ပြည်ခိုင်ဖြိုး ထိပ်တန်း ခေါင်းဆောင်များ ပဋိပက္ခကို လေ့လာခြင်း

ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များ ပဋိပက္ခကို လေ့လာခြင်း

နေယံဦး ၁

■ နိဒါန်း

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင်စားဖွယ် ကောင်းသည့် အကြောင်းအရာတစ်ခုမှာ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာတို့အကြား အားပြိုင်မှု ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အာဏာလွန်ဆွဲမှုကြီး ဖြစ်သည်။ တိတိကျကျ ဆိုရပါက သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်များအကြား နိုင်ငံရေးပဋိပက္ခပင် ဖြစ်သည်။

အခြေခံဥပဒေ ခုံရုံးကိစ္စဖြင့် အစပြုခဲ့သော အာဏာနှစ်ရပ် ပွတ်တိုက်မှုသည် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပိုမို ပြင်းထန်လာခဲ့သည်။  ”သန်းခေါင်ယံ အာဏာသိမ်းပွဲ”ဟု မီဒီယာများက ခေါ်ဝေါ်သည့် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးမှ ဖြုတ်ချချိန်တွင် ပါတီအတွင်း နှစ်ဘက်အားပြိုင်မှု ထိပ်ဆုံးရောက်ခဲ့သည်။ ရွေးကောက်ပွဲအလွန်ကာလ ရောက်ရှိလာသည့်တိုင် ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များ၏ အကွဲအပြဲကို ဆက်လက် တွေ့နေရသေးသည်။

■ အဘယ့်ကြောင့် အာဏာရပါတီအတွင်း နိုင်ငံရေးအကွဲအပြဲများ ဖြစ်သနည်း။

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် တပ်မတော်တွင်လည်း နှစ်ပေါင်းများစွာ အတူတကွ လက်တွဲ လုပ်ဆောင်လာကြသူများလည်း ဖြစ်သည်။ ထိုကဲ့သို့သော ရင်းနှီးမှုများ ရှိပါလျက် နိုင်ငံရေး အကူးအပြောင်းကာလတွင် ၎င်းတို့ဦးဆောင်သော အစုအဖွဲ့များအကြား အဘယ်ကြောင့် အာဏာယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာသနည်း။ မည်ကဲ့သို့သော အကြောင်းအရာများက ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များအကြား ပဋိပက္ခကို ဖြစ်ပေါ်စေသနည်း။ ယင်းပဋိပက္ခများသည် ယခင် တပ်မတော်အစိုးရ လက်ထက်တွင် မဖြစ်ပေါ်ဘဲ အဘယ်ကြောင့် ယခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းချိန်ကျမှ ဖြစ်ပေါ်လာသနည်း။

မြန်မာ့နိုင်ငံရေးကို သုတေသန ပြုနေသူများအတွက် အထက်ပါ မေးခွန်းများမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းသော မေးခွန်းများ ဖြစ်သည်။ ယေဘုယျအားဖြင့် ပြည်ခိုင်ဖြိုး ခေါင်းဆောင်များ၏ အကွဲအပြဲကို နည်း (၂) နည်းဖြင့် ရှင်းပြလေ့ ရှိသည်။ ဇာတ်ညွှန်းအတိုင်း ကပြခြင်းနှင့် နိုင်ငံရေးစနစ်သစ်၏ သဘောသဘာဝဟူ၍ ဖြစ်သည်။ အကျယ်ကို အောက်တွင် ဖော်ပြသွားပါမည်။ ယခုစာတမ်းတွင်မှု ထို ရှင်းပြနည်း (၂)နည်းမှ ခွဲထွက်၍ အယူအဆအသစ် တစ်ခုကို တင်ပြသွားမည် ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် နိုင်ငံရေးသိပ္ပံ သီအိုရီများ အသုံးပြုပြီး အာဏာရပါတီတွင်း ပဋိပက္ခကို သုံးသပ်သွားမည် ဖြစ်သည်။

■ ပြည်ခိုင်ဖြိုး အကွဲအပြဲ

ပထမဦးစွာ ဇာတ်ညွှန်းအတိုင်း ကပြခြင်းနှင့် နိုင်ငံရေးစနစ်သစ်၏ သဘောသဘာ၀ ဟူသော ယူဆချက်များကို လေ့လာကြပါစို့။

အများသိကြပြီး ဖြစ်သည့်အတိုင်း ပြည်ခိုင်ဖြိုးပါတီအတွင်း ထိပ်သီး ခေါင်းဆောင်များ၏ နှစ်ဘက် ပြိုင်ဆိုင်မှုသည် ပြုပြင်ပြောင်းလဲမှုများ စတင်သည့် ၂၀၁၃၊ ၂၀၁၄ မှ အခြေပြုခဲ့ကာ၊ ၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပွတ်တိုက်မှု ပိုမို ပြင်းထန်လာခဲ့သည်။ အသေးစိတ်ကိုတော့ မီဒီယာများတွင် မှတ်တမ်း တင်ထားပြီး ဖြစ်သလို ဤနေရာတွင် စာမျက်နှာ အကန့်အသတ်လည်း ရှိသဖြင့် ယခုစာတမ်းတွင် မဖော်ပြတော့ပေ။

ဦးသိန်းစိန်အဖွဲ့နှင့် ဦးရွှေမန်းအဖွဲ့အကြား ပဋိပက္ခကို  တချို့က ဇာတ်ညွှန်းအတိုင်း ကနေခြင်းဟု ဝေဖန်ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  စိတ်တိုင်းကျ ရေးဆွဲထားခြင်းဖြစ်ပြီး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း ၎င်း၏ ခွင့်ပြုချက် ဘောင်အတွင်းကသာ ပြုလုပ်နေရခြင်း ဖြစ်သည်။ အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အာဏာလွန်ဆွဲမှုသည်လည်း ၎င်း၏ စေခိုင်းချက်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် အာဏာရ ခေါင်းဆောင်များအကြား အမှန်တကယ် အကွဲအပြဲများ ဖြစ်နေခြင်း မဟုတ်ဘဲ ပြည်သူများအား မျက်လှည့်ပြရန် (ဝါ) စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါသည်ဟု နိုင်ငံတကာမှ ထင်လာစေရန် ကစားကွက်လှည့်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်ကြသည်။ ထိုကဲ့သို့ အမြင်ရှိသူများအကြား နာမည်ကျော် အနုပညာရှင် ဦးသူရ(ခ) ဇာဂနာ ကဲ့သို့သော ထင်ရှားသူများ ပါဝင်ပါသည်။

သို့ရာတွင် ထိုသုံးသပ်ချက်မှာ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ရွေးကောက်ပွဲအလွန် ကာလများက သက်သေပြနေပါသည်။ ဥပမာ- ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒီဇင်ဘာလအတွင်း တွေ့ဆုံမှုနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ထိုတွေ့ဆုံမှုသည် အာဏာလွှဲပြောင်းမှုအား မည်ကဲ့သို့မျှ သက်ရောက်မှု မရှိနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။ ဦးရဲထွဋ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အငြိမ်းစားယူသွားပြီ ဖြစ်သဖြင့် လက်ရှိ အစိုးရအဖွဲ့အား အာဏာလွှမ်းမိုးမှု မရှိကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်၏ ပေါ်လစီများကို ပြောင်းပြန် ဖြစ်သွားအောင် အမိန့်ပေး၍ မရကြောင်း သတင်းထောက်များအား အတိအလင်း ထုတ်ဖော်ပြောခဲ့သည်။ ထိုအချက်က အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား ပဋိပက္ခသည် ဗိုလ်ချုပ်မှူးကြီး၏ ညွှန်ကြားချက်ဖြင့် ဖြစ်ပေါ်ရခြင်း မဟုတ်ကြောင်း ဖော်ပြနေသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ဦးရွှေမန်းနှင့် ၎င်းနှင့်နီးစပ်သူ ပြည်ခိုင်ဖြိုးပါတီဝင်များအား လွှတ်တော်အသစ်အတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွင် တာဝန်ပေးအပ်ခဲ့သည်။ ဦးရွှေမန်း၏ အကြံပြုချက်ဖြင့် ပြည်ထောင်စုအဆင့် ရာထူးအချို့ကိုလည်း (ဥပမာ- ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ) NLD ဘက်က အတည်ပြုခဲ့သည်။ မြန်မာ့အရေး ကျွမ်းကျင်သူအချို့က ဦးရွှေမန်းအား ထိုကဲ့သို့ ကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်ခြင်းသည် ၎င်းအား တပ်မတော်နှင့် ဦးသိန်းစိန် အစိုးရအဖွဲ့က ဥပဒေကြောင်းအရ တရားစွဲပြစ်ဒဏ်ပေးခြင်းမှ ကာကွယ်ရန် NLD ဘက်က ကြိုးပမ်းပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုအခြင်းအရာများက ရွေးကောက်ပွဲအလွန်ကာလ ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲ ဆက်လက် ရှိနေသေးကြောင်း ညွှန်ပြနေသည်။

ဆိုရလျှင် ဦးသိန်းစိန်အုပ်စုနှင့် ဦးရွှေမန်းအုပ်စုကြား အကွဲအပြဲသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇာတ်ညွှန်းအရ ကပြနေခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များအကြား ပဋိပက္ခ ဖြစ်ပေါ်ရသနည်း။ အုပ်ချုပ်ရေး အာဏာနှင့် တရားဥပဒေပြုရေး အာဏာအကြား အဘယ်ကြောင့် ပွတ်တိုက်မှုများ ပြင်းထန်ခဲ့သနည်း။

အချို့ပညာရှင်များက ထိုပဋိပက္ခသည် နိုင်ငံရေး ပုံစံသစ်ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။ မြန်မာနိုင်ငံတွင် သမ္မတစနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအကြား အပြန်အလှန် ထိန်းကျောင်းခွင့်ကို အခြေခံဥပဒေက ခွင့်ပြုထားသည်။ ထိုသည်ပင် သမ္မတစနစ်၏ အားသာချက်ဖြစ်သည်။ ပါလီမန်စနစ်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့သည် ကွဲပြားခြင်း မရှိဘဲ အပြန်အလှန် ထိန်းကျောင်းမှုလည်း အားနည်းလှသည်။ ထိုသည်နှင့် ဆန့်ကျင်စွာ သမ္မတစနစ်သည် လွှတ်တော်နှင့် အစိုးရအကြား အချင်းချင်း ထိန်းကျောင်းမှုကို အားပေးသည်။

ထို့ကြောင့် သမ္မတစနစ် ကျင့်သုံးသော မြန်မာနိုင်ငံတွင် သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရအဖွဲ့နှင့် လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းအကြား မကြာမကြာဆိုသလို ပဋိပက္ခအသွင် ဆောင်ခြင်းဖြစ်သည်။ အမှန်တွင်မှု ပုဂ္ဂိုလ်ချင်း အားပြိုင်မှုမဟုတ်ဘဲ အပြန်အလှန် ထိန်းကျောင်းမှုဟူသည့် သဘောတရားအရသာ ပွတ်တိုက်မှုဖြစ်ခြင်း ဖြစ်သည်။ ဤကဲ့သို့သော သဘောကို အချို့သော မြန်မာပညာရှင်များနှင့် အစိုးရအဖွဲ့ဝင်များက မကြာမကြာဆိုသလို ထုတ်ဖော်ပြောဆိုတတ်သည်။

သို့ရာတွင် ဤသုံးသပ်ချက်မှာလည်း ပြည့်စုံလှသည် မဟုတ်ပေ။ အကယ်၍ သမ္မတစနစ်ကြောင့်သာ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား အာဏာလွန်ဆွဲမှု ဖြစ်ပေါ်ရသည်ဆိုလျှင်၊ မေးစရာရှိသည်မှာ ယခု NLD အစိုးရနှင့် လွှတ်တော်သည် အဘယ်ကြောင့် ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်သနည်း။ လွှတ်တော်သက်တမ်း နုနယ်သေးသောကြောင့်ဟု အဖြေပေးနိုင်သော်လည်း အခြားနိုင်ငံ ဥပမာများကို လေ့လာကြည့်ပါက သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌသည် ပါတီတစ်ခုထဲမှ လာပါက ပဋိပက္ခ အသွင်ဆောင်ခြင်းမျိုး မရှိလှသည်ကို တွေ့ရပါလိမ့်မည်။ ပါတီက ချမှတ်ပေးသော မူဘောင်ပေါ်တွင် တာဝန်ခွဲေ၀ အလုပ်လုပ်ရခြင်းမျိုး ဖြစ်၍ မူဝါဒပိုင်းဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်ပေါ်ရန် နည်းလှသည်။ သို့ဖြစ်၍ သမ္မတစနစ်ကြောင့် သူရဦးရွှေမန်း လွှတ်တော်နှင့် ဦးသိန်းစိန်အစိုးအရအကြား ပွတ်တိုက်မှု ဖြစ်သည်ဟူသော အဆိုသည် ပြည့်စုံသော သုံးသပ်ချက် မဟုတ်ပေ။

■ နိုင်ငံရေးသိပ္ပံရှုထောင့်

ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များ၏ ပဋိပက္ခကို လေ့လာရာတွင် ”ဇာတ်ညွှန်းအတိုင်း ကပြခြင်း” နှင့် ”နိုင်ငံရေးစနစ်အသစ်ကြောင့်” ဟူသော သုံးသပ်ချက်များသည် လုံလောက်သော အဖြေကို မပေးနိုင်သဖြင့် ယခုဆောင်းပါးတွင် သုံးသပ်ချက် အသစ်တစ်ခုကို တင်ပြသွားမည် ဖြစ်သည်။ စာရေးသူအနေဖြင့် နိုင်ငံရေးသိပ္ပံ သီအိုရီနှစ်ခုကို အသုံးချပြီး ဦးသိန်းစိန်အုပ်စုနှင့် ဦးရွှေမန်း အုပ်စုအကြား အကွဲအပြဲကို ချဉ်းကပ်သွားမည် ဖြစ်သည်။

ပါတီတစ်ခုအတွင်းမှ အတူတူလာသူများ ဖြစ်သော်လည်း ဖော်ပြပါ အစုအဖွဲ့ နှစ်ခုအကြား အဘယ်ကြောင့် ပဋိပက္ခများ ဖြစ်ပေါ်နေရသနည်း။ အာဏာအခြေပြု၊ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်မူများကြောင့် ဖြစ်သည်ဟု စာရေးသူအနေဖြင့် သုံးသပ်ပါသည်။ ဆိုရလျှင် ဦးရွှေမန်းအနေဖြင့် သမ္မတရည်မှန်းချက် ရှိပြီး၊ ဦးသိန်းစိန်၏ လက်ရုံးဝန်ကြီးများ အနေဖြင့်လည်း သမ္မတကြီးအား နောက်ထပ် သက်တမ်းတစ်ခု တာဝန်ထမ်းဆောင်စေလိုသည်။ ထိုကဲ့သို့ အကျိုးစီးပွား အခြေခံကလာသည့် အုပ်စုနှစ်ခုအကြား အာဏာလွန်ဆွဲမှု ဖြစ်သည်။

ဤတွင် မေးစရာရှိသည်မှာ ထိုကဲ့သို့ အာဏာပြိုင်ဆိုင်မှုများ ယခင် တပ်မတော်အစိုးရ လက်ထက်အတွင်းတွင် မဖြစ်ပေါ်ဘဲ၊ အဘယ်ကြောင့် ယခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းချိန်ကျမှ ဖြစ်ပေါ်ပါသနည်း။ အဖြေမှာ စစ်တပ်တို့၏ သဘောသဘာဝနှင့် ဆိုင်ပါသည်။ အသေးစိတ်ကို အောက်တွင် ဖော်ပြပါမည်။

■ စစ်တပ်တို့၏ အကျိုးစီးပွား

အာဏာရှင်စနစ်များအကြောင်း လေ့လာလျှင် ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လော့အိန်ဂျလိစ်မြို့ (UCLA) ရှိ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Barbara Geddes ကို ချန်လှပ်ထား၍ မဖြစ်ပေ။ ပါမောက္ခ Geddes ၏ သုတေသနများတွင် အာဏာရှင်စနစ်ကို သုံးမျိုး ခွဲခြားထားသည်။ လူတစ်ဦး တစ်ယောက်ထဲက ထိန်းချုပ်သော အာဏာရှင်စနစ်၊ တစ်ပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် ဟူ၍ဖြစ်သည်။

စစ်အာဏာရှင်စနစ် ဆိုသည်မှာ စစ်ဗိုလ်ချုပ် တစ်သိုက်က အာဏာကို ခွဲဝေ၍ collective leadership ဟုခေါ်သည့် ခေါင်းဆောင်မှုကို မျှေ၀ အုပ်ချုပ်ခြင်း ဖြစ်သည်။ နိုင်ငံကို ဘယ်လိုအုပ်ချုပ်မည်၊ စီးပွားရေးမူဝါဒကို မည်သည့်ပုံစံ ချမှတ်မည်၊ ပြည်သူ့ရေးရာ မူဝါဒများကို မည်ကဲ့သို့ ကျင့်သုံးမည် အစရှိသည်တို့ကို တစ်ဦး တစ်ယောက်ထဲက မဟုတ်ဘဲ၊ အာဏာသိမ်း စစ်ခေါင်းဆောင် တစ်သိုက်က အချင်းချင်းကြားထဲ ဆွေးနွေးပြီး ၎င်းတို့ သဘောကျ မူဝါဒကို ပုံဖော်ခြင်း ဖြစ်သည်။ သို့ရာတွင် အာဏာသိမ်းကာလ အတန်ငယ် ကြာလာသည်နှင့်အမျှ အာဏာသိမ်း ခေါင်းဆောင်များထဲမှ တစ်ဦး တစ်ယောက်က အာဏာကို အလုံးစုံ ထိန်းချုပ်ရန် ကြိုးစားလာသည်မျိုးလည်း ကြုံရတတ်ပါသည်။ ဤသို့ဖြစ်လာလျှင် နိုင်ငံရေးစနစ်သည် ပုဂ္ဂိုလ်အခြေပြု အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် ရောထွေးသွားသည်။ ဤစနစ်သစ်တွင် စစ်ဗိုလ်ချုပ် တစ်ယောက်ထဲကသာ အာဏာကို ဆုပ်ကိုင်ထားမည် ဖြစ်ပြီး၊ ကျန် အာဏာသိမ်း စစ်ဗိုလ်များကိုမှု လုပ်ပိုင်ခွင့် အနည်းငယ် ဝေမျှထားမည် ဖြစ်သည်။

ပါမောက္ခ Geddes ၏ သီအိုရီအရ စစ်တပ်၏ စိတ်ဝင်စားမှုသည် စစ်တပ် မပြိုကွဲရေးပင် ဖြစ်သည်။ အသေးစိတ် ဆိုရပါက-

(က)    စစ်တပ်အတွင်း ထပ်အောက် နာခံမှုရှိမှု၊ အမိန့်နာခံမှု၊ ညီညွတ်မှု။

(ခ)     ရာထူးတိုးခြင်း၊ တာဝန်ရွှေ့ပြောင်းခြင်း ကိစ္စများတွင် အရပ်သားဘက်မှ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ မိမိတို့ဘာသာ လွတ်လပ်စွာ စီရင်နိုင်မှု။

(ဂ)     နောက်ဆုံးပေါ် လက်နက်ခဲယမ်းများ ဝယ်ရန်နှင့် အရည်အချင်းရှိ စစ်သည်များကို မွေးထုတ်ရန် လုံလောက်သော ဘတ်ဂျက်ရရှိမှု။

(ဃ)    နယ်စပ်ဒေသများ လုံခြုံမှုနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုတို့သည် စစ်တပ်များ၏ ပင်မစိတ်ဝင်စားမှု ဖြစ်သည်။ တစ်နည်းပြောရလျှင် ၎င်းတို့၏ corporate interest သည် စစ်တပ်မပြိုကွဲရေး၊ ခေတ်မီသော စစ်တပ်ဖြစ်ရေး၊ စစ်တပ်အတွင်း ညီညွတ်ရေး အစရှိသည့် စစ်တပ်၏ အရေးအရာ ကိစ္စများသာ ဖြစ်သည်။

ထို corporate interest  ကို ထိပါးလာလျှင် အာဏာသိမ်းမှုများ ဖြစ်လာနိုင်ပြီး အာဏာသိမ်းသည် ဖြစ်စေ၊ အာဏာမှ ဆုတ်ခွာပြီး စစ်တန်းလျားသို့ ပြန်သည်ဖြစ်စေ စစ်တပ်တစ်ခုလုံး အနေဖြင့် ညီညီညွတ်ညွတ် ပြုလုပ်လေ့ရှိသည် (act as a cohesive whole) ။ ယေဘုယျအားဖြင့် စစ်ခေါင်းဆောင်များသည် မိမိတို့၏ အကျိုးစီးပွားထက် စစ်တပ်ဟူသော အင်စတီးကျူးရှင်း၏ အကျိုးစီးပွားကိုသာ ဦးစားပေးလေ့ ရှိသည်။ စစ်တပ်အတွင်း မညီညွတ်ခြင်းသည် တပ်အတွင်း ပြိုကွဲခြင်းကို ရှေးရှုနိုင်ပြီး ထိုဖြစ်စဉ်၏ အကျိုးဆက်ကို ၎င်းတို့ကိုယ်တိုင် ပြန်လည် ခံစားနိုင်မည်ကို ကောင်းစွာ သဘောပေါက်သောကြောင့်၊ စစ်ခေါင်းဆောင်များသည် ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြပြီး၊ မိမိတို့၏ အကျိုးစီးပွားထက် စစ်တပ် ရှင်သန်ရပ်တည်ရေးကိုသာ ဦးစားပေး ရွေးချယ်ကြသည်။

■ နိုင်ငံရေးသမားတို့၏ သဘောသဘာဝ

ပါမောက္ခ Geddes ၏ သီအိုရီက စစ်တပ်တို့၏ ညီညွတ်သော သဘောထားကို ရှင်းပြသည်။ ပြည်ခိုင်ဖြိုး ခေါင်းဆောင်ပိုင်း ပဋိပက္ခကို နားလည်ရန် ထိုသီအိုရီ တစ်ခုထဲဖြင့် မလုံလောက်ဘဲ အခြား နိုင်ငံရေးသိပ္ပံ သီအိုရီတစ်ခု အသုံးပြုရန် လိုသည်။

Rational Choice သီအိုရီသည် ဘောဂဗေဒတွင် အခြေခံပြီး နောက်ပိုင်း နိုင်ငံရေး ဘောဂဗေဒ၊ နိုင်ငံရေး သိပ္ပံတွင် ယူငင်သုံးစွဲသည့် သီအိုရီတစ်ခု ဖြစ်သည်။ ဤသီအိုရီ၏ အခြေခံယူဆချက်မှာ လွန်စွာပင် ရိုးရှင်းသည်။ Human beings are rational actors  ဟုဆိုပြီး လူဆိုသည်မှာ ကျိုးကြောင်း ဆီလျော်စွာ ရွေးချယ်တတ်သူ ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။ ဥပမာ- လုပ်အား ပေးလိုက်မလား၊ ပျော်ပွဲစား ထွက်မလား ဟုဆိုရာတွင် အများစုက ပျော်ပွဲစားသွားမည် ဖြစ်သည်။ ဆိုလိုသည်မှာ လူအများသည် မိမိအကျိုးစီးပွားကို အခြေခံ၍ စဉ်းစား လုပ်ဆောင်တတ်သော သဘောပင် ဖြစ်သည်။

ရွေးချယ်စရာ နှစ်ခုရှိပါက မိမိအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းကို ရွေးချယ်ခြင်း ဖြစ်သည် (maximize in pursuing self-interest) ။

Rational Choice သီအိုရီက နိုင်ငံရေးသမားများသည်လည်း လူသားသာဖြစ်၍ rational actors  များဖြစ်သည်ဟု ယူဆသည်။ ထို့ကြောင့် နိုင်ငံရေးသမားများ၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရေး ဖြစ်သည်ဟု သုံးသပ်သည်။ ဥပမာ- ရွေးကောက်ပွဲ အနိုင်ရရေး၊ အာဏာကိုင်စွဲရေး၊ လက်ရှိ ရာထူးမှ မစွန့်ခွာရရေး၊ နိုင်ငံတကာမှ ဆုတံဆိပ်များ ရရှိရေး၊ သမိုင်းတွင် နာမည်ကောင်းဖြင့် ကျန်ခဲ့ရေး၊ နာမည် ကျော်ကြားရေး၊ ငွေရေးကြေးရေး အကျိုးအမြတ်ရရှိရေး အစရှိသည်တို့သည် နိုင်ငံရေးသမားတို့၏ မျှော်မှန်းချက်များ ဖြစ်နိုင်သည်ဟု ဆိုသည်။ မိမိတို့၏ အကျိုးစီးပွားကို မူတည်၍ နိုင်ငံရေးမိတ်ဆွေ/ရန်သူ၊ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ ပြုလုပ်သည် ကောက်ချက်ချပါသည်။

ချုပ်ရလျှင် ပါမောက္ခ Geddes ၏ သီအိုရီက စစ်တပ်တို့၏ ညီညွတ်သော သဘောသဘာ၀ နှင့် ၎င်းတို့၏ corporate interest ကို ကာကွယ်ပုံအား ရှင်းပြပြီး၊ Rational Choice သီအိုရီက နိုင်ငံရေးသမားများ၏ ကျိုးကြောင်း ဆီလျော်စွာ ရွေးချယ်တတ်စွမ်းနှင့် ၎င်းတို့၏ တစ်သီးပုဂ္ဂလ အကျိုးစီးပွား (နိုင်ငံရေးမျှော်မှန်းချက်)ကို ပြည့်ဝအောင် ကြိုးပမ်းတတ်ကြောင်း ဖော်ပြသည်။

■ ယခင် စစ်ဗိုလ်ချုပ်၊ ယခု နိုင်ငံရေးသမား

၂၀၁၀ ရွေးကောက်ပွဲအပြီး လွှတ်တော်များ စတင် ပေါ်ထွက်လာချိန်တွင် အများစုက လွှတ်တော်ကို လက်ညှိုးထောင်၊ ခေါင်းညိမ့်လွှတ်တော်သာ ဖြစ်လိမ့်မည်ဟု အထင်ရှိခဲ့ကြသည်။ ထိုသို့ အထင်ရှိသူများ ကြားထဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်သည်ဟု အင်တာဗျူးများအရ သိရသည်။ သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ကြိုးပမ်းချက်ဖြင့် လွှတ်တော်သည် မြိုင်ဆိုင်သည့်လွှတ်တော် ဖြစ်လာပြီး နိုင်ငံရေး အကြောင်းအရာများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ရခဲ့ကာ၊ အထူးသဖြင့် အစိုးရအဖွဲ့ကို အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းစဉ်အား အားကောင်းစွာ ပြုလုပ်နိုင်ခဲ့ပါသည်။

အစိုးရအဖွဲ့ကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တို့အား သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီးများ ဦးဆောင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် အများက မျှော်လင့်မထားခဲ့သော ဒီမိုကရေစီ ကူးပြောင်းခြင်း ဖြစ်စဉ်သို့ ရွေ့လျားခဲ့ပါသည်။ သို့ရာတွင် ထိုဖြစ်စဉ်ထဲ မကြာမကြာဆိုသလို လွှတ်တော်နှင့် အစိုးရအဖွဲ့ ထိပ်တိုက်တွေ့ခဲ့ပါသည်။

အချို့သော မြန်မာ့အရေးလေ့လာသူများက ထိုသို့ ပွတ်တိုက်မှုကို သာမန် မဏ္ဏိုင်ကြီး နှစ်ခုအကြား အပြန်အလှန်ထိန်းကျောင်းခြင်းဟု သုံးသပ်သည်။ အမှန်မှာ မဏ္ဏိုင်ကြီးနှစ်ခု ထိပ်တိုက်တွေ့ခြင်း မဟုတ်ဘဲ လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သောအဖွဲ့နှင့် သမ္မတဦးသိန်းစိန် ဦးဆောင်သောအဖွဲ့ နှစ်ဖွဲ့အကြား ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှု၊ အကျိုးစီးပွားတိုက်ပွဲသာ ဖြစ်သည်။ တစ်နည်းပြောရလျှင် ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်ဆောင်းများ၏ ပဋိပက္ခသာလျှင် ဖြစ်သည်။

ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များသည် ယခင် စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်ပြီး၊ တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံတော်၏ အမြင့်မားဆုံးသော တာဝန်များကို အတူတကွ ထမ်းဆောင်ခဲ့ကြသူများလည်း ဖြစ်သည်။

အဘယ်ကြောင့် ယခုမှ ပါတီတွင်း အကွဲအပြဲ ဖြစ်ပေါ်လာရသနည်း။ ယခင် တပ်မတော်အစိုးရ လက်ထက်တွင် အဘယ့်ကြောင့် ထိုပုဂ္ဂိုလ်များ အာဏာယှဉ်ပြိုင်မှု မရှိသနည်း။

ပါမောက္ခ Geddes ၏ သီအိုရီက ထိုမေးခွန်းများကို ဖြေဆိုရာတွင် အသုံးဝင်ပါသည်။ မြန်မာနိုင်ငံကို ၁၉၈၈ မှ ၂၀၁၀ အထိ အုပ်ချုပ်ခဲ့သော အစိုးရသည် စစ်အာဏာရှင်အစိုးရ သက်သက်မဟုတ်ဘဲ ရောထွေး အာဏာရှင်စနစ် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိပ်မှနေ၍ အာဏာကို ဆုပ်ကိုင်ထားပြီး၊ အခြားသော ဗိုလ်ချုပ်များကိုလည်း လုပ်ပိုင်ခွင့်အနည်းငယ် ပေးထားသည့် personalist-military regime  ဖြစ်သည်။ စစ်တပ်တို့၏ သဘော သဘာဝအရ တပ်မတော်အစိုးရ၏ corporate interest သည် တပ်မတော် မပြိုကွဲရေးဖြစ်သည်။ တစ်နည်း တပ်တွင်း စည်းရုံးရေးဖြစ်သည်။ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှု၊ သံတမန်ဖိအား၊ ပြည်တွင်းပြည်ပ အတိုက်အခံများ၏ နိုင်ငံရေးဖိအား၊ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် လူထုအုံကြွမှု အစရှိသည့် ဖိအားပေါင်းစုံကို ရင်ဆိုင်နေရသော တပ်မတော် အစိုးရအနေဖြင့် စစ်တပ်အတွင်း၊ အထူးသဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးများအတွင်း ညီညွတ်ရေးသည် တပ်မတော်အစိုးရ ရှင်သန်ရေးအတွက် အသက်တမျှ အရေးပါပါသည်။ ဤသည်ကို တပ်မတော် ခေါင်းဆောင်များ ကောင်းကောင်း သဘောပေါက်ပြီး မိမိတို့အရေးထက် တပ်မတော်အရေးကိုသာ ရှေ့တန်းတင်ခဲ့ပါသည်။ အခြားတစ်ဖက်တွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသဖြင့် စစ်ဗိုလ်ချုပ်များသည် အမိန့်၊ အကြောက်တရားတို့ဖြင့် ရှင်သန်နေရပြီး၊ ၎င်းတို့တွင် နိုင်ငံရေးရည်မှန်းချက် ရှိကြောင်း (political ambition) ပြည့်ပြည့်၀၀ မထုတ်ပြရဲ။ အချိန်မရွေး ဗိုလ်ချုပ်ခင်ညွန့်ကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့နိုင်ကြောင်း ၎င်းတို့ နားလည်သည်။ ထို့ကြောင့် တပ်မတော် ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများ ရှိနိုင်သော်လည်း၊ အာဏာကို ယှဉ်ပြိုင်သည့် ပါဝါဂိမ်းများ ၎င်းတို့ မကစားကြပါ။ တပ်မတော် ရှင်သန်ရေးသည် ပထမဖြစ်ပြီး ၎င်းတို့၏ နိုင်ငံရေးမျှော်မှန်းချက် အပါအဝင် အခြားအရာများသည် ဒုတိယသာ ဖြစ်ပါသည်။ ဆိုရလျှင် ” သေဖော်ရှင်ဖက် တစ်ကျောင်းတည်းထွက်” များ ဖြစ်သောကြောင့် တပ်မတော်ဟူသည့် အင်စတီကျူးရှင်းသည်သာ အဓိကဖြစ်ကာ တပ်မတော်၏ corporate interest သည်သာ ၎င်းတို့၏ အကျိုးစီးပွားဟု ခံယူထားကြသူများ ဖြစ်သည်။

ထို့ကြောင့် တပ်မတော် ခေါင်းဆောင်များအကြား တပ်မတော်အစိုးရ လက်ထက်အတွင်း နိုင်ငံရေး အကွဲအပြဲ မရှိခြင်းဖြစ်သည်။

သို့ရာတွင် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်အရ ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ကာ ပုဆိုး ပြောင်းဝတ်ရပါတော့သည်။ တပ်မှ အငြိမ်းစားယူကာ  ပြည်ခိုင်ဖြိုးပါတီ၊ လွှတ်တော်၊ အစိုးရအဖွဲ့တို့တွင် ကျရာတာဝန် ယူကြရပါတော့သည်။ ရွေးကောက်ပွဲပြီးကာစ အချိန်များတွင် ဗိုလ်ချုပ်မှူးကြီး၏ အရှိန်အဝါကြောင့် ပြုပြင်ပြောင်းလဲမှုများ မစတင်ရဲသေးဘဲ စနစ်ဟောင်း၏ အငွေ့အသက်များ တွေ့နေရသေးသည်။ ထို့ကြောင့် လွှတ်တော်ထဲ နိုင်ငံရေး မဆွေးနွေးရဟူသောကိစ္စများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သို့ရာတွင် သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ရပ်တန့်ကြောင်း ဆုံးဖြတ်ချက်နှင့်အတူ ပြည်သူလူထု၏ နိုင်ငံရေးအရွေ့အပေါ် ထောက်ခံမှု၊ နိုင်ငံတကာ၏ တဖြည်းဖြည်းနှင့် အပြုသဘော ဆောင်လာသော တုံ့ပြန်မှုတို့ကြောင့် ပြုပြင်ပြောင်းလဲမှုများ ထင်ထားသည်ထက် မြန်ဆန်လာခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့် ဖြေလျော့ပေးခြင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းလာခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား ဖိတ်ခေါ်ခြင်း၊ နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်များ အလည်လာရောက်ခြင်းတို့က မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ အမှန်ပင် လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။

ဆိုရလျှင် မြန်မာနိုင်ငံတွင် နိုင်ငံရေးပုံစံ အသစ်တစ်ခု ဖြစ်ပေါ်လာပြီ ဖြစ်သည်။ လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားစီရင်ရေး၊ လွတ်လပ်သော မီဒီယာ၊ တက်ကြွသော အရပ်ဘက် အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ဤအခြေအနေတွင် ပြည်ခိုင်ဖြိုး ထိပ်သီးခေါင်းဆောင်များသည် ယခင်ကကဲ့သို့ စစ်ဗိုလ်ချုပ်ကြီးများ မဟုတ်တော့ပါ။ ၎င်းတို့ တွေပုံခေါ်ပုံသည် ပြောင်းလဲလာပြီး၊ ၎င်းတို့၏ မက်လုံးများသည်လည်း ရွေ့လျားလာပြီ ဖြစ်သည်။ ယခင် စစ်သားဘဝက တပ်မတော်၏ corporate interest ကို ညီညီညွတ်ညွတ် စုပေါင်း အကောင်အထည် ဖော်ကြသော်လည်း ယခုအခါ မိမိတို့၏ တသီးပုဂ္ဂလအကျိုးစီးပွား (personal interest) ကို ရှေ့တန်းတင်လာပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ”ယခင် စစ်ဗိုလ်ချုပ်၊ ယခု နိုင်ငံရေးသမား” ဖြစ်လာ၏။

နိုင်ငံရေးသမား ဖြစ်လာသည်နှင့်အမျှ နိုင်ငံရေးသမားများကဲ့သို့ ကျင့်ကြံလာပြီ ဖြစ်သည်။ Rational Choice theory က ဆိုထားသကဲ့သို့ ကျိုးကြောင်းဆီလျော်စွာ ရွေးချယ်တတ်လာပြီ ဖြစ်သည်။ မိမိအကျိုးစီးပွားကို အခြေခံ၍ စဉ်းစား လုပ်ဆောင်လာသည်။ မြန်မာ့နိုင်ငံရေး၏ အခြေအနေအရ ပြည်ခိုင်ဖြိုး ခေါင်းဆောင်များ၏ ရည်ရွယ်ချက်မှာ တပ်မတော်မပြိုကွဲရေး မဟုတ်တော့ဘဲ၊ ဒီမိုကရေစီ ချန်ပီယံဖြစ်ရေး ဖြစ်လာသည်။ လူတိုင်း ဒီမိုကရေစီချန်ပီယံ ဖြစ်ချင်လာ၏။ ပြုပြင်ပြောင်းလဲရေးကို သူ့ထက်ငါ၊ အပြိုင်အဆိုင် ပြုလုပ်လာကြသည်။ ယခင်က ပြည်သူ၏ အမုန်းကို ရခဲ့ရာက၊ အခု ပြည်သူ၏နှလုံးကို သိမ်းပိုက်ရန် ကြိုးစားလာ၏။

ထိုသို့ ကြိုးစားရင်း ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအကြား တိုးမိ၊ တိုက်မိကုန်၏။ ယခင် ”သေဖော်ရှင်ဖက်၊ တစ်ကျောင်းတည်းထွက်”၊ အသက်ကို စတေးပြီး တိုက်ပွဲ အတူဝင်ခဲ့သူများ၊ ယခုအခါ ဂိုဏ်းဂဏ အသွင်ဆောင်သည့် အကွဲအပြဲများ ဖြစ်ပေါ်လာရသည်။ သမ္မတဦးသိန်းစိန်ကို ဗဟိုပြု၍ အုပ်ချုပ်ရေးအာဏာ ဘက်အခြမ်းမှ ယခင် တပ်မတော် ခေါင်းဆောင်ဟောင်းများက တစ်ဖက်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်အခြမ်းက တစ်ဖက်ဟူ၍ ကွဲထွက်ကုန်၏။ နီးစပ်ရာ အထိုင်ရှာရင်း ဦးသိန်းစိန်ကို လက်ရှိ တပ်မတော်ဘက်က ထောက်ခံကာ၊ သူရဦးရွှေမန်းသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ဖြင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့၏။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပါတီတွင်း နှစ်ဘက်တင်းမာမှု ပိုမိုပြင်းထန်လာသည်။ ဒီမိုကရေစီ ချန်ပီယံဖြစ်ရေးမှသည် သမ္မတဖြစ်ရေး ရည်မှန်းချက်သို့ အရှိန်မြှင့်လာ၏။ သမ္မတ ဦးသိန်းစိန်က နောက်တစ်ကြိမ် သမ္မတသက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်လိုခြင်း မရှိဟု အစောပိုင်းက ဆိုခဲ့သော်လည်း နောင်တွင် ထိုစကားကို ပြန်ရုပ်သိမ်းသွား၏။ ဦးရွှေမန်းအနေဖြင့် သမ္မတဖြစ်လိုကြောင်းကိုမူ ပွင့်ပွင့်လင်းလင်း ဝန်ခံထားသည်။ ပြည်ခိုင်ဖြိုးပါတီကိုလည်း ထိန်းချုပ်ရန် အပြိုင်ကြိုးစားလာသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဦးသိန်းစိန် ပါတီဥက္ကဋ္ဌတာဝန် မယူနိုင်ဘဲ၊ ထိုတာဝန်ကို သူရဦးရွှေမန်းက ထမ်းဆောင်နေသည်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် တပ်မတော်က တင်သွင်းသော ကိုယ်စားလှယ်များကို (တပ်မတော်က ထွက်ပြီး၊ ပြည်ခိုင်ဖြိုးက ဝင်ပြိုင်ရန်) သူရဦးရွှေမန်းက အကုန်လက်မခံဘဲ ငြင်းဆိုခဲ့သည်။ ထို့အတူ သမ္မတဦးသိန်းစိန်၏ လက်ရုံး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ ကယားပြည်နယ်မှ ဝင်ရောက်ရွေးချယ်ရန် အဆိုပြုမှုကိုလည်း ဒေသခံလူထုက မထောက်ခံလို့ ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။ ဦးသိန်းစိန်ဘက်ကလည်း ”သန်ခေါင်းယံ အာဏာသိမ်း” ပွဲဟု ထင်ရှားသည့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီရုံးချုပ်၌ သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်စေခဲ့သည်။

ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များ၏ အကွဲအပြဲသည် မူဝါဒပိုင်းဆိုင်ရာ အကွဲအပြဲ မဟုတ်ပါ။ တိုင်းပြည်ကို မည်ကဲ့သို့ အုပ်ချုပ်မည်၊ စီးပွားရေးမူဝါဒက ဘယ်လိုရှိသည် စသည်တို့အပေါ်တွင် အငြင်းပွားခြင်းမျိုး မဟုတ်ပါ။ ပုဂ္ဂလိက အကျိုးစီးပွားကို အခြေခံသည့် အကွဲအပြဲပင် ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်၊ (မိသားစု) စီးပွားရေးအကျိုး၊ လူပုဂ္ဂိုလ်အချင်းချင်းကြားထဲရှိသည့် အတ္တ၊ မာန၊ အာဃတတို့မှ ပေါ်ထွက်လာသည့် အုပ်စုအခြေပြု ပဋိပက္ခပင် ဖြစ်သည်။ ဆိုရလျှင် Rational actors  များ ဖြစ်ကြသည့်အတွက် မိမိတို့၏ တစ်ဦးချင်း ရည်မှန်းချက်ကို ရရှိအောင် စွမ်းဆောင်ကြရင်း ထိမိ၊ ရှမိကုန်သည့် အကွဲအပြဲပင် ဖြစ်သည်။

■ နိဂုံး

မြန်မာ့နိုင်ငံရေး သုတေသီများ စိတ်ဝင်စားသည့် ပြည်ခိုင်ဖြိုး ခေါင်းဆောင်များအကြား ပဋိပက္ခကို ဤစာတမ်းတွင် လေ့လာခဲ့သည်။ အစဉ်အလာ ရှင်းပြချက်ဖြစ်သည့် ဇာတ်ညွှန်းအတိုင်း ကပြခြင်းနှင့် နိုင်ငံရေးစနစ်သစ်က ဖော်ထုတ်လိုက်သော ပွတ်တိုက်မှုကြီးဟူသည့် ယူဆချက်များကို ဤစာတမ်းက ငြင်းပယ်၍၊ အယူအဆအသစ် တစ်ခုကို တင်ပြခဲ့ပါသည်။

ဘယ်လိုသော အကြောင်းအရာများက သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအကြား အကွဲအပြဲကို ဖြစ်စေသနည်း။ ဘာကြောင့် ထိုပဋိပက္ခသည် ယခုမှ ပေါ်ပေါက်လာပြီး ယခင် တပ်မတော် အစိုးရလက်ထက်က မပေါ်ရသနည်း။

ပါမောက္ခ Geddes ရှင်းပြသည့်အတိုင်း တပ်မတော်အစိုးရ၏ corporate interest  သည် တပ်မတော် ရှင်သန်ရေးဖြစ်၍၊ တပ်မတော်ခေါင်းဆောင် များသည် မိမိတို့၏ အကျိုးစီးပွားထက် အင်စတီကျူးရှင်း၏ အကျိုးစီးပွားကိုသာ ကြည့်သည်။ ထို့ကြောင့် ယခင် အစိုးရလက်ထက်အတွင်း ဦးသိန်းစိန်၊ ဦးရွှေမန်း အပါအဝင် တပ်မတော် ခေါင်းဆောင်များအကြား နိုင်ငံရေးအာဏာ ရယူလိုမှုနှင့် ပတ်သက်ပြီး (အနည်းဆုံးအနေဖြင့် ထင်သာမြင်သာ) အငြင်းမပွားကြခြင်း ဖြစ်သည်။

သို့သော် မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ၎င်းတို့သည် ”ယခင် စစ်ဗိုလ်ချုပ်” မှ ”ယခု နိုင်ငံရေးသမား” ဖြစ်ကုန်ကြသည်။ နိုင်ငံရေးသမားများသည် Rational actors  များဖြစ်ကြသည့်နည်းတူ ၎င်းတို့၏ ပုဂ္ဂုလိကအကျိုးစီးပွားကို ရှေ့တန်းတင်လာကြသည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီက ”မိမိ အကျိုးစီးပွားနှင့် ပါတီအကျိုးစီးပွား ယှဉ်လာလျှင် ပါတီအကျိုးစီးပွားကို ရွေးပါ၊ ပါတီအကျိုးစီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွား ယှဉ်လာလျှင် နိုင်ငံတော် အကျိုးစီးပွားကို ရွေးပါ” ဟု တရားဝင် ဆောင်ပုဒ် လုပ်ထားသည့်တိုင်၊ လက်တွေ့တွင် ပါတီခေါင်းဆောင်များ ထိုသို့ မကျင့်သုံးနိုင်သည်ကို တွေ့ရသည်။ ရွေးကောက်ပွဲနိုင်ရန်၊ ပါတီကို မိမိတို့ဘက်က ထိန်းချုပ်ရန်၊ လက်ရှိ ရထားသော အာဏာကို မစွန့်လွှတ်ရန်၊ စီးပွားရေး အကျိုးအမြတ်များကို ကာကွယ်ရန်… အစရှိသည့် အချက်များက ပြည်ခိုင်ဖြိုးခေါင်းဆောင်များအကြား ပဋိပက္ခကို မွေးထုတ်လိုက်သည်။ ထိုအရာများ၏ အခြေခံက Rational Choice theory ၏ ဆိုလိုချက်ဖြစ်သည့် နိုင်ငံရေးသမားသည် ကျိုးကြောင်း ဆင်ခြင်နိုင်ပြီး မိမိတို့၏ မျှော်မှန်းချက်ကို ရရှိအောင် ရွေးချယ်လေ့ရှိသည်ဟူသော အယူအဆမှ လာသည်။

ယခုစာတမ်းသည် နိုင်ငံရေးသိပ္ပံသီအိုရီ (၂) ခုကို အသုံးပြုပြီး ယခင် အာဏာရပါတီ၏ ခေါင်းဆောင်ပိုင်း ပဋိပက္ခကို ဆန်းစစ်ခြင်း ဖြစ်သည်။ သီအိုရီ အခြေခံ သုံးသပ်ချက်ဖြစ်၍ အားနည်းချက်များ ရှိနိုင်ပါသည်။ စာရေးသူ၏ လက်ရှိသုံးသပ်ချက်ကို ပိုမိုခိုင်မာစေရန် လက်တွေ့ ကွင်းဆင်း သုတေသနပြုခြင်း၊ လိုအပ်သော အချက်အလက်များ စုဆောင်းခြင်း၊ သက်ဆိုင်သူများကို မေးခွန်းများ မေးမြန်းခြင်းနှင့် မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင်များနှင့် ဆွေးနွေးခြင်းတို့ဖြင့် ဖြည့်စွက်ရန် လိုအပ်ပါသည်။

■ နေယံဦး

Intra-Elite conflict in Union Solidarity and Development Party

by Nay Yan Oo

This article seeks to explain the conflicts between the two top USDP leaders, President U Thein Sein and the Speaker of the Lower House in Parliament, U Shwe Mann, during the political transition. Why did such conflicts not occur during the previous military regime? This research puzzle is partly explained by Barbara Geddes’s concept of “collective leadership” in military dictatorship. The utmost priority for military leaders is institutional survival to secure military corporate interests because disunity can lead to regime breakdown. Hence, there was no conflict between the two leaders while they were generals during the military regime. A rational choice approach further clarifies that they both pursued self-interested behaviors. The desire to be ‘political champions caused the rivalries among them and with their close allies after the military’s withdrawal. Therefore, the paper argues that the internal conflict among the USDP leaders resulted from personal interests rather than policy divergence.

■ စာညွှန်း

၁ နေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ Pacific Forum ၏ CSIS Resident Fellow အဖြစ် မြန်မာ့လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ စာတမ်းပြုစုသော သုတေသီတစ်ဦး ဖြစ်သည်။

About the author

Nay Yan Oo

နေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ Pacific Forum ၏ CSIS Resident Fellow အဖြစ် မြန်မာ့လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ စာတမ်းပြုစုနေသော သုတေသီတဦး ဖြစ်သည်။

Add comment