မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား

စက်တင်ဘာ ၂၁ ရက်က “ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် တရားမျှတမှု – ဒဿန အဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ISP – Myanmar မှ ပြုလုပ်သော Myanmar Quarterly Symposium အဖွင့်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး H. E. Kristian Schmidt ပြောကြားခဲ့သည့် မှတ်ချက်စကား ဗီဒီယို ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် အလွတ်သဘော ပြန်ဆိုထားချက်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

► EU သံအမတ်ကြီး၏ အဖွင့်မှတ်ချက်

မင်္ဂလာပါ။

ကျေးဇူးတင်ပါတယ်။ သိပ်ကောင်းပါတယ်။ ကျနော် ခံစားနေရတာ တက္ကသိုလ်ကို ပြန်ရောက်သွား သလိုပါပဲ။ ကျနော် ဒီအခမ်းအနားကို ဆက်ပြီး ကြည့်ချင်ပါတယ်။ ကျနော် ကိစ္စ သုံးခု လုပ်ချင်ပါတယ်။ ကျနော် လုပ်ချင်တာက ပထမက လူမှုတရားမျှတမှုနဲ့ ပတ်သက်လို့ ဒဿနဆိုင်ရာ ရေသောက်မြစ်ကို ရှာချင်ပါတယ်။ ကျနော်ထင်တာ ဒီ ရေသောက်မြစ်ရဲ့ အချို့ဟာ ဥရောပမှာ ရှိနေပါတယ်။ ဒါကြောင့် ကျနော် ပြောသင့်တယ်လို့ ခံစားရပါတယ်။ ဒုတိယ ကျနော် ပြောချင်တာက ဒီသဘောတရားဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင် လျော်ညီရဲ့လား ဆိုတာပါပဲ။ ခင်ဗျားတို့ သမိုင်းနဲ့လည်း ပတ်သက်မှာပါ။ တတိယ အချက်ကတော့ မြန်မာနိုင်ငံမှာ လူမှုတရားမျှတမှုနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေ ရှိတယ်ဆိုတာကို ကျနော်မြင်သလောက် သံတမန် ဆန်ဆန် အတတ်နိုင်ဆုံး ကြိုးပမ်းပြီး မှတ်ချက်ပေးချင် ပါတယ်။

ပထမ အချက်ကို စချင်ပါတယ်။ လူမှုတရားမျှတမှုနဲ့ ပတ်သက်လို့ ဒဿနဆိုင်ရာ ရေသောက်မြစ်ပါ။ မှန်းကြည့်ကြပါ စို့။ ကမ္ဘာကြီးမှာ လူတဦးချင်းစီက သူတို့ ကိုယ်ကျိုးစီးပွားအတွက် သူတို့ လုပ်ဆောင်ကြတယ်။ သူတို့ အတွက် သူတို့ တိုက်ပွဲဝင်ကြတယ်။ တောရိုင်း ဥပဒေသ လိုပေါ့။ ဒီအခြေအနေက ဖရိုဖရဲ ပရမ်းပတာ (chaos) အခြေအနေကို ဦးတည်စေမယ် ဆိုပြီး ဥရောပမှာ ဒဿနသဘောအရ သိမြင် နားလည်မှု ဖြစ်ပေါ်လာစေပါတယ်။ လူတိုင်းက တိုက် ခိုက်ကြတယ်။ ဘာ ဥပဒေသမှ မရှိဘူး။ ဖရိုဖရဲ အခြေအနေပဲ ဖြစ်လာစေမယ်။ ဒါကြောင့်မလို့ လူ့ဘောင် အဖွဲ့အစည်း အချိန်နဲ့ အမျှ ဖြစ်ထွန်းလာတဲ့အခါ အချို့သော ဥပဒေသတွေ လိုအပ်ကြောင်း နားလည် လာကြပါတယ်။

ကျနော်တို့ လူသား တဦးချင်းစီဟာ ဘယ်လိုပဲ ဖြစ်ဖြစ်၊ လူမှု ပဋိဉာဉ် (social contract) အောက်မှာ ကျနော်တို့ရဲ့ လွတ်လပ်ခွင့် အချို့ကို ပေးအပ် စွန့်လွှတ်ဖို့ အသင့် ဖြစ်ကြပါတယ်။ ဂျွန် ဂျက် ရူးဆိုးရဲ့ အဆိုအရဆိုရင် လူမှု ပဋိဉာဉ်ဆိုတာ ဥပဒေသ တခု အတိုင်း၊ စနစ်တခုအောက်မှာ ကျနော်တို့ ဆောင်ရွက် လုပ်ကိုင်ကြမယ်။ ဒါဆိုရင် ကျနော်တို့ နေထိုင်တဲ့ လူမှု အဖွဲ့ အစည်းအတွက် ကောင်းချီ ဖြစ်ပါမယ်။ ကျနော်တို့ ဥပဒေအတိုင်း လိုက်နာရင် လူ့ဘောင် အဖွဲ့အစည်းမှာ ကောင်းချီး ဖြစ်စေပါမယ်။ စနစ်ဆိုတာက အများအပြား ဖြစ်နိုင်ပါတယ်။ အရင်းရှင်စနစ်၊ ဒီမိုကရေစီ… စသည်ဖြင့်။

တူညီတဲ့ အချက်က ဒီစနစ်အားလုံးမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို လူတွေ တန်းတူ ညီမျှ အကျိုးရလဒ် ရအောင်၊ မပေးဆောင် နိုင်စွမ်းပါဘူး။ အရင်းရှင် စနစ်ဖြစ်ဖြစ်၊ ဒီမိုကရေစီဖြစ်ဖြစ် … အောင်နိုင်သူတွေ ရှိပါမယ်။ ရှုံးနိမ့်သူတွေ ရှိပါမယ်။ သေချာတာက အရင်းရှင် စနစ်လို့ ပြောရင် လွတ်လပ်တဲ့ ဈေးကွက်က အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ဘယ်လို ဖြစ်စေလဲဆိုတော့ ချမ်းသာသူက ပို ချမ်းသာလာပါတယ်။ ဆင်းရဲသူက ပိုဆင်းရဲ ရပါတယ်။ ဒီလိုအခြေအနေမှာ လူမှု တရားမျှတမှုဆိုတဲ့ သဘောတရားက ဝင်ရောက်လာပါတယ်။

ဥရောပမှာ ၁၉ ရာစုမှာ စက်မှုခေတ်ပြောင်း တော်လှန်ရေးကနေ စလာခဲ့တာဖြစ်တယ်။ အဲဒီမှာ အင်အားစုတွေ အကြား အကွဲအပြားတွေ ကြီးမားလာပါတယ်၊ အကွဲအပြား တွေက ဘာဖြစ်လဲဆိုရင် စက်ရုံတွေမှာ အလုပ်သမားတွေ အလုပ်လုပ်ကြတယ်၊ စက်ရုံ ပိုင်ရှင်တွေက ဇိမ်နဲ့ နေပြီးတော့ သူတို့ပဲ ကောင်းတဲ့ ကျန်းမာရေး၊ သူတို့ ကလေးတွေက ပညာရေး အသီးအပွင့်တွေ ခံစားပြီး၊ အလုပ်သမားတွေ ကျတော့ ဆိုးဆိုးရွားရွား နေနေရတယ်။ ဒါကြောင့်မလို့ ၁၉-ရာစု ဥရောပမှာ ဒီလို အင်အားစုတွေက လူမှုတရားမျှတရေး သဘောတရားကို မိတ်ဆက်ဖို့ ဖြစ်လာပါတယ်။

ခုနက ပြောတဲ့လူ (ဦးနေထွန်းနိုင်၏ ကနဦးမိတ်ဆက်မှုအား ရည်ညွှန်း) တင်ပြ သွားသလိုပါပဲ၊ တရားမျှတရေး ဆိုပြီး တရားရုံးတွေမှာ မျှတတဲ့ ဥပဒေတွေကို ပြောတာ မဟုတ်ပါဘူး။ လူမှု တရားမျှတရေးဆိုတာသည် စနစ်က အသီးအပွင့် တွေကို မျှမျှတတ ဝေမျှပေးခြင်းလို့ ပြောတာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ ကောင်းကျိုး ရလဒ်တွေကို၊ ဒါမှမဟုတ် ငြိမ်းချမ်းရေး အသီးအပွင့်တွေကို လူမှု အဖွဲ့ အစည်းအတွင်းက ကောင်းချီးရတဲ့အတိုင်း၊ လူတိုင်းက မျှတတဲ့ ဝေစုတခု ရရှိရေးပါ။ ဒါသည် ဥရောပသားတွေ မြင်တဲ့ လူမှုတရားမျှတရေး ဆိုတာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ကိစ္စ တစ်ခုရှိပါသေးတယ်၊ လူမှု တရားမျှတရေး ဆိုတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတခု မဟုတ်ပါဘူး။ မှားတယ်-မှန်တယ် ဆိုတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ထည့်ရေးထားတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ လူမှုတရားမျှတမှုဆိုင်ရာ အလုပ် သမားသမဂ္ဂတွေ၊ အလုပ်သမား၊ အမျိုးသမီးလှုပ်ရှားမှုတွေ၊ တိုင်းရင်းသားအုပ်စုတွေ၊ ကျွန်တွေ၊ ထရပ်ကြပြီး… နေဦး.. ဒါကတော့ တရားမျှတတဲ့ ကိစ္စမဟုတ်ဘူး၊ ဒါဟာ တည်ဆောက်ပုံစနစ် အရကိုက မမျှတမှု ဖြစ်နေပြီ၊ ခွဲခြား ဆက်ဆံခံရတယ်ဆိုပြီး ရုန်းကြွ ကြွေး ကြော်အော်သံတွေ ကနေတဆင့် လူမှုတရားမျှတရေး ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ပြောရမယ် ဆိုရင် ကျင့်ဝတ်ပိုင်း ကိစ္စလည်း မဟုတ်ပါဘူး။ သီအိုရီ သဘောတရားလည်း မဟုတ်ပါဘူး။ အဲ့ဒါက လူမှုအဖွဲ့အစည်း အတွင်းမှာရှိတဲ့ အုပ်စုတွေက ကိုယ်သည် မျှမျှတတ အပြုအကျင့်မခံရဘူး၊ သာနာမှု မခံရဘူးဆိုတဲ့ အနေအထားမျိုး ကနေ တောင်းဆို ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒါက ဥရောပမှာ မြင်တဲ့ လူမှုတရားမျှတမှု သဘောပါ။

ကျနော်ပြောရမယ် ဆိုရင် အမေရိကန်က သဘောတရားမဟုတ်ပါဘူး။ ဥပမာ အိုဘားမား (ကျန်းမာရေး) စောင့်ရှောက်မှု Obama Care တို့၊ ကျောင်းလခ ထောက်ပံ့မှုတို့ အစရှိသဖြင့် အရာတွေသည် လူမှုတရားမျှတမှု မဟုတ်ပါဘူး။ ထားလိုက်ပါ။ (ပြုံးလျှက်) အမေရိကန် အယူအဆတော့ မဟုတ်သေးပါဘူး။

ဒုတိယ အချက်ကတော့ မြန်မာသည် လူမှု တရားမျှတမှု လိုအပ်ပါသလား၊ မြန်မာတို့၊ ခင်ဗျားတို့ဟာ လူမှု တရားမျှတမှု သဘောတရားနဲ့ လျော်ညီပါသလား ဆိုရင် ကျနော့်အနေနဲ့ အဖြေ မပေးနိုင်ပါဘူး။ ဒါက ခင်ဗျားတို့ပဲ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ခင်ဗျားတို့ သမိုင်းကို ပြန်ကြည့်တဲ့ အခါမှာ အုံကြွမှုတွေ၊ လူထု လှုပ်ရှားမှုတွေ အများ ကြီး ဖြစ်ခဲ့ပါတယ်။ ကိုလိုနီစနစ်ကို တွန်းလှန်ပစ်တယ်။ လွတ်လပ်ရေး ရတယ်။ ကွန်မြူနစ် အုံကြွမှု၊ လယ်သမား သူပုန်ထမှု၊ အလုပ်သမား၊ ကျောင်းသား၊ ရဟန်း သံဃာများ အုံကြွမှုတွေ အများကြီး ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တာကို ပြန် ကြည့်မယ်ဆိုရင် ကျနော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု အရတော့ လူမှု တရားမျှတမှုကို လိုချင်လို့ အုံကြွကြတာ ဖြစ်တယ်။ မမျှတမှု အပေါ် တိုက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။ ဒီသဘောတရားက ခင်ဗျားတို့ သမိုင်းမှာ အချိန်ရလာတာနဲ့အမျှ မြန်မာအတွက် လျော်ညီသော ခေါင်းစဉ် ဖြစ်တယ်လို့ ပြောရမှာဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေး၊ ၁၉၈၈ လှုပ်ရှားမှုတို့ကို ကြည့်မယ်ဆိုရင် အဲ့ဒါတွေရဲ့ အသီးအပွင့်တွေ ခံစားရပြီလား၊ အခု အချိန်အထိ မျှမျှတတ မဝေမျှရ သေးဘူးလား။ ငြိမ်းချမ်းရေးကြောင့် ဖြစ်ပေါ်လာတဲ့ အသီးအပွင့်တွေကို တန်းတူညီမျှ ရနိုင်ကြပြီလား။ မေးခွန်းထုတ် ကြရမှာ ဖြစ်ပါတယ်။

လူမှုတရားမျှတရေးသည် အခု အချိန်မှာ၊ လူအားလုံး အတွက် အထူးသဖြင့် မြန်မာအတွက် အင်မတန်မှ အက္ခရာကျတဲ့ အရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်အရ ဒါက လူမှုကြန်အင်လက္ခဏာ (Nation building) နိုင်ငံတည်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရုံမျှ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ ပြောတဲ့အခါမှာ ကျနော် ဖွင့်ဆိုချင်တာက ဒီတိုင်းပြည်မှာ ရှိနေတဲ့ ခင်ဗျားတို့၊ ပြည်ထောင်စု နယ်မြေထဲမှာ နေထိုင်ကြသူတွေက အသစ်သော လူမှု ပဋိဉာဏ် အတွက် တိုက်ပွဲဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

မျှတမှု ဆိုတာဘာလဲ၊ တိုင်းရင်းသားတွေ အကြား ဆွေးနွေးပြော ဆိုနေကြတာပါ။ လူတိုင်းက သယံဇာတတွေက ရလာမယ့် အကျိုးအမြတ်တွေကို မျှမျှတတ ဝေမျှရရပါမယ်။ ကျနော့် အမြင်အရတော့ လက်နက်ကိုင် ပဋိပက္ခတွေဟာ သမိုင်းကြောင်းအရ နစ်နာခံစားရမှုတွေ၊ တိုင်းရင်းသား အုပ်စုတွေ ရဲ့ လွတ်လပ်မှုတွေ၊ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာတွေ ဖြစ်ပါတယ်။ အဲဒါအပြင် သဘာဝ သယံ ဇာတတွေကို ဘယ်သူက ထိန်းချုပ်ခွင့် ရသင့်သလဲ ဆိုတာ ဖြစ်ပါတယ်။ အကယ်၍ မြစ်ဆုံမှာ တာတမံဆောက်ကြတဲ့ အခါ စွမ်းအင်အတွက် ဘယ်သူက အကျိုးရှိမှာလဲ။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ကြတဲ့အခါ ဘယ်သူက အကျိုးရှိမှာလဲ။ ဒါတွေဟာ တရားမျှတမှုအတွက် မေးခွန်းတွေပါပဲ။

အခုအချိန်မှာ ခင်ဗျားတို့ရဲ့ အစိုးရက (ကျနော်တို့က အာရှစံနှုန်းပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ စံနှုန်းပဲ ဖြစ်ဖြစ် ယှဉ်ကြည့်ရင်) ကိန်းဂဏန်းအရ ပြန်ကြည့်ပါ။ အခွန် ဘယ်လို နှုန်းထားနဲ့ ကောက်နေ ပါသလဲ၊ ဘယ်လို ခွဲဝေ ဖြန့်ဖြူးမှု လုပ်နေပါသလဲ။ ကျန်းမာရေး၊ ပညာရေးအတွက်ကို ဘယ်လို ပြန်မျှဝေ ပါသလဲ။ ဘာတွေ့ ရသလဲဆိုရင် အခွန်နှုန်းထားသည် GDP ရဲ့ ၈ ရာခိုင်နှုန်း လောက်သာ ရှိပါတယ်။ ဆိုလိုတာက ကျောက်စိမ်းအပေါ်မှာ၊ အခြားကိစ္စတွေ အပေါ်မှာ ငွေအများကြီး ဖြစ်ကြပါတယ်။ အခွန်က နေရတဲ့ ဝင်ငွေက ၈ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်းပဲ ရတယ်ဆိုတော့ အာရှတိုက်မှာ အနိမ့်ဆုံးဆိုတဲ့ နှုန်းပါ။

သေချာတာ က ဥရောပမှာ ကြည့်မယ် ဆိုရင် တစ်နိုင်ငံလုံးရဲ့ ငွေရပေါက်သည် အခွန်ကနေလာတာ ၅၀ ရာခိုင်နှုန်း ၊ (၄၀ ကနေ ၅၀ ရာခိုင်နှုန်း) ရှိပါတယ်။ နိုင်ငံ ကြွယ်ဝချမ်းသာမှုကနေ လူမှု တရားမျှတမှုအတွက် ပြန် ခွဲဝေပေးပါတယ်။ လူမှု ကာကွယ်မှု ပေးရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေဆီကို ပြန် ဝေမျှပေးတာ ဖြစ်ပါတယ်။ ကျနော် ဆိုချင်တာက ဒီသဘောတရားဟာ မြန်မာတွေ အတွက် ဆီလျော်ပါတယ်။ အကြောင်းကတော့ ခင်ဗျားတို့က လူမှုကြန် အင်လက္ခဏာ (Nation building) နိုင်ငံတည်တဲ့ လုပ်ငန်းစဉ်ထဲမှာ ရှိနေကြ လို့ပါပဲ။ တိုင်းရင်းသား အုပ်စုတွေ အားလုံးက အတူတကွ နေထိုင်ကြတာ ပို ကောင်းတယ်လို့ မြင်အောင် လုပ်ကြရမှာပါ။ ငြိမ်းချမ်းရေးမှာ အတူ နေထိုင်ကြရင် ပိုကောင်းတယ်။ စနစ်တခု၊ လူတိုင်းက မျှတစွာ ရရှိခံစားနိုင်တဲ့ စနစ်တခု အောက်မှာ နေထိုင်ကြဖို့ပါပဲ။

ဖွဲ့စည်းပုံ အခြေခံဥပဒေက အရေးကြီးပါတယ်၊ တရားရုံး၊ ဥပဒေ အရေးကြီးပါတယ်၊ ဒါပေမဲ့ ကျနော် မြင်တာကတော့ သွေးတွေ စီးဆင်းလှည့်ပတ် ရှင်သန်နေတဲ့ သမဂ္ဂများ၊ သွေးစည်း ညီညွတ်မှုလို့ ခံစားကြရတဲ့အ ချက်၊ အဲသည်လို ပိုင်ဆိုင်ခံယူမှု၊ နိုင်ငံတော်ရဲ့ တရားဝင်မှု၊ ဒါတွေက နိုင်ငံတခုရဲ့ အသည်းနှလုံးပါ။ နိုင်ငံတခုရဲ့ အသည်းနှလုံးလို့ ခံစားကြရတာက ခင်ဗျားတို့က အပြုခံ တယောက် မဟုတ်ပါဘူး။ ခင်ဗျားတို့က အခွင့်အရေး ရပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေပါ။ ခင်ဗျားတို့က အရည်အသွေး ကောင်းမွန်တဲ့ ပညာရေးကို ရပိုင်ခွင့်ရှိတယ်။ လူတိုင်း ခံစားနိုင်တဲ့ ကျန်းမာရေးစောင့် ရှောက်မှု (UHC) ကို ခံစား နိုင်ရမယ်။ ငြိမ်းချမ်းရေး ရှိရမယ်။ လူတိုင်းကို လေးစားသမှုနဲ့ ဆက်ဆံ ပြုမူမယ့် ရဲတပ်ဖွဲ့၊ ပြောရမယ်ဆိုရင် မျှတမှု အတွက် မေးခွန်းတွေက ဒါပါပဲ။ မဲဆန္ဒရှင်တွေ ဆိုတာကလည်း မဲပေးရုံ သက်သက် မဟုတ် ပါဘူး။ နိုင်ငံသားတွေလို ခံစားကြရပါမယ်။ အဲဒီ အတွက် လူတိုင်းက မျှမျှတတ ရကြပါရဲ့လား၊ အောင်မြင်ဖို့ အတွက် အခွင့်အလမ်းတန်းတူ ရှိကြပါရဲ့လား ဆိုတာသည် လူမှုတရား မျှတရေးရဲ့ အဖြေ ဖြစ်ပါတယ်။

ကျနော်တို့ ယုံကြည်တာက လူတိုင်းသည် တန်းတူညီမျှ မွေးဖွားလာကြပါတယ်။ မဟုတ်ပါဘူး ခင်ဗျ။ သိပ်ကွာခြားပါတယ်။ အချို့က ပါရမီ ထူးချွန်မှုနဲ့ မွေးလာတယ်။ အချို့က မွေးလာကတည်းက ချမ်းသာတဲ့ မိသားစုက မွေးလာတယ်။ အထူး ခံစားခွင့် ရကြတယ်။ အချို့က မွေးလာကတည်းက မသန်စွမ်းသူတွေ ရှိပါတယ်။ အဲ့ဒီတော့ မွေးလာကတည်းက အတူတူပဲ ဆိုတာ မှားပါတယ်။ ဘယ်အရာက တူရမလဲဆိုရင် ဘယ်လိုပဲ မွေးလာမွေးလာ အောင်မြင်ဖို့ အတွက် ပညာရေးအားဖြင့် အခွင့်အလမ်း တန်းတူ ညီမျှ ရှိရပါမယ်၊ ကျန်းမာ ကြရပါမယ်။ ဒါက အလိုအလျောက်အားဖြင့် ကျနော်တို့ တန်းတူညီမျှ မွေးလာတာ မဟုတ်ပါဘူး။ ဒါက လူမှု အဖွဲ့အစည်းက ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးဖို့လည်း သင့်ပါတယ်။ ပညာရေးသည် အင်မတန် အရေးကြီးပါတယ်။ အခမဲ့ ပညာရေးကို အားလုံး အတွက် သာတူ ညီမျှမှု မရှိဘူးဆိုရင် လူမှုတရားမျှတမှုကို မစဉ်းစားပါနဲ့ဦး။ ပညာရေးအတွက် ဆဝပုံချထားတဲ့ ဘတ်ဂျက် နည်းနေတယ် ဆိုတာကို စကားကြုံတုန်းထည့် ပြောရမှာပါ။ မြန်မာနိုင်ငံရဲ့ လူမှုတရားမျှတမှု ဘယ်လို ဖြစ်သင့်သလဲလို့ ပြောတဲ့အခါမှာ ဒီကလူတွေ ကိုယ်တိုင် ဖြေရမှာဖြစ်ပါတယ်။ အဖြေအနေနဲ့ ကျနော် ပြောပါမယ်။ လူ လေးဦးမှာ တဦးက ဆင်းရဲမွဲတေမှု နှုန်းအောက်မှာ ရောက်နေပါတယ် အဲ့ဒါက ကျန်းမာရေး၊ ပညာရေး နိမ့်ကျနေတယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါသည် လက်ရှိ ဖြစ်နေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ နောက်တခုက ဖွဲ့စည်းထားမှု အနေအထားပါ။ ဥပမာ မြေယာ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။

မြေယာကိစ္စသည် တစ်ကမ္ဘာလုံး လူမှုလှုပ်ရှားမှုတွေကို ကြည့်တဲ့အခါ တော်လှန်ရေးတွေမှာ မြေသည် သော့ချက် ဖြစ် ပါတယ်။ ခင်ဗျားတို့ဆီမှာ မြေအပေါ်မှာ ဘယ်လို မျှမျှတတ ခွဲဝေကြပါသလဲ။ ကျနော်ကတော့ သိပ်မသေချာပါဘူး။ အခု ရှိနေတဲ့ မြေလွတ်မြေရိုင်း၊ ပလပ်မြေများ ဥပဒေဟာဆိုရင်၊ ဘာဖြစ်နိုင်သလဲ ဆိုရင် မမျှတတဲ့ ရလဒ်မျိုး ထွက်ပေါ် နိုင်တဲ့ အခြေအနေ အများကြီးရှိပါတယ်။ မျိုးဆက်ပေါင်းများစွာ ဒီမြေအပေါ်နေလာတဲ့ သူတွေသည် စနစ်အရ၊ ဥပဒေအရ အထောက်အထား မပြနိုင်ဘူးဆိုရင် ဒီမြေကို ဆုံးရှုံးရမယ့် အန္တရာယ် ရှိနေပါတယ်။ ဒါဟာ သူတို့ ဓလေ့ ထုံးတမ်းအရ ပိုင်ဆိုင်ကြတဲ့ မြေတွေပါ။ လူမှုတရားမျှတမှု ရှုထောင့်ကနေကြည့်ရင် မြေကိစ္စကို စောင့်ကြည့်ကြရ မှာပါ။

နောက်တခုက ကုန်သွယ်ရေးနဲ့ စီးပွားရေး ကိစ္စ ဖြစ်ပါတယ်၊ ဥရောပ ကနေပြီး မြန်မာနိုင်ငံကို စီးပွားရေး ကိစ္စတွေ မှာ ဥရောပ သမဂ္ဂကနေပြီး ဈေးကွက်ကို ဖွင့်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက် လာတာတွေလည်း မြင်တွေ့ရပါတယ်။ အထည် အလိပ်စက်ရုံမှာ အမျိုးသမီးဦးရေ ငါးသိန်းကျော် ရှိနေတာဖြစ်ပါတယ်။ ဥရောပ စီးပွားရေးတွေသည် အလုပ်ပေးတာ မှန်ပေမဲ့ သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေက ဆိုးဆိုးရွားရွားပဲ ဆိုရင် လူမှုတရားမျှတမှု မဖြစ်တော့ပဲနဲ့ ပိုပြီးတော့ ဒုက္ခရောက်စေတယ် ဆိုတဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုပဲ ဖြစ်တော့မှာပေါ့။

အဲဒီအတွက် လူမှုတရားမျှတမှုကို ပုံဖော်လာဖို့အတွက် ဆိုရင် လုပ်ငန်းခွင် ကောင်းမွန်ရေး၊ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ပေးရေး စတာတွေကို တည့်မတ် ပေးရမှာပဲ ဖြစ်ပါတယ်။ အနေအထား ပိုပြီး တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအလုပ်တွေကြောင့် လုပ်ငန်းခွင် အခြေအနေ၊ အလုပ်သမား အခွင့်အရေးများ၊ အနိမ့်ဆုံး လုပ်ခ လစာတို့ကို ကြည့်ပြောရင်ပါ။ တိုးတက်မှု ရှိလာပါတယ်။ အခု ခင်ဗျားတို့ ဆီမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ထားမှု ရှိနေပါပြီ။ လူမှုတရားမျှတမှု အတွက် ပြောမယ် ဆိုရင် ဒါဟာ အခြေခံကျ တဲ့ အချက်တခုပါ။ အလုပ်သမားတွေ အသက်ရှင်သန်ဖို့၊ နေထိုင်နိုင်ဖို့ ပေးတဲ့ လုပ်ခလစာပါ။ အခြေအနေတွေတော့ ရှိပါတယ်။ အလုပ်သမား သမဂ္ဂတွေ အခြေအနေအရ သူတို့ အခွင့်အရေးကို တိုက်ပွဲဝင် တောင်းဆို လာကြတဲ့အခါ၊ အစိုးရ အခြေအနေ အပေါ်လည်း မူတည်တာပေါ့။ သူတို့က ဥပဒေတွေ ပြဋ္ဌာန်း၊ စည်းကြပ်တာတွေ လုပ်ပေးရပါ တယ်။

ပညာရေး ကိစ္စအနေနဲ့ ပညာရေးသည် ဥရောပ သမဂ္ဂက အစိုးရနဲ့ ပူးပေါင်းတဲ့ အခါမှာ ဦးစားပေးတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။ ကျောင်းကို တက်ရောက်ကြတဲ့ ဦးရေက ယောက်ျားလေးတွေ အတွက်ရော၊ မိန်းကလေးတွေ အတွက်ပါ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားကြတဲ့ ပန်းတိုင်နဲ့ နီးစပ်လာပါပြီ။ အရေအသွေးက ပြည့်မီအောင် ကြိုးစားနေကြပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ပညာရေးက ပြဿနာ ရှိနေဆဲပါ။ ပုံမှန်အားဖြင့် အရည်အသွေး မရှိကြပါဘူး။ IDP လို နေရာမျိုးတွေမှာ၊ တနိုင်ငံလုံးက IDP လို နေရာမျိုးတွေမှာ လူမှုတရားမျှတမှု ရှုထောင့်က ပြောမယ် ဆိုရင် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေ ဆဲပါ။ ဘယ်လို အခွင့်အလမ်းမှ ရှိမနေပါဘူး။ အဲ့ဒီအတွက် ငြိမ်းချမ်းရေးရဖို့ သိပ်အရေးကြီးပါတယ်။ သူတို့တွေကို သူတို့နေရပ် ပြန်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ပညာရေးက တိုးတက် လာပါတယ်။ အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။

ဘေးသင့်နိုင်ခြေ တခုကို ကျနော် မြင်ပါတယ်။ အဲ့ဒါက မြန်မာမှာ အလျှင်အမြန် စီးပွားရေးဖွံ့ဖြိုးလာနေတဲ့ မြန်မာနိုင်ငံမှာ တိုးတက်လာတာနဲ့ တပြိုင်နက်၊ ပညာရေး၊ ကျန်းမာရေးလို ကဏ္ဍတွေမှာ အပြိုင်စနစ် နှစ်ရပ် ပေါ်လာမယ့် စိန်ခေါ်မှု ရှိနေပါတယ်။ တဖက်မှာ လူတိုင်း လွှမ်းခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှု (Universal health care) ပါ။ ဒီ့အတွက် လူတိုင်းက ဆေးရုံဆေးခန်း သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒီ ပြည်သူ့ဝန်ဆောင်မှု ပေးမယ့် ဆေးရုံမှာ ဆရာဝန်မရှိ၊ သူနာပြု ဆေးမရှိဘူး ဆိုပါစို့။ တဖက်က သူနဲ့ အပြိုင် ပေါ်လာမယ့်၊ ရှိနေမယ့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုပါ။ ငွေကြေး တတ်နိုင်သူတွေက အဲ့ဒီ ပုဂ္ဂလိက ဝန်ဆောင်မှုဆီ သွားနိုင်ပါတယ်။ ပြင်ပ ဆေးခန်းသွား၊ ကုသမှု ရယူနိုင်ဖို့ ပါ။ ဒါက သေချာ စောင့်ကြည့်ကြရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီလို အပြိုင်သွားနေတဲ့ စနစ်နှစ်ခု ဖြစ်တဲ့ ပုဂ္ဂလိကကျောင်း- အစိုးရကျောင်း၊ တခုက အရည်အသွေး ကောင်းမွန်မယ်။ နောက်တခုက အရည်အသွေး အလွန် ညံ့ဖျင်းမယ်။ ဒီလို အပြိုင်စနစ်မျိုး မပေါ်လာအပ်ပါဘူး။ ဒါက အခွင့်အလမ်း စနစ် တည်ဆောက်ထားပုံ အရ လူအဖွဲ့စည်းအတွင်းမှာ လူမှုရေးအရ မတရားမမျှတမှု တွေဖြစ်စေဖို့လမ်းဖွင့်ပေးသလို ဖြစ်သွားပါလိမ့်မယ်။


နောက်ဆုံး ကျနော့် အနေနဲ့ တရားမျှတရေး ကဏ္ဍကို ပြောပါရစေ။ လူမှု တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးမှု (rule of law) ဆိုတာ လုံးဝ မတူညီတဲ့၊ အပြိုင်ဖြစ်နေတဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု အတွက်လည်း ကျနော်တို့ ကူညီ ဆောင်ရွက်ပေးနေပါတယ်။ တရားဥပဒေ စိုးမိုးမှုလို့ ပြောတဲ့ အခါမှာ၊ တခါတလေမှာ တည်ဆဲ ဥပဒေ အရသာ ဆုံးဖြတ်လိုက်တဲ့ ဥပဒေအရ အုပ်ချုပ်ရေး အခြေအနေမျိုး ဆိုက်တတ်ပါတယ်။ ဥပဒေကို အသုံးပြုပြီး လူတွေကို ထိန်းချုပ်ဖို့အတွက်၊ အာဏာ ချုပ်ကိုင်ထားသူတွေရဲ့ အမြစ်တွယ်နေတဲ့ ကိုယ်ကျိုး စီးပွားကို ကာကွယ်ဖို့ အတွက် လုပ်ဆောင်တတ်ကြပါတယ်။ စီးပွားရေးအရ၊ စစ်ရေးအရ၊ နိုင်ငံရေး အရ ချုပ်ကိုင်မှုပေါ့။ တရားဥပဒေစိုးမိုးမှုနဲ့ လူမှုတရားမျှတရေးနဲ့ မရောထွေးလိုက်ပါနဲ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်တမ်းကောက်ယူမှု တခု လုပ်ခဲ့ပါတယ်။ မြန်မာလူထုတွေက တရားရေးကဏ္ဍ၊ တရားရုံးတို့သည် လူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ မဟုတ်ပါဘူး။ ပြစ်ဒဏ်ပေးဖို့၊ စည်းကမ်း ထိန်းဖို့လို့ မြင်ကြပါတယ်။ ဒါဟာ အနည်းဆုံး ကျနော်တို့ ယူဆထားတဲ့ တရားမျှတမှု သဘောတရား၊ တရားရေး စနစ်က ဘယ်လို ဖြစ်သင့်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ တရားရေး ကဏ္ဍက လူမှု တရားမျှတရေးကို အားမပေးပါဘူး။ အကယ်၍ စည်းကြပ်တဲ့ ဥပဒေက မတရား မမျှတဘူး ဆိုပါစို့။ အစောပိုင်းက ကျနော်ပြောခဲ့တဲ့ မြေလွတ်မြေရိုင်းနဲ့ ပလပ်မြေ ဥပဒေကိစ္စ ပြောခဲ့ပါတယ်။ မြေယာ ဥပဒေကို ကံမကောင်း အကြောင်းမလှစွာနဲ့ စည်းကြပ် ဆောင်ရွက်ခဲ့တယ် ဆိုပါစို့။ တရားဥပဒေ စိုးမိုးရေးတော့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လူမှု တရားမျှတမှု ဖြစ်စေမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်ရရင် ပထမအချက် လူမှုတရားမျှတမှုပါ၊ အဲ့ဒါရဲ့ ပြောင်းပြန်က အခွင့်ထူးခံတွေပါ။ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ထိန်းထားချင်တဲ့ အာဏာရှိတဲ့ သူတွေပါ။ မြန်မာနိုင်ငံမှာလည်း နမူနာကောင်းတွေ ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ ကြည့်ကြည့်၊ ဘယ်ကိုပဲ ကြည့်ကြည့်၊ သမိုင်းကို ကြည့်ကြည့် အာဏာကို တည်ဆောက်ပြီး ကောင်းကောင်း အကာအကွယ် ပြုထားကြပါတယ်။ စနစ်အရ လူမှုတရားမျှတမှု အပေါ်မှာ အဟန့်အတားဖြစ်စေတဲ့ အရာတွေလို့ မြင်ရမှာဖြစ်ပါတယ်။

ကျနော် ပြောချင်တာက တရားမျှတမှုကို ဦးတည်စေတဲ့ အဓိကတွန်းအား သုံးခု ရှိပါတယ်။ နံပါတ်တစ် ပညာရေး ဖြစ်ပါ တယ်၊ လူတိုင်းကို အောင်မြင်မှု အခွင့်အလမ်း ရစေရပါမယ်။ နံပါတ်နှစ်။ ဥပဒေပြဌာန်း ရေးဆွဲမှု ပါ။ တရားဥပဒေ ပြုတဲ့အခါမှာ ဘယ်လို ဥပဒေတွေကို ပြုတာလဲ၊ လူနည်းစုတွေကို ကာကွယ် ပေးသလား။ ထိခိုက် နစ်နာနိုင်ခြေမြင့်နေသူ တွေဘက်က ရပ်တည်တဲ့ ဥပဒေတွေလား၊ လူနည်းစုအတွက် ထည့်သွင်း စဉ်းစားတဲ့ ဥပဒေတွေလား၊ ကျေးလက်တွေ အတွက်လား၊ အမျိုးသမီးတွေကို ကာကွယ် ပေးဖို့အတွက်လား အစရှိသဖြင့် အကုန်လုံးကြည့်ရမှာ ဖြစ်ပါတယ်။ တတိယအချက်က မြန်မာနိုင်ငံမှာပဲ ပြောပြော၊ ဥရောပပဲ ပြောပြော၊ ဘယ်စနစ်မှာပဲ ဖြစ်ဖြစ် နိုင်သူ ရှုံးသူ ရှိကြပါတယ်။ ခင်ဗျားက ဘယ်လောက်ပဲ အောင်မြင်အောင် ကြိုးစား ကြိုးစား နိုင်သူ ရှုံးသူ ရှိပါတယ်။ အဲ့ဒီအတွက် တရားမျှတမှု လို့ပြောတဲ့အခါမှာ လူမှုရေးအရ အကာအကွယ်ပေးမှု လိုအပ်ပါတယ်။ မအောင်မြင်တဲ့ သူတွေကို ကူညီ ပံ့ပိုးပေးဖို့ သွေးစည်းညီညွှတ်မှု ဆိုတဲ့ အသိုက်အဝန်းတွေ လိုလာပါတယ်။ ပြိုင်ပွဲတွေလိုပါပဲ။ အခု ကျနော် မြင်တွေ့ရတာက ခင်ဗျားတို့က လူမှုတရားမျှတမှု ကိစ္စတွေအတွက် လုပ်ကိုင်နေကြတာ ဝမ်းသာပါတယ်။ ဒါဟာ နိုင်သူရှုံးသူရှိတဲ့ လောကအတွက် လိုအပ်ပါတယ်။ ခင်ဗျားတို့တွေကို ကျနော့်ရဲ့ လူမှုတရားမျှတရေး ဆိုင်ရာ ဥရောပဘက်က အမြင်တွေကိုလည်း တင်ပြခဲ့ပြီးပြီလို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment