နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် လူမှုတရားမျှတမှု

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားရှိသည်ဆိုခြင်းကို ယခင် တပ်မတော်အစိုးရ အဆက်ဆက်မှသည် ယနေ့ ပြည်သူ့အစိုးရဟုခေါ်ဆိုသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD ပါတီ) ဦးဆောင်သော လက်ထက်အထိ တရားဝင် အသိအမှတ်ပြုခြင်းမရှိသေးပေ။
အစိုးရအဆက်ဆက်က မည်သို့ပင်ငြင်းဆန်နေသော်ငြား မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများရှိခဲ့သည်၊ ရှိနေသည်ဆိုခြင်းကိုတော့ မျက်ကွယ်ပြု၍ မရနိုင်ပေ။ ထို့ကြောင့် လည်း နိုင်ငံရေးအကျဉ်းသားအရေးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကူညီပေးနေသော အဖွဲ့အစည်းများက နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖွင့်ဆိုထားသည်များ ရှိပါသည်။ ကောက်နုတ်ဖော်ပြရလျှင်…

‘မည်သူမဆို၊ မည့်သည့်အကြောင်းကြောင့်ဖြစ်စေ လွပ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့် အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အား ပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီးထိန်း သိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း’ဟု ဖွင့်ဆိုထားပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံတွင် ၁၉၆၂ နှစ်မှစပြီး ယနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ကျခံခဲ့ရသော၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀ဝဝဝ ခန့်ရှိနိုင်သည်ဟု ပြောဆိုထားပါသည်။ ထို့အပြင် AAPP အဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးချင်း၏ ကိုယ်ရေးမှတ်တမ်းများကို ကောက်ခံလျက်ရှိကာ လက်ရှိအချိန်ထိ ၃၄၀ဝ ကျော် စာရင်းကောက်ခံရယူခဲ့ပြီးဖြစ်သည်။ ထို တွေ့ရှိချက်များအပေါ် အခြေခံ၍ နိုင်ငံရေးအကျဉ်းသားဟောင်းများ စတင်ဖမ်းဆီးခံရချိန်မှစပြီး စစ်ကြောရေးတွင် ခံစားခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှုများ၊ မျှတသော တရားစီရင်မှုမရရှိခဲ့သည့် အခြေအနေများ၊ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ ဆုံးရှုံးခဲ့ရသော လူမှုရေး ဆိုင်ရာ တရားမျှတမှုများနှင့် အကျဉ်းထောင်မှပြန်လွတ်ပြီးနောက် နိုင်ငံသား အခွင့်အရေးများ အပြင် လူမှုရေးဆိုင်ရာတရားမျှတမှု ဆုံးရှုံးခြင်းများကို ထင်ဟပ်စေသည့် ‘လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်’ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ထားပါသည်။ အများအခွင့် အရေးအတွက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးထိန်းသိမ်းခံရသူများသည် အခွင့်အရေး အချိုးဖောက်ခံရ သော လူတန်းစား ဖြစ်နေပေသည်။
နိုင်ငံရေးအရ လှုပ်ရှားသူတဦးဦးသည် စတင် ဖမ်းဆီးခံရပြီးသည်နှင့် စစ်ကြောရေးသို့ ပို့ဆောင်ခြင်းခံရပြီး ညှဉ်းပန်းနှိပ်စက်မှုခံရပါသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် သေ ဆုံးသွားခဲ့ရသည်များလည်း ရှိပါသည်။ ဥပမာ – NLDပါတီမှ ခေါင်းဆောင်တဦးဖြစ်သည့် ဦးမောင် ကိုသည် စစ်ကြောရေးတွင် သေဆုံးခဲ့ရပါသည်။
နိုင်ငံတကာ စာချုပ်စာတမ်းများဖြစ်သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြား ရက်စက်၍ လူ မဆန်သော၊ သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု၊ သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်နှင့် ပြည်တွင်းရာဇသတ်ကြီး ပုဒ်မ ၃၃၀ နှင့် ၃၃၁ တို့က လူတဦး အပေါ် ထိခိုက်နာကျင်စေခြင်းသည် ဥပဒေနှင့်မညီဟု ဖော်ပြထားပြီး၊ နာကျင်စေခြင်းနှင့် ပြင်း ထန်စွာ ထိခိုက်နာကျင်စေခြင်းကို တားမြစ်ထားသော်လည်း နိုင်ငံရေးအကျဉ်းသားအများစုမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံစားခဲ့ရသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် သေဆုံးသွားခဲ့ရသည်များရှိသလို အသက်မသေသော်လည်း ဘဝသေသူများလည်း အများ အပြားရှိနေဆဲ ဖြစ်ပါသည်။
စစ်ကြောရေးအပြီး တရားရုံးများသို့ ပို့ဆောင်ခြင်းခံရချိန်တွင်လည်း မျှတသော တရား စီရင်မှုရရှိသည်ဟု ခံစားရသော နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိကြပါ။ ကျနော်ကိုယ်တိုင်ပင် နှစ် ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရပြီး ပထမအကြိမ်တွင် စစ်ခုံရုံးဖြစ်နေသဖြင့် ရှေ့နေငှားရမ်းခွင့် မရရှိခဲ့ပါ။ ဒုတိယအကြိမ်တွင် အရပ်ဘက်တရားရုံးဖြစ်သောကြောင့် ရှေ့နေငှားရမ်းခွင့် ရရှိခဲ့သော်လည်း စာအိတ်ဖောက်ဖတ်၍ ပြစ်ဒဏ်စီရင်ခဲ့သောစနစ်ဖြင့်သာ ကြုံခဲ့ရပေသည်။
ထိုမှတဆင့် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အတွင်း ရောက်သွားသောအခါ တွင်လည်း အသက်ရှင်သန်ရေး အဓိကလိုအပ်ချက်များဖြစ်သည့် လုံလောက်သော အာဟာရ ထောက်ပံ့မှု၊ သန့်ရှင်းသောသောက်သုံးရေ ဖြည့်တင်းမှု၊ လုံလောက်သောဆေးဝါးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ မရရှိသည့်အပြင် အချို့သော နိုင်ငံရေးအကျဉ်းသားများသည် ရှေ့တန်း စစ်မြေပြင်သို့ ပေါ်တာအဖြစ်အပို့ခံရခြင်းများ၊ ရဲဘက်စခန်းသို့အပို့ခံရပြီး အလုပ်ကြမ်း စေခိုင်းခံရ ခြင်းများ၊ တိုက်ခန်းထဲတွင် တယောက်တည်း နှစ်ပေါင်းများစွာ အပိတ်ခံထားရခြင်း၊ ပြစ်ဒဏ်ဟု ဆိုကာ ခြေကျင်း၊ ဒေါက်ခတ်ခံရပြီး သမံတလင်းပေါ်တွင် ရက်ပေါင်းများစွာ အိပ်စက်ရခြင်းများ စသည့် ဆိုးရွားလှသည့်ဒုက္ခများကို ခံစားရပါသည်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို သာမက မိသားစုများကိုပါ ဒုက္ခပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မိသားစုများနှင့်ဝေးရာ ထောင် များသို့ ပြောင်းရွှေ့ခြင်းများကိုလည်း အာဏာပိုင်များက ပြုလုပ်ခဲ့သေးသည်။ ထိုသို့ ဆိုးရွားမှုများ ကြောင့် အကျဉ်းထောင်တွင်း သေဆုံးသွားခဲ့ရသူများရှိခဲ့သလို အသက်မသေသော်လည်း ဘဝ သေနေသူ အများအပြား ဖြစ်နေကြရသည်။ ဥပမာ- ကိုသက်ဝင်းအောင်ဆိုလျှင် ငှက်ဖျားရောဂါကို အချိန်မီကုသခွင့် မရရှိခဲ့သောကြောင့် မန္တလေးထောင်အတွင်း ကျဆုံးခဲ့ရသည်။ လူ့ဘောင်သစ် ဒီမိုကရေစီပါတီတွင် တာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည့် ကိုတင်ထွန်း လှိုင်သည် ယနေ့အချိန်အထိ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရပြီး အသက်ရှင်လျက်နှင့် ဘဝ သေနေသည့်အဖြစ်ကို ခံစားနေရသည်။
အင်္ဂလိပ်အစိုးရအုပ်ချုပ်စဉ် ကိုလိုနီခေတ်တွင် နိုင်ငံရေးအကျဉ်းသားများအတွက် စာပေ လေ့လာခွင့်နှင့် စာပေရေးသားခွင့်များ ခွင့်ပြုခဲ့သည်။ ၎င်းတို့မကြိုက်သော နိုင်ငံရေးလုပ်ငန်းစဉ် များ ဆက်လက်မလုပ်ဆောင်နိုင်ရန်အတွက်သာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး အခြားသော လူမှုရေးဆိုင်ရာ အခွင့်အရေးများကို ခွင့်ပြုပေးထားပါသေးသည်။ တပ်မတော်အစိုးရ အဆက် ဆက် လက်ထက်တွင် အဆိုပါ ကောင်းမွန်သောအခွင့်အရေးများကို ရုပ်သိမ်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများအား စာပေလေ့လာခွင့်နှင့် စာပေရေးသားခွင့်များ မပေးခဲ့ပါ။ ထိုသို့ပြုလုပ်ခြင်း သည် ရုပ်ခန္ဓာကိုသတ်ဖြတ်ခြင်း မဟုတ်သော်လည်း အသိဉာဏ်ကိုသင်းကွပ်ခြင်း ဖြစ်ပေသည်။ တောင်အာဖရိကခေါင်းဆောင် နယ်ဆင်မန်ဒဲလားသည် အကျဉ်းထောင်ထဲမှ ဥပဒေပညာ လေ့လာနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ဂွင်းအကျဉ်းထောင်တွင် ဓားပြအမှုဖြင့် ပြစ်ဒဏ် ၄၄ နှစ် ကျခံနေရသော အကျဉ်းသားသည် ဥပဒေဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သည်။ အခြားသောနိုင်ငံများတွင် အကျဉ်းထောင်တွင်းမှ တက္ကသိုလ်ပညာရပ်များကို လေ့လာနိုင်သည့်အဆင့် ရောက်ရှိနေပြီဖြစ် သော်လည်း မြန်မာနိုင်ငံ၏ အကျဉ်းထောင်များ၌ ထိုသို့ လေ့လာနိုင်သည့် အခွင့်အရေးမျိုး ယနေ့ အထိ မရှိသေးပါ။ (ယနေ့အချိန်တွင် အခြေခံပညာနှင့် အထက်တန်းအဆင့်ကို အချို့ အကျဉ်း ထောင်တွင်းမှ ဖြေကြားနိုင်ပြီဖြစ်သော်လည်း ထောင်အားလုံးတွင် မဖြစ်သေးပေ)
နိုင်ငံရေးအကျဉ်းသားများ၏ ဘဝသည် အသက်ရှင်လျက်နှင့် ထောင်တွင်းမှ ပြန်လာနိုင် ခဲ့သော်လည်း သူတို့၏ အခက်အခဲများမှာ ပြီးဆုံးခဲ့သည် မဟုတ်သေးပါ။ လူ့အသိုင်းအဝန်း တွင်းကို ပြန်လည်ဝင်ဆံ့နိုင်ရန် တည်ဆဲအစိုးရအပါအဝင် အစိုးရအဆက်ဆက်က ကူညီမှု မရှိခဲ့ သည့်အပြင် အနှောင့်အယှက်ပေးခြင်းများလည်း ရှိနေပါသေးသည်။
အဆိုးဆုံးမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုခြင်းမရှိဘဲ ရာဇဝတ် အကျဉ်း သားအဖြစ်ဖြင့်သာ လွှတ်ပေးခြင်းဖြစ်ပြီး ခြွင်းချက်မရှိလွှတ်ပေးခြင်း မဟုတ်ပါ။ ရာဇသတ်ကြီး ကျင့်ထုံး ပုဒ်မ ၄၀၁ အရ လွှတ်ပေးခဲ့ခြင်းသာဖြစ်ပြီး ယင်း၏ အပိုဒ်ခွဲ ၃ တွင် ဖော်ပြထားရာ၌ အကယ်၍ ပြန်လွှတ်ပေးခံရသော အကျဉ်းသားတဦးဦးသည် ပြန်လွှတ်ပေးသော ရည်ညွှန်းချက်များကို ဖောက်ဖျက်သည်ဟု အာဏာပိုင်များကယူဆပါက ‘ဝရမ်း’မပါဘဲဖမ်းဆီးနိုင်ပြီး ယခင် မပြီးဆုံးသေးသည့် ကြွေးကျန်ပြစ်မှုကို ဆက်၍ကျခံစေနိုင်သည်ဟု ဆိုထားသောကြောင့် ဖြစ်ပါ သည်။ ထိုသို့ နှောင်ကြိုးဖြင့်လွှတ်လိုက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများသည် ရုပ်အားဖြင့် အကျဉ်းထောင်တွင်းမှ လွတ်မြောက်ခဲ့သော်လည်း အချိန်မရွေး ပြန်အဖမ်းခံရနိုင်သည်ဟူသော စိုးရိမ်စိတ်ဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများ ခံစားရသည်။ လွတ်လပ်မှုမရှိသည့်အတွက် ထို နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် များ စွာ ထိခိုက်စေပါသည်။
အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားဟောင်းများအား ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ယောင်ခံလိုက်ခြင်း၊ မေးခွန်းများမေးမြန်းခြင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ဆက်သွယ်နေသူများအား သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အများက ကြောက်စိတ်ဝင် လာပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အား လူအများက မဆက်ဆံရဲတော့ဘဲ အထီးကျန်ဖြစ်သွားစေပါသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများမှ အချို့သည် ဆရာဝန်များဖြစ်ကြ၍ ထောင်မှ ပြန်လွတ်လာပြီး နှစ်ပေါင်းများစွာ ကြာသည့် တိုင်အောင် ဆေးကုသခွင့်လိုင်စင် ပြန်လည် မရရှိသဖြင့် ၎င်းတို့၏ ပင်မအလုပ်ဖြစ်သော ဆရာဝန်အလုပ်ကို ပြန်လည်မလုပ်ကိုင်နိုင် ကြပေ။ ထိုနည်းတူ အချို့မှာ ရှေ့နေဖြစ်ကြပြီး ယနေ့ တည်ဆဲအစိုးရလက်ထက်အထိ ရှေ့နေလိုင်စင် ပြန်မရရှိသေးသည့် ရှေ့နေ အချို့ ရှိနေပါသေးသည်။ ကျောင်းသားများ အဖို့မူ အဖမ်းမခံရမီ ၎င်းတို့သင်ကြားနေသော ဘာသာရပ်များကို ဆက်လက်သင်ကြားခွင့် မရှိတော့ပါ။ အချို့သော ဆေးတက္ကသိုလ်၊ စက်မှုကျောင်းသားများသည် ထောင်မှ ပြန် လွတ်ပြီးသော်လည်း ၎င်းတို့၏ မူလတက္ကသိုလ်ပညာရပ်အား ဆက်လက်သင်ကြားပိုင်ခွင့် မရကြ တော့ပါ။ အခြားဘာသာရပ်တခုခုကို ပြောင်းရွှေ့ပြီး အဝေးသင်တက္ကသိုလ်သာ တက်ရောက် နိုင်ခွင့် ရကြပါတော့သည်။ အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ ဝန်ထမ်းများဖြစ်ခဲ့ ကြပြီး ပင်စင်ခံစားခွင့်ကဲ့သို့ အကျိုးခံစားခွင့်များ မရတော့ပါ။
ဥပမာ- တကိုယ်တော် ဦးအုန်းသန်းဟု လူသိများသူသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်ညတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖမ်းဆီးခံရချိန်တွင် သူသည် သစ်တောဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ သို့သော် ရာဇဝတ်အကျဉ်းသားအဖြစ်သာ သတ်မှတ်ခံရ ခြင်းကြောင့် ယနေ့အချိန်တွင် ပင်စင်ခံစားခွင့် မရရှိသူတယောက်ဖြစ်နေပါသည်။ အချို့သော နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ သံဃာတော်များဖြစ်ကြပြီး ထောင်မှ ပြန်လွတ်သောအခါ ယခင်သီတင်းသုံးခဲ့သော ဘုန်းကြီးကျောင်းမှ ပြန်လည်လက်မခံရဲသောကြောင့် လူဝတ်လဲလိုက် ရသည့် သံဃာတော်များလည်း ရှိခဲ့ပါသည်။ အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ အဖမ်းမခံရချိန်တွင် စီးပွားရေးလုပ်ကိုင်နေသူများ ဖြစ်ကြသော်လည်း ပြန်လွတ်လာသောအခါ၌ ထို စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်သည့် အခြေအနေ မရှိတော့ခြင်းများ ကြုံတွေ့ ရပါသည်။ အချို့မှာ ၎င်းတို့ပိုင်ဆိုင်သော လယ်မြေအသိမ်းခံရခြင်းများ၊ အချို့မှာ ဝန်ထမ်းဖြစ်သည့် အတွက် (အဖမ်းခံရသည့်အတွက်ကြောင့်) ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံရသဖြင့် မိသားစု ဒုက္ခ အကြီးအကျယ်ရောက်ကြရသည်များ ရှိခဲ့ပါသည်။ အချို့သော နိုင်ငံရေး အကျဉ်းသားဟောင်း များမှာ ထပ်မံအဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွား သူများလည်း ရှိကြပါသည်။ ထိုသူများထဲမှ အချို့မှာ တပ်မတော်အစိုးရ၏ အမည်ပျက်စာရင်းထဲသို့ သွတ်သွင်းခြင်းခံခဲ့ရပြီး နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်းခံလိုက်ရသည်များလည်း ရှိနေပါသည်။
ယခင် တပ်မတော်အစိုးရအဆက်ဆက် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းအများစုမှာ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ ကြန့်ကြာမှု၊ သို့မဟုတ် ထုတ်မပေးမှု များကြောင့် ပြည်ပနိုင်ငံများသို့ထွက်ခွာ၍ ပညာသင်ကြားနိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုများ ဆုံးရှုံး ခဲ့ရသည့်သာဓကများ ရှိခဲ့ပါသည်။ ထိုသို့ ခံစားခဲ့ရသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်တိုင်ပင်မက မိသားစုဝင်များပါ ကြုံတွေ့ခဲ့ရခြင်းမျိုး ရှိခဲ့ပါသည်။ ယခုနောက်ပိုင်းတွင် တစုံ တရာ ဖြေလျှော့မှုများ လုပ်ပေးခဲ့သော်လည်း သာမန်နိုင်ငံသားများနည်းတူ အခွင့်အရေး ရနေ သည်တော့ မဟုတ်သေးပါ။
ထို့ထက် ပိုဆိုးသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အကျဉ်းထောင်တွင်းနှင့် စစ် ကြောရေးတွင် ခံစားရသည့်ဝေဒနာများမှာ အကျဉ်းထောင်တွင်းမှ လွတ်မြောက်ပြီဆိုသည်နှင့် ပျောက်သွားသည်မဟုတ်ဘဲ ထိုဝေဒနာများကို လက်ရှိအချိန်အထိလည်း ခံစားနေရဆဲ ဖြစ်နေ ပါသည်။ ထိုဒဏ်ရာများကြောင့် နိုင်ငံရေးအကျဉ်းသားအများစုသည် အလုပ်အကိုင်ရရန် အခွင့် အလမ်းလည်း လွန်စွာနည်းပါးကြသည့်အပြင် ရပ်တည်နိုင်ရေးအတွက်ပါ ခက်ခဲနေကြသည်များ ရှိနေပါသည်။
အထက်တွင်ဖော်ပြခဲ့သော အခွင့်အရေးများမှာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ဆိုင်ရာနှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာအခွင့်အရေး ဖြစ်နေသည်ကို တွေ့ရှိနိုင်ပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ထိုအခွင့်အရေးနှစ်ခုစလုံး၊ သို့မဟုတ် တခုကိုတော့ ချိုးဖောက် ခြင်း ခံခဲ့ရ၊ ခံနေရဆဲဖြစ်သည်။ ထိုနည်းတူ တိုင်းရင်းသားဒေသများတွင်လည်း တိုင်းရင်းသား များမှာ ပုံစံတမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ၊ ဥပဒေမဲ့ဖမ်းဆီးခံရခြင်းများနှင့် သတ် ဖြတ်ခံရခြင်း၊ လိင်ကျေးကျွန်များဖြစ်ကြရခြင်း အစရှိသဖြင့် လူ့အခွင့်အရေးကို ပုံစံမျိုးစုံဖြင့် ချိုးဖောက်ခံနေရသူများ မြောက်မြားစွာ ရှိနေခဲ့၊ ရှိနေဆဲဖြစ်သည်။
လက်ရှိ တည်ဆဲအစိုးရတွင် ယခင်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသောသူများ များစွာ ပါဝင်နေပါသည်။ တည်ဆဲအစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ထားသည်ဟု ကြွေးကြော်ကာ အတိတ်ကာလ၌ ဖြစ်ပျက်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ် ဖြေရှင်းရန် ဆန္ဒမရှိသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိနေရသည်။
လတ်တလောတွင် ထိုကိစ္စရပ်များကို ကြားခံအဖြစ် လုပ်ကိုင်ပေးနေသည့် AAPP၊ ဦးဝင်းတင်ဖောင်ဒေးရှင်းကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများ ရှိနေသည့်တိုင် ပဋိပက္ခများဖြစ်ပွား စဉ်၊ သို့မဟုတ် အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်ရှိစဉ်တွင် နစ်နာခဲ့ကြရမှုများအတွက် ပြန် လည်ကုစားပေးရန် အစီအစဉ်များဆိုသည်မှာ အစိုးရက ကမကထပြု လုပ်ဆောင်ပေးရသည့် ဆောင်ရွက်ချက်များဖြစ်ပြီး မတရားသဖြင့်ပြုမူခံရ၊ နစ်နာခဲ့ရသူများအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ တနည်းတဖုံ ပြန်လည်ကုစားပေးရန် ရည်ရွယ်သည့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု၏ အရေးပါသောအစိတ်အပိုင်းတခုလည်း ဖြစ်သည်။
ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားရာ၌ ‘အတိတ်သမိုင်းတွင် အကြီးအကျယ်ဖြစ်ပျက် ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုအမွေများကို လူမှုအဖွဲ့အစည်းက ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်သည့် ကျယ်ပြန့်ပြည့်စုံသောလုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်တာများဖြစ်သည်။ ယင်းတွင် တာဝန်ယူမှုရှိစေရန်၊ တရားမျှတမှုရရှိစေရန်နှင့် ပြန်လည်ကုစားပေးမှုများ ရရှိစေရန် ရည်ရွယ်သည်’ဟု ဖော်ပြထားသည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုသည်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဒီမိုကရေစီအဖွဲ့အစည်းစနစ်များ ခိုင်မာစေမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအစစ်အမှန် ရရှိစေရန်နှင့် ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် လုပ်ဆောင်မှု ဖြစ်သည်ကို အစိုးရနှင့် လက်နက်ကိုင်ခေါင်းဆောင်များ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုသည်နှင့် အတိတ်ကာလက လူ့အခွင့်အရေး ကျူး လွန်ခဲ့သူများကို ပြန်လည်အရေးယူမည်၊ ထောင်ပြန်ချမည်ဆိုသည်ကိုသာ ပြေးမြင်မနေသင့်ပါ။ အခြားနည်းလမ်းများလည်း ရှိပါသေးသည်။ အခြား အသွင်ကူးပြောင်းခဲ့သော နိုင်ငံများတွင် မည်သို့ပြုလုပ်ခဲ့သည်ကို အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ လေ့လာသင့်ပါသည်။
ဥပမာ – ချက်သမ္မတနိုင်ငံ၊ မြောက်အိုင်ယာလန်၊ တောင်အာဖရိကနှင့် ချီလီနိုင်ငံတို့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ပြန်လည်ကုစားပေးမှု ကြိုးပမ်းချက်များ၏ အစိတ် အပိုင်းတခုအနေဖြင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ဖော်ဆောင်ထောက်ပံ့ပေးခဲ့သည်။
ချက်သမ္မတနိုင်ငံတွင် ၁၉၉၁ ခုနှစ် တရားဥပဒေပြင်ပ လုပ်ဆောင်မှုများအပေါ် ပြန်လည် ထူထောင်ရေးဥပဒေ ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်၌ Republic Act ကို ပြဌာန်းခဲ့ပြီး ယခင် အာဏာရှင်ဟောင်း သမ္မတမားကို့စ်လက်ထက်က ကျူးလွန်ခြင်းခံခဲ့ရသူများ အတွက် ပြန်လည်ကုစားပေးရေးကို လုပ်ပေးနေသည်။ ကိုလံဘီယာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေး စကားပြောနေစဉ်တွင်းမှာပင် Victim Law ထုတ်ပြန်နိုင်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံစား ခဲ့ရသော ပြည်သူများကို သက်သောင့်သက်သာဖြစ်စေခဲ့သည့်မှာ ယနေ့ဆိုလျှင် ငြိမ်းချမ်းရေး ရသည်အထိ ဖြစ်လာပါသည်။ ချီလီနိုင်ငံတွင် ၁၉၇၃ ခုနှစ်မှ ၁၉၈၉ ခုနှစ်များအတွင်း တပ်မတော် အစိုးရက ချီလီနိုင်ငံသားများအပေါ် ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သည်။ တပ်မတော်အစိုးရကို ဆန့်ကျင်သည်ဟု သင်္ကာမကင်းရှိသူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လက်စဖျောက်ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲအပြီး ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်ခဲ့ပြီးနောက် ချီလီနိုင်ငံ၏ ပထမဦးဆုံး အမှန်တရားပေါ်ပေါက်ရေးနှင့် ပြန်လည်သင့်မြတ်ရေး အမျိုးသားကော်မရှင်ကို ဖွဲ့စည်း၍ အတိတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်စေခဲ့သည်။ ထို့နောက် ထို အဖွဲ့၏ အကြံပြုချက်များအရ ချီလီအစိုးရက ဘက်စုံစောင့်ရှောက်ပေးရေးနှင့် လူ့အခွင့်အရေးများ အစီအစဉ်မှတဆင့် ပြန်လည်ကုစားပေးမှုအစီအစဉ်များ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့သောနည်းလမ်းများကို မြန်မာအစိုးရ၊ တပ်မတော်ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လေ့လာသင့်ပြီး ပြန်လည်ကုစားပေးရေးဥပဒေ ပေါ်ထွက်လာစေရန် ကြိုးစားသင့်ပါသည်။ ထိုနည်းလမ်းသည် သိမ်မွေ့ပြီး လက်စားချေခြင်းမရှိသော အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံခဲ့ရသူများအကြား ယုံကြည်မှု တခု တည်ဆောက်နိုင်ရန် အထောက်အကူများစွာဖြစ်စေပါမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ငြိမ်းချမ်းရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေနိုင်ပါမည်။
လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ထူထောင်ရေးဥပဒေကို ကြိုးစားနေစဉ် ကာလအတွင်း အစိုးရအနေဖြင့် ကြားခံအဖြစ်ဆောင်ရွက်နေသောအဖွဲ့များကို ပံ့ပိုးပေးခြင်း သည်လည်း အစိုးရ၏ စိတ်အားထက်သန်မှုကို ပြသရာရောက်ပေမည်။ ထိုသို့ပြုမူခြင်းက လူမှု တရားမျှတမှုအတွက် ဆောင်ကြဉ်းခြင်းဖြစ်ပေမည်။
လူမှုတရားမျှတမှု (Social Justice) ဆိုသည်မှာ လူပုဂ္ဂိုလ်တဦးချင်း သို့မဟုတ် လူ့အဖွဲ့ အစည်းတခုချင်းနှင့် လူ့အဖွဲ့အစည်းအကြား၊ တရားမျှတမှုနှင့် သာတူညီမျှမှုအား ဖော်ဆောင် ပေးခြင်းပင်ဖြစ်ပါသည်။ ထိုအထဲတွင် နိုင်ငံ၏ကြွယ်ဝမှုနှင့် အရင်းအမြစ်များအား ခွဲဝေပေးခြင်း၊ လူတဦးချင်းစီ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူမှုဆိုင်ရာ အခွင့် အလမ်းများ ဖန်တီးပေးခြင်းတို့ပါဝင်ပြီး၊ လူမှုဆိုင်ရာ လှုပ်ရှား၊ လုပ်ဆောင်ခွင့်အတွက် အတား အဆီးများအား ဖယ်ရှားပေးခြင်း၊ လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖန်တီးပေးခြင်း များလည်း ပါဝင်ပါသည်။ ထိုသို့ဖန်တီးပုံဖော်ပေးနိုင်ရန်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ အစိုးရအပါ အဝင်၊ အားလုံးသောအဖွဲ့အစည်းများ၏ တာဝန်နှင့်ဝတ္တရားဖြစ်သည်ဟု လူမှုတရားမျှတမှုက သတ်မှတ်ပြဌာန်းထားပါသည်။
လူမှုတရားမျှတမှုဟုဆိုရာတွင် လူမျိုးရေး၊ ဘာသာရေးအရ လူနည်းစုဖြစ်နေသော လူ့ အဖွဲ့အစည်းများအတွက် ထည့်သွင်း စဉ်းစား အကောင်အထည်ဖော်ကြလေ့ရှိသကဲ့သို့ နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ရင်း လူနည်းစုဖြစ်နေကြသော နိုင်ငံရေးအကျဉ်းသားများအတွက်လည်း ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်ရပေမည်။ နိုင်ငံရေးအကျဉ်းသားများအတွက် လူမှု တရားမျှတမှုရှုထောင့်မှ အကောင်အထည် ဖော်ရာတွင် အောက်ပါတို့အား လုပ်ဆောင် သင့်ပေသည်။
အစိုးရအနေဖြင့် အဆောတလျင် ဆောင်ရွက်နိုင်သည်မှာ ဌာနဆိုင်ရာ အသီး သီးနှင့် ကုမ္ပဏီများမှ ဝန်ထမ်းခေါ်ရာတွင် နိုင်ငံရေးနှင့်မပတ်သက်ရဆိုသည့် စကားစု ကို ဥပဒေ၊ နည်းဥပဒေများနှင့် အမိန့်၊ ညွှန် ကြားစာများတွင် ဖြုတ်ပစ်ရန်လိုအပ်သော အမိန့်ညွှန်ကြားချက်များကို တရားဝင် ထုတ် ပြန်ပေးသင့်သည်။ ကြားခံ အရပ်ဘက်အဖွဲ့ အစည်းများမှတဆင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်နိုင်သည်။ အကျဉ်းထောင် အတွင်း အချိန်ကုန်ဆုံးခဲ့ရသည့်အတွက် လိုအပ်သော နည်းပညာ၊ ကျွမ်းကျင်မှု စသည်တို့အား ဖြည့်ဆည်းပေးရန် သင်တန်းများထူထောင် ပေးခြင်း၊ ပင်စင်လစာဆုံးရှုံးနေရသော နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့သည့် ဝန်ထမ်း ဟောင်းများကို ပင်စင်ခံစားခွင့် ရရှိစေခြင်း၊ ဝန်ထမ်းအဖြစ်မှ ရပ်စဲခြင်းခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုဝင်များအား ပင်စင်ခံစားစေခြင်း၊ မူလအလုပ်တာဝန် ပြန်လည် ခန့်စေခြင်းတို့ ဆောင်ရွက်ပေးသင့်သည်။ သက်မွေးဝမ်းကျောင်းဆိုင်ရာလက်မှတ် (ဥပမာ-ဆရာဝန်လိုင်စင်၊ ရှေ့နေလိုင်စင်) အသိမ်းခံထားရသူများကို ချက်ချင်း ပြန်လည်ထုတ်ပေးခြင်းများ ပြုလုပ်ပေးနိုင်သည်ဟု အကြံပြုပါသည်။

About the author

Bo Kyi

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သည်။

Add comment