ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ 

■ နိဒါန်း

၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့ကြတဲ့ ဦးဆောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဦးဆောင်ခဲ့သူ၊ ၁၉၉၇ ခုနှစ်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် NLD ပါတီက နုတ်ထွက်သွားခဲ့သူ၊ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၁၃ နှစ် ပြည့်ပါပြီ။

ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။ ရည်တည်ချက် ခိုင်မာပြီး အကျပ်အတည်းကာလမှာ မဟာဗျူဟာကျတဲ့ ခေါင်းဆောင်မှု ပေးနိုင်တယ် စသဖြင့် ပြောစရာအများကြီး ရှိပါတယ်။ ဒါ့အပြင် စာဖတ်တဲ့ စစ်သားတစ်ဦး ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် ဘဝကနေ စစ်သားဘဝ၊ အဲဒီကနေ နိုင်ငံရေးခေါင်းဆောင်ဘဝ၊ သူယုံကြည်ရာ ရပ်တည်ချက်၊ မူနဲ့ ပတ်သက်လာရင်  ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သူ အဖြစ်လည်း ထင်ရှားပါတယ်။

ဦးကြည်မောင်အကြောင်း အကောင်းပြောသူတွေဟာ သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအကြားမှာရော၊ သူနဲ့ အယူအဆ မတူသူတွေကြားမှာပါ ရှိပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့ အသိအမှတ်ပြုမှုက ဦးကြည်မောင်ဟာ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ မှန်တဲ့ဘက်က ရပ်ခဲ့သူ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့အပြင် သူဖြတ်သန်းခဲ့တဲ့ သမိုင်းတစ်လျှောက် လုပ်ဆောင်ခဲ့တဲ့ အရာတွေထဲမှာ အမှားတစ်ခုမှ မရှိခဲ့ဘူးလို့လည်း တချို့က ယူဆကြပါတယ်။ ဒီလို လူအများစုရဲ့ ချီးကျူးမှုကို ရရှိထားသူ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ အမေ့လျော့ခံ ဖြစ်နေတယ်လို့ ယူဆစရာတွေ ရှိပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးလည်း မှေးမှိန်သလို ဖြစ်နေပါတယ်။ ဒါကြောင့် အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ တစ်ချိန်က ဦးကြည်မောင်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှု ဘယ်လိုပုံစံ ရှိခဲ့သလဲဆိုတာလေ့လာဖို့ The Myanmar Quarterly က အထူးကဏ္ဍ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အခုဆောင်းပါးမှာ ဦးကြည်မောင်ရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုအပိုင်းကို လေ့လာမှာပါ။ ဒါဟာ ပြီးပြည့်စုံတဲ့ လေ့လာဆန်းစစ်ချက် မဟုတ်ပါဘူး။ မြန်မာ့ နိုင်ငံရေးခေါင်းဆောင်များရဲ့ မြုပ်နေတဲ့ အပိုင်းတွေကို အသေးစိတ် သုတေသနပြုလုပ်လိုသူများအတွက် လမ်းစတစ်ခု ဖော်ထုတ်ခြင်းသာ ဖြစ်ပါတယ်။

■ ဦးကြည်မောင်၏ နိုင်ငံရေး ခေါင်းဆောင်မှုနှင့် မဟာဗျူဟာပိုင်းကို ဆန်းစစ်ခြင်း

ဦးကြည်မောင်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ မဟာဗျူဟာပိုင်း အရည်အသွေးကို ပိုင်းဖြတ်ရာမှာ သူဟာ အပြောင်းအလဲကို ဘယ်လောက်အထိ လုပ်နိုင်ခဲ့လဲ၊ ဦးကြည်မောင်ရဲ့ သူမတူတဲ့ စွမ်းဆောင်ရည်၊ အပြောင်းအလဲကို ဘယ်ပုံ ဆောင်ကြဉ်းနိုင်မယ်ဆိုတဲ့ သဘောထား (Theory of Change) ဘာလဲ။ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးမျှော်မြင်ချက် (Political Vision) ဦးကြည်မောင်မှာ ရှိသလား။ ဒါမှမဟုတ် သူဟာ အမှန်တရားကို လက်ကိုင်ပြုပြီး ယုံကြည်ချက်ခိုင်မာ၊ စိတ်ကောင်းနှလုံးကောင်း ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့အတူ၊ နာယကဂုဏ် ခြောက်ပါးနဲ့အညီ အုပ်ထိန်းသူ (Guardianship) စီမံခန့်ခွဲခြင်းကိုပဲ ပြုလုပ်ခဲ့သူလား။ ဒါတွေကို အောက်ဖော်ပြပါ အချက်လေးခုနဲ့ လေ့လာမှာ ဖြစ်ပါတယ်။ ဦးကြည်မောင်အနေနဲ့

၁။       ၁၉၈၉ ခုနှစ် NLD ပါတီတွင်း အုပ်စုနှစ်ခုအကြား ဘယ်လိုနိုင်ငံရေး မျှော်မြင်ချက်ရှိခဲ့လဲ။

၂။       ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရဖို့ ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်ခဲ့သလဲ။

၃။       ၁၉၉၅ ခုနှစ် အမျိုးသားညီလာခံက NLD နုတ်ထွက်ခဲ့တဲ့အပေါ် ဘယ်လိုယူဆခဲ့လဲ။

၄။       ၁၉၉၈ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ဖွဲ့စည်းခြင်းအပေါ် ဘယ်လို အမြင်ရှိခဲ့လဲ။

ဖော်ပြပါ အကြောင်းအရာတွေကို လေ့လာဖို့ ၁၉၉၀ ပြည့်လွန်ကာလ နိုင်ငံရေးနယ်ပယ်အတွင်း ဖြတ်သန်းခဲ့သူများရဲ့ သဘောထား ထင်မြင်ချက်တွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီ ထင်မြင်ချက်တွေကို အခြေခံပြီး သမိုင်းမှတ်တမ်း၊ စာရွက်စာတမ်း အထောက်အထားများနဲ့ ပေါင်းစပ်လေ့လာမှာ ဖြစ်ပါတယ်။

■ လေ့လာချက် – ၁

■ ၁၉၈၉ ခုနှစ် NLD ပါတီတွင်း အုပ်စုနှစ်ရပ်အကြား ဘယ်လို နိုင်ငံရေးမျှော်မြင်ချက် ရှိခဲ့လဲ

NLD ပါတီ စတင် တည်ထောင်ပြီး ပါတီတွင်းမှာ တပ်မှူးဟောင်းများအဖွဲ့၊ တတ်သိပညာရှင်များအဖွဲ့၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဆိုပြီး အုပ်စုသုံးခု ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဦးအောင်ကြီး ဦးဆောင်တဲ့ တပ်မှူးဟောင်းများအဖွဲ့ကို ပါတီက ထုတ်ပယ်လိုက်ပါတယ်။ ဒီအခါ တတ်သိအုပ်စု၊ မျိုးချစ်အုပ်စု ဆိုပြီး အုပ်စုနှစ်ခုပဲ ကျန်ပါတယ်။ တတ်သိအုပ်စုရဲ့ နိုင်ငံရေးမျှော်မြင်ချက်က လူထုတိုက်ပွဲနည်း၊ ထိပ်တိုက် ရင်ဆိုင်ခြင်း (Confrontation) ကို အားသန်ပါတယ်။ မျိုးချစ်အုပ်စုက ဥပဒေဘောင်ထဲကနေ ခံစစ်အရှင်ထားပြီး လိုလားချက် တောင်းဆိုတဲ့အမြင် ရှိပါတယ်။ ဒီအုပ်စုနှစ်ခုအကြား ဦးကြည်မောင်ရဲ့ နိုင်ငံရေး မျှော်မြင်ချက်ကို ဒီအပိုင်းမှာ လေ့လာပါမယ်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အရှိန်မြင့်နေဆဲကာလ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး)၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး) တို့ သုံးဦးက အောင်-စု-တင် အစုအဖွဲ့အနေနဲ့ “ပြည်သူတစ်ရပ်လုံးသို့ ပန်ကြားချက်” တစ်စောင် ထုတ်ပြန်ခဲ့ပြီး “အစိုးရသည် ပြည်သူတွေ အလိုရှိသည့် ကြားဖြတ်အစိုးရ အမြန်ဖွဲ့ပေးရန်မှ တစ်ပါး အခြားနည်းလမ်း မရှိပါ”ဟု တောင်းဆိုခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီး ရွေးကောက်ပွဲ ပြုလုပ်ဖို့ နိုင်ငံရေးပါတီတွေကို တရားဝင် မှတ်ပုံတင်ခိုင်းပါတယ်။ ဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အောင်-စု-တင် အဖွဲ့က ဖွဲ့စည်းလိုက်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။ ဦးကြည်မောင်က  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ သုတေသနဌာနမှူးအဖြစ် ဦးဆောင်သူတွေထဲ ပါဝင်ခဲ့ပါတယ်။

ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ၁၂ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဦးအောင်ကြီးဘက်က လေးဦး (တပ်မှူးဟောင်းများအဖွဲ့)၊  ဒေါ်အောင်ဆန်းစုကြည်ဘက်က လေးဦး (တတ်သိပညာရှင်များအဖွဲ့)၊ သူရဦးတင်ဦးဘက်က လေးဦး (မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့) ဖြစ်ပါတယ်။  ဦးကြည်မောင်က ဦးအောင်ကြီး ဦးဆောင်တဲ့ တပ်မှူးဟောင်းများအဖွဲ့က ပါခဲ့တာပါ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အောက်မှာရှိတဲ့ ဗဟိုဦးစီးအဖွဲ့ကိုလည်း အောင်-စု-တင် သုံးဖွဲ့အနက် ၁၀ ဦးစီ အချိုးကျနဲ့ စုစုပေါင်း လူဦးရေ ၃၀ နဲ့ ဖွဲ့စည်းပါတယ်။

၁၉၈၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဥက္ကဋ္ဌ ဦးအောင်ကြီးက အရေးပေါ်သုံးသပ်ချက် တင်ပြခဲ့ပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ရှိနေတဲ့ တတ်သိပညာရှင်များ အစုအဖွဲ့က လူပုဂ္ဂိုလ်ရှစ်ဦးကို ကွန်မြူနစ်၊ သို့မဟုတ် ကွန်မြူနစ် လိုလားသူတွေလို့ စွပ်စွဲပြီး ထုတ်ပယ်ခိုင်းတာ ဖြစ်ပါတယ်။

ဦးအောင်ကြီးရဲ့ အဆိုပြုချက်ကို NLD ပါတီ ဗဟိုဦးစီးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ပြီး မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ မဲ မခွဲခင်မှာ ရှုံးနိမ့်သူ နုတ်ထွက်ရမယ်ဆိုတဲ့ ကြိုတင် သဘောတူညီချက် ယူပါတယ်။ ဦးအောင်ကြီး တင်ပြတဲ့အဆို ရှုံးနိမ့်ပါတယ်။ ထူးခြားတာက ဦးအောင်ကြီးရဲ့ အစုအဖွဲ့ထဲမှာ အမာခံပုဂ္ဂိုလ်ဖြစ်တဲ့ ဦးကြည်မောင်က ဦးအောင်ကြီးကို ဆန့်ကျင် မဲပေးခဲ့တာပါ။

ဒါကြောင့် မဲခွဲ ဆုံးဖြတ်မှုမှာ ဦးတင်ဦးအဖွဲ့က ၁၃ မဲ ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အဖွဲ့က ၁၄ မဲ၊ ဦးကြည်မောင်ဆီက တစ်မဲ ထပ်ရတာကြောင့် စုစုပေါင်း ၁၅ မဲ၊ နှစ်ဖွဲ့ပေါင်း ၂၈ မဲရပါတယ်။ ဦးအောင်ကြီးက ၁၃ မဲပဲ ရပါတယ်။ မဲခွဲ ဆုံးဖြတ်မှုအပြီး ဦးအောင်ကြီးနဲ့အဖွဲ့ကို ထုတ်ပယ်လိုက်ပါတယ်။ NLD ဗဟိုအလုပ်ဆောင်အဖွဲ့ကိုလည်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှာ ပြန်ဖွဲ့ခဲ့ပါတယ်။ သူရဦးတင်ဦးက ပါတီဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူးနေရာမှာပဲ ဆက်ရှိခဲ့ပါတယ်။ ဦးအောင်ကြီးအဖွဲ့က ကွဲထွက်ပြီး တစ်ဦးတည်း ကျန်နေတဲ့ ဦးကြည်မောင်က သုတေသနမှူးအဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲ ဆက်ရှိခဲ့ပြီး ဦးဆောင်သူအဖြစ် ဆက်ပါခဲ့ပါတယ်။

ဦးအောင်ကြီးကို ထုတ်ပယ်ပြီးတဲ့ နောက်ပိုင်း NLD ပါတီမှာ သူရဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးချစ်ခိုင်၊ ဦးလွင်တို့ ရှိနေတဲ့ မျိုးချစ်အဖွဲ့နဲ့ ဟံသာဝတီ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင် (ဒါရိုက်တာ စံရွှေမောင်) တို့ ရှိနေတဲ့ တတ်သိအဖွဲ့ပဲ ကျန်ပါတော့တယ်။ နိုင်ငံရေးမျှော်မြင်ချက်ကို ကြည့်ရင် အစောပိုင်းကပြောခဲ့သလို  မျိုးချစ်အဖွဲ့က ခံစစ်အရှင်ထားပြီး ဥပဒေဘောင်ထဲက တစ်ဆင့် လိုလားချက်ကို တောင်းဆိုတာပါ။ ဟံသာဝတီ ဦးဝင်းတင်တို့ ရှိနေတဲ့ တတ်သိအဖွဲ့က အပြောင်းအလဲအတွက် လူထုတိုက်ပွဲနည်း ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်တဲ့နည်းကို အားသန်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဦးဆောင်ခဲ့တာခြင်း တူတဲ့အပြင် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုရှိတဲ့ ဦးဝင်းတင်နဲ့ ဦးကြည်မောင်တို့ နှစ်ဦးအကြား နိုင်ငံရေးမျှော်မြင်ချက် ကွာခြားပုံကလည်း နှိုင်းယှဉ်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ NLD ပါတီထဲ ရှိခဲ့တဲ့ ကာလတစ်လျှောက် ဦးကြည်မောင်ရဲ့ အထင်ရှားဆုံး နိုင်ငံရေးမျှော်မြင်ချက်က စေ့စပ်ညှိနှိုင်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အလေးထားတာ တွေ့ရပါတယ်။ ဦးဝင်းတင်က လူထုနည်းနဲ့သာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ သမိုင်းအထောက်အထားတွေကို ပြန်ကြည့်ရင် ဦးဝင်းတင်ရဲ့ နိုင်ငံရေး မျှော်မြင်ချက်က ပိုပြီး ထင်ထင်ရှားရှား ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ဦးစလုံးဟာ နိုင်ငံရေးမျှော်မြင်ချက် ကွဲပြားပေမဲ့ ရပ်တည်ချက် ခိုင်မာပြီး ယုံကြည်ရာကို ပြောရင် ပြောထားတဲ့အတိုင်း လုပ်တတ်သူတွေပါ။ ဒါ့အပြင် ဦးကြည်မောင် ကွယ်လွန်ပြီးနောက်ပိုင်း သူ့ရဲ့ နှစ်ပတ်လည် အခမ်းအနားတွေကို ပါတီတွင်းက လူတွေ သွားရောက်ဖို့ တွန့်ဆုတ်နေချိန်မှာ ဦးဝင်းတင် ကတော့ ထောင်က ပြန်လွတ်ပြီးနောက် ဦးကြည်မောင် ကွယ်လွန်ခြင်း နှစ်ပတ်လည် အခမ်းအနားကို သွားခဲ့တာကလည်း ထူးခြားချက်တစ်ရပ် ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် အုပ်စုကွဲ နှစ်ခုအကြား နိုင်ငံရေးမျှော်မှန်းချက်ကို ဦးကြည်မောင်ဘက်က တိတိကျကျ ပြောဆိုခဲ့တာ မရှိဘဲ မရှင်းလင်းဘူးလို့ ဆိုနိုင်ပါတယ်။ ဦးအောင်ကြီးကို ဖယ်ရှားခဲ့ချိန်က လူထုတိုက်ပွဲနည်းကို အားသန်တဲ့ တတ်သိအဖွဲ့ဘက်မှာ ဦးကြည်မောင် ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ တတ်သိအဖွဲ့ရဲ့ နိုင်ငံရေးမျှော်မြင်ချက်ကို အထောက်အပံ့ပေးတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ဒေါ် အောင်ဆန်းစုကြည်ဘက်ကို ရပ်တည်ပေးခဲ့တဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။

တစ်ခုရှိတာက ပြည်သူလူထုရဲ့လှုပ်ရှားမှုကို ပစ်ပယ်ခြင်း မရှိဘဲ လူထုလှုပ်ရှားမှု အဓိကကျတဲ့ အားထားမှုဖြစ်တာကို ဦးကြည်မောင် ယုံခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်ရာမှာ လူထုတိုက်ပွဲနည်း ဒါမှမဟုတ် အကြမ်းဖက်နည်းလမ်းကလွဲလို့ အခြားလမ်း မရှိဘူးဆိုရင် လူထုတိုက်ပွဲနည်းကိုပဲ ရွေးချယ်ရလိမ့်မယ်လို့ သူပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ ကွယ်လွန်သွားချိန်အထိ လူထုတိုက်ပွဲနည်းကို မရွေးချယ်ခဲ့ပါဘူး။ လူထုကို နိုးကြားမှုရှိအောင် လုပ်ခဲ့တာတော့ ရှိပါတယ်။

ဦးကြည်မောင်ရဲ့ နိုင်ငံရေး မျှော်မြင်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်နဲ့ သိပ်မကွာဘူးလို့ ယူဆနိုင်စရာတွေလည်း ရှိပါတယ်။ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ စေ့စပ်ညှိနှိုင်းခြင်းဖြင့် နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်ပါတယ်။ ဒီအတွက် ကြည့်နိုင်တဲ့ ဥပမာတစ်ခု ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဦးကြည်မောင်ရဲ့ဆန္ဒနဲ့ ကိုက်ညီမှုရှိတယ်လို့ ပြောသူတချို့ ရှိပါတယ်။

၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ NLD ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဦးကိုယုက “လက်ရှိ အခြေအနေနှင့် နောက် အနာဂတ် အလားအလာအတွက် သုံးသပ်တင်ပြချက်” စာတမ်း တစ်စောင်ကို တင်သွင်းခဲ့ပါတယ်။ ဦးကိုယုရဲ့ စာတမ်းက စစ်အာဏာသိမ်း အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အကဲဖြတ်ထားပြီး NLD ပါတီ၊ မဟာမိတ်ပါတီများ၊ ပြည်သူလူထုများ ပူးပေါင်းဆင်နွှဲရမယ့် လူထုတိုက်ပွဲ သေနင်္ဂဗျူဟာ အဆင့်ဆင့်ကို ဆွေးနွေးထားပါတယ်။ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးကိုယုရဲ့ စာတမ်းကို ဆွေးနွေး အတည်ပြုခဲ့ခြင်း မရှိပါဘူး။ အဖွဲ့ချုပ်အတွင်း လက်ဝဲသွေဖီမှု အန္တရာယ်ကို သတိနဲ့ ထိန်းရမယ်လို့ ဆိုခဲ့ပါတယ်။ ဦးကိုယု စာတမ်းထွက်ပြီး ကိုးရက်အကြာမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်က “အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်” စာတမ်း တစ်စောင် ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်မ ရှင်းပြချင်တာကတော့ တိုက်ပွဲဆိုတာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိတယ်။ တိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှ တိုက်ပွဲ မဟုတ်ပါဘူး။ ကျွန်မတို့ ၁၈ ရက် စက်တင်ဘာမှာ စစ်အစိုးရက အာဏာအရပ်ရပ်ကို သိမ်းပြီးနောက် တိုက်ပွဲပုံစံ ပြောင်းရမယ်ဆိုတာ ယုံကြည်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပဲ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အလေ့အထကို ကျွန်မတို့ စပြီးတော့ ထူထောင်ရမယ်။ နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲနဲ့ လက်နက်နည်း၊ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့ အလေ့အထဆိုတာ ကောင်းတဲ့အလေ့အထ မဟုတ်ပါဘူး။ ဒီလိုအလေ့အထတွေ မဖြစ်အောင် ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့တာပါ။

ဦးကြည်မောင်ဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နိုင်ငံရေး အပြောင်းအလဲကို လက်နက်ကိုင် တော်လှန်ရေးနဲ့ ဖော်ဆောင်တာကို မယုံကြည်ဘူးလို့ မကွယ်လွန်မီအချိန်အထိ ပြောခဲ့ပါတယ်။ ဒီအတိုင်းပဲ နိုင်ငံရေးမှာ စစ်တပ် ပါဝင်မှုကို လက်မခံဘူးဆိုတဲ့ အချက်ကိုလည်း ရှင်းရှင်းလင်းလင်း ပြောခဲ့တာ ရှိပါတယ်။

တစ်ဖက်မှာလည်း ၁၉၈၉ ခုနှစ် အုပ်စုကွဲ နှစ်ခုအကြား ဦးကြည်မောင်ရဲ့ နိုင်ငံရေး မျှော်မြင်ချက် ရှင်းရှင်းလင်းလင်း မရှိခဲ့ရခြင်းက ပါတီတွင်း ညီညွတ်ရေးကိုပဲ ဦးစားပေးနေရတာကြောင့် ဖြစ်ခဲ့ရတယ်လို့ ယူဆနိုင်စရာတွေ ရှိနေပါတယ်။ ၁၉၈၉ ခုနှစ် အချိန်ကတည်းက မျိုးချစ်နဲ့ တတ်သိအုပ်စုအကြား မညီညွတ်မှုတွေ ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည် ရှိနေချိန်မှာရော၊ မရှိနေချိန်မှာပါ ဦးကြည်မောင်က ကြားဝင် ညှိနှိုင်းပေးခဲ့ရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် တတ်သိအဖွဲ့က မျိုးချစ်အဖွဲ့ကို စကားမပြောချင်တဲ့ အဆင့်အထိ ဖြစ်သွားချိန်မှာ ဦးကြည်မောင်က နှစ်ဖွဲ့အကြား သံတမန်တစ်ဦးအဖြစ် ဆောင်ရွက် ပေးခဲ့ရပါတယ်။ ဒါကလည်း ဦးကြည်မောင်ဟာ တပ်မှူးဟောင်းတစ်ဦး ဖြစ်တာကြောင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က လေးစားမှုရှိသလို သူ့ရဲ့ တည်ကြည်မှု၊ နေရာနဲ့အာဏာ မမက်မောတဲ့ စိတ်ဓာတ်ကို တတ်သိအဖွဲ့ဘက်က လေးစားခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ၁၉၈၉ ခုနှစ်အတွင်း ဦးကြည်မောင်ရဲ့ နိုင်ငံရေး မျှော်မြင်ချက်အပိုင်းကို ကြည့်ရင် ပါတီတွင်း အုပ်စုနှစ်စုအနက် ဘယ်ဘက်မှာမှ ရှိမနေဘဲ ပါတီတည်ထောင်စဉ်က ချမှတ်ထားတဲ့ ရည်မှန်းချက်၊ စည်းမျဉ်း စည်းကမ်းများအတိုင်း ရပ်တည်ခဲ့တယ်လို့ ကောက်ချက် ချနိုင်ပါတယ်။

ဦးကြည်မောင်ဟာ NLD ပါတီတွင်း အုပ်စုကွဲတွေအကြား သမာသမတ်ရှိသူ ဖြစ်အောင် နေထိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း သူ့ကိုယ်သူ လွတ်လပ်သောလူ၊ အနှောင်အဖွဲ့မရှိတဲ့ လူအဖြစ် ခံယူထားပါတယ်။ သူ့ကို မလိုလားသူ တစ်ဦးဦး ရှိခဲ့ရင်တောင် ပါတီက နုတ်ထွက်ပေးမယ်လို့ သူကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။

ဦးကြည်မောင်ရဲ့ ခံယူချက်၊ စိတ်နေစိတ်ထား ဘဝစာမျက်နှာ အပိုင်းအစတွေကို ကိုတင်မောင်ဦးရဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ (တင်မောင်ဦးဆောင်းပါး၊ စာ- ၄၇၃ ရှု)

■ လေ့လာချက် – ၂

■ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရဖို့ ဘယ်လို စီမံခန့်ခွဲမှုတွေ လုပ်ခဲ့သလဲ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထိန်းသိမ်းခံလိုက်ရချိန်မှာ ဦးကြည်မောင်က NLD ပါတီရဲ့ ယာယီဥက္ကဋ္ဌ (de facto chairman) ဖြစ်လာပါတယ်။ ဒီနေရာမှာ အဓိက ပြဿနာသုံးရပ်ဖြစ်တဲ့ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးဆိုတဲ့ ပါတီတွင်း လွန်ဆွဲမှု၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်းချက်နဲ့ ရွေးကောက်ပွဲအလွန် ဂန္ဒီခန်းမ အစည်းအဝေးကိစ္စတွေကို ဦးကြည်မောင် ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာ လေ့လာပါမယ်။

ဒီအပိုင်းနဲ့ ပတ်သက်လို့ NLD ပါတီ ဦးဆောင်သူ တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးဝင်းတင်က ဦးကြည်မောင်ဟာ ကျေးဇူးရှိတဲ့ ဗိသုကာတစ်ဦးလို့ မှတ်ချက်ပြု ပြောဆိုခဲ့ဖူးပါတယ်။

“ကျွန်တော်တို့တစ်တွေ ဒေါ်စု၊ ဦးတင်ဦးတို့ ဖမ်းဆီးထိန်းသိမ်း ခံနေရတယ်။ အဲဒီအချိန် နိုင်ငံရေးမှာ မျိုးစုံသော အရှုပ်အထွေး၊ ကွဲလွဲမှုမျိုးစုံကြားထဲက ပါတီကို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖော်ဆောင်နိုင်ခဲ့တဲ့ ဗိသုကာတစ်ဦး၊ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့လည်း ကျနော်တို့က မှတ်ယူတယ်၊ အလေးအနက်ထားတယ်၊ ကျေးဇူးရှိတယ်လို့ ပြောချင်တယ်”လို့ ဦးဝင်းတင်က ပြောခဲ့တာပါ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ထိန်းသိမ်းခံရချိန်မှာ ဦးကြည်မောင် အဖမ်းမခံရဘဲ ဘာကြောင့်ကျန်နေသလဲ။ ရွေးကောက်ပွဲ ပြီးတဲ့အချိန်အထိ သူဘယ်လို နေထိုင်ခဲ့ရတယ်ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ မေးခွန်းတွေအတွက် အဖြေကို ဦးကြည်မောင် ကိုယ်တိုင် ဖြေထားတာ ရှိပါတယ်။ ပထမတစ်ခုက သူ့ကို စစ်အာဏာသိမ်းအစိုးရက လျှော့တွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ခုက အရှိန်အဝါ သုံးတာမျိုး မလုပ်ဘဲ ခပ်သျှိုသျှိုနေခဲ့တယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ပါတီဥက္ကဋ္ဌ ဦးတင်ဦး ကလွဲပြီး မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က လူတွေကို ဖမ်းဆီးခြင်း မရှိခဲ့တာကို ကြည့်ရင်လည်း နဝတ အစိုးရဟာ ဦးကြည်မောင်ကို မျိုးချစ်အဖွဲ့က လူတွေလိုပဲ သူတို့ ဆက်ဆံနိုင်လိမ့်မယ်၊ သူတို့ဆန္ဒကို လွန်ဆန်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပြီး လျှော့တွက်ခဲ့ပုံ ရပါတယ်။

အမှန်တကယ် အားဖြင့်လည်း စစ်အာဏာသိမ်း အစိုးရဟာ တွက်ချက်မှု မှားခဲ့ပါတယ်။ ပထမတစ်ခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို ထိန်းသိမ်းလိုက်ခြင်းအားဖြင့် NLD ပါတီကို ချိနဲ့စေခဲ့ပြီလို့ ယူဆခဲ့တာပါ။ ဒုတိယတစ်ခုက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အသွင်ပြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကို ပိုတွက်ခဲ့ပုံ ရပါတယ်။

■ ပထမပြဿနာ

■ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး

ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဖြစ်လာပြီး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးဟာ ဦးကြည်မောင် ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုပါ။

အဲဒီအချိန်က  NLD  ပါတီတွင်းမှာ မျိုးချစ် ရဲဘော်ဟောင်းများအဖွဲ့ကို “ဘောင်းဘီချွတ်ကြီးများ”အဖြစ် အယူအဆ ပြင်းထန်သူတွေနဲ့ လူငယ်ပိုင်းက ရှုမြင်ထားတာကြောင့် မျိုးချစ်အဖွဲ့နဲ့ တတ်သိအဖွဲ့၊ “ဘောင်း ဘီချွတ်နဲ့ ပုဆိုးဝတ်”အကြား ပွတ်တိုက်မှုအချို့ ရှိခဲ့ပါတယ်။ အဲဒီလို ပွတ်တိုက်မှုတွေကြားကပဲ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးဟာ အယူအဆရေးရာ အားပြိုင်မှု ဖြစ်လာပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ၊ အာဏာလွှဲပြောင်းရေး အစီအစဉ် ရှိ၊ မရှိ သေချာအောင် အကဲဖြတ်ပြီးမှ ဝင်သင့်တယ်ဆိုတဲ့ အုပ်စု၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ မဟာဗျူဟာရဲ့ လုပ်ငန်း နည်းဗျူဟာအဖြစ် ရွေးကောက်ပွဲ ဝင်သင့်တယ်ဆိုတဲ့ အုပ်စု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို လွှတ်ပေးပြီး သူတို့ကို ပါဝင်စေမှသာ ရွေးကောက်ပွဲ ဝင်သင့်တယ်ဆိုတဲ့ အုပ်စု၊ ရွေးကောက်ပွဲမှ တစ်ပါး အခြားမရှိတာကြောင့် ဘာမှ မစဉ်းစားဘဲ ရွေးကောက်ပွဲ ဝင်သင့်တယ်ဆိုတဲ့ အုပ်စု စသဖြင့် အုပ်စုကွဲ လေးခုလောက် ထွက်ပေါ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် အုပ်စုကွဲတွေကြားမှာ မဝင်သင့်ကြောင်း ပြောထားတဲ့ ပါတီ လူငယ်ပိုင်းအဖွဲ့က အရေးကြီးတဲ့နေရာမှာ ရှိပါတယ်။ လူငယ်တွေ လိုလားတာက ဒေါ်အောင်ဆန်းစုကြည်လွတ်မှ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဦးကြည်မောင်ရဲ့ အယူအဆက ရွေးကောက်ပွဲဝင်ရေး ဖြစ်ပါတယ်။ ဒီမိုကရေစီ ရရှိရေးသာမက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွတ်မြောက်စေရေးအတွက် တစ်ခုတည်းသော နည်းလမ်းက ရွေးကောက်ပွဲဝင်ရေးပဲလို့ ဦးကြည်မောင်က ယူဆပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မှ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ လူငယ်တွေကို ဦးကြည်မောင်က သီးသန့်ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။ လူငယ်ပိုင်းက လက်ခံခဲ့တဲ့အတွက် ရွေးကောက်ပွဲဝင်ရေးပြဿနာ ပြေလည်သွားပါတယ်။

■ ဒုတိယ ပြဿနာ

■ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းချက်

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် NLD ပါတီရဲ့ အောင်နိုင်ရေး မဟာဗျူဟာ ချမှတ်တဲ့အခါ နိုင်ငံရေးညီညွတ်မှုကို သော့ချက်အဖြစ် ဦးကြည်မောင် ကိုင်တွယ်ခဲ့ပါတယ်။ ဒါကို ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာ ကြည့်နိုင်ဖို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုပုံစံက ဥပမာတစ်ခု ဖြစ်ပါတယ်။

NLD ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ဦးစားပေးအဆင့် လေးခု ခွဲခဲ့ပါတယ်။

ပထမဦးစားပေး –         ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်သူ၊ ဒေသခံဖြစ်ပြီး လူကြိုက်များသူ

ဒုတိယဦးစားပေး –        ပါတီဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းထက် တိုင်းပြည်အတွက် လိုအပ်သူ

တတိယဦးစားပေး        – ပါတီက ဆန္ဒရှိရင် ဘယ်ဒေသမဆို ပို့လွှတ် အရွေးခံဝံ့သူ

စတုတ္ထဦးစားပေး –  အခြားအဖွဲ့အစည်းများမှ ပါဝင်သင့် ပါဝင်ထိုက်သူ

အဲဒီ အချက်လေးချက်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ NLD ပါတီ အသုံးပြုခဲ့တဲ့ စံသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။ ဒါကလည်း အခုလက်ရှိအချိန်နဲ့ နှိုင်းယှဉ်စရာကောင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးတဲ့အခါ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့တဲ့ ဦးစားပေးစံနှုန်းမူကို ဆက်မသုံးတာ တွေ့ရပါတယ်။ သမိုင်းဝင် ရွေးကောက်ပွဲ နှစ်ရပ်ကို ဖြတ်သန်းခဲ့တဲ့ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုပုံစံ ပြောင်းလဲခဲ့တာဟာ ရွေးကောက်ပွဲဆိုင်ရာ ပေါ်လစီ အကြီးမားဆုံး အပြောင်းအလဲတစ်ခု ဖြစ်တာကြောင့် ဘာကြောင့် ဒီလိုဖြစ်သွားသလဲ ဆိုတာ ဆက်ပြီး လေ့လာဖို့ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD က ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ အနိုင်ရပေမဲ့ နဝတ အစိုးရက လွှတ်တော် ခေါ်မပေးခဲ့တာကြောင့် လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်း သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် ပြည်သူကို ပေးထားတဲ့ ကတိကဝတ်တွေကို နည်းပေါင်းစုံနဲ့ အကောင်အထည်ပေါ်ဖို့ ကြိုးစားခဲ့တာကြည့်ရင် ဦးကြည်မောင်ရဲ့ ရွေးချယ်မှုက မဟာဗျူဟာမြောက် အောင်မြင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

မဲဆွယ် စည်းရုံးမှုမှာလည်း နဝတ အစိုးရပိုင် ရုပ်မြင်သံကြားက တစ်ဆင့် မဲဆွယ် ဟောပြောခဲ့တာကို ဥပမာတစ်ခုအနေနဲ့ ကြည့်ရင် လက်တွေ့ကျမှုကို တွေ့နိုင်ပါတယ်။

တစ်နိုင်ငံလုံးကို တစ်နေရာတည်းက မဲဆွယ်နိုင်တဲ့ စင်မြင့်တစ်ခုကို တာဝန်ခွဲဝေမှုနှစ်ခုနဲ့ ဦးကြည်မောင်က လုပ်ခဲ့ပါတယ်။ ရေဒီယိုဖြစ်တဲ့ မြန်မာ့အသံကတစ်ဆင့် ဟောပြောမှုကို NLD ပါတီ ယာယီ အတွင်းရေးမှူး ဦးချစ်ခိုင်ကို မဲဆွယ်စေခဲ့ပါတယ်။ ဦးချစ်ခိုင်က ပါတီတွင်း အုပ်စုနှစ်ခုအနက် မျိုးချစ်အဖွဲ့က ဖြစ်ပါတယ်။ ဦးကြည်မောင်က မြန်မာ့ရုပ်မြင်သံကြားကနေ မဲဆွယ်ပါတယ်။

ဒီလို ဟောပြော မဲဆွယ်ရာမှာ ဦးချစ်ခိုင်က ပါတီနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေကို အလေးထား ပြောပါတယ်။ ဦးကြည်မောင်က စီးပွားရေးဆိုင်ရာ ကိစ္စတွေကို အလေးထား ပြောခဲ့ပါတယ်။  အဲဒီအချိန်က ပြည်သူလူထု လိုချင်တဲ့ အပြောင်းအလဲ ဘာဆိုတာကို  ဦးကြည်မောင် ကောင်းကောင်း သိခဲ့တယ်လို့ ဆိုနိုင်တဲ့ အချက်တွေကို သူ့ရဲ့ဟောပြောချက်မှာ တွေ့ရပါတယ်။

ဦးကြည်မောင်ရဲ့ ဟောပြောချက်မှာ အချက်ငါးချက် ပါဝင်ပါတယ်။ အချက် သုံးချက်က စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတွေဖြစ်ပြီး ဆန်တင်ပို့မှုတိုးချဲ့ရေး၊ မြန်မာကျပ်ငွေ တန်ဖိုးမြှင့်တင်ရေးနဲ့ စီးပွားရေး ပညာရပ်ဆိုင်ရာ ဘွဲ့တွေ အပ်နှင်းနိုင်တဲ့ ကျောင်းတွေ အမြန်ထူထောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီသုံးချက် မတိုင်ခင် ပထမအချက်မှာ နိုင်ငံရေးပါတီတွေက တိုင်းပြည်အတွက် အကျိုးပြုပုံကို ရှင်းပြပါတယ်။ ဒီမိုကရေစီ ကျင့်စဉ်ကို NLD နည်းတူ ယုံကြည်တဲ့ အဖွဲ့အစည်းအားလုံး၊ လူမျိုးစု အဖွဲ့အစည်းတွေနဲ့ မဟာမိတ်စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့တိုင် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေကို ပြောပြီး တိုင်းပြည်အတွက် အရေးကြီးတဲ့ အစီအစဉ်တွေ လုပ်တဲ့အခါတိုင်း လက်တွေ့ လုပ်နိုင်စွမ်းရှိသမျှ ပြည်သူကို အသိပေးပြီး ဝေဖန်ချက်နဲ့ အကြံဉာဏ်ယူကာ ပြည်သူနဲ့အတူ အစဉ်ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

ဦးကြည်မောင်ဟာ ရွေးကောက်ပွဲမှာ ဘယ်လောက် အနိုင်ရမလဲဆိုတာကိုလည်း ကြိုတင် ခန့်မှန်းထားနိုင်ခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် ၄၄၇ နေရာမှာ ၃၉၂ နေရာ (၈၇ ဒသမ ၇၀) ရာခိုင်နှုန်း အနိုင်ရမယ် ဆိုတာကို ဦးကြည်မောင်က အနီးစပ်ဆုံး ကြိုတင် ခန့်မှန်းထားနိုင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကြောင့် NLD ပါတီက အခြေအနေကောင်းတွေ ရခဲ့ပြီး အနိုင်ရခဲ့တယ် ဆိုဦးတော့ ဦးကြည်မောင်ဘက်က ချို့ယွင်းချက် တစ်စုံတစ်ရာ မရှိခဲ့လို့သာ အနိုင်သေချာစေခဲ့တယ်လို့ ပြောနိုင်ပါတယ်။

■ တတိယ ပြဿနာ

■ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေး

ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေး ကိစ္စမှာတော့ ဦးကြည်မောင်ဟာ ပါတီကို ဦးဆောင်နေသူ တစ်ဦးအနေနဲ့ နဝတ စစ်ဗိုလ်ချုပ်တွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာတွေ ရှိသလို အာဏာလွှဲပြောင်းရေး သောင်မတင် ရေမကျ ဖြစ်နေချိန်မှာ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို စုစည်းပြီး ဂန္ဒီအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၀ ပြည့်နှစ် စက်တင်ဘာမှာ လွှတ်တော် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအပိုင်းမှာ ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေး ကိစ္စတွေအတွက် ဦးကြည်မောင်ရဲ့ ကြိုးပမ်းမှုတွေ၊ နဝတအစိုးရဲ့ သတိပေးမှုတွေ၊ ဂန္ဒီအစည်းအဝေးအတွင်း ရှုပ်ထွေးမှုတွေနဲ့ ပါတီတွင်း မညီညွတ်မှုတွေကို ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာ လေ့လာမှာ ဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲပြီးတာ နဲ့ ပြည်သူ့လွှတ်တော် ခေါ်ယူမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲအနိုင်ရ ပါတီအဖွဲ့အစည်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ညှိနှိုင်းရမယ့်ကိစ္စ ဖြစ်တယ်၊ တပ်မတော်အနေနဲ့ စစ်တန်းလျားပြန်ပြီး မူလအဓိက တာဝန်ကြီး သုံးရပ်ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်မယ်လို့ နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်က ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် အာဏာလွှဲပေးမယ် ဆိုတဲ့အချက်ကိုလည်း ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၅ ရက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ရပ်မှာ အထင်အရှား တွေ့နိုင်ပါတယ်။

“ရွေးကောက်ပွဲပြီးရင် ကျွန်တော် လွှတ်တော်ကို တင်ပြမယ်။ ကျွန်တော့်မှာ တာဝန်ရှိတယ်။ ကျွန်တော့် အာဏာကို ဥပဒေနဲ့အညီ လွှဲမယ်။  Majority Vote Government Form Up  လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျွန်တော် သဘောတူပါတယ်။ Constitution အသစ် ဆွဲချင်သလား။ ဆွဲလို့လည်း ကျွန်တော်တို့ ပြောတယ်။ ကျွန်တော် ဘာငြင်းစရာ ရှိသလဲဗျာ။ ဘယ် Constitution ကို ယူမလဲ။ ဘယ်ဟာကို Recognize လုပ်မလဲ။ Amendment  လုပ်မလား။ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့် ကိစ္စဗျ”လို့ ဗိုလ်ချုပ်ကြီး စောမောင်က ပြောခဲ့ပါတယ်။

ဒီအတိုင်းပဲ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး ဦးအုံးကျော်က ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ “ကျယ်ပြန့်တဲ့ အမျိုးသားညီလာခံ တစ်ရပ်ကိုလည်း ခေါ်ယူကျင်းပပေးမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲဖို့ကတော့ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နဝတ အစိုးရအဖွဲ့ အတွင်းရေးမှူး-၁ ဗိုလ်ချုပ်ခင်ညွန့်က ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်မှာ လုပ်ခဲ့တဲ့ အကြိမ် ၁၀၀ မြောက် သတင်းစာရှင်းလင်းပွဲမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး တာဝန်ဟာ နိုင်ငံရေးပါတီများရဲ့ တာဝန်သာဖြစ်တယ်”လို့ ပြောခဲ့သလို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ  လုပ်ခဲ့တဲ့ ၁၀၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ “နဝတ အနေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဘူး ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဖို့ဖြစ်တယ်။ အဲဒီလို တိတိလင်းလင်း ပြောခဲ့တဲ့အတိုင်း ယခု ရွေးကောက် တင်မြှောက်ခြင်း ခံရတဲ့ နိုင်ငံရေးပါတီ အသီးသီးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တကွ အဓိက နိုင်ငံရေးပါတီများက ဒီကိစ္စကို ဦးစီးဦးဆောင် ပြုရမှာပဲ ဖြစ်တယ်။ အခုလို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို မူလ သတ်မှတ်ထားတဲ့အတိုင်း အောင်အောင်မြင်မြင် ကျင်းပပေးခဲ့တာဟာ နဝတအဖွဲ့အနေနဲ့ အာဏာလွှဲပြောင်းပေးချင်လို့ပဲ လုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးလို့ တစ်လနီးပါး ကြာတဲ့အချိန်အထိ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်နဲ့ အာဏာလွှဲရေး လုပ်ငန်းစဉ်တွေအပေါ် နဝတ အစိုးရဘက်က မသိကျိုးကျွံ ပြုခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ဇွန် ၂၁ ရက်မှာ နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်ထံကို NLD ပါတီက စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီစာမှာ “အမျိုးသားအကျိုးစီးပွားအတွက် ရှေ့ဆက် လုပ်ဆောင်ရမည့် နိုင်ငံရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးရန် တွေ့ဆုံကြဖို့” ဆိုတဲ့အချက် ပါဝင်ပါတယ်။

ဒီလို စာပေးပို့ခဲ့ပေမယ့် တုံ့ပြန်မှု မရတာကြောင့် ၁၉၉၀ ပြည့်နှစ် ဇွန် ၂၈ ရက်နဲ့ ၂၉ ရက် မှာ NLD ပါတီ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ချက် သုံးရပ်ချမှတ်ပြီး ဒီသုံးချက်ကို တစ်ပြိုင်နက်တည်း အရေးအကြီးဆုံး လက်ငင်းတာဝန်အဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက် သုံးရပ်က ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ပြည်သူ့ဆန္ဒနှင့်အညီ အေးချမ်းချောမွေ့စွာ အာဏာလွှဲပြောင်းရေး၊ အဝေးရောက် ကျောင်းသားလူငယ်များ မိခင်ရင်ခွင် ပြန်လည်ရောက်ရှိပြီး တက္ကသိုလ်ကောလိပ်များ ပြန်ဖွင့်ပေးရေးတို့ ဖြစ်ပါတယ်။

ဇူလိုင် ၂ ရက် မတိုင်မီ အခြေအနေတွေ၊ နဝတ အစိုးရထံ ပေးပို့ခဲ့တဲ့ စာတွေအကြောင်း၊ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဦးကြည်မောင်ရဲ့ ကြိုးပမ်းချက်၊ သဘောထားတွေကို သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါရဲ့ အင်တာဗျူးမှာ ဖတ်ရှုနိုင်ပါတယ်။ (ဒေါမနစ်ဖူလ်ဒါ အင်တာဗျူး အပြည့်အစုံ၊ စာ-၄၄၀ ရှု)

လှုပ်ရှားမှုနှစ်ရပ် ထူးခြားမှုမရှိချိန် ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၉ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ထံ နောက်ထပ် စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီစာမှာတော့ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ နှင့်အညီ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးရန်”ဆိုတဲ့ အဆိုပြုချက် ပါဝင်ခဲ့ပြီး နဝတဘက်က အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

