/wp-content/uploads/2023/03/isp-logo-200x200-1.png
  • Home
  • About
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • ISP Explainers
    • Explainers
    • ISP OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Events
      • ISP Briefing
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • ISP Community
  • Burmese Version
/wp-content/uploads/2023/03/isp-logo-200x200-1.png
  • Home
  • About
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • ISP Explainers
    • Explainers
    • ISP OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Events
      • ISP Briefing
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • ISP Community
  • Burmese Version
January 18, 2021

ဧရာမ အထိုင်ပြန်ချ

  • By အောင်သူငြိမ်း
  • Articles

အယ်ဒီတာမှတ်ချက် –

The Movement – မြန်မာ့အရွေ့ အဖွဲ့က ထုတ်ဝေသည့် ခေတ်စမ်း ဒစ်ဂျစ်တယ်စာစောင် အမှတ် – ၁ အတွက် ISP-Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း ရေးသားသည့် အမှာစာကို ISP-Myanmar က ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။


တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်များက ‘ခေတ်စမ်း’ အမည်နဲ့ ဒစ်ဂျစ်တယ် စာစောင်တခုထုတ်ကြမယ်။ ကျနော့်ကို အဖွင့်အမှာစာရေးပေးပါလို့ ပြောလာတယ်။ သူတို့ဂျာနယ်မှာ အထူးသဖြင့် အုပ်ချုပ်မှုစနစ်၊ လိင်ကွဲပြားမှု၊ သဘာဝ ပတ်ဝန်း ကျင် ခေါင်းစဉ်တွေကို အလေးပေးဖော်ပြမယ်လို့ သိရတယ်။ ကြိုဆိုပါတယ်။

စာစောင်အမည်ကို ‘ခေတ်စမ်း’လို့ သူတို့ရွေးချယ်ထားတာကိုက စိတ်ဝင်စားစရာပါ။ ကျနော်တို့ နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်း ကျင်ကာလမှာ ‘ခေတ်စမ်းစာပေ’ ဆိုပြီးပေါ်ပေါက်ခဲ့ဖူးတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့က အရေးအသားပုံ သဏ္ဌာန်အသစ် လှုပ်ရှားမှုတခုကနေ စတင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျနော်တို့သိတဲ့ ဆရာကြီးတွေဖြစ်တဲ့ ဇော်ဂျီ၊ သိပ္ပံ မောင် ဝ၊ မင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ကုသနှင့် ဧမောင် စတဲ့သူတွေ ဦးဆောင်ခဲ့ကြတယ်။ မြန်မာ့စာပေလောကမှာ ဩဇာ တိက္ကမ ကြီးခဲ့ကြပါတယ်။ ဒီလို ခေတ်စမ်းစာပေ လှုပ်ရှားမှုကို အာရုံယူထားကြတာလားပေါ့။ စဉ်းစားဆင်ခြင်စရာ။

အခုလို ဝေါဟာရတွေက ကျနော့်အဖို့ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းတယ်။ အထူးသဖြင့် ၂၀ ရာစုကုန်ပြီး၊ ၂၁ ရာစုဆန်း တော့ အဲသလို စိတ်ကူး ကွန့်မြူးမှုမျိုး ဖြစ်မိသေးတယ်။ အခုပဲ ၂၁ ရာစုထဲ ဝင်လာတာ နှစ် ၂၀ ကျော်လာခဲ့ပြီ။ စဉ်းစားမိတာ က ကျနော်တို့ အဟောင်းတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေကို ရာစုဟောင်းထဲမှာပဲ ထားခဲ့ပေတော့။ ရာစုသစ်ကို စိတ်သစ်၊ လူ သစ်၊ တီထွင်ဖန်တီးမှု အသစ်တွေနဲ့ ဖြတ်သန်းကြဖို့ စိတ်ကူးယဉ်မိတာပါ။ နောက်ပြီး “ရီနေဆွန်း”ခေတ်လို့ ဆိုတဲ့ ဝေါဟာရ မျိုးလည်း ကျနော်စိတ်ဝင်စားမိတယ်။ ပညာရှင်တွေက ၁၃ ရာစုနဲ့ ၁၄ ရာစုအကြား ကာလကို အလယ်ခေတ်၊ အမှောင်ခေတ် ကြီးလို့ ခေါ်ဝေါ် သမုတ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ “ဉာဏ်သစ် အရေးတော်ပုံ” လို့ခေါ်တဲ့ ရီနေဆွန်းခေတ်၊ အီတလီ နိုင်ငံမှာ စတင်ပြီး၊ ဥရောပနိုင်ငံတွေကို ပျံ့နှံ့သွားခဲ့တယ်။ အဝိဇ္ဇာတည်းဟူသော အမှောင်ကို ပညာတည်းဟူသော အလင်း ရောင်နဲ့ ဖြိုခွင်းလိုက်ကြတယ်ဆိုတဲ့ ခေတ်ကြီးတခု။ စာပေဖွံ့ဖြိုးတိုးတက်မှုကနေ စပြီး၊ ပန်းချီ၊ ရုပ်ထု၊ ဗိသုကာစတဲ့ အနု ပညာ တွေလည်း ဖွံ့ဖြိုးခဲ့ကြတယ်။ အခုလို ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး အကျပ်အတည်းမှာမှ သူတို့ရဲ့ ‘ခေတ်စမ်းစာ စောင်’ ကြိုးပမ်းမှု စတင်လာခဲ့တယ်။ ပိုမိုကျယ်ပြန့်တဲ့ ဉာဏ်သစ်အရေးတော်ပုံအထိ ကူးစက်ပျံ့နှံ့စေချင်မိတယ်။

အကျပ်အတည်း၊ ဒုက္ခပြွမ်းတဲ့ ရာစုဟောင်း

ပြီးခဲ့တဲ့ ၂၀ ရာစုအဖို့ မလှပခဲ့ပါဘူး။ အလွန်အမင်း လှိုင်းကြီးလေထန် ဖြစ်ရပ်ဆိုးများနဲ့ ကြုံခဲ့ရတယ်။ ဒီအကြောင်းကို ပီတာ ဒီ ဟန်း (Peter De Haan) က သုံးသပ်ပြီး သူ့စာအုပ်နိဒါန်းမှာ ရေးခဲ့တယ်။ သူက သမိုင်းဖြစ်စဉ်တွေ ရေးသားပြုစုသလိုမျိုး ၂၀ ရာစုကာလအတွင်း စီးပွားရေး အတွေးအခေါ်တွေ ဖွံ့ဖြိုးတိုးတက်လာပုံအကြောင်း ရေးကြည့်ချင်တာ။ သူရေးသားပြုစုတဲ့ ၁၉၁၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများ သမိုင်းကြောင်း၊ “ကိန်းမှသည် ပစ်ကက်တီ အထိ- စီးပွားရေးအတွေးအခေါ်ကို လှုပ်ခတ်ခဲ့သော ထိုရာစု” (From Keynes to Piketty: The Century That Shook Up Economics) ကို ပြုစု ရေးသားခဲ့တဲ့ စာအုပ်မှာ ၂၀ ရာစု ဖြတ်သန်းရမှုကို အခုလို ခြုံငုံသုံးသပ်ချက် ပြုခဲ့တယ်။

ပြီးခဲ့တဲ့ ရာစုအဖို့ ရက်စက်  ကြမ်းကြုတ်တဲ့ သွေးထွက်သံယို ဖြစ်ရပ်ကြီးတွေ အများကြီး ရှိခဲ့တယ်။ ကမ္ဘာစစ်ကြီး နှစ်ခု ဖြစ်ပွားခဲ့တယ်။ ပထမ ကမ္ဘာစစ် (၁၉၁၄- ၁၉၁၈) နဲ့ ဒုတိယ ကမ္ဘာစစ်ကြီး (၁၉၃၉- ၁၉၄၅)။ လူတွေ သန်းနဲ့ချီ သေကြေ ပျက်စီးရတယ်။ ဒဏ်ရာ အနာတရ ရှိခဲ့ကြတယ်။ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။

ဒုတိယကမ္ဘာစစ် အပြီးမှာမှ ကိုလိုနီစနစ် ဖျက်သိမ်းခြင်းနဲ့အတူ နိုင်ငံအများအပြား လွတ်မြောက်လာရတယ်။ ဒါတောင်မှ ပြည် တွင်းစစ်တွေ အများအပြား ဖြစ်ခဲ့တယ်။ သမိုင်းမှာ မကြုံဖူးလောက်တဲ့ ဖိနှိပ်ရက်စက်မှုတွေလည်း ဆိုဗီယက်ယူနီယံ နဲ့ တရုတ်နိုင်ငံတွေမှာ ဖြစ်ခဲ့တယ်။ လူသန်းချီ သတ်ဖြတ်ခံရတာ၊ မြို့လုံးကျွတ် ဖျက်ဆီးခံရတာ၊ ဗိသုကာ အမွန်အမြတ် လက်ရာ တွေ၊ လူ့ယဉ်ကျေးမှုတွေ၊ အခြေခံ အဆောက်အအုံတွေ၊ သယ်ယူပို့ဆောင်ရေး စနစ်တွေ ဖျက်ဆီးခံရတာတွေ ရှိခဲ့တယ်။ စီးပွားရေးအမြင် ရှုထောင့်ဖက်က ကြည့်ရင်လည်း လှိုင်းကြီးလေထန်ပါပဲ။ ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး၊ ၁၉၉၇ ခုနှစ် အာရှငွေကြေး အကျပ်အတည်း၊ ရေနံဈေး အကျပ်အတည်းတွေ၊ ၂၀၀၈ ခုနှစ် ငွေကြေး အကျပ်အတည်းကြီးတွေလည်း ကြုံခဲ့ရတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်ထဲမှာလည်း အခု ကျနော်တို့ ကြုံတွေ့ခဲ့ရသလို စပိန်တုပ်ကွေး ကပ်ဘေးကြီး (၁၉၁၈-၁၉)၊ အာရှ တုပ်ကွေး (၁၉၅၇-၅၈)၊ ဟောင်ကောင် တုပ်ကွေး (၁၉၆၈) H1N1 တုပ်ကွေး (၂၀၁၉) ကပ်ဘေးတွေ… စတာတွေလည်း ကြုံခဲ့ရတယ်။ ကမ္ဘာမှာ မျှော်လင့်ချက်တွေ လင်းလက်နေပြီး၊ ဂလိုဘယ်လိုက်ဇေးရှင်းအဖြစ် ‘ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်း ဆက်စပ်မှု’ ဖြစ်ရမယ်ဆိုပြီး အလားအလာ ကောင်းတွေ ရှိခဲ့တဲ့၊ တည်ငြိမ်တဲ့၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ ကာလက ကာလတိုပဲ ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

စီးပွားရေး ဗဟိုချက်မ ဆွဲအား ပြောင်းရွှေ့ခြင်း

ကမ္ဘာ့စီးပွားရေး ဗဟိုချက်မလည်း ပြောင်းနေခဲ့တယ်။ သက္ကရာဇ် အေဒီ ၁ ကနေ ၁၅၀၀ အထိ ပထဝီတည်ရှိမှု အနေ အထား အရ ကြည့်ရင် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကြားထဲမှာ ခွပြီး တည်ရှိနေခဲ့တယ်။ အဲဒီအချိန်ကာလက ဒီနေရာတွေမှာ လူဦးရေ အထူထပ်ဆုံး မင်းနိုင်ငံတွေ၊ အင်ပိုင်ယာတွေ ရှိခဲ့တယ်။ ပိုးလမ်းမကြီးလို ကုန်သွယ်ရေး လမ်းကြောင်းတွေ ပေါက်နေခဲ့တယ်။ အဲဒီအချိန်မှာ ဥရောပဟာ အစွန်အဖျားပဲ။ ဒါပေမဲ့ စက်မှုတော်လှန်ရေး အပြီးမှာ ပြောင်းလဲသွားခဲ့တယ်။ စက်မှု တော်လှန် ရေးနဲ့ အတူ လူဦးရေ စုစည်းလာခြင်း၊ မြို့ပြဖြစ်ထွန်းလာခြင်း (urbanization) က အရေးပါလာတယ်။ ဗြိတိန်နဲ့ ဥရောပ တလွှား၊ အမေရိကတိုက်တို့က ရှေ့တန်းရောက်လာကြတယ်။ စီးပွားရေး ဗဟိုချက်မက မြောက်ကမ္ဘာခြမ်းနဲ့ အနောက်ဖက်ကို ရောက်သွားခဲ့တယ်။ အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိက ဖြစ်လာခဲ့တယ်။ ပထမ ကမ္ဘာစစ်မှာ ကမ္ဘာ့ ငွေကြေးအာဏာ ဗဟိုချက်မက လန်ဒန်ကနေ နယူးယောက်ကို ခုန်ကူးသွားခဲ့တယ်။ ဒီလို အရွေ့ကို ကမ္ဘာစစ်ကြီး နှစ်ခုက ထပ်ပြီး အားဖြည့် ပေးလိုက် ပြန်တယ်။ အကြောင်းကတော့ ဥရောပမှာ စီးပွားပျက်ကပ် ကြုံရခြင်းနဲ့၊ ရုရှားနဲ့တရုတ်မှာ ကွန်မြူ နစ်ဝါဒ ထွန်း ကားလာခြင်းက အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ အနောက်က အာဏာ အရ ဦးဆောင်နေချိန်မှာ အရှေ့ကမ္ဘာကတော့ ထိုင်းမှိုင်းငြိမ်သက်နေခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ  ကိုလိုနီစနစ်အောက်ကနေ နိုင်ငံ အမြောက်အမြား ထပ်ပြီး လွတ်မြောက်လာခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာ့ စီးပွားရေးအင်အား အကြီး ဆုံး နိုင်ငံအဖြစ် ရောက်ရှိလာခဲ့ပါတယ်။

စီးပွားရေးအာဏာ ချိန်သီးက အရှေ့ဖက်ကို ပြန်လွှဲလာခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်များမှာ ဥရောပက နာလံပြန်ထလာတယ်။ ဂျပန်က စက်မှုလုပ်ငန်းတွေ ပြန်လည်တည်ဆောက်နိုင်တယ်။ ၁၉၈၀ ပြည့်နှစ်များရောက်တော့ ဂျပန်က ဒုတိယအကြီးဆုံး စီးပွားရေး စနစ် ပြန်ဖြစ်လာတယ်။ သိပ်မကြာဘူး၊ ကိုရီးယားက အာရှကျားတွေအဖြစ် နောက်က လာပေါင်းတယ်။ သိပ် မကြာခင်မှာပဲ အာရှရဲ့ လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်ခု (တရုတ်နဲ့ အိန္ဒိယ) မှာ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဖြစ်လာတယ်။

တရုတ်က ၁၉၇၈ ခုနှစ်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ နောက်တော့ ဆယ်စုနှစ် သုံးခု ဆက်တိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာတယ်။ အိန္ဒိယကလည်း ၁၉၉၀ ပြည့်နှစ်များမှာ ကမ္ဘာ့စီးပွားရေးနဲ့ ပူးပေါင်းလာတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ရောက်လာတော့ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့လူဦးရေရဲ့ လေးရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ အရင်းအနှီးထည့်ဝင်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိနေတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ သုံးပုံတပုံလောက် ကြီးတယ်။ စီးပွားရေးဗဟိုချက်မက ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၀ ပြည့်နှစ်အကြားမှာ သိသိသာသာ ရွေ့လာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ငွေ ကြေးစီးပွားပျက်ကပ် ဖြစ်တယ်။ ခုချိန်ထိတိုင် ဥရောပ၊ ဂျပန်တို့က ပြန်ပြီး နာလံထဖို့ ရုန်းကန်နေရတုန်းပဲ။ အမေရိကန် ပြည်ထောင်စုကတော့ ဖွံ့ဖြိုးမှုနှုန်း အနည်းအကျဉ်းနဲ့ ပြန်ပြီး ချဲ့ လာနေတယ်။ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာတခုလုံးရဲ့ စီးပွားရေး လှုပ်ရှားဆောင်ရွက်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံဒေါ်လာ ရှိနေတဲ့အထဲ တရုတ်က အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ပါဝင်နေတယ်။ အားလုံးရဲ့ ၆၀ ရာခိုင်နှုန်း။ တရုတ်က ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ထုတ် လုပ်သူဖြစ် လာနေတယ်။

ကြိုတင် မမျှော်လင့်ထားတဲ့ ရုတ်ချည်းအပြောင်း (disruption) နဲ့ အရင်ဝမ်းတွင်းသိ အမှားများ

နောက်ပိုင်းမှာ စကားလုံးတလုံး ခေတ်စားလာခဲ့တယ်။ “Disruption” ဆိုတဲ့ စကားလုံး။ ဆိုလိုတာက ကျနော်တို့ ကြိုတင် မျှော်လင့်ထားမိခြင်း မရှိတဲ့ ရုတ်ချည်း အပြောင်းအလဲတွေပေါ့။ အဓိကကျတဲ့ အပြောင်းအလဲတွေကို သတိထား ကြည့်နေ ရင်းနဲ့တောင် မမြင်မိဘူး ဖြစ်တတ်ကြတယ်။ ပထမပိုင်းမှာတော့ အပြောင်းအလဲက ခပ်နှေးနှေး၊ နောက်ပိုင်းမှာတော့ ချက် ချင်း ဆိုသလိုကို အပြောင်းအလဲကြီး ပြောင်းသွားတော့တာ။

စက်မှုလက်မှု လုပ်ငန်းတွေရဲ့ အနာဂတ် ကံကြမ္မာ၊ ကုမ္ပဏီတွေ၊ ထုတ်ကုန်တွေ၊ နည်းပညာတွေ၊ နောက်ဆုံး နိုင်ငံတွေနဲ့ မြို့ တော်ကြီးတွေဟာ အတက်- အကျတွေ ကြုံကြရတယ်။ ကြိုတင်နမိတ် မဖတ်ထားနိုင်တဲ့ အပြောင်းအလဲတွေကို ကြုံကြရ တယ်။

သောမတ် ဖရီးမင်း (Thomas Friedman) ကတော့ သူ့ရဲ့ နောက်ဆုံးစာအုပ် ‘နောက်ကျတဲ့အတွက် ကျေးဇူးတင်ပါတယ်’ (Thank You for Being Late) မှာ ကမ္ဘာကြီးရဲ့ အရှိန်အဟုန်ပြင်းလှတဲ့ အပြောင်းအလဲ သုံးခုကို ရှင်းပြခဲ့တယ်။ အဲဒါတွေက ဈေးကွက် (ဂလိုဘယ်လိုက်ဇေးရှင်း)၊ မိခင် သဘာဝတရားကြီး (တနည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်း) နဲ့ မိုး ဥပဒေသ (Moore’s law) တို့ ဖြစ်ပါတယ်တဲ့။ ဒီသုံးခု ပြောင်းလဲလာပုံကလည်း အရှိန်အဟုန် ပြင်းစွာ ပြောင်းလဲလာနေခြင်း ဖြစ်ပါတယ်။ အဲသည်လို ပြောင်းပုံက တခုထဲမဟုတ်၊ Linear မျဉ်းဖြောင့်သဘော ဆန်ဆန် တဆင့်ပြီးတဆင့် ပြောင်းလဲပုံ မျိုးမဟုတ်။ ကိစ္စ သုံးခုလုံး အရှိန်အဟုန်ပြင်းစွာ (exponential acceleration) ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူက ဒီပြောင်းလဲပုံကို ဆူပါနိုဗာ (Supernova) လို့ ပြောပါတယ်။ ‘ဆူပါနိုဗာ’ က ကြယ်တာရာတခု သေဆုံးပြီးနောက် ပေါက်ကွဲ ပြန့်ထွက် စွမ်းအင်တွေ အတောမသတ် ချဲ့ကားသွားတာ ဖြစ်ပါတယ်။ ကျနော်တို့ ရင်ဆိုင်နေရတာက အခုလို ဆူပါ နိုဗာ ပေါက်ကွဲမှုကြီးအတွင်းမှာ ရင်ဆိုင်နေရတာပါ။ ဒီကိစ္စတွေက ကမ္ဘာကြီးရဲ့ရေးရာကိစ္စအားလုံးကို ပြန်လည်ပုံသွင်း နေပါ ပြီ။ ကျနော်တို့ ဘဝတွေဟာလည်း “ဟာရီကိန်းမုန်တိုင်းအတွင်း ကခုန်နေရသလိုပါပဲ”လို့ သူက ဆိုခဲ့ပါတယ်။

ဒါနဲ့ စာအုပ်တအုပ် ဖတ်ဖြစ်ပါသေးတယ်။ McKinsey Global Institute က အနာဂတ်ကို ကြိုတင်မှန်းဆထားတဲ့ ‘ပုံမှန် မဟုတ်တဲ့ ရုတ်ချည်း ပြောင်းလဲမှု’ (No Ordinary Disruption) ဆိုတဲ့ စာအုပ်ပါ။ အဲဒီ စာအုပ်ရေးသူ သုံးဦးကတော့ ကျနော်တို့ အရင်သိ ထားတဲ့ ဝမ်းတွင်းသိတွေကို မေ့ပစ်ပြီး၊ အသစ်ပြန်မှတ်သားဖို့တောင် လိုအပ်တယ် ဆိုပါတယ်။ “Intuition reset” ပါတဲ့။ ကျနော်တို့ ကာလကြာရှည် မှတ်မှတ်သားသား ရှိထားတဲ့ ယူဆချက်တွေ၊ ခန့်မှန်းချက်တွေ၊ အခြေခံ ယုံကြည်ချက်တွေက လွဲကုန်ပါပြီ။ သူတို့က စာအုပ်နိဒါန်းပိုင်းမှာပဲ ကျနော်တို့ သိထားတဲ့ကိစ္စ လေးခုလောက်ကို ပြန်ဆန်း စစ်ကြည့်ဖို့ ဥပမာ ပေးခဲ့ပါတယ်။

ပထမတခုက လက်လီဈေးကွက်ဆိုပါစို့။ ကျနော်တို့ နှစ်ပေါင်းများစွာ ယုံမှတ်ထားခဲ့တာက ကမ္ဘာကြီးရဲ့ လက်လီဈေးကွက် (global retailing industry) မှာဆိုရင် အကြီးဆုံးက အမေရိကန်စားသုံးသူတွေပါပဲ။ ခပ်ရဲရဲဝယ်၊ ခပ်ရဲရဲသုံး၊ အဝယ်ကြီးတဲ့သူတွေပါ။ ဥပမာအားဖြင့် ကျေးဇူးတော် နေ့ (Thanksgiving weekend) အားလပ်ရက်မျိုးမှာ ဈေးတွေ ဝယ်ခြမ်းကြ၊ လက်ဆောင်ပေးကြပေါ့။ ဒီလိုနဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ အမေရိကန်စားသုံးသူတွေက တရက်ထဲ ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံ စံချိန်ချိုး ဝယ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ထက်များသူ ရှိနေပါပြီ။ အဲဒီဖြစ်ရပ် မတိုင်မီ တပတ်အလို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ (တရုတ်က တရားဝင် ရုံးပိတ်ရက်မဟုတ်တဲ့ တကိုယ်တော်တွေရဲ့နေ့ (China’s Singles Day) မှာ တရက်တည်း အလီဘာဘာ (Alibaba) အွန်လိုင်း ဈေးရောင်းတဲ့ ကုမ္ပဏီက ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံဖိုး ရောင်းချနိုင်ခဲ့ပါတယ်။

ဒုတိယတခုကတော့ စွမ်းအင်နဲ့ ပတ်သက်တာပါ၊ ရေနံလောင်စာ စွမ်းအင်ထုတ်လုပ်မှု ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အောက် တိုဘာလမှာ အမေရိကန်ပြည်ထောင်စု စွမ်းအင်ဆိုင်ရာ သတင်း စီမံအဖွဲ့ (US Energy Information Administration) က ကြေညာချက် တခု လုပ်ခဲ့ပါတယ်။ ကာဘွန် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှု တဖြည်းဖြည်း ကျဆင်းနေပေးမဲ့၊ ၂၀၁၃ ခုနှစ်မှာ အမေရိကန် ထုတ်လုပ်မှုက ရုရှားကို ကျော်တက်ခဲ့ပြီ ဆိုတာပါပဲ။

တတိယတခုကတော့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်မှာ စတင်ခါစ ငါးနှစ်သား ကုမ္ပဏီလေးဖြစ်တဲ့ Whatsapp ကို ဖေ့ဘုတ် (Facebook) က အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံပေးပြီး အံ့အားသင့်ဖွယ် ဝယ်ယူလိုက်ပါတယ်။ ရဟူး (Yahoo) ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း နှစ်ဦးက စတင်ခဲ့ပြီး၊ အဲဒီကာလမှာ အသုံးပြုသူ သန်း ၄၅၀ ရှိတဲ့ ကုမ္ပဏီငယ်ကလေးပါ။ ဒီကုပ္မဏီ ငယ်လေးကို ဝေါစထရိ လမ်းမကြီးပေါ်ရှိနေတဲ့ ငွေကြေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက သိတောင် မသိကြ ပါဘူး။ လူတွေက မိုဘိုင်းပလက်ဖောင်းကို ရွေ့လာတာနဲ့အမျှ တန်ဖိုးကြီးလာပါတယ်။ (ကျနော်တို့နိုင်ငံက ကျွန်းသစ်တွေ၊ ဆန် အိပ်တွေ တင်ပို့ရောင်းချရငွေနဲ့ ယှဉ်ကြည့်ပေါ့)။ ၂၀၁၂ ခုနှစ် အစပိုင်းမှာ ဝင်ငွေအားဖြင့် သုညလောက်ပဲ ရှိရာကနေ၊ ၂၀၁၄ ခု နှစ် တတိယပိုင်းကာလလောက်မှာ မိုဘိုင်းကြော်ငြာ ဝင်ငွေအများစု ၆၆ ရာခိုင်နှုန်းကို ဖေ့ဘုတ် (Facebook) က သိမ်းပိုက် ထားလိုက်ပါပြီ။

စတုတ္ထတခုက နည်းပညာနဲ့ ဆိုင်ပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်မှာ သိပ္ပံပညာရှင်တွေက မားစ်ဂြိုဟ်ရဲ့ ဂြိုလ် ပတ်လမ်းကြောင်းထဲကို ဂြိုဟ်တုတခု (spacecraft) အောင်မြင်စွာ ထည့်လွှတ်နိုင်ခဲ့တာပါ။ ဘယ်နိုင်ငံဖြစ်မလဲ စဉ်းစား ကြည့်ပါ။ ထိန်းချုပ်ရေးစခန်းက တက်ဆပ်စ်မှာ မဟုတ်ပါဘူး၊ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Indian Space Research Organization ကပါ။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက ကြွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဂြိုဟ်တုလွှတ်တင် စရိတ်ဟာ ဘယ်လောက် သက်သာသလဲဆိုရင် ဟောလိဝုဒ်က အာကာသသိပ္ပံ ရုပ်ရှင်ဇာတ်လမ်းတခုဖြစ်တဲ့ မြေဆွဲအား (Gravity) ရိုက် ကူးတုန်းက ကုန်ကျစရိတ်ထက်တောင် သက်သာပါသေးတယ်လို့ ဆိုပါတယ်။ မားစ်ဂြိုဟ်ပတ်လမ်းထဲ လွှတ်တင်တဲ့ ကုန်ကျ စရိတ်က ဒေါ်လာ ၇၄ သန်းပဲ ကုန်ကျခဲ့တာပါ။

ဒီလိုအကြောင်းတွေကြောင့် အရင်ဝမ်းတွင်းက သိထားတဲ့ ထင်မှတ်ထားချက်တွေကို မေ့ပစ်လိုက်လို့ရပါပြီ။ “intuition reset” ပေါ့။ အသစ် ပြန်လည်မှတ်သားဖို့ လိုအပ်နေပါပြီတဲ့။ စာရေးသူ သုံးဦးဖြစ်တဲ့ Richard Dobbs, James Manyika, နဲ့ Johnathan Woetzal တို့ကတော့ အပြောင်းအလဲကြီး ဖြစ်ပေါ်လာဖို့ တွန်းပို့နေတဲ့ အင်အားကြီး လေးခုကို ဆွေးနွေး ထားပါတယ်။ ပထမတခုက မြို့ပြဖြစ်ထွန်းမှု (Urbanization) ပါ။ နောက်ကျန်တာတွေက တဟုန်ထိုးနည်းပညာ အပြောင်း အလဲ (Accelerating Technology)၊ အသက်အိုမင်းသူတွေ များလာတဲ့ကမ္ဘာကြီး (Aging world) နဲ့ ကမ္ဘာကြီး ပိုမိုချိတ်ဆက် ပေါင်းစပ်မိလာခြင်း (Greater global connection) လို့ ဆွေးနွေးထားပါတယ်။ ဆိုလိုတာက ကုန်သွယ်မှု၊ လူများ၊ ငွေကြေး နဲ့ ဒေတာ အချက် အလက်များ ပေါင်းစည်းလာမှုကို ဆိုလိုတာပါ။

သူတို့က မြို့ပြဖြစ်ထွန်းမှု အနေနဲ့ “တချို့သော မြို့နာမည်တွေကို ကြားဖူးပါသလား”လို့ မေးခွန်းထုတ်ပါတယ်။ ဥပမာအားဖြင့် – စင်ချူ (Hsinchu)၊ စင်တာ ကာတာရီနာ (Senta Caterina)၊ တီယန်ဂျင် (Tianjin)… ဘယ်မှာ ရှိပါသလဲ။

တီယန်ဂျင် (Tianjin) မြို့ကတော့ ဘေဂျင်းမြို့တော်ရဲ့ အရှေ့တောင်ဖက် ၁၂၀ ကီလိုမီတာ အကွာမှာ တည်ရှိတဲ့ မြို့ကြီးတခု ပါ။ ၂၀၁၀ ခုနှစ်မှာ တီယန်ဂျင်မြို့ကြီးရဲ့ GDP က အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံ ရှိပြီး၊ ဆွီဒင်မြို့တော် စတော့ဟုမ်းမြို့နဲ့ ပမာဏ တူညီပါတယ်။ ၂၀၂၅ ခုနှစ်ရောက်တဲ့အခါ တီယန်ဂျင်မြို့ကြီးရဲ့ ခန့်မှန်း GDP က အမေရိကန်ဒေါ်လာ ၆၂၅ ဘီလီယံ ရှိပါလိမ့်မယ်။ ဆွီဒင်နိုင်ငံ တခုလုံးနဲ့တောင် တူညီနေပါလိမ့်မယ်လို့ ဆိုပါတယ်။ စင်ချူကတော့ တိုင်ဝမ်မြောက်ပိုင်းက မြို့ တမြို့ပါ။ စင်တာ ကာတာရီနာကတော့ ဘရာဇီးလ်နိုင်ငံက မြို့ကြီးတခုပါ။ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို ကျနော် တို့ ဒီမြို့တွေကို ရောက်ဖူးဖို့ မဆိုထားနဲ့၊ မြေပုံပေါ် ထောက်ပြခိုင်းရင်တောင် ရှာတွေ့မှာ မဟုတ်ပါဘူးတဲ့။ ကျနော်တို့ နိုင်ငံက လုပ်ငန်းရှင်တွေလည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။

အဲဒါအပြင် အရွေ့တွေ ရှိနေပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုန်းက Fortune Global မဂ္ဂဇင်းရဲ့ ထိပ်သီး ကော်ပိုရေးရှင်း ၅၀၀ (ဆိုလိုတာက ဒီကော်ပိုရေးရှင်းကြီးတွေရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံအကျော်မှာ ရှိကြတယ်) ထဲက ၉၅ ရာခိုင်နှုန်းဟာ “ဖွံ့ဖြိုးပြီး နိုင်ငံများ” (developed economies) မှာ အခြေစိုက်ကြပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ်ကျရင် အဲသလို ကုမ္ပဏီကြီး အများစုရဲ့ ဌာနချုပ်တွေဟာ တရုတ်နိုင်ငံမှာ ပိုများနေမှာပါတဲ့။ Emerging market လို့ခေါ်တဲ့ ထွန်းသစ်စ နိုင်ငံတွေမှာလည်း အဲသလို ကုမ္ပဏီကြီးတွေ အပြိုင်းအရိုင်း ပေါ်ထွန်းလာပါလိမ့်မယ်တဲ့။ ၂၀၁၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်များအတွင်း ကမ္ဘာကြီးရဲ့ global GDP တိုးတက်မှု တဝက်လောက်ဟာ ဖွံ့ဖြိုးဆဲဈေးကွက်များရဲ့ စီးပွားရေး (emerging markets) တွေရှိရာ မြို့တော် ၄၄၀ မှာ ဖြစ်ထွန်းနေလိမ့်မယ် ဆိုပါတယ်။

နည်းပညာ အပိုင်းမှာလည်း တော်လှန်ရေးသဖွယ် ဖြစ်နေပါတယ်။  နေရာအနှံ့အပြား ရရှိနိုင်မှုနဲ့ အလျှင်နှုန်းတွေ အလျှင်အမြန် ပြောင်းလဲနေပါတယ်။ ဉာဏ်ရည်တု (AI)၊ ကြီးမားတဲ့ ဒေတာစုပေါင်း (big data) နဲ့ ကိစ္စပေါင်းစုံအတွက် အင်တာနက် Internet of Things (IoT) စတဲ့ အခြေအနေတွေက အပြောင်းအလဲကို ဆောင်ကျဉ်းလာခဲ့ပါတယ်။ ဒီလို နည်းပညာသစ် တွေက ထုတ်လုပ်မှုနဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေအတွက် မရှိမဖြစ် အသုံးချဖို့ ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံ၊ ဒူရကစ် ပန်ဒစ်တက္ကသိုလ်က စီးပွားရေးပညာဌာန၊ ပါမောက္ခချုပ် ကီယာတာနန် (Kiatanan Luankeaw)   ပြော တာကတော့ အချို့အလုပ်တွေ ပျောက်သွားမယ် (အခုဆိုရင် ဂူးဂဲလ်ကုမ္ပဏီက မောင်းသူမဲ့ကားတွေကို စမ်းသပ်နေပါပြီ)။ ကျနော်တို့ မမြင်ဖူး၊ မစဉ်းစားထားဖူးတဲ့ အလုပ်တွေလည်း ပေါ်လာမယ်ဆိုပါတယ်။ “နောက် ၁၀ နှစ်လောက်မှာ ဒီနေ့ ကျောင်းတက်နေတဲ့ ကလေး ၆၅ ရာခိုင်နှုန်းလောက်က အခုအချိန်တိုင် မတီထွင်ရသေးတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင် ကြရမယ်။ ဒီလိုအသွင်ကူးပြောင်းမှုတွေနဲ့အတူ အနာဂါတ် လုပ်ငန်းခွင်အတွက် ကျနော်တို့ ကလေးတွေ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ထားရမယ်” လို့ ဆိုခဲ့ပါတယ်။ သူပြောချင်တာက ကလေးတွေကို ရှုပ်ထွေးပွေလီတဲ့ ပြဿနာပုစ္ဆာ ဖြေရှင်းနည်း (complex-problem solving)၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (critical thinking) နဲ့ ဖန်တီးတီထွင်မှု (creativity) တွေ ပို့ချပေးဖို့ ပြောနေတာပါ။ ဒီ သုံးချက်က ကျွမ်းကျင် လုပ်သားတွေအတွက် အရေးအပါဆုံး ကျွမ်းကျင်မှု သုံးခု ဖြစ်လာပါလိမ့်မယ်လို့ ဆိုထားတာ ဖတ်လိုက်ရပါတယ်။

ဧရာမ အထိုင်ပြန်ချ

အခုတခါ ကိုဗစ်-၁၉ ကူးစက်ဘေး ကာလအတွင်းပဲ လာပြန်ပါပြီ။ ကျနော်တို့ ဧရာမအထိုင်ပြန်ချရမယ့် ကိစ္စတွေ ရှိနေပါ ပြီတဲ့။

“The Great Reset”

ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) ကို စတင် တည်ထောင်သူတဦး ဖြစ်တဲ့ ကလော့်စ် ရှဝက်ဘ် (Klaus Schwab)နဲ့ စီးပွားရေးပညာရှင် ရှယ်ရီ မေလာရက် (Thierry Malleret) တို့ ရေးထားတဲ့ အကြံပြုချက်ပါ။ ကလော့်စ် ရှဝက်ဘ်

က စက်မှုတော်လှန်ရေး 4.0 (The Fourth Industrial Revolution, 2016) စာအုပ်လည်း ရေးခဲ့ပါသေးတယ်။ အကြောင်းက တော့ ကိုဗစ်-၁၉ ကူးစက်ဘေးက ကျနော်တို့ကို လှုပ်နှိုးခဲ့ပြန်ပါတယ်။ သူတို့ဆွေးနွေးချက်က ကမ္ဘာကြီးဟာ အပြန်အလှန်မှီခို ရမှု အကြီးအကျယ် ရှိနေတယ်။ အခု ဖြစ်လာတဲ့ အကျပ်အတည်းတွေရဲ့ အတိုင်းအဆက ပြင်းထန်တယ် (Velocity)၊ နောက် တော့ ပိုပြီး ရှုပ်ထွေးခက်ခဲတယ် (Complexity) လို့ ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့ စဉ်းစားချက်တွေကလည်း ဧရာမ အထိုင်ပြန်ချဖို့ လိုအပ်နေပါပြီတဲ့။

ဒီစာအုပ်မှာ ကမ္ဘာကြီးဟာ အထူးကို ဆက်သွယ်မှုတွေ ကြီးထွားမြန်ဆန်နေပါတယ်။ “Hyper-connected” လို့ ဆိုပါတယ်။ ဒါကြောင့် ပြဿနာတွေကို နိုင်ငံတခုထဲရဲ့ ဘောင်ထဲက စဉ်းစားလို့ မဖြစ်နိုင်ဘူးဆိုတာ ဥပမာပေးခဲ့ပါတယ်။ စင်္ကာပူနိုင်ငံက နိုင်ငံခြား ရေးပညာရှင်နဲ့ အစိုးရအကြံပေး ကီရှိုး မဘူဘာနီ (Kishore Mahbubani) ရဲ့ ဥပမာကို ယူပြီး ဖော်ပြထားခဲ့တာပါ။ ကျနော်တို့ ပြဿနာက လူသားသန်းပေါင်း ၇,၀၀၀ ဟာ ကမ္ဘာဂြိုဟ်ကြီးရဲ့ သီးခြားကွဲပြားနေတဲ့ လှေတွေပေါ်မှာ နေထိုင် နေကြတာ မဟုတ်တော့ပါဘူးတဲ့။ သင်္ဘောကြီးတစင်းထဲပေါ်က အခန်း ၁၉၃ ခန်းမှာ အတူတကွ နေထိုင်နေကြသလို ပြဿနာ ကို စဉ်းစား ကြရမှာပါလို့ ဆိုပါတယ်။ 

သူတို့က စီးပွားရေးအရလည်း ပြန်လည်အထိုင်ချဖို့ လိုပါမယ်တဲ့။ မသေချာ၊ မရေရာမှုတွေက များလာပါတယ်။ ပိတ်ဆို့ထား တာတွေ ဖွင့်လိုက်မယ်၊ လူအချို့ အသက်ဆုံးရှုံးခံပြီးတော့ စီးပွားရေးဖွံ့ဖြိုးမှုကို ပြန်ထိန်းရမယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးက လည်း မဖြစ်နိုင်ပါဘူး။

လူမှု အသိုင်းအဝိုင်းအရလည်း ပြန်လည်အထိုင်ချဖို့ လိုအပ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု၊ လူမှုရေး မငြိမ်မသက်မှုတွေ၊ အစိုးရတွေက အာဠာဝက (Leviathan) အစိုးရတွေလို အာဏာကြီးလာနိုင်တဲ့ အနေအထား၊ နိုင်ငံတော်နဲ့ အုပ်ချုပ်ခံ လူထု တွေအကြား ထားရှိရမယ့် လူမှု ပဋိဉာဉ် (social contract) ..ဒါတွေအားလုံး ပြန်လည်အထိုင်ချဖို့ လိုအပ်ပါလိမ့်မယ်။

ပထဝီနိုင်ငံရေးအရလည်း ပြန်လည်အထိုင်ချဖို့ လိုအပ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ တဖက်မှာ အမျိုးသားရေးဝါဒ၊ ကမ္ဘာကြီးရဲ့ အုပ်ချုပ်စီမံမှုစနစ်သစ်၊ ချည့်နဲ့ ပြိုကွဲလွယ် နိုင်ငံများနဲ့ ကျရှုူံးနိုင်ငံများ… ဒါတွေပါ ထည့်စဉ်းစားဖို့ လိုအပ် ပါတယ်။

သဘာဝ ပတ်ဝန်းကျင်အရလည်း ပြန်လည်အထိုင်ချဖို့ လိုအပ်ပါတယ်။ ကပ်ရောဂါဘေးတွေ၊ လော့ဒေါင်းတွေနဲ့ သဘာဝ ပတ်ဝန်းကျင်၊ လေထု ညစ်ညမ်းမှု၊ ကာဘွန်ကုန်သွယ်ရေး သဘောတူညီချက်တွေ၊ ဘယ်လို အသစ်ပြန်အထိုင်ချကြမှာပါလဲ။

နည်းပညာတိုးတက်မှုအရလည်း ပြန်အထိုင်ချဖို့ လိုအပ်ပါမယ်။ စားသုံးသူ၊ ထိန်းချုပ်သူများနဲ့ ကုမ္ပဏီများအကြား ဆက်ဆံ ရေး။ ကျနော်တို့ တဦးချင်းအရ ပြန်လည်အထိုင်ချဖို့ လိုအပ်မှာဖြစ်သလို၊ လုပ်ငန်း၊ စက်မှုနယ်ပယ်တွေမှာလည်း ပြန်လည် အထိုင်ချရတော့မှာတွေကို ဆွေးနွေးထားပါတယ်။

5 Rs (အာ ၅-လုံး)

သေချာတာကတော့ ကာကွယ်ဆေးတွေ့၊ လူတွေ ဆေးထိုးကြ၊ ကမ္ဘာကြီးက ပုံမှန်အရင် အခြေအနေကို ပြန်သွားဖို့ ဖြစ်နိုင် တော့မှာ မဟုတ်ပါဘူး။ အခု ကိုရိုနာဗိုင်းရပ်စ်က ဧရာမအကျပ်အတည်းကြီးပါ။ ၂၁ ရာစုဆန်းစမှာ အကြီးမားဆုံး ဖြစ်နိုင်ပါ တယ်။ ဒီအကျပ်အတည်းကြီးက စနစ်များ၊ အစိုးရများရဲ့ မျက်နှာဖုံးကို ဆွဲခါချခဲ့ပါတယ်။ အားနည်းချက်တွေကို ထင်းကနဲ လှစ်ပြခဲ့ပါတယ်။ ရုန်းကန်ရင်ဆိုင်နေရင်း အနာဂတ်အတွက် အသစ်သော ပုံမှန်အခြေအနေ (Next normal) ကို ပြင်ဆင် ထားဖို့လည်း ဆိုနေကြပါတယ်။

McKinsay & Company အကြံပေးအဖွဲ့ အစီရင်ခံစာတခုကတော့ ဒီလို ပြင်ဆင်မှုမှာ အာ ၅ လုံး (5 Rs) ကို အကြံပြုခဲ့ ပါတယ်။ ကြိုးပမ်းဖြေရှင်းခြင်း (Resolve)၊ ကြံ့ကြံ့ခံနိုင်ခြင်း (Resilience)၊ မူလအခြေအနေ ပြန်ရောက်ခြင်း (Return)၊ အနာဂတ် အတွက် ပုံဖော်မြော်မြင်ခြင်း (Reimagination) နဲ့ ပြုပြင်ပြောင်းလဲခြင်း (Reform) ကိစ္စများ ဖြစ်ပါတယ်။ လုပ်ငန်း တွေက ဉာဏ်ပညာနဲ့ မြော်မြင်ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။ သမားရိုးကျတော့ မရတော့ပါဘူး။ ဒီကြားထဲ ‘ခေတ်စမ်း’မယ် ဆိုရင်တော့ တကယ့်ကို ‘ခေတ်စမ်းချိန်’ ဖြစ်ပါကြောင်း။

ပြီး။

အကိုးအကား  

  1. Dobbs, Richard, James Manyika, and Johnathan Woetzal. (2015). No Ordinary Disruption: The Four Global Packages Breaking All the Trends. New York: Public Affairs.
  2. Friedman, Thomas L. (2016). Thank You for Being Late: An Optimist’s Guide to Thriving in the Age of Accelerations, New York: Farrar, Straus & Giroux. 
  3. Haan, Peter D. (2016). From Kayenes to Piketty: The Century That Shook Up Economics. London: Palgrave Macmillan
  4. Schwab, Klaus and Thierry Malleret. (2020). Covid 19: The Great Reset. World Economic Forum: Forum Publishing.
  5. Talerngsri, Arinya. (March 5, 2018). Dance to the tune of disruption, The Bangkok Post, Retrieved from https://www.bangkokpost.com/business/news/1422210/dance-to-the-tune-of-disruption 
  6. Talerngsri, Arinya. (February 19, 2018). The impact of AI on organizational learning, The Bangkok Post, Retrieved from https://www.bangkokpost.com/business/news/1414122/the-impact-of-ai-on-organisational-learning

About ISP-Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.
  •   +66 80 747 9712
  •   [email protected]
  •   PO Box 149, Chiang Mai University PO, Chiang Mai 50202

Recent Publications

  • June 5, 2023
    Energy Sector: 70% of Total Inflow and Key in Foreign Investment
  • May 31, 2023
    Data Matters 46 - Burmese Version
  • May 26, 2023
    Alerted Security in Mae Sot, Thai-Myanmar border in Post-Election: Normal Response?
  • May 26, 2023
    Insight Email 15 - Burmese Version
  • May 24, 2023
    Aligning with China’s Policy Reset: Revitalizing Trade Routes and Economic Plans in Myanmar
Follow us on
Copyright ISP-Myanmar © 2023. All Rights Reserved