ဒွိစုံလောကနှင့် အားကြီးသူတို့၏အမှန်တရား (Social Darwinism in Dichotomous World)

စာရေးသူဟာ အခြေခံမိသားစုဘဝက ပေါက်ဖွားလာခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေမှာ ပျော်မွေ့ခဲ့ရတာမို့ သူဌေးတွေး မတွေးတတ်ပါ။ ဆည်းပူးခဲ့တဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်းခွင့်ကို ရခဲ့ရတဲ့အတွက် ထိုက်သင့်တဲ့ ဘဝအခြေအနေတစ်ခုမှာ သက်သောင့်သက်သာ နေထိုင်ခွင့်ကို ရနေပေမဲ့ စဉ်းစားသမျှ၊ လုပ်သမျှဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဘဝအမြင်တွေအပေါ်မှာ အခြေခံပါတယ်။ ကိုယ် ကိုယ်တိုင် ဆင်းရဲနွမ်းပါးတဲ့ဘဝကို ပညာအခြေပြုလို့ ရုန်းထွက်နိုင်ခဲ့သလိုပဲ နင်းပြားခံဘဝတွေ လူ့ဂုဏ်သိက္ခာနဲ့အညီ မပူပင် မကြောင့်ကြရတဲ့အဖြစ်မှာ လွတ်လပ်ပျော်ရွှင်စွာ၊ ယုံကြည်ရာ လျှောက်လှမ်းခွင့် ရနေတဲ့ အခြေအနေမျိုးတွေကို မြင်တွေ့လိုပါတယ်။ ပညာနည်းလို့၊ အလုပ်မကြိုးစားလို့၊ စည်းကမ်းမရှိ့လို့ ဒါကြောင့် ဆင်းရဲမှာပေါ့လို့ ပြစ်တင် ပြောဆိုနေတာကို လက်မခံသလို၊ ဒီ နွမ်းပါးသူ အများစု ဆင်းရဲတွင်းနက်ထဲကနေ တက်မလာနိုင်ဖို့၊ ပိတ်ဆို့ထားတဲ့ လူမှုရေး၊ နိုင်ငံရေး စနစ်တွေကို ဖယ်ရှားဖို့လိုတယ်လို့ ပြောတဲ့ အသေးစားချေးငွေ လုပ်ငန်းတွေရဲ့ ခေါင်းကိုင်ဆရာကြီး စီးပွားရေး နိုဘယ်ဆုရှင် ပရောဖက်ဆာ ယူနွတ်နဲ့ သဘောထား တိုက်ဆိုင်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လူထုက ကြိုက်နှစ်သက်တဲ့ နိုင်ငံရေးပါတီ သောင်ပြိုကမ်းပြို နိုင်ခဲ့ပြီးတဲ့နောက် အခြေခံလူတန်းစားတွေရဲ့ လူမှုဘ၀ စီးပွားတိုးတက်နိုင်ဖို့ အခွင့်အလန်းတွေ လမ်းပွင့်သွားပြီလား ဆိုပြီး တွေးပြီးပျော်မိခဲ့တယ်။ အနည်းဆုံးတော့ မလိုလားအပ်တဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေ ဆုံးခန်းတိုင်ဖို့ မျှော်လင့်တကြီး ရှိခဲ့မိတာတော့ အမှန်ပါ။

■ အားကြီးသူတို့သာ အမှန်

ဂေဟဗေဒရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေ ဖော်ထုတ် ရေးသားခဲ့တဲ့ ဒါဝင်ကို အခြေပြုပြီး Social Darwinism  “ဒါဝင် လူမှုကြီးစိုး ရှင်သန်ရေး အယူအဆ” ဆိုတာ နိုင်ငံရေးသိပ္ပံ လေ့လာသူတွေကြားမှာ ရည်ညွှန်း ပြောဆိုမှုတွေ ရှိပါတယ်။ ဒါဝင်က သတ္တဝါတွေ ကမ္ဘာဦးကနေ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်ခဲ့ရာမှာ Survival of the Fittest  ဆိုသလိုပဲ ပြောင်းလဲနေတဲ့ သဘာ၀ အခြေအနေနဲ့ လိုက်လျောညီထွေ နေနိုင်တဲ့ သတ္တဝါတွေသာ ရှင်သန်နိုင်တယ်လို့ အကောက်အယူ ပြုပါတယ်။ အင်အားကြီးသူက အင်အားနည်းသူကို ယှဉ်ပြိုင် ဝါးမြိုပြီး ရှင်သန် ရပ်တည်လေ့ ရှိတာဟာ သဘာဝပါလို့ ဆိုလိုတာပါ။ ကြိုက်ခြင်း၊ မကြိုက်ခြင်း ဘေးဖယ်ထားလို့ သတ္တလောကမှာ ကိုယ်က သူများကို ဝါးမြိုမလား၊ ဒါမှမဟုတ် သူများက ဝါးမြိုတာကို ခံမှာလားဆိုတဲ့ လောကဖြစ်စဉ်ကို ဒါဝင် လူမှုကြီးစိုး ရှင်သန်ရေး အယူအဆက ဖော်ဆောင်ပါတယ်။ ယဉ်ကျေးတဲ့ လူ့ဘောင် အသိုင်းအဝိုင်းမှာတော့ ယှဉ်ပြိုင်ခြင်းကနေ တိုးတက်မှု ဖြစ်ပေါ်အောင် စည်းဘောင်တွေ ချမှတ်လို့၊ ဘောလုံးပွဲ စကားနဲ့ပြောရရင် Fair play သင့်တင့်မျှတသော ပြင်ညီကစားကွင်း ဖြစ်အောင် စီမံလေ့ရှိကြပါတယ်။ အမှောင်ခေတ်လွှမ်းတဲ့ လူ့ဘောင်မှာတော့ အားကြီးသူက ပြဌာန်းတဲ့ အမှန်တရားပေါ့။ ၂၀၀၄ ခုနှစ်က ကိုးကန့်ဒေသမှာ ဘိန်းပပျောက်ရေး အစီအမံ အစိတ်အပိုင်း တစ်ခုအနေနဲ့ ကုလသမဂ္ဂ ရိက္ခာထောက်ပံရေး အကူအညီပေးရေး လုပ်ငန်းတစ်ခုကို ဆောင်ရွက်ဖို့ အကြောင်းတိုက်ဆိုင်စွာ ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဆုံခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုက တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့တာကို ဒီကနေ့အထိ အမှတ်တရ ရှိပါတယ်။ သူက သူ့အဖိုးကပြောတယ်တဲ့ “ငါးတွေကို ကြည့်လိုက်စမ်း၊ ငယ်တဲ့ အကောင်ကို လတ်တဲ့အကောင်က စားတယ်၊ အလတ်ကောင်ကို အကြီးကောင်က စားတယ်၊ မင်း အစားမခံချင်ရင် ကြီးအောင်လုပ်၊ တရားတယ်၊ မတရားတယ် မရှိဘူး ဒါ လောကသဘာဝပဲ” တဲ့၊ သူက အားကြီးသူ ကသာ အမှန်တရား ပြဌာန်းတယ်ဆိုတာကို အလေးအနက်ထား ဆိုလိုရင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒါဝင် လူမှုကြီးစိုးရှင်သန်ရေး အယူအဆကို မသိပါဘူး၊ သို့သော် သူ့အဖိုးရဲ့ ဘဝပေးအသိကို သူပုံဖော် နားလည်ချင်တဲ့ ပုံစံနဲ့ သူ့ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို အမှန်တရား ပြုပါတယ်။

■ အစွန်းနှစ်ဖက်ကြားက လောက

သိပ္ပံပညာရှင် အိုင်စတိုင်းက အမှန်တရားဆိုတာ တသမတ်တည်း မရှိဘူး၊ အချိန်နဲ့ နေရာအပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတယ်လို့ အဆိုရှိပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး နယ်ပယ်မှာ ပြောဆိုနေကြတဲ့ အတွေးအခေါ် အယူအဆတွေဟာလည်း တစ်သမတ်တည်း မှန်ကန်နေတယ်လို့ မဆိုနိုင်ပါဘူး၊ ကာလံ၊ ဒေသံအပေါ် မူတည်လို့ မှန်ကန်ခြင်း၊ အသုံးတဲ့ခြင်း ဖြစ်တည်ပျက်နေတဲ့ သဘောရှိပါတယ်။ ကမ္ဘာ့သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်ရင် အရှေ့တိုင်းနိုင်ငံတွေက ကျင့်ဝတ်ကို အခြေခံတဲ့ နိုင်ငံအုပ်ချုပ်ရေးကို အလေးပေးခဲ့သလို၊ အနောက်တိုင်း နိုင်ငံတွေက စည်းမျဉ်းကို အခြေခံထား အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ကို အားထားခဲ့ကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က အရှေ့တိုင်းနိုင်ငံတွေက ယဉ်ကျေးမှုဖွံ့ဖြိုးကာ ကြီးပွားတိုးတက် ဦးဆောင်နိုင်ခဲ့ပေမဲ့ ခုချိန်မှာတော့ အနောက်နိုင်ငံတွေက တိုးတက်ဖွံ့ဖြိုးလို့ နည်းပညာအရရော၊ စီးပွားရေးအရရော၊ အတွေးအခေါ် အယူအဆအရပါ ဦးဆောင်နေတဲ့ သမိုင်းရဲ့ နိမ့်တုံမြင့်တုံ ကာလတစ်ခု (Rise and Fall) ကို ဖြတ်သန်းနေရတဲ့ အချိန်ဖြစ်ပါတယ်။ သို့သော်လည်း မကြာသေးခင် ဆယ်စုနှစ်တွေမှာ အရှေ့တိုင်း နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတွေ စီးပွားရေးအရ ခေါင်းထောင်လာနိုင်တဲ့ စန်းပွင့်မှုတွေ ဖြစ်ထွန်းလာတော့ အရှေ့ရောင်နီသန်းမယ့် အချိန်လားလို့ မျှော်လင့်တကြီး ပြောဆိုနေခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ထဲမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ နိုးထလာတဲ့ မြန်မာပြည်ကရော ဘယ်လို ခံယူကျင့်သုံး ကျော်ဖြတ်မှာလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ လားရာတဖက်ဆီမှာ ရှိနေတဲ့ အတွေးအခေါ် အယူအဆတွေရဲ့ကြားမှာ ကိုယ်မြင်ချင်တဲ့ ကိုယ့်တိုင်းကိုယ့်ပြည်ကို ဘယ်လို မူဝါဒတွေ၊ နည်းလမ်းတွေနဲ့ တည်ဆောက်ကြမလဲ။ ကိုယ့်လမ်းကိုယ် ဖောက်ကြမှာလား၊ သမိုင်းရေစီးကြောင်းနဲ့ အလိုက်သင့် မျောပါသွားလို့ ကြုံရာကမ်းကို ကပ်ကြမှာလား၊ စဉ်းစားဆင်ခြင်လိုသူ အဖို့မှာတော့ ဒွိဟတွေ ပြည့်လို့နေပါတယ်။ အနည်းဆုံးတော့ အယူအဆရေးရာ အကြောင်းသုံးပါးကတော့ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အရေးပါတယ်လို့ ဆိုချင်ပါတယ်။

■ (က) အားကောင်းသော အစိုးရနှင့် ဒီမိုကရေစီ

အင်္ဂလိပ် နိုင်ငံရေး အတွေးအခေါ်ပညာရှင် သောမတ်(စ)ဟောဘ် (၁၅၈၈ – ၁၆၇၉) က သူရဲ့ ကျော်ကြားတဲ့ “အာဠာဝက” Leviathan (1651) စာအုပ်မှာ လူဟာ လွတ်လပ်ပိုင်ခွင့်တွေ ရှိပေမဲ့ အတ္တဗဟိုပြုတာမို့ မိမိရဲ့အကျိုးစီးပွား အတိုင်းအဆမရှိ ရှာဖွေရင်း တစ်ဦးနဲ့တစ်ဦး ထိပ်တိုက်တွေ့ကာ လူမှုရေးပဋိပက္ခတွေက မဆုံးနိုင်အောင် ရှိမယ်။ ဒါကြောင့် လူမှုရေးပဋိဉာဉ်အရ (Social Contract) အချုပ်အခြာအာဏာရှိတဲ့  အားကောင်းတဲ့ အစိုးရ၊ သို့မဟုတ် အုပ်စိုးသူရှိမှသာ တည်ငြိမ်တဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မယ်။ ဒီအတွက် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးအချို့ကို ဒီအာဏာပိုင်တွေဆီမှာ အပ်နှံထားဖို့ လိုမယ်။ ဒီအတွက် အုပ်စိုးသူတွေကို အုပ်စိုးခံ ပြည်သူတွေက ပြန်လည် ဆန့်ကျင်ပုန်ကန်မှုတွေ ပြုပိုင်ခွင့် မရှိဘူး၊ ဘာလို့လဲဆိုတော့ အုပ်စိုးသူ မကောင်းတာထက် အုပ်စိုးသူ မရှိတဲ့အခါ လူမှုအနိဌာရုံတွေက ပိုဆိုးမှာ ဖြစ်တဲ့အတွက် ဖြစ်တယ်လို့ ဟောဘ်က ဆိုပါတယ်။ သူ့လိုပဲ Social Contract ကိုပြောတဲ့  ထင်ရှားတဲ့ နောက်နိုင်ငံရေး အတွေးအခေါ်ပညာရှင်ကတော့ ဂျွန်လော(ခ) (၁၆၇၂ – ၁၇၀၄) ဖြစ်ပါတယ်။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပင်မအတွေးအခေါ် မီးရှူးတန်ဆောင် ဖြစ်တယ်လို့ ယူဆကြတဲ့ ဂျွန်လော(ခ)ရဲ့ Two Treatises of Government (1689)  စာတမ်းမှာ ဟောဘ်ရဲ့ လူမှုပဋိပက္ခတွေကို ထိန်းကျောင်းမယ့် အုပ်စိုးသူအစိုးရ လိုအပ်တယ်ဆိုတဲ့ အယူအဆကို လက်ခံတယ်။ သို့သော် အစိုးရက အာဏာရှိတဲ့အခါ ဆိုးသွားနိုင်တာမို့ အာဏာခွဲေ၀ ကျင့်သုံးဖို့ကို အားပေးသလို၊ အစိုးရက ဖောက်ပြန်တဲ့အခါ ပြည်သူတွေက အခြေအနေ၊ အတိုင်းအတာ တစ်ခုအရ ဆန္ဒပြ ဆန့်ကျင်ပိုင်ခွင့် ရှိတယ်၊ ဒီလို ဆောင်ရွက်ခြင်းကလည်း လူမှုရေး ပဋိဉာဉ်အရ လိုအပ်ချက်တစ်ခုပဲလို့ အဆိုရှိပါတယ်။ ဂျွန်လော(ခ)ရဲ့  right of revolution ဆန့်ကျင်ပိုင်ခွင့် အယူအဆကို Henry David Thoreau (1817-1862) က ထပ်လောင်းပြောဆိုတဲ့အခါ မတရားတဲ့ ဥပဒေမှန်သမျှ ဆန့်ကျင်ကြ၊ အစိုးရကို အခွန်မပေး ဆန့်ကျင်ရေး အစရှိတဲ့ Civil Disobedience (CD) လူထု အာခံမှုဟာ တိုက်ရိုက် ဒီမိုကရေစီ (Direct Democracy) ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ထင်ရှားလာပါတယ်။ ဒီနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန့်ကျင်ရေးမူနဲ့အတူ မဟတ္တမဂန္ဒီတို့၊ မာသာလူသာကင်း ဂျူနီယာတို့ဟာ ဒီအယူအဆကို လက်တွေ့နိုင်ငံရေးအဖြစ် ဖော်ဆောင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကြီးစိုးမှု အားကောင်းလာတဲ့အချိန်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးအရ မှီခိုဆက်ဆံနေရတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ အစရှိတဲ့ အာရှနိုင်ငံတွေမှာ ဒီမိုကရေစီဟာ နိုင်ငံရေးအစိတ်အပိုင်း တစ်ခုအဖြစ် ပေါ်ထွန်းလာပေမဲ့ စင်ကာပူက လီကွမ်ယူ ပြောသလို အာရှတန်ဖိုးလို့ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အစဉ်အလာတွေဟာ ဒီမိုကရေစီကျင့်သုံးမှုနဲ့ ဒွေးရော ယှက်တင် ဖြစ်ခဲ့ပါတယ်။ တစ်ဦးချင်း လွတ်လပ်မှုကို အလေးပေးတာထက် အားကောင်းတဲ့အစိုးရ ဖြစ်ထွန်းရေးကို ဦးတိုက်ခဲ့ကြပါတယ်။ အစိုးရ အားကောင်းမှ ပြတ်ပြတ်သားသား ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပြီး စီးပွားဖွံ့ဖြိုး တိုးတက်မယ်။ ဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်မယ်၊ ငြိမ်ဝပ်ပိပြား စည်းကမ်းရှိမှလည်း လူမှုစီးပွား တည်တန့် ဖြစ်ထွန်းမယ်ဆိုတဲ့ အကောက်အယူပါပဲ။ အရင်းမဲ့ ကွန်မြူနစ်စနစ်ထဲမှာ အရင်းရှင် ဈေးကွက်စီးပွာရေးကို သွတ်သွင်းပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း တစ်ဟုန်ထိုး ဖွံ့ဖြိုးလာတဲ့ တရုတ်နိုင်ငံကလည်း ဒီမိုကရေစီဆိုတာ တစောင်းစေးနဲ့ မျက်ချေးလိုပဲ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ။ လူပေါင်း သန်းထောင်ချီ ရှိတဲ့နိုင်ငံမှာ တစ်ဦးချင်း အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို ဦးစားပေးနေဖို့ အချိန်မရှိဘူး၊ အခြေအနေ မပေးဘူး၊ အရင်းအမြစ် မရှိဘူး၊ အများရဲ့ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ဖို့ ဗဟိုအစိုးရ အားကောင်းဖို့ လိုတယ်၊ အားကောင်းတဲ့ ဗဟိုအစိုးရ မရှိရင် တိုင်းပြည်အခြေအနေ ပိုဆိုးမှာမို့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ စုရုံးခွင့်တွေ၊ ဆန္ဒထုတ်ဖော်ခွင့်တွေ မလိုလားအပ်ဘူးလို့ တရုတ်အစိုးရက ယူဆလက်ခံထားပါတယ်။ အုပ်ချုပ်မှုမှာ ဗဟိုထိန်းချုပ်မှု အလေးကဲလို့ အကန့်အသတ်အရ စီမံခန့်ခွဲနိုင်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးကို ပေါင်းစပ် ကျင့်သုံးပါတယ်။ ဒီနေရာမှာ လက်ရှိ တရုတ်ရဲ့ နိုင်ငံအုပ်ချုပ်ရေးဟာ ကွန်ဖြူးရှပ်ရဲ့ လူမှုရေး အတွေးအခေါ်တွေနဲ့ သောမတ်(စ)ဟောဘ်ရဲ့ အာဠာဝကအစိုးရ သဘောထား အယူအဆကို စပ်ကြားကျင့်သုံးတယ်လို့ ဆိုချင်ပါတယ်။ မြစ်ဆုံဆည် ဆောက်လုပ်ရေး စီမံကိန်း ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံ နိုင်ငံရေးသမားတွေ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေနဲ့ တွေ့တိုင်းမှာ သူတို့က မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ မအောင်မြင်နိုင်ဘူး၊ မလိုအပ်ဘူး၊ အန္တရာယ်ရှိတယ်လို့ ကြိမ်ဖန်များစွာ ဆိုကြပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံလောက် လူမများသော်လည်း လူမျိုးစုတွေ များပြားပြီး ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းနောက်ခံ ရှိတာမို့ ဒီမိုကရေစီ လွတ်လပ်ခွင့်ပေးရင် ညှိမရဘဲ ပိုဆိုးမယ်၊ ညီညွတ်မှု ပျက်ပြားမယ်၊ တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ကွဲမယ်လို့ သူတို့အမြင်ကို ပြောပါတယ်။

တကယ်တော့ အားကောင်းသော အစိုးရဆိုတဲ့ အယူအဆကို ဦးနေဝင်းကလည်း သူ့ရဲ့ မအောင်မြင်တဲ့ တစ်ပါတီ ဆိုရှယ်လစ်စနစ်မှာ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့သော်ငြားလည်း ရလဒ်ကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဆိုရှယ်လစ်စနစ် အပြိုအလဲ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်ပြီး ငြိမ်ဝပ်ပိပြားမှုကို ဇောင်းပေးလို့ အားကောင်းသော အစိုးရတစ်ရပ်ကို ပုံစံတစ်မျိုးနဲ့ ခရီးဆက်ခဲ့ပေမဲ့လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သွားတာပဲ အဖတ်တင်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ပေါ်ပေါက်လာခဲ့သော်လည်း အငြင်းပွားဖွယ်တွေ အပြည့်နဲ့ နိုင်ငံရေး အကြပ်အတည်းတစ်ခု ဖြစ်နေတာကတော့ အရှိတရားပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ခြင်း၊ မပြင်ခြင်းဟာ အဓိက သက်ဆိုင်သူတွေရဲ့ အကျိုးစီးပွားနဲ့ တစ်သီးပုဂ္ဂလိက စိတ်ဝင်စားမှုတွေကြောင့်လို့ ရိုးစွပ်ကြပေမဲ့၊ စာရေးသူအနေနဲ့ အထက်မှာ အဆိုရှိခဲ့သလို အားကောင်းသော အစိုးရဆိုတဲ့ အစွဲအလမ်း၊ ပရောဂ ပူးကပ်တာလို့ ဆိုချင်ပါတယ်။ ကွဲပြားခြားနားတဲ့ နောက်ခံ အကြောင်းတရားတွေနဲ့ ပြည်သူတွေ ပညာရေချိန်၊ နိုင်ငံရေးရေချိန် မပြည့်ဝသေးလို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်ဆိုတဲ့ အမြင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြောင်းလိုသူအများရဲ့ အဓိက အကောက်အယူပိုင်းဆိုင်ရာ တပ်မက် ကပ်ညိမှု ဖြစ်တယ်။ မအောင်မြင်ခဲ့တဲ့ နှစ် ၆၀ အတွေ့အကြုံတွေ ရှိလည်း လက်မခံလိုသေးတဲ့ သဘော ဖြစ်နေပုံရတယ်။ တစ်ဖက်မှာလည်း ပြည်သူအများ တောင့်တနေတဲ့ တရားမျှတခြင်း၊ တန်းတူညီမျှမှုရှိခြင်း၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိခြင်း အစရှိတဲ့ တရားကိုယ် သဘောတရားတွေနဲ့ ပြည့်ဝတဲ့ ဖက်ဒရယ်နိုင်ငံ ဆိုတာဟာလည်း ဒီမိုကရေစီ ပြည့်ဝမှုရှိမှ ဖြစ်မှာပါ။ ဒီမိုကရေစီ မပြည့်ဝတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့က ဘယ်လိုမှ အဆင်ပြေချောမွေ့စွာ ခရီးဆက်သွားစရာ အကြောင်းမရှိပါဘူး။ စပ်ကြား ဒီမိုကရေစီနဲ့ သွားခဲ့ကြတဲ့ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်တို့ဟာ အမေရိကန်စောင်မမှုနဲ့ စီးပွား အောင်မြင်ခဲ့ကြတာပါ။ တရုတ်ကတော့ စစ်အေးတိုက်ပွဲ ကြားကာလ နိုင်ငံရေး အဟတစ်ခုမှာ ဈေးကွက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး စီးပွားရေးလှိုင်းလုံး စီးနိုင်ခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့က အားကောင်းတဲ့ အာဠာဝက အစိုးရ စိတ်ကူးအာသီသကို ရပ်ပြီး အားကောင်းတဲ့ ပြည်သူတွေနဲ့ ခရီးဆက်ဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။ အချိန်တွေက သိပ်နောက်ကျလွန်းနေပြီ ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ ခေတ်စနစ်နဲ့ မကိုက်တော့တဲ့ ပုံစံတွေနဲ့ ခေတ်နောက်ပြန်ဆွဲ မလုပ်စေချင်ပါဘူး။ ဒီမိုကရေစီ အုပ်စိုးမှု  Democratic Governance ကို အားကောင်းမောင်းသန် ဖြစ်စေမဲ့ အာမခံချက်တွေ ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် တစ်ခု မနှေးအမြန် ပေါ်ထွန်းလာရေးဟာ သမိုင်းရေး လိုအပ်ချက်ပါ။ ဒီအာမခံချက်အပေါ်မှာ အခြေပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လိုသူတွေ စိုးရိမ်ကြောင့်ကြနေတဲ့ နိုင်ငံပြိုကွဲ ကစဉ့်ကလျားမှုတွေ မဖြစ်ရအောင် လမ်းပြမြေပုံတစ်ခု ရေးဆွဲ အကောင်အထည်ဖော်ဖို့ပဲ အရေးကြီးပါတယ်။ သီလမလုံဘဲ တရားဘာဝနာ ဆောက်တည်လို့ သမာဓိ၊ ပညာ မဖြစ်ထွန်းနိုင်သလို၊ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း အပါးမစုံတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဘယ်မှရောက်မှာ မဟုတ်ပါဘူး၊ သီလမလုံတဲ့ တရားထိုင်သူတွေ ရူးသွပ်သွားသလိုဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခြေခံတဲ့ ဟုတ်မလိုလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာလည်း နေမြင့်လေ အရူးရင့်လေ ဖြစ်မှာပါ။

■ (ခ) မမြင်ရသောလက်နဲ့ အစိုးရရဲ့ ဇက်ကြိုး

ဈေးကွက်စီးပွားရေးအရ လွတ်လပ်မှုသာ ရှိပါစေ မမြင်ရသော ကဝေလက်တစ်စုံက ဝယ်လိုအား၊ ရောင်းလိုအားတွေ အပြန်အလှန် ထိန်းညှိရင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပါလိမ်မယ့်လို့ အရှင်းရှင်စီးပွားရေး တက်ကျမ်းဆရာ အဒမ်စမစ် (၁၇၂၃-၁၇၉၀) က အဆိုရှိခဲ့ပါတယ်။ ဒီအမြင်နဲ့ပဲ ဥရောပရဲ့ မြေရှင်ပဒေသရာဇ် စီးပွားရေးစနစ်ကို လွတ်လပ်တဲ့ အရင်းရှင် ဈေးကွက်စီးပွားရေးစနစ်နဲ့ အစားထိုးခဲ့ကြပါတယ်။ လက်ဝါးကြီးအုပ် ကိုလိုနီ အရင်းရှင်စီးပွားရေးစနစ်မှာ မှန်းဆမထားတဲ့ စီးပွားရေးပျက်ကပ်တွေ ကြုံတွေ့လာရတော့ ကမ္ဘာ့စစ်ပွဲတွေနဲ့ ခါးသီးမှုတွေ ခံစားလာရပါတယ်။ ဒီအခါ ကွန်မြူနစ်တွေလို အရင်းမဲ့ဝါဒ နည်းနဲ့ ကုန်လုပ်ဆက်ဆံရေးကို အပြုသဘောဆောင်အောင် ဖန်တီးဖော်ဆောင်တာ မဟုတ်ဘဲ အရင်းရှင်စနစ်ထဲမှာပဲ အရင်းရှင်ဝါဒကို ဇက်ကြိုးဆွဲ ပြန်လည် ထိန်းညှိကာ လူမှုရေး ပဋိပက္ခတွေကို ရှောင်ရှားနိုင်မဲ့ အယူအဆတွေ ၁၉၃၀ ပြည့်လွန်ကာလတွေမှာ ပေါ်ထွန်းခဲ့ပါတယ်။ ထင်ရှားတဲ့ စီးပွားရေးပညာရှင် ဂျွန်မေးနပ်ကိန်း (၁၈၈၃-၁၉၄၆)က အစိုးရဟာ ဈေးကွက်ကို သူ့အတိုင်း လွှတ်မထားဘဲ အတိုင်းအတာ တစ်ခုအထိ လိုအပ်သလို ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒတွေ ကိုင်တွယ်လို့ ထိန်းကျောင်းခြင်းအားဖြင့် ဝယ်လိုအားနဲ့ ရောင်းလိုအား အလွန်အကျွံ ဖြစ်မှုတွေကြောင့် အလုပ်လက်မဲ့ ပေါများတာက တစ်ဖက် ကုန်ဈေးနှုန်း တက်နေတက်တာက တခြား ဆိုသလို စီးပွားရေး ဘေးကျပ်နံကျပ်ဖြစ်မှုမျိုးကို ရှောင်ရှားရမှာ ဖြစ်ကြောင်း အဆိုရှိပါတယ်။ အခြေခံ အဆောက်အဦးတွေမှာ အစိုးရက ရင်းနှီးမြှုပ်နှံခြင်းအပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစီအစဉ်တွေ အစိုးရက တာဝန်ယူ ဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ဝယ်ယူစားသုံးမှုကို အားပေးခြင်းအားဖြင့် စီးပွားရေး သွက်လက်မြန်ဆန်လာအောင် ရည်ရွယ်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဥရောပနိုင်ငံ အများစုဟာ ကိန်းရဲ့ စီးပွားရေး သီဝရီတွေအတိုင်း မူဝါဒတွေ ချမှတ်ဆောင်ရွက်ခဲ့ကြပေမဲ့ အမေရိကန်ကတော့ တစ်ဦး ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ လွတ်လပ်မှုနဲ့ နှောင်ကြိုးမဲ့ ဈေးကွက်စီးပွားရေးကိုပဲ ဦးစားပေး အာရုံညွှတ်လျက် ရှိပါတယ်။ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ် နိုင်ငံရေးပါတီကြီး နှစ်ခုရဲ့ မူဝါဒဟာ အစိုးရက ဘယ်လောက် ဝင်ရောက် စွက်ဖက်မလဲ ဆိုတဲ့အပေါ်မှာ ဝိဝါဒကွဲပြားကာ ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို ကြွေတစ်လှည့် ကြက်တစ်ခုန်ပါပဲ။ အမြဲတမ်း သင့်တော် မှန်ကန်နေတဲ့ တရားသေ မူဝါဒတော့ မရှိတာ အမှန်ပါ။ အခြေအနေ၊ အချိန်အခါ ပြောင်းလဲမှုအပေါ် မူတည်ပြီး မူဝါဒတွေရဲ့ အလုပ်ဖြစ်မှုဟာ ပြောင်းလဲနေပါတယ်။

ကိန်းရဲ့အယူအဆကို စီးပွားရေး နိုဘယ်ဆုရှင်ဖြစ်တဲ့ ဟားဘတ် ပရော်ဖက်ဆာ ဆီမွန်ကုဇနက် (Prof. Simon Smith Kuznets – 1901-1985) က နောက်ပိုင်းမှာ ကိန်းဂဏန်းတွေနဲ့ သက်သေပြခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းပြန်ဇောက်ထိုး အင်္ဂလိပ်အက္ခရာ ယူမျဉ်းကွေး (Inverted U Curve or Kuznets Curve) ဟာ ဖွံ့ဖြိုးရေး ဘောဂဗေဒမှာ ထင်ရှားပါတယ်။ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုရဲ့ ဝင်ငွေ ကွာဟချက် Gini Coefficient ပြောင်းလဲပုံတွေကို လေ့လာပြီး ဘောဂဗေဒ နည်းဥပဒေသ တစ်ရပ်ကို ဖော်ထုတ်ပါတယ်။ ဈေးကွက်စီးပွားရေးမှာ ယှဉ်ပြိုင်မှုက အဓိကမို့ ငွေကြေးပြည့်စုံ၊ ကုန်ထုတ် အရင်းအနှီးတွေ အသင့်ရှိလို့ နည်းပညာနဲ့ ဈေးကွက် အဆက်အသွယ် လက်လှမ်းမှီသူတွေက ပွင့်လင်းလာတဲ့ ဈေးကွက်ရဲ့ အခွင့်အရေးကို အပြည့်အဝအသုံးချ ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်တယ်။ အစကနဦးမှာ စီးပွားရေး၊ မညီမျှမှုတွေ ဆင်းရဲချမ်းသာ ကွာခြားမှုတွေ မြင့်မားပေမဲ့ အချိန်တစ်ခုမှာ ပြန်လည်ကျဆင်းသွားပြီး ပိုပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပညာတတ်၊ လူလတ်တန်းစားတွေ ကြီးစိုးတဲ့ လူမှုလူ့ဘောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ် ဆိုတာကို ကုဇနက် ယူဇောက်ထိုးမျဉ်းကွေး (မြန်မာအက္ခရာ ဂငယ်လို) က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဒါကို အရင်းရှင် စီးပွားရေး လက်တွေ့ဘဝမှာ Growth first, Distribution later  အရင် စီးပွားတက်ပါစေ၊ တန်းတူညီမျှမှုက နောက်မှာ ကပ်ပါလာလိမ့်မယ်လို့ ဆိုရိုးဖွဲ့ကြတာပါ။ စိန်နားကပ်အရောင်နဲ့ ပါးပြောင် ဆိုသလို စီးပွားရေး လုပ်ငန်းရှင်တွေ ကြီးပွား အလုပ်ဖြစ်ပါစေ၊ လူထုလည်း အလုပ်အကိုင်ရပြီး တင့်တောင့်တင့်တယ် နေနိုင်ပါလိမ့်မယ်လို့ အရင်းရှင်ကျမ်းကို ကာကွယ် စောင့်ရှောက်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အရင်းရှင်စနစ်ကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ ကွန်မြူနစ်စနစ်ကို ပြန်လည်ခုခံ ကာကွယ်တာပဲ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေ ပြောနေသလို လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဟာ အမြတ်ကြီးစားလွန်းလို့ လူတန်းစား ကွာဟမှုတွေ ဖြစ်ပြီး၊ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခ တိုးပွားကာ ရေရှည် အကျိုးစီးပွား မတည့်တန့်မှာကို စိုးရိမ်စရာ မလိုဘူး၊ အရင်းရှင်သဘောရ လူတန်းစား ကွာဟမှုတွေ ဖြစ်တောင်မှ မေးနပ်ကိန်း အမှာရှိသလို အစိုးရရဲ့ ဝင်ရောက်ဆောင်ရွက်မှုနဲ့ အနိမ့်ဆုံး နေ့စားခတွေ မြင့်မားစွာ သတ်မှတ်နိုင်လို့ အခြေခံ ကာယလုပ်သားတွေ အဆင်ပြေသလို၊ သာမန် လူတန်းစားတွေလဲ ပညာပိုတတ် ကျန်းမာလာသည်နှင့်အမျှ ဉာဏစွမ်းအား အခြေပြု အသက်မွေးဝမ်းကျောင်းမှုတွေ ဖွံ့ဖြိုးစည်ပင် လာတာကြောင့် လူမှုအဆင့်အတန်း မြင့်မားကာ ရေမြင့်ကြာတင့်လာမှာ ဖြစ်တယ်လို့ ဆင်ခြေပေးခြင်းပဲ ဖြစ်ပါတယ်။ ထောင်တက်လာတဲ့ ဝင်ငွေကွာခြားမှုမျဉ်း အဓိက စတင် ကျဆင်းလာရတဲ့ အကြောင်းရင်းထဲမှာ ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ လူထုနစ်နာမယ့် ကိစ္စရပ်တွေ တားဆီး ကန့်သတ်နိုင်ခြင်း၊ လက်ဝါးကြီးအုပ် ဈေးကွက်စိုးမိုးမှုကို ဥပဒေပြဌာန်း၍ တားမြစ်ထားနိုင်ခြင်း၊ တရားဥပေဒေ စိုးမိုးမှု တစ်ပြေးညီ ဖြစ်ထွန်းလာခြင်းတို့ဟာ အရေးပါ ပါတယ်။

အမြဲတမ်း မှန်တဲ့တရားမရှိလို့ အထက်မှာ ဆိုခဲ့သလို ကိန်းနဲ့ ကုဇနက်တို့ရဲ့ အဆိုတွေကို ဆန့်ကျင်တဲ့ အမြင်တွေ အခြားတစ်ဖက်မှာ ရှိစမြဲပါပဲ။ ဒါကြောင့်မို့လည်း ဒွိစုံဝါဒ ထွန်းကားရာ လောကလို့ တင်စားချင်တာလည်း ဖြစ်ပါတယ်။ We all are Keynesians now တို့အားလုံးဟာ ကိန်းများ ဖြစ်တယ်လို့တောင် ပြောစမှတ်ဖြစ်တဲ့ သြဇာကြီးမားတဲ့၊ ကိန်းသီအိုရီဟာ အရင်းရှင်တွေ စီးပွားကျဆင်းမှုကို ခံစားရတဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရော်နယ်ရီဂင်နဲ့ မာဂရက်သက်ချာတို့ရဲ့ ကိုးကွယ်ရာ နိုဘယ်စီးပွားရေး ပညာရှင်ဖြစ်တဲ့  မယ်လတန် ဖရိုက်ဒ်မန်း Milton Friedman (1912-2006) ရဲ့ ဝေဖန်စောကြောခြင်းကို ခံရပါတယ်။ အစိုးရက ဈေးကွက် စီးပွားရေးမှာ fiscal policy ဘဏ္ဍာရေး မူဝါဒအရ ဝင်ရောက်စွက်ဖက်ပြီး အခြေခံ အဆောက်အအုံတွေ၊ လူမှုဖွံ့ဖြိုးရေးတွေ ဝင်ရောက် လုပ်ကိုင်တာဟာ စီးပွားရေးကို ပုံပျက်စေပါတယ်။ အထူးသဖြင့် ငွေပင်ငွေရင်း ပုံမှန်စီးဆင်း လည်ပတ်မှုကို နှောင့်ယှက်ရာကြတယ်။ အလုပ်အကိုင် ဖန်တီးတာ ကောင်းပေမဲ့ ဖြစ်သင့်တာရဲ့ နှုန်းအပေါ်ကို ရောက်တဲ့အခါမှာ ဝယ်လိုအားသာမက ဖြုန်းလိုအားတွေ ကဲလာပြီး ငွေဖောင်းပွမှုကို ဖြစ်စေတယ်။ ဖရိုက်ဒ်မန်းရဲ့ သဘောအရ အရောင်းထိုင်း စီးပွားကျလို့ ငွေဖောင်းပွနေတဲ့ အခြေအနေကို ငွေရေးကြေးရေးမူဝါဒနဲ့ ငွေကြေး လည်ပတ် စီးဆင်းမှုကို ထိန်းညှိပေးရမယ်ဆိုတဲ့ အာဘော်ပါပဲ (ဘဏ်တိုး၊ အခွန်တို့နဲ့ ငွေဝင်ငွေထွက် ကစားမယ့် သဘောပါ)။ သူ့ရဲ့ ဆန်းစစ်ဝေဖန်မှုဟာ ဗဟိုဘဏ်တွေရဲ့ ငွေကြေးမူဝါဒကို အတော်လေး လွှမ်းမိုးမှုတွေ ရှိခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းထပ်ဖြစ်တဲ့ ၂၀၀၇-၂၀၀၈ မှာတော့ ကိန်းရဲ့သီအိုရီ ဖြစ်တဲ့ အစိုးရက လိုအပ်သလို ဝင်ရောက်စွက်ဖက်မှုဟာ ပြန်လည် ရေပန်းစား လာပါတယ်။ ထင်ရှားတဲ့ သာဓကကတော့ သမ္မတ အိုဘားမားခေတ် အစိုးရစွက်ဖက်မှုတွေ အလေးပေးလုပ်လို့ အလုပ်အကိုင်သစ်တွေ ဖန်တီး ဖော်ဆောင်ပေးကာ ကျဆင်းနေတဲ့ စီးပွားရေး ဦးမော့လာအောင် စွမ်းဆောင်နိုင်ခဲ့တာပါပဲ။

သက်ရှိထင်ရှားရှိတဲ့ ခေတ်သစ် စီးပွားရေးပညာရှင် စတစ်ဂလစ်ကလည်း ကုဇနက် ယူဇောက်ထိုး မျဉ်းကွေးအဆိုကို တန်ပြန် ငြင်းဆိုရာမှာ အာရှကျားတွေလို့ တင်စားခံရတဲ့ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူတို့ရဲ့ ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ် အတောအတွင်း အံမခန်း ဖွံ့ဖြိုးရေး အတွေ့အကြုံအရ (East Asian Miracle – EAM) ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အစကနဦးမှာပင်လျှင် လျင်မြန်တဲ့ စီးပွားရေး တိုးတက်မှုနှုန်းတွေ ရခဲ့ပေမဲ့ ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုတွေ လက်တင်အမေရိက နိုင်ငံတွေလို အကြီးအကျယ် ဖြစ်ပေါ်ခဲ့ရခြင်း မရှိဘူး၊ အကြောင်းရင်းကတော့ မှန်ကန်တဲ့ မြေယာပြုပြင်ရေး ဆောင်ရွက်နိုင်ပြီး စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်ငန်းတွေမှာ အချိန်တိုအတွင်း ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်မှု၊ လိုက်လျောညီထွေရှိတဲ့ စက်မှုဖွံ့ဖြိုးရေး မူဝါဒချမှတ်နိုင်မှု၊ ပညာရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ကုန်ထုတ်လုပ်ငန်းနဲ့ ချိတ်ဆက်နိုင်မှု၊ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ ကန့်သတ်ထိန်းချုပ်နိုင်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဈေးကွက် စီးပွားရေးစနစ်ကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာ ကျင့်သုံးခဲ့ပေမဲ့ နိုင်ငံရေး အကျပ်အတည်းကြားမှာ ပုံပျက် ဈေးကွက်စီးပွားရေးပဲ ဖြစ်ခဲ့ပါတယ်။ ရလဒ်ကတော့ ခရိုနီ လူတန်းစား ပေါ်ပေါက်လာပြီး လက်ဝါးကြီးအုပ် အရင်းရှင်စနစ် သန္ဓေတည်လာတာပါပဲ။ အရင်းရှင် စီးပွားရေးစနစ်မှာ တိုးတက်လာတဲ့ ဓနဥစ္စာ စီးပွားတွေကို လူထုအကြား ပြန်ခွဲဝေပေးခြင်း အစီအမံတွေ မရှိတဲ့အခါ မြို့ပြကွာခြားမှုနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေဟာ အတော့်ကို သိသာလာပါတယ်။ ကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ်စနစ် အမွေဆိုးအနေနဲ့ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုတွေဟာ ဖျောက်လို့မရအောင် ဆက်တည်ရှိနေပြီး ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ အစိုးရဟာ လိုအပ်တာထက် ပိုမိုကြီးမားသလို လေဇီဖဲယား နှောင်ကြိုးမဲ့ ဈေးကွက်စီးပွားရေးရဲ့ ပရမ်းပတာ ဖြစ်စဉ်တွေကလည်း တစ်ချိန်တည်းမှာ ဒွန်တွဲလျက် ရှိပါတယ်။ ထူးခြား သိသာတာကတော့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ ကြီးထွားလာတဲ့ အိမ်ရာခြံမြေ ရင်းနှီးမြှုပ်နှံမှုပါပဲ။ အမှန်တကယ် ဝယ်လိုအားထက်ကို ပိုပြီး အိမ်ခြံမြေ ဈေးကစားခဲ့ကြသလို အထပ်မြင့်အိမ်ရာ တည်ဆောက်ရေး စီမံကိန်းတွေ အလျှိုလျှို ပေါ်ထွန်းလာပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်း အရောင်းအဝယ်တွေ အေးစက် ခဲတောင့်သွားတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေ ကြွက်ကြွက်ဆူအောင် ပွက်လောထ ငြီးတွားကြတော့ တာပါပဲ။ ငွေမဲခဝါချခြင်းတွေနဲ့ အသက်ဆက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေတာတွေကြောင့် လောလောဆယ် ချေးငွေ ပံပိုးထားတဲ့ ဘဏ်တွေ တစ်နွယ်ငင် တစ်စင်ပါ ငွေကြပ်တည်းမှုနဲ့ ငွေကြေးလည်ပတ်မှု ပျက်ယွင်းသွားအောင်တော့ လောလောဆယ် ဖြစ်ပွားခြင်း မရှိသေးပါ။ (အသေးစိတ် ကိန်းဂဏန်းတွေ သိရှိနိုင်မှသာ အိမ်မြေခြံ ရင်းနှီးမြှုပ်နှံမှုဈေးကွက် ဘဏ်လုပ်ငန်းအပေါ် လှိုက်ခတ်မှုကို ပိုမိုတိတိကျကျ လေ့လာနိုင်မှာပါ)။ ဒါပေမဲ့ ဘယ်လောက်ခံနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ စီးပွားကုန်ထုတ် နိုင်ငံခြားပို့ကုန် မြှင့်တင်ရေးကို အဓိက အားမပေးတဲ့အတွက် စာရေးသူအနေနဲ့ အိမ်ရာမြေ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို သူယောင်မယ် စီးပွားရေးလို့ပဲ ဆိုချင်ပါတယ်။ တစ်နည်းအားဖြင့် အစစ်အမှန်မဟုတ်သော စီးပွား တိုးတက်မှုရဲ့ ပြယုဂ်တစ်ခုပေါ့။ အတိုင်းအတာ တစ်ခုအထိတော့ အိမ်ရာမြေ ဆောက်လုပ်ရေး စီမံကိန်းတွေဟာ ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖန်တီးဖော်ဆောင်နိုင်ရေးနဲ့ စီးပွားရေး ရင်းနှီးမြှပ်နှုံမှုတွေကို ဖိတ်ခေါ် စည်းရုံးနိုင်ဖို့ အပေါ်ယံ ရွှေမှုန်ကြဲဟန် သရုပ်ထုတ်ခြင်းတွေ အတွက်တော့ အရေးပါ ပါတယ်လို့ လက်ခံပါတယ်။ လာဘ်ပေးလာဘ်ယူနဲ့ တရားမဝင် လုပ်ငန်းတွေက ရရှိထားတဲ့ ငွေမဲကိုင်သူတွေက အဓိက ဝယ်ယူကြတာဖြစ်ပေမဲ့ အေးစက်နေတဲ့ အရောင်းအဝယ်ကို ကြည့်ခြင်းအားဖြင့် ဈေးကွက် saturated ဝယ်လိုအား ပြန့်နှံ့ ကမ်းကုန်သွားပြီလားလို့ ထင်မြင်စရာ ရှိနေပါတယ်။

မြင်းလှည်း၊ နွားလှည်းတွေမှာ လိုရာသွားနိုင်ဖို့ ဇက်ကြိုး ဘယ်ညာတစ်စုံ ရှိပါတယ်။ လှည်းမောင်းသူက ဇက်ကြိုးတစ်ဘက်တည်း ဆွဲနေရုံမျှဖြင့် အလိုရှိရာ ခရီးလမ်းဆုံး ပန်းတိုင်ကို မရောက်နိုင်ပါ။ အလှမ်းမတော် ချောက်ထဲ ကျဆင်းသွားဖွယ်ရာ ရှိပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရကာစက ဦးနုလက်ထက်မှာ ပြည်တော်သာ စီမံကိန်းဆိုတာ လူသိများပါတယ်။ ဒါဟာ ကိန်းဘောဂဗေဒရဲ့ လုပ်ငန်းလမ်းညွှန် စီမံကိန်းတစ်ခုပါပဲ။ ၁၉၅၀ ပြည့်နှစ်ကျော်မှာ ဖြစ်ပွားတဲ့ ကိုးရီးယားစစ်ပွဲ အရှိန်ကြောင့် ဆန်စပါး တင်ပို့ရောင်းချမှုကရတဲ့ ငွေပိုငွေလျှံတွေ လူထုလက်ထဲ ရောက်သွားအောင်၊ တစ်နည်းအားဖြင့် အစိုးရဆီမှာ စုပုံရောက်နေတဲ့ ဓနအရင်းအနှီးကို လူထုကြား ပြန့်နှံ့ရောက်ရှိသွားပြီး ဝယ်လိုအားတွေ တက်လာခြင်းဖြင့် အရောင်းအဝယ်တွေ ဖွံ့ဖြိုးတိုးတက် စည်ပင်သွက်လက် လာအောင် အခြေခံ အဆောက်အအုံနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အစိုးရက တိုက်ရိုက် ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားတာပါ။ သို့သော် ဖဆပလ အစိုးရဟာ ဓနဖြန့်ဖြူးရေးမှာ အရေးပါတဲ့ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ အုပ်ချုပ်မှု ဖွံ့ဖြိုးမှု အားကောင်းရေး အခြားဇက်ကြိုး တစ်ချာင်းကို ပြည်တွင်းစစ် အခြေအနေတွေကြောင့် နိုင်အောင် မကိုင်နိုင်ခဲ့ပါဘူး။ အလားတူ လက်ရှိ အာဏာရ NLD အစိုးရဟာလည်း ဇက်ကြိုးတစ်စုံကို နိုင်အောင် ကိုင်နိုင်ဖို့ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတာပါ။ NLD အစိုးရဟာ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတဲ့အခါ နှောင်ကြိုးမဲ့ လေဇီဖဲယားနည်းကို ရွေးမှာလား၊ အစိုးရက ဝင်ရောက် ထိန်းညှိမှုနည်းကို သုံးမှာလား ရှင်းရှင်းလင်းလင်း မသိရပါ။ သို့သော်လည်း ထုတ်ပြန် ကြေညာထားတဲ့ စီးပွားရေးမူဝါဒ လုပ်ငန်းစဉ် ၁၂ ချက်ကို ကြည့်ခြင်းအားဖြင့် ကိန်းဘောဂဗေဒ သြဇာစက်ကွင်း အတွင်းမှာပဲ ရှိတယ်လို့ မှန်းဆပါတယ်။ ဘဏ္ဍာရေးမူဝါဒအရ အစိုးရ အသုံးစရိတ်တွေကို စိစိစစ်စစ် ခြိုးခြံချွေတာခြင်း၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲခြင်းတွေ လုပ်ဆောင်နေတာ တွေ့ရသလို ငွေကြေးမူဝါဒ အရလည်း ဘဏ်တိုးနှုန်းတွေ ပြင်ဆင် သတ်မှတ်ဖို့၊ အသေးစား အလတ်စား လုပ်ငန်းရှင်တွေ အရင်းအနှီး တိုးပွားရရှိနိုင်ဖို့နဲ့ ရွှေရောင်းဝယ်ခွန် ကောက်ယူဖို့ ကြိုးပမ်းရင်း ကုန်ပစ္စည်း ဈေးကစားမှုတွေ အကန့်အသတ် ထိန်းညှိဖို့ ဆောင်ရွက်ကြိုးပမ်းနေတာကို သတိပြုမိပါတယ်။ ဒီဇက်ကြိုး တစ်ချောင်းတည်းနဲ့တော့ အရင်းရှင် ဈေးကွက်စီးပွားရေးကို ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ကတော့ မလွယ်ကူပါ။ တရားဥပဒေ စိုးမိုးရေး၊ သိမ်းဆည်းမြေယာကိစ္စ ထိရောက်စွာ ဖြေရှင်းရေးနဲ့ မြေယာစီးပွား ပြုပြင်ပြောင်းလဲရေး၊ anti-trust law လို လက်ဝါးကြီးအုပ် စိုးမိုးမှုကို ကန့်သတ်ရေး၊ လူထုရှေ့ဆောင် ဒီမိုကရေစီ အုပ်ချုပ်လုပ်ကိုင်မှု တိုးတက်ဖြစ်ထွန်းရေး အစရှိတဲ့ ကိစ္စရပ်တွေမှာလည်း အားထည့်ဖို့ လိုနေတာကတော့ အမှန်ပါပဲ။

NLD အစိုးရရဲ့ အခြေခံအဆောက်အအုံ ကိစ္စကတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။ ဒီနေရာမှာ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း သူယောင်မယ် စီးပွားရေးတွေရဲ့ မြှူဆွယ် ဖျားယောင်းမှုကို ဘယ်လို ကျော်လွှားပြီး ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို အထောက်အကူဖြစ်တဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေ ပေါ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်မလဲ ဆိုတာ စိတ်ဝင်စားစရာပါဘဲ။ ဥပမာပေးရရင် ရေနက်ဆိပ်ကမ်းဟာ လိုအပ်ချက် (need) ဖြစ်ပေမဲ့ အထပ်မြင့် အိမ်ရာစီမံကိန်းဟာ လိုချင်တပ်မက်မှု (want) သာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဓနဥစ္စာ အများစုကို လက်ဝယ်ရယူထားတဲ့ ခရိုနီ လုပ်ငန်းရှင်တွေဟာ ဆူလွယ်နပ်လွယ်ရှိရင် ကောင်းသော want စီမံကိန်းများကို ရင်းနှီးမြှုပ်နှံထားကြတာမို့ သူတို့ရဲ့ Social Darwinism ဟာ စိတ်မခိုင်တဲ့ နိုင်ငံရေးသမားများကို သူတို့ အလိုရှိရာ ဆုံးဖြတ်ချက်တွေ ချဖို့ ဆွဲအား ကောင်းကြပါတယ်။ နိုင်ငံရေးအသိနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေး ဘောဂဗေဒကို ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ နိုင်ငံရေးသမားများအနေနဲ့ အလုပ်သမားတွေ အလုပ်တွေ ပြုတ်ကုန်ပြီး၊ အခွန်ဘဏ္ဍာ ဆုံးရှုံးတာပေါ့ အစရှိတဲ့ စကားလုံး ထောင်ချောက်ထဲမှာ မိသွားတတ်ပါတယ်။ Right thing in Right Way  ကောင်းသောကိစ္စကို ကောင်းသောနည်းလမ်းနဲ့ပဲ ဆောင်ရွက်သင့်တယ် ဆိုတာကို နိုင်ငံရေးသမားတွေ သတိ မျက်ခြေ မပြတ်သင့်ပါဘူး၊ ရပ်ကွက်ထဲ လောင်းကစားဒိုင်ဖွင့်ရင် ပိုက်ဆံရသလို ရပ်ကွက်လည်း စည်ကားတာပါပဲ။ ဒါဟာ ကောင်းသော နည်းလမ်းနဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ သဘောပေါက်ရင် သူယောင်မယ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမျိုးကို ရှောင်ရှားပြီး လူထုအများ အကျိုးရှိမဲ့ ကုန်ထုတ်လုပ်ငန်း အထောက်အကူပြု အခြေခံ အဆောက်အအုံလုပ်ငန်း စီမံကိန်းတွေကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။

ကုဇနက်ရဲ့ ယူဇောက်ထိုး မျဉ်းကွေး စီးပွားရေး နည်းဥပဒေမှာ အရေးကြီးတဲ့ အချက်တစ်ခုက စီးပွားရေး ဆူကြုံနိမ့်မြင့်မှုကို လျှော့ချနိုင်ဖို့ industrialization စက်မှုဖွံ့ဖြိုး တိုးတက်ရေးက အရေးကြီးတဲ့ လုပ်ငန်းတစ်ခုပါ။ ယူဆချက်ကတော့ လယ်ယာစီးပွားကရတဲ့ လုပ်ခထက် စက်ရုံ၊ အလုပ်ရုံနဲ့ အခြားဝန်ဆောင်မှုတွေကရတဲ့ လုပ်ခက မြင့်မားပြီး၊ တည်ငြိမ်လို့ပါ။ ဒီအချက်မှားတယ် မှန်တယ်ဆိုတာ အငြင်းအခုံတွေ ရှိပေမဲ့ စက်မှုခေတ်ပြောင်း တော်လှန်ရေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံ အားလုံးရဲ့ အိပ်မက်ဖြစ်ခဲ့သလို ချမှတ်တဲ့ မူဝါဒတိုင်းဟာလည်း ဒီကိစ္စကို ဇောင်းပေးကြတာ ချည်းပါဘဲ။ တရုတ်နိုင်ငံရဲ့ စက်မှုဇုန်တွေ တည်ဆောက်ဖွံ့ဖြိုး တိုးတက်ရေးဟာ အထူးအောင်မြင်ပြီး အများက အားကျရတဲ့ ဆောင်ရွက်ချက် တစ်ခုပါပဲ။ သို့သော် သူ့လို နိုင်ငံတိုင်း အဆင်ပြေမယ်လို့ စိတ်ကူးယဉ်လို့တော့ မရပါဘူး။ ကိုယ့်တိုင်းပြည်နဲ့ ကိုက်ညီတဲ့ စက်မှု ဖွံ့ဖြိုးရေးကို ဆောင်ရွက်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်နေတဲ့လမ်းထဲ အိမ်တိုင်း မုန့်ဟင်းခါးဆိုင် ဖွင့်နေရင် ရောင်းကောင်းပါ့မလားဆိုတာကို အခြေခံ စဉ်းစားချက်အဖြစ်နဲ့ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ လုပ်ဖို့လိုတာကတော့ အမှန်ပါပဲ။ မန္တလေးကို ဗဟိုပြုလို့ မိုင် ၅၀၀ ပတ်လည် စက်ဝိုင်းတစ်ခု ဆွဲလိုက်ရင် ဆင်းရဲနွမ်းပါးမှု မျဉ်းတစ်ပတ်လည် စီးပွားရေး အဆင့်အတန်းနဲ့ နေထိုင်နေကြတဲ့ လူနေသိပ်သည်း ထူထပ်တဲ့ စက်ဝန်းတစ်ခုကို ရမှာပါ (မြန်မာပြည်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအရှေ့ပိုင်းပြည်နယ်၊ တရုတ်ပြည် အနောက်တောင်ပိုင်း၊ လာအိုနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း – ခန့်မှန်း စားသုံးသူ သန်း ၅၀၀ ခန့်)။ ဒီလူတွေ နေ့စဉ် လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ Supply Chain စက်မှုလုပ်ငန်းဟာ အနောက်နိုင်ငံကို တင်ပို့မဲ့ အဆင့်မြင့်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းထက် ပိုပြီး အလားလာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီဝင် နိုင်ငံရေး အားသာချက်ကို အခြေပြုပြီး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ကုန်စည်ကူးသန်း ရောင်းဝယ်တင်ပို့ရေးနဲ့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရင် သွင်းကုန်အစားထိုးနဲ့ ပို့ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်း (Import substitution and Export Oriented Manufacturing) တွေ ဖွံ့ဖြိုးတိုးတက် နိုင်ပါလိမ့်မယ်။ စာရေးသူကတော့ ဒီစီမံကိန်းကို မန္တလေး စက်မှုဗဟိုရပ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး (Mandalay Central Manufacturing Development – MCMD) လို့ အမည်နာမ ပေးချင်ပါတယ်။ ကျောက်ဖြူ စက်မှုဇုန်ဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု၊ ထားဝယ်စက်မှုဇုန်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကုလားဖန်ထိုးမှုတို့အရ သန္ဓေတည်လာတာ ဖြစ်ပြီး သန်လျင်စက်မှုဇုန်ကတော့ မြန်မာပြည်ရဲ့ ပြည်တွင်း အကျိုးစီးပွား ရှာဖွေမှုအပေါ်မှာ အခြေပြုတာ ဖြစ်ပါတယ်။ တစ်နိုင်ငံချင်းစီရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ဆန်စင်ရာ ကျီပွေ့လိုက်နေမဲ့အစား MCMD ကို ပါဝင် ပတ်သက်တဲ့ နိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုတစ်ခုအနေနဲ့ တရုတ်ပြည်ရဲ့ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်စင်္ကြံကို ချိတ်ဆက်ပြီး သံတမန်ရေးရာ စည်းရုံး ဆောင်ရွက်နိုင်ရင် ပိုမိုအောင်မြင်စရာ လမ်းစရှိတယ်လို့ မြင်ပါတယ်။ ဒီလုပ်ငန်းကို မဟာဗျူဟာမြောက် စဉ်းစားရင် NLD  နိုင်ငံရေး တာဝန်ရှိသူတွေဟာ အူဖောက်စားသလို ဖြစ်နေမဲ့ သူယောင်မယ် စီးပွားရင်းနှီးမြှုပ်နှံမျိုးတွေ၊ ဒါဝင် လူမှုကြီးစိုး ရှင်သန်လိုမှုနဲ့ ခရိုနီတွေရဲ့ ချဉ်းကပ်မှုတွေကို ရှောင်ရှားတတ်ဖို့တော့ လိုပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် မဟာဗျူဟာမြောက် စဉ်းစားခြင်းနဲ့ ဒီလိုစဉ်းစားဖို့ မူဝါဒ သဘောတရားရေးရာ အခြေခံ တည်ဆောက်ခြင်းတို့က မဖြစ်မနေ လိုအပ်လျက် ရှိပါတယ်။

■ (ဂ) ခေတ်မီ အိပ်မက်နှင့် ပတ်ဝန်းကျင် တရားမျှတမှု

စီးပွားတိုးတက်ဖို့ သဘာ၀ အရင်းအမြစ်တွေကို ထုတ်ယူ သုံးစွဲရပါတယ်။ ဒီအခါမှာ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးမှုတွေ တွေ့ရတတ်တယ်။ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးတော့လည်း ရထားတဲ့ စီးပွားတိုးတက်မှုက ရေရှည် မခံနိုင်တာ၊ သက်ဆိုး မရှည်တာ၊ လူမှုပဋိပက္ခတွေ တိုးပွားတာနဲ့ ကြုံတွေ့ရပါတယ်။ ဒါကြောင့်မို့ ပတ်ဝန်းကျင် တည့်တံမှုကို ရှေးရှုပြီး အကန့်အသတ်နဲ့ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲပြီး စီးပွားရေး တိုးတက်အောင်လုပ်ဖို့ တိုက်တွန်း နှိုးဆော်တာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) အယူအဆလို့ သတ်မှတ်ကြပါတယ်။ ကမာ့္ဘနိုင်ငံတိုင်းက ပတ်ဝန်းကျင်ဖျက်မယ်လို့ ဘယ်သူမှ မဆိုကြပါဘူး၊ ထို့တူ Sustainable Development Concept ကို နိုင်ငံတိုင်းကလည်း ပတ်ဝန်းကျင်ရေးရာမူဝါဒ အခြေခံအဖြစ် ပြဌာန်းကြသူတွေချည်းပါပဲ။ သို့သော် ဒီမူဝါဒကို အမှန်တကယ် အလေးထားပြီး လက်တွေ့ ကျင့်သုံး ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်း အားထုတ်တာကတော့ အတော့်ကို အားနည်းကြပါတယ်။ အဓိကအကြောင်းကတော့ ပတ်ဝန်းကျင်ရေးရာကိစ္စတွေ ထိတွေ့ နီးစပ်မှု မရှိတာရယ်၊ မြင်သာတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ သိသာထင်ရှားတဲ့ ပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်ချက်တွေ လုပ်ကိုင်ဖို့ ခက်ခဲတာကြောင့် ဖြစ်ပါတယ်။ ရွေးကောက်ခံ နိုင်ငံရေးသမားများ အနေနဲ့ ပတ်ဝန်းကျင်ကို အလေးထားကောင်း ထားမှာဖြစ်သော်လည်း သူရွေးခံရထားတဲ့ သက်တမ်းအတွင်း ပတ်ဝန်းကျင်ရေးရာ ကိစ္စတွေက မဲဆန္ဒရှင်တွေ ထင်သာမြင်သာ ဖြစ်အောင်လုပ်ဖို့ ခက်တာမို့ စိတ်သာရှိပြီး ထဲထဲဝင်ဝင် ဆောင်ရွက်လေ့ မရှိပါ။ လက်ခုပ်သံ ပိုရမယ့် ပညာရေး၊ ကျန်းမာရေးမှာ ပိုမိုရစ်ဝဲလေ့ရှိတာ ဓမ္မတာပါ။ အစိုးရ ဌာနဆိုင်ရာများကျတော့လည်း ပတ်ဝန်းကျင်ရေးရာက ဌာနတစ်ခုထဲက ဆောင်ရွက်လို့ရတဲ့ကိစ္စ မဟုတ်တော့ ကိုယ်နဲ့ဆိုင်ရာလောက်ပဲ အကန့်အသတ်နဲ့ လုပ်ဆောင်ကြတဲ့အတွက် ကိစ္စတော်တော်များများမှာ ပတ်ဝန်းကျင် ပြဿနာတွေဟာ မရှင်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။ စီးပွားရေးသမားများရဲ့ သဘာဝအရင်းအမြစ်ကို ထုတ်ယူသုံးစွဲလိုမှုဟာ ဖွံ့ဖြိုးရေးထက် ကျော်လွန်ပြီး သူတို့ကျင်လည်ကျက်စား တောင့်တရာ ခေတ်မှီရေး Modernization ကို ရည်စူးပါတယ်။ ဒေသခံများရဲ့ ထုတ်ယူ သုံးစွဲလိုမှုကတော့ အများအားဖြင့် အခြေခံ စားဝတ်နေရေး လိုအပ်ချက် ဖြည့်ဆည်းရေး ဖြစ်ပါတယ်။ ဒီလို ကွာခြားတဲ့ အခြေခံအပေါ်မှာ မူတည်ပြီး ပတ်ဝန်းကျင်ရေးရာ လူတန်းစားပဋိပက္ခတွေ ဖြေရှင်းမရ ကြီးထွားကြပါတယ်။ နဂိုထဲကမှ အာဏာရှင် အငွေ့အသက်က မကင်းတကင်း၊ အကျင့်ပျက် ဗြူရိုကရက်က ခြစားမပျက်၊ လက်ဝါးကြီးအုပ် စီးပွားရေးတွေ ကြီးစိုးမင်းမူနေရတဲ့အထဲ ဇက်ကြိုးစုံအောင် မကိုင်ဝံ့ရဲဖြစ်နေတဲ့ နိုင်ငံရေးသမားများနဲ့ ပတ်ဝန်းကျင်က အပျက်ဘက်ကိုပဲ ဦးတည်နေမှတော့ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ တန်းတူညီမျှမှုရှိရေးဆိုတာ နင်းပြားတို့အတွက် ဒီတစ်သက် ထည့်မတွက်နဲ့ ဆိုရမလို ဖြစ်နေပါပြီ။

ဒီနေရာမှာ Environmental Kuznets Curve ကို ပြောဖို့လိုပါတယ်။ အထက်မှာ ဆိုခဲ့သလို စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနဲ့ ဓနဥစ္စာ ပြန်လည် လူထုကို ဖြန့်ဖြူးပေးရေးမှာ ကုဇနက်ရဲ့ ဥပဒေသက ပိုက်ဆံရအောင် အရင်လုပ်ပြီးမှ ပြန်ခွဲဝေလို့ ဆိုသလိုပဲ ပတ်ဝန်းကျင်ရေးရာ ကိစ္စတွေမှာ Pollute first, Clean later ဆိုပြီး ညစ်ညမ်းပါစေ၊ ပြီးတော့ ပြန်ရှင်းတာပေါ့ အယူအဆက အတော်လေး လွှမ်းမိုးမှု ရှိပါတယ်။ အမေရိကားမှာ  Clean Air Act လေသန့်ဥပဒေ ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ ပတ်ဝန်းကျင် ပြန်ကောင်းမွန်လာတာကို ရည်ညွှန်းပြီး ပြောဆိုကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ဒီသဘောကို လက်တွေ့နာခံပြီး စီးပွားတိုးတက်ရေးကို ဇောက်ချလုပ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ယောင်ပြ လိုက်လုပ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခုဟာ အမေရိကန်၊ တရုတ်နိုင်ငံရဲ့နမူနာကို လိုက်နာလို့ မရဘူးလို့ သုံးသပ်ပါတယ်။ မုန့်ဆီကြော်က ဘယ်နားမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလိုပဲ အမေရိကန်လို တန်းမြင့် ဈေးကွက်ကြီးကို ထိုးဖောက်နိုင်သလို၊ အရင်းအနှီး နည်းပညာ၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ရရှိနိုင်ဖို့ကလည်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ လွယ်လင့်တကူ အလှမ်းမှီ ရရှိနိုင်ခဲ့သလိုမျိုး မြန်မာပြည်လည်း ကံကောင်း ရရှိလိမ့်မယ်လို့ ယူဆလို့ မရပါဘူး၊ ဖားတုလို့ ခရုခုန် စီးပွားရေးအိပ်မက် မက်စဉ်မှာပဲရှိဆဲ ရေ၊ မြေ၊ တောတောင် ခမ်းခြောက်သွားမှာပါ။ အကျိုးဆက်ကတော့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကျရောက်လာတဲ့ သဘာ၀ ဘေးအ္တရာယ်ကို ကြုံတွေ့ရပြီး ပြန်လည် နာလန်ထူနိုင်စွမ်းအား (ecologically resilient capability) တွေ လျော့ပါးဆုံးရှုံးလို့ ပိုနစ်နာတာသာ အဖတ်တင်မှာပါ။ စီးပွားရေးကို ဇောက်ချလို့ ပတ်ဝန်းကျင်ကို နောက်ထားနေကြတဲ့ ကွန်မြူနစ်နိုင်ငံ တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ဟာ မြန်မာပြည်မှာလို နိုင်ငံရေး အကြပ်အတည်း မရှိပါဘူး၊ တပ်နဲ့ ပြည်သူကလည်း ကြည်ဖြူကြပါတယ်။ မြန်မာပြည်မှသာ ပတ်ဝန်းကျင် ပြုန်းတီး ပျက်စီးသွားတာကြောင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အဖက်ဖက် ကျဆုံးတဲ့နိုင်ငံ failed state တစ်ခုအဖြစ် သယံဇာတကျိန်စာကို ရာစုနှစ်ချီလို့ ခံစားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျေးလက်နေ ပြည်သူတွေနဲ့ ဌာနေဒေသခံ တိုင်းရင်းသားတွေရဲ့ ဘဝတွေဟာ ဒီပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလို့ပါပဲ။ ပြည်တွင်းစစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတစ်ခုဟာ ပတ်ဝန်းကျင်ရေးရာ တရားမျှတမှု ကင်းမဲ့လို့ဆိုတဲ့ အချက်ကို လူတော်တော်များများ သဘောပေါက် နားမလည်နိုင်သေးတာဟာ စိတ်မကောင်းစရာပါ။