အဲဒီကာလမှာ ဦးကြည်မောင်ဟာ နဝတအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် ကြိုးပမ်းမှုတွေ လုပ်နေရသလို ပါတီတွင်း ညီညွတ်ရေးကိုလည်း ထိန်းသိမ်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ လွှတ်တော်ခေါ်ယူရေးနဲ့ အာဏာလွှဲပြောင်းရေး ဘာမှမရေရာသေးချိန်မှာ ကြိုတင်ပြင်ဆင်မှုအဖြစ် အစိုးရဖွဲ့စည်းရေး ကိစ္စတွေကိုလည်း လုပ်နေရပါတယ်။ ဒီအခါ ပါတီတွင်းအုပ်စု နှစ်စုဖြစ်တဲ့ တတ်သိနဲ့ မျိုးချစ်အုပ်စုအကြား စကားအပြောအဆို ပြတ်တောက်တဲ့အထိ ဆက်ဆံရေး ဆိုးဝါးနေမှုကို ဦးကြည်မောင် ကျော်လွှားခဲ့ရပါတယ်။ အစိုးရဖွဲ့တဲ့အခါ အုပ်စုနှစ်စုအနက် ဘယ်အုပ်စုက ဘယ်လောက် တာဝန်ယူမလဲ ဆိုတာသိဖို့ တတ်သိအဖွဲ့ဘက်က တင်ပြခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ မျိုးချစ်အဖွဲ့နဲ့ စကားပြောလိုခြင်း မရှိတာကြောင့် မျိုးချစ်အဖွဲ့ရဲ့ သဘောထားကို သိဖို့ ဦးကြည်မောင်ကို မေးမြန်းခိုင်းခဲ့ပါတယ်။ ဒီလိုမေးမြန်းဖို့ကို ဦးကြည်မောင်ဘက်က ငြင်းဆိုခဲ့ပေမဲ့ နောက်ပိုင်း မေးမြန်းပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦးနှင့် ဦးလွင်တို့ အစည်းအဝေး ပြုလုပ်နေကြစဉ်။
(ဓာတ်ပုံကို မိုးမခမီဒီယာမှ ရယူဖော်ပြပါသည်)

■ ဂန္ဒီအစည်းအဝေး    

လွှတ်တော် ခေါ်ယူရေးနဲ့ အခြေခံဥပဒေ ရေးဆွဲဖို့ နဝတအစိုးရဘက်က ဘာတုံ့ပြန်မှုမှ မရတဲ့အချိန်မှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုယ်စားလှယ်များ၊ မဟာမိတ် ကိုယ်စားလှယ်များ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက်မှာ  ဂန္ဒီအစည်းအဝေးကို လုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို NLD အဖွဲ့ဝင် ၅၀၀ ကျော် တက်ရောက်ခဲ့သလို ပြည်သူ ၁၀၀၀၀ ကျော်က အစည်းအဝေးကို လူထုအင်အားနဲ့ ဝန်းရံ စောင့်ကြပ်ပေးခဲ့ပါတယ်။

ဂန္ဒီအစည်းအဝေးရဲ့ သဘာပတိက ဦးကြည်မောင် ဖြစ်ပြီး အစည်းအဝေးမှာ ဖြစ်ခဲ့တဲ့ ရှုပ်ထွေးမှုတွေကို ဦးကြည်မောင် ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ပါမယ်။

ဂန္ဒီအစည်းအဝေးဟာ စစ်အာဏာသိမ်း နဝတအစိုးရကို ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေက တရားဝင် အံ့တုလိုက်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေး မတိုင်ခင် တစ်ရက်အလိုမှာ နဝတ အစိုးရက ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့ မဟုတ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့သာ ဖြစ်တယ်၊ နိုင်ငံအာဏာကို နဝတအစိုးရကသာ ကျင့်သုံးမယ်၊ နိုင်ငံတော်အာဏာ ရဖို့အတွက် ယာယီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့တာကို ဘယ်နည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး၊ ဒီလိုလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ပြောပြီး သတိပေးချက် ထုတ်ခဲ့ပါတယ်။

ဒါကို ဂန္ဒီအစည်းအဝေးက တစ်ဆင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေက တုံ့ပြန်လိုက်ပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာမှာ လွှတ်တော်ခေါ်ပေးဖို့၊ NLD ပါတီနဲ့ နဝတအစိုးရ တွေ့ဆုံဆွေးနွေးဖို့၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆောလျင်စွာ လွှတ်ပေးဖို့၊ ဒီမိုကရေစီ အခွင့်အရေးရရှိရေးနဲ့ ပြည်သူ့လွတ်လပ်ခွင့် ကန့်သတ်ထားမှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအချက်တွေကို လွယ်လွယ်ကူကူ သဘောတူနိုင်ခဲ့ မဟုတ်ဘဲ အစည်းအဝေး ကာလအတွင်း အယူအဆ တင်းမာသူတွေရဲ့ စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးကိစ္စ၊ ၁/၉၀ ကြေညာချက်ကြောင့် ဖြစ်လာတဲ့ အမာလိုင်း၊ အပျော့လိုင်းကိစ္စ စတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့ပြီးမှ ဖြစ်ခဲ့တာပါ။ ဂန္ဒီခန်းမ အစည်းအဝေးမှာ စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးကို ဦးကြည်မောင် လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ နဝတအစိုးရက လွှတ်တော် ခေါ်ယူရေးကို လက်မခံဘူးဆိုရင် ရွှေဂုံတိုင်ကနေ ပြည်လမ်းအတိုင်း ချီတက်ပြီး မြို့တော်ခန်းမရှေ့မှာ လွှတ်တော်ခေါ်ယူပေးရေး လှုံ့ဆော်ဖို့ အကြံရှိခဲ့ပါတယ်။ ဒါကို NLD ပါတီတွင်းက မျိုးချစ်အဖွဲ့တွေက လက်မခံခဲ့ပါဘူး။ ဦးကြည်မောင် ကိုယ်တိုင်လည်း သူယုံကြည်ရသူတစ်ချို့ကို တိုင်ပင်ခဲ့ပြီး အဲဒီအကြံကို လက်လျှော့ခဲ့ပါတယ်။

ဂန္ဒီအစည်းအဝေးမှာလည်း မျိုးချစ်နဲ့ တတ်သိလိုင်းအကြား ပြင်းထန်တဲ့ အယူအဆ ရှိသူတွေကို ကျေနပ်မှု ရှိအောင် ဦးကြည်မောင်ဘက်က ကြိုးစားခဲ့ရတာတွေ ရှိပါတယ်။ ဒေါက်တာစိန်ဝင်း အပါအဝင် အယူအဆရေးရာ ပြင်းထန်သူတွေဘက်က တောင်းဆိုတဲ့ စင်ပြိုင်အစိုးရဖွဲ့ရေးကို ပယ်ချခဲ့သလို အယူအဆရေးရာ အပိုင်းမှာ အစောပိုင်းက တတ်သိအုပ်စုဘက် ရှိနေခဲ့ရာက နောက်ပိုင်း မျိုးချစ်အုပ်စုဘက်ကို ယိမ်းသွားတဲ့ ဦးချမ်းအေး (မောင်စူးစမ်း) ဘက်က တင်ပြလာတဲ့ သဘောထားတွေကိုလည်း လက်ခံပေးခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။

အစည်းအဝေး ကာလအတွင်း အယူအဆ ပြင်းထန်သူတွေနဲ့ ညှိနှိုင်းပြီး ကြားအဖြေ လွှတ်တော်ခေါ်ယူရေးကို ဆုံးဖြတ်ချက်ကျအောင် လုပ်နိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဒေါက်တာစိန်ဝင်းတို့ရဲ့ဆန္ဒကို ဦးကြည်မောင် တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။ ဂန္ဒီအစည်းအဝေး အပြီးမှာပဲ ဒေါက်တာ စိန်ဝင်းနဲ့ NLD ပြည်သှူလွှတ်တော် ကိုယ်စားလှယ်အချို့ မန္တလေးတိုင်း၊ အမရပူရမှာ လျို့ဝှက်အစည်းအဝေးလုပ်ပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး လုပ်ခဲ့ပါတယ်။ ဒါကို ဦးကြည်မောင်နဲ့ ဦးအောင်ရွှေတို့ ဖျောင်းဖျ တားဆီးခဲ့ပေမယ့် ဒေါက်တာစိန်ဝင်းတို့အုပ်စုကို တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။

■ ဂန္ဒီခန်းမ မိန့်ခွန်းနှစ်ရပ် 

ဂန္ဒီခန်းမ အစည်းဝေးမှာ ဦးကြည်မောင် မိန့်ခွန်းနှစ်ခု ပြောခဲ့ပါတယ်။ ညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့  စေ့စပ်ညှိနှိုင်းရေးတွေအပေါ် ဦးကြည်မောင် ဘယ်လို ဖွင့်ဆိုခဲ့သလဲ ဆိုတာကို လေ့လာကြည့်ပါမယ်။

ဂန္ဒီအစည်းအဝေး သဘာပတိ အဖွင့်မိန့်ခွန်းမှာ အချက်ငါးချက် ပြောခဲ့ပါတယ်။ ပထမအချက်က ပြည်သူ့ဆန္ဒအတိုင်း (နှေးကွေးမှုမရှိဘဲ) အာဏာလွှဲပြောင်းရေး ဖြစ်ပေါ်ဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒုတိယအချက်က ညီညွတ်ရေးအပိုင်း ဖြစ်ပါတယ်။ ညီညွတ်ရေးကို သုံးပိုင်း ခွဲပြောပါတယ်။ ပထမပိုင်းက အဖွဲ့တွင်း ညီညွတ်ရေးကို ပြောခဲ့ပါတယ်။ အဖွဲ့တွင်း ညီညွတ်ရေးက ပဓာနအကျဆုံးဖြစ်ပြီး အယူအဆရေးရာ၊ ဝါဒရေးရာတွေကို ပါတီမူဝါဒနဲ့ မဆန့်ကျင်သမျှ၊ ကိုယ့်စိတ်ထဲမှာ မှန်တယ် ယုံကြည်တဲ့ အချက်တွေကို လွတ်လပ်စွာ တင်ပြခွင့်၊ ဆွေးနွေးခွင့် ရှိမယ်လို့ ဆိုပါတယ်။ ဒါကိုအသုံးပြုဖို့ တိုက်တွန်းသလို အခြားသော ပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်နဲ့ ဆက်နွှယ် ပေါင်းသင်းသူတွေကို တိုက်ခိုက်ခြင်း မပြုမိအောင် ဆင်ခြင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒုတိယပိုင်းက ဒီမိုကရေစီကို ယုံကြည်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ညီညွတ်ရေး တည်ဆောက်ဖို့ ဖြစ်ပါတယ်။ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဒီမိုကရေစီကို ယုံကြည်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်ဆောင်ရွက်ခွင့် ပေးရမယ်။ သူတို့ကို ခင်မင်လေးစားစွာ ပေါင်းသင်းဆက်ဆံဖို့နဲ့ ဖိတ်ခေါ်ပြီး ထိုက်တန်တဲ့ နေရာပေးဖို့ အမြဲပြုလုပ်ရမယ်လို့ သတိပေးခဲ့ပါတယ်။ တတိယပိုင်းက ပြည်သူနဲ့ ညီညွတ်ရေး တည်ဆောက်ဖို့ ပြောပါတယ်။ ပြည်သူတွေနဲ့ အမြဲထိတွေ့နေဖို့လိုပြီး ပြည်သူတွေဘက်က တုံ့ပြန်မှုကို အမှန်အတိုင်း သိဖို့လိုတာကို ထောက်ပြပါတယ်။ ကျဆုံး ကျန်ရစ်နေတဲ့ ကဏ္ဍတွေကို ရှင်သန်အောင် လုပ်တဲ့အခါ ပြည်သူတွေရဲ့ထောက်ခံမှု ကင်းမဲ့နေရင် ကြိုးစားထားသမျှ အချည်းနှီးပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ညီညွတ်ရေး တည်ဆောက်ရုံနဲ့ မပြီးဘဲ လက်တွေ့လုပ်ရာမှာ လိုအပ်တဲ့ ဆက်ဆံရေး အရေးကြီးပုံကို တတိယအချက်အဖြစ် ပြောခဲ့ပါတယ်။ ဆက်ဆံရေးကောင်းဖို့ ဆက်သွယ်ရေး ကောင်းရမယ်လို့ ဆိုပါတယ်။ ဒီနေ့ ခေတ်စကားနဲ့ပြောရင် communication နဲ့  Information  အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ဒါကို ပြောပြီးတဲ့နောက် တွေ့ဆုံဆွေးနွေးရေးကို အချက်လေးအဖြစ် ပြောခဲ့ပါတယ်။

NLD အနေနဲ့ တိုင်းပြည် တည်ဆောက်ရေးအတွက် ဝါဒအမျိုးမျိုးရှိတဲ့ အဖွဲ့အစည်းများစွာနဲ့ စေ့စပ် ဆွေးနွေးရေးတွေ ဆက်တိုက် လုပ်ရမယ်လို့ ဆိုပါတယ်။ လူနဲ့လူချင်း ဆက်ဆံရေးကို အရေးကြီးကြောင်း သတိပေးခဲ့ပါတယ်။ လူပုဂ္ဂိုလ်နဲ့ အရေးကြီး ပြဿနာတွေကို ခွဲခြား မြင်တတ်အောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခြားသူ တစ်ဦးဦးကို မလေးမစား ဆက်ဆံရင် နစ်နာမှုတွေ ကြုံတတ်ပြီး စေ့စပ်ဆွေးနွေးမှုတွေ ပျက်တဲ့အခါ ပြည်သူတွေပဲ နစ်နာရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒီအပိုင်းမှာ ဦးကြည်မောင် ပြောခဲ့တဲ့ စကားအပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ကျွန်တော်တို့က သူများအဖွဲ့ကို ပြိုကွဲအောင် သပ်မသျှိုပါနှင့်၊ သူများဝါဒတွေ ပျက်စီးအောင် ဖျက်ဆီးဖို့ မလုပ်ပါနှင့်၊ သူများအဖွဲ့ကို ဆဲရေးတိုင်းထွာ မလုပ်ပါနှင့်၊ အခြေအမြစ်မရှိတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို လုံးဝရှောင်ပါ။ သူ့ဘက်ကို တိုက်ခိုက်ရင် ကိုယ့်ဘက်မှာလည်း တန်ပြန်တိုက်ခိုက်မှုတွေ မလွဲမသွေ ခံကြရပါလိမ့်မယ်။ ဒါဟာ နိယာမ သဘောတရားပဲ၊ ဆက်သွယ်ရေး လုံး၀ ပျက်စီးသွားပါလိမ့်မယ်။

တိုင်းပြည်အကျိုး များစွာ ဆိုးရွားနစ်နာပါစေလိမ့်မယ်။

စေ့စပ်တာဟာ၊ ဆွေးနွေးတာဟာ ကျွန်တော်တို့အတွက်ရော၊ ကျွန်တော်တို့နှင့် စေ့စပ်တဲ့ အဖွဲ့ရော၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ အချက်တွေကို ရှာပြီး နှစ်ဖက်အကျိုးရှိအောင်လည်း လက်တွေ့ လုပ်ဆောင်ပေးကြဖို့ ဖြစ်ပါတယ်။ သူ့အဖွဲ့ သူ့ခေါင်းဆောင်များကိုလည်း ကိုယ့်အဖွဲ့၊ ကိုယ့်ခေါင်းဆောင်များ သိက္ခာရှိစေချင်သလို အပြန်အလှန်သဘောဖြင့် ကျွန်တော်တို့က လေးစားစွာ ဆက်ဆံရပါလိမ့်မယ်။

သူများကို မလေးမစား ဆက်ဆံရင် ကျွန်တော်တို့ နစ်နာကြရပါလိမ့်မယ်။ အနစ်နာတကာ့ အနစ်နာဆုံးက ကျွန်တော်တို့ချစ်တဲ့ မိဘပြည်သူတို့သာ ဖြစ်ကြပါလိမ့်မယ်။

လူပုဂ္ဂိုလ်နှင့် အရေးကြီးတဲ့ ပြဿနာများဆိုင်ရာ အကြောင်းအရာများကို ကျွန်တော်တို့ ခွဲခြားပြီး ကြည့်တတ်၊ မြင်တတ်အောင် ကြိုးစားကြပါ။

