အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ သဘောနှင့် နိုင်ငံရေးမှ စစ်တပ် ထွက်ခွာခြင်း

တင်မောင်သန်း ၁

■ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

ကျွန်တော် တင်ပြမည့်ထောင့်ကို ဦးစွာပြောပါရစေ။ မတူသော ထောင့်အသီးသီးမှ ကိစ္စရပ်များကို မတူသော အမြင်အသီးသီးဖြင့် ရှုမြင်ကြရာတွင် တင်ပြသူ၏ ရှုထောင့်ကို သိထားမှသာ တင်ပြသူ၏ ဆိုလိုချက်များကို စာဖတ်သူက ချင့်ချိန်နိုင်ပါလိမ့်မည်။

ယခု တင်ပြချက်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) ရှုထောင့်မှ ကျွန်တော် ရှုမြင်တင်ပြမည် ဖြစ်ပါသည်။ လစ်ဘရယ် ဒီမိုကရေစီတွင် လူတစ်ဦးချင်းနှင့် အုပ်စုများ၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပါသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အပါအဝင် အားလုံးပါဝင်သော ဗဟုဝါဒကို ကျင့်သုံးမည့် လူ့အဖွဲ့အစည်းကို လစ်ဘရယ်ဒီမိုကရေစီက ရှေးရှုပါသည်။ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များအပေါ် အရပ်ဘက်က ထိန်းချုပ်ကွပ်ကဲနိုင်ရမည် ဟုလည်း မြင်ပါသည်။ တာဝန်ရှိသူများ၏ တာဝန်ခံနိုင်မှုနှင့် အုပ်ချုပ်မှုကောင်းကို သွားနိုင်မည့် ကျင့်ထုံးများ၊ ဖွဲ့စည်းပုံများ မပြည့်စုံသေးလျှင်သော်မှ အခြေခံအားဖြင့် ရှိထားရန်လည်း လိုအပ်ပါသည်။ တရားဥပဒေ စိုးမိုးမှုလည်း အားကောင်းရပါသည်။  တပ်မတော်ကဲ့သို့သော ဗီတိုအာဏာ သုံးနိုင်သည့် အုပ်စုများ လုံး၀ ကင်းရှင်းသွားမည်၊ သို့မဟုတ် အလားတူ အုပ်စုများမှာ စနစ်အတွင်း ရှိကောင်း ရှိနေသေးမည် ဖြစ်သော်လည်း အဆုံးအဖြတ်ပေးနိုင်သည့် အနေအထားတွင် မရှိတော့။ ထိုအချင်းအရာများ အခြေခံအားဖြင့် ရှိနေပြီး လွတ်လပ်ခွင့်နှင့် ရွေးကောက် တင်မြှောက်သော အစိုးရက အုပ်ချုပ်သည့် နိုင်ငံများကို လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများ သတ်မှတ် ခေါ်ဆိုကြကြောင်း တွေ့ရပါသည်။ ယင်းအချက်များ အားလုံးနီးနီး ပြည့်စုံသော နိုင်ငံများမှာ ကမ္ဘာပေါ်တွင် နိုင်ငံ ၂၀၊ ၃၀ ဝန်းကျင်သာ ရှိပါသည်။ အများစုမှာ ထိုစံနှုန်းများဆီသို့ အရောက်သွားနေကြသော နိုင်ငံများ ဖြစ်ကြပါသည်။ ဒီမိုကရေစီ သမိုင်းကြောင်းကို လေ့လာသော ပညာရှင်တစ်ဦးကတော့ ယနေ့ခေတ် နိုင်ငံအများစုမှာ မုဆိုးလိုက်သောခေတ်က လူ့အဖွဲ့အစည်းနှင့် သိပ်မကွာသေးဟု မှတ်ချက်ပြုပါ၏။ ကျွန်တော်၏ တင်ပြချက်မှာ ထို လစ်ဘရယ် စံအခြေအနေမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လည်ပြန် လှည့်ကြည့်ခြင်း ဖြစ်ပါသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟု ဆိုသောအခါ စစ်တပ်နှင့် အရပ်သားများ၊ တိုင်းရင်းသားများကြားရှိ ဆက်ဆံရေးဟုသာ အများစုက နားလည်ကြသည်ကို တွေ့ရပါသည်။ သို့သော် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟူသော ပညာရပ်သဘောတွင်တော့ သာမာန် ဆက်ဆံရေးမျှ မကတော့ဘဲ၊ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များအပေါ် အရပ်ဘက်က ထိန်းချုပ်ကွပ်ကဲနိုင်မှုကိုပါ ရည်ညွှန်း သုံးနှုန်းကြကြောင်း တွေ့ရှိရပါသည်။ ဤပညာရပ်ထောင့်က ကြည့်မည်ဆိုသော် မြန်မာနိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ လစ်ဘရယ်ဒီမိုကရေစီနှင့် တော်တော်လေး ဝေးနေသေးသည်ဟု ပြောရပါမည်။  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးအဖွဲ့၏ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားရမည်ဟု ပြဌာန်းထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုတော့ ကာ/လုံဟု အရပ်ခေါ် ခေါ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကသာ ခန့်အပ်ပါသည်။ (၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၂ တွင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်ဟု ပြဋ္ဌာန်းထားပါသည်- အယ်ဒီတာ) ကာ/လုံတွင် စစ်ဘက်က ခြောက်ဦး၊ အရပ်ဘက်က ငါးဦး ပါရှိပါသည်။ သို့သော် အကယ်၍ စစ်ဘက်က ဝန်ကြီးတစ်နေရာ ခန့်ထားနိုင်သော အချက်ကို စွန့်လွှတ်ပေးလိုက်မည်ဆိုလျှင်၊ ကာ/လုံအတွင်း ဆုံးဖြတ်နိုင်မှုမှာ အရပ်ဘက်က ခြောက်ဦးနှင့် စစ်ဘက်က ငါးဦး ဖြစ်သွားပါလိမ့်မည်။ ဝန်ကြီး တစ်နေရာသည် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ချိန်ခွင်လျှာကို အများကြီး ပြောင်းလဲနိုင်ပေလိမ့်မည်။

လက်ရှိ အနေအထားတွင် နိုင်ငံရေးမှ စစ်တပ် ဆုတ်ခွာခြင်းဟူသော ကိစ္စကို  ပြည်တွင်းငြိမ်းချမ်းရေးနှင့် ချိတ်ဆက်ထားကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အရပ်ဘက်ကချည်း လုံးလုံး ကိုင်တွယ်နိုင်သည့် စွမ်းရည်အပေါ် စစ်တပ်က သံသယရှိပုံရသည်ဟု ကျွန်တော် ကောက်ယူပါသည်။ တချို့ကတော့ တပ်မှာ အာဏာ လက်မလွှတ်ချင်သောကြောင့် ဤသို့ ချိတ်ဆက်ထားသည်ဟု ဆိုကြပါ၏။ သို့သော် တစ်ဖက်တွင်လည်း စစ်ဘက်နှင့် အရပ်ဘက် ဆက်ဆံရေးမှာ ဝန်ကြီးတစ်နေရာ ခန့်ထားပုံ ပြောင်းလိုက်သည်နှင့် အရေးပါသော အပြောင်းအလဲ အဆင့်တစ်ရပ်သို့ မြန်မာနိုင်ငံ ရောက်ရှိသွားနိုင်မည် ဖြစ်ပါသည်။ ဤသို့ဆိုသဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများနှင့် ညီသွားပြီဟု မဆိုလိုပါ။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် အဓိကအချက် သုံးချက် ရှိပါသည်။ ပထမ တစ်ချက်မှာ ကာကွယ်ရေး အသုံးစရိတ်ဖြစ်သည်။ ကာကွယ်ရေး အသုံးစရိတ်ကို ရေးဆွဲရာတွင် အရပ်ဘက်က ပါဝင်နိုင်သော အခန်းကဏ္ဍမှာ ယခုအခါတွင် မရှိသလောက် ဖြစ်သည်ဟု သိရပါ၏။  ဒီမိုကရေစီ အကူးအပြောင်းတစ်ရပ်ကို ညင်သာစွာ ကူးပြောင်းနိုင်ရေးအတွက် နည်းနာမရှိတော့ပြီလောဟု မေးစရာရှိလာပါသည်။  ဖွင့်ထားသော တံခါးရှိသည်ဟု ကျွန်တော်ထင်ပါ၏။

ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ ၁၁၅ (ဂ) တွင် ဖွဲ့စည်းပုံက ပြဌာန်းထားသော ကော်မတီများအပြင် “အခြားရေးရာကိစ္စများကို လေ့လာတင်ပြစေရန် လိုအပ်ပါက လွှတ်တော်ကော်မတီများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလ သတ်မှတ်၍ ဖွဲ့စည်းနိုင်သည်”ဟု ပြဌာန်းထားပါ၏။  အကယ်၍ တပ်မတော်က ယင်းဘတ်ဂျက်ကိစ္စမှာ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စ ဖြစ်သည်ဟုဆိုပါက ၁၁၅ (ခ) အရကော အရပ်ဘက်က ပုဂ္ဂိုလ်များဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို ဖွဲ့စည်းလို့ မရနိုင်ပါပေဘူးလားဟု စဉ်းစားနိုင်ပါသည်။  ပုဒ်မ ၁၁၈ (က) တွင်လည်း “ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီများက လေ့လာသော အကြောင်းကိစ္စမှအပ ကျန်အကြောင်းကိစ္စများကို လေ့လာရန် လိုအပ်ပါက၊ ကော်မရှင်နှင့် အဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် လည်းကောင်း၊ သင့်လျော်သည့် နိုင်ငံသားများ ထည့်သွင်း၍ လည်းကောင်း ဖွဲ့စည်းနိုင်သည်”ဟု ပြဌာန်းထားပါသည်။  ထိုကဲ့သို့ ကော်မတီ ဖွဲ့စည်းပိုင်ခွင့်ကို ယခင် လွှတ်တော်ကလည်း အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်ပြီး မရယူခဲ့သလို ယခု လွှတ်တော်ကလည်း မရယူသေးပါ။

ဖွဲ့စည်းပုံက ပေးထားသော လုပ်ပိုင်ခွင့်အပေါ် ရယူခြင်း၊ မရယူခြင်းမှာလည်း အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်သော အနာဂတ်ဆိုင်ရာ မျှော်မြင်မှုနှင့် ယင်းဆက်ဆံရေး အခြေအနေအပေါ် ဆုံးဖြတ်ချက် ပေးနိုင်သူများက ချင့်ချိန်သတ်မှတ်ထားသည့် လက်ရှိ နိုင်ငံရေးရေချိန် အကဲဖြတ်ချက်အပေါ်တွင် မူတည်နိုင်ပါသည်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်၍ ကော်မတီတစ်ခု ဖွဲ့စည်းသင့် မသင့် စဉ်းစားဖို့ အချိန်ရောက်ပြီလော ဟူသည့်မေးခွန်းမှာ ဝိုင်းဝန်းစဉ်းစားရမည့် မေးခွန်းဟု ကျွန်တော်ထင်ပါသည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် ဒုတိယ အဓိကကျသောအချက်မှာ စစ်ဘက် အထက်တန်းအရာရှိကြီးများ ခန့်ထားပြောင်းရွှေ့ရာတွင် အရပ်ဘက်က ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သည်။ ဒီအချက်မှာ ကာကွယ်ရေးဝန်ကြီး နေရာကို အရပ်သားက တာဝန်ယူနိုင်သော အခြေအနေနှင့် ဆက်စပ်နေပါ၏။ ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဆက်စပ်သည်။ တပ်မတော် ခေါင်းဆောင်ပိုင်းက အရပ်ဘက် ခေါင်းဆောင်များနှင့် တရားမဝင် တိုင်ပင်ညှိနှိုင်းသော အလေ့ကို စတင်နိုင်သည်ကလွဲပြီး လောလောဆယ် တရားဝင် ဘာမှလုပ်နိုင်မည် မထင်ပါ။

တတိယအချက်ကတော့ လက်နက်နှင့် စစ်ရေးဆိုင်ရာ ပစ္စည်းများ ဝယ်ယူရာတွင် အရပ်ဘက်၏ သြဇာဖြစ်သည်။ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် အရပ်ဘက်က ပါဝင်လာနိုင်ရေးနှင့် လွှတ်တော်၏ အခန်းကဏ္ဍတို့က ဤ တတိယအချက်နှင့် ဆက်နွယ်နေပါသည်။ မည်သို့ဖြစ်စေ လောလောဆယ် အခြေအနေတွင်တော့ ဒုတိယနှင့် တတိယအချက်တို့မှာ အကဲဆတ်သော ကိစ္စရပ်များ ဖြစ်ပါသည်။ ယင်းကိစ္စရပ်များကို ကိုင်တွယ်ရန် တပ်မတော်က စိုးရိမ်သကဲ့သို့ အရပ်ဘက်တွင် စွမ်းဆောင်နိုင်ရည်ရော ရှိပြီလောဟု မေးခွန်းထုတ်နိုင်ပါသည်။ အရပ်ဘက်နှင့် စစ်ဘက် နှစ်ဘက်စလုံးကို မျှတစွာကြည့်မြင် သုံးသပ်နိုင်ရန်လည်း လိုအပ်ပါသည်။

■ ချိန်ခွင်လျှာ၏ အရပ်ဘက်

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟု ဆိုသောအခါ အရပ်ဘက် အနေအထားကိုလည်း ကြည့်ဖို့လိုပါမည်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ သဘောက ဒီမိုကရေစီ အကူးအပြောင်းနှင့်လည်း ဆက်စပ်နေတတ်ပါသည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်၏ နိုင်ငံရေးယဉ်ကျေးမှုက လူအများ၏ ပြုမူတုံ့ပြန်ပုံများကို ပုံဖော်ပေးနေပါလိမ့်မည်။ သမားရိုးကျ လူ့အဖွဲ့အစည်းများတွင် အာဏာပိုင်ဝါဒ (authoritarianism) ဘက်သို့ ညွတ်ချင်သည့် ဓလေ့များ ရှိတတ်ပါသည်။  ယင်း လူ့အဖွဲ့အစည်းများတွင် အဖကြီးစိုးသောဝါဒ ရှိတတ်၏။ လူအများ၏ ဘဝရေးရာ ကိစ္စများကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ပိုမိုသိသည်ဟု လက်ခံထားတတ်ကြသည်။ မိသားစုတွင် မိဘ၊ ထို မိဘနှစ်ပါးအနက် အဖေက သားသမီးတို့၏ ဘဝအရေးအရာများကို အရွယ်ရောက်ပြီး ဖြစ်စေကာမူ အဆုံးအဖြတ် ပေးနိုင်လောက်အောင် သြဇာ လွှမ်းတတ်သည်။  ကျောင်းတွင် ဆရာ၊ လုပ်ငန်းခွင်တွင် ဆရာသမား၊ နိုင်ငံအဆင့်တွင် ခေါင်းဆောင် တစ်ဦးတစ်ယောက်က အခြားသူများ၏ အရေးအရာကိစ္စများကို သိလည်းသိ၊ ဖြေလည်း ဖြေရှင်းပေးနိုင်လိမ့်မည်ဟု အဆုံးအဖြတ် ခံသူများကိုယ်တိုင်က လိုလိုလားလား လက်ခံထားတတ်ကြပါသည်။ မိဘ၊ ဆရာ၊ အလုပ်ထဲမှ ဆရာသမား၊ ခေါင်းဆောင် အစရှိသော ထိုပုဂ္ဂိုလ်များ၏ ပြောဆိုချက်များကို ကျန်လူများက လက်ခံ လိုက်နာတတ်ကြပါသည်။ ဤလက္ခဏာမှာ သမားရိုးကျ လူ့အဖွဲ့အစည်းတစ်ခု၏ စရိုက်လက္ခဏာပင် ဖြစ်သည်ဟု လူမှုဗေဒက ဆိုပါသည်။ ယင်းဓလေ့မှာ သမိုင်းအဆင့် တစ်ဆင့်၏ ပေးထားချက် ဖြစ်ပေသည်။ လစ်ဘရယ် ဒီမိုကရေစီသို့ သွားသောအခါ ထိုအခြေအနေများကို တဖြည်းဖြည်း ကျော်လွှားသွားကြရပါသည်။  ထို့အပြင် နိုင်ငံရေးပါတီများ အားကောင်းခိုင်မာလာရန်လည်း လိုအပ်ပါသည်။ တစ်ပါတီစနစ်နှင့် စစ်အာဏာရှင်စနစ် အောက်တွင် ရာစုနှစ် တစ်ဝက်ဝန်းကျင် နေထိုင်ခဲ့ရသော မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီ အစဉ်အလာများနှင့် အဆက်ပြတ်သွားခဲ့ရာ ပါတီ တည်ဆောက်ရေးလုပ်ငန်းများ၊ အင်စတီကျူးရှင်းဟု ခေါ်သော ဖွဲ့စည်းပုံများနှင့် ကျင့်ထုံးပိုင်းများကို ပြန်လည် တည်ဆောက်တန် တည်ဆောက်၊ ခိုင်မာ အားကောင်းအောင် ဆောင်ရွက်တန် ဆောင်ရွက်ဖို့ လိုအပ်ပေသည်။

■ အရပ်ဘက် နိုင်ငံရေးသမားများနှင့် အမျိုးသားလုံခြုံရေးမူဝါဒ သိမြင်နားလည်မှု

ထို့ပြင် အရပ်ဘက်အနေဖြင့် အမျိုးသားလုံခြုံရေး မူဝါဒပိုင်းဆိုင်ရာ သိမြင်နားလည်မှုက အားနည်းနေဆဲ အခြေအနေ ဖြစ်နေပါသည်။ အမျိုးသား လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်သော ပညာရှင် အရေအတွက်က လက်ချိုး ရေတွက်နိုင်လိမ့်မည် ထင်ပါ၏။  ထို့ကြောင့် ဤအကြောင်းအရာနှင့် ပတ်သက်လာလျှင် စစ်ပြန် အရပ်သားများကိုသာ အားကိုးနေရသည်။ လုံခြုံရေးဆိုင်ရာ စီမံကိန်းများ ချမှတ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် ပြည်သူများ ပါဝင်နိုင်မှု မရှိခဲ့သောကြောင့်လည်း နိုင်ငံများတွင် အမျိုးသားလုံခြုံရေး စီမံကိန်းများ ရှိတတ်သည့် သဘောကိုပင် နားလည်ဖို့ ခက်နေသောအဖြစ်များ ကြုံရတတ်ပါသည်။ ထိုသို့သော လုံခြုံရေးစီမံကိန်းများတွင် ဖြစ်နိုင်ဖွယ်ရှိသော အမျိုးသားရန်သူကို သတ်မှတ်ပြီး လုံခြုံရေးစီမံကိန်းများကို ရေးဆွဲရပါသည်။ ဥပမာ- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် အမျိုးသားရန်သူအဖြစ် တရုတ်ကို သတ်မှတ်ခဲ့ပြီး အရှေ့မြောက်အရပ်မှ  ကျူးကျော် ဝင်ရောက်လာနိုင်သည်ဟု ယူဆကာ စစ်ဆင်ရေး၊ ခုခံရေး စီမံကိန်းများ ရေးဆွဲရပါသည်။ ထိုစဉ်က စီမံကိန်းအရ ဧရာဝတီမြစ်ကို နောက်ဆုံး ခံစစ်ကြောင်းအဖြစ် စဉ်းစားခဲ့ကာ စက်ရုံများကို ဧရာဝတီမြစ်  အနောက်ဘက်ကမ်းတွင် တည်ခဲ့ကြသည်ဟု သိရပါ၏။

အလားတူပင် အရပ်ဘက် ခေါင်းဆောင်များက ဥပဒေပြုရေးကဏ္ဍသို့ စတင်ဝင်ရောက် အတွေ့အကြုံရယူသည်မှာ ၂၀၁၂ ခုနှစ်မှ ဖြစ်ရာ လေးနှစ်တာမျှသာ အတွေ့အကြုံ ရှိသေးပြီး အုပ်ချုပ်ရေးကဏ္ဍသို့ ၂၀၁၆ ခုနှစ် ဧပြီမှ စတင်ဝင်ရောက်ရသဖြင့် ယခု စာရေးသားနေသည့် နိုဝင်ဘာအထိ ရှစ်လတာ အချိန်မျှသာ အတွေ့အကြုံ ရှိပါသေးသည်။ ထို့အပြင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် ပဋိပက္ခဖြစ်တတ်သည့် သဘောများ ရှိသော်လည်း ပြဿနာ ဖြေရှင်းနိုင်သည့် နည်းနာယ္တရား မဖွံ့ဖြိုးသေးပါ။ ဥပမာ- မြေယာကိစ္စများမှာ ဖြေရှင်းရခက်ဆဲ ကိစ္စတစ်ရပ် ဖြစ်ပါ၏။ ထိုင်းဘုရင်၊ စပိန်ဘုရင် စသည့် ဘုရင်များကဲ့သု့ိ ဘက်မလိုက်တတ်သော နိုင်ငံအကြီးအကဲများလည်း မြန်မာနိုင်ငံတွင် မရှိပါ။ ဖိလစ်ပိုင်တွင် ခရစ်ယာန် ဆရာတော်ကြီး၏ သြဇာကြောင့် ဒီမိုကရေစီ အကူးအပြောင်း ချောမွေ့ခဲ့သည်များ ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း သာသနာရေးဘက်မှ သြဇာကြီးမားသော ဘုန်းတော်ကြီးများရှိလျှင် ဝင်ရောက် ထိန်းညှိပေးနိုင်ပါသည်။ စစ်တပ်က အာဏာသိမ်းမည့် အခြေအနေမျိုးတွင် သြဇာကြီးသော ဘုန်းတော်ကြီးများ ရှိပါက ဝင်ရောက် တားဆီးပေးနိုင်ပါလိမ့်မည်။ ယခု မြင်ရသလောက်အထိ ထိုမျှ သြဇာကြီးမားနိုင်သည့် ဘုန်းတော်ကြီးများကို မတွေ့မိသေးပါ။

ထို့အပြင် စစ်တပ် အာဏာရယူခြင်းမှာ ပြည်တွင်းနိုင်ငံရေး အကွဲအပြဲများနှင့်လည်း ဆက်စပ်နေခဲ့ပါသည်။ တည်မြဲနှင့် သန့်ရှင်းဟူ၍ ဖဆပလ ကွဲရာက ၁၉၅၈ ခုနှစ်တွင် အာဏာလွှဲပြောင်းရသော အခြေအနေသို့ ဆိုက်ရောက် သွားခဲ့ရသည်ကိုလည်း မြန်မာနိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသမိုင်းကို ပြန်ကြည့်သောအခါ မြင်ကြရပါလိမ့်မည်။

မြန်မာ့နိုင်ငံရေး ဓလေ့မှာ အရှင်းအပြတ်ကို ကြိုက်တတ်ပြီး စဉ်းစား ချဉ်းကပ်ကြရာတွင် အဘိဓမ္မာနှင့် စံနှုန်းများအပေါ် အခြေခံ ချဉ်းကပ်တတ်လေသလားဟု စဉ်းစားစရာရှိပါ၏။  အဘိဓမ္မာဆန်ကြပြီး လက်ဝဲအယူအဆ လွှမ်းမိုးကာ စံနှုန်းများကို အခြေခံ စဉ်းစားလေ့ ရှိခြင်းကြောင့်လည်း တရားသေဝါဒအတွင်း မကြာခဏ ကျရောက်သွားလေသလား တွေးစရာရှိပါ၏။ ဒေါက်တာမောင်မောင်ကြီး၏ အကဲဖြတ်ချက်တွင်လည်း မြန်မာများမှာ အဘိဓမ္မာဆန်သည်၊ စံနှုန်းစွဲ ကြီးသည်၊ တိုက်ခိုက်လိုစိတ် ကြီးမားသည်ဟု ဆိုလေရာ ယင်းသဘာဝများက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ချောမွေ့မှုကို သွယ်ဝိုက် အနှောင့်အယှက် ပေးတတ်သော သဘောလည်းရှိသည်ဟူသော သုံးသပ်ချက်လည်း ဖတ်ဖူးပါ၏။ မြန်မာတို့၏သမိုင်းကြောင်းမှာ လက်နက်ကိုင် တော်လှန်ရေးနှင့် အရှင်းအပြတ် လုံးဝလွတ်လပ်ရေးကို တောင်းဆိုသော သမိုင်းကြောင်းဖြစ်ပြီး မလေးရှား၊ စင်္ကာပူတို့၏ သမိုင်းကြောင်းကတော့ ဒိုမီနီယံအဆင့်မှ လုံး၀ လွတ်လပ်ရေးသို့ ကူးပြောင်းရေး သမိုင်းကြောင်းဖြစ်သည်ကို တွေ့ရပါလိမ့်မည်။  ယင်း သဘောသဘာဝများမှာ အယူဝါဒဆိုင်ရာ ပြည်တွင်းစစ်ပွဲနှင့် ဆက်စပ်ကောင်း ဆက်စပ်နေပါလိမ့်မည်။ အကျိုးဆက်ကတော့ စစ်နိုင်ငံရေး ပေါက်ဖွားလာခြင်းပင် ဖြစ်ပါသည်။

■ ချိန်ခွင်လျှာ၏ စစ်ဘက်

ပြည်တွင်းစစ်နှင့် စစ်နိုင်ငံရေး

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် စစ်နိုင်ငံရေး အားကောင်းမှုမှာလည်း စဉ်းစားရမည့် အချက်တစ်ချက် ဖြစ်ပါသည်။  မြန်မာနိုင်ငံရှိ စစ်နိုင်ငံရေးမှာ လက်ဝဲအယူဝါဒဆိုင်ရာ ပဋိပက္ခနှင့် လူမျိုးစုရေးရာ ပဋိပက္ခ နှစ်ခုဖြစ်သော ပြည်တွင်းစစ်နှင့် ဆက်စပ်နေပါသည်။ ၁၉၄၆ ခုနှစ် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်ကွဲပြီးနောက် ပြည်တွင်းစစ် စတင်သည်ဟု ဆိုနိုင်ပါသည်။ ထို့နောက် လူမျိုးစု ပဋိပက္ခပြဿနာကို မဖြေရှင်းနိုင်သောကြောင့် စစ်ဖြစ်ကြရပြန်သည်။ ပြည်တွင်း စစ် ဖြစ်သည့်အတွက်ကြောင့်လည်း စစ်နိုင်ငံရေး အားကောင်းလာခဲ့သည်။ ထို့ကြောင့် စစ်အသုံးစရိတ်များ တက်လာသကဲ့သို့ စစ်တပ်၏ အခန်းကဏ္ဍလည်း ကြီးမားလာခဲ့သည်။

ပြည်တွင်းစစ် ရပ်စဲရေးကို ပြောဆိုကြသည့်အခါတွင် လူမှု တရားမျှတမှုများနှင့် ဆက်စပ် ပြောဆိုလေ့ ရှိကြပါ၏။ တရားမျှတမှု ကင်းမဲ့သည်ဟု မြင်သောကြောင့် လက်နက်စွဲကိုင် ပုန်ကန်ကြသည်။ ယင်းအမြင်အရဆိုသော် ပြည်တွင်းစစ်မှာ တရားမျှတမှု ကင်းမဲ့ခြင်း၏ အကျိုးဆက် ဖြစ်ပါသည်။  ထို့ကြောင့်လည်း ပြည်တွင်းစစ် ရပ်စဲလိုက်သည်နှင့် တရားမျှတမှုများ ပြန်လည် ရရှိလာလိမ့်မည်ဟု မျှော်လင့်ကြသည်ကို နားလည်နိုင်ပါသည်။  သို့သော် ပြည်တွင်းစစ်၏ အကျိုးဆက် စစ်နိုင်ငံရေးကိုပါ ထည့်တွက်လျှင် ရွေးချယ်ဖို့ နှိုင်းယှဉ်စဉ်းစားစရာ အခြေအနေနှစ်ရပ်သာ ရှိပါတော့သည်။  ပထမ အခြေအနေမှာ “တရားမျှတမှု ကင်းမဲ့ခြင်း + ပြည်တွင်းစစ် + စစ်နိုင်ငံရေးတည်း”ဟူသော အခြေအနေဖြစ်ပြီး၊ ဒုတိယ အခြေအနေမှာ “တရားမျှတမှု ကင်းမဲ့ခြင်း + ပြည်တွင်းစစ် ရပ်စဲခြင်း + ထို့ကြောင့် စစ်နိုင်ငံရေး အားနည်းလာနိုင်ခြင်း”တည်းဟူသော အခြေအနေ ဖြစ်ပါသည်။ ပြည်တွင်းစစ် ရပ်စဲသွားသည်နှင့် တရားမျှတမှု ရှိလာမည်ဟု မမျှော်လင့်နိုင်ပေ။

ပြည်တွင်းစစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားမျှတမှု ကင်းမဲ့ခြင်းက ရှိနေဦးမည် ဖြစ်ပါသည်။ သို့သော် ပြည်တွင်းစစ် မရှိတော့လျှင် စစ်နိုင်ငံရေး အားကောင်းနေသော အခြေအနေကို လျှော့ချနိုင်ဖို့ အလားအလာ ရှိလာပါ၏။ တရားမျှတမှုမှာ ရေရှည် ကြိုးစားရမည့်အရာ ဖြစ်သည်။ ဥပမာ- အမေရိကန်နိုင်ငံသည် ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သော်လည်း လူမည်းများမှာ ၁၉၆၄ ခုနှစ် ရောက်မှသာ လူ့အခွင့်အရေး ရခဲ့ကြပြီး အမျိုးသမီးများမှာ ၁၉၂၀ ခုနှစ်မှသာ မဲပေးခွင့် ရခဲ့ကြသည်။ ထို့ကြောင့် ပြည်တွင်းစစ် ရပ်စဲပြီး၊ တရားမျှတမှုလည်း ရှိလာလျှင် သားရွှေအိုး ထမ်းလာသောကိန်းဖြစ်ပြီး၊ တရားမျှတမှု မရှိသေးလျှင်လည်း ပြည်တွင်းစစ်၏ အကျိုးဆက်များကို လျှော့ချနိုင်ခြင်းတည်းဟူသော အကျိုးဖြစ်ထွန်းလာနိုင်ပါ၏။

■ စစ်ရေးနှင့် နိုင်ငံရေး ရောယှက် 

စစ်ရေးနှင့် နိုင်ငံရေးကို စည်းခြားနိုင်ခြင်းမှာ ပညာရည် ပညာသွေးနှင့် လုပ်ကိုင်တတ်သော (ပရောဖက်ရှင်နယ်) စစ်တပ် တစ်တပ်၏ အဓိက လက္ခဏာတစ်ရပ် ဖြစ်ပါသည်။  မြန်မာ့ တပ်မတော်ကတော့ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရသော တပ်မတော်များ ကဲ့သို့ပင် နိုင်ငံရေးနှင့် စစ်ရေး ရောယှက်ပေါက်ဖွား လာရသော တပ်မတော်မျိုး ဖြစ်ပေသည်။ အင်္ဂလိပ်လက်အောက် ကိုလိုနီဘဝတွင် အိုင်ယာလန် တော်လှန်ရေးသမားများကို မြန်မာတို့က စံထားခဲ့ကြသည်။ ထို့နောက် အောက်တိုဘာ တော်လှန်ရေးက မြန်မာတို့၏ နိုင်ငံရေးအိပ်မက် ဖြစ်လာခဲ့သည်။  ဤသို့ဖြင့် ရဲဘော်သုံးကျိပ် ပေါက်ဖွားလာခဲ့ပြီး တပ်မတော်ကို ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီတည်း ဟူသော လက်ဝဲပါတီကြီး နှစ်ရပ်ကို အားပြု တည်ဆောက်ခဲ့ကြရပေ၏။  လွတ်လပ်ရေး ရပြီးသောအခါ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ရဲချုပ်တို့က တပ်ထဲမှ ကွန်မြူနစ်ပါတီဝင်များနှင့် ဆိုရှယ်လစ် ပါတီဝင်များကို ဖယ်ရှားပြီး တပ်မတော်ကို နိုင်ငံရေးကင်းသည့် ပရောဖက်ရှင်နယ် တပ်မတော်တစ်ခုဖြစ်ဖို့ ကြိုးစားခဲ့ကြသော်လည်း ထိုစဉ်က အာဏာရ နိုင်ငံရေးသမားများက ယင်းကြိုးပမ်းချက်ကို နယ်ချဲ့လက်ချက်အဖြစ် ရှုမြင်ခဲ့ကြကာ ကြိုးပမ်းသူများကို သူတို့၏ တာဝန်များမှ ဖယ်ရှားခဲ့ကြပေသည်။

■ စစ်တပ်နှင့် အုပ်ချုပ်ရေး

ထို့အပြင် အုပ်ချုပ်ရေးပိုင်းတွင် စစ်တပ် ပါဝင်ခဲ့ရသော သမိုင်းကာလများလည်း ရှိခဲ့ပေသည်။ ဂျပန်ခေတ် အုပ်ချုပ်ရေးတွင်လည်း စစ်တပ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ယနေ့အချိန်ထိလည်း ပါဝင်နေခဲ့သည်။ ဤအရာများမှာ ပေးထားချက်များ ဖြစ်ပေသည်။ လွတ်လပ်ရေး ရပြီးနောက် တပ်မတော်က အပြောင်းအလဲနှစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု အနောက်တိုင်း ပညာရှင်တစ်ဦးက ဆိုပါသည်။ ပထမ တစ်ခုမှာ လကျ်ာအုပ်စုများဟု သတ်မှတ်စွပ်စွဲပြီး တပ်မှထုတ်ပယ်ခြင်း ဖြစ်သည်။ ဗိုလ်လကျ်ာနှင့် အုပ်စုသည် နယ်ချဲ့လက်ဝေခံများ ဖြစ်ကြသည်ဟု ဆိုပြီး၊ နိုင်ငံရေးအရ ပေါ်ပေါက်လာခဲ့ရသော တပ်မတော်ကို နိုင်ငံရေးဆန်ဆန် စဉ်းစားပြုမူ လုပ်ကိုင်လာအောင် (Politicalization) လုပ်ခြင်း ဖြစ်သည်ဟု မေရီကယ်လယ်ဟန် (Mary Callahan) က သုံးသပ်ပြခဲ့ဖူးပါ၏။ ဒုတိယတစ်ခုမှာ ခေတ်မီ ဗျူရိုကရေစီ အုပ်ချုပ်ပုံနှင့် ဥရောပဟန် အမြဲတမ်းတပ်မတော် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တပ်မတော်သည် ပြည်ပလုံခြုံရေးကိစ္စသာမက ပြည်တွင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တပ်မတော်၏ တာဝန်ဖြစ်သည်ဟု ရှုမြင်လုပ်ကိုင်ခဲ့သည်ကို တွေ့ရပါသည်။ သို့ဖြင့် ရဲတပ်ဖွဲ့သည်လည်း တပ်မတော်အောက် ရောက်သွားခဲ့ရသည်။

■ အနာဂတ် စိန်ခေါ်ချက်များ

ရှေ့တွင် ရင်ဆိုင်သွားရမည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်သုံးခု ရှိပါသည်။ ပထမ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကိစ္စ ဖြစ်ပါသည်။ ဒုတိယ ဥပဒေပြုရေးနှင့် ဆက်နွယ်သော ကိစ္စရပ်များ ဖြစ်သည်။ ထိုကိစ္စရပ်များတွင် ဘတ်ဂျက်၊ တပ်အင်အား ဖွဲ့စည်းပုံ၊ လက်နက်နှင့် စစ်ပစ္စည်းသစ်များ တပ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်မှုထမ်းရေး ဥပဒေ၊ တိုင်းမှူးနှင့် အထက်အဆင့် ရာထူးတိုးမြှင့်ရေး ဥပဒေ၊ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက် နည်းဥပဒေ၊ ထောက်လှမ်းရေး လုပ်ငန်းများ ကြီးကြပ်သုံးသပ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းရေး၊ (အထူးသဖြင့် စစ်တပ်က ပိုင်သော စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် ကန့်သတ်ချက်များ ပါသည့်) နိုင်ငံတော်ပိုင် လုပ်ငန်းများဥပဒေ စသည်တို့ ပါဝင်သည်။

တတိယ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး သမ္မတ၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်များ ပိုမိုရှိလာအောင် ပြင်ဆင်ရပေလိမ့်မည်။ ထို့ပြင် တာဝန်ယူနေဆဲ စစ်ဘက်ဆိုင်ရာ အရာရှိများ အစိုးရအဖွဲ့အတွင်း မပါဝင်စေဖို့မှာလည်း ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်ရေးကိစ္စ ဖြစ်နေပြန်ပါ၏။ ရဲတပ်ဖွဲ့ကို အမိန့်ပေးနိုင်သော ရာထူးများတွင် လက်ရှိ တာဝန်ယူနေဆဲ တပ်မတော် အရာရှိများကို မခန့်ထားမိစေဖို့ကိုလည်း ဥပဒေကြောင်းအရရော၊ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံအရပါ စတင် လုပ်ဆောင်ကြရပါမည်။  ပြည်တွင်းလုံခြုံရေးနှင့် ပြည်ပရန် ကာကွယ်ရေးကို သီးခြား ခွဲစဉ်းစားပြီး၊ ပြည်တွင်းလုံခြုံရေး တာဝန်ကို ရဲတပ်ဖွဲ့ကယူဖို့ ဦးတည် ဆောင်ရွက်ရမည် ဖြစ်သော်လည်း လက်ရှိ ပြည်တွင်းစစ်ရှိနေဆဲ အနေအထားတွင် ရာနှုန်းပြည့် ဖော်ဆောင်ဖို့ ခက်ခဲနိုင်သည်ကိုလည်း နားလည်ကြရပါမည်။

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒ ချမှတ်ရာတွင် အရပ်ဘက်ပညာရှင်များနှင့် နိုင်ငံရေးအရ ခန့်ထားသူများ ပါဝင်နိုင်မည့် အခြေအနေတစ်ရပ်ကို ဖော်ဆောင်ကြရပါဦးမည်။ ကာကွယ်ရေးကဏ္ဍတွင် ခန့်ထားနိုင်ရေးအတွက် အရပ်ဘက် ဝန်ထမ်းများ၏ အရည်အသွေးကိုလည်း မြှင့်တင်ကြရပေမည်။ လွှတ်တော်တွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒ၊ ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး နားလည်တတ်ကျွမ်းသော ပုဂ္ဂိုလ်များ လုံလုံလောက် လောက်ရှိလာအောင် လူ့အရင်းအမြစ်များကို စနစ်တကျ ပျိုးထောင်မည့် စီမံချက်များ ချမှတ် ဆောင်ရွက်ကြရပါဦးမည်။

ဆိုရှယ်လစ်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် အခြားနိုင်ငံများ၏ သင်ခန်းစာများကိုလည်း မြန်မာနိုင်ငံက လေ့လာရပါဦးမည်။ အရှေ့ဥရောပ နိုင်ငံများ၌ ပြုပြင်ပြောင်းလဲရေး ၁၁ ချက် ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။ အကူးအပြောင်းဆိုင်ရာ ဂုရုကြီးတစ်ပါးဖြစ်သော ပညာရှင် ဟန်တင်တန် (Samuel P. Huntington) က ယင်းအချက်များကို ကိုးကား အကြံပြုခဲ့ဖူးပါ၏။  အရှေ့ဥရောပ နိုင်ငံများတွင် စစ်တပ်အနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြပြီး လွှတ်တော်ကလည်း ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြီးကြပ်ရေး အခန်းကဏ္ဍကနေ၍ ထိန်းကျောင်း ဆောင်ရွက်ခဲ့ပေ၏။ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် လူထု၏ အခန်းကဏ္ဍကိုလည်း ပိုပေးခဲ့ကြသည်ကို တွေ့ရပါသည်။ လူထုထင်မြင်ချက်များ ထင်ဟပ်နိုင်ရေးနှင့် ယင်းထင်မြင်ချက်များကို လေးလေးစားစား နားထောင် အရေးယူဆောင်ရွက်သော စနစ်များကိုလည်း တည်ဆောက်ကြရပါဦးမည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အရပ်ဘက် သဘောဆောင်အောင် လုပ်ဆောင်သွားကြသည်ကို စနစ်တကျ ကူးပြောင်းဖို့ အားထုတ်ကြသော အရှေ့ဥရောပ နိုင်ငံများတွင် တွေ့ကြရပါသည်။ ဥပမာ- အရပ်ဘက်တက္ကသိုလ်များတွင် အရပ်သားများနှင့်အတူ စစ်ဘက်ဝန်ထမ်းများက တက်ရောက် သင်ယူခြင်းမျိုးဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့များ၏ အထက်အဆင့် အရာရှိကြီးများ ခန့်ထားပုံကို  လွှတ်တော်နှင့် ဆွေးနွေးညှိနှိုင်း၍ သတ်မှတ်ပြဌာန်းကြသည်။ လုံခြုံရေးဆိုင်ရာ မူဝါဒအသစ်များကို အရပ်ဘက်မှ ပုဂ္ဂိုလ်များ ကျွမ်းကျင်သူများနှင့် စဉ်းစားကြ၏။ တပ်တွင်း စီမံခန့်ခွဲပုံတွင် လက်အောက်ငယ်သားများ၏ အသံများ ပါဝင်လာစေရန် လက်အောက်ငယ်သားများ ပါဝင်ဆွေးနွေး ဆုံးဖြတ်သည့် စီမံခန့်ခွဲမှုပုံစံကိုလည်း တပ်မတော်များက ဖော်ဆောင်လာကြပါသည်။ နှိုင်းယှဉ်မှုအရ နိုင်ငံရေးသဘော ဘက်မလိုက်သည့် လက်နက်ကိုင်တပ်များ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရေးများ လုပ်ကြသည်။ စစ်တပ်အတွင်း အယူအဆရေးရာ သဘောထား ကွဲလွဲမှုများကို နားလည် လက်ခံနိုင်အောင်၊ ယင်း သဘောထား ကွဲလွဲမှုများအပေါ် တပ်တွင်း စည်းလုံးညီညွတ်မှု မပျက်စေဘဲ ကိုင်တွယ်နိုင်မည့် နည်းလမ်းများကိုလည်း ဖော်ထုတ် ကျင့်သုံးကြည့်ကြသည်။ စစ်တပ်အနေဖြင့် ပြည်တွင်းလုံခြုံရေးကဏ္ဍတွင် ပါဝင်နေရာက ဆုတ်ပေးသည်။ ဘာသာရေးယုံကြည်ချက် အပါအဝင် ခွဲခြားဆက်ဆံမှုမျိုး မရှိစေရန်လည်း အလေးထား လုပ်ဆောင်ကြ၏။ အများယူကြသော ဘာသာနှင့် ကွဲပြားခြားနားသောကြောင့် (ဥပမာ- မြန်မာနိုင်ငံ အခြေအနေမျိုးတွင် ခရစ်ယာန်ဘာသာဝင် ဖြစ်ခြင်း၊ အစ္စလာမ်ဘာသာဝင် ဖြစ်ခြင်းကြောင့်) ခွဲခြားဆက်ဆံခြင်း၊ ရာထူးတိုးမပေးခြင်း စသောဖြစ်ရပ်များ မဖြစ်စေရန် ထိန်းကျောင်းသွားနိုင်မည့် စနစ်များကို တည်ဆောက်ကြသည်။  တပ်မတော်သား တစ်ယောက်သည် တပ်အတွင်းတွင် ယုံကြည်မှုအရ ပြောဆိုနိုင်ခွင့်ရှိပြီး ထိုသို့ ပြောဆိုနိုင်အောင်လည်း ဥပဒေအရ အာမခံထားကာ တိကျသော လုပ်ထုံးလုပ်နည်းများ ချမှတ်ထားကြပေသည်။  ဒါက အရှေ့ဥရောပ နိုင်ငံများတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ဒီမိုကရေစီနှင့် လိုက်လျောညီထွေအောင် ပြောင်းလဲ ကျင့်သုံးကြပုံများ ဖြစ်ပါသည်။

လက်တင်အမေရိက နိုင်ငံများတွင်လည်း အပြောင်းအလဲများ လုပ်ခဲ့ကြပါသည်။ ကာကွယ်ရေးမူဝါဒကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်အောင် ကြိုးစားကြသည်။ ဥပမာ- တပ်အင်အား မည်မျှလိုအပ်သည်၊ စစ်တပ်၏ တာဝန်၊ ထိုတာဝန်ကို ထမ်းဆောင်နိုင်ဖို့ လိုအပ်သော အရင်းအမြစ် စသဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြကြသည်။ စစ်တပ်၏ အရေးကိစ္စများနှင့် ပတ်သက်နေကြသော အရပ်ဘက်မှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ လုံခြုံရေးဆိုင်ရာ အသိပညာဗဟုသုတ ကြွယ်ဝရန် စစ်တပ်၏ လုပ်ငန်းဆောင်တာများ၊ စဉ်းစားတွေးခေါ်ပုံများကို အရပ်ဘက်မှ သိရှိစေရန် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ပြည်တွင်းလုံခြုံရေး အခန်းကဏ္ဍကို ရဲတပ်ဖွဲ့က ယူသော်လည်း လိုအပ်ပါက စစ်တပ်က ထောက်ကူ ဆောင်ရွက်နိုင်ရန် စစ်တပ်၏ ပြည်တွင်းလုံခြုံရေး အခန်းကဏ္ဍကို ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သတ်မှတ်ပြဌာန်းထားကြ၏။ စစ်တပ်အနေဖြင့် အုပ်စုစွဲ စိတ်ဓာတ်၊ အပြောင်းအလဲကို ခုခံလိုစိတ်၊ ကြမ်းတမ်းစွာ ပြုမူလိုသော စိတ်ဓာတ်များ နည်းပါးလာအောင်လည်း အစီအမံများ လုပ်ထားကြပါသည်။

အာရှနိုင်ငံများကတော့ ဒီမိုကရေစီ အကူးအပြောင်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ဇောင်းပေးတတ်ကြသည်။ နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းပုံနှင့် ကျင့်ထုံးပိုင်း ကောင်းမွန်လာစေရန်၊ စစ်တပ်၏ နိုင်ငံရေးဓလေ့နှင့် အယူအဆတွင် အရပ်ဘက်၏ ကွပ်ကဲမှုကို လက်ခံနိုင်ရန်၊ စစ်တပ်၏ အထူးတာဝန်ပိုင်းတွင် ပြည်တွင်းလုံခြုံရေး အခန်းကဏ္ဍ လျှော့ချရန်၊ သို့မဟုတ် မရှိစေရန်နှင့် စစ်တိုင်းများကို အခြေခံသော ဖွဲ့စည်းပုံကိုပြောင်းလဲရန် ပညာရှင်များက တိုက်တွန်းကြသည့်အတိုင်း အင်ဒိုနီးရှားလိုနိုင်ငံတွင် အပြောင်းအလဲများကို စတင်တွေ့မြင် လာကြပါသည်။ တိုင်းရင်းသားလူမျိုးများ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသော နိုင်ငံများတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားညီညွတ်ရေးမှာ ဒီမိုကရေစီ အကူးအပြောင်းအတွက် မရှိမဖြစ် အရေးပါလှသော အခြေခံအချက်များ ဖြစ်ကြပေသည်။

■ ထွက်တော်မူနန်းကခွာရေး သို့မဟုတ် နိုင်ငံရေးမှ စစ်တပ် ဆုတ်ခွာခြင်း

ဒီမိုကရေစီကျသော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်ရပ်ကို ထူထောင်ရန် စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသည်ကို လျှော့ချဖို့ လိုအပ်ပေသည်။ နိုင်ငံရေးမှ စစ်တပ် ဆုတ်ခွာပုံကို လေ့လာသောအခါ အဓိက အကြောင်းပြိုင် သုံးရပ်ကို ပညာရှင်များက တွေ့ရှိကြပါသည်။ ပထမအကြောင်းရပ်မှာ ဆုတ်ခွာပုံဖြစ်၏။ ရုတ်တရက် ဆုတ်ခွာမလား၊ တဖြည်းဖြည်း အဆင့်ဆင့် ဆုတ်ခွာမလား နိုင်ငံများက စဉ်းစားဆုံးဖြတ်ကြရသည်။ မြန်မြန် ဆုတ်ခွာသည်က တိုင်းပြည်အတွက် ပိုကောင်းသည် ဟူသော အင်အားစုများနှင့် တဖြည်းဖြည်း ဆုတ်ခွာပုံက တိုင်းပြည်အတွက် ပိုကောင်းသည် ဟူသော အင်အားစုများ ပြိုင်နေတတ်ကြပါ၏။ ဒုတိယ အကြောင်းရပ်မှာ အဖွင့် (Liberalization) နှင့် ဒီမိုကရေစီ ခိုင်မာလာအောင် ဆောင်ရွက်ရခြင်း၊ သို့မဟုတ် အခိုင်ကိစ္စ (Democratization) ဖြစ်သည်။ အတိုင်းအဆ အားပြိုင်မှု ဖြစ်သည်။  ဘယ်လောက်အထိ ဖွင့်ပြီး ဘယ်မျှအထိ ဒီမိုကရေစီကျအောင်၊ သို့မဟုတ် ခိုင်မာအောင် ဘယ်လိုနည်းလမ်းများနှင့် လုပ်ကြမလဲဟူသော အားပြိုင်မှုဖြစ်သည်။  တတိယပိုင်းက တပ်မတော်ကို ဘယ်ပုံဘယ်နည်းနဲ့ စစ်သားပီပီ လုပ်ကိုင်တတ်လာအောင် ဆောင်ရွက်မလဲ ဟူသော အားပြိုင်မှု ဖြစ်သည်။ အစဉ်အလာ သဘောအရ ဒီမိုကရေစီနိုင်ငံများတွင် စစ်သားတစ်ယောက်၏ အလုပ်သဘောမှာ ကာကွယ်ရေးကိစ္စသာ ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံအချို့က စစ်တပ်များကမူ ကာကွယ်ရေးအပြင် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆောင်ရွက်ရမည်ဟု မြင်လာကြပါသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟု ပြောသောအခါ နိုင်ငံရေး အမြင်သဘောများလည်း ပါဝင်လာပါတော့သည်။ မြန်မာ့သမိုင်းသဘောအရ ပြောလျှင် ဗိုလ်လကျ်ာနှင့် ဗိုလ်နေဝင်းတို့၏ အားပြိုင်မှု သို့မဟုတ် အစဉ်အလာ စစ်သားအလုပ် (ဝါ) ပရော်ဖက်ရှင်နယ် (Professionalism) နှင့် နောက်ပေါက် စစ်သားအလုပ်တို့၏ အားပြိုင်မှုဖြစ်ပါသည်။ မြန်မာ့အခြေအနေမှာတော့ အစဉ်အလာ စစ်သားအလုပ်က အားနည်းလှပေ၏။  ကာကွယ်ရေးအလုပ်အပြင် လက်ဝဲ ဆိုရှယ်လစ်ဝါဒ ယင်းနောက် ယခုအထိ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ပါ တပ်က ပါဝင်ရမည်ဟူသော အယူအဆက မြန်မာ့တပ်မတော်အတွင်းတွင် လွှမ်းမိုးခဲ့ပါသည်။  ဤအကြောင်း ပြိုင်သုံးခုမှာ သီးခြားစီ ရှိနိုင်သကဲ့သို့ တစ်ခုနှင့်တစ်ခု ရောယှက်၍လည်း ရှိနေနိုင်ပါသည်။

■ အကြောင်းပြိုင် (၁)

■ မြန်မြန်ဆန်ဆန် ရုတ်တရက် ဆုတ်ခွာခြင်းနှင့် တဖြည်းဖြည်း ဆုတ်ခွာခြင်း

ရုတ်တရက် ထွက်တော်မူနန်းက ခွာသွားသော ဖြစ်ရပ်များ ရှိခဲ့ဖူးပါသည်။  ဥပမာအားဖြင့် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဆဒမ်ဟူစိန် ပြုတ်ကျသွားတာမျိုး ဖြစ်သည်။  အာဂျင်တီးနား တွင်လည်း သမ္မတ အယ်ဖောင်ဆင် (Raul Alfonsin) တက်လာချိန်တွင် စစ်တပ်က ချက်ချင်း ဆုတ်ခွာပေးခဲ့သည်။ သို့ရာတွင် နောက်ပိုင်း အာဏာပြန်သိမ်း၏။  ချီလီတွင် အာယန်းဒေး တက်တော့လည်း ဤအတိုင်းပင်ဖြစ်သည်။  အာဏာသိမ်းထားသော စစ်တပ် အုပ်စုတစ်စုကို နောက်အုပ်စုတစ်စုက အာဏာဖြုတ်ချပြီး အာဏာပြန်သိမ်းသော ဖြစ်ရပ်များမှာ လက်တင်အမေရိကနှင့် အာဖရိက နိုင်ငံများတွင် ၁၉၇၀ နှင့် ၈၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့ဖူးပါ၏။  အာဏာသိမ်းမှုသံသရာ ဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေးနှင့် စစ်အစိုးရကို ဖြုတ်ချနိုင်သော နိုင်ငံများတွင် စစ်တပ်က သူ့နေရာသူ ပြန်ရောက် သွားတတ်သော်လည်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာဘဲ၊ အာဏာပိုင်ဝါဒ ကျင့်သုံးသောနိုင်ငံများ ဖြစ်သွားတတ်သော သာဓကများလည်း ရှိကြပေသည်။  အယ်လ်ဆာဗေဒိုမှာ ထိုသို့သောနိုင်ငံ ဖြစ်ခဲ့သည်။

အစီအစဉ်တကျ တဖြည်းဖြည်း ဆုတ်ခွာခြင်းမှာ အချိန်ကြာတတ်ပါသည်။ ပြည်သူလူထု၏ ဖိအားလည်း လိုအပ်ပါသည်။ ရလဒ်အနေဖြင့် မြန်မြန်ဆန်ဆန် ဆုတ်သွားသော နိုင်ငံများထက်စာလျှင် ဒီမိုကရေစီ အကူးအပြောင်းကို တဖြည်းဖြည်း ပြောင်းသော နိုင်ငံများက ပို၍ တည်တည်ငြိမ်ငြိမ်ဖြင့် သွားနိုင်သည်ကို နှိုင်းယှဉ်မှုအရ တွေ့ရပါသည်။ ဥပမာ- ဘရာဇီးနိုင်ငံ ဖြစ်သည်။ သို့သော် တစ်ဘက်တွင်လည်း ဂျပန်ကဲ့သို့ အမေရိကန်က ဝင်သိမ်းပြီး ဖက်ဆစ်နိုင်ငံ အဖြစ်မှ ဒီမိုကရေစီစနစ်သို့ ရုတ်ချည်း ကူးပြောင်းရာတွင် တည်တည်ငြိမ်ငြိမ် ကူးပြောင်းသွားနိုင်သော သာဓကလည်း ရှိပေ၏။  သို့သော် အီရတ်တွင်မူ အမေရိကန်တို့ မျှော်လင့်ထားသလို မအောင်မြင်ခဲ့ပေ။ ယေဘုယျအားဖြင့်မူ စနစ်တကျ တဖြည်းဖြည်း ကူးပြောင်းခြင်းက တည်ငြိမ်ပြီး ဒီမိုကရေစီကို ခိုင်မာအောင် တည်ဆောက်နိုင်သည် ဟူသော အယူအဆက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး လေ့လာကြသော ပညာရှင်များကြားတွင် လွှမ်းမိုးနေသည်ကို တွေ့ရပါသည်။

 ■ အကြောင်းပြိုင် (၂)

■ အဖွင့်(liberalization)နှင့် ဒီမိုကရေစီ ခိုင်မာအောင် ဆောင်ရွက်ခြင်း (democratization)

ဒီမိုကရေစီ အကူးအပြောင်းကို လေ့လာကြသော ပညာရှင်ဂိုဏ်းများ ကြားတွင် တချို့က အဖွင့်နှင့် အခိုင်ဟု နှစ်မျိုးခွဲ ကြည့်မြင်ကြသလို တချို့ကတော့ အဖွင့်၊ အကူး (transition) နှင့် အခိုင် ဟူ၍လည်း သုံးမျိုးခွဲ ကြည့်ကြသည်ကို တွေ့ရပါသည်။ ပညာရှင်များပြောသော အဖွင့်တွင် အတိုက်အခံကို လက်ခံလာခြင်း၊ မီဒီယာများ၏ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို အသိအမှတ်ပြုလာခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် လူ့အခွင့်အရေးကိစ္စများကို လက်ခံ အသိအမှတ်ပြုလာခြင်း စသောအချက်များ ပါဝင်ပါသည်။ သို့သော် အတိုက်အခံက  ငြိမ်းချမ်းစွာ အာဏာရယူနိုင်သည့် အခွင့်အလမ်း၊ တစ်နည်းအားဖြင့် လွတ်လပ်သည့် ရွေးကောက်ပွဲများကတော့ ရှိကောင်းမှ ရှိမည်ဟု ဆိုပါ၏။ စစ်အစိုးရများအနေဖြင့် ဖွင့်နိုင်သော်လည်း ဒီမိုကရေစီ ခိုင်အောင်တော့ မဆောင်ရွက်ပေးနိုင်ပါ။ အနှစ်သာရရှိရှိ အရပ်သားသဘောဆောင်လာမှသာ နိုင်ငံတစ်နိုင်ငံအဖို့ ဒီမိုကရေစီကို ကူးပြောင်းသွားနိုင်မည် ဖြစ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာခဲ့ပြီး အတိုက်အခံက ငြိမ်းချမ်းစွာ အာဏာရလာခဲ့ပြီ ဖြစ်ပါသည်။ သို့သော် စစ်တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေသလို၊ ဝန်ကြီးဌာနသုံးခု၏ ဝန်ကြီးများကို ကာကွယ်ရေးဦးစီးချုပ်က တာဝန်ထမ်းဆောင်နေဆဲ တပ်မတော် အရာရှိကြီးများကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ခန့်ထားနေဆဲ ဖြစ်ပါသည်။ အရပ်သားသဘော ဆောင်လာသယောင် ရှိသော်လည်း အရပ်သားပုံစံ အပြည့်အဝကတော့ မဖြစ်သေးပေ။

ဖွဲ့စည်းပုံဆိုင်ရာ သဘောတူညီချက် ရရှိပြီး ယင်း သဘောတူညီမှုအရ ရွေးကောက်ပွဲ ကျင်းပခြင်း စသော အချက်များကတော့ အကူးကိုတိုင်းတာသော အချက်များ ဖြစ်ပေသည်။  အချို့ပညာရှင်များကတော့ အကူးအပြောင်း ဂုရုတစ်ပါးဖြစ်သည့် ရှမစ်တာတို့ ခွဲသလို အကူးကို သပ်သပ် မပြောတော့ဘဲ ဒီမိုကရေစီ ခိုင်မာအောင်လုပ်ခြင်း (consolidation) ထဲတွင် ထည့်သွင်း ပြောတတ်ကြပါ၏။  ယင်းဖြစ်စဉ် နှစ်ရပ်ပေါင်းကိုပင် ဒီမိုကရေစီကျအောင် ဆောင်ရွက်ခြင်း ဖြစ်စဉ် (democratization process) ဟုလည်း ပြောတတ်ကြပါသည်။  စစ်အစိုးရအောက်က ထွက်ပြီး ဒီမိုကရေစီသို့ ကူးပြောင်းသောအခါ အဖွင့်လုပ်ငန်းများကို လုပ်ပြီး ဒီမိုကရေစီကျအောင် ကူးပြောင်းသော ဖြစ်စဉ်ကိုတော့ စစ်တပ်များက လက်တုံ့နေတတ်ကြပါ၏။ ဒီအတွက် ပြည်သူလူထု ဖိအားလိုသည်ဟု ပညာရှင်များက ပြောခြင်းဖြစ်ပါသည်။ ထို့ကြောင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် အဖွင့်နှင့် ဒီမိုကရေစီကျအောင် ဆောင်ရွက်ခြင်းမှာ အကြောင်းပြိုင်တစ်ရပ် ဖြစ်လာရပါသည်။

■ အကြောင်းပြိုင် (၃)

■ စစ်သားပီသမှု သို့မဟုတ် ပရော်ဖက်ရှင်နယ် ပီသရေး (professionalism)

စစ်သားအလုပ်မှာ အစဉ်အလာအရ ပြည်ပရန် ကာကွယ်ရေး ဖြစ်သော်လည်း စစ်တပ် သြဇာကြီးမားသော နိုင်ငံများတွင် စစ်သားအလုပ်၏ အဓိပ္ပာယ်အသစ် အနေဖြင့် ပြည်တွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထည့်သွင်းပြောဆိုလာကြပါသည်။ ထိုအဓိပ္ပာယ်အသစ်အရ စစ်တပ်၏ အခန်းကဏ္ဍကို ချဲ့ထွင်၍ ရလာကြသည်။ ယင်းသို့ အခန်းကဏ္ဍ ထပ်ပိုးလာခြင်းများကို အာဏာသိမ်းသည့် အစိုးရများတွင် အများဆုံး တွေ့ရကာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အခက်အခဲတစ်ရပ် ဖြစ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဓိပ္ပာယ်အရ စစ်တပ်များမှာ ထွက်တော်မူနန်းက မခွာချင်တတ်ဘဲ တိုင်းပြည်အတွက် ဆက်လက် ဆောင်ရွက်ချင်တတ်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်သော်ငြားလည်း အချို့နိုင်ငံများတွင် အဓိပ္ပာယ်သစ်မှ အစဉ်အလာ အဓိပ္ပာယ်သို့ ပြန်သွားသည်များလည်း ရှိပါသည်။ ထိုသို့ ပြန်သွားရသည့် အကြောင်းရင်းကို ရှာမတွေ့သေးပါ။ သို့သော် ထွက်တော်မူနန်းက ခွာသည်နှင့် ဒွန်တွဲတွေ့ရသော အကြောင်းကတော့ အမျိုးသားလုံခြုံရေးမူဝါဒ အပြောင်းအလဲပင် ဖြစ်သည်။  မူဝါဒပြောင်းလဲသွားသည်နှင့် ထွက်တော်မူတတ်ကြသည်ကို တွေ့ရပါ၏။ သို့ဖြစ်စေကာမူ ပညာရှင်များက ယင်းမူဝါဒ အပြောင်းအလဲကို ထွက်တော်မူရခြင်း အကြောင်းရင်းဟု မပြောကြသေး။

 ■ ဖွင့်လိုက်သောအခါ

လစ်ဘရယ်လိုက်ဇေးရှင်း တည်းဟူသော အဖွင့်ကို သွားတော့မည် ဆိုသောအခါ သက်ဆိုင်ရာ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်း အသီးသီး၏ လုပ်ပိုင်ခွင့်စည်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ကြဖို့ လိုအပ်ပါသည်။ စစ်တပ် အနေဖြင့်လည်း ယင်း၏ လုပ်ပိုင်ခွင့်စည်းကို သတ်မှတ်တတ်ကြပါသည်။ ဖွင့်လိုက်ပြီ ဆိုသောအခါ ပြောဆိုလှုပ်ရှားခွင့်များ ရရှိလာသည့်အတိုင်း ဘာသာရေး၊ လူမျိုးရေး အစရှိသော အဖွဲ့အစု စိတ်ဓာတ်များ ပြင်းထန်လာအောင် ကြိုးစားကြလေ့ ရှိပါသည်။ ထိုအခါ ဘာသာရေး စိတ်ဓာတ်၊ လူမျိုးရေး စိတ်ဓာတ်များမှာ အစွန်းသို့တိုင် ရောက်ရှိသွားနိုင်ပြီး လွတ်လပ်စွာ ဖွဲ့စည်း၊ လှုပ်ရှား၊ စုရုံးခွင့်အရ၊ ယခင်က ငြိမ်နေခဲ့သော လူ့အဖွဲ့အစည်းမှာ သက်ဝင် လှုပ်ရှားလာပါတော့ သည်။ ယခင် လှုပ်ရှားခဲ့ကြသော အဖွဲ့များက သူတို့၏ အလုပ်များကို မြှင့်တင် လုပ်ကိုင်ကြမှာ ဖြစ်သလို၊ အာဏာရှင်စနစ်အောက်တွင် ထိန်းချုပ် လှုပ်ရှားခဲ့ကြသော အဖွဲ့များကလည်း ဖွင့်လှုပ်ရှားလာကြမည် ဖြစ်ပါသည်။ ထိုအခြေအနေတွင် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ အကျိုးစီးပွားကို မြင်နိုင်စွမ်းအား နည်းသွားပြီး မိမိ အဖွဲ့အစု စိတ်ဓာတ်နှင့် အကျိုးစီးပွားက ထိပ်တက်လာတတ်ပါ၏။ ချုပ်ကိုင်ထားသည့် အုပ်ချုပ်ရေးယ္တရားကို ဖြေလျှော့လိုက်သော အချိန်တွင် လာဘ်ပေးလာဘ်ယူမှုများ ကြီးထွားလာခြင်း၊ ရာဇဝတ်မှုများ ထူပြောလာခြင်း၊ အစွန်းရောက် ဘာသာရေး လှုပ်ရှားမှုများ အားကောင်းလာခြင်း၊ အစုအဖွဲ့၏ အကျိုးစီးပွါးအတွက် လှုပ်ရှား တောင်းဆိုလာခြင်း စသဖြင့် အရှိန်အဟုန် ကြီးမား လာနိုင်သည့်အတိုင်း ဆန္ဒပြပွဲများ၊ သပိတ်များနှင့် မတည်မငြိမ် ဖြစ်လာတတ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုး အမျိုးမျိုးအဖုံဖုံရှိသော တိုင်းပြည်များတွင် မိမိလူမျိုး၊ မိမိဘာသာ အကျိုးစီးပွားကို ရှေ့တန်းတင်မိလျက်ဖြစ်ကာ ခွဲထွက်ခွင့်များ တောင်းဆိုသည်အထိ ဖြစ်တတ်ပါသည်။ ယင်းသို့ မတည်မငြိမ် ဖြစ်လာသော အခြေအနေ၏ ရလဒ်မှာ တပ်က အာဏာသိမ်းခြင်းပင် ဖြစ်ပါသည်။ အဖွင့်အချိန်တွင် နောက်ကြောင်း ပြန်လှည့်လေမည်လား ဟူသော စိုးရိမ်ချက်မှာ စိုးရိမ်သင့် စိုးရိမ်ထိုက်သော အချက်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း စဖွင့်လိုက်သည့် ၂၀၁၁ ခုနှစ် အချိန်မှ ယခုအချိန်အထိ  ထိုသို့သော အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပါသည်။ အကူးအပြောင်းတွင် သော့ချက်မှာ ပါဝင် ပတ်သက်သူများက တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ချမှတ်ထားကြသော စည်းများနှင့် သည်းခံနိုင်မှု အတိုင်းအဆ ဖြစ်ပေသည်။  ထိုသို့ စည်းများ ကျော်သွားသော် ပဋိပက္ခများ ပြင်းထန်လာတတ်ပြီး တပ်ကလည်း အာဏာသိမ်းတတ်ပါ၏။  ထောက်လှမ်းရေး၊ ပြည်သူ့စစ်နှင့် ရဲတို့မှာ စစ်တပ်က နိုင်ငံရေးကို မစွန့်စေလိုသော အဖွဲ့များ ဖြစ်ကြသည်ကို တွေ့ရှိရပါသည်။  အဘယ်ကြောင့်ဆိုသော် ယင်းအဖွဲ့များက စစ်တပ်အပေါ် မှီပြီး အာဏာရှိနေခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။

■ စည်းသတ်ကြဖို့လို  

အထက်ပါ အကြောင်းများကြောင့်လည်း အရပ်ဘက်က ဘယ်မျှအထိ လှုပ်ရှားလို့ ရနိုင်ပြီး၊ စစ်တပ်က မည်မျှအထိ လုပ်ဆောင်နိုင်သည် ဟူသော လုပ်ပိုင်ခွင့်စည်းများ၊ လုပ်နိုင်သော နယ်ပယ်များ (boundaries) ကို စဉ်းစား ဖော်ထုတ် သတ်မှတ်ထားကြဖို့ လိုလာပါသည်။  အလားတူပင် စစ်ဘက်ကလည်း အရပ်ဘက်၏ သဘောသဘာဝများကို နားလည်ပြီး မိမိစည်းကို သတ်မှတ်ထားကြရပါမည်။  ပါဝင် ပတ်သက်ကြသူ စစ်ဘက်-အရပ်ဘက် ခေါင်းဆောင် များနှင့် အဖွဲ့အသီးသီးက အကန့်အသတ်များကို ဖော်ထုတ်နားလည်ပြီး လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ချမှတ် ဆောင်ရွက်နိုင်လျှင် ဒီမိုကရေစီ ကူးပြောင်းရေးမှာ အချိန်ကုန် လူပမ်းမဖြစ်ဘဲ ချောမွေ့ပါလိမ့်မည်။ ဤသို့ဆိုသဖြင့် လူထုလှုပ်ရှားမှုကဲ့သို့သော ဖိအားပေးမှုများ မလိုဟု ပညာရှင်များက မဆိုလို။  သို့သော် အဆမှန်စွာ ချိန်တတ်ဖို့တော့ လိုပါလိမ့်မည်။ အချိန်အခါ သင့်မြတ်မှု အဆုံးအဖြတ်လည်း လိုပါလိမ့်မည်။ ထို့အတူပင် စည်းများ သတ်ထားသော်လည်း ယင်းစည်းများမှာ ပြောင်းလွယ်ပြင်လွယ် သဘောများရှိမှသာ ပဋိပက္ခထဲသို့ ပြန်လည်မသွားဘဲ၊ ရှေ့သို့ ခရီးဆက်နိုင်ကြမည် ဖြစ်ပါ၏။

■ အရပ်ဘက် ခေါင်းဆောင်၊ စစ်ဘက် ခေါင်းဆောင်

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ အကူးအပြောင်းတွင် အရပ်ဘက် ခေါင်းဆောင်နှင့် စစ်ဘက် ခေါင်းဆောင်တို့၏ ခေါင်းဆောင်မှု အရည်အသွေးကလည်း အရေးကြီးသည်ဟု ဆိုပါသည်။  အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို အကူးအပြောင်းတွင် ချောမွေ့စွာ ကိုင်တွယ်သွားနိုင်သော ဖြစ်ရပ်များတွင် အဆုံးအဖြတ် ပေးနိုင်သော စစ်ဘက် ခေါင်းဆောင်များက နိုင်ငံရေးမှ စွန့်ခွာရန် ပိုင်းပိုင်းဖြတ်ဖြတ် ဆန္ဒရှိကြသည်ကို တွေ့ရပြီး ယင်း ခေါင်းဆောင်များကိုလည်း စစ်တပ် တစ်ခုလုံးက ယုံကြည်စိတ်ချကာ ခေါင်းဆောင်များ၏ အမိန့်ပေးချက်အတိုင်း လိုက်နာ ဆောင်ရွက်သည်ကိုလည်း တွေ့ရပါသည်။   စစ်တပ်ခေါင်းဆောင်နှင့် ၎င်းးအပေါ် ယုံကြည်စိတ်ချသော၊ ၎င်းးအမိန့်ပေးသည့်အတိုင်း လိုက်နာ ဆောင်ရွက်နိုင်သော အရပ်ဘက်အစိုးရ အနေဖြင့်လည်း တပ်၏ အထောက်အကူမပါဘဲ အကူးအပြောင်းနှင့် ပြည်သူလူထု လိုလားသော ကိစ္စများကို စွမ်းဆောင်နိုင်ရည် အပြည့်ရှိသော အစိုးရမျိုးဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ တပ်၏ ယုံကြည်စိတ်ချမှုကို ရရှိမည် ဖြစ်ပါသည်။ တစ်ပြိုင်တည်းမှာပင် အစိုးရကလည်း စစ်တပ်ဟူသော ကာကွယ်ရေးအဖွဲ့အစည်း တစ်ရပ်၏ လိုအပ်ချက်နှင့် အကျိုးစီးပွားကို သိနားလည် ဆောင်ရွက်ပေးသော အစိုးရမျိုး၊ သို့မဟုတ် ခေါင်းဆောင်မျိုးဖြစ်လျှင် ထွက်တော်မူနန်းက ခွာခန်း တီးလုံးနှင့် ဇာတ်ကွက်က ညင်သာသည်ဟု ဆိုပါ၏။ အကူးအပြောင်း ကာလတွင် စစ်ခေါင်းဆောင်များက စစ်အသုံးစရိတ်နှင့် အခွင့်ထူးများ ဖြတ်တောက်မှာကို စိုးရိမ်ကြသည်။ ထိုစိုးရိမ်ချက်ကို အရပ်ဘက် ခေါင်းဆောင်များက နားလည်ကြဖို့ လိုပေသည်။ ယင်းစိုးရိမ်ချက်ကြောင့်ပင် လာရာလမ်းကို စစ်တပ်များက ပြန်လှည့်တတ်ကြပါ၏။

■ နိုင်ငံတကာ ဖိအား

ဒီမိုကရေစီခရီး လေ့လာချက်များအရ၊ အဖွင့်၊ အခိုင် လုပ်ငန်းများမှာ နိုင်ငံတကာ ဖိအားနှင့် မသက်ဆိုင်ဘဲ ပြည်တွင်း အကြောင်းအချက်များကြောင့်သာ အပြောင်းအလဲ ဖြစ်ရသည်က များပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူထားသည်များကို ရုတ်သိမ်းပေးခြင်းမှာ ယင်းတွေ့ရှိချက်များနှင့် ဆက်စပ်နေနိုင်ပါသည်။ စင်စစ် မြန်မာနိုင်ငံလို တိုင်းရင်းသား အမျိုးမျိုးအဖုံဖုံရှိသော နိုင်ငံများတွင် ပြည်တွင်း အကြောင်းအချက်က ပိုပြီး အဓိက ကျတတ်ပါ၏။

■ အမျိုးသားညီညွတ်ရေးနှင့် လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး

တိုင်းရင်းသားလူမျိုးများ အထွေထွေအပြားပြား ရှိသော နိုင်ငံများမှာ ပဋိပက္ခ တိမ်းညွတ်မှုများပြီး ပြည်တွင်းစစ်များ ဖြစ်ပွားတတ်ကြပေသည်။ ထိုနိုင်ငံများတွင် စစ်တပ် စွက်ဖက်မှု ကြီးမားသည်။ တိုင်းရင်းသား လူမျိုးများကလည်း စစ်တပ် စွက်ဖက်သောကြောင့် ပြည်တွင်းစစ် ဖြစ်ရသည်ဟု ယူဆကြသည်။  မြန်မာနိုင်ငံမှာ ထိုသို့သောနိုင်ငံ ဖြစ်သည်။ ယင်းသို့ တိုင်းရင်းသားလူမျိုး အဖုံဖုံနှင့် ကွဲနေပြီး ပြည်တွင်းစစ် ဖြစ်ပွားနေသော လူ့အဖွဲ့အစည်းမျိုး (divided society) တွင် ဒီမိုကရေစီ အကူးအပြောင်းမှာ ပိုမို ခက်ခဲတတ်ပေ၏။ ဤသို့သော လူ့အဖွဲ့အစည်းများ ဒီမိုကရေစီသို့ ရွေ့ကြသောအခါ အမျိုးသားညီညွတ်ရေးက အဓိကလော၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးက အဓိကလော ဟူသော အားပြိုင်မှု ရှိလာပါသည်။

ဘာသာရေးနှင့် ယဉ်ကျေးမှု အခြေခံသော ပဋိပက္ခအတွင်းသို့ ကမ္ဘာကြီး ကျရောက်မည်ကို ကြိုတင် ဟောကိန်းထုတ်ခဲ့ပြီး အကူးအပြောင်းဆိုင်ရာ တတိယလှိုင်းကျမ်းကို ရေးသားသူ ပါမောက္ခ ဟန်တင်တန်ကတော့ တိုင်းရင်းသား အမျိုးမျိုးရှိသော လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်ရေးက သော့ချက်ဖြစ်သည်ဟု ဆိုပါသည်။  စည်းလုံးညီညွတ်သော အခြေအနေကို အဓိကထား တည်ဆောက်ပြီး၊ ဒီမိုကရေစီကျသော နိုင်ငံရေးကျင့်ထုံးများနှင့်အတူ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်ပုံများကို ဖန်တီးရန် အကြံပေးပါ၏။ ပြီးမှသာ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများကို လိုက်ပါ ဆောင်ရွက်ရမည် ဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံသားများမှာ တန်းတူညီမျှသော အခွင့်အရေးကို ရရှိလာကြမည် ဖြစ်သည်။

ပညာရှင် ရုစတော (Rustow) ကလည်း အမျိုးသား ညီညွတ်ရေးမှာ မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရမည့်အရာ ဖြစ်သည်ဟု ပြောပါသည်။ နိုင်ငံများ ကူးပြောင်းကြရာတွင် ပြင်ဆင်ရေးကာလဟု သူကဆိုသော ကာလမျိုး ရှိတတ်ပြီး၊ ထိုကာလမှာ ကြာရှည်တတ်သည်ဟု ဆိုပါ၏။  ယင်းကာလတွင် ရလဒ် ထွက်ပေါ်လာလေ့ မရှိဘဲ ပါတီများက အစွန်းရောက်နေကြသော အခြေအနေဖြစ်သည်။ ထိုကာလများကို ဖြတ်သန်းပြီးမှသာ ဆုံးဖြတ်ချက် ချသည့်အဆင့်ကို ရောက်ရှိ သွား၍ ဒီမိုကရေစီလမ်းကြောင်းကို လူ့အဖွဲ့အစည်းက ရွေးချယ်ပြီး၊ နောက်ဆုံးအဆင့် ဖြစ်သည့် နေသားကျအောင် ပြုလုပ်သည့်အခြေအနေကို ရောက်ရှိသွားသည်ဟု ရုစတောက ဆိုသည်။

အမျိုးသားညီညွတ်ရေး အခြေခံမရှိသောအခါ အမျိုးမျိုးသော တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသဖြင့် တောင်းဆိုတတ်ကြပြီး၊ တချို့က ခွဲထွက်ခွင့် အထိတောင် တောင်းဆိုလာသည်ကို တွေ့ရပါသည်။ ဖွင့်လိုက်သော အခါတွင်မှ ပိုမို လွတ်လပ်စွာ ပြောဆိုလာကြပြီး နိုင်ငံရေးအရ လှုပ်ရှားမှုများ မြန်ဆန်လာတတ်ပါသည်။ လက်နက်ကိုင် တိုက်ပွဲများကလည်း ပြင်းထန် လာတတ်သည်ဟု ဆိုပါသည်။ အကယ်၍ ညီညွတ်ရေးအတွက် ဘုံမျှော်မှန်းချက်များကို ထူထောင်ပြီး ဖြစ်ခဲ့လျှင် လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အနာဂတ် မျှော်မှန်းချက် မူဘောင်အတွင်းမှ ရှုမြင် ကျင့်သုံးလာတတ်သောကြောင့် ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ကောင်းမွန်သော အခြေအနေကို ရရှိသွားပါတော့သည်။  ဘုံမျှော်မှန်းချက် ခိုင်မာအားကောင်းမှု မရှိသော် ရရှိထားပြီးသား ညီညွတ်ရေးကိုပါ ပျက်ပြားစေသည့်အပြင် ဒီမိုကရေစီစနစ် ထူထောင်ရေး လုပ်ငန်းများအတွက်လည်း ခက်ခဲသွားစေပါသည်။

■ မဟာဗျူဟာ

အောင်မြင်သည့် အကူးအပြောင်းများကို လူထုလှုပ်ရှားမှု တစ်ခုတည်းဖြင့် မရရှိတတ်ပါ။  စစ်တပ်အတွင်းမှ အဆုံးအဖြတ် ပေးနိုင်သော ခေါင်းဆောင် အစိတ်အပိုင်း တစ်ပိုင်းကိုပါ ဆွဲဆောင် စည်းရုံးနိုင်ရန် လိုအပ်သည်ဟု ဆိုပါ  သည်။ ယင်း စစ်ဘက် ခေါင်းဆောင်များမှာ ဒီမိုကရေစီအရ ရွေးကောက် တင်မြှောက်ထားသော အရပ်ဘက် ခေါင်းဆောင်များ၏ လွှမ်းမိုးမှုကို လက်ခံနိုင်သောသူများလည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် အောင်မြင်မှုမှာ လူထုထောက်ခံခြင်းနှင့် စစ်တပ်ထဲမှ အဆုံးအဖြတ်ပေးနိုင်သော ခေါင်းဆောင်အဆင့်က အစိတ်အပိုင်းတစ်ရပ် ပါဝင်ခြင်းဖြစ်ဟူသော အချက်နှစ်ချက်ပေါင်း ရလဒ်ဖြစ်ပါသည်။ ထို့ကြောင့် စစ်တပ်တွင်း ဒီမိုကရေစီကို လိုလားသော အစိတ်အပိုင်းများ ရှိရေးမှာ အကူးအပြောင်းနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအတွက် အရေးကြီးပါသည်။ ဒါက မဟာဗျူဟာ စဉ်းစားရာတွင် အရေးကြီးသော ပထမအချက်ဖြစ်သည်။

ဒုတိယအချက် မဟာဗျူဟာကို စဉ်းစားရာတွင် နောက်ကြောင်း ပြန်လှည့်စေနိုင်သော စစ်တပ်က စိုးရိမ်မကင်းဖြစ်သည့် အချက်များကို ထည့်သွင်း စဉ်းစားခြင်း ဖြစ်ပါသည်။  အရပ်ဘက်၏ အုပ်ချုပ်မှုကို စစ်တပ်အနေဖြင့် လက်မခံနိုင်သော အခြေအနေနှင့် အချိန်အခါများ ရှိသည်ဟု ဆိုပါသည်။ အရပ်သားအစိုးရက တည်ငြိမ်စွာဖြင့် အလုပ် မလုပ်နိုင်သောအချိန်၊ နိုင်ငံ ပြိုကွဲလုနီးပါး ဖြစ်လာချိန်၊ စစ်တပ်၏ အသုံးစရိတ်နှင့် ပတ်သက်၍ ဆန့်ကျင်မှုများ အားကောင်းလာချိန် စသော အခြေအနေ အချိန်အခါများမှာ နောက်ကြောင်း ပြန်လှည့်နိုင်ခြေများသော အခြေအနေများ ဖြစ်ပါသည်။ စစ်တပ်များကို ဖျက်သိမ်းလိုခြင်း၊ တပ်အတွင်း ရာထူးတိုးမြှင့်မှုများကို ထိန်းချုပ်လိုခြင်း၊ စစ်လက်နက် ပစ္စည်များ ဝယ်ယူရေးအပေါ် အမိန့်ပေး စေခိုင်းလိုခြင်း စသော အချက်များကို ဒီမိုကရေစီ မခိုင်မာသေးသော အကူးအပြောင်းကာလ စစ်တပ်များက သည်းခံနိုင်ရည် နိမ့်တတ်သည်ဟု ဆိုပါသည်။ စစ်တပ် အုပ်ချုပ်စဉ်ကာလ ကျူးလွန်ခဲ့မိကြသော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍လည်း စစ်ဘက်ခေါင်းဆောင်များက စိုးရိမ်တတ်သည်။ မဟာဗျူဟာ စဉ်းစားရာတွင် ယင်းစိုးရိမ်ချက်များကို ချိန်ထိုး စဉ်းစားရန် လိုပါသည်။

တတိယအချက် အကူးအပြောင်းများတွင် လှိုင်းတံပိုးထန်သော ကာလများကို ဖြတ်သန်းရလေ့ ရှိပါသည်။  ထိုကာလများတွင် လူထု အုံကြွမှုကြီးများ ဖြစ်တတ်သည်။  ဥပမာအားဖြင့် အာရှတွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် လူထုလှုပ်ရှားမှုများ ဖြစ်သည်။ ထို့ကြောင့် လူထုလှုပ်ရှားမှုနှင့် လူမှုအဖွဲ့အစည်းများကို မဟာဗျူဟာ စဉ်းစားရာတွင် ပစ်ပယ်၍ မရပါ။ သို့သော် တစ်ဖက်တွင်လည်း စစ်တပ်ထဲက အစိတ်အပိုင်းတချို့၏ ထောက်ခံမှုများ ကြီးထွားလာရန် လိုအပ်ပါသည်။

လှိုင်းတံပိုးထန်သော အခြေအနေများတွင် စစ်တပ်အနေဖြင့် အချင်းချင်းကြား သဘောထားကွဲလွဲကာ သေနတ်ပြောင်း၀ လှည့်ချကြမည်လား၊ သို့မဟုတ် အုပ်ချုပ်ရေးမှ ဆုတ်ပေးမည်လား ဟူ၍ မလွှဲသာမရှောင်သာ ရွေးချယ်ရသော အခြေအနေ ဖြစ်လာသည့်အချိန်တွင် ဆုတ်ပေးသော လမ်းကြောင်းကို စစ်တပ်များက ရွေးချယ်တတ်သည်ဟု လေ့လာချက်များက ဆိုပါသည်။

ထိုလှိုင်းတံပိုးထန်သည့် ကာလများမှာ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီခရီး လားရာကို အဆုံးအဖြတ်ပေးသည့် ကာလများ ဖြစ်တတ်ပါသည်။

■ အပြီးအပြတ် ပြောင်းလိုသော ရယ်ဒီကယ် လမ်းကြောင်း

လက်ဝဲသမားများ၏ ထိန်းချုပ်မှုအောက်မှ စစ်တပ်ကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုများ၊ စစ်တပ် အရာရှိများကို အရေးယူမည်ဟူသော ပြောဆိုချက်များဖြင့် လှုပ်ရှားမှုကို တည်ကြသူများ၏ မဟာဗျူဟာမှာ အောင်မြင်ဖို့ ခက်ခဲတတ်သည်ဟု ဆိုကြပါသည်။ အများအားဖြင့် စစ်တပ် အကျိုးစီးပွားကို အတိုင်းအတာ တစ်ခုအထိ လက်ခံ၍ အလယ်ဗဟိုကျသော မဟာဗျူဟာများ၊ လှုပ်ရှားမှုများသာ အောင်မြင်လေ့ ရှိကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိ အရပ်သားအစိုးရ သွားနေသည့်ပုံစံမှာလည်း ဤမဟာဗျူဟာကို အခြေခံ၍ သွားနေသည်ဟု စာရေးသူ ထင်ပါသည်။

■ ဖြည့်စွက် ဆွေးနွေးချက်များ

■ လက်နက်ကိုင် ပုန်ကန်သော တပ်များ

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟု ပြောဆိုကြရာတွင် နိုင်ငံ၏ တပ်မတော်ကိုသာ အများအားဖြင့် ဆိုလိုကြပါသည်။ လက်နက်ကိုင် ပုန်ကန်သော တပ်များကို အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် ညွှန်းဆိုလေ့ မရှိပါ။ သူပုန်ထပြီး ဒီမိုကရေစီကို ကူးပြောင်းသွားခြင်းမျိုး ရှိသော်လည်း ရေရှည်တည်တံ့သော ဒီမိုကရေစီ ကူးပြောင်းမှုမျိုး မဖြစ်တတ်ပါဟု လေ့လာချက်များတွင် ဖတ်ရပါသည်။

■ လက်ရှိ မြန်မာနိုင်ငံ၏ အနေအထား

ဒီမိုကရေစီ ကူးပြောင်းပုံအကြောင်း လေ့လာကြသည့် ပညာရှင်များအနက် ရှမစ်တာ (Philippe C. Schimitter) နှင့် ရှနိုက်ဒါ (Carsten Q. Schneider) တို့၏ လေ့လာချက်အရ မြန်မာနိုင်ငံ အခြေအနေကို ကြည့်ပါမည်။  အဖွင့်ဟု ကျွန်တော်က အတိုပြောသည့် liberalization ကို အောက်ပါအချက်များဖြင့် တိုင်းတာကြည့်ရှုပါသည်။  သီးခြားရေးခဲ့သော ဆောင်းပါးရှည် တစ်ပုဒ်မှ ပြန်လည် ကူးယူဖော်ပြခွင့် ပြုပါ။

 ■ အဖွင့်၊ သို့မဟုတ် ချုပ်ကိုင်ထားတာတွေကို လျှော့ပေါ့လိုက်ခြင်း

ချုပ်ကိုင်ထားတာတွေကို ဖြေလျှော့လိုက်တယ် ဆိုတာ လူတစ်ဦးချင်းဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်၊ အဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာတဲ့သဘော ဖြစ်ပါတယ်။

■ လူ့အခွင့်အရေး

(၁)     အစိုးရဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ခံ အသိအမှတ် ပြုလာတယ်။

(၂)     နိုင်ငံရေး အကျဉ်းသားရယ်လို့ မရှိတော့ပါဘူး၊ ဒါမှမဟုတ် မရှိသလောက် ဖြစ်လာပါတယ်။

(၃)     ကိုယ်နဲ့ သဘောကွဲတဲ့ အဖွဲ့အစည်းတွေကို အစိုးရက ပိုလို့ပိုလို့ သည်းခံလာနိုင်တယ်။

■ ပါတီနဲ့ အဖွဲ့အစည်းများ လွတ်လပ်ခွင့်

(၄)     သီးခြားလွတ်လပ်တဲ့ နိုင်ငံရေးပါတီ တစ်ပါတီမက တရားဝင် အသိအမှတ် ပြုလာမယ်။

(၅)     လွှတ်တော်မှာ အတိုက်အခံပါတီ အနည်းဆုံး တစ်ပါတီတော့ ရှိလာမယ်။

(၆)     နိုင်ငံတော်က ထိန်းချုပ်မထားတဲ့၊ ဒါမှမဟုတ် အစိုးရရဲ့ နိုင်ငံရေးပါတီတွေက ထိန်းချုပ်ထားတာမျိုး မဟုတ်တဲ့ သမဂ္ဂတွေ ဒါမှမဟုတ် အသင်းတွေ ဖွဲ့စည်းလာနိုင်ရပါမယ်။

■ သတင်းမီဒီယာ လွတ်လပ်ခွင့်

(၇)     သီးခြား လွတ်လပ်တဲ့ စာနယ်ဇင်းမီဒီယာတွေ ရှိရမယ်။ အဲဒီ မီဒီယာတွေဟာ လွတ်လပ်စွာ ရေးသား တင်ပြနိုင်ကြရပါမယ်။

ဒါက ချုပ်ကိုင်ထားတာတွေကို ဖြေလျှော့လိုက်တဲ့အခါ တခြားနိုင်ငံတွေမှာ တွေ့ကြရတဲ့ တစ်ဦးချင်း အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေ အားလုံးကို နိုင်ငံတွေအနေနဲ့ တစ်ချီတည်း မဆောင်ရွက်နိုင်ကြပါဘူး။ စစ်တပ် အုပ်ချုပ်ခဲ့တဲ့ ချီလီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား စတဲ့ တောင်အမေရိက နိုင်ငံတွေမှာ အစိုးရက လူ့အခွင့်အရေးကို လက်ခံ အသိအမှတ်ပြုဖို့၊ နိုင်ငံရေး အကျဉ်းသားတွေမရှိတဲ့ အခြေအနေ ရောက်ဖို့ဆိုတဲ့ အလုပ်တွေဟာ အခက်ဆုံး အလုပ်တွေဖြစ်တာကို တွေ့ရပါတယ်။ အထူးသဖြင့် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ခက်ခဲတာ တွေ့ရပါတယ်။

အတိုက်အခံပါတီ ရှိလာတာ၊ သမဂ္ဂနဲ့ အသင်းအဖွဲ့တွေ ရှိလာအောင် လုပ်နိုင်တာက လူ့အခွင့်အရေး ကိစ္စထက် ပိုလွယ်ကူတာ တွေ့ခဲ့ရပါတယ်။ ဗဟိုအမေရိက နိုင်ငံတွေမှာလည်း အလားတူပါပဲ။ အရှေ့အလယ်ပိုင်း နိုင်ငံတွေန့ဲ တောင်အာဖရိက နိုင်ငံတွေမှာလည်း အလားတူူ တွေ့ရပါတယ်။ ဥရောပနိုင်ငံတွေ ဖြစ်ကြတဲ့ စပိန်၊ ပေါ်တူဂီ၊ ဂရိနိုင်ငံတွေမှာကျတော့ လွတ်လပ်တဲ့ သတင်းမီဒီယာ ဖြစ်ပေါ်ဖို့၊ သီးခြားလွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖြစ်ပေါ်ဖို့တွေက အခက်ဆုံး ဖြစ်ခဲ့ပြန်ပါတယ်။

အထက်ဖော်ပြပါ ရှမစ်တာတို့ တိုင်းတာချက် ရှုထောင့်မှ ကြည့်လျှင် မြန်မာနိုင်ငံ၏ အဖွင့်တွင် လူ့အခွင့်အရေးနှင့် နိုင်ငံရေးအကျဉ်းသား ကိစ္စမှလွဲ၍ ကျန်နေရာများ၌  အတော်အတန် ဖွင့်နိုင်ခဲ့သည်ဟု ကျွန်တော်ထင်ပါ၏။ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာသည့် နော်ဝေနိုင်ငံ အဖွဲ့တစ်ဖွဲ့မှ သူတစ်ဦး၏ ၂၀၁၄ ခုနှစ်က အကဲဖြတ်ချက်အရ မြန်မာနိုင်ငံ၏ အဖွင့်မှာ မြန်ဆန်လွန်း၍ စိုးရိမ်စရာ ဖြစ်နိုင်သည်ဟု မှတ်ချက်ပေးပါသည်။ မီဒီယာပိုင်းတွင် လွတ်လပ်ခွင့် ရှိလာသော်လည်း အကူးပြဿနာတွင် လည်နေဆဲဟု ထင်ပါသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ချိတ်ဆက်ထားရာ မြန်မာ့ အကူအပြောင်းအတွက် စိန်ခေါ်ချက် ကြီးမားလှပါ၏။ အကူး (transition) ကို ကြည့်ရာတွင် အဓိကအကျဆုံး အချက်မှာ ဖွဲ့စည်းပုံအရ သဘောတူညီချက် ရရှိခြင်းဖြစ်ရာ၊ မြန်မာနိုင်ငံမှာ အကူးအဆင့်သို့ တက်ရန် တာစူဆဲဟု ဆိုရပါမည်။

တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ အပစ်အခတ် ရပ်စဲရေးထက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အလေးပေး ပြောဆိုကြသည်ကို တွေ့ရပါသည်။ ယခု ဤစာကို တည်းဖြတ်နေချိန်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် ဖြစ်နေပါသည်။ ထိုအခြေအနေမျိုးကို အထက်တွင် ဖော်ပြခဲ့သည့် သဘောတရားများနှင့် ချိန်ထိုးကြည့်သော် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ သွားရန် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ ဖက်ဒရယ်ကိစ္စနှင့် ပတ်သက်ပြီး လက်ရှိအစိုးရ အနေဖြင့် တစ်စုံတစ်ရာ သဘောတူညီမှု ရအောင် လုပ်ဆောင်သင့်ပေသည်။ အချိန်ကာလအားဖြင့် ကြာကောင်း ကြာနိုင်ပါသည်။ ဟန်တင်တန်၊ ရုစတောတို့၏ အဆိုအတိုင်း အမျိုးသားညီညွတ်ရေးမှာ မြန်မာ့ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုအတွက် သော့ချက်ဖြစ်ကြောင်း နားလည်နိုင်ပါသည်။  ရုစတော၏ အစဉ်အရဆိုသော် ပြင်ဆင်နေသည့် ကာလဟု ပြောရပေမည်။  အမျိုးသားညီညွတ်ရေး ရရန် ကြိုးပမ်းသည့်ကာလ အတော်အတန် ကြာမြင့်နိုင်ပေသည်။

■ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းနှင့် နိုင်ငံရေးမှ ဆုတ်ခွာခြင်း

ကျွန်တော့်အမြင်အရ ဆိုလျှင် ငြိမ်းချမ်းရေးကို အရင်ရစေချင်ပါသည်။ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲသို့ ရောက်ခြင်း၊ မရောက်ခြင်းမှာ ထင်သလောက် လွယ်ပုံမရပါ။  အချိန်ယူ၍ ဆွေးနွေးရမည့်ကိစ္စ ဖြစ်သွားနိုင်ပါသည်။ စစ်တပ် နိုင်ငံရေးမှ ဆုတ်ခြင်း၊ မဆုတ်ခြင်းမှာ ဤအကြောင်းအရာအပေါ် မူတည်နေပါသည်။ တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကို အခြားရှုထောင့်မှ ကြည့်လျှင် သိပ်မထူးခြားလှပါ။

အကယ်၍ ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ကျင်းပခဲ့လျှင် USDP  က ၂၅ ရာခိုင်နှုန်းဝန်းကျင် အမတ်နေရာ ရမည်ဖြစ်ပါသည်။  အချိုးကျစနစ်တွင် USDP ရနိုင်သည့် ၂၅ ရာခိုင်နှုန်းကို ယခု တည်ဆဲစနစ်အရ စစ်တပ်ကို ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။ ထိုရှုထောင့်မှ ကြည့်မည်ဆိုလျှင် အချိုးအစားအားဖြင့် ပြောင်းလဲမှု မရှိသည်ကို တွေ့ရပါသည်။  ယခင် အာဏာရအုပ်စုအတွက် အကျိုးအမြတ် မရှိလှပေ။  တဖန် NLD အတွက် ၂၅ ရာခိုင်နှုန်း ကိစ္စမှာ ဆုံးဖြတ်နိုင်ခွင့် သဘောအရ ပြဿနာမဟုတ်ပေ။ ထို့ကြောင့် ၎င်းးအနေဖြင့် စစ်တပ်ဆုတ်ရေးကိစ္စကို အလွန်အမင်း တွန်းအားပေးလိမ့်မည်ဟု ကျွန်တော်မထင်ပါ။  ဤကိစ္စမှာ NLD အတွက် သင်္ကေတ သဘောသာဖြစ်ပြီး အာဏာအတွက် အရေးမပါသောကြောင့် ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး ရပြီးလျှင် ဆုတ်မည်ဟူသော ပြောထားချက်လည်း ရှိရာ ရှေ့တွင် ဖော်ပြခဲ့ပြီးသော ကာ/လုံတွင် ရှိသည့် နေရာ (၆-၅) တစ်နေရာ ပြောင်းသွားလျှင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အနေအထားလည်း ပြောင်းလဲသွားနိုင်ပါသည်။ ထို့ကြောင့် လက်ရှိ လွှတ်တော်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရရှိထားသော အခင်းအကျင်းအရ ပြောရလျှင် ဖွဲ့စည်းပုံအရ တပ်မတော်က ယူထားသော ဝန်ကြီးတစ်နေရာစာကို စွန့်လွှတ်ရေးက သော့ချက် ပိုကျပါသည်။  အင်ဒိုနီးရှားတွင် တပ်က တဖြည်းဖြည်းဆုတ်ရာ မြန်မာနိုင်ငံတွင် ၂၅ ရာခိုင်နှုန်း၊  ထို့နောက် ၁၅ ရာခိုင်နှုန်း၊ ထို့နောက် ၅ ရာခိုင်နှုန်း စသည်ဖြင့် တဖြည်းဖြည်း ဆုတ်ချင် ဆုတ်သွားနိုင်ပါသည်။  တပ်က ခန့်ထားသော ဝန်ကြီးနေရာ သုံးနေရာ ရှိသည့်အနက် ပြည်ထဲရေးမှ အရင်ဦးစွာ ဆုတ်ခွာ၊ ပြီးလျှင် နယ်စပ်၊ နောက်ဆုံး ကာကွယ်ရေး ဆုတ်ခွာ စသည်ဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံ ရေးကို တည်ငြိမ်စွာ သွားနိုင်မည်ဟု ထင်မြင်ပါသည်။ အလောတကြီး ပြုလုပ်မိလျှင် လက်ရှိအချိန်၌ သံသယများ ရှိနေသေးသည့်အတွက် ခက်ခဲနိုင်ပေသည်။

■ အရပ်ဘက်နှင့် စစ်ဘက်ကို စုစည်းပေးနိုင်မည့် အခြေအနေ

NLD အတွင်းရှိ အလယ်အလတ် ကျသူများနှင့် ယခင် အုပ်ချုပ်သူ (တပ်နှင့် ပြည်ခိုင်ဖြိုးပါတီ) ဘက်ရှိ ပြုပြင်ပြောင်းလဲရေးသမားများ ပူးပေါင်းသွားလျှင် ထိုအကူးအပြောင်းမှာ အာမခံချက် ရှိနိုင်သည်။ ယခုသွားနေသည့် လားရာမှာလည်း ထိုအခြေအနေဘက်ကို သွားနေသည်ဟု ထင်မြင်မိပါသည်။

လေ့လာရေးဖြင့်လည်း ပေါင်းစပ်သော ဖြစ်စဉ်တစ်ရပ် ဖော်လို့ ရနိုင်ပါသည်။ အကြောင်းအရာ တစ်ခုခုနှင့် ပတ်သက်လာလျှင် စစ်တပ်တွင် ထိုအကြောင်းအရာနှင့် ပတ်သက်၍ လေ့လာသည့်အဖွဲ့ ရှိသည်။ ဥပမာ- ဖက်ဒရယ်ဆိုလျှင် စစ်တပ်အတွင်း ဖက်ဒရယ်စနစ်များကို လေ့လာသည့်အဖွဲ့ သပ်သပ်ရှိပြီး ပြည်ပနိုင်ငံများသို့ပင် သွားရောက် လေ့လာထားသည်များလည်း ရှိပါသည်။ သို့သော် NLD ဘက်တွင် ထိုသို့ တာဝန်သပ်သပ်ယူပြီး လေ့လာသောအဖွဲ့မျိုး ရှိသည်ဟု မကြားဖူးပါ။  ၂၁ ရာစုပင်လုံ ညီလာခံတွင် UNFC ဘက်မှ ဘယ်လိုပုံစံဖြင့် သွားချင်သလဲဆိုတာ  ရှိပြီးဖြစ်သော်လည်း NLD အနေဖြင့် သွားလိုသည့်ပုံစံကို ရှင်းရှင်းလင်းလင်း ချပြသည်ကို မမြင်မိသေးပါ။ ယခုလို အနေအထားကို သေချာယူထားတာလား၊ သို့မဟုတ် လုံး၀ မရှိတာလားတော့ သေချာမသိရပါ။  ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တစ်ဖက်ဖက်တွင် ရပ်တည်ခြင်းထက် ကြားဝင်၍ စေ့စပ်ညှိနှိုင်းသူ နေရာကနေလျှင် ပို၍ သင့်လျော်မည်ဟု ယူဆပြီး NLD ကမြင်သော ဖက်ဒရယ်ပုံစံကို ချမပြတာလည်း ဖြစ်နိုင်ပါသည်။ ဤသို့ဖြစ်လျှင် NLD အနေဖြင့် မည်သည့်ပုံစံဖြင့် သွားချင်သည်ကို မပြောဘဲထားသည်က ပိုကောင်းသည်ဟု ယူဆနိုင်ပါသည်။ NLD ၊ တပ်၊ တိုင်းရင်းသားအဖွဲ့များ ပူးတွဲပြီး ဖက်ဒရယ်စနစ်များကို လေ့လာကာ မိမိနိုင်ငံနှင့် မည်သည့်ပုံစံက သင့်တော်ကြောင်း ငြင်းခုံရင်းဖြင့် အကြမ်းထည် ဖက်ဒရယ်ပုံစံတစ်ရပ် ရနိုင်သည်ဟု ထင်ပါ၏။ ထိုပုံစံကို ခေါင်းဆောင်များက အသေးစိတ်ညှိပြီး မြန်မာ့အနာဂတ်ကို ပုံဖော်နိုင်မည်ဟု ယူဆမိပါတော့သည်။

■ စာညွှန်း

၁        တင်မောင်သန်းသည် ယခင် သင့်ဘဝမဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးဖြစ်ပြီး လက်ရှိတွင် စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့၌ အလုပ်လုပ်ကိုင်လျက်ရှိကာ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အတွေ့အကြုံများစွာ ရှိထားသူ ဖြစ်သည်။

Civil-Military relations and the military withdrawal from politics

By Tin Maung Than

Civil-military relations in Myanmar feature a huge civilian deficit. This reflects military-heavy constitutional arrangements which posses lesser room for civilian oversight; the reliance of civilian-led government on retired military personnel to formulate security policies, and lacks informal mechanisms and a strong neutral leader to mediate civil-military conflicts. History and political culture of the country also strengthen an institutional role of military. The withdrawal of the Tatmadaw from politics remains an ongoing political concern. The author draws on the experience of other countries to illustrate the importance of national unity in political transitions. The importance of civilian professionals and political appointees in the formulation of defense policies and capabilities of political leaders and civilian in the defense sector is also examined. The author discusses the importance of looking beyond the withdrawal of the Tatmadaw from politics and also preparing for the consolidation of democracy.

About the author

Tin Maung Than

တင်မောင်သန်းသည် ယခင် သင့်ဘဝမဂ္ဂဇင်း၏ အယ်ဒီတာတဦး ဖြစ်ပြီး လက်ရှိတွင် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့၌ အလုပ်လုပ်ကိုင်လျက်ရှိကာ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အတွေ့အကြုံများစွာ ရှိထားသူဖြစ်သည်။

Add comment