မြန်မာနိုင်ငံမှ ထင်ရှားတဲ့ သာဓက တစ်ခုကတော့ လက်ပန်းတောင်တောင် ကြေးနီစီမံကိန်းပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် ဆက်စပ် ပတ်သက်သူတွေ အကုန်လုံး ဆုံးရှုံးရတဲ့ စီမံကိန်းတစ်ခုပါ။ စီးပွားရေး တိုးတက်မယ်ပြောရုံနဲ့၊ ပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲမှု အစီအမံတွေ (Environmental Management Plan – EMP) တွေ ရှိပါတယ်လို့ ပြောရုံနဲ့ အလုပ်မဖြစ်တာဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ကောင်းမွန်သော ဒီမိုကရေစီ အုပ်ချုပ်ရေးကို မဖော်ဆောင်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စီးပွားတိုးတက်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက် လုပ်ကိုင်လိုတဲ့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးတွေဟာလည်း ရှေ့မဆက်နိုင် ဖြစ်ရပါတယ်။ လူအများစုက လျှပ်စစ်ဓာတ် ထုတ်လိုက်တာနဲ့ (Generation of electricity) လူအားလုံး လျှပ်စစ်ကို အလှမ်းမှီ သုံးစွဲနိုင်မယ် (People’s access to electricity) လို့ ယုံထင်ကြောင်ထင် ခံယူထားတတ် ကြပါတယ်။ လျှပ်စစ် ထုတ်တာက နည်းပညာပိုင်းနဲ့ ဆိုင်ပြီး လူအားလုံး သုံးစွဲနိုင်ရေးက ကောင်းမွန်တဲ့ စီမံအုပ်ချုပ်ရေးနဲ့ ဆိုင်ပါတယ်။ ဒီနှစ်ခု အကြောင်းညီမျှအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး စီမံကိန်း လုပ်လိုသူနဲ့ စီမံကိန်းကို စိုးရိမ်နေသူတွေကြားက အကွာအဟက အတော့်ကို ကြီးမားပါတယ်။ ဒါနဲ့ပဲ စွမ်းအင် အကြပ်အတည်းက ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်နေရတာပါ။ လက်ရှိ အခြေအနေမှာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ပတ်ဝန်းကျင်ကို ဟန်ပြလုပ်မလား၊ ပြတ်ပြတ်သားသား တစ်ခုခုကို အလေးပေး လုပ်လိုက်မလား၊ ပတ်ဝန်းကျင်နဲ့ စီးပွားရေးကို အမှန်တကယ် သဟဇာတ မျှတမှုကို အလေးထားပြီး လုပ်ကိုင်ဆောင်ရွက်မလား ဆိုတာ ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွကို ရောက်နေတာပဲ ဖြစ်ပါတယ်။ ဒီရွေးချယ်မှုမှာလည်း Social Darwinism အားကောင်းလာသည်နှင့်အမျှ လက်ရှိမှာလည်း အင်အားကြီးသူတွေက ပြဌာန်းတဲ့ အမှန်တရားက ကြီးစိုးမယ့် အနေအထားပါပဲ။

■ နိုင်ငံရေး လွန်ဆွဲပွဲ

ကမ္ဘာမှာ စစ်အေးတိုက်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ နိုင်ငံရေး သမိုင်းဆရာများက အယူဝါဒရေးရာ အငြင်းအခုန်များ နိဂုံးချုပ်ပြီလို့ ကြွေးကြော်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဈေးကွက် စီးပွားရေးစနစ်ကိုပဲ ရွေးချယ်လိုက်တာမို့ အရင်းရှင် စီးပွားရေးစနစ်ကို လက်ခံ ကျင့်သုံးလိုက်တာပဲလို့ ကောက်ချက် ချနိုင်ပါတယ်။ အထူးအထွေ ဝါဒရေးရာ တန်ဖိုးထားမှုတွေ ထိပ်တိုက် ဝိရောဓိ ဖြစ်စရာ မလိုတော့ဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ လက်ရှိ အခြေအနေကို ချိန်ထိုးကြည့်ရင်လည်း အယူဝါဒ ကွဲလွဲတာထက် ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံအပေါ် အမှီပြုလို့ ပရောဂ အစွဲတွေ ဝင်နေတာက များနေတာလို့ သုံးသပ်နိုင်ပါတယ်။ ဈေးကွက် စီးပွားရေးကို ကျင့်သုံးမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာကတော့ ယေဘုယျအားဖြင့် လက်ခံထားပြီးသား အချက်ပါ။ သို့သော် ဒီမျှော်မှန်းချက်ကို ရောက်ရှိအောင် အကောင်အထည်ဖော်တဲ့ နေရာမှာ အားကောင်းတဲ့ အာဠာဝကအစိုးရက ဦးဆောင်မှာလား အားကောင်းတဲ့ ပြည်သူတွေရဲ့ ရှေ့ဆောင်မှုနဲ့ ခရီးဆက်မှာလား ဆိုတာက ရွေးချယ် စဉ်းစားရမှာ ဖြစ်တယ်။ ဘယ်နည်းလမ်းကို ရွေးရွေး အရင်းရှင်ဝါဒရဲ့ မွေးရာပါ ဆိုးမွေတွေဖြစ်တဲ့ လက်ဝါးကြီးအုပ် လွှမ်းမိုးလိုမှုနဲ့ ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ ကွာဟမှုတွေကို နည်းပါးအောင် ဘယ်လို ကြံစည် ဆောင်ရွက်မှာလည်း ဆိုတာ ဆန်းစစ်ဖို့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ ဒီချုပ်အစိုးရအနေနဲ့ တာဝန်ရှိပါတယ်။ ဗွေပါတဲ့မြင်း၊ ဒီအရင်းရှင် ဈေးကွက်စီးပွားရေး ချောက်ထဲကိုမကျဖို့ ဇက်ကြိုးကို စုံကိုင်နိုင်မှလည်း အလိုရှိရာကို တည့်မတ် ရောက်ရှိနိုင်မယ် ဆိုတာကို ဒီဆောင်းပါးက ဆွေးနွေး မီးမောင်းထိုးပြ လိုပါတယ်။ ခေတ်အဆက်ဆက် စီးပွားရေး ပညာရှင်တွေရဲ့ လေ့လာ သုံးသပ်တဲ့ နေရာမှာ ဒီကနေ့ တွေ့ကြုံနေရတဲ့ ရာသီဥတု ပြောင်းလဲခြင်းကို တွက်ချက် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိသေးပါဘူး၊ စီးပွားတိုးတက်ဖို့၊ တိုးတက်လာတဲ့ ဓနစီးပွားကို ပြည်သူအများကို ပြန်လည် ခွဲဝေပေးဖို့တွေအပြင် မ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ရေးရာ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ခံနိုင်ရည်ဇ၊ ခံနိုင်အား ပြည့်ဝတဲ့ လူ့ဘောင် အဖွဲ့အစည်းတစ်ခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာ အားလုံးအတွက် အဖြေရှာရမယ့် အိမ်စာပါ။ ကိုယ်သန်ရာ ကိုယ်ပြောဆို လုပ်ကိုင်နေတာထက် အားလုံးကို လွှမ်းခြုံ စဉ်းစား ဆောင်ရွက်နိုင်ပါမှ ဒွိစုံဝိဝါဒတွေနဲ့ နိုင်ငံရေး လွန်ဆွဲနေရာက လွန်မြောက်ပြီး မှန်ကန်တဲ့ နိုင်ငံရေးရွေးချယ်မှု (political choice) ကို လုပ်ကိုင်နိုင်ကြမှာ မဟုတ်ပါလား။

■ ကျမ်းကိုးစာရင်း

Thomas Hobbes. (1651). Leviathan or the Matter, Forme, & Power of a Common-wealth Ecclesiasticall and Civill., London, Digital version prepared for the McMaster University Archive of the History of Economic Thought, by Rod Hay: https://socserv2.socsci.mcmaster.ca/econ/ugcm/3ll3/hobbes/Leviathan.pdf

John Locke. (1823). Two treatises of government, London, Digital version prepared for the McMaster University Archive of the History of Economic Thought, by Rod Hay: http://socserv2.socsci.mcmaster.ca/econ/ugcm/3ll3/locke/government.pdf

David I. Stern. (2003). The Environmental Kuznets Curve Department of Economics, Rensselaer Polytechnic Institute, Troy, NY 12180, USA June 2003, http://isecoeco.org/pdf/stern.pdf

Simon Kuznets. (1955). Economic Growth and Income Inequality: The American Economic Review, Vol. 45, No. 1 (Mar., 1955), pp. 1-28 Published by: American Economic Association Stable URL: http://www.jstor.org/stable/1811581 .

Kuznets curve: https://en.wikipedia.org/wiki/Kuznets_curve.

Social Darwinism in Dichotomous World

By Win Myo Thu

The article discusses the concept of social Darwinism with some applications for understanding the situation in Myanmar’s past. People compete in a struggle for existence in which natural selection results in the “survival of the fittest.” The world is filled with dichotomies involving different ideas Among them, three dichotomous sets of ideas are noteworthy for more clearly understanding political developments in Myanmar. The first dichotomy relates to  ‘strong government versus democracy.’ This article argues that successive governments in Myanmar have long supported the concept of strong government since the General Ne Win’s era began in 1962, but failed to succeed. But the safeguards in the 2008 Constitution can be seen as a continuation of such practices. The paper argues that the building a federal state requires the fundamental of democratic values. The 2008 Constitution failed to provide such values. Therefore, it is time to reconsider the current approach to include supporting the concept of ‘democracy’ rather than ‘strong government’. A second dichotomy is relates to the concept of  ‘invisible hand versus government intervention.’ The government’s economic policies appear to support a Keynesian concept of government intervention. However, it is important not to focus only on supporting a bubble economy – which only benefits capitalists – but also focus on basic infrastructure projects that are much needed for increasing the country’s productivity. A third dichotomy is the  ‘development versus environmental justice.’ Myanmar is already experiencing the effects of a resource curse and possessed many characteristics associated with a failed state. Therefore, a ‘pollute first, clean later’ approach to development is definitely not suitable for the country. The paper urges that it is critical to a have holistic view of such issues in dichotomous world and makes the right political choices.

About the author

Win Myo Thu

မြန်မာနိုင်ငံ၏ သဘာ၀၀န်းကျင်အဖွဲ့အစည်း တစ်ခုဖြစ်သော Ecodev ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သည်။

Add comment