လူပုဂ္ဂိုလ်ကို ဘယ်တော့မှ မတိုက်ခိုက်ပါနှင့်၊ သက်ညှာကြရပါမယ်၊ ပြဿနာများဆိုင်ရာ အဓိက အချက်များကိုသာ တိုက်ခိုက်နိုင်ပါတယ်၊ အားနာဖို့ မလိုပါဘူး။ ဆွေးနွေးနေကြစဉ် တစ်ချိန်လုံးမှာ တစ်ဖက်နှင့် တစ်ဖက် ဆက်ဆံရေးကို ခိုင်မာအောင် ထူထောင်ကြဖို့ဟာ အလွန်အရေးကြီးပါတယ်”

ဦးကြည်မောင် ပြောခဲ့တဲ့ အဖွင့်မိန့်ခွန်းရဲ့ နောက်ဆုံးအချက်မှာ “အာဏာလိုချင်တဲ့ ရောဂါ NLD ခံစားနေရတယ်” ဆိုတဲ့ စွပ်စွဲချက်တွေ မမှန်ဘူးဆိုတာ ရှင်းပြခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်အပ်နှင်း ခံထားရတာကြောင့် ပြည်သူတွေ ကျေနပ်အားရအောင် အားထုတ် ဆောင်ရွက်ကြရမယ်လို့ ပြောခဲ့ပါတယ်။

အစည်းအဝေး အပိတ်မိန့်ခွန်းမှာတော့ အခြေခံဥပဒေ ရေးဆွဲရေးနဲ့ စေ့စပ်ဆွေးနွေးရေးကို အလေးထား ပြောခဲ့ပါတယ်။

ပြည်သူတွေအတွက် အခြေခံဥပဒေ ရေးတဲ့အခါ ပျော့ပြောင်းအောင် ရေးရမယ်ဆိုတာ ပြောပြီး အခြေခံဥပဒေရဲ့ သဘောတရားတွေကို ရှင်းပြပါတယ်။ အခြေခံဥပဒေဟာ မှန်ကန် မွန်မြတ်တဲ့တရား မဟုတ်သလို တစ်ခါလုပ်ပြီး ရာသက်ပန်တည်တဲ့ အရာမဟုတ်ဘူးဆိုတာ ပြောခဲ့ပါတယ်။ အခြေခံဥပဒေတွေကို ခေတ်နဲ့လိုက်ပြီး ပြောင်းရတယ်၊ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ခေတ်နဲ့မညီရင် ပြောင်းတာပေါ့လို့ ပြောခဲ့ပါတယ်။ ဒါကိုပြောတဲ့အခါ “ညီမလေး အရပ်ပုပါတယ်၊ အရပ်ရှည်အောင် ဘယ်လိုလုပ်မလဲ မေးတော့  ဒေါက်မြင့်ဖိနပ် ဝယ်စီးလိုက်ပါ ဆိုသလိုပေါ့”ဆိုပြီး အရွှန်းဖောက် ပြောခဲ့ပါသေးတယ်။

တွေ့ဆုံ ဆွေးနွေးရေးအကြောင်း ပြောတဲ့အခါ ဆွေးနွေးရမယ့် ပုဂ္ဂိုလ်ရဲ့ အယူဝါဒ စွန့်လွှတ်ဖို့ မပြောဘူး၊ ရပ်တည်ချက် ပြောင်းအောင် ကြိုးစားမှာ မဟုတ်ဘူး၊ နှစ်ဖက်ခံစားရမှုတွေကို ပြောမယ်၊ သူ့ဘက်ကိုယ့်ဘက် နစ်နာမှုတွေ၊ သူ့ဘက်ကိုယ့်ဘက် စိုးရိမ်မှုတွေကို ပြောမယ်၊ အမှားအမှန် ခွဲခြားမယ်၊ သူ့အခြေအနေ လုံးဝပြောင်းအောင် မလုပ်ဘူး၊ ကိုယ့်အခြေအနေကိုလည်း ပျက်ပြားအောင် မလုပ်ပါနဲ့၊ ဒီအချိန်ကို ဘာလို့ ရှာမတွေ့နိုင်တာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဦးကြည်မောင်ရဲ့ ဂန္ဒီခန်းမ မိန့်ခွန်းနှစ်ရပ်ဟာ ညီညွတ်မှုကို အခြေတည်ပြီး တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ သူမနာ၊ ကိုယ်မနာ အဖြေရှာဖို့ ယုတ္တိရှိစွာ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် နဝတအစိုးရက ဒီကမ်းလှမ်းမှုတွေကို လက်မခံခဲ့ပါဘူး။

ဂန္ဒီခန်းမ အစည်းဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆာဟိရှင်းဘွန်း သတင်းစာဆရာ ဦးနေဝင်းက နဝတအစိုးရရဲ့ ၁/၉၀ ကြေညာချက်အရ သူတို့ပြောထားတဲ့ သတိပေးချက်နဲ့  NLD ပါတီရဲ့ ကြိုတင်ပြင်ဆင်မှု ထိပ်တိုက်တွေ့လာသလို ဖြစ်တဲ့အကြောင်း မေးမြန်းခဲ့ပါတယ်။ မူရင်းအမေးအဖြေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

သတင်းစာဆရာ ဦးနေဝင်း (မေး) – နဝတက ယာယီ အခြေခံဥပဒေ ပြဋ္ဌာန်းပြီး အစိုးရဖွဲ့တာ လက်မခံဘူး။ ဒီလိုလုပ်လာလို့ ရှိရင်လည်း အရေးယူမယ်လို့ ကြေညာထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး NLD ခေါင်းဆောင်ကြီးများရဲ့ စိတ်ကူးက ဘယ်လိုရှိသလဲဆိုတာ သိချင်ပါတယ်။

ဦးကြည်မောင်(ဖြေ) – ကျွန်တော်တို့ လုပ်ခဲ့တဲ့ အစီအစဉ်ဟာ ကျွန်တော်တို့ ရပ်တည်ချက်ကို ဖော်ပြတာပါ။ ဒီအမိန့် မပေါ်ခင်တုန်းက ရပ်တည်ချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအစည်းအဝေးကြီး လုပ်ဖို့ ဘာတွေလုပ်ကြမယ် ဆိုတော့ တင်ကြိုပြီးတော့ ပြင်ဆင်ထားခဲ့ပါတယ်။ ၂၈ ရက်၊ ၂၉ ရက် အားလုံး တိုင်းသိပြည်သိ ချပြတဲ့ကိစ္စတွေဟာ ကျွန်တော်တို့ရဲ့ အမှန်ရပ်တည်ချက်က ဒီအတိုင်းပဲဆိုတာ ရှင်းပါတယ်။ ၁/၉၀ ကို တုံ့ပြန်ချက်မပါဘဲနဲ့  ဘွင်းဘွင်း မြင်ရပါတယ်။

သတင်းစာဆရာ ဦးနေဝင်း (ထပ်မေး) – အဲဒီတော့ ကျွန်တော်တို့ အဓိပ္ပာယ်ကောက်လို့ရအောင် နဝတရဲ့ရပ်တည်ချက်က ယာယီ အခြေခံဥပဒေ ပြဋ္ဌာန်းတာကို လက်မခံနိုင်ဘူး။ ဒီအခြေခံဥပဒေအရ  အစိုးရဖွဲ့တာကို လက်မခံနိုင်ဘူး။ ဒီလိုလုပ်လာရင် အရေးယူမယ်လို့ ပြောပါတယ်။ အဲဒီတော့ NLD ရဲ့ ရပ်တည်ချက်က ဒီအမိန့်မတိုင်ခင်က ရပ်တည်ချက်ဆိုတော့ ဒီနှစ်ခု ထိပ်တိုက်တွေ့လာသလို ဖြစ်နေတယ်။ အဲဒီတော့ ဦးကြည်မောင် ရှင်းလင်းတဲ့ အလိုအရဆိုလို့ ရှိရင်လည်း ဒီထိပ်တိုက်တွေ့တဲ့ အနေအထားကနေပြီးတော့ နဝတနဲ့ တွေ့ဆုံညှိနှိုင်းဖို့ အလားအလာကောင်းသလား ဆိုတာ သိချင်ပါတယ်။

ဦးကြည်မောင်က (ပြန်ဖြေ) – ကျွန်တော်တို့က လက်တွေ့ကျတာနဲ့ မှန်တာကိုပဲ လုပ်ဖို့ဟာ ကျွန်တော်တို့အလုပ်ပါ။ သတင်းစာဆရာကြီးများ သတင်းရေးလို့ ကောင်းတာက သတင်းစာဆရာကြီးများရဲ့ အလုပ်ပါ။ မောင်ခေါ်ပေမဲ့ လိုက်နိုင်ဘူးကွယ်ဆိုတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒီမေးမြန်းချက်ကို ဦးကြည်မောင်က “မောင်ခေါ်ပေမဲ့ လိုက်နိုင်ဘူးကွယ်”လို့  အရွှန်းဖောက်ပြီး ပြန်ဖြေတဲ့အခါ ဒီဖြေကြားချက်နဲ့ ပတ်သက်လို့ အယူအဆနှစ်မျိုး ထွက်ခဲ့ပါတယ်။ ပထမတစ်ခုက နဝတရဲ့ ၁/၉၀ ကို ရည်ညွှန်းတာလို့ ဆိုကြပါတယ်။ ဒုတိယတစ်ခုက သတင်းစာဆရာတွေ့ရဲ့ အလိုအတိုင်း မဖြေနိုင်တာကို အရွှန်းဖောက် ပြောဆိုခြင်းဖြစ်တယ်ဆိုတဲ့ အချက်ပါ။

တစ်ဖက်မှာလည်း ဦးကြည်မောင်ဟာ နဝတအစိုးရရဲ့ အခြေအနေကို ရိပ်စားမိတဲ့သဘော ရှိတဲ့အချက်တွေ ရှိပါတယ်။ ရွေးကောက်ပွဲအပြီးမှာ စစ်အာဏာသိမ်း ခေါင်းဆောင်တွေက NLD ပါတီတွင်းက ဦးအောင်ရွှေ၊ ဦးချစ်ခိုင် တို့ကို သီးသန့်တွေ့ဆုံခဲ့တာရှိသလို ဦးကြည်မောင်ကိုလည်း သီးခြားခေါ်ယူ တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။ ဒီတွေ့ဆုံမှုတွေအပြီး ယူဆပုံတွေ ကွဲပြားခဲ့ပါတယ်။ ဦးအောင်ရွှေနဲ့ ဦးချစ်ခိုင်တို့က တွေ့ဆုံဆွေးနွေးရေး (dialogue) ရပြီလို့ ယူဆခဲ့ပါတယ်။ ဦးကြည်မောင်ကတော့ ဒါဟာ dialogue မဟုတ်ဘူး။ တစ်ဖက်က သူတို့ ဖြစ်ချင်တာတွေကိုပြောခြင်း (monologue) ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဦးကြည်မောင်က သူမှားယွင်းကြောင်း ဝန်ခံခဲ့တဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါက စင်ပြိုင်အစိုးရ ဖွဲ့စည်းတာနဲ့ လူထုနည်းနဲ့ ထိပ်တိုက်ရင်ဆိုင်တာကို ဘာကြောင့် သူ မထောက်ခံသလဲ ဆိုတဲ့အချက်နဲ့ သက်ဆိုင်ပါတယ်။ အဲဒီအချိန်က စစ်အာဏာသိမ်း အစိုးရဟာ စီးပွားရေး ချွတ်ခြုံကျနေပြီး နိုင်ငံပိုင် အရန်ငွေကလည်း စိုးရိမ်စရာကောင်းအောင် လျော့ပါးနေပါပြီ။ ဒီအခြေအနေကတစ်ဆင့် အာဏာလွှဲပေးလိမ့်မယ်လို့ ဦးကြည်မောင် ထင်ခဲ့တာပါ။  ဒါပေမဲ့ နဝတအစိုးရက ငွေစက္ကူတွေ ထပ်မံရိုက်နှိပ်ပြီး အာဏာဆက်ယူသွားမှာကို မတွက်မိတာ သူ့အမှားလို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

■ ဗိုလ်ချုပ်ခင်ညွန့်၏ သတိပေးချက်နှင့် ဦးကြည်မောင် ဖမ်းဆီးခံရခြင်း

လွှတ်တော်ခေါ်ယူရေး တောင်းဆိုထားတဲ့ စက်တင်ဘာ ပထမပတ် အတွင်းမှာပဲ  ဦးကြည်မောင်ကို ဖမ်းဆီးလိုက်ပါတယ်။ ၁၉၉၀ ပြည့်နှစ် သြဂုတ် နောက်ဆုံးပတ်ထဲမှာ နဝတ အတွင်းရးမှူး-၁ ဗိုလ်ချုပ်ခင်ညွန့်က ပေးပို့ခဲ့တဲ့ စာတစ်စာင်ကို ဦးကြည်မောင်က NLD ပါတီ ဗဟိုဦးစီး အစည်းအဝေးမှာ ဖတ်ပြခဲ့ပါတယ်။ ဒီအချိန်မှာ NLD ပါတီအတွင်း အုပ်စွဲကွဲ သုံးခု ဖြစ်ပေါ်နေပါတယ်။ မူလ တောင်းဆိုထားတဲ့ စက်တင်ဘာလအတွင်း လွှတ်တော် မခေါ်ဘူးဆိုရင် ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့အချက်အပေါ်မှာ မူတည်ပြီး အမာလိုင်း၊ အပျော့လိုင်း၊ အလယ်အလတ်လိုင်း ဆိုပြီး ကွဲနေတာပါ။ လူငယ်နဲ့ လူကြီးတွေအကြား သဘောထား မတူညီတွေဖြစ်နေပြီး တင်းမာနေတဲ့အချိန် ဖြစ်ပါတယ်။ ဦးကြည်မောင်က ဗိုလ်ချုပ်ခင်ညွန့် ပေးပို့လာတဲ့စာကို စက်တင်ဘာ ၇ ရက်မှာ အကြောင်းပြန်ဖို့ ပြင်ထားပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၆ ရက် ညသန်းခေါင်မှာ ဦးကြည်မောင်ကို ဖမ်းဆီးလိုက်ပါတယ်။

ဦးကြည်မောင်ကို မဖမ်းခင် ဗိုလ်ချုပ်ခင်ညွန့် ပေးပို့ခဲ့တဲ့စာက စာမျက်နှာ ၁၃ မျက်နှာ ရှိပါတယ်။ အဲဒီစာထဲမှာ ပြည်သူ့လွှတ်တော်ကို မခေါ်ပေးနိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးနိုင်၊ ၁/၉၀ ကို ထောက်ခံ လက်မှတ်ထိုးရမယ်၊ မလိုက်နာရင် ဖြိုခွင်းမယ်ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။  ဗိုလ်ချုပ်ခင်ညွန့်ကို အကြောင်းပြန်ဖို့ ပြင်ဆင်ထားတဲ့ ဦးကြည်မောင်ရဲ့စာမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ကိုယ်စားလှယ်များနှင့်သာ ရေးဆွဲရမည်၊ ဤကိစ္စရပ်အပေါ် ဝန်ထမ်း အဖွဲ့အစည်းဖြစ်သော တပ်မတော်အနေနှင့် မပါဝင်သင့်ပါ”လို့ ပါရှိခဲ့ပါတယ်။

တကယ်တော့ ဦးကြည်မောင်ကို ဖမ်းဆီးမှုမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ သဘောထားက အဓိကကျတယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက် Asiaweek မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဒေါမနစ်ဖူလ်ဒါနဲ့ ဦးကြည်မောင်တို့ရဲ့ အင်တာဗျူးကို ဗိုလ်ချုပ်ခင်ညွန့် ဘဝင်ကျခဲ့ပုံ မရပါဘူး။ အဲဒီအင်တာဗျူးမှာ နုရင်ဘတ် စစ်ခုံရုံးကိစ္စ ပါသလို ဗိုလ်ချုပ်ခင်ညွန့်ကို ရည်ညွှန်း ပြောဆိုထားတဲ့ စကားရပ်လည်း ပါဝင်ခဲ့ပါတယ်။ (Asiaweek အင်တာဗျူး၊ စာ-၄၃၆ ရှု) ဦးကြည်မောင်အနေနဲ့ ဗိုလ်ချုပ်ခင်ညွန့် အပါအဝင် မြန်မာ စစ်ခေါင်းဆောင်တွေကို အဓိကထား ပြောကြားခဲ့တာ မဟုတ်သလို Asiaweek မဂ္ဂဇင်းကလည်း အင်တာဗျူးကို တည်းဖြတ် အကျဉ်းချုံ့ပြီး ဖော်ပြခဲ့တဲ့အတွက် နားလည်မှုလွဲစရာ ဖြစ်ခဲ့ပုံရပါတယ်။ (ဒေါမနစ်ဖူလ်ဒါ၏ ပြန်ပြောင်း ပြောဆိုချက်ဆောင်းပါး၊ စာ- ၄၂၅ ရှု) ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့်က “ကျွန်တော့်ကို ဘာသဘောထားနဲ့ ဒီလိုများ ပြန်ဖြေသလဲ၊ ကျွန်တော် ဦးကြည်မောင်ကို မေးလိုက်ချင်တယ်”ဆိုပြီး ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်မှာ ပြုလုပ်တဲ့ အကြိမ် ၁၀၀ မြောက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောရင်း ဦးကြည်မောင်ကို မေးခဲ့ပါတယ်။

“ဦးကြည်မောင်တို့ကနေပြီးမှ တိုင်းပြည်ကို ချစ်တယ်၊ တိုင်းပြည်အတွက် အနစ်နာခံတယ် ဆိုတာထက် ကျွန်တော်တို့လည်း တိုင်းပြည်ကို ချစ်တယ်။ အနစ်နာခံတယ် ဆိုတာ ဦးကြည်မောင်တို့ အနစ်နာခံတာထက် မလျော့ဘူးဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့၊ (Character) နဲ့ ပတ်သက်လို့ မျိုးချစ်စိတ်ရှိတာနဲ့ ပတ်သက်လို့ကတော့ မှတ်ကျောက်တင် ခံနိုင်ပါတယ်။ ယှဉ်ရဲပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ဗိုလ်ချုပ်ခင်ညွန့်က ပြောခဲ့တာပါ။

ဒါ့အပြင် အဲဒီအင်တာဗျူးဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေးကို ပျက်ပြားစေတဲ့ အရာတစ်ခုအဖြစ် ရှုမြင်ခံရပြီး NLD ပါတီက အာဃာတတရား ရှေ့ထားခဲ့လို့ အာဏာ လွှဲမပေးခဲ့ရဘူးဆိုတဲ့ ပြောဆိုချက်တွေ ရှိခဲ့ပါတယ်။

Asiaweek မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဦးကြည်မောင် အင်တာဗျူးဟာ နဝတ စစ်ဗိုလ်ချုပ်တွေအတွက် ဒေါသထွက်ဖြစ်စေခဲ့ပေမဲ့ နဝတကို (ပြောရိုးပြောစဉ်အရ သုံးနှုန်းနေသည့်တိုင်) ရန်သူအဖြစ် မမြင်ကြောင်း ဦးကြည်မောင်က ဆိုခဲ့ဖူးပါတယ်။ အကယ်၍ အပြန်အလှန်အားဖြင့် အမြင်ဖလှယ်ခွင့်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ခဲ့မယ်ဆိုရင် ဦးကြည်မောင်ရဲ့ ပထမဦးစားပေး အစီအစဉ်က နားထောင်ဖို့ ဖြစ်တယ်ဆိုတဲ့အချက် ပြောခဲ့ဖူးပါတယ်။

“ကျွန်တော် ပထမလုပ်မှာက နားထောင်ဖို့ပါပဲ။ သူတို့ ဘာကိုလိုချင်တာလဲ ဆိုတာ ကျွန်တော်တို့ ကြားချင်ပါတယ်။ ကျွန်တော့်ရဲ့ ခံယူချက်က သူတို့နဲ့ စကားပြောဆိုတိုင်း ကျနော်တို့မှာ ထားအပ်တဲ့ စိတ်ရင်းစေတနာက သူတို့ကို မပျက်စီးရေးပဲ။ ဒါဟာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးပဲ။ အပြန်အလှန် ရှိရမယ်။ အပေးအယူ ရှိရမယ်။ တစ်ဖက်သတ်ကတော့ ဖြစ်လို့မရပါဘူး။ ကိုယ့်အကျိုးစီးပွားကို ရှေ့တန်း တင်သလို၊ သူတို့ အကျိုးစီးပွားကိုလည်း ရှေ့တန်း တင်ရပါတယ်။ တည်ကြည် ရိုးဖြောင့်မှုဟာ အခရာပါ။ တည်ကြည် ရိုးဖြောင့်ခြင်းဟာ ပွင့်လင်းမှုကို လိုအပ်တယ်။ တဖက်လူစကားကို နားထောင်တတ်တဲ့ စိတ်ရင်းစေတနာရင်း လိုအပ်တယ်။ ကိုယ့်ရဲ့အမြင်နဲ့ ဆန့်ကျင်ခြားနားတဲ့ အယူအမြင်ကို တုံ့ပြန်လက်ခံနိုင်တယ်။ ကျွန်တော်ထင်တယ်။ လူတိုင်းရဲ့ ပုံမှန်မဟုတ်တဲ့အနေနဲ့ အကြောက်တရား စိတ်အလွှာအောက်မှာ ကောင်းမြတ်တဲ့ နှလုံးသားရှိတယ်လို့ ယုံကြည်တယ်”လို့ ဦးကြည်မောင်က ပြောခဲ့ဖူးပါတယ်။

ဒီစကားရပ်ကို ၁၉၉၅ ခုနှစ် ထောင်က ပြန်လွတ်လာပြီးနောက်ပိုင်း သတင်းစာဆရာ အလန်ကလီမင့်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ သူ့အနေနဲ့ သူ့ကို ထောင်ချခဲ့တဲ့ သူတွေအပေါ် အာဃတ မထားဘဲ စေ့စပ်ဆွေးနွေးမှု ဖြစ်ဖို့ကိုသာ အာရုံစိုက်နေခဲ့တာ တွေ့ရပါတယ်။

■ လေ့လာချက် – ၃

■၁၉၉၅ ခုနှစ် အမျိုးသားညီလာခံက

■ NLD နုတ်ထွက်ခဲ့တဲ့အပေါ် ဘယ်လို ယူဆခဲ့သလဲ

၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ကျင်းပနေချိန်မှာ ဦးကြည်မောင်က ထောင်ထဲမှာ အကျဉ်းချ ခံထားရပြီး ဖြစ်ပေမယ့် ၁၉၉၅ ခုနှစ် မတ် ၂၇ ရက်မှာ ပြန်လွတ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာမှာ အမျိုးသားညီလာခံကနေ  NLD ပါတီက နုတ်ထွက်ခဲ့တာ ဖြစ်တဲ့အတွက် ဒီလို နုတ်ထွက်ခဲ့ခြင်းအပေါ် ဦးကြည်မောင်ရဲ့ယူဆချက် ဘယ်လိုရှိသလဲ ဆိုတာ လေ့လာပါမယ်။

ယေဘုယျအားဖြင့် ပြောရင် ဦးကြည်မောင်ဟာ အမျိုးသားညီလာခံကို လက်ခံခြင်း မရှိပါဘူး။ ဒါကြောင့် အမျိုးသားညီလာခံက နုတ်ထွက်တာဟာ သူ့ရဲ့ဆန္ဒတစ်ခုလို့ ပြောနိုင်ပါတယ်။

နောက်တစ်ချက်က အမျိုးသားညီလာခံက နုတ်ထွက်ချိန်ဟာ NLD ပါတီ ခေါင်းဆောင်ပိုင်း စုံစုံညီညီ ရှိနေပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ငါးကြိမ်မြောက် ပြင်ဆင်ဖွဲ့စည်းထားချိန် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ သတ်မှတ်ချက်အရ  ဦးအောင်ရွှေက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဦးတင်ဦးက ဒုတိယဥက္ကဋ္ဌ တာဝန်ယူပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး တာဝန်ယူပါတယ်။ ဦးလွင်က အတွင်းရေးမှူး တာဝန်ယူပြီး ဦးကြည်မောင်က ဦးတင်ဦးနည်းတူ ပါတီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ဦးကြည်မောင် အဖမ်းခံရပြီး နောက်ပိုင်းမှာ NLD ပါတီကို မျိုးချစ်အုပ်စုမှ ဦးအောင်ရွှေ ဦးဆောင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာ၊ ကိုယ်စားလှယ်လောင်း အမည်တွေ ပယ်ဖျက်တာတွေ၊ တိုင်းနဲ့ပြည်နယ်အလိုက် ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်းတာ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို နုတ်ထွက်ခိုင်းတာ စတဲ့ ဖိနှိပ်မှုတွေကို နဝတအစိုးရက လုပ်ခဲ့ပါတယ်။ အဆိုးဝါးဆုံး ကိစ္စတစ်ခုလို့ ယူဆနိုင်စရာရှိတဲ့ ကိစ္စတခုလည်း ပေါ်ပေါက်ခဲ့ပြီး အဲဒါက နဝတအစိုးရရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်နဲ့ ပါတီက ထုတ်ပယ်ကြောင်း ကြေညာပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးထွန်းတင်၊ ဦးမိုးသူ၊ ဦးတင်ရွှေ(မုံရွာ)၊ ဦးကိုယု၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးခင်မောင်ဆွေ တို့ကိုလည်း ပါတီကနေ ထုတ်ပယ်ပေးခဲ့ရပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်မလား၊ ပါတီ အဖျက်ခံမလား ဆိုတဲ့ နဝတအစိုးရရဲ့ ဖိအားပေးမှုအောက်မှာ ပါတီဆက်လက် ရှင်သန်ရေးကိုသာ ဦးအောင်ရွှေ ရွေးချယ်ခဲ့ရပါတယ်။ နဂိုကမှ သဘောထားပျော့ပြောင်းပြီး ဥပဒေဘောင်ထဲကနေ ခံစစ်အရှင်ထား လုပ်ကိုင်လိုတဲ့ မျိုးချစ်အုပ်စုဝင်အများစုပဲ NLD ပါတီမှာ ကျန်နေခဲ့တာ ဖြစ်တဲ့အတွက် သူတို့အဖို့ ရွေးချယ်စရာ မရှိခဲ့ဘူးလို့ ယူဆနိုင်ပါတယ်။ တစ်ဖက်မှာတော့ အဲဒီအချိန်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ချင့်ချိန်မြော်မြင်မှုအပေါ် အားနည်းချက်နဲ့ နိုင်ကွက်အဖြစ် နဝတအစိုးရက တစ်လျှောက်လုံး သုံးသွားတယ်ဆိုတဲ့ ရှုမြင်ချက်တွေ ရှိပါတယ်။

နဝတအစိုးရဟာ ၁၉၉၂ ခုနှစ် ရောက်ချိန်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ တက်ခွင့်ရှိခဲ့တဲ့ အမျိုးသားညီလာခံ ပြုလုပ်ဖို့ ပြင်ဆင်ပါတယ်။ အမျိုးသားညီလာခံ ကျင်းပရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်ဖို့ NLD ပါတီကို ဖိတ်ခေါ်ခဲ့ပြီး အကယ်၍ တက်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်မှာ ဖွဲ့စည်းထားတဲ့ “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာအဖွဲ့”ကို ဖျက်သိမ်းပေးရမယ်လို့ အကြောင်းကြားခဲ့ပါတယ်။ ဒီအတွက် ဦးအောင်ရွှေ ဦးဆောင်တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၁၉၉၂ ခုနှစ် ဇွန်လ အစောပိုင်းမှာ လုပ်ခဲ့ပြီး တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်နောက်ပိုင်း နဝတအစိုးရရဲ့ အငြင်းပွားဖွယ် အစီအစဉ်တွေအတိုင်း လိုက်ပါ ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပါတယ်။

NLD ပါတီ အမျိုးသားညီလာခံကို တက်ရောက်ခဲ့တယ် ဆိုပေမဲ့ ယုံကြည်ခဲ့ပုံ မရသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားညီလာခံဟာ “ဟန်ပြလုပ်ရပ်” ဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက် ရှိခဲ့တာကြောင့် ပါတီ ဆက်လက် ရှင်သန်ဖို့အတွက်သာ ညီလာခံကို တက်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီအချိန်အထိ ဦးကြည်မောင် အပါအဝင် NLD ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး မျှော်မြင်ချက်ဟာ တွေ့ဆုံဆွေးနွေးရေးကိုပဲ ကိုင်စွဲထားပါတယ်။ ၁၉၉၄ ခုနှစ် အောက်တိုဘာလမှာ နဝတအတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီး “တွေ့ဆုံဆွေးနွေးရေးကို ရွေးချယ်ကြမလား၊ အလုံးစုံ ပျက်သုဉ်းရေးကို ရွေးချယ်ကြမလား”လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မေးခွန်းထုတ်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးနောက်ပိုင်း သတင်းစာဆရာတွေနဲ့ တွေ့ဆုံချိန်မှာလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းနှစ်သွယ်ထဲက တစ်ခုကို ရွေးရလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ။
(ဓာတ်ပုံကို မုံရွာအောင်ရှင်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းစာအုပ်မှ ရယူဖော်ပြပါသည်)

၁၉၉၅ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးတင်ဦး၊ ဦးကြည်မောင်တို့ ပြန်လွတ်လာပြီး NLD ပါတီ ခေါင်းဆောင်မှုအပိုင်း ပြန်လည် တောင့်တင်း လာခဲ့ပါတယ်။

၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှာ အမျိုးသားညီလာခံအပေါ် NLD ပါတီရဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့ပြီး လုပ်ထုံးလုပ်နည်း လွဲချော်နေမှု၊ ညီလာခံမှာ ပြည်သူ့ကိုယ်စားလှယ် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ ပါဝင်နေမှု၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခွင့် မရှိမှု၊ ညီလာခံ ပြီးဆုံးမယ့် အချိန်ဇယား တိတိကျကျ မရှိမှုတွေကို ထောက်ပြခဲ့ပါတယ်။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေး၊ အများပြည်သူ ယုံကြည် လက်ခံနိုင်လောက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးတို့ကို အထောက်အကူပြုမှာ မဟုတ်ဘူး၊ ဒါတွေ ပြည့်မြောက်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနဲ့သာ အဖြေရှာနိုင်မယ်လို့ NLD ပါတီရဲ့ သဘောထားမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ အမျိုးသားညီလာခံကို NLD ပါတီ စွန့်ခွာလိုက်ပါတယ်။

အမျိုးသားညီလာခံကနေ NLD ပါတီ ထွက်လာတဲ့အချိန်မှာ ပါတီကို အဓိက ဦးဆောင်သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့ အတွဲအညီဆုံး ကာလလို့ ပြောနိုင်ပြီး သူတို့ကို လွှတ်ပြီးမှ အမျိုးသားညီလာခံကနေ ဦးအောင်ရွှေ ဦးဆောင်တဲ့ NLD ပါတီ နုတ်ထွက်သွားခြင်းဟာ “တင်ကူးကြံစည်မှု” ဖြစ်တယ်လို့ နဝတအစိုးရဘက်က ရှုမြင်ခဲ့ပါတယ်။ အမျိုးသားညီလာခံနဲ့ ပတ်သက်ပြီး ဦးကြည်မောင်ရဲ့ ပြောဆိုချက်တစ်ခုမှာ နဝတ အစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပထမဦးစားပေး အနေနဲ့ လက်ခံပေးရမယ်လို့ ဆိုခဲ့ပါတယ်။

“၁၉၉၃ ခုနှစ်မှာ နဝတဟာ အမျိုးသားညီလာခံ တစ်ရပ် ခေါ်ယူလိုက်တယ်။ သူတို့ အစီအစဉ်နဲ့ သူတို့လုပ်တယ်။ တင်းတင်းကြပ်ကြပ် စောင့်ကြည့်တယ်။ သူတို့ဘာသာ သူတို့ အစီအစဉ်တွေ ချမှတ်တယ်။ လွှတ်တော်အမတ် မဟုတ်သူတွေကို ခေါင်းခေါက် ရွေးတယ်။ ရွေးကောက်ခံ အမတ်တွေက အနည်းစု ဖြစ်သွားပြီး အဲဒီလူတွေက အနည်းဆုံး ခြောက်ဆ များနေတယ်။ NLD လည်း နဝတနဲ့ ထပ်ချပ်မကွာ လိုက်ပြီး ညီလာခံ ဆောင်ရွက်ချက်တွေထဲက နည်းလမ်းမကျတာတွေ အမျိုးမျိုးကို အစဉ်တစိုက် ကန့်ကွက်ခဲ့တယ်။ အမျိုးသားညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ (နဝတ ဗိုလ်ချုပ်တစ်ဦး) က NLD ဥက္ကဋ္ဌ (ဦးအောင်ရွှေ) တင်ပြတဲ့ အရေးကြီး မေတ္တာရပ်ခံချက်ကို လျစ်လျူရှုလိုက်တဲ့ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ ခွာပြဲတော့တာပေါ့။ ၁၉၉၀ ပြည့်နှစ်မှာ နဝတက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်က လူထုရဲ့ဆန္ဒကို ဖော်ပြခဲ့တာပါ။ အဲဒီဆန္ဒကို နဝတဟာ မလေးမစား ငြင်းပယ်ခဲ့တယ်။ ပြည်သူများစွာ ခံစားခဲ့ကြရတဲ့ ဒုက္ခတွေ၊ ဆင်းရဲပင်ပန်းမှုတွေ၊ စိတ်ဆင်းရဲရတာတွေ အားလုံးဟာ စစ်အုပ်စုရဲ့ လူထုဆန္ဒ မျက်ကွယ်ပြုရာကနေ အခြေခံလာတာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ သမိုင်းကို ခြေရာကောက်ကြည့်ပါ။ ဒေါ်စုကို လွန်မင်းစွာ ဆင်းရဲဒုက္ခ ဖြစ်စေမှုတွေဟာ တစ်ခုတည်းသော ရင်းမြစ်ထဲက ပေါ်ထွန်းလာခဲ့တယ် ဆိုတာ တွေ့ရမယ်။ အဲဒါကတော့ စစ်အုပ်စုက ဒီမိုကရေစီ သဘောတရားတွေကို လွဲမှားအောင် လုပ်လိုက်တာပဲ ဖြစ်တယ်။ ပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင်တော့ ၁၉၉၀ ပြည့် မေ ၂၇ ရက် ရွေးကောက်ပွဲရလဒ်ကို သူတို့အနေနဲ့ ပထမဦးစားပေး အနေနဲ့ လက်ခံပေးရလိမ့်မယ်လို့ ကျွန်တော်ဆိုချင်တယ်”လို့ ဦးကြည်မောင်က ပြောခဲ့ဖူးပါတယ်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ အမျိုးသားညီလာခံကို နဝတအစိုးရက အကန့်အသတ်မရှိ ရပ်ဆိုင်း လိုက်ပါတယ်။ ဒီမတိုင်ခင် နိုဝင်ဘာ ၃၀ ရက်မှာ NLD ပါတီက ကိုယ်စားလှယ် ၈၆ ဦးကို ညီလာခံ သဘာပတိရဲ့ ခွင့်ပြုချက်မယူဘဲ ခွင့်နှစ်ရက် ပျက်ကွက်မှုနဲ့ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းလိုက်ပါတယ်။ ၁၉၉၆ ခုနှစ် နှစ်ဦးပိုင်းက စတင်ပြီး NLD ပါတီ အပေါ် နဝတအစိုးရရဲ့ ဖိနှိပ်မှု ဒုတိယလှိုင်း ဖြစ်လာခဲ့ပါတယ်။ ပထမလှိုင်းက ၁/၉၀ ကြေညာချက်ကို ဆန့်ကျင်ရာက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒုတိယလှိုင်းက အမျိုးသားညီလာခံကို ဆန့်ကျင်ရာက ဖြစ်ခဲ့တာပါ။

၁၉၉၅ ခုနှစ်အတွင်း ဦးကြည်မောင်ရဲ့ ခေါင်းဆောင်မှု မျှော်မြင်ချက်ကို အထင်အရှား တွေ့နိုင်တဲ့ ကိစ္စတစ်ခုက လူထုအားကို ဆွဲတင်နိုင်တဲ့အချက် ဖြစ်ပါတယ်။ ဖိနှိပ်မှုတွေအောက်မှာ မျှော်လင့်ချက် မဲ့နေတဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့ နည်းလမ်းတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး၊ ဦးကြည်မောင်တို့နဲ့ တိုင်ပင်ပြီး ရှာဖွေခဲ့ပါတယ်။ ဒီအခါ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ စနေ၊ တနင်္ဂနွေ ညနေပိုင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် နံဘေး၊ ဦးတင်ဦးနဲ့ ဦးကြည်မောင်ခြံရံပြီး လူထုကို တိုက်ရိုက် စကားပြောဆိုတဲ့ လူထုတွေ့ဆုံပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီ စနေ၊ တနင်္ဂနွေ လူထုတွေ့ဆုံပွဲဟာ လူထုဟစ်တိုင် လှုပ်ရှားမှု ဖြစ်လာခဲ့သလို ဦးကြည်မောင်ရဲ့ အပြောအဟောတွေကလည်း လူထုအတွက် အားတက်စရာ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၆ ခုနှစ် ဇွန် ၈ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ လူထုဟောပြောပွဲတွေ မလုပ်ဖို့ နဝတအစိုးရက NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်ယူ တားမြစ်လိုက်တဲ့အပြင် တက္ကသိုလ်ရိပ်သာလမ်းကိုပါ ပိတ်ဆို့လိုက်ပါတယ်။ ဒီအချိန်နောက်ပိုင်းမှာ လူထုတွေ့ဆုံပွဲအစား ဖြစ်နိုင်ခြေရှိတဲ့ ဆက်ဆံရေး၊ ထိတွေ့မှုတွေ ပြန်လုပ်နိုင်ဖို့ ဦးကြည်မောင်ဘက်က ကြံဆခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲမှာ စာပေစကားဝိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စာပေစကားဝိုင်းကို ဦးဆောင်သူနဲ့ ကြီးကြပ်သူဟာ ဦးကြည်မောင် ဖြစ်ပါတယ်။

ဒီနေရာမှာ ဦးကြည်မောင်ဟာ ကျောင်းသားသမဂ္ဂ အဖွဲ့ခေါင်းဆောင်၊ လွတ်လပ်ရေးတိုက်ပွဲဝင်၊ စိတ်ကောင်းရှိတဲ့ တပ်မှူးကြီး၊ နိုင်ငံရေးသမားကောင်း စတဲ့ ဂုဏ်ပုဒ်တွေအပြင် စာပေ၊ ဂီတ၊ ရုပ်ရှင်ပိုင်းတွေမှာပါ နှံ့စပ်သူ ဖြစ်တယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။ နာမည်ကျော် ဂျပန်ဒါရိုက်တာ ကူရိုဆာဝါရဲ့ ရာရှိုမွန်ရုပ်ရှင်ကို မြန်မာမှုပြုပြီး “ကောဠိယမြို့တံခါး” ဆိုတဲ့ ပြဇာတ်တစ်ပုဒ်ကို ရေးခဲ့ဖူးသလို ဘားနတ်ရှောရဲ့ “လူနဲ့လက်နက်”ကို မြန်မာမှု ပြုထားတယ်လို့ ယူဆနိုင်စရာရှိတဲ့ ပြဇာတ်တစ်ပုဒ်ကိုလည်း ရေးခဲ့ပါတယ်။ ဒါ့အပြင် “တရားလိုသက်သေ မနန်းမေ” ဆိုတဲ့ ပြဇာတ်တစ်ပုဒ်လည်း ရေးခဲ့ဖူးပြီး အဲဒီပြဇာတ်ကို တပ်မတော် ကပွဲရုံ အထူးသဘင်ပွဲမှာ တင်ဆက်ခဲ့ဖူးတယ်လို့ သိရပါတယ်။  ဦးကြည်မောင်၏ စာပေလက်ရာများနှင့် ဘာသာပြန်မှုတွေအကြောင်းကို ကိုတာ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။  (ကိုတာ ဆောင်းပါး၊ စာ ၄၈၃ ရှု)

ဒါကိုကြည့်ခြင်းအားဖြင့် စာပေ၊ ဂီတ လေ့လာမှု နှံ့စပ်ခြင်းက နိုင်ငံရေးသမား တစ်ဦးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိစေလဲဆိုတာ ပေါ်လွင်စေတယ်လို့ သတိပြုစရာတစ်ခု ဖြစ်ပါတယ်။ စာမဖတ်တဲ့ နိုင်ငံရေးသမား၊ ဂီတကို မသိတဲ့ နိုင်ငံရေးသမားဟာ နိုင်ငံရေးတစ်ခုတည်းမှာပဲ နစ်မြုပ်ရှင်သန်နေရင် သူ အာဏာရတဲ့အခါ အစွန်းရောက် အာဏာရှင် ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ စာဖတ်တာခြင်းအတူတူ၊ ဂီတကို သိတာချင်းအတူတူ ယုံကြည်ချက်နဲ့ မူ မခိုင်မာရင်လည်း ယိမ်းယိုင်နတဲ့ နိုင်ငံရေးသမား ဖြစ်တတ်ပါတယ်။ ဦးကြည်မောင်ဟာ စာဖတ်ပြီး ဂီတနဲ့ ရုပ်ရှင်ကို သိတဲ့သူဖြစ်တဲ့အပြင် ယုံကြည်ချက်နဲ့မူကို မယိမ်းမယိုင် ကိုင်ဆုပ်နိုင်ခဲ့လို့သာ သူ့မှာ အာဏာရှင်အငွေ့အသက် မတွေ့ခဲ့ရတာလို့ ဆိုနိုင်ပါတယ်။

ဦးကြည်မောင်ရဲ့ ယုံကြည်ချက်နဲ့မူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင်လည်း ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားကွဲပြီး NLD ပါတီကနေ ဦးကြည်မောင် နုတ်ထွက်ခဲ့ပါတယ်။ သူကတော့ နုတ်ထွက်တာ မဟုတ်ဘူး၊ ပါတီက အနားယူခဲ့တာလို့ ပြောခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ဆုံးဖြတ် ဆောင်ရွက်တဲ့ ကိစ္စတွေကို ဦးကြည်မောင် မကြိုက်ခဲ့ပါဘူး။

“သူ့ကို ဆုံးဖြတ်ချက်ချသူ (Decision Maker) အဖြစ် ငါ လက်ခံပါတယ်။ ဒါပေမဲ့ သူ လုပ်ချင်တာတွေကို မလုပ်ခင်မှာ ဗဟို အလုပ်အမှုဆောင်အဖွဲ့မှာ ချပြဆွေးနွေးဖို့တော့ လိုလိမ့်မယ်။ သူက အဲဒီလိုမလုပ်ပဲ သူလုပ်ချင်ရာ လုပ်ပြီးမှ လာပြောတယ်။ အဲဒါကို ငါ လက်မခံနိုင်ဘူး”လို့ ဦးကြည်မောင်က သူ့တပည့်ဖြစ်သူ ဦးတင်မောင်ဦးကို ပြောခဲ့ဖူးပါတယ်။

■ လေ့လာချက် – ၄

■ ၁၉၉၈ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ

■ (CRPP) ဖွဲ့စည်းခြင်းအပေါ် ဘယ်လိုအမြင်ရှိခဲ့လဲ

၁၉၉၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လွှတ်တော် ခေါ်ယူရေးအတွက် နအဖ အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ကို ဖိအားပေးဖို့ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အပေါ် ဦးကြည်မောင်ရဲ့ သဘောထား ဘယ်လိုအမြင်ရှိလဲ ဆိုတာ ဒီအပိုင်းမှာ လေ့လာပါမယ်။

CRPP ဖွဲ့စည်းဖို့ NLD ပါတီ ပြင်ဆင်နေချိန်ဟာ ဦးကြည်မောင်အတွက် ခက်ခဲတဲ့အချိန်လို့ ပြောနိုင်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပါတီက အနားယူသွားပေမယ့် သူ့ကို ချက်ချင်း ဖယ်ထုတ်တာမျိုး မလုပ်သေးပါဘူး။

ဒီကြားထဲမှာ ဦးတင်ဦး ကိုယ်တိုင် အကြိမ်ကြိမ်သွားပြီး ပါတီကို ပြန်လာဖို့ ဖျောင်းဖျခဲ့ပါတယ်။ ဒါပေမဲ့ ဦးကြည်မောင်က သူ လက်ကိုင်ပြုထားတဲ့မူကို ကိုင်စွဲပြီး ပြန်လာဖို့၊ ဆက်ပြီး လက်တွဲလုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဦးကြည်မောင်အနေနဲ့ ပါတီက အနားယူပြီးချိန်မှာ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိတော့ပါဘူး။ လူငယ်တွေကို အင်္ဂလိပ်စာ သင်ပေးတဲ့အလုပ်ပဲ လုပ်ပါတော့တယ်။ ဒါကလည်း တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် လူငယ်တွေရဲ့ ပညာရေးအပေါ်မှာပဲ ရင်းနှီးမြှုပ်နှံဖို့ သူကိုယ်တိုင် ပြောခဲ့တဲ့ စကားနဲ့အညီ လက်တွေ့ လုပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဦးကြည်မောင်ဆီသွားတာ မကြိုက်ဘူးဆိုတဲ့ ပြောဆိုမှုတွေ ပါတီတွင်းမှာ ရှိခဲ့ပေမဲ့ ဦးကြည်မောင်ရဲ့ တပည့်တွေလို့ ဆိုနိုင်တဲ့ လူငယ်တွေက ဂရုမစိုက်ခဲ့ပါဘူး။ ဦးကြည်မောင်ဟာ ပါတီမှာ ရှိစဉ်ကတည်းက လူငယ်တွေကို နားလည်ပြီး အလေးထား ဆက်ဆံခဲ့တာကြောင့် လူငယ်တွေရဲ့ လေးစားမှုကို ရရှိထားသူ ဖြစ်ပါတယ်။

