အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွ့ဲ၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်

အနှစ်ချုပ်

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ၊ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရသဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒ ချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မရည်ရွယ်ချက်မှာ ပီပြင်သော ဒီမိုကရေစီ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ငြိမ်းချမ်းရေးတို့ ပေါ်ပေါက်ရန်နှင့် ပြည့်စုံသော အသွင်ကူးပြောင်းမှု ဖြစ်ထွန်းစေရန် မရှိမဖြစ် လိုအပ်သည်ဟု ယူဆထားသော၊ မူဝါဒ ချမှတ်သူများနှင့် မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်များအား မည်သို့ အားဖြည့်ပေးနိုင်မည် ဆိုသည့် အချက်အပေါ် အားကောင်းသည့် ဆွေးနွေး ပြောဆိုချက်တခုအဖြစ် ပုံဖော်ရန် ဖြစ်ပါသည်။

မူဝါဒဆိုသည်မှာ အစိုးရ အုပ်ချုပ်ရေး အရာရှိများက အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စများအား ကိုင်တွယ်ဆောင်ရွက်ရာ၌ လုပ်ဆောင်မှု တခုခုအတွက် ရွေးချယ်မှုဟု ယေဘုယျအားဖြင့် နားလည်ထားကြသည်။ အစိုးရ အုပ်ချုပ်ရေးပိုင်း၏ မူဝါဒ ချမှတ်ခြင်း (Executive policy-making) သည် နိုင်ငံတော် အကြီးအကဲနှင့် ထိပ်ပိုင်းအစိုးရ ခေါင်းဆောင်များ၊ အထူးသဖြင့် အုပ်ချုပ်ရေးကဏ္ဍ၏ ဆုံးဖြတ်ချက်များ၊ ကတိကဝတ်များနှင့် အရေးယူ လုပ်ဆောင်ချက်များကို ရည်ညွှန်းပါသည်။ အုပ်ချုပ်ရေးဗဟိုချက် (Core Executive) ခေါင်းဆောင်ပိုင်းအဆင့် မူဝါဒချမှတ်ခြင်းအား နားလည်ရန်အတွက် အသုံးဝင်သည့် သဘောတရားတခုမှာ “ အစိုးရယန္တရား၏ အစိတ်အပိုင်းများအတွင်း အုပ်ချုပ်ရေးတွင် (အကယ်၍ ပဋိပက္ခများ ဖြစ်လာပါက) နောက်ဆုံး ဆုံးဖြတ်၊ ဖြေရှင်းပိုင်ခွင့် ရှိသူများ အဖြစ် ဆောင်ရွက်သော သို့မဟုတ် ဗဟိုအစိုးရ မူဝါဒများကို အဓိကအားဖြင့် စုစည်းပေါင်းစပ်ပေးရသည့် အဖွဲ့အစည်းများနှင့် အာဏာယန္တရား တည်ဆောက်ပုံများ” ကို လေ့လာခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ၌ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာအစိုးရသည် ကိုလိုနီအုပ်ချုပ်ရေးထံမှ ဗြတိန်နိုင်ငံ၏ နိုင်ငံရေးစနစ်ပုံစံကို ဆက်ခံခဲ့သည်။ ရွေးကောက်ပွဲများ ကျင်းပပြီး ဝန်ကြီးချုပ်တဦး၊ ပါလီမန်ကို ဗဟိုပြုသည့် အစိုးရတရပ်က အုပ်ချုပ်သည့် ပုံစံသို့ ပြောင်းလဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ဆိုရှယ်လစ်ဝါဒကို လက်ခံသည့် တပ်မတော်အစိုးရတရပ် အာဏာရလာခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီးနေဝင်း ထိန်းချုပ်သော အစိုးရအဖွဲ့နှင့် မဆလပါတီတို့က ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းမှု နောက်တကြိမ် ထပ်မံပေါ်ပေါက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သော တပ်မတော်အစိုးရ၊ ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော တပ်မတော်အစိုးရတို့က အုပ်ချုပ်ရေးအာဏာကို တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံ ဖြတ်သန်းခဲ့သော သမိုင်းကို ကြည့်ပါက မတူကွဲပြားသော အခြေအနေများ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ လိုအပ်နေသည့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှု၊ အထူးသဖြင့် ယင်းသို့ ဖြစ်စေခြင်းကို အထောက်အပံ့ ဖြစ်စေနိုင်သော သမိုင်းအတွေ့အကြုံ မရှိသည့် အမှန်တရားတခုအား မီးမောင်းထိုးပြနေသည်။ စစ်အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်ခဲ့သော မြန်မာ့သမိုင်းနှင့် တော်လှန်ရေးကောင်စီ အစိုးရ၊ မဆလပါတီ၊ နဝတ/နအဖ အစိုးရလက်ထက်များအထိ အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို “ ခေါင်းကိုင် တဦးတယောက်တည်းက မူဝါဒချမှတ် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်ခြင်း” ပုံစံဖြင့် ပဲ့ကိုင်ခဲ့သည်။

အာဏာရှင်စနစ်အောက်တွင် မတူကွဲပြားမှုကို ထင်ဟပ်စေသော မူဝါဒချမှတ်သည့် အလေ့အထများ၊ မူဝါဒချမှတ်သည့် ပုံစံများနှင့် လုပ်ငန်းစဉ်များ မရှိခဲ့ခြင်း အကျိုးဆက်ကြောင့်၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် မူဝါဒချမှတ်ရာ၌ မည်သို့ဖြစ်သင့်သည်ကို ယခုအချိန်တွင် သတ်မှတ်ပြဋ္ဌာန်းရပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အာဏာရှင်ဆန်သည့် အစိတ်အပိုင်းများ ပါရှိသော်လည်း မူဝါဒချမှတ်ခြင်းအတွက် အခြေခံ ချဉ်းကပ်နည်းလမ်းများ အပါအဝင်၊ တပ်မတော်အစိုးရများ၏ အုပ်ချုပ်စီမံမှု အလေ့အကျင့်များမှ သွေဖယ် လုပ်ဆောင်ခွင့်ပြုထားသော အချက်များလည်း ရှိနေသည်။ မူဝါဒချမှတ်မှုအတွက် အဓိပ္ပါယ် ပြန်လည်ဖွင့်ဆိုခြင်း လုပ်ငန်းစဉ်၌ စတင်ရမည့် အချက်မှာ မည်သူများက အစိုးရ၏ မူဝါဒ ချမှတ်ခြင်းကို မောင်းနှင်သင့်သည်၊ တဦးနှင့်တဦး မည်သို့ အပြန်အလှန် ဆက်ဆံသင့်သည့်ကို တာဝန်ခွဲဝေသတ်မှတ်ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သမ္မတ ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်နှစ်ရပ်အတွက် ပြဌာန်းချက်များပါဝင်သည်။ နိုင်ငံ၏ အာဏာအရှိဆုံး အစိုးရအဖွဲ့အစည်းများနှင့် တပ်မတော်တို့၏ တာဝန်၊ လုပ်ပိုင်ခွင့်များကို လည်း သတ်မှတ်ထားသည်။ ထိုအဖွဲ့အစည်းများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ယင်းတွင် ပါရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက် အသီးသီး၏ ကန့်သတ်ဘောင်အတွင်း မည်သို့ ဆောင်ရွက်သည် ဆိုသော အချက်မှာ၊ နိုင်ငံ၏ မူဝါဒချမှတ်မှုကို ပုံဖော်ပေးသည့် အရေးပါဆုံး ဆက်ဆံမှုပုံစံဖြစ်သည်။ သိသာထင်ရှားသော အခြားအချက်တခုမှာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌ အမြင့်ဆုံး ဆုံးဖြတ်ခွင့်အာဏာကို တပ်မတော်အား အပ်နှင်းထားသည်။

ပြည်ခိုင်ဖြိုး(USDP) အစိုးရ၏ သက်တမ်း ငါးနှစ်အတွင်း အစိုးရ အုပ်ချုပ်မှု ဗဟိုချက် ဖွဲ့စည်းမှုနှင့် လုပ်ကိုင်ဆောင်ရွက်မှုတို့တွင် သိသာထင်ရှားသော အပြောင်းအလဲများ ကြုံတွေ့ခဲ့သည်။ စစ်အာဏာရှင် အစိုးရမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်း အစိုးရတရပ်ကို ဖွဲ့စည်းရာ၌ ကြီးမားသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲများ လိုအပ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၁ ခုနှစ်မှ စတင်၍ အစိုးရအဖွဲ့ကို သမ္မတက ဦးဆောင်ပြီး၊ မူဝါဒ ဆုံးဖြတ်ချက်များ ပြုလုပ်ရန် အစိုးရဝန်ကြီးအဖွဲ့ထံ တရားဝင် အာဏာအပ်နှင်းခဲ့သည်။ သေးငယ်သော်လည်း အာဏာကြီးထွားသည့် နိုင်ငံတော်အဆင့် လွှတ်တော်နှစ်ရပ် ထားရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ဝင်ရောက် ယှဉ်ပြိုင်စေခဲ့သည်။ နိုင်ငံရေးအကျဉ်းသား အများစုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုခဲ့ပြီး၊ သတင်းမီဒီယာများအပေါ် ချုပ်ကိုင်ထားသည့် ဆင်ဆာစနစ်ကိုလည်း ဖယ်ရှားခဲ့သည်။ နိုင်ငံ့ဝန်ထမ်းဦးရေကို တဖြည်းဖြည်း တိုးမြှင့်ခဲ့ပြီး၊ ဝန်ကြီးဌာနများအတွင်း ရာထူးအမြင့်ဆုံး ဖြစ်သည့် အမြဲတန်းအတွင်းဝန်များကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် ခန့်ထားခဲ့သည်။ USDP အစိုးရ၏ မူဝါဒ ဆုံးဖြတ်ချက်အများစုကို လမ်းကြောင်းလေးသွယ်ဖြင့် ပြုလုပ်ခဲ့သည်။ (၁) အစိုးရအဖွဲ့၊ (၂) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၃) သမ္မတရုံး ဝန်ကြီးများနှင့် MPC ၊ (၄) သမ္မတရုံးနှင့် အကြံပေးအဖွဲ့တို့မှ တဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မရှင်းလင်းသည့် အချက်များစွာ ရှိနေပြီး အုပ်ချုပ်ရေးကဏ္ဍ၏ ဖွဲ့စည်းပုံကို သီးခြားအဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိပေ။ ထို့ကြောင့် အချို့သူများအတွက် သြဇာအာဏာ ပိုရစေရန် အခွင့်အလမ်းများ ရရှိစေသည်နှင့် တပြိုင်နက် အချို့သူများအား အကန့်အသတ် ဖြစ်စေခဲ့သည်။ ထိုအခြေအနေများက USDP အစိုးရအဖွဲ့အတွင်း တင်းမာမှုများကို ဖြစ်စေခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် မတ် ၃၀ တွင် အစိုးရဖွဲ့စည်းခဲ့သည်။ လွှတ်တော်တွင်း နေရာအားလုံးအနက် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရရှိထားသော်လည်း၊ သမ္မတနေရာ ရွေးချယ်ရန်နှင့် အစိုးရဖွဲ့နိုင်သော လုံလောက်သည့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို NLD ရရှိခဲ့သည်။ သို့သော် နိုင်ငံခြားသား မိသားစုဝင် ရှိသူများ သမ္မတဖြစ်ခွင့်မရှိရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉(စ) ဖြင့် ကန့်သတ်ထားသည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ ဗြတိန်နိုင်ငံသားများ ဖြစ်သောကြောင့် သူ့အနေဖြင့် သမ္မတရာထူး ရနိုင်ခြင်းမရှိပေ။ ဖွဲ့စည်းပုံအခြေခံ အတားအဆီကို တုန့်ပြန်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ရာထူးကို NLD အစိုးရက ဖန်တီးခဲ့သည်။ လွှတ်တော်တွင် NLD ပါတီ နေရာအများစု ရရှိခဲ့ခြင်းနှင့် ပြည်သူများ၏ လေးစားယုံကြည်မှုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နိုင်ငံ၏ ခေါင်းဆောင်အစစ်ဖြစ်ပြီး၊ အရေးပါသည့် ဆုံးဖြတ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ရုံးက ချမှတ်သည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။

အဆိုပါ ဆင့်ကဲဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး အသစ်နှင့် ပတ်သက်ပြီး ပေါ်ပေါက်ခဲ့သော တင်းမာမှုများ၊ ရှုပ်ထွေးမှုများက အစိုးရအဖွဲ့၏ မူဝါဒချမှတ်မှုတွင် အရေးပါသည့် အချက်များ ဖြစ်လာခဲ့သည်။ တပ်မတော် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလေးထားပြီး သမ္မတရာထူးက အရေးပါသည်ဟု သတ်မှတ်ထားရာ၊ ဖြစ်ပေါ်ခဲ့သော အခြေအနေများက NLD အစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေးတို့နှင့်ပါ ပတ်သက်နေသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပဋိပက္ခ ဖြစ်စေသည့် အဓိပ္ပါယ်ဖွင့်ဆိုမှုများအပေါ်၊ ပေါ်ပေါက်လာသည့် တင်းမာမှုများက မည်သို့ ပြောင်းလဲစေသည် ဆိုခြင်းနှင့် နောက်ဆုံးတွင် နိုင်ငံရေးဖြေရှင်းမှုများ မည်သို့ ဖြစ်လာမည် ဆိုခြင်းမှာ NLD အစိုးရ၏ မူဝါဒချမှတ်မှုဆိုင်ရာ ရလဒ်များက အဆုံးအဖြတ် ပေးပါလိမ့်မည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးကိစ္စများနှင့် ပတ်သက်သော စိန်ခေါ်မှုများသည့် မေးခွန်းများက မူဝါဒချမှတ်မှု ကိစ္စရပ်များအပေါ် အရိပ်မိုးလျက် ရှိပါသည်။

မြန်မာနိုင်ငံ၌ အရှည်တည်တံ့သော နိုင်ငံရေးသဘောတူညီချက် ရရှိရန် လိုအပ်ချက်များ ရှိနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ တဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ပြီး “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်လိုသည့် အုပ်ချုပ်မှု ပုံစံနှင့် အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး အယူအဆအောက်၌ ရှိနေသည့် အုပ်ချုပ်မှုပုံစံများအတွက် ဆုံးဖြတ်ချက်ချရန်၊ အခြေခံ အဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည်။ သို့သော် ရည်မှန်းချက်များ ပြည့်မြောက်ရန်အတွက် မူဝါဒချမှတ်မှုများ တိုးတက်ကောင်မွန်စေအောင် လုပ်နိုင်သည့် နည်းလမ်းများ ရှိနေပါသည်။ မူဝါဒချမှတ်မှု စက်ဝန်းပုံစံနှင့် မူဝါဒ ညှိနှိုင်းမှုအတိုင်းအတာအရ ဖော်ပြမည့်၊ သဘောတရား မူဘောင်အမျိုးမျိုးသည် မူဝါဒချမှတ်မှု လုပ်ငန်းစဉ်နှင့် မူဝါဒမှတ်သူများအား သဘောတရားပိုင်း နားလည်သဘောပေါက်မှုကို အထောက်အကူ ပြုနိုင်သည်။ ထို့အပြင် မူဝါဒချမှတ်မှုများ၌ အစိုးရနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များက အားဖြည့်ပံ့ပိုးရာ၌ အသုံးဝင်နိုင်ပါသည်။ မူဝါဒချမှတ်မှု စက်ဝန်းပုံစံကို အသုံးပြုခြင်းဖြင့်၊ မြန်မာနိုင်ငံ၏ မူဝါဒ ချမှတ်ခြင်းဆိုင်ရာ အားထုတ်မှုမှ အားသားချက်နှင့် အားနည်းချက်များကို တွေ့ရှိနိုင်သည်။ အလားအလာရှိသော ပြုပြင် ပြောင်းလဲမှုနှင့် မူဝါဒရေးရာ ဆွေးနွေးအဖြေရှာမှုများအတွက် မည်သည့် ခေါင်းစဉ်များ ရွေးချယ်မည်၊ အပြန်အလှန်အားဖြင့် (ပြဿနာ) ကိစ္စရပ်များကို ကိုင်တွယ်ရန် ရွေးချယ်စရာ နည်းလမ်းများကို အစိုးရက မည်သို့ ချိန်ဆမည်၊ အလွတ်သဘောနှင့် တရားဝင် လုပ်ငန်းစဉ်များမှတဆင့် တွန်းအားပေးခြင်းဖြင့် မည်သို့ လုပ်ဆောင်နိုင်မည်၊ ရလဒ်အနေဖြင့် နောက်ဆုံး မည်သို့ ရရှိမည် အစရှိသည်တို့ကို ပို၍ နားလည် သဘောပေါက်လာနိုင်ပါသည်။ မူဝါဒ ညှိနှိုင်းလုပ်ဆောင်မှုသည် ပုံစံအမျိုးမျိုးနှင့် ကျယ်ပြန့်စွာ ရှိနေကြသည်။ ထိုအချက်ကို အစိုးရတရပ်၏ ညှိနှိုင်းလုပ်ဆောင်မှု ပုံစံအမျိုးမျိုးဖြင့် အဆင့်လိုက် ရှင်းပြထားသည်။ ညှိနှိုင်း လုပ်ဆောင်မှု အဆင့်ကိုးဆင့်အနက် အနိမ့်ဆုံးအဆင့်မှာ ဝန်ကြီးဌာန အသီးသီးက ရိုးရှင်းလွယ်ကူစွာ ဆုံးဖြတ်ချက်ချရန် “ရိုးရှင်း” သည့် စွမ်းဆောင်ရည်ဖြစ်ပြီး၊ အမြင့်ဆုံး အဆင့်မှာ နိုင်ငံတော်အဆင့် မဟာဗျူဟာများကို တိုက်ရိုက် လမ်းညွှန်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အစိုးရ၏ စွမ်းဆောင်ရည် ဖြစ်ပါသည်။ အဆင့်များအတွက် စံတန်ဖိုးပုံစံမျိုးဖြစ်သော်လည်း အစိုးရတရပ်၏ မူဝါဒညှိနှိုင်းမှု ပုံစံမျိုးကို နားလည်သိရှိစေနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရ၏ မူဝါဒချမှတ်ခြင်းကို အကြောင်းချက်နှစ်ခုအတွင်း လုပ်ဆောင်နေရသည်ကို နားလည် သဘောပေါက်သင့်ပါသည်။ ပထမအချက်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ပြဌာန်းပေးထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်အတွင်း လုပ်ဆောင်ရခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ အဓိကကျသော ပုဒ်မများကို ပြင်ဆင်ခြင်းမရှိဘဲ၊ ရှိရင်းစွဲ ယန္တရားစနစ်များအတွင်း ကောင်းမွန်အောင် လုပ်ဆောင်နေရခြင်း ဖြစ်ပါသည်။ စိန်ခေါ်မှုများ ရှိနေသည့်တိုင် မြန်မာနိုင်ငံ၏ မူဝါဒချမှတ်မှု လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်ရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်စေရန် အပြောင်းအလဲအချို့ကို စောင့်ဆိုင်းနေချိန်၌ ပိုမို အားကောင်းသည့် ဖွဲ့စည်းတည်ဆောက်မှုကို အလေးထားပြီး၊ ရှိရင်းစွဲ တည်ဆောက်မှုများနှင့် လုပ်ငန်းစဉ်များကို တိုးတက် ကောင်းမွန်စေခြင်းမှတဆင့် လုပ်နိုင်သည့်ကိစ္စ များစွာရှိနေသေးသည်။ အစိုးရ၏ မူဝါဒ ချမှတ်မှု ပိုမို အားကောင်းလာစေရန် ဦးစားပေး လုပ်သင့်သည်များမှာ –

(၁) မူဝါချမှတ်သူများနှင့် လုပ်ငန်းစဉ်များကို အားဖြည့်ရန် ဗဟိုအစိုးရက ဦးစားပေးလုပ်ငန်းအဖြစ် ချမှတ်ခြင်း။ ထိုအချက်အား မည်သို့ လုပ်ဆောင်ရန် အကဲဖြတ်နိုင်သည့် ကျယ်ပြန့်သည့် နည်းပညာဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လုပ်ငန်းစဉ်ကို ပံ့ပိုးကူညီရန် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် စေ့စပ်ညှိနှိုင်းခြင်း။
(၂) အစိုးရအဖွဲ့ အစည်းအဝေးများနှင့် အစိုးရအဖွဲ့ ကော်မတီများကဲ့သို့ လက်ရှိအဖွဲ့အစည်းများ၏ လုပ်ငန်းများများ ပိုမိုထိရောက်မှုစေရန် ဦးစားပေးခြင်း။
(၃) အစိုးရအဖွဲ့အတွင်း ညှိနှိုင်းလုပ်ဆောင်မှုနှင့် တာဝန်ခွဲဝေမှု ပိုမိုကောင်းမွန်စေပြီး၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများထံမှ အကြံဉာဏ်နှင့် ထောက်ခံမှုများ ရရှိစေရန် အစိုးရ၏ ပြုပြင်ပြောင်းလဲမှု ပန်းတိုင်များကို ရှင်းပြခြင်း။
(၄) မူဝါဒချမှတ်မှု စက်ဝန်းတခုလုံး ပိုမိုအားကောင်းသည့် အခန်းကဏ္ဍတွင် ရှိစေရန် အစိုးရဝန်ကြီးဌာနများမှ အမြဲတန်းအတွင်းဝန်များ၊ ဝန်ကြီးဌာနများတွင် သုတေသနအဖွဲ့များ ထားရှိခြင်းဖြင့် အုပ်ချုပ်ရေး ယန္တရားကို အထောက်အကူ ဖြစ်စေရန် အားဖြည့်ခြင်း၊ အထက်-အောက် လမ်းညွှန်ချက်များ စောင့်ဆိုင်းနေမည့်အစား ပြောင်းလဲမှုများအတွက် အပြုသဘော တွန်းအားပေးခြင်းနှင့် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ရင်းနှီးနွေးထွေးစွာ ရောနှော ဆက်ဆံခြင်း။
(၅) အထောက်အထားကို အခြေခံသော မူဝါဒချမှတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် ကောင်းမွန်နည်းလည်သည့် အချက်အလက်နှင့် အထောက်အထားများကို အသုံးပြုခြင်း။ (ဆိုလိုသည်မှာ အုပ်ချုပ်ရေး ယန္တရားအတွင်း အစီရင်ခံခြင်းထက် ယင်းတို့ကို ဆန်းစစ် လေ့လာမှု ပြုခြင်းကို အားပေးတိုက်တွန်းခြင်းဖြင့် အစိုးရမဟုတ်သော သတင်းမီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ဆက်စပ်ပတ်သက်သူ အမျိုးမျိုးထံမှ သတင်းအချက်အလက်၊ အရင်းအမြစ်များ ချဲ့ထွင်ရယူခြင်း ဖြစ်သည်)
(၆) မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်များကို ချဲ့ထွင်နိုင်ရန် မူဝါဒချမှတ်မှုဆိုင်ရာ အဖွဲ့များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် အရပ်ဘက်အဖွဲ့အစည်းများကို အကြံဉာဏ်ပေးရန် တိုက်တွန်းခြင်း။ (မူဝါဒချမှတ်မှုများအတွက် စဉ်းစားခြင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများထံမှ ပုံမှန်မူဝါဒဆိုင်ရာ တုန့်ပြန်ချက်များ ရရှိလျှင် အားတက်စရာ ဖြစ်ပါသည်)
(၇) မူဝါဒချမှတ်မှုကို စတင်ရန်နှင့် တွန်းအားပေးရန် အစိုးရ၏ ဝါရင့်နည်းပညာပိုင်းဆိုင်ရာ အကြံပေးသူများကဲ့သို့ “ပြုပြင်ပြောင်းလဲမှုကို ဖြစ်ထွန်းစေသူများ” အား ပိုမိုထိရောက်စွာ အသုံးပြုခြင်း။
(၈) စီးပွားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဒေသဆိုင်ရာ အစိုးရများနှင့် အဓိကကျသော လူမှုဝန်ဆောင်မှုများကဲ့သို့ ဦးစားပေးကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု ဖြစ်လာစေရန်နှင့် ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် “ညှိနှိုင်းရေးဝန်ကြီးများ” သီးသန့်တာဝန်ပေးခြင်းဖြင့် အသုံးဝင်၊ မဝင်ကို စဉ်းစားခြင်း။

စာတမ်းအပြည့်အစုံကို အောက်ပါ link တွင် download ပြုလုပ်နိုင်ပါသည်။

အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွ့ဲ၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်

 

 

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

2 comments

Leave a Reply to Zaw Win Khaing Cancel reply