လူမှုတရားမျှတရေး ကွဲပြားခြားနားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သာနာညီမျှမှုကို ရှာဖွေခြင်း

အဖွင့်
၁၉ ရာစုနှောင်းပိုင်းက အင်္ဂလိပ်ခရီးသွားတွေရေးတဲ့ မြန်မာပြည် ခရီးသွားလမ်းညွှန် စာအုပ်တွေကို ကောက်လှန်လိုက်ရင် ဒီတိုင်းပြည်ဟာ ဖွံ့ဖြိုးမှုနောက်ကျတယ် ဆိုဦးတော့ ဗြိတိသျှအင်ပါယာထဲက အေးငြိမ်းသာယာ ကွန်းခိုစရာပဲလို့ လည်ချင့်စဖွယ် ဖတ်ကြရလိမ့်မယ်။ အိန္ဒိယကနေရန်ကုန်အလာ သင်္ဘောဆိုက်လို့ သစ်သားကုန်းပေါင်ထိုးတံတားပေါ်ကနေ ရန်ကုန် မြေကို ခြေချလိုက်တာနဲ့ စိတ်သက်သာရာရစေမယ်။ အိန္ဒိယနိုင်ငံ ကာလကတ္တားမှာကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုတွေနဲ့ စိတ်ပျက်မွန်းကျပ်စရာ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေမရှိဘူးလို့ ဖော်ကျူး တာတွေ ဖတ်ရပါလိမ့်မယ်။
တကယ်တော့ မြန်မာပြည်ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းခင်အထိ နေချင့်စဖွယ် သိပ်ကောင်းတဲ့နိုင်ငံဆိုတာ လူတိုင်းငြင်းချက်မထုတ်ဘဲ၊ သေချာမစူးစမ်းတော့ဘဲ လက်ခံထားကြ တဲ့ အမှန်တရားလို ဖြစ်နေပါပြီ။ မြန်မာ့စာဆိုပညာရှင်တွေ (ဦးဘဦး ၁၉၄၀၊ စစ်ကိုင်းဦးဘိုးသင်း ၂၀၁၄၊ ဦးရွှေအောင် ၂၀၀၃၊ လူထုဒေါ်အမာ ၁၉၉၇၊ ၂၀၀၀၊ ၂၀၀၇၊ လူထုစိန်ဝင်း ၂၀၁၀) သာ မက နိုင်ငံခြားသား စာရေးဆရာသုတေသီတွေ (Hall, 1995; Shwe Yoe, 1963) တို့ကပါ မြန်မာ့ပဒေသရာဇ်စနစ်ဟာ ‘အနှစ်သာရအားဖြင့် ဗြဟ္မစိုရ်စနစ်’၊ ‘အစဉ်အဆက်အားဖြင့် ငတ်နေသူ မရှိသလောက်၊ အဝတ်မလုံလောက်သူ မရှိသလောက်၊ နေစရာအိမ်မရှိသူ မရှိ သလောက်’ဖြစ်တဲ့ မြန်မာ့ဘုံစနစ်၊ လူတိုင်းဖူလုံစေတဲ့ သဘာဝစီးပွားရေးစနစ်ကြောင့် လူတိုင်း ‘မရှိမရှား စားသောက်နေထိုင်နိုင်သောဘဝမျိုး’၊ ‘မိုးခေါင်လွန်းလို့ လူတွေ အငတ်ဘေးကျတယ် ဆိုတာမျိုး မကြုံရသလို ရေကြီးလွန်ကဲလို့လူတွေငတ်တာမျိုးလည်းမရှိ’၊ ‘နေလို့ထိုင်လို့ကောင်းပြီး ဘာမဆို ‘လှိုင်ဘောလယ်’အောင်ပေါတဲ့ တိုင်းပြည်’လို့ ရေးကြသားကြပါတယ်။
အခု မျက်မှောက်ခေတ်သစ် သုတေသီတွေအများစုကလည်း အလားတူ ယူဆတတ်ကြ ပါတယ်။ ဥပမာ- မြန်မာ့အရေးဩဇာရှိတဲ့ ပါမောက္ခ David Steinberg က ဆိုရင် ဒီလို သုံးသပ် ချက်မျိုးတွေဟာ ယေဘုယျအားဖြင့်မှန်တယ်၊ မြန်မာ့မြေမှာ သယံဇာတပေါတယ်၊ လူဦးရေနဲ့ ယှဉ်ရင် စိုက်ပျိုးမြေပေါတယ်။ မြန်မာဟာ တရုတ်နဲ့အိန္ဒိယတို့ကြုံရတဲ့ အငတ်ဘေးမျိုး မှတ်မိ သလောက် တခါမှမကြုံခဲ့ရဘူး။ ကြမ်းတမ်းတဲ့ ခွဲခြားဆက်ဆံမှုတွေမရှိဘူး စသဖြင့် ရေးခဲ့ပါတယ် (Steinberg, 2001)။
ဒါမျိုးကို ပညာရှင်တွေသာမဟုတ် စစ်အစိုးရလက်ထက် အာဏာရှင်တွေကလည်း သူတို့ အကျိုးနဲ့ဆီလျော်ဖို့ ‘မြန်မာပြည်မှာ ငတ်သေတဲ့မသာမရှိဘူး။ နိုင်ငံတကာပိတ်ဆို့မှု ဆန်ရှင်တွေ ကြောက်စရာမလိုဘူး။ ငါးရှာဖားရှာ စားလို့ရတယ်’ ဆိုတဲ့စကားကို သုံးလေ့ရှိပါတယ်။ တဖက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဝေဖန်သူအများအပြားကလည်း စစ်အစိုးရခေတ်ကို အဆိုးဆုံး အဖြစ် သရုပ်ပေါ်စေဖို့ အရင်က ရွှေထီးဆောင်းခဲ့တဲ့ခေတ်တွေရှိခဲ့သလို ရေးသားလေ့ရှိပါတယ်။ ပဒေသရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်တွေမှာမှမဟုတ်ပါဘူး။ စစ်ပြီးခေတ် လွတ်လပ်တဲ့မြန်မာနိုင်ငံ ဟာ အာရှမှာ အလားအလာအကောင်းဆုံး နိုင်ငံတနိုင်ငံပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကြောင့် ‘ချမ်းသာတဲ့နိုင်ငံ လမ်းချော်ခဲ့ရတယ်’ဆိုပြီး နားထောင်ကောင်းတဲ့ဇာတ်လမ်းကို ပြောဆိုတတ် ကြပါတယ် (Sesser, 1993)။
တကယ်တော့ အချက်အလက် နည်းနည်းစစ်ဆေးကြည့်လိုက်ရင် ဒါတွေဟာ ယုံတမ်း မျှသာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ် (Thant Myint-U, 2007)။ မြန်မာ့လှူအဖွဲ့အစည်းမှာ အငတ်ဘေးတွေ ခဏခဏ ကြုံခဲ့ဖူးတယ်။ ငတ်သေတဲ့မသာလည်း ရှိတယ်။ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်။ သွေးစုတ်ခြယ်လှယ်မှုတွေ ရှိခဲ့ပါတယ်။ ဥပမာ- ၁၄ ရာစု (ခရစ်နှစ် ၁၃၇၅)မှာ အဝ(အင်းဝ)က ပြည်သူတချို့ ငတ်မွတ်ခေါင်းပါးဖြစ်လို့ တောင်ငူကို ခိုလှုံခဲ့ကြရပြီး၊ ငတ်လို့သေသူ၊ ပြေးဝင်ခိုလှုံလာသူတွေကို တောင်ငူမင်းမိဘုရားက ကျွေးမွေးပြုစုရတယ်လို့ ကျောက်စာရေးထိုးထားတာ ရှိပါတယ် (မြန်မာပြည်ကျောက်စာ စာရင်း ၆၈၆(ခ)၊ သက္ကရာဇ် ၇၃၇)။
တချို့ အငတ်ဘေးဒဏ်ကာလတွေမှာဆိုရင် သာမန်ပြည်သူတွေသာမက အမှုထမ်း၊ မင်းညီမင်းသားတွေပါ ငတ်ပြတ်တာကြုံရပါတယ်။ ၁၅၉၆ ခုနှစ်မှာ ကြုံရတဲ့ ‘အစားအသောက် ဆွန့်ရှားမှု’ (မှန်နန်း တ-တွဲ ၂၀၀၃၊ စာ ၉၈)နဲ့ ၁၆၆၁ ခုနှစ်မှာ ‘အမှုထမ်းတို့လည်း ဆန်ဝယ်စရာ ငွေကြေးမရှိသောကြောင့် ငတ်ကြကုန်သည်’ (မှန်နန်း တ-တွဲ ၂၀၀၃၊ စာ ၂၆၆) စတဲ့ဖြစ်ရပ်တွေက သက်သေတွေပါပဲ။ ဒီလို အငတ်ဘေးတွေဆိုက်ရင် တိုင်းသူပြည်သားတွေဟာ (၁၈ ရာစု မဟာ ဓမ္မရာဇာဓိပတိလက်ထက် ဥပမာတခုမှာဆိုရင်) ‘သစ်ဥသစ်ဖု၊ သစ်ရွက်များကို စားသောက်ကြရ’ (ဦးတင် ၁၉၆၅၊ စာ ၂၄၁)ဟုလည်းကောင်း၊ အဝ (အင်းဝ)ပျက်ခါနီးကာလမှာဆိုရင်လည်း ‘မြို့တွင်းက ငတ်မွတ်လှသောကြောင့် ပြင်တပ်သို့ထွက်ပြေးလာသည့် လူတို့က ယခု အင်းဝမြို့တွင်း မှာ ထမင်းကိုမဆိုနှင့်ဦး သစ်ဥသစ်ရွက်ကိုမျှမစားကြရ ငတ်မွတ်လှသောကြောင့် ထွက်ပြေးလာရ ကြောင်း’ (မှန်နန်း တ-တွဲ ၂၀၁၃၊ စာ ၃၉၁)စသည်ဖြင့် သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။ မြန်မာရာဇဝင်ဆရာတွေ သုံးနှုန်းလေ့ရှိတဲ့ ‘အစာရေစာဆွန့်ရှား’တာ၊ ‘သရောကြီးခိုင်း’တာတို့ ဆိုတာတွေဟာ စစ်ကြောင့်ဖြစ်စေ၊ မိုးခေါင်ရေရှားမှုကြောင့်ဖြစ်စေ၊ ညံ့ဖျင်းတဲ့မင်း အုပ်စိုးမှု ကြောင့်ဖြစ်စေ ကြုံရတဲ့ အငတ်ဘေးမျိုးကိုဆိုလိုတာပါ။ မြန်မာအစဉ်အလာ ရာဇဝင်မှတ်တမ်းတွေ မှာသာ မဟုတ်ပါဘူး၊ ခေတ်သစ် သုတေသနထုံးနဲ့လေ့လာတဲ့ သုတေသီတွေကလည်း မြန်မာ ပြည်မှာ ၁၈၀၅ ခုနှစ်ကစလို့ မိုးခေါင်တဲ့အတွက် စိုက်ပျိုးရေးတွေပျက်ပြားပြီး ဆယ်စုနှစ်တခုနီးပါး အငတ်ဘေးဒဏ် ဆိုက်ခဲ့တယ်လို့ ရေးသားကြပါတယ် (Tarling, 1994; Thant Myint-U, 2001)။
ဒီလို ငတ်လို့သေတဲ့မသာ ရှိခဲ့သလို ပဒေသရာဇ်တို့ အခွန်အကောက်အမျိုးမျိုးနဲ့ ပြည်သူ ပြည်သားတွေကို ခေါင်းပုံဖြတ်သွေးစုတ်တာ၊ ဆည်မြောင်း ဆောက်လုပ်၊ ပြင်ဆင်တဲ့အလုပ်တွေမှာ ‘နယ်မြေကျေးရွာနေ ရောင်းဝယ်စားသောက်သူ၊ ပခုံးထမ်းခေါင်းရွက် ရှာကြံစားသောက်ရသူတို့ကို၊ စရိတ်ကြေးငွေ မပေးမကမ်း၊ အကြိမ်ကြိမ် ဆင့်ဆိုခေါ်ငင် လုပ်ဆောင်စေ၍’ (ဦးတင် ၁၉၆၅၊ စာ ၁၂၈) ဆိုတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေလည်း ရှိခဲ့ပါတယ်။
စိတ်သဘောထား နူးညံ့ပါတယ်ဆိုတဲ့ ပဉမသင်္ဂါယနာတင် မင်းတုန်းမင်းလက်ထက်မှာ တောင် ယခုခေတ်အခါ သံဃာတော်အစစ်အမှန်ရရန် ခဲယဉ်းတယ်လို့ပြောဆိုခဲ့တဲ့ ပိဋကတ်ဗေဒင် တတ် ဆေးဆရာကြီးဦးပိုကို ‘တံကျင်လျှိုပြီးလျှင် ကြားမြင်သမျှ ကြောက်ရွံ့အောင် ကားတင်’ သတ်ခဲ့ပါတယ်။ ဦးပိုရဲ့ သားမြေးတပည့်များကိုပါ လိုက်လံဖမ်းဆီးပါတယ် (ဦးတင် ၁၉၇၀၊ စာ ၁၃၅-၁၃၆)။ ပုဂံခေတ်မှာ ကျွန်ကို သခင်ဖြစ်သူက အလွန်သက်ညှာစွာ ဆက်ဆံကြောင်း၊ စိတ် ဆင်းရဲ ပင်ပန်းလေအောင် အခြေပျက်အနေပျက် ခွဲခြမ်းဖဲ့ထုတ်၍ ဝေးရာအရပ်များသို့ ပို့လွှတ် ခြင်းမရှိ (ဒေါက်တာသန်းထွန်း ၂၀၀၂၊ စာ ၂၁၀)၊ လူတန်းစားခွဲခြားမှုရှိတယ်လို့ ဆိုရန်ခက်ပေမဲ့ သာလွန်မင်းလက်ထက်မှာတော့ လူတန်းစားခွဲခြားမှုဟာ သိသိသာသာ ကွဲသွားတယ်လို့ ဆိုပါတယ် (အခြေပြ ပ-တွဲ ၁၉၇၀၊ စာ ၅၀၀)။ သီပေါမင်းပါတော်မူတဲ့အထိ ကျွန်စနစ်ဟာ တည်ရှိခဲ့ပါ တယ်။ ခွဲခြားဆက်ဆံမှုတွေလည်း သိသာထင်ရှား ရှိခဲ့ပါတယ်။
သီပေါမင်းအုပ်ချုပ်တဲ့ အထက်မြန်မာပြည်မှာ သဇင်ပန်း မပန်ရ၊ စုဖုရားလတ်ဝတ်တဲ့ အဝတ်အစားမျိုး မဝတ်ရ၊ စုဖုရားလတ်ဆံထုံးမျိုး မထုံးရ၊ ကတ္တီပါဖိနပ် မစီးရ၊ မင်း၊ မှူးမတ်၊ သူဌေး သူကြွယ်တို့နေသောအိမ်မျိုး မဆောက်ရဆိုတဲ့ ပညတ်ချက်မျိုးရှိခဲ့ပေမဲ့ ဗြိတိသျှလက်အောက် မြန်မာနိုင်ငံမှာတော့ အဲဒီလိုတားမြစ်ချက်တွေမရှိဘဲ လွတ်လပ်စွာ ဝတ်စားနေထိုင်နိုင်ကြပါတယ် (အခြေပြ ဒု-တွဲ၊ ဒုတိယပိုင်း ၁၉၇၈၊ စာ ၁၇၇၊ ၃၀၁)။ သီပေါမင်းဟာ ခမည်းတော် မင်းတုန်းမင်းရဲ့ သမီးတော်တပါးဖြစ်တဲ့ မင်းခင်းစားဟောင်း မင်းသမီးနဲ့ သာမန်အရပ်သားတဦးဖြစ်တဲ့ ငတု ဆိုသူတို့ နန်းတော်တွင်းချစ်ကြိုက်တာကို အမျက်ထွက်ပြီး ကိုယ်တိုင်စစ်မေးခဲ့ကာ နှစ်ဦးစလုံးကို ကွပ်မျက်ခဲ့ပါတယ် (ဦးမောင်မောင်တင် ၂၀၀၄၊ စာ ၃၉၅-၃၉၆၊ ၄၂၁)။ ဒီလို လူမှုရေးအရ ခွဲခြား ဖိနှိပ်မှုတွေအပြင် နိုင်ငံရေးအရ ကြောက်စရာသတ်ဖြတ်မှုတွေလည်း ရှိခဲ့ပါတယ်။ သီပေါမင်း လက်ထက် မင်းညီမင်းသား ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ် (ဦးတင် ၁၉၆၅၊ စာ ၂၂၁)ဟာ အလွန်အကျည်းတန်ပါတယ်။
အခုဖော်ပြခဲ့တဲ့ အငတ်ဘေးတွေ၊ ဖိနှိပ်ခွဲခြားမှုတွေဟာ ခြွင်းချက်သာဖြစ်တယ်၊ ပုံမှန် အခြေအနေမဟုတ်ဘူးလို့ စောဒနာနိုင်ပါတယ်။ နှိုင်းယှဉ်သုတေသန ရှုထောင့်အရကြည့်ရင်တော့ ကျန် အာရှနဲ့ အရှေ့တောင်အာရှ လူ့အဖွဲ့အစည်းတွေလည်း အလားတူ နိမ့်တုံမြင့်တုံပါပဲ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးသဘောထားနဲ့ အပြုအမူဟာ (ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်) သူများနဲ့မတူအောင်ထူးတယ်၊ မြန်မာ့နည်းမြန်မာ့ဟန်ရှိတယ်ဆိုတာ နှိုင်းယှဉ်သုတေ သန အလေ့အထမရှိဘဲ ပြောသူများရဲ့ အားနည်းချက်တခုပဲလို့ ဆိုချင်ပါတယ်။ တခါတလေ ပဒေသရာဇ်စနစ်တိုင်းလိုလိုမှာ တွေ့ရ၊ ကြုံရမြဲ စိတ်ဓာတ်အမူအကျင့်ကို ဖုံးဖိပေးပုံက ဆင်သေကို ဆိတ်သရေနဲ့ဖုံးတဲ့ ပုံစံမျိုးတောင် ဖြစ်သွားတတ်ပါတယ်။ တကယ်တမ်း ကိုယ့်ထက် စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးချဲ့ထွင်မှုအရ ပိုအဆင့်မြင့်ခေတ်မီတဲ့ ဥရောပပဲဖြစ်ဖြစ်၊ အာရှပဲဖြစ်ဖြစ် နယ်ချဲ့နဲ့ ထိပ်တိုက်တွေ့တော့ ကိုယ့်စနစ်ဟာ ပြိုလဲကျရတာပါပဲ။ နယ်ချဲ့လက်အောက်က လွတ်လပ်ရေး ရပြီးခေတ် မြန်မာ့ပဒေသရာဇ်စနစ်ကို အရေခွံလဲတော့လည်း ခေတ်သစ်နိုင်ငံတော်နဲ့ ပြည် ထောင်စုလက္ခဏာ တည်ဆောက်ရေးမှာ အောင်အောင်မြင်မြင် မဖြစ်မြောက်တာ၊ ပြည်တွင်း စစ်နဲ့ ကြုံရတာ၊ စစ်အာဏာရှင်စနစ်အောက် ရောက်ခဲ့တာ စတာတွေကြောင့် ဆင်းရဲ မွဲတေမှု၊ ဖိနှိပ်မှု၊ တန်းတူ အခွင့်အရေးကင်းမဲ့မှု၊ ခွဲခြားဆက်ဆံမှု ဆိုးကျိုးသံသရာကတော့ မလွတ်မြောက်သေးပါဘူး။
တကယ်တော့ နိုင်ငံရေးစနစ်တွေ၊ အုပ်စိုးသူတွေဘယ်လိုပြောင်းပြောင်း မြန်မာ နိုင်ငံမှာ အဓိကမေးခွန်းထုတ်ရမယ့် စိန်ခေါ်မှု တခုက မြန်မာ့လူ့အဖွဲ့အစည်းမှာ တရား မျှတမှု ဘယ်လောက် ရှင်သန်ထွန်းကားသလဲ ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်၊ လူတဦးချင်းမှာပဲဖြစ်ဖြစ် တရား တယ်၊ မတရားဘူး၊ မျှတတယ်၊ မမျှတဘူး ဆိုတဲ့ စံချိန်စံညွှန်းမရှိရင် တည်ငြိမ်အေးချမ်း ပြီး သာယာဝပြောတဲ့ လူမှုဆက်ဆံရေး မရှိ နိုင်ပါဘူး။
ဒီနေရာမှာ တရားမျှတမှုကို ဥပဒေ ရှုထောင့်၊ လူမှုဓလေ့ကျင့်ထုံးရှုထောင့်၊ ဈေးကွက်ရှုထောင့်တွေကနေ ကြည့်မြင်တာထက် လူ့အဖွဲ့အစည်းက သူ လူ့အဖွဲ့အစည်းဝင်တွေအပေါ် သူတို့နဲ့ထိုက်တန်တာကို ဘယ်လို သာနာညီမျှ ခွဲဝေဖြန့်ဖြူး အကျိုးခံစားစေမလဲဆိုတဲ့ လှူအဖွဲ့အစည်းအခြေပြု တရားမျှတမှု ဒါမှမဟုတ် လူမှု တရားမျှတမှု (social justice) ရှုထောင့်ကို ပဓာနပြု ဆွေးနွေးလိုရင်းဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းရှုထောင့်ကကြည့်တဲ့ တရားမျှတမှုဆိုတာ ပိုင်ဆိုင်မှုကစလို့ အထွေထွေ သော အကျိုးကျေးဇူးရပိုင်ခွင့်နဲ့ တာဝန်တွေကို ဘယ်လိုခွဲဝေကြမှာလဲ၊ လူအချင်းချင်း နိုင်ထက် စီးနင်း ပြုခြင်း မပြုခြင်း၊ လူညွန့်ခူးခြင်း မခူးခြင်းစတဲ့ လူမှုအပြုအမူတွေနဲ့ တရားလွန်လာတဲ့ အခြေအနေတွေဖြစ်လာရင် ဘယ်လို အရေးယူဆောင်ရွက်ကြမလဲဆိုတဲ့ ထုံးနည်းတွေကို လမ်းòန်တာပါ။ ဒါကြောင့် တရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်းအတွင်းက လူသားဘဝအတွက် အခြေခံတန်ဖိုးလို့ ယူဆနိုင်ပါတယ် (Montada, 2007)။
ဒီဆောင်းပါးမှာ အဓိကဖြေဆိုချင်တဲ့ မေးခွန်းနှစ်ရပ်ရှိပါတယ်။ ပထမတခုက လူ့အဖွဲ့ အစည်း အခြေပြုစဉ်းစားတဲ့ တရားမျှတမှုဆိုတာကို ဘယ်လို ခြေခြေမြစ်မြစ် နားလည်နိုင်မလဲ။ မြန်မာ့သမိုင်းမှာ၊ အစဉ်အလာယဉ်ကျေးမှုမှာ လူ့အဖွဲ့အစည်းအခြေပြုစဉ်းစားတဲ့ တရားမျှတခြင်း သဘောတရား အခြေခံရှိသလား။ ကျင့်သုံးမှုတွင်ကျယ်သလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ နောက်ထပ်မေးခွန်းတခုကတော့ တိုင်းပြည်ရဲ့အနာဂတ်ကို လှူအဖွဲ့အစည်းအခြေပြု တရားမျှတမှု ရှုထောင့်က တည်ဆောက်မယ်ဆိုရင် ဘယ်လိုအခြေခံနားလည်မှုမျိုးတွေကို ပြင်ဆင်နိုင်မလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီဆောင်းပါးပထမပိုင်းမှာ လူ့အဖွဲ့အစည်းအခြေပြု တရားမျှတမှုကို မြန်မာ့ သမိုင်းယဉ်ကျေးမှုတွေနဲ့ ဆက်စပ်ဆွေးနွေးပါမယ်။ ဒီနောက်မှာ ခေတ်ပြိုင်တိုင်းပြည်ရဲ့ အခြေ အနေကို လူမှုတရားမျှတမှုရှုထောင့်ကနေ သုံးသပ်ပြီး နောက်ဆုံးပိုင်းမှာ အနာဂတ်အတွက် ဘာတွေပြင်ဆင်နိုင်မလဲဆိုတာ အကြံပြုတင်ပြလိုပါတယ်။

အပိုင်း(၁)
လူမှုတရားမျှတမှုအယူအဆနှင့် မြန်မာ့ရိုးရာနိုင်ငံရေး

ဒီအပိုင်းမှာ မြန်မာ့ရိုးရာ နိုင်ငံရေးအတွေးအခေါ်အတွင်း လူမှုတရားမျှတမှုနဲ့ ပတ်သက်ပြီး ဖွင့်ဆိုချက်၊ ရှုမြင်ချက်မျိုး ရှိမရှိကို စူးစမ်းကြည့်ပါမယ်။ အဲဒီနောက် လူမှုတရားမျှတမှုရဲ့ မျက်နှာ စာသုံးမျိုးကို ဆွေးနွေးတင်ပြပါမယ်။
လူမှုတရားမျှတမှုမှာ လှူအဖွဲ့အစည်းနဲ့ တရားမျှတမှုဆိုတဲ့ အစိတ်အပိုင်းနှစ်ရပ် ပါဝင်ပါ တယ်။ အရင်ဆုံး တရားမျှတမှုကို ဘယ်လိုနားလည်နိုင်မလဲ လေ့လာကြည့်ချင်ပါတယ်။ အင်္ဂလိပ် ဝေါဟာရ justice ဟာ လက်တင်ဘာသာစကား just ကနေ ဆင်းသက်လာတာဖြစ်ပြီး၊ တခါ ဒီ လက်တင်စကားလုံးဟာလည်း သက္ကတစကားကနေ မူလပကတိ ရယူလာတာဖြစ်ပါတယ်။ သုတေသီတွေရဲ့အဆိုအရ justice ဆိုတာ သက္ကတဘာသာအရ အတူပေါင်းစည်းခြင်း၊ စည်း နှောင်ခြင်း စတဲ့ အဓိပ္ပာယ်မျိုးထွက်တယ်လို့ ဆိုပါတယ်။ လူအများစုလက်ခံထားတဲ့ တရားမျှတမှု အဓိပ္ပာယ်ကတော့ ‘လူတိုင်းကို သူနှင့်ထိုက်တန်တာပေးအပ်ခြင်း’ suum cuique tribuere ဆိုတဲ့ လက်တင်ဘာသာ ဖွင့်ဆိုချက်ပဲဖြစ်ပါတယ်။ ဒီတော့ တရားမျှတမှုဟာ လူနဲ့လူချင်းဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်။ လူနဲ့ လူ့ပတ်ဝန်းကျင် ဩကာသလောက၊ သတ္တလောက ဆက်ဆံရေးနဲ့ ပတ် သက်ပါတယ်။ ဒါပေမဲ့ အားကြီးတဲ့ တောရိုင်းသားရဲတကောင်က အားနည်းတဲ့သတ္တဝါငယ်ကို ဖမ်းယူစားသောက်တဲ့အခါ မတရားလုပ်တာပဲလို့ပြောတာထက် တောရိုင်းသဘာဝပဲလို့သာ သတ်မှတ်ကြပါတယ်။
တရားမျှတမှုအကြောင်းပြောရင် သတ္တလောကနဲ့ ဩကာသလောကမှာ တန်ဖိုးထား အပ်တဲ့၊ ထိုက်တန်တဲ့ ဂုဏ်ရှိတယ်လို့ ကနဦးယူဆချက်ရှိရပါမယ်။ တရားမျှတမှုဆိုတာ တန်ဖိုး နှုန်းစံတွေနဲ့ ဆက်စပ်ပါတယ်။ နှုန်းစံတွေလုံးလုံးမပါဘဲ လက်တွေ့ဖြစ်နိုင်တာပဲ လုပ်ရမယ်ဆိုရင် တရားမျှတမှုဆိုတာ စကားနောက်တရားမပါတဲ့ ဗလာချည်းသက်သက်သာ ဖြစ်ပါလိမ့်မယ်။ တန်ဖိုးအရ တိတိပပဆိုရရင် တရားမျှတမှုဟာ အထက်မှာဆိုခဲ့သလိုပဲ ထိုက်တန်မှုနဲ့ ပတ်သက် တယ်။ ဥပမာ- လူတယောက်ကို တရားမျှတစွာမဆက်ဆံဘူးဆိုတာ အဲဒီလူဟာ အချည်းနှီးလူ၊ မထိုက်တန်တဲ့လူအဖြစ် သတ်မှတ်လိုက်တာနဲ့ အတူတူပါပဲ။ လူနဲ့ လူချင်း လူ့အခြေခံဂုဏ်ကို တောင် အသိအမှတ်ပြုဖို့ရာ မထိုက်တန်ဘူးလို့ သတ်မှတ်ပြီဆိုရင် အဲဒီလူကို ရုပ်ခန္ဓာလည်း ရုပ်ခန္ဓာအလျောက်၊ နာမ်ခန္ဓာလည်း နာမ်ခန္ဓာအလျောက် အရှင်လတ်လတ်မီးမြှိုက်လည်း တရားတယ်၊ ခံထိုက်တယ်လို့ သတ်မှတ်ကြမှာပါပဲ။
ဒီနေရာမှာ တရားမျှတမှုနဲ့ သနားကြင်နာမှုဟာ တူမယောင်နဲ့ မတူပါဘူး။ သနားကြင်နာ မှုက လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုနဲ့ ဆက်စပ်ပါတယ်။ သနားလို့ဆိုပြီး စာမေးပွဲမဖြေနိုင်တဲ့၊ အမှတ်မကောင်းတဲ့ကျောင်းသားကို ဂုဏ်ထူးပေးလို့ မရပါဘူး။ မထိုက်တန်ဘဲပေးရင်၊ ယူရင် တရားမျှတမှုကို ချိုးဖောက်တာပါပဲ။ ထိုက်တန်မှုဟာ တဦးချင်း ကြိုက်၊ မကြိုက်နဲ့တောင်မဆိုင်ဘဲ လူ့အဖွဲ့အစည်းရဲ့ လူမှုသဘောညီချက်နဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ ဥပမာ- စာမေးပွဲမှာ အဆင့်တစ် ရသူကို ဆုအဖြစ် ငွေတသိန်းဆုချရင်၊ အဆင့်နှစ်ရသူကို သူ့ထက်ဈေးနိမ့်တဲ့ ၉၀၀၀၀၊ ၈၀၀၀၀ စသည်ဖြင့် ဆုချရမှာပါ။ အဆင့်တစ်ရသူက သူဆုရတဲ့ တသိန်းတန်ပစ္စည်းကို မကြိုက်လို့ အဆင့်နှစ်ရသူရဲ့ဆုနဲ့ သူတို့ချင်း သဘောတူ အလဲအလှယ်လုပ်တာက သူတို့နှစ်ဦးချင်းကိစ္စသာ ဖြစ်ပါတယ်။ စာသင်ကျောင်းဆိုတဲ့ အင်စတီကျူးရှင်းကတော့ အဆင့်တစ်ရသူကို အဆင့်နှစ်ရသူ အောက် လျှော့ပြီးဆုချရင် တရားမျှတမှုကို ချိုးဖောက်တယ်လို့ ဆိုနိုင်ပါတယ်။ အလားတူပဲ ချမ်းသာသူ၊ ရာထူးရှိသူ စသူတွေက ငွေနဲ့၊ အာဏာနဲ့ တကယ် စာမတော်တဲ့ကျောင်းသားကို အဆင့်တစ်ရအောင် ဒါမှမဟုတ် အမှတ်ကောင်းရအောင် ဖန်တီးယူနိုင်တယ်ဆိုရင်လည်း ဒါဟာ တရားမျှတမှုကို ချိုးဖောက်တာပါပဲ။ တဆက်တည်း ဒီလိုချိုးဖောက်မှုမျိုးဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ၊ လက်ခံနေကြရတာပဲလို့ လူများစုကယူဆလာရင် လူမှုသဘောတူညီချက်တွေ ပျက်ယွင်းပြီး လှူ အဖွဲ့အစည်းမှာ စိတ်ဓာတ်နဲကိုယ်ကျင့်သိက္ခာ ချွတ်ခြုံကျလာတတ်ပါတယ်။
ရှေးခေတ် ဂရိတွေးခေါ်ပညာရှင်တွေက ဉာဏ်ပညာ၊ သတ္တိ၊ အစွန်းမရောက်ချင့်ချိန်ခြင်း စတာတွေနဲ့အတူ တရားမျှတခြင်းဟာလည်း အဓိကကောင်းခြင်းအဖြစ် သတ်မှတ်ကြပါတယ်။ အရစ္စတိုတယ်ဆိုရင် တရားမျှတမှုရဲ့ကောင်းခြင်းကို လူ-လူချင်းဆက်ဆံရေးဆိုင်ရာ တရားမျှတမှု နဲ့ ဂုဏ်သိက္ခာ၊ ဓနဥစ္စာ၊ ပစ္စည်းဝန်ဆောင်မှုစတဲ့ ဖလှယ်မှုတွေမှာ မျှမျှတတခွဲဝေတဲ့ တရားမျှတမှု ဆိုပြီး ခွဲခြားပြခဲ့ပါတယ်။ just ဆိုတဲ့ ဝေါဟာရဟာ သမ္မာကျမ်းစာမှာ ၈၄ ကြိမ်ပါပြီး၊ justice ကတော့ အကြိမ် ၂၀ ပါတယ်လို့ ဆိုပါတယ် (King, 1995)။ သမ္မာကျမ်းလာ တရားမျှတမှုဆိုတာ ထာဝရဘုရားသခင်ရဲ့ ပြီးပြည့်စုံခြင်းနဲ့၊ တရားနဲ့အညီဖြစ်ခြင်းတွေမှာ အခြေခံပါတယ်။ အစ္စလာမ် ကျမ်းစာဖြစ်တဲ့ ကုရ်အာန်မှာလည်း တရားမျှတခြင်းဟာ အဓိကတန်ဖိုးအဖြစ်နဲ့ ပါပါတယ်။ လူ-လူချင်း ဆက်ဆံရေးပေါ်အခြေခံတဲ့ တရားမျှတမှုနဲ့ ထာဝရဘုရားနဲ့ လူအကြား ဆက်ဆံရေး ဆိုင်ရာ တရားမျှတမှုဆိုပြီး ခွဲခြားနားလည်နိုင်ပါတယ်။
ပါဠိဗုဒ္ဓဘာသာမှာ တရားမျှတမှုကို အဓိပ္ပာယ်ဖော်လို့ရမယ့် ဝေါဟာရ မရှိသလောက် ပါပဲလို့ ဗုဒ္ဓဘာသာသုတေသီတချို့က ဆိုပါတယ် (Lele, 2014; King, 1995) ။ မြန်မာ ဗုဒ္ဓဘာသာ အစဉ်အလာမှာလည်း တရားမျှတမှုဟာ ဝေါဟာရအရပဲဖြစ်ဖြစ်၊ အယူအဆအရပဲ ဖြစ်ဖြစ် တွင်ကျယ်ရဲ့လားလို့ စောကြောစရာကောင်းပါတယ်။ စာပေကျမ်းဂန်တွေနဲ့ တတ်နိုင်သမျှ နှီးနှော မှုတွေ၊ စာပေတတ်ပွန်တဲ့ ဆရာတော်မထေရ်မြတ်တချို့ကို ဆည်းကပ်လျှောက်ထားမှုတွေ၊ မြန်မာပညာရှိတချို့ကို မေးမြန်မှုတွေလုပ်ခဲ့ရာမှာလည်း မြန်မာ့ရိုးရာမှာ တရားမျှတမှုနဲ့ ပတ်သက် ရင် ယူသော်ရ၏ဆိုတဲ့ သဘောမျိုးပဲရှိတာလား၊ တိတိပပ သွန်သင်၊ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးမှုမျိုးရှိသလားဆိုတာ စာရေးသူအတွက်တော့ ယတိပြတ် အဆုံးအဖြတ်ခက်နေဆဲ၊ ဆက်စူးစမ်းဆွေးနွေးရမယ့် ကိစ္စတရပ် ဖြစ်နေသေးတယ်လို့ ပဏာမယူဆချင်ပါတယ်။
ဆရာတော် အရှင်ဆေကိန္ဒက သုတ္တပိဋကတ်၊ အင်္ဂုတ္တရနိကာယ်၊ ပါဠိတော် ပထမ စာအုပ်ကို ထောက်ထားပြီး တရားမျှတမှုကို သုံးမျိုး ခွဲပြတော်မူပါတယ်။

‘အတ္တာဓိပတေယျ (The individual justice as dominance) ကြီးပွား တိုးတက် အောင်မြင်စေရန် မကောင်းလမ်းဖက်ကိုမလိုက်၊ အကောင်းလမ်းဖက် လိုက်စေရန် မိမိကိုယ်ကို အကြီးအမှူးပြု တန်ဖိုးထားလေးစားလျက် လိုက်နာ ဆောင်ရွက်ခြင်း၊ လောကာဓိပတေယျ (The Social justice as Dominance) ကြီးပွားတိုးတက်အောင်မြင်စေရန် မကောင်းလမ်းဖက်ကိုမလိုက် အကောင်းလမ်း ဖက်လိုက်စေရန် မိမိ၏ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို အကြီးအမှူးပြု တန်ဖိုးထား လေးစားလျက် လိုက်နာဆောင်ရွက်ခြင်း၊ ဓမ္မာဓိပတေယျ (The Dhamma, the Teaching of Buddha justice as dominance) ကြီးပွားတိုးတက်အောင်မြင်စေရန် မကောင်းလမ်းဖက်ကိုမလိုက် အကောင်းလမ်းဖက်လိုက်စေရန် မိမိအတွက် မှန် ကန်သော အဆုံးအမသဘောတရားတို့ကို အကြီးအမှူးပြု တန်ဖိုးထားလေးစား လျက် လိုက်နာဆောင်ရွက်ခြင်း}တို့ ဖြစ်ပါတယ်။၁

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) ဆရာတော်ဘုရားကို လျှောက်ထားမေးမြန်းတဲ့အခါ ဆရာတော်က ‘ပိဋကတ်တော်လာ ယထာဓမ္မဆိုတာ တရားသဖြင့်ဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်’လို့ မိန့်ပါတယ်။ ဆရာတော်ဆက်ပြီးမိန့်တာက ‘ငါးပါးသီလဟာ အခြေခံအားဖြင့် လူ့ အဖွဲ့အစည်းကို လေးစားဖို့ ပညတ်ခဲ့တာပါပဲ’ ဆိုတဲ့အချက် ဖြစ်ပါတယ်။ တနည်းအားဖြင့် ‘ငါးပါးသီလ လုံရင် ပတ်ဝန်းကျင်ဆိုတဲ့ ဉာတတ္ထစရိယ၊ လောကတ္ထစရိယာ စောင့်ရှောက်ပြီးဖြစ်ပြီ’လို့ မိန့်ပါတယ်။
‘ဥပမာ- ပါဏာတိပါတာဆိုတဲ့ သီလ သိက္ခာပုဒ်ကို ကိုယ့်တကိုယ်ကျိုး ကောင်းဖို့ သက်သက် ဆောက်တည်ခိုင်းတာဆိုရင် ဆွဲ ကြိုးချမသေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မသေနဲ့ လို့ပဲ ဗုဒ္ဓက တားမြစ်မယ်၊ သူများအသက် မသတ်နဲ့လို့ ပြောစရာမလိုဘူး’လို့ ဆရာ တော်က အဆုံးအဖြတ်ပေးပါတယ်။
ဆရာကြီး ဦးရွှေအောင်ကတော့ ငါးပါးသီလ သိက္ခာပုဒ်တွေကို အဓိပ္ပာယ် ယူတဲ့အခါ အစုန်သဘော ‘အနုလောမ’မယူ ဘဲ အဆန်သဘော ‘ပဋိလောမ’ယူခြင်းနဲ့ ကောက်ယူဖို့၊ တနည်းအားဖြင့် ပါရမီသဘော ပါတဲ့ ‘အဓိသီလ’အထိယူဖို့ နှိုးဆော်ပါတယ်။ ပါရမီကို ‘ဟာနောပါဒါန’ သဘောတရားအရ အနစ်နာခံခြင်းနဲ့ သူ့ အကျိုးဆောင်ရွက်ခြင်းအဖြစ် ရှင်းလင်းပြီး လူလူချင်း ခွဲခြားဆက်ဆံမှုမပြုဘဲ လူကိုလူလိုမြင်တဲ့စိတ်မျိုး ထွန်းကားရေး၊ ခေါင်းပုံဖြတ်ခြင်းကင်းဝေးရေး စတာကို ငါးပါးသီလ သိက္ခာပုဒ် ဘောင်ဝင်အောင် ဖွင့်ဆိုပါတယ် (ဦးရွှေအောင် ၁၉၉၇၊ စာ ၃၀၊ ၃၆၊ ၄၁၊ ၅၅)။
မြန်မာရဟန်းတော်များက မေတ္တာသုတ်လာ ‘လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ၊ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်း ကြပါစေ’ စတဲ့ မေတ္တာပို့သမှုတွေဟာ လူနဲ့လူချင်း တရားမျှတတဲ့ ဆက်ဆံရေးမှာ အုတ်မြစ်တွေပဲ ဖြစ်တယ်လို့ မိန့်ကြပါတယ်။
လူပညာရှင်တွေကလည်း ဗုဒ္ဓဟောပြောတဲ့ ‘အတ္တပရိစ္စာဂခေါ် ကိုယ်ချင်းစာတရား’ (ရွှေဥဒေါင်း ၁၉၉၁၊ စာ ၉၉-၁၀၉ )၊ ဓမ္မပဒလာ ‘အတ္တာနံ ဥပမံ ကတွာ’ ကိုယ်ချင်းစာတရား (နှစ်ဖက်လှ ဦးကျော်လွင် ၂၀၁၂၊ စာ ၁၈၈-၁၉၁)ဟာ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး၊ အတိုဆုံး၊ အကျဉ်းရုံးဖော်ပြနိုင်တဲ့ အရည်အချင်းလို့ သတ်မှတ်ကြ ပါတယ်။ လူမှုဆက်ဆံရေးနဲ့ပတ်သက်လို့ သိင်္ဂါလောဝါဒသုတ်ကို အကိုးအကား များပါတယ်။ သင်္ဂဇာဆရာတော်ဘုရားကြီး လင်္ကာဖွဲ့သလို ‘သားနဲ့မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်’ စတဲ့ ဆက်ဆံရေးခြောက်သွယ်ကို လိုက်နာရမယ့် ဝတ္တရားအဖြစ် လမ်းòန်ထားတာပါ။
သုတေသီတချို့ကတော့ ဒီလမ်းညွှန်ချက်တွေဟာ တည်ရှိဆဲ လူမှုအခြေအနေကို တရား ၏၊ မတရား၏၊ မျှတ၏၊ မမျှတ၏ မေးခွန်းထုတ်ခြင်းမရှိဘဲ လက်ရှိအခြေနေကို သက်သာရာ ရအောင် ထိန်းညှိပေးတဲ့သဘောမျှသာပဲလို့ ထောက်ပြပါတယ် (King, 1995)။ ဗုဒ္ဓဘာသာဝင်တွေ အဖို့လည်း ဒီလိုသုံးသပ်ချက်မျိုးကို သိပ် ငြင်းဆန်ဖွယ်ရာမရှိပါဘူး။ ဗုဒ္ဓစာပေအစဉ်အလာမှာ သင်္ဂဟတရားလေးပါး၊ လောကပါလတရား နှစ်ပါး၊ သိင်္ဂါလောဝါဒသုတ်လာ ဝတ္တရားစတဲ့ ကျင့်ဝတ်တွေကို ‘အာဏိ’ခေါ် ‘နပန်းစောင့်’နဲ့ ခိုင်းနှိုင်းတတ်ကြပါတယ်။ လှည်းဘီး အပြင်မထွက် အောင် တိုးလျှိုထားတဲ့ကန့်လန့်ကို ခေါ်တာပါ။ နပန်းစောင့်ဟာ လှည်းဘီး ကျွတ်ထွက်မသွား အောင် ထိန်းထားပါတယ်။ နပန်းစောင့်မရှိရင် ဘီးကျွတ်ပြီး လှည်းမသွားနိုင်ဖြစ်ရသလို ကျင့်ဝတ် ဆိုတာ နပန်းစောင့်လိုပဲ လောက လူ့အဖွဲ့အစည်း လည်ပတ်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက် ပေးထားတာလို့ တင်စားလေ့ရှိပါတယ်။ ဒါကို သင်္ဂဇာဆရာတော်ကြီးက ‘လှည်းဘီးပြင်က၊ နားစောက်ချသို့’လို့ သိင်္ဂါလောဝါဒလင်္ကာမှာ ဖွဲ့ခဲ့တာပါ။
တကယ်တော့ ဘာသာတရားအဆုံးအမတွေဟာ ကျယ်ပြန့်လွန်းတာမို့ လောကီ ချမ်းသာနဲ့ ပတ်သက်ရင် ခေတ်အဆက်ဆက် ပေါ်လာတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ခေတ်အခြေအနေအရ လိုအပ်တဲ့ကျင့်စဉ်တွေကို မီးမောင်းထိုးပြပြီး ဦးစားပေးသွန်သင်လေ့ရှိတာ ကို သတိပြုနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ အထူးဓမ္မသဘင်မှာ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသက တရား မျှတမှုနဲ့ပတ်သက်ပြီး တိတိပပမိန့်ဆိုထောက်ပြခဲ့တာကို နာကြားခဲ့ရပါတယ်။
ကျေးဇူးရှင်ဆရာတော်ကြီးက မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားတွေအကြား ‘သာတူ ညီမျှ မျှမျှတတ ကောင်းစားရေး၊ ဘဝရပ်တည်နိုင်ရေး၊ ဒါဟာ အလွန်အရေးကြီးတဲ့ချက်ဖြစ်တယ်။ တရားမျှတမှုနဲ့ သာတူညီမျှရှိမှုဆိုတဲ့ စကားတွေဟာ ပါဠိစာပေမှာလာတဲ့ ‘ဓမ္မေန သမ္မေန’၊ ဓမ္မေန ဆိုတာ တရားမျှတမှု၊ သမ္မေနဆိုတာ မျှမျှတတဆက်ဆံမှု ဒီလိုဆိုတယ်ပေါ့။ ရှေးတုန်းက တိုင်းပြည် အုပ်ချုပ်တဲ့ဘုရင်တွေဟာ ဓမ္မေန သမ္မေန တရားသဖြင့်လည်း အုပ်ချုပ်တယ်။ မျှမျှတတလည်း အုပ်ချုပ်တယ်။ တရားသဖြင့်ဖြစ်ပြီး မျှမျှတတလည်း အေးအတူပူအမျှဆိုတဲ့အတိုင်း နေကြထိုင်ကြ ရတာဖြစ်တယ်’လို့ မိန့်ကြားပါတယ်။
ယောမင်းကြီးဦးဘိုးလှိုင်ကလည်း ရာဇဓမ္မသင်္ဂဟကျမ်းပြုရတဲ့ အာသီသကို ကျမ်းနိဂုံးမှာ ရေးတဲ့အခါ ‘ရာဇရက္တု ဓမ္မေန၊ အတ္တနောဝပဇံသုတ္တံ’ဆိုပြီး ဖွဲ့ပါတယ်။ အဓိပ္ပာယ်ပြန်ရာမှာ ‘ဤ ငါတို့အရှင်၊ ဆဒ္ဒန်ဆင်မင်းသခင် မင်းတရားကြီးသည် သတ္တဝါအပေါင်းကို မိမိ၏ ရွှေရင်တော်နှစ် သားတော်စစ်ကဲ့သို့ တရားသဖြင့် စောင့်ရှောက်တော်မူပါစေကုန်သတည်း’လို့ ပတ္တနာပြုပါတယ်။ ဓမ္မေနပုဒ်ကို တရားသဖြင့်လို့ဖွင့်ပါတယ် (မောင်ထင် ၂၀၀၂)။
မြန်မာမင်းတွေ ဘိသိက်ခံတဲ့အခါမှာလည်း အရေးအကြီးဆုံးဖြစ်တဲ့ ဗုဒ္ဓါဘိသိက်မှာ ဘုရင်တို့ကျင့်ကြံရမယ့် တရားစုတွေကို အသီးသီးကရွတ်ဖတ်ပြီး ရေစင်နဲ့ ဘုရင့်ဦးထက် သွန် လောင်းတဲ့အခါ ‘နိုင်ငံကို၊ တိုင်းသူပြည်သားအပေါင်းကို တရားနဲ့အညီ အုပ်ချုပ်တော်မူပါလော့’ ဆိုပြီး ထည့်သွင်းကြပါတယ်။ တရားနှင့်မညီ သွေဖီခဲ့ရင်လည်း အမျိုးမျိုးသော ပျက်စီးခြင်းဆိုက် ပါစေဆိုပြီး ကျိန်ဆိုကြပါတယ်။ ဘုရင်ကလည်း သစ္စာအဓိဌာန်ပြုတဲ့အခါ ‘ငါသည် တိုင်းပြည်ကို တရားနှင့်အညီ အုပ်ချုပ်မည်’လို့ ထည့်သွင်း သစ္စာပြုကြပါတယ် (ဦးဘဦး ၁၉၄၀)။ ဒါကတော့ ဓမ္မေနအသုံးနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့မှတ်တမ်းအရ တွေ့ရှိချက်တချို့ပါ။ ဒီ ဓမ္မေန သမ္မေန အဆုံး အမဟာ ဥပဒေအပေါ်အခြေခံတဲ့ တရားမျှတမှုကိုပဲ ယေဘုယျòန်းသလား၊ လူ့အဖွဲ့အစည်း အခြေပြု တရားမျှတခြင်းအထိ အဓိပ္ပာယ်ကောက်ယူလို့ရမလား၊ မြန်မာ့လူ့ဘောင်မှာ ဒီလိုတရား မျှတမှု အယူအကောက်မျိုးနဲ့ ကျင့်သုံးမှု ကျယ်ကျယ်ပြန့်ပြန့်ရှိသလား။ ‘မြန်မာလို မရှိတာလား၊ မြန်မာမှာ မရှိတာလား’ (မောင်သာနိုး ၂၀၀၉) စတဲ့ မေးခွန်းတွေကိုတော့ ဆက်လက်စောကြော ဆွေးနွေးသင့်ပါတယ်။ ရဟန်းပညာရှိ၊ လူပညာရှိများက သုတေသနချဉ်းကပ်မှုမျိုးနဲ့ လမ်းပြဆွေး နွေးနိုင်ကြမယ်ဆိုရင် အကျိုးများစရာ ရှိပါတယ်။
လူ့အဖွဲ့အစည်းအခြေပြု တရားမျှတမှု ဒါမှမဟုတ် လူမှုတရားမျှတမှု (social justice) ရှုထောင့်အရဆိုရင်တော့ လူ့ အဖွဲ့အစည်းက သူ့ လူ့ အဖွဲ့အစည်းဝင်တွေအပေါ် သူတို့နဲ့ ထိုက်တန် တာကို ဘယ်လို သာနာညီမျှ ခွဲဝေဖြန့်ဖြူး အကျိုးခံစားစေမလဲဆိုတဲ့ အချက်ကို ပိုပြီး ပဓာနပြုပါ တယ်။ ဒါဟာ ကံနဲ့ ကံရဲ့အကျိုးကို အခြေပြုတဲ့၊ သံသရာကိုအခြေပြုတဲ့ တရားမျှတမှုအခြေခံနဲ့ ဒဿနအမြင်အရ ကွဲလွဲချက် ရှိနိုင်ပါတယ်။
သုဘလုလင်က ဗုဒ္ဓမြတ်စွာကို ‘လူ့ပြည်မှာ လူလာဖြစ်ရတာချင်းတူပါလျက် အထက်တန်း စားနဲ့ အောက်တန်းစား၊ ချမ်းသာ ဆင်းရဲ ဘာကြောင့်ကွဲသလဲဘုရား’လို့ မေးလျှောက်တဲ့အခါ ဘုရားရှင်က ‘ကမ္မံသတ္တေ ဝိဘဇ္ဇေတိ ယဒိဒံ ဟီနပ္ပဏီတတာ’ ကံက သတ္တဝါတွေကို ချမ်းသာဆင်းရဲ ကွဲအောင်ခွဲတာ။ လူတန်းစားကို လူကခွဲတာမဟုတ်ဘူး။ လူလုပ်တဲ့ကံက ခွဲတာပါ။ ကုသိုလ်ပြုဖို့ မေ့လျော့တဲ့ပမာဒနဲ့ မလှူရက်၊ မပေးရက် နှမြောဝန်တိုတဲ့ မစ္ဆရိယက လူဖြစ်ရင် ဆင်းရဲတဲ့အမျိုးမှာ ဖြစ်ရတယ်၊ တခြား ဆင်းရဲသားတွေနဲ့မတူဘဲ ခက်ခဲငြိုငြင်စွာနဲ့ အဝတ်အစား အပျော်အပါးကို ရတတ်တယ်’လို့ ဟောပါတယ် (အရှင်ဓမ္မိက (ဆင်ဖြူကျွန်း) ၂၀၁၈၊ စာ ၉၂၊ ၂၀၄-၂၀၅)။
တခါ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်၊ အနမတဂ္ဂသံယုတ်၊ ဒုတိယဝဂ်မှာ ဘုရားရှင်က ‘ရဟန်းတို့ ဆင်းရဲသော လူတယောက်ကိုတွေ့လျှင် ငါတို့လည်း အစမထင် သံသရာတခွင်၌ ဤ ကဲ့သို့ပင် ဆင်းရဲခဲ့ဖူးလှလေပြီ’ဟု ဆုံးဖြတ်ရမည်လို့ အစချီပြီး အဝိဇ္ဇာ၊ တဏှာကြောင့် တဘဝမှ တဘ၀ အဖန်တလဲလဲ ကျင်လည်နေရတဲ့ သံသရာရဲ့အပြစ်ကိုသာ ဟောတော်မူပါတယ် (ဒဂုန် ဦးထွန်းမြင့် ၁၉၉၉၊ စာ ၂၇-၂၉)။
ကံနဲ့ကံရဲ့အကျိုး၊ သံသရာကိုအခြေပြုတဲ့ တရားမှုဟာ ပဋိစ္စသမုပ္ပါဒ် အနုလုံ စက်ဝန်း ဖြစ်စဉ်အရ နိမ့်ဆင်းလည်နေတဲ့အတွက် သက်ရှိဘဝအချင်းချင်း ကျူးလွန်ချိုးဖောက်မှု အကုသိုလ်ကံတွေဖြစ်ပြီး ဝိရောဓိသဘောဆောင်တဲ့အခါ ဝဋ်အဖြစ် အပြန်အလှန် အလှည့်နဲ့ခံ၊ အလှည့်နဲ့စံ ဖြစ်နေပါတော့တယ်။ ဓမ္မပဒ၊ ယမကဝင်္ဂလာ ကာဠီဘီလူးမဝတ္ထုမှာ အထင်အရှား တွေ့ရတဲ့ ‘ထင်းခွေမကြုံ ရေခပ်ကြုံ’ဆိုသလို ကလဲ့စားချေနေကြတာဟာ ကံအခြေပြု၊ သံသရာ အခြေပြု တရားမှုရဲ့ အဆုံးမထင်တဲ့ ရန်ဓာတ်၊ ဝဋ်လည်နေတာသာ ဖြစ်ပါတယ် (ဦးရွှေအောင် ၂၀၀၂၊ စာ ၅၄-၆၇)။ ဒီ အတုံ့အလှည့်နိယာမအခြေခံတဲ့ လောကီတရားမျှတခြင်းရဲ့ ထွက် ပေါက်ဟာ ပဋိစ္စသမုပ္ပါဒ် ပဋိလုံစက်ဝန်းအတိုင်း ကြောင်းကျိုးဆက်စပ်ရဟတ်ပြတ်တဲ့၊ သင်္ခါရ တရားတွေက လွန်မြောက်ခြင်းသာဖြစ်တယ်လို့ ဗုဒ္ဓစာပေက ညွှန်ပြပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာဆွေးနွေးမယ့် လူမှုတရားမျှတမှုဆိုတာဟာ တရားမျှတမှုကို ဥပဒေရှုထောင့်၊ လူမှုဓလေ့ကျင့်ထုံးတွေရှုထောင့်၊ ဈေးကွက်ရှုထောင့်တွေက ကြည့်မြင်တာနဲ့ မတူညီသလို ကံနဲ့ သံသရာအခြေခံရှုထောင့်က မြင်ပုံမျိုးနဲ့လည်း ခြားနားတယ်လို့ ဆိုချင်ပါတယ်။ လူ့အဖွဲ့အစည်းအခြေပြုတဲ့ တရားမျှတမှုမှာ လူ့အဖွဲ့အစည်းက သူ့ လူ့အဖွဲ့အစည်းဝင်တွေအပေါ် သူတို့နဲ့ထိုက်တန်တာကို ဘယ်လို သာနာညီမျှ ခွဲဝေဖြန့်ဖြူး အကျိုးခံစားစေမလဲဆိုတဲ့အချက်က အဓိကကျောရိုးပဲဖြစ်ပါတယ်။ ဒီဖွင့်ဆိုချက်မှာ အောက်ပါ မေးခွန်းသုံးခု ပေါ်ထွက်လာပါတယ်။

(၁) ထိုက်တန်၏ မတန်၏ ဘယ်လို သတ်မှတ်ချက်ပြုမလဲ၊

(၂) သာနာညီမျှ ခွဲဝေဖြန့်ဖြူးမှုကို ဘယ်စံချိန်စံòန်းနဲ့လုပ်မလဲ၊

(၃) ဘယ်သူက ဒီခွဲဝေဖြန့်ဖြူးမှုကို စီမံခန့်ခွဲမှာလဲ။

လူမှုတရားမျှတမှု၏ မျက်နှာစာသုံးရပ်
ဒီမေးခွန်းတွေကိုဖြေဖို့ဆိုရင် လူမှုတရားမျှတမှုနဲ့ပတ်သက်လို့ အရေးပါတဲ့ မျက်နှာစာ သုံးရပ်ကို ဆွေးနွေးရမှာပါ။ ပထမတခုက ခွဲဝေဖြန့်ဖြူးမှုနဲ့ဆိုင်တဲ့ တရားမျှတမှု (distributive justice) ဖြစ်ပါတယ်။ ဒုတိယက လူသားဟာ သူနှစ်သက်တာ၊ သှူပတ်ဝန်းကျင်အရ သူတန်ဖိုး ထားတဲ့ ရလဒ်ရဖို့ ရွေးချယ်စရာအခွင့်အလမ်းရှိလို့၊ စွမ်းဆောင်ရည်ရှိလို့ ရွေးချယ်ပြီး ကျေနပ်မှု ရှိတဲ့ (capability approach) က ဖြစ်ထွန်းလာတဲ့ တရားမျှတမှုဖြစ်ပါတယ်။ တတိယတခုက လူတန်းစား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ကျား-မနဲ့ လိင်စိတ်ခံယူမှု စတာတွေအပေါ် အခြေခံပြီး လူနဲ့လူချင်း အာဏာ၊ ဩဇာ တဖက်စောင်းနင်းဖြစ်မှုတွေ စနစ်တရပ်အဖြစ် အခြေခိုင်လာတာမျိုး ကို ဖယ်ရှားခြင်းဖြင့် ရရှိလာမယ့် တရားမျှတမှုဖြစ်ပါတယ်။ အာဏာ တဖက်စောင်းနင်းဒဏ် ခံခဲ့ရ သူတွေကို အသိမှတ်ပြုခြင်းနဲ့ သူတို့ရှုမြင်ခံယူ တဲ့ ‘အသံ’ထုတ်ဖော် အရေးဆိုခွင့် (recognition and voice) တွေကို အားပြုတဲ့ တရား မျှတမှု ဖြစ်ပါတယ်။
ခွဲဝေဖြန့်ဖြူးမှုနဲ့ဆိုင်တဲ့ တရားမျှတမှု မှာ အဓိကယူဆချက် နှစ်မျိုးရှိပါတယ်။ သမိုင်းတလျှောက် လွှမ်းမိုးခဲ့တဲ့ အယူအဆ ကတော့ ထိုက်တန်မှု ဒါမှမဟုတ် အရည် အချင်းပြည့်ဝမှုအပေါ်မှာသာ မူတည်ပြီး စီးပွားရေးအရင်းအမြစ်တွေနဲ့ လူမှုဘ၀ ဖူလုံ ရေးလိုအပ်ချက်တွေကို ဖြန့်ဖြူးသင့်တယ် ဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။ ဂရိတွေးခေါ် ပညာရှင် အရစ္စတိုတယ်က ဓနဥစ္စာ၊ ဂုဏ် သရေနဲ့ အခြား ခွဲခြမ်းနိုင်တဲ့အရာတွေကို ခွဲဝေဖြန့်ဖြူးရာမှာ ထိုက်တန်သလောက်၊ အရည်အချင်း အလိုက်သာ သမမျှတညီညွတ် စွာ ခွဲဝေဖြန့်ဖြူးသင့်တယ်လို့ ဆိုပါတယ်။ ၂၀ ရာစုမှာထင်ရှားတဲ့ ဒဿနပညာရှင် ရောဘတ်နိုးဇစ်ခ် (Robert Nozick) ကလည်း တရားမျှတမှု ကို တန်းတူညီမျှမှုအဖြစ် မှတ်ယူခြင်းအား ငြင်းဆန်ပြီး ကိုယ့်အားထုတ်မှုနဲ့ ထိုက်တန်လို့ရတဲ့ အသီးအပွင့်ကသာ စစ်မှန်တဲ့မျှတမှုဖြစ်တယ်၊ အားမထုတ်လို့၊ အရည်အချင်းမရှိလို့ မညီမျှမှုဖြစ်ရ တာဟာ ဖြစ်ထိုက်တယ်၊ တရားတယ်လို့ ယူဆပါတယ် (Nozick, 1974)။
ရော်နယ် ဒွါကင် (Ronald Dworkin) ကလည်း တန်းတူညီမျှမှုမရှိရခြင်းဟာ ကာယကံရှင် က တာဝန်မဲ့လို့၊ ကိုယ့်ရွေးချယ်မှုကြောင့်ကိုယ်ဖြစ်ရတဲ့ အခြေအနေနဲ့ ကာယကံရှင် မထိန်းချုပ် နိုင်တဲ့၊ ရွေးချယ်ခွင့်မရှိတဲ့ အကြောင်းရင်းအခြေအနေတွေကြောင့် ကြုံရတဲ့ မညီမျှမှုအကျိုးဆက် ဆိုပြီး နှစ်မျိုးခွဲခြားခဲ့ပါတယ်။ ပထမအခြေအနေက သှူထိုက်နဲ့သှူကံပဲမို့ မတတ်နိုင်ဘူး။ ဒုတိယ ဖြစ်တဲ့အခြေအနေကြောင့် တန်းတူညီမျှမှု ဆုံးရှုံးခဲ့ရသူတွေကို အစိုးရ ဒါမှမဟုတ် လှူအဖွဲ့အစည်း က ဖြည့်ဆည်းပေးသင့်တယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ‘ရွေးကံဆိုးခြင်း’ (poor option luck) ဟာ သှူထိုက်သှူကံဖြစ်ပြီး ‘မွေးကံဆိုးခြင်း’နဲ့ ဝီရိယ၊ ဉာဏ်ထူပါလျက်နဲ့ ကံမကူလို့ ‘ကြမ္မာ ငင်’ (bad brute luck) တာမျိုးကိုတော့ ဖြေရှင်းပေးအပ်တယ်လို့ ယူဆပါတယ်။
ဒွါကင်က အာမခံထားခြင်းကို ဥပမာပေးပြီး ဆွေးနွေးပါတယ်။ လူတိုင်း အာမခံထားနိုင် အောင် စီစဉ်ရမယ်။ ကံအကြောင်းမလှလို့ ကိုယ့်အိမ် မိုးကြိုးပစ်ခံရတယ်ဆိုပါစို့။ အာမခံထားရှိတဲ့ အတွက် ကြမ္မာငင်မှုကို ပြန်ထိန်းထေနိုင်မယ်။ အလျော်ရမယ်။ ဒါပေမဲ့ အာမခံထားခွင့်ရှိပါလျက်နဲ့ မထားတဲ့သူကို ကူဖို့အတွက် အခွန်ထမ်းပြည်သူဆီကပိုက်ဆံကို သုံးဖို့မထိုက်ဘူးလို့ ဆိုပါတယ်။ ချုပ်ပြောရရင် ဒွါကင်ရဲ့အလိုအရ ‘မွေးကံဆိုးခြင်း’နဲ့ ‘ကြမ္မာငင်ခြင်း’တွေကြောင့် ဖြစ်လာတဲ့ ကောင်းဆိုးနှစ်တန်လောကဓံကို တန်းတူညီမျှခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရမယ်။ ကိုယ့် ရွေးချယ်မှုနဲ့ကိုယ် ဖြစ်လာတဲ့ လောကဓံကိုတော့ ကိုယ့်ဘာသာကိုယ်ခံပါ ဆိုတာပါပဲ။ ဒါကို luck egalitarianism (ကံကို သာတူညီမျှဖြစ်အောင် ဆောင်ရွက်ပေးခြင်း)လို့ ဆိုပါတယ်။ ဒီတော့ ထိုက်တန်ခြင်း၊ မတန်ခြင်းကို စဉ်းစားရာမှာ ဒွါကင်ဟာ နိုဇစ်ခ်ရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ဦးထိပ် တင်ပြီး လှူအဖွဲ့အစည်းရဲ့ ပါဝင်ဆောင်ရွက်ချက်ကို အနည်းဆုံးလိုလားတဲ့ libertarianism အတွေးအခေါ်နဲ့ ကွဲလွဲပြီး သာတူညီမျှရေးကို တနည်းတဖုံ အသားပေးလာတာတွေ့နိုင်ပါတယ်။
ခွဲဝေဖြန့်ဖြူးမှုဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်တဲ့ ဒုတိယယူဆချက်ကတော့ အရည် အချင်းရှိလို့ ရထိုက်တယ်၊ မရထိုက်ဘူးဆိုတဲ့အပေါ် အခြေမခံဘဲ လိုအပ်ချက် (need) အပေါ် အခြေခံပါတယ်။ ၁၈ ရာစုနှောင်းပိုင်းမှာ ဂျာမန်ဒဿနပညာရှင် ယိုဟန်ဖိရှ်တေ (Johan Fichte) က ချမ်းသာသူများထံမှဓနဥစ္စာကို နွမ်းပါးသူများထံ ပြန်လည်ဖြန့်ဝေပေးခြင်းအားဖြင့် နိုင်ငံသား အားလုံး လက်ခံဖွယ်ရာဘဝမှာ ရှင်သန်နေထိုင်နိုင်မယ်။ ဒါဟာ တရားမျှတခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉ ရာစု ပြင်သစ်နိုင်ငံရေးသမားနဲ့ သမိုင်းပညာရှင် လူဝီဘလား (Louis Blanc) က ‘လူတိုင်း စွမ်းသလောက်လုပ် လုပ်သလောက်ရတဲ့ဘဝကနေ၊ စွမ်းသလောက်လုပ် လိုသလောက် ရမယ့်ဘဝကို ရစေရေး’ဆိုတဲ့မူကို ထုတ်ဖော်ခဲ့ပါတယ်။ နောက်တော့ ဒီစကားဟာ ကားလ်မတ် ကြောင့် ပိုရေပန်းစားလာပါတယ်။ ခေတ်သစ်မှာတော့ ဒီလိုအပ်ချက်အပေါ်အခြေခံတဲ့ ခွဲဝေ ဖြန့်ဖြူးရေးဆိုင်ရာတရားမျှတမှုကို စနစ်တကျဖော်ထုတ်တင်ပြသူက ဂျွန်ရောလ်စ် (John Rawls) ဖြစ်ပါတယ်။ ရောလ်စ်ရဲ့ အယူအဆဟာ အလွန်တရာ ဩဇာကြီးတာမို့ အနည်းငယ်ရှင်းလင်းပါမယ်။
ရောလ်စ်က တရားခြင်း၊ မတရားခြင်းဟာ မျှတခြင်း၊ မမျှတခြင်းအပေါ် မူတည်တယ်။ မျှတခြင်း ရှိမရှိကိုလည်း ဓမ္မဓိဌာန်ကျကျ ဆင်ခြင်စဉ်းစားကြည့်ခြင်းဖြင့် နားလည်နိုင်တယ်လို့ ယူပါတယ်။ ဓမ္မဓိဌာန်ကျတဲ့စဉ်းစားမှုကို အထောက်အကူပြုဖို့ မူလအခြေအနေ (original position) ဆိုတာကို တင်ပြပါတယ်။ ဒါဟာ အစဉ်အဆက်ရှိခဲ့တဲ့ လူမှုပဋိညာဉ် အယူအဆအပေါ် အခြေခံထားတာပါ။ လူဟာ သူပါဝင်နေထိုင်မယ့် လူ့အဖွဲ့အစည်းကို ဘယ်လိုလူ့အဖွဲ့အစည်း ဖြစ်စေချင်သလဲ၊ ဘယ်လိုအခွင့်အရေးတွေ ရွေးချယ်ပြီး ကျန်သူတွေနဲ့ သဘောတူညီချက် ပဋိညာဉ်ပြုချင်သလဲ စသည်ဖြင့် မူတွေကို သတ်မှတ်ပိုင်ခွင့်ရှိတဲ့ အနုမာနအခြေအနေမျိုးပါ။
ရောလ်စ်ရဲ့အဆိုပြုချက်အရ လူတွေဟာ မူလအခြေအနေမှာ မသိမှုမျက်နှာဖုံး (a veil of ignorance) အောက်မှာ ရှင်သန်နေထိုင်ပါတယ်။ ဘာကိုမသိတာလဲဆိုတော့ သူနေထိုင်ရမယ့် လှူအဖွဲ့အစည်းမှာ သူဟာ ကျား-မ လိင်ခံယူစိတ် ဘယ်လိုဖြစ်မှာလဲ၊ အသက်အရွယ် ကြီးငယ် ဘယ်လိုဖြစ်မှာလဲ၊ လူတန်းစားခြားနားမှုအရ ဆင်းရဲမှာလား၊ ချမ်းသာမှာလား၊ ကောင်းဆိုး နှစ်တန် သူတန်ဖိုးထားမှာက ဘာတွေလဲ စသည်ဖြင့် ကိုယ် ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ နေထိုင်ရမှာလဲ ဆိုတာမသိဘူး။ ဒါပေမဲ့ လူမှာ ပဓာနလိုအပ်ချက်တွေ (primary goods) တွေဖြစ်တဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ၊ ဩဇာအာဏာနဲ့ အခွင့်အလမ်းတွေ၊ ဝင်ငွေနဲ့ဓနဥစ္စာ၊ မိမိကိုယ်မိမိ လေးစားမှု တွေရှိတယ်၊ ဒီလိုအပ်ချက်တွေဟာ လူတိုင်း သူတို့ရွေးချယ်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ အထောက်အကူတွေဖြစ်တယ်ဆိုတာကိုတော့ သိတယ်။ တခါ မူလအခြေအနေက လူတွေဟာ ဆင်ခြင်တုံတရားနဲ့ညီတယ်။ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်ဖို့အတွက်၊ ကိုယ့်အကျိုးစီးပွားကို မြှင့်တင်ဖို့အတွက် ဘယ်လို အကောင်းဆုံးလုပ်ရင် ကောင်းမလဲဆိုတာကို ဆုံးဖြတ်ရာမှာ ဆင်ခြင်တုံတရားနဲ့ညီတယ်။
ချုပ်ပြောရရင် ရောလ်စ်ရဲ့ အနုမာန မူလအခြေအနေမှာ လူဟာ သူနေထိုင်ရမယ့် လူ့အဖွဲ့ အစည်းမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ နေရမယ်ဆိုတာ မသိဘူး၊ ဒါပေမဲ့ အခြေခံလိုအပ်ချက်တွေကို သိတယ်။ လိုချင်တာကို ရအောင်လုပ်ဖို့တော့ ဆင်ခြင်တုံတရားရှိတယ်။ ဒီလို ကိုယ်ဘာဖြစ်မယ် မှန်းမသိရတဲ့ အခြေအနေမှာ လူဟာ အခြေခံနိုင်ငံရေးနဲ့ စီးပွားရေးအခွင့်အရေးတွေကို ရွေးချယ် ရမယ်ဆိုပါစို့။ လူဟာ ကျန် လူ့အဖွဲ့အစည်းဝင်တွေနဲ့အတူ မသိမှုအခြေအနေ အတူတူချင်းအောက် မှာ ဘာကိုရွေးချယ်တာ သှူအတွက် အကောင်းဆုံးအာမခံချက် ဘာဖြစ်မလဲဆိုတာကို ဆင်ခြင် စဉ်းစားမှာပါ။ ဒီဆင်ခြင်စဉ်းစားချက်ဟာ တရားမှုနဲ့မျှတမှုဘက် ရှေးရှုစေမယ်လို့ ရောလ်စ်က ဆိုပါတယ်။ ဂိမ်းသီအိုရီယုတ္တိအပေါ် အခြေခံပြီး ရောလ်စ်က မသိမှုမျက်နှာဖုံးအောက်က လူဟာ အောက်ပါတရားမှု စည်းမျဉ်းနှစ်ရပ်ကို ရွေးချယ်လိမ့်မယ်လို့ ဖော်ထုတ်ပါတယ်။

(၁) လူတိုင်းဟာ အကျယ်ပြန့်ဆုံးသော အခြေခံလွတ်လပ်ခွင့်ကို တန်းတူရပိုင်ခွင့် ရှိ တယ်။ ဒီလွတ်လပ်ခွင့်ဟာ အခြားသူတွေ ရပိုင်ခွင့်ရှိတဲ့ အလားတူလွတ်လပ်မှုများနဲ့ သပ္ပါယဖြစ်ရမယ်။
(၂) လူမှုရေးနဲ့စီးပွားရေး မညီမျှမှုတွေကို
(က) အခွင့်အလမ်းမသာ အကျိုးအနည်းဆုံး လူများအတွက် အကြီးမားဆုံး အကျိုးကျေးဇူး ဖြစ်ထွန်းစေဖို့၊
(ခ) အလုပ်အကိုင်နဲ့ ရာထူးဌာန္တရများကို အခွင့်အလမ်း တန်းတူညီမျှရှိတဲ့ အခြေအနေတွေအောက်မှာ လူအားလုံးအတွက် လမ်းဖွင့်ထားဖို့ရန်အလို့ ငှာ စီမံဖန်တီးရမယ်။

ဒီစည်းမျဉ်းနှစ်ရပ် (တကယ်ကတော့ သုံးရပ်)မှာ ယှဉ်ရွေးရတဲ့ အခြေအနေရောက်ရင် အမှတ်(၁)က အရေးအကြီးဆုံး ဦးစားပေးဖြစ်ပါတယ်။ အမှတ်(၂)မှာတောင် ၂(ခ)က ၂(က)ထက် ပိုဦးစားပေးရမှာဖြစ်တယ်လို့ ရောလ်စ်က သတ်မှတ်ပါတယ်။ တကယ်တော့ အမှတ် (၁) လွတ်လပ်ခွင့်နဲ့ အမှတ် ၂(ခ) အလုပ်အကိုင်အခွင့်အလမ်း တန်းတူကိစ္စကတော့ ယေဘုယျ အားဖြင့် အငြင်းပွားစရာမရှိတဲ့ စည်းမျဉ်းတွေပါ။ စည်းမျဉ်း ၂(က)ကတော့ ရောလ်စ်ရဲ့ အရေး အပါဆုံးနဲ့ အငြင်းပွားစရာအဖြစ်ဆုံး ဖော်ထုတ်ချက်ပါပဲ။ ပဓာနလိုအပ်ချက်တွေကို ခွဲဝေဖြန့်ဖြူး ရာမှာ မညီမမျှဖြစ်မယ်ဆိုပါစို့။ မသိမှုပုဝါအောက်က ကိုယ် ပါဝင်ကပြရမယ့်ဇာတ်ရုပ်ကို မသိတဲ့ လူဟာ အကြောင်းမသင့်ရင် လူ့အဖွဲ့အစည်းမှာ အခွင့်လမ်းမသာတဲ့ အနိမ့်ပါးဆုံးအခြေအနေကို ရောက်သွားနိုင်ပါတယ်။ ဒီတော့ မသိမှုနဲ့ မသေချာမှုအောက်မှာ သှူအတွက် အာမခံချက်အရှိဆုံး ရွေးချယ်မှုက လူ့အဖွဲ့အစည်းမှာ မညီမျှမှုကို လက်ခံရမယ်ဆိုရင်လည်း အဲဒီမညီမျှမှုဟာ အခွင့် အလမ်းမသာ အကျိုးအနည်းဆုံးလူတွေ (သူလည်း အဲဒီလိုလူတယောက် ဖြစ်သွားနိုင်တဲ့အတွက် အနိမ့်ပါးဆုံးသူတွေ)အတွက် အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်ထွန်းစေသရွေ့ လက်ခံမယ်ဆိုတဲ့ ရွေးချယ်မှုပဲဖြစ်မှာပါ။ ဒါကို ရောလ်စ်က အထူးဦးစားပေးဆောင်ရွက်စေခြင်းစည်းမျဉ်း (difference principle) လို့ခေါ်ပါတယ် (Rawls, 1971; တာရာငြိမ်းချမ်း ၁၉၉၆)။ ဒီတော့ လူ့အဖွဲ့အစည်း မှာ တရားမျှတတယ်ဆိုတာ အခွင့်အလမ်း အနိမ့်ပါးဆုံးလူတွေကို အဲဒီ လူ့ အဖွဲ့အစည်းက ဘယ်လို အကောင်းဆုံး ပြုမူဆက်ဆံသလဲဆိုတာနဲ့ တိုင်းတာရမယ်လို့ ရောလ်စ်က အဆိုပြုတာပါပဲ။
အခုထိ ဆွေးနွေးသမျှဟာ notional justice လို့ခေါ်တဲ့ စံချိန်စံòန်းသီအိုရီ အခြေပြု တရားမျှတမှုအမြင်တွေပဲ ဖြစ်ပါတယ်။ ဒါကို experiential justice ခေါ်တဲ့ (လူတွေရဲ့ နေ့စဉ်ဘ၀ ဝစီကံနဲ့ ကာယကံတွေမှာ ပုံဖော်တဲ့) အတွေ့အကြုံအခြေပြု တရားမျှတမှု ရှုထောင့်အရ ကြည့်ရ အောင်ပါ။ တနည်းအားဖြင့် ရောလ်စ်ရဲ့သီအိုရီကို လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ ဘယ်လို တွေ့ရှိချက်မျိုးတွေ ပေါ်ထွက်လာသလဲဆိုတာ အကျဉ်းတင်ပြပါမယ်။ ရောလ်စ်ရဲ့ လွတ်လပ်ခွင့် ဦးစားပေးအဆိုပြုချက်နဲ့ တန်းတူအခွင့်အလမ်း အဆိုပြုချက်တွေကို ယေဘုယျအားဖြင့် ထောက် ခံမှုတွေ ရှိကြပါတယ်။ ဒါပေမဲ့ ရောလ်စ်ရဲ့ အထူးဦးစားပေးဆောင်ရွက်စေခြင်း စည်းမျဉ်းဖြစ်တဲ့ အခွင့်အလမ်းအနိမ့်ပါးဆုံးလူတွေကို အကျိုးအများဆုံးဖြစ်ထွန်းစေမှ တရားတယ်ဆိုတဲ့ အဆိုပြု ချက်ပေါ်မှာတော့ လက်ခံမှုအားနည်းတာ တွေ့ရပါတယ်။ ဖရိုလစ်ခ်ျနဲ့ အိုပင်ဟိုင်းမား Frohlich and Oppenheimer (1992) တို့ရဲ့ လက်တွေ့စစ်ဆေး သုတေသနပြုချက်အရဆိုရင် လူတိုင်း ရှင်သန်ရပ်တည်နိုင်မယ့် ဝင်ငွေအဆင့်တခုအထိ သတ်မှတ်ချက်ထားတာ၊ အဲဒီ ကြမ်းခင်းသတ် မှတ်ချက်ထက် ကျော်လွန်တဲ့ဝင်ငွေကို အခွန်ကောက်ရမယ်ဆိုတဲ့ သဘောထားမျိုးကို သုတေ သနမှာ ပါဝင်ဖြေဆိုသူ အများစု ၇၈ ရာခိုင်နှုန်းက လက်ခံခဲ့ကြပြီး ရောလ်စ် အဆိုပြုချက်ကို လက်ခံတဲ့သဘောထားဟာ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။
မစ်ချဲလ်နဲ့ ကျန်သုတေသီတွေ Mitchell et al. (1993) လုပ်တဲ့ စမ်းသပ်ချက် မှာတော့ ရောလ်စ်ရဲ့အဆိုပြုချက်ကို အနည်း ငယ် ပိုမိုလက်ခံတဲ့သဘောမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းခြင်းအပါအဝင် အခြား ပစ္စက္ခ အကျင့်စရဏနဲ့ မဆက်စပ်တဲ့ အကြောင်းတွေက လူ့ဝင်ငွေကို ဆုံးဖြတ်နေ တယ်ဆိုရင်တော့ လူတွေဟာ တန်းတူညီမျှမှု ကို ပိုလိုလားတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အလုပ်ဖြစ်ထိရောက် (efficiency) ရင် ပြီးတာ ပဲဆိုတဲ့ သဘောမျိုးကိုတော့ လက်မခံကြဘူး လို့ အဲဒီသုတေသနတွေ့ရှိချက်က ဆိုပါတယ်။ ဒီတော့ အခွင့်အလမ်းမသာတဲ့ လူတွေ အတွက် တန်းတူညီမျှမှုကို ဦးစားပေးအဖြစ် လက်ခံရာမှာလည်း ခြွင်းချက်အခြေအနေ မျိုးကို ထည့်တွက်တယ်ဆိုတာ တွေ့ရပါ တယ်။ မစ်ချဲဘက်ခ်ျ အပါအဝင် သုတေသီ လေးဦး Michelbach et al. (2003) တို့ရဲ့ လက်တွေ့စမ်းသပ်မှုမှာတော့ မျှတတဲ့ ဝင်ငွေခွဲဝေဖြန့်ဖြူးမှု ကို လူတွေဟာ ပိုမိုလိုလားကြတယ်။ အထူးသဖြင့် တန်းတူညီမျှမှုနဲ့ပတ်သက်လို့ ကျား-မ ရှုမြင်ပုံ ကွဲပြားမှုရှိတယ်လို့ ဆိုပါတယ်။ ဒီသုတေသနအလိုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တန်းတူညီမျှရေးကို ပိုပြီးအလေးထားကြတယ်။ အမျိုးသားတွေကတော့ အလုပ်ဖြစ်ထိရောက်မှု (efficiency) ဘက်ကို ပိုတိမ်းညွတ်ကြတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာကတော့ တန်းတူညီမျှ ရေးအပေါ်မှာ ကျား-မ သဘောထားကွဲတာရှိပေမဲ့ လူမျိုးရေးအရ ရှုမြင်ပုံမှာတော့ ထူးထူးခြားခြား ကွဲတာမရှိပါဘူး။ ပုံမှန်အားဖြင့် အစဉ်အလာအရ အခွင့်လမ်းမသာတဲ့ လူနည်းစုလူမျိုးတွေဟာ လူဖြူတွေထက် သာတူညီမျှဖြစ်ရေးကို ပိုမိုလိုလားဖွယ်ရှိတယ်လို့ ထင်ရပေမယ့် ဒီသုတေသန အလိုအရတော့ လူဖြူမဟုတ်တဲ့ လူနည်းစုလူမျိုးစုဝင်တွေဟာ အဲဒီလို သဘောထားမျိုးမရှိပါဘူး။ သူတို့က တန်းတူညီမျှမှုထက် အလုပ်ဖြစ်သူ ထိရောက်စတမ်းဆိုတဲ့ efficiency အမြင်မျိုးတောင် ပိုကဲတာရှိတယ်လို့ ဆိုပါတယ်။
ဒီဘက်နောက်ပိုင်းမှာတော့ အိုပင်ဟိုင်းမား Oppenheimer (2012) က ရောလ်စ်ရဲ့ လွတ်လပ်မှုအဆိုပြုချက် စည်းမျဉ်းအမှတ် ၁ ကလွဲလို့ ကျန်စည်းမျဉ်းတွေကို သူနဲ့ ဖရိုလစ်ခ်ျ စမ်းသပ်ခဲ့သလို ဂျပန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်၊ ပိုလန်၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ရှိခဲ့တဲ့ရလဒ်တွေကို ခြုံငုံကြည့်တဲ့အခါ အားလုံးဟာ အတူတူနီးပါးဖြစ်တယ်လို့ ဆိုပါတယ်။ လူတိုင်းမှာရှိသင့်တဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်။ ဒီထက်ပိုပြီး အလုပ် ကြိုးစားတဲ့လူ၊ စွန့်စားရှာဖွေတဲ့သူတွေကိုတော့ အမြတ်အစွန်းရရှိခွင့်ပြုတာဟာ တရားတဲ့ ထိုက် တန်မှုပဲဖြစ်တယ်လို့ ရလဒ်တွေကညွှန်ပြပါတယ်။ ချုပ်ပြောရရင်တော့ ရောလ်စ်ရဲ့အဆိုပြုချက်တွေ ဖြစ်တဲ့ လွတ်လပ်မှုနဲ့ တန်းတူအခွင့်အလမ်းစည်းမျဉ်းတွေကို လက်တွေ့ဘ၀ တရားမျှတမှုမှာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြပြီး အခွင့်အလမ်းမသာသူများကို အကျိုးကျေးဇူး အများဆုံးဖြစ် အောင် အထူးဦးစားပေးရေးကိုတော့ လက်ခံမှုနည်းပါးပါတယ်။ အဲဒီအစား လူ့အခြေခံလိုအပ် ချက်များ ဖြည့်ဆည်းပေးရေးကို လူ့အဖွဲ့အစည်းက တာဝန်ယူမယ်။ လိုအပ်ချက်တွေ ပြည့်ပြီး ရင်တော့ လူဟာ သူ့အားထုတ်မှုဝီရိယ၊ သူ့အရည်အချင်းနဲ့သူ ခံစားစံစားခွင့်ရှိတယ် ဆိုတဲ့ တွေ့ရှိချက်ဟာ လက်ရှိသုတေသနတွေမှာ ပိုမိုသဘောတူညီတဲ့ရလဒ်အဖြစ် သိသာပါတယ်။
ဒီနေရာမှာ အခြေခံလိုအပ်ချက်ကို ထိုက်တန်တယ်ဆိုရင် အခြေခံလိုအပ်ချက်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ရောလ်စ်ကတော့ ပဓာနလိုအပ်ချက်တွေ (primary goods) ဆိုတာ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ၊ ဩဇာအာဏာနဲ့ အခွင့်အလမ်းတွေ၊ ဝင်ငွေနဲ့ဓနဥစ္စာ၊ မိမိကိုယ်မိမိ လေးစားမှုစတာတွေဖြစ်တယ်လို့ ဖွင့်ဆိုခဲ့ပါတယ်။ ဒီဝိဂြိုလ်ပြုချက်ဟာ မပြည့်စုံ ဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါကို ထောက်ပြသူတွေထဲမှာ ဩဇာကြီးမားသူ ပညာရှင်တဦး ကတော့ အမာတြာဆမ် Amartya Sen (1992) ဖြစ်ပါတယ်။
လူမှုတရားမျှတမှုရဲ့ ဒုတိယမျက်နှာစာအဖြစ် (ဒီဆောင်းပါး အထက်တနေရာမှာ ဖော်ပြ တဲ့) လူဟာ သူနှစ်သက်ဆောင်လိုရာကို ရွေးချယ်စရာအခွင့်အလမ်းရှိလို့၊ စွမ်းဆောင်ရည်ရှိလို့ ရွေးချယ်ဆောင်ပြီး ကျေနပ်မှုရှိတဲ့ (capability approach) ယူဆချက်ကို ဖော်ထုတ်သူဟာ ဆမ်ပဲ ဖြစ်ပါတယ်။ တရားမျှတတဲ့ လှူအဖွဲ့အစည်းမှာ လူတိုင်း သူလုပ်ချင်တာ၊ ဖြစ်ချင်တာကို ရွေးချယ် စွမ်းဆောင်နိုင်စွမ်း (capabilities) ရှိတယ်လို့ ဆမ်က ရှုမြင်ပါတယ်။ ဆမ်က ရောလ်စ်ရဲ့ ပဓာန လိုအပ်ချက်တွေဟာ လူသားအနေနဲ့ ဘဝဦးတည်ချက်ပေါက်မြောက်အောင် အထောက်အကူ ပြုတဲ့ ငြမ်းသဖွယ် လိုအပ်ချက် means မျှသာဖြစ်တယ်။ ရှေးရှုဦးတည်တဲ့ ဘဝပန်းတိုင် ends မဟုတ်ဘူးလို့ ထောက်ပြပါတယ်။ ဆမ်က ဘဝပန်းတိုင်အတွက် အထောက်အကူပြုတဲ့ လိုအပ်ချက် means တွေကို functionings လို့ ခေါ် ဆိုပါတယ်။
Functionings ကို အချက်အလက် ဒါမှမဟုတ် ပဓာနဖြစ်သောအရာလို့ ပြန်ဆိုချင်ပါ တယ်။ ပဓာနဖြစ်တဲ့အရာဆိုတာ ဘဝတခုရပ်တည်ရှင်သန်ဖို့ ဖြစ်ချင်တဲ့ ဒါမှမဟုတ် လုပ်ချင်တဲ့ အကြောင်းအချက် အထွေထွေပါပဲ။ ဒီအကြောင်းအချက်လက်တွေထဲမှာ လူတဦးရဲ့ ကာယ၊ စိတ္တ နှစ်ဖြာစလုံးနဲ့ပတ်သက်တဲ့ ပဓာနလိုအပ်ချက်တွေ ပါဝင်ပါတယ်။ အလုပ်လုပ်ခြင်း၊ အနားယူခြင်း၊ အာဟာရပြည့်ဝခြင်း၊ စာတတ်မြောက်ခြင်း၊ အနာရောဂါဘေးက ကင်းဝေးခြင်း၊ ရပ်ရေးရွာရေး ပါဝင်ဆောင်ရွက်ခြင်း၊ ဂရုဓမ္မပြု လေးစားမှုခံရခြင်း စတာတွေ ပါဝင်ပါတယ် (Sen, 1999)။ လူမှာ ဒီပဓာနလိုအင်ဆိုတဲ့ အချက်အလက် ပြည့်စုံဖို့လိုတယ်။ ဒီ ပဓာနလိုအပ်ချက်တွေဟာ ဘ၀ ပန်းတိုင်အတွက် အထောက်အကူပြုတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဘဝပန်းတိုင် (တနည်းအားဖြင့်) လူမှုတရားမျှတမှုရဲ့ ပန်းတိုင်ကတော့ ဒီ ပဓာနလိုအပ်ချက်တွေထဲ လူဟာ သူ ဆောင်ချင်တဲ့ ပဓာနအရာတွေကို သူဆောင်မယ်။ သူဆောင်ချင်တာကိုဆောင်ပြီး ပေါက်မြောက် ကျေနပ်မှုရှိတဲ့ဘဝကို ရွေးချယ်တာကသာ ပန်းတိုင်ဖြစ်တယ်။ ဒါကို capabilities (ဆောင်လိုရာ ရွေးချယ်ဆောင်ပြီး ကျေနပ်မှုရှိခြင်း)လို့ ဆိုပါတယ်။ သူ့နှစ်သက်မှု၊ သူ့ပတ်ဝန်းကျင်အရ သူ တန်ဖိုးထားတဲ့ ရလဒ်ရဖို့ ရွေးချယ်စရာအခွင့်အလမ်းရှိခြင်းနဲ့ စွမ်းဆောင်ရည်ရှိခြင်းပါပဲ။ လူ တဦးရဲ့ ရွေးချယ်နိုင်စွမ်းဟာ လှူဘဝအရည်အသွေးပါပဲ။ ဒီနေရာမှာ ဘဝရှင်သန်ခြင်းဆိုင်ရာ နည်းလမ်းအချက်အလက်နဲ့ ဘဝပန်းတိုင်ဖြစ်တဲ့ ရွေးချယ်ခွင့်နဲ့ ရွေးချယ်နိုင်စွမ်းအကြား ဆက် စပ်မှုကို အနည်းငယ် ရှင်းလင်းပါမယ်။ ဥပမာ- ငတ်ခြင်းဟာ အချက်အလက်ပါပဲ။ ပဓာနကျတဲ့ ဝေဒနာတရပ်ပါပဲ။ ဒါပေမဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေါ်မူတည်ပြီး ငတ်ခြင်းဟာ ကွဲလွဲသွား ပါတယ်။ ဆိုပါစို့ လူဟာ ဥပုသ်စောင့်မယ်၊ ဒါဟာ အငတ်ဘေးကြုံတာမဟုတ်ဘဲ ရွေးချယ်ပြီး အငတ်ခံတာဖြစ်တယ်။ ဒါကြောင့် လူဟာ သူကြိုက်တဲ့ အချက်အလက်တွေ၊ ပဓာနလိုအပ်ချက် တွေကို သူရွေးမယ်။ အချက်အလက်အပေါင်းအစုတွေကြားထဲက ကိုယ်ကြိုက်ရာ ကိုယ်ရွေးချယ် နိုင်တဲ့ လွတ်လပ်ခွင့်ဆိုတာ ဆောင်တိုင်းပေါက်တာမျိုး (capabilities) ဖြစ်ပါတယ်။
ရောလ်စ်ရဲ့ အယူအဆအရ ပဓာနလိုအပ်ချက်ဆိုတာ ဘယ်အခြေနေမှာမဆို လူတိုင်း အတွက် လိုအပ်တယ်၊ ကျေးဇူးများတယ်လို့ ဆိုလိုတာပါ။ ဆမ်ကတော့ ဒီအယူအဆကို ဝေဖန်ပြီး အသက်အရွယ်၊ ကျား-မခံယူစိတ်ကွဲပြားမှုနဲ့ ဗီဇပေးထားချက်မတူညီမှု စတဲ့ လူမှုဝန်းကျင် ဆက်စပ်အခြေအနေတွေ ခြားနားတဲ့အခါ ပဓာနအချက်အလက်ဖြည့်ဆည်းမှုဟာ မတူညီတဲ့ ရလဒ်ကို ဖြစ်စေမယ်လို့ဆိုပါတယ်။ ဥပမာ- မိသားစုဝင်ထဲက အမျိုးသားအဖော်မပါဘဲ အမျိုးသမီး တွေကို စက်ဘီးစီးခွင့်မပြုတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို စက်ဘီးပေးတာဟာ သူတို့ရဲ့ လွတ်လပ်စွာသွားလာခွင့်ကို မြှင့်တင်ပေးဖို့အတွက် လုံလောက်တဲ့အကြောင်း မဖြစ်နိုင်သေး ပါဘူး။ အဖော်မပါဘဲ တယောက်ထဲစီးပိုင်ခွင့်ရှိတဲ့ အခြေနေမျိုး ဖန်တီးပေးနိုင်မှသာလျှင် အမျိုး သမီးတွေရဲ့ လွတ်လပ်ခွင့်ကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပဓာနအကြောင်းအချက်တွေဖြစ်တဲ့ အရင်းအမြစ်တွေကို မှန်းချက်အတိုင်း ရလဒ်ကောင်းထွက်ဖို့ ဆိုရင် အခြေအနေနဲ့ကိုက်ညီတဲ့ ရွေးချယ်ခွင့်ရှိပါမှဖြစ်မယ်လို့ ဆမ်ကယူဆပါတယ်။ အရင်းအမြစ် အကြောင်းအချက်တွေကို အခြေအနေနဲ့ကိုက်အောင် ပြောင်းလဲ အကျိုးကျေးဇူးရှိစေခြင်း (concept of conversion factors) ဆိုတဲ့ အယူအဆကို ဆမ်ကတင်ပြခဲ့တာပါ။ ဒါကြောင့် ဆမ် အတွက်ကတော့ လူမှုတရားမျှတမှုဆိုတာ ဝင်ငွေ၊ အာဟာရပြည့်ဝခြင်းစတဲ့ ပဓာန အချက် အလက်တွေ (functionings) တွေ ကောင်းမွန်အောင် ဆောင်ရွက်ပေးရုံသာမက အချက်အလက် အပေါင်းအစုတွေကြားထဲက ကိုယ်ကြိုက်ရာ ကိုယ်ရွေးချယ်နိုင်ပြီး ဆောင်တိုင်းပေါက်တဲ့ (alternative functioning sets of capabilities) လွတ်လပ်ခွင့်ကို အားပေးနိုင်မှသာ ဖြစ်ထွန်းပါတယ် (Kim and Sherraden, 2014)။
ဒီတော့ စီးပွားရေးတိုးတက်တာ ကောင်းတယ်။ ဒါပေမဲ့ ဒါဟာ လူ့လွတ်လပ်ခွင့်ကို တိုးမြှင့်စေရေးအတွက် နည်းလမ်းမျှသာဖြစ်တယ်။ ပန်းတိုင်မဟုတ်ဘူးလို့ ဆမ်က ဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုမှာ တရားမျှတမှုနဲ့ ဒီမိုကရေစီဆိုတဲ့ အဓိကအစိတ်အပိုင်းနှစ်ခု ပါဝင်တယ်လို့ ဆမ်က အဆိုပြုတင်ပြပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့ရဲ့ ကျော်ကြားလှတဲ့ အငတ်ဘေးဆိုက်ခြင်း ဆိုင်ရာ လက်တွေ့သုတေသနမှာ ဆမ်က အခုလိုဖော်ပြပါတယ်။ အစာရေစာဖူလုံမှု သိသိသာသာ လျော့ကျသွားခြင်းမရှိတဲ့ ဒေသတွေမှာ အငတ်ဘေးဆိုက်ရပုံကို ဆမ်က ရေးပါတယ်။ ဥပမာ- ၁၉၄၇ ခုနှစ် ဘင်္ဂလားဒေသနဲ့ ၁၉၇၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အငတ်ဘေးဆိုက်ဖို့ဆိုတာ အဲဒီအချိန်က ဒီဒေသတွေမှာ စားနပ်ရိက္ခာဖူလုံမှု အထောက်အထားတွေအရဆိုရင် ဖြစ်ကိုမဖြစ် သင့်ဘူး။ ဒါပေမဲ့ စားသောက်ကုန်ဈေးတွေ မြှင့်ထားတာ၊ အလုပ်လက်မဲ့ဖြစ်နေကြတာ၊ ခွဲဝေ ဖြန့်ဖြူးမှုမှာ မမျှတတာနဲ့ လူမှုဖူလုံရေးစနစ် ကင်းမဲ့တာတွေကြောင့် ဝင်ငွေနည်းတဲ့လူတွေအနေနဲ့ အစာရေစာမဝယ်နိုင်လို့ အငတ်ဘေးဆိုက်ရခြင်းသာဖြစ်တယ်လို့ ဆမ်က သုတေသနလုပ်ပြီး ထောက်ပြပါတယ် (Sen, 1983)။ တနည်းအားဖြင့် တရားမျှတခြင်းမရှိတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အစီအမံတွေက ပြည်သူတွေရဲ့ အစာရေစာရပိုင်ခွင့်၊ ကျန်းမာရေးနဲ့ အာဟာရဖြည့်တင်းနိုင်ခွင့် တွေကို အာမခံမပေးတဲ့အတွက် ဒီဒေသတွေမှာ အငတ်ဘေးဆိုက်ရတာလို့ ဆမ်က ကောက်ချက် ချပါတယ်။ အာဟာရပြည့်ဝခြင်း (အစာရေစာဖူလုံမှု)ဆိုတဲ့ ပဓာနအရာ functionings က ရှားပါး လို့မဟုတ်ဘဲ ရွေးချယ်ခွင့်မရှိတဲ့အခြေအနေ (capability deficit) ကြောင့် အငတ်ဘေးဆိုက်ရ တာ ပေါ်လွင်ပါတယ်။
ဒီသုတေသနကို အာဖရိကနိုင်ငံတွေ အတော်များများမှာ လုပ်တဲ့အခါ အလားတူရလဒ် မျိုးပဲ တွေ့ရပါတယ်။ အစာရေစာထုတ်လုပ်မှု အကြီးအကျယ် ကျဆင်းခဲ့တာတောင်မှ ဆင်းရဲပေမဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ၊ ဥပမာ- ဘော့ဆွာနာ (Botswana) နဲ့ ဇင်ဘာဘွေ (Zimbabwe) တို့ဟာ သူတို့ရဲ့ အချိန်မီ ဆီလျော်တဲ့မူဝါဒတွေကြောင့် အငတ်ဘေးပြဿနာကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်မှု နှိုင်းယှဉ်ချက်အရ အနည်း ငယ်ပဲကျဆင်းခဲ့တဲ့ နိုင်ငံတွေဖြစ်ပေမဲ့ အာဏာရှင်စနစ်ကျင့်သုံးတဲ့ ဆူဒန် (Sudan) နဲ့ အီသီယို ပီးယား (Ethiopia) တို့ဟာ အငတ်ဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရတယ်လို့ ဆမ်က ထောက်ပြ ပါတယ်။ လက်တွေ့သုတေသနဥပမာတွေကို အခြေခံပြီး အငတ်ဘေးဆိုက်ရခြင်းရဲ့ အခြေခံကျတဲ့ အကြောင်းတရားဟာ ‘အုပ်စိုးသူတွေဟာ အုပ်စိုးခံတွေနဲ့ နိုင်ငံရေးအရ ကင်းကွာ အဆက်ပြတ်တာ’ (political alienation) ကြောင့်သာဖြစ်တယ်လို့ ဆမ်က အဆိုပြုပါ တယ် (Sen, 1995)။ အုပ်စု တစုစုက အောက် ခြေနင်းပြားတွေကို လျစ်လျူရှုပြီး သူတို့အုပ်စု အကျိုး ကွက်ကွက်အတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေချလို့ အငတ်ဘေးတွေ ဆိုက်ရတာဖြစ်တယ်။ ဒီမိုကရေစီစနစ်ကသာ အုပ်စိုးသူတွေရဲ့ပုခုံးထက်ကို အငတ်ဘေးဖြစ် လာရင် ဘယ်လိုစီမံခန့်ခွဲရတယ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို တင်ပေးနိုင်စွမ်းတာလို့ ဆမ်ကယူဆပါတယ် (Kim and Sherraden, 2014)။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုသဘောပဲ ဖြစ်ပါတယ်။ ဆမ်ရဲ့ ရွေးချယ်ခွင့် အခြေပြုတဲ့ တရားမျှတမှုအမြင် ဟာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း အထူးတလည် အာရုံထားတာ တွေ့ရပါတယ်။
ဆမ်ရဲ့အယူအဆတွေဟာ နိုင်ငံတကာ လူမှု မူဝါဒချမှတ်ရေးမှာ လမ်းကြောင်းသစ်တရပ် အဖြစ် ၁၉၉၀ ပြည့်နှစ်များမှာ အလွန်ဩဇာကြီးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်၊ ချမ်းသာတဲ့နိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ကူညီထောက်ပံ့မှုဟာ လမ်းကြောင်းသစ်အပေါ် ရောက်လာပါတယ်။ အရင်က ငွေပင်ငွေရင်းအားပြုတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းကြီးတွေကို ပံ့ပိုးနေရာက ပြည်သူ့ကျန်းမာရေးနဲ့ အခြေခံပညာရေးတွေ ကို ပိုမိုထောက်ပံ့ သုံးစွဲလာပါတယ်။ ခွဲခြားဆက်ဆံမှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ အမျိုးသမီးများရဲ့ ရွေးချယ်ခွင့်အခြေပြု စွမ်းဆောင်ရည်ကို ပိုမိုအသိမှတ်ပြုလာကြပြီး အမျိုးသမီးတွေအတွက် အထူးအစီအစဉ်တွေ ချမှတ်လာကြပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာလည်း ရွေးချယ်ခွင့်အခြေပြု တရားမျှတမှုအမြင်ကြောင့် ဝင်ငွေတိုးပွားစေရေး အစီအမံတွေမှာ လူတဦးချင်းစီတိုင်း သူ့ဖွံ့ဖြိုး တိုးတက်မှုအတွက် သူ ပိုတာဝန်ယူရွေးချယ်စေတဲ့ဘက်ကို ဦးတည်လာပါတယ် (Blim, 2007)။
ဒါပေမဲ့ ဝေဖန်သူတချို့ကတော့ ဆမ်ရဲ့ရွေးချယ်မှုအခြေပြု အယူအဆဟာ အာဏာရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားမှုမရှိဘူးလို့ ထောက်ပြပါတယ်။ ဒီမိုကရေစီစနစ်ဆိုတိုင်း ဒီမို ကရေစီနည်းကျ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ အာမခံချက်မရှိဘူးဆိုတာ ဆမ်ရော၊ သူက သူနဲ့ကွဲလွဲတယ်လို့ပြောတဲ့ လစ်ဘရယ်သမားတွေရော လျစ်လျူရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ လူ့ အဖွဲ့အစည်းမှာ အာဏာခွဲဝေထားမှုတွေဟာ မညီမျှဘူး၊ နိုင်ငံရေးနယ်ပယ်ဆိုတာ အုပ်စုတစုစုက ကျန်အုပ်စုတွေရဲ့ အရင်းအမြစ်၊ အာဏာနဲ့ လွတ်လပ်ခွင့်ကျင့်သုံးနိုင်စွမ်းကို ကန့်သတ်ဖို့ အား ထုတ်တဲ့၊ အားပြိုင်တဲ့နယ်ပယ်ပဲဖြစ်တယ်လို့ မာသာနက်စ်ဘန်း Martha Nussbaum (2003) က ဆိုပါတယ်။ ဒါကြောင့် အာဏာမွဲတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ လူနည်းစု လူမျိုး ဘာသာဝင်တွေ၊ မသန်စွမ်းတွေ စတာတွေဟာ လူ့ အဖွဲ့အစည်းမှာ ကိုယ်စားပြုခွင့် တန်းတူအခွင့် အရေး မရကြပါဘူး။ ဒီလိုအာဏာခွဲဝေမှု ကွာဟချက်ကို ထည့်မတွက်ဘဲ၊ ဒီမိုကရေစီကို ဘယ်ဘက်မှမလိုက်ဘဲ သမာသမတ်ကျကျ ဖြန်ဖြေနိုင်တဲ့စနစ်အဖြစ် ယူဆတာဟာ မလျော်ကန်ပါဘူး။ နက်စ်ဘန်းက လွတ်လပ်ခွင့်ကို မြှင့်တင်တယ်ဆိုတာ နိုင်ငံရေးအရ ရည်မှန်းချက်တခုခုကို ပေါက်မြောက်အောင် ဦးတည်လုပ်တဲ့ ပရောဂျက်ပါပဲလို့ဆိုပါတယ်။ လူချမ်းသာတွေက သူတို့ လွတ်လပ် ခွင့်ကို ကျင့်သုံးတာဆိုပြီး သူတို့ကြိုက်တဲ့ နိုင်ငံရေးသမားအတွက် ငွေပုံအောလှူတာဟာ ဆင်းရဲ သား နင်းပြားတွေရဲ့ နိုင်ငံရေးမှာပါဝင်နိုင်မယ့် လွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်တာပါပဲလို့ နက်စ်ဘန်းက ထောက်ပြပါတယ် (Nussbaum, 2003)။ နက်စ်ဘန်းဟာ ဆမ်ရဲ့ အယူအဆကို ချဲ့ထွင်တင်ပြခဲ့သူအဖြစ် ထင်ရှားပါတယ်။
ဒီအာဏာအချိုးမညီတဲ့ ပကတိဘာဝကို ဦးစားပေးစဉ်းစားတာဟာ အထက်မှာ အဆိုပြု ခဲ့တဲ့ လူမှုတရားမျှတမှု မျက်နှာစာသုံးရပ်အနက် တတိယမြောက်အယူအဆပဲ ဖြစ်ပါတယ်။ အထက်မှာ ခွဲဝေဖြန့်ဖြူးမှုနဲ့ဆိုင်တဲ့ တရားမျှတမှုနဲ့ ရွေးချယ်နိုင်စွမ်းအခြေပြု တရားမျှတမှု အယူ အဆတွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီးပြီမို့ အာဏာတဖက်စောင်းနင်းဒဏ် ခံခဲ့ရသူတွေကို အသိ အမှတ်ပြုခြင်းနဲ့ သူတို့ ရှုမြင်ခံယူတဲ့ ‘အသံ’ထုတ်ဖော်အရေးဆိုခွင့် (recognition and voice) တွေကို အားပြုတဲ့ တရားမျှတမှုအကြောင်းကို အကြမ်းဖျဉ်းတင်ပြပါမယ်။
ဒီအယူအဆကို အဓိက ထောက်ခံတင်ပြသူတဦးဖြစ်တဲ့ အိုင်းရစ်ယန်း (Iris Marion Young) က လူမျိုး၊ ဘာသာ၊ လူတန်းစား၊ လိင်ကွဲပြားခြားနားမှုများကို လျစ်လျူရှုပြီး လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသင့်တယ်ဆိုတဲ့ (difference-blind liberalism) လစ်ဘရယ်အယူအဆ ကိုယ်၌က ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ခြားနားမှုတွေကို အာရုံမထားနဲ့ဆိုတဲ့ လစ်ဘရယ်လောကအမြင် (liberal paradigm) အရ လူလူချင်း ဆက်ဆံရေးမှာ ကျား-မ၊ လူမျိုး စသဖြင့် ခွဲခြားမှုတွေကိုမထားရှိဘဲ တန်းတူညီမျှဆက်ဆံမှသာ လူ့အဖွဲ့အစည်းအတွင်း တရား မျှတမှုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ မှတ်ယူတာပါ။ ဒါပေမဲ့ ယန်းကတော့ တန်းတူညီမျှမှုကို တန်းတူညီမျှဆက်ဆံရေးနဲ့ ထပ်တူပြုအဓိပ္ပာယ်ကောက်တာကို လက်မခံပါဘူး။ ဒီလို ထပ်တူပြု တာဟာ လူ့အဖွဲ့အစည်းအတွင်း အဆင့်အတန်းကြောင့်ဖြစ်စေ၊ အလုပ်ခွဲဝေမှုကြောင့်ဖြစ်စေ၊ သင်ယူခွင့်ရတဲ့ အရည်အချင်းကြောင့်ဖြစ်စေ၊ လူတောတိုးခွင့်ရမှ အရာဝင်တဲ့ ဘဝဟန်ပန်တွေ ကြောင့်ဖြစ်စေ သမိုင်းစဉ်တလျောက် အဖယ်ကျဉ်ခံထားရသူတွေနဲ့ ကျန် အခွင့်ထူးရှိသူတွေ အကြား နက်ရှိုင်းတဲ့ ရုပ်ဝတ္ထုဆိုင်ရာခြားနားမှုတွေကို လျစ်လျူရှုရာရောက်တယ်လို့ ဆိုပါတယ်။ လူတန်းစား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ကျား-မနဲ့ လိင်စိတ်ခံယူမှု စတာတွေပေါ် အခြေခံပြီး လူနဲ့လူချင်း အာဏာ၊ ဩဇာ တဖက်စောင်းနင်းဖြစ်မှုတွေ စနစ်တရပ်အဖြစ် အခြေခိုင်လာတာမျိုး ကို မဖယ်ရှားဘဲ၊ အဲဒီလို ကွဲပြားခြားနားမှုကို အာရုံမပြုဘဲ လူတိုင်း အပေါ် တန်းတူဆက်ဆံလိုက်ရုံနဲ့ လူမှုတရားမျှတမှု ပေါ်ထွန်းလာမှာမဟုတ်ဘူးလို့ ဆိုလိုတာပါ။ ယန်းအလိုအရတော့ အခြေခံကျတဲ့ တန်းတူညီမျှမှုကို တကယ်အလေးအနက် ဆောင်ရွက်လိုတယ်ဆိုရင် အဲဒီ ကွဲပြားခြားနားမှုတွေကို လျစ်လျူမရှုဘဲ အာရုံထားဖြေရှင်းရမှာဖြစ်တယ်လို့ ဆိုပါတယ် (Young, 2008)။
ကွဲပြားခြားနားမှုအပေါ်အခြေခံတဲ့ မတရားမှုဆိုရာမှာ နှစ်မျိုးရှိပါတယ်။ တခုက လူ့အဖွဲ့ အစည်းမှာ အလုပ်ခွဲခြားမှု လူတန်းစားအရဖြစ်စေ၊ ကျား-မ သဘောအရဖြစ်စေ၊ လူမျိုးအရဖြစ်စေ ရပ်တည်နေရတဲ့ နေရာပေါ်မူတည်ပြီး စနစ်တွေ၊ အင်စတီကျူးရှင်းတွေ၊ ကျင့်ထုံးတွေက လူ့ဘဝရဲ့ သာယာဝပြောရေး အခွင့်အလမ်းတွေကို ကန့်သတ်တဲ့အတွက် မတရားမှုကြုံရခြင်းပါ။ ဥပမာ- အမျိုးသမီးတွေဟာ အိမ်မှုကိစ္စဝိစ္စတွေ အကုန်လုပ်ပြီး ဒါကို တန်ဖိုးသတ်မှတ်စရာမလိုတဲ့အလုပ် လို့ သဘောထားနေကြတဲ့အပြင် (လခမရဘဲ အိမ်မှာရှိနေသူတွေကို စောင့်ရှောက် ဖြည့်ဆည်းနေ ရတဲ့ဘဝအပြင်) ဒါကိုပဲ တာဝန်အဖြစ် မလုပ်မနေရ သဘောထားနေကြတဲ့အခါ အမျိုးသမီးတွေ အတွက် ကျန် ဘဝအခွင့်အလမ်းတွေဆုံးရှုံး ဒါမှမဟုတ် နောက်ကျကျန်ရစ်ရတဲ့ အခြေအနေမျိုး ကို အိုင်းရစ်ယန်းက ထောက်ပြတာပါ။
နောက်တခုကတော့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ၊ ယုံကြည်မှုအရ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ကန့်သတ်ခံရတာ၊ ယဉ်ကျေးမှုထုံးတမ်းအရ သင်းပင်းပေါင်းစည်းခွင့် ကန့်သတ်ခံရ တာကနေ အရင်းခံလာတဲ့ မတရားမှုပါ။ အဲဒီလို ကန့်သတ်ခံရတဲ့အတွက် ကိုယ်နှစ်သက်ရာ ဘ၀ ဟန်ပန် နေထိုင်ပုံကို ရွေးချယ်ခွင့်ရအောင် တွန်းလုပ်မယ်ဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေးအရ အရာ သွင်းမခံရတဲ့ ဆုံးရှုံးမှုမျိုး ရင်ဆိုင်ရပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး လူနည်းစုတွေ၊ အမျိုးသမီး စတဲ့ သမိုင်းစဉ်တလျောက် အဖိနှိပ်ခံတွေအတွက် ကိုယ်နှစ်သက်ရာ ကိုယ်ရွေးချယ်မှုဟာ အများ ညီတိုင်း ‘ဤ’ကို ‘ကျွဲ’ဖြစ်ရမယ်ဆိုတဲ့ ကြီးစိုးအင်အားရဲ့ ဖိစီးမှုအောက်မှာ အသံမထွက်နိုင်၊ ခေါင်း မဖော်နိုင် ဖြစ်ရတတ်ပါတယ်။ ကိုယ်ရွေးချယ်လိုရာ၊ ယုံကြည်ရာကို ထုတ်ဖော်ပြောတဲ့အတွက် ဗြောင်ကျကျ အဖိနှိပ်ခံရတာကစလို့၊ စီးပွားရေးနဲ့ လူမှုဆက်ဆံရေးမှာ အကြဉ်အဖယ်ခံရတာ အလယ်၊ စံလွဲနေတဲ့ ဘောင်မဝင်သူတွေ၊ ပုံမှန်မဟုတ်သူတွေအဖြစ် သတ်မှတ်ခံရတာမျိုးအထိ ကြုံရတတ်ပါတယ်။ အိုင်းရစ်ယန်းကတော့ လူနည်းစုအုပ်စုဝင်တွေရဲ့ တဦးချင်းဘဝဟာ သက် သောင့်သာယာရှိစေဦးတော့ ကြီးစိုးအုပ်စုရဲ့ ယဉ်ကျေးမှုဓလေ့က တမိုးလုံးဖျောက်ဆိပ် လွှမ်းမိုး နေတယ်ဆိုရင် လူနည်းစုယဉ်ကျေးမှုတွေဟာ ပျောက်ကွယ်သွားနိုင်မယ့် အန္တရာယ်ရှိတယ်လို့ ထောက်ပြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လစ်ဘရယ်အတွေးအခေါ်ကသွန်သင်တဲ့ လူအားလုံး တန်းတူပဲဆိုတဲ့ အယူဝါဒနဲ့လမ်းစဉ်ဟာ လုံလောက်တဲ့ကုထုံး မဟုတ်တော့ဘူးလို့ သူက ဆိုပါ တယ်။ ကွဲပြားခြားနားမှုများရှိစေကာမူ နိုင်ငံတော်နဲ့ဥပဒေက နိုင်ငံသားများကို တန်းတူပြုမူ ဆက်ဆံရမယ်ဆိုတဲ့ (difference-blind paradigm) အယူအဆဟာ မပြည့်စုံတော့ဘူးလို့ ဆွေးနွေးပါတယ်။ ကွဲပြားခြားနားမှုအခြေခံတဲ့ မတရားမှုနှစ်မျိုးနဲ့ ပတ်သက်ရင် သွေးစုပ်ခြယ် လှယ်မှု၊ အရာမသွင်းဖယ်ကြဉ်ထားမှုနဲ့ အများညီ ဤကိုကျွဲဖတ်ရမယ်ဆိုတဲ့ လူမှုအဆောက်အအုံရဲ့ တည်ဆောက်ထားပုံ စနစ်၊ လူလူချင်းဆက်ဆံရေးနဲ့ ပုံသွင်းပုံဖြစ်စဉ်တွေကို အာရုံစိုက်ရမယ်လို့ ဆိုပါတယ်။ တရားမျှတမှုကို ဆောင်ကြဉ်းနိုင်ဖို့ဆိုရင် တခါတရံမှာ လူမှုစီးပွား ယဉ်ကျေးမှု ခြားနားချက်တွေကို အသိအမှတ်ပြု အာရုံထားရမယ်။ လူတဦးချင်းစီကိုပဲဖြစ်စေ၊ အုပ်စုတခုစီကိုပဲ ဖြစ်စေ တခါတရံ မတူခြားနား သီးသန့်အားဖြည့်ဆောင်ရွက်ရတာတွေရှိတယ်လို့ ယန်းက အဆို ပြုပါတယ် (Young, 2018)။
ဒီလိုဖြေရှင်းရာမှာလည်း ဥပဒေဟာ တရားမျှတမှုရှိရေး မူဘောင်ချပေးပြီး၊ ဗြောင်ကျ ကြမ်းတမ်းတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ ဂုဏ်သိက္ခာချိုးဖောက်မှုတွေကို ကုစားပေးတာ မှန် ပေမဲ့ နိုင်ငံတော်နဲ့ဥပဒေဟာ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝသွေးကြောတွေထဲ ထိုးဖောက်ဝင် ရောက်နိုင်စွမ်း မရှိသလို၊ ထိုးဖောက်ဖို့လည်း မသင့်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် Benhabib (2002) ကို ညွှန်းပြီး နိုင်ငံရေးမှာ လမ်းနှစ်သွယ်ချဉ်းကပ်ပုံကို ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်း ပါတယ်။ တလမ်းက အာဏာစက်ဘောင်နဲ့ ချိတ်ဆက်မှုတင်းတင်းရင်းရင်းရှိတဲ့ အများပြည်သူ ဆိုင်ရာ နယ်ပယ်ဖြစ်ပြီး နောက်တသွယ်က အာဏာစက်တာဝန် တိုက်ရိုက်မရှိတဲ့ အများပြည်သူ ဆိုင်ရာ နယ်ပယ်ဖြစ်ပါတယ်။ ပထမနည်းလမ်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဗြူရိုကရေစီနဲ့ နိုင်ငံရေးပါတီများစတဲ့ ကိုယ်စားပြုဆောင်ရွက်ရတဲ့ အင်စတီကျူးရှင်းတွေ ပါဝင် ပါတယ်။ ဒုတိယလမ်းစဉ်မှာတော့ လူမှုလှုပ်ရှားမှုတွေ၊ နိုင်ငံသားဆိုင်ရာ၊ ဘာသာယဉ်ကျေးမှု ဆိုင်ရာ၊ အနုပညာနဲ့ နိုင်ငံရေးဆိုင်ရာ သင်းပင်းစုဖွဲ့မှုတွေကတဆင့် ပြောင်းလဲအောင် ဆောင်ရွက် ရေးဆိုတာ ပါဝင်ပါတယ်။ ဒါကြောင့် ခွဲခြားဆက်ဆံမှုတွေကို ဖြေရှင်းရာမှာ၊ သီးသန့်အားဖြည့်မှု တွေကိုဆောင်ရွက်ရာမှာ ဥပဒေနဲ့ နိုင်ငံတော်အာဏာစက်သာမက ဘုရားကျောင်း (ဘာသာရေး အသင်းအပင်းတွေ)၊ တက္ကသိုလ်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ဈေးကွက်တင် ဖြန့်ဖြူးသူတွေ၊ ကလပ်တွေ၊ အစုအဖွဲ့တွေဟာ သူတို့ရဲ့ပေါ်လစီတွေ၊ ကျင့်သုံးမှုအလေ့အထတွေနဲ့ ဦးစားပေး ဆောင်ရွက်ချက်တွေကို ပြန်လှန်ဆန်းစစ် သုံးသပ်ကြရမှာပါ။ အဲဒီ ပေါ်လစီ၊ ကျင့်ကြံမှုနဲ့ ဦးစား ပေးလုပ်ဆောင်ချက်တွေဟာ ကွဲပြားခြားနားမှုအပေါ် အခြေခံတဲ့ မတရားမှုနှစ်ရပ်နဲ့ မတရားတဲ့ လူလူချင်းဆက်ဆံရေးနဲ့ စနစ်တွေကို ဘယ်လို အဆိပ်ပင်ရေလောင်းဖြစ်နေသလဲ၊ ဖြစ်နေရင် ဘယ်လို ပြန်လည်ပြင်ဆင်မလဲဆိုတာ အကြံ သစ်ဉာဏ်သစ်တွေနဲ့ ဆောင်ရွက်ကြရမှာပါ။ ဒီလိုပြောလို့ ပြက်လုံးမှန်သမျှနဲ့ အိမ်သာနံရံ ထက်က သရော်ချက်မှန်သမျှကို လိုက်ဖျက်၊ လိုက်ထိန်း ချုပ်ရမယ်ဆိုတဲ့ ယဉ်ကျေးမှု ထောက်လှမ်းရေးထားဖို့ နှိုးဆော်နေတာ မဟုတ်ပါဘူး။ တကယ်တော့ လူ့အဖွဲ့အစည်း ရဲ့ အဓိကအပြောင်းအလဲအများအပြားဟာ လူတွေ ကိုယ်တိုင် ပြောင်းလဲသင့်ပြီထင်လို့ သူတို့စိတ်ဆန္ဒအလျောက် ဦးစီးဦးဆောင် ပြုခဲ့ကြတာပါ။ အများအားဖြင့် လူတွေရဲ့ (အရပ်ဘက်အဖွဲ့အစည်း အသင်းပင်းတွေရဲ့) အားထုတ်မှုနောက်က နိုင်ငံတော်မူဝါဒတွေ တွဲကပ်ပါလာလေ့ရှိတာ ဖြစ်ပါတယ်လို့ ယန်း က ထောက်ပြပါတယ်။ ဒါကြောင့် အာဏာ တဖက်စောင်းနင်းဒဏ် ခံခဲ့ရသူတွေရဲ့ သီး သန့် ထူးခြားတဲ့ အခြေအနေတွေကို အသိ အမှတ်ပြုခြင်း (recognition) နဲ့ သူတို့ရှုမြင်ခံယူတဲ့ ‘အသံ’ ထုတ်ဖော်အရေးဆိုခွင့် (voice) ဟာ လူ့အဖွဲ့အစည်းအခြေပြု လူမှုတရားမျှတမှုမှာ အဓိကကျတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။
ပြန်ချုပ်ရရင် ခုထိဆွေးနွေးခဲ့သမျှဟာ လူ့အဖွဲ့အစည်းအခြေပြုတဲ့ တရားမျှတမှုမှာ လူ့အဖွဲ့အစည်းက သူ့လူ့အဖွဲ့အစည်းဝင်တွေအပေါ် သူတို့နဲ့ထိုက်တန်တာကို ဘယ်လို သာနာညီမျှ ခွဲဝေဖြန့်ဖြူး အကျိုးခံစားစေမလဲဆိုတဲ့ အချက်ကနေ အရင်းခံပြီး (၁) ထိုက်တန်၏၊ မတန်၏ ဘယ်လို သတ်မှတ်ချက်ပြုမလဲ (၂) သာနာညီမျှ ခွဲဝေဖြန့်ဖြူးမှုကို ဘယ်စံချိန်စံညွှန်းနဲ့ လုပ်မလဲ (၃) ဒီခွဲဝေဖြန့်ဖြူးမှုကို ဘယ်သူက စီမံခန့်ခွဲမှာလဲဆိုတာတွေကို လူမှုတရားမျှတမှုရဲ့ မျက်နှာစာ သုံးရပ်နဲ့ ဆက်စပ်တင်ပြခဲ့တာပါ။
စာရေးသူအနေနဲ့ အဆိုပြုဖြေဆိုချင်တာက မြန်မာ့အခြေအနေအရ (အများပြည်သူ မူဝါဒနဲ့ ဆက်စပ်လာတဲ့အတွက် တိကျတဲ့ ကာလနဲ့ဒေသကို သတ်မှတ်ရတဲ့အတွက် အခြေအနေ အရ) ထိုက်တန်၏ မတန်၏ ဆုံးဖြတ်ရာမှာ မွေးကံဆိုးခြင်းနဲ့ ကြမ္မာငင်ခြင်းကို ပံ့ပိုးထောက်ကူ ခြင်းငှာ ထိုက်တန်တယ်။ ရွေးကံဆိုးခြင်းကိုတော့ ပေယျာလကန်ပြုလည်း နောက်ဆုံးမတော့ နိုင်ငံတော်ပဲ စရိတ်ထောင်းမယ်။ ဒီတော့ ဥပဒေနဲ့အညီဖြစ်တဲ့ နိုင်ငံသားတိုင်းရဲ့ အခြေခံလိုအပ် ချက် ဖြည့်ဆည်းပေးရေးကို ထိုက်တန်မှုအဖြစ် သတ်မှတ်သင့်ပါတယ်။ တခါ သာနာညီမျှ ခွဲဝေ ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာမှာ စံချိန်စံညွှန်းအနေနဲ့တော့ အခြေခံလိုအပ်ချက်ကို အခြေအနေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ မူရှိသင့်ပါတယ်။ ဒီနေရာမှာ အခြေခံလိုအပ်ချက်တွေကို အခြေ အနေနဲ့ကိုက်အောင် ပြောင်းလဲအကျိုးကျေးဇူးရှိစေခြင်း (concept of conversion factors) ဆိုတဲ့ ဆမ်ရဲ့တင်ပြချက်ကို လက်ခံပါတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အရင်းအမြစ်တွေကို မှန်း ချက်အတိုင်း ရလဒ်ကောင်းထွက်ဖို့ဆိုရင် အခြေနေနဲ့ကိုက်ညီတဲ့ ရွေးချယ်ခွင့်နဲ့ ရွေးချယ်နိုင်စွမ်း ရှိပါမှ ဖြစ်မှာပါ။
ဒီတော့ သာတူညီမျှခွဲဝေဖြန့်ဖြူးရေးအတွက် စံချိန်စံညွှန်းဟာ လူတွေရဲ့ ရွေးချယ်နိုင်စွမ်း ချို့တဲ့မှု (capability deficit) ကို ပြင်ဆင်ဖြည့်ဆည်းပြီး ရွေးချယ်ခွင့်နဲ့ ရွေးချယ်နိုင်စွမ်းကို အားပေး ဖို့ပါပဲ။ တခါ မြန်မာ့အခြေနေအရဆိုရင် ပဋိပက္ခ၊ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ တင်းကျမ်းပြည့် နေတဲ့ ခေတ်အဆက်ဆက်ကို ဖြတ်ခဲ့ရတာမို့ အမှားပြင်ဆင်ချက်၊ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု (transition justice) ဆိုတာ သာနာညီမျှ ခွဲဝေဖြန့်ဖြူးမှုအတွက် မရှိမဖြစ် ထည့်သွင်းစဉ်းစားရမယ့်စံနှုန်းတရပ်ပဲဖြစ်ပါတယ်။ ဒီတရားမျှတမှုကို ထည့်မစဉ်းစားရင် အင်စတီ ကျုးရှင်းတွေ၊ မူဝါဒတွေ ချပင်ချစေကာမူ လူမှုစီးပွားအခင်းအကျင်း (ကစားကွင်း)ဟာ တဖက် စောင်းနင်း ဖြစ်နေဦးမှာပါပဲ။
ဒါဖြင့်ရင် အာဏာနဲ့ ဓနဥစ္စာခွဲဝေမှု တဖက်စောင်းနေဖြစ်နေတဲ့၊ တရားမျှတမှု မရှိတဲ့ အခြေအနေတွေကို မှန်ကန်မျှတမှုရှိလာအောင် ဘယ်သူက စီမံခန့်ခွဲမှာလဲ ဆိုရာမှာတော့ နိုင်ငံ တော်နဲ့ ဥပဒေပြဌာန်း ကျင့်သုံးရုံနဲ့ မလုံလောက်ပါဘူး။
နိုင်ငံတော်ဆိုတာကလည်း လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝသွေးကြောတွေထဲကို ထိုး ဖောက်ဝင်ရောက်နိုင်စွမ်း မရှိသလို၊ ထိုးဖောက်ဖို့လည်း မသင့်ဘူးဆိုတဲ့ ယန်းရဲ့အယူအဆကို လက်ခံပါတယ်။ ဒါကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဗြူရိုကရေစီနဲ့ နိုင်ငံရေး ပါတီများ စတဲ့ ကိုယ်စားပြုဆောင်ရွက်ရတဲ့ အင်စတီကျူးရှင်းတွေရဲ့ အာဏာစက်နဲ့ စီမံခန့်ခွဲ ဆောင်ရွက်သလို လူမှုလှုပ်ရှားမှုတွေ၊ နိုင်ငံသားဆိုင်ရာ၊ ဘာသာယဉ်ကျေးမှုဆိုင်ရာ၊ အနုပညာနဲ့ နိုင်ငံရေးဆိုင်ရာ သင်းပင်းစုဖွဲ့မှု စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကတဆင့် ပြောင်းလဲအောင် ဆောင်ရွက်ရေးကိုလည်း အားထုတ်ကြရမှာပါ။ ဒါမှသာ အသိမှတ်ပြုခြင်း (recognition) နဲ့ ဖိနှိပ်မှုကြောင့်ဖြစ်စေ၊ ဓလေ့ထုံးတမ်းတွေရဲ့ ခွဲခြားဆက်ဆံခံရမှုကြောင့်ဖြစ်စေ၊ ဆင်းရဲမှုကြောင့်ဖြစ်စေ နင်းပြားကျောမွဲလို့ အသံပါမွဲနေရသူတွေရဲ့ ‘အသံ’ထုတ်ဖော် အရေး ဆိုခွင့် (voice) ကို နှစ်လမ်းသွား(နိုင်ငံတော်မှ လူ့အဖွဲ့အစည်းလမ်းကြောင်းနဲ့၊ လူ့အဖွဲ့အစည်း အတွင်း အပြန်အလှန်တွန်းအားပေးတဲ့လမ်းကြောင်း)ပုံစံနဲ့ ပြုပြင်စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအခြေပြု လူမှုတရားမျှတမှုအတွက် အဓိကကျပါတယ်။

အပိုင်း(၂)
မြန်မာ့ခေတ်ပြိုင် ပကတိဘာဝအခြေအနေကို
လူမှုတရားမျှတမှုရှုထောင့်မှ ဆန်းစစ်ခြင်း

မြန်မာ့လူ့အဖွဲ့အစည်းကို လေ့လာရင် လွတ်လပ်ရေးရပြီးချိန်ကစလို့ ခေတ်သစ် ပြည် ထောင်စုကိုပီပီပြင်ပြင် ‘ရုပ်ရောနာမ်ရော အကုန်ပြောင်း’ (ဇော်ဂျီ၊ ၁၉၆၁)အောင် မတည် ဆောက်နိုင်ခဲ့အတွက် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရတယ်။ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရတယ်။ လူမျိုးကြီးဝါဒအခြံအရံနဲ့ ကြီးထွားလာတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်စနစ်နဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း စပ်ကြားအုပ်စိုးမှုစနစ်တွေ (The Myanmar Quarterly Volume 1, 2016) ဟာ ဖွဲ့စည်းတည်ဆောက်ထားပုံအရကို အာဏာနဲ့ ဓနဥစ္စာဖြန့်ဖြူးမှုမှာ အင်အားကြီးစိုးအုပ်စုတွေကို အသာပေးတဲ့ တဖက်စောင်းနင်းအခင်းအကျင်း ဖြစ်နေတာတွေ့နိုင်ပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဗဟိုချက်မှာ ဖိုခနောက်ဆိုင် (iron triangle) အာဏာဟာ တည် ဆောက် အမြစ်တွယ်လာပါတယ်။ အနားသုံးနားပါတဲ့ ဖိုခနောက်ဆိုင်အာဏာဆိုတာကတော့ တပ်မတော်က အခွင့်ထူးဆုပ်ကိုင် ထိန်းသိမ်းထားသင့်တယ်ဆိုတဲ့ တပ်မတော်အခွင့်ထူးဝါဒီများ၊ စီးပွားရေးအင်ပါယာ လုပ်ငန်းရှင်ကြီးများ (oligarchs) နဲ့ အရေအတွက်များတဲ့ လူများစုက ကြီးစိုး အုပ်ချုပ်သင့်တယ်ဆိုတဲ့ မီးများမီးနိုင်ဝါဒီ (majoritarian supremists) တွေရဲ့ ချုပ်ကိုင်မှုကို ရည်ညွှန်းပါတယ်။ လူများစုကြီးစိုးရေးအယူအဆဟာ ရေသောက်မြစ်အားဖြင့် နှစ်သွယ်ရှိပါတယ်။ ပထမတခုက ဗမာဗုဒ္ဓဘာသာတွေဟာ အရေအတွက်အားဖြင့်များတယ်၊ တိုင်းဒေသကြီးတွေမှာ သာမက အခုဆို ပြည်နယ်တွေမှာပါ ဖြန့်ကျက်နေထိုင်နေကြလို့ အားလုံး ရောနှောကုန်ပါပြီ။ ဒီတော့ လူများစုရဲ့အုပ်ချုပ်ပိုင်ခွင့်ဆိုတာ လက်တွေ့အရ ငြင်းဆန်မရတဲ့ အခြေအနေမှန်ပဲဖြစ်ပါ တယ်။ ဒါပေမဲ့ ဗမာလူမျိုးကြီးဝါဒဆိုတာမရှိဘူး။ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ရတဲ့ အမှား တွေပဲရှိတယ်။ ‘အကိုကြီး-ညီလေးဆက်ဆံရေး’ဟာ ခွဲခြားတာမဟုတ်၊ ချစ်ကြည်မှုရဲ့ သင်္ကေတ သာဖြစ်တယ် စတဲ့ အယူအဆတရပ်ဖြစ်ပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာ (ဗမာဗုဒ္ဓဘာသာကို အဓိက)အခြေခံတဲ့ အမျိုးသားရေးဝါဒဟာ ဒီအယူတိမ်းညွှတ်မှုနဲ့ အထူးနှီးနွှယ်ပါတယ်။ နောက် ရေသောက်မြစ်တခုက နိုင်သူအကုန်ယူ (first-past-the-post; FPTP) ရွေးကောက်ပွဲစနစ်အရ မဲများများရရင် အုပ်ချုပ်ခွင့်ရှိတယ်။ ဝေဖန်တဲ့သူတွေ၊ မကျေနပ်တဲ့သူတွေ (နောက်)ရွေးကောက် ပွဲမှာ ဝင်ပြိုင်၊ နိုင်အောင်ပြန်လုပ်ဆိုတဲ့ ဒီမိုကရေစီဆိုတာ နိုင်သူအကုန်ယူ စနစ်အောက်မှာ မဲရရေးပဲဆိုတဲ့ မဲများစု(လူများစု) အုပ်ချုပ်ရေးအယူဟာလည်း မီးများမီးနိုင်ဝါဒရဲ့ နောက်ထပ် ရေသောက်မြစ်တခုပါပဲ။
ဒီ ဖိုခနောက်ဆိုင်အာဏာဖြစ်တဲ့ တပ်မတော်အခွင့်ထူးဝါဒီများ၊ စီးပွားရေးအင်ပါယာ လုပ်ငန်းရှင်ကြီးများ (oligarchs) နဲ့အရေအတွက်များတဲ့လူများစုက ကြီးစိုးအုပ်ချုပ်သင့်တယ်ဆိုတဲ့ မီးများမီးနိုင်ဝါဒီ (majoritarian supremists) တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်ထူး တွေနဲ့ လူ့အဖွဲ့အစည်းရဲ့အညှာကို ကိုင်ထားပြီး ဆင်းရဲသားနင်းပြားတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ စတဲ့ ကျန်လူမှုအစုအဖွဲ့တွေဟာ လူမှုစီးပွားနဲ့ နိုင်ငံရေးကိုယ်စားပြုခွင့် ကိုင်းဖျား ကိုင်းနားကို လွင့်ရတဲ့အခြေ ဆိုက်လာပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လူမှုပကတိဘာဝအခြေနေ (structural conditions) ဖြစ်လာနေပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရက အပြောင်းအလဲတွေ ဖွင့်လာတဲ့အခါ နိုင်ငံ တကာဘက်ကလည်း မြန်မာ့အရေးနဲ့ပတ်သက်ရင် ဖိုခနောက်ဆိုင်ဇာတ်ဆောင်တွေ အား ကောင်းလာတာ တွေ့ရပါတယ်။ နိုင်ငံတကာမှာပေါ်လာတဲ့ ဖိုခနောက်ဆိုင် အကျိုးစီးပွားတွေ ကတော့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေ၊ လုံခြုံရေးဦးစားပေး နိုင်ငံခြားရေးမူဝါဒချမှတ်သူတွေနဲ့ ဖွံ့ဖြိုးရေးစေတလုံးပိုင်ရှင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ပြည်တွင်း

ဖိုခနောက်ဆိုင်နဲ့ နိုင်ငံတကာ ဖိုခနောက်ဆိုင် တွေအကြား ချိတ်ဆက်မှုလည်း ပိုသိသာ ထင်ရှားလာပါတယ် (ပုံ-၁ နှင့် ပုံ-၂ ကို ရှုပါ)။
ဒီအခြေအနေဟာ ၂၀၁၇ ခုနှစ် ရခိုင် ပြည်နယ်မြောက်ပိုင်း အကျပ်အတည်း နောက်ပိုင်းမှာ အစိုးရနဲ့တပ်မတော် ကိုင် တွယ်ပုံ အားနည်းချက်တွေကြောင့် ချိတ် ဆက်မှုလျော့လာပေမဲ့ တရုတ်ရဲ့ မြန်မာ အပေါ် လွှမ်းမိုးလာမှုကို မသက်မသာဖြစ်လာ တဲ့ အနောက်တိုင်းအစိုးရတွေဟာ မြန်မာကို အရေးယူဖို့ထက် လက်တွဲလုပ်ဆောင်အဖြေ ရှာဖို့ကိုသာ ပိုစိတ်ဝင်စားကြတာ တွေ့ရပါ တယ်။ နိုင်ငံတကာလူထုလှုပ်ရှားမှုတွေ၊ အဖွဲ့ အစည်းတွေနဲ့ မီဒီယာတွေရဲ့ တွန်းအား ကြောင့်သာ အရေးယူရေးလမ်းကြောင်းပေါ် တဖြည်းဖြည်း ရောက်သွားနေတာဖြစ်ပါ တယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး အကျပ်အတည်းနောက်ပိုင်း ပြည်တွင်းမှာပေါ်ပေါက်လာတဲ့ ပိုမိုစိုးရိမ်စရာ အလားအလာတရပ်က အမျိုးဘာသာသာသနာကို စောင့်ရှောက်ကာကွယ်ဖို့ လုံခြုံရေးကို ရှေ့တန်းတင်ရမယ်ဆိုတဲ့အမြင်၊ အာဏာရအရပ်သားပါတီတွေက ဝါဒဖြန့်ချိတဲ့ ပြည်သူ့မဲအများစုနဲ့ ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကို မဝေဖန်နဲ့၊ မထိနဲ့၊ ဝိုင်းဝန်းကာကွယ်ရမယ်ဆိုတဲ့ အမြင်တွေ ပိုအားကောင်းလာနေတာပါ။ တခါ အာဏာရှိသူတွေရဲ့ အတွေးအခေါ်ဝေါဟာရမှာ အရင်ကလို ခရိုနီဆိုးနဲ့ခရိုနီကောင်းတောင် ခွဲတဲ့အဆင့်မျိုး မဟုတ်တော့ဘဲ ဖွံ့ဖြိုးမှုမိတ်ဖက်ဆိုတဲ့ စကားသကာအောက်မှာ လက်ဝါးကြီးအုပ် လုပ်ငန်းရှင်စနစ် (oligarchy) ဟာ အသက်ပြန်ဝင်လာဖို့ ရေခံမြေခံကောင်းလာတာပဲဖြစ်ပါတယ်။ ဒါနဲ့တဆက်တည်း နိုင်ငံတကာဖိအားတွေကြောင့် တိုင်းပြည်ဟာ တရုတ်နိုင်ငံအပေါ် ပြန်လည် (အရင်ကထက်တောင် ပိုမို)အားကိုးနေရတဲ့ အခြေအနေတွေက နိုင်ငံတကာ သံတမန်ဆက်ဆံ ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး (ငြိမ်းချမ်းရေး)တွေမှာ အထူးထင်ရှား မြင်သာလာ ပါတယ်။ တနည်းအားဖြင့် နိုင်ငံတကာဆက်ဆံရေးမှာ အရင်းအနှီးစီးဝင်မှု၊ အကူအညီအထောက် အပံ့၊ အင်စတီကျူးရှင်း၊ ကုန်သွယ်ကူးသန်း၊ စစ်ဘက်လုံခြုံရေးရာ၊ သတင်းစီးဆင်းမှု၊ လူဝင် လူထွက်စတဲ့ ချိတ်ဆက်မှု (linkage) တွေဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့မဖြစ်တော့ဘဲ အာဏာရှင် နိုင်ငံတွေနဲ့ ပိုဖြစ်လာပါတယ်။ ဒါဟာ ပြည်တွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် စေ့ဆော်မှုကို လျော့ကျစေပါတယ် (Levitsky & Way, 2010)။
ဒီနောက်ခံအခြေအနေတွေအောက်မှာ လူမှုတရားမျှတရေးကို အသားပေးတဲ့ မူဝါဒတွေ ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ အစိုးရ ရဲ့ နိုင်ငံရေးအာသီသ စိတ်ဆန္ဒ (ဒေါက်တာခရစ်စတီးနာဖင့်၏ စကားဦးရှု၊ စာ-၁၉)ရှိဖို့ဆိုတာ လွယ်ကူပါ့မလားလို့ ဆန်းစစ်ဖွယ်ရာရှိပါတယ်။ ဒီနေရာမှာ လူမှုတရားမျှတမှုအတွက် အဓိက ကျတဲ့ ကျန်းမာရေးကဏ္ဍကို ကြည့်မယ်ဆိုရင် အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် သာတူညီမျှလွှမ်းခြုံမှု (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်မှာ ရောက်ရှိနိုင်အောင် ကြိုးစားမယ် လို့ ကတိကဝတ်ပြုထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးဖြစ်စဉ် (political process) ဖြစ်ပြီး နိုင်ငံသားတွေရဲ့ ကျန်းမာရေးလွှမ်းခြုံမှုကို နိုင်ငံတော်အစိုးရရဲ့ ခိုင်ကျည်တဲ့သံန္နိဋ္ဌာန်နဲ့ နိုင်ငံရေးကတိကဝတ်တွေကသာဖန်တီးနိုင်မယ်လို့ ဆောင်းပါးရှင်သင့်လူက အလေးအနက် ထောက်ပြပါတယ် (သင့်လူ ဆောင်းပါးရှု၊ စာ-၁၅၉)။ ဒါပေမဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်ဟာ ဂျီဒီပီရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်း၊ အစိုးရဘတ်ဂျက်ရဲ့ ၄ ဒသမ ၂ ရာခိုင် နှုန်းဖြစ်ပြီး ဒါဟာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိုက်ရိုက်အကုန်ခံတာ မဟုတ်ဘဲ အခြေခံအဆောက်အဦ၊ လစာ၊ ဝန်ထမ်းနေအိမ်၊ လျှပ်စစ်မီတာ၊ စက်သုံးဆီ စတာတွေအတွက် အကုန်ခံခြင်းဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက်ကျခံမှုဟာ ၇၄ ရာခိုင်နှုန်း အထိ ရှိနေပါသေးတယ် (၎င်းစာရှု၊ စာ-၁၅၉ )။
အလားတူပဲ ပညာရေးနဲ့ပတ်သက်ရင်လည်း အစိုးရရဲ့ ဘတ်ဂျက်ဟာ ၇ ရာခိုင်နှုန်းသာ ရှိသေးပြီး ပညာရေးဘတ်ဂျက်ဟာ တနိုင်ငံလုံးအသုံးစရိတ်ရဲ့ ၁၅ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်း အထိ ရှိသင့်တယ်ဆိုတဲ့ (မြန်မာအစိုးရနှင့် ပညာရေးဝန်ကြီးဌာနကပါ လက်ခံထားခဲ့သော) ကမ္ဘာ့ပညာရေးညီလာခံရဲ့ သတ်မှတ်ချက်ထက် လျော့နည်းနေဆဲပါပဲ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပခဲ့တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက ကျောင်းသားတွေရဲ့တောင်းဆိုချက် ၁၁ ချက်မှာ ပညာ ရေး အသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထိ တိုးပေးရေးဆိုတာကို အစိုးရနဲ့လွှတ်တော်ကိုယ်စားပြု တက်ရောက်သူတွေက သဘောတူခဲ့ပေမဲ့ ခုချိန်အထိ ပညာရေးမှာရင်းနှီးမြှုပ်နှံမှုက အားနည်း နေဆဲဖြစ်ပါတယ် (ဒေါက်တာသိန်းလွင် ဆောင်းပါးရှု၊ စာ-၁၆၉)။
ဒါတွေဟာ ခွဲဝေဖြန့်ဖြူးမှုနဲ့ဆိုင်တဲ့ လူမှုတရားမျှတမှုရေးရာတွေပဲ ဖြစ်ပါတယ်။ နိုင်ငံသား တိုင်းရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းရေးကို လူ့အဖွဲ့အစည်းက တာဝန်မယူနိုင်ရင် လူမှု တရားမျှတမှုတန်ဖိုးဟာ လူ့အဖွဲ့အစည်းမှာ ခေါင်းပါးဆဲပဲလို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်ကဆင်းရဲလို့၊ ပြည်တွင်းစစ်နဲ့ စစ်အသုံးစရိတ်တွေထောင်းနေလို့ ကျန်းမာရေးနဲ့ ပညာရေးဘက်ဂျက်တွေကို တိုးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း အစိုးရကိုယ်တိုင် မလုပ်နိုင်တဲ့ကဏ္ဍတွေမှာ ပုဂ္ဂလိက၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ဖို့၊ အားပေးကူညီဖို့ အရေးကြီးပါတယ်။
ဒီကိစ္စမျိုးတွေဟာ ကျန်းမာရေးနဲ့ ပညာရေးနယ်ပယ်တွေမှာသာမက ဈေးကွက် စီးပွား ရေးနဲ့အတူ စိန်ခေါ်မှုတွေရင်ဆိုင်ကြုံနေရတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စတွေမှာလည်း ထင်ရှားပါတယ်။ ဒီဂျာနယ်ပါ ဆက်စပ်ဆောင်းပါးတွေထဲက တပုဒ်ဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေက အလုပ်သမားတွေကို မေးမြန်း သုတေသန ပြုလုပ်ထားတဲ့ ဆောင်းပါးမှာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အလုပ်သမားတွေဘက်က ရပ်တည်ကူညီဆောင်ရွက်ပေးမယ့် အလုပ် သမားကိုယ်စားလှယ်အဖွဲ့ မရှိတာကိုလည်း အချက်တခုအဖြစ် တွေ့ရှိရပါတယ် (ရတုဆောင်းပါးရှု၊ စာ-၁၂၉)။
အလုပ်သမားအသင်းအဖွဲ့ဥပဒေ ပုဒ်မ ၄(က)အရ အလုပ်သမားအဖွဲ့တွေကို ယင်းတို့ရဲ့ ကုန်သွယ်မှုနဲ့ လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး အဖွဲ့ဝင်အနည်းဆုံး ၃၀ ဦးနဲ့ ဖွဲ့စည်းရမယ်၊ အဲဒီအရေအတွက်အောက် လျော့နည်းနေရင် လုပ်ငန်းသဘာဝအုပ်စု တူရာ ချိတ်ဆက်ဖွဲ့စည်းနိုင် တယ်လို့ ဥပဒေကဆိုပါတယ်။ ဒီလို ချိတ်ဆက်ဖွဲ့စည်းမယ်ဆိုရင် အဲဒီ ဆက်စပ်အလုပ်သမား အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းထက်မနည်းက ထောက်ခံပေးရပါမယ်။ ဒီဥပဒေအရဆိုရင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေအတွက် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး လိုအပ်ချက်ပြည့်မီဖို့က စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီအားလုံးရဲ့ ၉၉ ဒသမ ၄ ရာခိုင်နှုန်းဟာ အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းတွေဖြစ်ပေမဲ့ အလုပ်သမားဥပဒေအားလုံးနီးပါးဟာ စက်ရုံအလုပ်သမားတွေရဲ့ အခက် အခဲတွေကိုသာ ဦးတည်ထားတဲ့အတွက် အလုပ်သမားလူတန်းစားအားလုံးကို ကာကွယ်နိုင်ခြင်း မရှိဘူးလို့ ဆောင်းပါးရှင်ရတုရဲ့ သုတေသနက အခိုင်အမာဆိုပါတယ် (၎င်းစာရှု၊ စာ-၁၂၉)။
ဒီတော့ အစိုးရအနေနဲ့ သမဂ္ဂတွေအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကို အားပေး ရမယ်၊ မတရားသဖြင့် ဆက်ဆံခံနေရသူတွေကို သူတို့အခွင့်အရေး သူတို့နားလည်ပြီး ရရှိခံစား နိုင်အောင် ဥပဒေတွေပြဌာန်းပေးတာ၊ ပညာပေးပြီး ကျင့်သုံးဖော်ဆောင်တာစတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရပါမယ်။ ဒါပေမဲ့ ဒီလိုအားပေး ပူးပေါင်းဆောင် ရွက်ဖို့ ဆိုတာကလည်း ဒီအဖွဲ့တွေကို ဝန်ဆောင်မှုနယ်ပယ်မှာပါ ပါဝင်စေလိုပြီး မူဝါဒ ပြုပြင် ပြောင်းလဲရေးကဏ္ဍတွေမှာ ပါဝင်ခွင့်မပြုလိုဘူးဆိုရင် ခက်နိုင်ပါတယ်။ ဒီအဖွဲ့တွေကို ပြဿနာ ရှာသူတွေအဖြစ် ရှုမြင်ချက်မျိုးရှိနေမယ်ဆိုရင် ပိုပြီးခက်ခဲနိုင်ပါတယ်။
အထူးသဖြင့် လူ့အခွင့်ရေးလှုပ်ရှားမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်မှုဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် အာဏာပိုင်တွေဟာ ပိုပြီး အဆိုး မြင်ကြတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာကလည်း အဆိုပါ အရပ်ဘက်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့အသိအမြင်၊ အချက်အလက်သုတေသနနဲ့ တင်ပြပုံတွေမှာ ပို ထိရောက်လာတာနဲ့လည်း သက်ဆိုင်ပါတယ်။ ဥပမာ- လူ့အခွင့်အရေးအဖွဲ့တွေဟာ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုစသည်ဖြင့် မြင်သာထင်သာရှိတဲ့ အကြမ်းဖက်ချိုးဖောက်မှုတွေ၊ ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခြင်း စတဲ့ နိုင်ငံရေးအခွင့်အရေးဆုံးရှုံးရမှုတွေကိုပဲ ဦးစားပေး တင်ပြနေရာကနေ ၂၀၀၀ ပြည့်နှစ်တွေကစလို့ ပဋိပက္ခတွေကြောင့်သာမက ဖွံ့ဖြိုးရေးစီမံကိန်းတွေ ကြောင့်ပါ ကြုံနေရတဲ့ လူမှုရေးနဲ့ စီးပွားရေးအခွင့်အရေး ပြောဆိုဆွေးနွေးမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အခြေပြု အကြမ်းဖက်မှုတွေကို အထူးဖော်ထုတ်တဲ့ အမျိုးသမီးအခွင့်အရေးကိစ္စတွေ၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကိုပါ အာရုံစိုက်လာကြပါတယ် (ဒေါက်တာကင်မီလာဘူဇီ ဆောင်းပါးရှု၊ စာ-၄၅၃)။
ဒီလိုဖော်ထုတ်မှုတွေကို ယခင်စစ်အစိုးရသာမက အာဏာရသွားတဲ့ အစိုးရတိုင်းလိုလို သိပ်မနှစ်သက်ကြပါဘူး။ ဒီကိစ္စဟာ နိုင်ငံရေးအကျဉ်းသားဟောင်း ပြန်လည်ထူထောင်ရေး လှုပ်ရှား နေသူတွေ ရင်ဆိုင်နေရတဲ့ ကိစ္စတရပ်လည်း ဖြစ်ပါတယ်။ ဆောင်းပါးရှင်ဘိုကြည်က အခုလိုရေးပါ တယ်။
‘နိုင်ငံရေးအကျဉ်းသားများ၏ဘဝသည် အသက်ရှင်လျက်နှင့် ထောင်တွင်းမှ ပြန်လာနိုင်ခဲ့သော်လည်း သူတို့၏အခက်အခဲများမှာ ပြီးဆုံးခဲ့သည် မဟုတ်သေးပါ။ လူ့အသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆန့်ဖို့ တည်ဆဲအစိုးရ အပါအဝင် အစိုးရအဆက်ဆက်က ကူညီမှုမရှိသည့်အပြင် အနှောင့်အယှက် ပေးခြင်းများလည်း ရှိနေပါသေးသည်’ (ဘိုကြည် ဆောင်းပါးရှု၊ စာ-၂၁၃)။

ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် နိုင်ငံတော်အဆင့် အသွင်ကူးပြောင်းရေးကာလ တရား မျှတမှုကို အသိအမှတ်ပြုတာ၊ ကမကထပြု ဆောင်ရွက်တာမျိုးမရှိဘဲ ထုတ်ဖော်ပြောဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုသာ ပြဿနာရှာသူများအဖြစ် မြင်နေမယ်ဆိုရင် ခက်ပါတယ်။ ဒီလိုမြင်ရတာကလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာကို လက်စားချေရေး ဆိုတဲ့ အမြင်အဖြစ်ပြေးမြင်ပြီး ဒီလိုလုပ်ရင် ဒီမိုကရေစီရေးလမ်းကြောင်း ပျက်သွားမယ်ဆိုတဲ့ ကျဉ်းမြောင်းသော နားလည်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ တကယ်တော့ လက်စားချေခြင်း မရှိဘဲ ယုံကြည်မှုတည်ဆောက်ခြင်းကို အထောက်အကူများစွာဖြစ်စေတဲ့ နည်းလမ်းတွေ အများ ကြီးရှိပါတယ် (၎င်းစာရှု၊ စာ-၂၁၃)။
ဒီလို ကျဉ်းမြောင်းတဲ့ နားလည်မှုလွဲခြင်းတွေကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သူတို့ ရုန်းကန်နေတဲ့၊ အရေးဆိုကြတဲ့ လူမှုတရားမျှတမှုကို ပစ်ပယ်ရာရောက်ခဲ့ပါတယ်။ ဒါ့အပြင် အကျိုးစီးပွားအပေါ် မျက်တောင်မွှေးတဆုံးသာနားလည်တဲ့ ရှုမြင်ချက်ကြောင့်လည်း လူ့အဖွဲ့ အစည်းမှာ နစ်နာမှုတွေ ကြုံရတတ်ပါတယ်။ ဒါကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရား မျှတမှု ဖော်ဆောင်ရေးမှာ သတိပြုမိနိုင်ပါ တယ်။ ဆောင်းပါးရှင်ဝင်းမျိုးသူက အခုလို ထောက်ပြပါတယ်။

‘မည်သည့် အစိုးရမဆို နောက်ဆုံးတွင် စီးပွားရေးကိုသာ ဇောင်းပေး၍ ဦးစားပေး လုပ်ဆောင် လိုသည့်သဘော ရှိသောကြောင့် ပတ်ဝန်းကျင်တရားမျှတမှု ဖော်ဆောင်ရေးမှာ နိုင်ငံရေးခေါင်းဆောင်မှု ပျောက်ဆုံးနေတတ်ပေသည်။ သို့ဖြစ်၍ လက်ရှိချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့် တာဝန်ရှိသူများ၏ စိတ်နေစိတ် ထား အတွေ့အကြုံများအရ ပတ်ဝန်း ကျင် တရားမျှတမှုဖော်ဆောင်နိုင်ရေးမှာ အားလုံးအတွက် တပြေးညီ ကျောသား ရင်သား မခွဲခြားဘဲ ဆောင်ရွက်နိုင်မည့်အခြေအနေမရှိဘဲ မျက်နှာကြီးရာ ဟင်း ဖတ်ပါမည့် အခင်းအကျင်းမျိုးပင် ဖြစ်နေပါသည်။ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည်ဟု မြို့နေလူထု၏ စောဒကတက်လာမှုများ မြင့်တက် လာချိန်တွင် အစိုးရတာဝန်ရှိသူများအနေဖြင့် ပတ်ဝန်းကျင်ရေးရာကိစ္စများကို အလိုအလျောက် နောက်တန်းသို့ ရွေ့လျောပို့ဆောင်သွားလေ့ရှိသည်’ (ဝင်းမျိုး သူ ဆောင်းပါးရှု၊ စာ-၁၇၇)။

ဒီဖော်ပြချက်တွေကိုကြည့်ရင် ခွဲဝေဖြန့်ဖြူးမှုဆိုင်ရာ တရားမျှတမှုသာမက လူနဲ့ လူ့ပတ်ဝန်းကျင် ဩကာသလောက ဆက်ဆံရေးကိုလည်း အလေးထားရပါမယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုပြီး သဘာဝအရင်းအမြစ်တွေကို ထုတ်ဖော်အသုံးပြုရာမှာလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါ ဖြစ်ပြီး နင်းပြားတွေ ပိုနစ်သထက်နစ်ရတာလည်း ရှိပါတယ်။ အစိုးရတိုင်းက ဆင်းရဲမွဲတေမှုကို လျှော့ချချင်တယ်ပြောပေမဲ့ စီးပွားရေးဖွံ့ဖြိုးမှုဦးစားပေးတဲ့မူ (pro-growth) နဲ့ နွမ်းပါးသူများကို ဦးစားပေးသော ဖွံ့ဖြိုးတိုးတက်ရေးမူ (pro-poor growth) တို့ မတူညီပုံကို ဒေါက်တာ ဆုမွန်သဇင်အောင်က ဖွင့်ဆိုရှင်းလင်းပါတယ်။ သှူရဲ့လေ့လာချက်အရ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ချမှတ်ခဲ့တဲ့မူဝါဒတွေဟာ ကနဦးမှာ နွမ်းပါးသူဦးစားပေးအဖြစ် ကြွေးကြော်ခဲ့ပေမဲ့ လက်တွေ့မှာ အောက်ခြေက နွမ်းပါးသူတွေရဲ့ဘဝကို အခြေခံကျကျ ပြောင်းလဲပေးနိုင်မယ့် အထောက်အပံ့ အစီအစဉ်များ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

‘ကိန်းဂဏန်းအရ တိုးတက်ရေးကို အလေးပေးခဲ့တဲ့အတွက် တိုးတက်မှု များဟာ မြို့ပြဒေသများမှာ ပိုသက်ရောက်ပြီး ကျေးလက်-မြို့ပြ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ရရှိနိုင်မှုများတွင် ကွာခြားချက်က ကြီးမားဆဲဖြစ်ပါတယ်။ ဒါကြောင့် ရလဒ်အားဖြင့် ပြည်ခိုင်ဖြိုးအစိုးရရဲ့ တိုးတက်ရေးဦးစားပေးမူ (pro-growth) မှာ ဓနဥစ္စာဖြန့်ဖြူးမှုက နင်းပြားတွေရဲ့လက်ထဲ တိုက်ရိုက် မရောက်စေ နိုင်ခဲ့ပါဘူး။ NLD အစိုးရလက်ထက်မှာ ခိုင်မာတဲ့ စီးပွားရေးမူဝါဒ မတွေ့ရသေး သလို ဆင်းရဲနွမ်း ပါးသူများဦးစားပေးမူ (pro-poor) မူဝါဒ ထင်ထင်ရှားရှားမရှိတာ တွေ့ရပါတယ်။ ထို့နည်းတူ တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်နေတဲ့ တိုး တက်ရေးဦးစားပေးမူ (pro-growth) လို့လည်း ပြောလို့မရနိုင်ပါဘူး။ ဒါကြောင့် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်ကရှိခဲ့တဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး စီမံကိန်းဟာ လည်း ရပ်တန့်ခဲ့သလိုဖြစ်ခဲ့ရပါတယ်’ (ဒေါက်တာဆုမွန်သဇင်အောင် ဆောင်းပါးရှု၊ စာ-၈၉)

မြန်မာ့ပညာရပ်နယ်မှာ လူပုဂ္ဂိုလ်၊ မူဝါဒ၊ အင်စတီးကျူးရှင်းနဲ့ နိုင်ငံရေးဓလေ့တွေကို အခြေပြုလေ့လာတာ အတွေ့ရများပေမဲ့ လူမှုစီးပွားအဆောက်အအုံ အပြောင်းအလဲကို အာရုံ ထား သုတေသနပြုတာ အားနည်းနေပါသေးတယ်။ ဒါကြောင့် လူမှုတရားမျှတမှုရဲ့ မျက်နှာစာ သုံးရပ်ကို ဆွေးနွေးရာမှာ လူတန်းစား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ကျား-မနဲ့ လိင်စိတ်ခံယူမှု စတာတွေအပေါ် အခြေခံပြီး လူနဲ့လူချင်း အာဏာ၊ ဩဇာ တဖက်စောင်းနင်းဖြစ်မှုတွေ စနစ် တရပ်အဖြစ် အခြေခိုင်လာတာမျိုးကို မဖယ်ရှားဘဲ၊ အဲဒီလိုကွဲပြားခြားနားမှုတွေကို အာရုံမပြုဘဲ လူတိုင်းကို တန်းတူဆက်ဆံလိုက်ရုံနဲ့ လူမှုတရားမျှတမှု ပေါ်ထွန်းလာမှာမဟုတ်ဘူးလို့ အကျယ် တဝင့် တင်ပြခဲ့တာပါ။
လူမှုစီးပွားအခင်းအကျင်း(ကစားကွင်း)ဟာ တဖက်စောင်းနင်း ဖြစ်နေတာကို ပြင်ဆင် ပြောင်းလဲဖို့ စိတ်မဝင်စားဘဲ အင်စတီကျုးရှင်းတွေ၊ မူဝါဒတွေ ချပင်ချစေကာမူ တရားမျှတမှုနဲ့ ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။ ဒီရှုထောင့်ကကြည့်ရင် မြန်မာ့တပ်မတော်နဲ့ တပ်မတော်ကျော ထောက်နောက်ခံ အုပ်စိုးသူတွေဟာ တိုင်းပြည်ကိုဖွံ့ဖြိုးစေချင်လို့ ပြောင်းလဲကြတာ၊ တဖက် ကလည်း အခြေခံဥပဒေအရ သူတို့အာဏာကို မြဲမြံအောင်ချုပ်ကိုင်ထားနိုင်ပြီမို့ ဒီလို အပြောင်း အလဲလုပ်ချင်စိတ်ရှိလာကြတာဆိုတဲ့ အမြင်တွေဟာ မပြည့်စုံဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီအမြင် ကိုတင်ပြတဲ့ ဆောင်းပါးရှင် စိုးလင်းအောင်နဲ့ စတီဖင်ကင်းဘဲလ်တို့က အခုလိုရေးပါတယ်။

‘အကယ်၍ ‘ဖွံ့ဖြိုးရေးအခြေပြုသုံးသပ်ချက်’သည် စစ်ဗိုလ်ချုပ်များကို နားလည်မှု လိုသည်ထက်ပို၍ ပေးလွန်းသည်ဟုဆိုလျှင် ‘အခြေခံဥပဒေအခြေပြု သုံးသပ်ချက်’သည် နိုင်ငံရေးအမြင် ကျဉ်းမြောင်းလွန်းသည်ဟု ဆိုရမည်။ အကြောင်းမှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အခြေခံဥပဒေနှင့် ထိပ်ပိုင်းမှ ပဋိပက္ခများကသာ လွှမ်းမိုးချုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့အပြင် သုံးသပ်ချက်နှစ်ရပ်လုံးသည် မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ အမြစ်တွယ်ပေါ်ထွန်းလာနေသော လူတန်းစားအသွင်ပြောင်းလဲမှုကို မျက်ကွယ် ပြု ဖုံးကွယ်ထားသကဲ့သို့ မြန်မာနိုင်ငံ၏ ၈၈ အလွန် ဈေးကွက်ဖြေလျော့ရေး ပြောင်းလဲမှုများနှင့် NLD ၏ ယခုအောင်ပွဲကို ချိတ်ဆက်စဉ်းစားရန် ပျက်ကွယ်မှု လည်းရှိနေသည်’ (စိုးလင်းအောင်နဲ့ စတီဖင်ကင်းဘဲလ် ဆောင်းပါးရှု၊ စာ-၂၂၃)။

ဆောင်းပါးရှင်တွေထောက်ပြတာက မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေဟာ အင်အားကြီးတဲ့လူတန်းစားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှု (hegemony) ကို ဖြစ်စေပြီး အားနည်း သူတွေကို လက်အောက်ခံနင်းပြား (subaltern) များအဖြစ်ကို ရောက်သွားစေတယ်လို့ ဆိုလို ခြင်းဖြစ်ပါတယ်။

‘အာဏာချုပ်ကိုင် အီလစ်များသည် အနည်းငယ်သော လူထုတောင်းဆိုမှု တို့ကို လိုက်လျောပေးလိုက်ရသော်လည်း ယင်းလိုက်လျောမှုတို့သည် တည်ရှိဆဲ အာဏာရလူတန်းစား၏ အုပ်ချုပ်မှုကို ပိုမိုခိုင်မြဲစေရန်၊ သမားရိုးကျ နိုင်ငံရေး အတိုက်အခံများကို သိမ်းသွင်းရန်နှင့် ပိုမို ရာဒီကယ်ကျသော နိုင်ငံရေး အပြောင်း အလဲများဖြစ်ပေါ်စေရန် တောင်းဆိုမှုများကို ဖြိုဖျက်နိုင်စေရန်အတွက်သာ ဖြစ် လေသည်’ (၎င်းစာရှု၊ စာ-၂၂၃)။

ဒီလို လက်အောက်ခံနင်းပြားတွေထဲမှာ အမျိုးသမီးတွေ အမြတ်ထုတ်ခံရတဲ့ အခြေအ နေဟာ အထူးဆိုးရွားတဲ့အပြင် အမျိုးသမီးတွေအတွက် အကျိုးရှိအောင်စီစဉ်တယ်ဆိုတဲ့ စီမံကိန်း တွေကလည်း လိုအပ်ချက်နဲ့ကိုက်ညီအောင် စီစဉ်တာမဟုတ်ရင် ဆေးကြောင့်လေးဆိုတာမျိုး ဖြစ်တတ်ပါတယ်။
အမာတြာဆမ် ထောက်ပြသလိုပါပဲ။ အရင်းအမြစ်တွေကို ခွဲဝေဖြန့်ဖြူးရာမှာ မှန်းချက် အတိုင်း ရလဒ်ကောင်းထွက်ဖို့ဆိုရင် အခြေအနေနဲ့ကိုက်ညီတဲ့ ရွေးချယ်ခွင့်ရှိပါမှဖြစ်နိုင်ပါမယ်။ ရွေးချယ်ခွင့်၊ ရွေးချယ်နိုင်စွမ်းမရှိရင် ခုတ်ရာတလွဲ ရှရာတခြား၊ အနာတခြား ဆေးတခြား ဖြစ် နေမယ်ဆိုတာ အထက်မှာဖော်ပြခဲ့တဲ့ လူမှုတရားမျှတမှု မျက်နှာစာသုံးမျိုးအကြောင်းမှာ ဆွေးနွေးခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာလည်း အလားတူပြဿနာမျိုး ရင်ဆိုင်နေရတယ်ဆိုတာ ဆောင်းပါးရှင် အေးလဲ့ထွန်းရဲ့စာတမ်းမှာ အထင်အရှားတွေ့နိုင်ပါတယ်။ ပုဂ္ဂလိက အသေးစား ငွေချေးလုပ်ငန်းတွေကိုလေ့လာတဲ့ သုတေသနမှာ ဆောင်းပါးရှင်က အခုလိုပြောခဲ့ပါတယ်။

‘အချို့သော အဖွဲ့အစည်းများမှာ အမျိုးသမီးတို့ ငွေကြေးစီမံခန့်ခွဲနိုင်မှု အရည်အချင်းနှင့် အသက်မွေးဝမ်းကျောင်းပညာ မြှင့်တင်ခြင်းဟူသော အစီအစဉ် များမပါဘဲ ချေးငွေကိုသာပံ့ပိုးနေခြင်း၊ အမျိုးသမီးကိုသာလျှင် အကျိုးခံစားခွင့် ရှိသူဟု သတ်မှတ်ထားသဖြင့် ၎င်းတို့၏ခင်ပွန်းသည်များသည် ဇနီးသည်ကိုအသုံး ချ၍ ချေးငွေရယူခြင်း စသည်ဖြင့် အမျိုးသမီးတို့သည် အဆိုပါ အသေးစားငွေချေး စီမံကိန်းတချို့တွင် တန်ဆာခံ၊ သို့မဟုတ် ဟန်ပြသက်သက်သာ ဖြစ်နေရပါသည်’ (အေးလဲ့ထွန်း ဆောင်းပါးရှု၊ စာ-၁၁၃)။

ဒီလို အနာနဲ့ဆေး မတည့်ရုံသာမက အထည်ချုပ်စက်ရုံတွေက အလုပ်သမအများစု ဆိုရင်လည်း အမျိုးသမီးဖြစ်လို့ လုပ်ခလစာ အနှိမ်ခံရတာကစပြီး၊ အပေါ့အပါးသွားချိန် အကြိမ်ရေ ကို ကန့်သတ်ထားတာအလယ်၊ အထည်များမပေကျံစေဖို့အပါအဝင် အမျိုးသမီးတွေ သနပ်ခါး၊ မိတ်ကပ်လိမ်းတာတွေကို တားမြစ်တာ စသည်ဖြင့် ဖိနှိပ်ခွဲခြားမှုတွေကို ကြုံနေရတာပါ။ ဒီအထဲ မှာမှ ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသူအမျိုးသမီးတွေဟာ ပိုမို ဖယ်ကြဉ်ခံရ၊ အခွင့်လမ်းနည်းပါးရ တယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။ ပိုဆိုးရွားတာက ဒီအခြေနေတွေကို ထုတ်ဖော်ပြီး စုဖွဲ့ အရေးဆိုဖို့အတွက် ကြိုးစားနိုင်ခွင့်ကို လုပ်ငန်းရှင်တွေက ကန့်သတ်ကြတာပါပဲ။ ဆောင်းပါးရှင် အေးလဲ့ထွန်းရဲ့ သုတေသနဆောင်းပါးမှာ အခုလိုဖော်ပြထားပါတယ်။

‘အမျိုးသမီးအလုပ်သမား ၅၆ ရာခိုင်နှုန်းမှာ အလုပ်သမားသမဂ္ဂကို ကြားပင်မကြားဖူးကြပေ။ ကြားဖူးကြသည်ဆိုသူများကလည်း သမဂ္ဂအကြောင်းကို ဂဃနဏ မသိသူ များပါသည်။ လက်ရှိတွင် ၉၀ရာခိုင်နှုန်းသော အမျိုးသမီးများမှာ သမဂ္ဂအဖွဲ့ဝင်များ မဟုတ်ကြပါ။ ၎င်း တို့အနက် ၅၂ ရာခိုင်နှုန်းသည် သမဂ္ဂ အဖွဲ့သို့ ဝင်ရန်လည်း စိတ်မဝင်စားဟု ဖြေဆိုကြပါသည်။ အကြောင်းမှာ သမဂ္ဂနှင့် ချိတ်ဆက်ခြင်းကြောင့် အလုပ်ပြုတ်မည်ကို ကြောက်ခြင်း၊ အလုပ်ပျက်မည်ကို စိုးရိမ်ခြင်းနှင့် ပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု အတွေ့အကြုံနည်းသဖြင့် စိတ်မဝင် စားတော့ခြင်း စသည်တို့ကြောင့် ဖြစ် ပါသည်’ (၎င်းစာရှု၊ စာ-၁၁၃)

ဒီအခြေနေတွေက ဖိနှိပ်မှုကြောင့် ဖြစ်စေ၊ ဓလေ့ထုံးတမ်းတွေရဲ့ ခွဲခြားဆက်ဆံခံ ရမှုကြောင့်ဖြစ်စေ၊ ဆင်းရဲမှုကြောင့်ဖြစ်စေ၊ နင်းပြားဖြစ်လို့ ကျောမွဲရတဲ့အပြင် အသံပါမွဲ နေရသူတွေရဲ့ ‘အသံ’ထုတ်ဖော်အရေးဆိုခွင့် (voice) ဟာ လူမှုတရားမျှတမှုမှာ မရှိမဖြစ်အရေးပါသော လိုအပ်ချက်ဆိုတဲ့ အိုင်းရစ်ယန်း အယူ အဆမှန်ကန်ကြောင်း သက်သေခံနေတာပဲဖြစ်ပါတယ်။ အာဏာ တဖက်စောင်းနင်းဒဏ် ခံခဲ့ရသူ တွေရဲ့ သီးသန့်ထူးခြားတဲ့အခြေအနေတွေကို အသိမှတ်ပြုခြင်း (recognition) နဲ့ သူတို့ရှုမြင်ခံယူတဲ့ ‘အသံ’ထုတ်ဖော်အရေးဆိုခွင့် (voice) ဟာ လူ့အဖွဲ့အစည်း အခြေပြုလူမှုတရားမျှတမှုမှာ အဓိက ကျပါတယ်။ ဒီအသိမှတ်ပြုခြင်းနဲ့ ထုတ်ဖော်အရေးဆိုခွင့်ဟာ လူတန်းစား၊ ကျား-မ လိင်တိမ်းညွှတ် မှုအခြေခံ အဖယ်ကြဉ်ခံတွေရဲ့ အရေးမှာသာမက လူမျိုးဘာသာ ကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာသရုပ်သကန်ပိုင်းမှာလည်း အရေးကြီးလှပါတယ်။
ဆောင်းပါးရှင်ဆူးငှက်ကတော့ လူသားဝါဒ ဒဿနနဲ့ ‘မြန်မာဆိုတာ ယဉ်ကျေးဖွယ်ရာ သော လူမျိုးအဖြစ် တထီးတနန်းနေနိုင်ခဲ့ကြတယ်’ (ဆူးငှက် ဆောင်းပါးရှု၊ စာ-၂၈၉) လို့ မြန်မာ့ ဝိသေသကို ဖွင့်ပါတယ်။ မြန်မာ ညှိုးမှိန်ကွယ်ပျောက်လုဖြစ်လို့၊ လူမဆန်တဲ့ကာလရောက်မှာစိုးလို့ ရှေး ပညာရှင်ကြီးများက ‘လူသားကိုယ်စားပြု မြန်မာ၊ မြန်မာကိုယ်စားပြုတဲ့ မန္တလေးကို ရော်ရမ်း မျှော်မှန်းလွမ်းဆွတ်ခဲ့တာပဲ’လို့ မြန်မာနဲ့မန္တလေး ချိတ်ဆက်ပြပါတယ် (၎င်းစာရှု၊ စာ-၂၈၉)။ ဆောင်းပါးရှင်ဆူးငှက်ရဲ့ လေ့လာချက်အရဆိုရင် အမျိုးသားရေးအမြင်နဲ့ လူမှုအသိုက်အမြုံ လူမှု ဓလေ့က လူတန်းစားအမြင်နဲ့ အကျိုးစီးပွားကိုတောင် ကျော်လွန်နိုင်ပါတယ်။

‘သူဌေးက တရပ်ထဲနေ လက်လုပ်လက်စား မင်္ဂလာဆောင်မှာ သတို့သမီး ကို စိန်အစစ်တဆင်စာ ယုံယုံကြည်ကြည်ဆင်ပြီး သူဌေးကတော်ကိုယ်တိုင် ဧည့်ခံ ပေးတယ်။ သူဌေးအိမ်မှာ အလှူရှိရင်လည်း တရပ်လုံးက အလုပ်နားပြီး လိုတဲ့ နေရာမှာ အားတက်သရောကူကြတယ်။ သူဌေးအိမ်ရှေ့က ရေကန်ကို သူဌေးရော ရပ်ကွက်ပါသုံးတယ်။ သူဌေးက ရေကန်ပျက်ရင် အကုန်ကျခံပြင်တယ်။ ရပ်ကွက် က ရေကန်ကိုသန့်ရှင်းတယ်။ ရေညှိ၊ အမှိုက်သရိုက်မရှိအောင် နေ့စဉ်ဆေးကြော တယ်။ သူဌေးစားဖိုဆောင်မှာ လိုအပ်တဲ့အချိန် အအီပြေ ဆင်းရဲသားအစာလေး တွေ ဝင်ချက်ပြုတ်ပေးတယ်။ သူဌေး ဆေးသောက်ချိန် ကြုံသူက မမေ့မလျော့ ဆေးဝင်တိုက်တယ်။ သင်္ကြန်လိုကာလမျိုးမှာ သူဌေးမကြီးနဲ့ အလုပ်သမကလေး တွေ ကြမ်းတပြေးတည်းထိုင်ပြီး အတူ သီဆိုကခုန်ဆင်နွှဲကြတယ်။ မည်သည့် ဘာသာမဆို ငါ့ ဘာသာမို့ သူ့ဘာသာမို့ မခွဲဘဲ အပြန်အလှန် လိုတဲ့နေရာ ကူညီ တယ်။ ဒါတွေဟာ မန္တလေးမှာ သူဌေးနဲ့ ဆင်းရဲသား အလုပ်ရှင်နဲ့ အလုပ်သမား လူမျိုးဘာသာမခြား ညီညွတ်ချစ်ခင်ခဲ့ကြပါတယ်’ (၎င်းစာရှု၊ စာ-၂၈၉)။

ဒီလို နှစ်သက်ဖွယ်ပုံရိပ်တွေဟာ လက်တွေ့ဘဝမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သလား၊ မတူ ကွဲပြားတဲ့ လူတန်းစား၊ လူ့အသိုက်အမြုံတွေဟာ တကယ်ပဲ ‘ညီညွတ်ချင်ခင်ခဲ့ကြလား’ ဆိုတာ ကတော့ သုတေသန အချက်လက်အထောက်အထားဆိုင်ရာကိစ္စပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ ဆိုတာ ဘယ်သူတွေကို ကိုယ်စားပြုသလဲ၊ မြန်မာရဲ့ကိုယ်စားပြုမှုကို ဘယ်လို နားလည်နိုင်မလဲ၊ မြန်မာနဲ့မန္တလေးကို ထပ်တူပြုစဉ်းစားတာတွေက မေးခွန်းတွေ အများကြီးပေါ်လာစေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းရမယ့် ခေတ်သစ်ပြည်ထောင်စုမှာ ဒီလို မြန်မာကို ပြည်မအခြေပြုစဉ်းစားတာဟာ လူမှုတရားမျှတရေးအတွက် အခြေခံ ဖြစ်၊ မဖြစ် တိုင်း ရင်းသား သုတေသီတွေဘက်က မေးခွန်းထုတ်လေ့ရှိပါတယ်။ ဆောင်းပါးရှင် လဖိုင်ဆိုင်းရော်ဟာ ဒီကိစ္စကို အမျိုးသားနိုင်ငံတည်ဆောက်ရေးနဲ့ ဆက်စပ်သုံးသပ်ပါတယ်။

‘လူမျိုးကြီးဝါဒကို စွဲကိုင်အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ လူမှုရေးဆိုင်ရာ တရားမျှတမှုရဲ့သဘောက အင်အားကြီးမားတဲ့လူမျိုးရဲ့ အခွင့်အရေးနဲ့ ကောင်း ကျိုးချမ်းသာကိုပဲ စောင့်ရှောက်တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ လူမှုရေးဆိုင်ရာ တရားမျှတမှုဟာ ဖက်ဆစ်ဝါဒပုံစံတရပ်ကို မွေးထုတ်ပေးပါတယ်။ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့တိုင်းပြည်၊ သို့မဟုတ် ဗဟု သဘောဆောင်တဲ့ လူ့အဖွဲ့အစည်းတခုမှာဆိုရင်တော့ ဘယ်လိုမျိုးနွယ်ဝင်ပဲ ဖြစ် ပါစေ၊ တန်းတူရည်တူ သတ်မှတ်ခံရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ခေတ်သစ် အမျိုးသားနိုင်ငံတရပ် ဖြစ်မလာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကျဉ်း မြောင်းတဲ့ အမျိုးသားဝါဒကြောင့်ပဲလို့ ဒီနှိုင်းယှဉ်ချက်ကတဆင့် ကောက်ချက် ချနိုင်ပါတယ်’ (လဖိုင်ဆိုင်းရော် ဆောင်းပါးရှု၊ စာ-၂၉၉)။

ကျဉ်းမြောင်းတဲ့အမျိုးသားဝါဒ အဆိပ်တက်လာတဲ့အခါ ကိုယ့်အုပ်စုဝင်မဟုတ်ရင် (အုပ်စုဝင် ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာလည်း သမိုင်းတလျောက် အလျဉ်းသင့်သလို အတိုးအလျှော့ သတ်မှတ်ချက်ပြုတာမျိုးပါ) လူအဆင့်မမီဘူး၊ လူ့အခွင့်ရေးတောင် မရထိုက်ဘူးလို့ ဆုံးဖြတ် ဆောင်ရွက်လာတတ်ကြပါတယ်။ ဒီဒဏ်ကို ကလေးသူငယ်တွေတောင်မလွတ်ဘဲ ခံစားကြရပါ တယ်။ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတခုကို သွားရောက်ခဲ့တဲ့ ဆောင်းပါးရှင်မြတ်သူက စခန်းမှာဖွင့်ထားတဲ့ ကလေးစာသင် ကျောင်းတွေအကြောင်း သူမြင်ခဲ့ရပုံကို အခုလိုရေးပါတယ်။

‘မိသားစုတစုမှာ ကလေး သုံးယောက်ရှိရှိ၊ ငါးယောက်ရှိရှိ ကလေး တယောက်ကိုသာ ကျောင်းက လက်ခံနိုင်ပါတယ်။ အဲဒီတော့ ကျန်တဲ့ကလေး တွေက အမှိုက် ထွက်ကောက်သူကောက်၊ စားပွဲထိုး ထွက်လုပ်သူလုပ်ပေါ့လေ။ ဒါတောင် အခြေခံပညာရေး အရေးအဖတ်လောက်ပါပဲ။ အဲဒီကျောင်းကို သုံးနှစ် လောက် တက်ပြီးရင် ဒီကလေးတွေအတွက် တက်စရာကျောင်း မရှိတော့ပါဘူး။ ကလေးတွေကို သင်နေတဲ့အထဲမှာ မြန်မာစာလည်းပါသလို နိုင်ငံတော်သီချင်းကို လည်း ကောင်းကောင်းရကြပါတယ်။
‘တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြေ၊ တို့မြေ’လို့ သူတို့ နိုင်ငံတော် သီချင်းကို စဆိုတဲ့အခါမှာ ကျနော် ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။ သူတို့က မြန်မာပြည်ကို သူတို့ပြည်၊ ရခိုင်မှာ အိမ်ကျန်ခဲ့တယ်၊ ပြန်လို့ရမယ်လို့ ယုံကြည်နေ ကြတယ်။ ဒီမျှော်လင့်ချက်တခုပဲရှိကြတာ။ ပညာရေးအတွက်တို့၊ ဆရာဝန်ကြီး လုပ်မယ်တို့၊ သိပ္ပံပညာရှင်ကြီးလုပ်မယ်တို့လို ကြီးကြီးကျယ်ကျယ်တွေလည်း မှန်း ကြတာမဟုတ်ဘူး။ အင်မတန်ရိုးစင်းတဲ့အိပ်မက်တခုဟာ လက်တွေ့မှာ ဘယ် လောက်ခက်မယ်ဆိုတာ မှန်းလို့ရနေတဲ့ ကျနော် အဲဒီသီချင်းသံတွေကို မကြားချင် တော့ဘူး။ ဒါပေမဲ့ သူတို့ကတော့ တက်တက်ကြွကြွ ဆိုနေကြပါတယ်။ အဓိပ္ပာယ် အများကြီးရှိတဲ့ သီချင်းဟာ သူတို့အတွက်တော့ တကယ်တမ်းမှာ အဓိပ္ပာယ်ရှိမနေ ဘူးဆိုတာ သူတို့မသိကြဘူး။ ဒါပေမဲ့ သူတို့ ဆိုနေကြပါတယ်’ (မြတ်သူ ဆောင်းပါး ရှု၊ စာ-၃၀၇)။

ရခိုင်အကျပ်အတည်းပြဿနာဟာ သမိုင်းအစဉ်အဆက် အမွေဆိုးတွေကို ဆက်ခံရတာ နဲ့ ရှုပ်ထွေးမှုတွေရှိတာ မှန်သော်ငြားလည်း ဒီအရေးကို ဖြန့်ဖြူးပြောဆိုကြပုံဟာ ကရုဏာတရား ပျောက်ဆုံးနေခြင်းပဲလို့ ဆောင်းပါးရှင် လဖိုင်ဆိုင်းရော်က ထောက်ပြပါတယ်။

‘လူမှုရေး ဆိုင်ရာ တရားမျှတမှုလို့ဆိုရာမှာ အုပ်ချုပ်ရေးနဲ့ လူမှုရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုအတွင်းမှာ ကရုဏာတရားနဲ့ မေတ္တာတရားတို့ကို ထည့်သွင်း ပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ဖယ်ကြဉ်ခံရသူတွေ၊ ပြီးတော့ အဖိနှိပ်ခံတွေကို လုံခြုံမှုဆိုတဲ့အရာနဲ့ လွှမ်းခြုံပေးခြင်းဖြစ်တယ်’ (လဖိုင်ဆိုင်းရော် ဆောင်းပါးရှု၊ စာ-၂၉၉)။

ဆောင်းပါးရှင် ဒေါက်တာစိုင်းလတ်ကလည်း လူမှုတရားမျှတရေး လှုပ်ရှားသူများအနေနဲ့ လူ့အဖွဲ့အစည်းရဲ့ အာဏာရှင်စရိုက်၊ အမုန်းတရားပြဿနာများကို အထူးအလေးထားပဲ့ပြင်ကြဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အာဏာရှင်စရိုက်နဲ့ လူမျိုးရေး အမုန်း တရားကို psychoanalysis စိတ်သရုပ်ခွဲခြင်းရှုထောင့်ကနေ လေ့လာသုံးသပ်ထားတဲ့ ဆောင်းပါး မှာ ဒေါက်တာစိုင်းလတ်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့နိုင်ငံရေးကို အခုလို ဆန်းစစ်ပြပါတယ်။
‘NLD အစိုးရ အာဏာရလာပြီးသည့်နောက် မြန်မာပြည်သူအများစုသည် အာဏာရှင်စနစ် ကျော်လွန်ပြီဟု မှတ်ယူကြသည်။ NLD အစိုးရသစ်အနေဖြင့် ဒီမိုကရေစီလမ်းစဉ်အတိုင်း တိုင်းပြည်တိုးတက်အောင် အရှိန်အဟုန်ဖြင့် ဆောင် ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် အုပ်ချုပ်ရေးရော စီးပွားရေး တွင်ပါ ထင်ထားသည့်အတိုင်း ဖြစ်မလာသည့်အခါ ယခင်အစိုးရနှင့် မထူးခြားဟု အံ့ဩကြသည်။ အမှန်မှာ NLD ၏ ၂၀၁၅ အောင်ပွဲသည် အစိုးရတခုကို အခြားတခု ဖြင့် အစားထိုးခဲ့ခြင်းသာဖြစ်သည်။ ပြည်သူများ၏ အာဏာရှင်စရိုက်ကို ဒီမိုကရေ စီ စရိုက်ဖြင့် အစားထိုးခဲ့ခြင်းမဟုတ်။ တတိုင်းပြည်လုံးမဆိုထားနှင့် ထိုလှုပ်ရှားမှု တွင် ပါဝင်ပတ်သက်နေသော လူတန်းစားအလွှာအသီးသီး၏ အာဏာရှင်စရိုက်ကို တောင် အပြောင်းအလဲမလုပ်နိုင်ခဲ့ပေ။ ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့အစည်းအသီးသီး မှ အထက်လွှာ ခေါင်းဆောင်များသည် စစ်အစိုးရအား အစားထိုးရန် ‘လူထု အခြေပြု’ခေါင်းစဉ်ဖြင့် နိုင်ငံရေးစည်းရုံးခဲ့ပြီး၊ ထိုလူထုအပေါ်တွင် ဩဇာအာဏာ တည်ဆောက်ခဲ့သည်။ သို့သော် လူ့အဖွဲ့အစည်းတခုလုံးကို ပြန်လည်ဖွဲ့စည်းနိုင် သည့် အနေအထား မရှိခဲ့။ ဒီမိုကရေစီလှုပ်ရှားမှု နိုင်ငံရေးထက်လွှာ၏ လူထု အခြေပြု ခေါင်းစဉ်အောက် တဝက်တပျက်တော်လှန်ရေးသာ ဖြစ်ခဲ့သည်’ (ဒေါက်တာစိုင်းလတ် ဆောင်းပါးရှု၊ စာ-၂၇၁)။

ဆောင်းပါးရှင်က အာဏာရှင်စရိုက် အရှိန်ပြင်းထန်တဲ့လူ့အဖွဲ့အစည်းကို နိုင်ငံရေး လှည့် စားပါက လူထုအခြေပြု အာဏာရှင်စနစ်ဟာ နိုင်ငံရေးယဉ်ကျေးမှုသစ်အနေဖြင့် ခြေကုပ်ရယူရန် အခွင့်အလမ်း ဖြစ်သွားနိုင်တယ်လို့ သတိပေးပါတယ်။
မဇ္ဈိမအိန္ဒိယရဲ့ ဒဿနရှုထောင့်ကကြည့်ရင် မျှတမှု နိအာယပျောက်ဆုံးတဲ့အခါ တရား ခြင်း နီတိပါပျောက်တယ်လို့ ဆောင်းပါးရှင်ညိုထွန်းက ထောက်ပြပါတယ်။ တဦးတယောက် ဒါမှ မဟုတ် လူ့ဘောင်အဖွဲ့အစည်းတခုရဲ့ အတွင်းကျင့်စဉ်၊ အကျင့်စရဏ တည်တံ့ခိုင်မြဲခြင်းကို တရား မျှတမှုအဖြစ် ဖွင့်ဆိုတဲ့နီတိနဲ့ အပြင်လောကတခုလုံးကို ဆန့်တန်း ရှာဖွေရကောင်းမှန်းသိပြီး ကျယ်ဝန်းစွာခြုံငုံသိမြင်မှု ဝိဇ္ဇာကိုဦးစားပေးတဲ့ နိအာယကို ဆောင်းပါးရှင်က ခွဲခြားပြပါတယ်။

‘သက္ကတ ဘာသာစကားလာ နီတိနှင့် နိအာယ ဝေါဟာရနှစ်ခုသည် တရားမျှတမှု၏ တခြမ်းစီကိုသာ အနက်ယူဆောင်ထားခြင်းဖြစ်သည်။ ထပ်ဆင့်ပြီး နက်နဲသော သဘောတရားတခုကို သိမြင်သင့်သည်မှာလည်း ၎င်းတို့ကို ဦးတည် ဖော်ဆောင်ရာမှ ထွက်ပေါ်လာသောရလဒ်တို့တွင် နှစ်မျိုးစလုံး တခြမ်းစီ ပျောက် နေတယ်လို့တော့ မဟုတ်။ အဖြစ်မှန်ဟာ ဘယ်လိုလဲဆို ‘တရားသမား (ဝါ) နီတိ သမား’မှာသာလျှင် မျှတမှုပျောက်ဆုံးခြင်း ဖြစ်ပါ၏။ မျှတမှုကို ရှာဖွေသိမြင် (သိမြင်ရှာဖွေ) ရကောင်းမှန်းသိသည့် နိအာယသမားအတွက်မှာမူကား မျှတမှု သည်ပင် တရား (justice as fairness) ဖြစ်၏။ နိအာယသမားတို့သည် တချက် ခုတ် နှစ်ချက်ပြတ်ဖြစ်လေရာ ‘အသိတရား’ကို ဆန့်တန်းရှာဖွေကြလေကုန်သော ၎င်း နိအာယဝိဇ္ဇာပုဂ္ဂိုလ်တို့နှင့်တရားသည် ဘယ်တုန်းကမှ မကွဲကွာခဲ့ဘူးဟု ဆိုရ ပါမည်’ (ဒေါက်တာညိုထွန်း ဆောင်းပါးရှု၊ စာ-၂၅၃)။

မြန်မာ့ခေတ်ပြိုင်အခြေအနေကို ရှုထောင့်အမျိုးမျိုးကသုံးသပ်ထားတဲ့ ဒီဂျာနယ်ပါ ဆောင်းပါးတွေကို လေ့လာကြည့်ရင် လူမှုတရားမျှတမှုရဲ့ မျက်နှာစာသုံးရပ်ဖြစ်တဲ့ ခွဲဝေဖြန့်ဖြူးမှု တဖက်စောင်းနင်းဖြစ်တာ၊ မျှော်မှန်းသလိုရလဒ်ကောင်းထွက်ဖို့ လူတွေမှာ အခြေအနေနဲ့ ကိုက် ညီတဲ့ ရွေးချယ်ခွင့်၊ ရွေးချယ်နိုင်စွမ်းမရှိတာ၊ ဖိနှိပ်မှုကြောင့်ဖြစ်စေ၊ ဓလေ့ထုံးတမ်းတွေရဲ့ ခွဲခြား ဆက်ဆံခံရမှုကြောင့်ဖြစ်စေ၊ ဆင်းရဲမှုကြောင့်ဖြစ်စေ နင်းပြားကျောမွဲလို့ အသိအမှတ်ပြုခံရခြင်း မရှိဘဲ မျက်နှာမွဲ၊ အသံပါမွဲနေကြရတာတွေကို အထောက်အထားအဖြစ် မြင်နိုင်ကြပါတယ်။
ဆောင်းပါးရှင် ကိုတာကတော့ ဗုဒ္ဓဘာသာရှုထောင့်က ကြည့်မယ်ဆိုရင် လူမှု တရား မျှတမှု မရှိတာတွေကို ဆန့်ကျင်ဖို့အားထုတ်ကြတဲ့အခါ ဘာဝနာစီးဖြန်းဖို့လိုတယ်။ ဗီယက်နမ် ဆရာတော် တစ်(ခ်)ညက်ဟန် (Thich Nhat Hanh) ကို ကိုးကားပြီး ဘာဝနာစီးဖြန်းတယ်ဆိုတာ လူ့အဖွဲ့အစည်းက ထွက်သွားဖို့မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ဆီပြန်လာဖို့ ဘာတွေဖြစ်နေလဲ မြင်ဖို့၊ မြင်တာကြောင့် ပြုလုပ်ခြင်းဖြစ်မယ်။ သတိသမ္မဇဉ်တရား လက်ကိုင်ထားနိုင်လို့ရှိရင်ဖြင့် ဘာကိုတော့ လုပ်အပ်တယ်၊ မလုပ်အပ်ဘူးသိမယ်လို့ ဆိုပါတယ်။ ကိုတာက အခုလို တိုက်တွန်း ပါတယ်။

‘ကိုယ့်ကိုယ်ကိုယ် ပြန်လည်အောက်မေ့ပြီး၊ တပြိုင်နက်မှာ လူမှု မတရားမှု တွေကို ဆန့်ကျင်ရန် အားထုတ်ကြဖို့ပါပဲ။ ငါနှင့် လူ့အဆောက်အအုံ အဆက်ကြီး ကိုလည်း သတိထားပြီး ငါ (ego) တင်မက အဆောက်အအုံပြဿနာကိုလည်း ပါဝင်ဖြေရှင်းကြဖို့ပါပဲ’ (ကိုတာ ဆောင်းပါးရှု၊ စာ-၅၃၅)။

အပိုင်း (၃)
အနာဂတ်အတွက်ပြင်ဆင်ခြင်း

လူမှုတရားမျှတမှုနဲ့ ပတ်သက်လို့ အနာဂတ်အတွက် ပြင်ဆင်ရာမှာ အကြောင်းအချက် သုံးချက်ကို အကြံပြုဆွေးနွေးချင်ပါတယ်။ ပထမဆုံးအချက်က မြန်မာနိုင်ငံမှာ အခြေခံဥပဒေက စလို့ အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲစရာတွေ အများအပြားရှိပါတယ်။ အခြေခံဥပဒေ အရ အာဏာရှင် ခေတ်ဟောင်းနဲ့ လမ်းမခွဲနိုင်သေးသရွေ့ လူမှုတရားမျှတမှု အာမခံချက် ရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ တည်ဆောက်ထားပုံအရ၊ စနစ်အရ တဖက်စောင်းနင်းဖြစ်နေအောင် ဖန်တီးတာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင် အခြေခံဥပဒေကို ကမ္ဘာ့အကောင်းဆုံးဖြစ်အောင် ပြုပြင်ရေးသားပြဌာန်းလည်း အောက်ခြေလူထု နင်းပြားတွေဘ၀ ကတော့ ဒုံရင်းကဒုံရင်းပဲ ဖြစ်နေဦးမှာပါ။ ဒါကြောင့် အပိုင်းနှစ်မှာ ဆွေးနွေးခဲ့ကတည်းက မြန်မာ့လူ့အဖွဲ့အစည်းကို လေ့လာရင် လွတ်လပ်ရေးရပြီးချိန်ကစလို့ ခေတ်သစ် ပြည်ထောင်စုကို ပီပီပြင်ပြင် ‘ရုပ်ရော နာမ်ရော အကုန်ပြောင်း’အောင် မတည်ဆောက်နိုင်ခဲ့တဲ့အတွက် ပြည်တွင်း စစ်မီး တောက်လောင်ခဲ့ရတယ်။ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရတယ်။ လူမျိုးကြီးဝါဒအခြံအရံနဲ့ ကြီးထွားလာတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်စနစ်နဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း စပ်ကြား အုပ်စိုးမှုစနစ်တွေဟာ ဖွဲ့စည်းတည်ဆောက်ထားပုံအရကို အာဏာနဲ့ ဓနဥစ္စာဖြန့်ဖြူးမှုမှာ အင်အားကြီးစိုးအုပ်စုတွေကို အသာပေးတဲ့ တဖက်စောင်းနင်းအခင်းအကျင်း ဖြစ်နေတယ်လို့ အကဲဖြတ်ခဲ့တာပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဗဟိုချက်မှာ အမြစ်တွယ်လာနေတဲ့ တပ်မတော်က အခွင့်ထူးဆုပ်ကိုင် ထိန်းသိမ်းထားသင့်တယ်ဆိုတဲ့ တပ်မတော်အခွင့်ထူးဝါဒီများ၊ စီးပွားရေး အင်ပါယာ လုပ်ငန်းရှင်ကြီးများ (oligarchs) နဲ့ အရေအတွက်များတဲ့ လူများစုက ကြီးစိုးအုပ်ချုပ် သင့်တယ်ဆိုတဲ့ မီးများမီးနိုင်ဝါဒီ (majoritarian supremists) တွေရဲ့ ချုပ်ကိုင်မှုကို တစုံတရာ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သရွေ့ အာဏာနိုင်ငံရေး ငကန်းသေရင် ငစွေပေါ်လာဦးမှာပဲ ဖြစ်ပါ တယ်။ အာဏာရယူလိုတဲ့သူတွေဟာ တဖက်စောင်းနင်းဖြစ်နေတဲ့ ကစားကွင်းကို အထိုက် အလျောက်ညှိနိုင်ဖို့ မကြိုးစားဘဲ ဗိုလ်ကျခွင့်ရတဲ့အသင်းဘက် ပြောင်းကန်တဲ့ အခြေနေမျိုးနဲ့ပဲ ဖြစ်နေသရွေ့တော့ ပြည်သူတွေဟာ နှာခေါင်းကျည်ပွေ့တွေ့နေရဦးမှာပါ။
ဒါကြောင့် ဖိနှိပ်အမြတ်ထုတ် မှိုင်းတိုက်တဲ့ ဖိုခနောက်ဆိုင်အာဏာကို အပြုသဘော ဆောင်တဲ့မူတွေနဲ့ အစားထိုးဖို့ ကြိုးစားကြရမှာပါ။ ပုံ-၃ မှာ ပြထားသလိုပဲ တပ်မတော်ရဲ့ အခွင့်ထူး တွေနေရာမှာ ဒီမိုကရေစီကျတဲ့တာဝန်ခံမှု၊ စီးပွားရေးအင်ပါယာလုပ်ငန်းရှင်ကြီးတွေရဲ့ ကြီးစိုးမှုကို သာနာမျှတတဲ့ ဓနဥစ္စာခွဲဝေဖြန့်ဖြူးမှုနဲ့၊ တခါ အရေအတွက်နဲ့ အုပ်စီးရေးသမားတွေကို နင်းပြား

တွေ၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး လူနည်းစုတွေအပေါ် အသိအမှတ်ပြုခြင်း၊ ဖော်ထုတ် အရေးဆိုခွင့် ‘အသံ’တွေနဲ့ ထိန်းထေအစားထိုးသွားကြရင် သင့်လျှော်မလား အဆိုပြုချင်ပါတယ်။ နိုင်ငံရေးအခွင့်အရေးတင်မက လူမှုစီးပွားအခွင့်အရေးကိုပါ ထည့်စဉ်းစားပါမှ တဖက်စောင်းနင်း ဖြစ်နေတာ သက်သာရာရစေမယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် အများပြည်သူမူဝါဒတွေကို ချမှတ်တဲ့အခါ တဖက်စောင်းနင်းဖြစ်နေတဲ့စနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ချိတ်ဆက်ချမှတ် နိုင်ဖို့ လိုပါတယ်။
ဒီနေရာမှာ မူလေးရပ်ကို အတွဲလိုက် ဟန်ချက်ညီ ပေါင်းစပ်ကျင့်သုံးသင့်ပါတယ်။
(၁) သာနာညီမျှ တန်းတူရေး (equality)
(၂) အလုပ်ဖြစ် စွမ်းဆောင်ရည် တိုးတက်ရေး (efficiency)
(၃) လိုအပ်ချက် (need) နဲ့
(၄) အရည်အချင်း (merit) တို့ ဖြစ်ပါတယ်။
တန်းတူရေးနဲ့ အလုပ်ဖြစ်စွမ်းဆောင်ရည်တိုးတက်ရေးကို ဟန်ချက် ရှာနိုင်ရပါမယ်။ ဥပမာ- တန်းတူရေးဆိုရာမှာ အခွင့်အလမ်း တန်းတူရရှိရေးအပြင် ရလဒ်မှာလည်း တန်းတူဖြစ်ရေး ဆိုပြီး ကွာခြားချက်ရှိပါတယ်။ ရလဒ်မှာ တန်းတူရေးရဖို့ဆိုရင် ဓနဥစ္စာကို ပြန်လည်ခွဲဝေဖြန့်ဖြူး ခြင်းဟာ မလုပ်မဖြစ်ချမှတ်ရတဲ့ မူဝါဒဖြစ်လာပါတယ်။ ဝင်ငွေဟာ လူမှုတရားမျှတမှု ဆောင်ကြဉ်း ရေး ရှုထောင့်အရကြည့်ရင် အခြေအနေမှန်အပေါ် တိကျထင်ဟပ်မှု အားရစရာမကောင်းတဲ့ တိုင်းထွာမှုတခုဖြစ်တာကို သုတေသီတိုင်း လက်ခံထားကြပါတယ်။ ဒါကြောင့် ရောလ်တို့၊ ဆမ် တို့က အထက်မှာဆွေးနွေးခဲ့သလိုပဲ ပဓာနလိုအပ်ချက် (primary goods) နဲ့ စွမ်းဆောင်ရွေးချယ် ခွင့် ရွေးချယ်နိုင်စွမ်း (capabilities) တွေရဲ့ အရေးကြီးပုံကို ထောက်ပြခဲ့ကြတာပါ။ ဝင်ငွေကို ထိန်းညှိရေးထက် အခွင့်အလမ်းနဲ့ ရွေးချယ်နိုင်စွမ်းတွေကို ပိုမိုမျှတအောင် အားထုတ်တဲ့ လူမှု မူဝါဒတွေကို ဇောင်းပေးခဲ့ကြတာပါ။ ဒါပေမဲ့ အလွန်အကြူး ဝင်ငွေမညီမျှမှု ထိန်းညှိရေးဟာ ရလဒ်တန်းတူရေးမှာ အခရာကျတဲ့ အညွှန်းတခု ဖြစ်နေဆဲပါ။ ဒီနေရာမှာ အခွန်စနစ်ဟာ အရေး ပါလာပါတယ်။ ဈေးကွက်ပေါက်ရတဲ့ဝင်ငွေ (market income) အရ လူတဦးနဲ့တဦးအကြား ဝင်ငွေကွာခြားမှု ကြီးတာကို မျှတတဲ့အခွန်စနစ် (အထူးသဖြင့် ဝင်ငွေမြင့်တဲ့အလျောက် ဝင်ငွေ အပေါ်ပေးရတဲ့ အခွန်ရဲ့အချိုးကို တိုးမြှင့်သောနှုန်းတိုးခွန် progressive taxation)နဲ့ ထိန်းညှိပြီး ပြန်လည် ခွဲဝေဖြန့်ဖြူးမှုတွေ လုပ်နိုင်တဲ့အတွက် အခွန်နဲ့အာမခံ စတာတွေနှုတ်ပြီး စုလို၊ သုံးလို၊ သုံးနိုင်တဲ့ဝင်ငွေ (disposable income) တွေမှာ ကွာခြားမှု လွန်လွန်ကြူးကြူးမဖြစ်အောင် ဆောင်ရွက်တာမျိုး ရှိပါတယ်။
ဒါပေမဲ့ စားစရာ မုန့်မရှိသေးဘဲ ကိုယ်စီကိုယ်ငှ ဟိုတပိုင်း ပိုင်းယူမယ်၊ ဒီအပိုင်း လှီးယူမယ် လုပ်နေပြန်ရင်လည်း နေရာမကျပြန်ပါဘူး။ ဒါကြောင့် တစုံလုံးမြင့်တက်လာရေး၊ ကြီးထွားလာ ရေးကို အလုပ်ဖြစ် စွမ်းရည်ထက်အောင် ဟန်ချက် ညှိသင့်ပါတယ်။ တခုက ရလဒ် တန်းတူရေးကို ဆုံးဖြတ်တဲ့ အကြောင်း အချက်တွေမှာ ပုဂ္ဂလိကတာဝန်ယူမှု၊ တာဝန် သိမှုတွေနဲ့လည်း ပတ်သက်တာကို သတိ လွတ်လို့ မရပါဘူး။ အများပြည်သူမူဝါဒတခု တည်းနဲ့ လူမှုတရားမျှတမှု ရလဒ်ကောင်းကို မဖန်တီးနိုင်ပါဘူး။ တာဝန်ယူမှုနဲ့ ပေါင်းစပ် ရပါမယ်။
အခွင့်အလမ်း တန်းတူရေးနဲ့ပတ် သက်ရင် အနာဂတ်အတွက် အရေးပါလှတဲ့ ချမှတ်စရာမူဝါဒတွေ အများအပြားရှိပါတယ်။ ဒီအထဲကမှ အရေးအပါဆုံးလို့ယူဆတဲ့ မူဝါဒ နှစ်ရပ်ကို အဆိုပြုချင်ပါတယ်။ တခုကတော့ ပညာရေးမှာ အဓိကအားဖြည့်တဲ့ မူဝါဒပါ။ သုတေသနတွေအရ မိဘ လူနေမှုအဆင့် အတန်း နောက်ခံ ဘယ်လိုလိုပဲရှိရှိ (ဥပမာ- မိဘက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ) သားသမီးအနေနဲ့ အဆင်မြင့်ပညာရေးကို လက်လှမ်းမီနိုင်အောင် နိုင်ငံတော်ကပံ့ပိုးနိုင်တယ်ဆိုရင် သူ့ဘဝရဲ့ အသက်မွေးဝမ်းကျောင်းကို သူ့လူမှုအဆင့်အတန်းက လွှမ်းမိုးတာ မဟုတ်တော့ဘဲ၊ သူ့ပညာအဆင့်အတန်းကသာ လွှမ်းမိုး ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အလယ်တန်းလွန် အထက်တန်းနဲ့ တက္ကသိုလ် ပညာရေးတွေကို လက်လှမ်းမီနိုင်ရေးက (ပညာရေးစနစ်ကောင်းမွန်ရင် ကောင်းမွန်သလောက်) အနာဂတ်မှာပေါ်ပေါက်လာမယ့် အလုပ်အကိုင် အခွင့်အရေးတွေအတွက် အကျိုးများပါတယ်။ ဒီနေရာမှာ လူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုမှာ ပညာရေးကို ဘယ်အဆင့်အထိ မိခင် ဘာသာစကားနဲ့ သင်ယူခွင့်ပြုမလဲဆိုတဲ့ မူဝါဒမျိုးကို ချမှတ်ဖို့လိုပါတယ်။ ဒါမှသာ အခွင့်အလမ်း တန်းတူစေဖို့ဆိုတာ နောင်တချိန် စီးပွားရေး အခွင့်အလမ်းကိုသာ တန်းတူဆုပ်ကိုင်ရယူနိုင်ရေး မဟုတ်တော့ဘဲ ကိုယ့်ဘာသာ၊ ယဉ်ကျေးမှုနဲ့ဆက်စပ်တဲ့ ဂုဏ်သိက္ခာတန်းတူရေးကိုပါ ဖြစ်ပေါ် စေမှာပါ။
ဒုတိယအရေးကြီးတဲ့မူဝါဒက လုပ်သားဈေးကွက်မှာ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပေး တာပဲ ဖြစ်ပါတယ်။ ဒါကလည်း အမျိုးသမီးအခွင့်အရေးနဲ့ ဆက်စပ်ပါတယ်။ ဥပမာ- လစာ ပြည့်ပြည့်၀၀ ခံစားစေတဲ့ မီးဖွားခွင့်နဲ့ ရင်သွေးငယ်တွေကို စောင့်ရှောက်မှုပေးတဲ့ ပြည်သူ့ဝန်ဆောင်မှု အစီအမံတွေက မိခင်တွေ လုပ်သားဈေးကွက်မှာ ပါဝင်ရေးကို အထောက်အကူပြု ပါတယ်။ မိဘနှစ်ပါးစလုံး လုပ်ငန်းခွင်ဝင်နိုင်တဲ့ အခြေအနေကြောင့် မိသားစုဝင်ငွေ တိုးတက်စေ ပါတယ်။ နိုင်ငံတော်အတွက်လည်း အခွန်အတုတ် ပိုရရှိစေပါတယ်။ ဖွံ့ဖြိုးတဲ့ OECD နိုင်ငံတွေမှာ မိခင် အလုပ်ခွင်ဝင်နှုန်းဟာ ပျမ်းမျှ ၆၆ ရာခိုင်နှုန်းရှိပြီး၊ လူမှုဖူလုံရေးကို အထူးအလေးထားတဲ့ စကင်ဒီနေဗီးယားနိုင်ငံတွေမှာဆိုရင် ၈၀ ရာနှုန်းလောက်အထိတောင် ရှိပါတယ် (Bradshaw & Finch, 2010)။ ဒီနေရာမှာ ရင်သွေးငယ်စောင့်ရှောက်မှုကို အများပြည်သူဝန်ဆောင်မှုအနေနဲ့ မဟုတ်ဘဲ ဈေးကွက်သဘောအရ ပုဂ္ဂလိကလုပ်ငန်းခွင်ကပေးအပ်တဲ့ ဝန်ဆောင်မှုမျိုးသာ ဖြစ်နေ မယ်ဆိုရင် ကျွမ်းကျင်မှုရှိတဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီးဝန်ထမ်းတွေနဲ့ အထက်လွှာ အမျိုး သမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကိုသာ မြှင့်တင့်ပေးနိုင်ပြီး အခြေခံ အလုပ်သမား လူတန်းစား အမျိုးသမီးတွေအတွက် အခွင့်အလမ်းနည်းနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးရှိတဲ့ ဝန်ထမ်းအတွက်သာ အခမဲ့ဝန်ဆောင်မှုပေးလိုပြီး အစားထိုးနိုင်တဲ့ အလုပ် သမားလူတန်းစားတွေအတွက် စောင့်ရှောက်မှုကိုတော့ စရိတ်ခြိုးခြံမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီး တွေ လုပ်သားဈေးကွက်မှာ ပိုမိုပါဝင်နိုင်အောင် ဆောင်ရွက်တာဟာ ရေရှည် အခွင့်အလမ်း တန်းတူရေးအတွက်သာမက မိသားစုဝင်ငွေတိုးရေးကိုပါ ဖြစ်စေတာမို့ ရလဒ်တန်းတူရေးကို လည်း တနည်းတဖုံ အကျိုးပြုပါတယ်။ အလားတူပဲ ကျန်းမာရေး (ဥပမာ- သောက်သုံးရေ ရရှိ ရေး၊ ကုသထိန်းချုပ်နိုင်တဲ့ ကူးစက်ရောဂါမျိုးကို ကာကွယ်နိုင်ရေး၊ သားဆက်ခြားနဲ့ မျိုးပွားမှု မူဝါဒ)နဲ့ ပြည်သူ့အိမ်ရာမူဝါဒတွေဟာလည်း အရေးကြီးလှပါတယ်။
လူမှုမူဝါဒတွေမှာ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ် အကျိုးဆက်ကို စဉ်းစားရပါတယ်။ အခွင့် အလမ်း တန်းတူရေးဟာ အနာဂတ်အတွက် ကြိုပြင်ပေးတဲ့သဘော သက်ရောက်ပြီး၊ ရလဒ် တန်းတူရေးအတွက် ထိန်းညှိတာကတော့ ဆင်းရဲချမ်းသာ တဖက်စောင်းနင်းဖြစ်နေတဲ့အတွက် လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်မယ့် အခြေအနေကို ရှောင်ရှားနိုင်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရှိရေးဆိုတဲ့ လက်ငင်းအကျိုးတွေကိုပါ ဖြစ်စေပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဟာ အတိတ်နဲ့ပစ္စက္ခကို တံတားထိုးပေးတာပါပဲ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးခုစလုံးနဲ့ အလွဲမခံနိုင်အောင် ဆက်စပ်စဉ်းစားရမယ့် အရေးတွေ လည်း ရှိပါတယ်။ ဥပမာပေးရရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု ပေါ်ထွန်းရေးပါပဲ။ အမျိုးသမီးအခွင့်အရေးကို အထူးတလည် စဉ်းစားဦးစားပေးတာဟာလည်း အတိတ်ရဲ့ ဘက်စုံ ဖိနှိပ်မှု လောင်းရိပ်ဆိုးကနေ လွတ်မြောက်ရေးသာမက လူ့အဖွဲ့အစည်းတိုင်းရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပါ အထူးကျေးဇူးပြုတယ်ဆိုတာ သုတေသနတွေမှာ အထင်အရှား ဖော်ပြထားပြီး သားပါ။ ရင်ကြားစေ့ရေးကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား၊ လူ့အသိုက်အမြုံ တခုနဲ့တခု အကြား ပြေလည်သင့်မြတ်အောင် အားထုတ်ရမယ့် တိုင်းပြည်အတွက်တော့ တရားမျှတရေးမှာ အတိတ်ကိုပဲ အာရုံပြုလွန်းနေရင်၊ အတိတ်ကိုပဲ ကိုးကားလွန်းနေရင် ပဋိပက္ခက ကျော်လွန်ဖို့ ခက်ခဲမယ်ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။
ဒါကြောင့် တန်းတူရေးကို စဉ်းစားတဲ့အခါမှာ ရောလ်ရဲ့ နင်းပြားတွေ၊ အခွင့်မသာသူတွေ ကိုအကြွင်းမဲ့ဦးစားပေး (absolute priority) အယူအဆအစား၊ အလေးထားဦးစားပေး (weighted priority) အယူအဆကို (Parfit, 1998) ပို ဘဝင်ကျမိပါတယ်။ ဒီနေရာမှာ တန်းတူရေးကို အလုပ် ဖြစ် စွမ်းဆောင်ရေးတိုးတက်ရေးနဲ့ ဟန်ချက်ညှိရာမှာ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ လုံလောက်အောင်ဖြည့်ဆည်းဖို့ (sufficiency) နဲ့ ကာလတခု (အထူးသဖြင့် တိုင်းပြည်တပြည်လုံး စီးပွားရေး နာလန်ထအောင် ကြိုးစားနေရတဲ့ကာလမျိုး)မှာ ကြားချ ဆောင်ရွက်ကောင်း ဆောင် ရွက်ပေးနိုင်ပါလိမ့်မယ်။ တချိန်ထဲမှာပဲ လိုအပ်ချက်ကို ဖြည့်ဆည်းတာနဲ့ အရည်အချင်းရှိသူကို အောင်မြင်ကြီးပွားခွင့်ပေးတာကိုဟန်ချက်ရှာကြရပါမယ်။ လူမှုတရားမျှတမှုမူဝါဒရဲ့ အခွင့်အလမ်း တန်းတူဖွင့်ပေးရေး အစီအမံ (ဥပမာ၊ ပညာရေး လက်လှမ်းမီခွင့်)မျိုးဟာ ရေရှည်မှာ အရည် အချင်းရှိသူတွေ အောင်မြင်ကြီးစိုးနိုင်တဲ့စနစ် (meritocracy) ကို အထောက်အကူပြုပါတယ်။ လူမှုဖူလုံရေး အာမခံမှာ မိမိရဲ့ ထည့်ဝင်ပေးဆောင်မှုနဲ့ မိမိပြန်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတို့ကို မျှတအောင် ချိတ်ဆက်ထားပေးတာကလည်း အရည်အချင်းရှိတဲ့သူ တနည်းအားဖြင့် များများ ထည့်ဝင်နိုင်တဲ့သူ ပိုအခွင့်အရေးရစေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ချုပ်ပြောရရင်တော့ တန်းတူရေး၊ အလုပ်ဖြစ် စွမ်းရည်တက်ရေး၊ လိုအပ်ချက်နဲ့ အရည် အချင်းတွေဆိုတဲ့ မူတွေအပေါ် အခြေတည်ပြီး အများပြည်သူ ဆွေးနွေးလက်ခံမှုတွေနဲ့အညီ ဒီမိုကရေစီကျတဲ့ တာဝန်ခံမှုမျိုး အခြေအနေနဲ့ ဆီလျော်အောင် ပြည်သူ့မူဝါဒတွေ ချမှတ်ရမှာပါ။ ဒီလိုချမှတ်ခြင်းအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအညှာမှာ ချုပ်ကိုင်ဖိစီးထားတဲ့ ဖိုခနောက်ဆိုင် အာဏာဆိုးကို လျှော့ချပြီး လူမှုတရားမျှတမှုကို ဆောင်ကြဉ်းပေးရမှာပါ။
ဒီနေရာမှာ အနာဂတ်အတွက် ပြင်ဆင်ရမယ့် ဒုတိယအချက်ကို တဆက်တည်း ဆွေးနွေး လိုပါတယ်။ ဒါကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူမှုတရားမျှတမှုနဲ့ပတ်သက်ပြီး အယူအဆ အုတ်မြစ်ဆိုင်ရာ ဆွေးနွေးနှီးနှောမှုတွေ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူလူထုတွေက လူမှုတရားမျှတမှုကို ဘယ်လို ရှုမြင်ခံယူသလဲဆိုတဲ့အပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းတွင်းမှာ လူ့ဂုဏ်သိက္ခာနဲ့ထိုက်တန်တဲ့ ပဓာနလိုအပ်ချက် ခွဲဝေဖြန့်ဖြူးမှုတွေ၊ ရွေးချယ်နိုင်စွမ်း မြှင့်တင်ပေးမှု တွေ၊ ကျောမွဲ၊ မျက်နှာမွဲ၊ အသံမွဲတွေကို အသိမှတ်ပြုတာနဲ့ သူတို့ရဲ့ ဖော်ထုတ်အရေးဆိုတဲ့ အသံကို နားထောင်တာတို့ ဖြစ်နိုင်တာပါ။
အခုဆောင်းပါးရဲ့ပထမပိုင်းမှာ လူ့အဖွဲ့အစည်းအခြေပြု တရားမျှတခြင်းနဲ့ပတ်သက်လို့ ပါဠိဗုဒ္ဓစာပေမှာ တိတိပပ ပြောဆိုလမ်းညွှန်ထားတာထက် နေယျတ္ထနည်းနဲ့ ယူသော်ရကိုသာ တွေ့ရတယ်လို့ ဆင်ခြေပြုခဲ့တဲ့အတွက် လူမှုတရားမျှတခြင်းဆိုင်ရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့၊ သမိုင်းနဲ့ ကျင့်ဝတ်ဓလေ့တွေမှာ အစဉ်လာကောင်းတွေရှိရင် ဖော်ထုတ်ကြဖို့၊ ခေတ်မီအောင် အနက်အကျယ်ဖွင့်ပြီး ပြန့်နှံ့အောင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ လူမှု တရားမျှတမှုနဲ့ပတ်သက်ရင် justice sensitivity လို့ခေါ်တဲ့ တရားလွန်တာကို လက်မခံရကောင်း မှန်း သိမြင်ထိရှတဲ့စိတ်ဟာ အခြေခံအကျဆုံးမို့ လူ့အဖွဲ့အစည်းမှာ ဒီ သိမြင်ထိရှစိတ် အားကောင်း အောင် နှိုးဆော်ကြရမှာပါ။ မတရားမှုနဲ့ပတ်သက်လို့ သိမြင်ထိရှတဲ့စိတ် justice sensitivity မှာ ကျူးလွန်ခံရသူ၊ ကျူးလွန်သူ၊ ကိုယ်တိုင်မကျူးလွန်သော်လည်း မတရားမှုက (တိုက်ရိုက် သို့မ ဟုတ် သွယ်ဝိုက်) အမြတ်ထွက်သူ၊ ဘေးလူ စသဖြင့် ထိရှစိတ်ဒီဂရီ ကွာခြားမှုရှိတာကို သတိချပ် သင့်ပါတယ်။ ခံရသူတွေအတွက် ပေါက်ကွဲနာကျင်ချိန်မှာ ကျူးလွန်သူက ခိုင်းလို့လုပ်ရတယ်ဆိုပြီး ထမင်းရေပူလာလျှာလွှဲ လုပ်နိုင်သလို ဘေးလူအတွက်ကလည်း ‘ခြေနှစ်ချောင်း မကယ်ကောင်း’ ဝင်မပါတာ အန္တရာယ်ကင်းတယ်လို့ ရှောင်ထွက်နေနိုင်ပါတယ်။ အမြတ်ထွက်သူကလည်း မလုပ် မဖြစ်လို့ ဒီလိုလုပ်ရတာဆိုပြီး ဆင်ခြေကန်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူမည်းခေါင်း ဆောင် မာတင်လူသာကင်းပြောသလို ‘နေရာတခုမှာ ဖြစ်နေတဲ့ မတရားမှုဟာ နေရာတိုင်းက တရားမျှတမှုကို ခြိမ်းခြောက် အန္တရာယ်ပြုနေတယ်’ဆိုတဲ့ အမြင်ရင့်ကျက်မှုမျိုး ရှိဖို့ဆိုတာ ခက်နိုင် ပါတယ်။ ဒါကြောင့် တရားမျှတမှုနဲ့ပတ်သက်ရင် လူ့ အဖွဲ့အစည်းတခုလုံးမှာ အယူအဆ အုတ်မြစ် တည်နိုင်အောင် စိတ်ဓာတ်ရေးရာခေါင်းဆောင်၊ နိုင်ငံရေးရာခေါင်းဆောင်တွေက တရားမှုဆိုင်ရာ သိမြင်ထိရှမှုကို မျှော်ရည်ရာလုပ်ငန်းဆောင်တာရဲ့ ပထမခြေလှမ်း (visionary first step) အဖြစ် အလေးထားသင့်ပါတယ်။
တရားမျှတမှုနဲ့ပတ်သက်လို့ သိမြင်ထိရှတဲ့စိတ် (justice sensitivity) မှာ အစိတ်အပိုင်း လေးမျိုး ရှိပါတယ် (Baumert & Schmitt, 2016)။ ပထမတခုက ဘယ်အခြေအနေကတော့ဖြင့် လက်ခံလို့ မရတော့ဘူး၊ တရားလွန်လာပြီလို့ ရှုမြင်သဘောထားမှု ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံသားတွေ အမြဲတမ်းပြောနေကြတဲ့ ‘မနုဿတ္တဘာဝေါ ဒုလ္လဘော’ဆိုတဲ့ ရခဲတဲ့ လူ့ဘဝမှာ လူသားတိုင်း ဒုလ္လဘအကျိုးခံစားခွင့်နဲ့ ထိုက်တန်အောင် ပြုမူဆက်ဆံခံပိုင်ခွင့်၊ ဒုလ္လဘ အကျိုး ချိုးဖောက်ခံရခြင်းမှ ကာကွယ်ခွင့်တွေဟာ တရားလွန်တယ်၊ မလွန်ဘူး (ဘယ်အခြေ အနေက တရားတယ်၊ ဘယ်အခြေနေက မတရားဘူး) ဆိုတာကို တိုင်းတာနိုင်ဖို့ အခြေခံကောင်း ဖြစ်နိုင်ပါတယ် (သံသရာပါရာဒိုင်းမှ ဒုလ္လဘပါရာဒိုင်း ရွှေ့ခြင်းနှင့်ပတ်သက်၍ Min Zin, 2009 တွင် အသေးစိတ်ကြည့်)။ တရားမျှတမှုနဲ့ပတ်သက်တဲ့ သိမြင်ထိရှမှုရဲ့ ဒုတိယအစိတ်အပိုင်းက တရားလွန်တယ်ဆိုတဲ့ ရှုမြင်ချက်ကို ခံစားမှုအရ ဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲ။ ဒီနေရာမှာ မြန်မာ့အစဉ်အလာ ပြောဆိုဆုံးမရာမှာ ရည်ညွှန်းလေ့ရှိကြတဲ့ ဟိရီဩတ္တပ္ပတရားကို အကိုး အကား ပြုနိုင်ပါတယ်။ မတရားတာ၊ မမျှတတာကို ကိုယ်တိုင်ကျူးလွန်ဖို့ပဲဖြစ်ဖြစ်၊ သူများ ကျူးလွန်တာကိုပဲဖြစ်ဖြစ် အဇ္ဈတ္တ သမုဋ္ဌာန်အားဖြင့် ရှက်ရကောင်းမှန်း သိမြင်ထိရှရင် အတ္တာဓိပ တေယျဖြစ်ပြီး၊ ဗဟိဒ္ဓသမုဋ္ဌာန်အားဖြင့် ကြောက်ရကောင်းမှန်း သိမြင်ထိရှရင် လောကာဓိပတေ ယျ ဖြစ်ပါတယ် (မောင်ထင် ၂၀၀၂၊ ဦးတင် ၁၉၆၃)။
တရားမျှတမှုနဲ့ပတ်သက်လို့ သိမြင် ထိရှမှုရဲ့ တတိယအစိတ်အပိုင်းဟာ မတရားမှုအပေါ် ခံပြင်းတဲ့စိတ် ဘယ်လောက် အချိန်ကြာကြာနဲ့ ပြင်းပြင်းပြပြဖြစ်သလဲဆိုတဲ့ အချက်ပါပဲ။ မြန်မာ တွေက ‘ကောက်ရိုးမီး’လို၊ ‘ရေတက်ငါးစင်ရိုင်း’လို၊ ‘ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်’ တအောင့် နေတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပဲဆိုတဲ့ အရပ်ပြောသတ်မှတ်ချက်တွေ ရှိထားလေ တော့ မတရားတာကို အမှတ်သည်းခြေ ရှိတတ်ဖို့လည်း အရေးကြီးပါတယ်။ တရားမျှတမှုအပေါ် သိမြင်ထိရှစိတ်ရဲ့ စတုတ္ထအစိတ်အပိုင်းကတော့ မတရားမှုကိုချေဖျက်ပြီး တရားမျှတမှု ပြန်လည် ထွန်းကားအောင် လုပ်ဆောင်လိုစိတ်ပါပဲ။ တနည်းအားဖြင့် တရားမျှတမှုကင်းမဲ့တဲ့ အခြေအနေ အောက်မှာ လိပ်ပြာသန့်သန့်မနေနိုင်တာ၊ ဘာသိဘာသာ မနေနိုင်တာ၊ အနိမ့်ဆုံး စိတ်ထဲက ‘န မေတံခမတိ’ ငါမထောက်ခံဘူးလို့ စိတ်ထဲက အံတုငြင်းဆန်တဲ့ စိတ်ဓာတ်မျိုးလောက်တော့ လိုအပ်ပါတယ်။ ဖိနှိပ်မှုတင်းကြမ်းအခြေအနေကို ရင်ကြားစေ့သင့်မြတ်ရမယ့် တိုင်းပြည်မှာ တရားမျှတမှု ပြန်လည်ထွန်းကားစေရေးအတွက်ဆိုရင် အသွင်ကူးပြောင်းရေးကာလ တရား မျှတမှုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာပါ။ ဘယ်လိုပုံစံမိုဒယ်မျိုးကိုသုံးမလဲ ဆိုတာကတော့ အားလုံး ဝိုင်းဝန်းဆွေးနွေးသင့်ကြပါတယ်။ ဒါကို သေချာနားလည်အောင် လေ့လာတာမျိုးမလုပ် ဘဲ မဆွေးနွေးအပ် မကိုင်တွယ်အပ်တဲ့ တားမြစ်ချက် (taboo) အဖြစ် သဘောထားနေရင် ပိုမို ဆိုးရွားဖို့ပဲရှိပါတယ်။
ဒါ့အပြင် မြန်မာ့အစဉ်အလာအဆုံးအမမှာ တွင်ကျယ်တဲ့ သင်္ဂဟတရားလေးပါးဖြစ်တဲ့ (၁) ပေးကမ်းထောက်ပံ့ခြင်း၊ (၂) ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ (၃) သူ့အကျိုးစီးပွားဖြစ် အောင် ပြုကျင့်ခြင်းနဲ့ (၄) အဆင့်အတန်းမခွဲဘဲ ကိုယ်နှင့်ထပ်တူပြုမူခြင်းတွေကို လူမှုတရားမျှတ မှု ထွန်းကားရေးအတွက် အခြေခံတွေဖြစ်တဲ့ သာနာမျှတခွဲဝေဖြန့်ဖြူးမှု၊ လူမျိုး၊ ဘာသာ၊ ကျား-မ ခွဲခြားနှိမ့်ချပြီး အမုန်းစကားမပွားမှု စတာတွေနဲ့ ဆီလျော်အောင် ဝိဂြိုဟ်ပြု ဆင်ခြင်နိုင်မလား ဆိုတာလည်း စဉ်းစားစရာပါ။ ဆရာကြီးဒဂုန်ဦးထွန်းမြင့်ကတော့ သူ့ရဲ့ ‘ဗုဒ္ဓ၏ ဩဝါဒအမြုတေ’စာအုပ်မှာ သင်္ဂဟတရားလေးပါးကို ‘လူတန်းစားမခွဲနှင့်’ဆိုပြီး ခေါင်းစဉ်တပ် ရှင်းပြထားတာ တွေ့ရပါတယ်။ ယောမင်းကြီးဦးဖိုးလှိုင်ကလည်း အထက်ဖော်ပြပါ လူခပ်သိမ်းတို့ ကျင့်ဆောင် အပ်တဲ့ သင်္ဂဟတရားလေးပါးအပြင် အုပ်စိုးသူမင်းတို့ တိုင်းပြည်နိုင်ငံ စည်ပင်သာယာအောင် စောင်မကြည့်ရှုတဲ့ မင်းကျင့်တရားဆိုပြီး သင်္ဂဟတရားလေးပါးကို တနည်းဖော်ပြပါတယ်။
(၁) သင့်လျော် ကောက်သင့်တဲ့အခွန်ကို ကောက်ခြင်းဆိုတဲ့ သဿမေဓ၊
(၂) ရသောအခွန်ကို စားသုံးလောက်အောင် ခွဲဝေပေးကမ်းခြင်းဆိုတဲ့ ပုရိသမေဓ၊
(၃) ကုန်သည်လယ်လုပ်တို့ကို ကူးသန်းလုပ်ဆောင်ရာတွင် အားရှိအောင် အပိတ်အပင် မရှိ ဖွင့်၍ခွင့်ပေးခြင်း၊ အရင်းအနှီးမရှိတဲ့ ဆင်းရဲပင်ပန်းသူတို့ကို အတိုးမရှိ အရင်း ပေးကမ်းခြင်းဆိုတဲ့ သမ္မာပါသနဲ့
(၄) ချစ်ဖွယ်သောစကားကို ပြောဆိုခြင်းဆိုတဲ့ ဝါစာပေယျတို့ဟာလည်း လူမှုတရား မျှတမှုနဲ့ လျော်အောင် နားလည်နိုင်မယ့်သဘော ရှိပါတယ်။

ချုပ်ပြောရရင် တရားမျှတမှုနဲ့ပတ်သက်ပြီး သိမြင်ထိရှစိတ်ရဲ့ အစိတ်အပိုင်း လေးရပ်စလုံး ကို လျော်ရင်လျော်ညီသလို မြန်မာ့သမိုင်း၊ အစဉ်အလာ၊ ဓလေ့ကောင်းတွေနဲ့ ဖွင့်ဆိုရှင်းလင်း နိုင်မယ်ဆိုရင် မြန်မာ့ လူ့အဖွဲ့အစည်းထဲ ဒီစိတ်ဓာတ်၊ ဒီတန်ဖိုးတွေ ပြန့်နှံ့အောင် ဖြန့်ဖြူးနိုင်ဖို့ အထောက်အကူ အထူးပြုနိုင်မယ်လို့ သုံးသပ်ပါတယ်။ ဒီနေရာမှာ အစဉ်အလာအဆုံးအမတွေကို အနက်ကောက်တဲ့အခါ ကိုးကွယ်ဆည်းကပ်မှုဘာသာရေး (religion) ရှုထောင့်က မချဉ်းကပ်ဘဲ ဘာသာတရားတွေကဆုံးမတဲ့ ကျင့်ဝတ် (religious ethics) ရှုထောင့်က ဖွင့်ဆိုသင့်လှပါတယ်။ ဘာသာတရားတိုင်းမှာ ယုံကြည်ကိုးကွယ်မှုသဒ္ဓါတရား အနည်းနဲ့အများဆိုသလို လိုအပ်ပေမဲ့ ဘာသာရေးခေါင်းဆောင် သူတော်စင်တွေဆုံးမတဲ့ ကျင့်ဝတ်ကိုတော့ ဆင်ခြင်တုံတရားနဲ့ အမှား အမှန် ခွဲသိနိုင်တာမို့ ကိုးကွယ်ဆည်းကပ်မှု ကွဲပြားခြားနားတဲ့ လူ့အဖွဲ့အစည်းမှာ အများသဘော ညီနိုင်ခြေ အရှိဆုံးဖြစ်ပါတယ်။ ဒီလို အယူအဆပိုင်းအရဆွေးနွေးပြီး လူ့အဖွဲ့အစည်းကို တန်ဖိုး ထားမှုတွေနဲ့ ထုံမွှမ်းနိုင်ပြီဆိုရင် မြန်မာ့ဓလေ့မှာ ပြောရိုးစဉ်ရှိတဲ့ လောကရေး၊ ရာဇရေး၊ ဓမ္မရေး သုံးဖြာအနက် လူမှုယဉ်ကျေးမှု၊ စနစ်နဲ့ ပါရာဒိုင်းတွေကိုပြဋ္ဌာန်းတဲ့ ဓမ္မသတ္တိရှိလာပြီလို့ ဆိုနိုင် ပါတယ်။
ဒီ ဓမ္မဝတ်ပေါ်အခြေခံပြီး ရာဇရေးရာနမူနာကောင်းတွေကို ရှာဖွေနိုင်ပါတယ်။ ဒီအဆင့် မှာတော့ သမိုင်းမှာရှိခဲ့တဲ့ အုပ်စိုးသူအစဉ်အဆက်ရဲ့ ရာဇပညတ်ကို ဆင်ခြင်ကြဖို့ လိုပါတယ်။ မြန်မာတွေ အကိုးအကားများတဲ့ ဓမ္မရာဇာလည်းဖြစ်၊ လူမှုတရားမျှတမှုနဲ့ပတ်သက်ရင် သုတေ သီတွေကိုယ်တိုင် အလေးထားရတဲ့ အသောကမင်းကြီးကို နမူနာ ယူကြည့်ချင်ပါတယ်။ အာ သောကမင်းကြီးဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပေမဲ့ သူအောင်နိုင်တဲ့ နိုင်ငံတော် အတွင်းမှာတော့ ဗုဒ္ဓဘာသာဖြစ်ခြင်းဆိုင်ရာ ဝိသေသတွေကို အထူးတလည်မတွေ့ရဘဲ ဓမ္မ ဒါမှမဟုတ် ဗုဒ္ဓဓမ္မဆိုတဲ့ သစ္စာ တရားကိုယ်သဘောကိုသာ ဦးစားပေးခဲ့ပါတယ် (Butler, 2014)။ ဓမ္မကျင့်စဉ်နဲ့၊ ဓမ္မနဲ့အညီနေထိုင်ခြင်းမှာ ‘ကြင်နာခြင်း၊ ရက်ရောပေးကမ်းခြင်း၊ အမှန်အတိုင်း ဖြစ်ခြင်း၊ စင်ကြယ်ခြင်း၊ သိမ်မွေ့ခြင်းနှင့် ကောင်းမြတ်ခြင်း’ (ကျောက်စာတိုင် အမှတ် ၇) တို့ပဲ ဖြစ်တယ်လို့ မိန့်ပါတယ်။ ပါမောက္ခသာမန်း (Prof. Thurman) က အာသောကမင်ကြီးရဲ့ ရာဇ ကျင့်စဉ်ကို
(၁) အဇ္ဈတ္တပြောင်းလဲရေး ဖြင့်သာ ပုဂ္ဂိုလ်ရေးနဲ့ အများပြည်သူ ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းနိုင်တယ်၊
(၂) အဟိံသခေါ်တဲ့ အကြမ်းမဖက်လမ်းစဉ် ကျင့်သုံးတယ်၊
(၃) ပညာရေးနဲ့ ဘာသာရေးအရ အားလုံးရှင်သန်စည်ပင်ခွင့် ဗဟုဝါဒ ကို အလေးထားမယ်၊
(၄) ကရုဏာရှိတဲ့ လူမှုဖူလုံရေးမူဝါဒတွေ ချမှတ်တယ်၊
(၅) နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှုကိုဖြေလျှော့တယ်လို့ သံခိပ်ပြု အမျိုးအစား ခွဲပြပါတယ် (Jones, 1989)။

လူမှုတရားမျှတမှုနဲ့ပတ်သက်ရင် အာသောကမင်းကြီးရဲ့ ကျောက်စာတိုင်တွေဟာ အလွန် ကျေနပ်စရာကောင်းပါတယ်။ မင်းကြီးဟာ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှု ဘာသာတရား တွေအပေါ်မှာ သည်းခံခွင့်ပြုရုံသာမက လှူဒါန်း၊ နေရာပေး၊ အလေးအမြတ်ပြုပါတယ်။ တိုင်းပြည် အနှံ့ တရားဓမ္မများကို ရေးထိုးထားတဲ့ ကျောက်စာတိုင်များစိုက်ထူကာ တရားဓမ္မကို ညွှန်ကြား ပြသပြီး စောင့်ရှောက်စစ်ဆေးမှုတွေပြုလုပ်မဲ့ ဓမ္မမဟာမတ္တရ (Dhamma Mahamatras) အရာရှိ တွေကို ခန့်ထားတာဝန်ပေးပါတယ်။ ဓမ္မကတဆင့် လူအပေါင်းကို တိုးတက်ခြင်းဖြစ်စေနိုင်တဲ့ နည်းလမ်းနှစ်သွယ်ရှိတယ်။ ဒါတွေကတော့ ဓမ္မဖြင့်စည်းကမ်းကန့်သတ်ခြင်း (Dhamma regulation) နဲ့ ဓမ္မဖြင့် သိမ်းသွင်းလက်ခံအောင်ဆောင်ရွက်ခြင်း (Dhamma persuasion) တို့ ဖြစ်ပါ တယ်။ စည်းကမ်းကန့်သတ်ခြင်းဟာ ထိရောက်မှုအနည်းငယ်မျှသာရှိပြီး လက်ခံနိုင်အောင် သိမ်းသွင်းဆောင်ရွက်ခြင်းကတော့ ပိုမိုထိရောက်တယ်လို့ မင်းကြီးက ကျောက်စာရေးထိုး မြွက် ကြားပါတယ် (ကျောက်စာတိုင် အမှတ် ၇)။ ဥပဒေစည်းကမ်းထုတ်ပြီး တိရိစ္ဆာန်တွေကို သတ် ဖြတ်ခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်းတွေမလုပ်ဖို့ တားမြစ်ခဲ့တာ၊ လူနဲ့ တိရိစ္ဆာန်တွေ အရိပ်အာဝါသ ရစေဖို့ လမ်းတွေမှာ ညောင်ပင်တွေ၊ သရက်ပင်တွေစိုက်တာ၊ ယူဇနာတဝက်တိုင်းမှာ ရေတွင်း တူးပြီး ဇရပ်တွေဆောက်စေတာဟာ သှူကျောက်စာတွေကတဆင့် သိရတဲ့ အံမခန်းလုပ်ဆောင် ချက်တွေပါပဲ။
အာသောကမင်းကြီးလိုပဲ မြန်မာ့ရာဇဝင်က ထိလိုင်မင်း ခေါ် ကျန်စစ်သားမင်းကြီးဟာ လည်း ရင်ကြားစေ့ရေး၊ လူမှုတရားမျှတရေးတို့နဲ့ ပတ်သက်ပြီး စံနမူနာပြုစရာပဲ ဖြစ်ပါတယ်။ ပုဂံ ညောင်ဦး ရွှေစည်းခုံဘုရားကြီးမှာရှိတဲ့ ကျောက်စာတိုင်နှစ်ခုကို အခြေခံပြီးပြောရရင် ထိလိုင်မင်း ဟာ ပုန်ကန်ထကြွမှု (အစဉ်အလာ မှတ်သားချက်အရ မွန်သူပုန်လို့ ယူဆဖွယ်ရှိတယ်)ကို နှိမ်နှင်း တယ်၊ စစ်ပြီးတော့ ပြန်လည်သင့်မြတ်ကုစားရေးနဲ့ ပြန်လည်ထူထောင်နေရာချထားရေးလုပ်တာ အောင်မြင်တယ်။ ဒီအကြောင်း ကျောက်စာမှာရေးထိုးခဲ့တာ မှတ်သားစရာ ကောင်းပါတယ်။
‘ရေစုန်ဖြင့် အရပ်တစ်ပါးသို့သွားကုန်သော အရိမဒ္ဒနာပြည်နေ သုံ့ပန်း ဖြစ်ကုန်သော အမျိုးလေးပါးတို့ကို အရှင်ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာ (ထိလိုင် မင်း)၏ အစွမ်းခွန်အားလုံ့လဖြင့် သူတို့သည် လျင်မြန်စွာ ရေဆန်ပြန်တက်လာ၍ အရိမဒ္ဒနာပြည်၌ တဖန်မွေ့လျော်ကြကုန်လတ္တံ့။ တပါးသော(ချစ်သူနှင့်)ကွဲကွာ၍ မျက်ရည်ရှိသောသူတို့ကို အကျိုးစီးပွားဆောင်ခြင်းဖြင့် မေတ္တာစိတ်တည်းဟူသော လက်ဖြင့် အရှင်ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် သုတ်သင်လတ္တံ့။ စိတ်နှလုံး မသာယာသူ၏ အညစ်အကြေးတည်းဟူသောနှပ်ကို အကျိုးစီးပွားဆောင်ခြင်းဖြင့် သနားခြင်းတည်းဟူသောရေဖြင့် ဆေးကြောလတ္တံ့။ နတ်မင်းအရှင် ဂြီတြိဘုဝနာ ဒိတျ ဓမ္မရာဇာမင်းသည် လကျ်ာလက်ဖြင့် ထမင်းမုန့်ကို လူအပေါင်းတို့အား ပေး လတ္တံ့။ လက်ဝဲလက်ဖြင့် အဝတ်ပုဆိုးပစ္စည်းတို့အား ပေးလတ္တံ့။ ခပ်သိမ်းသော လူအပေါင်းတို့ကိုလည်း အမိ၏ရင်ဝယ်သားကဲ့သို့ အရှင် ဂြီတြိဘုဝနာဒိတျ ဓမ္မ ရာဇာမင်းသည် အကျိုးစီးပွားဖြင့် စောင့်ရှောက်လတ္တံ့။’ (ဒေါက်တာသန်းထွန်း ၂၀၀၆)။

ထိလိုင်မင်းက ရင်ကြားစေ့ကုစားရေးဆောင်ရွက်ချက်တွေမှာ နန်းတော်တွင်း အထက် တန်း ချီးမြှင့်အပ်သော ရာထူးဌာန္တရတို့မှာ မွန်လူမျိုးတွေကိုခန့်အပ်ထားပြီး ကျောက်စာတွေကို လည်း မွန်ဘာသာနဲ့ ရေးထိုးစေတယ် (ဒေါက်တာသန်းထွန်း ၂၀၀၂)။ နိုင်ငံထူထောင်ရာမှာ စီးပွားရေးဟာ သော့ချက်ဖြစ်လို့ စိုက်ပျိုးရေးကို အားပေးတယ်။ ဆည်ရေသောက် လယ်စိုက်ခင်း တိုးချဲ့တယ်။ ပြည်တွင်းသာယာဖို့ ငြိမ်းချမ်းရေးပဓနာလို့ ဂရုထားတယ်၊ ပြည်ပရန် ကာကွယ်ဖို့မှာ လက်ရုံးရည်ထက် နှလုံးရည်ကို အလေးထားတယ်။ ပြည်တွင်းမှာ ရဟန်း ပုဏ္ဏားကအစ သူတောင်းစားအထိ စိတ်ချမ်းသာအောင်ထားတယ်။ လူတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက် တယ် (ဒေါက်တာသန်းထွန်း ၂၀၀၇)။ အာသောကမင်းကြီးလိုပဲ သစ်ပင်တွေပြန်စိုက်၊ ကျေးဌက်နဲ့ သားကောင်တွေ ဘေးမဲ့ပေးတယ်။ ဗုဒ္ဓသာသနာကို ချီးပင့်တယ်။ သို့ပေသိ ကျန်ယုံကြည်ကိုးကွယ် မှုတွေကိုလည်း မနှိပ်စက်ဘူး။ နေရာပေးတယ်။ ဥပမာ ဗိဿနိုးနတ်မင်းဆိုင်ရာ ပူဇော်ပသပွဲများ ကို အရေးပေးတာမျိုး ဖြစ်ပါတယ် (ဒေါက်တာသန်းထွန်း ၂၀၀၆)။ ကျန်စစ်သားမင်းကြီးရဲ့ အဆင့် မြင့်မားလှတဲ့ နိုင်ငံရေးနဲ့ တရားမျှတမှုဆိုင်ရာ အတွေးအခေါ်ကို ကျောက်စာမှာ အခုလို ရေးထိုး ထားတာ တွေ့ရပါတယ်။

‘တင့်တယ်သော၊ ကျက်သရေရှိသော အရိမာဒ္ဒနပြည်၌ တုန်လှုပ်ချောက် ချားခြင်း၊ ကြောက်ရွံ့ခြင်းမှကင်းသော အုပ်စိုး(နည်း)ကို အရှင်ဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြသလတ္တံ့’ (ဒေါက်တာသန်းထွန်း ၂၀၀၆)

အုပ်စိုးတဲ့အစိုးရကို ကြောက်ရွံ့ခြင်း လုံးဝမရှိစေရဆိုတဲ့ အုပ်ချုပ်ရေးမျိုးကို အသက် အိုးအိမ်စည်းစိမ်ကို ပိုင်စိုးတဲ့ ပဒေသရာဇ်ခေတ် မင်းတပါးက ကျင့်သုံးဖို့မိန့်ကြားတာဟာ ဂုဏ်ယူ နည်းမှီစရာကောင်းတဲ့ ရာဇပညတ်ပဲဖြစ်ပါတယ်။
အာသောကနဲ့ ထိလိုင်မင်းနှစ်ပါးစလုံးဟာ ပဒေသရာဇ်ခေတ်ရဲ့ ဧကရာဇ်တွေဖြစ်တဲ့ အလျောက် ခေတ်သစ် အချုပ်အခြာအာဏာအမြင်နဲ့ ခေတ်သစ် ဒီမိုကရေစီနိုင်ငံသားဖြစ်မှု အမြင်တွေ မရှိတာကို အထူးတလည် ထောက်ပြနေစရာ မလိုပါဘူး။ သူတို့ရဲ့ ရာဇကျင့်ဝတ်ကိုသာ လျော်ရာမှာ နမူနာကြည့်ရမှာပါ။ လူမှုတရားမျှတမှုကို သမိုင်း၊ အစဉ်အလာ၊ ဓလေ့တွေကနေ ဆီလျော်သမျှ ပြန်ဖွင့်ဆိုပြီး အတွေ့အကြုံသစ်တွေ၊ မျှော်ရည်ချက်အသစ်တွေနဲ့ ပေါင်းစပ်ပြီး အယူအဆအုတ်မြစ်ချတဲ့အခါ သမိုင်းမိုဒယ် နမူနာကောင်းတွေကို ပြန်ခြေရာကောက်ဖို့ လိုအပ် တယ်ဆိုတာကို အဆိုပြုလိုရင်းပဲ ဖြစ်ပါတယ်။ ခေတ်တွေပြောင်းသွားတဲ့အတွက် ပုံသေ ကူးလို့ မရတာ၊ ကိုယ့်သမိုင်း၊ ကိုယ့်အစဉ်အလာမှာ မထွန်းကားသေးတာကို ဝန်မခံဘဲ အားလုံးကို အတိတ်နဲ့ချည်နှောင်ဖို့ ကြိုးစားနေရင်လည်း အသစ်အသစ်တွေတိုးပွားရေးကို ပိတ်ဆို့သလို ဖြစ် သွားစေမှာပါ။ ဒီနေရာမှာ နိုင်ငံတော် အကျဉ်းအကျယ် စတဲ့ တည်ဟန်အပြောင်းအလဲ၊ လူတွေရဲ့ စရိုက် ဒါမှမဟုတ် နိုင်ငံရေးဓလေ့အပြောင်းအလဲနဲ့ ခေတ်လောကဓာတ် ဒါမှမဟုတ် နည်းပညာ အပြောင်းအလဲနဲ့ လူမှုစီးပွားစနစ် အပြောင်းအလဲစတဲ့ လောကရေးရာအခြေအနေတွေ ပြောင်း ရင်ပြောင်းသလို ရာဇပညတ်၊ ရာဇဝတ်တွေ ပြောင်းလဲတတ်တာ သဘာဝပါပဲ။ အခြေခံအယူအဆ အုတ်မြစ်ဖြစ်တဲ့ ဓမ္မဝတ်ဘောင်နဲ့ မလွတ်သရွေ့ ရာဇရေးနဲ့ လောကရေးဟာ အပြန်အလှန် လွှမ်းမိုး ကျေးဇူးပြုနေမှာပါပဲ။ လူ့အဖွဲ့အစည်းက နိုင်ငံရေးစနစ်ကို လွှမ်းမိုးတာ၊ တခါ နိုင်ငံရေးစနစ် ကလည်း လူ့ အဖွဲ့အစည်းကို ပြန်ပုံသွင်းဖို့ကြိုးစားတာမျိုး ဖြစ်ပါတယ်။
ဒီနေရာမှာ တဆက်တစပ်တည်း လူမှုတရားမျှတမှုနဲ့ပတ်သက်လို့ အနာဂတ်အတွက် ပြင်ဆင်ရာမှာ အဆိုပြုတဲ့ အကြောင်းအချက်သုံးချက်ထဲက နောက်ဆုံးအချက်ကို တင်ပြချင် ပါတယ်။ ဒါကတော့ လူမှုတရားမျှတမှုပေါ်ထွန်းရေးအတွက် မျှတတဲ့ခွဲဝေဖြန့်ဖြူးမှု၊ ရွေးချယ်ခွင့် စွမ်းဆောင်ရည်ရှိမှု၊ နင်းပြားတွေကိုအသိမှတ်ပြုမှုနဲ့ သူတို့’အသံ’ ဖော်ထုတ်အရေးဆိုခွင့်ရှိဖို့ ဆိုရင် နိုင်ငံတော်ကို အကုန်လွှဲထားရုံ၊ နိုင်ငံတော်က ဥပဒေတွေပြဋ္ဌာန်းမှာကို စောင့်မျှော်နေရုံနဲ့ မရနိုင်ပါဘူး။ အိုင်းရစ်ယန်းထောက်ပြသလိုပဲ နိုင်ငံတော်ဆိုတာလည်း လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် ဘ၀ သွေးကြောတွေထဲ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိသလို၊ ထိုးဖောက်ဖို့လည်း မသင့်ပါဘူး။ ဒါကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဗြူရိုကရေစီနဲ့ နိုင်ငံရေးပါတီများ စတဲ့ ကိုယ်စားပြုဆောင်ရွက်ရတဲ့ အင်စတီကျူးရှင်းတွေရဲ့ အာဏာစက်နဲ့ စီမံခန့်ခွဲဆောင်ရွက်သလို လူမှုလှုပ်ရှားမှုတွေ၊ နိုင်ငံသားဆိုင်ရာ၊ ဘာသာယဉ်ကျေးမှုဆိုင်ရာ၊ အနုပညာနဲ့ နိုင်ငံရေးဆိုင်ရာ သင်းပင်းစုဖွဲ့မှုစတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကတဆင့် ပြောင်းလဲအောင် ဆောင်ရွက်ရေးကိုလည်း အားထုတ်ကြရမှာပါ။ ကြီးမားတဲ့၊ တိုးတက်တဲ့ အပြောင်းအလဲတွေဟာ အုပ်စိုးသူတွေ၊ အခွင့်ထူးခံတွေ စိတ်စေတနာအလျောက် လမ်းဖွင့်တာထက်စာရင် လူမှုလှုပ်ရှားမှု တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ စီးပွားရေး အသိုင်းအဝန်းတွေနဲ့ နိုင်ငံတကာ အခင်းအကျင်းသစ်ရဲ့ ဖိအားတွေ စတာတွေကြောင့် အုပ်စိုးသူတွေဘက်က တင်ကူး လက်ဦးအောင် ကြိုပြောင်းလဲ (သို့မဟုတ်) လိုက်လျောပြောင်းလဲ (သို့မဟုတ်) တော်လှန်ပြောင်း လဲအဖြစ်တွေ ကြုံခဲ့ရတာပါ။ ဒါကြောင့် လူမှုတရားမျှတမှုကို ထွန်းကားစေလိုတယ်ဆိုရင် နိုင်ငံ တော်တခုထဲကို ပုံအပ်မျှော်ကိုးတာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းကိုယ်၌က ကိုယ့်အား ကိုယ် ကြီးထွား အောင်လုပ်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်မှသာ အကျိုးများမှာဖြစ်ပါတယ်။

ကျမ်းကိုးစာရင်း
အင်္ဂလိပ်ဘာသာ

Baumert, Anna & Schmitt, Manfred. (2016). “Justice Sensitivity”, In Clara Sabbagh & Schmitt (Eds.), Handbook of Social Justice Theory and Research. New York: Springer Science+Business Media.

Benhabib, S. (2002). The claims of culture: Equality and diversity in the global era. Princeton, NJ: Princeton University Press.

Blim, Michael. (2007). “Distributive Justice”, In Darity Jr. A. William. (Eds.), International Encyclopedia of the Social Sciences, 2nd edition (VOLUME 4). Macmillan Reference USA.

Bradshaw, J., & Finch, N. (2010). Family benefits and services, In F. G. Castles, S. Leibfried, J. Lewis, H. Obinger, & C. Pierson (Eds.), The Oxford handbook of the welfare state. Oxford, England: Oxford University Press.

Butler, Colin (2014). Buddhism and Social Justice. Jubilee Australia. https://www.jubileeaustralia.org/page/about/Jubilee%20Buddhism%20and%20Social%20Justice.pdf

Frohlich, Norman. & Oppenheimer, Joe A. (1992). Choosing Justice: An Experimental Approach to Ethical Theory. Berkeley: University of California Press.

Hall, H. F. (1995). The Soul of a People. Orchid Press, Bangkok.

Jones, Ken. (1989). The social face of Buddhism: an approach to political and social activism. London, Wisdom Publications.

Kim, Seon-Mi, & Sherraden, M. (2014). The Capability Approach and Social Justice, In Reisch, Michael (Ed.), International handbook of social justice. Routledge, London and New York.

King, Winston L. (1995). Judeo-Christian and Buddhist Justice. Journal of Buddhist Ethics [electronic] 1995; 2: 67-82.

Konow, James. (2001). “Fair and Square: the four sides of distributive justice.” Journal of Economic Behavior and Organization 46(2):137–64.

Lele, Amod. (2014). On justice and activism in Pali Buddhism. The Indian Philosophy Blog. https://indianphilosophyblog.org/2014/09/28/on-justice-and-activism-in-pali-buddhism/

Levitsky, Steven & Way, Lucan A. (2010). Competitive Authoritarianism: Hybrid Regimes After the Cold War. Cambridge.

Michelbach, Philip A. et al. (2003). “Doing Rawls Justice: An Experimental Study of Income Distribution Norms”. American Journal of Political Science, Vol. 47, No. 3, pp. 523–539.

Min Zin. (2009). Burmese Buddhism’s impact on social change: the fatalism of Samsāra and monastic resistance. In Watts, J. (Ed), Rethinking karma: the dharma of social justice. Silkworm Books: Chiang Mai, Thailand.

Mitchell, G. et al. (1993). “Judgments of Social Justice: Compromises Between Equality and Effi ciency.” Journal of Personality and Social Psychology 65(4):629–39.

Montada, L. (2007). Justice conflicts and the justice of conflict resolution. In K. T.rnblom & R. Vermunt (Eds.), Distributive and procedural justice. Research and applications (pp. 255–268). Burlington, VT: Ashgate.

Nussbaum, M.C. (2003). Capabilities as fundamental entitlements: Sen and social justice. Feminist Economics, 9(2–3), 33–59.

Nozick, Robert. (1974). Anarchy, State, and Utopia. New York: Basic Books.

Oppenheimer, Joe A. (2012). Principles of politics: A rational choice theory guide to politics and social justice. Cambridge, New York: Cambridge University Press.

Parfit, D. (1998) ‘Equality and priority’. In A. Mason (Ed) Ideals of equality, Oxford: Blackwell.

Rawls, John (1971). A Theory of Justice. Cambridge. Harvard University Press.

Sabbagh, Clara and Schmitt, Manfred. (2016). Handbook of Social Justice Theory
and Research. Springer, Science+Business Media New York.

Sen, Amartya (1992). Inequality Reexamined. Cambridge: Harvard University Press.

Sen, Amartya. (1983). Poverty and famines. New York: Oxford University Press.

Sen, Amartya. (1995). Human development and financial conservatism. Keynote address at the International Conference on Financing Human Resource Development, Asian Development Bank, Manila, November 17.

Sen, Amartya. (1999). Development as freedom. Oxford: Oxford University Press.

Shway Yoe (1963). The Burman; His Life and Notions. New York: W. W. Norton Company.

Steinberg, David I. (2001). Burma: The State of Myanmar. Washington, D.C. Goergetown University Press.

Tarling, Nicholas. ed (1994). The Cambridge History of Southeast Asia Volume One From Early Times to c. 18000. Cambridge, Cambridge University Press.

Thant Myint-U (2001). The Making of Modern Burma. Cambridge. Cambridge University Press.

Thant Myint-U (2007). The River of Lost Footsteps: A Personal History of Burma. New York. Farrar, Straus and Giroux.

Young, Iris. M. (2008). Structural injustice and the politics of difference. In Craig, G., Burchardt, T. and Gordon, D. (Eds). Social justice and public policy: Seeking fairness in diverse societies. The Policy Press, Great Britain.

မြန်မာဘာသာ
ကျော်လွင်၊ ဦး၊ နှစ်ဖက်လှ။ နှစ်ဖက်လှတက္ကသိုလ်တရားများ၊ စာနဒီစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၁၂။

ဇော်ဂျီ။ ‘ပြည်ထောင်စုနှင့် ကျွန်တော်’၊ ဇော်ဂျီ၏ စာရှုခင်း(၄) စာတမ်းငယ်များနှင့် စာပေလေ့လာချက်များ၊ စိတ်ကူးချိုချိုစာပေ၊ ရန်ကုန်၊ ၂၀၁၅။

စိန်ဝင်း၊ လူထု။ ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်၊ ပင်ဝါးရုံစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၁၀။

တင်၊ ဦး။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး (ပထမပိုင်း)၊ ရန်ကုန်မြို့၊ ဗဟိုပုံနှိပ်တိုက်၊ ၁၉၆၃။

တင်၊ ဦး။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး (ဒုတိယပိုင်း)၊ ရန်ကုန်မြို့၊ ဗဟိုပုံနှိပ်တိုက်၊ ၁၉၆၅။

တင်၊ ဦး။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး (တတိယပိုင်း)၊ ရန်ကုန်မြို့၊ ဗဟိုပုံနှိပ်တိုက်၊ ၁၉၇၀။

ထွန်းမြင့်၊ ဦး၊ ဒဂုန်။ ဗုဒ္ဓ၏ ဩဝါဒအမြုတေ၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်၊ ၁၉၉၉။

ဓမ္မိက၊ အရှင်၊ ဆင်ဖြူကျွန်း။ ဂုဏ်ယူထိုက်တဲ့ လူ၊ လင်းလွန်းခင်စာပေ၊ ရန်ကုန်၊ ၂၀၁၈။

ဘဦး၊ ဦး။ မြန်မာ့အုပ်ချုပ်ရေးပညာ၊ ဗဟိုရ်စည်သတင်းစာတိုက်၊ မန္တလေး၊ ၁၉၄၀။

ဘိုးသင်း၊ ဦး၊ စစ်ကိုင်း။ သူ့အမြင်နှင့် သူ့အတွေး (ဆယ်အုပ်ပေါင်းချုပ် ပထမတွဲ)၊ စိတ်ကူးချိုချိုစာပေ၊ ရန်ကုန်၊ ၂၀၁၄။

မောင်ထင်။ ယောမင်းကြီးဦးဖိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း၊ Unity Publishing House ၊ ရန်ကုန်၊ ၂၀၀၂။

မောင်မောင်တင်၊ ဦး။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး (တတိယတွဲ)၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၀၄။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။ အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း (ပထမတွဲ)၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၀။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။ အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း (ဒုတိယတွဲ-ဒုတိယပိုင်း)၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၈။

မှန်နန်းမဟာရာဇဝင်တော်ကြီး (တတိယတွဲ)။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၂၀၀၃။

ရွှေအောင်၊ ဦး။ ဘဝအမြင်သစ်၊ ပါရမီစာပေ၊ ရန်ကုန်၊ ၁၉၉၇။

ရွှေအောင်၊ ဦး။ ဓမ္မပဒ၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၀၂။

ရွှေအောင်၊ ဦး။ ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)၊ ပါရမီစာပေ၊ ရန်ကုန်၊ ၂၀၀၃။

ရွေဥဒေါင်း။ ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ၊ ယောမင်းကြီးစာပေ၊ ရန်ကုန်၊ ၁၉၉၁။

သန်းထွန်း၊ ဒေါက်တာ။ ခေတ်ဟောင်းမြန်မာရာဇဝင်၊ အင်းဝစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၀၂။

သန်းထွန်း၊ ဒေါက်တာ။ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ၊ သီရိဆွေစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၀၆။

သန်းထွန်း၊ ဒေါက်တာ။ အစောဆုံးအက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ၊ ရွှေရည်မြင့်မြတ်စာပေ၊ ရန်ကုန်၊ ၂၀၀၇။

အမာ၊ ဒေါ်၊ လူထု။ အမေ့ရှေးစကား (အတွဲ ၁)၊ လူထုကြီးပွားရေးစာအုပ်တိုက်၊ မန္တလေး၊ ၁၉၉၇။

အမာ၊ ဒေါ်၊ လူထု။ အမေ့ရှေးစကား (အတွဲ ၂)၊ လူထုကြီးပွားရေးစာအုပ်တိုက်၊ မန္တလေး၊ ၂၀၀၀။

အမာ၊ ဒေါ်၊ လူထု။ အမေ့ရှေးစကား (အတွဲ ၃)၊ လူထုကြီးပွားရေးစာအုပ်တိုက်၊ မန္တလေး၊ ၂၀၀၇။

မြန်မာဘာသာဆောင်းပါးများ
တာရာငြိမ်းချမ်း။ အေဘရာဟမ်လင်ကွန်း၊ ဂျွန်ရောလ်နှင့် ‘တရားမှုသီဝရီ’၊ အတွေးအမြင်စာစဉ် (၁၁၆)၊ ရန်ကုန်၊ ဇန်နဝါရီ-ဖေဖော်ဝါရီလ၊ ၁၉၉၆။

မင်းဇင်။ ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှုစနစ်အောက်က အရပ်ဘက်အဖွဲ့အစည်းများ၏ နိုင်ငံရေး။ The Myanmar Quarterly အတွဲ ၁၊ အမှတ် ၁၊ ISP-Myanmar ၊ ရန်ကုန်၊ ၂၀၁၆။

About the author

Min Zin

Min Zin is a founding member and the executive director of the Institute for Strategy and Policy - Myanmar, which is an independent, non-partisan, and non-governmental think tank, which promotes democratic leadership and strengthen civic participation in Myanmar. He is a PhD candidate in Travers Department of Political Science at University of California, Berkeley. Min Zin is a comparative political scientist who studies civil-military relations, democratization, contentious politics, ethnic conflicts and civil war with a focus on Myanmar and Southeast Asian countries. Min Zin’s writings appear in Journal of Democracy, Journal of Current Southeast Asian Affairs, Social Research: An International Quarterly, Contemporary Southeast Asia, Georgetown Journal of International Affair and many edited books. He serves as country analyst of Myanmar for several research foundations including Freedom House, and he is also a fellow of Legatum Institute. Min Zin took part in Burma’s democracy movement in 1988 as a high school student activist, and went into hiding in 1989 to avoid arrest by the junta. His underground activist-cum-writer life lasted for nine years until he fled to the Thai-Myanmar border in August 1997. Min Zin writes for The Foreign Policy Magazine, The New York Times, and other media outlets.

Add comment