NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း

N

✤ မိတ်ဆက်

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုISP-Myanmar က ဖော်ပြရန် ရှိပါသည်။ ယခု ပထမဆုံးအနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” (Scenario Thinking) ကို စတင်ဖော်ပြခြင်း ဖြစ်သည်။ ယင်းနောက် “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြား စိတ်ဖြာ သုံးသပ်ချက် (Analysis) ကို ဆက်လက် ဖော်ပြရန်ရှိပါသည်။ ထိုဖော်ပြချက် အပြီးတွင် “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သောမေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာ သုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန် ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာ အချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှ အကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံ ဖော်ပြသွားမည် ဖြစ်သည်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

✤ ဖြစ်တန်ခြေ ဖြန့်ထွက်စဉ်းစားခြင်း

ISP-Myanmar က ဖော်ပြမည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်တန်ခြေများကို ဖြန့်ထွက် စဉ်းစားခြင်းတွင် ပါဝင်သည့် အကြောင်းပြယူဆချက်များနှင့် ဆက်နွယ်သက်ရောက်မှုများသည် မလွဲမသွေ မုချ ဖြစ်မည် ဆိုသော အပြီးအပြတ် သဘော မဆောင်ဘဲ၊အနာဂတ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ပစ္စုပ္ပန်အခြေအနေနှင့် ချိတ်ဆက် စဉ်းစားရာ၌ အညွှန်း ပြုစရာအဖြစ် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခု ဖော်ပြထားသော ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားခြင်းနှင့် ပတ်သက်၍ အထောက်အထားသစ်များ ပေါ်ထွက်လာသည်နှင့် အမျှ ပြန်လည် သုံးသပ် ဖြည့်စွက်မှုများ ပြုလုပ်သွားပါမည်။

မည်သည့် နယ်ပယ်အတွက်မဆို ဖြစ်တန်ခြေကို လေ့လာရာ၌ အနာဂတ်ဟောကိန်း သဘောထက် အကြောင်းပြ ယူဆချက်များအား အချက်အလက် အထောက်အထားများဖြင့် ဆန်းစစ်ပြီး၊ အထောက်အထား အားကောင်းပါက အားကောင်း လာသလောက်ဖြစ်တန်ခြေ ပို၍ နီးစပ်လာနိုင်မည့် အညွှန်းပြဆိုချက်များ အဖြစ် လေ့လာသင့်ပါသည်။ အထောက်အထား ကျိုးကြောင်းယုတ္တိကိုဖော်ထုတ် ပိုင်းခြား ဆန်းစစ်ပြီး ဖြစ်တန်ခြေကို ကြိုတွေးဆခြင်း နှင့် အကျိုးဆက်များအား ပုံဖော်ကြည့်ခြင်းသာ ဖြစ်ပါသည်။ဘက်အသီးသီးက မူဝါဒ ချမှတ်သူများ သာမက ပြည်သူများ အနေဖြင့်ပါ မိမိတို့ မျှော်မှန်းသော ဖြစ်တန်ခြေ အနာဂတ်မှ ယခု ဖြစ်နေသော ပစ္စုပ္ပန်သို့ ပြန်စုန်ဆင်းပြီး လိုအပ်သည့် အကြောင်းတရားများ ပြည့်စုံအောင် တည်ဆောက်ယူရင်း ရေဆန်ကို မည်သို့လှန်တက် မည်နည်း၊ ဦးတည်သော ပန်းတိုင်သို့ မည်သည့် နည်းလမ်းဖြင့် ရောက်နိုင်မည်နည်း စသဖြင့် မဟာဗျူဟာမြောက် ဦးနှောက်မုန်တိုင်းဆင်နိုင်ရန်၊ စီမံကိန်းများ ချမှတ်နိုင်ရန်အတွက် ဖြစ်တန်ခြေ တွေးတောပုံများက အထောက်အကူ ဖြစ်စေနိုင်ပါသည်။

∎ အနှစ်ချုပ်

  • တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခြောက်နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ နေရာအနှံ့ လက်နက်ကိုင် တိုက်ပွဲ ကြီးငယ်တွေ၊ စစ်ရေး ပြင်ဆင် လှုပ်ရှားမှုတွေ၊ တင်းမာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
  • ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NLD အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်မှာ နောက်ဆုံး လုပ်ခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာကတည်းက NCA အခြေပြု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုဟာ အကျပ်ဆိုက် (deadlock) အခြေအနေ ကြုံနေခဲ့ရတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေပေမဲ့) NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် အားလုံး ရပ်တန့် သွားပါတယ်။NCA လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ ရှိရမယ့် အစုအဖွဲ့ ကိုယ်စားပြုမှု၊ ယန္တရား လည်ပတ်ပုံ ဒါတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ပျက်သွားပါတယ်။
  • NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ မြေပြင်မှာလည်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ တချို့တို့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်နေပါတယ်။ တခါ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန်မြင်နေရပါတယ်။ ရှမ်းပြည်နယ်မှာတော့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲတွေ ပိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင် အချိန်က တပ်မတော်နဲ့ အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ အပစ်ရပ်နေပါတယ်။
  • ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသတွေမှာလည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။
  • မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေတွေကို (အပြီးအပြတ် သဘော မဆောင်ဘဲ ဆက်လက် စဉ်းစားနိုင်ရန် အညွှန်းပြုစရာ အဖြစ်) ပိုင်းခြားရာမှာ အောက်ထစ် ဖြစ်တန်ခြေ (Baseline Scenario) ၊ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) နဲ့ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေ (Intervention Scenarios) စသဖြင့် သုံးပိုင်းခွဲပြီး ISP-Myanmar က သုံးသပ်ပါတယ်။

၁။ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario) က စစ်ကောင်စီအနေနဲ့ NCA အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်ထိန်းထားရင်း၊ လက်မှတ် ထိုးမထားတဲ့ EAO တွေနဲ့ တဖွဲ့ချင်း ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် သီးသန့် သဘောတူညီချက် ယူပြီး ပဏာမ လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းတာမျိုး ရှိလာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၄၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။

၂။ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) က အရင် ရှိထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အနှစ်သာရ အရရော၊ အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် အရပါ အဆုံးသတ် သွားမယ်၊ ပျက်စီးသွားမယ်။ စစ်ကောင်စီ တပ်တွေနဲ့ EAO များ၊ PDF များအကြား ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့် လာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၃၀ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။

၃။ ရလဒ်ကောင်း ထွက်ဖို့ အားထုတ်မှု ဖြစ်တန်ခြေတွေ (Intervention Scenarios) မှာ နှစ်ပိုင်း ရှိနိုင်ပါမယ်။ ပထမတခုက နိုင်ငံတကာ (အထူးသဖြင့် တရုတ်ထောက်ခံမှုနဲ့) ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကိုချိတ်ဆက် ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဒုတိယ တခုက အဓိက EAO တွေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ PDF တွေပူးပေါင်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို အနိုင်ယူ အောင်ပွဲခံတာ ဖြစ်ပါတယ်။ ပထမအချက်က ၂၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒုတိယ အချက်က ၁၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။

∎ နောက်ခံအခြေအနေ

ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်စပ် အခြေအနေ (context) ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက် မှာ ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) လုပ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အကျပ်ဆိုက်မှု (deadlock) ပြေလည်ခြင်း မရှိဘဲ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းစဉ် သုံးရပ်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ၂၀၂၀ ပြည့်နှစ်အလွန်မှာ အကောင်အထည်ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံး ရပ်ဆိုင်းသွားပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒီဇိုင်း (design) ပိုင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုယ်တိုင်က အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်တွေ အတွက် အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပင်လျှင် တိုင်းရင်းသားတွေရဲ့ သဘောထား၊ ဆွေးနွေးချက်၊ လိုလားချက်တွေ လျစ်လျူရှုခံရတာ ရှိခဲ့ပါတယ်။ အဆိုးဆုံးက လုံခြုံရေး ကဏ္ဍ ဆွေးနွေးချက်တွေ ရှေ့မရောက်တဲ့အပြင် သဘောတူညီချက်တခုမှလည်း မရခဲ့ပါဘူး။ တဖက်မှာလည်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု ပူးတွဲ ကော်မတီ (JMC) ယန္တရား ဟာ လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်တွေနဲ့ ရှုပ်ထွေးခဲ့ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းပေးမှုတွေ အသက် မဝင်ခဲ့ပါဘူး။ ဒါ့အပြင်တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်ဆိုက်မှု (deadlock) ကို ဖြေရှင်း ပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ NCA ပြင်ပကနေ ဖြေရှင်းဖို့ ကြိုးစားမှုအဖြစ် လုပ်ခဲ့တဲ့ ၁၀+၁၀ လို ထိပ်သီး အစည်းအဝေးကလည်း အလုပ် မဖြစ်ခဲ့ပါဘူး။ NCA ကိုပဲ အခြေပြုပြီး ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တာကြောင့် NCA ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ နေရာ မရှိခဲ့တာလည်း ပြဿနာတခု ဖြစ်ခဲ့ပါတယ်။ ဒါကို NCA ပြင်ပ သီးသန့် စာချုပ် ဒါမှမဟုတ် သဘောတူညီမှု ယူပြီး ဖြေရှင်းနိုင်ရေးလမ်းစ ဖော်တာမျိုး ရှိခဲ့ပေမဲ့ အပြီးမသတ် နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး အသစ်အသစ်သော အင်အားစုတွေနဲ့ အခင်းအကျင်း သစ်တွေ ဖြစ်လာပါတယ်။

NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမြေပုံက ပြောင်းလဲလာပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုဖြစ်လာသလို၊ နိုင်ငံအရှေ့မြောက်ဘက်မှာလည်း မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန် မြင်လာရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း မှာလည်း တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ကနေရှမ်းပြည်နယ် တောင်ပိုင်းအထိ ဆင်းလာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဒေသမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာအချို့နဲ့ စစ်ကောင်စီအကြား အကြိမ်ရေ ရာနဲ့ချီတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် ပေါ်လာတဲ့ အခင်းအကျင်းသစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေရဲ့ ခုခံ တွန်းလှန်စစ် ဖြစ်ပါတယ်။ နိုင်ငံအနှံ့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၈၀ ကနေ အများဆုံး ၃၀ဝ ကျော်အထိ ရှိတဲ့ PDF အဖွဲ့တွေရဲ့ ခုခံ တွန်းလှန်စစ်ကိုချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသတွေမှာ အများဆုံး တွေ့ရပြီး ကယားပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်နေပါတယ်။

ခြုံပြောရရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသတွေမှာ အနည်းနဲ့အများ ဆိုသလို EAO တွေရဲ့တိုက်ပွဲဆင်မှုနဲ့ PDF တွေရဲ့ ခုခံ တွန်းလှန်စစ်က အရှိန်ကောင်းလာပါတယ်။ စစ်အာဏာ မသိမ်းခင် အချိန်က တပ်မတော်နဲ့အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွား မှုမရှိတော့ဘဲ အပစ်ရပ်နေတာကထူးခြားချက်တခု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းအတွက် ဆက်စပ် အခြေအနေ (context) ပြောင်းလဲသွားမှု၊ စကတည်းက အားနည်းချက် ရှိနေတဲ့ဒီဇိုင်း၊ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အသစ်အသစ်သော အခင်းအကျင်း စတဲ့အချက်တွေက ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ NCA ကို အခြေပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်မှုမရှိဘူးဆိုတဲ့ အငြင်းပွားမှု ရှိနေချိန်မှာပဲ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အခင်းအကျင်းတွေက ကြိုးပမ်းမှု ဖြစ်စဉ်ကို ရှေ့မရောက်စေဘဲအကျပ်ရိုက်မှု (deadlock) ဖြစ်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖြစ်စဉ်တခုလုံး ပျက်စီးသွားပြီး NCA ပျက်ပြယ်ပြီဆိုတဲ့ သုံးသပ်ချက်တွေပါ ရှိခဲ့ပါတယ်။ စစ်ကောင်စီက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ဦးဆောင်မှုနဲ့ NCA လမ်းကြောင်း အတိုင်း ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးတဲ့ ကိစ္စကလွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေး အဖြေရှာလို့ ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌက အောက်တိုဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော် အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေတွေက NCA အခြေခံ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် ပြန်လှန် ဆန်းစစ်စရာ ဖြစ်စေခဲ့ပါတယ်။

∎ မြန်မာ့ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေများ

မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေတွေကို (အပြီးအပြတ် သဘော မဆောင်ဘဲ ဆက်လက် စဉ်းစားနိုင်ရန် အညွှန်းပြုစရာအဖြစ်) ပိုင်းခြားရာမှာ အောက်ထစ် ဖြစ်တန်ခြေ (Baseline Scenario) ၊ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) နဲ့ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေတွေ (Intervention Scenarios) စသဖြင့် သုံးပိုင်းခွဲပြီး ISP-Myanmar က သုံးသပ်ခန့်မှန်းပါတယ်။ ဖြစ်တန်ခြေ အားလုံးအတွက် ကာလအပိုင်း အခြားဟာ အနည်းဆုံး ခြောက်လမှ သုံးနှစ်အတွင်း ဖြစ်နိုင်ပါတယ်။

◉ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario) 

စစ်ကောင်စီ အနေနဲ့ NCA အခြေပြု ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက်ထိန်းသိမ်းပြီး၊ NCA လက်မှတ်ထိုး မထားတဲ့ EAO တွေနဲ့တဖွဲ့ချင်း ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် သီးသန့် သဘောတူညီချက် ယူပြီး ပဏာမ လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းတာမျိုး ရှိလာနိုင်ပါတယ်။ ဒီအတွက် ဖြစ်တန်ခြေ ၄၀ ရာခိုင်နှုန်း ရှိမယ်လို့ ISP-Myanmar က သတ်မှတ်ပါတယ်။

အောက်ထစ် ဖြစ်တန်ခြေအတွက် အကြောင်းပြ ယူဆချက် များစွာ ရှိနိုင်ပြီး အဓိကကျတဲ့ အချက် ငါးချက်ကို ဖော်ပြပါမယ်။ပထမအချက်က NCA အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် ရပ်နေပေမဲ့ EAO တွေ ကိုယ်တိုင် က NCA ရဲ့ အခြေခံမူတွေကိုဆီလျော်သေးတယ်လို့ မှတ်ယူထားမှု ဖြစ်ပါတယ်။ ဒါကို NCA လက်မှတ် ထိုးထားတဲ့ NCA-S EAO အဖွဲ့တွေ့မှာ မြင်နိုင်ပါတယ်။NCA လက်မှတ် ထိုးထားတဲ့ EAO တွေထဲမှာ အဓိက ကျတဲ့ KNU အဖွဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ကိုယ်တိုင် “KNU အနေဖြင့် NCA မူဘောင်များအား လိုက်နာ ကျင့်သုံးခြင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်သူ အားလုံး အနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာ ကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေးအနက် တိုက်တွန်းသည်” ဆိုပြီး ၂၀၂၁ ခုနှစ် မေမှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအချက်က စစ်ကောင်စီဟာ အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးပြီး EAO တွေနဲ့ တိုက်ပွဲကြီးတွေ မဖြစ်အောင် သတိထား ထိန်းသိမ်းနေခြင်း ဖြစ်ပါတယ်။ တတိယ အကြောင်းပြ ယူဆချက်ကတော့ တဖြည်းဖြည်း အင်အား ကြီးမားလာတဲ့ PDF တွေကို ဦးတည် ကိုင်တွယ်ဖို့အတွက် EAO တွေနဲ့ တိုက်ပွဲကြီးတွေမဖြစ်အောင် စစ်ကောင်စီက ခြေလှမ်းပြင် နေသလို EAO တွေဆီကနေ PDF တွေကို ခွဲထုတ်ပြီး သီးသန့် ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။နောက်တခုက စစ်တပ်အတွင်း ထိပ်ပိုင်း ခေါင်းဆောင်များအကြား အကွဲအပြဲ များမဖြစ်စေရန်၊ တပ်ပြေးအရေအတွက် များပြားပြီး တပ်ရင်း၊ တပ်မ၊ စစ်တိုင်းအလိုက် ဘက်ပြောင်းမှု မဖြစ်အောင် ထိန်းထား နိုင်သေးခြင်း ဖြစ်ပါတယ်။ ဒါကို ဘယ်လောက်ထိန်းထားနိုင်မလဲ ဆိုတဲ့ အချက်က ဒီအောက်ထစ် ဖြစ်တန်ခြေကို အပြောင်းအလဲ ဖြစ်စေပါမယ်။ နောက်ဆုံး အကြောင်းပြယူဆချက်က အိမ်နီးချင်း နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ကျယ်ပြန့်လာမှာကို ရှောင်ရှားလိုခြင်း ဖြစ်ပါတယ်။အထူးသဖြင့် ကိုဗစ်အလွန်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး အကျပ်ရိုက်မှုကို ရင်ဆိုင်နေရတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ သူတို့ဆီ လျှံကျလာမယ့် ကိစ္စတွေကို ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်းမြန်မာနိုင်ငံမှာ ပဋိပက္ခ မြေပုံ ကျယ်ပြန့်လာပြီး ပြည်တွင်းစစ် ပိုကျယ်လာအောင် အထောက်အပံ့ ပေးတာ မျိုး ရှောင်ရှားလိုဟန် ရှိပါတယ်။

အောက်ထစ် ဖြစ်တန်ခြေ ဖြစ်လာခဲ့မယ် ဆိုရင် ဆက်နွယ် သက်ရောက်မှုတွေထဲ ဖြစ်လာနိုင်တာက စစ်ကောင်စီဟာ လူထုထောက်ခံမှု ကင်းမဲ့ခြင်းနဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် မရှိခြင်း အကျပ်အတည်း (legitimacy crisis) ကို ကာလတာရှည် ခံစားရမှာပါ။ တခါ သူတို့ လိုလားချက် အတိုင်း ရလဒ်ထွက်စေဖို့ EAO အဖွဲ့ကြီးတချို့ကို နိုင်ငံရေး နဲ့ စစ်စီးပွားရေး အခွင့်ထူးတွေလိုက်လျောဖွယ် ရှိပါတယ်။ တချိန်တည်းမှာပဲ EAO တွေနဲ့ PDF တွေရဲ့ ထူးခြား ချိတ်ဆက်လှုပ်ရှားမှုတွေကြောင့် အနာဂတ်လက်နက်ဖြုတ်သိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး DDR/SSR ကိစ္စတွေက ပိုပြီး ရှုပ်ထွေး ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် အနာဂတ် ငြိမ်းချမ်းရေး ညှိနှိုင်းမှု မှန်သမျှမှာ DDR/SSR အရေးက အဓိကအကျဆုံး စိန်ခေါ်မှု ဆက်ဖြစ်ဖွယ် ရှိပါတယ်။

◉ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) 

အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) က အရင် ရှိထားပြီး ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အနှစ်သာရ အရရော၊အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ်အရပါ အဆုံးသတ် သွားမယ်၊ ပျက်စီးသွားမယ်၊ စစ်ကောင်စီ တပ်တွေနဲ့ EAO၊ PDF တွေအကြား ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာပြီး ပြည်တွင်းစစ် ပိုမိုကျယ် ပြန့်လာနိုင်ခြင်း ဖြစ်ပါတယ်။ ဖြစ်တန်ခြေ ၃၀ရာခိုင်နှုန်း ရှိမယ်လို့ ISP-Myanmar က သတ်မှတ်ပါတယ်။

အဆိုးရွားဆုံး ဖြစ်တန်ခြေအတွက် အကြောင်းပြ ယူဆချက် ငါးချက်ထဲမှာ ပထမအချက်က EAO ဒေသတွေမှာ စစ်ကောင်စီတပ်တွေ တိုးမြှင့် ချထားတာကြောင့် ထိတွေ့မှု ဖြစ်ရာကနေ တွက်ကိန်းလွဲပြီး တိုက်ပွဲကြီးတွေ ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ အရင်က စစ်ပွဲမဖြစ်ဖူးတဲ့ ဒေသတွေမှာ တချို့သော EAO တွေရဲ့ အကူအညီနဲ့ အင်အား ကောင်းလာတဲ့ PDF တွေကို ကိုင်တွယ်ဖို့သာမကဘဲ၊အင်အားကြီး EAO တွေနဲ့ PDF တွေကို ခွဲထုတ် နိုင်ဖို့အတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာနဲ့ တပ်တိုးမြှင့် ချခြင်းတွေ လုပ်လာနိုင်ပါတယ်။ ဒီအခါ နှစ်ဘက်တပ်တွေ အကြား အင်အားချင်း အကဲစမ်းရာကနေ ကြီးမားတဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ တခါမြို့ပေါ်လူထု ဆန္ဒပြပွဲတွေ နဲ့ PDF တွေရဲ့ တိုက်ခိုက်မှု၊ တိုက်ပွဲဆင်မှုတွေက စစ်ကောင်စီအပေါ် ပိုမိုထိခိုက်တဲ့ ခြိမ်းခြောက်မှုအဖြစ် အနည်းဆုံး နောက်ထပ် ခြောက်လအထိ အားကောင်းမောင်းသန် ဆက်ရှိနေနိုင်တယ်ဆိုရင် ပြည်တွင်းစစ်ဟာ ထိန်းရခက်အောင် ပိုမိုကျယ်ပြန့်သွားမယ်လို့ ခန့်မှန်းနိုင်တာက ဒုတိယ အကြောင်းပြ ယူဆချက် ဖြစ်ပါတယ်။ တချိန်တည်းမှာ ပဲ EAO တွေအကြား (ဥပမာ – ရှမ်းပြည်နယ်မှာ ဖြစ်နေသလို) နယ်မြေချဲ့ထွင်ရေးနဲ့ ကြီးစိုးရေးအတွက် အခွင့်အလမ်းနဲ့ ပြိုင်ဆိုင်မှု များလာခြင်းက တတိယအချက် ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ တဖက်နဲ့ တဖက် မူးယစ်ဆေး အစရှိတဲ့ စစ်စီးပွားရေးရုတ်ခြည်း ဖြတ်တောက်ခံရတာ (ဒါမှမဟုတ်) ပိုပြီး လွယ်ကူစွာ လုပ်လာနိုင်ခြင်းကြောင့်လည်း အဆိုးရွားဆုံး ဖြစ်တန်ခြေကိုခန့်မှန်းရတဲ့ စတုထ္ထမြောက် အကြောင်းပြ ယူဆချက် ဖြစ်ပါတယ်။ နောက်ဆုံး ယူဆချက်အဖြစ် အိမ်နီးချင်းနိုင်ငံတွေကမြန်မာနိုင်ငံအတွင်း သူတို့အတွက် မဟာဗျူဟာ အရ အရေးပါတဲ့ ဒေသတွေမှာ (ဥပမာ – ရှမ်းပြည်နယ်မှာ ဖြစ်နေသလို) သူတို့နဲ့ဆက်နွယ်တဲ့ EAO တွေ၊ လိုအပ်ရင် သူတို့ဩဇာခံ လက်နက်ကိုင် တပ်အသစ်တွေကို ဖန်တီးပြီး အထိုင်ချ ခြေကုပ်ယူထားဖို့လိုအပ်လာတယ်လို့ ဆုံးဖြတ်လာခြင်း ဖြစ်ပါတယ်။

အဆိုးရွားဆုံး ဖြစ်တန်ခြေ ဖြစ်လာခဲ့မယ်ဆိုရင် ဆက်နွယ် သက်ရောက်မှုတွေ ထဲမှာ ပြည်တွင်း လူသားချင်းစာနာမှုအကျပ်အတည်း အလွန်ကြီးမားစွာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ပျက်ပြားပြီး ကျရှုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာလည်း ဖြစ်လာနိုင်တယ်။ အိမ်နီးချင်း နိုင်ငံတွေကလည်း မြန်မာ့ ပဋိပက္ခက ဖိတ်စင်လာမယ့် ဒုက္ခသည်အရေး၊ မူးယစ်ဆေးကုန်သွယ်မှု စသဖြင့် ဘေးထွက် ဆိုးကျိုးတွေ လျှံကျမလာအောင် စစ်ရေး စတဲ့ ကြားခံတွေကို ပိုမို ဖန်တီးလာတာ၊ ကန့်သတ်တားဆီးမှုတွေ ပိုလုပ်ပြီး မြန်မာနိုင်ငံကို တဖြည်းဖြည်းနဲ့ ဖယ်ကြဉ်မှု လုပ်သွားနိုင်ခြေ ရှိပါတယ်။

◉ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေများ (Intervention Scenarios)

ရလဒ်ကောင်း ထွက်ဖို့ အားထုတ်မှု ဖြစ်တန်ခြေတွေ (Intervention Scenarios) မှာ နှစ်ပိုင်း ရှိနိုင်ပါမယ်။ ပထမ တခုက နိုင်ငံတကာ(အထူးသဖြင့် တရုတ်ထောက်ခံမှုနဲ့) ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ချိတ်ဆက် ဖြေရှင်းပေးခြင်း ဖြစ်ပါတယ်။ ဒုတိယတခုက အဓိက EAO တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တွေ ပူးပေါင်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို အနိုင်ယူ အောင်ပွဲခံတာ ဖြစ်ပါတယ်။ ပထမအချက်က ဖြစ်တန်ခြေ ၂၀ ရာခိုင်နှုန်း ရှိပြီး ဒုတိယအချက်က ဖြစ်တန်ခြေက ၁၀ ရာခိုင်နှုန်း ရှိမယ်လို့ ISP-Myanmar က သတ်မှတ်ပါတယ်။

ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ အလားအလာ – ၁ ကို ဖြစ်ပေါ်စေမယ့် အကြောင်းပြ ယူဆချက် သုံးရပ် ရှိပါတယ်။ ပထမတခုက စစ်ကောင်စီဟာ မြေပြင် အခြေအနေကို မထိန်းချုပ်နိုင်တဲ့အတွက် အနိမ့်ဆုံး လူထု ပူးပေါင်းပါဝင်မှုရှိမှ အောင်မြင်နိုင်မယ့်(ဥပမာ – ရွေးကောက်ပွဲ ကျင်းပခြင်း) လုပ်ငန်းမျိုးတွေကို မလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန် ယူထားတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးကဆင်းပေးလိုက်ရတာ၊ ဒါမှမဟုတ် ရာထူးကနေ ဖြုတ်ချခံရတာ စသဖြင့် တပ်တွင်းဖြုတ်ထုတ် လှုပ်ရှားမှု အပြောင်းအလဲ ဖြစ်နိုင်ခြင်းက ဒုတိယအကြောင်းပြ ယူဆချက် ဖြစ်ပါတယ်။ တတိယ တချက်ကတော့ တရုတ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက စစ်ကောင်စီအပေါ် စိတ်ပျက်၊ စိတ်မရှည်တော့ဘဲ တညီတညွတ်တည်း ဖိအားပေးမှုတွေ လုပ်ခြင်း ဖြစ်ပါတယ်။ ဒီအခြေနေတွေ ရှိလာရင်တော့ နိုင်ငံတကာ ကြားဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ချိတ်ဆက် ဖြေရှင်းပေးခြင်းမျိုးဖြစ်တန်ခြေ ရှိပါတယ်။

ဒီအတွက် ဖြစ်လာနိုင်တဲ့ ဆက်နွယ် သက်ရောက်နိုင်မှုတွေထဲမှာ အဓိကအင်အားစုတွေ လက်ခံ သဘောတူတဲ့ ငြိမ်းချမ်းရေးစာချုပ်အသစ်တခု ဖြစ်နိုင်ခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ကြားကာလ အစိုးရတရပ် ပေါ်ထွန်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာရင် နိုင်ငံတကာဖိအား လျော့ပါးခြင်း၊ လူသားချင်းစာနာမှုနဲ့ အခြား အကူအညီ ပိုရခြင်းတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ သဘောထား ပြင်းထန်သူတွေက စေ့စပ်ဆွေးနွေးမှု ရလဒ်ကို လက်မခံတာကြောင့် တိုက်ခိုက်မှုတွေ တစုံတရာ ဆက်ဖြစ်ပွားနေနိုင်ပါတယ်။

ရလဒ်ကောင်းထွက်ရန် အားထုတ်မှု၏အလားအလာ – ၂ ကို ဖြစ်ပေါ်စေမယ့် အကြောင်းပြ ယူဆချက် ငါးရပ် ရှိပါတယ်။ ပထမ တခုက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ဆုံချက် ဖြစ်မယ်၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (Federal Charter) အသက်ဝင်လာပြီး EAO တွေကို တပ်ပေါင်းစုဖွဲ့ဖို့ ဆွဲဆောင်နိုင်ခြင်း ဖြစ်ပါတယ်။ EAO တွေအနေနဲ့လည်း သူတို့ရဲ့တိုင်းရင်းသား လူငယ်တွေနဲ့ မြန်မာလူထု တရပ်လုံးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလမ်းကြောင်းကို လွန်ဆန်ဖို့ ခက်ခဲလာခြင်းကဒုတိယအချက် ဖြစ်ပါတယ်။ တခါ စစ်ကောင်စီ အနေနဲ့ EAO တွေကို မက်လုံးပေး ညှိနှိုင်းဖို့လည်း မစွမ်းဆောင်နိုင်တော့ခြင်း၊သွေးခွဲ အုပ်ချုပ်တာကိုလည်း မလုပ်နိုင်တော့ ခြင်းတွေက တတိယအချက် ဖြစ်ပါမယ်။ စတုတ္ထအချက်က စစ်တပ်ထဲမှာ တပ်ပြေးအရေအတွက် များလာပြီး တပ်ရင်း၊ တပ်မ၊ စစ်တိုင်းအလိုက် ဘက်ပြောင်းမှုဖြစ်လာတာကို မထိန်းနိုင်တော့ဘဲ ထိပ်ပိုင်းခေါင်းဆောင်တွေ အကြား အကွဲအပြဲ ဖြစ်လာတာ၊ တပ်တွေကို တနိုင်ငံလုံး ဖြန့်ကျက် ထားရတာကြောင့် အားနည်းပြီး စိတ်ဓာတ်ကျဆင်း စစ်ပန်းလာတာ စတဲ့ အချက်တွေကို ထည့်တွက်ရပါမယ်။ နောက်ဆုံး အချက်ကတော့ နိုင်ငံတကာ (အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေ) က စစ်ကောင်စီဟာ တိုင်းပြည်ကို မထိန်းနိုင်တော့ဘူး လို့ ယူဆတဲ့အတွက် တော်လှန်ရေး အင်အားစုတွေကိုစုစည်းနိုင်အောင် ကူညီပေးတာ၊ ရုပ်ဝတ္ထု အထောက်အပံ့တွေ ပေးလာတာမျိုး ဖြစ်ပါတယ်။

ဒီဖြစ်တန်ခြေကြောင့် ဆက်နွယ် သက်ရောက်မှု ဖြစ်လာနိုင်တာက အငြင်းပွားမှုတွေ ဘယ်လိုပဲ ရှိစေ လူ့အဖွဲ့အစည်း အတွင်းအပြောင်းအလဲ ဖြစ်ပေါ်လာပြီး ပြည်ထောင်စု လက္ခဏာ တည်ဆောက်ရေးအတွက် အကျိုးများခြင်း ဖြစ်လာနိုင်ပါတယ်။ တခါနိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ အကူအညီတွေ ပြန်လည်ရရှိ လာနိုင်ပါတယ်။ ဒါပေမဲ့ တပ်တွင်း လက်နက်ကိုင်ထားသူ အချို့၊ပြည်ခိုင်ဖြိုး (USDP) ပါတီဝင်တချို့နဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး ကြွေးကြော် ပြင်းထန်သူတချို့က ပြောင်းလဲလာမယ့်အခြေအနေကို လက်မခံနိုင်ဘဲ လက်နက်ကိုင်စွဲ တန်ပြန်ခြင်းတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဖြစ်တန်ခြေတွေကို လေ့လာရာမှာ အနာဂတ် ဟောကိန်းသဘောထက် အကြောင်းပြ ယူဆချက်တွေကို အထောက်အထားနဲ့ဆန်းစစ်ပြီး၊ အထောက်အထား အားကောင်းရင် အားကောင်းလာသလောက် ဖြစ်တန်ခြေ ပိုနီးစပ်လာနိုင်မယ့် အညွှန်းပြဆိုချက်များအဖြစ် လေ့လာသင့်ပါတယ်။ အထောက်အထား ကျိုးကြောင်း ယုတ္တိကို ဖော်ထုတ် ပိုင်းခြား ဆန်းစစ်ပြီး ဖြစ်တန်ခြေကို ကြိုတွေးဆခြင်းနဲ့ အကျိုးဆက်များကို ပုံဖော်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘက်အသီးသီးက မူဝါဒ ချမှတ်သူများအနေနဲ့ရော၊ ပြည်သူများအနေနဲ့ပါ မိမိတို့ မျှော်မှန်းတဲ့ ဖြစ်တန်ခြေ အနာဂတ်ကနေ ယခု ပစ္စုပ္ပန်ကို ပြန်စုန်ဆင်းပြီး လိုအပ်တဲ့ အကြောင်းတရားတွေပြည့်စုံအောင် ဘယ်လို တည်ဆောက်ယူရင် ရေဆန်ကို လှန်တက်နိုင်မလဲ၊ ဦးတည်တဲ့ ပန်းတိုင်ရောက်မလဲ ဆိုတဲ့ မဟာဗျူဟာမြောက် ဦးနှောက် မုန်တိုင်းဆင်နိုင်ဖို့၊ စီမံကိန်းတွေ ချမှတ်နိုင်ဖို့ အတွက် ဖြစ်တန်ခြေ တွေးတောပုံက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားတဲ့ အလေ့ကို လုပ်ခြင်းအားဖြင့် မိမိ စိတ်အစွဲအရ ဖြစ်ချင်တာတွေကိုပဲ သက်သေရှာကျားကန်ဖို့ ကြိုးစားတဲ့ အစွဲအထောက်အထား၊ အစွဲကောက်ချက်တွေကို ရှောင်ရှား နိုင်ပါတယ်။ မိမိဦးတည် လိုရာပန်းတိုင် ဖြစ်တန်ခြေကို ဘယ်လို ရောက်အောင် သွားနိုင်မလဲဆိုတဲ့ မဟာဗျူဟာ ပြင်ဆင်ချက်၊ လုပ်ဆောင်ချက်တွေကို အဂတိ အနည်းဆုံးနဲ့ဖော်ဆောင်နိုင်ပါတယ်။ မိမိ မလိုလား၊ မကြုံတွေ့ လိုတဲ့ ဖြစ်တန်ခြေ များကို ဖြစ်စေတတ်တဲ့ အကြောင်းပြ ယူဆချက်တွေ၊အထောက်အထားတွေကို မျက်စိဖွင့် စိတ်ဖွင့် လေ့လာဖြစ်တဲ့ အတွက် ဒီအ္တရာယ်မျိုး ဖြစ်မလာအောင် ဘယ်လို ဟန့်တားဆောင်ရွက်မလဲ၊ ဖြစ်လာခဲ့ရင်ကော အငိုက်မိစရာ မလိုဘဲ အဆုံးအရှုံးနည်းအောင် ဘယ်လို ပြန်လည် ရုန်းထွက် လမ်းသစ်ဖောက်မလဲ ဆိုတာကို မဟာဗျူဟာကျကျ ပြင်ဆင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

1 comment