လူရှောင်ဘိုနှင့် ကင်ဆာ

A tribute to liu xiobo

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်၊ မြန်မာနိုင်ငံမှာ ကျောင်းသားများ ဦးဆောင်ခဲ့ပြီးနောက် ပြည်သူများ ပူးပေါင်းပါဝင်လာတဲ့ တစ်ပါတီ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အရေးတော်ပုံကြီးကနေ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် မှာ စစ်တပ်က အာဏာသိမ်းယူ ခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်ချုပ်ရေးနဲ့ နှစ်ပေါင်းများစွာ ဆက်လက်သွားခဲ့ရာ ပြည်သူများရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ဆိတ်သုဉ်းနေခဲ့ပြီး ယခုအချိန်ထိလည်း ဆက်လက် ကြိုးစားနေရဆဲပါ။ ရှစ်လေးလုံး အရေးတော်ပုံ ကာလကြီးထဲမှာ ကျောင်းသား၊ ပြည်သူ ရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ကျောင်းသား ပြည်သူများဟာလည်း ထောင်သွင်း အကျဉ်းချ ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရှစ်လေးလုံး အရေးတော်ပုံကနေ ကျောင်းသား ခေါင်းဆောင်တွေနဲ့ လူထုခေါင်းဆောင်ကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံအပြီး တစ်နှစ်မပြည့်ခင်လောက် ၁၉၈၉ ခုနှစ် ဇွန် ၄ ရက်မှာ တရုတ်နိုင်ငံက ကျောင်းသားများ ဦးဆောင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ Tiananmen Square မှာ အခြေစိုက်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။ ငြိမ်းချမ်းစွာ စုဝေးခဲ့ကြပါတယ်။ ဒါပေမဲ့ အာဏာရှင်များရဲ့ ထုံးစံအတိုင်း တရုတ် ကွန်မြူနစ်အစိုးရက အပြောင်းအလဲအတွက် စေ့စပ်ညှိနှိုင်း ဖြေရှင်းရမယ့်အစား စစ်အုပ်ချုပ်ရေး ကြေညာပြီး ထုံးစံအတိုင်း သတ်ဖြတ် ဖမ်းဆီးတာနဲ့ ဖြေရှင်းခဲ့တာပါပဲ။ တရုတ်နိုင်ငံရဲ့ ၁၉၈၉ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းမှာ ကျောင်းသားအများအပြား သေကြေခဲ့ရပြီး အများအပြားလည်း ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအရေးတော်ပုံကြီးကနေ လူရှောင်ဘို လို ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ မွေးဖွားခဲ့တဲ့ လူရှောင်ဘိုဟာ မော်စီတုန်းရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကြီးအပြီး တရုတ်နိုင်ငံရဲ့တက္ကသိုလ်မှာ တရုတ်ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဖြစ်လာသူပါ။ အဲဒီအပြင် သူဟာ ကိုလံဘီယာတက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေမှာလည်း ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသေးတယ်။

၁၉၈၉ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်ရောက်လာပြီး ၁၉၈၉ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးနဲ့ ကြုံတွေ့ရပါတယ်။ အဲဒီလှုပ်ရှားမှုမှာ သူဟာ ကျောင်းသားတွေကို အကူအညီ ပေးခဲ့ပါတယ်။ တရုတ်အစိုးရဟာ ဒီလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွဲ၊ ကျောင်းသားတွေကို တင့်ကားနဲ့ ကြိတ်သတ်တာတွေ ပြုလုပ်ပြီးပေမယ့် အားရနိုင်သေးတာ မဟုတ်သေးဘဲ လှုပ်ရှားမှုမှာ အဓိကကျသူများနဲ့ ကူညီပေးသူများကိုပါ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လူရှောင်ဘိုဟာလည်း အကျဉ်းခန်းထဲမှာ ၂၁ လ ချုပ်နှောင်ခြင်း ခံခဲ့ရပါတယ်။ ပြန်လွတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း တရုတ်ထောက်လှမ်းရေးများရဲ့ စောင့်ကြည့်ခြင်း ခံခဲ့ရပါတယ်။ တရုတ်အစိုးရဟာ သူတို့နဲ့ အမြင်မတူသူတွေကို အမြင်တူလာအောင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရာမှာ ထောင်သွင်း အကျဉ်းချခြင်းနဲ့ ထောင်တွင်းမှာ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကျင့်သုံးခဲ့ပါတယ်။

လူရှောင်ဘိုရဲ့ အပြောင်းအလဲကို တရုတ်အာဏာပိုင်တွေက သိပ်ဘဝင်ကျပုံ မရပါဘူး။ ဒါကြောင့် ၁၉၉၅ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ နောက်တစ်ကြိမ် ထပ်မံ ထိန်းသိမ်းခဲ့ပါတယ်။

နောက်တစ်ခါ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ရဲဘက်စခန်းသ့ို သုံးနှစ်လောက် ထပ်မံ ပို့ဆောင်လိုက်ပါသေးတယ်။

အဲဒီလို ပို့ဆောင်လိုက်ခြင်းအားဖြင့် သူတို့ ရည်မှန်းထားသလို ဦးကျိုးမှု မဖြစ်စေခဲ့ပါဘူး။ လူရှောင်ဘိုရဲ့ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်ဆိုတာကို တွန်းအား ထပ်ပေးလိုက်သလို ဖြစ်လာပါတယ်။ ထောင်တွေ၊ ရဲဘက်စခန်းတွေက ပြန်လွတ်လာပြီးတာနဲ့ သူဟာ အစိုးရကို ဝေဖန်တဲ့ စာများ ရေးသားတော့တာပါပဲ။ သူ့ရဲ့ယုံကြည်ချက်ကို ဘယ်အရာကမှ တွန်းလှဲနိုင်စွမ်း မရှိခဲ့ပါဘူး။

လူရှောင်ဘိုဟာ လွတ်လပ်တဲ့ တရုတ် စာရေးဆရာများအသင်းမှာ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သလို၊ ဒီမိုကရက်တစ်ချိုင်းနား မဂ္ဂဇင်းမှာလည်း ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါသေးတယ်။

ထင်ရှားမှုတစ်ခုက Charter 8 Manifesto  ကို တွဲဖက် ရေးသားခဲ့သူ ဖြစ်ပါတယ်။ သူ တွဲဖက်ပြီး ရေးခဲ့တဲ့ Charter 8 Manifesto မှာ တောင်းဆိုချက်ပေါင်း ၁၉ ချက် ပါဝင်ပါတယ်။ ဒီတောင်းဆိုချက်တွေကို တရုတ် နိုင်ငံအတွင်းမှာရှိတဲ့ ရှေ့နေတွေ၊ သြဇာရှိတဲ့ တရုတ်လူမျိုးတွေက ထောက်ခံခဲ့ပါတယ်။  Charter 8 Manifesto  ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ အဲဒီထဲက တောင်းဆိုချက်တွေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အာဏာခွဲေ၀ ကျင့်သုံးရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ထွန်းရေး၊ ငွေကြေးနဲ့ အခွန်ပြုပြင် ပြောင်းလဲရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ လူမှုဝန်းကျင် လုံခြုံမှုရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေး၊ ဖက်ဒရယ်စနစ် ထူထောင်ရေး အစရှိသဖြင့် ဖြစ်ပါတယ်။

လူရှောင်ဘို တို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာစာတမ်းက တရုတ်အစိုးရကို အကြီးအကျယ် တုန်လှုပ် သွားစေခဲ့ပါတယ်။ တကယ်တမ်းတော့ လူရှောင်ဘို တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို ဆန်းစစ်ကြည့်ရင် တရုတ်ကွန်မြူနစ် အစိုးရအနေနဲ့ သူ့ကို ဖမ်းဆီးရမဲ့အစား လေးလေးနက်နက် စဉ်းစားပြီး စနစ်တကျ ပြုပြင်ပြောင်းလဲဖို့ စဉ်းစားသင့်တာပါ။ ဒါပေမဲ့ အာဏာရှင်တို့ ထုံးစံအတိုင်း အထက်ပါ ကြေညာစာတမ်းကို ဘာသာပြန်လိုက်ပုံက နိုင်ငံတော်ပုန်ကန်မှုပါတဲ့။ ဒီလိုနဲ့ သူ့ကို ဇွန်လ ၂၃ ရက် ၂၀၀၉ ခုနှစ်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီး တရားစွဲခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ် လိုက်ပါတယ်။ သူ့ကို ထောင်သွင်းပြစ်ဒဏ် ချမှတ်လိုက်သလို သူ့ဇနီးသည်ကိုလည်း  နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ပါတယ်။

လူရှောင်ဘို ထောင်ချခံရပြီးတဲ့ နောက်တစ်နှစ် ၂၀၁၀ ပြည့်နှစ်မှာ နော်ဝေအခြေစိုက် နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က သူ့ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။ အဓိက ဆုပေးရတဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ရာမှာ လူရှောင်ဘိုဟာ သူ့ဘ၀ တစ်လျှောက်လုံးမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းကျင့်သုံးပြီး တိုက်ပွဲဝင်ခဲ့တာကြောင့် ဂုဏ်ပြုတာပါ လို့ ပြောခဲ့ပါတယ်။

ထောင်သွင်း အကျဉ်းချ ခံထားရချိန် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူတွေထဲမှာ လူရှောင်ဘိုဟာ တတိယမြောက်ပါ။ သူ့မတိုင်ခင် ရခဲ့တဲ့သူတွေက ၁၉၃၅ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ Carl Von Ossietzky ဖြစ်ပါတယ်။ သူက ဂျာမနီနိုင်ငံကပါ။ နောက်တစ်ယောက်ကတော့ ၁၉၉၁ ခုနှစ်မှာ ရရှိခဲ့တဲ့ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

အာဏာရှင်တွေကို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ တွန်းလှန် တော်လှန်ရင်း ကံဆိုးစွာနဲ့ပဲ လူရှောင်ဘိုဟာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်မှာ အသည်းကင်ဆာနဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရက  သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်ခဲ့ဘူး။ တရုတ်နိုင်ငံမှာလည်း နိုင်ငံရေးအကျဉ်းသား ရှိပါတယ်လို့ တရုတ်အစိုးရက ဝန်ခံတာ မရှိပါဘူး။ လူရှောင်ဘို ကွယ်လွန်ခါနီးအချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့တွေနဲ့ မိသားစုက သူ့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဆက်လက် အသက်ရှင်နိုင်ဖို့ အမေရိကန်၊ သို့မဟုတ် ဂျာမနီမှာ ဆေးဝါးကုသခွင့် ပေးဖို့ မေတ္တာရပ်ခံ ခဲ့ပေမယ့် တရုတ်အစိုးရက ပြည်တွင်းရေးကို စွက်ဖက်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ လူ့အခွင့်အရေး တန်ဖိုးထားသူ တစ်ယောက်ကို အကျဉ်းထောင်ထဲမှာ သေဆုံးစေခဲ့ပါတယ်။ ဒါပေမဲ့ လူရှောင်ဘိုဟာ ဒီမိုကရေစီ မြတ်နိုးသူတွေရဲ့ ရင်ထဲမှာတော့ အမြဲရှင်သန်နေမှာပါ။

တရုတ်အစိုးရက လူရှောင်ဘိုကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် မပြုတာကို ကြားလိုက်ရချိန်မှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ပြေးမြင်မိပါတယ်။ မကြာသေးခင် ကာလတွေမှာပဲ မြန်မာနိုင်ငံရဲ့ လွှတ်တော်ထဲမှာ၊ အာဏာရပါတီကြီးရဲ့ အစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသားအကြောင်း ဆွေးနွေးမေးမြန်းခဲ့ချိန်မှာ ပါတီ ခေါင်းဆောင်ပိုင်းနဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် မရှိကြောင်း ပြောဆိုတာကို သတိရမိပါတယ်။

လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိ၊ တည်ဆဲဥပဒေကို ချိုးဖောက်တဲ့အတွက် ထိန်းသိမ်းထားသူတွေသာ ရှိတယ်ဆိုတဲ့ သဘောထားကို စွဲကိုင်ထားပါတယ်။ ဒါဟာ လုံး၀ မှားယွင်းနေတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား ပြဿနာဆိုတာ တိုင်းပြည်ရဲ့ ပြဿနာတွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒီပြဿနာတွေက ပြည်တွင်းစစ်၊ မတရားသဖြင့် ဖမ်းဆီးခံရမှု၊ နှိပ်စက်ညှင်းပန်းခံရမှု၊ ဥပဒေမဲ့ သတ်ဖြတ်ခံရမှု၊ မြေယာပြဿနာ အစရှိတာတွေပါပဲ။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရင်း အဖမ်းခံရသူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

အဲဒီလို အသိအမှတ်မပြုတဲ့အပြင် အကျဉ်းထောင်အတွင်းမှာလည်း လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ လုပ်မပေးခြင်းက တက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်ထဲမှာ မကြွေသင့်ဘဲ ခြွေလိုက်သလို ဖြစ်စေပါ တယ်။

အဲဒီရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာလည်း လူရှောင်ဘိုလိုမျိုး ကင်ဆာကြောင့် သေဆုံး သွားခဲ့ရတယ်လို့ အမည်တပ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိခဲ့ပါတယ်။

ဒါကို အမည်မမှတ်မိ တစ်ယောက်က ဒီစာကြောင်းကလေး ရေးခဲ့ဖူးတယ်။

သူငယ်ချင်း မင်းသေရတာ ကင်ဆာကြောင့်လား
ကင်ဆာ ကျဆုံးပါစေ။

Liu Xiaobo and Cancer

By Bo Kyi

The author reflects on the life of the recently deceased Chinese dissident and Nobel laureate, Liu Xiaobo. Just one year after the 8888 political uprisings in Myanmar, student-led demonstrations took place in Beijing’s Tiananmen Square in 1989. During the government-led crackdown on protesters, a professor turned international human rights advocate, first came to public prominence. For his actions, Liu spent more than a decade behind bars in China and died in state custody in July 2017. The Chinese government refused to acknowledge his status as a ‘political prisoner.’

‘Political prisoners’ in Myanmar also have faced a similar situation. During the Parliament deliberations and governing party meetings, the government refused to acknowledge that there were ‘political prisoner’ in Myanmar. Under the current quasi-civilian rule, the Ministry of Home Affairs has refused to provide a definition of the term to the National League for Democracy (NLD)-led parliament session. The author argues that if a person is arrested and imprisoned for their direct or indirect activities to promote freedom, equality, human rights and the rights of the citizens, including ethnic minorities, as well as for involvement in anti-government protests, this person can be defined as political prisoner. In Myanmar society, just like Liu, there are many people  whose cause of death is listed as ‘cancer.’ The author concludes this tribute with a sentence: “Dear friend, did cancer kill you? May this disease disappear!”

About the author

Bo Kyi

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သည်။

Add comment