ပါတီက အနားယူပြီးချိန်မှာ ပါတီနဲ့ပတ်သက်လို့ ဘာမှ ဝေဖန်ပြောဆို မရှိတော့ပေမဲ့ သူ့ဆီကို နိုင်ငံရေးကိစ္စ လာရောက် ရင်ဖွင့်သူတွေကို NLD ပါတီကို တိုင်ပင်ပြီး လုပ်ပါဆိုတဲ့ အကြံဉာဏ်ကို ပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ပါတီခေါင်းဆောင်ပိုင်းက ဦးကြည်မောင်ကို ပစ်ပယ်နိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ ဥပမာအနေနဲ့ CRPP ဖွဲ့စည်းဖို့ ပြင်ဆင်ချိန် ၁၉၉၈ ခုနှစ် သြဂုတ် ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ “ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ပန်ကြားချက်”မှာ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးလွန်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမည်တွေနဲ့အတူ ဦးကြည်မောင်ရဲ့ အမည်လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မှတ်ချက်အနေနဲ့ “ဦးကြည်မောင်သည် ခွင့်ယူထားပါသည်” လို့ ဖော်ပြခဲ့ပါတယ်။  CRPP ကို ဖွဲ့စည်းချိန်မှာ ဦးကြည်မောင် အမည် ပါမလာတော့ပါဘူး။

CRPP ဖွဲ့စည်းတာနဲ့ ပတ်သက်ရင် ဦးကြည်မောင်မှာ ထင်မြင်ချက်နှစ်ခု ရှိတယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။ ပထမတစ်ခုက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တာအပြင် ပြည်သူ့လွှတ်တော် ခေါ်ယူရေးကို တောင်းဆိုတာ ဖြစ်တဲ့အတွက်ကြောင့် ဒါဟာ ဂန္ဒီအစည်းအဝေး ဆုံးဖြတ်ချက်ကို ပံ့ပိုးသလိုဖြစ်ခဲ့ပြီး သူသဘောကျတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ဒုတိယတစ်ချက်က အရေးအကြီးဆုံးဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတာကို နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဘက်က ငြင်းဆန်ထားဆဲ ဖြစ်တာကြောင့် CRPP ဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ယူဆခဲ့တာပါ။ နအဖ အစိုးရကို ဒီလိုနည်းနဲ့ တောင်းဆိုလို့ မဖြစ်နိုင်ဘူးဆိုတဲ့အမြင် သူ့ဘက်မှာ ရှိခဲ့ပါတယ်။

■ နိဂုံး

လေ့လာချက် လေးခုကို အခြေပြုပြီး ဦးကြည်မောင်ရဲ့ ခေါင်းဆောင်မှုနဲ့ မဟာဗျူဟာပိုင်းကို ကြည့်တဲ့အခါ ဦးကြည်မောင်ဟာ ၁၉၉၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ရှိမနေတဲ့ NLD ပါတီကို ဟန်ချက် မပျက်အောင် ချိတ်ဆက်ပေးနိုင်ခဲ့သူ ဖြစ်တယ်၊ ပါတီတွင်း အုပ်စုကွဲတွေအကြား ရာထူးနဲ့ လုပ်ပိုင်ခွင့် အာဏာကို မမက်မောဘဲ သမာသမတ်ကျတဲ့ ထိန်းညှိမှုကို လုပ်ပေးနိုင်ခဲ့တယ်၊ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ လက်တွေ့ကျတဲ့ မဟာဗျူဟာ ချမှတ်နိုင်ပြီး အောင်မြင်မှုကို လုပ်နိုင်ခဲ့တယ် စတဲ့အချက်တွေကို ခေါင်းဆောင်မှုပိုင်းမှာ တွေ့ရပါတယ်။

နိုင်ငံရေး မျှော်မြင်ချက် (Political Vision) အပိုင်းမှာ သူမတူတဲ့ စွမ်းဆောင်ရည်နဲ့ အပြောင်းအလဲ ဘယ်ပုံ ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတဲ့ သဘောထား (Theory of Change) ပိုင်းမှာ ဦးဝင်းတင်လို ထင်ရှား ပြတ်သားတဲ့ ပုံစံမျိုးမရှိပေမဲ့ ထိပ်တိုက် ရင်ဆိုင်ခြင်းကို ရှောင်ရှားပြီး တွေ့ဆုံ ဆွေးနွေးရေးနဲ့ ဒီမိုကရေစီရေး ဖြစ်မြောက်အောင်ပဲ အာရုံစိုက်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ကွဲပြားမှုများတဲ့ လှူအဖွဲ့အစည်းထဲမှာ အပြောင်းအလဲအတွက် အရေးကြီးတဲ့ ညီညွတ်ရေးကို ဘယ်ပုံ ဆောင်ကြဉ်းရမလဲဆိုတဲ့ ဦးကြည်မောင်ရဲ့အမြင်က စံနမူနာယူစရာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ပါတီတွင်း ညီညွတ်ရေးကိုသာမက တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေ၊ မဟာမိတ်တွေနဲ့ ညီညွတ်ရေး၊ ပြည်သူတွေနဲ့ ညီညွတ်ရေးကို အခက်အခဲတွေကြားထဲကပဲ နားလည်မှု၊ တန်ဖိုးထားမှု၊ သစ္စာစောင့်သိမှုတွေနဲ့ တည်ဆောက်ခဲ့တာ တွေ့ရပါတယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အချိန်မှာ ပါတီကို ရှေ့ထွက် ဦးဆောင်ခဲ့ရပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နောက်မှာပဲ သူ့ယုံကြည်ချက်အတိုင်း နေထိုင်သွားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထား မတိုက်ဆိုင်ချိန်မှာလည်း သူ့ယုံကြည်ချက်အတိုင်းပဲ တွန့်ဆုတ်ခြင်းမရှိ လမ်းခွဲသွားခဲ့ပါတယ်။

ဦးကြည်မောင်ရဲ့ ခေါင်းဆောင်မှု စံနှုန်း၊ သူကျင့်သုံးခဲ့တဲ့ ပုံစံတွေကိုကြည့်ရင် သူဖြစ်ချင်တာ၊ သူလုပ်ချင်တာတွေကိုပဲ ဦးစားပေး လုပ်ကိုင်သွားတဲ့ ပုံစံမရှိပါဘူး။ တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ခြင်း မဟုတ်ဘဲ စုပေါင်းဦးဆောင်မှုကို အလေးထားပြီး နာယကဂုဏ် ခြောက်ပါးနဲ့အညီ အုပ်ထိန်းသူ (Guardianship) စီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ကိုင်သွားတာ ပေါ်လွင်စေပါတယ်။ အရေးအကြီးဆုံးအချက် တစ်ခုက ဘယ်အခြေအနေမှာပဲ ရှိရှိ အပြောနဲ့အလုပ် ညီအောင် လက်တွေ့ လုပ်ကိုင်နိုင်သူ ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့လို အရေးကြီးတဲ့ ကာလမျိုးမှာ ဦးကြည်မောင်လို ခေါင်းဆောင်မျိုး ရှိဖို့ လိုအပ်သလို သူလိုလူတစ်ဦး ရှိနေခဲ့ပြီဆိုရင် “ဒေါ်အောင်ဆန်းစုကြည်အလွန် NLD  ပါတီကို ဘယ်သူ ဦးဆောင်မလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေရှာတွေ့နိုင်မယ်လို့ ယူဆသူတွေ ရှိနေပါတယ်။

■ စာညွှန်း

၁ – ဦးကြည်မောင်ကို ၁၉၁၈ ခုနှစ်တွင် ဦးဖိုးသိန်းနှင့် ဒေါ်ငွေခင်တို့က ဧရာဝတီတိုင်း ညောင်တုန်း တစ်ဖက်ကမ်းရှိ ရန်ကင်းစံရာကျေးရွာတွင် မွေးဖွားခဲ့သည်။ ၂၀၀၄ ခုနှစ်၌ သြဂုတ် ၁၉ ရက်တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

၂ – အဆိုပါ လေ့လာချက်အတွက် ဦးကြည်မောင် ဖြတ်သန်းခဲ့သည့် ကာလအတွင်း (၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အကြား) မြန်မာ့နိုင်ငံရေး လောကတွင် ရှိနေခဲ့ကြသည့် မောင်မိုးသူ (ဘကြီးမိုး)၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဒေးဗစ်လှမြင့်၊ မုံရွာအောင်ရှင်၊ ဦးတင်မောင်ဦး (ဦးကြည်မောင်၏ တပည့်)၊ အေပီ သတင်းထောက်ဟောင်း ဒေါ်အေးအေးဝင်း (ဂါးဒီးယန်း ဦးစိန်ဝင်း၏ သမီး)၊ စာရေးဆရာ အတ္တကျော် (ဆူဒိုနင်)၊ မြန်မာ့အလင်း သတင်းစာဆရာ ဦးသန်းအောင်တို့အပြင် အလွတ်သဘောအနေဖြင့် အခြားသော လူပုဂ္ဂိုလ်များအား မေးခွန်းများ မေးမြန်းခြင်း၊ သဘောထားထင်မြင်ချက် တောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။

၃ – ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် နိုင်ငံတော်အား ဘေးအ္တရယ်ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၁၀ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း NLD ပါတီမှ ဦးဝင်းတင်၊ စာရေးဆရာ မောင်သော်က၊ ဦးထွန်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးတင်ရွှေ (မုံရွာ)၊ ဦးဝင်းခက်တို့အား လည်းကောင်း၊ ပြည်သူ့တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး ဦးညိုဝင်း၊ ဒေါ်ကြည်ကြည် (သခင်ဇင်၏ ဇနီး)၊ ဒေါ်စန်းကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီး)အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆၆ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ NLD ပါတီဘက်မှ ဖမ်းဆီးခံခဲ့ရသူ အများစုမှာ တတ်သိပညာရှင်များ အဖွဲ့ဘက်မှ ဖြစ်သည်။

၄ – ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က မီကာဆာဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးတင်အေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြောကြားရာ၌ “အာဃာတတရား ရှေ့ထားတဲ့အခါ အာဏာလွှဲလို့ မရခဲ့ဘူး”ဟု ပြောကြားခဲ့သည်။ ဦးတင်အေး၏ အဆိုပါ ပြောကြားချက်သည် ဦးကြည်မောင် ပြောဆိုခဲ့သည့် နုရင်ဘတ်ခုံရုံးကိစ္စကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု ထိုအချိန်က သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။

■ ကျမ်းကိုးစာရင်း

ခင်ကျော်ဟန်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ သမိုင်းဝင် မှတ်တမ်းမှတ်ရာများ (၁၉၈၈-၂၀၀၃)၊ ဂျပန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) စာပေနှင့်သုတေသနဌာန၊ ၂၀၀၃။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သဘောထားရှင်းလင်းချက်၊ မြန်မာနိုင်ငံရေး သမိုင်းကြောင်းနှင့် အမျိုးသားရေး ဦးတည်ချက်၊ ရန်ကုန်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ၁၉၉၀။

နိုင်ငံရေးပါတီ အသီးသီး၏ ဟောပြောချက်များ၊ ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ၁၉၉၁။

မာမာအေး။ ပြောပြစရာတွေလဲ တပုံကြီး(၄)၊ ရန်ကုန်၊ လင်းလွန်းခင်စာပေ၊ ၂၀၁၅။

မုံရွာအောင်ရှင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈-၂၀၁၀)၊ ရန်ကုန်၊ ပဉ္စဂံစာအုပ်တိုက်၊ ၂၀၁၆။

ဝင်းတင့်ထွန်း။ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများအညွှန်း၊ ဂျပန်၊ နေ့သစ်အင်အားစု၊ ၂၀၁၀။

သခင်တင်မြ။ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ပတ်သက်သော ဆောင်းပါးပေါင်းချုပ် ၃၊ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၅။

အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပဏာမညှိနှိုင်း အစည်းအဝေး (ပထမအကြိမ်) ဂန္ဒီခန်းမ၊ ၁၉၉၀ ဇူလိုင် ၂၈-၂၉ ပြန်တမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်၊ ၁၉၉၀။

အုန်းနိုင်။ ဂန္ဒီခန်းမကြေညာစာတမ်း ၁၃၊ မိုးမခမီဒီယာ ဝက်ဘ်ဆိုက်၊ ၂၀၁၄။

ဦးကြည်မောင်။ အုပ်ချုပ်ပိုင်ခွင့်နှင့် ဂန္ဒီခန်းမ မိန့်ခွန်း၊ ရန်ကုန်၊ တောရိုင်းနှင်းဆီစာပေ၊ ၂၀၁၄။

ဦးကြည်မောင်။ နိုင်ငံတော်နှင့် စစ်မှုထမ်း၊ ရန်ကုန်၊ ရှင်မတောင်စာပေ၊ ၂၀၁၄။

ဦးကြည်မောင်။ ဦးကြည်မောင်၏ ပြဇာတ် ၂ ပုဒ်၊ ရန်ကုန်၊ မုံရွေးစာအုပ်တိုက်၊ ၂၀၁၇။

ဦးကြည်မောင်။ အဲလန်ကလီမင့်နှင့် ဦးကြည်မောင်၏ နှစ်ကိုယ်ကြားပြောစကား (ဝေးသာလွန်း မြန်မာပြန်ဆို)၊ ရန်ကုန်၊ သံလွင်ငြိမ်းချမ်းစာပေ၊ ၂၀၁၃။

ဦးကြည်မောင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရစာစုများ၊ ရန်ကုန်၊ ၂၀၀၅။

ဦးကြည်မောင် ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရစာစုများ၊ ရန်ကုန်၊ ၂၀၀၆။

ဦးကြည်မောင် အမှတ်တရများ၊ ဦးဝင်းတင်နှင့်မေးခွန်းများ၊ မိုးမခမီဒီယာ ဝက်ဘ်ဆိုက်၊ ၂၀၁၁။

U Kyi Maung: Leadership and strategy

By Nay Htun Naing

August 19 marks the 13th anniversary of U Kyi Maung’s death. After Aung San Suu Kyi’s arrest in 1989, he became the de facto chairman of the National League for Democracy (NLD). He steered the party to its 1990 electoral victory. His integrity, valor, and strategic leadership during this period of uncertainty is recognized by his colleagues and many observers as critical to the party’s success. He participated in many important periods of Myanmar struggle for democracy. He was a student activist as well as a foot soldier during the independence struggle, then a champion of democracy in later his life.

U Kyi Maung left the NLD in 1997 for ideological reason and no longer engaged in political activities. This article highlights his strategic leadership in the democracy movement. The article addresses several questions: 1) Where did he stand in the ideological split that emerged in the NLD in 1989; 2) how did he position the NLD to achieve electoral victory in the 1990 elections and what were his expectations for the anticipated transfer of state power post election; 3) what were his views on the NLD’s withdrawal from the junta-sponsored National Convention; 4) what were his thought about the formation of the Committee Representing the People’s Parliament (CRPP), a body established by the NLD in 1998 after the military government failed to recognize the election results.

U Kyi Maung approach to politics was one noted for its integrity and principles. At the same time, he demonstrated a capacity for conciliation, when he supported political dialogue with the junta. He served as a reliable guardian for the NLD in a time of crisis. But, he proved unable to confirm his “theory of change.”

About the author

Nay Htun Naing

Nay Htun Naing is Deputy Director of Communications at the Institute for Strategy and Policy – Myanmar. He is also an Editor at The Myanmar Quarterly. He studied Bachelor of Economic at the Dagon University, Myanmar. He joined the media industry in 2005 and worked as Executive Editor for Weekly Eleven News Journal and The Daily Eleven Newspaper, and as Editor-in-Charge for Eleven Broadcasting. He has published a book and has produced more than five hundred articles in Myanmar language. In 2016 he received 'The Best Article Award for 140th Birthday of Thakin-Kodaw-Hmaing' at a remembrance ceremony of a prominent nationalist leader Thakin Kodaw Hmaing.

Add comment