အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၀၁၆ ခုနှစ်တွင် NLD အရပ်သားအစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အရှိန်မြှင့်၍ လုပ်ဆောင်ခဲ့သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား အစိုးရသစ် တက်ပြီး ငါးလ အကြာတွင် ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မစုံနိုင်ခဲ့သော်လည်း အများစု တက်ရောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ခဲ့သော်လည်း တက်ရောက်သော အဖွဲ့တိုင်း၏ သဘောထားများကို ပွင့်လင်း လွတ်လပ်စွာ တင်ပြနိုင်ခဲ့ပြီး ပြည်သူလူထုကြားထဲအထိ ချပြနိုင်ခဲ့သည့် အဆင့်သို့ ရောက်ခဲ့သည်ဟု ဆိုရပါမည်။

သို့သော် လက်ရှိ NLD အစိုးရ သက်တမ်း တစ်နှစ်ပြည့်ပြီးသည့် အချိန်တွင်မူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးတွင် ရောက်ရှိနေသည်ဟု ဆိုရပေမည်။ လက်ရှိ အချိန်တွင် NLD အစိုးရရော တပ်မတော်ကပါ NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များသာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်သည်ဟု ဆုပ်ကိုင်ထားသည်။ သို့သော် ယခင်အစိုးရဟောင်း လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က လက်မှတ် ရေးထိုးထားသော အဖွဲ့ရှစ်ဖွဲ့သာ NCA လက်မှတ် ရေးထိုးထားသေးပြီး ထပ်မံ ရေးထိုးသောအဖွဲ့ တစ်ဖွဲ့မှ မရှိသေးချေ။ လက်နက်ကိုင် တပ်ဖွဲ့အင်အား အများစုကို ကိုယ်စားပြုသည့် တိုင်းရင်းသားအဖွဲ့များ NCA လက်မှတ် ရေးထိုးခြင်း မရှိသေးရာ အများစု နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် ပြင်ဆင် ရည်ရွယ်ထားခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး ပြန်လည် ကျင်းပမည့်ရက် သတ်မှတ် ပြုလုပ်နိုင်ခြင်း မရှိသေးပေရာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည့် NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ပြန်လည်ဝေဖန် သုံးသပ်ကြည့်ရန် လိုပေသည်။

■ NCA

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တစ်လှမ်း တိုးနိုင်ရန်အတွက် အခရာကား NCA ဟု ဆိုကြသည်။ NCA လက်မှတ် မထိုးရသေးသော အဖွဲ့များ လက်မှတ်ထိုးရေးဟု ဆိုကြပါသည်။ ၂၀၁၂ ခုနှစ် ငြိမ်းချမ်း လုပ်ငန်းစဉ်များ စတင်ပြီး ယခင် ဦးအောင်မင်း၏ UPWC/MPC တို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ NCCT (Nationwide Ceasefire Coordination Team) ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ SD (Special Delegation) အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ တွေ့ဆုံ ဆွေးနွေးခြင်းရလဒ်ဟု ဆိုကြပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCCT နှင့် SD များ ပါဝင် ရေးဆွဲထားခြင်း ဖြစ်ပေရာ အဘယ်ကြောင့် လက်မှတ် မထိုးနိုင်ရပါသနည်းဟု မေးခွန်းပေါ်လာသည်။

NCA လက်မှတ် မထိုးသေးသည့် UNFC အဖွဲ့ဝင်များက မှတ်ချက်ပြုသည်မှာ သူတို့ ပါဝင် ရေးဆွဲခဲ့သည့် NCA သဘောတူညီချက်သည် မူကြမ်းအဆင့်၌သာ ရှိနေဆဲဖြစ်ပြီး ထပ်မံ ဖြည့်စွက် ပြင်ဆင်မှုပြုရန် လိုနေသေးဆဲဖြစ်၍ လက်မှတ် မထိုးသေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် NCA သဘောတူညီချက်များ ရေးဆွဲပြီးနောက် လက်မှတ် ထိုးရေးအတွက် နောက်ဆုံး ညှိနှိုင်းရသည်မှာ NCA သဘောတူညီချက်ပါ အချက်များ မဟုတ်ပေ။ NCA လက်မှတ် ထိုးရာတွင် ပါဝင်ရမည့် အဖွဲ့များနှင့် ပတ်သက်၍ ဖြစ်ပါသည်။ NCA သဘောတူညီချက်များ ရေးဆွဲပြီးနောက် NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး သမ္မတဟောင်း ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးခု (KIO / KNU / NMSP / KNPP / SSPP) မှ ခေါင်းဆောင်များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်က နောက်ဆုံး ညှိနှိုင်းကြရာတွင် အောင်မြင်မှု မရခဲ့ပေ။ မရခဲ့သည့် အဓိက အကြောင်းရင်းမှာ NCA လက်မှတ် ထိုးရာတွင် ကိုးကန့် MNDAA၊ တအန်း ပလောင် TNLA၊ ရက္ခိုင် AA အဖွဲ့ သုံးဖွဲ့အား NCA လက်မှတ် ထိုးရာတွင် ပါဝင်ရေးအား အစိုးရနှင့် တပ်မတော်က ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။

၂၀၁၂ ခုနှစ်မှစ၍ အတူတကွ ဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း NCA ထိုးရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲခဲ့ကြသည်။ အားလုံး မပါသေးလည်း NCA လက်မှတ် ထိုးပြီး ကျန်သော အဖွဲ့များ လက်မှတ်ထိုးရေး ဆက်လက် ကြိုးစားသွားမည် ဆိုသည့် KNU ပါ အဖွဲ့ရှစ်ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြသည်။ ကျန် KIO ဦးဆောင်သည့် UNFC အဖွဲ့များက အားလုံး ပါဝင်မှ NCA လက်မှတ် ထိုးမည်ဟု ရပ်ခံခဲ့ကာ NCA အား ထပ်မံဖြည့်စွက်ရန် အချက် ကိုးချက် တောင်းဆိုခဲ့ပြီး ယနေ့တိုင် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့်  အဓိက ပြဿနာမှာ NCA ပြဿနာဟု ဆိုနိုင်သည်။ NCA တွင် ပါဝင်သည့် အင်စတီကျူးရှင်းများ ဖြစ်ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၊ အပစ်အခတ်ရပ်စဲရေး  ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တို့ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မည်ဟု သတ်မှတ်ထားကြရာ NCA မဖြတ်သန်းဘဲ၊ ထို အင်စတီကျူးရှင်းများကို အသိအမှတ်ပြု အကောင်အထည်မဖော်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်မရဟု ယူဆထားကြပါသည်။

■ NCA နှင့် UWSA/NDAA မိုင်းလား

UWSA နှင့် မိုင်းလား အဖွဲ့နှစ်ဖွဲ့ကမူ သူတို့ အဖွဲ့များအနေနှင့် ၁၉၈၉ ခုနှစ် ကတည်းက အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး ယူထားခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော် မည်သည့် ပြဿနာမှ မဖြစ်ခဲ့ဘဲ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်ဖြစ်ရာ NCA လက်မှတ်ထိုးရန် မလိုအပ်ဟု ယူဆခဲ့ကြသည်။ သို့သော် နိုင်ငံရေး ဆွေးနွေးရန်ကိုမူ သူတို့ မငြင်းပယ်ခဲ့ပေ။ သူတို့နှစ်ဖွဲ့ အနေနှင့် NCA လက်မှတ် မထိုးသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ရပ်ခံကြသည်။

သို့သော် ပြဿနာကား အစိုးရနှင့် တပ်မတော်ဘက်က UWSA နှင့် မိုင်းလား ပြဿနာအား ခြွင်းချက်အနေနှင့် စဉ်းစား မပေးနိုင်ခဲ့ပေ။ ထိုသို့ ထိုနှစ်ဖွဲ့အား ခြွင်းချက် ပြဿနာအဖြစ် စဉ်းစားမှု ပြုပါကလည်း ကျန် တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေးရာတွင် အဖုအထစ် ဖြစ်စေပြီး တစ်နိုင်ငံလုံး တိုင်းရင်းသားပြဿနာကို တန်းတူရည်တူ ဆွေးနွေးရန် ဖြစ်နိုင်မည် မဟုတ်ဟု ယူဆထားခဲ့ပုံ ပေါ်ပါသည်။ နောက်တစ်ချက်မှာ ရှေ့ဆက်မည့် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍  NCA တွင် ပါဝင် ရေးဆွဲထားသည့် အင်စတီကျူးရှင်းဟု ခေါ်ကြသည့် အဆောက်အအုံများပေါ်တွင် အခြေခံ၍ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက် လုပ်ကိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရေးအတွက် NCA သည် အရေးပါနေသည်ဟု ဆိုကြသည်။

လက်ရှိ အခြေအနေတွင် UWSA နှင့် မိုင်းလားသည်  NCA မထိုးဟု ကြာမြင့်စွာ ရပ်ခံခဲ့သည်မှာ မှန်သော်လည်း ယခုအချိန်တွင် NCA ပြဿနာသည် သူတို့အတွက် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် ပြဿနာ ဖြစ်၍ လာနေပေသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့ဆက်ရမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှာ NCA မထိုးပါက ပါဝင်ခွင့်မပြုဟု အစိုးရနှင့် တပ်မတော်က ရပ်ခံနေပေရာ နိုင်ငံရေးအရ လတ်တလော အဖြေရှာရန် ခက်ခဲနေသည်။

ထို့ထက် ပိုအရေးပါလာသည့် အချက်မှာ တရုတ်တို့၏ သဘောထား ဖြစ်သည်။ လက်ရှိ အခြေအနေတွင် တရုတ်တို့အနေနှင့် မြန်မာပြည်နှင့် ပတ်သက်သည့် စီးပွားရေး အကျိုးစီးပွားများအရ တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေးသည် လိုအပ်နေသည်။ တရုတ်တို့အနေနှင့် တွက်ဆသည်မှာ လက်ရှိ NCA နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းသည် အားနည်းချက် တစ်စုံတစ်ရာ ရှိနေနိုင်သော်ငြားလည်း ထိုလုပ်ငန်းစဉ်တွင် ပါဝင်နေခြင်းဖြင့် မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ရာ တည်ငြိမ်မှုရသည့်ပြင် ပြဿနာဖြေရှင်းရန် နည်းလမ်းနှင့်အချိန် ရနိုင်သည်ဟု ယူဆကြပုံရသည်။ သို့ဖြစ်ရာ UWSA နှင့် မိုင်းလားအဖွဲ့တို့ NCA ထိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရေးအတွက် တရုတ်တို့ တွန်းတွန်းတိုက်တိုက် ဖိအားပေးလာခြင်းကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ တရုတ်တို့အဖို့လည်း တရုတ်နယ်စပ် တစ်လျာက် လက်ရှိ စစ်မီး တောက်လောင်မှုမှသည် “ဝ” နယ်သို့ပါ ကူးစက်ပြီး ထိမ်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားမည်ကို ပူပန်ကြောင့်ကျပုံ ရပေသည်။ ၎င်းနှစ်ဖွဲ့အဖို့ တရုတ်နှင့် နားလည်မှုရခြင်း၊ ဆက်ဆံခြင်းသည် အရေးပါသည်ဖြစ်ရာ ထည့်သွင်းမစဉ်းဘဲ မဖြစ်နိုင်တော့ပေ။

■ NCA နှင့် UNFC

UNFC ကမူ NCA လက်မှတ်ထိုးရန် မူအရ ငြင်းဆန်ထားသည့် အဖွဲ့များ မဟုတ်ကြပေ။ သူတို့သည် NCA ရေးဆွဲစဉ်က ပါဝင်သကဲ့သို့ ၂၀၁၅ NCA လက်မှတ် ရေးထိုးစဉ်ကလည်း အားလုံး ပါဝင်ရေးကို ရပ်ခံပြီး NCA လက်မှတ် ရေးထိုးရာတွင် မပါဝင်ခဲ့ခြင်း ဖြစ်သည့်ပြင် NCA သဘောတူချက်ပါ အချက်အချို့အား ပြင်ဆင်ရေး ပြန်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ပြန်လည် ညှိနှိုင်းရမည့် အချက် ကိုးချက် ထွက်ပေါ်လာခဲ့ပြီး ညှိနှိုင်း၍ မရသည့် အနေအထားသို့ ပြန်ဆိုက်နေသည်ဟု ဆိုရမည်။

ဤသို့ ထွက်ပေါ်လာခြင်းသည် NCA ကိစ္စ ဆွေးနွေးစဉ်ကာလနှင့် ၂၀၁၅ ခုနှစ် နောက်ပိုင်း အငြင်းပွားဖွယ်ရာ တိုက်ပွဲများ အထူးသဖြင့် UNFC အဖွဲ့ဝင် KIO/KIA နှင့် SSPP/SSA ဒေသတို့တွင် ဖြစ်ပွားခဲ့မှုများကြောင့် ယုံကြည်မှု ပျက်ပြားပြီး ပိုမိုသေချာသည့် သဘောတူညီချက် ရယူလို၍ဟု တွက်ဆရသည်။ အခြား သတင်းအရင်းအမြစ် တစ်ခုမှာ ဦးအောင်မင်း၏ UPWC နှင့် UNFC/SD တို့ နောက်ဆုံး သဘောတူခဲ့သည့် NCA သဘောတူညီချက်များမှာ UNFC ခေါင်းဆောင်ပိုင်း၏ နောက်ဆုံး အတည်ပြုချက် မရခင် ပြုလုပ်ခဲ့သဖြင့် ထိုစဉ်ကထဲက UNFC ခေါင်းဆောင်ပိုင်းအချို့က ကြေလည်မှု မရှိခဲ့ရာ ယခု ထိုကြေလည်မှု မရှိခဲ့သည့် အချက်များကို ပြန်လည် ဆွေးနွေးနေသည်ဟု ဆိုကြသည်။ သို့သော် ဤပြဿနာမှာ UNFC အတွင်းပိုင်း ပြဿနာသာဖြစ်ပြီး အများအမြင်မှာ UNFC သဘောတူ ရေးဆွဲခဲ့သည့် NCA ဟုသာ နားလည်နေကြပေသည်။ သို့ဖြစ်ရာ UNFC အဖွဲ့ဝင်များ NCA လက်မှတ် ထိုးရေးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်နေပေတော့သည်။

NLD အစိုးရ လက်ထက်တွင်လည်း UNFC ကိုယ်စားလှယ်အဖွဲ့ဘက်မှ NCA လက်မှတ် ရေးထိုးရေးနှင့် ပတ်သက်ပြီး အချက် ကိုးချက် တင်ပြထားပြီး ငြိမ်းချမ်းရေး ကော်မရှင်နှင့် လေးကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ ပြေလည်မှု မရသေးပေ။

■ NCA နှင့် မြောက်ပိုင်း သုံးဖွဲ့

မြောက်ပိုင်း သုံးဖွဲ့ဟု ဆိုနေသော ကိုးကန့် MNDAA၊ တအန်းပလောင် TNLA၊  ရက္ခိုင် AA အဖွဲ့သုံးဖွဲ့သည် NCA ဆွေးနွေးရာတွင် NCCT တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသည် ဖြစ်ရာ NCA ပါ အချက်များကို သိရှိ အကျွမ်းဝင်ပြီးသား ဖြစ်သည်။ ထိုသုံးဖွဲ့အနက် TNLA သည် ၂၀၁၃ နှစ်ကုန်ပိုင်းက ဦးအောင်မင်း၏ UPWC နှင့် တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကျန်နှစ်ဖွဲ့ အနေဖြင့် တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။

၂၀၁၅ ခုနှစ်က NCA တွင် ပါဝင် လက်မှတ်ထိုးခြင်း မပြုချိန်က အဆိုပါသုံးဖွဲ့နှင့် ပတ်သက်သည့် သဘောထားအား ရှင်းလင်းစွာ ဖော်ပြခြင်း မရှိသော်လည်း ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ထိုအဖွဲ့သုံးဖွဲ့နှင့် KIA တပ်မဟာ ၄ တို့သည် လက်နက် စွန့်လွှတ်ရမည်ဟု တပ်မတော်မှ သဘောထား ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ၂၀၁၆  နှစ်ဆန်း သဘောထား ထပ်မံဖော်ပြရာတွင် KIA တပ်မဟာ ၄ မပါဝင်တော့ဘဲ အဆိုပါ အဖွဲ့သုံးဖွဲ့သာ လက်နက်စွန့်ရမည်ဟု ဖော်ပြခဲ့သည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ် NLD အစိုးရ တက်လာပြီးနောက် ထိုသုံးဖွဲ့နှင့် ပတ်သက်၍ လက်နက် စွန့်လွှတ်ရမည် ဆိုသည့်အစား လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်ရမည်ဟု ပြောင်းလဲဆိုခဲ့ပြီး ထိုအခြေခံပေါ်၌ ထိုသုံးဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တရားဝင် ပထမဦးဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့သည်။ ထိုဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် UWSA က အရေးပါသည့် အခန်းက ပါဝင်ခဲ့သည်ဟု ဆိုရပါမည်။

ထိုဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ တောင်းဆိုသည်မှာ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း အဆိုပါ သုံးဖွဲ့ဘက်မှ ကြေညာချက် ထုတ်ပြန်ပေးရန်နှင့် ထိုသို့ ကြေညာချက် ထုတ်ပြန်ပေးပါက ၂၁ ရာစု ပင်လုံညီလာခံ တက်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။ သို့သော်လည်း အဆိုပါ မြောက်ပိုင်းသုံးဖွဲ့က လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေးဆိုသည်ကို လက်မခံနိုင်ကြဘဲ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေးဆိုသည်ကိုသာ လက်ခံနိုင်သဖြင့် ညှိနှိုင်း မရခဲ့ပေ။

သို့ရာတွင် ထိုစဉ်က ဆွေးနွေးသည်မှာ ၂၁ ရာစုပင်လုံ ပထမအကြိမ် ညီလာခံသို့ တက်ရောက်ခွင့်သာ ဖြစ်သဖြင့် NCA လက်မှတ် မထိုးရသေးသည့် UNFC အဖွဲ့ဝင်များအား ပထမအကြိမ် ညီလာခံ တက်ရောက်ခွင့် ပေးသကဲ့သို့ အဆင့်မျှသာဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက် ပါဝင်ခွင့်နှင့် ပတ်သက်၍ လည်းကောင်း၊ အခြားအဖွဲ့ များနှင့် တန်းတူ NCA ထိုးခွင့်ပေးမည်၊ မပေးမည်ကတော့ ရှင်းလင်းစွာ မသိကြရပါ။ အဆိုပါ ပြဿနာအား နောက်ထပ် ဆွေးနွေးရမည့် ပြဿနာအဖြစ် ထားပုံရသည်။

အဆိုပါ မြောက်ပိုင်း သုံးဖွဲ့ဘက်ကလည်း လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ဆိုသည့်မူကို ရပ်ခံသည်နှင့် ပတ်သက်၍ နားလည်ပေးနိုင်သော်လည်း ညှိနှိုင်းနေသော ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက် စောင့်ဆိုင်း ညှိနှိုင်းမှု မပြုလုပ်ဘဲ သူတို့၏ ရပ်တည်ချက်အတိုင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ရာ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက် သွားတော့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ သတိပြုရန် လိုအပ်သည်မှာ မူဝါဒကိုင်စွဲခြင်း၊ ပျော့ပြောင်းသော ပေါ်လစီ ကျင့်သုံးခြင်းတို့နှင့် ပတ်သက်၍ မှန်ကန်စွာ ပေါင်းစပ် ကျင့်သုံးရန် လိုအပ်ပေသည်။ UNFC အဖွဲ့ဝင်များ ဖြစ်ကြသည့် KIO/KIA နှင့် SSPP/SSA တို့သည် UNFC အဖွဲ့ဝင်များထဲတွင် တပ်မတော်နှင့် လက်နက်ကိုင် ပဋိပက္ခ အကြီးမားဆုံး ဖြစ်ကြသော်လည်း နှစ်ဖက် ဆွေးနွေးသည့် ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ပစ်ခြင်း မပြုလုပ်ဘဲ ဆွေးနွေးပွဲ လမ်းကြောင်း ပွင့်သည့်အချိန်တွင် ပြန်လည် ဆွေးနွေးကြသည်ကို တွေ့ရသည်။

ဤသို့သော အခြေအနေအောက်တွင် အစိုးရဘက်ကလည်း မည်သည့် ကမ်းလှမ်းမှုမှ မပြုလုပ်တော့၍  တွေ့ဆုံ ဆွေးနွေးပွဲလမ်းကြောင်း မရှိတော့ဘဲ စစ်ပွဲလမ်းကြောင်းပေါ်သို့ ရောက်သွားသည်ကတော့ မလွှဲမရှောင်သာပင် ဖြစ်ပေတော့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ၂၀ ရက်မှစ၍ အဆိုပါ သုံးဖွဲ့နှင့် KIA ပူးပေါင်းမြောက်ပိုင်း မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေး လှုပ်ရှားမှု ပေါ်ထွက်လာသောအခါ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသည် ပိုဝေးကွာလာသည်ဟု ဆိုရမည်။ ထိုစစ်ပွဲများ ဖြစ်လာပြီးနောက် အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ၎င်းအဖွဲ့များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်လက် သုံးစွဲပြီး ဆွေးနွေးပွဲလမ်းကြောင်း ဖွင့်ထားသေးသော်လည်း တပ်မတော်ကမူ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များအဖြစ် ပြောင်းလဲ သုံးစွဲခဲ့သည်။

တပ်မတော်နှင့် နီးစပ်သော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များကလည်း ထိုအဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ထိုအဆို မအောင်မြင်ခဲ့ပေ။ သို့သော် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော် ကိုယ်စားလှယ်တို့ အင်အားများသော ရှမ်းပြည်နယ် လွှတ်တော်တွင် ထိုအဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သည့်အဆို အောင်မြင်ခဲ့သည်။ သို့ရာတွင် ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် ပြည်ထောင်စုအစိုးရသို့ သက်ရောက်မှု မရှိခဲ့ပေ။ သို့ရာတွင် NLD အစိုးရနှင့် တပ်မတော်ကြား ကွဲပြားနေသည့် သဘောထားကို မြင်တွေ့ရသည်ဟု ဆိုနိုင်ပါသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှစ၍ ရှမ်းပြည် မြောက်ပိုင်း တရုတ်နယ်စပ်တစ်လျောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာချိန်တွင် တရုတ်နယ်စပ် တည်ငြိမ်ရေးကို ရှေးရှုသည့် တရုတ်တို့ ကြားဝင်စေ့စပ် ညှိနှိုင်းနိုင်ရန် တက်တက်ကြွကြွ လှုပ်ရှားလာပြီး တရုတ်ပြည်တွင်း နှစ်ဖက် တွေ့ဆုံရန် စီစဉ်ပေးခဲ့သော်လည်း ထိုအဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင် ယခုတိုင် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

ထိုအဖွဲ့များနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထပ်မံ ဖော်ပြသည်မှာ “အဖွဲ့အစည်းဆိုပြီး သတ်မှတ်တဲ့ အထဲမှာ ခုနတုန်းက ကျွန်တော် ပြောခဲ့သလို  AA အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့တယ်၊ ရှင်းလင်းတဲ့ အထဲမှာ AA နဲ့အတူ MNDAA ဆိုတာ ရှိတယ်။ နောက်တစ်ခုက TNLA ဆိုတာ ရှိတယ်။ ဒီသုံးဖွဲ့က အရပ်သားအစိုးရ ဆိုပြီး ဒီမိုကရေစီအစိုးရ ပေါ်လာပြီးတဲ့ အချိန်ကျမှ ဖြစ်လာတဲ့ အဖွဲ့တွေ။ လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေး ခံယူချက်အရသော် လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း စသဖြင့် ခံယူချက်တွေနဲ့ ပေါ်လာတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ နောက်ပိုင်းမှ ဖြစ်လာကြတဲ့ အဖွဲ့အစည်းတွေ။ ဒီအဖွဲ့အစည်းတွေကိုတော့ ကျွန်တော်တို့ သီးခြားစီ သတ်မှတ်ပြီး သူတို့ကို ငြိမ်းချမ်းရေး ဖိတ်ခေါ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပြီးတော့ NCA လက်မှတ်ထိုးပါ စသဖြင့် ကျွန်တော်တို့ ပြောနေစရာ အကြောင်းမရှိဘူးလေ”ဟူ၍ ဖြစ်ပါသည်။ ဤသို့ တပ်မတော်၏ သဘောထားကို ရှင်းလင်းစွာ တွေ့ရသော်လည်း ထိုသုံးဖွဲ့နှင့် ပတ်သက်၍ NLD အစိုးရ၏ သဘောထားကို ရှင်းလင်းစွာ ဖော်ပြခြင်း မတွေ့ရသေးပေ။

သို့ဖြစ်ရာ ယခုအချိန်အထိ အဆိုပါသုံးဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ရေးမှာ အလှမ်းဝေးနေဆဲဟု ဆိုရမည်။ တပ်မတော်၏ သဘောထားမှာ ထိုသုံးဖွဲ့ လက်နက် မစွန့်ပါက တရုတ်ပြည်နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစား၍ ထိုသုံးဖွဲ့၏ အထောက်အကူ လမ်းကြောင်းအား ဖြတ်တောက်၍ စစ်ရေးအရ တိုက်ခိုက်ရန် ရည်ရွယ်ပုံရသည်ဟု ဆိုရသည်။

တစ်ချိန်တည်းတွင် လက်တွေ့ အနေအထားအရ ၂၀၀၉ ခုနှစ်က အင်အားသုံး ဖယ်ရှားခံခဲ့ရသည့် ကိုးကန့်အဖွဲ့သည် ၂၀၁၃ ခုနှစ်မှ စတင်ပြန်လည် လှုပ်ရှားခဲ့ပြီးနောက် ယခုအချိန်တွင် တပ်မဟာ ၃ ခုနှင့် အင်အား ၄၅၀၀ ခန့်ဖြင့် လည်းကောင်း၊ ၂၀၀၉ နှစ် နှစ်ဆန်းပိုင်းက လူအင်အား ၂၆ ယောက်ဖြင့် စတင် ဖွဲ့စည်းခဲ့သည့် AA မှာလည်း ယခုအခါ အင်အား ၃၅၀၀ ခန့် ရှိလာပြီး အင်အား အများစုမှာ တရုတ်နယ်စပ်တွင် ရှိနေသော်လည်း အင်အားအချို့မှာ ၂၀၁၅ မှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ စတင် ထိုးဖောက်ကာ တပ်မတော်နှင့် ထိတွေ့မှု ဖြစ်နေသည်ကို လည်းကောင်း၊  ၂၀၁၂ နှစ်ဆန်းမှစ၍ အင်အား ၄၄ ယောက်နှင့် စတင်ခဲ့သည့် PSLF/TNLA မှာလည်း ယခုအခါ တပ်မဟာ ၆ ခု အင်အား ၇၀၀၀ ခန့်အထိ လည်းကောင်း တိုးတက် များပြားလာသည်ကို တွေ့ရသည်။ ထို့အပြင် ထိုအင်အားများသည် လက်ရှိ နိုင်ငံရေး အခြေအနေအောက်တွင် နိုင်ငံရေးအရသာမက စစ်ရေးအရပါ စုစည်းမိနေသည်ကို တွေ့ရသည်။ ထို့ပြင် ၎င်းသုံးဖွဲ့သည် NCA လက်မှတ်ထိုးရန် ငြင်းဆန်နေသော UWSA နှင့်ပါ နိုင်ငံရေးအရရော စစ်ရေးအရပါ ပို၍ နီးကပ်လာသည်ကို တွေ့မြင်နေရသည်။ သို့ဖြစ်ရာ ထိုလက်နက်ကိုင် အင်အားများ ဆွေးနွေးပွဲစားပွဲပေါ် မရောက်သရွေ့ မြောက်ပိုင်းတွင် ပြင်းထန်သော စစ်ပွဲများ ရှောင်လွှဲရန် ခက်ခဲနေပေသည်။

မည်သို့ဆိုစေ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့အား NCA လက်မှတ် ထိုးခွင့်ပြုရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုရေး ပြဿနာသည် UNFC အဖွဲ့ဝင်များ NCA လက်မှတ်ထိုးရေး၊ UWSA နှင့် မိုင်းလားအဖွဲ့တို့ လက်မှတ်ထိုးရေး စသည်တို့နှင့် တစ်ဆက်စပ်တည်း ဖြစ်နေပေရာ အဆိုပါပြဿနာအား သေချာစွာ ကိုင်တွယ်၍ လိုအပ်သည့် ဖြေလျော့စဉ်းစားမှုများ ပြုလုပ်ပေးခြင်းသည် NCA အကျပ်အတည်းကို ကျော်လွှားနိုင်မည့် ကွင်းဆက်ပြဿနာ တစ်ခုဟု ဆိုရပါမည်။

■ NCA ထိုးပြီး အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

NCA လက်မှတ် ထိုးထားပြီးသော အဖွဲ့ရှစ်ဖွဲ့ထဲတွင် လက်နက်ကိုင် အင်အား အတောင့်တင်းဆုံး အဖွဲ့နှစ်ဖွဲ့လည်း ဖြစ်ပြီး ပြည်နယ် ကိုယ်စားပြုမှုလည်း ရှိသည်ဟု ဆိုနိုင်သည့် အဖွဲ့နှစ်ဖွဲ့မှာ KNU နှင့် RCSS တို့ဖြစ်သည်။ အစိုးရနှင့်သော် လည်းကောင်း၊ တပ်မတော်နှင့်သော် လည်းကောင်း ဆက်ဆံရေး ကောင်းမွန်သည်ဟု သတ်မှတ် ခံထားရသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။ NCA လက်မှတ် ထိုးထားသော အဖွဲ့များဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် UPDJC တို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသော်လည်း သူတို့တွင် အကျပ်အတည်း တစ်ခုရှိနေသည်။ ၎င်းအကျပ်အတည်းမှာ ရှေ့ဆက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ် အကျပ်အတည်းဟု ဆိုရပါမည်။

တစ်ခုမှာ လက်ရှိ NCA ထိုးထားသော ရှစ်ဖွဲ့သည်ပင်လျှင် NCA စာချုပ်ပါအတိုင်း လွယ်လွယ်ကူကူ မဖြစ်ခြင်း ဖြစ်သည်။ အမျိုးသားအဆင့် အစည်းအဝေးများကို ဦးစွာအားဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ရရှိခဲ့သည်။ နောက်ပိုင်းတွင်မှ ရှမ်းတောင်နှင့် ပအို့ဝ်တွင် ခွင့်ပြုခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ပြုလုပ်သည့် UPDJC အစည်းအဝေးအထိ ချင်းနှင့်ရခိုင်တွင် ကျင်းပခွင့် မရခဲ့ချေ။ ထို့ကြောင့်လည်း ၎င်းတို့ ပြည်နယ်အလိုက် အမျိုးသားအဆင့် အစည်းအဝေး ကျင်းပနိုင်ခြင်းမရှိဘဲ ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပခြင်းသည် အဓိပ္ပာယ်မရှိဟု ကန့်ကွက်ခဲ့သည်။

ထို့အပြင် NCA လက်မှတ် ထိုးထားသော CNF နှင့် ALP က ၎င်းတို့ ပြည်နယ်များတွင် အမျိုးသားအဆင့် ဆွေးနွေးပွဲ လုပ်ခွင့်မရဘဲ ဒုတိယအကြိမ် ၂၁ ပင်လုံသို့ တက်၊ မတက်အား ၎င်းတို့ ပါတီများ၏ ဗဟိုကော်မတီ အစည်းအဝေးများတွင် ပြန်လည် ဆုံးဖြတ်ရမည်ဟု ဆိုခဲ့ကြသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လလယ်ခန့်တွင် ဒုတိယအကြိမ်ပင်လုံ ရက်ရွှေ့လိုက်ကြောင်း ကြားသိရပြီး ချင်းပြည်နယ်တွင် အမျိုးသားအဆင့် အစည်းအဝေးများ ပြုလုပ်ခွင့်ပြုသည်ဟု သိရသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင်မှ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော် ချင်းအမျိုးသား ဆွေးနွေးပွဲများကို ဟားခါးတွင် ကျင်းပခွင့် မပြုဘဲ ထန်တလန်မြို့တွင်သာ ကျင်းပခွင့် ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် ALP က တောင်းဆိုသည့် ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် ဆွေးနွေးပွဲကိုမူ ခွင့်မပြုခဲ့ပေ။ ထို့အပြင် ရှမ်းပြည်နယ်တွင် ဆွေးနွေးပွဲ ခွင့်ပြုခဲ့သည်ဟု ဆိုသော်လည်း လက်တွေ့ကျင်းပနိုင်ရေး ညှိနှိုင်းမှုများ မအောင်မြင်သေး၍ ယနေ့တိုင် မကျင်းပနိုင်သေးပေ။ သို့ဖြစ်ရာ NCA လက်မှတ် ထိုးထားပြီးသူများနှင့် ပတ်သက်၍ NCA သဘောတူချက်ပါအတိုင်း အကောင်အထည်ဖော်မှုများမှာ လစ်ဟာချက်များ ရှိနေသည်ဟု ဆိုရမည်။

ထို့အပြင် NCA ထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့မှာလည်း ၂၀၁၇ ဇန်နဝါရီလ ၁၀ ရက် ၁၁ ရက်များတွင် လော်ခီးလာ၌ ဆွေးနွေးပွဲ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးခွင့် တောင်းခံခဲ့သည်။ သို့နှင့် စောမူတူးစေးဖော ခေါင်းဆောင်သည့် NCA လက်မှတ်ထိုးပြီး ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၇ ဇန်နဝါရီ ၂၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် လည်းကောင်း တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှုများတွင် လက်နက် သယ်ယူမှုဖြင့် အဖမ်းခံနေရသော ALP ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မတရားသင်း ဆက်သွယ်မှုဖြင့် အဖမ်းခံနေရသော ABSDF ခေါင်းဆောင်တစ်ဦး ကိစ္စများ ပါဝင်သော်လည်း ဖြေလျှော့ပေးခြင်း မရှိခဲ့ပါ။ သို့သော် NCA ထိုးပြီး ကိုယ်စားလှယ်အဖွဲ့ကလည်း ထိုကိစ္စအား ကိစ္စကြီးအဖြစ် သဘောထား ဆွေးနွေးပုံ မရပေ။

အဆိုပါ ဆွေးနွေးပွဲ၌ ၂၀၁၇ ဇန်နဝါရီလ ၁၇ ရက် ကရင်ပြည်နယ် ဘားအံမြို့၌ ကျင်းပသော အမျိုးသားအဆင့် ဆွေးနွေးပွဲ အဖွင့်တွင်  KNU ဥက္ကဋ္ဌ စောမူတူးစေးဖော ပြောကြားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ငြိမ်းချမ်းရေးနှင့် ရှင်သန်ရေးတွင် အရေးကြီးကြောင်း၊ NCA ထိုးရာတွင် ပါဝင် မလာသေးသည့်အဖွဲ့များ ပါဝင်လာရေးအတွက် အစိုးရနှင့် တပ်မတော် သဘောထားကြီးပြီး မူဝါဒဆိုင်ရာ ဖြေလျော့မှုအချို့ ပြုလုပ်ခြင်း အင်အားသုံး တိုက်ခိုက်မှုများ ရပ်တန့်ထားရန် ကရင်အမျိုးသားတို့က တောင်းဆိုကြောင်း စသည့် အချက်အလက်များပေါ် အခြေခံ၍ အားလုံးပါဝင်ရေး တောင်းဆိုမှုကို အဓိက ထားခဲ့ပုံရသည်။ ထို့အပြင် အားလုံး မပါဝင်နိုင်သေးသည့်အပြင် NCA လက်မှတ် ထိုးထားသည့်အဖွဲ့များ အမျိုးသားအဆင့် ဆွေးနွေးပွဲများ မလုပ်ရသေးသည့် အချိန်တွင် ၂၁ ပင်လုံ ဒုတိယအကြိမ်အား အချိန်ရွှေ့ဆိုင်းရန် တောင်းဆိုမှု  ပြုခဲ့ကြသည်ဟု ဆိုပါသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တရုတ်ပြည် ခွင်းမင် (ကူမင်း) မြို့၌ KNU ဥက္ကဋ္ဌ စောမူတူးစေးဖောနှင့် KNU ခေါင်းဆောင်များ တရုတ်သံတမန် မစ္စတာဆွန်ကော့ရှန်နှင့် တွေ့ဆုံရာ၌ ထိုအချက်ကို အလေးထား ပြောဆိုခဲ့ကြသည်။

“ငြိမ်းချမ်းရေး ရရန်အတွက် အပစ်ရပ်ရန်လိုကြောင်း၊ ယခု ရှစ်ဖွဲ့သာ NCA လက်မှတ်ထိုးနိုင်သေးကြောင်း၊ ယင်းမှာ မလုံလောက်ကြောင်း၊ ကျန်အဖွဲ့များ ပါဝင်ရေး ဆက်လက် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ KNU အနေနှင့် ကြိုးစားနေကြောင်း၊ ဤရှစ်ဖွဲ့နှင့်သာ ပင်လုံညီလာခံ လုပ်ပါက မလုံလောက်ကြောင်း၊ ဤအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ပြောဆို ဆွေးနွေးခဲ့ပြီ ဖြစ်ကြောင်း” KNU ခေါင်းဆောင်များက ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

KNU ခေါင်းဆောင်များ အနေနှင့် ဖေဖော်ဝါရီ ၁၃ ရက်က တရုတ်ပြည်၌ တရုတ် သံတမန်နှင့် တွေ့ဆုံခြင်းသည် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄/၁၅/၁၆ ရက်များတွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့ သွားရောက်၍ KIA ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် လည်းကောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုဟု ဆိုရပါမည်။ ဤသို့ သွားရောက်သည့်အဖွဲ့တွင် KNU ခေါင်းဆောင်များသာမက RCSS အကြံပေးနှစ်ဦးလည်း ပါဝင်ပေရာ အထက်ပါ သဘောထားများသည် KNU တစ်ဖွဲ့တည်း သဘောထားမဟုတ်ဘဲ NCA လက်မှတ် ထိုးထားသော အဖွဲ့အားလုံး၏ သဘောထားဟု ဆိုရပါမည်။

ဤသည်မှာ NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ၏ နိုင်ငံရေး အကျပ်အတည်းဟု ဆိုရပါမည်။ ရှေ့ဆက်မည့် ၂၁ ရာစုပင်လုံ ညီလာခံနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ကျန်သောအဖွဲ့များ မပါဘဲ ရှေ့ဆက်ရန် ခက်ခဲသကဲ့သို့ တိုင်းရင်းသားအဖွဲ့အားလုံး မပါဘဲ အဖြေထွက်ရန်လည်း ခက်ခဲနေသည့် အကျပ်အတည်းဟု ဆိုရပါမည်။

တစ်ချိန်တည်းတွင်လည်း NCA ထိုးထားသည့် RCSS နှင့် တပ်မတော်ကြား တိုက်ပွဲငယ်အချို့ ဖြစ်ပွားနေသေးသည်။ JMC တွင် တင်ပြ ဆွေးနွေးနေဆဲ ဖြစ်သော်လည်း မတ်လတွင်း၌ ၂ ကြိမ် ဧပြီလဆန်းတွင် တစ်ကြိမ် ထပ်မံဖြစ်ပွားဆဲဖြစ်၍ NCA အရ တပ်နေရာချထားရေး ပြဿနာအား NCA လက်မှတ်ထိုးပြီး တစ်နှစ်ကျော် ကြာသည်အထိ ဖြေရှင်းရန် ကျန်နေဆဲ ဖြစ်သည်ဟု ဆိုရပါမည်။

■ NCA မထိုးသေးသည့် အဖွဲ့များ၏ အကျပ်အတည်း

လက်ရှိ NCA မထိုးသေးသော အဖွဲ့များတွင်လည်း ပြည်တွင်းပြည်ပ ဖိအားများကြောင့် အကျပ်အတည်း ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ပြည်တွင်းအရ ဆိုရလျင် NCA လက်မှတ် ထိုးရာတွင် ပါဝင်ခြင်း မရှိသေးသော အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသစ်အပေါ် မျှော်လင့်ချက် ကြီးမားစွာ ထားရှိခဲ့သည်ကို ရွေးကောက်ပွဲမတိုင်မီက သူတို့၏ ပြောဆိုချက်များ၊ သူတို့၏ ထုတ်ပြန်ကြေညာချက်များတွင် တွေ့မြင်နိုင်သည်။

သူတို့အားလုံး မျှော်လင့်ခဲ့ကြသည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခင်အစိုးရဟောင်းနှင့် မတူခြားနားသည့် ချဉ်းကပ်မှု၊ လုပ်ဆောင်မှုများကို မျှော်လင့်ခဲ့ကြသည်။ သို့သော် သူတို့ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ဟု ဆိုရမည်။ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင် တက်ရောက်နိုင်အောင် သူမ အနေနှင့် ကြိုးပမ်း အားထုတ်ခဲ့သော်လည်း ညီလာခံ အဖွင့်နေ့တွင် NCA ထီးရိပ်အောက်တွင် ဆက်သွားမည်ဟု ဆိုခဲ့ပြီး ယခင်အစိုးရဟောင်း၏ လမ်းကြောင်းကိုပင် ဆွဲကိုင်လိုက်ရာ NCA လက်မှတ် ထိုးရာတွင် မပါဝင်သေးသည့် အဖွဲ့များအတွက် NCA သည် ရှေ့တန်းရောက်သည့် ပြဿနာ ဖြစ်လာတော့သည်။

ထို့အပြင် နောက်ပိုင် NCA လက်မှတ်ထိုးခြင်း တစ်နှစ်ပြည့် အခမ်းအနား UPDJC အစည်းအဝေးများနှင့် အနှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ တို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် NCA ထိုးရေးကိုသာ ဦးတည် ပြောဆိုခဲ့ပြီး NCA ဘောင်အတွင်းမှ နိုင်ငံရေး ဆွေးနွေးပွဲသွားရန် ထပ်ခါထပ်ခါ ပြောဆိုခဲ့သည်။ သို့ဖြစ်ရာ ယခင်ပြည်တွင်း ဒီမိုကရက်တစ် အတိုက်အခံအဖြစ် ရပ်ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကပါ NCA ထိုးရေးကို ရပ်ခံခဲ့ရာ NCA လက်မှတ် မထိုးသေးသော တိုင်းရင်းသား အဖွဲ့များအတွက် ပြည်တွင်း ဖိအားတစ်ခု တိုးလာသည်ဟု ဆိုရမည်။ ထို့အပြင် ထိုသို့ပြောဆိုမှုသည် NCA သဘောတူညီချက်အား ပြင်ဆင်လိုသော UNFC အားလည်း ပြင်ဆင်ရန် မလိုဘဲ ထိုးစေလိုသည့် သဘောထားကို တွေ့ရှိရသည်။

ဤသို့ ပြည်တွင်းဖိအားကို ရင်ဆိုင်နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် ပြည်ပ နိုင်ငံတကာ၏ ဖိအားကို ရင်ဆိုင်နေရသည်။ အမေရိကန်၊ ဂျပန်နှင့် အနောက် အင်အားစုများသည် မြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ဘဏ္ဏာရေးအရ ကူညီအားပေးနေသည့် တစ်ချိန်တည်းတွင် မြန်မာပြည်ပြဿနာအား စားပွဲဝိုင်းတွင် တွေ့ဆုံ ဖြေရှင်းစေလိုကြသည်။ ထို့အတူ NCA အားလည်း လက်မှတ်ရေးထိုး စေလိုကြသည်။ NCA နှင့် ပတ်သက်၍ တိုင်းရင်းသားအဖွဲ့များ မကျေလည်မှုကို သိရှိသော်လည်း ဤပြဿနာမျှလောက်တော့ ရင်ဆိုင်ရနိုင်သည် ဆိုသည့် သဘောထား ရှိပုံရသည်။

သို့သော် အမေရိကန်နှင့် အနောက်အုပ်စု သဘောထားသည် KIO နှင့် UNFC အဖွဲ့ဝင်များအပေါ်သာ သက်ရောက်သည်။ မြောက်ပိုင်းရှိ အဖွဲ့များအပေါ် သက်ရောက်ခြင်း မရှိချေ။

သို့သော်လည်း မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့်နီးစပ်၍ သြဇာရှိသည်ဟု ဆိုနိုင်သော တရုတ်ကလည်း အလားတူပင် မြန်မာပြည်တွင်း ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်။ နယ်စပ် တည်ငြိမ် အေးချမ်းရေးကို အလိုရှိသည်။ မြန်မာပြည်တွင်း ပြဿနာများနှင့် ပတ်သက်၍ မည်သူမှားသည်၊ မှန်သည် ဆိုသည်နှင့် ပတ်သက်၍ တရုတ်တို့ အနေနှင့် ပါဝင်မည် မဟုတ်သော်လည်း ပြဿနာကို စားပွဲဝိုင်းတွင် ဖြေရှင်းကြရန် တရုတ်တို့ သဘောထား ရှိသည်ဟု ဆိုသည်။ တစ်ချိန်တည်းတွင် ပြဿနာကို စားပွဲဝိုင်းပေါ်၌ ဖြေရှင်းနိုင်ရေးအတွက် NCA ထိုးရန် လိုအပ်ပါက ထိုးစေလိုသည့် သဘောထား တရုတ်တို့တွင် ရှိလာသည်ကို တွေ့နေရသည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်ကုန်ပိုင်း မြောက်ပိုင်းစစ်ပွဲ ဖြစ်ပွားချိန်တွင် တရုတ်သံတမန်သည် ထိုကိစ္စနှင့် ပတ်သက်၍ ပြေးပြေးလွှားလွှား အားထုတ်နေသည်ကို တွေ့နေရသည်။

UWSA အပါအဝင် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တရုတ်၏ သြဇာခံ မဟုတ်သော်လည်း နယ်စပ်ချင်း များစွာဆက်နေပြီး ကူးလူးဆက်ဆံမှု များစွာရှိနေသည့် တရုတ်၏ သဘောထားကို ပစ်ပယ်၍ မရနိုင်ပေ။ အကြောင်းမှာ အနောက်အုပ်စု ဖြစ်စေ၊ တရုတ်ဖြစ်စေ ဖိအားပေးမှုများကို UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထည့်သွင်း စဉ်းစားရန် လိုအပ်နေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာ၏ စာနာ နားလည်ထောက်ခံမှုကို သူတို့ ဆုံးရှုံးမခံနိုင်ကြပေ။

တစ်ဖက်တွင်လည်း မွန်ပြည်သစ်ပါတီ NMSP ချုပ်ကိုင်သည့် ဒေသဖြစ်သည့် သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြားတွင် စစ်ရေးအရ တင်းမာမှု ဖြစ်ခဲ့ပြီး ပြန်လည် ဖြေရှင်းနိုင်ခဲ့သော်လည်း NCA လက်မှတ်ထိုးရန် မြန်မာ စစ်ဘက်တာဝန်ရှိသူများက တွန်းအားပေးခဲ့သည်ဟု ဆိုရာ မွန်ပြည်သစ်ပါတီအတွက် သတိပေး ခေါင်းလောင်းသံသဖွယ် ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ NCA နှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ ဖိအားများကို ရင်ဆိုင်နေရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် NCA ပြဿနာဖြေရှင်းရန် အဖြေရှာကြရတော့မည်။ ၂၀၁၇ ဖေဖော်ဝါရီလ ၂၂ ရက်က စတင်သည့် “ဝ” နယ် ပန်ဆန်း ခေါ် ပန်ခမ်း၌ ပြုလုပ်သော အစည်းအဝေး၌ NCA မထိုးသေးသော အဖွဲ့များအနေနှင့် NCA နှင့် ပတ်သက်၍ မည်သို့ စုစည်းဖြေရှင်း သွားမည်ဆိုသည့် ဘုံသဘောတူညီချက် တစ်ရပ်ကို ရရှိအောင် ရှာဖွေရန် ကြိုးပမ်းခဲ့ကြတော့သည်။

■ ပန်ဆန်းညီလာခံ

၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်မှ စတင်ခဲ့သော ပန်ဆန်း ညီလာခံတွင် UWSA/NDAA/KIA/SSPP-SSA/TNLA/MNDAA/AA  စသည့် အဖွဲ့ခုနစ်ဖွဲ့ တက်ရောက်သည်။ ဖိတ်ကြားထားသည့် အထဲမှ NMSP နှင့် KNPP တို့ လမ်းခရီး အခက်အခဲကြောင့် မတက်ရောက်နိုင်ခဲ့ကြဟု ဆိုပါသည်။ အဆိုပါ ညီလာခံတွင် လေ့လာသူအဖြစ် NCA လက်မှတ် ထိုးထားသည့် KNU မှ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဘောကျော်ဟဲနှင့် NCA လက်မှတ်ထိုးရာတွင် မပါဝင်သည့် DKBA မှ စောဆန်းအောင်တို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

ယခုအကြိမ် ပန်ဆန်းညီလာခံ ဖြစ်လာရခြင်းမှာ နိုင်ငံရေး အခြေအနေ၊ စစ်ရေး အခြေအနေများကြောင့်ဟု ဆိုရမည်။ နိုင်ငံရေးအရ ဆိုလျှင် NCA လက်မှတ် ရေးထိုးရန် ငြင်းဆန်ထားသည့် UWSA နှင့် NDAA မိုင်းလားအဖွဲ့တို့အဖို့ NCA လက်မှတ် ရေးထိုး၍ ဆွေးနွေးပွဲ စားပွဲသို့ သွားရန် တရုတ်တို့က ဖိအားပေး တောင်းဆိုနေသည့် အခြေအနေတွင် နိုင်ငံရေးဆွေးနွေးပွဲသို့ သူတို့ သွားရောက်မည့် လမ်းကြောင်းအသစ်ကို ပုံဖော်လိုခြင်းကြောင့်လည်း ဖြစ်သည်။

ထို့အပြင် NCA လက်မှတ် ရေးထိုးရန် အချက် ကိုးချက် တောင်းဆိုထားသည့် UNFC အဖွဲ့ဝင်များအဖို့လည်း အစိုးရသစ် တက်ပြီး တစ်နှစ်ခန့် ကြာမြင့်လာပြီ ဖြစ်သော် ညှိနှိုင်းရနိုင်ခြင်း မရှိသေးသည့် အခြေအနေ ဖြစ်နေခြင်းကြောင့် လမ်းကြောင်းသစ် တစ်ခုကို ရှာနိုင်ရန် ကြိုးပမ်းအားထုတ်လို၍ လည်းကောင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ပန်ဆန်း၌ ပေါက်ယိုချမ်း ခေါင်းဆောင်သော UWSA ခေါင်းဆောင်များနှင့် နိုင်ဟံသာ ခေါင်းဆောင်သော UNFC အဖွဲ့ဝင်များ တွေ့ဆုံပြီးနောက် ဤအစည်းအဝေး ဖြစ်လာသည်ဟု သုံးသပ်ရသည်။

ထို့အပြင် စစ်ရေးအရလည်း ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံပြီး နောက်ပိုင်းမှစ၍ KIA ဒေသတွင်း၌ တိုက်ပွဲများ တစစ တိုး၍ ဖြစ်ပွားလာခဲ့ပြီးနောက် တပ်မတော်၏ ထိုးစစ်အား တုံ့ပြန်နိုင်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ နိုဝင်ဘာ ၂၀ ရက်မှစ၍ KIA/MNDAA/TNLA/AA အဖွဲ့လေးဖွဲ့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ စစ်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာပြီး လားရှိုး-မူဆယ် ကားလမ်း တစ်လျှောက်တွင် လည်းကောင်း၊ မုန်းကိုးဒေသတွင် လည်းကောင်း ပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်ပေါ်ခဲ့သည်။ မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၅ ရက်ခန့် ပိတ်ဆို့သွားသည်။ ပြင်းထန်သော လေကြောင်းပစ်ကူ၊ မြေပြင်လက်နက်ကြီး ပစ်ကူများနှင့် တိုက်ခိုက်ကြရသည့် စစ်ဆင်ရေးတစ်ရပ် ပေါ်လာခဲ့သည်။

ထို့နောက် တိုက်ပွဲများသည် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆမ်ဒေသဘက်တွင် လည်းကောင်း၊ ကချင်ပြည်နယ်တွင်းရှိ ဂီဒွန်တောင်ကြောနှင့် KIA ရင်း ၃ တို့ဘက်တွင် လည်းကောင်း ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ဆက်လက်၍ ပြင်းထန်စွာ ဖြစ်ပွားသည်။ ဇန်နဝါရီလကုန်ပိုင်းမှစ၍ ဖေဖော်ဝါရီလအထိ ကိုးကန့်ဒေသ မော်ထိုက်မြို့နယ်ခွဲအတွင်း မြောက်ပိုင်း မဟာမိတ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားသည်။ မတ်လဆန်းတွင် ကိုးကန့်ဒေသ လောက်ကိုင်၊ ရန်လုံကျိုင်းဒေသ နေရာအနှံ့အပြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည်။ ကိုးကန့်ဒေသတွင် စစ်ဘေးဒုက္ခသည် ၇၀၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ကြရသည်ဟု ဆိုသည်။ ၂၀၁၇ မတ်လ ၂၈ ရက်မှစ၍ ကိုးကန့်ဒေသ တရုတ်-မြန်မာ နယ်စပ်တစ်လျောက် တရုတ်စစ်တပ်မှ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ခန်း စတင်သည်ဆိုသည့် နောက်ပိုင်းမှ စစ်ရှိန် လျော့ကျသွားသည်။

စစ်ပွဲများအတွင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့မှလည်း အင်အား ထောင်နှင့်ချီ သုံးစွဲခဲ့သကဲ့သို့ တပ်မတော်မှလည်း အင်အားထောင်နှင့်ချီ သုံးစွဲခဲ့ပြီး လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူများ ပြင်းထန်စွာ အသုံးပြုခဲ့ကြသည်။ နှစ်ဖက် ကျဆုံး၊ ဒဏ်ရာရနှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်မှုများ မပြုကြသော်လည်း နိုင်ငံတကာ အကဲခတ်နှင့် မြေပြင်သတင်းများအရ နှစ်ဖက် ထိခိုက်ကျဆုံး ဒဏ်ရာရရှိမှုသည် ထောင်ကျော်သည်ဟု ဆိုကြပါသည်။

တစ်ချိန်တည်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ဒေသ ဆက်စပ်နေသော SSPP/SSA ဒေသတွင်လည်း စစ်ရေး ခြိမ်းခြောက်မှုများ ဖြစ်ပွားလာခဲ့သည်။

၂၀၁၇ ဇန်နဝါရီလ ၁၀ ရက်ခန့်က SSPP/SSA ထိန်းချုပ်ရာဒေသ မိုင်းရှုးမြို့ မြောက်ဖက် ၁၀ မိုင်အကွာရှိ လွယ်နိုင်းတောင်မှ လွယ်ချိုတောင်သို့ လည်းကောင်း ထိုမှတစ်ဆင့် သံလွင်မြစ် တာ့ဝန်းနောင် ကူးတို့ဆိပ်သို့ လည်းကောင်း ကားလမ်း ဖောက်လုပ်ရန် တပ်မတော်မှ စစ်ဗျူဟာတစ်ခု စေလွှတ်မည်ဆိုရာမှ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၇ ဇန်နဝါရီ ၂၁ ရက်တွင် တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့များ မိုင်းရှူး မြောက်ဖက်တွင် တိုက်ပွဲနှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သော်လည်း စစ်ရှိန် လျှော့ချနိုင်ခဲ့သည်။

NCA လက်မှတ် မထိုးသူများ နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းတွင် ပါဝင်ခွင့် မရှိဟု ရပ်တည်ထားသည့်အပြင် ထိုအဖွဲ့များ၊ အထူးသဖြင့် မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေရာ NCA ကို ငြင်းပယ်ထားသည့် UWSA အနေနှင့်် တစ်ချိန်မဟုတ် တစ်ချိန်ရောက်လျှင် ထိုစစ်မီးပွားသည် သူ့ထံသို့ ရောက်လာနိုင်သည်ကို တွက်ဆထားပေရာ ထိုအတွက် ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရှိရန် လိုအပ်နေသည့် အကြောင်းအချက်များ အောက်တွင် ၂၀၁၇ ဖေဖော်ဝါရီလ ၂၂ မှ ၂၄ အထိ ပန်ဆန်း အစည်းအဝေး ထပ်မံ ထွက်ပေါ်လာသည်ဟု သုံးသပ်ရပေသည်။

■ ပန်ဆန်း ကြေညာချက်နှင့် ပြောင်းလဲမှုများ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ပန်ဆန်း ကြေညာချက်သည် NCA လမ်းကြောင်းအတိုင်း သွားနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တော့သည်။ ပန်ဆန်း ကြေညာချက်၏ အဓိက ဖော်ပြချက်မှာ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရနှင့် တပ်မတော်တို့ အဓိက ဆုပ်ကိုင်ထားသည့် NCA အား လုံးဝငြင်းပယ်လိုက်ပြီး လမ်းကြောင်းသစ်တစ်ခု ဖော်ဆောင်ရန် ဖြစ်ပေသည်။ ပန်ဆန်း ဆွေးနွေးပွဲတွင် တက်ရောက်ကြသည့် အဖွဲ့ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ အစိုးရနှင့် ဆွေးနွေးကာ ငြိမ်းချမ်းရေး လမ်းကြောင်းသစ် ရှာသွားမည်ဟု ဆိုသည်။

ဤသို့ ပန်ဆန်း ကြေညာချက် ထွက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သူတိုင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်ဟု ဆိုရမည်။ ထို့အပြင် ထိုထုတ်ပြန်ချက်နောက် လှုပ်ရှားမှုများ သွက်လက် မြန်ဆန်လာပေတော့သည်။

ပန်ဆန်းကြေညာချက် ထွက်လာပြီး မကြာမီ ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်တွင် နေပြည်တော်၌ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ နိုင်ငံရေး ဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ရာတွင် UNFC မှတင်ပြသော အချက်ကိုးချက်အား မူအားဖြင့် သဘောတူသည်ဟု ဆိုပါသည်။ NLD အစိုးရသစ် တက်ပြီး တစ်နှစ်ကျော် ညှိနှိုင်းမရခဲ့သည် အချက်ကိုးချက်သည် လျင်မြန်စွာပင် မူအားဖြင့် သဘောတူခဲ့ကြသည်မှာ ပန်ဆန်းကြေညာချက် ဂယက်ဟု သုံးသပ်ရသည်။

ထို့နောက် မတ်လ ၁၂/၁၃ တွင် ကျင်းပသော UNFC အစည်းအဝေးတွင် ပန်ဆန်း အစည်းအဝေးတွင် ပါသောအဖွဲ့နှင့် မပါသော အဖွဲ့များအကြား သဘောထား ကွဲလွဲမှုများ ထွက်ပေါ်သည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး UNFC ညီလာခံ ရွှေ့ဆိုင်းကြောင်း ကြေညာသည်ကို တွေ့ခဲ့ရသည်။ ပန်ဆန်းညီလာခံ ဆုံးဖြတ်အရ နိုင်ငံရေး ဆွေးနွေးညိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းရန်  UWSA/NDAA/KIA/SSPP/MNDAA/TNLA/AA အဖွဲ့ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်စာရင်းများ မတ် ၃၁ ရက် နောက်ဆုံးထား ပေးပို့သည် ဟူူသည့် သတင်းများ ပေါ်ထွက်ခဲ့သည်။

ထို မတ် ၃၁ ရက်မှာပင် NMSP/KNPP/ANC/LDU/WNO အဖွဲ့ငါးဖွဲ့ NCA လက်မှတ်ထိုးမည် ဟူသောသတင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်။ UNFC ကွဲပြီလော ဟူသည့်မေးခွန်းများ ထွက်ပေါ်လာသည်။

သို့သော် ထိုသတင်း မဟုတ်မှန်ကြောင်းနှင့် မိမိတို့ ဆုံးဖြတ်ချက် မချရသေးကြောင်း UNFC အဖွဲ့ဝင်များက ပြန်လည် တုံ့ပြန်သည်။ ဤဖြစ်စဉ်မှာ နယ်မြေ အနေအထား စစ်ရေး ဆက်စပ်မှု အနေအထားအရ KIA နှင့် SSPP တို့မှာ မြောက်ပိုင်းအဖွဲ့များနှင့် ပူးပေါင်း ရပ်တည်ရမည် ဖြစ်ပြီး NMSP နှင့် KNPP မှာ နယ်မြေအရ မြောက်ပိုင်းနှင့် ဆက်စပ်မှု မရှိသည့်အပြင် အင်အားမှာ ရာဂဏန်းမျှသာ ရှိသည်။ KNPP အနေနှင့် ခက်ခဲစွာ ရပ်တည်၍ ရသော်လည်း NMSP မှာ လက်မှတ် ထိုးထားသော အဖွဲ့များ၊ BGF နယ်ခြားစောင့်များကြားတွင် ညပ်နေသည့်ပြင် မကြာမီကမှ စစ်ရေးအရ ခြိမ်းခြောက် ခံထားရကာ အကျပ်အတည်း ကြီးမားသည်။ ANC/LDU/WNO တို့မှာ တပ်နှင့် ထိန်းချုပ်ဒေသ မရှိပေရာ ထိုငါးဖွဲ့မှာမူ မုချ NCA လက်မှတ် ထိုးရမည်ဟု တွက်ဆကြပုံ ရသကဲ့သို့ ထိုသို့ဖြစ်လာအောင်လည်း ကြိုးစားကြသူများ ရှိပုံရသည်။ ထို့အပြင် NMSP မွန်နှင့် KNPP ကရင်နီတို့မှာ လက်နက်ကိုင် အင်အားနည်းသော်လည်း ပြည်နယ်အဆင့် သတ်မှတ်ခံပြီးသား တိုင်းရင်းသားလူမျိုးများ ဖြစ်ကြပေရာ သက်ဆိုင်ရာ ပြည်နယ်အလိုက် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် နိုင်ငံရေးအရ မျက်နှာပန်းလှသည်ဟု တွက်ဆဖွယ်ရာ ဖြစ်သည်။

ဤသို့သော အခြေအနေအောက်တွင် UNFC နှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၁၇ ခုနှစ် ဧပြီ ၂ ရက်မှ ၉ ရက်အထိ ပြန်လည် ကျင်းပ၍ လက်ရှိ UNFC အဖွဲ့ဝင်များကြားနှင့် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား အဖွဲ့ဝင်များကြား ဆွေးနွေးပွဲများ ပြန်လည် ပြုလုပ်သည်ကို တွေ့ရသည်။ ထိုဆွေးနွေးပွဲများအတွင်း မေးမြန်းပြောဆိုချက်များအရ UNFC သည် NCA မူအတိုင်း သွားမည်ဟု ဆိုသည်။ NCA နှင့် အဆိုပြုထားသော အချက်ကိုးချက်အနက် အချက်ခုနစ်ချက်ကို ပြန်လည် ဆွေးနွေးရဦးမည် ဆိုသည်။ UNFC ၏ ကိုင်စွဲသော NCA မူအား UNFC ကိုယ်စားလှယ်များက UWSA အား သွားရောက် ရှင်းလင်းပြမည်ဟု ဆိုသည်။

သို့သော် KIA ခေါင်းဆောင် ဒူကဘာအင်ဘန်လက “ဒေသန္တရအရလည်း ကျွန်တော်တို့ အခုချိန်မှာဆိုရင် မဖြစ်မနေ မြောက်ပိုင်းအဖွဲ့ဟာလည်း စုစည်းရမယ့် အခြေအနေမှာ ရောက်နေပါတယ်။ မစုစည်းလို့ရှိရင် ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အဖွဲ့အစည်း အချင်းချင်းထဲမှာလည်း မတူကွဲပြားမှု ရှိပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခိုက်ရန်ဖြစ်မှု ဒါတွေလည်း မလွဲမရှောင်သာ ဖြစ်လာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် မြောက်ပိုင်း အခြေအနေကို အားလုံးက နားလည်ပြီး အကြံကောင်းဉာဏ်ကောင်း ပေးကြဖို့ကိုလည်း အားလုံးကို နှိုးဆော်အပ်ပါတယ်”ဟု ဆိုခဲ့သည်။ ထို့အတူပင် NMSP ခေါင်းဆောင် ဆရာ နိုင်ဟံသာ ကလည်း UWSA ခေါင်းဆောင်သော နိုင်ငံရေး ညှိနှိုင်းမှုအဖွဲ့နှင့် တွေ့ဆုံရေး ပြင်ဆင်ရန် တိုက်တွန်းခဲ့သည် ဟု ဧရာဝတီသတင်းတွင် ဖော်ပြခဲ့သည်။

ဧပြီ ၂ ရက်မှ ၉ ရက်ကြား လုပ်ဆောင်ခဲ့သည့် UNFC အစည်းအဝေး UNFC နှင့် NCA လက်မှတ် ထိုးပြီးသောအဖွဲ့များ အစည်းအဝေး ကာလတွင် ငြိမ်းချမ်းရေး ကော်မရှင်မှ တာဝန်ရှိသူများ အလွတ်သဘော လာရောက် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ထို့အတူ မတ်လကုန်ပိုင်းကလည်း UNFC မှ တစ်ဦး ရန်ကုန်သို့လာ၍ အလွတ်သဘော တွေ့ဆုံမှု ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် အချုပ်ဆိုရလျှင် KIA နှင့် SSPP/SSA တို့ကမူ UWSA ဗဟိုပြုသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် မလွဲမရှောင်သာ ပါဝင်သွားဖွယ်ရှိပြီး ဤသို့ မတူညီသော အခြေအနေ အကြောင်းအချက်များ အောက်တွင် တိုင်းရင်းသားအဖွဲ့များ ရပ်တည် လုပ်ကိုင်ကြသည်ကို တိုင်းရင်းသားအဖွဲ့ချင်း အပြန်အလှန် နားလည်မှု တည်ဆောက်ရန် ညှိနှိုင်းနိုင်ခဲ့ကြသည်ဟု ဆိုရပါမည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေနှင့် ပြည်မအစိုးရအား ရင်ဆိုင်ရန်အတွက် တတ်နိုင်သမျှ စုစည်းကြရန် အားထုတ်ကြသော်လည်း တစ်ဖွဲ့စီ၏ နယ်မြေ အခြေအနေ၊ အဖွဲ့အစည်း အခြေအနေများ မတူညီမှုကြောင့် တစ်ညီတစ်ညွတ်ထဲ လုပ်ဆောင်ရန် အကန့်အသတ် ရှိပေရာ မတူကွဲပြားသည့် ပုံစံများဖြင့် ရင်ဆိုင်ရလေ့ရှိပြီး ထိုအခြေအနေ အောက်တွင် တိုင်းရင်းသား အဖွဲ့များ၏ ပေါင်းစည်းမှုမှာ အကန့်အသတ်ရှိပြီး အပြန်အလှန် နားလည်မှုပေးရန်သာ ကြိုးစားနေကြရသည်ဟု သုံးသပ်ရသည်။

သို့ဖြစ်ရာ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA အပြိုင် ပေါ်ထွက်လာဖွယ်ရှိသော လမ်းကြောင်းတစ်ခုအား မည်သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အရေးပါသော အခြေအနေ ဖြစ်လာပေတော့သည်။

■ UWSA ဗဟိုပြုသည့် မြောက်ပိုင်းတပ်ပေါင်းစု

မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အကြောင်းအချက်များစွာ တိုက်ဆိုင်၍ ပေါ်ပေါက်လာရန် တာစူနေသည့် တပ်ပေါင်းစုသည့် အသစ်ဖြစ်သည်။ အခြေခံအားဖြင့် NCA လက်မှတ်ထိုးရန် မလိုဟူ၍ ရပ်ခံထားသော UWSA နှင့် NDAA မိုင်းလားတို့မှ ရွေးချယ်လိုက်သည့် လမ်းကြောင်းသစ် ဖြစ်သည်။ ပင်မ ရပ်တည်သူမှာ UWSA ဖြစ်ပြီး NDAA မိုင်းလား အဖို့ကတော့ သူနှင့် UWSA တို၏ ဆက်စပ်နေသော နယ်မြေ အနေအထားအရ မလွှဲမရှောင်သာ လိုက်ပါရမည့် လမ်းကြောင်း ဖြစ်သည်။ MNDAA/TNLA/AA တို့အဖို့လည်း NCA လမ်းကြောင်းတွင် ပါဝင်ရန် ငြင်းပယ် ခံထားရသည့်အပြင် စစ်ရေးအရ တိုက်ပွဲများ ရင်ဆိုင်နေရချိန်တွင် ရွေးချယ်လိုက်သည့် နိုင်ငံရေး ထွက်ပေါက် ဖြစ်သည်။ KIA နှင့် SSPP တို့အဖို့လည်း စစ်ရေးအရ ဖိအားပေး ခံနေရသည့် စစ်ရေး အခြေအနေကို ရေရှည်တွက်ဆပြီး ရွေးချယ်လိုက်သော လမ်းကြောင်း ဖြစ်သည်။ UNFC က တောင်းဆိုသော မူကိုးချက်ကို မူအရ သဘောတူသည်ဟု ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ခဲ့သော်လည်း လက်ရှိ စစ်ရေး အခြေအနေများအရ KIA နှင့် SSPP အဖို့ UWSA အပါအဝင် မြောက်ပိုင်းအဖွဲ့များနှင့် စစ်ရေးအရ လည်းကောင်း၊ စစ်လက်နက်ပစ္စည်း ရယူမှုအရ လည်းကောင်း ကင်းကွာရန် ဖြစ်နိုင်ပုံ မရတော့ပေ။

တပ်မတော်အနေနှင့် ပြီးခဲ့သော နှစ် ၇၀ ကြာ အတွေ့အကြုံများအရ စစ်ရေးအရ ဖိအားပေးခြင်း လိုအပ်သလို သုံးစွဲခဲ့သည်။ ထိုသို့ အသုံးပြုခြင်းကြောင့် တပ်မတော်အတွက် အကျိုးရှိသည့် အခြေအနေများလည်း ရရှိခဲ့သည်။

သို့သော် လက်ရှိ မြောက်ပိုင်း စစ်ပွဲတွင် စစ်ရေး ဖိအားများ၊ ပြင်းထန်သော တိုက်ပွဲများနှင့်အတူ တိုင်းရင်းသား တပ်ပေါင်းစု အသစ်တစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရသည်။ စစ်ရေး ဖိအားများက အရွေ့တစ်ခုကို တွန်းထုတ် လိုက်သည်ဟု ဆိုနိုင်သည်။ အဆိုးနှင့်အကောင်းသည် ဒွန်တွဲ၍ ရှိနေသည်ဟုဆိုရမည်။ အသစ်ပေါ်လာရန် တာစူနေသည့် အဖွဲ့ခုနစ်ဖွဲ့ပါ တပ်ပေါင်းစုသည် (လက်နက်ကိုင် အင်အားအရ UWSA အင်အား ၂၅၀၀၀ မှ ၃၀၀၀၀ ထိ ၊ NDAA မိုင်းလား ၇၀၀၀ ခန့်၊ KIA ၁၅၀၀၀ ခန့်၊ SSPP/SSA ၁၀၀၀၀ ခန့်နှင့် MNDAA+TNLA+AA အင်အား ၁၅၀၀၀ ခန့်) စုစုပေါင်း လက်နက်ကိုင် အင်အား ၇၀,၀၀၀ ခန့်ရှိနိုင်ပြီး လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အင်အား အားလုံး၏ ၇၀% မှ ၇၅% အထိ ရှိနေသည်။ ဤသို့သော အခြေအနေအောက်တွင် အဆိုပါ မြောက်ပိုင်း ခုနစ်ဖွဲ့ပြဿနာသည် တိုင်းပြည်ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးအတွက် အရေးပါသော အစိတ်အပိုင်း ဖြစ်၍နေသည်ကို မျက်ကွယ်ပြုရန် မဖြစ်နိုင်ပေ။

အစိုးရနှင့် တပ်မတော်အနေနှင့် UWSA/NDAA တို့နှင့် ဆွေးနွေးရန် မခက်ခဲသော်လည်း MNDAA/TNLA/AA တို့နှင့်ပတ်သက်ပြီး ယခင် သဘောထားအတိုင်း ဆက်လက် ရပ်ခံထားပါက တွေ့ဆုံ ဆွေးနွေးရန် အခက်အခဲ ရှိနေဦးမည် ဖြစ်သည်။ လက်ရှိ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် စစ်မီးငြိမ်းရန်အတွက် ထိုသုံးဖွဲ့၏ လက်ရှိ အနေအထားကို မှန်ကန်စွာ ကြည့်မြင်ဆုံးဖြတ်ရန် လိုအပ်ပေသည်။ အချိန်ကာလ မကြာသေးမီကမှ ပြန်လည် ထွက်ပေါ်လာသော အဖွဲ့များ ဖြစ်သော်လည်း အချိန်တိုအတွင်း အင်အားကြီးထွားလာမှု၊ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးတို့၏ ကိုယ်စီထောက်ခံမှုအား ထည့်သွင်း တွက်ချက်ရန် လိုသည်။ ထို့အပြင် လက်ရှိအချိန်တွင် UWSA ဗဟိုပြုသည့် တပ်ပေါင်းစုသည် နိုင်ငံရေးအရ စုဖွဲ့မှုသာ ဖြစ်နေသေးသော်လည်း အခြေအနေ အချိန်အခါပေါ် မူတည်၍ စစ်ရေး တပ်ပေါင်းစုသို့ ပြောင်းလဲနိုင်သည်ကို သတိပြုရန် လိုပါသည်။ အပ်နှင့် ထွင်းရမည့်အစား ပုဆိန်နှင့် ထွင်းရသည့်အဖြစ်မျိုး မရောက်ရန် လိုအပ်ပါသည်။

အချုပ်ဆိုရလျင် လက်ရှိ စိုင်းပြင်းနေကြသည့် UWSA ဗဟိုပြုသည့် တပ်ပေါင်းစုအသစ်၏ နိုင်ငံရေး ဆွေးနွေးမှုအား အစိုးရနှင့် တပ်မတော်က မည်သို့ တုံ့ပြန်ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးပါသော ပြဿနာတစ်ရပ်ဟု ဆိုရပေတော့မည်။

■ တပ်မတော်

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တပ်မတော်၏ အခန်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အရေးပါသော အခန်းက ပါနေသည်။ တိကျစွာပြောရလျှင် တပ်မတော်၏ သဘောတူညီချက် မရဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်၍ မရနိုင်ပေ။ ထိုသို့သော အခြေအနေတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖော တောင်းဆိုသကဲ့သို့ပင် တပ်မတော်မှ မူဝါဒဆိုင်ရာ ဖြေလျော့မှု ပြုလုပ်ပေးရန် လိုအပ်နေပေသည်။ အင်အားသုံး တိုက်ခိုက်မှုများကို ရပ်တန့်ထားရန် လိုအပ်နေပေသည်။

တပ်မတော်က အပစ်ခတ် ရပ်စဲကြောင်း တစ်ဖက်သတ် ကြေညာပြီး ငြိမ်းချမ်းရေး ဆွေးနွေးသည်ကို ယခင် မြန်မာစစ်ဖက် ခေါင်းဆောင် ဗိုလ်နေဝင်း လက်ထက်က ၁၉၆၃ ခုနှစ်တွင် တစ်ကြိမ် ၁၉၈၀ ပြည့်နှစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ဖူးသည်။ အနှစ် ၇၀ မြောက် ပြည်ထောင်စုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် NCA လက်မှတ်ထိုး ဆွေးနွေးပွဲတက်ပြီး မကျေနပ်ပါက ပြန်ထွက်၍ ရသည်ဟု ဆိုခဲ့သကဲ့သို့ တပ်မတော် အနေနှင့်လည်း အင်အားသုံး တိုက်ခိုက်ခြင်းများ ရပ်တန့်၍ နိုင်ငံရေးအရ အရင်ဆွေးနွေး အဖြေရှာကြည့်ပြီး မအောင်မြင်က ပြန်လည် တိုက်ခိုက်၍ ရသည်ဟု ဆိုရမည်။

သို့ဖြစ်၍  နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်မည့် အလှည့်အပြောင်း တစ်ခုအတွက် တပ်မတော်၏ သဘောထားသည်လည်း အရေးပါသည့် အခန်းက ပါဝင်နေသည်ဟု ဆိုရပါမည်။

■ NLD အစိုးရ

NLD အစိုးရ ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိက ဦးစားပေး လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း အစိုးရသက်တမ်း တစ်နှစ်ခန့် ကြာသောအခါ အခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ရင်ဆိုင်နေရသည်။ ထို့အပြင် တွေ့မြင်နေရသည့် အချက်တစ်ခုမှာ ရွေးကောက်ပွဲ မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး တိုင်းရင်းသား ပြည်သူများ၊ တိုင်းရင်းသား ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျှော်လင့်ချက်ကြီးစွာ ထားခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင်  ထိုမျှော်လင့်ချက်များ ကျဆင်းသွားခြင်းပင် ဖြစ်သည်။

တိုင်းရင်းသားများအကြား ထိုသို့ ဖြစ်ပေါ်လာစေသည့် အချက်မှာ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တိုင်းရင်းသား ပြည်နယ်များတွင် ပြည်နယ်အစိုးရ ဖွဲ့စည်းသောအခါ ရွေးကောက်ပွဲတွင် ရလဒ်ကောင်းခဲ့သော တိုင်းရင်းသား ပါတီများကိုပင် ဆွေးနွေးဘက်ဟု သဘောထားပြီး ညှိနှိုင်းဆွေးနွေးမှု မရှိခဲ့ခြင်း၊ ပထမအကြိမ် ၂၁ ရာစုပင်လုံအပြီး ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခြင်း၊ NCA မူကို ဆုပ်ကိုင်ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ယခင်အစိုးရနှင့် ကွဲပြားမှုမရှိဟု ယူဆသွားခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြောဆိုချက်များမှာ သဘောတရား ဆန်လွန်းပြီး လက်တွေ့ကျသည့် ဆုံးဖြတ်ချက်များ ညှိနှိုင်းပေးနိုင်ခြင်း မရှိသောကြောင့်ဟု သုံးသပ်ကြသည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် “ကိုယ်က ဘာပေးမလဲ အရင်စဉ်းစားပါ” “NCA ကို သတ္တိရှိရှိ လက်မှတ်ထိုးကြပါ” “ကိုယ်လိုချင်တာ လွယ်လွယ်ရမယ် ထင်လို့ လက်နက်ကိုင်ကြတာ” ဆိုသည့် စကားများသည် တိုင်းရင်းသားများအား စည်းရုံး သိမ်းသွင်းနိုင်ခြင်း မရှိသည့်အပြင် ယုံကြည်မှု လျော့ပါးစေခဲ့သည်။

ထို့အပြင် ၂၀၁၇ နှစ်ဆန်းတွင် ဖြစ်ပွားခဲ့သည့် မွန်ပြည်နယ် ချောင်းဆုံတံတား အမည်ပေးခြင်းကလည်း တိုင်းရင်းသားများအကြား ဂယက်ရိုက်မှု ဖြစ်ခဲ့သည်။ တံတားအမည်အား မည်သို့ ပေးသည်က ပြဿနာ မဟုတ်ပေ။ ပြည်နယ်တစ်ခု အတွင်းရှိ တံတား အမည်ပေးခြင်းအား ပြည်ထောင်စုအဆင့် လွှတ်တော်တွင် တင်သွင်း ဆုံးဖြတ်ခြင်းက NLD ၏ ဖက်ဒရယ်မူနှင့် ပတ်သက်၍ တိုင်းရင်းသားများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားတို့၏ ယုံကြည်မျှော်လင့်မှု လျော့ပါးစေခဲ့သည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်စဉ်ကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ကန့်သတ်မှုကြောင့် ရွေးကောက်ခံ အစိုးရ ဖြစ်နေသော်လည်း တပ်မတော်၏ သဘောတူညီချက် မရပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် အကန့်အသတ်များစွာ ရှိသည်ဆိုသည်ကို အားလုံးက လွယ်ကူစွာ မြင်နိုင်သည်။ သို့သော် ထိုအခြေအနေ အောက်မှာပင် တိုင်းရင်းသားတို့ ယုံကြည်မှု ရရှိအောင် တည်ဆောက်နိုင်ရန် လိုအပ်နေပေသည်။ တိုင်းရင်းသားတို့၏ ယုံကြည်မှု ရရှိပါမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အောင်မြင်စွာ ခေါင်းဆောင်နိုင်ပေမည်။

■ နိဂုံး

ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ၊ တပ်မတော်၊ NCA ထိုးပြီး အဖွဲ့များ၊ NCA မထိုးရသေးသည့် အဖွဲ့များ အားလုံးအတွက် ပြည်တွင်းပြည်ပ အခြေအနေများအောက်တွင် ကိုယ်စီကိုယ်စီ နည်းလမ်း ရှာကြည့်ကြရမည့်အချိန် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့်အချိန်ဟု ဆိုရပါမည်။

ထိုအချိန်ကာလတွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆင့်တိုး အောင်မြင်နိုင်ရန်အတွက် အောက်ပါအချက်များကို အလေးထားရန် လိုအပ်ပေမည်။

၁။ ပြီးခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်လျောက် NCA ကို ကိုင်စွဲ လုပ်ဆောင်ခဲ့သည်ဖြစ်ရာ NCA ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။

၂။ NLD အစိုးရသက်တမ်း တစ်နှစ်ပြည့်သည်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်နိုင်ဘဲ စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရခြင်းကို ပြန်လည်သုံးသပ်ရန် လိုသည်။

၃။ UWSA အား ဗဟိုပြု၍ ပေါ်ထွက်လာဖွယ် ရှိနေသော မြောက်ပိုင်း အဖွဲ့များ၏ နိုင်ငံရေး ဆွေးနွေးမှုအဖွဲ့အား မည်သို့ ရင်ဆိုင်ဖြေရှင်းမည် ဆိုသည်ကို ကောင်းစွာ ပြင်ဆင်ထားရှိရန် လိုအပ်သည်။

၄။ NCA ထိုးရာတွင် ပါဝင်ရန် ငြင်းပယ်ထားပြီး လက်နက်စွန့်ရန် တောင်းဆိုထားသည့် အဖွဲ့သုံးဖွဲ့နှင့် ပတ်သက်၍ ပကတိမြေပြင် အခြေအနေကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ လက်ရှိ စစ်မီးသည် ထိုသုံးဖွဲ့မှ အစပြု၍ ကူးစက် ပြန့်ပွားနိုင်သည်ကို ထည့်သွင်း တွက်ချက်ရန် လိုအပ်သည်။

၅။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ဦးဆောင်ဦးရွက် ပြုနေသူများအနေနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တရားဝင် ဆွေးနွေးပွဲများအပြင် အလွတ်သဘော တွေ့ဆုံမှုများ မကြာခဏ ပုံမှန်လုပ်၍ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရယူခြင်း၊ တစ်ဖက်၏ သဘောထားကို နားလည်ယူခြင်း၊ မိမိတို့၏ သဘောထားကို ရှင်းပြခြင်းအပြင် ပြဿနာကို စတင်ဖြေရှင်းနိုင်မည့် လမ်းစကို ရှာဖွေကြရန် လိုအပ်ပါသည်။

၆။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ မတူသော အခြေအနေများကို ခွဲခြားကြည့်မြင် သုံးသပ်၍ ကိုင်တွယ်ဖြေရှင်းရန်လည်း လိုအပ်ပါသည်။

ဆိုရလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်နှစ်တာအား မြေပြင်လက်တွေ့ ပကတိ အခြေအနေများနှင့် ပေါင်းစပ်၍ ပြန်လည်သုံးသပ် (review) လုပ်ခြင်း၊ ပကတိမြေပြင် အခြေအနေနှင့် မပြတ်ထိတွေ့ခြင်းတို့ဖြင့် ရှေ့တစ်ဆင့် တွန်းတင်ရန် လိုအပ်သည်ဟု သုံးသပ်ရပါသည်။

 ■  နောက်ဆက်တွဲ

၁။ ယခုအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံး နိုင်ငံရေး စားပွဲဝိုင်း မရောက်နိုင်သေးသည့်အပြင် NCA လက်မှတ် ထိုးထားသည့် အဖွဲ့အားလုံး ပြည်နယ်အလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်ကိုင်နိုင်ခြင်း မရှိသေး၍ ပြောရန် စောသေးသည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစား ပြင်ဆင်ထားရှိရန် အကြောင်းအချက် တစ်ခုရှိပါသည်။

ထိုအချက်မှာ လက်နက်ကိုင်ခြင်း မရှိသည့် တိုင်းအသီးသီးရှိ တိုင်းရင်းသားများ၊ တိုင်းရင်းသား ကိုယ်စားပြုပါတီများ၊ အဖွဲ့အစည်းများအား ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြုလုပ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးများတွင် ပါဝင်ဆွေးနွေးနိုင်ရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပေမည်။

ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကဒူး၊ ကဏန်းများ ရှမ်းနီများ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြေပြန့်ချင်းများ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မွန်များ၊ ကရင်များ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကရင်များ၊ ရှမ်းပြည်နယ် အတွင်းရှိ ဓနုများ စသည့် တိုင်းရင်းသားများအား ဒေသအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် ပါဝင်စေရေးကို အလေးမူ၍ ဆောင်ရွက်ရန် လိုအပ်သည်။ သို့မှသာ လက်နက်ကိုင်မှ ဆွေးနွေးခွင့်ရသည့် “လက်နက်ကိုင်မှ လူရာဝင်”သည့် အခြေအနေ မဟုတ်ဘဲ တိုင်းရင်းသားတိုင်း နိုင်ငံရေးအရ တန်းတူအခွင့်အရေး ရှိသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေးရှုနိုင်ပေလိမ့်မည်။

၂။  ငြိမ်းချမ်းေ ရးလုပ်ငန်းစဉ်အား ကစားပွဲ (game) တစ်ခုအဖြစ် သဘောမထားကြရန် လိုအပ်ပါသည်။

■ မှတ်ချက်

“အလှည့်အပြောင်းတစ်ရပ် လိုအပ်နေသော မြန်မာပြည် ငြိမ်းချမ်းရေး” ဆောင်းပါးသည် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။ အကြောင်းကြောင်းကြောင့် ပုံနှိပ်ဖော်ပြရာတွင် နောက်ကျခဲ့ပါသည်။

ယခု နှစ်လနီးပါးအတွင်း ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပခြင်းနှင့်အတူ အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ပါသည်။  ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ မတိုင်မီ NCA လက်မှတ်ထိုးသော RCSS နှင့် ALP တို့ လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိပါ။ ဒုတိယအကြိမ် ညီလာခံမတိုင်မီ UNFC/ DPN နှင့် ထပ်မံ တွေ့ဆုံနိုင်ခြင်း မရှိခဲ့သည့်ပြင် အထူးဖိတ်ကြားသူအဖြစ် ၎င်းတို့ကို ဖိတ်ကြားခဲ့သော်လည်း ပါဝင်ဆွေးနွေးခွင့် မရှိ၍ တက်ရောက်ခြင်း မပြုပါ။

မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့သည် တရုတ်၏ တွန်းတွန်းတိုက်တိုက် ကြားဝင် ညိနှိုင်းမှုကြောင့် ညီလာခံဖွင့်ပွဲသို့ တက်ရောက် လာခဲ့သော်လည်း ပါဝင်ဆွေးနွေးခွင့် မရှိသဖြင့် ညီလာခံ နောက်ရက်များတွင် တက်ရောက်ခြင်း မရှိခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုပါ မြောက်ပိုင်းခုနစ်ဖွဲ့ အဖွဲ့ခွဲ၍ အလွတ်သဘော တွေ့ဆုံခဲ့သော်လည်း ရှေ့အလားအလာကို ခန့်မှန်း၍ မရသေးပါ။ အစိုးရ နှင့် တပ်မတော်ကလည်း အဆိုပါ မြောက်ပိုင်းခုနစ်ဖွဲ့ တပ်ပေါင်းစုအား အသိအမှတ်ပြု လက်ခံဆွေးနွေးမည့် လက္ခဏာ မပြသေးပေ။

ညီလာခံတွင် NCA လက်မှတ် ထိုးထားသော အဖွဲ့ရှစ်ဖွဲ့သာ နိုင်ငံရေးအရ ပါဝင်ဆွေးနွေးခဲ့ပြီး နိုင်ငံရေး သဘောတူညီချက်အချို့ ရယူဆုံးဖြတ်ခဲ့ပုံများ၊ သဘောတူညီချက် မရသည်များနှင့် ကျော်လွှား ပြီးဆုံးခဲ့ပါသည်။ ထိုအခြေအနေများနှင့် ပတ်သက်၍ ISP မှ ကိုမင်းဇင်၊ ကိုအောင်သူငြိမ်း၊ ကိုနေထွန်းနိုင်၊ ဒေါက်တာ ဆုမွန်သဇင်အောင်တို့လည်း အချိန်နှင့်တစ်ပြေးညီ သုံးသပ် ဖော်ပြလျက်ရှိရာ ထိုသုံးသပ်ချက်များနှင့် ဆက်စပ် ဖတ်ရှုစေချင်ပါသည်။

မည်သို့ဖြစ်စေ မြန်မာပြည် ငြိမ်းချမ်းရေးကား အလှည့်အပြောင်းတစ်ရပ် လိုအပ်နေဆဲ ဖြစ်ပါသည်။

■ အတိုကောက် ရည်ညွှန်းချက်များ

NCA    – တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်

UNFC – ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ

KIA – ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (ကချင်လွတ်လပ်ရေးတပ်မတော်)

SSPP/SSA – ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (မြောက်ပိုင်း- ရှမ်းပြည်တိုးတက်ရေးပါတီ။ ရှမ်းပြည်တပ်မတော်)

RCSS/SSA – ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (တောင်ပိုင်း- ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ။ ရှမ်းပြည်တပ်မတော်)

NMSP – မွန်ပြည်သစ်ပါတီ

KNPP – ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ

KNU – ကရင်အမျိုးသားအစည်းအရုံး

MNDAA – ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာပြည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်)

TNLA  – တအာင်းပလောင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်)

AA – ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (ရက္ခိုင့်တပ်မတော်)

UWSA – ၀ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲက (ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်)

NDAA – မိုင်းလားတပ်ဖွဲ့ (အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်)

ANC – ရခိုင်အမျိုးသားကောင်စီ

LDU    – လားဟူဒီမိုကရက်တစ် အစည်းအရုံး

WNO   – ၀ အမျိုးသားအစည်းအရုံး

Stalled Peace Process Requires Resuscitation

By Maung Maung Soe

Given the current inertia in the peace process, this article evaluates the peace process after a year of National League for Democracy (NLD) government leadership and argues that the Nationwide Ceasefire Agreement (NCA) has functioned as a bottleneck that is hindering progress. One step that can potentially unclog the bottleneck is engagement with the three EAOs in northern Myanmar  – the Arakan Army, Myanmar National Democratic Alliance Army, and the Ta’ang National Liberation Army – who are excluded from unconditional participation in the peace process.. The inclusion of these three EAOs is closely linked to the participation by other EAOs also outside of the NCA. Moreover, because of the geopolitical situation, a new coalition of EAOs led by the United Wa State Army has the potential to grow in influence, and the government’s response will be a significant and ongoing issue for the peace process. On the other hand, it also points out that the eight EAOs – which signed the NCA – also face difficulties in efforts towards holding a national political dialogue in some areas. The article concludes that it is time to make changes to the peace process and for each of the stakeholders to find alternative ways to move forward. It also provides recommendations on how to do so.

About the author

Maung Maung Soe

တိုင်းရင်းသားအရေးနှင့် နယ်စပ်ရေးရာ ကိစ္စများကို အထူးပြု ရေးသားနေသော သုတေသီ ဖြစ်သည်။

Add comment