သေဒဏ်စီရင်ခြင်းနောက်ဆက်တွဲနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖယ်ထုတ်မရတော့သည့် မြန်မာ့အကျပ်အတည်း

ကနဦးသုံးသပ်ချက် (အမှတ်-၁၁)

∎  ဖြစ်ရပ်အချက်အလက်

ဇူလိုင် ၂၅ ရက်ထုတ် စစ်ကောင်စီသတင်းစာမှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ချက်အတိုင်း ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်က လုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာလည်း ဒါကို အတည်ပြုခဲ့ပါတယ်။

∎  ကနဦးသုံးသပ်ချက်

နိုင်ငံရေးအရ သေဒဏ်ပေးခြင်း ကျင့်သုံးတာဟာ အာဆီယံအပါအဝင် နိုင်ငံတချို့က လမ်းကြောင်းပေးနေတဲ့ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်သွားဖို့ (Return to normalcy) အားထုတ်ရေးဆိုတာ မဖြစ်နိုင်တော့ကြောင်း သက်သေပြလိုက်တဲ့ နောက်ဆုံး အထောက်အထားတရပ်ပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်သစ် ဘယ်လိုပုံပေါ်လာမယ်ဆိုတာ မသိမြင်နိုင်သေးပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ရှိရင်းစွဲအထိုင် (Old normal) ကနေ အကျပ်အတည်းပြဿနာကို အကဲဖြတ်ပုံ၊ ကြောင်းကျိုးဆင်ခြင် တည်ဆောက်နားလည်ပုံနဲ့ ဖြေရှင်းနည်းစဉ်းစားပုံတွေဟာ အောင်မြင်ဖို့ မရှိနိုင်တော့ပါဘူး။ 

Download as PDF Version

ဒီလို နိုင်ငံရေးအရ သေဒဏ်ပေးမှုကို ကျင့်သုံးတာဟာ စစ်ကောင်စီရဲ့ အောက်ခြေနဲ့ အလယ်အလတ်အဆင့် ဘက်တော်သား တွေသာမက စစ်ကောင်စီ ခေါင်းဆောင်ပိုင်းမှာပါ လက်စားချေရေးသဘောထားဟာ မူဝါဒတခုဖြစ်တယ်ဆိုတာ ထင်ရှားစေတဲ့ သက်သေ တရပ်ပါပဲ။ တခါ စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အကျ အဆုံး အထိအခိုက်များနေတဲ့ စစ်ကောင်စီတပ်သားတွေအတွက် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ချက်လည်း ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း နိုင်ငံရေးအရ သေဒဏ်ပေးမှုမရှိခဲ့ဘဲ အခု စစ်ကောင်စီလက်ထက်မှာ သေဒဏ်စီရင်မှုကို စလိုက်တာ ဟာ တမံချိုးလိုက်သလို ဖြစ်သွားပါပြီ။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ နှီးနွှယ်ပြီး သေဒဏ်ချမှတ်ခံထားရသူတွေကို စီရင်မှုတွေ ဆက်တိုက်လုပ်လာတော့ မလားဆိုတာ စိုးရိမ်စရာ ဖြစ်ရပါတယ်။ အခုချိန်အထိ (မျက်ကွယ်သေဒဏ် အပါအဝင်) သေဒဏ်ချမှတ်ခံထားရသူ ၁၂၉ ဦးထက်မနည်း ရှိပါတယ်။ ဒီအထဲမှာ ၈၂ ဦးဟာ အကျဉ်းထောင်တွေမှာ အဖမ်းခံထားရပြီး လေးဦးကို သေဒဏ်စီရင်ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ 

ကုလသမဂ္ဂ၊ အာဆီယံ၊ အနောက်နိုင်ငံများ၊ ဂျပန်နဲ့ မလေးရှားတို့က သေဒဏ်စီရင်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြပေမဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံတွေက (အခုသုံးသပ်ချက် ဖော်ပြချိန်အထိ) တရားဝင် မှတ်တမ်းဖြစ်စေမယ့် ပြစ်တင်ရှုတ်ချ သောကြေညာချက်တွေထုတ်တာ မတွေ့ရသေးပါဘူး။ ဒါဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးမှာ အထူးအရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့  စစ်ကောင်စီနဲ့ ဆက်ဆံရေးဆိုင်ရာ မူဝါဒကို ထင်ဟပ်နေမလား စောင့်ကြည့်ရဖွယ်ရှိပါတယ်။ အထူးသဖြင့် သေဒဏ်စီရင်တဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်အပြီးမှာ ဆောင်ရွက်တာဖြစ်လို့ နိုင်ငံရေးအရ ဖျောင်းဖျတောင်းဆိုမှုမရှိဘဲ ကျောထောက်နောက်ခံပေးနေတဲ့ နိုင်ငံတွေ စစ်ကောင်စီဘက်မှာ ရှိနေတယ်ဆိုတာ သတိချပ်ရမယ့်သဘော ဖြစ်ပါတယ်။

∎  ဖြစ်တန်ခြေအကဲဖြတ်ချက်

နိုင်ငံရေးအရ သေဒဏ်ပေးခြင်းကို ကျင့်သုံးလိုက်တာဟာ နဂို ကတည်းက နောက်ကျိညစ်ထေးနေတဲ့ နိုင်ငံရေးအခင်းအကျင်း ကို အဆိပ်ခတ်လိုက်သလိုပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းရေးဆိုတဲ့ အလားအလာဟာ လက်ရှိ စစ်ကောင်စီ ခေါင်းဆောင်မှုအောက်မှာ ဖြစ်တန်ခြေ မရှိသလောက် နည်း သွားနိုင်ပါတယ်။ လက်ရှိ စစ်ကောင်စီခေါင်းဆောင်တွေကို ဆွေး နွေးဖက် (Stakeholders) များအဖြစ် သဘောထားဖို့ထက် ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် ပုံဖော်သတ်မှတ်မှုများ ပိုမို တွင်ကျယ် မြင်သာလာနိုင်ပါတယ်။ အာဆီယံအနေနဲ့ပဲဖြစ်ဖြစ်၊ အာဆီယံအပေါင်း ASEAN Plus) နိုင်ငံများအနေနဲ့ပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ကြားဝင်ဖျန်ဖြေရေးလမ်းစ ပိတ်သလောက် ဖြစ် သွားနိုင်ပါတယ်။ နိုင်ငံတကာမှာ မြန်မာစစ်ကောင်စီကို ပြစ်ဒဏ် ခတ်ဖို့ လှုံ့ဆော်လှုပ်ရှားမှု ပိုအားကောင်းလာနိုင်ပြီး ဒဏ်ခတ်မှု တချို့ တိုးလာဖွယ်ရှိပါတယ်။


ဒါပေမဲ့ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ မြန်မာ့ စွမ်းအင်ကဏ္ဍကို ပိတ်ဆို့အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့နဲ့ ထိရောက်ဖို့ကတော့ ဖြစ်တန်ခြေ နည်းနိုင်ပါသေး တယ်။ ပြည်တွင်းမှာလည်း မြို့ပြယူဂျီတိုက်ခိုက်မှုတွေ ပိုများလာ နိုင်ပါတယ်။ အလားတူ အတိတ်ကရှိခဲ့တဲ့ စွမ်းအားရှင်ပုံစံမျိုး အရပ်သားအသွင်ယူ အုပ်စု¸တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပြီး တရားဥပဒေစိုးမိုးမှု ပိုကင်းမဲ့လာဖွယ် ရှိပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နောက်ဆက်တွဲ ဒုတိယအကျော့မှာ စစ် ကောင်စီနဲ့ ထပ်မံတွေ့ဆုံဖို့ စီစဉ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေအတွက်လည်း အထူး အကျပ်ရိုက်စေနိုင်ပါ တယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အားထုတ်မှု မှန်သမျှမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional justice) ဟာ ဖယ်ထုတ်မရတဲ့ လိုအပ်ချက် ဖြစ်တယ် ဆိုတာ ခိုင်မာသထက် ပိုမိုခိုင်မာလာပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment