

(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဇန်နဝါရီ ၃၁ ရက်အထိ ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ်၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။
(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
၂၀၂၃၊ မတ် ၆ တရုတ်နိုင်ငံက ပံ့ပိုးမှုဖြင့် တည်ဆောက်နေသော မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန (Myanmar CDC) စီမံကိန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ တရုတ်နိုင်ငံ CCCC China Harbor Engineering Co.,Ltd မှ ယွမ်သန်း ၄၀၀ ခန့် ကုန်ကျမည့် စီမံကိန်းကို နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသည်။ အဆိုပါ လေ့ကျင့်ရေးဌာနတွင် နှစ်ထပ်ဆောင် တဆောင်၊ ရောဂါနှိမ်နင်းရေးနှင့် ဇီဝလုံခြုံမှု အဆင့် ၂ နှင့် အဆင့် ၃ ဓာတ်ခွဲခန်းများပါဝင်သော သုံးထပ်ဆောင် တဆောင် နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် သုံးထပ်ဆောင် တဆောင် ပါဝင်မည် ဖြစ်သည်။ မြေဧရိယာ စတုရန်းမီတာ ရှစ်သောင်းခန့် ကျယ်ဝန်းသော မြေနေရာပေါ်တွင် ဆောက်လုပ်လျက်ရှိပြီး အဆောက်အအုံ မြေနေရာမှာ စတုရန်းမီတာ ၁၈,၀၀၀ ကျယ်ဝန်းသည်ဟုဖော်ပြထားသည်။ စီမံကိန်းအတွက် အဆောက်အအုံအပြင် ကျန်းမာရေးဝန်ထမ်းများကိုလည်း တရုတ်နိုင်ငံမှ ပညာရှင်များကတဆင့် လေ့ကျင့်သင်ကြားပေးခြင်း၊ သင်တန်းပို့ချခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ အဆိုပါ စီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်ရန်၊ ရောဂါရှာဖွေ ထိန်းချုပ်မှုများကို အချိန်မီ လုပ်ဆောင်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့သည်။ စီမံကိန်းသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် သမ္မတဦးထင်ကျော် တရုတ်နိုင်ငံသို့သွားရောက်စဉ် ဗဟိုဌာနတည်ဆောက်ရန် နှစ်နိုင်ငံသဘောတူခဲ့ခြင်းဖြစ်သည်။ |
၂၀၂၃၊ မတ် ၁ တရုတ်ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၂) ဖြင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေး လေ့ကျင့်ရေးစင်တာတည်ထောင်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ အခမ်းအနားတွင် ဆိုလာ Photovoltaic ဆိုင်ရာ နည်းပညာရပ်များကို စစ်ကောင်စီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ တရုတ်နိုင်ငံအတွင်း မွန်ဂိုလီးယားနည်းပညာတက္ကသိုလ်မှ ပါမောက္ခများက ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်တို့လည်း တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်းသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်း သုံးခုအနက် တခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်ဖွံ့ဖြိုးရေး စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံပိုင် Power China ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စစ်ကောင်စီ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်တို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြသည်။ တရုတ်ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းဟန်က ပြောကြားထားသည်။ |
၂၀၂၃၊ မတ် ၁ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ လေအားလျှပ်စစ်စီမံကိန်း သုံးခုကို ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ရန် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကုမ္ပဏီသုံးခုတို့အကြား သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီသုံးခုမှာ တရုတ်နိုင်ငံပိုင် Yunnan Machinery and Equipment Import and Export Co., Ltd.၊ ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited နှင့် ပြည်တွင်းမှ Primus Advanced Technologies Limited တို့ ဖြစ်သည်။ ထိုကုမ္ပဏီများသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်တွင် ၁၀၀ မဂ္ဂါဝပ်နှင့် သံတွဲမြို့နယ်တွင် ၁၁၀ မဂ္ဂါဝပ် အသီးသီးထွက်ရှိမည့် လေအားလျှပ်စစ်စီမံကိန်း သုံးခုကို တည်ဆောက်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းသုံးခုအနက် ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ဆောက်ပြီး စီမံကိန်းသုံးခုလုံးကို ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်ကလည်း မြန်မာနိုင်ငံ၏ ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းများ စတင်ခြင်းသည် တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်ဖြစ်ကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး မြန်မာနိုင်ငံ၏ရည်မှန်းချက် ပြည့်မီရန် လျှပ်စစ်ကဏ္ဍတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများက ပူးပေါင်း ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ Yunnan Machinery and Equipment Import and Export Co., Ltd. သည် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရန် စီမံကိန်းအဆိုပြုစဉ်က ပါဝင်ခဲ့ဖူးသည်။ အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရာတွင် ပါဝင်ကာ စစ်အာဏာရှင်များကို ငွေကြေးရရှိစေရန် အထောက်အပံ့ပေးသည်ဟုဆိုကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသော အဖွဲ့တခုဖြစ်သည့် Burma Campaign UK က ၂၀၀၈ ခုနှစ်တွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၈ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်အတွင်းရှိ တရုတ်နိုင်ငံသားပိုင် GTIG နှင့် GY SEN (Primseng Guo) အထည်ချုပ်စက်ရုံနှစ်ရုံတို့ ပိတ်သိမ်းလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အိုင်ယာလန်နိုင်ငံ အခြေစိုက် Primark ကုမ္ပဏီမှ အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်ကြသည့် အဆိုပါစက်ရုံနှစ်ရုံသည် အထည်အပ်နှံမှာယူမှု မရှိတော့သဖြင့် လုပ်ငန်းပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စက်ရုံဘက်က ထုတ်ပြန်ခဲ့သည်။ စက်ရုံပိတ်သိမ်းမည့်အကြောင်းကို အလုပ်ရှင်ဘက်က ၁၀ ရက်မျှသာ ကြိုတင်အကြောင်းကြားခဲ့ပြီး အလုပ်သမားနှစ်ထောင်ကျော်အား အနိမ့်ဆုံးနစ်နာကြေးနှင့်တကွ အလုပ်ရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြထားသည်။ စက်ရုံပြန်ဖွင့်သည့်အခါ မူလအလုပ်သမားများကို ပြန်လည်အလုပ်ခန့်ရန် အလုပ်သမားသမဂ္ဂဘက်က တောင်းဆိုထားသည်။ ထိုတောင်းဆိုချက်အတိုင်း GY SEN (Primseng Guo) စက်ရုံက သဘောတူစာချုပ် ချုပ်ပေးခဲ့သော်လည်း GTIG စက်ရုံအနေနှင့် လိုက်လျောဆောင်ရွက်ပေးခြင်းမရှိကြောင်း Myanmar Labour News တွင် ဖော်ပြထားသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၈ ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဘက်စုံစဉ်းစားကာ အကောင်အထည်ဖော်သွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ၎င်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ ပထမဆုံးအကြိမ် သွားရောက်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ ဒေသအလိုက် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်စဉ်းစားချက်များဖြင့် ဘက်စုံတွက်ချက်ပြီးမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုခဲ့သည်။ ထို့ပြင် ကျောက်ဖြူဒေသနှင့် ကိုက်ညီမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) အနေဖြင့် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းဆွေးနွေးခဲ့သည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ရခိုင်ဒေသခံများ၏ မြေယာအသိမ်းခံရရုံသာမက ၎င်းတို့လုပ်ကိုင်စားသောက်နေသည့် ရေလုပ်ကွက်များပျက်စီးသွားမည်ကို စိုးရိမ်နေကြကြောင်း နိရဉ္စရာသတင်းတွင် ဖော်ပြထားသည်။ စစ်ကောင်စီဥက္ကဋ္ဌ၏ ယခုခရီးစဉ်တွင် ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်း၊ ပလက်ဝနှင့် မြန်မာ-အိန္ဒိယနယ်စပ် အဝေးပြေးကားလမ်းတည်ဆောက်ရေးတို့ ပါဝင်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၈ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံနှင့် မျှခြေရှိသည့်ဆက်ဆံရေး တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်းနှင့် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံပြီး တပတ်အကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယာယီသမ္မတ ဒူဝါလရှီးလကလည်း မစ္စတာတိန့်ရှီကျွန်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများအနေနှင့် စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများကြောင့် ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများကို စာနာရပ်တည်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် နိုင်ငံတည်ငြိမ်ရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်ကလည်း အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တော်လှန်ရေး၏ အောင်မြင်မှုများသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း ဖော်ပြကာ တရုတ်နှစ်သစ်ကူးနေ့အထိမ်းအမှတ် သဝဏ်လွှာတစောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းဂန်းထံ ပေးပို့ခဲ့သည်။ အာရှရေးရာ တရုတ်အထူးသံအမတ် မစ္စတာတိန့်ရှီကျွန်းသည် အဆိုပါရာထူး၌ စတင်တာဝန်ထမ်းဆောင်သည့် သုံးလအတွင်း မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နှစ်ကြိမ်တွေ့ဆုံပြီးဖြစ်ကာ ငြိမ်းချမ်းရေးကိစ္စ၊ အမေရိကန်နိုင်ငံတွင် အမျိုးသား ညီညွတ်ရေးအစိုးရက ရုံးခွဲဖွင့်လှစ်သည့်ကိစ္စ စသည်တို့နှင့် အမေရိကန်အစိုးရ၏ အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) အတည်ပြုခဲ့ခြင်းတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့ပြင် စစ်ကောင်စီနှင့်လည်း တကြိမ်တွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာမျက်နှာစာ၌ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၈ တရုတ်ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သော သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မှုအခြေအနေ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အခမ်းအနားတွင် စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်တို့ရှိ စီမံကိန်းဖော်ဆောင်နေသူများက နှစ်အလိုက်စီမံကိန်းရလဒ်များကို သုံးသပ်၍ ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားကို စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်နှင့် စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၇ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ(၂၀၂၀) ဖြင့် ဆောင်ရွက်ကာ ပညာရေးနယ်ပယ်မှ ပညာရှင်များ ပါဝင်ဆွေးနွေးကြမည့် “Teacher Exchange Program in Myanmar” စတင်ခြင်းအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါအစီအစဉ်တွင် မြန်မာ၊ တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ အခြေခံပညာရေးနယ်ပယ်မှ ပညာရှင်များက အခြေခံပညာရေးမူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းသင်ခန်းစာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို အွန်လိုင်းမှတဆင့် သုံးရက်ကြာ ဆွေးနွေးဖလှယ်ကြမည်ဖြစ်သည်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်၊ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၇ တရားမဝင် တရုတ်မြို့သစ်စီမံကိန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွင်းက မြဝတီမြို့တောင်ဘက် မောထိုတလေးနယ်မြေတွင် တရုတ်လူမျိုးပိုင် Huanya International Holdings Group က ပြုလုပ်သော မြို့သစ်စီမံကိန်းအုတ်မြစ်ချပွဲသို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်၊ ကာကွယ်ရေးဌာနမှူး စောရောဂျာခင် တက်ရောက်ခဲ့သည့်အပေါ် KNU နှင့် ကရင်ပြည်သူများအကြား အငြင်းပွားမှုများဖြစ်ခဲ့သည်။ ၎င်းကိစ္စရပ်သည် KNU အခြေခံမူနှင့် ဆန့်ကျင်သော်လည်း အပြစ်ပေးအရေးယူမှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တဖွဲ့လုံးနုတ်ထွက်ပေးရန် ကရင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့ပြီးနောက် KNU က ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရားမဝင်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် ရာဇဝတ်မှုများနှင့်မကင်းသည့် အခြားသော မည်သည့်လုပ်ငန်းများကိုမဆို ကရင်ပြည်နယ်အတွင်း ဝင်ရောက်လုပ်ဆောင်ခြင်းအပေါ် လက်မခံကြောင်းလည်း ၎င်းသဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၇ ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မူဆယ်-ရွှေလီနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီးနောက် ခရီးသည် ဝင်ရောက်မှု ခြောက်သောင်းကျော် ရှိပြီဖြစ်ကြောင်း တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်ပြည်တွင်းသို့ ဝင်ရောက်ရာတွင် ၄၈ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း လက်မှတ်နှင့် နယ်စပ်သွားလာခွင့်လက်မှတ်များကို ကိုင်ဆောင်ထားရန်လိုအပ်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၂ ရက်တွင် မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် ရွှေလီမြို့နိုင်ငံခြားရေးရာရုံးက ကြေညာပြီးနောက် ဇန်နဝါရီ ၈ ရက်နှင့် ၂၅ ရက်တို့တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် လူဝင်လူထွက်ဂိတ်အားလုံးကို တရုတ်-မြန်မာ နှစ်နိုင်ငံလုံးက ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရပ်နားထားသော လေကြောင်းလိုင်းများ ဖြစ်သည့် ရွှေလီလေကြောင်းလိုင်းနှင့် China Eastern Airlines တို့လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပြန်လည်ပျံသန်းခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၆ ဟောင်ကောင်အခြေစိုက်ပြီး တရုတ်နိုင်ငံပိုင်ဘဏ်တခုဖြစ်သည့် Bank of China-Hong Kong က ရန်ကုန်တွင် ဘဏ်ခွဲ ဖွင့်လှစ်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ကြောင်း တရုတ်အခြေစိုက် ရွှေဇာမဏီသတင်းစာတွင် ဖော်ပြထားသည်။ BOCHK သည် မြန်မာကျပ်မှ တရုတ်ယွမ်သို့ တိုက်ရိုက်ငွေပေးချေမှုများအတွက် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယွမ်ငွေမှ ကျပ်ငွေသို့ တိုက်ရိုက် အသုံးပြုပေးချေရာတွင် ဆောင်ရွက်ခွင့်ရှိသော တရုတ်ဘဏ်နှစ်ခုအနက်မှ တခုဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်တွင်းဘဏ်တခုဖြစ်သည့် CB Bank တွင် ယွမ်မှ ကျပ်ငွေသို့ တိုက်ရိုက်ပေးချေအသုံးပြုနိုင်သည့် Foreign Currency Account (Chinese Yuan) ယွမ်ငွေအကောင့် ဖွင့်လှစ်နိုင်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးကို လေးနှစ်တာ ပညာသင်ဆုပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ ရန်ကုန်ဘဏ်ခွဲ ဥက္ကဋ္ဌ မစ္စတာလျိုယင်း၊ စီးပွားရေးသံမှူး၊ ရန်ကုန်တက္ကသိုလ်မှ ဆရာများနှင့် ၂၀၂၂ ခုနှစ်တွင် ပညာသင်ဆုရခဲ့သော ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၄ မြန်မာနိုင်ငံ၏ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါအခမ်းအနားကို နန်နင်းမြို့တွင် ကျင်းပခဲ့ပြီး ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသအကြား ဆက်ဆံရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အတွက် မိန့်ခွန်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ ချင်လူဖေ့၊ ကွမ်ရှီးနှင့် နန်နင်းနိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများ၊ ကွမ်ရှီးဒေသနှင့် ကွမ်တုန်းပြည်နယ်တို့မှ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ နန်နင်းမြို့သည် အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အချက်အချာမြို့တခုဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၃ မြန်မာနိုင်ငံ၏ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို တရုတ်နိုင်ငံ ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ်ရုံးက ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ စစ်ကောင်စီကလုပ်ဆောင်နေသော နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေမှုများ၊ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့တို့ကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦးက အဆိုပါအခမ်းအနား၌ ပြောကြားခဲ့ကြောင်း ရေးသားထားသည်။ အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျောက်ရှီချင်း၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ အာရှရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပါတီအတွင်းရေးမှူး၊ ချုံချင့်မြူနီစီပယ်မြို့ ကုန်သွယ်ရေးကော်မတီ၊ ခရီးသွားလာရေးကော်မတီနှင့် ပညာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ချုံချင့်မြို့သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး၊ စီးပွားရေး ကူးလူးဆက်ဆံမှုရှိကာ ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စစ်ကောင်စီက ဖွင့်လှစ်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဖွင့်လှစ်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ် သုံးခုအနက် တခုသည် ချုံချင့်မြို့မှစတင်ပြီး လာအိုနှင့် ထိုင်းနိုင်ငံတို့ကိုဖြတ်ကာ ရန်ကုန်မြို့နှင့် ချိတ်ဆက်ထားသည်။ (တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ်သုံးသွယ်ကို ISP-Myanmar ၏ ကပြင်ရပ်ဝန်း၊ အလေးထားရမည့် ညွှန်းပြမြေမုံများ အမှတ်-၁၀ တွင် လေ့လာနိုင်ပါသည်။) |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၃ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသော နယ်စပ်ဂိတ်ဖြစ်သည့် ချင်းရွှေဟော်-လင်ချန်းဂိတ်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါပျံနှံ့မှုကြောင့် တရုတ်-မြန်မာကုန်သွယ်ရေး နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ချင်းရွှေဟော်-လင်ချန်းဂိတ်နှင့် ၂၀၂၂ ခုနှစ် မတ်လတွင် ကျင်စန်းကျော့-မက်မန့်ဂိတ်တို့ကို အကန့်အသတ်များဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ကာ ယခုအခါတွင် အပြည့်အဝ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၃ တရုတ်-မြန်မာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက်တွင် China Eastern Airlines သည် ကွမ်ကျိုးမှ ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းသည့် ခရီးစဉ်များကို တိုးချဲ့ရန် ပြင်ဆင်နေကြောင်း တရုတ်အခြေစိုက် မင်္ဂလာသတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ တပတ်လျှင် သုံးကြိမ်နှုန်းဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ပြေးဆွဲလျက်ရှိရာမှ ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်မှ စတင်၍ တပတ်လျှင်လေးကြိမ်နှုန်းဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့များတွင် တိုးချဲ့၍ ပျံသန်းမည်ဖြစ်သည်။ ထို့ပြင် ကူမင်းမှ မန္တလေးသို့ တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းကိုလည်း ပြန်လည်ပြေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။ China Eastern Airlines သည် ရှန်ဟိုင်း-ဟန်ကျိုး အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ China Eastern Airlines Building အနီးတွင် အခြေစိုက်သည့် လေကြောင်းလိုင်း ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းတခုဖြစ်သည်။ ထို့ပြင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် နှစ်နှစ်ကြာ ပိတ်ထားခဲ့သည့် ယူနန်ပြည်နယ်၊ မန်စီမှ မန္တလေးသို့ တိုက်ရိုက်ပျံသန်းသော ရွှေလီလေကြောင်းလိုင်းကိုလည်း ယခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၂ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းဂန်းနှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များပါဝင်သည့် အစည်းအဝေး၌ စစ်ကောင်စီ၏ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အစည်းအဝေးတွင် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတည်ထောင်ခြင်း၊ အာဆီယံ-တရုတ်ဆက်ဆံရေး တိုးတက်စေရန် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများ၊ အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို မစ္စတာချင်းဂန်း၏ အင်ဒိုနီးရှားနိုင်ငံခရီးစဥ်အတွင်း ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ မစ္စတာချင်းဂန်းသည် ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ် ရောက်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ တာဝန်ယူထားခြင်းဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၂ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျင်စန်းကျော့-မက်မန့်လမ်းကြောင်းကို ယူနန်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်အခြေစိုက် ယူနန်နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသည် အကောက်ခွန်ဆိုင်ရာ သက်သာခွင့်လက်မှတ်များ၊ ကုန်သွယ်ရေးကွန်ရက်စနစ်များနှင့် နယ်စပ်ဖြတ်ကျော်လက်မှတ်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ထုတ်ပေးခဲ့ပြီး ရှန်တိန်စနစ်ကို ပယ်ဖျက်ကာ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုကို မြှင့်တင်ခဲ့သည်။ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းများသည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် အအေးခန်းထုတ်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာအဓိက နယ်စပ်ဂိတ်များဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကျင်စန်းကျော့-မက်မန့်လမ်းကြောင်းကို ၂၀၂၁ ခုနှစ် မတ်လတွင် ပိတ်ထားခဲ့ပြီး တနှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် မတ်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ကျင်စန်းကျော့-မက်မန့် လမ်းကြောင်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း ဖြစ်သည့် မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု(LMC)၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လမ်းသစ်သုံးသွယ်တွင်ပါဝင်သော ရထားလမ်း-ကားလမ်း-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် ဖြစ်သည့် ယူနန်ပြည်နယ်မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ထိုမှတဆင့် ရန်ကုန်ဆိပ်ကမ်းမှ စင်ကာပူသို့ ချိတ်ဆက်သည့် ရထားလမ်း-ကားလမ်း-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်း စသည့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်လျက်ရှိသည်။ (မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း အကြောင်းကို ISP Special Issue တွင် ဖတ်ရှုနိုင်သည်။) (တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လမ်းသစ်သုံးသွယ် အကြောင်းကို ISP ကပြင်ရပ်ဝန်းတွင် ဖတ်ရှုနိုင်သည်။) |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ လျှပ်စစ်ကားများ(EV) အတွက် အိမ်သုံးအားသွင်းစက်များ ပြည်တွင်းသို့ရောက်ရှိလာကြောင်း စစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ အဆိုပါ 7KW အားသွင်းစက် ငါးစုံကို တရုတ်နိုင်ငံ BYD ကုမ္ပဏီထုတ် လျှပ်စစ်ကားများ တင်သွင်းသည့် Chin Dwin Shan Co., Ttd. က တင်သွင်းခြင်း ဖြစ်သည်။ အားသွင်းစက်များကို ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခဲ့ပြီး အကောက်ခွန်ဦးစီးဌာနက အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့တွင် တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားသွင်းရုံများအတွက် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) များကို တရုတ်နိုင်ငံမှ နှစ်ကြိမ်တင်သွင်းခဲ့သည်။ လျှပ်စစ်ဓာတ်အားသွင်းရုံများကို နေရာ ၁၃ ခုနှင့် စက်သုံးဆီဆိုင် ၃၈ ဆိုင်တို့တွင် တနှစ်အတွင်း တည်ဆောက်မည်ဟု စစ်ကောင်စီက ပြောထားသည်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် တရုတ်နိုင်ငံ BYD ကုမ္ပဏီထုတ် E2 Model အမျိုးအစား လျှပ်စစ်ကား အစီး ၄၀ ကို Chin Dwin Shan Construction ကုမ္ပဏီနှင့် NPK Motors ကုမ္ပဏီ နှစ်ခုက ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံထုတ် BYD ကုမ္ပဏီထုတ် လျှပ်စစ်ကား ၂၅ စီးကိုလည်း Essential Motor ကုမ္ပဏီက တင်သွင်းခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ ၁၂၆ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှု စတင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါကင်းလှည့်မှုကို သက်ဆိုင်ရာနိုင်ငံများက မြစ်ကြောင်းအလိုက် အပိုင်းလိုက်ကင်းလှည့်မှုနှင့် ပူးတွဲကင်းလှည့်မှုဟူ၍ ပုံစံနှစ်မျိုးဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ မဲခေါင်မြစ်ကြောင်းတလျှောက် ပူးတွဲကင်းလှည့်မှုကို တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ လစဥ်လုပ်ဆောင်လျက်ရှိပြီး အဆိုပါအစီအစဥ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်မှ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တပိုင်းဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသောကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်လက်မှတ် (Form E) ၂၉ စောင် ထုတ်ပေးခဲ့ကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၁ ရက်မှ ၂၁ အထိ ကုန်သွယ်ရေးဇုန်လက်မှတ် ၄၅၄ စောင်ထုတ်ပေးခဲ့ပြီး ကုန်သွယ်မှုမှာ ပို့ကုန်ယာဉ် ၃၂၂ စီးနှင့် သွင်းကုန်ယာဉ် ၉၀ စီး ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၇ ရက်အထိ ကုန်သွယ်ရေးဇုန်လက်မှတ် ၆၀၅ စောင် ထုတ်ပေးခဲ့ပြီး ပို့ကုန်ယာဉ် ၃,၇၁၄ စီးနှင့် သွင်းကုန်ယာဉ် ၁,၄၂၂ စီး ရှိခဲ့သည်။ အဆိုပါ လက်မှတ်သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကြား အကောက်ခွန်သက်သာခွင့်အတွက် ထုတ်ပေးသော ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော နယ်စပ်မြို့ဖြစ်သည့် ‘ကန်ပိုက်တီ’ ကို ‘ကံပိုင်တည်’ ဟု စစ်ကောင်စီက အမည်ပြောင်းခဲ့သည်။ ‘ကန်ပိုက်တီ’ မှာ တရုတ်ဘာသာစကားအရ ‘ခြောက်သွေ့ခြင်းနှင့် ပျက်စီးခြင်း တည်နေရာ’ ဟု အဓိပ္ပာယ်ပေါ်လျက်ရှိသောကြောင့် ‘ကံကောင်းခြင်း၊ ပြည်ထောင်စုကို ပိုင်ဆိုင်ခြင်း၊ တည်ငြိမ်ခြင်း’ သဘောသက်ရောက်သည့် ‘ကံပိုင်တည်’ အဖြစ် ပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုသည်။ အမည်ပြောင်းခြင်းအတွက် ကချင်အထူးဒေသ ၁ မှ ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြည်နယ်အစိုးရ၏ ထောက်ခံချက်ဖြင့် စစ်ကောင်စီ ထံသို့ တင်ပြခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၈-၁၉ မိုင်းလားအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့တို့၏ ဌာနချုပ်များသို့ အာရှရေးရာ တရုတ်အထူးသံအမတ် သွားရောက်ခဲ့ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးသံအမတ် မစ္စတာတိန့်ရှီကျွန်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ-၄ မိုင်းလားသို့ ရောက်လာပြီး အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (PSC/NDAA) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစန်ဘေနှင့် ဦးရှန်းလုလုနှင့် တွေ့ဆုံခဲ့ကြောင်း WeChat လူမှုကွန်ရက်ရှိ တရုတ်သတင်းစာမျက်နှာတချို့တွင် ဖော်ပြသည်။ ထို့အတူ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဌာနချုပ်တည်ရှိရာ ပန်ဆန်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာသို့လည်း သွားရောက်ကာ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်ပြည်ထောင်စု၌ ရုံးခွဲဖွင့်ခဲ့ခြင်းနှင့် အမေရိကန်အစိုးရ၏ အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) အတည်ပြုခဲ့ခြင်းအပေါ် တရုတ်ဘက်က တုံ့ပြန်ဆွေးနွေးခဲ့သည်ဟု ရေးသားထားသည်။ ထို့အပြင် လောင်းကစားမှု၊ လိမ်လည်မှုအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရာတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် တရုတ်အစိုးရနှင့် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ တရုတ်နိုင်ငံက အလိုရှိနေသည့် ရာဇဝတ်သားများ ဖမ်းဆီးပေးရန် အပါအဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည့်တရားမဝင်လုပ်ငန်းတို့ကို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင် အခြေချလုပ်ကိုင်ခွင့်မပေးရန်လည်း တောင်းဆိုခဲ့သည်။ ထူးခြားချက်အနေနှင့် ကချင်ပြည်နယ် လိုင်ဇာသွားရောက်စဉ် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့လည်း သွားရောက်လေ့လာခဲ့သည်ကို တွေ့ရသည်။ ယခုခရီးစဉ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (KDP/MNDAA) တို့၏ ထိပ်သီးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စတို့နှင့်ပတ်သက်ပြီး မစ္စတာတိန့်ရှီကျွန်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အထက်ပါတိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နှင့် ယူနန်ပြည်နယ်၌ အလွတ်သဘော တွေ့ဆုံခဲ့ပြီးနောက် နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း သွားရောက်တွေ့ဆုံခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၈ တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသော နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်နှင့် ကြူကုတ်(ပန်ဆန်း)-ဝမ်တိန်ဂိ တ်များတွင် ယာဉ်မောင်းအစားထိုးစနစ်(ရှန်တိန်) ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြသည်။ တရုတ် အကောက်ခွန်နှင့် နယ်စပ်စစ်ဆေးရေးဂိတ်များက စစ်ဆေးပြီး နယ်စပ်ဖြတ်ကျော်စာအုပ် (စာအုပ်အနီ) ကိုင်ဆောင်သူများကို တရုတ်နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်ကားများအနေနှင့် ကုန်ကားတစီးလျှင် လူနှစ်ဦးနှုန်းဖြင့် ယင်းဂိတ်တို့မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ထွက်ခွင့်ပြုကြောင်း ရွှေလီမြို့ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေး ကွန်ရက်စနစ် (Border Trade 2.0 System) ကို အဆင့်မြှင့်တင်ခဲ့ခြင်းကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များအနေနှင့် မှတ်ပုံတင်လက်မှတ် အပါအဝင် ဆက်စပ် စာရွက်စာတမ်းများနှင့် လိုင်စင်ခွင့်ပြုချက်များကို အွန်လိုင်းမှတဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကျင်စန်းကျော့-မက်မန့် လမ်းကြောင်းတွင် ရွှေမိုင်းယုမှ ရွှေလွယ်အင်အထိ ခေါက်တိုယာဉ်မောင်းစနစ် (ရှန်တိန်စနစ်)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ပယ်ဖျက်ခဲ့သော်လည်း တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ပါ။ အဆိုပါဂိတ်များမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဆန်၊ ဆန်ကွဲ၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ရေထွက်ကုန်၊ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်လုပ်ငန်းများ တင်ပို့လျက်ရှိသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၈ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်တွင် လူအဝင်အထွက် ခွင့်ပြုပြီဖြစ်ကြောင်း ယူနန်ပြည်နယ် လုံချွမ်းမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းရှင်းကြောင်း ၄၈ နာရီအတွင်း ဆေးစစ်ချက်အဖြေနှင့် ကျန်းမာရေးအခြေအနေဖော်ပြချက်ပုံစံ (Health Declaration Form) တွင် ဖြည့်စွက်ကာ မြန်မာနိုင်ငံသားများသည် ကျန်းဖုန်း-လွယ်ဂျယ် နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ကာ ဝင်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံဘက်က ထိုသို့ ပြန်လည်ခွင့်ပြုသော်လည်း မြန်မာနိုင်ငံဘက်ကမူ အဆိုပါလူအဝင်အထွက်ကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း မရှိပေ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကြောင့် လွယ်ဂျယ်-လိုင်ရင်းနယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ပိတ်ခဲ့ပြီး ကုန်ပစ္စည်းတင်ပို့မှုအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်လည်း သုံးနှစ်ကြာပိတ်ထားခဲ့သည့် မူဆယ်-ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးမှ ကုန်တင်ပို့မှုနှင့် လူအဝင်အထွက်တို့ကို တရုတ်၊ မြန်မာ နှစ်နိုင်ငံစလုံးက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၇ တရုတ်-မြန်မာဆက်ဆံရေး၊ တရုတ်စီမံကိန်းအရေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် စစ်ကောင်စီ နိုင်ငံခြားဝန်ကြီးသစ် ဦးသန်းဆွေနှင့် တရုတ်သံအမတ် မစ္စတာချန်းဟိုင်တို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲတွင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ စီမံကိန်းအကောင်အထည်ဖော်ရေး၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အထောက်အပံ့ပေးအပ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး စသည့်ကိစ္စရပ်များလည်း ပါဝင်သည်။ ထို့ပြင် ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် စစ်အရာရှိဟောင်းတဦးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်တွင် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ ဦးသိန်းစိန်လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နေရာ၌ အစားထိုးခန့်အပ်ခံရပြီး စစ်ကောင်စီ၏ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၇ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ဆေးဝါးကွပ်ကဲသူများနှင့် ဆေးဝါးထုတ်လုပ်သူများ ကွန်ဖရင့်ကို မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစုသာယာဝပြောရေးဝန်ကြီးဌာနက ကြီးမှူးကာ အွန်လိုင်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် ဆေးဝါးကွပ်ကဲရေးနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အသိပညာဖလှယ်ရေး၊ ဆေးဝါးအရည်အသွေးစစ်ဆေးမှု၊ သုတေသနနှင့် ထုတ်လုပ်မှုဆိုင်ရာကိစ္စများ၊ ဆေးဝါးကွပ်ကဲသူများအတွက် အရည်အသွေးမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန်နှင့် သတင်းအချက်အလက်များ ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါကွန်ဖရင့်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ဆေးဝါးကွပ်ကဲရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသည် အဆိုပါအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံတခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၆-၁၇ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များ နေပြည်တော်တွင် လေ့လာရေးခရီးထွက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ လန်ချန်း-မဲခေါင် ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ရုံး၌ ‘Presentation on MLC Special Fund Projects in Myanmar’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းဖြစ်ပေါ်တိုးတက်မှု၊ ပြီးစီးမှုနှင့် အကျိုးရလဒ်များကို အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက တင်ပြခဲ့သည်။ ထို့အပြင် စီမံကိန်းအကောင်အထည်ဖော်ခွင့်ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ကလည်း စီမံကိန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါနှစ်ရက်တာခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနရှိ လန်ချန်း-မဲခေါင် ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ရုံးက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံအနေနှင့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်ဆီသို့ ဖိတ်ကြားလွှာပေးပို့ခဲ့သော်လည်း တရုတ်ဘက်က အကြောင်းမပြန်ခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်ထုတ် Aljazeera သတင်းဌာနက ဖော်ပြခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၆ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ အတွင်းရှိ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ အင်ဘာပါ ကျေးရွာအနီးတွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေခြင်းကို ရပ်တန့်ရန် ဒေသခံများက စာပို့ခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုတူးဖော်ခြင်းကို တရုတ်လူမျိုးဦးဆောင်သော ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်ပြီး ကုမ္ပဏီအနေနှင့် ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ ထွက်သွားရန်လည်း တောင်းဆိုခဲ့ကြသည်။ ထိုကုမ္ပဏီသည် မြေရှားသတ္တု တူးဖော်ရန်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ကနဦးစမ်းသပ်မှုများကို လုပ်ဆောင်နေခဲ့ပြီး ၂၀၂၂ ခုနှစ်ကုန်တွင် သတ္တုတူးဖော်ရန် စက်ပစ္စည်းများဖြင့် အင်ဘာပါဒေသသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သတ္ထုတူးဖော်ရန် ဆက်လက်လုပ်ဆောင်နေမှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ တွင် အင်ဘာပါရွာနှင့် ဒိန်ဆိန်းပါရွာမှ ဒေသခံ ၃၀၀ ကျော်သည် မြေရှားသတ္တုတူးဖော်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ အင်ဘာပါဒေသသည် စိုက်ပျိုးရေး အဓိကလုပ်ကိုင်သောဒေသဖြစ်ပြီး မြေရှားသတ္တုတူးဖော်ခြင်းကြောင့် မိရိုးဖလာလုပ်ငန်းများ ထိခိုက်ပျက်စီးမည်ကို ဒေသခံများမှစိုးရိမ်နေကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) က ထုတ်ပြန်သော စာရင်းအချက်အလက်အရ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သော မြေရှားသတ္တုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရှိခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်အထူးဒေသ ၁ သည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုထွက်ရှိရာ အများဆုံးဒေသဖြစ်ကြောင်း Global Witness က ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသားခဲ့သည်။ (တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှု ကို ISP ကပြင်ရပ်ဝန်း၏ Data Matters- ၄၁၊ တရုတ်အစိုးရနှင့် စစ်ကောင်စီကြား ကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်းကွာဟချက်တွင် လေ့လာနိုင်ပါသည်။) |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၅ တရုတ်နိုင်ငံတဝန်း ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖျက်သိမ်းလိုက်ပြီးနောက် ကျယ်ဂေါင်ရှိ ကောမိန့်မူလတန်းကျောင်းလည်း ပြန်ဖွင့်သဖြင့် တရုတ်နှင့် မြန်မာနယ်စပ်မှ နှစ်နိုင်ငံကျောင်းသားပေါင်း ၃၄၅ ဦး ကျောင်းပြန်တက်ရောက်ပြီဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါကျောင်းသည် ယူနန်ပြည်နယ်၊ တက်ဟုန်းခရိုင်၊ ရွှေလီမြို့၊ ကျယ်ဂေါင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်တွင် တည်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကြောင့် နှစ်နှစ်ကျော်မျှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၅ တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားစနစ် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက် အကောင်အထည်ဖော်ရန် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာနှင့် NP News တွင် ဖော်ပြထားသည်။ အဆိုပါလုပ်ငန်းအဖွဲ့ကို စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ထိုစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေးသာမက တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းနှင့်ဆက်စပ်သည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများတွင်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ထိုလုပ်ငန်းအဖွဲ့အား တရုတ်-မြန်မာစီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးကော်မတီက တာဝန်ပေးအပ်ထားသည်။ စစ်ကောင်စီသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ တွင် စီးပွားရေးစင်္ကြံပူးတွဲကော်မတီကို အကောင်အထည်ဖော်ရေးကော်မတီအဖြစ် ဝန်ကြီးဌာနများစွာနှင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၅ ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ယူနန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်အဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် တရုတ်နိုင်ငံမှ ဒေသအဆင့်အဖွဲ့ ဖြစ်ပြီး ယူနန်နှင့် မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ဓာတ်အား၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စသည့်နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြောင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း တရုတ် စီးပွားရေးသံမှူး မစ္စတာတန်ရှုဖူက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ယူနန်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အကြီးဆုံး သွင်းကုန်နိုင်ငံနှင့် အကြီးဆုံး ပို့ကုန်ဈေးကွက် ဖြစ်ကြောင်း၊ ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တမူထူးခြားသော တည်နေရာအားသာချက်နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအခြေခံ ပိုင်ဆိုင်ထားကြောင်း၊ အခြေအနေသစ်တွင် ယူနန်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာလီချန်းယန်ကလည်း ပြောကြားခဲ့သည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရာတွင် ဘဏ်စနစ်ဖြင့်သာ ငွေပေးချေမှုဆောင်ရွက်စေရေး၊ မျိုးစေ့ နည်းပညာနှင့် မြေဩဇာ စသည့် လယ်ယာကဏ္ဍသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာမှာ GACC မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွက် ကူညီဆောင်ရွက်ပေးစေရေး စသည်တို့ကို ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အကြံပြုခဲ့သည်။ ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ တရုတ်သံရုံးမှ စီးပွားရေးသံမှူး၊ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနမှ အရာရှိများ၊ ယူနန်ကုန်သွယ်မှုအုပ်စုဖွံ့ဖြိုးတိုးတက်ရေး (Yunnan Trade Group Development) မှ အထွေထွေမန်နေဂျာများ၊ တရုတ်ကုန်သည်လုပ်ငန်းရှင်များ၊ မြန်မာကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ယူနန်နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်များ စသည်ဖြင့် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၅ သု၀ဏ္ဏအမျိုးသားအားကစားကွင်းပတ်လည်ရှိ လမ်းမီးတိုင်တို့တွင် တပ်ဆင်မည့် ဆိုလာလမ်းမီးများကို ယူနန်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း(Yunnan Provincial People’s Association For Friendship with Foreign Countries – YNPAFFC) က လှူဒါန်းခဲ့ကြောင်း ရွှေဇာမဏီသတင်းတွင် ဖော်ပြထားသည်။ ယွမ်တသိန်းကျော် တန်ဖိုးရှိ ဆိုလာမီးလုံး ၆၀ နှင့် မီးတိုင်အစုံ ၆၀ တို့ဖြစ်သည်။ ထိုဆိုလာလမ်းမီးများကို ဘေကျင်းအခြေစိုက် M&W Design and Engineering ကုမ္ပဏီက တပ်ဆင်ပေးမည်ဖြစ်သည်။ အဆိုပါထောက်ပံ့မှုတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ယူနန်ပြည်နယ် စီးပွားရေးကိုယ်စားလှယ်ရုံးတို့ကလည်း ပူးပေါင်းပါဝင်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာ ၁၀ ကျောင်းနှင့် ကောလိပ် သုံးကျောင်းတို့အား ယွမ်တသိန်းနီးပါး တန်ဖိုးရှိသည့် ခေတ်မီအားကစားပစ္စည်းများကို အဆိုပါအသင်းက လှူဒါန်းခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၅ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ပြုလုပ်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းနှင့် လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ စိုက်ပျိုးရေးပညာရှင်များက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ပို့ချခဲ့ပြီး ကော်ဖီမျိုးစေ့၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လက်ကမ်းစာစောင်နှင့် လက်စွဲစာအုပ်များ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသုံးပစ္စည်းကိရိယာများကို ဒေသခံတောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ သင်တန်းသို့ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီး၊ ထန်ပါခွေမြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းများကို စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနက ပြုလုပ်လျက်ရှိပြီး ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင်လည်း ဟုမ္မလင်းနှင့် လဟယ်မြို့တို့မှ တောင်သူများကို သင်တန်းပေးခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၄ တရုတ်-မြန်မာ နှစ်နိုင်ငံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့်ပတ်သက်၍ တက်ဟုန်းခရိုင် ကုန်သည်ကြီးများအသင်းက မြန်မာကုန်သည်စက်မှုအသင်းချုပ်ရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း UMFCCI ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့်လုပ်ငန်းရှင်များအကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ ကုန်စည်တင်ပို့ရာတွင် ကြုံရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ ဖြေရှင်းရေး စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မန္တလေးမြို့ရုံးစိုက် တက်ဟုန်းခရိုင် ကုန်သည်ကြီးများအသင်းမှ ဒုတိယဥက္ကဋ္ဌ မစ္စတာ ကန်ယောင်ဝူ ဦးဆောင်သည့် ကိုယ်စားလှယ် ၁၉ ဦး အပါအဝင် နှစ်နိုင်ငံမှ ကုန်စည်ဒိုင်၊ ရေထွက်ပို့ကုန်၊ ကုန်စည်ပို့ဆောင်ရေး၊ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်၊ လက်ဖက်၊ အီလက်ထရောနစ်နှင့် စက်ပစ္စည်းများ၊ သစ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ကုန်သည်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသည်။ တက်ဟုန်းခရိုင် ကုန်သည်ကြီးများအသင်းသည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ရာ လက်ရှိတွင် ကုမ္ပဏီပေါင်း တရာကျော်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံတွင် မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ နေပြည်တော်၊ ဗန်းမော်၊ ရန်ကုန် မြို့တို့၌ ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ထားသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၄ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် စစ်ကောင်စီတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များတိုးမြှင့်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သွယ်ရေးကဏ္ဍငွေပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်မျာ၊ နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေး၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာလီချန်းယန် ဦးဆောင်၍ ကိုယ်စားလှယ် ၁၉ ဦးနှင့် မြန်မာဘက်မှ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်နွေးခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၄ တရုတ်နိုင်ငံ နန်နင်းမြို့ရှိ အာဆီယံနိုင်ငံထွက်ကုန်ပြခန်းတွင် မြန်မာစားသောက်ကုန်များ တိုးချဲ့ပြသရန် ကောင်စစ်ဝန်ချုပ်အား တရုတ်-အာဆီယံ အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာ ဥက္ကဋ္ဌက တိုက်တွန်းခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အာဆီယံနိုင်ငံများမှ ထွက်ကုန်များကို စီစဉ်ပြသထားသည့် China-ASEAN Mercantile Exchange (CAMEX) ပြခန်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ခင်းကျင်းပြသထားသည့် မြန်မာ့စောင်းနှင့် ဆွမ်းအုပ်တို့ကို ဖေဖော်ဝါရီ ၁၃ တွင် ဝန်ကြီးအဆင့်ရှိ ကွမ်ရှီးဒေသကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာလျော့နင်(Liu Ning) နှင့်အဖွဲ့က လာရောက်ကြည့်ရှုခဲ့သည်။ ထို့ကြောင့် CAMEX တွင် မြန်မာ့ထွက်ကုန်ပစ္စည်းများနှင့် အစားအစာများကို တိုးချဲ့ပြသနိုင်ရန်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းအား CAMEX ဥက္ကဋ္ဌ မစ္စစ်ဘေဘေကျောက်က အကြုံပြု တိုက်တွန်းခဲ့သည်။ ထို့ပြင် မြန်မာအစားအသောက် ပြသလိုသူ၊ ပြပွဲနှင့် အခမ်းအနားကျင်းပလိုသူများအတွက် CAMEX က ကူညီဆောင်ရွက်ပေးရေးနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၃ ကျောက်ဖြူ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ရန် Power China ကုမ္ပဏီဥက္ကဋ္ဌနှင့် စစ်ကောင်စီသံအမတ်တို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် တရုတ်အစိုးရပိုင် Power China ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာရှန်းယွီမင်၏ ဖိတ်ကြားချက်အရ ကုမ္ပဏီရုံးချုပ်တွင် စစ်ကောင်စီသံအမတ် ဦးတင်မောင်ဆွေက လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ ကျောက်ဖြူ ရေအားလျှပ်စစ်စီမံကိန်း၊ ရေအား၊ လေအားနှင့် နေရောင်ခြည်သုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်သွားရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၁ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် တည်ဆောက်မည့် လျှပ်စစ်ဓာတ်အားသွင်းရုံများအတွက် လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) များကို တရုတ်နိုင်ငံက နှစ်ကြိမ် တင်သွင်းခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ ပထမအကြိမ်တွင် Prime Automotive Myanmar (Earth Renewable Energy) ကုမ္ပဏီက အမှတ် ၃ တိုးဂိတ်၊ ဖြူးယာဉ်ရပ်နားစခန်း၊ နေပြည်တော်လမ်းဆုံ ယာဉ်ရပ်နားစခန်းတို့၌ လျှပ်စစ်ဓာတ်အားသွင်းရုံ (charging station) များ တည်ဆောက်ရန် 60 KW ငါးစုံနှင့် 200 KW နှစ်စုံ စုစုပေါင်း အားသွင်းစက် ခုနစ်စုံတို့ကို တရုတ်နိုင်ငံက တင်သွင်းပြီး MITT ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁ ရက်တွင် ရောက်ရှိခဲ့သည်။ ဒုတိယအကြိမ်အဖြစ် N.P.K Motors ကုမ္ပဏီလီမိတက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေး၌ ဓာတ်အားသွင်းရုံတည်ဆောက်ရန် 60 KW အားသွင်းစက်ငါးစုံမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ထပ်မံရောက်ရှိခဲ့သည်။ အဆိုပါအားသွင်းစက်များကို အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်ကင်းလွတ်ခွင့် ပေးထားသည်။ ရန်ကုန်မြို့၊ နေပြည်တော်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့တွင် အားသွင်းစက်လုံးပေါင်း တရာကျော် တင်ဆင်မည့် လျှပ်စစ်ဓာတ်အားသွင်းရုံ ၁၃ ခုတည်ဆောက်ရန်နှင့် ရှိပြီးသားဓာတ်ဆီဆိုင် ၃၈ ဆိုင်တွင် အားသွင်းစက် ၅၂ လုံး တပ်ဆင်ရန် စစ်ကောင်စီစက်မှုဝန်ကြီးဌာနက စီမံထားသည်။ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်နှင့် အားသွင်းစက်များတင်သွင်းအသုံးပြုပြုရေးကို စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် တရုတ်နိုင်ငံ BYD ကုမ္ပဏီထုတ် E2 Model အမျိုးအစား လျှပ်စစ်ကား အစီး ၄၀ ကို Chin Dwin Shan Construction ကုမ္ပဏီနှင့် NPK Motors ကုမ္ပဏီ နှစ်ခုက ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင် BYD ကုမ္ပဏီထုတ် လျှပ်စစ်ကား ၂၅ စီးကိုလည်း Essential Motor ကုမ္ပဏီက ဒုတိယအကြိမ်အနေဖြင့် ထပ်မံတင်သွင်းခဲ့သည်။ တရုတ်နိုင်ငံထုတ် အဆိုပါလျှပ်စစ်ကားများသည် အခြားကားများနှင့်ယှဉ်လျှင် ဈေးပိုကြီးပြီး မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ မသိရသေးဖြင့် ကားအရောင်းအဝယ်လောကတွင် တွန့်ဆုတ်နေကြောင်း ဒီဗွီဘီသတင်းတွင် ဖော်ပြထားသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၁ နယ်စပ်ဖြတ်ကျော် ကုန်စည်ထောက်ပို့ရေးလုပ်ကိုင်နေသည့် Yunnan Bright Prospect Industrial ကုမ္ပဏီလီမိတက်က မြန်မာနိုင်ငံသို့ ယွမ်လေးသိန်းကျော်တန်ဖိုးရှိ ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ပေါက်ဖော်သတင်းတွင် ဖော်ပြထားသည်။ ယူနန်ပြည်နယ် ကူမင်းမြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံး၏ မေတ္တာရပ်ခံချက်ဖြင့် အဆိုပါကုမ္ပဏီက ယွမ်လေးသိန်းကျော်တန်ဖိုးရှိ နှာခေါင်းစည်း သုံးသိန်းနှင့် ကိုဗစ်ပိုးစမ်းသပ်ကိရိယာ သုံးသောင်းတို့ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းခဲ့ခြင်းအတွက် ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာသွမ့်အား ကောင်စစ်ဝန် ဦးသော်တာအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ၎င်းကုမ္ပဏီသည် Myanmar Bright Prospect International Logistics (MBPL) အမည်ဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီးရှိ အမေရိကန်ဒေါ်လာသန်း ၈၀၀ တန်ဖိုးရှိ ကုန်စည်လက်ခံရာ ဆိပ်ကမ်း၊ ရမ်းဗြဲအပန်းဖြေစခန်းနှင့် ငါးဖမ်းလုပ်ငန်းစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရထံ အဆိုပြုရာတွင် ပါဝင်ခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၀ အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုနှစ် ဖွင့်ပွဲအခမ်းအနားနှင့် ၂၉ ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံခြားရေးအတွင်းဝန်က လာရောက်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် အစားအစာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုနှစ် အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကျင်းပရန် ပြင်ဆင်နေပြီး အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် အနှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။ ထို့အပြင် တောင်တရုတ် ပင်လယ်တွင်း သွားလာမှုဆိုင်ရာ လိုက်နာရမည့်ကျင့်ထုံးအတွက် တခုတည်းသော စာသား (Single Draft South China Sea Code of Conduct Negotiating Text – SDNT)ကို ဒုတိယအကြိမ်ဆွေးနွေးနိုင်ရေးနှင့် မြန်မာနိုင်ငံအနေနှင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာ ဖိုရမ်နှင့် အာဆီယံဦးဆောင်သည့် အခြားသော ပူးပေါင်းဆောင်ရွက်မှုယန္တရားများအပေါ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ပထမပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စစ်ဖန်ဟောင်က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ဆွေးနွေးပြီး ဒုတိယပိုင်းတွင် အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာအေးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ-တရုတ် ဆွေးနွေးဘက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေး၌ အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Comprehensive Strategic Partnership – CSP) အထိ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၁၀ တက်ဟုန်းခရိုင်မှ တရုတ်စိုက်ပျိုးရေးပညာရှင်များက စစ်ကောင်စီအရာရှိများအား မက္ကဒေးမီးယားမျိုးစေ့ စိုက်ပျိုးနည်းပညာဆိုင်ရာ အထူးသင်တန်း ပို့ချခဲ့ကြောင်း ပေါက်ဖော်သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ အပတ်စဉ်-၂ အထူးသင်တန်းတွင် မက္ကဒေးမီးယားမျိုးစေ့နှင့် ပျိုးပင်များ စိုက်ပျိုးခြင်း၊ သစ်တော ပျိုးထောင်ခြင်း၊ ဥယျာဉ်ခြံမြေ စီမံခန့်ခွဲခြင်း၊ ပိုးမွှား ကာကွယ်တိုက်ဖျက်ခြင်း၊ အကိုင်းဆက်ခြင်းနှင့် ပြုပြင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ရိတ်သိမ်းခြင်း စသည့် နည်းပညာဆိုင်ရာ ဗဟုသုတများကို သင်ကြားပို့ချခဲ့သည်။ ၎င်းသင်တန်းကို တက်ဟုန်းခရိုင် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနနှင့် ရွှေလီစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့က ပူးပေါင်းစီစဉ်ပြီး စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့ နှစ်ရှည်သီးနှံဦးစီးဌာနခွဲ အရာရှိများ တက်ရောက်သင်ယူခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၉-၁၀ တရုတ်ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုသင်တန်းနှင့် လုပ်ငန်းသုံးစက်ကိရိယာများပေးအပ်ပွဲများကို စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံ ဌာနခွဲက ဖွင့်လှစ်ပို့ချသည့် ‘ရေရည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်း’ နှင့် ကော်ဖီစိုက်တောင်သူများထံ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသုံးကိရိယာများ လွှဲပြောင်းပေးအပ်ပွဲများကို ကျင်းပခဲ့သည်။ နှစ်ရက်ကြာသည့် ထိုသင်တန်းများတွင် ဟုမ္မလင်းမြို့နယ်မှ တောင်သူ ၂၅ ဦး၊ လဟယ်မြို့နယ်မှ တောင်သူ ၁၅ ဦးတို့အပါအဝင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်သင်ယူရကြောင်းလည်း ဖော်ပြထားသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၈ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ခရီးသွားလာမှုမြင့်တင်ရေးဆိုင်ရာ ဓာတ်ပုံပြပွဲအခမ်းအနားကို ဘေဂျင်းမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန် ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် စစ်ကောင်စီ မြန်မာသံအမတ် ဦးတင်မောင်ဆွေက ပြောခဲ့သည်။ အခမ်းအနားသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာနွန့်ရုန်က ဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ဘေဂျင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ နန်နင်းမြို့နှင့် ဟောင်ကောင်အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်များ၊ တရုတ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ကျောင်းသားကျောင်းသူများက ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၇ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများတားဆီးကိုင်တွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာအပါအ၀င် နိုင်ငံရှစ်ခုသို့ ခရီးသွားခွင့်ပိတ်ပင်ထားကြောင်း တရုတ်နိုင်ငံ ဟူဘေးနှင့် ဟူနန်ပြည်နယ်ရှိ မြို့အချို့တွင် အရေးပေါ်အမိန့် ထုတ်ပြန်ထားသည်။ အန်ရှီး၊ ကျန်းလီနှင့် ဟိန်ယန်မြို့နေ ပြည်သူများအနေဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ယူအေအီး၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားနှင့် တူရကီသို့ မလိုအပ်လျှင် ခရီးမသွားရန်နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမလုပ်ရန် ပြည်သူ့လုံခြုံရေးဗျူရိုက တားမြစ်ထားသည်။ မဖြစ်မနေ ခရီးသွားရမည်ဆိုလျှင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် လုံးဝမဆက်ဆံရန်နှင့် လုံခြုံရေးတာဝန်ရှိပုဂ္ဂိုလ်များအား စာရွက်စာတမ်းများနှင့်တကွ အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာ သွားလာရန် သတိပေးထားသည်။ ဆောင်ရွက်ရန်ပျက်ကွက်ပါက နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးဌာနများပူးတွဲရုံးမှ ထုတ်ပြန်သည့် “ငွေကြေးလိမ်လည်မှုအမှုတွဲ” အဖြစ် စာရင်းသွင်းခံရမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်ရုတ်သိမ်းခံရခြင်း စသည့်ပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည်။ ထိုနိုင်ငံများသို့ တရားမဝင် ဝင်ရောက်ပြီး တရားမဝင်လုပ်ငန်းများနှင့် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ပြန်လာရန်နှင့် ပြစ်မှုကျူးလွန်ထားပါက ဥပဒေအရ အရေးယူခံရန် အမိန့်ထုတ်ပြန်ထားသည်။ အဆိုပါတရားမဝင် လုပ်ဆောင်မှုများတိုက်ဖျက်ရာတွင် တရုတ်ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြစေရန် တရုတ်အစိုးရက တိုက်တွန်းထားသည်။ ဝေါဟာရအသုံးအနှုန်းကြောင့် အမိန့်ကြေညာချက်အပေါ် အန်ရှီးမြို့ဒေသခံများအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် အမိန့်စာကို အာဏာပိုင်သတင်းစာမျက်နှာမှ ပြန်ဖျက်ခဲ့သော်လည်း သက်ရောက်မှုဆက်ရှိနေပါသည်။ ၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ ရောက်ရှိနေသည့် ဟူဘေးပြည်နယ်မှ တရုတ်နိုင်ငံသား အယောက် ငါးသိန်းကို ပြန်လာရန် အမိန့်စာထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း ဟူနန်၊ ဖူ့ကျန်၊ ယူနန်ပြည်နယ်ရှိ မြို့အချို့နှင့် ချုံချင့်မြို့အာဏာပိုင်တို့က အလားတူ ခရီးသွားခွင့်ပိတ်ပင်တားဆီးသည့်အမိန့်များ ထုတ်ပြန်ခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၇ တရုတ်နိုင်ငံဦးဆောင်သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာမက္ကဒေးမီးယားပြပွဲကို ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ အဆိုပါအရောင်းပြပွဲသည် ‘လန်ချန်း-မဲခေါင်ဒေသ အသေးစားတောင်သူ မက္ကဒေးမီးယားအစေ့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု’ စီမံကိန်း၏ လှုပ်ရှားမှုတရပ်ဖြစ်ပြီး စီမံကိန်းအစိတ်အပိုင်းအနေဖြင့် အသေးစားတောင်သူများထံ ပျိုးပင်ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေးစံပြဇုန် တည်ဆောက်ခြင်း၊ စိုက်ပျိုးရေးနည်းပညာ လေ့ကျင့်ပေးခြင်း စသည်တို့လည်း ပါဝင်သည်။ ထိုပြပွဲမှတဆင့် မြန်မာ့ မက္ကဒေးမီးယားအစေ့ကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုဝင်ရောက်စေရန်နှင့် ယူနန်ပြည်နယ်တွင် တည်ဆောက်လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ မက္ကဒေးမီးယားအစေ့လုပ်ငန်းစင်တာနှင့် ပူးပေါင်းဆောင်ရွက်စေရန် ဂုဏ်ပြုသဝဏ်လွှာတွင် တရုတ်သံရုံးက တိုက်တွန်းထားသည်။ ပြပွဲကို စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအစီအစဉ်ဖြင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့၌ ကျင်းပခဲ့ပြီး ယူနန်ပြည်နယ် တက်ဟုန်းခရိုင် ကုန်သည်ကြီးများအသင်းမှ မြန်မာနိုင်ငံကိုယ်စားလှယ်၊ မဲခေါင်-လန်ချန်းပူပေါင်း ဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် အခြားစစ်ကောင်စီအရာရှိများလည်း တက်ရောက်ခဲ့ကြသည်။ မက္ကဒေးမီးယားအစေ့ကို ဆေးဖက်ဝင် တန်ဖိုးမြင့် စားသောက်ကုန်အဖြစ် စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စသည့် တိုင်းနှင့်ပြည်နယ်တို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၆ ပထမအကြိမ်၊ ယူနန်နှင့် နိုင်ငံတကာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော သိပ္ပံနှင့်နည်းပညာအဖွဲ့အား စစ်ကောင်စီ သိပ္ပံနှင့်သုတေသနဝန်ကြီးက ဆုပေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ထိုပြိုင်ပွဲကို ယူနန်ပြည်နယ်၊ သိပ္ပံနှင့်နည်းပညာဌာနက ဦးဆောင်ကာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအထိ ကျင်းပခဲ့ပြီး “အစိမ်းရောင်စွမ်းအင် အခြေခံ ရေကန်သန့်ရှင်းရေးစနစ်” ခေါင်းစဉ်ဖြင့် ပထမဆုရရှိခဲ့သော မြန်မာအဖွဲ့သည် စစ်ကောင်စီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ စက်မှုသင်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှု သိပ္ပံသုတေသနဌာန (အင်းစိန်) မှ ကျောင်းသားဟောင်းများနှင့် ဆရာများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ပြိုင်ပွဲတွင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ အဖွဲ့အစည်းများ ပါဝင်ခဲ့ကြပြီး စွမ်းအင်၊ ဆေးပညာ၊ အဆင့်မြင့်ကိရိယာထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ စိုက်ပျိုးရေး ၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တို့နှင့် ဆက်နွယ်သော ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၆ ဟောင်ကောင်အခြေစိုက် အာဆီယံနိုင်ငံများ၏ကောင်စစ်ဝန်ချုပ်များနှင့် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာကိစ္စရပ်များကိုမူ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း မျှသာ ဖော်ပြထားသည်။ ဟောင်ကောင်မြို့ Island Shangrila Hotel ၌ ပြုလုပ်ခဲ့သည့် အဆိုပါတွေ့ဆုံပွဲသို့ ဟောင်ကောင်ဒေသအစိုးရ၏ ကိုယ်စားလှယ်အဖြစ် ရင်းနှီးမြှုပ်နှံမှုဦးစီးဌာနမှ ကောင်စစ်ဝန်ဆက်ဆံရေးအရာရှိ မစ္စတာလမ်ကင်ချွန်က ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၅ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ပို့ကုန်၊ သွင်းကုန်တင်ပို့မည့် နယ်စပ်ဖြတ်ကျော် ကုန်ကားများအနေနှင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အတွက် QR Code ကို အွန်လိုင်းမှတဆင့် လျှောက်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ပို့ကုန်တင်ပို့မည့် ယာဉ်အချက်အလက်များကို ကုန်သွယ်ရေးကွန်ရက်စနစ် Myanmar Tradenet 2.0 တွင် ဖြည့်သွင်းရမည် ဖြစ်သည်။ QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်ဂိတ်တို့တွင် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ ယာဉ်တစီးလျှင် မြန်မာငွေ ငါးထောင်ကျပ် ကောက်ခံမည်ဖြစ်သည်။ |
၂၀၂၃၊ ဖေဖော်ဝါရီ ၃ တရုတ်နိုင်ငံအတွင်းရှိ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသည့် မြန်မာနိုင်ငံသားများကို သက်တမ်းတိုးရန် တရုတ်နိုင်ငံဘက်က အသိပေးကြေညာထားကြောင်း ပြည်တွင်း သတင်းဌာနများတွင် ဖော်ပြသည်။ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူများသည် မြန်မာနိုင်ငံသို့ပြန်ကာ သက်တမ်းတိုးရမည်ဖြစ်ပြီး ထိုသို့ပြန်နိုင်ရန်အတွက် တရုတ်နိုင်ငံရှိ မိမိနေထိုင်ရာ နယ်မြေခံရဲစခန်းတွင် လျှောက်ထားရမည်ဖြစ်သည်။ ထို့နောက် သက်ဆိုင်ရာလုပ်ငန်းစဥ်များအရ နှစ်နိုင်ငံသဘောတူပြီးလျှင် တရုတ်နိုင်ငံမှ ထွက်ခွာနိုင်မည်ဖြစ်ပြီး နေထိုင်ခွင့်သက်တမ်း တိုးပြီးမှသာ တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူများသည် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မတိုင်ခင် သက်တမ်းတိုးရန်လိုအပ်ပြီး သတ်မှတ်ချက်ရက် ကျော်လွန်ပါက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအေဂျင်စီက အတင်းအကျပ် ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ကြေညာစာတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်များအားလုံးကို ဇန်နဝါရီလတွင် နှစ်နိုင်ငံလုံးက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လူအဝင်အထွက်ကိုလည်း ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံဘက်တွင်မူ နယ်စပ်သွားလာခွင့်အတွက် အကန့်အသတ်ဖြင့် ခွင့်ပြုထားပြီး နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်အနီ (BP) များကို မူဆယ်ခရိုင် မူဆယ်၊ နမ့်ခမ်းနှင့် ကြူကုတ်မြို့ အိမ်ထောင်စုစာရင်းရှိသူများကိုသာ ထုတ်ပေးလျက်ရှိသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၈ လက်နက်ကိုင်အဖွဲ့တခုက ပြန်ပေးဆွဲသွားသည့် မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာရှိ Myanmar Effort အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင်နှင့် မန်နေဂျာတို့ကို ငွေကျပ် သိန်းနှစ်ထောင်ဖြင့် ရွေးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကြောင်း ပြည်တွင်းသတင်းဌာနတခုက ဖော်ပြထားသည်။ အဆိုပါတရုတ်နိုင်ငံသူနှင့် မန်နေဂျာတို့မှာ ဇန်နဝါရီ ၂၆ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရပြီး တရုတ်သံရုံးနှင့် အဖွဲ့အစည်းတချို့၏ ညှိနှိုင်းပေးမှုဖြင့် နှစ်ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ထို့ပြင် ပြန်ပေးဆွဲသွားသည့်အဖွဲ့မှာ တော်လှန်ရေးအဖွဲ့တခုဖြစ်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတယောက်ကို ကိုးကားပြီး ရေးသားထားသည်။ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံသံရုံးမှ သီးခြားထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ Myanmar Effort အထည်ချုပ်စက်ရုံသည် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အထည်များ တင်ပို့နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသား ဖမ်းဆီးခံရသည့် ဖြစ်စဥ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက ဖောက်ခွဲခဲ့ပြီးနောက် တရုတ်စီးပွားရေး လုပ်ငန်းများနှင့် စီမံကိန်းများကို မတိုက်ခိုက်ရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တရုတ်နိုင်ငံက ဆွေးနွေးခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၇ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့် အောင်ရွှေထီး အများပိုင်ကုမ္ပဏီလီမိတက်တို့အကြား ပို့ကုန်ထုတ်လုပ်ရေးဥယျာဥ်ဇုန် အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။ ရွှေတုံးဧရာ ပို့ကုန်ထုတ်လုပ်ရေးဥယျာဥ်ဇုန်အမည်ရှိ အဆိုပါစီမံကိန်းကို ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ ၎င်းစီမံကိန်းအောက်တွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးစံပြဇုန်၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် လက်ခစား CMP စက်ရုံများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။ အောင်ရွှေထီး အများပိုင်ကုမ္ပဏီသည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် အခြေစိုက်ပြီး ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေးပိုင်းလုပ်ဆောင်သည့် ကုမ္ပဏီတခုဖြစ်သည်။ တက်ဟုန်းပြည်နယ်ခွဲသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် အရေးပါသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ အကောင်အထည်ဖော်ရန် အဆိုပြုခဲ့သည့် ပြည်နယ်ဖြစ်ပြီး အဆိုပါစီမံကိန်းများအနက် မူဆယ်-ရွှေလီ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းသည် တက်ဟုန်း၏ဦးစားပေး စီမံကိန်းတခုဖြစ်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၆ မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသား ဝန်ထမ်းနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားနှစ်ဦးမှာ စက်ရုံတာဝန်ခံနှင့် အထည်ချုပ်ပညာရှင်တို့ဖြစ်ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရသေးပေ။ တရုတ်နိုင်ငံသားများ ဖမ်းဆီးခံရခြင်းကို တရုတ်သံရုံးမှလည်း အတည်ပြုထားသည်။ စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ အဆိုပါစက်ရုံမှ မြန်မာနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသူတယောက် ဖမ်းဆီးခံရကြောင်း ဖော်ပြထားပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ဖမ်းဆီးသွားကြောင်း ရေးသားထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ ၎င်းအထည်ချုပ်စက်ရုံသည် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အထည်များ တင်ပို့နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားများ ဖမ်းဆီးခံရခြင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက ဖောက်ခွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်ပြီးနောက် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများကို မတိုက်ခိုက်ရန် တရုတ်နိုင်ငံက NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဆွေးနွေးပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မကွေးတိုင်းအပါအဝင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများ အကောင်အထည်ဖော်မည့် ပြည်နယ်နှင့်တိုင်း ရှစ်ခုရှိ မြို့နယ် ၄၃ ခုတွင် တရုတ်စီမံကိန်းများအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှုများမှာ ၂၀၂၁ ခုနှစ်ထက် နှစ်ဆနီးပါး များပြားခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၅ မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ အားလုံးပြန်လည်ဖွင့်လှစ်ပြီးနောက်တွင် နယ်စပ်သွားလာခွင့်လက်မှတ် (Border Pass) စာအုပ်အနီများကို နန်းတော်ဂိတ်တွင် လုပ်ပေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် မူဆယ်၊ နမ့်ခမ်း နှင့် ပန်ဆိုင်း အိမ်ထောင်စုစာရင်း ရှိသူများကိုသာ စာအုပ်အနီ ထုတ်ပေးလျက်ရှိသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၅ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန််လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံခြားရေးရာရုံး ကြေညာပြီးနောက်တွင် ဖွင့်လှစ်ရန် ကျန်ရှိနေသော လူဝင်လူထွက်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို မနက်ခြောက်နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ လူဝင်လူထွက်ဂိတ်များကို ၂၀၂၁ အောက်တိုဘာလတွင် ကိုဗစ်ရောဂါထိန်းချုပ်ရန် နှစ်နိုင်ငံလူဝင် လူထွက်ကိုပိတ်ခဲ့ပြီး နန်းတော်ဂိတ်မှ တဆင့်သာ အကန့်အသတ်ဖြင့် ဝင်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်တွင် အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၂ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန််လည်ဖွင့်လှစ်ရန် ကြေညာပြီးနောက်တွင် ယူနန်ပြည်နယ်၊ မန်စီမြို့မှ မန္တလေးမြို့သို့ တိုက်ရိုက်ပျံသန်းသည့် ရွှေလီလေကြောင်းလိုင်းကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး၊ မြန်မာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ပြီး လိုက်ပါလာသူများကို စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်းရေးသားထားသည်။ အဆိုပါလေယာဉ်သည် မန္တလေးမြို့မှ မန်စီမြို့သို့ တရုတ်နိုင်ငံသား ၂၅ ဦး၊ မြန်မာနိုင်ငံသား ခြောက်ဦး စုစုပေါင်း ၃၁ ဦးလိုက်ပါပြီး ညနေ ၅ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာခဲ့သည်။ အဆိုပါလေကြောင်းလိုင်းသည် တပတ်လျှင် သုံးရက်နှုန်းဖြင့် အင်္ဂါ၊ ကြာသာပတေး၊ စနေ နေ့များတွင် ပြေးဆွဲမည်ဖြစ်သည်။ ရွှေလီလေကြောင်းလိုင်း (Ruili Airlines)သည် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခြေစိုက်သည့် တရုတ် လေကြောင်းလိုင်းဖြစ်ပြီး တရုတ်နိုင်ငံတွင်းနှင့် အရှေ့တောင်အာရှဒေသတွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိသော တန်ဖိုးနည်းလေကြောင်းလိုင်းတခုဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ စတင်၍ မန်စီ-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်နှင့် မန်စီ-မန္တလေး လေကြောင်းခရီးစဉ်တို့ကို အပတ်စဉ် ပုံမှန်ပြေးဆွဲပေးခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုကြောင့် နှစ်နှစ်ကြာ ပိတ်ထားခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၂ ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတွင် ထောက်ခံရပ်တည်ပေးသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းဂန်းထံ ပေးပို့သည့် တရုတ်နှစ်သစ်ကူးနေ့ သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်ခွင့်ရရှိခြင်းနှင့် မစ္စတာချင်းဂန်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရခြင်းအတွက်လည်း ကြိုဆိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ဆင်နွှဲလျက်ရှိသည့် တော်လှန်ရေး၏ အောင်မြင်မှုများသည် တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည်။ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရေး စစ်ကောင်စီကို တိုက်တွန်းချက်များပါဝင်သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တရပ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ချမှတ်ခဲ့သည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၇၄ နှစ်အတွင်း ပထမဆုံးဖြစ်သည့် အဆိုပါ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် တရုတ်နိုင်ငံက ဗီတိုအာဏာဖြင့် ကန့်ကွက်ခဲ့ခြင်းမရှိပေ။ ထို့ပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတတ်ရောက်ခဲ့သော်လည်း နိုဝင်ဘာတွင် ကျင်းပရန်လျာထားသည့် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးအတွက် စစ်ကောင်စီ၏ဖိတ်ကြားမှုကို တရုတ်နိုင်ငံဘက်က တုံ့ပြန်မှုမရှိခဲ့ချေ။ ထို့ကြောင့် တရုတ်အစိုးရအနေနှင့် စစ်ကောင်စီကို အပြည့်အဝ မထောက်ခံကြောင်းနှင့် အာဆီယံနိုင်ငံများ၏ ဖိအားကြောင့် တရုတ်နိုင်ငံအနေနှင့် စစ်ကောင်စီအပေါ်တွင် ရပ်တည်ချက်ပြောင်းလဲလာကြောင်း ပြည်တွင်းသတင်းစာများက ဖော်ပြခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၁ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မျက်နှာနှစ်ဘက်ဆက်ဆံရေးမျိုးမရှိဘဲ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတခုဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါမိန့်ခွန်းကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သု၀ဏ္ဏ၌ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် ကျင်းပသည့် ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်ထောက်ခံ ရပ်တည်ကြောင်း၊ ဧကဝင်ရိုးမှ ဗဟုဝင်ရိုးသို့ ပြောင်းလဲရန် လုပ်ဆောင်မှုများကို ကြိုဆိုကြောင်းနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) တွင် မြန်မာနိုင်ငံကို ဆွေးနွေးဘက်နိုင်ငံ (Dialogue Partner) အဖြစ် သတ်မှတ်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်ကလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ပထမဆုံးအကြိမ် နိုင်ငံ့အကြီးအကဲကိုယ်တိုင် တက်ရောက်ခြင်းကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံက အဓိကအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံကို ဆွေးနွေးဘက်နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်၌ တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားများ ကျင်းပရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်သာ ပုံမှန်တက်ရောက်လေ့ရှိခဲ့သည်။ ယခုနှစ်တွင် အမြင့်ဆုံးအဖြစ် စစ်ခေါင်းဆောင်ကိုယ်တိုင် ပထမဆုံးအကြိမ်ပါဝင်တက်ရောက်ပြီး ဖျော်ဖြေရေးအစိီအစဥ်များ၊ ပြိုင်ပွဲများဖြင့် နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ်ဆုံး ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၁ မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများ၏ တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နွယ်ဖွား အဖွဲ့အစည်းများက တရုတ်ရိုးရာအကနှင့် တေးဂီတများ ဖျော်ဖြေတင်ဆက်ခြင်း၊ တရုတ်အစားအစာများဖြင့် ဧည့်ခံခြင်းတို့ ပြုလုပ်ခဲ့ပြီး နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။ စစ်ခေါင်းဆောင် တက်ရောက်မှုနှင့်ပတ်သက်၍ တရုတ်နွယ်ဖွားများ၏ နှစ်သစ်ကူးပွဲတော်သို့ မြန်မာနိုင်ငံအကြီးအကဲမှ ပထမဆုံးအကြိမ် တက်ရောက်ခြင်းကြောင့် ကျေးဇူးတင်ကြောင်း တရုတ်သံအမတ်က ပြောကြားခဲ့သည်။ ထို့ပြင် နှစ်သစ်တွင် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက်မြှင့်တင်ရန် ဆန္ဒရှိကြောင်း မစ္စတာချန်းဟိုင်က နှစ်သစ်ဆုတောင်းစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂၀ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ပြုလုပ်သည့် ခရီးသွားလုပ်ငန်းသုတေသန လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တရုတ်နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး မစ္စတာပန်ဖန်းတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ခရီးသွားလုပ်ငန်းသုတေသန လက်စွဲစာအုပ်နှင့် သင်တန်းတို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော်လျက်ရှိသည့် ခရီးသွားလာရေး သုတေသနစင်တာတည်ဆောက်မှု စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် ခရီးသွားကဏ္ဍသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်သည်ဟုဆိုသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၉ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီးကျင်းပသည့် လန်ချန်း-မဲခေါင် ရိုးရာအကပွဲတော်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အခမ်းအနားကို အွန်လိုင်း၊ အော့ဖ်လိုင်း ပုံစံနှစ်မျိုးဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း၊ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။ ယခုပွဲတော်သည် လန်ချန်း-မဲခေါင် နိုင်ငံများကြား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်သူချင်းကူးလူးဖလှယ်မှု မြှင့်တင်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သံမှူး မစ္စချောင်ဂျင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံမှ အကအဖွဲ့များက ရိုးရာအကများ တင်ဆက်ကပြခြင်းနှင့် ရိုးရာအကဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယဉ်ကျေးမှုနယ်ပယ်မှတဆင့် ပြည်သူချင်းကူးလူးဖလှယ်မှု မြှင့်တင်ရေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည့် ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေး ပူးတွဲကြေညာချက်တွင် ကဏ္ဍတရပ်အဖြစ် ပါဝင်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၉ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အကြိမ်ရေ သုံးသန်းစာနှင့် ဆေးထိုးအပ် သုံးသန်းကို လွှဲပြောင်းလက်ခံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ လှူဒါန်းသည့် ကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်း ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း (booster) အတွက် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်က လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည့် အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး စုစုပေါင်း ၅၁ ဒသမ ၁၉ သန်းထောက်ပံ့ပေးခဲ့ပြီး အဆိုပါပမာဏထဲမှ ၂၁ ဒသမ ၁ သန်းသည် အခမဲ့လှူဒါန်းခြင်းဖြစ်ကာ ၃၀ ဒသမ ၀၉ သန်းကို သက်သာသည့်ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း တရုတ်သံရုံးက ၂၀၂၂ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) ကိုလည်း တရုတ်နိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ နေပြည်တော်တွင် တည်ဆောက်လျက်ရှိသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၇ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောက်လုပ်သည့် ဟိုပန်ခရိုင် သ ဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲအခမ်းအနားကို ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာမှ ပြည်နယ်ဦးစီးမှူးတို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထို့ပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် ဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် အသိပညာပေးစင်ဝာာ နှစ်ခုကို ရှမ်းပြည်နယ် ပင်းတယမြို့နှင့် မိုင်းပျဉ်းမြို့တို့၌လည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ တရုတ်အစိုးရဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ကျပ် ၄၆၆ သန်းနီးပါးဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပျဉ်း၊ ပင်းတယ၊ လောက်ကိုင်နှင့် ဟိုပန်မြို့တို့တွင် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်နှင့် သဘာဝဘေး အသိပညာပေးစင်တာများ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်၏ မဏ္ဍိုင်သုံးရပ်နှင့် ဦးစားပေးနယ်ပယ် ငါးခုအနက် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်အောက်တွင် ကဏ္ဍတရပ်အနေဖြင့် ပါဝင်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၇ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်လက်မှတ်များ (Form E) ကို စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၇ ရက်အထိ ကုန်သွယ်ရေးဇုန်လက်မှတ် ၆၀၅ စောင် ထုတ်ပေးခဲ့ပြီး ပို့ကုန်ယာဉ် (၃,၇၁၄) စီး၊ သွင်းကုန်ယာဉ် (၁,၄၂၂) စီး ဖြင့် ကုန်သွယ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ အဆိုပါ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်လက်မှတ်သည် တရုတ်နှင့် အာဆီယံနိုင်ငံများတွင်း အကောက်ခွန်လျှော့ချပေးသော ကုန်သွယ်ခွင့်လက်မှတ်ဖြစ်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၆ စစ်ကောင်စီအား လက်နက်ကုန်ကြမ်းပစ္စည်းများ ရောင်းချနေသည့် နိုင်ငံတကာကုမ္ပဏီများတွင် တရုတ်ကုမ္ပဏီများလည်း ပါဝင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (Special Advisory Council for Myanmar – SAC-M) က ထုတ်ပြန်လိုက်သည်။ QJG-02G အမျိုးအစား လေယာဉ်ပစ်စက်သေနတ်များအပါအဝင် စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို တရုတ်အစိုးရပိုင်ကုမ္ပဏီကြီးဖြစ်သည့် China North Industries Group Corporation Limited (NORINCO) မှတဆင့် ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် KS-1MB Surface-to-Air missile ဒုံးစနစ် ပြည်တွင်းထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများကို တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်သည့် China Jiangnan Space Industry Co./ China National Precision Machinery Import and Export Corporation က သင်တန်းပေးခဲ့သည်။ စစ်ကောင်စီတပ်အသုံးပြုနေသော AR-1 ဒုံးသယ်ဆောင်နိုင်စွမ်းရှိသည့် CH-4 UAV တိုက်ခိုက်ရေးဒရုန်းများကိုမူ တရုတ်အစိုးရပိုင် China Aerospace Science and Technology Corporation (CASC) ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ HOWO မော်ဒယ်အပါအဝင် စစ်ဘက်ဆိုင်ရာသုံး တရုတ်လုပ်ထရပ်ကားများကို တရုတ်ကုမ္ပဏီ Sinotruck ထံမှ ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ NORINCO ၏ကုမ္ပဏီခွဲတခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ (Myanmar Wanbao Mining Copper Limited) သည်လည်း ကပစအတွက် လိုအပ်သည့်ကြေးနီများကို ယခင်က တူးဖော်ရောင်းချခဲ့သည်။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီနေသော အမေရိကန်နှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၅ ခုကျော်တို့အနေနှင့် စစ်ကောင်စီနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ချက်ချင်းရပ်တန့်ကြရန် ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် SAC-M က တောင်းဆိုထားသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၆ စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာရန်ဝေးချွင်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံကြရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ရေးနှင့် ပညာသင်ဆုများ တိုးမြှင့်ရရှိရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၆ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ တရားမဝင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်ပေးရန် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်နှင့် မံစီမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတခုက ဖော်ပြထားသည်။ အဆိုပါ မြို့နယ်များရှိ အင်ဘာပါ၊ ဒိန်ဆိန်းပါ၊ ဘွမ်ဆဲန်ပါ၊ ဆဒုံးဘွမ် ဒေသများတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုများက မြေရှားသတ္တုတူးဖော်ရန် မြေနေရာစမ်းသပ်လုပ်ဆောင်မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်မှ လက်ရှိအချိန်အထိ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။ ထို့နောက် ဒိန်ဆိန်းပါဒေသရှိ ကျေးရွာအချို့တွင် မြေနေရာတိုင်းတာသတ်မှတ်ခြင်း၊ အမှတ်အသားပြုလုပ်ခြင်းတို့ကို ဒေသခံများ၏ ဆန္ဒနှင့် ဆန့်ကျင်ကာ တူးဖော်ရန် ဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ငန်းများတွင် အသုံးပြုသော အက်ဆစ်အမျိုးမျိုးကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အပင်နှင့် သတ္တဝါများမျိုးတုံးခြင်း၊ မြေနှင့် ရေ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်လာမည်ကို ဒေသခံများမှ စိုးရိမ်လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ဗန်းမော်ခရိုင်နယ်စပ်ဒေသများနှင့် ပန်ဝါဒေသတို့တွင် ဒေသအာဏာပိုင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ မြေရှားသတ္တုတူးဖော်ခြင်းကို ဆောင်ရွက်လာကြသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖိုးသာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၈၀ အထိ တိုးမြင့်လာကြောင်း Global Witness က အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။ အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်များ ကြီးစိုးသည့် ကချင်အထူးဒေသ ၁ မှာ မြေရှားသတ္တုထုတ်လုပ်မှုအများဆုံးထုတ်လုပ်ရာ ဒေသဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ လွယ်ဂျယ်၊ မိုးမောက်၊ မံစီ မြို့နယ်များတွင် တရားမဝင် မြေရှားသတ္တုတူးဖော်မှုများ ရှိခဲ့ပြီး မြေနှင့်ရေ အဆိပ်သင့် ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ကြရသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၅ မှ ၁၈ အထိ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း လေးနိုင်ငံပူးပေါင်းကာ ၁၂၅ ကြိမ်မြောက် မဲခေါင်မြစ်တလျှောက် ပူးတွဲကင်းလှည့်မှုကို လုပ်ဆောင်ခဲ့သည်။ အဆိုပါကင်းလှည့်မှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ မှ ၁၈ ရက်အထိ လေးရက်တာ ပြုလုပ်ခဲ့ပြီး မဲခေါင်မြစ်တလျှောက် ကီလိုမီတာ ၆၂၀ ကျော် ကင်းလှည့်ခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။ မဲခေါင်မြစ်တလျှောက် လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့အတွက် ရည်ရွယ်ကာ ကင်းလှည့်မှုကို လစဉ် ပြုလုပ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း လေးနိုင်ငံပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု ၁၂ ကြိမ် ဆောင်ရွက်ခဲ့ပြီး အမှုအမျိုးအစားပေါင်း ၂၂ မှုဖော်ထုတ်ခဲ့ကာ ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၆၃၈ ဦးနှင့် မူးယစ်ဆေးဝါးတန်ချိန် ၃ ဒသမ ၁၉ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၅ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်ခရိုင်၊ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မူဆယ်၊ နမ့်ခမ်းအိမ်ထောင်စုတွင် ပုံစံ ၁၀ ပါရှိသော ခြောက်ဘီကားသမားများကို နယ်စပ်ဖြတ်ကျော် စာအုပ်အနီများ (Border Pass)များ လုပ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတခုတွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်စာအုပ်များကို အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ သက်တမ်းရှိယာဉ်မောင်းလိုင်စင် အစရှိသည့် စာရွက်စာတမ်း အပြည့်အစုံဖြင့် လုပ်ပေးခဲ့သည်။ လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ နေထိုင်သူများကိုသာ စာအုပ်ပြုလုပ်ပေးလျက်ရှိသည်။ အဆိုပါ မန့်ဝန်း-ကျယ်ဂေါင်နယ်စပ်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်က ဖွင့်လှစ်ပေးခဲ့သော်လည်း လူဝင်လူထွက် နှင့် ရှစ်ဘီးအထက် ကုန်ကားများ ဝင်ခွင့်မရသေးဘဲ ခြောက်ဘီးကားများကိုသာ ဝင်ထွက်ခွင့်ပြုခဲ့သည်။ ၂၀၂၂ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ကိုဗစ်စည်းကမ်းများကို ဖြေလျော့ပေးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလတွင် နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဖက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကိုဗစ်ဖြစ်ပွားမှူ မြင့်တက်နေသောကြောင့် မြန်မာဖက်မှ နယ်စပ်ဂိတ် ဖွင့်လှစ်မှုများကို ပြန်လည်ကန့်သတ်ခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၅ တရုတ်-မြန်မာ ကုန်သွယ်မှုတွင် အရေးပါသော ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ဇန်နဝါရီ ၁၅ ရက်က ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ လေးသန်းကျော် ရရှိခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အများဆုံးတင်ပို့ခဲ့သော ကုန်ပစ္စည်းမှာ သီဟိုဠ်စေ့၊ ဆန်ကွဲ၊ ဖရဲသီး၊ နှမ်းနက်၊ ကဏန်း အစရှိသော လယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများဖြစ်သည်။ ထို့ပြင် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်နှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၇ သန်းကျော်ဖြင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ သန်းကျော် ရှိခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၅ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အရေးပါသောနယ်စပ်ဂိတ်ဖြစ်သည့် မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်က ဖွင့်လှစ်ခဲ့သော်လည်း လုပ်ငန်းလည်ပတ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်ကို ပြည်တွင်း သတင်းဌာနတခုက ဖော်ပြထားသည်။ ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ အိမ်စီးကားများနှင့် ခြောက်ဘီးပါးယာဉ်မောင်းများသာ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် တရုတ်ပြည်တွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောခဲ့သည်။ ထို့ပြင် လူအဝင်အထွက်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်ကိုလည်း မြန်မာဘက်မှ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။ လတ်တလောတွင် မန့်ဝန်း-ကျယ်ဂေါင်ဂိတ် အနီး၌ ကိုဗစ်စစ်ဆေးမည့် အခန်းများနှင့် အခြားမွမ်းမံပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေလီမြို့နိုင်ငံခြားရေးရာရုံးက ကြေညာခဲ့သော်လည်း တရုတ်နိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသောကြောင့် ဂိတ်အဝင်အထွက်များကို မြန်မာဘက်က ကန့်သတ်ထားခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၅ တရုတ်-မြန်မာ ကုန်သွယ်မှုတွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကျင်စန်းကျော့-မက်မန့် လမ်းကြောင်းတွင် ရွှေမိုင်းယုမှ ရွှေလွယ်အင်အထိ ခေါက်တိုယာဉ်မောင်းစနစ် (ရှန်တိန်စနစ်)ကို ပယ်ဖျက်ကြောင်း နယ်စပ်ကုန်သည်များ၏ ဖြေကြားချက်ကို ပြည်တွင်းသတင်းဌာနတခုက ဖော်ပြထားသည်။ သို့သော်လည်း မြန်မာနိုင်ငံမှယာဉ်မောင်းများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရှိသေးဘဲ ရွှေလွယ်အင်တွင် ယာဉ်မောင်းအစားထိုးစနစ်ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရွှေလယ်အင်ကွင်းတွင် တရုတ်အဝင်ပေါက်မှ မြန်မာအဝင်ပေါက်သို့ ရှန်တိန်စနစ်ဖြင့် မောင်းနှင်ရဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းအရ ကျင်စန်းကျော့ဂိတ်ကို ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုး ယာဉ်မောင်းစနစ်ဖြင့် ထပ်မံစမ်းသပ်ကာလအဖြစ် ကွန်တိန်နာ ငါးလုံးတင်ပို့ကာ စတင်ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၄ တရုတ်-မြန်မာ စီးပွားရေးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့သည်ဟု စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံမှ တောင်ပေါ်မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့၊ တောင်ပေါ်မြေပြန့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်ရှာဖွေရေး ကော်မတီ၊ စိုက်ပျိုးရေးအထောက်အကူပြု ကော်မတီအဖွဲ့၊ စိုက်ပျိုးရေးအထောက်အကူပြုကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ လျောင်နင်ပြည်နယ် (Liao Ning) ကုန်သည်ကြီးများအသင်းတို့အကြား ချုပ်ဆိုခဲ့သည်ဟု ရေးသားထားသည်။ ထိုအခမ်းအနားကို တရုတ်နှစ်သစ်ကူး အခမ်းအနားနှင့် ပူးတွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ပေါ်မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်းမြင့်နိုင်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကို ပြောဆိုဆွေးနွေးခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ လျောင်နင်ပြည်နယ်ကုန်သည်ကြီးများအသင်းမှ သံမှူး မစ္စတာရှူဖူနှင့် မစ္စတာလီရှန်ကျန်းတို့ တက်ရောက်ခဲ့သည်။ လျောင်နင်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်သာမက ပင်လယ်ဝါသို့ ပင်လယ်ရေကြောင်းထွက်ပေါက်ရှိသည့် ပြည်နယ်တခုလည်း ဖြစ်သည်။ ယင်းပြည်နယ်မှာ တရုတ်အရှေ့မြောက်ပိုင်းတွင် အကြီးဆုံးနှင့် ချမ်းသာကြွယ်ဝမှုအရှိဆုံးပြည်နယ်ဖြစ်ပြီး ထိပ်တန်းစက်မှုလုပ်ငန်းများဖြစ်သော ရေနံဓာတုဗေဒ၊ သတ္တုဗေဒ၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးနှင့် စက်ယန္တရားများ ထုတ်လုပ်သည့် လုပ်ငန်းများလုပ်ကိုင်သည်။ ထို့အပြင် သံမဏိနှင့် သတ္တုဖြတ်တောက်သည့် စက်ကိရိယာများကို အဓိကထုတ်လုပ်သည့်ပြည်နယ်လည်းဖြစ်သည်။ ထိုထုတ်လုပ်မှုနယ်ပယ်တွင် တရုတ်တနိုင်ငံလုံးအ တိုင်းအတာဖြင့် ထိပ်တန်းထုတ်လုပ်မှု အဆင့် သုံး ရှိသည်ဟုဆိုသည်။ အသေးစားစက်မှုလုပ်ငန်းအနေဖြင့် ချည်ထည်နှင့် သိုးမွှေးချည်မျှင်၊ ဓာတုဖိုက်ဘာ ထုတ်လုပ်ခြင်း၊ ချည်ထိုးခြင်း၊ ပိုးထည်ထုတ်လုပ်ခြင်းနှင့် အထည်အလိပ်နှင့် အထည်အလိပ်ဆိုင်ရာ စက်ယန္တရားများ ထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်သည့်ပြည်နယ်ဖြစ်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၄ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကို မြန်မာဘက်က ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင်ဖော်ပြသည်။ မန့်ဝန်း-ကျယ်ဂေါင် ဂိတ်ကို နံနက် ၇ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရာတွင် ခြောက်ဘီးကားများကိုသာ ဝင်ထွက်ခွင့်ပြုခြင်း၊ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များကို တင်သွင်းခွင့်မပြုခြင်း၊ ကြံတင်ပို့ရာတွင် ၁၆ တန် အထိသာ တင်ပို့ခွင့်ပြုခြင်းနှင့် သွင်းကုန်အဖြစ် လူသုံးကုန်၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုခြင်း စသည့် စည်းကမ်းများကို စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကိုဗစ်ရောဂါထိန်းချုပ်ရန်အတွက် ယာဉ်မောင်းတဦးသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးထားမှုလည်း လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကိုဗစ်ရောဂါကူးစက်မှုကို ကန့်သတ်ထိန်းချုပ်ရန် ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက်မှ စတင်၍ သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေလီမြို့နိုင်ငံခြားရေးရာရုံးက ကြေညာခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသောကြောင့် ဂိတ်အဝင်အထွက်များကို မြန်မာဘက်က ကန့်သတ်ထားခဲ့ပြီး မန့်ဝန်း-ကျယ်ဂေါင်ဂိတ်ကိုသာ အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၃ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ပဉ္စမအသုတ် စီမံကိန်းခုနစ်ခုကို စတင်အကောင်အထည်ဖော်မည့်အကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။ အဆိုပါစီမံကိန်းခုနစ်ခုတွင် ရော်ဘာကြိတ်ခွဲခြင်း၊ ကြံမျိုးထုတ်လုပ်ခြင်း၊ နှမ်းမျိုးစေ့ထုတ်လုပ်ခြင်း၊ ရေချိုငါးအမျိုးမျိုးမွေးမြူခြင်း၊ သီးနှံအထွက်နှုန်း ခန့်မှန်းရေးဌာန တည်ထောင်ခြင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးရေး ဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ သီးနှံဆုံးရှုံးမှုခန့်မှန်းရေးလေ့လာခြင်း စသည်တို့ပါဝင်သည်။ တရုတ်ဦးဆောင်သော အစီအမံဖြစ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ပထမအသုတ်(၂၀၁၇) တွင် ငါးခု၊ ဒုတိယအသုတ်(၂၀၁၈) တွင် ကိုးခု၊ တတိယအသုတ် (၂၀၂၀) တွင် ခြောက်ခု၊ စတုတ္ထအသုတ် (၂၀၂၁) တွင် လေးခုနှင့် ယခုပဉ္စမအသုတ် (၂၀၂၂) တွင် ခုနစ်ခု စုစုပေါင်း စီမံကိန်း ၃၁ ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ ၎င်းပဉ္စမအသုတ် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်းအခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး တရုတ်သံမှူး ဒေါက်တာကျန်းကျိဟုန် အပါအဝင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့လည်း တက်ရောက်ခဲ့ကြသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၂ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရာတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့အောက်ရှိ အပင်နှင့်တိရစ္ဆာန် ကြီးကြပ် စစ်ဆေးရေးဌာနမှတဆင့် ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုမြှင့်တင့်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်အရ စိုက်ပျိုးရေးထုတ်ကုန်များတွင် ကော်ဖီစေ့၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆံများ၊ အစေ့အဆံအခြောက်များ၊ ဆီထွက်အပင်များ၊ တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့် တိရစ္ဆာန်နှင့် အပင်များ ပါဝင်သည်။ အဆိုပါထုတ်ကုန်များကို တင်ပို့သည့် ကုမ္ပဏီများအနေနှင့် တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ရာ၌ တရုတ်နိုင်ငံ အစားအစာသွင်းကုန်လုပ်ငန်း မှတ်ပုံတင်စနစ် (CIFER) မှတဆင့် ဆောင်ရွက်ရန်မလိုတော့ချေ။ GACC အောက်ရှိ အပင်နှင့်တိရစ္ဆာန် ကြီးကြပ်စစ်ဆေးရေးဌာန (Department of Animal and Plant Quarantine) မှတဆင့် ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတင်ပို့ကုန်များအတွက် ကြီးကြပ်စစ်ဆေးမှုကို အဆိုပါဌာနကပင် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ယခင်မှတ်ပုံတင်စနစ် (CIFER) မှတဆင့် မှတ်ပုံတင်ခွင့်ပြုထားသည့် ကုမ္ပဏီများကိုမူ ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါမှတ်ပုံတင်ခြင်းဆိုင်ရာ ပြောင်းလဲဆောင်ရွက်မှုများကို GACC က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ကြေညာထားသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်နှင့် ဟင်းခတ်အမွှေးအကြိုင်များအပါအဝင် ကုန်စည် ၁၈ မျိုးကို GACC ထံ မှတ်ပုံတင်ပြီးမှသာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုထားသည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရေးအတွက် အပင်နှင့် တိရစ္ဆာန် ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး (Sanitary and Phytosanitary Protocol – SPS) စာချုပ်ကို တရုတ်နိုင်ငံအကောက်ခွန်ဝန်ကြီးဌာနနှင့် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၀ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါပြိုင်ပွဲကို စစ်ကောင်စီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့်အတူ စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းလည်း တက်ရောက်ခဲ့သည်။ ကစားသမား ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ မှ ၁၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပရာ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သု၀ဏ္ဏကို တရုတ်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ပြုပြင်ခြင်းစီမံကိန်းပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၀ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ၏ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် ဘေကျင်းမြို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာလျိုကျင်းဆု (Liu Jinsong) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်အလွန် မြန်မာ-တရုတ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေး၊ အရာရှိအရာခံအချင်းချင်း အတွေ့အကြုံဖလှယ်မှုအစီအစဉ်အပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်သွားရေးနှင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းများ ဆက်လက်လုပ်ဆောင်သွားရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁၀ တရုတ်ခရီးသွားဈေးကွက်သည် မြန်မာနိုင်ငံအတွက် အလားအလာရှိပြီး အားထားရသည့် ဈေးကွက်တခုဖြစ်ကြောင်း မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲတွင် စစ်ကောင်စီဝန်ကြီး ဒေါက်တာဌေးအောင်က ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပမည့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲနှင့် တရုတ်-မြန်မာ မြှင့်တင်ရေးစင်တာတွင် မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ဆွဲဆောင်မှုများ ပါဝင်ပြသရန် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်းအဖွဲ့များအား ဒီဇင်ဘာ ၂၈ ရက်တွင် ဖိတ်ကြားခံထားရသည်ဟု ဆိုသည်။ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်၌ ကျင်းပသော အဆိုပါ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တရုတ်သံရုံးမှ ပထမအတွင်းဝန်၊ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၈ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ပြန်လည်ဖွင့်ပေးခဲ့သည့် နယ်စပ်ဂိတ်များတွင် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မန့်ဝိန်းဂိတ်၊ လူဝင်လူထွက်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့ပါဝင်သည်။ မန့်ဝိန်းဂိတ်မှ ယာဉ်မောင်းတဦးပါ ကုန်တင်ယာဉ်များကို ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ဖြင့် ဝင်ထွက်နိုင်ရန် တရုတ်ဘက်မှ ခွင့်ပြုထားသည်။ ထို့ပြင် နယ်စပ်ဂိတ်မှတဆင့် ဖြတ်သန်းသွားလာသူများသည်လည်း ကျန်းမာရေးကုဒ် လျှောက်ထားရန်မလိုတော့ဘဲ ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ဖြင့် ဝင်ထွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ ဂိတ်များကို ဖွင့်ပေးခြင်းမရှိသေးပေ။ ရွှေလီမြို့အပါအဝင် တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ပိုးကူးစက်မှုများ များပြားနေသည့်အတွက် မြန်မာဘက်ခြမ်းမှ နယ်စပ်ဂိတ်များကို ဖွင့်ပေးရန် ဆိုင်းငံ့ထားသည်။ ရွှေလီမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရာရုံးက နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ကုန်သွယ်မှုချောမွေ့စေရေးနှင့် ကျပ်/ယွမ် ငွေပေးချေမှုများ အဆင်ပြေစေရေးအတွက် ရွှေလီမြို့တော်ဝန်နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၅ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စဝူးရှီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် သံတမန်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင်လည်း ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုများအတွက် ဆွေးနွေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မူဆယ်-ကျယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ နယ်စပ်ဂိတ်အားလုံးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရွှေလီမြို့ပြည်သူ့အစိုးရ နိုင်ငံခြားရေးရာရုံးက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ကြေညာထားသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ရုတ်တရက်ကွယ်လွန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဦးတင်မောင်ဆွေကို စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၅ တရုတ်အစိုးရပိုင် Power China Resources Limited ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသည့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားစတင် လွှတ်သည့်အခမ်းအနားကိုကျင်းပသည်။ ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် အဆိုပါဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တည်ရှိကာ တရုတ်အစိုးရပိုင် Power China Resources Limited ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ပျမ်းမျှအားဖြင့် ကီလိုဝပ်နာရီပေါင်း သန်း ၆၀ ကျော် နှစ်စဉ်ပို့လွှတ်နိုင်မည် ဖြစ်သည်။တရုတ်-မြန်မာ နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်မှုပြဿနာကို တရုတ်နိုင်ငံက ကူညီဖြေရှင်းပေးခဲ့ကြောင်း ဖွင့်ပွဲအခမ်းအနားသို့တတ်ရောက်ခဲ့သည့် တရုတ်သံအမတ်က ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်မှု ဖြစ်ပေါ်နေသည့် လတ်တလောနှစ်များတွင် တရုတ်ကုမ္ပဏီများက လျှပ်စစ်စီမံကိန်းများစွာကို တာဝန်ခံတည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ဖွင့်ပွဲတွင် တရုတ်ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ဆိုခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်သံအမတ်နှင့် စီးပွားရေးသံမှူး၊ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ Power China Resources Limited ကုမ္ပဏီကိုယ်စားလှယ်နှင့်အတူ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးနှင့် မကွေးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။ Guangdong New Technology Import Export Zhuhai Co (China) ကုမ္ပဏီ၏အကူအညီဖြင့် ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ကြီးအုံကြီးဝ ရေအားလျှပ်စစ်စက်ရုံအတွက် အဓိကအသုံးပြုနေသည့် ကြီးအုံကြီးဝ ရေလှောင်တမံဝန်းကျင်တွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်နှင့် နှစ်စဉ်ရင်ဆိုင်နေကြရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တင်ဒါအောင်ထားသော တရုတ်ဆိုလာစီမံကိန်း ၂၉ ခုအနက် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကောင်အထည်မဖော်နိုင်သည့် စီမံကိန်း ၂၆ ခုကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ မေ ၁၁ ရက်တွင် တင်ဒါရပ်ဆိုင်းလိုက်ပြီး အမည်ပျက်စာရင်းသွင်းခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၅ တရုတ်-မြန်မာလူငယ်များ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်ကို ဗီဒီယိုကွန်းဖရင့်ဖြင့် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်သည်။ ထိုပွဲကို ကမ္ဘာလုံးဆိုင်ရာ လူငယ်များ ယဥ်ကျေးမှုပေါင်းစုံဖိုရမ် ခေါင်းစဥ်အောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ ယဥ်ကျေးမှုဆိုင်ရာ ဆက်သွယ်ရေးစင်တာ (CICCC)၊ တရုတ်နိုင်ငံခြားဘာသာစကား ထုတ်ဝေခြင်းနှင့် ဖြန့်ဖြူးရေး ဗျူရို (CICG) နှင့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) အောက်ရှိ နိုင်ငံတကာဆိုင်နိုပိုက်လိုင်းကုမ္ပဏီ (Sino-Pipeline International Company) တို့က ဦးစီးခဲ့သည်ဟု ရေးသားထားသည်။ တရုတ်အပါအဝင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ ပညာရှင်များနှင့် လူငယ်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု၊ စွမ်းအင်ဆိုင်ရာ နည်းပညာအသစ်များနှင့် လက်တွေ့ အသုံးချဆောင်ရွက်နေမှုများကို အချင်းချင်း မျှဝေဖလှယ်ခဲ့သည်ဟု ဖော်ပြထားသည်။ မြန်မာမှ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်ရေး အကျိုးသက်ရောက်မှုများဆိုင်ရာ လေ့လာသုံးသပ်သူ တဦးကလည်း ကမ္ဘာကြီးပူနွေးလာမှုနှင့် အရေးတကြီးဆောင်ရွက်သင့်သည်များနှင့် ဆိုလာစွမ်းအင်သုံး ရေသွင်းစိုက်ပျိုးရေးစနစ်၏ ကောင်းကျိုးများကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းသည် တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ၅၀ ဒသမ ၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ |
၂၀၂၃၊ ဇန်နဝါရီ ၄ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာဆွန်းကော့ရှန်အား စစ်ကောင်စီဥက္ကဋ္ဌက စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သီရိပျံချီဘွဲ့ ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များစွာကို ချီးမြှင့်ခဲ့ရာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးသံတမန်အဖြစ် ခုနစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီနှင့် နှစ်ကြိမ်မျှ သွားရောက်တွေ့ဆုံခဲ့သူ ဆွန်းကော့ရှန် (Sun Guoxiang) ကိုလည်း ထည့်သွင်း ချီးမြင့်လိုက်ခြင်းဖြစ်သည်။ သီရိပျံချီဘွဲ့ကို ၁၉၄၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နေသူများအား ချီးမြှင့်လေ့ရှိခဲ့ပြီး စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များအနက် အမြင့်ဆုံးဖြစ်သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၃ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြန်ဖွင့်မည်ဟုကြေညာပြီး တရက်အကြာတွင် ရွှေလီမြို့တော်ဝန်နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်များပြန်ဖွင့်ရေး၊ တရားမဝင် တရုတ်နိုင်ငံသားများလွှဲပြောင်းရေးနှင့် ကျပ်/ယွမ် ငွေပေးချေနိုင်ရေး ကိစ္စများ၊ တရုတ်-မြန်မာချစ်ကြည်ရေးကို ခိုင်မြဲစေရန်၊ နှစ်နိုင်ငံကုန်သွယ်မှု ချောမွေ့စေရန်နှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးယန္တရားကို မြှင့်တင်ရန် ရည်ရွယ်ပြီး ရွှေလီမြို့တော်ဝန် မစ္စတာရှန်လဘရင်း (Shang La Brin) နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးတို့ အွန်လိုင်းစနစ်ဖြင့်တွေ့ဆုံခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းအရ သိရသည်။ ယာဉ်မောင်းတဦးပါ ကုန်တင်ယာဉ်အနေနှင့် ကိုဗစ်ဆေးစစ်ချက်တင်ပြ၍ မန့်ဝိန်းဂိတ်မှတဆင့် ရွှေလီမြို့အထိ မောင်းဝင်သွားနိုင်ပြီး နိုင်ငံကူးလက်မှတ်(စာအုပ်အနီ) ကိုင်ဆောင်ထားသူများကိုသာ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှတဆင့် ကိုဗစ်စည်းကမ်းချက်နှင့်အညီ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တရုတ်ဘက်က ဆွေးနွေးတင်ပြသည်။ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရေး တရုတ်၏တောင်းဆိုချက်ကို သံတမန်လမ်းကြောင်းမှတဆင့် တရားဝင်စာဖြင့် ဆောင်ရွက်ရန် မြန်မာဘက်က မေတ္တာရပ်ခံသဖြင့် ကူမင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု တရုတ်ဘက်က ပြန်လည်ကတိပေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို တရားဝင်လွှဲပြောင်းပေးရေး တရုတ်၏တောင်းဆိုချက်အပေါ်တွင်လည်း သံတမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်ရန် မြန်မာဘက်က တုံ့ပြန်ခဲ့သည်။ ထို့နောက် မြန်မာဘက်က ဆွေးနွေးရာတွင် ပို့ကုန်ရငွေများ တရားဝင်ငွေလွှဲခွင့်ရရန် ကျပ်/ယွမ် ငွေပေးချေမှုပြဿနာကို နှစ်နိုင်ငံအစိုးရအကြား တိုက်ရိုက်ဖြေရှင်းရေး၊ နယ်စပ်ဂိတ်ပိတ်မည်ဆိုပါက ကြိုတင်အကြောင်းကြားရေး၊ ကျင်စန်းကျော့ဂိတ်မှ မြန်မာယာဉ်မောင်းများကိုလည်း ရွှေလီအထိ မောင်းဝင်သွားနိုင်ရေး၊ မြန်မာဘက်က တရားဝင်ခွင့်မပြုထားသည့်ဂိတ်များ ပိတ်ထားရေး၊ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ်နိုင်ငံသားများအနေနှင့် ကိုဗစ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး စသည့်အချက်များ တောင်းဆိုခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၂ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည့် မန့်ဝန်း-ကျယ်ဂေါင်ဂိတ်နှင့် လူဝင်ထွက်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်များကို ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရွှေလီနိုင်ငံခြားရေးရာရုံးက ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မန့်ဝန်း-ကျယ်ဂေါင် နယ်စပ်ဂိတ်မှ ကုန်တင်ကားများကို တရုတ်စံတော်ချိန် နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် နန်းတော်ဂိတ်မှတဆင့် လူအဝင်အထွက်ကို တရုတ်စံတော်ချိန် နံနက် ၈ နာရီမှ ည ၉ နာရီခွဲအထိ ဆောင်ရွက်နိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။ မန့်ဝန်း-ကျယ်ဂေါင်နယ်စပ်ဂိတ်နှင့် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ ကိုဗစ်ကန့်သတ်ချက်အရ တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ကျင်စန်းကျော့-မက်မန့်ဂိတ် တခုတည်းမှသာ ကုန်သွယ်ခြင်းကို ခွင့်ပြုခဲ့သည်။ လက်ရှိတွင် တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်သည့် နယ်စပ်ဂိတ်များအနက် ကချင်ပြည်နယ်ရှိ လွယ်ဂျယ်-လိုင်းရင်း၊ ကန်ပိုက်တီ-ထိန်ချုံးနှင့် ရှမ်းပြည်နယ်ရှိ ချင်းရွှေဟော်-လင်ချန်း၊ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်၊ ကျိုင်းတုံ-တာလော့ နယ်စပ်ဂိတ်များကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ ခုနှစ်အတွင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၃၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ပိုက်ကျော်ခြင်းပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကူမင်းမြို့၌ ကျင်းပခဲ့သည်။ နှစ်ရက်ကြာပြိုင်ပွဲတွင် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ကိုယ်စားပြု၍ အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါပြိုင်ပွဲကို မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ ပြည်သူချင်းကူးလူးဖလှယ်မှု မြှင့်တင်ရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးတို့အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အဆိုပြုခဲ့သည့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နယ်ပယ်ခြောက်ခုတွင် ယဉ်ကျေးမှုနှင့် ပြည်သူချင်း ကူးလူးဖလှယ်မှုမြှင့်တင်ရေးလည်း ပါဝင်ပြီး အဆိုပါနယ်ပယ်အောက်တွင် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ထည့်သွင်းထားသည်။ |