုး အများစု လွှမ်းမိုးသော နိုင်ငံရေးနှင့် လူမှုရေး တက်ကြွ လှုပ်ရှားသူများနှင့် တိုင်းရင်းသား ဗဟိုပြု ဖက်ဒရယ်ဝါဒီများ လွှမ်းမိုးသော တက်ကြွ လှုပ်ရှားသူများက ထိုမေးခွန်းများကို အလွန် လေးနက် နက်ရှိုင်းစွာ တုံ့ပြန်ကြလိမ့်မည်ဟု ကျွန်တော် ပြောရဲပါသည်။

နောက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထက်ပါ မေးခွန်းများကို ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါသည်။ သို့ရာတွင် ညှိနှိုင်း ဆွေးနွေးမှုများ ဖြစ်ပေါ် လာနိုင်သော်လည်း အလုံးစုံ အောင်မြင်မှု ရရှိရန် မလွယ်ကူလှပါ။ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အဖွဲ့အစည်း အားလုံးတွင် လွှမ်းမိုး တိုက်တွန်း ဆော်သြနိုင်စွမ်း ရှိသော သဘောထား အလယ်အလတ် ရှိသူများ လိုအပ်ပါသည်။ အဆိုပါ သဘောထား အလယ်အလတ် ရှိသူများ အနေဖြင့်လည်း ညှိနှိုင်း ဆွေးနွေးမှု အစီအစဉ်များ၏ နောက်ဆုံး အဆင့်တွင် ၎င်းတို့ ဖြစ်စေချင်သည့်အတိုင်း ဖြစ်လာချင်မှ ဖြစ်လာမည်ကို နားလည် လက်ခံရပေမည်။ အဖွဲ့အစည်းအားလုံး အနေဖြင့် အလျှော့ပေး လိုက်လျောမှုများ လိုအပ်ပြီး သဘောထား အလယ်အလတ်ရှိသူများ အနေဖြင့် ၎င်းတို့၏ ပင်ကိုယ် မူလအဖွဲ့အစည်းများကို ဖျောင်းဖျ သိမ်းသွင်းရန်၊ နှောင့်ယှက် ဖျက်ဆီးလိုသူများအား ဟန့်တားရန်နှင့် မိမိတို့၏ မူလအရင်းခံ ဇစ်မြစ်များက အရေးမပါဟု သဘောထားရန်လည်း လိုအပ်ပါသည်။ တပ်မတော်အနေဖြင့် ၎င်းတို့ အခြေခံအကျဆုံး ကိုင်စွဲထားသည့် “ပြည်ထောင်စု စိတ်ဓာတ်”ဟူသော တရားသေဝါဒကို စွန့်လွှတ်ရန် လိုအပ်ပြီး တိုင်းရင်းသား လူမျိုးစုများကလည်း တိုင်းရင်းသား ဗဟိုပြု ဖက်ဒရယ်ဝါဒသည်သာ တစ်ခုတည်းသော လက်ခံနိုင်ဖွယ် အဖြေဖြစ်သည်ဟူသည့် တောင်းဆိုမှုကို စွန့်လွှတ်ရန် လိုအပ်ပါသည်။ ဗဟိုချုပ်ကိုင်မှုကို အလွန်လျှော့ချထားပြီး အချိုးအစား မညီမျှသော ဖက်ဒရယ် ဝါဒသည်သာ မြန်မာပြည်အတွက် အလားအလာရှိသည့် တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်သော်လည်း မည်သူမှ ပူးပေါင်း ပါဝင်ခြင်း မရှိသော တိုင်းရင်းသား ဗဟိုပြု သဘောတရားကိုသာ အတင်းအကျပ် အခြေခံထားခြင်းမျိုးကလည်း အလုပ် မဖြစ်နိုင်ပါ။ ကွန်မြူနစ် တစ်ပါတီ အာဏာရှင်စနစ် အဆုံးသတ် သွားပြီးနောက် ယူဂိုဆလားဗီးယားမှ ဖြစ်ရပ်များ၊ ဒေတန် သဘောတူညီချက် အပြီး ဘော့စနီးယား-ဟာဇီဂိုးဗီးနားမှ လက်ရှိ ဖြစ်ရပ်များကို သတိပြု လေ့လာခြင်းဖြင့် တိုင်းရင်းသား ဗဟိုပြု ဖက်ဒရယ် စနစ်များ၏ အလုပ်မဖြစ်သော ပြောင်းလဲခြင်းများကို ပိုမိုနားလည် သဘောပေါက်လာမည်ဟု ဒီမိုကရေစီ လိုလားသူများနှင့် တိုင်းရင်းသား အခြေပြု ဖက်ဒရယ်ဝါဒီများ အပါအဝင် မြန်မာပြည်မှ နိုင်ငံရေးသမားများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများကို ကျွန်တော် ကြိမ်ဖန်များစွာ သတိပေးခဲ့ဖူးပါသည်။

■ သိသာမြင်သာမှု နည်းပါးသော်လည်း စစ်မှန်သော ခြိမ်းခြောက်မှု

အခြားနိုင်ငံများမှ အသွင်ကူးပြောင်းမှု အတွေ့အကြုံများအရ လွတ်လပ်သော ရွေးကောက်ပွဲများ ပထမဆုံးအကြိမ် ကျင်းပပြီး ဒီမိုကရက်တစ် စီမံခန့်ခွဲမှုများ ခိုင်မာစေရန် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရပြီး ကျင့်သုံးကာစ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ အစောပိုင်း အချိန်ကာလ ၂ နှစ် – ၃နှစ်က အလွန် အရေးပါသည်ဟု သိရှိခဲ့ရသည်။ ထို အချိန်ကာလအတွင်း တရားဥပဒေ စိုးမိုးမှု အားကောင်းစေရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ခက်မ သုံးဖြာတို့အကြား ရှင်းလင်းစွာ အာဏာခွဲဝေရေး၊ ထိရောက်သော အပြန်အလှန် ထိန်းကျောင်းမှု လုပ်ထုံးလုပ်နည်းများ၊ အင်အားကောင်းသော အင်စတီကျုးရှင်းများ၏ တပြေးညီ တာဝန်ယူမှု တာဝန်ခံမှုများ အားလုံး ပါဝင်ပြီး အောက်ခြေအဆင့်မှ စ၍ အချက်အလက် ပြည့်စုံသော ပြုပြင်ပြောင်းလဲမှုများ ရှိသည့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို မိတ်ဆက်ပေးကာ ဖြစ်မြောက် ပြည့်စုံစေရန် အကောင်အထည် ဖော်ရပေမည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမှ ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရအဖွဲ့ ရှိလင့်ကစား ထိုတိုင်းပြည်သည် အများပြည်သူ အကျိုးစီးပွားအတွက် ကောင်းမွန်သော၊ ထိရောက်သော၊ စွမ်းဆောင်ရည် ရှိသော စီမံခန့်ခွဲမှုရှိမည်ဟု အာမ မခံနိုင်သေးပါ။ ဒီမိုကရေစီ လိုလားသည့် တက်ကြွလှုပ်ရှားသူများဟု တစ်သက်တာပတ်လုံး ခံယူထားသူများ၊ အတိုက်အခံများနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ၊ လွတ်မြောက်ရေး တိုက်ပွဲဝင်သည့် တိုက်ခိုက်ရေးသမားများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့် အခြေခံလူတန်းစား အလုပ်သမားများ လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းတွင် ရှိနေသော်ငြားလည်း ထိုသူများအနေဖြင့် အဂတိလိုက်စားမှု၊ စိတ်ကြီးဝင်မှု၊ အလွဲသုံးစားမှုတို့မှ ကင်းလွတ်မည် ဟုလည်း အာမ မခံနိုင်ပြန်ပါ။ တိုင်းပြည်တစ်ခုသည် လွတ်လပ်သော ရွေးကောက်ပွဲများ အချိန်မှန် ကျင်းပပြုလုပ်ပြီး အခြေခံကျသော နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးတို့ကို လေးစားခံရသည် ဆိုသော်လည်း ထိုတိုင်းပြည်တွင် အဂတိလိုက်စားပြီး အရည်အချင်း မပြည့်ဝသော အစိုးရတစ်ရပ် ရှိနေပါက နိုင်ငံသားများ မျှော်လင့် တောင့်တ လိုလားနေသည်များကို လုပ်ဆောင် မပေးနိုင်ပါ။ ထိရောက်သော စီမံခန့်ခွဲ အုပ်ချုပ်မှုဟူသည် အများပြည်သူတို့၏ အကျိုးစီးပွားအတွက်သာ ဖြစ်ရမည်ဖြစ်ပြီး ရုံးထိုင်နေရသည့် အာဏာပိုင်များနှင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး မဟာမိတ်များ၏ အကျိုးစီးပွားအတွက် မဖြစ်ရပါ။ စကော့မိန်းဝါရင်းနှင့် တင်မိုသီ စကူလီတို့ လေ့လာသုံးသပ် တင်ပြထားသည့် ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြရလျှင် “စီမံခန့်ခွဲ အုပ်ချုပ်မှုအတွက် သင်ခန်းစာ ၈ ခု”ဟူ၍ တောင်အမေရိကတိုက်မှ ဒီမိုကရေစီ ရရှိပြီး နှစ် ၂၀ အချိန်ကာလကို “လက်တင် အမေရိကနိုင်ငံများနှင့် အခြားသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခဲ့သည့် နိုင်ငံအများစုတွင် နိုင်ငံသားများ၏ အခွင့်အရေးများကို အပြည့်အ၀ ကာကွယ်မပေးနိုင်မှုနှင့် အစိုးရ၏ တာဝန်ယူ တာဝန်ခံမှုများ အားနည်းမှုတို့ကြောင့် ဒီမိုကရေစီ အရည်အသွေး နိမ့်ကျ ညံ့ဖျင်းနေဆဲပင် ဖြစ်သည်။ နိုင်ငံအများစုတွင် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲများမှ တစ်ဆင့် လွှတ်တော်များ၊ အစိုးရ အဖွဲ့များကို ရွေးချယ် တင်မြှောက်ခဲ့ကြသော်လည်း ခိုင်မာသည့် တရားဥပဒေစိုးမိုးမှု၊ အခွင့်အရေးများကို ကာကွယ်ပေးမှု၊ အစိုးရ အာဏာပိုင်များက တာဝန်ယူ တာဝန်ခံမှုရှိသော ထိရောက်သည့် လုပ်ထုံးလုပ်နည်းများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မား၍ ဆင်းရဲမွဲတေမှု လျှော့ချနိုင်မှုတို့ကို နိုင်ငံအနည်းငယ်တွင်သာ တွေ့ရပေသည်” ဟု ရေးသား ဖော်ပြထားခဲ့သည်။

အခြားသူများ၏ အခွင့်အရေးကို ကိုယ်စား စီမံခန့်ခွဲ လုပ်ဆောင်ပေးသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်း စုံစမ်း လေ့လာ ဖော်ထုတ်သော မီဒီယာများမှာ အဂတိလိုက်စားမှုနှင့် အာဏာ အလွဲသုံးစားပြုမှုတို့ကို ဖော်ထုတ်ရာတွင် အရေးပါသော်လည်း ထိုမျှနှင့်တော့ ကောင်းမွန်ပြီး တာဝန်ယူ တာဝန်ခံမှု ရှိသော အုပ်ချုပ်စီမံခန့်ခွဲမှု ရရှိရန် မလုံလောက်ပါ။ ထို အရပ်ဘက် အဖွဲ့အစည်းများနှင့် အမှီအခိုကင်းစွာ သီးသန့် ရပ်တည်သော သတင်းမီဒီယာများက (အစိုးရအဖွဲ့၏) လွဲချော်မှုများကို ဖော်ထုတ် ခဲ့သော်လည်း “ဘာမှ ဖြစ်မလာသည့်နောက်” မကြာခင်ပင် နိုင်ငံသားများအနေဖြင့် မချင့်မရဲ ဖြစ်မှုနှင့် အာဏာမဲ့မှုတို့ကို စတင် ခံစားလာကြရတော့သည်။ ပြည်သူများ အနေဖြင့် အစိုးရသစ် တစ်ရပ် ရရှိရန် တစ်ပါတီမှ တစ်ပါတီသို့ ပြောင်းလဲ မဲပေးနိုင်သော်လည်း ပုံမှန်ကဲ့သို့ ဖြစ်နေသည့် အဂတိလိုက်စားမှု ပုံစံများသာ ထပ်ခါထပ်ခါ ပေါ်ပေါက်နေပါက မဲဆန္ဒရှင် ပြည်သူများက ပါတီတစ်ခုခုအပေါ် သံသယ ဝင်ခြင်းထက် ဒီမိုကရေစီစနစ် တစ်ခုလုံးကို အယုံအကြည် ကင်းမဲ့သွားနိုင်ပေသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ကာလရှည်ကြာ လေ့လာခဲ့သူ တစ်ဦးဖြစ်သည့် ဂူလီယာမို အိုဒွန်နယ်က “အထက်အောက် တာဝန်ယူ တာဝန်ခံမှု” (လွတ်လပ် မျှတသော ရွေးကောက်ပွဲများနှင့် နိုင်ငံသားများ၏ အာဏာဖြစ်သည့် အစိုးရအဖွဲ့ ဖွဲ့ရန်အတွက် မဲပေးခြင်း) မျှနှင့် ဒီမိုကရေစီ တည်တံ့ခိုင်မြဲစေရန် လုံလောက်မှု မရှိဘဲ “တပြေးညီ တာဝန်ယူ တာဝန်ခံမှု” နောက်ထပ် လိုအပ်သည်ဟု အကျိုးအကြောင်း ထောက်ပြဝေဖန် ဆွေးနွေးခဲ့သည်။ ထို့အပြင် အိုဒွန်နယ်က “ထိုကဲ့သို့ တာဝန်ယူ တာဝန်ခံမှုသည် တရားဝင် အာဏာ အပ်နှင်းထားသည့် အစိုးရအဖွဲ့၏ လက်အောက်ခံ အဖွဲ့အစည်းများ ရှိနေမှုအပေါ် တည်မှီနေပေသည်။ ထိုအဖွဲ့အစည်းများ အနေဖြင့် ဖြစ်ရပ်မှန်အတိုင်း စိတ်အား ထက်သန်စွာ ဆောင်ရွက်ကာ ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များမှစ၍ တရားဥပဒေနှင့် မညီသော ဆောင်ရွက်ချက်များ ဖြစ်ကောင်း ဖြစ်နိုင်သည့် စွဲချက်တင်မှုများ၊ အစိုးရအဖွဲ့ လက်အောက်ခံ အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များ၏ ထိန်ချန်ထားမှုများအထိ ပုံမှန် လုပ်ရိုးလုပ်စဉ် ကြီးကြပ် ဆောင်ရွက်မှုများ ပြုလုပ်ရပေမည်”ဟု ရေးသားခဲ့သည်။ ၁၀ အိုဒွန်နယ် ထောက်ပြ ဝေဖန် သုံးသပ်ပြခဲ့သည့် အဖွဲ့အစည်းများကို သာဓကအနေဖြင့် ဖော်ပြရလျှင် အမှီအခို ကင်းသော ဗဟိုဘဏ်၊ လွတ်လပ်သော တရားစီရင်ရေး စနစ်၊ စာရင်းစစ်ချုပ်ရုံး၊ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး အေဂျင်စီ၊ ပရော်ဖက်ရှင်နယ် အလွန်ပီသပြီး ရံပုံငွေ လုံလောက်၍ နိုင်ငံရေး အဖွဲ့အစည်းများ၏ ကြားဝင်စွက်ဖက်မှုမှ သီးခြား ကာကွယ်ထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့၊ စစ်မှန်ပြီး လွတ်လပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ လူ့အခွင့်အရေး ကော်မရှင်၊ သတင်းမီဒီယာများ မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲ ဆုံးဖြတ်နိုင်သည့် လွတ်လပ်သော သတင်းမီဒီယာ ကောင်စီ စသည်တို့ ပါဝင်သည်။ သို့သော်လည်း ထိုအဖွဲ့အစည်းများ ရှိရုံမျှနှင့်လည်း ပြည့်စုံ လုံလောက်ပြီဟု မဆိုနိုင်သေးပေ။ ပြီးပြည့်စုံမှု မရှိသော ပြုပြင် ပြောင်းလဲမှုများသည်လည်း ထိန်းချုပ်ထားပြီး အဂတိလိုက်စားမှု နက်ရှိုင်းစွာ အမြစ်တွယ်နေသော စနစ်တွင် အလုပ်မဖြစ်ဘဲ အဂတိလိုက်စားမှုနှင့် ပတ်သက်သော ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အလီနာ မန်ဂူအီ ပီပစ်ဒီ က “သီးခြား သဘောလက္ခဏာ ဆောင်သော ယဉ်ကျေးမှု”ဟု ခေါ်ဆိုခဲ့သည်။ ၁၁ ထိရောက်စွာ စွမ်းဆောင်နိုင်သော တပြေးညီ တာဝန်ယူ တာဝန်ခံမှုသည် သီးခြား ဖြစ်နေသော အဖွဲ့အစည်းများမှ ပေါ်ထွက်လာခြင်း မဟုတ်သော်လည်း ထိုအဖွဲ့အစည်းများ၏ ချိတ်ဆက် ဆက်သွယ်မှုဖြင့် တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းရန် အာမခံ တာဝန်ယူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အစိုးရ အဖွဲ့အစည်းများမှ တာဝန်ယူ တာဝန်ခံမှုများ၏ အဆုံးစွန် ထိရောက်မှုမှာ သမာသမတ်ကျပြီး အဂတိလိုက်စားမှု မရှိသော တရားရုံးများ၏ အဆုံးအဖြတ်တွင် တည်မှီနေခြင်း ဖြစ်သည်။ ၁၂ ဖိနှိပ်ချုပ်ခြယ်မှု၊ တာဝန်ယူ တာဝန်ခံမှု မရှိဘဲ ကုတ်သွေးစုပ် အမြတ်ထုတ်သည့် အုပ်ချုပ်ရေး စနစ်အောက်တွင် နှစ်ပေါင်းများစွာ နေထိုင် လာခဲ့ရသော မြန်မာပြည်ကဲ့သို့ တိုင်းပြည်များအတွက် ဒီမိုကရေစီစနစ် စတင်ပြီးနောက် လိုအပ်သည့် အရေးပါသော ပြုပြင်ပြောင်းလဲမှုများ၊ အဖွဲ့အစည်း သစ်များ၏ စာရင်းကို ပြုစုရန် မခက်ခဲလှပါ။ ထို စာရင်းများအနက်မှ အချို့ကို ရည်ညွှန်းဖော်ပြရလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း၊ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် ဆန့်ကျင်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း၊ အထွေထွေ အုပ်ချုပ် စီမံခန့်ခွဲရေးဋ္ဌာနကို အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲခြင်း၊ နက်နဲ သိမ်မွေ့သော တရားစီရင်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်းနှင့် တရားစွဲဆို စွဲချက်တင်မှုများကို အောက်ခြေသိမ်း ပြုပြင် ပြောင်းလဲခြင်း၊ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အဖွဲ့အစည်းများ ပြုပြင် ပြောင်းလဲခြင်း၊  ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပြည်ထောင်စု အစိုးရ ချုပ်ကိုင်မှု လျှော့ချရေးဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော အဖွဲ့အစည်းများကို ထိရောက်စွာ ပြုပြင် ပြောင်းလဲခြင်း၊ သတင်းအချက်အလက် လွတ်လပ်ခွင့် အက်ဥပဒေ စတင်ခြင်း၊ နိုင်ငံရေး ပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ်မှုများအပေါ် စည်းမျဉ်းစည်းကမ်းများဖြင့် သေချာ ထိန်းချုပ်ပြီး ပွင့်လင်းမြင်သာသော ငွေကြေးသုံးစွဲမှုများ ပြုလုပ်စေခြင်း၊ သတင်းမီဒီယာ လိုင်စင်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စသည်တို့ ဖြစ်ကြသည်။

