မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ

ကနဦးသုံးသပ်ချက် (အမှတ်-၈)

∎ ဖြစ်ရပ်အချက်အလက်

၂၀၂၂ ခုနှစ် မတ် ၁၀ ရက်မှာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါနဲ့ တိုင်းရင်းသားလက်နက်ကိုင်(EAOs) ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တခါ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆုက်ခွန်းက မတ်လ တတိယပတ်အတွင်း မြန်မာ နိုင်ငံ လာဖို့ရှိပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဖိတ်ခေါ်ခဲ့တဲ့ အာဆီယံ-အမေရိကန် ထိပ်သီး အထူးဆွေးနွေးပွဲကို ဝါရှင်တန်မှာလုပ်ဖို့ စီစဉ်နေပါတယ်။

Download as PDF

∎ ကနဦးသုံးသပ်ချက်

မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူတွေလည်း ရလဒ်ထွက်ပေါ် အောင် မလုပ်နိုင်သေးသလို၊ အခြားတဖက်မှာလည်း ယုံကြည်ထိုက်လိုက်တဲ့ ကိုးစားခံရမှု အားသာချက် (Credibility Leverage) က ကျဆင်းနေပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ မစခင်မှာပဲ စစ်တပ်နဲ့ အာဏာခွဲဝေရေး (Power-sharing) ဆိုတဲ့ အင်တာဗျူး စကားရပ်ကြောင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စနိုရင်းဟေဇာဟာ တာအထွက်မှာ တက်ကျိုးသလို ဖြစ်ခဲ့ရပါတယ်။ တခါ အာဆီယံဘုံသဘော တူညီချက်ငါးရပ်မှာ အခြေခံ အကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အာဆီယံအထူး ကိုယ်စားလှယ်သစ်က နားမချနိုင်သေးပါဘူး။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဘက်အသီးသီးနဲ့ တရားဝင်အပြုသဘော တွေ့ဆုံဆွေးနွေးဖို့ရာလည်း နှောင့်နှေးနေပါတယ်။ ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါကတော့ စစ်တပ်နဲ့နီးစပ်သူ ဖြစ်တာကြောင့် သူ့အပေါ် မြန်မာ့တော်လှန်ရေးအတိုက်အခံများရဲ့ ယုံကြည်မှုက အားနည်းပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် အမှတ်-၄ မှာ တင်ပြခဲ့သလို အထူးကိုယ်စားလှယ်တွေရဲ့ လုပ်နိုင်စွမ်းဟာ အကန့်အသတ် ဆက်ရှိနေပြီး အနိမ့်ဆုံး လုပ်နိုင်စွမ်းဖြစ်တဲ့ အရပ်သားပြည်သူအပေါ် အကာအကွယ်ပေးရေး ကိစ္စနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကိုတောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလို ဖြစ်ရခြင်းမှာ စစ်ကောင်စီဘက်က ကန့်ကွက်မှုတွေနဲ့ ငြင်းပယ်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ လက်ရှိမှာလည်း ပဋိပက္ခနယ်မြေတွေအတွင်း ထိုးစစ်ဆင်မှုကို စစ်ကောင်စီက ပိုလုပ်နေပါတယ်။ ရွာလုံးကျွတ် မီးရှို့တာ၊ နေအိမ်တွေကို ချိတ်ပိတ်တာစတဲ့ ဖိနှိပ်မှုတွေလည်း ပိုပြင်းထန်လာပါတယ်။ အရပ်သားသေဆုံးမှုနဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်လည်း ဆက်တိုးနေပါတယ်။

ဒီအခြေအနေမှာပဲ မတ် ၁၀ ရက်မှာ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်ဆစ်တို့ကို ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါက လူကိုယ်တိုင် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ချင်းမိုင်တွေ့ဆုံမှု မတိုင်ခင်  ဆာဆာကာဝါဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့တွေ့ခဲ့သလို၊ ထိုင်းဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ အင်ဒိုနီးရှားကို သွားခဲ့တယ်ဆိုတဲ့ သတင်းစကားတွေလည်း ရှိပါတယ်။ အဲဒီ တွေ့ဆုံမှုတွေက ထူးခြားတဲ့အပြင်၊ ဆာဆာကာဝါနဲ့ တွေ့ဆုံမှုကို အကြောင်းပြုပြီး PPST နဲ့ ဆက်စပ် နေတဲ့ EAOs ခေါင်းဆောင် (ဥက္ကဋ္ဌများ)တွေ နေရာတခုတည်းမှာ လူချင်းတွေ့ဆုံခဲ့ခြင်းက စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်နိုင်ပါတယ်။ ဆာဆာကာဝါဟာ ဒီတွေ့ဆုံမှုပြီးရင် မြန်မာနိုင်ငံကို လူကိုယ်တိုင်သွားဖို့ ရှိကောင်း ရှိမယ်၊ ဒါမှမဟုတ် စစ်ကောင်စီ ခေါင်းဆောင်နဲ့ အွန်လိုင်းကနေ ဆွေးနွေးမှုလုပ်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ အာဆီယံ အထူး ကိုယ်စားလှယ် ပရက်ဆုက်ခွန်းကတော့ မတ် ၂၀ ရက်ကနေ ၂၃ ရက်  အထိ မြန်မာနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။ 

∎ ဖြစ်တန်ခြေအကဲဖြတ်ချက်

မြန်မာ့အရေး နိုင်ငံတကာအထူးကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းမှုဟာ သိသာတဲ့ ရလဒ်မထွက်၊ သပွတ် အူလိုက်နေရုံတင်မက လူထုက ယုံကြည်ထိုက်လောက်တဲ့ ကိုးစားမှုလည်း ကျဆင်းနေပါတယ်။ တချိန်တည်းမှာ အာဆီယံရဲ့ ကိုင်တွယ်မှုကလည်း အကျိုးသက်ရောက်မှု မဖြစ်သေးတဲ့အပြင် အခန့်မသင့်ရင် အာဆီယံ ကနေ စစ်ကောင်စီ ထွက်သွားနိုင်ပါသေးတယ်။ ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် အမှတ်-၆ မှာ ထောက်ပြခဲ့သလိုပါပဲ။ နိုင်ငံတကာအထူးကိုယ်စားလှယ်တွေအနေနဲ့ EAOs တွေနဲ့သာမက အခုဖြစ်နေတဲ့ အခြေအနေမှာ အရေးပါတဲ့ ပလေယာသစ်အဖြစ် ပါဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အခန်းကဏ္ဍကို တိတိပပ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုတာမျိုး၊ ထည့်သွင်းဆောင်ရွက်တာမျိုးမလုပ်ရင်တော့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးကစလို့ ပဋိပက္ခဖြေရှင်းရေးအထိ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ သိမ်မွေ့တဲ့ ကြားဝင်ဆောင်ရွက်ရေးအားထုတ်မှုတွေမှာ ဘယ်လို ပလေယာတွေက ဘယ်လိုအချိန်မှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်မလဲဆိုတဲ့ sequencing အစဉ်ရွေးချယ်မှုလိုအပ်ချက် ရှိနေနိုင်တာကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။ ဒါပေမဲ့ အဓိက ပါဝင်ရမယ့်သူတွေရဲ့ အခန်းကဏ္ဍကို ဝါးတားတားလုပ် နူတ်ဆိတ်နေလို့လည်း မရပါဘူး။ ဒါ့အပြင် နိုင်ငံတကာဘက်မှာလည်း မြန်မာ့အရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ ဂျပန် စတဲ့ အထူးကိုယ်စားလှယ် မျက်နှာစုံညီတွေ့ဆုံလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန် စသဖြင့် အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံလို့ပဲဖြစ်ဖြစ် မြန်မာလူထုရဲ့ အသံကို နားထောင်ပြီး အချင်းချင်း ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုလုပ်မှသာ အဖြေရှာနိုင်မယ့် အနေအထားဖြစ်ပါတယ်။ ဒီလို မဖြစ်လာဘူးဆိုရင် မြန်မာ့အရေးဟာ ပြဿနာပြေလည်ရေး ထက် တရုတ်-အမေရိကန်စတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအတွက် အသုံးချခံ မြေစာပင်သာ ဖြစ်လာနိုင်ခြေရှိ ပါတယ်။

https://ispmyanmar.com/burmese/2021/12/21/op-4/
https://ispmyanmar.com/burmese/2022/01/22/op-6/

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment