ဒီမိုကရေစီဟာ ဆွေးနွေး တိုင်ပင်ကြခြင်း ဖြစ်သည် 

ကိုတာ

၁။       ဆွေးနွေး တိုင်ပင်ကြပြီး တိုင်းပြည်ကို တည်ဆောက်ကြရတာပါပဲဟု ပြောလျှင် မှားမည်မထင်။ ဒီမိုကရေစီ တိုင်းပြည်များမှာ ဖြစ်သည်။ ဒီမိုကရေစီဟာ ဆွေးနွေးတိုင်ပင်ခြင်းပဲ democracy is a discussion ဟူသော စကားရှိပါသည်။ သို့သော် ဘယ်လို တိုင်ပင်ဆွေးနွေးမလဲ။

၂။       တချို့က တွန်းတဲ့နည်း (Push) ကို သုံးကြသည်။ အီလိတွေ၌ “အနာဂတ်ကတော့ဖြင့် ဒီလိုပဲဖြစ်သင့်တယ်” ဟူသော အတွေးအခေါ် အိုင်ဒီယာတစ်ခု ရှိသည်ဆိုပါစို့။ မိမိလမ်းကို ထောက်ခံသူတွေ ရအောင်လုပ်သည်။ အာဏာသုံးသည်။ ငွေ၊ လက်နက် စသည် သုံးပြီး တွန်းသည်။ သို့သော် တွန်းတာများလျှင် ပြန်တွန်းခံရသည်။ ဒါနဲ့ပဲ စိတ်ပျက်စရာ ဖြစ်လာသည်။ အားကုန်သည်။ ရွေ့တော့ မရွေ့။ တွန်းလို့လည်း မရွေ့။

၃။       If we wish to understand other people and propose to claim that we have in fact done soç it is both imprudent and rude not to attend to what they say . . . What we cannot properly do is to claim to know that we understand him (an agent) or his action better than he does himself without access to the best descriptions which he is able to offer.  (Dumn, 2002, pp 88-105)

ကျွန်တော်တို့မှာ တခြားသူတွေကို နားလည်ချင်သော ဆန္ဒရှိလျှင်၊ ထိုသို့ နားလည်အောင် ကြိုးစားပြီးပါပြီ ဟုလည်း ဆိုချင်လျှင် သူတို့ ပြောဆိုသည်များကို ဂရုတစိုက် မလုပ်ခြင်းသည် ရိုင်းလည်း ရိုင်း၊ အမြော်အမြင် အသိတရား မရှိရာလည်း ရောက်သည်။ သူတို့တင်ပြနေသည်များဆီ မရောက်ဘဲ သူတို့ထက်တောင် သူတို့ကို နားလည်တယ်လို့ ပြောဆိုသည်များမှာ မလျော်ကန်ပါ။ (ဂျွန်ဒန်း)

တိုင်ပင် ဆွေးနွေးပွဲ အခြေခံမှာမူ အထက်ပါ ဂျွန်ဒန်းပြောသော စကားအတိုင်းသာ ဖြစ်သည်။ နားထောင်ပေးရမည် ဖြစ်သည်။ တိုင်ပင် ဆွေးနွေးခြင်း၌ နားထောင်ခြင်း အခြေခံရှိရမည်။ သို့သော် အာဏာပိုင်စိုးသူတွေက နားမထောင်ကြတာ များသည်။ သူတို့က သူတို့ ထင်ရာမြင်ရာ လုပ်ကြတာများသည်။ အာဏာရှိသူ၌ “မင်းတို့က ဒီလို စဉ်းစားတာလား၊ မင်းတို့က အဲသလောက် ခံစားနေရသလား” ဟု နက်နက်နားထောင်သူ ဘယ်သူဘယ်ဝါ ရှိသနည်း။

သဘာဝပတ်ဝန်းကျင် အရေးဖြစ်စေ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလွန်အရေးကြီးသော ငြိမ်းချမ်းရေး ဘာပဲဖြစ်ပါစေ၊ လူထု အဖွဲ့အစည်းများနှင့် အစိုးရဌာန၌ နေရာတစ်နေရာ ယူ၍ ကြိုးစားသူဖြစ်ပါစေ၊ ထိုသူတို့သည် အတူတကွ ပူးပေါင်းလုပ်လိုသော် နားထောင်ရမည်။

၄။       တချို့နိုင်ငံတွေမှာ အောင်မြင်ပေါက်ရောက်ခဲ့သော ဆွေးနွေးနည်းများ ရှိသည်။ ကျွန်တော်တို့လိုပဲ သူတို့လည်း ကြုံခဲ့ကြသည်။ သူတို့ ကျော်လွှားခဲ့ကြသည်။ ထိုလမ်းကို ပြောချင်ပါသည်။

အီလိတွေ အာဏာပိုင်တွေ ညွှန်မှမဟုတ်၊ ထိုလမ်းကို ကိုယ်လည်း လျှောက်လို့ရသည်။ တိုင်းများ၊ ပြည်နယ်များမှ ခေါင်းဆောင်များသည် ထိုလမ်းကို လျှောက်လို့ ရသည်။ အချိန်ရောက်သောအခါ ကျုပ်တို့ကတော့ ဆွေးနွေးပြီးပြီ၊ ကျုပ်တို့ကတော့ တိုင်ပင်ပြီးပြီ၊ ကျုပ်တို့ လိုချင်တာကတော့ ဒါပဲဟု ပြောမည်။ မသဲမကွဲ မဟုတ်၊ သဲသဲကွဲကွဲဖြစ်သော အချက်များ၊ သဘောတူထားသော အချက်များကို ပြောမည်။

ပထမ – “စနစ်တစ်ခုလုံးမှ လူစု (whole-system team)” က ဆွေးနွေးမည်။ ဆွေးနွေးသော လူစုတွင် ထိုးထွင်းသိမြင်တတ်၍ သြဇာလည်း ရှိပြီးလျှင် လူ့အဖွဲ့အစည်း ပြောင်းလဲရေး၌ စိတ်ဝင်စားသောသူများ ပါရမည်။ ပါဝင်သူများသည် အစိတ်အပိုင်း တစ်ခုတည်းမှ အဖွဲ့ တစ်ခုတည်းမှ မဟုတ်ရဘဲ စနစ်ကြီး တနံတလျားမှ ခေါင်းဆောင်များ ဖြစ်ရမည်။ “ပြဿနာ ဖြစ်နေသော အခြေအနေ”အတွက် အလုပ်လုပ်ချင်သူများ ဖြစ်ရမည်။ သူတို့ တစ်ဦးချင်းနဲ့တော့ မတတ်နိုင်ဟု သိသူများဖြစ်သည်။ ထို့ကြောင့် အတူတူ အလုပ်လုပ်ရန် ပူးပေါင်းကြသည်၊ အတူတူ အလုပ်လုပ်က ပိုအောင်မြင်မှာပဲဟု တွေးသူများ ဖြစ်ကြသည်။

ဒုတိယ – သက်သောင့်သက်သာ ရှိ၍ လုံခြုံသောနေရာ၌ ဆွေးနွေးရမည်။ “နေရာ၏ ဒိုင်မင်းရှင်းများ”ကို ထည့်သွင်းစဉ်းစားရ၏။ နေရာတွင် ရုပ်ပိုင်းဆိုင်ရာနေရာ (သက်သောင့်သက်သာ ရှိရန်၊ အနှောင့်အယှက်များ၊ အသံဗလံများမှ ဝေးရန် စသည်ဖြင့်)၊ စိတ်ပိုင်းဆိုင်ရာနေရာ (အတွေးများ၊ စိတ်ကူးစိတ်သန်းများကို စိန်ခေါ်ရန်)၊ နိုင်ငံရေးဆိုင်ရာ နေရာ (မိမိ အနေအထားကို သစ္စာမယွင်း မပျက်စေဘဲ တခြားဘက်မှ သူများနှင့် တွေ့ဆုံနိုင်သော အနေအထား ဖန်တီးပေးရန်)။ ဆွေးနွေးကြသော နေရာသည် ထိုအချက်များ ပြည့်စုံသော နေရာဖြစ်ရမည်။

တတိယ – ဆွေးနွေးပွဲ၏ဘောင်ကို သတ်မှတ်ခြင်း (framing) သည် အလွန်အရေးကြီးသည်။ ဖြစ်လာနိုင်သော အချက်များကိုသာ စဉ်းစားရမည်ဟူ၍ ဘောင်ခတ်ရမည်။ ဆွေးနွေးသူများသည် ဖြစ်လာနိုင်သော (what could happen) ပုံပြင်များကိုသာ စဉ်းစား တည်ဆောက်ရသည်။ ရှင်းလင်းသော၊ အခြေအနေနှင့် ကိုက်သော၊ ဖြစ်နိုင်သော၊ စိန်ခေါ်နေသော ပုံပြင်များကိုသာ ဆွေးနွေးရမည် ဖြစ်သည်။ ခန့်မှန်းသော (what will happen) ပုံပြင်များ၊ ဖြစ်သင့်သော (what should happen) ပုံပြင်များ၊ ဆန္ဒ သို့မဟုတ် အဆိုပြုချက်ပုံပြင်များ (what ones wish to happen) မဟုတ်ရ။

၅။       ဆွေးနွေးပုံ ပုံစံနမူနာအဖြစ်၊ တောင်အာဖရိက၌ အောင်မြင်ခဲ့သော မောင့်ဖလူအာ (Mt. Fleur) ဆွေးနွေးပွဲ ပုံစံကို တင်ပြပါရစေ။

(က) ဆွေးနွေးသည့် လူစု။     မောင့်ဖလူအာ ဆွေးနွေးသည့် လူစုသည် တောင်အာဖရိကရှိ လူမှုရေး-နိုင်ငံရေး-စီးပွားရေး စနစ်ကြီး၏ လက်ရှိ ခေါင်းဆောင်များနှင့် ဖြစ်လာမည့် ခေါင်းဆောင်များ ဖြစ်သည်။ ထိုလူစုသည် တောင်အာဖရိက အခြေအနေ၏ ရှုပ်ထွေးမှု တစ်ခုလုံးကို နားလည်နိုင်စွမ်း ရှိရမည် မဟုတ်သလော။ ထို့အပြင် တိုင်းပြည်ကို တင်ပြရာတွင် ဂုဏ်သိက္ခာလည်း ရှိဖို့လိုသည် မဟုတ်သလော။ ထို့ကြောင့် မောင့်ဖလူအာအတွက် စည်းရုံးသူများသည် အမြော်အမြင်လည်း ရှိ၊ သြဇာအာဏာလည်း ရှိသူ ၂၂ ဦး ပါဝင်အောင် လုပ်သည်။ နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်၊ ပညာတတ်၊ တက်ကြွလှုပ်ရှားသူ၊ လူဖြူနှင့် လူမည်း၊ လက်ဝဲနှင့် လက်ယာ၊ အတိုက်အခံနှင့် အစိုးရအရာရှိ အမည်စုံပါသည်။ ထူးသော အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင်တချို့သည် အလွန် စွန့်လွှတ်ခဲ့ရသူများ၊ ထောင်တန်းကျသူ၊ ပြည်ပြေးရသူ၊ မြေအောက်လျှိုးရသူ၊ တိုင်းပြည်၏ အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့သူများ ဖြစ်သည်။ အများစုသည် တစ်ဦးကိုတစ်ဦး သဘောမတူနိုင်ကြသူများ၊ တစ်ဦးကို တစ်ဦး မယုံကြည်သူများ ဖြစ်သည်။ အားလုံးလိုလိုကတော့ စိတ်ဓာတ် ပြင်းထန်သူများ ဖြစ်သည်။ သူတို့အတူ အလုပ်လုပ်နိုင်ကြပါ့မလား၊ သဘောတူကြတာတွေလည်း ရှိမှာမဟုတ်ဘူးဟု သံသယဝင်ခဲ့သည် ဟူ၏။

(ခ) နေရာ။     မောင့်ဖလူအာသည် လူသူလေးပါးနှင့် ဝေးဝေး၊ ဆိတ်ငြိမ်သော နေရာ၊ သာသာယာယာ အနားယူနိုင်သည့် နေရာ၊ လုံခြုံသောနေရာ ဖြစ်သည်။ ဆွေးနွေးသူ အများစုသည် စိတ်အား တက်ကြွဖွယ်လည်း ဖြစ်၊ ဒါပေတဲ့ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာလည်း ဖြစ်သော အတူတကွ နေရခြင်းဟူသော အခွင့်အရေးကို ဘယ်တုန်းကမှ မရဖူးကြ။ ကွန်ဖရင့် ခန်းမထဲက လေးထောင့် စားပွဲကြီးများ ပတ်လည်တွင် အပြောအဆိုများ အတွေးအသစ် များသည် တစ်ဦးမှ တစ်ဦးသို့ စီးသွား၏။ အဆောက်အဦးကြီးအတွင်း ပြန့်ကျဲရှိနေကြသည့် သေးငယ်သော အလုပ်အဖွဲ့များ၌ ပြောဆိုကြရင်း၊ တောင်ပေါ်က လမ်းကလေး၌ လမ်းအတူလျှောက်ရင်း၊ ပန်းများ ပွင့်နေသော ဥယျာဉ်ထဲက ခုံတန်းလျား၌ ထိုင်ရင်း၊ ဒေသထွက် ဝိုင်များ သောက်ရင်း တစ်ဦးကိုတစ်ဦး မေးခွန်းများ မေးကြသည်။ ရှင်းပြကြသည်။ ငြင်းကြသည်။ ပြက်လုံးများ ထုတ်ကြသည်။ တော်တော်များများကို သဘောတူကြသည်။