NLD အစိုးရ အနေဖြင့် စစ်တပ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ တားမြစ် ကန့်သတ်ချက်များအရ အထက်ပါ အချက်များထဲမှ ပြုပြင်ပြောင်းလဲမှု တချို့ကို စတင် မလုပ်ဆောင်နိုင်သေးပါ။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရတို့က ဦးစားပေး ကိစ္စရပ်ဟု ထင်မြင် ယူဆထားခြင်း မရှိသဖြင့် အချို့သော ပြုပြင်ပြောင်းလဲမှုများလည်း ဖြစ်ပေါ်မလာနိုင်ပါ။ ၎င်းတို့အနေဖြင့် အချို့သော ပြုပြင် ပြောင်းလဲမှုများကို အရေးပါသည်ဟု ယူဆခဲ့လျှင်သော်မှ စစ်တပ်၏ ရရှိထားပြီးသား အကျိုးစီးပွားကို ဆန့်ကျင်ကာ NLD အစိုးရ ၅ နှစ်တာ အာဏာကိုင်စွဲ ထားနိုင်သည့် အခြေအနေကို ဆန့်ကျင်ဖက်ပြု၍ ဆုံးဖြတ်နိုင်မည်လောဟု မေးခွန်းထုတ်ဖွယ် ဖြစ်သည်။ တာဝန်ယူ တာဝန်ခံနိုင်သည့် အစိုးရအဖွဲ့မှ အင်အားကောင်းသော အဖွဲ့အစည်းများအဖြစ် စတင် ဆောင်ရွက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့အပေါ် သစ္စာ စောင့်သိသူများကို အစိုးရအဖွဲ့ အာဏာ တစ်စိတ် တစ်ဒေသ လွှဲအပ်ပေးပြီး အရေးပါသည့် အစိုးရ အဖွဲ့အစည်းများတွင် ခန့်အပ်ရမည် ဟူသည့် အဓိပ္ပာယ် သက်ရောက်သွားပေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အတွင်းစည်းမှ ထိပ်တန်း ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့၏ ဆန့်ကျင်ဖက် အတိုက်အခံများကို ယခုအချိန်အထိ ထိုသို့ ပြုမူ ဆက်ဆံခဲ့ရသည့် အကြောင်းရင်းမှာ ဘေးကင်း စိတ်ချရခြင်းမရှိဟူသော စိတ်ခံစားမှုကြောင့် ဖြစ်နိုင်ပေသည်။ ၎င်းတို့အနေဖြင့် မိမိတို့ ကိုင်စွဲထားသော အာဏာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စစ်တပ်၏ ပြင်းထန်စွာ ကန့်သတ် ထိန်းချုပ်ထားခြင်း ခံရကြောင်း ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။ ထို့ပြင် အခြားသော နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပါဝင်သင့် ပါဝင်ထိုက်သူများအပေါ် ယုံကြည်မှု အနည်းငယ်သာ ရှိပြီး စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ အဂတိလိုက်စားခြင်းနှင့် ထိုးထွင်း ရှေ့ဆောင်နိုင်မှု မရှိသည့် အစိုးရအဖွဲ့၏ ဗျူရိုကရေစီ ယန္တရားအပေါ် များစွာ မှီခို၍ မရကြောင်းလည်း ၎င်းတို့ ကိုယ်တိုင် ယုံကြည် လက်ခံထားပြီး ဖြစ်သည်။ နောက် တစ်ချက်မှာလည်း အစိုးရအဖွဲ့၏ အာဏာပိုင်မှုနှင့် အကန့်အသတ်ဖြင့်သာ လွှမ်းမိုးနိုင်သေးသော တိုင်းပြည်၏ နယ်ပယ်ဒေသ များစွာ ရှိနေခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အထိအခိုက် မခံနိုင်ကြောင်းကိုလည်း သတိပြုခဲ့ကြပြီး ဖြစ်သည်။ ထိုကဲ့သို့ လုံခြုံစိတ်ချရမှု မရှိဟု ခံစားရသည့်အတွက် NLD အစိုးရအဖွဲ့သည် အဆုံးအဖြတ် ပေးနိုင်သည့် အာဏာကို ဒေါ်အောင်ဆန်းစုကြည်၏ ရုံးတွင်သာ တတ်နိုင်သမျှ စုစည်းထားရန် ကြိုးပမ်းခဲ့သည်။ အဓိကကျသော ရာထူး နေရာများတွင်လည်း စည်းကမ်း လိုက်နာသည့် သစ္စာခံများကိုသာ တတ်နိုင်သရွေ့ ခန့်အပ်ရန်၊ လွှတ်တော်အတွင်းနှင့် ၎င်းတို့ လက်လှမ်းမှီသည့် အခြားအဖွဲ့အစည်းများတွင် အထက်မှ အောက်သို့ တင်းကျပ်စွာ ကန့်သတ် ထိန်းချုပ်ထားရန်နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုကို ဖြတ်တောက်ထားရန် ကြိုးပမ်းခဲ့သည်။

ထို အပြုအမူ အလေ့အထများသည် အာဏာရရှိရန် ကာလရှည်ကြာ ရုန်းကန်ခဲ့ရသော ဒီမိုကရေစီ လိုလားသူများ မကြာခဏ ပြုလုပ်တတ်သည့် ဖြစ်နေကျ အမှားများပင် ဖြစ်သည်။ ကောင်းမွန်သော အစိုးရဟူသည် “လူကောင်း”များကို စုစည်းထားခြင်း မဟုတ်ဘဲ ရဲစွမ်းသတ္တိရှိပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများတွင် မှတ်တမ်းကောင်းများ ရှိခဲ့သော စွန့်လွှတ် အနစ်နာခံ စတေးခဲ့သည့် တက်ကြွလှုပ်ရှားသူများ၊ လူထုကြားတွင် တခဲနက် ထင်ပေါ်ကျော်ကြားမှုကို ရရှိထားသော သြဇာတိက္ကမနှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ရှိခြင်းတို့အပေါ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ကောင်းမွန်သော အစိုးရ ဆိုသည်မှာ ၎င်း၏ အာဏာကို ကန့်သတ်ထိန်းချုပ် (အပြန်အလှန် ထိန်းကျောင်းမှု ရှိခြင်း) ထားသော အစိုးရအဖွဲ့ပင် ဖြစ် လေသည်။

များသောအားဖြင့် ရွေးကောက် တင်မြှောက် ခံထားရသော နိုင်ငံရေးသမားများ အနေဖြင့် ၎င်းတို့ အပေါ် ထိုကဲ့သို့ ကန့်သတ် ထိန်းချုပ်မှုများကို မလိုလားကြပေ။ ထို နိုင်ငံရေးသမားများသည် “ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားခြင်း”၊ “လူကြိုက်များ ထင်ရှားစွာ အာဏာလွှဲအပ် ခံရခြင်း” စသည့် အချက်များကြောင့် ရွေးကောက် တင်မြှောက် ခံထားရသည့် အဖွဲ့အစည်း မဟုတ်သော အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ခွင့်၊ မေးခွန်းထုတ်ခွင့်၊ ဝေဖန်ခွင့် မရှိဟု ယူဆထားသည်။ ထိုကဲ့သို့သော အတွေးအခေါ် အယူအဆမျိုးမှာ စစ်အာဏာရှင် စနစ်အောက် ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်လာခဲ့ရသည့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူဟောင်းများ ကြားတွင် ပို၍ ပျံ့နှံ့ခဲ့သည်။ ထိုသူများသည် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ ပင်ကိုယ် သိစိတ်ကြောင့် ပုဂ္ဂိုလ်ရေးအရ ယုံကြည်နိုင်သည့် အရင်းနှီးဆုံး သူများကိုသာ လက်ခံလာခဲ့သည်။ အာဏာ ရရှိလာသော အခါတွင်လည်း စစ်မှန်သော ဝေဖန် တိုက်ခိုက်သူများ၊ အတိုက်အခံများ၊ ပြိုင်ဖက်များ အခိုင်အမာ ပေါ်ပေါက်လာခြင်းကြောင့် ဒီမိုကရေစီ နိုင်ငံရေးစနစ်သို့ ရောက်ရှိ လာသော်လည်း ထို တစ်ပါးသူကို နက်နက်ရှိုင်းရှိုင်း ယုံမှားသံသယ လွန်ကဲခြင်းဟူသော ခံစားမှုမျိုး ပေါ်ပေါက်လာခဲ့လေသည်။ ထို့ကြောင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အာဏာ ရရှိလာသောအခါ တာဝန်ယူ တာဝန်ခံမှု ရှိသော အစိုးရအဖွဲ့တွင်း ခိုင်မာသော လုပ်ထုံးလုပ်နည်း စတင် ကျင့်သုံးရန် စစ်မှန်လေးနက်သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တွန့်ဆုတ်နေခြင်းမှာလည်း အံသြဖွယ် မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေးအတွက် ခိုင်မာသည့် နည်းလမ်းများ၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုများကို အသစ် ရွေးကောက် တင်မြှောက်ထားသည့် ဒီမိုကရေစီ အစိုးရ၏ အစောပိုင်း နှစ်ကာလများတွင် မကျင့်သုံးခဲ့ခြင်းကြောင့် အာဏာ အလွဲသုံးစားပြုမှု၊ အရိုးစွဲနေသည့် အဂတိလိုက်စားမှုများ ဆက်လက် ပြုလုပ်စေမှုတို့သို့ ဦးတည် သွားစေခဲ့သည်။ နာမည်ကျော် နယ်လ်ဆင် မင်ဒဲလား ဦးဆောင်သည့် အာဖရိကန် အမျိုးသားကွန်ဂရက်အင်အား ဆုတ်ယုတ် ကျဆင်းသွားရသည့်် စိတ်မကောင်းဖွယ် ဖြစ်ရပ်မှာလည်း ထိုကဲ့သို့သော သာဓကများထဲမှ တစ်ခုပင် ဖြစ်သည်။

မြန်မာ့ စီးပွားရေးမှာလည်း အဓိက အားဖြင့် အာဏာပိုင် လူနည်းစုနှင့် ပတ်သက်သည့် စီးပွားရေးသမား အုပ်စုများ လက်ထဲတွင်သာ ကျရောက်နေခဲ့သည်။ တိုင်းပြည်၏ အဖိုးတန် သယံဇာတ ပစ္စည်းများမှာလည်း နိုင်ငံရေးဆိုင်ရာ လျှော့ပေါ့ပေးခြင်းများ မပြုလုပ်မီကတည်းက ဖြည်းဖြည်းးချင်း ဆုတ်ယုတ် လျော့ပါးခဲ့ပြီ ဖြစ်သည်။ နေရာကောင်း ရယူထားသည့် စီးပွားရေးဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်များသည် ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေး လုပ်ငန်း အခွင့်အလမ်းများ စတင်ခဲ့စဉ် ကတည်းက အောင်နိုင်သူကြီးများ ဖြစ်ခဲ့ကြသည်။ ၎င်းတု့ိသည် လက်ရှိ NLD အစိုးရ လက်ထက်တွင်လည်း စီးပွားရေးဆိုင်ရာ နောက်ထပ် လုပ်ဆောင်မှုများဖြစ်သည့် ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများ အများအပြား စီးဝင်လာမှုတို့ကြောင့် ပေါ်ပေါက်လာသည့် အကျိုးအမြတ်များကို ဆက်လက် ကြိုးပမ်း ရယူနေဦးမည်သာ ဖြစ်သည်။ မြန်မာပြည်မှ ခရိုနီများသည် သိသာထင်ရှားစွာ စီးဆင်းနေသော သင့်တင့်သည့် ငွေအရင်းအနှီးကို ထိန်းချုပ်ထားကာ နိုင်ငံရေး လောကတွင် လွှမ်းမိုးနိုင်ရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားများ တိုးတက်ရရှိစေရန် ထိရောက်စွာ အသုံးချလာနိုင်သည်။ ခရိုနီများ အနေဖြင့် များပြားလှသော သတင်းအချက်အလက်များ ရရှိထားသည့် အားသာချက် ရှိသည့်အပြင် စစ်ဖက်၊ အစိုးရအဖွဲ့ဟောင်း၊ NLD အစိုးရသစ် သာမက နိုင်ငံတကာ အဆက်အသွယ်များအထိ အဖက်ဖက်နှင့် ချိတ်ဆက်၍ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ကောင်းစွာ သိထားပြီး ဖြစ်သည်။

ခရိုနီများ၏ ရည်ရွယ်ချက်များမှာ အလွန် လွယ်ကူ ရိုးရှင်းပြီး ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန်သာ ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု၊ ချေးငွေများ၊ ဈေးကွက်များ၊ နည်းပညာ လွှဲပြောင်းပေးမှုများကို ခွင့်ပြုပေးရန် လိုအပ်သည်။ ထို့ကြောင့်ပင် ခရိုနီအများစုမှာ ပြုပြင် ပြောင်းလဲရေးသမားများ၏ မိတ်ဆွေများ ဖြစ်လာကြပြီး အခြားသူများထက် ပို၍ အကျိုးအမြတ် ရရှိနိုင်ကြသည်။ သို့သော်လည်း အခြားတစ်ဖက်တွင်မူ ထို ခွင့်ပြုပေးမှုက “ကာကွယ်ပေးခဲ့ပြီး” သောကြောင့် “နိုင်ငံတော်၏ အကျိုးစီးပွားများကို မူလ အခြေအနေအတိုင်း ထိန်းသိမ်းထားပြီး” ဖြစ်သည်။ ဆိုလိုသည်မှာ ထိုကဲ့သို့ လုပ်ဆောင်ပါက ပြည်တွင်းမှ စီးပွားရေးသမားကြီးများ၏ စိတ်ဝင်စားမှု လမ်းကြောင်း လွဲသွားနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ခရိုနီများ အနေဖြင့် မိမိတို့၏ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန်နှင့် တိုးတက် အောင်မြင်စေရန် ၎င်းတို့ ကျွမ်းကျင်စွာ လုပ်ဆောင်နေကျအတိုင်း ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ နိုင်ငံရေး လောကကို လွှမ်းမိုးနိုင်ရန် လိုအပ်ပေသည်။ “တိုင်းပြည်၏ စီးပွားရေး”က အာဏာပိုင် လူနည်းစု၏ အကျိုးစီးပွားများ ဖြစ်နေခြင်းကို အများအားဖြင့် လျှော့တွက် နေတတ်ကြသော်လည်း မြန်မာပြည် အသွင်ကူးပြောင်းမှု ဖြစ်စဉ်အတွက် အလွန် စစ်မှန်သည့် ခြိမ်းခြောက်မှု ဖြစ်သည်။ တက်ကြွလှုပ်ရှားသူများနှင့် အများပြည်သူများက ခရိုနီများအပေါ် သံသယအမြင်ဖြင့် မနာလိုဝန်တို ဖြစ်ခဲ့ကြသော်လည်း “ခရိုနီကောင်း” နှင့် “ခရိုနီဆိုး” တို့၏ ကွဲလွဲချက်ကို ပိုင်းခြား သိမြင်လာကြခြင်းမှာ လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာ၏ အတိမ်အနက်ကို အနည်းငယ် သဘောပေါက်လာပြီ ဟူသည့် အချက်ကို ပြသနေပေသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း အာဏာပိုင် လူနည်းစုကသာ လုပ်ကိုင်သည့် စနစ်သည် မြန်မာ့စီးပွားရေး လောကအတွင်း နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တွင် ထိုစနစ်သည် အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ မီဒီယာနှင့် လူမှုအဖွဲ့အစည်းများအကြား တစ်စိတ်တစ်ပိုင်းသာ ထိုးဖောက် ဝင်ရောက်နိုင်သေးသည်။ ရှိပြီးသား အာဏာရှင် လူနည်းစုပိုင် စီးပွားရေးအုပ်စုများနှင့်သာ နောင်လာမည့် စီးပွားရေး တိုးချဲ့မှုများကို ဆောင်ရွက်သွားပြီး မီဒီယာများ၊ နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများကို ဝါးမျိုသွားခဲ့လျှင် မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ လွန်ခဲ့သော နှစ် ၄၀ အတွင်းက အသွင်ကူးပြောင်းမှုများကဲ့သို့ ခရိုနီများ၊ အာဏာရှင် လူနည်းစုအုပ်စုနှင့် စီးပွားရေးသမား သူဋ္ဌေးကြီးများ၏ “ခိုးယူခံရခြင်း”၊ လမ်းကြောင်း လွှဲဖယ်ခြင်းများကို အလွယ်တကူ ခံရပေမည်။ ဤသို့သာ ဆိုလျှင် မြန်မာပြည်သည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည့်အစား နိုင့်ထက်စီးနင်း နိုင်သော စစ်တပ် သိမ်းပိုက်ခံ နိုင်ငံအဖြစ်မှ အာဏာရှင် လူနည်းစုနှင့် ဆက်စပ်သော စီးပွားရေးသမားအုပ်စုများ၊ အဂတိ လိုက်စားသော နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များ၏ သိမ်းပိုက်ခံနိုင်ငံအဖြစ် အသွင်ပြောင်းလဲ သွားနိုင်ပေသည်။ မြန်မာပြည်မှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သမားများ အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့သော နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မအောင်မြင်မှုများကို လေ့လာနိုင်ပြီး ရုရှား၊ အဇာဘိုင်ဂျန်နှင့် ယူကရိန်းနိုင်ငံတို့ကို သင်ခန်းစာ ယူသင့်ပါသည်။

■ နိဂုံး

အထက်တွင် ရည်ညွှန်း ဖော်ပြခဲ့သော အခက်အခဲများနှင့် စွန့်စားရမှုများ အားလုံးကို မူတည် စဉ်းစားရလျှင် မြန်မာပြည် အသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် တိုးတက်မှု လှိုင်းများသာမက ပြင်းထန် ဆိုးရွားသော နောက်ပြန် ဆုတ်ယုတ်မှု လှိုင်းများနှင့်အတူ အနည်းဆုံး နှစ် ၂၀ခန့် ကြာမြင့်မည်ဟု ခြုံငုံ သုံးသပ်ပါက ကျိုးကြောင်း ဆီလျော်မည်ဟု ယူဆပါသည်။ အခြေခံကျသော ဖွဲ့စည်း တည်ဆောက်ပုံနှင့် အခြား အပိတ်အပင် အတားအဆီးများက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့အနေဖြင့် သင့်လျော်သော မူဝါဒများကို ရှာဖွေ၍ အာရုံစိုက် လုပ်ကိုင်နိုင်သည့် စွမ်းဆောင်ရည်ထက် ပိုမို နက်ရှိုင်းနေကြောင်း သက်သေပြနေသည်မှာ မလွဲဧကန် ဖြစ်ပါသည်။ NLD အစိုးရအဖွဲ့တွင် ရည်ရွယ်ချက်ကောင်းများ ရှိသည်ကို မေးခွန်းထုတ်စရာ မရှိဘဲ (တစ်စိတ်တစ်ပိုင်း) ပြုပြင်ပြောင်းလဲမှုများလည်း ဖြစ်ပေါ်နေပါသည်။ အချို့သော ဝန်ကြီးဋ္ဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တချို့မှာ ပိုမို ကောင်းမွန်စွာ စွမ်းဆောင်န နိုင်ခဲ့ကြပြီး သက်သေ သာဓက ကောင်းများ ပြသနိုင်ခဲ့ကြပါသည်။ သို့သော်လည်း အဆုံးသတ်တွင် ကိုယ်ပိုင် အကျိုးအမြတ် အမြတ်အစွန်း ရရှိနေသော စစ်တပ်၊ ခရိုနီများ၊ အဂတိလိုက်စားပြီး အစွမ်းအစ မရှိသော ဗျူရိုကရေစီများ၊ ဗမာနှင့် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒသာမက များပြားလှသော တိုင်းရင်းသား ပြည်သူ့စစ် အဖွဲ့များ၏ အကျိုးစီးပွားများနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် တရားမဝင် စီးပွားရေး လုပ်ငန်းများကလည်း NLD အစိုးရ၏ ပြင်ဆင်မွမ်းမံမှု၊ တစ်စတစ်စ စနစ်တကျ ဖျက်သိမ်းမည့် ဆုံးဖြတ်ချက်နှင့် စွမ်းဆောင်နိုင်မှုကို ပျက်ရယ်ပြုကာ ပန်းပန်လျက်ပင် ရှိနေကြသေးသည်။

၁၉၈၈ လူထု အုံကြွမှုကြီးနှင့် ၁၉၉၀ ရွေးကောက်ပွဲများက မြန်မာပြည်၏ မအောင်မြင်သော ပထမအကြိမ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုဟု ယူဆပါက ၂၀၁၅ ရွေးကောက်ပွဲများတွင် NLD ပါတီ အနိုင်ရသွားပြီး ဒီမိုကရေစီ နည်းကျစွာ ရွေးကောက် တင်မြှောက်ထားသော အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ခြင်းက ဒုတိယအကြိမ် ကြိုးပမ်းမှုဟု ဆိုနိုင်သည်။ သို့သော်လည်း ယခု ဒုတိယအကြိမ် ကြိုးပမ်းမှုမှာ တစ်စိတ်တစ်ပိုင်းသာ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပြီး များပြားလှသော ပိတ်ပင် တားဆီးမှုများနှင့် မလိုလားအပ်သော အခြေခံကျသည့် အနေအထားများကြောင့် နောက်ပြန် ဆုတ်ယုတ်မှု၊ စိတ်ပျက်မှုများ ပေါ်ပေါက်လာနိုင်သည်။ မြန်မာပြည်သည် ဒီမိုကရေစီ ခရီးလမ်း စတင်ချိန်တွင် ဒီမိုကရေစီ တည်တံ့ခိုင်မြဲမှုသို့ ဦးတည် မသွားသော “ခက်ခဲသော ကိစ္စရပ်”များရှိသည့် ပထမဆုံး နိုင်ငံတစ်နိုင်ငံ မဟုတ်သော်လည်း နောက်ပြန် ဆုတ်ယုတ်မှုလှိုင်းများနှင့် တိုးတက်မှုများ လွန်းထိုးနေခဲ့ပြီး အနီးစပ်ဆုံး သက်သေ သာဓက ပြရမည်ဆိုပါက ယူကရိန်းနှင့် ဖိလစ်ပိုင်တို့ကဲ့သို့ပင် ဖြစ်သည်။ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို နိုင်ငံသားတို့၏ သူရဲကောင်းဆန်သော ခံနိုင်ရည်ရှိမှု၊ အဓိကကျသော သမိုင်းဝင် အောင်မြင်မှု တစ်ရပ်အဖြစ် နောက်ဆုံး ပေါ်ပေါက်လာသော အခွင့်အလမ်း ဖြစ်သည့် လွတ်လပ်သော ရွေးကောက်ပွဲများမှ တစ်ဆင့် လွှတ်တော်နှင့် အစိုးရအဖွဲ့ အတွင်းသို့ ဆောင်ယူနိုင်ခဲ့သော်လည်း ထိုမျှနှင့် မလုံလောက်သေးပါ။

မြန်မာပြည် အနေဖြင့် တတိယအကြိမ် (စတုတ္ထအကြိမ်ပင် ဖြစ်ချင် ဖြစ်သွားနိုင်ပါသည်) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ဖြတ်သန်းရန် လိုအပ်မည်ဟု ဆိုပါက လွန်အံ့မထင်ပါ။ နောင်လာမည့် ကြိုးပမ်းမှုများတွင် လူမှုအဖွဲ့အစည်းများ၏ အင်အား၊ စွမ်းဆောင်ရည်၊ ကြံရည် ဖန်ရည်ရှိမှု၊ ပါးနပ်လိမ္မာ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ပေးရန် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အလွန် လေးနက်သိမ်မွေ့သော ပြောင်းလဲမှုအပေါ် လွန်ကဲစွာ မျှော်လင့်ထားသည့် အခြားအမြင်တစ်ခုမှာ ဦးသိန်းစိန်က နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အလျှော့ပေးမှုများကို သတိပြု ချဉ်းကပ်ခဲ့သည့် ၎င်း၏ ပထမဆုံးခြေလှမ်း စတင်ခဲ့စဉ် ကတည်းက မြန်မာပြည်တွင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ လူ့အဖွဲ့အစည်းကို လှုပ်နှိုး ခံလိုက်ရပြီး အနည်းငယ်စီ စတင်ပြောင်းလဲကာ စွမ်းအင်သတ္တိများ ပို၍ ရရှိလာကြသည်။ ခက်ထန် ကြမ်းတမ်းသော စစ်အုပ်ချုပ်ရေး စနစ်ဖြင့် ဆယ်စုနှစ်ပေါင်း များစွာ နေထိုင်လာခဲ့ရပြီးနောက် မြန်မာ့ လူ့အဖွဲ့အစည်းမှာ စစ်အုပ်ချုပ်ရေးနှင့် ဆက်နွယ်မှု အားနည်းသောနိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မြန်မာပြည်မှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများမှာ အမြဲတစေ သူရဲကောင်းဆန်စွာ ရဲရင့်ကြပြီး လဲကျရာမှ ပြန်ထ လာနိုင်ခဲ့ကြသော်လည်း လူ့အဖွဲ့အစည်း တစ်ခုလုံး အနေဖြင့်မူ အကြီးအကျယ် ယိုယွင်းပျက်စီးကာ တုံဏှိဘာေ၀ ဖြစ်နေအောင် ဖိနှိပ်ခံထားရပြီး “အခွင့်ကောင်း စောင့်ဆိုင်းတတ်သော” စိတ်နေ သဘောထားများကြောင့်လည်း နာမည်ပျက်ခဲ့ရပြီ ဖြစ်သည်။ လွတ်လပ်မှု အသက်သွေးကြော စတင် ပျံ့နှံ့သွားသည်နှင့် လူ့အဖွဲ့အစည်း တစ်ခုလုံးအတွင်း ထိုးထွင်း သိမြင်မှုနှင့် တက်ကြွလှုပ်ရှားစွာ စွမ်းဆောင်နိုင်မှုတို့ကို အလျင်အမြန် စတင်ရောစပ်ပြီး ဖြစ်ပေမည်။ မြန်မာပြည်အနေဖြင့် ဆယ်စုနှစ် ငါးခုခန့် အာဏာရှင် စနစ်အောက်တွင် နေထိုင်လာခဲ့ပြီးနောက် လက်ရှိအချိန်၌ ခွန်အားသစ် ပြန်လည် ပြည့်ဝလာစေရန် အချိန်အနည်းငယ် ထပ်မံ လိုအပ်နေဆဲပင် ဖြစ်သည်။

(ဤဆောင်းပါးအား စည်သူကျော်  မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

Risks and traps on the road to democracy

By Igor Blazevic

This article assesses the transition in Burma since 2011 by setting Burma in a comparative perspective. While democracy has expanded globally, cases of failed democratization are also common, with challenges coming from entrenched political and economic interests and high expectations.  Despite many positive developments and good intentions, Burma is still a hybrid regime and faces many risks to successful democratization, including the political and economic role of the military and the need to overcome deep identity divisions leading to different visions for the country. Burma also needs institutions for vertical and horizontal accountability to develop the quality of democracy. The author further discusses what constitutes good government and the need for a change in mindset for activists who enter government. Democratization is likely to take time and Burma can experience backslides several times. However, the growing strength of Burmese society makes it hopeful that the country will succeed.

■ စာညွှန်း

၁        အီဂေါဘလေဇ်ဗစ်သည် Education Initiative ၏ ဒါရိုက်တာဖြစ်သည်။

၂        ရွေးကောက် တင်မြှောက်ခံထားရခြင်း မဟုတ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင်း၌ ရှိနေခြင်းနှင့် အစိုးရအဖွဲ့တွင် တပ်မတော်သား အရာရှိ ၃ ဦး ခန့်အပ် နေရာပေးထားရခြင်းကလည်း ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အကြောင်းအချက်များပင် ဖြစ်သည်။

၃        Joseph Siegle, Overcoming Dilemmas of Democratisation : Protecting Civil Liberties and the Right to Democracy, Nordic Journal of International Law, No 81, 2012.

၄        ဖီဂျီ (၂၀၀၀)၊ ရုရှား (၂၀၀၀)၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ (၂၀၀၁)၊ ဂီနီဘစ်ဆူအာ (၂၀၀၂ တွင် အာဏာပြန်သိမ်း၊ ၂၀၀၅ တွင် ဒီမိုကရေစီ စနစ်သို့ ပြန်ရောက်)၊ နီပေါ (၂၀၀၂ တွင် အာဏာပြန်သိမ်း၊ ၂၀၁၃ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ ဗင်နီဇွဲလား (၂၀၀၄)၊ ထိုင်း (၂၀၀၅ တွင် အာဏာပြန်သိမ်း၊ ၂၀၁၁ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ ဆော်လမွန် ကျွန်းစုများ (၂၀၀၆)၊ ဘင်္ဂလားဒေ့ရှ် (၂၀၀၇ တွင် အာဏာပြန်သိမ်း၊ ၂၀၀၈ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ ဖိလစ်ပိုင် (၂၀၀၇ တွင် အာဏာပြန်သိမ်း၊ ၂၀၁၀ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ ကင်ညာ (၂၀၀၇)၊ ဂျော်ဂျီယာ (၂၀၀၈ တွင် အာဏာပြန်သိမ်း၊ ၂၀၁၂ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ ဟွန်ဒူရပ်စ် (၂၀၀၉ တွင် အာဏာပြန်သိမ်း၊ ၂၀၁၃ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ မာဒါ ဂတ်စကာ (၂၀၀၉)၊ နိုင်ဂျာ (၂၀၀၉ တွင် အာဏာပြန်သိမ်း ၂၀၁၁ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ ဘူရွန်ဒီ (၂၀၁၀)၊ သီရိလင်္ကာ (၂၀၁၀ တွင် အာဏာပြန်သိမ်း၊ ၂၀၁၅ တွင် ဒီမိုကရေစီ စနစ်သို့ ပြန်ရောက်)၊ ဂီနီဘစ်ဆူအာ (၂၀၁၀)၊ မော်လဒိုက် (၂၀၁၂)၊ မာလီ (၂၀၁၂ တွင် အာဏာပြန်သိမ်း၊ ၂၀၁၄ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ နီကာရာဂွါ (၂၀၁၁)၊ ယူကရိန်း (၂၀၁၂ တွင် အာဏာပြန်သိမ်း၊ ၂၀၁၄ တွင် ဒီမိုကရေစီစနစ်သို့ ပြန်ရောက်)၊ တူရကီ (၂၀၁၄)၊ ဘင်္ဂလား ဒေ့ရှ် (၂၀၁၄)၊ ထိုင်း (၂၀၁၄)

Larry Diamond, Facing Up to the Democratic Recession, Journal of Democracy, Vol 26, No 1 January 2015.

၅        “သင့်တင့်သော အကျိုးဆက်”ဟူသည့် စကားစုမှာ Jason Brownlee, Tarek Masoud, Andrew Reynolds တို့က အာရပ်နွေဦး၏ ရလဒ်များကို ဖော်ပြရန် ရေးသားခဲ့သည့် Why the Modest Harvest? Journal of Democracy, Vol 24, No 4, October 2013. ပါ ဆောင်းပါးတွင် သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

၆        Bridget Welsh, Kai-Ping Huang, Yun-han Chu, Burma Votes for Change : Clashing Attitudes Toward Democracy, Journal of Democracy, Vol 27, No 2, April 2016.

၇        အာဏာရှင်စနစ်ကို ဖြုတ်ချရာ၌ လူထုအင်အားကို အသုံးပြုခြင်းက အလွန် အရေးပါ အရာရောက်သည့် နည်းလမ်း ဖြစ်သော်လည်း အာဏာ ကိုင်စွဲထားသည့် အုပ်ချုပ်ရေးစနစ်က စစ်ဖက်မှ မဟုတ်သည့်အပြင် အာဏာရှင်များ၏ ခါးပိုက်ဆောင် လက်နက်ကိုင် တပ်ဖွဲ့များကလည်း ၎င်းတို့ကို မထောက်ခံတော့သည့် အခါမှသာ ထိုနည်းလမ်း အောင်မြင်နိုင်ပေသည် (ဆာဘီးယားမှ မီလိုဆီဗစ်၊ ဂျော်ဂျီယာမှ ရှီဗာနာဇေ၊ တူနီးရှားမှ ဘင်အလီ၊ အီဂျစ်မှ မူဘာရက်)။ သို့ရာတွင် အုပ်ချုပ်ရေး စနစ်တစ်ရပ်အပေါ် စစ်ဖက်နှင့် ရဲတပ်ဖွဲ့က အပြည့်အ၀ သစ္စာခံနေသောအခါ (တရုတ်ပြည်မှ တီယန်မင် အုံကြွမှု၊ အီရန်မှ အစိမ်းရောင် တော်လှန်ရေး၊ အာရပ်နွေဦးကာလက ဆီးရီးယား) သို့မဟုတ် ထိုအုပ်ချုပ်ရေးစနစ်နှင့် စစ်ဖက်တို့ တူညီပြီး တစ်သားတည်း ဖြစ်သွားသောအခါ၌ နာမည်ကျော် အကြမ်းမဖက် အုံကြွလှုပ်ရှားမှုများလည်း မအောင်မြင်နိုင်တော့ပေ။

၈        Zoltan Barany, Exits from Military Rule : Lessons for Burma, Vol 26, No 2, April 2015. Burmese translation is available on the Irrawaddy site at http://burma.irrawaddy.com/opinion/viewpoint/2015/06/06/76065.html

၉        Scott Mainwaring, Timothy R. Scully, Latin America : Eight Lessons for Governance, Journal of Democracy, Vol 19, No 3, July 2008.

၁၀      Guillermo O’Donnell, Horizontal Accountability in New Democracies, Journal of Democracy, Vol 9, No 3, 1998. Burmese translation is available on the Irrawaddy site at http://burma.irrawaddy.com/opinion/viewpoint/2014/09/13/64582.html

၁၁      Alina Mungiu-Pippidi, Corruption : Diagnosis and Treatment, Journal of Democracy, Vol 17, No 3, July 2006. Burmese translation is available on the Irrawaddy site at http://burma.irrawaddy.com/opinion/viewpoint/2016/05/22/114599.html

၁၂      See also Guillermo O’Donnell, Why the Rule of Law Matters, Journal of Democracy, Vol 15, No 4, October 2004. Burmese translation is available on the Irrawaddy site athttp://burma.irrawaddy.com/politic/2016/01/10/104413.html

■ ကျမ်းကိုးစာရင်း

Barany, Z. (2015). Exits from Military Rule: Lessons for Burma. Journal of Democracy, 26(2), 86-100. [Burmese translation available on The Irrawaddy site at http://burma.irrawaddy.com/opinion/viewpoint/2015/06/06/76065.html]

Brownlee. J. T. Masoud & A. Reynolds (2013) Why the Modest Harvest?. Journal of Democracy, 24(4)

Diamond. L. (2015). Facing up to the democratic recession. Journal of Democracy, 26(1), 141-155.

Mainwaring, S. & Scully, T. R. (2008). Latin America: eight lessons for governance. Journal of Democracy, 19(3), 113-127.

Mungiu, A. (2006). Corruption: Diagnosis and treatment. Journal of democracy, 17(3), 86-99. [Burmese translation available on The Irrawaddy site at http://burma.irrawaddy.com/opinion/viewpoint/2016/05/22/114599.html]

O’Donnell, G. A. (1998). Horizontal accountability in new democracies. Journal of Democracy, 9(3), 112-126. [Burmese translation available on The Irrawaddy site at http://burma.irrawaddy.com/opinion/viewpoint/2014/09/13/64582.html]

O’Donnell, G. A. (2004). Why the rule of law matters. Journal of Democracy,15(4), 32-46. [Burmese translation available on The Irrawaddy site at http://burma.irrawaddy.com/politic/2016/01/10/104413.html]

Siegle, J. (2012). Overcoming Dilemmas of Democratisation: Protecting Civil Liberties, and the Right to Democracy. Nordic Journal of International Law, 81(4) 471-506.

Welsh, B., Huang, K. P., & Chu, Y. H. (2016). Burma Vote for Change: Clashing Attitudes Toward Democracy. Journal of Democracy, 27(2).

About the author

Igor Blazevic

အီဂေါ ဘလေဇ်ဗစ်သည် Education Initiative ၏ ဒါရိုက်တာ ဖြစ်သည်။

Add comment