အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ အရေးပါသည် ရှုထောင့်အမြင်များ

ကမ်မီလာ ဘူဇီ ၁

၁။ မိတ်ဆက်

အရပ်ဘက်အဖွဲ့အစည်းတွေ တည်ရှိခြင်းဟာ အားကောင်းတဲ့ ဒီမိုကရေစီတစ်ခုရဲ့ အရေးအပါဆုံးသော လက္ခဏာတွေထဲက တစ်ခုလို့ ကျွန်မတို့ အမြဲတမ်းလိုလို စဉ်းစားမိတတ်ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီအတွက် အရေးပါတယ် ဆိုရာမှာ အကြောင်းရင်း သုံးခု ရှိပါတယ်။ ပထမတစ်ခုက ဒီအဖွဲ့အစည်းတွေဟာ မတရားမှုတွေ ပြုလုပ်နေတဲ့ အစိုးရကို ပြန်လည် တွန်းလှန်ဖို့အတွက် စုဝေးမှုတွေ လုပ်နိုင်စေမယ့် ဗဟိုဌာနချုပ်တွေအနေနဲ့ အသုံးပြုနိုင်တယ်။ ဒီကနေတစ်ဆင့် ဒီမိုကရေစီ ထိန်းသိမ်းထားလို့ရတယ်။ ဒုတိယက ဒီအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီမှာ လူထုပါဝင်လာဖို့ စည်းရုံးမှုတွေ လုပ်နိုင်လာတယ်။ အဲဒီအတွက်ကြောင့် သမားရိုးကျ ဒီမိုကရေစီပုံစံဟာ နိုင်ငံသားတွေအဖို့ ပိုပြီး အဓိပ္ပာယ်ရှိလာ စေတယ်။ နောက်ဆုံးတစ်ချက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ စုဝေးတာတွေ၊ လှုပ်ရှား ဆောင်ရွက်တာတွေ ပါဝင်လုပ်ဆောင်ခြင်းကနေ တစ်ဆင့် ဒီမိုကရေစီကို အချိန်နဲ့အမျှ ဆက်လက် ထိန်းသိမ်းသွားနိုင်မှုမှာ အရေးပါတဲ့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ တန်ဖိုးတွေကို လက်တွေ့ကျင့်သုံးနိုင်ဖို့ အခွင့်အလမ်းတွေလည်း ရလာနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ခါမှာ ကျွန်မတို့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေကို ဒီမိုကရေစီအတွက် ကျောင်းတော်ကြီးလို့ ပြောတတ်ကြတာပါပဲ။

ဒီဆောင်းပါးရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဆိုရင် အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ အကောက်အယူအတွက် အရေးကြီးတဲ့ အမြင်မျိုးကို ပေးနိုင်ဖို့ ရည်ရွယ်တာပါ။ အရပ်ဘက်အစည်းဆိုတဲ့ စကားရပ်ဟာ ၁၉၈၀ အကုန်ကစလို့ ပညာရပ်ဆိုင်ရာ နယ်ပယ်မှာရော၊ ပေါ်လစီ ဦးစားပေး စာပေနယ်ပယ်မှာပါ အင်မတန် အသုံးတွင်ကျယ်တဲ့ စကားရပ် ဖြစ်လာပါတယ်။ ဘယ်အချိန်မဆို အရှေ့ဥရောပ ဒေသက နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လာရင် အရပ်ဘက်အဖွဲ့အစည်းတွေအကြောင်းက မပါမဖြစ်သလို၊ ကွန်မြူနစ်အစိုးရတွေ ပြုတ်ကျသွားဖို့မှာလည်း အင်မတန် အရေးကြီးတဲ့ နေရာကနေ ပါဝင်ခဲ့တာကို မြင်ခဲ့ရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အခြားသော ဒေသတွေအတွက် အတုယူစရာ ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ် ဖြစ်လာပြီး၊ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ဖော်ထုတ်ပေးနေတဲ့ အကျိုးစီးပွားတွေရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး စာပေတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီမိုကရေစီကို အကျိုးမပြုတဲ့ အရပ်ဘက်အဖွဲ့အစည်း တစ်ခုခုကို ဥပမာပြပေးစမ်းပါလို့ ပြောလာရင်လည်း ခဲရာခက်ဆစ် ရှာဖွေနေရတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

အပြန့်ကျယ်ကျယ် စဉ်းစားကြည့်ရင် ကောင်းမွန်တဲ့ အရပ်ဘက်အဖွဲ့အစည်းဆိုတာ ဘာလဲ၊ ပြည်သူလူထုဟာ သူတို့အစိုးရရဲ့ လုပ်ငန်းစဉ်တွေထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ဖို့ သူတို့အချင်းချင်း ဘယ်လို စုစည်း လှုပ်ရှားနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေပါတယ် (Hodgkinson နှင့် Foley 2003 ရှု)။ ဒီ အငြင်းပွားမှုမှာ အဓိက အာရုံစိုက်ရမယ့် အချက်နှစ်ခု ရှိပါတယ်။ တစ်ဖက်ကကြည့်ရင် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို အာရုံစိုက်ကြည့်တာပါ။ မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင် လက်အောက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ ရှိရောရှိရဲ့လား၊ ဆက်လက် ရပ်တည်နိုင်ခဲ့လား ဆိုတာနဲ့ မြန်မာ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဘယ်လိုပုံစံမျိုး ရှိတယ်ဆိုတာတွေဟာ မကြာခဏ အငြင်းပွားရတဲ့ မေးခွန်းတွေ ဖြစ်နေခဲ့ပါတယ်။ အခြားတစ်ဖက်က ကြည့်ရင်လည်း၊ ဒီအငြင်းပွားမှုဟာ ဒီမိုကရေစီအတွက် အုတ်မြစ်ချပေးတဲ့ မရှိမဖြစ် တန်ဖိုးတွေက ဘာတွေလဲ၊ လူထုဆိုတာရဲ့ အဓိပ္ပာယ်ကဘာလဲ ဆိုတာနဲ့ ကောင်းမွန်တဲ့ အရပ်ဘက်အဖွဲ့အစည်း ဆိုတာက ဘာလဲ၊ ဆိုးရွားတဲ့ အရပ်ဘက်အဖွဲ့အစည်း ဆိုတာက ဘာလဲ ဆိုတာတွေကို အာရုံစိုက်ပါတယ်။

၂ ။ အရပ်ဘက်အဖွဲ့အစည်းဆိုတာ   ဘာလဲ

အရပ်ဘက်အဖွဲ့အစည်းဆိုတာကို ခေတ်သစ် အကောက်အယူနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် အနောက်တိုင်း နိုင်ငံရေးဒဿနိကဗေဒမှာ စသုံးတာက ၁၈ ရာစုတုန်းကပါ။ အဲဒီအချိန်တုန်းက အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ရာမှာ လူသားရဲ့ ကိုယ်ထင်ရာစိုင်း၊ ကိုယ်လုပ်ချင်သလိုလုပ် ဆိုတဲ့ သဘာဝအခြေအနေကို ဆန့်ကျင်တွန်းလှန်တဲ့ အခြေအနေအဖြစ် ရည်ညွှန်းလေ့ ရှိကြပါတယ်။ အခြားတစ်ဖက်က ပြောရရင်၊ အရပ်ဘက်အဖွဲ့အစည်းဆိုတာဟာ အစိုးရတစ်ရပ်ရဲ့အောက်မှာ နေထိုင်ခြင်းလို့ပဲ ရိုးရိုးရှင်းရှင်း အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အချိန်ကြာလာသည်နှင့်အမျှ ဒီအကောက်အယူဟာ ဖွံ့ဖြိုးတိုးတက်လာပြီး၊ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းအကြား ဆက်ဆံရေးကို ဆွေးနွေးရာမှာ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ကောင်းမွန်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် အစိုးရကို ဘယ်လို အကန့်အသတ်တွေ လုပ်ထားသင့်တယ် ဆိုတာကလည်း ဒီဆွေးနွေးမှုမှာ အရေးပါလာပါတယ်။ (Chambers နှင့် Kymlicka 2002 ရှု၊ Rosenblum နှင့် Post 2002 ရှု)

ပုံမှန်အားဖြင့်ဆိုရင် ကျွန်မတို့ဟာ အရပ်ဘက်အဖွဲ့အစည်း ဆိုတာကို မတူကွဲပြားပြီး သီးခြား ရပ်တည်နေကြသူတွေ စုဝေး ပါဝင်နေကြတဲ့ နေရာတစ်ခုအဖြစ် စဉ်းစားတတ်ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လူပုဂ္ဂိုလ် တစ်ဦးစီအလိုက်၊ အဖွဲ့လိုက် သူတို့ရဲ့ ကိုယ်ပိုင် စိတ်ပါဝင်စားရာ အကျိုးအမြတ်တွေအတွက် လှုပ်ရှားဆောင်ရွက်ခွင့် ရှိထားတဲ့ နေရာတစ်ခု ဖြစ်သလို၊ လူထုအခွင့်အရေးတွေအဖြစ် ဘုံသဘောတူထားတဲ့ သဘောတူချက်တွေအပေါ် အခြေခံပြီးတော့ ပူးတွဲ လှုပ်ရှားနိုင်ကြတဲ့ နေရာမျိုးလည်း ဖြစ်ပါတယ်။ (Purdue 2007) ဒါကြောင့် ဒီနေရာဟာ အတူပူးပေါင်း ဆောင်ရွက်ခြင်းတွေရော၊ အပြိုင်အဆိုင် ပြုခြင်းတွေရော ရှိနေတဲ့ နေရာပါ။

ဒီ အရပ်ဘက်အဖွဲ့အစည်းတွေအတွင်း ကျွန်မတို့ဟာ ကျွန်မတို့ကိုယ် ကျွန်မတို့ ဘယ်လိုစုစည်း ပေါင်းစပ်ကြတယ် ဆိုတာနဲ့ ကျွန်မတို့ရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်တွေဟာ ပုံစံအမျိုးမျိုး ကွဲပြားနေနိုင်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဟာ ရည်ရွယ်ချက် တစ်ခုအတွက် မိတ်ဆွေ သူငယ်ချင်းတွေ စုဖွဲ့လှုပ်ရှားကြတာမျိုး ဖြစ်နိုင်သလို၊ တင်းကျပ်မှုမရှိတဲ့ ကွန်ရက်ပုံစံ၊ ကိစ္စရပ်တစ်ရပ်ရပ်ကို ထောက်ခံ တင်ပြကြသူ အစုအဖွဲ့၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ လူမှုရေး လှုပ်ရှားမှုတစ်ရပ်၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ဗလီဝတ်ကျောင်း အစရှိသဖြင့် ယဉ်ကျေးမှု (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း စသဖြင့် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဘုံအိုင်ဒီရော်လိုဂျီ တူညီမှုကြောင့်သော် လည်းကောင်း၊ ဘုံရည်ရွယ်ချက်ကြောင့်သော် လည်းကောင်း၊ ကျွမ်းကျင်မှု တူညီတာကြောင့်သော် လည်းကောင်း၊ တူညီတဲ့ လူမှုလှုပ်ရှားမှုတစ်ရပ်မှာ အစိတ်အပိုင်း အသီးသီးကနေ အတူပါဝင် ဆောင်ရွက်နေကြတာကြောင့်သော် လည်းကောင်း၊ တစ်စုတစ်စည်းတည်း အတူတကွ တွဲဖက် လုပ်ကိုင်ကြတာမျိုး ရှိကြပါတယ်။ အဖွဲ့အစည်းတွေမှာ ပါဝင်ကြတာက ကိုယ့်ဆန္ဒနဲ့ကိုယ် ပါဝင်ကြတာ များပါတယ်။ ကိုယ်ဝင်ချင်တဲ့ အရပ်ဘက်အဖွဲ့အစည်း တစ်ရပ်ကို ဝင်ချင်တဲ့အချိန် ဝင်နိုင်ပြီး ထွက်ချင်တဲ့အချိန် ထွက်နိုင်တာမျိုး ဖြစ်သင့်တာပါ။

ဒါပေမဲ့ လူမျိုးရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော် လည်းကောင်း ခွဲခြားခံထားရတဲ့ နိုင်ငံတွေမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကွဲပြားစွာ အလုပ်လုပ်တတ်ကြပါတယ်။ သမားရိုးကျ ပိုဆန်တဲ့ အဖွဲ့အစည်းတွေမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လူမျိုးရေး၊ ဘာသာရေး အခြေခံတွေပေါ် အခြေခံပြီးတော့ စုဖွဲ့ကြတာမျိုးပါပဲ။ ဒီလိုစုဖွဲ့မှုမျိုးမှာဆိုရင် အုပ်စုတစ်စုရဲ့ အရပ်ဘက်အဖွဲ့အစည်း အဖွဲ့တစ်ခုတည်းကို ဝင်မယ်ဆိုရင် အဲဒီလူမျိုးစု၊ ဒါမှမဟုတ် ဘာသာရေးအဖွဲ့ရဲ့ လူမျိုး (သို့မဟုတ်) အဖွဲ့ဝင် ဖြစ်နေဖို့ လိုအပ်ပါတယ်။

ခွဲခြားမှုတွေရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာတော့ အဖွဲ့တစ်ခုထဲကို ဝင်လိုက်ခြင်းဟာ နောက်အဖွဲ့တစ်ခုနဲ့ လုံး၀ အဆက်အသွယ် ဖြတ်လိုက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင်၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ပါဝင် ပူးပေါင်းတာဟာ အမြဲတစေ လွတ်လွတ်လပ်လပ် ရှိလှတယ်တော့ မဟုတ်ပါဘူး။ အရပ်ဘက် အဖွဲ့အစည်းအတွင်း ဘယ်လိုအကွဲအပြဲမျိုး ရှိနေလဲ၊ ဒီအကွဲအပြဲက လူမှုအဖွဲ့အစည်းရဲ့ စုဖွဲ့မှုကို ဘယ်လို သက်ရောက်သလဲ ဆိုတာတွေအပေါ် မူတည်တတ်ပါတယ်။ (Alagappa 2004  ရှု၊ Weller 2005 လည်း ရှု)

၃။ အစိုးရနှင့် ဈေးကွက်အပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆက်ဆံရေး

အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကျွန်မတို့ပြောနေတဲ့ နှိုင်းရ အကောက်အယူဆိုတဲ့ အယူူအဆမျိုးပါပဲ။ နိုင်ငံတော်၊ ဈေးကွက်ဆိုတဲ့ တြိဂံရဲ့ ကျန် အနားထောင့်နှစ်ဖက်ကို မလေ့လာဘဲ၊ သူ့တစ်ထောင့်တည်းကိုပဲ ကွက်ကြည့်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်း ဆိုတာက ဘာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို အပြည့်အ၀ နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒီသုံးထောင့်စလုံးဟာ သူ့ကိုယ်ပိုင် အသွင်သဏ္ဌာန်တွေ အသီးသီးရှိကြပါတယ်။ အာဏာကို အသုံးပြုနိုင်တာ၊ အာဏာနဲ့ ထိတွေ့နိုင်တာတွေဟာ နိုင်ငံတော်ရဲ့လုပ်ငန်းစဉ်တွေကို သတ်မှတ်ပေးပြီး၊ ငွေကြေးနဲ့ ငွေကြေးဖလှယ်မှုတွေကတော့ ဈေးကွက်အတွက် မရှိမဖြစ်တွေ ဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လူတစ်ဦးချင်းစီမှာရှိတဲ့ ဘုံတူညီတဲ့ တန်ဖိုးတွေ၊ အိုင်ဒီယာတွေကို အခြေခံ ပေါ်ပေါက်လာတာ ဖြစ်ပြီး၊ အခြားသူတွေကို ဆက်လက် စည်းရုံးနိုင်စွမ်းနဲ့ အကြမ်းမဖက်မှုတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အင်အားပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီတြိဂံ ထောင့်ချိုး သုံးခုဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။

အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံတော်

အရပ်ဘက်အဖွဲ့အစည်းနဲ့ နိုင်ငံတော် အာဏာပိုင်အဖွဲ့တွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်တယ်လို့ ကျွန်မတို့ တွေးမိတတ်ကြပါတယ်။ လက်တွေ့မှာတော့၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ နိုင်ငံတော်တို့ဟာ အပြန်အလှန် မှီခိုမှု ရှိကြသူတွေလို့ပြောရင် ပိုကောင်းပါတယ်။ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အားကောင်းတဲ့ နိုင်ငံတော်တစ်ရပ် (အစိုးရတစ်ရပ်) မဖြစ်မနေရှိဖို့ လိုအပ်သလို၊ တစ်ချိန်တည်းမှာပဲ၊ ယဉ်ကျေးတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ရပ်ဖြစ်ဖို့မှာ နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အရပ်ဘက်အဖွဲ့အစည်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုကလည်း လိုအပ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေဟာ ပုံမှန်အားဖြင့် နိုင်ငံရေးအာဏာကို ရှာဖွေသူတွေ မဟုတ်ကြတဲ့အတွက် ဒီအဖွဲ့တွေဟာ နိုင်ငံတော် အာဏာပိုင်အဖွဲ့နဲ့ ကွဲပြားနေပါတယ်။ ဒါပေမယ့် ဥပဒေတွေနဲ့ ပေါ်လစီတွေအပေါ် လွှမ်းမိုးနိုင်အောင် ထောက်ခံမှုတွေ၊ ကန့်ကွက်တာတွေ လုပ်တာက အရပ်ဘက်အဖွဲ့အစည်းတွေ အများအပြားအတွက် အရေးပါတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲတွေကနေ၊ နိုင်ငံရေးပါတီတွေကနေ တစ်ဆင့်သော် လည်းကောင်း၊ ဒေသခံ လူမှုအသိုက်အဝန်းတွေနဲ့ ပူးတွဲ လုပ်ကိုင်ရာကနေ လည်းကောင်း၊ သူတို့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အစိုးရအရာရှိတွေကို ထိစပ် ဆက်သွယ်ခွင့် ရနိုင်ပြီး နိုင်ငံရေးမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ဖို့ ကြိုးစားတာမျိုး ရှိနိုင်ပါတယ်။

ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ဘုံလိုအပ်ချက်နဲ့ အကျိုးစီးပွားတွေအတွက် စုစည်းမိလာရာကနေ ပေါ်ပေါက်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ထိရောက်မှု အရှိဆုံးပါပဲ။ ဒါပေမဲ့၊ သူတို့ထဲက အများစုဟာ အနည်းဆုံးတော့ တစ်နည်းနည်းနဲ့ ဖြစ်ဖြစ် အစိုးရအာဏာပိုင်တွေ၊ အလားတူ အာဏာပိုင် အဖွဲ့အစည်းတွေက ဖန်တီးပေးတဲ့ မူဘောင်ဖွဲ့စည်းပုံ တစ်ခုခုကို အမှီသဟဲပြု ရပ်တည်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုရပ်တည်မှသာ ဒီအဖွဲ့အစည်းတွေဟာ အမှီအခိုကင်းကင်း လွတ်လပ်စွာ ရပ်တည်နိုင်မှာပါ။ နိုင်ငံတော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေ၊ ဒါမှမဟုတ် နိုင်ငံတော်က ထောက်ပံ့နိုင်တဲ့ ငွေကြေး အထောက်အပံ့သော် လည်းကောင်း၊ အခြား အထောက်အပံ့တွေသော် လည်းကောင်း ကိုလိုက်ပြီး လူမှုလူ့အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေဟာ ပုံစံတွေ ပြောင်းလဲသွားနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ၊ အစိုးရရဲ့လိုအပ်ချက်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေအကြားမှာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ တင်းအားတွေ ရှိနေတတ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကို ကန့်သတ်ဖို့ အစိုးရအနေနဲ့ စည်းမျဉ်းတွေ ဘယ်လောက် ထုတ်ထားသလဲ၊ အရပ်ဘက်အဖွဲ့အစည်းတစ်ရပ် အနေနဲ့ ကိုယ့် ကိုယ်ပိုင် အရေးကိစ္စတွေမှာ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်သလဲ ဆိုတာတွေပါ။ ပြည်သူတွေအနေနဲ့ ဘုံရည်မှန်းချက် တစ်ခုကို ဝန်းရံထောက်ခံခြင်း၊ တန်ဖိုးတစ်ခုခု၊ လိုလားချက်၊ ယုံကြည်မှု တစ်စုံတစ်ရာအပေါ် ဝန်းရံ ထောက်ခံနေတယ် ဆိုတာဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းတွေအဖို့မှာတော့ မတူကွဲပြားတဲ့ အကျိုးစီးပွား ကိစ္စတိုင်းဟာ သူတို့ကိုယ်သူတို့ အများရဲ့အာရုံစိုက်မှု ရလာအောင် ထုတ်ဖော်ခွင့်ရှိဖို့နဲ့ လူထုရဲ့ဘဝမှာ ပါဝင် ပတ်သက်လာဖို့ စုစည်းဆော်သြရတာပါ။ အစိုးရက မြှင့်တင်နေတဲ့ တန်ဖိုးတွေနဲ့ လက်တွေ့ ကျင့်သုံးပုံတွေအပေါ် အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။

တစ်နည်းဆိုရရင် အစိုးရအဖို့ ငြိမ်ဝပ်ပိပြားမှုကို ထိန်းသိမ်းဖို့နဲ့ လူတစ်ဦးချင်းစီ (ဒါမှမဟုတ်) အဖွဲ့တစ်ခုချင်းစီရဲ့ အခြေခံ အခွင့်အရေးတွေကို အာမခံချက်ပေးဖို့ဟာ မလုပ်မဖြစ် လိုအပ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်ဘက် အဖွဲ့စည်းအတွင်းက မိမိဘာသာမိမိ စုဖွဲ့ထားတဲ့ အဖွဲ့တွေကို ဖိနှိပ်တာမျိုးကို လုပ်မိသွားအောင် ဆွဲဆောင်ခံရတာမျိုး မဖြစ်စေဖို့ အစိုးရရဲ့လုပ်ပိုင်ခွင့်မှာလည်း ကန့်သတ်မှုတွေ ရှိနေဖို့လိုပါတယ်။

The Myanmar Quarterly ရဲ့ ဒီတစ်ခေါက် issue မှာတော့ ကျွန်မတို့ဟာ စပ်ကြား အာဏာရှင်စနစ်တွေအပေါ် အာရုံစိုက်ထားကြပါတယ်။ စပ်ကြား အာဏာရှင်စနစ် ဆိုတာက ဒီမိုကရေစီရဲ့ စွမ်းဆောင်ချက်တွေကို အာဏာရှင်စနစ်ရဲ့ လက္ခဏာတွေနဲ့ ပေါင်းစပ်ထားတဲ့ နိုင်ငံရေးစနစ်တွေကို ပြောတာပါ။ စပ်ကြား အာဏာရှင်စနစ် တစ်ခုဟာ ဒီမိုကရေစီ ပိုဆန်တာ၊ အာဏာရှင် ပိုဆန်တာမျိုးတွေ ရှိနေနိုင်ပါတယ်။ ( Lewitsky နဲ့ Way 2010 ရှု၊ Tilly နဲ့ Tarrow 2015 လည်းရှု)

စပ်ကြား အာဏာရှင်စနစ်မှာ ရွေးကောက်ပွဲတွေဟာ အတိုက်အခံရဲ့ မသမာမှုတွေကြောင့် ဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုတွေကြောင့် ဖြစ်ဖြစ် အပြည့်အ၀ လွတ်လပ်မှု မရှိတာမျိုး ဖြစ်နိုင်သလို၊ အတိုက်အခံနဲ့ အာဏာရအကြား ငွေအင်အား၊ မီဒီယာအင်အားတွေမှာ မညီမျှမှုတွေကြောင့်လည်း လွတ်လပ်မှု မရှိတာမျိုး ဖြစ်နိုင်ပါတယ်။ လူထုလွတ်လပ်ခွင့်တွေကို အစိုးရက အာမခံ ပေးထားသလို၊ တစ်စိတ်တစ်ပိုင်းအားဖြင့် လေးစားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကို အသုံးပြုတာလို၊ ဝေဖန်ရေးမီဒီယာတွေ ဖိနှိပ်တဲ့ ဥပဒေတွေကို အသုံးပြုတာလို တင်းကျပ်ထားမှုတွေ အမျိုးမျိုးနဲ့ အာဏာလက်ရှိ အစိုးရကို ဝေဖန်သူတွေဟာ မကြာခဏ ကြုံရလေ့ရှိပါတယ်။ နိုင်ငံတော်ရဲ့ အဖွဲ့အစည်း မူဘောင်တွေကို ထိစပ်ပိုင်ခွင့်မှာ မမျှတတာနဲ့ ပါတီချင်း ပြိုင်ဆိုင်မှုတွေမှာ လူထုရဲ့ရင်းမြစ်တွေကို မလျော်မကန် ပြုတာတွေက အာဏာရပါတီနဲ့ အတိုက်အခံအကြား မျှတမှုမရှိတဲ့ နိုင်ငံရေးကစားကွင်းကို ဖြစ်တည်စေပါတယ်။ ဒီလို စပ်ကြား အာဏာရှင်စနစ်မှာ အာဏာပိုင်တွေဟာ လူမှုလူ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံရပ်ခြားကနေ ငွေကြေး အထောက်အပံ့နဲ့ အခြား အထောက်အပံ့တွေ ရယူတာမျိုးကို ကန့်သတ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

စပ်ကြားအာဏာရှင်စနစ်တွေဟာ ဒီမိုကရေစီစနစ်ကို တင်းပြည့်ကျပ်ပြည့် မရခင် ကာလတို အုပ်ချုပ်မှုပုံစံအဖြစ် ကျွန်မတို့ ယူဆခဲ့ဖူးပါတယ်။ ဒါပေမဲ့ သုတေသနတွေက ဒီဆင့်ကဲ ပြောင်းလဲမှုက မရှောင်မလွှဲနိုင် ဖြစ်ကို ဖြစ်ရမယ်ဆိုတာမျိုး မဟုတ်ဘဲ၊ စပ်ကြားအာဏာရှင်စနစ် အောက်မှာပဲ အချိန်အတော် ကြာကြာ ရှိနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီကို မြှင့်တင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေရင်း အစိုးရနဲ့အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ဖို့ကိုလည်း မဟာဗျူဟာတွေ ဖန်တီးယူနိုင်ဖို့ လိုအပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် ဒီကိစ္စဟာ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ နောက်ထပ် စိန်ခေါ်မှုတစ်ခုက အစိုးရအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို လက်ခံဖို့ ခက်ခဲနေချိန်မျိုးမှာ ပြဿနာရှာသူတွေအဖြစ် အစိုးရရဲ့ အမြင်ခံရမှုကနေ ရှောင်ရှားရင် အစိုးရကို တာဝန်ခံမှု ရှိလာအောင် လုပ်ရတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။

■ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဈေးကွက်

အစိုးရအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးအပြင် လူမှုအဖွဲ့အစည်းတွေနဲ့ ဈေးကွက်အကြား ဆက်ဆံရေးကလည်း အရပ်ဘက် အဖွဲ့အစည်းတွေ ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို နားလည်နိုင်ဖို့မှာ အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေဟာ ပုံမှန်အားဖြင့်တော့ ဈေးကွက်နဲ့ ကွဲပြားလေ့ရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်း အတွင်းမှာ ပါဝင်လုပ်ဆောင်ကြသူတွေ၊ အစုအဖွဲ့တွေဟာ အကျိုးအမြတ်အနေနဲ့ ရည်ရွယ်ပြီး လုပ်ကြသူတွေ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဈေးကွက်က ထုတ်လုပ်ပေးတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို လိုအပ်ပြီး၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အသင်းတွေ၊ ဈေးဝယ်စင်တာတွေလို စီးပွားရေးလုပ်ငန်းတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် အခြားသော နေရာတွေကို မရနိုင်တဲ့ အခြေအနေမျိုးမှာ ဆုံချက်တွေ ရလာအောင် စီစဉ်ပေးနိုင်ပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘာဝကို အပြုသဘောမဆောင်တဲ့ ပြောင်းလဲမှုမျိုးနဲ့ ပြောင်းလဲလာအောင် ဘယ်လို လုပ်ဆောင်တယ်ဆိုတာကို နားလည်ဖို့ မခက်ခဲလှပါဘူး။ မြန်မာနိုင်ငံရဲ့ လူမျိုးစုဒေသတွေမှာဆိုရင် ဒေသခံ အရပ်ဘက်အဖွဲ့အစည်း အဖွဲ့တွေအနေနဲ့ သူတို့နေထိုင်ရာ ဒေသခံ လူမှုအသိုက်အဝန်းအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေ၊ ညံ့ဖျင်းတဲ့ စီးပွားရေး အကောင်အထည်ဖော်မှုတွေကြောင့် ဖြစ်လာရတဲ့ သက်ရောက်မှုတွေကို မကြာခဏဆိုသလို ခံရတတ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း ပါဝင်လှုပ်ရှားသူတွေ အနေနဲ့ ဈေးကွက်ထဲမှာ ပါဝင်သူတွေရဲ့ ကဏ္ဍတွေကိုလည်း လုပ်ဆောင်ရတာ ရှိပါတယ်။ ဥပမာ- လူအခွင့်အရေးစံလို နိုင်ငံတကာစံတွေကို လိုက်နာတဲ့ ကော်ပိုရေးရှင်းကြီးတွေပါ။

၄။ အရပ်ဘက်အဖွဲ့အစည်းများအပေါ် အရေးပါသည့် ရှုထောင့်အမြင်များ

မိသားစု အဝန်းအဝိုင်းဆိုတဲ့ ကိုယ်ပိုင်အဝန်းအဝိုင်းနဲ့ နိုင်ငံရေးနဲ့ နိုင်ငံတော်ဆိုတဲ့ အများနဲ့ဆိုင်တဲ့ အဝန်းအဝိုင်းကြား မတူညီတဲ့ အိုင်ဒီယာအပေါ် အခြေခံပြီး လူမှု လူ့အဖွဲ့အစည်းဆိုတာ ဖြစ်လာပါတယ်။ အရပ်ဘက်အဖွဲ့အစည်းဟာ မိသားစုအဝန်းအဝိုင်းရဲ့ အထက်မှာရှိပြီး နိုင်ငံရေးအဝန်းအဝိုင်းနဲ့ အကြားမှာ အလုပ်လုပ်ပါတယ်။

တစ်နည်းပြောရရင်၊ အရပ်ဘက်အဖွဲ့အစည်းဟာ ပုဂ္ဂလိကဘဝနဲ့ အဖွဲ့အစည်းမူဘောင် နိုင်ငံရေးအကြား ကြားခံအဆင့်တစ်ခုကို ကိုယ်စားပြုတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေကိုရော အရပ်ဘက် အဖွဲ့အစည်းတွေအဖြစ် မြင်လို့ရမလားဆိုတဲ့ မေးခွန်းလည်း ရှိပါတယ်။ တစ်ဖက်မှာကြည့်ရင် နိုင်ငံရေးအာဏာကို ကိုင်ထားနိုင်ဖို့ လုပ်ဆောင်တာကြောင့် နိုင်ငံရေးပါတီတွေဟာ အရပ်ဘက်အဖွဲ့အစည်းလို့ ကျွန်မတို့က သတ်မှတ်တဲ့ သတ်မှတ်ထားချက်တွေထဲက အဓိကကျတဲ့ အချက်တစ်ခုကို ချိုးဖောက်ထားသလို ဖြစ်နေပါတယ်။ နောက်တစ်ခုက အခြေအနေအများစုမှာ နိုင်ငံရေးပါတီတွေဟာ သူတို့ကိုယ်သူတို့ အရပ်ဘက်အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံတာမျိုး မရှိကြပါဘူး။ တစ်ချိန်တည်းမှာပဲ၊ နိုင်ငံရေးပါတီတွေဟာ လူမှုလူ့အဖွဲ့အစည်းတွေရဲ့ အဝန်းအဝိုင်းမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေနိုင်ပါတယ်။ ဥပမာအားဖြင့် လှုပ်ရှားမှုအသားပေး ပါတီတစ်ခုဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်း မူဘောင်တွေအကြားမှာ ပေါင်းကူးအနေနဲ့ ဆောင်ရွက်ပေးနိုင်ပြီး၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုေတွေကို နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ထည့်သွင်း စဉ်းစားနိုင်အောင် လမ်းကြောင်း ဖော်ပေးနိုင်ပါတယ်။ အာဏာရှင် အုပ်ချုပ်ရေးတွေနဲ့ စပ်ကြားအာဏာရှင် အုပ်ချုပ်ရေးတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းလို အလုပ်တွေ လုပ်ဆောင်ဖို့ ဖိအားပေးခံရတဲ့ စိန်ခေါ်မှုမျိုးကိုလည်း ခံရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေမျိုး ရှိခဲ့ဖူးပါတယ်။

နောက်ထပ် မေးခွန်းက မိသားစု အစုအဖွဲ့ကို ဘယ်လို စဉ်းစားမလဲ ဆိုတာပါ။ ဂရမ်ရှီ (Gramsci) လိုမျိုး ဝေဖန်ဆန်းစစ်မှု သီအိုရီသမားတွေကတော့ မိသားစုဆိုတာကို အရပ်ဘက် အဖွဲ့အစည်းထဲ ရှိသင့်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိသားစုတွေဟာ မကြာခဏဆိုသလိုပဲ နိုင်ငံသားတွေရဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ရွေးချယ်မှုတွေကို ရွေးချယ်ရာမှာ အဓိက ပုံဖော်ပေးတဲ့ အကြောင်းအရင်း ဖြစ်နေလို့ပါပဲ။

အမျိုးသမီးဝါဒ သီအိုရီကတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် အသေးစိတ်တိကျတဲ့ အာရုံစိုက်မှုဆိုလို့ မရှိပေမယ့်၊ ပုဂ္ဂလိကနဲ့ အများဆိုင်ရာ အဝန်းအဝိုင်းတွေရဲ့ နယ်ပယ်နဲ့ ပတ်သက်တဲ့ အိုင်ဒီယာကိုတော့ မေးခွန်းထုတ်တတ်ကြပါတယ်။ အမျိုးသမီးဝါဒီတွေဟာ ပုဂ္ဂိလကနဲ့ အများဆိုင်ရာ အဝန်းအဝိုင်းတွေရဲ့ နယ်နမိတ်ကို သတ်မှတ်ရာမှာ အမျိုးသားနဲ့ အမျိုးသမီး မတူညီကြဘူးလို့ ဆိုကြပါတယ်။ သူတို့အဆိုအရ အမျိုးသားတွေဟာ အများနဲ့ဆိုင်တဲ့ အဝန်းအဝိုင်းတွေမှာ ပိုမို လွှမ်းမိုးလိုကြပြီး၊ အမျိုးသမီးတွေကတော့ မိသားစုဆိုတဲ့ ပုဂ္ဂလိက အဝန်းအဝိုင်းကိုပဲ အဓိက အာရုံစိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေအဖို့ နိုင်ငံရေး အသိတရားတွေနဲ့ အသိပညာတွေ ရရှိလာဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေအတွင်းက အဖွဲ့အစည်းတွေဟာ အင်မတန် အရေးပါရှိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အစိုးရအဖွဲ့တွေလိုပဲ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံတာမျိုးတွေ လုပ်ဆောင်တာမျိုးလည်း ရှိနေနိုင်ပြန်ပါတယ်။

လူမှုလှုပ်ရှားမှု အတော်များများရဲ့ ရုန်းကန်ရမှုတွေဟာ နိုင်ငံတော်ရဲ့ အပြုအမူတွေကိုသာမက အရပ်ဘက်အဖွဲ့အစည်း ကိုယ်တိုင်ရဲ့ အဝန်းအဝိုင်းထဲမှာပါ အပြောင်းအလဲတွေကို ဖြစ်လာစေပါတယ်။ (Chambers နဲ့ Kymlicka 2002 ရှု) တစ်နည်းဆိုရရင် နိုင်ငံတော်နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအကြား နယ်နမိတ်တွေ၊ ပုဂ္ဂလိကနဲ့ အများဆိုင်ရာ အဝန်းအဝိုင်းတွေအကြား နယ်နိမိတ်တွေဟာ တစ်ခုနဲ့တစ်ခု တစ်ထပ်တည်း ကျနေစရာ မလိုပါဘူး။ ဒါကြောင့်လည်း အရပ်ဘက်အဖွဲ့စည်းနဲ့ ပတ်သက်လာရင် ပိုမို အရေးပါတဲ့ အမြင်နဲ့ကြည့်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။

■ အရပ်ဘက်အဖွဲ့အစည်း၏ တရားဝင်ဖြစ်မှုနှင့် တာဝန်ခံမှု

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ တရားဝင်ဖြစ်မှုကို ဘယ်ကရတယ်၊ လူမှုအသိုက်အဝန်း အတွင်းမှာ အုပ်စုတွေအနေနဲ့ ကိုယ်စားပြုနိုင်ခြင်းဟာ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ဘယ်လိုအဓိပ္ပာယ်မျိုး ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေ တိုးပွားလာခဲ့ပါတယ်။

တရားဝင်ဖြစ်မှုနဲ့ တာဝန်ခံမှုဆိုတဲ့ အကောက်အယူ နှစ်မျိုးဟာ မတူကွဲပြားပေမယ့်၊ တစ်ခုနဲ့တစ်ခု နီးကပ်စွာ ဆက်စပ်နေကြတာတွေ ဖြစ်ပါတယ်။ လူထုက အဖွဲ့အနေနဲ့ လုပ်နေတာတွေသည် မှန်ကန်စွာ လုပ်ဆောင်နေတယ်လို့ လက်ခံလာပြီဆိုတာနဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ရပ်ဟာ တရားဝင်မှုကို ရသွားတာပါပဲ။ တစ်ဖက်မှာတော့ တာဝန်ခံမှု ဆိုတာဟာ ဒီအဖွဲ့က သူတို့ တာဝန်ယူရမယ့် လူတွေအပေါ် အဖွဲ့ရဲ့ လုပ်ဆောင်နေတဲ့ ဘယ်အလုပ်တွေက ကောင်းကျိုးပြုနေသလဲ ဆိုတာအပေါ် ရည်ညွှန်းပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှာ သူတို့ တာဝန်ယူရမယ့် လူတွေအများအပြား ရှိနေနိုင်ပါတယ်။ သူတို့မှာ အလှူရှင်တွေ၊ ပစ်မှတ်ထားတဲ့ အုပ်စုတွေ၊ အကျိုးခံစားခွင့် ရှိသူတွေ၊ အဖွဲ့ဝင်တွေ၊ အခြား လူမှုလူ့အဖွဲ့အစည်းတွေက လုပ်ဖော်ကိုင်ဖက်တွေ အများအပြား ရှိပါမယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ ဘယ်သူ့ကို ဦးစားပေးမယ်၊ ဘယ်အချက်ကို ဦးစားပေးမယ် ဆိုတာကို ရွေးချယ်နိုင်ဖို့ ခက်ခဲနေတတ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်လာရင် တရားဝင်မှုနဲ့ တာဝန်ခံမှုတွေဟာ နီးနီးကပ်ကပ်ကို ချိတ်ဆက်နေပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် သူတို့ဟာ အခြားသူတွေကို ကိုယ်စားပြုပါတယ်လို့ ပြောချင်ရင် သူတို့မှာ တာဝန်ခံမှု ရှိရပါမယ်။ (Hammer 2014 ရှု)

Brown နဲ့ Jagadanda တို့ရဲ့ ၂၀၀၅ ခုနှစ် စာတမ်းမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အရေးပါတဲ့ တရားဝင်မှု ပုံစံလေးမျိုးကို ရွေးထုတ်ပြထားပါတယ်။ ပထမတစ်ခုက ဥပဒေအရ တရားဝင်မှုပါ။ နိုင်ငံအတွင်း သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်းဖြစ်ဖို့ မှတ်ပုံတင်တာတွေ လုပ်ရမှာပါ။ ဒုတိယအချက်က နှုန်းစံကိုက် တရားဝင်မှု ရှိဖို့ပါ။ ဒီလို တရားဝင်မှုမျိုးမှာဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်ရဲ့ လူမှုတန်ဖိုးတွေ၊ စံတွေ၊ နှုန်းထားတွေကို ဖြန့်ဖြူးရာမှာ အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ ဘယ်လို ရလဒ်တွေ ရတယ်ဆိုတာနဲ့ ဆိုင်ပါတယ်။

တတိယတစ်ချက်ကတော့ လက်တွေ့တရားဝင်မှုပါ။ အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကနေ ထွက်လာတဲ့ ရလဒ်တွေဟာ အသုံးဝင်မှု ရှိတယ်ဆိုတဲ့ အချက်ကနေ ရလာနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အသိအမှတ်ပြုမှုကနေ လာတဲ့ တရားဝင်မှုပါ။ ဒီ တရားဝင်မှုပုံစံကတော့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှု ရလဒ်တွေကို လူတွေက အသိအမှတ်ပြုလာတယ်၊ ပိုမိုကျယ်ပြန့်တဲ့ အသိုက်အဝန်းအတွင်းမှာ လူလက်ခံမှု ရှိလာတယ်ဆိုရင် ရလာတာပါ။  ဖြစ်စဉ် တစ်ခုချင်းစီမှာကြည့်ရင်၊ အရပ်ဘက် အဖွဲ့အစည်းတွေဟာ နဂိုရှိရင်းစွဲ တရားဝင်မှုကို ပေးနိုင်တဲ့ လမ်းကြောင်းတွေနောက်ကို လိုက်ရင်လိုက်၊ မဟုတ်ရင် တရားဝင်မှုနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက် အသစ်တွေကို သူတို့ကိုယ်တိုင် ရှာဖွေဖော်ထုတ်ဖို့ လိုအပ်လာပါလိမ့်မယ်။

တာဝန်ခံမှုမှာလည်း ပုံစံအမျိုးမျိုး ရှိပါတယ်။ နိုင်ငံရေးသီအိုရီတွေဟာ ကိုယ်စားပြုသူတွေနဲ့ သူတို့ရဲ့ မဲဆန္ဒရှင်တွေ အကြားမှာရှိတဲ့ ကိုယ်စားပြုမှုနဲ့ ဆိုင်တဲ့ တာဝန်ခံမှုကိုပဲ အာရုံစိုက်ကြတာ များပါတယ်။ ဒီလို ကိုယ်စားပြုမှုဟာ လူမှုလူ့အဖွဲ့အစည်းအဖွဲ့တွေအတွက် အရေးပါတဲ့ ကိုယ်စားပြုမှုပုံစံဖြစ်ပြီး၊ ဒေသခံ လူမှုအသိုက်အဝန်းတွေနဲ့ ပူးပေါင်းမြှင့်တင်ပေးဖို့ လိုသလို၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အစိုးရကို တာဝန်ခံမှုရှိလာအောင် တောင်းဆိုဖို့လိုတဲ့ အချက်လည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ထောက်ပံ့သူ-လက်ခံသူ ကိုယ်စားပြုမှု အမျိုးအစားကို အာရုံစိုက်တတ်ကြပါတယ်။ ဒီပုံစံမျိုးမှာဆိုရင် ထောက်ပံ့သူရဲ့ အကျိုးစီးပွားတွေ ပြည့်စုံအောင် ဖြည့်ဆည်းပေးဖို့ လက်ခံသူကို တွန်းအားပေးနိုင်ဖို့ ကြိုးစားပါတယ်။ အလှူရှင်တွေနဲ့ လူမှုလူ့အဖွဲ့အစည်းတွေအကြား တာဝန်ခံမှုကလည်း ဒီပုံစံမျိုးကို ရည်ညွှန်းပါတယ်။ အလှူရှင်တွေအနေနဲ့ လူမှုလူ့အဖွဲ့အစည်းတွေကို ငွေကြေး ထောက်ပံ့ရာမှာ အလှူရှင်ဘက်က တိုက်ရိုက် မလုပ်နိုင်တဲ့ အလုပ်တွေကို အဖွဲ့အစည်းက ဆောင်ရွက်ပေးမယ်လို့ သူတို့ဘက်က မျှော်လင့်ထားတာမျိုး၊ ဒါမှမဟုတ် အလှူရှင်ဘက်က ချမှတ်ပေးတဲ့ ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေ အပါအဝင် အခြားသော တာဝန်ခံမှုဆိုင်ရာ သတ်မှတ်ချက်တွေကို အဖွဲ့အစည်းအနေနဲ့ လိုက်နာလိမ့်မယ်လို့ မျှော်လင့်ထားချက်မျိုး ရှိပါတယ်။ တတိယ တာဝန်ခံမှု အမျိုးအစားကတော့ အပြန်အလှန် တာဝန်ခံမှုပါ။ ဘုံဆိုင်ရာနှုန်းစံတွေ၊ အားစိုက်ထုတ်မှုတွေကို လုပ်ဆောင်ကြရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ မဟာမိတ်တွေဖွဲ့ပြီး အချင်းချင်း ထောက်ပံ့မှုတွေ ပေးကြရာကနေ ဒီလို အပြန်အလှန် တာဝန်ခံမှုမျိုးတွေ ပေါ်ပေါက်လာပါတယ်။

၅။ အနှစ်ချုပ်

အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ စကားရပ်ဟာ တိကျမှုရှိတဲ့ စကားရပ်လည်း ဖြစ်သလို၊ အစဉ်အလာအရ သုံးစွဲနေရတဲ့ စကားရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ ရှိနေတဲ့ အဖွဲ့အစည်း အမျိုးမျိုးကို ရည်ညွှန်းရာမှာလည်း သုံးလို့ရသလို၊ ဒီအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လို ဖြည့်ဆည်းမှုမျိုးကို လုပ်ဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အထင်ရှားဆုံး ဖော်ကျူးချက်အဖြစ်လည်း အသုံးပြုပါတယ်။

အစဉ်အလာ ဖော်ကျူးမှု အကောက်အယူအရ ကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းတွေဟာ ပရဟိတစိတ်ဆိုတဲ့ အိုင်ဒီယာနဲ့ နီးနီးစပ်စပ် ရှိပါတယ်။ လူမှုရေးပညာရှင် John A. Hall  (၂၀၁၃) က ညွှန်ပြသလိုပဲ၊ ပရဟိတစိတ်တွေ ပြင်းပြင်းထန်ထန် ရှိလာမှသာ အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ အိုင်ဒီယာက မြင်သာထင်သာ ရှိလာတယ်လို့ ပြောရပါမယ်။ တစ်စုံတစ်ခုကို ပရဟိတစိတ်နဲ့ သတ်မှတ်မယ်ဆိုရင် မတူကွဲပြားမှုတွေ၊ အမျိုးကွဲ စုံလင်မှုတွေကို အရေးကြီးတဲ့ လက္ခဏာတစ်ရပ်အဖြစ် လက်ခံနိုင်မှုကို စဉ်းစားရမှာပါ။ ပရဟိတစိတ် မရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းဟာ ဒီမိုကရေစီကို အကျိုးမပြုနိုင်ပါဘူး။ တစ်ချိန်တည်းမှာပဲ၊ အရပ်ဘက်အဖွဲ့အစည်း သက်သက်နဲ့ ဒီမိုကရေစီကို မဖန်တီးနိုင်ပါဘူး။ ဒီမိုကရေစီဟာ ပရဟိတယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ စေ့စပ်ညှိနှိုင်းနိုင်စွမ်းရှိတဲ့ လွှမ်းမိုးမှုတွေအပေါ် မှီတည်သလို၊ ယဉ်ကျေးပြီး ပရဟိတစိတ်ကို ဦးတည်တဲ့၊ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အာဏာပိုင်တစ်ရပ် တည်ရှိခြင်းအပေါ်မှာလည်း မှီတည်ပါတယ်။

တိတိကျကျ သတ်မှတ်တဲ့ အကောက်အယူအရ ကြည့်မယ်ဆိုရင် လူမှုအဖွဲ့အစည်းတွေကို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေအဖြစ် သံတူကြောင်းကွဲအနေနဲ့ ရိုးရိုးရှင်းရှင်း သတ်မှတ်လေ့ ရှိပါတယ်။ ဒါပေမယ့် NGO တွေ၊ သူတို့ရဲ့ ဝန်ဆောင်မှု ပေးပုံတွေကို လူမှုအဖွဲ့အစည်းတွေရဲ့ ပင်မအူတိုင်အနေနဲ့ လွန်လွန်ကျူးကျူး အလေးပေးတာဟာ လူမှုအဖွဲ့အစည်းတွေရဲ့ အဓိပ္ပာယ်နဲ့ အခန်းကဏ္ဍကို လျှော့ချလိုက်သလို ဖြစ်သွားမယ့်အရေးက ရှိနေပါတယ်။ လိုအပ်ချက်အရကို စိန်ခေါ်ခံနေရတဲ့ အကောက်အယူ ဖြစ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ အကောက်အယူဟာ လွန်လွန်ကဲကဲ ရိုးရှင်းအောင် အဓိပ္ပာယ်ဖွင့်လိုက်ပြီး၊ ဘယ်သူက ဘာပြောပြော အားလုံးနဲ့ကိုက်ညီတယ်ဆိုတဲ့ အများညီအမြင်ကို ဦးစားပေးတဲ့ ပုံစံမျိုး ဖြစ်သွားမယ့် အန္တရာယ်က ရှိနေပါတယ်။ (Chandoke 2003 ရှု)Edwardsက ပြောခဲ့သလို၊ မကြာခဏဆိုသလိုပဲ အရပ်ဘက်အဖွဲ့အစည်းရဲ့ အကောက်အယူဟာ ပိုနေမြဲကျားနေမြဲ အနေအထားကို စိန်ခေါ်နိုင်တဲ့ အနေအထား တစ်ခုအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းရဲ့ကဏ္ဍကို တော်လှန်ရေးအမြင်နဲ့ မြင်ကြည့်နေရာကနေ အစိုးရနဲ့ ဈေးကွက်တို့ မလုပ်နိုင်တဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုကို ပေးအပ်နေတဲ့ တတိယလူဆိုတဲ့ အမြင်နဲ့ လူမှုလူ့အဖွဲ့အစည်းကို နားလည် သဘောပေါက်လာတဲ့ ပိုမိုပြီး နီယိုလစ်ဘရယ်ဆန်တဲ့ အကောက်အယူမျိုးကို ပြောင်းလဲ လာခဲ့တယ်လို့ ပြောရမှာပါ။ (Edwards 2011ရှု)

တကယ်လို့ အရပ်ဘက်အဖွဲ့အစည်းဟာ ဒီမိုကရေစီအတွက် အရေးပါတယ်ဆိုတဲ့ သူ့ကဏ္ဍကို ဆက်ထိန်းထားနိုင်ဖို့ဆိုရင် သူ့ကိုယ်ပိုင် အကောက်အယူနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ တခြားအဖွဲ့အစည်း မူဘောင်တွေရဲ့ အားနည်းချက်ကို ဖုံးဖုံးဖိဖိ လုပ်ပေးဖို့ တည်ရှိနေရတဲ့ အကြွင်းအကျန်သဘောမျိုး သတ်မှတ်ခံရတာမျိုး မဖြစ်ရပါဘူး။

■ ကမ်မီလာ ဘူဇီ

(ဤဆောင်းပါးအား Giacomo က  မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

Critical perspectives on civil society

By Camilla Buzzi

This article is a study of the concept of civil society as a descriptive and normative term that can be used to describe the variety of associations that exist in a country as well as to express an ideal about what such associations should contribute to.  The article reviews the concept of civil society and discusses the relationship between civil society, state and market. It also takes a critical outlook at how the notion of a boundary between the public and the private sphere shapes the definition of civil society and the question of legitimacy and accountability of civil society. The article emphasizes the need to recognize civil society as a category in its own right and not as a residual category that exists in order to make up for the weaknesses of other institutions in the state and the market.

■ စာညွှန်း

၁  ကမ်မီလာဘူဇီသည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ သုတေသနဒါရိုက်တာ ဖြစ်သည်။

၆။ ကိုးကားချက်နှင့် ဆက်လက် လေ့လာဖွယ်ရာ စာအုပ်စာတမ်းများ

Alagappa, M.(Ed.). (2004). Civil Society and Political Change in Asia – Expanding and Contracting Democratic Space. Stanford, Cal.: Stanford University Press.

Brown, L. D., and Jagadanda (Eds). (2005). Civil Society Legitimacy and Accountability: Issues and Challenges, CIVICUS, Washington, D.C.

Chambers, S. &W. Kymlicka. (Eds.). (2002). Alternative Conceptions of Civil Society. Princeton/Oxford: Princeton University Press.

Chandoke N. (2003). The Conceits of Civil Society. New Delhi/Oxford/New York: Oxford University Press.

Edwards, M. (Ed.). (2011). The Oxford Handbook of Civil Society. Oxford/New York: Oxford University Press.

Hall, J.A. (2013). The Importance of Being Civil: The Struggle for Political Decency. Princeton/Oxford: Princeton University Press.

Hammer, M. (2014). Legitimacy and sustainability of civil society organisations: Synergies and dependencies. [Web blogpost]. Retrieved from http://www.intrac.org/blog.php/70/legitimacy-and-sustainability-of-civil-society-organisations-synergies-and-dependencies.

Heffner, R.W. (2000). Civil Islam: Muslims and Democratization in Indonesia. Princeton/Oxford: Princeton University Press.

Hodgkinson, V.A.&M.W. Foley. (Eds). (2003). The Civil Society Reader. Hanover/London: Tufts University/University Press of New England.

Levitsky, S.&L.A. Way. (2010). Competitive Authoritarianism – Hybrid Regimes After the Cold War. Cambridge: Cambridge University Press.

Purdue, D.(Ed.). (2007). Civil Society and Social Movements -Potentials and Problems. London/New York: Routledge.

Rosenblum, N.&R.C. Post. (Eds.). (2002). Civil Society and Government. Princeton/Oxford: Princeton University Press.

Tilly, C.&S. Tarrow. (2015). Contentious Politics. New York: Oxford University Press. Second edition.

Weller, R.P. (Ed.). (2005). Civil Life, Globalization, and Political Change in Asia – Organizing between family and state. London/New York: Routledge.

About the author

Camilla Buzzi

Camilla Buzzi is completing a PhD in human rights and peace studies at the Institute for human rights and peace studies, Mahidol University, Thailand. She is a political scientist from the University of Oslo, where she also obtained her first cycle degree (Candidata Magistrii) in French, political science and philosophy as well as her teacher education diploma. Her research interests are in the field of comparative politics, with a particular focus on civil society, human rights and peace advocacy, discourse and discourse analysis. She is a former coordinator for PD Burma and a former country program manager for Norwegian Church Aid.

Add comment