တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း

တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း

ဇူနက်တာ ဟားဘတ်

■ နိဒါန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဆန္ဒရှိသည့် အကြောင်းအရာများအနက် တစ်ခုမှာ “တရားဥပဒေ စိုးမိုးရေး” ဖြစ်ပြီး မြန်မာပြည်အတွက် ဦးစားပေး ကိစ္စတစ်ခု ဖြစ်ကြောင်း ယခင်ကတည်းက ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ “တရားဥပဒေ စိုးမိုးရေး”ဟူသည့် စကားလုံးမှာလည်း ၂၀၁၂ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော လွှတ်တော် ကော်မတီတစ်ခု ဖြစ်သည့် “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ”၏ ခေါင်းစဉ်အမည်တွင် ပါဝင်သည့် စကားလုံးဖြစ်ကာ၊ ရွေးကောက်ပွဲ ကာလကတည်းက NLD ပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်သစ်များ ဖြစ်လာမည့် ပုဂ္ဂိုလ်များကပါ တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်မည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ NLD ပါတီက ညွှန်းဆိုခဲ့သည့် ထိုအသုံးအနှုန်း၏ အဓိပ္ပာယ်မှာ တိကျရှင်းလင်း မရှိလှပါ။

တရားဥပဒေ စိုးမိုးရေးဟု ဆိုလိုက်သည်နှင့် တရားဥပဒေ၏ အထက်တွင် မည်သူမှ မရှိရဆိုသည့် အချက်နှင့် တရားဥပဒေ ရှေ့မှောက်တွင် လူတိုင်းသည် တန်းတူညီမျှခွင့်ရှိသည် ဟူသော အချက် နှစ်ချက်ကို အာမခံရမည်ဟု ယေဘုယျအားဖြင့် နားလည် သဘောပေါက်ထားကြသည်။ မြန်မာဘာသာစကားအရ “တရားဥပဒေ စိုးမိုးရေး” ဟူသည် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းလိုက်သော ဥပဒေများနှင့် သဘာဝအရ တရားမျှတမှု (မျှတစွာ ပြုမူဆက်ဆံရမည့် တာဝန်၊ ဘက်လိုက်မှုများကို ဆန့်ကျင်သည့် အုပ်ချုပ်မှုနှင့် တရားမျှတစွာ ကြားနာ စစ်ဆေးခွင့်) နှစ်ခုစလုံး ပါဝင်သည့် ဥပဒေအဖြစ် လွှမ်းခြုံ နားလည် သဘောပေါက်ထားကြပါသည်။ ထိုအချက်မှာလည်း ၁၉၄၈ ခုနှစ်၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အသုံးပြုထားသည့် အသုံးအနှုန်းများကို အနီးစပ်ဆုံး ဘာသာပြန်ဆိုထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ပြီးခဲ့သော အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သည့် တရားဥပဒေ စိုးမိုးရေးအပေါ် နားလည် သဘောပေါက်မှုမှာ “ငြိမ်ဝပ်ပိပြားရေး” သို့မဟုတ် “တည်ငြိမ်အေးချမ်းရေး”ဟူသော အသုံးအနှုန်းက လွှမ်းခြုံနေသည်ဟု နစ်ခ် ချိစ်မန်း (Nick Cheesman) က ထောက်ပြ ပြောဆိုခဲ့သည်။“ပိပြား”ဟူသည့် အဓိပ္ပာယ်မှာ ဖိနှိပ်ခြင်း (ဝါ) အကန့်အသတ်များအတွင်း ထားရှိခြင်းဖြစ်ရာ ထိုကဲ့သို့ အနက်ပြန်မှုကြောင့် အင်အားသုံးမည် ဟူသည့် အတွေးအခေါ် အယူအဆ၊ နိုင်ငံတော်၏ အကျိုးစီးပွားများကို ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ တသီးပုဂ္ဂလ အခွင့်အရေးများကို အာမခံသူအနေဖြင့် မဟုတ်ဘဲ ဖိနှိပ်ချုပ်ချယ်ရာ ကိရိယာအဖြစ် “တရားဥပဒေ စိုးမိုးရေး”ကို အသုံးပြုမည် ဟူသည့်သဘောမျိုး သက်ရောက်သွားပေသည်။ ထို့အပြင် ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တပ်မတော်တို့ အနေဖြင့် ပြုမူဆောင်ရွက်မှုတိုင်းကို ဆွေးနွေးညှိနှိုင်းနေရသည့် ဒိုင်အာခီ (ဝါ) အစိုးရနှစ်ဖွဲ့ အုပ်ချုပ်နေသည့် လက်အောက်တွင် ထိုအဖွဲ့အစည်း နှစ်ခု၏ အခြေခံကျကျ ဆန့်ကျင်နေသော တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို မည်သို့မည်ပုံ အဆုံးသတ်အောင် စွမ်းဆောင်မည်နည်း ဟူသည့် မေးခွန်းတစ်ခု ပေါ်ပေါက်လာပေသည်။

ဒေါ်အောင်ဆန်းစုကြည်က အခြားနေရာများတွင် ဖော်ပြ ပြောဆိုခဲ့ရာ၌၊ ယင်းစိန်ခေါ်မှုသည် နည်းစနစ်ပိုင်းဆိုင်ရာ ပြုပြင်မှုများမှ တစ်ဆင့်၊ ကိစ္စချင်းရာများ၏ အသွင်အပြင်ကို ပြောင်းလဲပစ်ရုံသာမက၊ အထိုင်ကျနေသည့်  စဉ်းစားတွေးခေါ်မှုများကိုပါ ပြောင်းလဲပစ်ရမည်ဟု ဆိုခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အခြားသော အရာများထက် တရားဥပဒေအပေါ် အသုံးချရာတွင် ရှေ့နောက် ညီညွတ်မှု လိုအပ်နေခြင်း ဖြစ်သည်။

နောက်ထပ် ရှုပ်ထွေးသည့် ကိစ္စတစ်ခုမှာ မည်သည့်အရာကို “တရားဥပဒေ”အဖြစ် သတ်မှတ်မည်နည်း ဟူ၍ဖြစ်သည်။ မြန်မာနိုင်ငံရှိ “ဥပဒေ”ကို အသိအမှတ်ပြုရာတွင်၊ ပြဋ္ဌာန်းထားသော ဥပဒေများသာမက၊ ဓလေ့ ထုံးတမ်းစဉ်လာ ဥပဒေများ၊ ပြည်တွင်း၌ အငြင်းပွားမှု ပဋိပက္ခများအပေါ် ဖြေရှင်း ဆုံးဖြတ်သည့် စနစ်များနှင့် ကျင့်သုံးပုံများပါ ပါဝင်နေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် မြေယာအသုံးချ စီမံခန့်ခွဲမှုနှင့် အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ပတ်သက်သော ဥပဒေများတွင်၊ အထူး အရေးကြီးလှပါသည်။

ပြဋ္ဌာန်းထားသော ဥပဒေများ အနေဖြင့်လည်း ကောင်းစွာ ရေးဆွဲပြဌာန်းသည့် ဥပဒေမူကြမ်းများ ဖြစ်ရန်နှင့် အထူးသဖြင့် မြန်မာအစိုးရ ပါဝင် လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ စံနှုန်းများ၊ သဘောတူညီချက်များနှင့် လိုက်လျောညီထွေ ဖြစ်ရန်လည်း အရေးပါလှပေသည်။ လက်ရှိ အခြေအနေအရ မြန်မာပြည်တွင် အသက်ဝင် ကျင့်သုံးနေသော ဥပဒေပေါင်း များစွာမှာ ထိုစံနှုန်းများနှင့် ကိုက်ညီသည်ကို မတွေ့ရဘဲ ဖျက်သိမ်းရန်နှင့် ပြင်ဆင်ရေးဆွဲရန် လိုအပ်နေပါသည်။ အစိုးရသစ်အနေဖြင့် ဟိုမှသည်မှ ပြင်ဆင်မှုများ စတင် ဆောင်ရွက်နိုင်ပါသည်။ သို့သော် တပ်မတော်နှင့် ခက်ခက်ခဲခဲ ညှိနှိုင်းဆွေးနွေးမှုများ ပြုရဖွယ် ရှိပါသည်။ ဦးရွှေမန်း၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ဥပဒေပေါင်း (၁၄၂)ခုမှာ ပြင်ဆင်ရန်၊ သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သည်ဟု သုံးသပ်ခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်သည့် လွှတ်တော်ကော်မတီသစ် အားလုံးနီးပါးကလည်း၊ ဒါဇင်နှင့်ချီသော ဥပဒေများမှာ ပြန်လည် ပြင်ဆင် ရေးဆွဲရန် လိုအပ်ကြောင်း သုံးသပ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဥပဒေကြမ်း ရေးဆွဲသည့်ဖြစ်စဉ်၏ ပင်ကိုယ်ကပင် ပွင့်လင်းမြင်သာမှု မရှိဘဲ၊ မတူကွဲပြားသော အစုအဖွဲ့များက ၎င်းတို့ ကြိုက်နှစ်သက်သလို ရေးဆွဲထားသည့် ဥပဒေကြမ်းများ ဖြစ်ပြီး၊ ရှင်းလင်း ပြတ်သားသော လွှတ်တော်ဆိုင်ရာ ကြီးကြပ်မှုနှင့် အများပြည်သူ လေ့လာသုံးသပ်နိုင်မှုများ ချို့ယွင်းနေသည်။

အောက်ပါ နယ်ပယ် လေးခုကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် ဦးစားပေးသင့်ပါသည်။

■ (က)   အကောင်အထည်ဖော်သည့် အဖွဲ့အစည်းများကို ပြင်ဆင် ဖွဲ့စည်းခြင်း။

မည်သည့် ဥပဒေကမှ ပြီးပြည့်စုံသည်ဟူ၍ မရှိဘဲ၊ အနည်းငယ်ကိုသာလျှင် အပြည့်အ၀ ဖြစ်မြောက် ပြည့်စုံအောင် အကောင်အထည် ဖော်နိုင်ခဲ့ရာ၊  မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မှုမှာ ပို၍ ကြီးမားသော စိန်ခေါ်မှု ဖြစ်ပါသည်။ တရားဥပဒေအတိုင်း ဖြစ်မြောက် ပြည့်စုံအောင် အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပြည်ထဲရေးဝန်ကြီးမှာ စစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းကြောင့် ဤအချက်သည် NLD အစိုးရအတွက် အထူးခက်ခဲလှပါသည်။ ထိုအဖွဲ့တွင် (အထူးသတင်းတပ်ဖွဲ့ အပါအဝင်) ပြည်သူ့ ရဲတပ်ဖွဲ့၊ တရားရေးဋ္ဌာန ဖွဲ့စည်းပုံရှိ အရပ်ဘက် ဝန်ထမ်းများ (ဥပဒေအရာရှိများ၊ သို့မဟုတ် ကောင်းစွာ လေ့ကျင့် သင်ကြားထားသူဖြစ်ဟန် မရှိသော အစိုးရရှေ့နေများ အပါအဝင် အရပ်ဘက်ဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် ၎င်းတို့၏ တာဝန်ကို ကျိုးကြောင်းဆင်ခြင်တတ်သည့် ဉာဏ်ဖြင့် ပြည့်စုံစွာ လုပ်ကိုင်ခြင်းထက် ညွှန်ကြားသည့် အတိုင်းသာ လုပ်တတ်သည့် အလေ့အထ စွဲကပ်နေသူများ) ၂ နှင့် အပြောင်းအလဲကို ခုခံ ငြင်းဆန်နေဟန်ရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနတို့ ပါဝင်သည်။ ပြည်သူ့ ရဲတပ်ဖွဲ့ကိုလည်း အာရုံစူးစိုက်၍ တာဝန်ခံ လုပ်ကိုင်စေရန် ပြန်လည်လေ့ကျင့် သင်ကြားပေးရန် အရေးပါပြီး လုံလောက်သည့် ဘဏ္ဍာငွေများ ထောက်ပံ့ခြင်း၊ မျိုးရိုးဗီဇ စစ်ဆေးခြင်းနှင့် မှုခင်းဖက်ဆိုင်ရာ ဆေးပညာကဲ့သို့သော ခေတ်မီ စုံစမ်းထောက်လှမ်းရေး ကိရိယာများဖြင့် ဖွဲ့စည်းထူထောင် လေ့ကျင့်ပေးရန်လည်း လိုအပ်ပေသည်။ ပြည်တွင်း အဆင့်အတန်းအားဖြင့် ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် ရဲတပ်ဖွဲ့ဝင် အများစုမှာ ပို၍ကျွမ်းကျင်သူ ပညာရှင်ဆန်သော၊ ယုံကြည် အားထားရသော၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း ဖြစ်စေလိုကြကြောင်း သက်သေ အထောက်အထားများ ရှိနေပေသည်။ ၃ မည်သို့ပင်ဖြစ်စေ ဥရောပသမဂ္ဂ (EU) ၏ ကူညီထောက်ပံ့မှုဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းမည့် အစီအစဉ် တိုးချဲ့မှုမှာလည်း ပြည်ထဲရေးဝန်ကြီး က သဘောတူညီကြောင်း အရိပ်အယောင် မပြခဲ့သဖြင့် ရပ်ဆိုင်းခဲ့ရသည်ဟု ကြားသိခဲ့ရပြန်သည်။ ၄

■ (ခ) တရားဥပဒေ ရှေ့မှောက်တွင် တန်းတူညီမျှခြင်း

မြန်မာပြည်တွင် ရေးဆွဲ ပြဋ္ဌာန်းပြီးသား ဥပဒေများတွင် တန်းတူညီမျှ မှုမရှိကြောင်း သက်သေသာဓက များစွာရှိပြီး၊ အထင်ရှားဆုံး တစ်ခုမှာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေပင် ဖြစ်သည်။ (ပြန်လည် သုံးသပ်ပြီးစီးသော ဥပဒေ ၁၄၂ ခုတွင် ပါဝင်ဟန် မရှိသော) ထိုဥပဒေမှာ တရားဥပဒေစိုးမိုးရေး အောင်မြင်မှုရလိုပါက ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့် ဥပဒေဖြစ်ပြီး၊ ကွဲပြား ခြားနားသော တရားဥပဒေအရ အခွင့်အရေးများရှိသည့် အတန်းအစား အမျိုးမျိုးသော နိုင်ငံသားများ ဖန်တီးခြင်းအားဖြင့် မြန်မာပြည်တွင် ကျင့်သုံးရမည့် “တရားဥပဒေ ရှေ့မှောက်တွင် တန်းတူညီမျှခွင့်”ကို ထိုဥပဒေက ပိတ်ပင် တားဆီးနေပါသည်။ ထိုဥပဒေသည် နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသည့်အပြင်၊ အထူးသဖြင့် နည်းဥပဒေများကလည်း အစိုးရအနေဖြင့် အခွင့်အရေးများကို ငြင်းပယ်ခွင့်နှင့် နိုင်ငံမဲ့ဖြစ်မှုတို့ ဖန်တီးနိုင်စေရန် အခွင့်အရေး ပေးထားပါသည်။ ပြီးခဲ့သော သက်သေ သာဓကများအနက် ခွဲခြားဆက်ဆံသည့် အခြားဥပဒေများထဲတွင် ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော “မျိုးစောင့် ဥပဒေများ” ပါဝင်ပြီး၊ ထိုဥပဒေအရ အမျိုးသမီးများ၊ ဘာသာကွဲ လူနည်းစုများ၊ အထူး တိကျစွာဆိုရလျှင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဆန့်ကျင်ခွဲခြား ဖိနှိပ်ထားခဲ့သည်။ ၅ အဆိုပါ ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ သို့မဟုတ် ဖျက်သိမ်းခြင်းအားဖြင့်၊ NLD အစိုးရက တရားဥပဒေ ရှေ့မှောက်တွင် တန်းတူညီမျှခွင့် ရှိခြင်းကို အမှန်တကယ် သက်ဝင် ယုံကြည်ကြောင်း ခိုင်မာသည့် သတင်းစကား ပေးနိုင်ပါလိမ့်မည်။ ထိုကဲ့သို့ မပြုလုပ်နိုင်ပါက NLD က ထုတ်ဖော်ပြောဆိုခဲ့သည့် တရားဥပဒေစိုးမိုးရေး ထူထောင်မည့် စိတ်ဆန္ဒရှိမှုအပေါ် လုံး၀ ထိခိုက်စေပါလိမ့်မည်။

■ (ဂ)  တရားဥပဒေအထက်တွင် မည်သူမှ မရှိရခြင်း

တရားဥပဒေ အထက်တွင် မည်သူမှ မရှိကြောင်း သေချာစေရန်မှာ၊ တသီးပုဂ္ဂလများ၊ စီးပွားရေးကုမ္ပဏီများ၊ စစ်ဘက်နှင့် အခြားအာဏာပိုင်များ၏ တာဝန်ခံမှုကို ကိုင်တွယ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် အပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရှိနေခြင်းမှာလည်း တရားဥပဒေ စိုးမိုးရေးတွင် အဓိက အဟန့်အတား တစ်ခုဖြစ်ပြီး၊ ရဲတပ်ဖွဲ့အနေဖြင့်လည်း အင်အားသုံး အကြမ်းဖက် ဖြိုခွဲမှုများ လုပ်ဆောင်မှုများကြောင့် ခုံရုံးတင် တရားစွဲဆိုခံရခြင်း အခြေအနေမျိုး အလွန်ရှားပါးပေသည်။ ထူးခြားချက်များမှာ ရဲတပ်ဖွဲ့က အသုံးပြုခဲ့သည့် မီးစုန်းဓာတ်ကြောင့် သံဃာတော်များ အပြင်းအထန် ဒဏ်ရာရခဲ့သည့် လက်ပံတောင်း ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းနှင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၌ တောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုတို့အတွက် မည်သူ တစ်ဦး တစ်ယောက်ကမျှ တာဝန်ယူမှု မရှိခဲ့ခြင်းတို့ပင် ဖြစ်သည်။ အချို့သော မြန်မာစီးပွားရေး ကုမ္ပဏီများကလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကြံစည်မှုများ မကြာခဏပြုလုပ်ပြီး၊ မြေယာကိစ္စ ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွဲခြင်း၊ သို့မဟုတ် အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းများ ရှိခဲ့သည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ကျူးလွန်နိုင်မည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှုကို ကိုင်တွယ်ရန် အလွန်ခက်ခဲရုံသာမက၊ ၎င်းတို့ကိုလည်း လူသိထင်ရှား ဝေဖန်၍ မရဘဲ ထိုကဲ့သို့ ပြုမူခဲ့ဖူးသည့် လူပုဂ္ဂိုလ်များကို ခုံရုံးတင် တရားစွဲဆိုခြင်းများ ဆက်တိုက် ပြုလုပ်ခြင်းဖြင့် တို့ထိ ဝေဖန်၍ မရသည့် အနေအထားကို သေချာ ကြိုးပမ်းထားခဲ့ကြသည်။ ထူးခြားဖြစ်စဉ် တစ်ခုမှာ 7 Day ဂျာနယ် (ထိုဂျာနယ် အယ်ဒီတာချုပ်၏ ဖခင်မှာ နဝတ အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်) မှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကို “တပ်သား၊ အရာရှိ တစ်ဦးဦးအား နိုင်ငံတော်သစ္စာကို ဖောက်ဖျက်စေခြင်းငှာသော် လည်းကောင်း၊ တာဝန်ဝတ္တရား မဆောင်ရွက်နိုင်စေခြင်းငှာသော် လည်းကောင်း သွေးဆောင်ရန် အားထုတ်”သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ အရ စစ်တပ်က ရုံးတင် တရားစွဲဆိုရန် ကြိုးပမ်းခဲ့သည်။ ထိုအမှုကို တရားရုံးက အပြည့်အ၀ လက်ခံခဲ့ရာ (ပထမဆုံး ကြားနာစစ်ဆေးမှုကို ၂၀၁၆ ဇူလိုင် ၁ ရက်တွင် ပြုလုပ်ခဲ့သည်)။ ရဲတပ်ဖွဲ့၊ တရားသူကြီးနှင့် ဥပဒေအရာရှိများ၏ အမှီအခိုကင်းစွာ လွတ်လပ်မှုမရှိခြင်းကို ဖော်ပြမှုတစ်ခုပင် ဖြစ်သည်။ တရားရုံးပြင်ပ ညှိနှိုင်းဆွေးနွေးမှုများအရ 7 Day က ဦးရွှေမန်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှ ကောက်နှုတ်ချက်ကို ထပ်မံဖော်ပြခဲ့မှုအတွက် တောင်းပန်ခဲ့ရသည်။ ဤသို့ တောင်းပန်ခဲ့ခြင်းကြောင့် ယင်းတရားစွဲဆိုမှုကို ပြန်လည် ရုပ်သိမ်းခဲ့ရာ စစ်တပ်အနေဖြင့် အပြောင်းအလဲ ပြုလုပ်လိုသည့် လက္ခဏာဖြစ်ကောင်း ဖြစ်နိုင်သကဲ့သို့ ထိုညတွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ အကာအကွယ်ပေးမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ ပို၍ ဖြစ်နိုင်ဟန်ရှိသည်မှာ ယင်းအမှုသည် အခြားသော သတင်းစီးထွက်ရာ လမ်းကြောင်းအတွက် သတိပေးမှု တစ်ရပ် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။ ၆

မဘသခေါ် ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီများ၏ လှုပ်ရှားမှု တဖြည်းဖြည်း ကြီးထွားလာခြင်းကလည်း တရားဥပဒေ၏ အထက်တွင် ရှိနေသည့် အချက်တစ်ခု ဖြစ်သည်။ ၇ ထိုလှုပ်ရှားမှုက လူမှုကွန်ရက်များမှ တစ်ဆင့် မွတ်စလင် ဘာသာဝင်များနှင့် အခြားသော ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို တိုက်ခိုက်မှုများကို လွတ်လပ်စွာ ပြုလုပ်စေရန် ခွင့်ပြုထားပြီး၊ ဆန္ဒပြမှုများနှင့် လူအုပ်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလာရာ အများစုသော ပြည်သူလူထု၏ လူ့အခွင့်အရေး၊ အဆုံးစွန်အားဖြင့် ဆိုရလျှင် နိုင်ငံ တည်ငြိမ်အေးချမ်းရေးကိုပါ ပြင်းထန်ဆိုးရွားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ NLD အစိုးရက မျိုးစောင့်ဥပဒေများကို ရုပ်သိမ်းခြင်းထက် ကာကွယ်ပြောဆိုသွားသော ပြီးခဲ့သည့် ဆုံးဖြတ်ချက်မှာလည်း သက်ဆိုင်သည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။ ၈

ငိုအားထက် ရယ်အားသန် ဖြစ်နေသည့်ကိစ္စမှာ တရားဥပဒေ၏ အထက်တွင် ရောက်နေသည် ဆိုနိုင်သော တတိယအုပ်စုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများပင် ဖြစ်သည်။ NLD အစိုးရ၏ ထည့်သွင်း စဉ်းစားထားမှုအရ ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တိုးတက်လာစေရန် ဆန္ဒရှိသည်ဟု ထုတ်ဖော် ပြောဆိုထားရာ လွှတ်တော်တွင် တင်သွင်းထားသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ဥရောပသမဂ္ဂ (EU) မှ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရေး သဘောတူညီချက်များ ရှိရာ၊ နိုင်ငံ၏ ဥပဒေများအရ ရင်းနှီးမြှုပ်နှံသူများကို အရေးမယူနိုင်စေရန် ဆောင်ရွက်ထားခြင်းမျိုး ဖြစ်ပေလိမ့်မည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက သူတို့၏ အကျိုးစီးပွား ပျက်စီးစေသည် ယူဆပါက၊ အစိုးရ၏ မည်သည့် ဆောင်ရွက်ချက်မျိုးကိုမဆို တရားစွဲဆိုပိုင်ခွင့် ရှိသည်။ အပြည်ပြည်ဆိုင်ရာ တရားရုံးများရှိ ရင်းနှီးမြှုပ်နှံသူနှင့် အစိုးရအကြား အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းမှု (ISDS) လုပ်ငန်းစဉ်များအရ ဆောင်ရွက်ခွင့် ရှိနေစဉ်တွင်၊ နိုင်ငံသားများအနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများက တရားဥပဒေကို မလိုက်နာပါက၊ စိန်ခေါ်ဖက်ပြိုင်ခွင့် တန်းတူအခွင့်အရေး မရှိဘဲ ပိတ်ဆို့ ငြင်းပယ်ခံ ထားကြရသည်။ ဤအချက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံမှ ဥပဒေများ၏ ပြင်ပ လက်လှမ်းမမှီနိုင်သည့် နေရာတွင် ရှိစေပြီး၊ အသစ်အသစ်သော မြန်မာအစိုးရများကလည်း အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေများ၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ကာကွယ်ပေးသည့် ဥပဒေများကို ပြဌာန်းရန် မဖြစ်နိုင်ဘဲ ရှိစေသည်။ ၉ NLD အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အပြည့်အ၀ ဖြစ်မြောက်အောင် အကောင်အထည် ဖော်လိုပါက (ISDS) စနစ်ကို အသုံးပြုရန် ခွင့်ပြုခြင်းမျိုးထက်၊ နိုင်ငံတွင်းမှ တရားဥပဒေစနစ်ကို ပိုမို အားကောင်းစေရေးကို အာရုံစူးစိုက် သင့်ပေသည်။

■ (ဃ) အဂတိ လိုက်စားခြင်း

အဂတိလိုက်စားခြင်းသည် မြန်မာနိုင်ငံ၏ တရားရေးစနစ်အတွင်း အကျယ်အပြန့် ကြုံတွေ့ရသည့် အရာကိစ္စဖြစ်ပြီး၊ တရားဥပဒေစိုးမိုးရေး ထူထောင်ရာတွင်လည်း ကြီးမားသော အဟန့်အတား ဖြစ်နေသည်။ အဂတိလိုက်စားခြင်းဟု ဆိုရာတွင် တရားရေးဋ္ဌာန ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့၊ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် တရားရုံး စာရေးများက လာဘ်လာဘ၊ တံစိုးလက်ဆောင် ရယူခြင်းသာမက အုပ်ချုပ်ရေးဋ္ဌာန၊ သို့မဟုတ် စစ်ဖက်မှ အာဏာ အလွဲသုံးစားလုပ်ကာ အမှုအခင်းများတွင် အကျိုးကျေးဇူး ရရှိစေရန် သြဇာအာဏာ ပေးခြင်းများလည်း အကြုံးဝင်သည်။ အထက်ဖော်ပြပါ သာဓက တစ်ခုချင်းစီမှာ  ဥပဒေဘောင်အတွင်းမှ အဂတိလိုက်စားမှု ပုံစံများ ဖြစ်ကြသည်။

အနည်းငယ်သော နိုင်ငံသားများသာ တရားရုံးများနှင့် အဆက်အစပ် အထိအတွေ့ ရှိရခြင်းနှင့် တရားခံ အနည်းငယ်သာ အမှုမှ တရားသေ လွတ်ကြခြင်း တို့မှာလည်း အဂတိလိုက်စားမှုက အဓိက အကြောင်းပြချက် ဖြစ်သည်။ သင်က တရားရုံးနှင့် ပတ်သက်ရသော အဖြစ်များ ဖြစ်လာအံ့။ သင့်အနေဖြင့် မှန်ကန်သော ပုဂ္ဂိုလ်ကို ပေးကမ်းခြင်း မဟုတ်လျှင် (သို့မဟုတ် ပေးကမ်းရန် မတတ်နိုင်လျှင်) အဆင့်မြင့် အာဏာပိုင်များက သင့်တွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေပေလိမ့်မည်။ အခြားနည်းလမ်းဖြင့်တော့ သင့်တွင် အပြစ်မရှိကြောင်း ရှာဖွေတွေ့ရှိရန် ဖြစ်နိုင်ခြေမရှိပါ။ ၁၀ အမျိုးသမီးများ တရားမျှတမှု ရရှိပိုင်ခွင့်အတွက် တရားရေးအခြေခံ (Justice Base on Women’s access to justice) အဖွဲ့က ရေးသားသည့် အစီရင်ခံစာ တစ်ခုတွင် “အမျိုးသမီးများနှင့် မိသားစုများသည် ကာလရှည်ကြာ ယုံကြည် ယူဆလာသည့် စွဲမြဲမှုကြောင့်၊ အစိုးရ၏ တရားရေးစနစ်အပေါ် အယုံအကြည် မရှိသောကြောင့်၊ ကုန်ကျစားရိတ် မြင့်မားလွန်းသောကြောင့်၊ အကျင့်ပျက် ခြစားမှုများနှင့် လိင်ကွဲပြားမှုအပေါ် ဘက်လိုက်မှုများကြောင့်၊ တရားခုံရုံး ကာလကြာမြင့်နေမှုများနှင့် တိုင်းရင်းသား လူနည်းစုများအတွက် ဘာသာစကား အခက်အခဲ ရှိသောကြောင့်၊ ဓလေ့ထုံးတမ်းစဉ်လာ အငြင်းပွားမှု ဖြေရှင်းရေးစနစ်ကိုသာ ရွေးချယ်နေကြရဆဲ ဖြစ်သည်”ဟု ရေးသား ဖော်ပြခဲ့သည်။ ထို တရားရေး စနစ်များ ၁၁ သည်လည်း အမျိုးသမီးတို့၏ တသီးပုဂ္ဂလ အခွင့်အရေးများကို ခုခံကာကွယ်ပေးခြင်း မရှိသော်လည်း “လုံခြုံစိတ်ချရသော တစ်သီးပုဂ္ဂလ ပြန်လည်ကုစားမှုများနှင့် လူမှုအဖွဲ့အစည်း သဟဇာတဖြစ်မှု”ကို ဦးစားပေးကြောင်း အသိအမှတ် ပြုထားကြသည်။

အဂတိလိုက်စားမှုသည် အလွန်နက်ရှိုင်းစွာ ဖြစ်ပေါ်နေပြီး၊ အမြစ်ပြတ် တိုက်ဖျက်ရန် အလွန်အမင်း ခက်ခဲပါမည်။ သို့အတွက်ကြောင့် အများပြည်သူဆိုင်ရာ ပညာပေးမှု အများအပြား လိုအပ်မည် ဖြစ်ပြီး၊ ဆန့်ကျင် ဖော်ထုတ်သည့် လှုပ်ရှားမှု ကမ်ပိန်းများလည်း ဆောင်ရွက်ကြရပါမည်။ ထိုသို့ ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့၏ စုံစမ်းထောက်လှမ်းရေး စီမံခန့်ခွဲမှုများနှင့် တရားရုံး လုပ်ငန်းစဉ်များကိုပါ ပြုပြင် ပြောင်းလဲပစ်ရန် ပစ်မှတ်ထားရပေမည်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် သာမန်အားဖြင့် လစာတိုးပေးခြင်း၊ အချို့သော တရားသူကြီးများနှင့် စာရေးစာချီများကို လူသိရှင်ကြား အလုပ်ထုတ်ပယ်ပစ်ခြင်း၊ သို့မဟုတ် စည်းကမ်းအရ အရေးယူခြင်းများဖြင့် မလုံလောက်ပါ။ ကမ္ဘောဒီးယားနိုင်ငံမှ အတွေ့အကြုံများအရ လစာ အများအပြား ရရှိသူများပင်၊ အဂတိလိုက်စားမှု နောက်ထပ် အခွင့်အလမ်းများ ရှာကြံကြသည်ကို သတိပြုသင့်ပေသည်။ ၁၂

ရှင်းလင်းသည်မှာ မြန်မာပြည်တွင် တရားဥပဒေ စိုးမိုးမှု ရှိစေရန် NLD အစိုးရအနေဖြင့် မည်ကဲ့သို့ ထင်မြင် ယူဆထားကြောင်း မသိသေးဘဲလျက် အထက်ဖော်ပြခဲ့ပါ မေးခွန်းကို ဖြေဆိုရန် မဖြစ်နိုင်သေးပါ။ များပြားလှသော နိုင်ငံတကာ အေဂျင်စီများကလည်း တရားရေးစနစ် အဆင့်အသီးသီးတွင် ထိရောက်မှုများ ဖြစ်ပေါ်လာစေရန် ငွေကြေးများ ထောက်ပံ့ပေးနေကြသည်။ သို့သော်လည်း ယင်းစီမံချက်များဖြင့် အထက်တွင် ဖော်ပြ ဆွေးနွေးခဲ့သော အခက်ခဲဆုံး ပြဿနာများကို ဖြေရှင်းနိုင်မည် ဆိုသည်မှာ မဖြစ်နိုင်ဟူသော စိုးရိမ်ပူပန်မှုများလည်း ရှိနေပေသည်။ အထူးသဖြင့် အဆင့်အသီးသီးတွင် ရှိနေသော အကျင့်ပျက်ခြစားမှုများမှာ တရားသူကြီးများ၊ တရားရုံး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရရှိနေသည့် ရယ်စရာ ကောင်းလောက်အောင် နည်းပါးသည့် လစာငွေကြေးကြောင့် သာမက ၁၃ တရားစီရင်ရေးစနစ်၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့် မရှိခြင်းနှင့်လည်း သက်ဆိုင်နေသည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် အလုပ် လုပ်ကိုင်နေသည့် ရှေ့နေများ အပါအဝင်၊ ရှေ့နေများက ယင်းစနစ်အတွင်းမှပင် ၎င်းတို့အတွက် အကျိုးအမြတ် ရရှိနေခြင်းကြောင့် အဂတိလိုက်စားခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရန် တွန့်ဆုတ်နေကြသည်။ မည်သို့ပင်ဖြစ်စေ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ NLD အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်မှုအချို့ ချက်ချင်း ပြုလုပ်နိုင်ပြီး  တရားရုံးများ၏ လုပ်ငန်းဆောင်တာများ စတင်၍ ပြုပြင်ပြောင်းလဲနိုင်ပါသည်။ ထိုမှတစ်ဆင့် စနစ်တစ်ခုလုံးတွင်လည်း အပြုသဘော အကျိုးသက်ရောက်မှုများ ရရှိလာစေနိုင်ကာ၊ ပြည်သူများက တရားစီရင်ရေး စနစ်တွင် ယုံကြည်မှု တိုးပွားလာစေပြီး၊ တရားမျှတမှု ရရှိရန် ပို၍ ချဉ်းကပ် ဆောင်ရွက်လာနိုင်ကြမည် ဖြစ်သည်။

ချက်ချင်း မဆိုင်းမတွ အရေးယူဆောင်ရွက်မှုအတွက် အကြံပြုချက်များ

■ (၁)  တရားလွှတ်တော်ချုပ် တရားသူကြီး အဖွဲ့ဝင်သစ်များ ခန့်အပ်ရေး

လက်ရှိအချိန်တွင် တရားလွှတ်တော်ချုပ် တရားသူကြီး အရေအတွက် ၇ ဦးသာရှိပြီး ၅ ဦးမှာ တပ်မတော် အရာရှိဟောင်းများ ဖြစ်ကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားရုံးချုပ် တရားသူကြီးဦးရေကို အများဆုံး ၁၁ ဦးအထိ ခန့်အပ်ခွင့် ပြုထားရာ သမ္မတအနေဖြင့် အတွေ့အကြုံရှိပြီး အမှီအခိုကင်းသည့်၊ လွတ်လပ်သည့် အရပ်သား ဥပဒေပညာရှင်များကို ထပ်ဆောင်း အဖွဲ့ဝင်များအဖြစ် ခန့်အပ်သင့်ပေသည်။

■ (၂) အဂတိ လိုက်စားမှု အဆုံးသတ်စေရေး အဖြေများ အကြံပြုနိုင်ရန် စုံစမ်းစစ်ဆေးမှု တစ်ခု ဆောင်ရွက်ရေး

တစ်ဦးချင်း ပြစ်ဒဏ်ပေးခြင်း၊ ဥပဒေအရာရှိများနှင့် တရားရုံး စာရေးများကို လစာများ တိုးမြှင့်ပေးခြင်းထက်စာလျှင်၊ အဂတိလိုက်စားမှု ဖြစ်စေသည့် အကြောင်းတရား အားလုံးနှင့် ပြုပြင်ကုသမှုများကို ပွင့်လင်းမြင်သာသော ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်သည်။ သို့မှသာ အကျင့်ပျက်ခြစားမှု အဆုံးသတ်နိုင်စေမည် ဖြစ်သည်။ ရွေးချယ်စရာ နည်းလမ်း တစ်ခုမှာ စုံစမ်း စစ်ဆေးရေးအတွက် လွှတ်တော် ကော်မရှင်တစ်ရပ် ဖွဲ့စည်းသင့်ပြီး၊ အဓိကကျသော ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် ပူးပေါင်း ဆောင်ရွက်ကာ ပြဿနာကို ပြည့်စုံစွာ သုတေသနပြုခြင်း၊ အကြံပြုစေခြင်း ဖြစ်သည်။ ယင်း စုံစမ်းစစ်ဆေးမှုသည် ရှေ့နေများနှင့် တရားစီရင်ရေး စနစ်၏ ဂုဏ်သိက္ခာကို အများပြည်သူရှေ့သို့ ချပြ ဖျက်ဆီးခြင်းထက်၊ ၎င်းတို့၏ အခြေအနေကို မြှင့်တင်ပေးရန် ရှာဖွေသင့်ပြီး တရားစီရင်ရေးစနစ်အတွင်း အကောင်းဆုံး ပြုမူမှုများကို ကျင့်သုံးနိုင်မည့် နယ်ပယ်များကို ရှာကြံသင့်ပါသည်။ စနစ်တစ်ခုလုံး အတုယူ ကျယ်ပြန့်စွာ ကျင့်သုံးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သင့်ပါသည်။ သက်ဆိုင်သော ဥပမာတစ်ခုမှာ ကလေးသူငယ်များ တရားစီရင်ရေးစနစ် ဖြစ်ပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းများ (INGO) များ အကူအညီဖြင့် ငယ်ရွယ်သော အပြစ်ကျုးလွန်သူများကို ပြုမူဆက်ဆံပုံနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တိုးတက်စေပြီး၊ အောင်မြင်မှုအချို့ ရရှိခဲ့ပါသည်။ ယင်း စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အများပြည်သူ သိရှိအောင် ပြုလုပ်ပြီး၊ ပြည်သူလူထု အနေဖြင့်လည်း ပူးပေါင်းပါဝင်ကာ အဂတိလိုက်စားမှု ဖြစ်ရပ်များကို သတင်းပို့ခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ပေလိမ့်မည်။

■ (၃) တရားရုံးများ အနေဖြင့် တည်ဆဲ ကျင့်ထုံးများကို လိုက်နာပြီး၊ တရားခွင်များ ကြန့်ကြာမှုကို လျှော့ချစေရန်အတွက် ရှေ့နေချုပ်ရုံးက ညွှန်ကြားရေး

အဂတိလိုက်စားမှု ဖြစ်အောင် မောင်းနှင်နေသော အရာများအနက် တစ်ခုဖြစ်ပြီး၊ တရားမျှတမှုအတွက် အဟန့်အတား ဖြစ်နေစေသည့် အချက်မှာ၊ တရားသူကြီးများက ကြားနာ စစ်ဆေးမှုများကို နှစ်ပတ်ကြာအောင် ရက်ချိန်း ရွှေ့ဆိုင်းနေသည့် အလေ့အထ ပုံမှန်ဖြစ်ပေါ်နေပြီး၊ သက်သေများနှင့် ၎င်းတို့၏ ရှေ့နေများကို နှစ်ပတ် တစ်ကြိမ် တရားရုံးတက်ရန် ဖိအားပေးခြင်းကလည်း အမှုများ ပြီးစီးရန် နှစ်နှင့်ချီ၍ ကြာမြင့်စေသည်။ ထိုအလေ့အထသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ထူးခြားသော အမှုများတွင်သာ လိုက်နာ ကျင့်သုံးရန် ဖြစ်သော်လည်း ယခုအခါတွင်မူ ပုံမှန် စည်းမျဉ်းစည်းကမ်း တစ်ခုကဲ့သို့ ဖြစ်လာခဲ့ပေပြီ။ ၁၄

■ (၄) ဥပဒေ အရာရှိများနှင့် တရားသူကြီးများက ထပ်ခါ တရားစွဲဆိုမှုများမှ ကာကွယ်ရေး

တရားဥပဒေအရ ရှင်းလင်းထားသည်မှာ ပြစ်မှုတစ်ခု ကျူးလွန်သည်ဟု သတ်မှတ်ခံရပါက အခြားသော ပြစ်မှုများ ပါဝင်ခြင်း၊ သို့မဟုတ် တူညီသောပြစ်မှု တစ်ခုတည်းကိုပင် တသီးတခြားစီ ဖြစ်သော နေရာဒေသများတွင် ဖြစ်ပွားခဲ့ပါက ပြစ်မှုကျူးလွန်သူကို ပြစ်မှု တစ်ခုတည်းဖြင့်သာ တရားစွဲဆို ရုံးတင်ရမည်။ ၁၅ ယင်းဖော်ပြချက် အဓိပ္ပာယ်မှာ အာဏာပိုင်များ အနေဖြင့် တစ်မြို့နယ်ပြီး တစ်မြို့နယ် ဖြတ်သန်းသွားခဲ့သည့် ဆန္ဒပြမှုများအပြင် ဆန္ဒပြမှု၏ တစိတ်တပိုင်းအဖြစ် လယ်ယာမြေ ထွန်ယက် စိုက်ပျိုးခဲ့သော (ထွန်တုံးတိုက်ပွဲဝင်ခဲ့သော) လယ်သမား တစ်ဦးကိုလည်း မြို့နယ်အဆင့် တရားရုံး နှစ်ရုံး၏ တရားစီရင်ပိုင်ခွင့်အတွင်း ထပ်ခါတလဲလဲ တရားစွဲဆိုမှုများ မပြုလုပ်နိုင်ပေ။

■ (၅) ရဲတပ်ဖွဲ့ဝင်များက တရားခံထံမှ ဖြောင့်ဆိုချက် ရရှိရန် ညဉ်းပန်း နှိပ်စက်ခြင်းနှင့် လူသားမဆန်သော ပြုမူဆက်ဆံမှုများ အဆုံးသတ်စေရေး

မိမိ၏ စိတ်ဆန္ဒမပါဘဲ အလိုအလျောက် ဝန်ခံမှုများကို ခွင့်မပြုသည့် တရားဥပဒေများ ရှိနေလင့်ကစား ရဲတပ်ဖွဲ့သည် နိုင်ငံရေးနှင့် ရာဇဝတ်မှုဆိုင်ရာ မှုခင်းအများတွင် ဖြောင့်ဆိုချက် ရရှိရန် ထိုးကြိတ် ကန်ကျောက်ခြင်း၊ ညဉ်းပန်း နှိပ်စက်ခြင်းနှင့် လူသားမဆန်သော ပြုမူဆက်ဆံမှုမှုများ မကြာခဏ ပြုလုပ်လေ့ ရှိသည်။ ထိုကဲ့သို့ ပြုလုပ်ရသည့် အကြောင်းရင်းများမှာ ပျင်းရိခြင်း၊ စုံစမ်းစစ်ဆေးမှု စွမ်းရည်များနှင့် လုပ်ငန်းစဉ်များ (မှုခင်းဗေဒဆိုင်ရာ သိပ္ပံဓာတ်ခွဲခန်းများ အပါအဝင်) လေ့ကျင့်မှု လစ်ဟာခြင်း၊ ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းမည်မျှ ပြီးစီးရန်ဟူသည့် ခွဲတမ်း သတ်မှတ်ချက် ဖိအားရှိနေခြင်းတို့ကြောင့် ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်း ကျင့်သုံးနေသော တရားဥပဒေအရ ရဲတပ်ဖွဲ့က ညဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခြင်းမှာ တရားမဝင်ဘဲ တရားခံများ အနေဖြင့် တရားသူကြီးများ ရှေ့မှောက်တွင်သာ မှုခင်းနှင့် ပတ်သက်သည့် ဖွင့်ဟထွက်ဆိုမှု ပြုလုပ်ရမည် ဖြစ်သည်။ ၁၆ ရှေ့နေများအနေဖြင့်လည်း ထိုအချက်ကို ပြန်ပြောင်း အမှတ်ရသင့်ပြီး  ညဉ်းပန်းနှိပ်စက်မှု ပြုလုပ်ပြီး ရရှိလာသည့် ဖြောင့်ဆိုချက်များ ပါဝင်နေမှုကိုလည်း ကန့်ကွက်သင့်သည်။ ရဲတပ်ဖွဲ့အနေဖြင့် စစ်ဖက် ထိန်းချုပ်မှုအောက်တွင် ရှိနေစဉ်မှာပင် ညဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်သည့်၊ သို့မဟုတ် လူ့ဂုဏ်သိက္ခာ လျော့ကျစေသော ပြုမူဆက်ဆံမှုများ ရှိနေခဲ့သည်။ ဤအချက်များကို အဆုံးသတ်စေရန် ကုလသမဂ္ဂ၏ သဘောတူညီချက်ကို အစိုးရက လက်မှတ် ရေးထိုးခြင်းဖြင့် အစိုးရအဖွဲ့၏ စိတ်ဆန္ဒရှိမှုကို ပြသသင့်ပေသည်။ ပထမဆုံး ခြေလှမ်းအဖြစ် အတင်းအကျပ် ဖိအားပေး ထွက်ဆိုချက်များ ပြုလုပ်နေမှုနှင့် ပတ်သက်သည့် အချက်အလက်များ စုဆောင်းရန် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ကို ရှေ့နေချုပ်ရုံး အနေဖြင့် တောင်းဆိုမှု ပြုလုပ်သင့်ပေသည်။ ၁၇

■ (၆) အမျိုးသား မြေယာ အသုံးချစီမံခန့်ခွဲမှု မူဝါဒသစ်ကို အခြေခံ၍ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် မြေယာစီမံခန့်ခွဲရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်မည့်စနစ်များ   ထူထောင်ရေး

မြေယာနှင့် ပတ်သက်သည့် ပဋိပက္ခသည့် မြန်မာပြည်တွင် အကြီးမားဆုံး စိန်ခေါ်မှုများအနက် တစ်ခုဖြစ်ရာ အစိုးရအနေဖြင့် ၎င်းတို့၏ တရားမျှတမှုဆိုင်ရာ အာမခံခြင်း၊ တာဝန်ယူခြင်းကို ပြသရမည် ဖြစ်ပြီး၊ သို့မဟုတ်ပါက ဆန္ဒပြ ကန့်ကွက်မှုများ ဆက်လက် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ အချက်အလက်များ ပြည့်စုံသော မြေယာဥပဒေသစ် တစ်ခု ရေးဆွဲပြဋ္ဌာန်းရန် အချိန်ယူရမည် ဖြစ်ရာ ထိုကာလ အတောအတွင်းမှာပင် တောင်သူ လယ်သမားများအနေဖြင့် ၎င်းတို့၏ လယ်ယာမြေများကို ဆက်လက် လက်လွှတ် ဆုံးရှုံးနေပေဦးမည်။ လက်ရှိ အနေအထားအရ တောင်သူ လယ်သမားများသည် မြေယာအငြင်းပွားမှုများ ဖြေရှင်းရန် တရားရုံးများသို့ ချဉ်းကပ် ပေါက်ရောက်နိုင်ခြင်း မရှိပေ။ ပြီးခဲ့သော အစိုးရက ၂၀၁၆ ဇန်နဝါရီလတွင် အချက်အလက်များ ပြည့်စုံသော အမျိုးသား မြေယာအသုံးချ စီမံခန့်ခွဲမှုမူဝါဒသစ် ချမှတ်ခဲ့ရာ မြေယာဆိုင်ရာ ဥပဒေသစ်များ မပြဋ္ဌာန်းနိုင်မီ အချိန်အထိ၊ ထိုမူဝါဒကို မြေယာ အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေး အခြေခံမူအဖြစ် အသုံးပြုသင့်ပေသည်။ အစိုးရက ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် မြေယာကော်မရှင်များ (အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် ထပ်မံ ထည့်သွင်းထားသော ရှေ့နေများ အပါအဝင်) ဖွဲ့စည်းရန် အခွင့်အာဏာရှိပြီး ကန့်ကွက် စောဒကတက်မှုများကို စုံစမ်းစစ်ဆေးရုံသာမက အမှုအခင်းများကိုပါ ဖြေရှင်း ဆုံးဖြတ်ပေးရန် အာဏာပေးအပ် ထားသင့်သည်။

■ (၇) အရပ်ဘက် အဖွဲ့အစည်းများကို အကာအကွယ်ပေးရေးနှင့် အားပေးအားမြှောက် ပြုရေး

အထိုင်ကျနေသော စိတ် အတွေးအခေါ်များကို ပြုပြင် ပြောင်းလဲရာတွင် အရပ်ဘက် အဖွဲ့အစည်းများမှာ အစိုးရ၏ အကောင်းဆုံး မဟာမိတ်များပင် ဖြစ်သည်။ နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ အခွင့်အရေးများနှင့် တာဝန်များကို နားလည် သဘောပေါက်ရန်နှင့် တရားရုံးများ၊ ရဲတပ်ဖွဲ့၏ လုပ်ငန်း ဆောင်တာများ မည်ကဲ့သို့ အလုပ်လုပ်ပြီး မည်ကဲ့သို့ စောဒကတက်မှုများ ပြုလုပ်ရမည်ကို နားလည် သဘောပေါက်ရန် လိုအပ်ပေသည်။ ၂၀၁၆ ဖေဖော်ဝါရီလက လွှတ်တော်တွင် တင်သွင်းခဲ့သည့် သတင်းအချက်အလက် သိပိုင်ခွင့် ဥပဒေကြမ်း (RTI Law) ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာ ဆွေးနွေးနိုင်စေရန် လမ်းဖွင့်ပေးသင့်ပြီး ပြင်ဆင်ဖြည့်စွက်ပြီး သဘောတူညီမှု ရရှိခဲ့ပြီးပါက အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် တရားဥပဒေကို အလေးထားမှု မြင့်တက်လာစေရန်နှင့် မည်ကဲ့သို့ အသုံးချရမည်တို့ကို အထောက်အကူ ပြုနိုင်စေရန် အားပေးသင့်သည်။ အရပ်ဘက် အဖွဲ့အစည်းများသည် ရွေးကောက် တင်မြှောက် ခံထားရသည့် အစိုးရအဖွဲ့ကို အထောက်အကူ ပြုစေရန်နှင့် အရေးပါသည့် မိတ်ဖက် ဖြစ်လာစေရန် လွတ်လပ်စွာ စီမံခန့်ခွဲ လည်ပတ်ခွင့်ပြုရန် လိုအပ်ပြီး၊ ထိုကဲ့သို့ ပြုလုပ်နိုင်ရန်လည်း နိုင်ငံတကာ အလှူရှင်များထံမှ ရန်ပုံငွေများ ဆက်လက် လက်ခံရရှိရန် လိုအပ်ပေသည်။ ၂၀၁၄ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ဇူလိုင်လတွင် ပြင်ဆင် ဖြည့်စွက်မှုများ ထည့်သွင်းခဲ့သည့် အသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဥပဒေသည် မြန်မာနိုင်ငံတွင် အလွတ်လပ် အပွင့်လင်းဆုံး ဥပဒေများအနက်မှ တစ်ခု ဖြစ်သော်လည်း အဖွဲ့အစည်းများအနေဖြင့် အသင်းအဖွဲ့များ မှတ်ပုံမတင်မီ ဝန်ကြီးဋ္ဌာနဆိုင်ရာ အသိအမှတ်ပြု ထောက်ခံမှု လိုအပ်နေသေးခြင်းကလည်း နောက်ပြန်ဆွဲနေသည့် ခြေလှမ်းပင် ဖြစ်သည်။ ထိုအချက်ကို ပြန်လည် သုံးသပ်ရန်နှင့် လိုအပ်သလို ပြုပြင်ရန် လိုအပ်ပေသည်။

(ဤဆောင်းပါးအား စည်သူကျော်  မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

Rule of Law: Opportunities for the NLD government

By Zunetta Herbert, Partners Asia

Summary: The ‘rule of law’ is a priority for the government formed by the National League for Democracy. One challenge is that prevailing understandings of the law in Myanmar are at odds with each other. One concept stresses the equality of individuals before the law. But the practice by previous military governments has involved the use of the legal system as an instrument for maintaining order and stability.  The article addresses the question of how will these two fundamentally opposed conceptions of the rule of law play out under a hybrid regime, in which the elected leaders and the military will have to negotiate every move.

The article identifies several challenges in promoting the rule of law in an acceptable manner. At present, the law is not applied with consistency. Many current laws do not meet international standards. Customary laws and practices are often not recognized by law.  The process for drafting legislation is in itself opaque and sometimes arbitrary.

The article discusses priorities for legal reforms in the following four areas: The reform of law implementing agencies; The promotion of equality before the law for everyone, through the amendment and repeal of current laws; The strengthening of the domestic legal system, so that no one is above the law; A final priority for reform is addressing corruption in the legal system.

The paper proposes recommendations for immediate action: The appointment of new members to the Supreme Court; The establishment of a parliamentary commission of inquiry to investigate and propose solutions to address the problems associated with corruption; The Attorney General’s Office should instruct courts to follow existing codes to reduce the length of trials; Prevent law officers and judges from duplicating charges; Eliminate the use of torture or inhuman treatment by the police to extract confessions. Establish mechanisms for settling land disputes at state and regional levels based on the new National Land Use Policy; And, the government should encourage and protect civil society.

■ စာညွှန်း

၁ ဇွန်နတ္တ ဟားဘတ်သည် Partner Asia မှ အကြီးတန်း အကြံပေးတစ်ဦး ဖြစ်သည်။

၂ မကြာသေးမီက လူမှုဖူလုံရေးဝန်ကြီးက ဤသို့ ပြောဆို ဖော်ပြခဲ့သည်။

၃ Selth, 2013

၄ Verbruggen & Wa Lone (2016, April 4)

၅ ယင်း မျိုးစောင့်ဥပဒေများမှာ- ကိုးကွယ်ရာ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ကြသည်။

၆ The Irrawaddy (2016, July 2)

၇ (မဘသ) အဖွဲ့နှင့် စစ်တပ်၏ ချိတ်ဆက်နေမှုကို C4ADS (2016) တွင် ဖော်ပြထားပါသည်။

၈ ၂၀၁၆ ဇူလိုင်လ ၇ ရက်၌ ဂျီနီဗာတွင် ကျင်းပပြုလုပ်သည့် CEDAW အစည်းအဝေးမှ ထွက်ဆို ကြားနာချက်များ (Macgregor & Thu Thu Aung, 2016, July 6)

၉ မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ၂၀၁၄ ခုနှစ် ကတည်းက ထိုသဘောတူညီချက်ကို ဆန့်ကျင် ကန့်ကွက်ရန် ပြောဆိုခဲ့ကြသည်။ (The Transnational Institute, 2014, March 26)

၁၀ Cheesman, 2016

၁၁ Justice Base, 2016

၁၂ အထူး မှတ်သားရန် တစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ရှေ့နေများအဖွဲ့အစည်း (IBA) သည် အချိန်နှင့် ငွေကြေးပမာဏ အမြောက်အမြားသုံး၍ လွတ်လပ်သော ရှေ့နေများအဖွဲ့ (ILA)  ဖွဲ့စည်းခဲ့သော်လည်း မြန်မာနိုင်ငံမှ ရှေ့နေများ အသင်းအဖွဲ့အနေဖြင့်မူ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ထိုကဲ့သို့သော အစီရင်ခံစာမျိုး ရေးသားတင်ပြခဲ့ခြင်း မရှိချေ။ (Seff, 2015)

၁၃ လျှို့ဝှက် ဆိုသော်လည်း လူအများ သိနေကြသောကိစ္စမှာ တရားသူကြီးများက ရာထူး တစ်ဆင့်တက်စေရန် ဒေါ်လာ ၁,၀၀၀ အထက် ပေးကြရသည်။ ဝင်ငွေကောင်းသည့် မြို့ပြရှိ ရာထူးနေရာများအတွက် ပိုပေးကြရသည်။ အကြောင်းမှာ တရားဝင် လစာထက် အနည်းဆုံး ၅-ဆ မျှပိုသည့် ဝင်ငွေအတွက် အာမခံချက် ရှိနေသောကြောင့် ဖြစ်သည်။

၁၄ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၄၄ အရ “တရားရုံးသည် မိမိသင့်လျော်သည် ထင်မြင်ပါက” (၁၄) ရက်အထိ ရုံးချိန်းရွှေ့ဆိုင်းရန် ခွင့်ပြုထားသည်။ သို့သော်လည်း ထိုကဲ့သို့ ပြုမူဆောင်ရွက်ရန် တရားသူကြီးက လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ရမည်။

၁၅ “ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈၂ အရ” အရပ်ဒေသ အများအပြားအနက် မည်သည့်အရပ်ဒေသတွင် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း မသေချာသည့်အခါ၊ သို့မဟုတ် ပြစ်မှုတစ်ရပ်ကို ဆက်လက် ကျူးလွန်နေသည့် ပြစ်မှုဖြစ်သည့်အပြင် တစ်ခုထက် ပိုသော အရပ်ဒေသများတွင် ဆက်လက် ကျုးလွန်သောအခါ၊ သို့မဟုတ် ပြစ်မှုမှာ အရပ်ဒေသ အများအပြားတွင် ပြုလုပ်ခဲ့သည့် ပြုလုပ်မှု အမြောက်အမြား ပါဝင်နေသည့်အခါ အဆိုပါ အရပ်ဒေသများအနက်မှ အရပ်ဒေသ တစ်ခုခုတွင် စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးက စုံစမ်း စစ်ဆေး၊ သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်”ဟု ဖော်ပြထားသည်။

၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၊ ရဲအက် ဥပဒေပုဒ်မ ၃၄ စာပိုဒ် ၁၀၆၀၊ သက်သေခံ အက်ဥပဒေ ပုဒ်မ ၂၆၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂(၁)

၁၇ လက်ရှိ တည်ဆဲဥပဒေ ဖြစ်သည့် လယ်ယာမြေဥပဒေ (၂၀၁၂) တွင် အုပ်ချုပ်ရေးဋ္ဌာနများမှ ပြုလုပ်လိုက်သော မြေယာအသုံးချ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များအတွက် ဥပဒေကြောင်းအရ ပြန်လည် သုံးသပ်မှုများ ပြုရန် ပြဌာန်းထားချက်များ မပါဝင်ပေ။ သို့အတွက်ကြောင့် ယင်းအခွင့်အာဏာကို လွှတ်တော် ကော်မရှင်များအား ခွင့်ပြုပေးရန် ဥပဒေအရ ဝိရောဓိဖြစ်နေခြင်း မရှိပါ။

■ ကျမ်းကိုးစာရင်း

Cheesman, N. (2012) Myanmar’s courts and the sounds money makes. Cheesman, N., Skidmore, M., & Wilson, T. (Eds.). (2012). Myanmar’s Transition: Openings, Obstacles, and Opportunities. Institute of Southeast Asian Studies.

C4ADS (2016). Sticks and Stones Hate Speech Narratives and Facilitators in Myanmar. Retrieved from http://static1.squarespace comstatic/566ef8b4d8af107232d5358a/t/56b41f1ff8baf3b 237782313/1454645026098/Sticks+and+Stones.pdf

Justice Base (2016). Womens Access to Justice in the Plural Legal Systems of Myanmar. UN Women, Asia and the Pacific. Retrieved from http://asiapacific.unwomen.org/en/digital-library/publications/2016/04/womens-access-to-justice-in-the-plural-legal-systems

Macgregor, F. & Thu Thu Aung. (2016, July 6). New govt to defend race and religion laws at UN meeting. The Myanmar Times. Retrieved from  http://www.mmtimes.com/index.php/national-news/21218-new-govt-to-defend-race-and-religion-laws-at-un-meeting.html

Selth, A. (2013). Police reform in burma (myanmar): aims, obstacles and outcomes. Griffin Asia Insitute, Regional outlook paper No. 44, 2013.

Seff, A. (2015, September 21). Cambodia: corruption in the judiciary ‘endemic’. International Bar Association. Retrieved from http://www.ibanet.org/Article/Detail.asp?ArticleUid=63 af01f5-7bf3-4433-8edb-bbeb512395d7

The Irrawaddy. (2016, July 2). Dateline Irrawaddy: ‘If the Fourth Estate is Strong, Authorities Dare Not Play Unfairly’. The Myanmar Times. Retrieved from http://www.irrawaddy.com/interview/dateline-irrawaddy/dateline-irrawaddy-if-the-fourth-estate-is-strong-authorities-dare-not-play-unfairly.html

Transnational Institute (2014, March 26). Over 70 Myanmar CSOs express their concerns over the EU-Myanmar Investment agreement. The TNI Website. Retrieved from https://www.tni.org/en/declaration/over-70-myanmar-csos-express-their-concerns-over-eu-myanmar-investment-agreement

Verbruggen, Y. & Wa Lone (2016, April 4). EU-funded police training abruptly called to a halt, The Myanmar Times. Retrieved from http://www.mmtimes.com/index.php/national-news/19809-eu-funded-police-training-abruptly-called-to-a-halt.html.

About the author

Zunetta Herbert

Add comment