ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ “လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus) ချဉ်းကပ်မှုနည်းလမ်း

က

ကနဦးသုံးသပ်ချက် (အမှတ်-၆)

∎ ဖြစ်ရပ်အချက်အလက်

“လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus) ချဉ်းကပ်မှုနည်းလမ်း အကြောင်း ထည့်သွင်းပြောခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်းနဲ့ ထပ်ဖြည့်လိုတဲ့ အချက်သုံးချက်ပါဝင်တဲ့ တုံ့ပြန်ကြေညာချက် တစောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ သုံးဖွဲ့ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့အပြင် အခြား အာဆီယံနိုင်ငံ ခေါင်းဆောင်တွေအကြား တွေ့ဆုံမှုတွေလည်း ဆက်တိုက်ဖြစ်နေပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုကိစ္စတွေကို အဓိကထား ပြောဆိုနေကြပါတယ်။

Download as PDF

∎ ကနဦးသုံးသပ်ချက်

စစ်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးက အဓိကကျလာပါတယ်။ ဒီအရေး ဖြေရှင်းနိုင်ဖို့အတွက် Humanitarian Plus ဆိုတဲ့ ချဉ်းကပ်မှုကို ပြောဆိုကြရာမှာတော့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ သက်သက်သာမက၊ “အပြင်” (Plus) ဆိုပြီး ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်နဲ့ ဒီလို ဆောင်ရွက်မယ့်နယ်ပယ်က ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်သွားမလဲဆိုတဲ့ အယူအကောက်ကတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။ 

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

ဒီအသုံးအနှုန်းနဲ့ အယူအဆဟာ လူသားချင်းစာနာမှု အထောက်အကူပေးရေး အစီအစဉ်တွေကို နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးနည်းတွေနဲ့ တွဲချိတ်ထားဖို့များ ရည်ရွယ်ထားသလား ဆိုတဲ့ မေးခွန်း ရှိလာပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေကိုကြည့်ရင် ဘက်အသီးသီးက ထိန်း ထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ လူသားချင်းစာနာတဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ တောင်းဆိုကြတာကိုလည်း တွေ့နိုင်ပါတယ်။ ဒီကိစ္စဟာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ထဲက နံပါတ် နှစ်အချက်ဖြစ်တဲ့ “သက်ဆိုင်သူတွေအကြား အပြုသဘောဆောင် ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ အဖြေရှာရန်” ကိစ္စနဲ့လည်း ဆက်စပ်နေဖွယ် ရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) သုံးဖွဲ့ ပထမဆုံးပူးပေါင်းပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ 

(က) စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် (No Fly Zone) ကြေညာပြီး လိုက်နာမှုရှိစေဖို့ နိုင်ငံတကာက တာဝန်ယူစောင့်ကြပ်ပေးဖို့ကိစ္စ၊ 

(ခ) နိုင်ငံတကာအာမခံမှုနဲ့ အရပ်သားပြည်သူများ အကာ အကွယ် ပေးတဲ့ လုံခြုံသောနေရာများ (International guaranteed protection of civilians safe zone) တိတိ ကျကျ သတ်မှတ်ကြေညာပေးရေးကိစ္စနဲ့

(ဂ) နိုင်ငံတကာအတိုင်းအတာဖြင့် ညှိနှိုင်းထားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ (Negotiated humanitarian Corridor) ကြေညာရန်၊ ထိုမှတဆင့် နယ်စပ်ဖြတ်ကျော်၍ (သို့မဟုတ်) နိုင်ငံတွင်း အဓိကကျတဲ့ နေရာတွေမှတဆင့် အလိုအပ်ဆုံးဖြစ်တဲ့ နေရာတွေကို အကူအညီပေးရေးအဖွဲ့တွေက သွားရောက်ပံ့ပိုးရန် ကိစ္စရပ် တွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။ 

EAOs သုံးဖွဲ့ရဲ့ ကြေညာချက်ထဲမှာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုတာမျိုး မတွေ့ရသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ အခန်းကဏ္ဍကို ထည့်ပြောခဲ့တာလည်း မရှိပါဘူး။ ဒါပေမဲ့ “အရေးပေါ် လိုအပ်ချက်များအား အသုံးချလျက် မြန်မာနိုင်ငံမှ ပါဝင်ပတ်သက် သူများနှင့်အတူ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အကြား အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းများကို အကောင်အထည် ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်” လို့ ကြေညာချက်နိဂုံးပိုင်းမှာ ရေးခဲ့တာ တွေ့ရပါတယ်။ 

စစ်ကောင်စီဘက်မှာတော့ EAOs တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ခွဲခြားပြောဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးထားတယ်လို့ ပြောဆိုထားပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကိုတော့ အာဆီယံနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ တဖက်မှာလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေ အပါအဝင် EAOs အချို့နဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် နည်းပေါင်းစုံသုံးပြီး ချေမှုန်းနေတာ တွေ့ရပါတယ်။

ပြန်ချုပ်ရရင် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ 

(၁) EAOs သုံးဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာပါသလို “နိုင်ငံတကာက တာဝန်ယူစောင့်ကြပ်”၊ “နိုင်ငံတကာအာမခံမှု” နဲ့ “နိုင်ငံတကာအတိုင်းအတာနဲ့ ညှိနှိုင်းထားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ” တွေကနေတဆင့် သွားရောက် ကူညီပံ့ပိုးတာမျိုးက စစ်ကောင်စီအပါအဝင် ပဋိပက္ခထဲ ပါဝင်နေသူတွေအားလုံး အပစ်အခတ်ရပ်စဲမှု မရှိဘဲ တကယ်ဖြစ်နိုင်မလားဆိုတာ အရေးကြီးတဲ့မေးခွန်း ဖြစ် လာပါတယ်။

(၂) တကယ်လို့ လူသားချင်း စာနာမှုအကူအညီတွေ ပေးနိုင်ရေး အပစ်ရပ်မှရမယ်ဆိုရင် စစ်ကောင်စီ၊ EAOs၊ NUG နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အစရှိတဲ့ ဆက်စပ်ဒေသထဲက ဘယ်အဖွဲ့အစည်းတွေ ဒီအထဲမှာ အဓိကကျ အကျုံးဝင်မလဲ ဆိုတာနဲ့

(၃) လူသားချင်းစာနာမှုကနေ ချိတ်ဆက်ပြီး ပဋိပက္ခအရှိန် လျော့ကျအောင် (de-escalation) နဲ့ နိုင်ငံရေးအကျပ် အတည်းအတွက် ထွက်ပေါက်ကို ဘယ်သူတွေနဲ့ ဘယ်လိုရှာမလဲဆိုတဲ့ အချက်သုံးချက်ကိုလည်း ထည့်စဉ်းစားဖို့ အရေးကြီးလာပါတယ်။

∎ ဖြစ်တန်ခြေအကဲဖြတ်ချက်

လူတွေသေကြေ၊ မြို့ရွာတွေပျက်စီး၊ ဒုက္ခသည်တွေ သိန်းချီ တိုးမြင့်ကာ လူသားချင်းစာနာမှုအကူအညီတွေ အများဆုံး လိုအပ် နေတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် (ကရင်နီဒေသ)နဲ့ ကရင်ပြည်နယ်တွေမှာ ပြင်းထန်လာနေတဲ့ လက်ရှိပဋိပက္ခတွေဟာ  EAOs တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်တဲ့ တိုက်ပွဲတွေကြောင့်ထက် EAOs တပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တို့ရဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ခိုက်မှုတွေက အဓိကဖြစ်ပါတယ်။ EAOs တွေနဲ့ နိုင်ငံတကာအပါအဝင် ဘက်အသီးသီးက အခုဖြစ်နေတဲ့ အခြေအနေမှာ အရေးပါတဲ့ ပလေယာသစ်အဖြစ် ပါဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ အခန်းကဏ္ဍကို တိတိပပ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ဘဲ ဝါးတားတားလုပ်နေသရွေ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးအတွက် ခက်ခဲနေဦးမှာဖြစ်တယ်။ ဒါ့အပြင် ပဋိပက္ခလျော့ပါးရေးနဲ့ ရေရှည်နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ရရေးအတွက်လည်း ခက်ခဲနိုင်ဖွယ်ရှိပါတယ်။ စစ်ကောင်စီ ဘက်ကတော့ EAOs နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ခွဲထုတ်ရေးဗျူဟာကိုပဲ လတ်တလော ဆက်ကျင့်သုံးဖွယ်ရှိပြီး တောင့်မခံနိုင်တဲ့ဘက်ကရှုံးဆိုတဲ့ အမှည့်ခြွေစစ်  (War of Attrition) မျိုးကိုပဲ ဒီပွင့်လင်းရာသီမှာ ဆက်လက်ဆင်နွှဲနေနိုင်ပါတယ်။ ဒါ့အပြင် EAOs တွေနဲ့ နိုင်ငံတကာ (အထူးသဖြင့် အာဆီယံ) ကို အကန့်လိုက် သီးသန့်ဆွေးနွေးတာတွေအပြင် လိုက်လျောမှုအချို့ကိုလည်း စစ်ကောင်စီဘက်က လုပ်လာနိုင်ဖွယ်ရှိပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ စစ်ဘေးနဲ့ အခြားကပ်ဘေး ဒုက္ခတွေကို ပိုတိုးပြီး ခံစားရဖွယ်ရှိပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment