

(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ်၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။
(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ လတ်တလော ဖော်ပြနေသည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
၂၀၂၂၊ ဒီဇင်ဘာ ၃၀ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာဟုန်းလျန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပြန်လည်ကောင်းမွန်ရေး၊ နယ်စပ်ဂိတ်များ ပုံမှန်ဖွင့်လှစ်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်စီမံခန့်ခွဲရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား အရေးကြီးစီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံသည် သုံးနှစ်နီးပါး ကျင့်သုံးခဲ့သည့် ကိုဗစ်အမြစ်ဖြတ်ရေးမူဝါဒ (Zero-Covid Policy) ကို ဖြေလျှော့ပေးကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များအပါအဝင် နယ်စပ်ဂိတ်အားလုံးကို ပြန်လည်ဖွင့်လှစ်ပေးရန် ပြင်ဆင်လျက်ရှိသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ရုတ်တရုတ်ကွယ်လွန်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်တွင် ဦးတင်မောင်ဆွေအား စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့သည်။ မစ္စတာဟုန်းလျန်(Hong Liang) မှာ ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် လေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၉-၃၀ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စတို့နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ် မစ္စတာတိန့်ရှီကျွန်း(Deng Xijun) က လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရုတ်၏ပါဝင်မှု၊ နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ တရုတ်က ရပ်တည်ပေးမှု အပါအဝင် လူသားချင်းစာနာထောက်ထားမှု၊ ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အာဆီယံနှင့် ကုလသမဂ္ဂမျက်နှာစာ၌ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။ မစ္စတာတိန့်ရှီကျွန်း (Deng Xijun) သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီနှင့် မတွေ့ခင် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီနှင့် နှစ်ကြိမ်မျှ သွားရောက်တွေ့ဆုံခဲ့သူ အာရှရေးရာအထူးသံတမန် မစ္စတာဆွန်းကော့ရှန် (Sun Guoxiang) ၏နေရာတွင် အာရှရေးရာအထူးသံတမန်သစ်အဖြစ် တိန့်ရှီကျွန်းကို ပြောင်းလဲခန့်အပ်ခဲ့သည့်အကြောင်း Myanmar-China Network (缅华网) သတင်းတွင် ရေးသားထားသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၈ မြန်မာနိုင်ငံမှ MRTV နှင့် Sky Net TV တို့မှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံ၊ ကွမ်းရှီ ရေဒီယိုနှင့် ရုပ်မြင်သံကြား (Guangzi Radio and Television)က ဦးစီးကျင်းပသော လန်ချန်း-မဲခေါင်နိုင်ငံများ၏ သတင်းမီဒီယာဆိုင်ရာ ပူးတွဲကွန်ဖရင့်သို့ အွန်လိုင်းမှ တက်ရောက်ခဲ့သည်ဟု Myanmar National Post တွင် ဖော်ပြထားသည်။ အဆိုပါပွဲကို “ဘဏ္ဍာရေးဆိုင်ရာမီဒီယာ အပြန်အလှန်ချိတ်ဆက်မှုနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်း ဆောင်ရွက်ခြင်း” ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။ ထိုပွဲတွင် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများအကြား မီဒီယာထုတ်လွှင့်မှုဆိုင်ရာ ပူးပေါင်းလုပ်ဆောင်နေမှုများနှင့် အနာဂတ်တွင်လည်း ပိုမိုချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၈ စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကို ချုံချင့်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူး မစ္စတာကျောက်ကျားအောက်ဝ် ကလာရောက်တွေ့ဆုံသည်။ တရုတ်နိုင်ငံ၊ ချုံချင့်မြို့တွင်ကျင်းပမည့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ အနေနှင့် ပါဝင်နိုင်ရန် တွေ့ဆုံခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ပြပွဲတွင် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖတ် မြို့တော်ရက်သတ္တပတ် အစီအစဉ်တို့ ပါဝင်မည်ဖြစ်သည်။ ထိုပြပွဲကို နှစ်စဥ်ကျင်းပရေးအတွက် တရုတ်ဘက်က ရည်မှန်းထားပြီး မြန်မာနိုင်ငံသို့ ချုံချင့်မြို့မှ ခရီးသွားများ ပိုမိုလာရောက်ရေးအတွက် တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲပေးရန် လိုအပ်ကြောင်း ကျောက်ကျားအောက်ဝ်က ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေး ဗဟိုဌာနကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၂ ရက်တွင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအကြောင်းကို တရုတ်နိုင်ငံတွင် ပိုမိုသိရှိလာစေရန်၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ကုမ္ပဏီများချိတ်ဆက်ကာ လုပ်ငန်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်။ ချုံချင့်မြို့သည် မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရန် တရုတ်က ကြိုးပမ်းခဲ့သည့် ရထားလမ်း-ကားလမ်း-ပင်လယ်သမုဒ္ဒရာ(ကွန်တိန်နာ) နိုင်ငံတကာ ကုန်သွယ်ရေးစင်္ကြံသစ်(New International Land-Sea Trade Corridor) ၏ ဗဟိုအချက်အချာဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၇ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ အမျိုးသားဇာတ်ရုံပြင်ဆင်ရေးအတွက် ဘေဂျင်းတည်ဆောက်ရေးကုမ္ပဏီ (Beijing Construction Engineering Group Co.,Ltd) က လုပ်ဆောင်ခဲ့ပြီး တရုတ်ယွမ်ငွေ ၁၇၃ သန်း ကုန်ကျခဲ့သည်ဟု ဆိုသည်။ အဆိုပါအမျိုးသားဇာတ်ရုံမှာ ၁၉၉၀ ပြည့်နှစ်က တရုတ်အစိုးရ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အခုအခါ ခေတ်မီ ဇာတ်ရုံအင်္ဂါရပ်မျာဖြည့်တင်း မွမ်းမံပြင်ဆင်ခဲ့ကာ ဇာတ်ရုံဝန်ထမ်းများကိုလည်း လိုအပ်သည့် သင်တန်းများ လေ့ကျင်သင်ကြား ပေးခဲ့ကြောင်း ဖော်ပြထားသည်။ အခမ်းအနားသို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တရုတ်သံအမတ် မစ္စတာချန်းဟိုင်နှင့် စီးပွားသံမှုး မစ္စတာတန်ရှဖုတို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးထံ တရုတ်သံအမတ်က အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်ပြီးစီးမှု အထောက်အထားများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အမျိုးသားဇာတ် ရုံပြန်လည်မွမ်းမံခြင်းကို စတင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း စီမံကိန်းကို ရပ်တန့်မထားဘဲ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း တရုတ်သံရုံးက ထည့်သွင်းထုတ်ပြန်ထားသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၄-၂၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ် မစ္စတာတိန့်ရှီကျွန်း (Deng Xijun)နှင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တို့ ယူနန်ပြည်နယ်တွင် သီးခြားစီတွေ့ဆုံခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ အဆိုပါ ခုနစ်ဖွဲ့မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်တော်(AA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့ဖြစ်ပြီး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် တရုတ်သံအမတ်က တရုတ်နိုင်ငံ၏ လိုလားချက်ဖြစ်သည့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တိုက်ပွဲများရှောင်ရှားရေး၊ တိုက်ပွဲများ အစမပြုရေး၊ အပြန်အလှန်တိုက်ခိုက်မှုများကို တရုတ်နိုင်ငံအနေနှင့် အားမပေးကြောင်းနှင့် တိုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အတားအဆီးဖြစ်မည်ကို စိုးရိမ်ပူပန်ကြောင်း စသည်တို့ ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် သီးခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ခြင်းမရှိဘဲ အပြန်လှန်မိတ်ဆက်ခြင်းသာ ပြုလုပ်ခဲ့ကြောင်း ရေးသားထားသည်။ တွေ့ဆုံပွဲနှင့်ပတ်သက်၍ မည်သည့်ရက်တွင် ပြုလုပ်ခဲ့သည်ကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။ မစ္စတာတိန့်ရှီကျွန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်(Sun Guoxiang) ၏နေရာတွင် တာဝန်ယူဆက်ခံမည့်သူဟု သတင်းထွက်ပေါ်နေသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ကြေညာခြင်း မရှိသေးပေ။ မစ္စတာတိန့်ရှီကျွန်းသည် အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာအထိ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၄ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင်ကုမ္ပဏီက လူမှုအကျိုးပြုလုပ်ငန်းစဉ်(CSR)အဖြစ် လက်ပံတောင်းဒေသရှိ ကျေးရွာ ၂၃ ရွာကို လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ခဲ့ကြောင်း ကုမ္ပဏီ၏ လူမှုကွန်ရက်တွင် ဖော်ပြသည်။ အဆိုပါ စီမံကိန်းမှာ ဖောင်ကား၊ ရွှေလှေနှင့် ကျောက်ဖြူတိုင် အစရှိသည့် ကျေးရွာ ၂၃ ရွာတွင် လုပ်ဆောင်ခဲ့ပြီး ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော် ကုန်ကျခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ကုမ္ပဏီသည် လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာများတွင် ရေလှောင်ကန်ပြုပြင်ခြင်း၊ ရေပေးဝေခြင်း၊ ရေသန့်စက်များ တပ်ဆင်ခြင်း စသည့် လူမူအကျိုးပြု လုပ်ငန်းစဉ်များ (CSR) ကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ဆက်နွယ်သော စီမံကိန်းများ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဝမ်ပေါင်နှင့် ယမ်စီ ကြေးနီထုတ်လုပ်ရေးအတွက် သွယ်တန်းထားသော ရေပိုက်လိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း ဝမ်ပေါင်လုပ်ငန်းခွင်ကို ဒေသခံကာကွယ်ရေးတပ်များက ပစ်မှတ်ထားတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက်တွင် စစ်တပ်က လုံခြုံရေးယူပေးခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် ဇွန် ၂၄ ရက်တွင် ကုမ္ပဏီသို့ လျှပ်စစ်ဓာတ်အားပေးပို့သော ပင်မလျှပ်စစ်ဓါတ်အားလိုင်းတိုင်ကို ဒေသခံ ကာကွယ်ရေးတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် ကုမ္ပဏီသည် ပဋိပက္ခအတွင်း ပါဝင်ရန် ဆန္ဒမရှိကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် စီမံကိန်းအနီးသို့ စစ်ကောင်စီလမ်းကြောင်း ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ ထွက်ပြေးခဲ့ တိမ်းရှောင်ခဲ့ကြသည်။ ဝမ်ပေါင်ကြေးနီ စီမံကိန်း အနီးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုမှာ ယခင်နှစ်အတွင်း ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စီမံကိန်းရပ်နားခဲ့သည်မှာလည်း တနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၁ ယူနန်ပြည်နယ်၊ ရွှေလီမြို့၊ ပြည်သူ့အစိုးရဆိပ်ကမ်းရုံးသည် မူဆယ်-ကျယ်ဂေါင်(မန့်ဝိန်း)နယ်စပ်ဂိတ်ရှိရာ နုံတောင်-လွယ်အင်လမ်းကြောင်းတွင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ပိုမိုကောင်းမွန်ရန် အတွက် ကြေညာချက်သုံးချက်ကို တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါ ကာကွယ်ထိန်းချုပ်ရေး အစီအမံ သုံးချက်တွင် နယ်စပ်ဂိတ်များတွင် ကိုဗစ်ရောဂါမဖြစ်မီက စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်များကို တရုတ်ကုန်တင်ယာဉ်မောင်းများဖြင့် အစားထိုး မောင်းနှင်သည့် ရှန်တိန်စနစ်ကို ပယ်ဖျက်ရန်နှင့် နယ်စပ်ဖြတ်ကျော် ယာဉ်မောင်းများသည် တရားဝင် ကုန်သွယ်ရေး လက်မှတ်များကို ကိုင်ဆောင်ရန် ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက်တွင် နှစ်နှစ်ကျော်ပိတ်ထားခဲ့သည် ရွှေလီ-ကျယ်ဂေါင် တံတားအား ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ကိုဗစ်ကပ်ရောဂါမတိုင်ခင်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည့် မူဆယ်-ကျယ်ဂေါင်(မန့်ဝိန်း) နယ်စပ်ဂိတ်ကို ပြန်ဖွင့်နိုင်ရန် နှစ်ကြိမ်ဆွေးနွေးခဲ့သည်။ ရှင်ကျန်းဒေသတွင် ဒေသခံ ၁၀ ဦး မီးလောင်သေဆုံးပြီးနောက် တရုတ်အစိုးရ၏ ‘ကိုဗစ်အမြစ်ဖြတ်ရေးမူဝါဒ’ (Zero-covid policy) ကို ဆန့်ကျင်မှုများရှိလာရာ ကိုဗစ်ထိန်းချုပ်မှုမူဝါဒများကို ဖြေလျှော့ပေးခဲ့သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂၀ ၁၂၄ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး အစီအစဥ်ကို စတင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါ လှုပ်ရှားမှုတွင် မဲခေါင်လေးနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ဌာနများက မဲခေါင်မြစ် “ရွှေတြိဂံ” အထက်မြစ်ဝှမ်းရှိ လာအိုနိုင်ငံ၊ မင်မိုပင်လယ်ပြင်တွင် ပူးတွဲလေ့ကျင့်မှုကို “ဖေးမကူညီ-၂၀၂၂ “ အမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလေ့ကျင့်မှုသည် တရားမဝင်ပြည်ဝင်မှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတို့ကို တားဆီးနှိမ်နင်းရန် ရည်ရွယ်သည်။ မဲခေါင်မြစ်ကြောင်းတလျှောက် တရားဥပဒေစိုးမိုးရေးအတွက် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းနှင့် ကြပ်မတ်ရေးလုပ်ငန်းများကို လစဉ် လုပ်ဆောင်လျက်ရှိသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၉ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်မည့် CITIC Myanmar ကုမ္ပဏီနှင့် တရုတ်သံရုံးတို့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာသို့ လူနေမှုပစ္စည်းများကို ပူးပေါင်းလှူဒါန်းခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါ CITIC Myanmar ကုမ္ပဏီသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူမှုအကျိုးပြုစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ ကျောက်ဖြူအနာဂတ်ဟုအမည်ပေးထားသော ရွေ့လျားဆေးရုံစီမံကိန်းကိုလည်း Yunan Aid နှင့် ဒေသခံ ကျောက်ဖြူအဖွဲ့အစည်းတို့က လုပ်ဆောင်နေသည်။ စီမံကိန်းများ ပြီးစီးပါက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးပြုနိုင်မည် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို အလေးထားကြောင်း နိုင်ငံရေးသံမှုး မစ္စ ချောင်လီက ပြောခဲ့သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၆ မြန်မာနိုင်ငံရှိ လူသိများသည့် မီဒီယာများအတွက် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် စီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံသင်တန်းကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါသင်တန်းကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြီးမှူးကာ အမျိုးသား ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနချုပ် လေ့ကျင့်ရေးကျောင်းက တာဝန်ယူကျင်းပခြင်းဖြစ်သည်။ သင်တန်းတွင် မီဒီယာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး အယူအဆများနှင့် လက်တွေ့စီမံခန့်ခွဲမှုများ၊ Omnimedia ခေတ်တွင် သတင်းတင်ဆက်ဖော်ပြမှုနှင့် မီဒီယာစီမံခန့်ခွဲမှုများ၊ သတင်းမီဒီယာလုပ်ငန်း လည်ပတ်စီမံခန့်ခွဲမှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းဗျူဟာ စသည့်သင်ခန်းစာများ ပို့ချမည်ဖြစ်ပြီး သင်တန်းကာလ ၁၄ ရက် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာ တန်ရှုဖူ၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနချုပ်၊ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် သင်တန်းတွင်ပါဝင်မည့် မြန်မာနိုင်ငံမီဒီယာများမှ သင်တန်းသား ၁၉ ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းသား ၁၉ ဦးမှာ မြန်မာနိုင်ငံရှိ မည်သည့်မီဒီယာများမှ ဖြစ်သည်ကိုမှု ထည့်သွင်းထုတ်ပြန်ခြင်းမရှိပေ။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၄-၁၇ ဟောင်ကောင်နှင့် မြန်မာအကြား အစိမ်းရောင်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဟောင်ကောင်ဝန်ကြီးအပါအဝင် ကုန်သည်များနှင့် စစ်ကောင်စီဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဟောင်ကောင်တွင် ကျင်းပခဲ့သည့် ၁၇ ကြိမ်မြောက် Eco Expo Asia ပြပွဲတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကာဗွန်မဲ့ လျှပ်စစ်ထုတ်လုပ်ရေး၊ အစိမ်းရောင်အဆောက်အအုံများဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေး၊ အစိမ်းရောင်သယ်ယူပို့ဆောင်ရေးနှင့် စွန့်ပစ်အမှိုက်လျှော့ချရေး စသည့် ဟောင်ကောင်အစိုးရ၏ ဦးစားပေးနယ်ပယ်လေးခုနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ကြီး မစ္စတာဆဲချင်းဝမ်က ဆွေးနွေးခဲ့သည်။ စစ်ကောင်စီ သယံဇာတ/ပတ်ဝန်းကျင် ဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေနှင့် သဘာဝအခြေခံဖြေရှင်းနည်းလမ်းများ (Nature-based Solutions) ဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွန့်ပစ်အမှိုက်များလျှော့ချရေးနှင့် အမှိုက်မှလျှပ်စစ်ထုတ်လုပ်ရေးတည်ဆောက်နေမှု၊ လျှပ်စစ်ကား တိုးမြှင့်အသုံးပြုရေးနှင့် ထုတ်လုပ်နိုင်ရေးမူဝါဒ အကောင်အထည်ဖော်မှု စသည့်အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ဟောင်ကောင်-မြန်မာ ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ဒီဇင်ဘာ ၁၄ မှ ၁၇ အထိ ကျင်းပသည့် အဆိုပါပြပွဲတွင် အစိမ်းရောင်အခြေပြု စီမံကိန်းပြခန်းများ အပါအဝင် ကာဗွန်ဈေးကွက်နှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အခြေပြု ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၆ မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း၏ ငါးကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး (5th COMMIT Inter-Ministerial Meeting-IMM5) ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည်ဟု စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြသည်။ ထိုအစည်းအဝေးကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇင်မင်းထက်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် COMMIT အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွင်း မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက်(SPA IV)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံက အခြားသောဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လူကုန်ကူးမှုကာကွယ်ရေး ဆောင်ရွက်ချက်များ၊ ရွှေပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များနှင့် လူကုန်ကူးမှု တားဆီးရေးအတွက် အပြန်အလှန်ဖလှယ်ခြင်းများ ဆောင်ရွက်လိုကြောင်း တင်ပြခဲ့သည်ဟု ဆိုသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၆ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မိုင်းပျဉ်းမြို့နယ်တွင် ဆောက်လုပ်သည့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် အသိပညာပေးစင်တာကို ဖွင့်လှစ်လိုက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စစ်ကောင်စီ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့ မီးသတ်တပ်ဖွဲ့စခန်းနှင့် တာဝန်ယူတည်ဆောက်ခဲ့သည့် Second Generation ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ တရုတ်အစိုးရဦးဆောင်ပြီး အထူးရန်ပုံငွေ ကျပ် ၄၆၆ သန်းနီးပါးဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပျဉ်း၊ ပင်းတယ၊ လောက်ကိုင်၊ ဟိုပန် မြို့နယ်လေးခုတွင် အဆိုပါ သိုလှောင်ရုံနှင့် စင်တာများ ဆောက်လုပ်ထားပြီးဖြစ်သည်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသည် ၂၀၁၆ မတ်လတွင် “၃+၅ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်” အမည်ဖြင့် ချမှတ်ခဲ့သော မဏ္ဍိုင် သုံးခုနှင့် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေးဦးတည်ချက် ငါးခုအနက် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်အောက်တွင် ပါဝင်သည့် ကဏ္ဍတရပ်ဖြစ်သည်။ ယခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူး ပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ဆောက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်လေးခုတွင်လည်း ယင်းကိစ္စရပ် ပါဝင်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၅ မန့်ဝိန်းကြီး-နောင်တောင်းဝ် ဆိပ်ကမ်းဂိတ်များတွင် ကိုဗစ်ကန့်သတ်ချက်များ တရုတ်ဘက်က ရုပ်သိမ်းလိုက်ကြောင်း ရွှေဖီမြေသတင်းတွင် ရေးသားထားသည်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသနှင့်ထိစပ်နေသော တရုတ်နိုင်ငံ ရွှေလီမြို့နယ် နောင်တောင်းဝ်ဒေသရှိ နောင်တောင်းဝ် ဘင်းမောင်နှင့် လေ့ယွမ် ရေလမ်းကြောင်းများတွင် သတ်မှတ်ခဲ့သည့် ကိုဗစ်ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းကာ ကုန်စည်ပို့ဆောင်မှုများအား ယူနန်ပြည်နယ်စည်းကမ်းချက်များအတိုင်း ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ရွှေလီဆိပ်ကမ်းအာဏာပိုင်တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ချက်အရ ကိုဗစ်ဆေးစစ်ချက်အပါအဝင် ကုန်တင်ကားနှင့် ကုန်စည်များအား ပိုးသတ်စရာမလိုဘဲ တားမြစ်နေရာအချို့မှလွဲ၍ တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ထွက်ခွာနိုင်တော့မည်ဖြစ်သလို တရုတ်နိုင်ငံ၏ လိုအပ်ချက်နှင့်အညီ အေးခဲကုန်စည်များလည်း တင်သွင်းနိုင်မည်ဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်တွင် လိုင်းရင်း-လွယ်ဂျယ်ဂိတ်၊ ၁၂ ရက်တွင် ချင်းရွှေဟော်အနီး ဝနယ်စပ်ရှိ ယောင်ဟဲနှင့် မန်ခဂိတ်၊ ၁၃ ရက်တွင် ကန်ပိုက်တီ-ထိန်ချုံးဂိတ်နှင့် ချင်းရွှေဟော်-လန်ချန်းဂိတ် စသည့် ဂိတ်အသီးသီးတွင် ဖြေလျှော့ရုပ်သိမ်းမှုများကို လုပ်ဆောင်ခဲ့သည်။ ကျင်စန်းကျော့-ဝမ်တိန်ဂိတ်တွင် အစားထိုးယာဉ်မောင်းစနစ် ကျင့်သုံးလျက်ရှိသေးသဖြင့် နစ်နာဆုံးရှုံးကြရသည့် မြန်မာကုန်သည်များက ထိုစနစ်ရုပ်သိမ်းပေးရန် သက်ဆိုင်ရာအာဏာပိုင်တို့အား တောင်းဆိုထားကြောင်းလည်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၂ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် အဓိကျပြီး တရုတ်နိုင်ငံအတွင်းရှိ ရွှေလီ-ကျယ်ဂေါင်တံတားကို နှစ်နှစ်ကျော်ကြာ ပိတ်ထားရာမှ ပြန်လည် ဖွင့်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်အာဏာပိုင်များက ပိုးသတ်ဆေးဖြန်းသည့်အခါတွင်မူ ရွှေလီ-ကျယ်ဂေါင်ဒေသအတွင်းရှိ တရုတ်နိုင်ငံသားနှင့် မြန်မာအပါအဝင် နိုင်ငံခြားသားများအားလုံး ထွက်ပေးရမည်ဟု ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၏ နိုင်ငံခြားရေးရုံးမှ မြန်မာကောင်စစ်ဝန်ရုံးအား အသိပေးအကြောင်းကြားထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် အဆိုပါတံတားကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစပြီး ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ဖွင့်ပေးလိုက်ခြင်းကြောင့် ကျယ်ဂေါင်နှင့်ဆက်စပ်နေသည့် မန့်ဝိန်းနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ဆင်ဖြူစစ်ဆေးရေးဂိတ်များလည်း လာမည့်တရုတ်နှစ်သစ်ကူးကာလတွင် ပြန်လည်ဖွင့်လှစ်လာစေရန် မူဆယ်ရှိ မြန်မာ့ကုန်သည်များက မျှော်လင့်နေကြသည်။ ကိုဗစ်ကပ်ရောဂါမတိုင်ခင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ကုန်သွယ်မှုပမာဏအ များဆုံးဖြစ်သော မူဆယ်-ကျယ်ဂေါင်(မန့်ဝိန်း) နယ်စပ်ဂိတ်ကို ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီတာဝန်ရှိသူများက ယူနန်ပြည်နယ်ရှိ တရုတ်အာဏာပိုင်များနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် တကြိမ်၊ ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ရှင်ကျန်းဒေသ အူရွမ်ကျီ မြို့ဒေသခံ ၁၀ ဦး မီးလောင်သေဆုံးခဲ့ရပြီးနောက်ပိုင်း ကိုဗစ်ထိန်းချုပ်ရေး တရုတ်အစိုးရ၏ မူဝါဒအပေါ် ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့မှုကြောင့် တရုတ်အစိုးရအနေဖြင့် တင်းကြပ်မှုများဖြေလျှော့ရန် ဆောင်ရွက်လျက်ရှိရာ တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ ရွှေလီအပါအဝင် တယ်ဟုန်ခရိုင်တခုလုံးတွင် ဒီဇင်ဘာ ၇ ရက် ညသန်းခေါင်ယံမှစ၍ ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၂ ခုနစ်ကြိမ်မြောက် တိုင်းရင်းဆေးပညာဆိုင်ရာ တရုတ်-အာဆီယံဆွေးနွေးပွဲသို့ စစ်ကောင်စီ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက အွန်လိုင်းကတဆင့် တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲကို ပုံစံနှစ်မျိုးဖြင့် ကျင်းပခဲ့ပြီး နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်မှ လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး အခြားနိုင်ငံများမှ ပညာရှင်များလည်း အွန်လိုင်းမှ တက်ရောက်ခဲ့သည်ဟု ဆိုသည်။ ဖွံဖြိုးဆဲနိုင်ငံများတွင် တိုင်းရင်းဆေးပညာ အရေးပါပုံ၊ ဆေးဝါးပင်များအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆေးသုတေသန ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၁၁ မြန်မာ-တရုတ်နယ်စပ်ကုန်သည်ရေးတွင် အရေးပါသည့် ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နယ်စပ်ဂိတ်တွင် မော်တော်ယာဉ်အား ပိုးသတ်ဆေးဖြန်းရန်နှင့် ယာဉ်မောင်းအစားထိုးပြောင်းလဲရန် ကန့်သတ်ချက်များအား တရုတ်ဘက်က ဖျက်သိမ်းပေးလိုက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ လုံချွမ်ခရိုင် ပြည်သူ့အစိုးရ၏ ထုတ်ပြန်ချက်ကြောင့် ဒီဇင်ဘာ ၁၁ ရက်မှစ၍ မြန်မာကုန်တင်ကားများ တရုတ်နိုင်ငံသို့ ဝင်ရောက်ရာတွင် ပိုးသတ်ဆေးဖြန်းရခြင်း၊ ဆေးဖြန်းပြီး ၁၂ နာရီကြာ စောင့်ဆိုင်းရခြင်း၊ စစ်ဆေးရေးဂိတ်များထံ ကိုဗစ်-၁၉ ဆေးစစ်အထောက်အထားပြရခြင်း၊ ပို့ကုန်စာရင်း ကြိုတင်ပေးရခြင်း စသည့်ဆောင်ရွက်ချက်များလုပ်ဆောင်ရန် မလိုအပ်တော့ပေ။ ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ပေးမှုကြောင့် ကားတစီးလျှင် ကျပ်ငါးသိန်းမျှ ကုန်ကျစရိတ် သက်သာသွားမည်ဖြစ်ကြောင်း ရွှေဖီမြေသတင်းတွင် ရေးသားထားသည်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ကိုဗစ်ကန့်သတ်ချက်များ တရုတ်ဘက်က ရုပ်သိမ်းခဲ့သော်လည်း