Institute for Strategy and Policy – Myanmar

ISP အကြောင်း

I

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) သည် လွတ်လပ် ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လှူအဖွဲ့အစည်း တရပ်အဖြစ် ပေါ်ထွန်းလာစေရေး ဖြစ်သည်။ ထို့အတူ အစိုးရသည်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အပြင် ပြည်သူအားလုံးပါဝင်မှုကို လမ်းဖွင့်ပေးသော အစိုးရ တရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။

ISP-Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အား ပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှု အားကောင်းစေရန်ဖြစ်သည်။ ISP-Myanmar အနေဖြင့် အစီအစဉ်သုံးရပ်ကိုဆောင်ရွက်နေပြီး ယင်းတို့မှာ-

(၁) မူဝါဒဦးတည်သည့် သုတေသနလုပ်ငန်းများ၊
(၂) သုတေသန အရည်အသွေးမြှင့်တင်ရေးသင်တန်းများ ပို့ချခြင်းနှင့် ခေါင်းဆောင်အဆင့် ဆွေးနွေးထိစပ်ခြင်းများ၊
(၃) မီဒီယာကြားခံပေါင်းစုံဖြင့် ဆက်ဆံဆက်သွယ်ရေးနှင့် ပြင်ပဆက်ဆံရေးလုပ်ငန်းများ ဖြစ်ကြသည်။

ISP-Myanmar သည် မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) ကို ထုတ်ဝေနေပြီး ရေးသူဖတ်သူ ဆွေးနွေးပွဲပုံစံဖြစ်သော Myanmar Quarterly Symposium နှင့် ရေရှည်သဘောဆောင်သည့် အကြောင်းအရာများ၊ အလယ်အလတ် ကာလ သဘောဆောင်သည့် အကြောင်းခြင်းရာများကို ဆန်းစစ်ဆွေးနွေးနေသည့် ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲများကိုလည်း ပြုလုပ်လျက်ရှိပါသည်။ ထို့အတူ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆက်စပ်သော အကြောင်းအရာများကို စုစည်းဖော်ပြနေသည့် ISP Peace Desk နှင့် မြန်မာ-တရုတ် ဆက်ဆံရေးကို လေ့လာရာ၌ အထောက်အပံ့ဖြစ်စေမည့် အချက်အလက်များကို စုစည်းဖော်ပြနေသည့် ISP China Desk ဝက်ဘ်ဆိုက်များကိုလည်း လွှင့်တင်ထားပါသည်။ ယင်းအပြင် လူငယ်သုတေသီများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက် ဖြင့် တက်သစ်လူငယ် သုတေသနအစီအစဉ် (Emerging Young Researcher Initiative) ကိုလည်း လုပ်ဆောင်လျှက် ရှိပါသည်။ ထို့အတူ တက်သစ်ခေါင်းဆောင် အုပ်ချုပ်မှုပညာ အစီအစဉ် (Emerging Leaders in Governance) ကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

Institute for Strategy and Policy – Myanmar