ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများ

ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများအကြောင်း တစေ့တစောင်း လေ့လာချက်

ကမ်မီလာဘူဇီ

၁၉၄၀ ပြည့်နှစ် သြဂုတ်မှာ ရန်ကုန်မြို့က လူငယ် သူငယ်ချင်းနှစ်ဦးဟာ တန်လွင်ချောင် နဲ့ တန်ဆုတောင်ဆိုတဲ့ တရုတ် နာမည်ဝှက်တွေကို အသုံးပြုပြီးတော့ သင်္ဘောပေါ်ကို တက်လာကြပါတယ်။ သူတို့စီးမယ့် သင်္ဘောဟာ နော်ေ၀ သင်္ဘောလိုင်းပိုင် အရှေ့ဖျားဒေသသွား လွန်းပျံ ကုန်တင်သင်္ဘော တစ်စင်းဖြစ်တဲ့ “ဟိုင်လီ” လို့ခေါ်တဲ့ သင်္ဘောပါ။

တကယ်တော့ ဒီလူငယ်နှစ်ဦးရဲ့ နာမည်အစစ်အမှန်က အောင်ဆန်းနဲ့ လှမြိုင်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ အမျိုးသားရေး လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ သခင်လူငယ် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ တရုတ်ပြည် အမွိုင်မှာရှိတဲ့ ကူလန်ဆု နိုင်ငံတကာ အခြေစိုက်စခန်းဆီကို ဦးတည်သွားကြမှာ ဖြစ်ပြီး အဲဒီနေရာကနေမှ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တရုတ်ရဲ့ အကူအညီကို ရဖို့ ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမွိုင်ကို သူတို့ ရောက်သွားချိန်မှာ သူတို့ မျှော်လင့်ထားတဲ့ အထောက်အပံ့တွေကို မရခဲ့ပါဘူး။ အဲဒီအစား ဂျပန် ထောက်လှမ်းရေးတွေနဲ့ ဆက်သွယ်မိခဲ့ပြီး အမွိုင်ကနေ ဂျပန်ပြည်ကို ဆက်သွားဖို့ စီစဉ်ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း လတွေမှာတော့ သခင်အောင်ဆန်းဟာ လွတ်လပ်တဲ့ မြန်မာပြည်အတွက် အခြေခံမူကြမ်းလို့ လူသိများတဲ့ မြန်မာ့လွတ်လပ်ရေးအတွက် စီမံကိန်းတစ်ရပ်ကို ပြင်ဆင်နေခဲ့တာ ဂျပန်ကိုယ်စားလှယ် တစ်ဦးနဲ့အတူ ဂျပန် ကုန်သင်္ဘောတစ်စင်းနဲ့ ၁၉၄၁ ခုနှစ် မတ်လ ရန်ကုန်ကို ပြန်လည် ရောက်ရှိလာသည်အထိပါပဲ။ နောက် လအနည်းငယ်အကြာမှာတော့ မြန်မာ့သမိုင်းမှာ ရဲဘော်သုံးကျိပ်လို့ သိထားကြတဲ့ သခင်အဖွဲ့တစ်ဖွဲ့ဟာ ဂျပန်တွေဆီကနေ စစ်ပညာသင်ကြားဖို့ ဟိုင်နန်ကျွန်းကို သွားရောက်ခဲ့ကြပါတယ်။ ဒီ သခင်အဖွဲ့ဟာ မြန်မာ့တပ်မတော်ရဲ့ အမြုတေအဖွဲ့ ဖြစ်လာပြီး မြန်မာပြည်တွင်းကို ဂျပန် ဘုရင့်တပ်မတော်နဲ့အတူ ၁၉၄၁ ခုနှစ်မှာ ပြန်လည်ချီတက် ဝင်ရောက်လာခဲ့ပါတယ်။

ဒီ သခင်နှစ်ဦးတို့ရဲ့ ခရီးစဉ်ကို မြန်မာ့သမိုင်း စာအုပ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝအကြောင်း စာအုပ်တွေမှာ အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့်လည်း သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ရဲ့ အမွိုင်ခရီးစဉ်နဲ့ မြန်မာ့အမျိုးသားရေး လှုပ်ရှားမှုအပေါ် ဒီ သမိုင်းဝင်ခရီးစဉ်ရဲ့ အရေးပါမှုတွေဟာ မြန်မာနိုင်ငံသားတွေကြားမှာ အင်မတန် လူသိများပါတယ်။ ဒါပေမဲ့ အခုဆောင်းပါးရဲ့ အကြောင်းအရာကတော့ ဒီ သခင်နှစ်ဦးကို အမွိုင်အထိ သယ်ဆောင်သွားပေးတဲ့ သင်္ဘော ဟိုင်လီအကြောင်းပါ။ ဒီနေ့ခေတ်မှာတော့ ဟိုင်လီနဲ့ ဒီသင်္ဘောရဲ့ အာရှဒေသတွင်း ခရီးစဉ်တွေကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတွေကို နော်ဝေနိုင်ငံ အော်စလိုမှာရှိတဲ့ နော်ဝေအမျိုးသား မော်ကွန်းတိုက်ရဲ့ စာကြည့်တိုက်နဲ့ နော်ေ၀ နည်းပညာပြတိုက်တို့မှာ ရှာတွေ့နိုင်ပါတယ်။

၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး နောက်တစ်နှစ်အကြာ (အရင်က အော်စလိုမှ အသံလို့ လူသိများခဲ့တဲ့) ဒီမိုကရက်တစ် မြန်မာ့အသံရေဒီယို (နောက်ပိုင်း ရုပ်မြင်သံကြားဌာန ဖြစ်လာ) ကို နော်ဝေရဲ့ အကူအညီနဲ့ စတင်ထူထောင်ချိန်ဟာ နော်ဝေ-မြန်မာ ဆက်ဆံရေး စတင်ချိန်လို့ လူသိများကြပါတယ်။ ဒါပေမဲ့ ဒီအချက်တွေနဲ့ အခြားသော အချက်အလက်တွေကို အသေးစိတ် လေ့လာကြည့်မယ် ဆိုရင် ဟိုင်လီသင်္ဘောရဲ့ သမိုင်းကြောင်းနဲ့ ၁၉၄၀ ပြည့်နှစ် သြဂုတ်က ရန်ကုန်ဆိပ်ကမ်းမှာ ဟိုင်လီသင်္ဘော ဘယ်လို ကမ်းကပ်ဖြစ်ခဲ့တယ် ဆိုတာတွေကနေတစ်ဆင့် မြန်မာနဲ့နော်ဝေအကြား ပိုပြီးရှေးကျတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာကို တစေ့တစောင်း လေ့လာကြည့်နိုင်ပါတယ်။ ဒါဟာ ဒီဆောင်းပါးရဲ့ အဓိက အကြောင်းအရာပါပဲ။

