/wp-content/uploads/2020/08/Logo.png
  • Home
  • Who We Are
    • About ISP-Myanmar
    • What We Value
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • Explainers
    • ISP’s OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Talk Show
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • Burmese Version
/wp-content/uploads/2020/08/Logo.png
  • Home
  • Who We Are
    • About ISP-Myanmar
    • What We Value
  • What We Do
    • Research
    • Capacity Building
    • Leadership Engagement
    • Communication and Outreach
    • Desk Initiatives
  • Policy Editorial
  • Explainers
    • ISP’s OnPoint
    • Special Features
    • Analysis
    • What Matters
    • ISP Data Matters
    • ISP Mapping
    • ISP Clips
    • Backgrounder
  • Resources
    • Peace Desk
    • China Desk
    • Special Series
    • Publications
    • Talk Show
      • Yaw Min Gyi Zayat
      • Myanmar Quarterly Symposium
  • Burmese Version
December 18, 2020

အမျိုးသား ညီညွတ်ရေးအစိုးရအတွက် ချိတ်ဆက်ရမယ့် လမ်းကြောင်းနှစ်သွယ်

  • By ဒေါက်တာ ဆုမွန်သဇင်အောင်
  • Analysis

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ တရပ်ဖွဲ့စည်းရန် ကြေညာထားပြီး အခြား တိုင်းရင်းသား ပါတီများကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။ ဤသည်ကို အခြားပါတီများက ကြိုဆို ထောက်ခံကြသော်လည်း တိတိကျကျ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း NLD ပါတီ ခေါင်း ဆောင်ပိုင်းက ပြောကြားထားသည်။ NLD အစိုးရ ဦးဆောင်ခဲ့သည့်  ငါးနှစ်တာကာလအတွင်းမှာ တိုင်း ရင်းသား အခွင့်အရေးနှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့ပြီး NLD ပါတီနှင့် တိုင်းရင်းသား ပါတီများအကြား  ဆက်ဆံရေးလည်း များစွာကျဆင်းခဲ့သည်။ အဆိုပါ မကျေလည်မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ် လူထု ထောက်ခံမှု ပိုမိုရရှိနိုင်လိမ့်မည်ဟု ခန့်မှန်းထားသော်လည်း နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ်ကို လက် ခံ ကျင့်သုံးခြင်း၊ လူဦးရေ ပျံ့နှံ့မှု မညီမျှခြင်းနှင့် မဲဆွယ်ကာလအတွင်းတွင် ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေးအတွက် ထိန်းချုပ်ကန့်သတ်မှုများ ရှိခဲ့ခြင်းတို့ကြောင့် မဲဆွယ်စည်းရုံးရာတွင် အခက် အခဲများရှိခဲ့ပြီး တိုင်းရင်းသားပါတီများအတွက် ရွေးကောက်ပွဲရလဒ်အရ မှန်းချက်နှင့် နှမ်းထွက် မကိုက် ခဲ့ပေ။

ယခုအချိန်တွင် ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် NLD ပါတီအနေဖြင့် တိုင်းရင်းသား ပါတီများကို ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းမှာ တဘက်ကကြည့်လျှင် ဝမ်းသာရမည် ဖြစ်သော် လည်း ပါတီအများစုက အင်တိုက်အားတိုက် ပူးပေါင်းရန် လက်တွန့်နေပုံပေါ်သည်။ ဖြစ်တန်ခြေများထဲမှ တရပ်မှာ NLD ပါတီ၏ ပူးပေါင်းရေးမူသည် ယခင် ငါးနှစ်တာ ကာလအတွင်းကကဲ့သို့ အစိုးရ ဖွဲ့စည်း ရာ၌ လက်တွဲမည့်ပါတီများ၏ မူဝါဒရှင်သန်အားကောင်းရေးထက် ပါဝင်သည့် လူပုဂ္ဂိုလ်ကိုသာ အာဏာ ရပါတီ၏ မူဝါဒများအား အကောင်အထည်ဖော်ရန် သိမ်းသွင်းသွားမည့် အခြေအနေက   အလေးသာ နေသောကြောင့် ဖြစ်နိုင်သည်။ ထိုကြောင့် အနိုင်ရ ပါတီကြီးအနေဖြင့် အခြားပါတီများကို ပူးပေါင်းရန် ဖိတ်ခေါ်ပြီး အစိုးရဖွဲ့စည်းရန် စဉ်းစားချက်သည် ရာထူးဌာနန္တရ ခွဲဝေပေးခြင်းအားဖြင့် မကျေ လည်ခဲ့သော အနာဟောင်းများ ကျက်သွားနိုင်မည်ဆိုသည့် တွေးဆချက်မျိုးနှင့် မလုံလောက်တော့ပေ။ သမိုင်းအတွေ့အကြုံများအရလည်း ပါတီမူဝါဒများ ကိုင်းကူးကိုင်းဆက် မလုပ်နိုင်လျှင်  ပါတီ အချင်း ချင်း သော်လည်းကောင်း၊ ပူးပေါင်းမည့် ပါတီများ အတွင်း၌သော်လည်းကောင်း အကွဲအပြဲ ပိုများနိုင်ပြီး ညီညွတ်ရေးအစိုးရကို အနှစ်သာရရှိရှိ၊ အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခြေ နည်းပေသည်။ သို့ဖြစ်ရာ ယခု ဆောင်းပါးတွင် ပါတီများပေါင်းစုပြီး အစိုးရဖွဲ့စည်းရန် ရာထူးဌာနန္တရ အခြေပြု (Office Seeking) နှင့် မူဝါဒအ‌ခြေခံပြု (Policy Seeking) စဉ်းစားချက်များ၏ အရေးပါပုံကိုလည်းကောင်း၊ ၎င်းပေါ်တွင် မူတည်ပြီး  ယခင် ၂၀၁၆ ခုနှစ်က NLD ပါတီ ဦးဆောင် ဖွဲ့စည်းခဲ့သော အစိုးရတည်ဆောက်ပုံနှင့် ပါတီပေါင်းစည်းရေးမူတို့အား မည်ကဲ့သို့ နားလည်နိုင်သည်ကို လည်းကောင်း၊ ယခု  ၂၀၂၁ခုနှစ် မတ်လ တွင် ထပ်မံဖွဲ့စည်းမည့် အစိုးရတည်ဆောက်ပုံတွင် NLD ပါတီအပါအဝင် အခြား ပါဝင်မည့် ပါတီများ၏ မူဝါဒရှင်သန် အားကောင်းရေးကို ရှေးရှုနိုင်ရေးအတွက် လည်းကောင်း ဆွေးနွေးတင်ပြအပ်ပါသည်။

ညီညွတ်ရေးအစိုးရတရပ်အတွက် ရာထူးဌာနန္တရ အခြေပြု ပေါင်းစည်းမှု (Office Seeking) နှင့် မူဝါဒ အခြေခံပြု ပေါင်းစည်းမှု (Policy Seeking) စဉ်းစားချက်များ

အနိုင်ရပါတီက ဖိတ်ခေါ်၍ဖြစ်စေ၊ နိုင်ငံရေးစနစ်၏ လိုအပ်ချက်ကြောင့်ဖြစ်စေ ပါတီများပေါင်းစုပြီး ညီညွတ်ရေး အစိုးရသော်လည်းကောင်း၊ ညွန့်ပေါင်းအစိုးရသော်လည်းကောင်း ဖွဲ့စည်းနိုင်ပါသည်။ ထိုသို့ ဖွဲ့စည်းရာတွင် မတူညီသည့် ပါတီများမှ ခေါင်းဆောင်များပါဝင်လာခြင်းနှင့် ၎င်းတို့လိုလားသည့် မူဝါဒ ရည်မှန်းချက်များ ရှိလာသဖြင့် တပါတီထဲ ဖွဲ့စည်းထားသည့် အစိုးရထက်စာလျှင် ဆုံးဖြတ်ချက်အားဖြင့် ရှုပ်ထွေးနိုင်သည်။ သို့ပါသောကြောင့် မဖွဲ့စည်းမီကပင် အခြေခံအချက်များကို တင်ကြို ညှိနှိုင်း ထားကြရသည့် သဘောပင်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံလေ့လာမှုများတွင် ပါတီများပူးပေါင်းပြီး အစိုးရ ဖွဲ့နိုင်ရန် စဉ်းစားချက်များထဲမှ အရေးကြီးသည့် ယူဆချက်တခု ဖြစ်သည့် ရာထူးဌာနန္တရ အခြေပြု (Office Seeking) နှင့် မူဝါဒ အခြေခံပြု (Policy Seeking) စဉ်းစားချက်ကို ထည့်သွင်း ဆွေးနွေး လိုပါသည်။[1] ညီညွတ်ရေးအစိုးရဖွဲ့ရာတွင် ဖိတ်ခေါ်ခံရသည့် ပါတီ ခေါင်းဆောင်များ၏ ပူးပေါင်း ပါဝင်မှုကို တွန်းအားပေးနိုင်သည့်  ချဉ်းကပ်ပုံ နှစ်ရပ် ရှိပါသည်။ ပထမချဉ်းကပ်ပုံမှာ အစိုးရဖွဲ့ရာတွင် ပူးပေါင်းမည့်ပါတီအတွက် (သို့မဟုတ်) ခေါင်းဆောင်များအတွက် ဝန်ကြီးနေရာ ဌာန လက်ကိုင် ပေးနိုင် ခြင်းဖြစ်သည်။ ဖိတ်ခေါ်ခံရသည့် ပါတီခေါင်းဆောင်များဟာ အစိုးရ၏ အာဏာဗဟိုချက်ဖြစ်သည့် ဝန်ကြီးအဖွဲ့ထဲကို ရောက်ရှိနိုင်ပြီး အစိုးရယန္တရားအလုပ်လုပ်ကိုင်ပုံအကြောင်း၊ လစ်ဟာချက်များ အကြောင်းကို အနီးကပ်လေ့လာခွင့်ရနိုင်သည်။  မူဝါဒချမှတ်ရမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့် ရနိုင်သည်။  ထို့ကြောင့် အနိုင်ရသည့်ပါတီက ပူးပေါင်းမည့် အခြားပါတီခေါင်းဆောင်များကို လုပ်ပိုင်ခွင့်ရှိသည့် ဝန်ကြီးနေရာများ အပ်နှင်းမည်ဆိုပါက အာဏာ တည်ဆောက်နိုင်ရေး   Office Seeking ရည်မှန်းချက် ထားသည့် ပါတီများနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို ဆွဲဆောင်နိုင်စေလိမ့်မည်။ ထိုမှတဆင့် မိမိတို့ ပါတီ၏ မူဝါဒများကို အကောင်အထည်ဖော်ခွင့် ရနိုင်မည်ဆိုပါက ဒုတိယချဉ်းကပ်ပုံဖြစ်သည့် မူဝါဒ ရေးရာ ပေါင်းစည်းနိုင်မှု (Policy Seeking) နှင့် ချိတ်ဆက်သွားနိုင်သည်။

ဒုတိယ ချဉ်းကပ်ပုံမှာ ညီညွတ်ရေးအစိုးရဖွဲ့ရန် ပါတီကြီးမှ အခြားပါတီများပါဝင်လာစေရန် ဆွဲ ဆောင်ရာတွင် ထိုပါတီများအတွက် အရှည်သဖြင့် စဉ်းစားချက်များ ပါဝင်သည်။ ထိုပါတီများ၏ အမျိုးသား ညီညွတ်ရေးအစိုးရမူသည် လက်ရှိအခြေအနေတွင် အာဏာရရှိရန် ကြိုးပမ်းချက်ထက် ပိုသည်ဟု ယူဆသည်။ ထိုပါတီများက အမျိုးသား ညီညွတ်ရေးအစိုးရတွင် ပါဝင်လိုက်သောကြောင့် ၎င်းတို့ပါတီ၏ မူဝါဒများကို မည်မျှ အကောင်အထည်ဖော်နိုင်မည်၊ မည်သည့် မူဝါဒများကို အလျော့ ပေးရမည်၊ သို့အတွက်ကြောင့် ၎င်းတို့ပါတီ၏ တန်ဖိုးထားမှုတွင် မည်မျှ အတိုင်းအတာအထိ အကျိုး သက်ရောက်မည် စသည့် မူဝါဒရေးရာ ပေါင်းစည်းနိုင်မှု (Policy Seeking) အထိ ဦးတည်ပါသည်။ သို့ဆိုလျှင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများအရ အမျိုးသား ညီညွတ်ရေး အစိုးရဆိုသည်ကို အဘယ်သို့ နားလည်နိုင်မည်နည်း။

ရာထူးဌာနန္တရ အခြေပြုပေါင်းစည်းရေးမူ (သို့မဟုတ်) အနိုင်ရပါတီ၏ ငါးနှစ်တာ ကျင့်သုံးခဲ့သည့် ပေါင်းစည်းရေးမူ စဉ်းစားချက်

အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် ဝေါဟာရမှာ ယခုကာလမှ လူထုအတွင်း ရေပန်းစား လာ သော်လည်း NLD ပါတီသည် လွန်ခဲ့သော ငါးနှစ်ကပင် ထိုစဉ်းစားချက်များနှင့် အလားသဏ္ဍာန်တူသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ပုံစံမျိုးဖြင့် အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။ NLD ပါတီ ဦးဆောင်သည့် အစိုးရကို           ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် မတ်လတွင် သမ္မတ တဦး၊ ဒုတိယ သမ္မတ နှစ်ဦး၊ ဝန်ကြီးအဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ NLD မဟုတ်သည့် အခြားပါတီဝင် သုံးဦးကို ဝန်ကြီးအဖြစ် ထည့်သွင်းခန့်အပ်ခဲ့သည်။ ၎င်းတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ နှစ်ဦးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများ၊ အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများကို ဦးစီးစေရန် လည်းကောင်း၊ မွန်အမျိုးသားပါတီ (MNP) မှ တဦးကို တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ဦးစီးစေရန် လည်းကောင်း ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။ (အသေးစိတ်ကို ပုံ ၁ တွင်ကြည့်ပါ။)  တပ်မတော်မှ တာဝန်ယူထားသည့် ဝန်ကြီး သုံးဦး မပါဝင်ပါက NLD က ခန့်အပ်ခဲ့သော အရပ်သားဝန်ကြီး အရေအတွက်မှာ ၁၅ ဦးသာရှိသောကြောင့် အခြားပါတီမှ ခန့်အပ်သူ သုံးဦးဆိုသည်မှာ ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

သို့သော်လည်း NLD ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ အခြားပါတီဝင်များအား အစိုးရ အဖွဲ့တွင် ရာထူးဌာနန္တရ များပေးအပ်ခြင်းသည် ပြည်ထောင်စု အဆင့်အတွက်သာ ဦးစားပေးခဲ့ပုံ ပေါ်သည်။ ပြည်နယ်၊ တိုင်းလွှတ်တော်များနေရာများတွင် NLDပါတီ ကိုယ်စားလှယ် အများစုနိုင်သော၊ မနိုင်သော ဒေသအားလုံးတို့အတွက် ဝန်ကြီးချုပ်များအား ၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏  အကာ အကွယ်ယူ၍ NLD ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းအစိုးရဖွဲ့စည်းမှုတွင် NLDမဟုတ်သည့် အခြား ဒုတိယအများဆုံး ပါဝင်သည့်ပါတီမှာ USDP ပါတီဖြစ်သည်။ စုစုပေါင်း အစိုးရဝန်ကြီးအဖွဲ့ဝင် အရေအတွက် ၁၃၈ ဦးတွင် ရှစ်ဦးပါဝင်ခဲ့ပြီး ခြောက်ဦးမှာ ရှမ်းပြည်နယ် အစိုးရတွင် ခန့်အပ်ထားခြင်းဖြစ်သည်။ NLD မှ ရွေးကောက်ခံကိုယ်စားလှယ်လည်း မဟုတ်၊ ခန့်အပ် ထားခြင်းလည်း မဟုတ်သော ဒေသအခြေစိုက်ပါတီများမှ ပါဝင်သူအရေအတွက်မှာ ၈ ရာခိုင်နှုန်းသာ ရှိသည်။ (အသေးစိတ်ကို ပုံ ၂ တွင်ကြည့်ပါ။)  ထိုသည်မှာလည်း အများစုမှာ တိုင်းရင်းသား ရေးရာဝန်ကြီးနေရာနှင့် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဥက္ကဌများနေရာအတွက် ဖြစ်ပြီး ဝန်ကြီးချုပ်မှ ခန့်အပ်ခြင်းကြောင့် မဟုတ်ပေ။ ဒေသခံတိုင်းရင်းသားပါတီမှ ရွေးကောက်ခံ ကိုယ်စား လှယ်များကို အစိုးရအဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းရမည့်အစား ရွေးကောက်ခံမဟုတ်သည့် ပုဂ္ဂိုလ်များကို ဝန်ကြီးများအဖြစ်ခန့်အပ်မှုကို တိုးချဲ့ခဲ့သည်။ ပြည်နယ်တိုင်းအစိုးရများအားလုံးတွင် ရွေးကောက်ခံ မဟုတ်ဘဲ ဝန်ကြီးချုပ်က ခန့်အပ်ခဲ့သည့် ဝန်ကြီး ၁၆ ရာခိုင်နှုန်းရှိခဲ့သည်။ ဗဟိုချုပ်ကိုင်မှု စနစ် ကြီးမားခဲ့သည့်နိုင်ငံဖြစ်သဖြင့် ညီညွတ်ရေးအစိုးရဖွဲ့စည်းရေးသည် ပြည်ထောင်စုအဆင့်တွင် များစွာ အလေးပေးခဲ့ပြီး ပြည်နယ်၊တိုင်း အစိုးရများတွင် ဒေသခံတိုင်းရင်းသားပါတီများပါဝင်ရေးကို သိပ် အလေးမထားခဲ့ခြင်း ဖြစ်ပုံရသည်။

ပုံ (၂) ပြည်နယ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ များတွင် ဝန်ကြီးများ ပါဝင်မှု အချိုးအစား

The Asia Foundation (2018)[2]

ပြည်ထောင်စုအဆင့် အစိုးရဖွဲ့စည်းမှုကို ကြည့်ပါက  ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားခဲ့သည့် တပ်မတော်နှင့် သင့်မြတ်စေရန်အလို့ငှာ တပ်မတော်က ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗိုလ်ချုပ်ဟောင်း ပါတီခေါင်းဆောင်များကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဟု နားလည်နိုင်ပါသည်။ ထို့အတူ ရှေ့တန်းရောက်လာသည့် တိုင်းရင်းသား အရေးကို ဆောင်ရွက်နိုင်ရန်အလို့ငှာ  တိုင်းရင်းသားပါတီမှ ခေါင်းဆောင်တဦးကို ပြည်ထောင်စု ဝန်ကြီးအဖြစ် ထားရှိခဲ့ခြင်း ဖြစ်မည်။ သို့သော် ထိုအစီအမံမှာ  အနိုင်ရပါတီဖြစ်သော NLDနှင့် အတိုက် အခံပါတီ ဖြစ်သော USDP၊ တိုင်းရင်းသားပါတီဖြစ်သော MNP တို့ အကြား အချင်းချင်း ကြိုတင် သဘောတူညီမှုရယူ ညှိနှိုင်းထားသည့် ပုံစံမျိုးမဟုတ်ခဲ့ချေ။ NLD ပါတီခေါင်းဆောင်များနှင့် ဆက်ဆံရေး ပြေလည်မည့် သူဖြစ်ခြင်းပေါ်တွင် အခြေခံခဲ့ခြင်းပြီး အစိုးရအဖွဲ့အတွက် ဝန်ကြီးများ ရွေးချယ်ခဲ့ပုံရ၏ ။ ထို့ကြောင့် NLD ပါတီ၏ ၂၀၁၆ ခုနှစ် ညီညွတ်ရေး အစိုးရဖွဲ့စည်းရေးမူသည် ဝန်ကြီးရာထူးဌာန ခွဲဝေခြင်းအပေါ် (သို့) ရာထူးဌာနန္တရ အခြေပြု ပေါင်းစည်းရေးအတွက် ဦးတည်ထားသည်။ အစိုးရ အဖွဲ့တွင် ပါဝင်သည့် အနည်းစုပါတီများနှင့် မူဝါဒ ပေါင်းစည်းရေးအတွက် ရည်ရွယ်ခဲ့ပုံ မရပေ။

ထို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း NLD အပြင် USDP နှင့် MNP တို့မှ ပါဝင်သော်လည်း မူဝါဒ အားဖြင့် ထူးထူးထွေထွေ ညှိနှိုင်းစရာမလိုခဲ့ပေ။ ကြီးမားသော အရေးကိစ္စများ ဆုံးဖြတ်ရာတွင် အာဏာ ရပါတီ ခေါင်းဆောင်များ၏ မူဝါဒများ အတိုင်းသာ ဖြစ်ခဲ့ပြီး အချို့မှာ USDP နှင့် MNP ပါတီများ၏ ရပ်တည်ချက်များနှင့်ပင် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ထင်ရှားသည့် ဥပမာများမှာထဲမှ အချို့ကို တင်ပြလိုပါသည်။ အစိုးရအဖွဲ့အတွင် ပါဝင်သည့် MNP ပါတီမှ ခေါင်းဆောင်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို တာဝန်ယူထားရသော်လည်း တိုင်းရင်းသားရေးရာနှင့်ပတ်သတ်သည့် အကဲဆတ်သည့် မူဝါဒများကို ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အတွင်းတွင် မိခင်ပါတီ၏ သဘောထားကို လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပါ။ MNP ပါတီက သံလွင် တံတား (ချောင်းဆုံ) ကို မွန်ပြည်သူများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် အမည်တခု သတ်မှတ်ပေးရန် နိုင်ငံတော်သမ္မတထံ စာပေးပို့ တောင်းဆိုခဲ့သော်လည်း NLD ပါတီ၏ ဆုံး ဖြတ်ချက်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်သာ အတည်‌ဖြစ်ခဲ့သည်။[3] ထို့နည်းတူပင် သာသနာရေးဝန်ကြီးဌာနကို တာဝန်ယူရသည်မှာ  အမျိုး၊ဘာသာ၊သာသနာအရေးကို ရှေ့တန်းတင် မဲဆွယ်မှုများ ပြုလုပ်လေ့ရှိသော USDP ပါတီမှ ဖြစ်သည့်တိုင် ငါးနှစ်တာ ကာလအတွင်းတွင် မိခင်ပါတီဖြစ်သော USDP ၏ အယူအဆနှင့် တွင်တွင်ကြီး ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ USDP အစိုးရလက်ထက်က ဥပဒေအရ အလွန်အကျွံ ကာကွယ်မှု ပေးထားခဲ့သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဖျက်သိမ်းစေပြီး မဘသနှင့်ဆက်နွယ်သည့် ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်။[4] ရလဒ်အားဖြင့် ထိုပါဝင်ခဲ့သော အခြား ပါတီဝင် ဝန်ကြီးများနှင့် မိခင်ပါတီများပင်လျှင် ဆက်ဆံရေးပြတ်တောက်ခဲ့ရ၏ ။

NLD ပါတီ၏ အာဏာအခြေပြု ပေါင်းစည်းရေးမူကြောင့် အစိုးရ အဖွဲ့အတွင်းသာမက၊ လွှတ်တော် အတွင်းတွင်လည်း NLD ရွေးချယ်ခဲ့သည့် အခြားပါတီ ခေါင်းဆောင်များဖြစ်သော ပြည်သူ့ လွှတ်တော်ဥက္ကဌနှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌတို့မှာလည်း မိခင်ပါတီများဖြစ်ကြသည့် USDP နှင့် ရခိုင်အမျိုးသားပါတီ (ANP)တို့နှင့် အကွဲအပြဲဖြစ်ခဲ့ကြသည်။ ထိုသို့သော သာဓကများအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ညီညွတ်ရေး အစိုးရဖွဲ့စည်းရန် အခြားပါတီများကို ဖိတ် ခေါ်ခြင်းသည် ရာထူးဌာနန္တရ အခြေပြု ပေါင်းစည်းရေးမူကိုသာ ဆက်လက်ကျင့်သုံးရန် ပိုဖြစ်နိုင်ပြီး အခန့်မသင့်ပါက ၎င်းပါတီများအတွင်းတွင်လည်း အကွဲအပြဲ ပိုများနိုင်ပါမည်။ ထို့ကြောင့် ရာထူးဌာနန္တရ ရရှိရန်သာ မဟုတ်ဘဲ မူဝါဒအားဖြင့် ညှိနှိုင်းလိုသော ပါတီများအတွက် NLD၏ ဖိတ်ကြားမှုကို အင်တိုက် အားတိုက် ပါဝင်ရန်အတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် လိုအပ်နေသေးသည်။

မူဝါဒအခြေပြုပေါင်းစည်းရေး (သို့မဟုတ်) အမျိုးသား ညီညွတ်ရေးအစိုးရကို ညီညီညွတ်ညွတ်ဖွဲ့စည်းနိုင်စေရေး

ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သည့် NLDပါတီအနေဖြင့် ဒုတိယအကြိမ် ဖွဲ့စည်းမည့် အစိုးရတွင် အခြားပါတီများကို ဖိတ်ခေါ်ခြင်းသည် ရန်ငါပြတ်ပြီးအကွဲအပြဲများခဲ့သည့် မြန်မာ့ နိုင်ငံရေး အခင်း အကျင်းအတွက် ကောင်းမွန်သော ကနဦး ခြေလှမ်းဖြစ်သည်။ သို့သော်လည်း ရာထူးအာဏာအပ်နှင်းပြီး ပါတီနှင့်အဆင်ပြေသော အခြားပါတီခေါင်းဆောင်များကို စည်းရုံးနိုင်ရေး၊ အမျိုးသားညီညွတ်ရေးကို သဏ္ဍာန်အားဖြင့် ဆောင်ရွက်ရေးထက် ပူးပေါင်းပါဝင်မည့် ပါတီများ၏ မူဝါဒရှင်သန် အားကောင်း ရေးကို ရှေးရှုနိုင်ရေးအတွက်လည်း အထူးလိုအပ်ပါသည်။

NLD ၏  အစိုးရ ပထမ သက်တမ်းအတွင်း ပြည်နယ်၊တိုင်းအစိုးရများတွင် ဒေသခံ တိုင်းရင်းသား ပါတီများ ပါဝင်နိုင်ရေးကို ဦးစားမပေးခဲ့ခြင်းကြောင့် တိုင်းရင်းသား ဒေသခံများနှင့် ပွတ်တိုက်မှုများကို ဖြေရှင်းနိုင်စွမ်းနည်းခဲ့သည်။ အမှန်တကယ် ညီညွတ်ရေးအစိုးရတည်ဆောက်လိုပါက ယခု ဒုတိယ အစိုးရသက်တမ်းတွင် တိုင်းရင်းသားဒေသခံများနှင့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် အလေးထား ကြိုးပမ်းသင့်ပေသည်။

ညီညွတ်ရေး အစိုးရအနေဖြင့် နောက်ငါးနှစ်တာကာလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၂၆၁ ကဲ့သို့သော ပြင်ဆင်ချက်မျိုးကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းသင့်ပေသည်။ သို့မှသာ သက်ဆိုင်ရာ လွှတ်တော်၏ အနိုင်ရပါတီများမှ ရွေးကောက်ခံကိုယ်စားလှယ်များသည် ဝန်ကြီးချုပ် ဖြစ်လာနိုင်ပြီး ၎င်းတို့ဒေသ တိုးတက်ရေးအတွက် ပါတီမူဝါဒများကို အသက်သွင်းနိုင်ပေမည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အနိုင်ရပါတီအနေဖြင့် ခေါင်းဆောင် ကိုယ်စားလှယ် သုံးဦးရွေးချယ်ပြီး တိုင်းရင်း သား ပါတီများနှင့် ဆွေးနွေးရန် စီစဉ်လျက်ရှိသည်။ ၎င်းအပြင် ဒီမိုကရေစီ ဖက်ဒရယ်အရေး ပူးပေါင်း ဆောင်ရွက်ရန် ပါတီ ၄၈ သို့ ဖိတ်ကြားစာများလည်း ပို့ထားသည်။ သို့သော်လည်း NLD အနေဖြင့်  ၂၆၁ ကဲ့သို့ ပုဒ်မကို ပြင်ဆင်ရန် မရှိသေးဟု ပြတ်ပြတ်သားသား ပြောဆိုထားသဖြင့် မူဝါဒချင်း ကိုင်းကူး ကိုင်းဆက်လုပ်လိုသည့် ပါတီများအနေဖြင့် ဖိတ်ခေါ်မှုကို အရဲကိုးပြီး ပါဝင်ရန်  စွန့်စားမှုများစွာ လုပ်ရပေမည်။

အမျိုးသား ညီညွတ်ရေးအစိုးရ စဉ်းစားချက်တွင် ပြည်ထောင်စုအဆင့် အစိုးရ ဖွဲ့စည်းရန် အတွက်သာမက ပြည်နယ်အခြေစိုက်ပါတီများနှင့် ပူးပေါင်းပြီး ပြည်နယ် တိုင်းဒေသကြီး အစိုးရ ဝန်ကြီးများနှင့် လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌများ ဖွဲ့စည်းရေးကိုပါ ဦးစားပေးရန် လိုအပ်ပါသည်။ ရှမ်းနှင့် ရခိုင်ကဲ့သို့သော ဒေသများတွင် ပြည်နယ်လွှတ်တော်များအတွက် အများစုအနိုင်ရခဲ့သည့် ပါတီများကို ပြည်နယ်တိုင်းအစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်စေသင့်ပါသည်။ အထူးသဖြင့်  ပြည်နယ် လွှတ် တော်နေရာများအတွက် ပါတီတခုတည်းက အများစု မနိုင်ခဲ့သည့် ကယားပြည်နယ်ရှိ ကယားပြည် အခြေစိုက်ပါတီများအတွက် လည်းကောင်း၊ ပွတ်ကာသီကာရှုံးနိမ့်ခဲ့သည့် မွန်အခြေစိုက်ပါတီများကဲ့သို့ ပါတီများအတွက်လည်းကောင်း ဦးစားပေးသင့်သည်။ ထိုသို့ ဦးစားပေးခြင်းဖြင့် ၎င်းပါတီများ၏ မူဝါဒ များကို သက်ဆိုင်ရာဒေသများ၌ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကို ထည့်သွင်း စဉ်းစားပေး နိုင်မည်ဆိုပါက ညီညွတ်ရေးကို ရှေးရှုသည့် အစိုးရတရပ် ဖြစ်လာနိုင်ပါသည်။

အတိတ်သမိုင်းကြောင်း အရ တိုင်းရင်းသားများ၏ အခွင့်အရေး စဉ်းစားချက်များတွင် တိုင်းရင်းသား ပါတီများနှင့် မူဝါဒအရ အခြေခံကျကျ ညှိနှိုင်းမှုများ လုပ်ရမည့်အစား အာဏာချုပ်ကိုင်ထားသည့် ခေါင်းဆောင်များက ၎င်းတို့၏ အဖွဲ့အစည်းအတွင်း ရာထူးဌာနန္တရ ထည့်သွင်းစဉ်းစားပေးရေးအဖြစ်သာ ပုံဖော်ခဲ့ကြသည်။ ထို့ကြောင့်လည်း တိုင်းရင်းသားအရေး ပြဿနာကို ယနေ့တိုင် ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ကြပေ။ ထိုသင်ခန်းစာများအရ မြန်မာနိုင်ငံအတွက် ညီညွတ်သော အစိုးရဖွဲ့စည်းရေး ဆိုသည်မှာ ရာထူးဌာနန္တရအခြေပြု ပေါင်းစည်းရေးဖြင့် မလုံလောက်တော့ပေ။ ပူးပေါင်းမည့် ပါတီ များနှင့် မူဝါဒ ကိုင်းကူးကိုင်းဆက်လုပ်နိုင်ရန်အထိ  ချိတ်ဆက်စဉ်းစားရန် လိုအပ်ကြောင်း များစွာ ထင်ဟပ်နေပေသည်။ သို့မှသာ ပေါင်းစည်းမှု၏ ရလာဒ်ကို ပါတီများမှ လက်တွေ့ကျကျ ခံစား စေခြင်းဖြင့် နိုင်ငံတည်ဆောက်ရေး အခြေခံ ပူးပေါင်းမှု (Nation Building Seeking)ကို ရည်မျှော်သည့်၊ သဏ္ဍာန်အရမဟုတ်ဘဲ အနှစ်သာရအရပါ ဖွဲ့စည်းသည့် အမျိုးသားညီညွတ်ရေး အစိုးရ ဖြစ်စေပါလိမ့် မည်။  ။

ဒေါက်တာ ဆုမွန်သဇင်အောင်သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)၏ စွမ်းရည်မြှင့်တင်ရေး ဒါရိုက်တာ ဖြစ်ပြီး မူဝါဒနှင့် အုပ်ချုပ်ရေးဆိုင်ရာ သုတေသန စာတမ်းများ ရေးသားနေသူ ဖြစ်သည်။

[1] Laver, M. (1998). Models of government formation. Annual Review of Political Science, 1(1), 1-25.

[2]  The Asia Foundation (2018). State and Regional Governments in Myanmar

[3] Hinthar Media (February 27, 2017) မော်လမြိုင်-ချောင်းဆုံ တံတားကို မွန်လူထုဆန္ဒနှင့် ကိုက်ညီသည့် နာမည်သတ်မှတ်ပေးရန် နိုင်ငံတော် သမ္မတထံ မွန်အမျိုးသားပါတီတောင်းဆို။

https://www.hintharmedia.com/မော်လမြိုင်-ချောင်းဆုံ-တ

[4] Frontier Myanmar (July 4, 2017) ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုသည်မှာ မဟနကို မလှိမ့်တစ်ပတ်လုပ်ခြင်းဟု သာသနာရေးဝန်ကြီးဆို။ https://www.frontiermyanmar.net/mm/ ဗုဒ္ဓ-ဓမ္မ-ပရဟိတ-ဖောင်ဒေ/

About ISP-Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.
  •   +95 9 960 839 801
  •   [email protected]

Recent Publication

  • October 3, 2020
    ISP-Myanmar Special Series (No-5) (COVID 19 & Myanmar)
  • July 8, 2020
    ISP-Myanmar Special Series (No-4) (COVID 19 & Myanmar)
  • July 24, 2020
    Assessment on Lawmakers’ understanding of Federal and Democratic Principles in Myanmar

More Links

  • Promoting Localised Policies on CMEC
  • Opportunity Cost of War
  • The Politics of Population
  • Emerging Leaders in Governance
  • Emerging Young Researcher Initiative
  • Yaw Min Gyi Zayat
  • Myanmar Quarterly Symposium
Follow us on
Copyright ISP-Myanmar © 2023. All Rights Reserved