အမေရိကန်-အာဆီယံ ထိပ်သီးအလွန် ရလဒ်ထွက်အောင် အဖြေရှာရမည့် မြန်မာ့အရေး

ကနဦးသုံးသပ်ချက် (အမှတ်-၁၀)

ဖြစ်ရပ်အချက်အလက်

ပြီးခဲ့တဲ့ မေ ၁၂-၁၃ ရက်တွေမှာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန် ပြည်ထောင်စု၊  ဝါရှင်တန်မှာ လုပ်ခဲ့ပါတယ်။  ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကို ဖိတ်ကြားခြင်းမရှိခဲ့ဘဲ အစည်းအ​ဝေး ကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်က ဖိတ်ခေါ်ခဲ့ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဝင်ဒီရှာမန် အပါအဝင် အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက NUG နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ခဲ့ တာကို တရားဝင် သတင်းထုတ်ခဲ့ပါတယ်။ 

Download as PDF Version

ကနဦးသုံးသပ်ချက်

အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးဟာ အမေရိကန်နဲ့ အာဆီယံနိုင်ငံများကြား စီးပွားရေးနဲ့ ဒေသတွင်း လုံခြုံရေးကူးလူးဆက်ဆံမှုပိုမို လုပ်ဆောင်ဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ရင်းနဲ့ ကျွဲကူးရေပါ အာဆီယံဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှုကို လျှော့ချဖို့ကြိုးပမ်းလိုတဲ့ အမေရိကန်ရဲ့ ခြေလှမ်းဟာ ထင်သလောက် ခရီးပေါက်ပုံမရပါဘူး။ အာဆီယံဟာ တရုတ်နဲ့ အမေရိကန် ဘက်တဖက်ဖက် ရွေးရမယ့် အန္တရာယ်ကို သဘောပေါက်တဲ့အတွက် နှစ်ဖက်စလုံးကို လှေနံနှစ်ဖက်နင်း မျှခြေရှာ ဆက်ဆံနေပုံရပါတယ်။ ဒါက ကမ္ဘာ့နိုင်ငံအများစုရဲ့ လက်ရှိ ပထဝီနိုင်ငံရေး မဟာဗျူဟာလို့တောင် ဆိုနိုင်ပါတယ်။ ရုရှက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲတာကို ဆန့်ကျင်တယ်၊ ဒါဟာ အချုပ်အခြာအာဏာပိုင်ခွင့်ဆိုတဲ့ နိုင်ငံရေးနှုန်းစံနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက် လို့ဖြစ်တယ်။ ဒါပေမဲ့ ယူကရိန်းအရေးကိုသုံးပြီး ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီပဋိပက္ခသဖွယ် ပုံဖော်တာ၊ ရုရှကို အင်အားချိနဲ့အောင် အခွင့်ကောင်းယူတာမျိုးကို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ လုပ်လာမှာကိုတော့ လက်မခံကြပါဘူး။ အလားတူပဲ မြန်မာ့အရေးမှာ ရက်စက်ကြမ်းကြုတ်ပြီး လူထုထောက်ခံမှု လုံး၀မရှိတဲ့ စစ်ကောင်စီကို လက်မခံဘူး။ ဒါပေမဲ့ မြန်မာ့အရေးကို သုံးပြီး အာဆီယံမှာ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ ဩဇာချိနဲ့အောင် လုပ်တာမျိုးကိုတော့ သတိထားပြီး ရှောင်ချင်ကြပုံရပါတယ်။ အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်မှာ ယူကရိန်းနဲ့ မြန်မာ့အရေး နှစ်ခုစလုံးကို ပြင်းပြင်း ထန်ထန်ရှုတ်ချ ပြစ်တင်တာမျိုး ရှောင်ခဲ့တာကို သတိပြုနိုင်ပါတယ်။ 

အမေရိကန် ဦးဆောင်တဲ့အနောက်နိုင်ငံတွေဟာ လူအခွင့်အရေးချိုးဖောက်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့၊ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူမှုမျိုးစုံ လုပ်နိုင်ပါတယ်။ လုပ်တန်သလောက်လည်း လုပ်နေပါတယ်။ ဒါပေမဲ့  မြန်မာ့အရေးမှာ ဘက်အသီးသီးကလက်ခံနိုင်တဲ့ (အထူးသဖြင့် ပြည်သူလူထု လက်သင့်ခံနိုင်လောက်တဲ့) အဖြေရလဒ်တခုထွက်အောင်တော့ (မဟာဗျူဟာ အကျိုးစီးပွား အပါအဝင်အကြောင်းအမျိုးမျိုးကြောင့်) ဒီထက်ပို ထဲထဲဝင်ဝင်အားစိုက်ကြိုးစားဖွယ် သိပ် မရှိလှပါဘူး။ ဒါကြောင့် အာဆီယံကိုဗဟိုချက်အဖြစ် သဘောထားခြင်းဆိုတဲ့မူနဲ့ပဲ မြန်မာ့အရေးကိုလည်း အာဆီယံလက်ထဲ ဆက်ပြီးထိုးအပ်ထားကို မြင်နေရပါတယ်။ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် တစ်ဆို့နေတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုပဲ ဆက်အကောင်အထည်ဖော်ဖို့သာ ဆက်တွန်းနေတာပါ။ အာဆီယံနိုင်ငံတွေကြား မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ ရှိနေတာ၊ အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံမှာ ဟန်ချက်ညီ ထောင့်စေ့ ဆီလျော်တဲ့ မူဝါဒရှိမနေတဲ့အတွက် မြန်မာ့အရေးဟာ ဗြဟ္မာဦးခေါင်းလို ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့်​ အထူးထိပ်သီး အစည်းအဝေးဟာ မြန်မာ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက်  ထိရောက် အကျိုးရှိတဲ့ အရွေ့တခုကို ရလဒ် ထွက်အောင် အဖြေရှာတာထက် လူအမြင်တင့်ရုံ၊ အပြကောင်းရုံ “မီးထက် မီးခိုးပိုထုတ်” နေတဲ့ ဇာတ်ဝင်ခန်းတခုထက် ပိုစရာမရှိပါဘူး။ အမေရိကန်-အာဆီယံ ပူးတွဲဦးဆောင်မှုသက်သက်နဲ့ ဇာတ်လမ်း ဆုံးခန်းတိုင် ရောက်ဖို့ မမြင်ပါဘူး။ အခန့်မသင့်ရင် မျှော်လင့်ချက်အမှားတွေနဲ့ မြန်မာလူထုကို အာရုံထွေပြားစေနိုင်တာကို သတိချပ်ရမှာပါ။

ဖြစ်တန်ချေအကဲဖြတ်ချက်

အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံဘက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမိုဆက်သွယ်ဆွေး နွေးမှုတွေရှိလာနိုင်ပေမယ့် NUG ကို တရားဝင်အစိုးရအဖြစ် အသိမှတ်ပြု တာမျိုး၊ NUG ကတောင်းဆိုနေတဲ့ မြန်မာနိုင်ငံပိုင် အမေရိကန်ဒေါ်လာ တစ်ဘီလျံကို လွှဲပြောင်းပေးအပ်တာမျိုး ဖြစ်ဖွယ်မရှိသေးပါဘူး။ အာဆီယံထဲက တနိုင်ငံချင်းကို စစ်ကောင်စီဘက်က ပါးရိုက် နားကိုက် ပြန်တုန့်ပြန်တာတွေ ရှိလာနိုင်လို့ ဒေသတွင်း သံတမန်ရေး ပျက်ပြားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အာဆီယံအဖွဲ့ထဲက မြန်မာကို ထုတ်ပယ်တာမျိုးကတော့ လက်တလောအလားအလာ ရှိပုံမရပါဘူး။  ချုပ်ပြောရရင် တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံကြီးတွေ မပါဝင်ဘဲ မြန်မာ့အရေးက ပြေလည်ဖွယ်မရှိပါဘူး။  ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် အမှတ်-၈ မှာ ထောက်ပြ ခဲ့သလိုပဲ နိုင်ငံတကာဘက်မှာ မြန်မာ့အရေးအတွက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးကိုယ်စားလှယ် စတဲ့ အင်အားစု ခြောက် စုက နိုင်ငံခြားရေးဝန်ကြီးအဆင့် အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး၊ မြန်မာလူထုရဲ့ အသံကို နားထောင်ရင်း အချင်းချင်း ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုလုပ်မှသာ မြန်မာ့ အရေးဟာ အဖြေရှာနိုင်မယ့် အနေအထားဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ နိုင်ငံတကာမှာ နိုင်ငံရေး စိတ်ဆန္ဒ မရှိဘူး၊ ဦးစီးဦးဆောင်မှု မရှိဘူးဆိုရင်တော့ အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးမျိုးဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက်တော့ ဟန်ရေးပြတာထက်ပိုပြီး လက်တွေ့ကျ တဲ့အဖြေရဖွယ်မရှိဘူးလို့ သုံးသပ်နိုင်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment