အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ

ကနဦးသုံးသပ်ချက် (အမှတ်-၁)

∎ ဖြစ်ရပ်အချက်အလက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ အထူးတရားရုံးက ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။ စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၁၂ ခုထဲက နှစ်ခုနဲ့ အခုလို အမိန့်ချခဲ့တာဖြစ်ပြီး အမှု ၁၀ ခုကို ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ် ကျော်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ အမျိုးမျိုးသုံးပြီး အမှုပေါင်း တဒါဇင်နဲ့ တရားစွဲဆိုခဲ့တာဟာ ဒီတကြိမ် ပထမဆုံးဖြစ်ပါတယ်။

∎ ကနဦးသုံးသပ်ချက်

ဗိုလ်ချုပ်နေဝင်း၊ ဒေါက်တာမောင်မောင်က စလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ ဦးသိန်းစိန်အလယ် ဒီကနေ့ စစ်ခေါင်းဆောင်တွေအထိ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဟာ အာဏာရှင်တွေကို ခေါင်းခြောက် စေခဲ့ပါတယ်။ ဒီပုစ္ဆာကို ဘယ်လိုပဲ ရှင်းရှင်း (ဖိနှိပ်ထောင်ချလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ၂၀၀၈ အခြေခံ ဥပဒေ အထိန်းအကွပ်ထဲက အကန့်အသတ်ဘောင်နဲ့ ပြန်ပါခွင့် ပေးတာပဲဖြစ်ဖြစ်) နိုင်လည်းရှုံး၊ ရှုံးလည်း ရှုံး ဆိုသလို နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရတာချည်းပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဆိုတာ သူ့အပေါ် ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ နိုင်ငံတကာက လက်ခံ အသိအမှတ် ပြုခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ၁၉၅၈ ခုနှစ်ကစလို့ စစ်အစိုးရ အဆက်ဆက်မှာ လွတ်လွတ်ကျွတ်ကျွတ် ဘယ်တုန်းကမှ မရဖူးတဲ့ (အာဏာကိုင်စွဲ အုပ်ချုပ်ဖို့ ယုံကြည် အပ်နှင်းခံရမှု legitimacy) ပါပဲ။ အာဏာ သိမ်းထားသူတွေ၊ အာဏာ ရယူလိုသူတွေက ဒီပုစ္ဆာကို မဖြေရှင်းနိုင်သရွေ့ မြန်မာ့နိုင်ငံရေးမှာ လိုရင်းမပေါက်၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဖြစ်နေမှာပါ။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အပ်နှင်းခံရမှု legitimacy ဟာ တသမတ်တည်း ရှိတယ်လို့ မယူဆပါဘူး။ အတက်အကျ၊ အကွေ့အပြောင်း၊ အပွန်းအပဲ့ ရှိတတ်ပါတယ်။ (ဥပမာ- ရိုဟင်ဂျာ အရေး၊ တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေး စသဖြင့်) အခုလည်းနွေဦးတော်လှန်ရေးမှာ အသစ် အသစ် ပေါ်ထွက်လာတဲ့ နိုင်ငံရေး ဇာတ်ဆောင် ပလေယာ အသစ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား သဘောထားတွေ အံကိုက်လည်း ကျနိုင်သလို၊ အဟတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- အားလုံးက စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ သပိတ်မှောက်ရေး လှုပ်ရှားမှု (CDM) လုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ တရားရုံးကိုအသိအမှတ်ပြုကာ တရားရင်ဆိုင်နေတဲ့အပေါ် မကျေနပ်ကြတဲ့ ပလေယာတွေ ရှိတာကိုလည်း သတိပြုမိကြမှာပါ။

၁၉၉၀ ပြည့်နှစ်၊ ၂၀ဝ၀ ပြည့်နှစ်တွေနဲ့ မတူတာက ဒီတကြိမ်မှာတော့ အနောက်နိုင်ငံတွေသာမက တရုတ် အပါအဝင် အာဆီယံနိုင်ငံတွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို တည်ငြိမ်တဲ့ အပြောင်းအလဲအတွက် လိုအပ်တဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ် ထားကြတာပါ။ အောက်တိုဘာလတုန်းက အာဆီယံ အထူးကိုယ်စားလှယ် ခရီးစဉ် ပျက်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်မရခြင်းက အဓိကပါပဲ။ ဒီလို တွေ့ခွင့် မပေးရခြင်းက တရား ရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့်လို့ စစ်ကောင်စီက အကြောင်း ပြပါတယ်။ အခု စီရင်ချက် ချပြီးပြီ ဆိုရင် အကျဉ်းထောင်ကိုပို့မလား၊ ပုံစံ တမျိုးမျိုးနဲ့ နေအိမ် အကျယ်ချုပ် ပြန်ထားမလား၊ အရင်ကလို နိုင်ငံတကာ အထူးသံ ကိုယ်စားလှယ်တွေနဲ့ ပြန်တွေ့ခွင့် ပေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကရော မြန်မာ့နိုင်ငံရေး အတွက် အညွှန်းပြုစရာ ပြန်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

https://anchor.fm/isp-myanmar/episodes/ep-e1c2u74

∎ ဖြစ်တန်ခြေ အကဲဖြတ်ချက်

စစ်ကောင်စီ အာဏာသိမ်းခြင်းရဲ့ အရင်းခံ အကြောင်းတခုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၂၀ဝ၈ ခုနှစ် အခြေခံ ဥပဒေနဲ့ ထိန်းပြီး ဘောင်အတွင်းက ခွင့်ပြုခဲ့တာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဩဇာကို မကျော်နိုင်တာ၊ ဒေါ်အောင်ဆန်းစုကြည်ပုစ္ဆာကို မဖြေရှင်းနိုင်ခဲ့တာက အဓိက အကြောင်းတခု ဖြစ်ပါတယ်။ အခုလည်း မြန်မာ့နိုင်ငံရေးဟာသင်ခန်းစာ ကျော်မရတဲ့ စာမေးပွဲလိုပဲ ဒီပုစ္ဆာနဲ့ ပြန်တိုးရဖွယ် ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးကို အဖြေရှာရာမှာ ပုဂ္ဂိုလ်ရေး အားပြုတာကို ကျော်လွန်ပြီလို့ (ဖြစ်လည်း ဖြစ်သင့်သလို) မျှော်လင့်ချင်ကြသူတွေ ရှိစေကာမူ၊ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသရွေ့၊ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဟာ တခန်းတကဏ္ဍ ကြီးကြီးမားမား အရေးပါဖွယ် ရှိနေပါသေးတယ်။ စစ်ကောင်စီကအခုလို ထောင်ချ ဖိနှိပ် ကန့်သတ်ခြင်းကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက ပျယ်ပြယ်သွားမယ့်ပုံ မရှိပါဘူး။

ယခုဖော်ပြသည့် ISP’s OnPoint ကဏ္ဍတွင် လတ်တလော ဖြစ်ပေါ်နေသော ထူးခြား အရေးပါသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ဆီလျော်မည့် ကနဦး သုံးသပ်ချက်များကို ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားရေးသားပြီး ဖြစ်တန်ခြေများအား ISP-Myanmar ကအကဲဖြတ် ဖော်ပြသွားပါမည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment