အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း

ကနဦးသုံးသပ်ချက် (အမှတ်-၂)

ဒီဇင်ဘာ ၁၀ ရက် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှု

ဖြစ်ရပ်အချက်အလက်

ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ မြေပြင်မှတ်တမ်းဓာတ်ပုံတွေအရ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု အားကောင်း တာ၊ လှုပ်ရှားမှုအောင်မြင်တာ တွေ့ရပါတယ်။ လှုပ်ရှားမှုရဲ့ ကြွေးကြော်သံက “ဆိတ်သုဉ်း နေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတာပဲဖြစ်ပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

https://anchor.fm/isp-myanmar/episodes/ep-e1c47qu

Download as PDF

ကနဦးသုံးသပ်ချက် 

အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြို မခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်းကို ပေါ်လွင်စေပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သှူပါဝင်မှု အရေအတွက်သာမက အရည်အသွေး အရလည်း မြင့်မားပါတယ်။

အဓိက အရည်အသွေးတရပ်ကတော့ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ အာဏာကိုင်စွဲအုပ်ချုပ်ပိုင်ခွင့် legitimacy ကို လက် မခံဘူးဆိုတဲ့အပေါ် ပြသလိုစိတ် ပြင်းပြနေခြင်းပါပဲ။ မြန်မာ့သမိုင်း အစဉ်အဆက်တလျှောက် မင်းဆိုးမင်းညစ်တွေ၊ အာဏာရှင်တွေဟာ လူများစု လူထုချစ်ခင်နှစ်သက်မှု မရတာတောင် သူတို့နဲ့ မကင်းနိုင်တဲ့ ဆရာ-ဒကာဆက်ဆံရေးထဲက ဘာသာရေးခေါင်း ဆောင်တွေ၊ စီးပွားရေးသမားတွေ၊ စာရေးဆရာ၊ စာနယ်ဇင်း သမား၊ အဆိုတော်၊ သရုပ်ဆောင် စသဖြင့် ဖျော်ဖြေရေးလုပ်ငန်းနဲ့ အသက်မွေးရတဲ့ ကျော်ကြားသူတွေထဲကအားလုံး မဟုတ် တောင် လုံလောက်တဲ့ အရေအတွက်လောက် ထောက်ခံမှု၊ ပူးပေါင်းမှုကို ရတတ်ကြစမြဲပါပဲ။ ဒါကြောင့် မင်းဆိုးမင်းညစ်တွေ အာဏာတည်မြဲဖို့ လူထု လူများစုကြီးဆိုတဲ့ အပြင်စည်းထောက်ခံမှုမလိုဘဲ အတွင်းစည်း အခွင့်ရေးသမားတွေ ထောက်ခံပူးပေါင်းရင် အောင်မြင်သွားလေ့ရှိပါတယ်။ 

အခုလို အာဏာသိမ်းတာ ၁၀ လကြာတဲ့အထိတိုင် မချစ်သော်လည်းအောင့်ကာနမ်း မလုပ်နိုင်၊ မလုပ်ရဲတော့တာ၊ လုပ်မိရင်လည်း လူထုတံတွေးခွက်မျောလို့အများစုက နောင်ကြဉ် နောက်ဆုတ်ပြန်ဖယ်ခွာသွားကြတာဟာ သမိုင်းမှာ မကြုံစဖူးလို့ ဆိုနိုင်ပါတယ်။

အခြားတဖက်မှာလည်း မြန်မာ့နွေဦးတော်လှန်ရေးဟာ အကြမ်း မဖက်ကနေ အကြမ်းဖက် လက်နက်ကိုင် တော်လှန်ရေးကို ပြောင်းသွားပြီဆိုတာထက် ပုံစံမျိုးစုံနဲ့ ဆက်ပြီး ပေါင်းစပ်တိုက်ပွဲ ဝင်နေတယ်ဆိုတဲ့ ပုံရိပ်ကို ပိုပေါ်လွင်စေတာမို့ လှုပ်ရှားမှုအတွက် ကြီးစွာသော အကျိုးရှိစေပါတယ်။  ဒီလို အသံတိတ်သပိတ်မျိုးဟာ ပြည်သူလူထုပူးပေါင်းပါဝင်မှု ပိုရစေပါတယ်။ လူထုက တိုက်ပွဲ အပေါ် ယုံကြည်မှုပိုတိုးစေပါတယ်။ သေကြေပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ စွန့်စားရမှု အနည်းဆုံးဖြစ်အောင် ကြံ ဆောင်ပေးနိုင်တဲ့ နည်းနာမျိုးဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲ လို သတင်းအချက်အလက် လျှို့ဝှက်စရာမလိုလို့ ခြေရင်းအိမ်၊ ခေါင်းရင်းအိမ် တရပ်တည်းသားတွေလည်း ပါတယ်။ တရုံးတည်း ဝန်ထမ်းတွေ လည်းပါတယ်။ အားလုံး တလှေတည်းစီးမယ်ဆိုတာ ကြိုသိထားလို့ ငါလည်းပါမယ်ဆိုတဲ့ ပါဝင်ဖို့စိတ်ကို ပိုမြင့်မားစေ ပါတယ်။ ငါဟာ တရားတဲ့ဘက်ကနေ ငါစွမ်းနိုင်တဲ့နည်းနဲ့ ပါနေ သေးတယ်ဆိုတဲ့ ခံစားချက်ကြောင့် တာဝန်ကျေသလို ကျေနပ်မှု ကို ရစေပါတယ်။ အုပ်စိုးသူအတွင်းက လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေသူတွေကိုလည်း ဘက်ပြောင်းဖို့၊ အနည်းဆုံး စာနာ ထောက်ထားမှု တိုးလာစေဖို့ အလားအလာ ပိုကောင်းပါတယ်။ နိုင်ငံတကာ စောင့်ကြည့်ထောက်ခံမှုလည်း ပိုရနိုင်ပါတယ်။ 

ISP-Myanmar က ၂၀၂၁ ခုနှစ် မတ် ၅ ရက်မှာ တင်ဆက်ခဲ့တဲ့ အလေးထားရမယ့် အကြောင်းအချက်များ အမှတ်-၁ မှာ ဖော်ပြခဲ့သလိုပဲ 

(၁) လူထုလှုပ်ရှားမှုရဲ့ အင်အားကြီးမားတဲ့ အရွယ်အစားပမာဏ (ဥပမာ- ဆန္ဒပြသူ လူတသန်းအထက် ရှိတာ)နဲ့ တိုက်ပွဲ ပုံစံမျိုးစုံနဲ့ ခွဲလှုပ်ရှားနိုင်မှု၊ 

(၂) လုံခြုံရေးတပ်¸တွေပဲဖြစ်ဖြစ်၊ ဖိနှိပ်သူ ခေါင်းဆောင်မှုထဲ မှာပဲဖြစ်ဖြစ်၊ အရပ်သား အုပ်ချုပ်ရေးယ္တရားမှာပဲ ဖြစ်ဖြစ် လူထုလှုပ်ရှားမှုဘက်ကို ဘက်ပြောင်းလာမှုနဲ့

(၃) ဖိနှိပ်တဲ့အစိုးရကို နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ စစ်ရေးတွေအရ ကျောထောက်နောက်ခံပေးထားတဲ့ အင် အားကြီးနိုင်ငံက ထောက်ခံတာကို ရပ်ဆိုင်းပစ်မှုတွေဟာ ဖိနှိပ်သူတွေအတွက် ကိုယ့်ရှူးကိုယ်ပတ် ဖြစ်စေတဲ့ အကြောင်းသုံးချက်ပါပဲ။ 

ဒီအကြောင်းသုံးချက်ပေါင်းဆုံရင် လူထုလှုပ်ရှားမှုတွေရဲ့ အောင် မြင်နိုင်ခြေဟာ ၈၅ ရာခိုင်နှုန်းရှိတယ်လို့ တွေ့ရပါတယ်။ အင်အား ကြီးနိုင်ငံက ဖိနှိပ်တဲ့အစိုးရကို ဆက်ထောက်ခံနေစေကာမူ၊ အုပ်စိုးသူတွေထဲက ဘက်ပြောင်းလာတာ မရှိစေကာမူ လူထု လှုပ်ရှားမှုက အင်အားကြီးနေတယ်ဆိုရင် အောင်မြင်နိုင်ခြေက ၂၀ ရာခိုင်နှုန်းအထက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

လူထုလှုပ်ရှားမှုဆိုရာမှာ လမ်းတွေထက်မှာ လူတွေ ထုနဲ့ထည်နဲ့ စုစည်းပြီး ဆန္ဒပြတဲ့၊ စိန်ခေါ်တဲ့ နည်းနာတွေ methods of concentration သုံးသလို၊ လမ်းပေါ်မထွက်ဘဲ ဖြန့်ခွဲတိုက်ပွဲနည်းနာ တွေဖြစ်တဲ့ စားသုံးသူသပိတ်၊ သံပုံးတီးသပိတ်၊ အစိုးရအလုပ်ခွင် အတွင်း ထော်လော်ကန့်လန့် အနှောင့်အယှက်ပြုတဲ့သပိတ်၊ အသံတိတ်သပိတ် စတဲ့ methods of dispersion ကိုလည်း ပေါင်းစပ်ကျင့်သုံးတာ ပါဝင်ပါတယ်။ ဒီလိုပေါင်းစပ်နိုင်မှ နည်းနာ ြွကယ်ဝတာမို့ အောင်မြင်မှုနဲ့ ပိုနီးစပ်တယ်လို့ လူထုလှုပ်ရှားမှု ဆိုင်ရာ ထိပ်တန်းသုတေသီတွေ အားလုံးလိုလိုက အထောက် အထားများစွာနဲ့ ဖော်ထုတ်ထားခဲ့ကြပြီး ဖြစ်ပါတယ်။ 

➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://ispmyanmar.com/burmese/2021/03/05/wm-1/

ဖြစ်တန်ခြေအကဲဖြတ်ချက်

အခုလို နည်းနာကြွယ်ဝတဲ့ လူထုလှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ဖြစ်နေမယ်ဆိုရင် စစ်ကောင်စီရဲ့ တရားဝင်မှုအကျပ် အတည်း ကြီးမားလွန်းတာကြောင့် မြေပြင်တည်ငြိမ်မှုနဲ့ လူထု ပူးပေါင်းမှုကို လာမယ့်နှစ်ပိုင်းအတွင်း ရနိုင်ဖွယ် မမြင်ပါဘူး။ ဒါကြောင့် စစ်ကောင်စီရဲ့ လမ်းပြမြေပုံအတိုင်း နှစ်နှစ်ခွဲအတွင်း ယုံကြည်လောက်စရာ ရွေးကောက်ပွဲတွေ ဖြစ်လာဖွယ် လုံးဝ မရှိနိုင်ဘူးလို့ အကဲဖြတ်ပါတယ်။ တဖက်ကလည်း လူထုရဲ့ စစ်တပ်အုပ်ချုပ်ခွင့်မရစေရေး နည်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်တဲ့ လှုပ်ရှားမှု expressive participation ကို နိုင်ငံရေးရလဒ်အဖြေ ထွက်အောင် မဟာဗျူဟာကျတဲ့လှုပ်ရှားမှု strategic participationဖြစ်အောင် ဘယ်လိုချိတ်ဆက်ပေးနိုင်မလဲ ဆိုတာက တော့ နွေဦးတော်လှန်ရေး ခေါင်းဆောင်မှုအတွက် အဓိက စိန်ခေါ်မှုတရပ်အဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment