နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ်

နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ်

ကျော်ကျော်ငြိမ်းချမ်း ၁

နိုင်ငံရေးနဲ့ လူမှုသိပ္ပံဘာသာရပ် နယ်ပယ်မှာ အာဏာ(သို့) နိုင်ငံရေးအာဏာနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိကြပါတယ်။ ယေဘုယျ ဖွင့်ဆိုချက် တစ်ခုက “လူ့ဘောင် အသိုင်းအဝိုင်းအတွက် လူထုအရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်တဲ့၊ ပေါ်လစီမူဝါဒတွေကို ချမှတ် လုပ်ဆောင်နိုင်တဲ့ လူအသိုင်းအဝိုင်း တစ်ခုထဲက လူတစ်စုက ကိုင်စွဲထားတဲ့ လုပ်ပိုင်ခွင့် အာဏာ” ၂ လို့ ဆိုပါတယ်။

အကြမ်းမဖက် လူထုလှုပ်ရှားမှုများဆိုင်ရာ ဂုရုတစ်ပါးဖြစ်တဲ့ ဒေါက်တာဂျင်းရှပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ဒီလိုပါ။ “နိုင်ငံရေးအာဏာ ဆိုသည်မှာ အထူးသဖြင့် လက်ရှိ အာဏာပိုင်အစိုးရ၊ နိုင်ငံတော်နှင့် သြဇာအာဏာရှိ အတိုက်အခံများက မိမိတို့ အာဏာရရှိရေး ရည်မှန်းချက်များ အောင်မြင် ပေါက်မြောက်စေရန် ရနိုင်သမျှ အသုံးပြုသော လုပ်ပိုင်ခွင့်အာဏာ၊ ချီးမြှင့်မြှောက်စားမှုများ၊ အပြစ်ပေး အရေးယူမှုများ အပါအဝင်  နည်းနာများ၊ သြဇာသက်ရောက်မှုများ၊ ဖိအားပေးမှုများ ပါဝင်သော အလုံးစုံ အစုအဝေးကြီးပင် ဖြစ်၏” ၃ တဲ့။ အနှစ်ချုပ်ကတော့ အာဏာလက်ရှိ အစိုးရ ဖြစ်ဖြစ်၊ အတိုက်အခံ ဖြစ်ဖြစ်  နိုင်ငံတော်အာဏာ ရယူသိမ်းပိုက်နိုင်ရေးအတွက် အသုံးပြုသမျှ နည်းလမ်းအလုံးစုံပေါ့။

သူ ဆက်ပြောတာက လူ့အသိုင်းအဝိုင်းမှာ နိုင်ငံရေးအာဏာ တည်ရှိပုံ သဘောသဘာ၀ နှစ်မျိုး ရှိနိုင်တယ်လို့ ပြောပါတယ်။ မယိမ်းမယိုင် ကျောက်စာတိုင်ကြီးလို ခိုင်မြဲတဲ့ (Monolithic Model) ပုံစံနဲ့ လူအများ(သို့) အဖွဲ့အစည်းများအကြား ခွဲဖြန့်ထားတဲ့ (Pluralistic Model) ပုံစံပါ။

■ ကျောက်စာတိုင်ကြီးလို ခိုင်မြဲတဲ့ (Monolithic Model) ပုံစံ

ဒီပုံစံကတော့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သူ အာဏာပိုင်များက သူတို့ကို အုပ်ချုပ်ခံလူထုက မြင်ခိုင်းချင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ မယိမ်းမယိုင် ကျောက်စာတိုင်လို ခိုင်ခံ့တယ်၊ တသားတည်း တည်ရှိတယ်၊ ဖြိုဖျက်ဖယ်ရှားဖို့၊ ပြုပြင်ပြောင်းလဲဖို့ မလွယ်ဘူး။ အပေါ်ဆုံးက အာဏာရှင် တစ်ယောက် (သို့) တစ်စုသာ အကြာင်းအမျိုးမျိုးကြောင့် ပြောင်းချင် ပြောင်းသွားမယ်၊ ဒီစနစ်ကြီး တစ်ခုလုံးကို ဖြိုချပြောင်းလဲပစ်ဖို့ မလွယ်ဘူးလို့ သိသိသာသာပဲ ဖြစ်ဖြစ်၊ မသိစိတ်ကပဲ ဖြစ်ဖြစ် သူ့အုပ်ချုပ်မှုအောက်က ပြည်သူအများစုကို ယုံစေချင်တယ်။ အပေါ်ဆုံးက အုပ်ချုပ်သူတွေ ဘယ်လောက်ပဲ ပြောင်းပြောင်း ဒီပုံစံ၊ ဒီစနစ်က မပြောင်းမလဲ ရှိနေပြီး ထိပ်ဆုံးက လူတွေကပဲ လုပ်ပိုင်ခွင့်အာဏာကို ချုပ်ကိုင်ထားမယ်လို့ အမြဲတမ်း ထင်စေချင်တယ်။

တကယ်လို့ ထိပ်ဆုံးမှာ လူမှန် နေရာမှန် စေတနာကောင်းမွန်တဲ့ ပုဂ္ဂိုလ် တစ်ယောက်(သို့) တစ်စု ရှိလာမယ်ဆိုရင် အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လို့ ရနိုင်ပါတယ်လို့  အာဏာပိုင်တွေက  ပြောကောင်း ပြောပါလိမ့်မယ်။ (လက်ရှိ မြန်မာပြည် အခြေအနေနဲ့ ထင်ဟပ်ကြည့်နိုင်ဖို့ပါ) ဒါပေမဲ့ ဒီပုံစံ ဒီစနစ်နဲ့ ပတ်သက်လို့ လွဲမှားနေတာ တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ တကဲ့  လက်တွေ့ဘဝမှာ ဒီလိုစနစ်မျိုး မရှိနိုင်ဘူးဆိုတဲ့ အချက်ပဲ။ ဘယ်လို ပညာရှင်မျိုးတွေက ဘယ်နိုင်ငံတွေအကြောင်း နမူနာ ဘယ်လောက်ပေးပြီး ဘယ်နှစ်ကြိမ်ပြောပြော ဒီလိုပုံစံမျိုး တကယ်မရှိပါဘူး။

ကဲ၊ ဒါဆို လက်တွေ့မှာ ဘာပဲရှိလဲ၊ မြင်ကြည့်ကြရအောင်။

■ လူအများ (သို့) အဖွဲ့အစည်းများအကြား ခွဲဖြန့်ထားတဲ့ (Pluralistic Model) ပုံစံ

မယိမ်းမယိုင် ကျောက်စာတိုင် Monolithic Model ပုံစံက ဘယ်လောက် ခိုင်ခံ့တယ်လို့ပဲ ထင်ရထင်ရ နိုင်ငံရေးအာဏာ တည်ရှိမှု ပုံသဏ္ဌာန်က တကဲ့ လက်တွေ့မှာတော့ အဲဒါနဲ့ လုံးလုံး ဆန့်ကျင်ဖက် ဖြစ်နေပါတယ်တဲ့။

လူ့အသိုင်းအဝိုင်းမှာ နိုင်ငံရေးအာဏာဆိုတာ အလျင်အမြန် ပြောင်းလဲနိုင်ပါတယ်။ ထိခိုက်လွယ်၊ ပျံ့နှံ့လွယ်ပါတယ်။ ဘယ်သူတွေ ဘယ်မှာရှိရှိ အာဏာရဲ့ အဆုံးစွန် အမှန်တရားကတော့ တသမတ်တည်းပဲ။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လူ့အသိုင်းအဝိုင်းထဲမှာ အာဏာဆိုတာ လူထုဆီကနေပဲ လာတယ်။ ဘယ်လောက်ပဲ သေးသေး၊ အားနည်းနည်း၊ အဲဒီ လူထုထဲက တဦးချင်းစီရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားယုံနဲ့ နိုင်ငံရေးအာဏာ တည်ရှိမှုပုံစံ ပြောင်းလဲသွားနိုင်တယ်။ အုပ်စိုးသူတွေဟာ လူထုက လက်ခံ ခွင့်ပြုနေသ၍ ပူးပေါင်း ဆောင်ရွက်နေသ၍သာ အုပ်ချုပ်နိုင်တာပါ။ လူထုက ပေးထားသမျှ အာဏာကိုသာ အုပ်စိုးသူတွေက ရနေတာပါ။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ နိုင်ငံရေးအာဏာကို (ဥပမာ- ရွေးကောက်ပွဲများမှ တစ်ဆင့်) အုပ်ချုပ်သူများ လက်ထဲ လိုလိုချင်ချင် ပေးအပ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြား အခြေအနေမျိုးမှာတော့ လူထုဆန္ဒကို ဆန့်ကျင်ပြီး ခြိမ်းခြောက်၊ ဖိအားပေး၊ အကြပ်ကိုင်၊ သွေးဆောင် ဖြားယောင်း၍ ဖြစ်စေ၊ လူထုအများစုရဲ့ မသိနားမလည်မှုကြောင့် ဖြစ်စေ၊ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ လုပ်ရပ်တွေဟာ အရာရာကို ပြောင်းလဲနိုင်စွမ်း ရှိတယ်ဆိုတာ နားမလည် သဘောမပေါက်လို့ ဖြစ်စေ၊ အာဏာရှင်တွေ စိတ်ကြိုက် အုပ်ချုပ်ဖို့ ခွင့်ပြုထားသလို ဖြစ်နေတတ်ပါတယ်။ တကယ်လို့ လူထုက သိစိတ်နဲ့ဖြစ်စေ၊ မသိလိုက်ဖာသာ ဖြစ်စေ အုပ်ချုပ်သူတွေကို ပေးထားတဲ့ နိုင်ငံရေးအာဏာရဲ့ ရေသောက်မြစ်တွေကို ဖြတ်ပစ်လိုက်ရင် ရုပ်သိမ်းပစ်လိုက်ရင် ဘယ်လို အာဏာရှင်မှ တည်မြဲနိုင်မှာ မဟုတ်ဘူး။ ဒါဆို နိုင်ငံရေးအာဏာရဲ့ ရေသောက်မြစ်တွေက ဘာတွေလဲ ဆက်လေ့လာ ကြည့်ကြရအောင်။

■ နိုင်ငံရေးအာဏာရဲ့ ရေသောက်မြစ်များ (Sources of Political Power)

ဒီမိုကရေစီ ဖြစ်ဖြစ်၊ အာဏာရှင် ဖြစ်ဖြစ် ဘယ် လူ့အသိုင်းအဝိုင်းမှာ မဆို နိုင်ငံရေးအာဏာရဲ့ ရေသောက်မြစ် ၆ သွယ် ရှိတယ်လို့ ဒေါက်တာဂျင်းရှပ်က ဆိုတယ်။

■ (၁) လုပ်ပိုင်ခွင့်အာဏာ (Authority)

လုပ်ပိုင်ခွင့်အာဏာ ဆိုတာ အုပ်ချုပ်ပိုင်ခွင့်နဲ့ အုပ်ချုပ်ခံ လူထုရဲ့ နာခံမှုကို (အစိုးရ) အုပ်ချုပ်သူများက အခြေခံအားဖြင့် တစ်နည်းနည်းနဲ့ ရယူထားခြင်း ဖြစ်တယ်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲ ရလဒ်တွေနဲ့  လုပ်ပိုင်ခွင့် အာဏာကို တရားဝင်အောင် ပြုလုပ် ရယူလေ့ ရှိတယ်။ ဒါကြောင့် အာဏာရှင် တော်တော်များများဟာ ရွေးကောက်ပွဲတွေကို မိမိတို့ လိုအပ်သလို စီမံချယ်လှယ် အသုံးချလေ့ ရှိတယ်။ ရွေးကောက်ပွဲ ဥပဒေကို စိတ်ကြိုက် ပြဌာန်းတာ၊ (မြန်မာပြည်မှာ ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဏာပိုင်တွေ အလိုကျ စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မ အတည်ပြုတာပါ အကြုံးဝင်ပါလိမ့်မယ်)၊ လူထုဆန္ဒမဲတွေကို မသမာတဲ့ နည်းမျိုးစုံ သုံးပြီး အတင်းအဓမ ္မရယူတာ၊ (ဥပမာ- ၂၀၀၈ မေလ ပြည်သူ့ဆန္ဒ ခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာပါ ကြိုတင်မဲ၊ သေဆုံးသူများရဲ့မဲ စသဖြင့် လိမ်လည် ရယူတာ) အတိုက်အခံတွေကို ခြိမ်းခြောက် ကန့်သတ် ချုပ်ခြယ်တာ၊ ရွေးကောက်ပွဲ ရှုံးရင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုတာ (ဥပမာ- ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွှဲ မပေးခဲ့တာ) တွေ လုပ်လေ့ရှိပါတယ်။ ဘယ်အစိုးရမဆို ပြည်တွင်း လူထုနဲ့ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု (legitimacy) လိုအပ်ပါတယ်။ ဒါမှသာ တရားဝင် လုပ်ပိုင်ခွင့်အာဏာ ရမှာပါ။

ဒီနေရာမှာ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေနဲ့ ဆက်စပ်ပြီး လုပ်ပိုင်ခွင့်အာဏာ (Authority) နဲ့ ရာထူးနေရာ (Rank/Position) ကွာခြားပုံကို နည်းနည်း ဆွေးနွေးချင်ပါတယ်။ အာဏာရှင်နဲ့ စပ်ကြားအုပ်စိုးမှု စနစ်နိုင်ငံတွေမှာ အတိုက်အခံတချို့ (သို့) ကြားလူတချို့ကို ရာထူးနေရာ (Rank/Position) တွေ ပေးထားပေမဲ့ လုပ်ပိုင်ခွင့်အာဏာ (Authority) လိုအပ်သလောက် မပေးဘဲ ထားတတ်လေ့ ရှိပါတယ်။ အမြင်သာဆုံး ဥပမာပေးရရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ကချင်ပြည်နယ်မှာ အပစ်ရပ်ဖို့ သမ္မတအမိန့် (Presidential Order) နှစ်ကြိမ်ထက် မနည်း ထုတ်ပြန်ခဲ့ပေမဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုံးလုံး မလိုက်နာခဲ့ပါဘူး။ နိုင်ငံ့ခေါင်းဆောင် (Head of the State)၊ အစိုးရအဖွဲ့ခေါင်းဆောင် (Head of the Government) ဖြစ်ပါလျက်နဲ့ ကာကွယ်ရေးဝန်ကြီး အောက်က ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်အပေါ်မှာ လုပ်ပိုင်ခွင့် သြဇာအာဏာ သက်ရောက်မှု မရှိတာ အထင်အရှား တွေ့နိုင်ပါတယ်။

လက်ရှိ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံဥပဒေ အောက်မှာ ဘယ်သူမဆို သမ္မတ၊ ဒု-သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဝန်ကြီး စသဖြင့် ရာထူး နေရာကြီးတွေ ရထားရင်တောင် လက်တွေ့မှာ လုပ်ပိုင်ခွင့်အာဏာ (Authority) ရှိ၊ မရှိဆိုတာ အကြီးအကျယ် မေးခွန်းထုတ်စရာပါ။ တကယ်တော့ ယူနီဖောင်းဝတ် စစ်အစိုးရကနေ အရပ်ဝတ် စစ်အစိုးရအသွင် ကူးပြောင်းရေး ကာလမှာ အာဏာလက်ရှိ စစ်အုပ်စုထဲမှာတောင်မှ သမ္မတကအစ ဝန်ကြီးအဆုံး အကန့်အသတ် (အကန့်အသတ်) နဲ့ပဲ လုပ်ပိုင်ခွင့်အာဏာ ရကြတာပါ။ ဘယ်သူမှ သူ့တာဝန်၊ သူ့ရာထူးနဲ့ ထိုက်တန်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မရှိကြတာ အထူးသတိပြုမိဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ နေရာ အဆင့် အားလုံးမှာ ရာထူးတာဝန်မကြီးပေမဲ့ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားတာ ခံရတဲ့သူတွေကိုလည်း သတိထားဖို့ လိုပါတယ်။

တစ်ဆက်တည်းမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ တက်လာပြီး သမ္မတရာထူး တာဝန်ပေးထား ခံရတဲ့ ဦးထင်ကျော်မှာရော လက်တွေ့ လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်ရှိလဲ ဆက်စပ် စဉ်းစားကြည့်နိုင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကာလကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူသာ သမ္မတ မဖြစ်ခဲ့လို့ရှိရင် သမ္မတကို သူ့စိတ်ကြိုက် ရွေးချယ်ပေးပြီး သူကိုယ်တိုင်က သမ္မတအထက်မှာ နေမယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ လုပ်ပိုင်ခွင့်အာဏာ (Authority) သဘောတရားနဲ့ အကဲဖြတ်ကြည့်ရင် (၂၀၀၈  ဖွဲ့စည်းပုံအရ) ရာထူး နေရာကြီးတဲ့ သမ္မတ ဦးထင်ကျော်က (၂၀၀၈ ဖွဲ့စည်းပုံအရ) နိုင်ငံခြားရေးဝန်ကြီးသာ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုတာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်နေလို့လို့ ဆင်ခြေပေးနိုင်ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ တရားဝင် ပြဌာန်းထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးနေရာ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့် ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ မရှိပါဘူး။ ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်ပြု ကိုးကားပြီး ပြောနေတာ မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာ (Authority) ရဲ့သဘောကို ပေါ်လွင်အောင် ဥပမာပေးတာသာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ လုပ်ပိုင်ခွင့်အာဏာ (Authority) နဲ့ပတ်သက်လို့ နေရာတိုင်းမှာ နှိုင်းယှဉ် ဆက်စပ် စဉ်းစားလို့ရတာတွေ တပုံကြီးပါ။

■ (၂) လူသားအရင်းအမြစ် (Human Resources)

လူသား အရင်းအမြစ်ဟာ နိုင်ငံရေးအာဏာ ခိုင်မာတည်မြဲဖို့အတွက် အလွန်အရေးပါတဲ့ ရေသောက်မြစ် တစ်ခု ဖြစ်ပါတယ်။ စိတ်ရော ကိုယ်ပါဖြစ်စေ၊ ဖိအား တစ်ခုခုကြောင့် ဖြစ်စေ အုပ်စိုးသူတွေကို ထောက်ခံတဲ့၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့၊ အလျှော့ပေး လိုက်လျောတဲ့ လူသားအရင်းအမြစ် အရေအတွက်ဟာ နိုင်ငံရေးအာဏာ တည်မြဲဖို့အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူအများစုက လက်ရှိ အစိုးရကို မကြိုက်ရုံလောက်နဲ့တော့ အစိုးရ တစ်ရပ်ကို ကျိန်းသေ ဖြုတ်ချနိုင်တယ်လို့ မပြောနိုင်ပါဘူး။ အပြောင်းအလဲ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုနိုင်ရုံလောက်ပါပဲ။ နိုင်ငံရေးအာဏာ တည်မြဲဖို့ လိုအပ်တဲ့ လူသားအရင်းအမြစ်ကို အသုံးချပြီး လက်တစ်ဆုပ်စာ လူနည်းစုက လူအများစုကြီးကို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ သမိုင်း အဖြစ်အပျက်တွေ အပြည့်ပါ။ အခြား တစ်ဖက်မှာလည်း အကြမ်းမဖက် လူထု လှုပ်ရှားမှုတွေဟာ လူအများစုရဲ့ တက်ကြွတဲ့ ထောက်ခံ ပူးပေါင်းပါဝင်မှု မရှိရင် ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု၊ ဒီမိုကရေစီစနစ်မှာ လူအင်အား အရေအတွက်ဟာ အလွန်အရေးကြီးပါတယ်။ (အရှင်းဆုံး ဥပမာကတော့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရတဲ့ ပါတီက အနိုင်ရသလိုမျိုးပါ။)

ဒီနေရာမှာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားနိုင်ဖို့၊  ပြည်တွင်းပြည်ပမှာ ရှိတဲ့ လူအင်အား အရင်းအမြစ်တွေကို ဘယ်ဖက်က ဘယ်လောက် စုစည်း အသုံးချနိုင်သလဲ ဆိုတာတင် မကဘဲ နိုင်ငံရေး ယှဉ်ပြိုင်ဖက် အုပ်စုချင်း အခြားတစ်ဖက်မှာ ရှိနေပြီးသား လူအင်အား အရင်းအမြစ်တွေကို ကိုယ့်ဘက်ပါအောင် ဘယ်လောက် စည်းရုံး ဆွဲဆောင်ယူနိုင်သလဲ (Co-opt) ဆိုတာလဲ အရေးကြီးပါတယ်။ အနည်းဆုံး ကာလတစ်ခုခု ဖြစ်ဖြစ်ပေါ့။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာခါစမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြွေကြော်သံနဲ့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ အရင်က ဒီမိုကရေစီ လှုပ်ရှားမှုဘက်တော်သားတွေကို အမျိုးမျိုး မက်လုံးပေး ဆွဲဆောင်စည်းရုံးခဲ့တာကို သာဓကအနေနဲ့ အထင်အရှား တွေ့နိုင်ပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုဘက်ကနေ ကြည့်ရင် သူ့လူ ကိုယ့်ဘက်သားတွေ များမလာဘဲ ကိုယ့်လူ သူ့ဘက်သားတွေ ဖြစ်ကုန်ကြတာ များသွားတဲ့ သဘောပေါ့။ ဒီလိုမျိုး အဖြစ်အပျက်မှာ ဘက်ပြောင်းသွားတဲ့ သူများတဲ့ဘက်က လူသား အရင်းအမြစ် နှစ်ဆ ဆုံးရှုံးပါတယ်။ ဒီတစ်ဖက်မှာ လျော့သွားသလောက် ဟိုတစ်ဖက်မှာ တိုးသွားလို့ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည် အခြေအနေမှာ အရင် ဒီမိုကရေစီလှုပ်ရှားမှု ဘက်ကနေ လက်ရှိ အာဏာပိုင်တွေဘက်ကို ကူးပြောင်း၊ ပူးပေါင်းသွားသူတွေ များပြီး ဒီမိုကရေစီ လှုပ်ရှားမှုဘက်ကို အာဏာပိုင်တွေ ဘက်ကနေ ကူးပြောင်းလာသူ မရှိသလောက် နည်းတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဦးရွှေမန်းလို ပုဂ္ဂိုလ်မျိုးကို တချို့က အဲလို စာရင်း သွင်းချင်ကြပေမဲ့ လက်တွေ့မှာ အကျိုးလိုလို့ ညောင်ရေလောင်းတာက ခပ်များများ ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ယခင် ကြားနေသူတွေ ဒီမိုကရေစီရေးဘက်မှာ ပိုမို ပါဝင် ဆောင်ရွက်လာတာ တွေ့ရပေမဲ့ သူတို့ကိုတော့ “တက်တဲ့အစိုးရ ဒို့အစိုးရ” “နိုင်ခြေရှိတဲ့အမတ် ဒို့အမတ်”လို့ မှတ်ယူသူများ အုပ်စု၊ “သာကူး”အုပ်စုမှာသာ ထားရမှာ ဖြစ်ပါတယ်။ တချို့က စိတ်ဓာတ်ရှိသော်လည်း ယခင်က အကြောက်တရားကြောင့် မပါဝင်တာ ဖြစ်နိုင်ပေမဲ့ တချို့ကလည်း အခွင့်အရေးသမား (Opportunists) သက်သက်တွေ ဖြစ် နိုင်ပါတယ်။ (နိုင်ငံရေးအရ ဘယ်သူ မှားတယ်၊ မှန်တယ် ပြောချင်တာ၊ ဝေဖန်ချင်တာ မဟုတ်ဘဲ လူသားအရင်းအမြစ် သဘော ပေါ်လွင်အောင် ဥပမာပေးတာသာ ဖြစ်ပါတယ်။)

ဒီနေရာမှာ အာဏာရှင်များဘက်ကို ဘက်ပြောင်းသွားသူ အင်အားစုများကို စဉ်းစားရာမှာ ရုပ်ပိုင်းဆိုင်ရာ အရေအတွက်တင်မက စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကိုပါ ထည့်စဉ်းစား တွက်ချက်ဖို့ လိုပါတယ်။ တစ်ချိန်က ရဲရဲတောက် ဒီမိုကရက်တွေတောင် (ကာလတစ်ခု ဖြစ်ဖြစ်) ဘက်ပြောင်းလာတာကို ကြည့်ပြီး သာမန်လူထုက အာဏာရှင်ဟောင်းတွေ ဖန်တီးပေးတဲ့ အတုအယောင် အပြောင်းအလဲတွေကို အစစ်အမှန်လို့ အကောက်အယူ လွဲကုန်လို့ ဖြစ်ပေါ်လာတဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေကိုလည်း ထည့်တွက်ဖို့ လိုပါမယ်။

လူသား အရင်းအမြစ်နဲ့ ပတ်သက်လို့ နောက် အရေးကြီးတဲ့ အချက်တစ်ချက်က သူ့လူကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင် စည်းရုံးတာ မဟုတ်ဘဲ ဘယ်ဖက်မှ မပါအောင် ကြားချ (Neutralize) သင်းသတ်လိုက်သလို ဖြစ်သွားတဲ့ ကိစ္စပါ။ ပြုပြင်ပြောင်းလဲရေး လုပ်သယောင်ယောင်ပြတဲ့ ညီအစ်ကို မသိတသိ ကြားကာလမှာ ဘက်ပြောင်းသလိုလို ဖြစ်ပေမဲ့ (တစ်ဖက်က ဆွဲဆောင် စည်းရုံးလို့ ပါသွားပေမဲ့) နောက်ဆုံး ဘယ်ဘက်ကိုမှလည်း မပါနိုင်၊ မပါရ။ ဘယ်ဘက်ကမှလည်း မယုံတော့တဲ့ မျောက်သစ်ကိုင်းလွတ် ခြံခုန်သူများပါ။ လူတော် လူကောင်းတွေ ဖြစ်နိုင်ပေမဲ့ (အနည်းဆုံး ကာလတစ်ခုတော့) ဘယ်ဘက်ကမှ ယုံယုံကြည်ကြည် မသုံးရဲတဲ့ အဟောသိကံ လူသားအရင်းအမြစ်တွေ ဖြစ်သွားနိုင်ပါတယ်။

နောက် ရှိနိုင်သေးတဲ့ အမျိုးအစား တစ်ခုက အာဏာရှင်များကို မယုံကြည်သော်လည်း လိုအပ်ချက်အရ၊ ကိုယ့်ရပ်တည်ရေးအရ၊ အကျိုးစီးပွားအရ အာဏာရှင်ဟောင်းများ ဖန်တီးလိုက်တဲ့ ဗားရှင်းအသစ် (New Version) အာဏာရှင် စနစ်သစ်အောက်မှာ သိစိတ်နဲ့ ဖြစ်စေ၊ မသိစိတ်နေ ဖြစ်စေ ဝင်ရောက် လှုပ်ရှားမိကြတဲ့ လူသား အရင်းအမြစ်တွေပါ။ သူတို့အနေနဲ့ မရည်ရွယ်သော်လည်း၊ စိတ်စေတနာ မပါသော်လည်း လူထုအတွက် အကျိုးမပြုနိုင်တဲ့ အာဏာရှင် စနစ်သစ်ကို အလုပ်အကျွေး ပြုနေလျက်သား ဖြစ်နေတတ်ပါတယ်။ တိုင်းပြည် ပြန်လည် တည်ဆောက်ရေး (Nation Building) ရှုထောင့်က ကြည့်ရင် မလိုအပ်ဘဲ ဆုံးရှုံးသွားရတဲ့ အရင်းအမြစ်ထဲမှာ ထည့်လို့ ရပါတယ်။

■ (၃) တတ်သိ ကျွမ်းကျင်မှုများ (Knowledge and Skills)

ဒီနေ့ခေတ်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ကိစ္စဟာ အရင်ကထက် ပိုမို ရှုှုပ်ထွေးလာပါတယ်။ ၂၁ ရာစုရောက် ကမ္ဘာကြီးမှာ အမေရိကန်သမ္မတကို ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး စကြဝတေးမင်းအဖြစ် အများက မှတ်ယူလေ့ ရှိကြတယ်။ ဒါပေမဲ့ အဲဒီ စကြဝတေးမင်းလဲ အင်မတန် ရှုပ်ထွေးတဲ့ လေကြောင်းပျံသန်းမှု ထိမ်းသိမ်းရေး အလုပ်တို့၊ ပင်လယ်ရေကြောင်း ဥပဒေတို့၊ ရာဇဝတ်မှုခင်း စုံစမ်းထောက်လှမ်းရေးတို့၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့၊ သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေးတို့၊ စစ်ဆင်ရေး စီမံချက်ဆွဲတာတို့၊ ကုန်ကုန်ပြောရရင် ဘိန်းမုန့် ဖုတ်တာ၊ ဆမူဆာ လုပ်တာတို့ စသဖြင့် အားလုံး နားလည်တတ်ကျွမ်းဖို့၊ လုပ်တတ်ဖို့ မလွယ်ပါဘူး။ သူပြောမဲ့ မိန့်ခွန်းတောင် သူ့ထက် ရေးတတ်တဲ့သူတွေကို ရေးခိုင်းရတယ် မဟုတ်လား။ ဒီနေ့ခေတ်မှာ တစ်ဦး တစ်ယောက်ထဲက အားလုံးသိ၊ အားလုံးတတ်တယ် ဆိုတာမျိုး ထင်ယောင်မှတ်မှား ပြောဆိုနေရင် ဘဝပေးအသိ၊ သာမန်အသိ (Common Sense) ရှိသူတွေတောင် ရေရှည်မှာ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။ ဆိုလိုချင်တာက ကမ္ဘာပေါ်က ဘယ်လောက် ကြီးကျယ်တဲ့ အစိုးရ မင်းများ မဆို၊ ပုဂ္ဂိုလ်များ မဆို သမ္မတကနေ ဆယ်အိမ်ခေါင်းအထိ အဆင့်တိုင်းမှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ကူညီဆောင်ရွက်ပေးမှု မပါရင် သူ့အုပ်ချုပ်ရေး ယန္တရားကို မလည်ပတ်နိုင်ဘူး။ ဒီလူတွေသာ မရှိဘူးဆိုရင် အစိုးရတစ်ရပ်ဟာ နာရီပိုင်းအတွင်း ရပ်ဆိုင်း ပြိုကျသွားနိုင်တယ်။ တကယ်တော့ အုပ်ချုပ်သူတိုင်းဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့ ထိမ်းချုပ်ထားတဲ့ တတ်သိ ပညာရှင်တွေရဲ့ ခေါင်းပေါ်မှာ ပြေးလွှား လှုပ်ရှား လည်ပတ်နေကြရတာချည်းပဲ ဖြစ်တယ်။ တတ်သိပညာရှင်တွေက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရုပ်သိမ်းလိုက်ရင် ဘယ်အစိုးရမှ အာဏာ ဆက်ရှိမနေနိုင်ဘူး။ လက်ရှိ အုပ်ချုပ်သူများ နည်းတူ အတိုက်အခံ အင်အားစုတွေကလည်း လုံလောက်တဲ့ တတ်သိပညာရှင်တွေကို သူတို့ဘက်ပါအောင် ဆွဲဆောင် စည်းရုံးနိုင်ရင် တဖြည်းဖြည်း သြဇာအာဏာ တက်လာပြီး ပြည့်စုံ လုံလောက်တဲ့ တစ်နေ့ နိုင်ငံရေးအာဏာ ရရှိလာနိုင်ပါတယ်။ ဒီနေရာမှာ တတ်သိ ကျွမ်းကျင်သူ ပညာရှင်များ အရေးကြီးပုံကို နိုင်ငံရေးအာဏာ ရယူထိန်းချုပ်ရေး ရှုထောင့်ကနေ ယေဘုယျ တင်ပြနေတာသာ ဖြစ်ပြီး နိုင်ငံတစ်ခု လက်တွေ့ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေးအတွက်ဆို ပိုပြီး အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အစိုးရများဟာ သူ့နိုင်ငံရေးအာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ကဏ္ဍအလိုက် တတ်သိကျွမ်းကျင် ပညာရှင်များကို နည်းမျိုးစုံနဲ့ ကိုင်တွယ် အသုံးချရတာပါပဲ။

■ (၄) ရုပ်ဝတ္ထု အရင်းအမြစ်များ၊ သဘာ၀ သယံဇာတများ (Material & Natural Resources)

ငွေကြေးက ကမ္ဘာကြီးကို လည်ပတ်စေတယ် (Money makes the world goes round) ဆိုတဲ့ ဆိုရိုးတစ်ခု ရှိတယ် မဟုတ်လား။ လူသုံးများလွန်းတဲ့ Money makes everything ဆိုတာလဲ အတူတူပါပဲ။ နိုင်ငံရေးအာဏာ ရရှိဖို့ဆိုရင် ငွေကြေး အပါအဝင် ငွေကြေးဖြစ်နိုင်တဲ့ ရုပ်ဝတ္တုနဲ့ သဘာ၀ သယံဇာတ အရင်းအမြစ်များကို လုံလောက်စွာ ချုပ်ကိုင်၊ ရယူ၊ စီမံခန့်ခွဲ၊ ရောင်းချ ပိုင်ခွင့်ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ ဘဏ္ဍာရေး၊ စီးပွားရေး၊ သဘာ၀ သယံဇာတ၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး အစရှိတဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများကို အများဆုံး ထိမ်းချုပ် ထားနိုင်သူက လူထုအများစုကို ထိန်းချုပ်နိုင်မှာပဲ။ ဥပမာအားဖြင့်- အစိုးရက လယ်ယာမြေ ပိုင်ဆိုင်မှုကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားရင် လယ်ယာမြေ လုပ်ငန်းနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ လူအားလုံး အစိုးရ လက်ခုပ်ထဲကရေ ဖြစ်နေမှာပဲ။ အလားတူ စာနယ်ဇင်း၊ သတင်းလောကကို အစိုးရ (သို့) အစိုးရ လက်ဝေခံ လူတစ်စုက တစ်နည်းနည်းနဲ့ ထိမ်းချုပ် ကိုင်တွယ်ထားရင် စာနယ်ဇင်း၊ သတင်းလွတ်လပ်ခွင့် မရှိဘဲ ဒီလောကသားတွေ အကုန် ကြိုးဆွဲခံ ရုပ်သေးရုပ်တွေ ဖြစ်နေမှာပဲ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စတဲ့ လောင်စာ စွမ်းအင်လုပ်ငန်းတွေနဲ့ အဖိုးတန် ကျောက်မျက်ရတနာ၊ သယံဇာတ တွင်းထွက် အစရှိသဖြင့် ဝင်ငွေပမာဏ များပြားတဲ့ လုပ်ငန်းတွေကို အာဏာပိုင်အစိုးရ သို့မဟုတ် သူတို့နဲ့ နီးစပ်သူတစ်စု (မြန်မာပြည်မှာတော့ ခရိုနီတွေ)က စိတ်ကြိုက် ချယ်လှယ်ခွင့် ရထားတဲ့ တိုင်းပြည်တွေမှာ အစိုးရတွေက လူထုထံက ကောက်ခံရရှိတဲ့ အခွန်အခတွေပေါ်မှာ မှီခိုရမှု နည်းတယ်။ ဆိုလိုတာက ပြည်သူလူထုကပေးတဲ့ အခွန်ငွေနဲ့ အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ကို လည်ပတ်ရတာ မဟုတ်တော့ အစိုးရက လူထုအပေါ် မှီခိုစရာ မလိုဘူး။ အဲဒါနဲ့ပြောင်းပြန် လူထုကပဲ အစိုးရကို ဒါမှမဟုတ် ဒီ အရင်းအမြစ်တွေကို စီမံခန့်ခွဲခွင့် ရနေသူတွေကို မှီခိုနေရတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်အုပ်ချီ ဒူးတုပ်နေရတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာကို ဗဟိုကနေ ထိမ်းချုပ်ထားဖို့ ပိုမို လွယ်ကူစေတယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်ရင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ အစိုးရတွေအပေါ် အများဆုံး မှီခိုနေရသူတွေက သူတို့ကိုပြန်ပြီး ဆန့်ကျင်ဖို့ စွမ်းအား အနည်းဆုံး ဖြစ်မှာပဲ။ ဆန့်ကျင်ချင်သည့် တိုင်အောင်လဲ အောင်မြင်ဖို့ ခက်ခဲမှာပဲ။ မြန်မာပြည်မှာတော့ လက်ရှိ ဖြစ်နေတဲ့ မြစ်ဆုံ ရေကာတာကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ အပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာ၊ သယံဇာတ အရင်းအမြစ် အားလုံးကို ဒီနေ့ ဒီအချိန် ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့အထိ အာဏာရှင် လက်ဟောင်း အုပ်ချုပ်သူ လက်တစ်ဆုပ်စာကပဲ ထိန်းချုပ် ထားသေးတာ အထင်အရှားပဲ။ တစ်ပြည်လုံး နေရာအနှံ့ တောင်သူ လယ်သမားတွေလဲ အဓမ္မ မြေသိမ်း၊ လယ်သိမ်း၊ ယာသိမ်း ခံနေရတုန်းပဲ။ နောက်ဆုံး ဘာသာရေး ဝတ္တကမြေပါ မချန် သိမ်းပိုက်၊ ဖယ်ရှားခံနေရဆဲပဲ။ ဝင်ငွေအများဆုံး၊ အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ စစ်တပ်ပိုင် မြန်မာ့ဦးပိုင် စီးပွားရေးကုမ္ပဏီလီမိတက်ကို မကြာခင်ကမှ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပေမဲ့ ဘယ်သူတွေက ဘယ်လောက် ပိုင်ဆိုင်ပြီး ဘယ်လို စီမံခန့်ခွဲနေတယ် ဆိုတာ အများပြည်သူ မပြောနဲ့ လက်ရှိ လူထုရွေးကောက်ခံ အစိုးရတောင် မသိနိုင်သေးဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံနေရတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းကြီးတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ ကိုယ်တိုင် အာဏာပိုင်တွေက ပေးတဲ့ မတိကျ၊ မပြည့်စုံတဲ့ ကိန်းဂဏန်း အချို့ပေါ်မှာ မူတည်ပြီးတော့ပဲ တွက်ချက် လုပ်ကိုင်နေရပြီး လက်တွေ့ တိုင်းပြည်တစ်ခုလုံးရဲ့ အစစ်အမှန် ရသုံးခန့်မှန်းငွေစာရင်း၊ အမှန်တကယ် ငွေကြေးစီးဆင်းမှု (Real Cash Flow) စတာတွေကို ဘယ်သူမှ မသိနိုင်ဘူး ဖြစ်နေတယ်။ တစ်ဖက်ကလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကိုယ်၌က အာဏာရလာတဲ့သူ မှန်သမျှ၊ ဒါမှမဟုတ် အာဏာရလာကိန်း ရှိတဲ့သူ မှန်သမျှကို ချဉ်းကပ်ပြီး သူတို့ ပိုင်ဆိုင်သမျှ အရင်းအနှီးတွေကို ထုတ်ပေးပြီး အာဏာရအောင်၊ အာဏာ ဆက်လက် တည်မြဲအောင် လုပ်ကြတဲ့ သာဓကတွေ မြန်မာမှာရော၊ ကမ္ဘာမှာပါ အများကြီးပါ။ တခြားဥပမာတွေ အများကြီး ရှိသေးပေမဲ့ ဒီလောက်ဆို အာဏာရှင်နဲ့ အာဏာရှင် တစ်ပိုင်း အုပ်စိုးသူတွေအတွက် နိုင်ငံရေး အာဏာကို ထိန်းချုပ်ထားရေးမှာ ဒီ အရင်းအမြစ် တွေဟာ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ ဒီလောက်ဆို ပေါ်လွင်နေပါပြီ။

■ (၅) လက်ဆုပ်လက်ကိုင် မပြနိုင်သော အချက်များ (Intangible Factors)

လက်တွေ့ တိုင်းတာဖို့ ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကလည်း အာဏာရှင် အုပ်စိုးသူတွေနဲ့  အုပ်စိုးခံ လူထုကြားမှာရှိတဲ့ ဆက်ဆံရေးကို အရေးပါတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ကိုးကွယ် ယုံကြည်မှု၊ အစဉ်အလာ၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ အယူဝါဒ စတဲ့ အချက်တွေကြောင့်လည်း အုပ်စိုးသူတွေကို အလျှော့ပေး လိုက်လျောနာခံ၊ ထောက်ခံစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဥပမာ- မိမိက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ယူနီဖောင်း ဝတ်ထားသူတွေကို အလိုအလျောက် ကြောက်တတ်တာ၊ မဆန့်ကျင်ရဲတာ၊ ရုံးပြင် ကန္နားသွားရမှာ အလိုလိုကြောက်တာ၊ စီနီယာ ဂျူနီယာ၊ ဝါကြီး ဝါငယ် ဖြစ်နေလို့ ပြန်မပြောရဲတာ စသဖြင့်ပေါ့။ ထင်ပေါ်ကျော်ကြား လူကြိုက်များသူတွေ ဖြစ်နေလို့ သူ ဘာပြောပြော၊ ဘာ လုပ်လုပ် မဟုတ်မမှန်မှန်း သိရက်နဲ့ ပြန်မပြောရဲတာ၊ အများစုက လက်ခံနေလို့ ကိုယ်က အဲဒီပုဂ္ဂိုလ်ကို ဆန့်ကျင်ဖက်ပြောရင် အများစုက ကိုယ့်ကို ဆန့်ကျင်ခံရမှာ ကြောက်တာ စတဲ့ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ အချက်တွေ အကြုံးဝင်ပါတယ်။ နောက် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေကို မှားမှားမှန်မှန် ပြန်မပြောရဲတာမျိုး၊ မဆန့်ကျင်ရဲတာမျိုး။ သက်ဦးဆံပိုင် ဘုရင်ခေတ်ကဆိုရင် ဘုရင်ဆိုတာ ဘုရားသခင်ရဲ့ ကိုယ်စားလှယ် (Divine Rights) ပိုင်ဆိုင်ထားတယ် လို့တောင် ယုံကြည်မှုမျိုးတွေ ရှိခဲ့ကြ၊ ဘုရားထူးခဲ့ကြရတယ် မဟုတ်လား။ ၂၁ ရာစု ဝင်လာတဲ့အထိ နိုင်ငံတချို့မှာ ဘာသာရေးနဲ့ နိုင်ငံရေး ပေါင်းစပ်ထားတဲ့ အစိုးရတွေ ရှိခဲ့ကြတာ အထင်အရှားပါ။ တကယ်တော့ အဲလိုမျိုး စဉ်းစားတွေးခေါ် မြော်မြင်မှုတွေနဲ့ ဒီမိုကရေစီ မထွန်းကားနိုင်ပါ။ အုပ်စိုးသူ အာဏာရှင်များက ဒီအချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ သူတို့ အာဏာ လက်မလွှတ်ရရေးအတွက် ရည်ရွယ်ချက်ရှိရှိ အသုံးချလေ့ ရှိတယ်။ ဒီနေ့ မြန်မာပြည်မှာ နေ့တိုင်းနီးပါး တွေ့မြင်နေရတဲ့ ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှုတွေ၊ အစွန်းရောက်မှုတွေ၊ အုပ်စိုးသူတွေ ကိုယ်တိုင် တမင်ဖန်တီးထားတဲ့ ကောလာဟလတွေ၊ ပဋိပက္ခတွေ၊ အစွန်းရောက် အမျိုးသားရေး ဝါဒတွေ၊ အလွန်အကျွံ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေဟာ ထင်ရှားတဲ့ သာဓကတွေပဲ။ တကယ်တော့ အုပ်စိုးသူတွေမှာ ရှိနေတဲ့ နိုင်ငံရေး အာဏာဆိုတာ လူထုဆီကနေ ခေတ္တခဏ ချေးယူငှားရမ်း သုံးစွဲထားတာပဲ၊ လူထုက ပြန်တောင်းရင် အချိန်မရွေး ပြန်ပေးရမယ်လို့ နားလည် ယုံကြည်ထားရမှာ။ အဲလို နားလည် သဘောပေါက်မှု မရှိသေးသ၍၊ အားနည်း နေသေးသ၍တော့ နိုင်ငံရေးအာဏာ လက်မလွှတ်ချင်သူတွေက ဒီအချက်ကို  အလွဲသုံးစား လုပ်နေဦးမှာပဲ။

(၆) ပြစ်ဒဏ်ခတ်၊ အရေးယူခြင်းများ (Sanctions)

“ဥပဒေ ဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်း ရန်ကွာ လွန်ချမ်းသာ”ဆိုတဲ့ ဆောင်ပုဒ်ကို စစ်အာဏာရှင် အဆက်ဆက်က နေ့စဉ်နဲ့အမျှ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ နောက်ဆုံး ရုပ်ရှင်ကြည့်၊ သီချင်း နားထောင်တဲ့ နေရာမှာအထိ ပြည်သူလူထု စိတ်ထဲမှာ စွဲနေအောင် ဝါဒဖြန့် ခြိမ်းခြောက်ထားတာကို ကြည့်ရင် ပြစ်ဒဏ်ခတ် အရေးယူမှုနဲ့ အဲလို အရေးယူခံရမှာ ကြောက်စိတ်က နိုင်ငံရေးအာဏာ တည်မြဲမှုအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို ပြနေတာပဲ။ လူထုကို အုပ်စိုးသူတို့ ဆန္ဒအတိုင်း စီမံခန့်ခွဲ အုပ်ချုပ်နိုင်ဖို့၊ သူ့တို့ အလိုကျ ပူးပေါင်း ဆောင်ရွက်စေဖို့ အုပ်စိုးသူတွေ အနေနဲ့ အပြစ်ပေး အရေးယူတာ၊ ဒါမှမဟုတ် အပြစ်ပေး အရေးယူခံရမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ ပြုလုပ်လေ့ရှိတာ အာဏာရှင်တိုင်းရဲ့ လုပ်ရပ်ပါပဲ။ ဘယ်နည်းနဲ့မဆို အုပ်စိုးသူတွေကို နာခံအောင် လုပ်တာပါပဲ။ များသောအားဖြင့် လူထု စိတ်ထဲမှာ အပြစ်ပေး အရေးယူခံရမှာ ကြောက်တဲ့စိတ် ဖြစ်ပေါ်အောင် ဖန်တီးတာဟာ တကယ် အပြစ်ပေး အရေးယူတာထက် ပိုပြီး ထိရောက်ပါတယ်။ ဒါကြောင့် တကယ် အပြစ်ပေး အရေးယူခံရမှ မဟုတ်ဘဲ အုပ်စိုးသူ အလိုကျ မလိုက်နာ၊ မနာခံလို့ အလုပ်ပြုတ်မှာ ကြောက်တာ၊ ရာထူးမတက်မှာ ကြောက်တာ၊ အဖမ်းဆီး အထိန်းသိမ်းခံရမှာ ကြောက်တာ၊ ညှင်းပန်းနှိပ်စက် ခံရမှာ ကြောက်တာ စတာတွေဟာ နိုင်ငံရေးအာဏာ တည်မြဲဖို့အတွက် အဓိက ရေသောက်မြစ် တစ်ခုပဲ။

အစိုးရတိုင်းကတော့ တိုင်းပြည် အုပ်ချုပ်ဖို့အတွက် တရားမျှတ သင့်တော်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ အမိန့်တွေကို ပြည်သူလူထုရဲ့ သဘောတူညီမှု၊ ထောက်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့အညီ အကန့်အသတ် ဘောင်ထဲကနေ ထုတ်ပြန်ရတာပဲ။ လိုအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေကိုလည်း ထိုက်သင့်သလို လုပ်ရမှာပဲ။ ဒါပေမဲ့ အပြစ်ပေး အရေးယူတယ် ဆိုတာ အများပြည်သူ လက်မခံနိုင်တဲ့ အပြုအမူတွေ၊ ဒုစရိုက်မှုတွေ၊ ရာဇဝတ်မှုတွေကို တားဆီးနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ အတိုင်းအတာ ပမာဏလောက်ပဲ ဖြစ်ရမယ်။ ပြည်သူလူထုကို အကြောင်းမဲ့ ခြိမ်းခြောက်ဖို့၊ အစိုးရကို မဆန့်ကျင်ရဲအောင်၊ ဒါမှ မဟုတ် နောင်ကြဉ်အောင် ဆိုပြီး မလိုအပ်ဘဲ သေဒဏ် အကြိမ်ကြိမ် ပေးတာမျိုး၊ သဘာဝထက် ကျော်လွန်တဲ့ ရာနဲ့ချီပြီး နှစ်ရှည် ထောင်ဒဏ်ပေးတာတွေ အပါအဝင် အလွန်အကျွံ အစွန်းရောက်၊ အပြင်းအထန် အပြစ်ပေး အရေးယူတာမျိုးတွေ ပြုလုပ်လို့ မရပါဘူး။ အလုပ် လုပ်ခွင့် မပေးတာ၊ အလုပ်ထုတ်တာ၊ ရာထူး တိုးမပေးတာ၊ အငြိမ်းစားလစာ ခံစားခွင့် မပေးတာ၊ ကျောင်းတက်ခွင့် ပိတ်ပင်တာ၊ ခရီးသွားလာခွင့် ကန့်သတ်တာ၊ ခရီးသွား လက်မှတ် ထုတ်မပေးတာ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို မတရား သိမ်းယူူတာ စတာမျိုးတွေကို အများပြည်သူ လက်ခံနိုင်တဲ့ တရားဥပဒေထက် ကျော်လွန်ပြီး လုပ်လို့ မရပါဘူး။

အာဏာရှင် အစိုးရများဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုလည်း အပြင်းအထန် ပိတ်ပင်လေ့ ရှိပါတယ်။ ပုံနှိပ်ထုတ်ဝေရေး၊ ရုပ်မြင်သံကြားနဲ့ အသံလွှင့်လုပ်ငန်း လိုင်စင်များကို တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ဖို့  ကြိုးစားကြပါတယ်။ မလိုလားရင် အကြောင်းအမျိုးမျိုး ရှာပြီး ပိတ်ပင်ပါတယ်။ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ကိုလည်း ပိတ်ပင် တားဆီးပါတယ်၊ သတင်းမှောင် ချပါတယ်။ ဒါမှမဟုတ် ပုဂ္ဂလိက စာနယ်ဇင်း မီဒီယာတွေကို ထုတ်ဝေခွင့် ပိတ်လိုက်၊ ဖွင့်လိုက် လုပ်ပေးပြီး ကိုယ့်ဟာကိုယ် သတင်းဖြတ်တောက် ဆင်ဆာလုပ်အောင်လည်း ဖိအားပေးလေ့ ရှိပါတယ်။ ဒါဟာလဲ နိုင်ငံရေးအာဏာကို ထိန်းသိမ်းကာကွယ်ဖို့ ထိရောက်တဲ့ ပြစ်ဒဏ်ခတ် အရေးယူမှု တစ်မျိုးပါပဲ။

အပြစ်ပေး အရေးယူခြင်းဟာ အစိုးရတိုင်း သုံးလေ့ရှိတဲ့ လက်နက် တစ်မျိုးပါ။ တကယ်တော့ လူထုက အများသဘောတူ အတည်ပြု အပ်နှင်းထားတဲ့ ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူတာဟာ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုပေးဖို့၊ အကာအကွယ်ပေးဖို့ ဖြစ်သင့်ပါတယ်။ အာဏာရ အစိုးရတွေအတွက် နိုင်ငံရေးအာဏာ ဆက်လက် ချုပ်ကိုင်ထားရေးနဲ့ သူတို့နဲ့ နီးစပ်တဲ့ လူတစ်စု အကျိုးစီးပွားအတွက် လူထုကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့၊ အကြမ်းဖက် နှိပ်ကွပ်ဖို့ မဖြစ်သင့်ပါဘူး။

လူတစ်ဦးချင်းစီရဲ့ အပြုအမူအတွက် မဆိုင်သူတွေကိုပါ ဆွဲထည့် အပြစ်ပေးတာ၊ ပြစ်မှုနဲ့ မမျှတတဲ့ မတန်တဆ ပြစ်ဒဏ်တွေ ပေးတာ၊ အစိုးရနဲ့ အမြင် သဘောထား ကွဲလွဲသူတွေကို နောင်ကို ဒါမျိုး ထပ်မလုပ်ရဲအောင် ခြိမ်းခြောက်တဲ့ အနေနဲ့ နမူနာပြ ပြစ်ဒဏ်ပေးတာမျိုးတွေဟာ အခြေခံ လူ့အခွင့်ရေးကို အကြီးအကျယ် ချိုးဖောက်တာ ဖြစ်ပါတယ်။ ဒါမျိုးကို လူထုရဲ့ မဲဆန္ဒနဲ့ ရွေးကောက်ပွဲအရ တက်လာတဲ့ အစိုးရမျိုးတွေတောင် တစ်ခါတစ်ရံမှာ ကျူးလွန် တတ်ကြပါတယ်။

“အာဏာဟာ (လူတွေကို) အဂတိ လိုက်စားစေတတ်တဲ့ သဘောရှိတယ်။ အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ အဂတိ လိုက်စားစေတယ်”လို့ ဗြိတိသျှလွှတ်တော်အမတ် လော့အက်တန်က ပြောခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့ရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးစာအုပ်မှာ “လူတို့အား အဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာ မဟုတ်၊ စိုးရိမ် ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာ လက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်ကိုင်ထားသူတို့အား ဖောက်ပြန်စေပြီး အာဏာ၏ ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်အောက်ခံတို့အား ဖောက်ပြားစေသည်”လို့ ရေးခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံရေးအာဏာရဲ့ ရေသောက်မြစ်တွေကို လူထုက ကောင်းကောင်း သဘောပေါက် နားလည်ထားရင် အာဏာရှင် အစိုးရဖြစ်ဖြစ်၊ အာဏာရှင်တပိုင်း အစိုးရဖြစ်ဖြစ်၊ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဖြစ်ဖြစ်၊ အာဏာသိမ်း အစိုးရဖြစ်ဖြစ် အစိုးရ တစ်ရပ်ဟာ သူ့ နိုင်ငံရေးအာဏာ တည်မြဲရေးအတွက် ဘယ်လို နည်းလမ်းတွေနဲ့ လူထုကို အဂတိတရားတွေ၊ အကြောက်တရားတွေ၊ ဖိအားပေးမှုတွေ၊ လိမ်လည် လှည့်ဖျားမှုတွေ၊ ဖိနှိပ် ညှဉ်းပမ်းမှုတွေ သုံးပြီး အုပ်ချုပ်နေတယ် ဆိုတာ အလွယ်တကူ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ လူထုကို အကျိုးမပြုနိုင်တဲ့ အစိုးရမျိုးကို ရွေးကောက်ပွဲ နည်းလမ်းနဲ့ ဖြစ်စေ၊ အကြမ်းမဖက် လူထု လှုပ်ရှားမှုနဲ့ ဖြစ်စေ၊ အခြားနည်းလမ်းများနဲ့ ဖြစ်စေ အပြောင်းအလဲ လုပ်ဖို့ ကြိုးစားကြံဆ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ကျော်ကျော်ငြိမ်းချမ်း

၂၀၁၆ ခုနှစ် ဇူလိုင်လ (၂) ရက်။

Political Regime Change and Six Sources of Power

by Kyaw Kyaw Nyein Chan

This article argues that ruling elites exercise authority so long as people allows them to rule. Thus, non-cooperation on the part of the general public is crucial to the breaking chains of autocratic rule. The author notes that if the public is aware of the sources of political power, they can discern how the state (no matter whether it is an autocratic or hybrid regime type) exercises repression and engages in manipulation to maintain their unjust power. The article outlines six sources of political power, namely legitimate authority, human resources (sheer numbers of the masses), knowledge and skills, material and natural resources and intangible factors, such as culture, and sanctions. The public could deprive these sources of power from the rulers by means of elections, non-violent civil defiance or others methods.

■ စာညွှန်း

၁        ကျော်ကျော်ငြိမ်းချမ်းသည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အကြီးတန်း သုတေသီတစ်ဦး ဖြစ်သည်။

၂        An authority held by a group within a society that allows for the administration of public resources and implement policies for society. Power may be acquired as a means of governmental direction or in opposition to a government group. Source: Business Dictionary (2016), URL: http://www.businessdictionary.com/definition/political-power.html#ixzz3coyZhkdC

၃        Political power is the totality of meansç influences, and pressuresincluding authority, rewards, and sanctions available to achieve the objectives of the power-holder, especially those of government, the stateç and those groups in opposition (Sharp, 1973).

■ ကျမ်းကိုးစာရင်း

Helvey, R. L. (2004). On strategic nonviolent conflict: Thinking about the fundamentals. Boston, MA.: Albert Einstein Institute. ISBN 1-880813-29-47.

Popovic, S. Djinovic, S. Milivojevic, A. Merriman, H. & Marovic, I. (2007). CANVAS Core Curriculum: A Guide to Effective Nonviolent Struggle. Students Book.

Sharp, G. (1973a). The Politics of Nonviolent Action (3 volumes). Boston, MA: Porter Sargent. . ISBN 978-0-87558-068-5.

Sharp, G. (1973b). The Politics of Nonviolent Action, Volume I: Power and Struggle, Boston, MA: Porter Sargent. ISBN 978-0-87558-070-8.

Sharp, G. (1973c). The Politics of Nonviolent Action, Volume II: The Methods of Nonviolent Action, Boston, MA: Porter Sargent. ISBN 978-0-87558-071-5.

Sharp, G. (1985). The Politics of Nonviolent Action, Volume III: Dynamics of Nonviolent Action, Boston, MA: Porter Sargent. ISBN 978-0-87558-072-2.

Sharp, G. (2003). From Dictatorship to Democracy: A conceptual framework for liberation. Boston, MA: Albert Einstein Institute. ISBN 978-1-880813-09-6. (First published in 1994).

About the author

Kyaw Kyaw Nyein Chan

ကျော်ကျော်ငြိမ်းချမ်းသည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အကြီးတန်း သုတေသီတဦး ဖြစ်သည်။

Add comment