(ဂ) ဘောင်ခတ်ခြင်း။           ဆွေးနွေးပွဲ၌ အနာဂတ်၌ ဖြစ်လိမ့်မည်ဟု မိမိ ခန့်မှန်းသည်များ၊ ဖြစ်သင့်သည်ဟု မိမိ ယုံကြည်သည်များကို မပြောမဆိုကြဘဲ ဖြစ်နိုင်သည်ဟု မိမိတို့ တွေးသည်များကိုသာ ပြောဆိုကြသည်။ ဤသိမ်မွေ့သော နည်းအားဖြင့် စိတ်ကို ပြောင်းလဲစေမှုကြောင့် ပြောခြင်း၊ ဆိုခြင်း အသစ်များ မမျှော်လင့်ဘဲ ပွင့်လာသည်။

ဆွေးနွေးပွဲမှသည် တောင်အာဖရိကအတွက် ဖြစ်နိုင်သော အနာဂတ်ပုံပြင် ၃၀ ရရှိလာအောင် ဖန်တီးနိုင်သည်။ ဆွေးနွေးသူများသည် ပုံပြင်ဇာတ်ကြောင်းများ တွေးရခြင်းကို နှစ်သက်ကြသည်။ သူတို့၏ မိခင်အဖွဲ့အစည်းက ကြေညာထားသော ဇာတ်လမ်းများနှင့် မကိုက်ညီသော်ငြား တချို့ပုံပြင်များသည် ကျိုးကြောင်းရှိသည်ဟု ဆုံးဖြတ်ကြသည်။ တချို့ပုံပြင်များသည် သူတို့ အဖွဲ့အစည်းက တရားဝင် ကြေညာထားသော ဇာတ်လမ်းများနှင့် ကိုက်ညီသော်ငြား ကျိုးကြောင်း မရှိဟုလည်း ဆုံးဖြတ်ကြသည်။

၆။       အထက်ပါ နမူနာကို ကြည့်လျှင်

(က)    တိုင်ပင် ဆွေးနွေးမည့် “လူ”သည် အရေးကြီးသည်။ နယ်စုံမှ ခေါင်းဆောင်များ ပါရသည်။

“အရေအတွက်”သည်လည်း (၂၂) ဖြစ်သည်။ နည်းလျှင်လည်း နယ်စုံပယ်စုံမှ လူစုံ မပါနိုင်။ များလျှင်လည်း နားလည်မှု၊ ရင်းနှီးကျွမ်းဝင်မှုကို မတည်ဆောက်နိုင်။ ၂၅၊ ၃၀ သာ ဖြစ်သင့်သည်ဟု ဆိုသည်။

(ခ)     နေရာသည်လည်း အရေးကြီးသည်။ ပြန်ပြောင်း ဆင်ခြင်ခြင်းကို လုပ်ရမည်ဖြစ်ရာ ထိုနေရာသည် ငြိမ်သက်သော နေရာ ဖြစ်ရမည်။

ရင်းနှီးမှုကို တည်ဆောက်ရမည် ဖြစ်ရာ လမ်းလျှောက်ရင်း၊ စားသောက်ရင်း၊ စကား စမြည်ပြောနိုင်သော နေရာဖြစ်ရမည်။ အစည်းအဝေးခန်းမ အပြင်ဘက်နေရာများသည် နားလည်မှု ရရာရကြောင်းနေရာများ ဖြစ်လေ့ရှိသည်။

(ဂ)     ဘောင်ခတ်ခြင်း၊ ဘောင်သတ်မှတ်ခြင်းသည် အလွန်အရေးကြီးရာ ဆွေးနွေးခြင်းကို ထောက်ပံ့သူ (facilitator) သည် အရေးကြီးသည်။ လမ်းပေါ်သို့ တင်ပေးသူ တည့်ပေးသူသည် အရေးကြီးသည် မဟုတ်လော။

ဆွေးနွေးပွဲအတွက် အချိန်တာသည်လည်း လုံလောက်သင့်သည်။ ၄၅ ရက် ကြာသင့်သည်။

အထက်ပါ အချက်များနှင့် ပြည့်စုံသောအခါ အောက်ပါ ရလဒ်များ ရသည်ဟု ဆိုသည်။

ပထမ –          နားလည်မှုများ (understanding) တစ်ဖြစ်လဲသွားသည်။ သူတို့၏ အခြေအနေပေါ် နားလည်မှုများ ပြောင်းသွား၏။ အတူပူးပေါင်း ပြုလုပ်၍ တစည်းတလုံးဖြစ်ခြင်း (syntheses) များကြောင့်၊ အခြေအနေကြီးထဲ၌ ပါဝင်ပတ်သက်နေသော မိမိ၏ အခန်းကဏ္ဍကို နားလည်မှုသည် ပြောင်းလဲသွား၏။ အမြင်သစ်ဖြင့် မြင်၏။

ဒုတိယ –        ဇာတ်လိုက် ဇာတ်ဆောင်များ၏ ဆက်နွှယ်မှု (relationships) တစ်ဖြစ်လဲသွားသည်။ ကိုယ်ချင်းစာစိတ်၊ ယုံကြည်စိတ်များ တိုးလာခြင်းကို ဆိုလိုသည်။ စနစ်ကြီး တနံတလျား၌ ဆက်နွှယ်မှုများ အားကောင်းလာသည်။ အလုပ် အတူလုပ်ကြ၍ အားသန်လာသည်။ ဆက်နွှယ်မှုများသည် ကြာရှည် ခိုင်မြဲတတ်သည်မှာ ဖြစ်စဉ်ကြီး၏ အရေးကြီးသည့် ရလဒ်ဖြစ်သည်။

တတိယ – သူတို့ ရည်ရွယ်ချက်များ (intention) တစ်ဖြစ်လဲကြကုန်သည်။ နားလည်မှုများနှင့် ဆက်နွယ်မှုများ ပြောင်းလဲသည်နှင့် ရည်ရွယ်ချက်များ ပြောင်းလဲခြင်း ဖြစ်သည်။

စတုတ္ထ –        နားလည်မှုများ၊ ဆက်နွယ်မှုများနှင့် ရည်ရွယ်ချက်များ တစ်ဖြစ်လဲခြင်းသည် လုပ်ဆောင်မှုများ (actions) ကို ပြောင်းလဲစေ၏။ ယင်းသို့ဖြင့် အခြေအနေကြီး တစ်ဖြစ်လဲတော့၏။

၆။       တိုင်ပင် ဆွေးနွေးခြင်းသည် လူမှုရေးနည်းပညာ (social technology) တစ်ခုဟု ယခုအခါ ယူဆကြသည်။

ခုခံမှုများ၊ တင်းမာမှုများ ရှိနေလျက်၊ ပြဿနာဖြေရှင်းပုံ ဖြေရှင်းနည်း မဆိုထားနှင့် ပြဿနာအား အဓိပ္ပာယ် သတ်မှတ်ရာ၌ပင် သဘောတူဖို့ ခက်နေသော အလွန်ကွဲပြားကြသည့် လူများသည် သူတို့၏ အတွေးအခေါ် ဟောင်းများ၊ လုပ်ပုံကိုင်ပုံ အဟောင်းများကို စွန့်လျက်၊ တစ်ဖြစ်လဲရန်သည် ဆွေးနွေး တိုင်ပင်ခြင်း၏ ရည်ရွယ်ချက်ဖြစ်ရာ၊ ရည်ရွယ်ချက်ကြီး ပေါက်မြောက်ရန် တိုင်ပင်ဆွေးနွေးပုံ ဆွေးနွေးနည်းများကို လေ့လာသင့်သည် မဟုတ်သလော။

ဖော်ပြခဲ့သော ဆွေးနွေးခြင်း နည်းလမ်းသည် အောက်ပါ သီအိုရီကို အခြေခံသည်။ ပုံကိုရှုပါ။

“သတိရှိ၍ သိခြင်း၊ မြင်ခြင်း”ကို ဓာတ်ခွဲလျှင် အပိုင်း သုံးပိုင်း ရှိသည်ဟုဆိုသည်။ ဆိုင်းငံ့ခြင်း (suspension)၊ အတွေးရေစီး ပြောင်းခြင်း (redirection) နှင့် ကွာကျသွားစေခြင်း (letting-go) များ ဖြစ်သည်။

ပထမပိုင်း –     လူတစ်စု၏ အတွေးများကို ဆိုင်းငံ့သွားအောင် လုပ်သည်။ (အလုပ်များကို ရပ်၊ ငြိမ်သော နေရာတစ်ခု၌ ရောက်ရှိ သွားစေသည်။)

ဒုတိယပိုင်း –  လူပေါင်းစုံထံက အယူအဆအစုံကို ကြားရ၊ နက်နက် နားထောင်ရ (နားထောင်ခြင်းကို ဆွေးနွေးပွဲကို ထောက်ပံ့သူ facilitator က ပြောဆိုပေးနေသည်) သဖြင့် အတွေးရေစီးကြောင်း ပြောင်းသည်။

တတိယပိုင်း –  ပြန်ပြောင်း ဆင်ခြင်ဖို့ ဖြစ်လာသည်။ ပြန်ပြောင်း ဆင်ခြင်ရန် တိတ်ဆိတ် ငြိမ်သက်ခြင်းက အားပေးသည်။ “အော်… သည်လိုကိုး”ဟု တွေးမိလာသောအခါ အတွေးအဟောင်းများ ကွာကျသည်။ လုပ်ပုံကိုင်ပုံ အဟောင်းများ ကွာကျသည်။

၈။       သတင်းစာများတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ကရင်၌ လုပ်သည်ဟု ဖတ်ရသည်။ ကရင်တိုင်းရင်းသားများ၏ ကိုင်စွဲရပ်တည်မည့် မူများကို သတ်မှတ်ကြသည်။ ၂၁ ရာစု ပင်လုံညီလာခံ အဆင့်ဆင့်တွင် ဆက်လက်ဆွေးနွေးရန် အတည်ပြုသည်ဟု ဖတ်ရသည်။ ကရင်က ပထမလုပ်ပြသည်။ ဘုန်းတော်ကြီးများပင် ပါဝင်သော လူစုံသည့် ညီလာခံကြီး ဖြစ်သည်။ ဝမ်းသာအားရစရာ ဖြစ်သည်။ အလွန် ဝမ်းသာအားရပါသည်။

၉။       ညီလာခံနည်းလမ်းအပြင် အခြားနည်းကလေး လမ်းကလေးလည်း ရှိသည်ကို ရိုသေစွာ တင်ပြပါသည်။ ထိုနည်းလမ်းကို အီလိ ဘယ်သူဘယ်ဝါမှ မညွှန်သော်လည်း မိမိသဘောနှင့်မိမိ လုပ်နိုင်ပါ၏။

 ■ ကျမ်းကိုးစာရင်း

  • မြန်မာဘာသာ စာအုပ်စာတမ်းများ။
    • ကိုတာ၊ ဇာတ်ညွှန်း အတူရေး၍ ပြောင်းလဲအောင် ကြံဆောင်ခြင်း။
    • ကိုတာ၊ ခေါင်းဆောင်ခြင်း၊ စိတ်သဘောထား ပြောင်းလဲအောင် လုပ်ခြင်း။
  • English Language
    • Dunn, J. (2002). Political Obligation in Its Historical Context: Essays in Political Theory. Cambridge: Cambridge University Press.
    • Kahane, A. (1992).  The Mont Fleur Scenarios: What will South Africa be like in the year 2002?. Deeper News 7(1). Retrieved from http://reospartners.com/wp-content/uploads/old/Mont%20Fleur.pdf.

■ စာညွှန်း

၁        ကိုတာသည် ထင်ရှားသော စာရေးဆရာ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါသည်။

Democracy is a discussion

by Ko Tar

The author holds the notion that “democracy is a discussion”. Discussion shall be established through “listening”. However, it appears that political elites hardly practice “listening”. Therefore, we (general public and non-elites) could initiate such discussion among ourselves. Learning from the other countries, which experienced similar obstacles as Myanmar, successfully overcome from those obstacles through discussion. Based on the successful discussions from those countries the author suggests three critical points, participants as “whole-system team”, place of the discussion as “a tranquil and secure location” and thirdly, framing based on “what could happen” rather than “what should happen”. It exchanges understanding, establishes relationships among each other, and changes their intentions, which consequently transforms their actions. With this understanding, the author concludes that there are other ways rather than “holding conference” as the only option. Political elites might not have pointed this out, but we (general public and non-elites) could walk through it.

About the author

Ko Tar

ကိုတာသည် မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်တဦး ဖြစ်ပြီး ထင်ရှားသော စာရေးဆရာဖြစ်သည်။

Add comment