ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု

ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု

ဇော်တူးဆိုင်း

လန်ဒန်အခြေစိုက် Charitable Aid Foundation က ကမ္ဘာပေါ်တွင် အလှူဒါနပြုလုပ်မှု အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အဲဒီ တစ်ပြိုင်တည်းမှာပဲ မေးခွန်းထုတ်ရမှာက အလှူအတန်းက ရလာတဲ့ အလှူဒါနတွေ ဘယ်လောက် များသလဲ။ ငွေရေးကြေးရေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ ဆိုတာပါပဲ။ ဘယ်သူတွေ လှူကြသလဲ။ အလှူဒါနကို လက်ခံတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိကြသလား။

ပညာရှင်တွေဟာ ၁၉၉၀ အစောပိုင်းကတည်းက  နိုင်ငံတကာမှာ  အလှူအတန်းတွေ များလာပြီး ဘာသာရေး အကျင့်ပျက်ခြစားမှုတွေလဲ များပြားလာတဲ့အတွက် စစ်တမ်းတွေ ကောက်၊ သုတေသနတွေလုပ်ရင်း လေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးကာ စာပေစာတမ်းတွေ ရေးသားကြပါတယ်။ Giving USA ၂၀၀၆ ခုနှစ်ရဲ့ ထုတ်ပြန်ချက်မှာအရ အမေရိကန်နိုင်ငံမှာ လှူဒါန်းငွေ ဒေါ်လာ ၃၀၀ ဘီလီယံရဲ့ သုံးပုံတစ်ပုံဟာ ဘာသာရေးအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။

မြန်မာပြည်မှာတော့ ဘုန်းကြီးကျောင်းပေါင်း ၆၀၀၀၀ နှင့် သံဃာပေါင်း ၄၀၀၀၀၀ ကျော် ရှိတဲ့အတွက် နိုင်ငံရဲ့ အမျိုးးမျိုးသော အလှူဒါနတွေဟာ များသောအားဖြင့် ဘာသာရေးဘက်ကို ပေးကမ်းရက်ရောကြတယ်ဆိုတာကို လွယ်လွယ်နဲ့ ခန်းမှန်းလို့ ရပါတယ်။

ဆရာကြီး ဦးရွေအောင်က သူရဲ့ ”ဗုဒ္ဓလောကသားတို့၏ အနိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ မြန်မာနိုင်ငံသားတို့ အမျိုးသားစရိုက်နှင့် အမျိုးသား ဉာဉ်ကား ” ရဲရင့််ခြင်းနှင့် ရက်ရောခြင်း” ဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရား၏ သွန်သင်ချက်နှင့်အညီ အလှူဒါနပြုလုပ်မှုကို စနစ်တကျ တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် သစ္စာနှင့်မယှဉ်သော ရက်ရောခြင်းကို ”အဂတိလိုက်ခြင်း” ဆိုပြီး ဆရာကြီး အကျယ်တဝင့် ရေးသားထားပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော် အထက်က မေးခွန်းတွေကို အဖြေရှာဖို့ မန္တလေး၊ ရန်ကုန်၊ မုံရွာမှာ ရှိတဲ့ စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းပေါင်း ၂၀ မှာ အသေးစား သုတေသနတစ်ခု လုပ်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ မြန်မာ့အလင်းက ဖော်ပြထားတဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များ လှူဒါန်းမှု အစုစုကိုလည်း စာရင်းပြုစု လေ့လာထားပါတယ်။

ရက်ရောပြီး အလှူဒါနပြုလုပ်မှု၊ အများဆုံးနိုင်ငံ ဆိုတဲ့အတိုင်း အလှူအတန်းပြုကြတာ အကြီးအကျယ်ပါပဲ၊ လှူဒါန်းထားတဲ့ ငွေသားချည်းကိုက တော်တော်များပါတယ်။ ငွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ လှူဒါန်းသည့် ဝတ္ထုပစ္စည်းတွေက ပိုများနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ၃၇ ယောက်ရဲ့ အလှူအတန်းတွေဟာ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာ ငွေသားချည်းကို သိန်းပေါင်း နှစ်သောင်းကျော် ရှိပါတယ်။

မြန်မာအလင်းက ဖော်ပြထားတဲ့အတိုင်း အတိအကျဆိုရင်တော့ ဇယား(၁)အရ  ကျပ်ပေါင်း ၂,၃၂၁,၂၆၇,၀၀၀ ရှိပါတယ်။ အမေရိကန် တစ်ဒေါ်လာကို ၁၂၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် ဒေါ်လာ ၂ သန်း နီးပါးလောက် ရှိပါတယ်။ ပျမ်းမျှ တွက်လိုက်မယ်ဆိုရင် ထိပ်ပိုင်း ခေါင်းဆောင် တစ်ယောက်ကို ကျပ်သိန်းပေါင်း ခြောက်ရာကျော် အတိအကျတွက်ရင် ကျပ်ပေါင်း ၆၂,၇၃၆,၉၄၆ အလှူဒါန ပြုလုပ်ကြပါတယ်။ အမေရိကန်ဒေါ်လာ ငါးသောင်း(၅၀,၀၀၀) ကျော် ၂၀၁၄ ခုနှစ်ထဲမှာ လှူဒါန်းခဲ့ကြပါတယ်။

ဆောင်းပါးအဆုံးတွင် ဖော်ပြထားသော ဇယား (၁) ကို ကြည့်ပါ။

သမ္မတလစာ တစ်လ ကျပ်သိန်း ၅၀ ရပါတယ်။ သူ့ရဲ့ တရားဝင်လစာက တစ်နှစ်ကို ကျပ်သိန်း ခြောက်ရာနဲ့ တွက်မယ်ဆိုရင် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ သူတို့ရဲ့ တရားဝင် လစာတွေထက် ပိုလှူကြပါတယ်။ ဒါပေမဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အလှူတွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ငွေလား အစိုးရပိုင် ငွေတွေလား ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒါဆိုရင် အလှူဒါနတွေက ဘယ်ကိုရောက်ပြီး ဘယ်လို ထိန်းသိမ်းကြသလဲ။ ကျွန်တော် ဒီ နောက်မေးခွန်းကို အဖြေရှာဖို့ ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် စစ်ကိုင်းမှာရှိတဲ့ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းပေါင်း ၂၀ ကို သွားရောက် သုတေသန ပြုလုပ်ခဲ့ပါတယ်။ (သွားရောက် သုတေသနပြုခဲ့တဲ့ စေတီနှင့် ကျောင်းတွေစာရင်းမှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ၂၀၁၄ ခုနှစ်က အလှူထည့်ဝင်ခဲ့တဲ့ နေရာနှင့် အလှူငွေတွေ မပါဝင်ပါဘူး။)

ဆောင်းပါးအဆုံးတွင် ဖော်ပြထားသော ဇယား(၂) ကို ကြည့်ပါ။

သုတေသနလုပ်ခဲ့တဲ့ ဘုရားစေတီတွေ ဘုန်းကြီးကျောင်းပေါင်း ၂၀ ရဲ့ အလှူဒါနတွေက ရတဲ့ တစ်နှစ်ဝင်ငွေဟာ ကျပ်သိန်းပေါင်း တစ်သိန်း တစ်သောင်းကျော် ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၁၀ သန်း နီးပါးလောက် ရှိပါတယ်။ အခြေခံကျတဲ့ ငွေစာရင်းအင်းတွေ ရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။ အလှူဒါနငွေ များများရတဲ့ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ ဖြစ်လေ အခြေခံကျတဲ့ စာရင်းအင်း ထိန်းသိမ်းမှုစနစ်တွေ ရှိလေပါ၊ ဒါပေမဲ့ စနစ်ကျမှုတော့ အားနည်းပါသေးတယ်။

ဥပမာ- တချို့ ဘုန်းတော်ကြီးတွေက ဂေါပကအဖွဲ့လူကြီးတွေကို ထိန်းသိမ်းစောင့်ရှောက်မှုမှာ၊ အလှူငွေ ရေတွက်တာလောက်မှာ ပါဝင်ခွင့်ရပြီး ငွေသုံးစွဲ စီမံခန့်ခွဲ တာဝန်တွေကနေ ကန့်သတ်ထားရှိပါတယ်။ အလှူဒါန ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲ အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲမယ်နိုင်ဖို့ ဂေါပကအဖွဲ့ လူကြီးတွေရဲ့ ပါဝင်မှုဟာ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲ ဂေါပကအဖွဲ့ လူကြီးတွေချည်း စီမံခန့်ခွဲတဲ့ ဘုရားစေတီတွေ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားကောင်းရေး နှစ်စဉ် စာရင်းရှင်းတမ်းများကို အစိုးရနှင့် ပြည်သူများ သိအောင် ထုတ်ပြန်တင်ပြ သင့်ပါတယ်။

ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏ ကိစ္စရပ်များအား စီမံခန့်ခွဲရာတွင် အားနည်းချက်များ ရှိနေသည်ဟုဆိုကာ လက်ရှိ ဂေါပကအဖွဲ့ကို ယာယီ ဂေါပကအဖွဲ့အဖြစ် အဆင့်လျှော့ချလိုက်တာ ကောင်းပါတယ်။

ဒါပေမဲ့ လက်ရှိ အစိုးရအနေနှင့် ဒီကိစ္စကို နမူနာယူပြီး အလှူဒါနနဲ့ ပတ်သက်တဲ့ ငွေကြေးတွေကို စနစ်တကျ ရှိအောင်၊ ပွင်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတွေ ရှိလာအောင် နှစ်စဉ်ဝင်ငွေ၊ ထွက်ငွေကို အစီရင်ခံတဲ့ စည်းမျဉ်းတွေ တိုင်ပြည်အဝှမ်း ချမှတ်သင့်ပါတယ်။ အမေရိကန်နိုင်ငံလို ငွေကြေးတွေကို စနစ်တကျရှိပြီး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ကောင်းတဲ့ နိုင်ငံတောင် ဘာသာရေး အကျင့်ပျက်ခြစားမှုတွေ အများအပြား ရှိပါတယ်။

ဥပမာ- သိက္ခာတော်ရ ခရစ်ယာန်ဘုန်းတော်ကြီး မိုက်ကယ်ဂျေဖေးဟာ ဒေါ်လာ တစ်သန်းခွဲလောက် အလွဲသုံးစားလုပ်မိလို့ ၂၀၀၈ တုန်းက နယူးဟေဗင်မြို့မှာ ထောင်ဒဏ် သုံးနှစ် ကျခဲ့ပါတယ်။ ငွေကြေး အစီရင်ခံစနစ် အားနည်းတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ ဘာသာရေး အကျင့်ပျက်ခြစားမှုတွေ ဘယ်လောက် အများအပြား ရှိနိုင်တယ်ဆိုတာ မတွေးဝံ့စရာပါဘဲ။

မြန်မာပြည်မှာ တတ်နိုင်တဲ့သူရော မတတ်နိုင်တဲ့သူပါ လှူကြပါတယ်။ တတ်နိုင်သူတွေဆိုရင် ပိုလှူကြပါတယ်။ အဲဒါကြောင့် အလှူဒါန ပြုတဲ့နေရာမှာ ရက်ရောပြီး ကမ္ဘာ့ထိပ်တန်း ရောက်နေတာပါ၊ အလှူဒါနတွေဟာ များသောအားဖြင့် ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ပရဟိတ လုပ်တဲ့သူတွေဆီမှာ လှူဒါန်းကြပါတယ်။

အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့လည်း အလှူအတန်း လုပ်တဲ့အခါ ကိုယ်ပိုင်ငွေလား၊ အစိုးရ ဘဏ္ဍာလားဆိုတာ ပွင့်လင်းမြင်သာဖို့ လိုပါတယ်။ အလှူဒါနတွေ များလေလေ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု များများလိုလေပါ။ ရန်ကုန် ကမ္ဘာအေးမှာရှိတဲ့ သာသနာရေးဦးစီးဌာနကို သွားရောက် မေးမြန်းတော့ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေရဲ့ အလှူအတန်းစာရင်းတွေ ထိန်းသိမ်းထားခြင်း စာရင်းပြုစုထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အလှူကိန်းဂဏန်းတွေကို အခြေခံပြီး တစ်ပြည်လုံးရဲ့ အလှူဒါနပြုကြမယ့် ငွေတွေက ခန့်မှန်းဖို့ ခက်ပေမယ့် ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျပ် ဘီလီယံပေါင်း မြောက်မြားစွာ ရှိနိုင်ပါတယ်။ ဒီလောက်များပြားတဲ့ အလှူအတန်းနှင့် စာရင်းတွေ ထိန်းသိမ်းရန် အစိုးရက ဦးဆောင်ပြီး အလှူဒါနစာရင်းတွေကို စနစ်တကျ တင်ပြလာအောင် စည်းမျည်းဥပဒေတွေ ချသင့်ပါတယ်။

အလှူအတန်းနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း စာရင်းဇယားတွေ တိတိကျကျနဲ့ ဖြစ်လာရင် ဘယ်လောက် အကောင်အထည်ဖော်ပြီး ဘယ်သူတွေ ဘယ်လောက် အကျိုးအမြတ် ခံစားရတယ်ဆိုတာ ပွင့်လင်းမြင်သာစွာ ဖြစ်လာမှာပါ။ ဒီလို ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ အလှူဒါနနဲ့ ဘာသာ၊ သာသနာသာလျှင် အများပြည်သူရဲ့ လေးစားရိုသေမှုကို ရနိုင်မှာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဗုဒ္ဓဘာသာ ကမ္ဘာမှာ သြဇာ ဘာကြောင့် ကျရသလဲဆိုတာ ဝေဖန်သုံးသပ်ထားချက်ကို သတိရပါတယ်။ ဒလိုင်းလားမားကို ရိုက်တာသတင်းဌာန သတင်းထောက် လော်ရာကိတ်က ဗုဒ္ဓသာသနာတော် ဂုဏ်ကျဆင်းနေရခြင်း အဓိကအကြောင်းရင်းကို မေးမြန်းရာ ဒလိုင်းလားမားက ”ဘုန်းကြီးပြောမယ့် အဖြေကတော့ ရှင်းပါတယ်လေ၊ ဘုရားသားတော်လို့ ကိုယ့် ကိုယ်ကို သတ်မှတ်ထားတဲ့ သံဃာတော်တွေက ဇိမ်ခံရုပ်ဝတ္ထုတွေအပေါ် ယစ်မူးသာယာနေကြပြီး လူသားတွေရဲ့ စိတ်နှလုံးသားထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ ပပျောက်ဖို့ တရားချတဲ့ သံဃာတွေ ကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နှက်နေကြတယ်၊ နာမ်ရုပ် ဝတ္ထုပစ္စည်းတွေပေါ်မှာ သာယာယစ်မူးနေကြတယ်၊ ဒါတွေက သာသနာမှေးမှိန်ဖို့ အဓိက အကြောင်းတရားတွေပေါ့” တဲ့။

ဆရာကြီး ဦးရွေအောင် အဆိုအရ ရက်ရောခြင်းသည် အပေါ်ထပ် အဆောက်အအုံသာ ဖြစ်ပါတယ်။  အလှူဒါနတွေအတွက် စာရင်းအင်း ထားရှိခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတွေဟာ အခြေခံအုတ်မြစ် ဖြစ်တယ်။ ဆရာကြီးက အပေါ်ထပ်နှင့် အခြေခံအုတ်မြစ် အချင်းချင်း မဆန့်ကျင်နေပါက လူ့လောကကို ကျေးဇူးပြုနိုင်၏။ အပေါ်ထပ်နှင့် အခြေခံအုတ်မြစ် အချင်းချင်း ဆန့်ကျင်နေပါက လူ့လောကကို ကျေးဇူး မပြုနိုင်ရုံသာမက အန္တရာယ်ပင် ပြုနိုင်၏လို့လည်း မိန့်ပါတယ်။ ရက်ရောသည် ဆိုတိုင်းလည်း ချီးမွမ်းအပ်သည် မဟုတ်ဟု ဆရာကြီး ဦးရွေအောင်ဆိုမိန့်တာကို ဆင်ခြင်စဉ်းစားကြည့်ဖို့ တင်ပြလိုက်ပါတယ်။

■ စာညွှန်း

  ဇော်တူးဆိုင်းသည် အမေရိကန်မှာ လက်ရှိနေထိုင်ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှ လူထုမူဝါဒရေးရာဆိုင်ရာ မဟာဘွဲ့ကို မကြာမီက ရရှိထားသူ ဖြစ်ပါသည်။

Donation, Transparency and Accountability

By Zawtu Seng

In 2015, a global survey of charitable donations and works conducted annually by the Charitable Aid Foundation ranked Myanmar for the second year in a row as the most charitable nation in the world. This article, however, questions how donations were raised by the donors and managed by recipients. The author collected information about donations made by 37 senior state leaders from the New Light of Myanmar, a state-run, daily newspaper, in the period from January 1 to December 31. 2014. His investigation finds that there are approximately two million USD worth of donations made by the state leaders during this period, which means that on average each leader donated over $50,000 USD in 2014. The amount is more than the annual salary of the President. The author also conducted field research in twenty monasteries to understand how they manage their monetary donations. The findings suggest a lack of transparency and accountability in Myanmar’s charitable practices.

■ ဇယား (၁)

■ ဇယား (၂)

About the author

Zawtu Seng

ဇော်တူးဆိုင်းသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှ လူထုမူဝါဒရေးရာဆိုင်ရာ မဟာဘွဲ့ရရှိထားသူ ဖြစ်သည်။

Add comment