■ တရုတ်-ထိုင်း ရေကြောင်းလိုင်း တည်ဆောက်ခြင်း

ပင်လယ်ရေကြောင်း သွားလာရေးဟာ နော်ဝေမှာ အင်မတန် အားကောင်းပြီး သင်္ဘောလိုင်းတွေဟာ နိုင်ငံရဲ့စီးပွားရေးမှာ အရေးပါတဲ့ ကဏ္ဍကနေ အမြဲရှိနေခဲ့တာဟာ နောက်အကျဆုံး ၁၇ ရာစု ကတည်းကပါပဲ။ နော်ေ၀ သင်္ဘောလိုင်းပိုင်ရှင်တွေဟာ အရှေ့ဖျားဒေသကို သူတို့ရဲ့ ရေကြောင်းခရီးတွေ တိုးချဲ့နိုင်ဖို့ စိတ်ဝင်စားခဲ့တာက ၁၉ ရာစုနှောင်းပိုင်းမှာပါ။ အဲဒီအချိန်မှာ နော်ဝေဟာ ဆွီဒင်ရဲ့ ပြည်ထောင်စု နယ်မြေတစ်ခုပဲ ရှိသေးပြီး၊ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ပင်လယ်ရေကြောင်း သွားလာရေးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၈၇၅ ခုနှစ်ဝန်းကျင်မှာ နော်ေ၀ သင်္ဘောလိုင်းတွေဟာ တစ်ကမ္ဘာလုံးမှာ သင်္ဘောသား ၆၀၀၀၀ လောက်ကို အလုပ်ခန့်ထားတယ်လို့ နော်ေ၀ သင်္ဘောပိုင်ရှင်များ အစည်းအရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

နော်ေ၀ သင်္ဘောလိုင်း ကုမ္ပဏီအချို့ဟာ အရှေ့ဖျားဒေသရဲ့ ကမ်းရိုးတန်းသွား ကုန်သွယ်ရေး လမ်းကြောင်းတွေကို အဓိကပြေးဆွဲတဲ့ ကုမ္ပဏီတွေအဖြစ် ပြေးဆွဲခဲ့တာတွေ ရှိပါတယ်။ ၁၉၂၀ ပြည့်နှစ်တွေအထိ ဒီသင်္ဘောတွေဟာ ကြားဖောက် ကုန်တင်သင်္ဘောတွေအဖြစ်သာ ပြေးဆွဲခဲ့ကြတာပါ။ ဆိုလိုချင်တာက ပုံမှန်ခရီးစဉ် မရှိဘဲ အဆင်ပြေသလို ပြေးဆွဲတဲ့ လမ်းကြောင်းတွေမှာပဲ ပြေးဆွဲခဲ့ကြတယ်လို့ ပြောချင်တာပါ။ ပုံမှန်လမ်းကြောင်းအစား ကုန်အမျိုးမျိုးကို သယ်ဖို့အတွက် သတ်မှတ်ကာလ တစ်ခုအတွင်း ဒါမှမဟုတ် လမ်းကြောင်း တစ်ခုအတွင်းကိုပဲ စင်းလုံးငှား ပြေးဆွဲတဲ့ သဘောပါပဲ။ ဒါပေမဲ့ ၁၉၂၀ ပြည့်နှစ်တွေအတွင်း နော်ဝေသင်္ဘောတွေဟာ ပုံမှန်လမ်းကြောင်း သတ်မှတ်ပြီး ပြေးဆွဲတာမျိုးကို တိုးချဲ့ပြေးဆွဲခဲ့ပါတယ်။ ဆိပ်ကမ်းတွေအကြား အချိန်ဇယား သတ်မှတ်ပြီး ပြေးဆွဲတာ၊ ကြားဆိပ်ကမ်းတွေမှာ အချိန်သတ်မှတ်ပြီး ရပ်နားတာတွေ လုပ်လာပါတယ်။

အရှေ့ဖျားဒေသ ကြားဖောက်သင်္ဘော အများအပြားကို ဟောင်ကောင်လို ဒေသတွင်းက သင်္ဘောကျင်းတွေမှာပဲ တည်ဆောက်ပြီး သင်္ဘောရဲ့ သက်တမ်းတစ်ခုလုံး အသုံးချတယ် ဆိုပေမယ့် ဟိုင်လီကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ဒီသင်္ဘောဟာ အော်စလို ဆိပ်ကမ်းဧရိယာမှာရှိတဲ့ နော်ဝေရဲ့ ပင်မသင်္ဘောကျင်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ အေခါမက်ခန်နီစ့်ဗာခ် စတတ်ဒ် သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အထိ ဟိုင်လီကို တည်ဆောက်ခဲ့တဲ့ သင်္ဘောကျင်း အဆောက်အဦကြီးတွေက ရှိနေတုန်းပါပဲ။ ဒီအဆောက်အဦတွေကို အခုအခါမှာ အော်စလိုမြို့ရဲ့ ဈေးဝယ်စင်တာကြီးတွေအဖြစ် ပြောင်းလဲထားပါတယ်။

၁၉၃၃ ခုနှစ် ဇွန် ၂၈ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ ဟိုင်လီသင်္ဘောနဲ့ ဆိုင်တဲ့ စာချုပ်တွေကို အေခါမက်ခန်နီစ့်ဗာခ်စတတ်ဒ် သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တဲ့ အခြားသော သင်္ဘောတွေရဲ့ ပုံကြမ်းတွေ၊ စာရွက်စာတမ်းတွေနဲ့အတူ အော်စလိုမြို့မှာရှိတဲ့ နော်ေ၀ နည်းပညာပြတိုက်မှာ တွေ့နိုင်ပါတယ်။ ဒီစာချုပ်မှာဆိုရင် ဟိုင်လီကို ၁၉၃၄ ခုနှစ် ဇွန်မှာ သင်္ဘောပိုင်ရှင်လက် အပ်ခဲ့ပြီး စုစုပေါင်းကုန်ကျငွေ နော်ေ၀ ခရိုနာ ၁ ဒသမ ၇၅ သန်း ကုန်ကျခဲ့ပါတယ်။ ဒီကုန်ကျငွေကို စာချုပ် လက်မှတ်ထိုးချိန်ကစပြီး သင်္ဘော လက်ရောက်အပ်တဲ့ အချိန်အထိ ခြောက်ကြိမ် အညီအမျှခွဲပြီး ပေးချေခဲ့တာပါ။ ဒီစာချုပ်မှာ နောက်ထပ် တွေ့ရတာက ဟိုင်လီကို အာရှကုန်သွယ်မှုအတွက် ရည်ရွယ် တည်ဆောက်ခဲ့တာဖြစ်ပြီး၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ အခြားဒေသတွေအကြား ကုန်သွယ်ရေး လမ်းကြောင်းတွေမှာ ပြေးဆွဲဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုင်လီဟာ ကြားဖောက် ကုန်သွယ်ရေးသင်္ဘောတွေရဲ့ နမူနာကောင်း တစ်ခုပါ။ အနှေးသွား၊ အလယ်အလတ်အရွယ်ရှိပြီး ၁၆၁၆ g.t. ဝန်ဆံ့နိုင်စွမ်းရှိတဲ့ ကုန်စည်နဲ့ ခရီးသည်တင် ယာဉ်မျိုးပါ။

■ အရှေ့ဖျားဒေသတွင်း နော်ဝေသင်္ဘောလိုင်းများ

သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ ၁၉၄၀ ပြည့်နှစ် သြဂုတ်မှာ ဟိုင်လီသင်္ဘောပေါ် တက်ချိန်မှာ ဒီသင်္ဘောက ကြားဖြတ် ကုန်တင်သင်္ဘော မဟုတ်တော့ပါဘူး။ အဲဒီအစား ရန်ကုန်နဲ့ ဟောင်ကောင်အကြား ပုံမှန်ပြေးဆွဲနေတဲ့ သင်္ဘော ဖြစ်နေပါပြီ။ အော်စလိုက နော်ေ၀ အမျိုးသား မော်ကွန်းတိုက်မှာရှိတဲ့ ဟိုင်လီရဲ့ ခရီးစဉ်မှတ်တမ်းတွေကို ကြည့်ရင် ၁၉၄၀ ပြည့်နှစ် တစ်ခုလုံးမှာ သင်္ဘောဟာ အမွိုင်၊ ဟောင်ကောင်၊ စင်ကာပူ၊ ပီနန်နဲ့ ရန်ကုန်တို့အကြား ခရီးသွားခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အပြန်ခရီးမှာတော့ ဒီသင်္ဘောဟာ ဗြိတိသျှမလေးယားမှာရှိတဲ့ ဆွက်တနန် ဆိပ်ကမ်းမှာ ခရီးတထောက် နားခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ ခြွင်းချက်အနေနဲ့ ၁၉၄၀ ပြည့်နှစ် ဇွန်မှာ ဟိုင်လီဟာ ဆိုင်ဂုံမှာ ကမ်းကပ်ခဲ့တယ် ဆိုတာပါ။

ဟိုင်လီဟာ ရန်ကုန်ကို ၁၉၄၀ ပြည့်နှစ် သြဂုတ် ၄ ရက်မှာ ရောက်ပြီး သြဂုတ် ၈ ရက်မှာ ပြန်ထွက်သွားတယ်လို့ ခရီးစဉ် မှတ်တမ်းတွေအရ သိရပါတယ်။ သခင်နှစ်ဦးကို သယ်ဆောင်လာတဲ့ သင်္ဘောဟာ ရန်ကုန်ကနေ ပီနန်၊ ဆွက်တနန် ဆိပ်ကမ်း၊ စင်ကာပူနဲ့ ဟောင်ကောင်တွေကို ဖြတ်ပြီး အမွိုင်ကို ရောက်ပါတယ်။ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ဟာ ဟိုင်လီအနေနဲ့ အမွိုင်မှာ ကမ်းကပ်တဲ့ ၁၉၄၀ ပြည့်နှစ် သြဂုတ် ၂၄ ရက်မှာ သင်္ဘောပေါ်က ဆင်းခဲ့ပုံပါပဲ။ အော်စလိုက ဟိုင်လီရဲ့သင်္ဘောမှတ်တမ်းမှာတော့ သခင်နှစ်ဦး အမွိုင်ကိုသွားတဲ့ ခရီးစဉ်မှာ သင်္ဘောပေါ် ဘာကုန်တွေ တင်လာတယ်ဆိုတာ ရေးမထားပါဘူး။ ဒါပေမဲ့ ၂၀၀၁ ခုနှစ်တုန်းက အန်ဂျလီနီနော်ရဲ့စာမှာတော့ သခင်အောင်ဆန်းတို့သွားတဲ့ ၁၉၄၀ ပြည့်နှစ် သြဂုတ်ခရီးစဉ်မှာ ဟိုင်လီဟာ အုန်းသီးတွေ သယ်သွားတယ်လို့ ဆိုထားပါတယ်။

တကယ်လို့ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီမှာ ထွက်ခဲ့တဲ့ ခရီးစဉ်မှတ်တမ်းအရဆိုရင် ဒီ သခင်အောင်ဆန်းတို့ ခရီးစဉ် ဟိုင်လီပေါ်မှာ သင်္ဘောသား ၄၀ လောက် ပါသွားနိုင်ပါတယ်။ ဒီခရီးနှစ်ခုက သွားတဲ့ အကွာအဝေး အတူတူလောက် ဖြစ်လို့ပါ။ သင်္ဘော ကပ္ပတိန်က နော်ဝေလူမျိုး ဖြစ်ပါလိမ့်မယ်။ သူ့နာမည်က ရိုဟန်အယ်လ်အေနီးလ်ဆင်ပါ။ ဒါပေမဲ့ ဒီခရီးစဉ်မှာတော့ သူ့ လက်ထောက်ဖြစ်တဲ့ မစ္စတာ တီဒေဗစ်ဆင်ကလည်း ကပ္ပတိန်အဖြစ် တာဝန်ယူကောင်း ယူခဲ့ပါလိမ့်မယ်။ သူတို့ နှစ်ဦးစလုံးဟာ ၁၉၄၀ ပြည့်နှစ်အတွင်းမှာ ဟိုင်လီရဲ့ ကပ္ပတိန်တွေအဖြစ် ဆောင်ရွက်ခဲ့သူတွေပါ။ အရှေ့ဖျားဒေသသွား ခရီးစဉ်တွေမှာ နော်ဝေသင်္ဘောတွေကို နော်ေ၀ အရာရှိတွေနဲ့ တရုတ်လူမျိုး သင်္ဘောသား တွေ လိုက်ပါတတ်ကြပါတယ်။ ဥပမာအားဖြင့် နော်ေ၀ ပင်လယ်ရေးကြောင်း ကုန်သွယ်ရေးမစ်ရှင်နဲ့ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားချိန်ကစလို့ ဟိုင်လီကို တာဝန်ယူခဲ့တဲ့ ကပ္ပတိန် ရိုဟန်အယ်လ်အေနီးလ်ဆင်တို့အကြား ရေးသားခဲ့တဲ့ စာတွေမှာဆိုရင် ၁၉၄၂ ခုနှစ်ကစလို့ ဟိုင်လီပေါ်မှာ နော်ဝေလူမျိုးတွေ၊ တရုတ်လူမျိုးတွေနဲ့ အာဖရိကန်လူမျိုးတွေကို သင်္ဘောသားအဖြစ် တာဝန်ယူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ နော်ဝေရဲ့ ပင်မ သင်္ဘောကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီက ဟိုင်လီရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ဒီသင်္ဘောလိုင်း ကုမ္ပဏီဟာ နော်ဝေသင်္ဘောပိုင် မိသားစုကြီးနှစ်စုရဲ့ မိသားစုဝင် လေးယောက်က ၁၈၈၈ ခုနှစ်မှာ အတူပူးတွဲ ထူထောင်ခဲ့ကြတာပါ။ အစပိုင်းမှာ မိသားစုနှစ်စုပိုင် သစ်သားရွက်လှေကြီးတွေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဗြိတိသျှပိုင် သင်္ဘောကျင်းတွေက သံမဏိသင်္ဘောတွေကို မှာယူခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့ ဌာနချုပ်တွေကို အော်စလိုမြို့ရဲ့ အနောက် တောင်ဘက် ကီလိုမီတာ ၄၀ လောက်မှာရှိတဲ့ နော်ဝေဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒရမ်မန်မှာ အခြေစိုက်ခဲ့ကြပါတယ်။ ၁၉၀၉ ခုနှစ်မှာ ကုမ္ပဏီအနေနဲ့ နောက်ထပ် သင်္ဘောပိုင်ရှင် မိသားစု ၁၁ စုကို စုစည်းခဲ့ပြီး ဒီမိသားစုတွေ ပိုင်တဲ့ သင်္ဘောတွေကို သူတို့လက်အောက်မှာ ပြေးဆွဲစေခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် အရောက်မှာတော့ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီဟာ နော်ဝေရဲ့ သင်္ဘောကုမ္ပဏီတွေထဲမှာ စတုတ္ထမြောက် အကြီးဆုံးကုမ္ပဏီ ဖြစ်လာပါတယ်။

ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ် ကုမ္ပဏီဟာ အရှေ့ဖျားဒေသမှာ ပြေးဆွဲခဲ့တဲ့ နော်ဝေကုမ္ပဏီတွေအနက် အစောဆုံး ပြေးဆွဲခဲ့သူတွေထဲမှာ တစ်ဦး အပါအဝင်ပါပဲ။ ၁၈၉၅ ခုနှစ်မှာ စတင် ပြေးဆွဲခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ ကုမ္ပဏီအနေနဲ့ ပထမဦးဆုံး မီးသင်္ဘောကိုလည်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ တရုတ်လူမျိုး သင်္ဘောစင်းလုံး ငှားသူတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိလာပါတယ်။ ၁၉၂၀ ပြည့်နှစ်တွေမှာတော့ ကုမ္ပဏီအနေနဲ့ အဲဒီတုန်းက ဆိုင်ယန်လို့ လူသိများတဲ့ ထိုင်းနိုင်ငံနဲ့ ပြင်သစ် အင်ဒိုချိုင်းနား၊ တောင်တရုတ်ဒေသနဲ့ ဟောင်ကောင်တို့အကြား ခရီးစဉ်ပြေးဆွဲမှုတွေမှာ နာမည်ရလာပါတယ်။ ကုမ္ပဏီပိုင် သင်္ဘောတွေဟာ ရာဘာ၊ သစ်၊ စားသောက်ကုန်တွေအပြင် ထိုင်းနိုင်ငံက လယ်မြေတွေမှာ လုပ်ကိုင်မယ့် တရုတ်လူမျိုး ကူလီလုပ်သားတွေကိုပါ သယ်ယူ ပို့ဆောင်ပေးခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဟောင်ကောင်ကနေ ကူလီ အလုပ်သမားတွေကို သယ်ယူပို့ဆောင်မှုမှာ ဗြိတိန်၊ ဂျပန်၊ ဂျာမနီတို့ရဲ့ နောက်က စတုတ္ထမြောက်အကြီးဆုံး သယ်ယူပို့ဆောင်ပေးသူအဖြစ် နော်ဝေဟာ ရပ်တည်နိုင်ခဲ့ပါတယ်။

■ ဒုတိယက္ဘာစစ်အတွင်း ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး

အန်ဂျလီနီနော်ရဲ့ ၂၀၀၁ ခုနှစ် စာတမ်းအရ သခင်အောင်ဆန်းတို့ဟာ ဒုတိယက္ဘာစစ် စတင်ဖြစ်ပွားချိန်မှာ မဟာမိတ်တပ်တွေနဲ့ နီးစပ်တဲ့ နိုင်ငံတစ်ခုခုက သင်္ဘောကို လိုက်ပါစီးနင်းဖို့ ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟိုင်လီဟာ ဒီရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ သင်္ဘောပါ။

ဂျာမန်တပ်တွေ အနေနဲ့ နော်ဝေနဲ့ ဒိန်းမတ်တွေကို သိမ်းပိုက်ပြီး မကြာမီ ၁၉၄၀ ပြည့်နှစ် ဧပြီ ၉ ရက်မှာ နော်ေ၀ သင်္ဘောအားလုံးဟာ လန်ဒန်အခြေစိုက် နော်ေ၀ အဝေးရောက် အစိုးရအဖွဲ့ရဲ့ စစ်အတွင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ခံ၊ နော်ေ၀ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမစ်ရှင်ရဲ့ အဖွဲ့ဝင်တွေအဖြစ် သိမ်းသွင်းခံရပြီး စစ်အတွင်း ကူညီပေးဖို့ ချောဆွဲခံရပါတယ်။ စစ်တွင်းနှစ်တွေမှာ ကုန်သွယ်ရေးမစ်ရှင်ဟာ ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီဖြစ်လာပြီး၊ စစ်အတွင်း မဟာမိတ်တွေအတွက် အရေးကြီးကဏ္ဍကနေ ကူညီခဲ့ပါတယ်။

ဧပြီ ၉ ရက်နေ့ ဂျာမန်တပ်တွေက နော်ဝေကို သိမ်းပိုက်လိုက်ချိန်မှာ ဟိုင်လီဟာ ဟောင်ကောင်ကနေ စင်ကာပူကို သွားနေပါတယ်။ အမျိုးသားမော်ကွန်းတိုက်မှာ ရှိနေသေးတဲ့ သင်္ဘောကပ္ပတိန်ရဲ့ လက်ရေးမူအရ ဟိုင်လီဟာ ၁၉၄၀ ပြည့်နှစ် ဧပြီ ၁၀ ရက်မှာ လက်နက်ကိုင် အစောင့်အရှောက်နဲ့အတူ စင်ကာပူကနေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂၀ မှာ ရန်ကုန်ကို ရောက်လာပြီး ၂၂ ရက်မှာ ကုန်သွယ်ရေးမစ်ရှင် လက်အောက်ခံ ဖြစ်လာပါတယ်။ ဒီအချိန်မှာ ဟိုင်လီက တရုတ်-ထိုင်း လမ်းကြောင်းမှာ ပြေးဆွဲနေချိန်ပါ။

သခင်အောင်ဆန်းတို့ရဲ့ခရီးစဉ်ဟာ အာရှ-ပစိဖိတ်ဒေသကို ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရောက်စေတဲ့ ပုလဲဆိပ်ကမ်း ဗုံးကြဲမှုဖြစ်စဉ် မဖြစ်ပွားခင် တစ်နှစ်ကျော်ကျော်လောက်မှာ သွားခဲ့ကြတာပါ။ ဒါပေမဲ့ ၁၉၃၇ ခုနှစ်မှာ ကတည်းက တရုတ်နဲ့ ဂျပန်တို့ စစ်ဖြစ်ပွားနေပြီး တရုတ်ကမ်းရိုးတန်းတွေမှာ ဂျပန်က ပိတ်ဆို့မှုတွေ ပြုလုပ်နေတာမို့ တရုတ်မြို့တွေကို ကုန်သွယ်ရေးမှာ အတားအဆီးတွေ အများအပြား ရှိနေပါပြီ။ ဒါပေမဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ပုလဲဆိပ်ကမ်း ဗုံးကြဲမှု မတိုင်ခင်မှာတော့ အရှေ့ဖျားဒေသအတွင်းမှာ နော်ေ၀ သင်္ဘောပိုင်ရှင်တွေရဲ့ သင်္ဘောတွေ အများအပြား ဆက်လက်ပြီးတော့ ပြေးဆွဲနေဆဲပါပဲ။

၁၉၄၀ ပြည့်နှစ်အတွင်း ဒေသတွင်း သွားလာနေတဲ့ နော်ေ၀ သင်္ဘောတွေထဲမှာ ဟိုင်လီက ပါဝင်နေဆဲ ဖြစ်သလို သခင်အောင်ဆန်းတို့ အနေနဲ့လည်း မြန်မာနိုင်ငံက ဆိပ်ကမ်းတွေမှာ နော်ဝေသင်္ဘောတွေ ကမ်းလာကပ်တာကို ရင်းနှီးနေတာ ဖြစ်ပါတယ်။ အရှေ့ဖျားဒေသ ကုန်သွယ်ရေးဟာ နော်ေ၀ သင်္ဘောလိုင်းတွေအဖို့ အဲဒီအချိန်က အချိန်ပြည့် ပိုမိုအရေးပါလာနေတဲ့ ဈေးကွက်ဖြစ်ပြီး ဒုတိယက္ဘာစစ် မတိုင်မီက နော်ဝေသင်္ဘောတွေဟာ အဲဒီအချိန်က ဒေသတွင်း အဓိကအကျဆုံး ဆိပ်ကမ်းဖြစ်တဲ့ ဘန်ကောက် ဆိပ်ကမ်းက အကြီးဆုံး ကုန်တင်သင်္ဘောတွေထဲမှာ တစ်ခုအပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ဆိပ်ကမ်းတွေဖြစ်တဲ့ မော်လမြိုင်၊ ရန်ကုန်၊ စစ်တွေဆိပ်ကမ်းတွေက ဒေသတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ အရေးသိပ်မကြီးတဲ့ ဆိပ်ကမ်းတွေအဖြစ်နဲ့ပဲ ရှိနေခဲ့တာပါ။

ဒါပေမဲ့လို့ မြန်မာအပေါ် နော်ဝေရဲ့ စိတ်ဝင်စားမှုဟာ အတော်အသင့် ကြီးမားခဲ့ပြီး နော်ဝေအစိုးရအနေနဲ့ ရန်ကုန်မြို့မှာ ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ထားတဲ့အထိ အရေးပါခဲ့ ပါတယ်။ နော်ဝေအစိုးရရဲ့ ရန်ကုန် ကိုယ်စားလှယ်က မစ္စတာဂရေး ဆိုသူပါ။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမှာ ဌာနချုပ်လုပ်ထားတဲ့ စတီးဘရားသားကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ နော်ဝေသင်္ဘောတွေ မြန်မာပြည်မှာ ခရီးတစ်ထောက်နားရင် အဓိက ကမ်းကပ်တာက ရန်ကုန်နဲ့ မော်လမြိုင်မှာပါ။ ဒါပေမဲ့ စစ်တွေ၊ ပုသိမ်နဲ့ ဘလဲယား ဆိပ်ကမ်းတွေမှာလည်း ၁၉၄၀ ပြည့်နှစ်တွေမှာ နော်ဝေသင်္ဘောတွေ ကမ်းကပ်ခဲ့တာ ရှိပါတယ်။ ဒီသင်္ဘောတွေဟာ အများအားဖြင့် ဆန်၊ ကျွန်းသစ်နဲ့ ကျောက်မီးသွေးတွေကို အဓိက တင်ဆောင်တာပါ။ ၁၉၄၁ ခုနှစ် နော်ေ၀ နှစ်စဉ် စာရင်းအင်းစာအုပ်မှာတော့ ၁၉၃၈ ခုနှစ်အတွင်း နော်ဝေသင်္ဘော ၅၂ စင်း ရန်ကုန်မှာ ကမ်းကပ်ခဲ့တယ်လို့ ဆိုထားပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ သင်္ဘော ဘယ်နှစင်း ကမ်းကပ်တယ်ဆိုတာ ဆက်လက် မှတ်တမ်းတင်ခြင်း မရှိတော့ပါဘူး။

ဟောင်ကောင်မှာ၊ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီဟာ သော်ရက်စ်ဆန်အန် ကမ်ပနီကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။ သော်ရက်စ်ဆန် ကုမ္ပဏီဟာဆိုရင် ၁၉၀၄ မှာ စတင်ထူထောင်ပြီး တရုတ်ကမ်းခြေတွေမှာ နော်ေ၀ ကုမ္ပဏီတွေအတွက် ကိုယ်စားလှယ်အဖြစ်ရော အာရှစီးပွားရေး လုပ်ငန်းတွေအတွက် တရုတ်နဲ့ အရင်က ဆိုင်ယမ်လို့ခေါ်တဲ့ ထိုင်းနိုင်ငံနဲ့အကြား ကုန်သွယ်မှုတွေကိုပါ ဆောင်ရွက်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ စင်ကာပူမှာတော့ ကုမ္ပဏီရဲ့အေးဂျင့်က တန်ဂွမ်လီးပါ။ ၁၉၄၀ ပြည့်နှစ်မှာ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီဟာ ချစ်ပ်ဝှက်အန်ကမ်ပနီဆိုတဲ့ ကုမ္ပဏီတစ်ခုကို ရန်ကုန်မှာ အေးဂျင့်အဖြစ် ခန့်ထားပါတယ်။ ဒီ အေးဂျင့်တွေဟာ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီကိုယ်စား ဒေသတွင်းက အလုပ်အပ်သူတွေကို ဆက်ဆံပေးရသူတွေပါ။ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီး စစ်ပွဲက ပိုပြင်းထန် လာချိန်မှာတော့ အရှေ့ဖျားဒေသမှာ စီးပွားရေးလုပ်ဖို့ ပိုမို ခက်ခဲလာပါတယ်။ ဥပမာအားဖြင့်ဆိုရင် ၁၉၄၀ သြဂုတ်လအတွင်း သခင်အောင်ဆန်းတို့ သွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ် စာရင်းအင်းတွေကို အေးဂျင့်တွေအနေနဲ့ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ စစ်ကြီး ပြီးဆုံးချိန်ကျမှသာ အကျေပေးသွင်း နိုင်ခဲ့ကြပါတယ်။

ဟိုင်လီပေါ်က သင်္ဘောသားတွေဟာ စစ်သားတွေလည်း မဟုတ်သလို စစ်တပ်ရဲ့အမိန့်အောက်မှာလည်း ရှိမနေပါဘူး။ ဒါပေမဲ့ နော်ေ၀ ကုန်သယ်သင်္ဘောတွေရဲ့ ကြီးမားတဲ့ အရွယ်အစားက စစ်တွင်းကာလမှာ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာ ကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ သင်္ဘောသားတွေဟာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေမျိုးမှာ သူတို့ရဲ့ ပုံမှန် သင်္ဘောသား တာဝန်တွေကို ဆက်လက် ထမ်းဆောင်ရပါတယ်။ စစ်အတွင်းမှာ နော်ဝေသင်္ဘော အတော်များများဟာ တော်ပီဒိုနဲ့ အပစ်ခံရပြီး သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဟိုင်လီကတော့ တော်ပီဒိုဒဏ်ကို မခံခဲ့ရပေမယ့် အာရှမှာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရသူတွေထဲမှာ အော့အန်ဂတ်စတတ်ဒ်ဆိုသူ ပါဝင်နေပါတယ်။ သူက ဟိုင်လီရဲ့ ဒုတိယအရာရှိဖြစ်ပြီး ဆက်သွယ်ရေး အရာရှိလည်း ဖြစ်တဲ့သူပါ။ သူနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကိုတော့ သြစတေးလျက နော်ဝေကောင်စစ်ဝန်ရုံးမှာ တွေ့ရပါတယ်။

အန်ဂတ်စတတ်ဒ်ဟာ ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီမှာ စင်ကာပူကနေ ဟိုင်လီအတွက် စတင် တာဝန်ထမ်းဆောင် ပါတယ်။ ၁၉၄၁ ခုနှစ် နိုဝင်ဘာ ၂၅ မှာ ဟောင်ကောင်ကို ရောက်တဲ့အခါ ဖျားနာမှုကြောင့် စစ်အထိမ်းအမှတ် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ သင်္ဘောက မနီလာကို ထွက်ခွာချိန်မှာ အန်ဂတ်စတတ်ဒ်အနေနဲ့ ကျန်းမာရေး ပြန်ကောင်းကောင်းချင်း နောက်ကနေ အမီလိုက်ခဲ့ပါမယ်လို့ ကတိပေးပြီး နေရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ ဂျပန်တပ်တွေက ဟောင်ကောင်ကို သိမ်းပိုက်လိုက်တာမို့ မြို့ကနေ ထွက်ခွာဖို့ မဖြစ်နိုင်တော့ပါဘူး။ အန်ဂတ်စတတ်ဒ်အနေနဲ့ ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ဆေးရုံမှာ နေခဲ့ရပြီး အဲဒီနောက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ နော်ေ၀ ကောင်စစ်ဝန်ရုံးကို ပြောင်းရွှေ့နေထိုင်ကာ နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေရဲ့အိမ်ကို ပြောင်းရွှေ့နေပါတယ်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ ထိန်းသိမ်းရေးစခန်းကို အပို့ခံရပြီး စစ်ပွဲကာလ တစ်လျှောက်လုံး အဲဒီမှာ နေခဲ့ရပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်မှာ ဗြိတိသျှသင်္ဘောတွေ ဟောင်ကောင်ကို ပြန်ရောက်လာပြီး အန်ဂတ်စတတ်ဒ် လွတ်မြောက်လာခဲ့ကာ ၁၉၄၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ သြစတေးလျကို ရောက်လာခဲ့ပါတယ်။ အဲဒီနောက် နှစ်ရက်အကြာမှာတော့ ဆစ်ဒနီမှာရှိတဲ့ နော်ေ၀ ကောက်စစ်ဝန်ရုံးကို ရောက်လာပါတယ်။

ဟိုင်လီ သင်္ဘောအနေနဲ့ ၁၉၄၂ ခုနှစ်အထိ အရှေ့ဖျားဒေသမှာ ခရီးသွားနေခဲ့ပါသေးတယ်။ ၁၉၄၁ ဒီဇင်ဘာလ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရချိန်မှာ ဟိုင်လီက ဟောင်ကောင်ကနေ မနီလာကို ခရီးသွားနေပြီး ရန်ကုန်ကနေ ဆန်တွေကို တင်လာခဲ့ပါတယ်။ အချို့ရင်းမြစ်တွေအရ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဟိုင်လီသင်္ဘောဟာ စစ်သင်္ဘော နှစ်စင်းဖြစ်တဲ့ Prince of Wales နဲ့ Repulse တွေပေါ်က အသက်ရှင် ကျန်ရစ်သူတွေကို စင်ကာပူကနေ အင်ဒိုနီးရှား ဘာတာဗီရာမှာရှိတဲ့ တန်ဂျောင်ပရီရွတ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ စစ်သင်္ဘော နှစ်စင်းက မလေးယားစစ်ပွဲမှာ ဒီဇင်ဘာတုန်းက နစ်မြုပ်ခဲ့တာပါ။

အော်စလို အမျိုးသားမော်ကွန်းတိုက်က မှတ်တမ်းအရ ၁၉၄၂ ခုနှစ် ဧပြီ အရောက်မှာတော့ ဟိုင်လီကပ္ပတိန်ရဲ့ စာထဲမှာ ဟိုင်လီဟာ နော်ေ၀ စစ်တွင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအတွက် ဘုံဘေမှာ ကုန်တင်ကုန်ချ လုပ်နေတယ်လို့ ပြောထားပါတယ်။ ဂျပန်တပ်တွေရဲ့ သိမ်းပိုက်မှုကို ရှောင်နိုင်ဖို့ ဖြစ်ပါလိမ့်မယ်။ နောက် တစ်လနီးပါးအကြာမှာ ဟိုင်လီဟာ အနောက် အာဖရိကဒေသတွင်း စစ်ပစ္စည်းတွေနဲ့ တပ်သားတွေကို ဗြိတိသျှ စစ်ဝန်ကြီးဌာနအတွက် ၁၉၄၂ ခုနှစ်  မေလကနေ စတင်ပို့ဆောင် သယ်ယူပေးခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် နှစ်ကုန်ပိုင်းကနေစလို့ စစ်ပွဲကာလ တစ်လျှောက်လုံး ဟိုင်လီဟာ မက်ဒီတရေးနီးယန်း ပင်လယ်ထဲက ဆိပ်ကမ်းတွေမှာ လှည့်လည် သွားလာနေခဲ့ပြီး၊ ၁၉၄၅ ခုနှစ် စက်တင်ဘာမှာ အီတလီနိုင်ငံ နေပယ်မြို့နဲ့ ဘာရီမြို့တွေအကြား သွားလာနေတုန်းမှာပဲ ချောဆွဲ ခံထားရတာကနေ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ မူရင်းပိုင်ရှင်ဖြစ်တဲ့ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီ လက်ထဲကို ပြန်အပ်နှံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရှေ့ဖျားဒေသမှာ ဟိုင်လီကို ပြန်လည် ပြေးဆွဲစေခဲ့ပါတယ်။

■ စစ်ပြီးကာလ

စစ်ပြီးကာလမှာ နော်ေ၀ သင်္ဘောတွေဟာ တဖြည်းဖြည်းချင်း မြန်မာ အပါအဝင် ဒေသတွင်း ဆိပ်ကမ်းတွေကို ပြန်လည် ကမ်းကပ်ခဲ့ပေမယ့် အရေအတွက်ကတော့ အနည်းငယ်ပဲ ရှိပါတော့တယ်။ နော်ေ၀ အမျိုးသားစာရင်းအင်းဗျူရိုရဲ့ မှတ်တမ်းတွေအရ ၁၉၄၆ ခုနှစ်မှာ ရန်ကုန်ကို ကမ်းကပ်ခဲ့တဲ့ နော်ဝေသင်္ဘော ငါးစင်းပဲ ရှိပါတယ်။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ အရေအတွက်က မြန်မြန်ဆန်ဆန်ကိုပဲ ပြန်တိုးတက်လာပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့နှစ်ဖြစ်တဲ့ ၁၉၄၈ ခုနှစ်မှာ စစ်တွေ၊ ပုသိမ်၊ မော်လမြိုင်၊ ဘလဲယားဆိပ်ကမ်းနဲ့ ရန်ကုန်ဆိပ်ကမ်းတွေကို နော်ဝေသင်္ဘောတွေ ကမ်းကပ်တာ ၄၄ စင်းရှိပြီး ၄၇ စင်း ကမ်းက ခွာခဲ့ပါတယ်။

ဟိုင်လီရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီဟာ စစ်ပြီးခေတ်မှာ အပြောင်းအလဲတွေ သိသိသာသာ ပြုလုပ်ခဲ့ပြီး၊ ကုန်စည် သယ်ဆောင်မှုအတွက် ဆီတင်သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေ အများအပြားကို တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာတော့ အာရှဒေသသွား သင်္ဘောလိုင်းတွေ အားလုံးကို စုစည်းပြီး နော်ဝေအာရှရေကြောင်းဆိုတဲ့ ကုမ္ပဏီသစ်တစ်ခု တည်ထောင်ခဲ့ပါတယ်။

ကုမ္ပဏီသစ်ဟာ အဓိက ရေကြောင်းလိုင်း လေးလိုင်းနဲ့ သင်္ဘော ၁၃ စင်း ပြေးဆွဲခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ဘရူစဂတ်နဲ့ ကီရော့စတတ်ဒ်ကုမ္ပဏီဟာ ကနဦး တည်ထောင်သူ မိခင် မိသားစုကြီးရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားပြီး၊ ပိုင်ရှင်အသစ်ရဲ့ လက်အောက်မှာတော့ အော်စလို အပြင်ဘက်နားက အက်စ်ခါမှာ ဌာနချုပ် ဖွင့်လှစ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ သင်္ဘောတွေ အားလုံးကို အခု ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထူထောင်ထားတဲ့ သော်ရက်စ်ဆန်အင်တာနေရှင်နယ် အေအက်စ်ကုမ္ပဏီက လွှဲပြောင်း ယူလိုက်ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေ အစောပိုင်းမှာတော့ သော်ရက်စ်ဆန်အင်တာနေရှင်နယ်က သူတို့ရဲ့ ကျန်ရှိတဲ့ သင်္ဘောတွေကို ပနားမားကို ရောင်းလိုက်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ပိုင်ရှင်သစ်တွေက ကုမ္ပဏီကို သော်ရက်စ်ဆန် ရေကြောင်းကုမ္ပဏီကို ပြန်လည် ရောင်းချပြန်ပါတယ်။ ဒီနေ့ခေတ်မှာတော့ သော်ရက်စ်ဆန် ရေကြောင်းဟာ ထိုင်းနိုင်ငံ စတော့ဈေးကွက်မှာ အမည်စာရင်း ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ရေကြောင်းကုမ္ပဏီတွေထဲမှာ တစ်ခု အပါအဝင်ဖြစ် နေသလို၊ ရုံးခွဲတွေကိုလည်း ဘန်ကောက်နဲ့ စင်ကာပူမှာ ဖွင့်လှစ်ထားပါတယ်။

ဒါဆို ဟိုင်လီက ဘာဖြစ်သွားသလဲ။ Krigsseileregisteret.no  ဆိုတဲ့ အင်တာနက် ဝဘ်ဆိုက် စာမျက်နှာရဲ့အဆိုအရ ဟိုင်လီကို ပနားမားမှာရှိတဲ့ လော်ရင်ဒါ ရေကြောင်းကုမ္ပဏီထံ ၁၉၆၆ ခုနှစ်မှာ ရောင်းချခဲ့ပြီး ရေဘက္ကာလို့ နာမည်ပြောင်းခဲ့ပါတယ်။ တစ်ခါ ၁၉၇၂ ခုနှစ်မှာ သင်္ဘောကို တစ်ခါပြန်လည် ရောင်းချပြီး ဆီလီနာလို့ နာမည်ပြောင်းခဲ့ပြန်ပါတယ်။ ၁၉၇၃ ခုနှစ် သြဂုတ်မှာတော့ ဟိုင်လီကို တောင်ဟိုစတီး အင်တာပရိုက်စ် ကုမ္ပဏီက ဝယ်ယူခဲ့ပြီး ၁၉၇၃ ခုနှစ် သြဂုတ် ၂၆ ရက် မှာ ထိုင်ဝမ် က ကောင်ရွှန်ဒေသမှာ သင်္ဘောကို ဖျက်ခဲ့တာမို့ ဟိုင်လီရဲ့ နှစ် ၄၀ အရှေ့ဖျားဒေသခရီးစဉ်ကလည်း အဆုံးသတ်သွားခဲ့ပါတယ်။

■ ဆောင်းပါးရှင်၏ မှတ်ချက်

အခုဆောင်းပါးကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ နော်ေ၀ အမျိုးသား မော်ကွန်းတိုက်နဲ့ နော်ေ၀ နည်းပညာပြတိုက်တို့မှာရှိတဲ့ အမျိုးသားမော်ကွန်းနဲ့ နော်ေ၀ နိုင်ငံတော် မော်ကွန်းများကနေ ရရှိတဲ့ အထောက်အထားတွေကို မူတည်ပြီး ရေးသားတာ ဖြစ်ပါတယ်။ ဆောင်းပါးရှင်အနေနဲ့ စာရွက်စာတမ်းတွေကို ရှာဖွေပေးခဲ့ကြတဲ့ မော်ကွန်းတိုက်တွေက စာကြည့်တိုက်မှူးတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ ဒီအပြင်ကို  Audun Aagre ၊ Haakon Svaneနဲ့ ဦးမောင်မောင်မြင့် တို့ကိုလည်း ဒီဆောင်းပါးကို ရေးသားရာမှာ လိုအပ်တဲ့ အချက်အလက်တွေ၊ ရှေ့ဆက် လေ့လာသင့်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်ခဲ့မှုတွေအတွက် ကျေးဇူးတင်မိပါတယ်။

■ ရည်ညွှန်း

Primary sources:

National and State Archives of Norway, Oslo, Norway

Archives of Akers Mekaniske Verksted, Norwegian Technical Museum, Oslo, Norway

Naw, Angelene. 2001. Aung San and the Struggle for Burmese Independence. Copenhagen: NIAS Press

Books:

Naw, Angelene. 2001. Aung San and the Struggle for Burmese Independence. Copenhagen: NIAS Press

Smith, Martin. 1991. Burma  Insurgency and the Politics of Ethnicity. Lond/New Jersey: Zed Books Ltd.

Websites and online sources:

Website of Krigsseilerregisteret. Website dedicated to identifying and recording sailors and ships from Norway taking part in World War II. Available from: https://www.krigsseilerregisteret.no/en (accessed in January 2017).

Website of Norwegian Ship Owners Association. History. Accessible from: https://www.rederi.no/en/ (accessed in January 2017).

Website of Norsk Skipsfartshistorisk selskap (Norwegian organization dedicated to the strengthening of interest in Norwegian shippingç shipbuilding, maritime culture and environments). Bruusgaard, Kiøsterud&Co, Drammen. Available at: http://www.skipet.no/skip/sjofartsbyer/drammen/rederier-i-drammen/bruusgaard-kiosterud-co-drammen (accessed in January 2017).

Website of Thoresen Shipping, Company profile. Available at: http://www.thoresenshipping.com/index.php (accessed in January 2017).

Website Warsailors.com. Website dedicated to WWII seamen and ships. Ship List. Accessible from: http://warsailors.com/ (accessed in January 2017).

■ စာညွှန်း

၁        ကမ်မီလာဘူဇီသည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ သုတေသန ဒါရိုက်တာတစ်ဦး ဖြစ်သည်။

ကမ်မီလာဘူဇီ၏ ဆောင်းပါးကို စည်သူအောင် ဘာသာပြန်ဆိုပါသည်။

The Story of the Hai Lee – A Glimpse into Norway-Myanmar Relations and Norwegian Shipping in Asiaby Camilla BuzziThis article traces the history of the Hai Lee, the ship that carried nationalist heroes – Thakins Aung San and Hla Myaing – to the international settlement of Kulangsu in Amoy, China, in August 1940, to seek assistance to the then-Burma’s struggle for independence.  Several accounts of the trip are in history books about Myanmar and the life stories of General Aung San. The article breaks new ground in that it draws on archival sources from the collections held by the National Archives of Norway and at the Norwegian Technical Museum in Oslo, Norway previously neglected by scholars. Of note are the Hai Lee’s travel logs and documents belonging to the shipyard of Akers Mekaniske Verksted in Oslo, where the Hai Lee was built in 1933-1934. The article also places the Hai Lee within the context of Norwegian shipping in the Far East and between the World War Two. Accounts of Myanmar and Norway relations often emphasize the Nobel Peace Prize awarded to Aung San Suu Kyi in 1991 and the Norwegian support for establishing the Democratic Voice of Burma, a radio and later television station (long known as the Voice from Oslo), in the following year. A close examination of these and other sources, however, give us a glimpse of an earlier relationship between Myanmar and Norway as seen through the history of this particular ship and how it came to be docked at the harbour in Rangoon in August 1940.

About the author

Camilla Buzzi

Camilla Buzzi is completing a PhD in human rights and peace studies at the Institute for human rights and peace studies, Mahidol University, Thailand. She is a political scientist from the University of Oslo, where she also obtained her first cycle degree (Candidata Magistrii) in French, political science and philosophy as well as her teacher education diploma. Her research interests are in the field of comparative politics, with a particular focus on civil society, human rights and peace advocacy, discourse and discourse analysis. She is a former coordinator for PD Burma and a former country program manager for Norwegian Church Aid.

Add comment