လူအဝင်အထွက်ကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၉ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆောင်ရွက်နေသည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းအား ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း မဇ္စျိမသတင်းဌာနက ဖော်ပြသည်။ တိုက်ပွဲဖြစ်ပွားချိန်မှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ဝမ်ပေါင် ကြေးနီကုမ္ပဏီသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ယခုတိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များအနေဖြင့် ခုနစ်ကြိမ်မြောက် တိုက်ခိုက်ခံရမှုဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၈ လာအိုနိုင်ငံ လွန်ပရာဘမ်မြို့၌ ကျင်းပသော ၂၅ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(GMS) ဝန်ကြီးများ အဆင့်အစည်းအဝေးသို့ စစ်ကောင်စီ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် တက်ရောက်ခဲ့ပြီး အစည်းအဝေး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေးတွင် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင်အသစ် (၂၀၂၃-၂၀၂၅)၊ GMS မဟာဗျူဟာမူဘောင်၊ ၂၀၃၀ ရလဒ်မူဘောင်၊ GMS ကျား-မ ရေးရာမဟာဗျူဟာ၊ GMS ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်ချက်တို့ကို ဆွေးနွေးခဲ့သည်။ ထို့ပြင် GMS ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အသိပညာကွန်ရက် ထူထောင်ခြင်းအတွက် လုပ်ငန်းများကို ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများဖြင့် အလွတ်သဘောဆွေးနွေးခဲ့ကြသည်။ မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၈ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် လူကိုယ်တိုင်နှင့် အွန်လိုင်းမှပါ ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေးကို စစ်ကောင်စီ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် မြန်မာ-တရုတ်အသင်းများမှ ဥက္ကဋ္ဌများနှင့် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု ရေးသားထားသည်။ ထို့ပြင် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တရုတ်နိုင်ငံသား ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်နိုင်ရေးနှင့် တရုတ်ခရီးသွားဈေးကွက် ချဲ့ထွင်နိုင်ရေးတို့ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့သည်ဟု ထည့်သွင်း ဖော်ပြထားသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၇ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမအတွင်းဝန်မစ္စတာကျန်းကျုံ့မင် သည် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။ ၎င်းတို့သည် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းများဖြစ်ပြီး သံရုံးကိုယ်စား စာရေးကိရိယာနှင့် အားကစားသုံးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့သည်ဟု ဖော်ပြသည်။ တရုတ်သံရုံးသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် အဆိုပါ ကျောင်းများအတွက် စာသင်ကျောင်းဆောင်နှင့် အားကစားကွင်းများ ဆောက်လုပ်လှူဒါန်းခဲ့ပြီး ထူးချွန်သည့် ကျောင်းသားကျောင်းသူများကိုလည်း တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆုများ ချီးမြှင့်ကာ ဆရာ၊ဆရာမများနှင့်အတူ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဥ်များ စီစဥ်ပေးခဲ့သည်ဟုလည်း ဆိုသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၄ သမ္မတနုတ်ထွက်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုများကို လုပ်ဆောင်နေသည့် တရုတ်ပြည်သူများအား ထောက်ခံကြောင်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ဆန္ဒပြလူငယ်များက ဖော်ထုတ်ပြသခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ရေးသားဖော်ပြသည်။ စစ်ကောင်စီအား ဆန့်ကျင်မှုအဖြစ် ဆန္ဒပြရာတွင် “The Chinese People’s Democracy Movement is the Ally of the Myanmar Spring Revolution” ဟူသော စာတန်းကို ထည့်သွင်း ကိုင်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။ ထို့ပြင် သပိတ်ကော်မတီ တာဝန်ရှိသူတို့ကလည်း ၎င်းတို့အနေဖြင့် တရုတ်ပြည်သူတို့၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုအား ထောက်ခံကြောင်းနှင့် အဆိုပါလှုပ်ရှားမှုသည် မြန်မာနိုင်ငံသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်မြင်ရေးအတွက် အရေးကြီးကြောင်း သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်ကို တွေ့ရသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၄ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) သို့ မြန်မာ့စားသောက်ကုန် ကုမ္ပဏီနှင့် စက်ရုံ ၁,၁၀၀ ကျော်က တစ်နှစ်အတွင်း လျှောက်လွှာ ၂,၁၀၀ ကျော် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံမှတင်ပို့မည့် အသားနှင့် အသားထွက်ပစ္စည်းများ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်များ အပါအ၀င် ကုန်စည်အမျိုးအစား ၁၈ မျိုးကို GACC တွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ GACC ဖြင့် မှတ်ပုံတင်ရန် စစ်ကောင်စီ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် လျှောက်ရမည်ဟု ဖော်ပြထားသည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၃ Bank of China (Hong Kong) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပညာရေး၊ လူမှုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်ဖြစ်ကြောင်းလည်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းအောက်တွင် ကျောင်းသား၊ ကျောင်းသူများကို လေးနှစ်တာအထိ နှစ်စဉ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်ဟု ဖော်ပြထားသည်။ Bank of China သည် တရုတ်နိုင်ငံပိုင်ဘဏ်ဖြစ်ပြီး တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development) သည် တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင်ရှိသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၃ ကွယ်လွန်သွားသည့် တရုတ်သမ္မတဟောင်း မစ္စတာကျန်ဇီမင်းအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသော ဝမ်းနည်းခြင်းမှတ်တမ်းစာအုပ်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သွားရောက်လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ မစ္စတာကျန်ဇီမင်းသည် ၁၉၉၃ ခုမှ ၂၀၀၃ ခုနှစ်အထိ ၁၀ နှစ်ကြာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးကပ်သည့်ဆက်ဆံရေးရှိခဲ့ပြီး ထိုစဉ်က အနောက်နိုင်ငံများမှ ပိတ်ဆို့အရေးယူခြင်းခံနေရသည့် စစ်အစိုးရကို ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်။ |
၂၀၂၂၊ ဒီဇင်ဘာ ၂ တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ပါတီညီလာခံ၏ ရလဒ်များကို မိတ်ဆက်ခြင်းနှင့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများအကြောင်း ဆွေးနွေးပွဲဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပသည်။ အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ အခမ်းအနားတွင် တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ပါတီညီလာခံ၏ ရလဒ်များကို မိတ်ဆက်ပြီး ရပ်ဝန်းလမ်းကြောင်းအစီအမံ (Belt and Road Initiative) ကို အတူတကွ ဆက်လက်တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေသစ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ မစ္စတာ လျိုရင်းတို့အပါအဝင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင်လည်း တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ပါတီညီလာခံအလွန် တရုတ်-မြန်မာဆက်ဆံရေး အလားအလာများကို မြန်မာဘက်မှ အဖွဲ့အစည်းများသို့ မိတ်ဆက်တင်ပြသည့် ဆွေးနွေးပွဲကို တရုတ်သံရုံးက ပြုလုပ်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၃၀ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်လက်မှတ် ထုတ်ပေးပြီးနောက် နိုဝင်ဘာ ၁ ရက်မှ ၂၇ ရက် အတွင်း ကုန်သွယ်မှုမှာ ကုန်တင်ယာဉ် ၃,၉၂၇ စီး ရှိခဲ့ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဖော်ပြချက်ကို စစ်ကောင်စီ သတင်းစာတွင် ထပ်ဆင့်ဖော်ပြထားသည်။ ပို့ကုန် ၂,၆၁၈ စီးနှင့် သွင်းကုန် ၁,၂၅၉ စီး ဖြင့် ကုန်သွယ်ခဲ့ခြင်းဖြစ်သည် ။ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ လက်မှတ် ၃၆၀ စောင်ကို ထုတ်ပေးခဲ့ကြောင်း တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အလားတူပင် သွင်းကုန်အချို့အတွက် အခွန်သက်သာခွင့်လက်မှတ်(CO-Form E) စုစုပေါင်း ၄၈၁ စောင် ထုတ်ပေးပြီးဖြစ်ကြောင်းလည်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြခဲ့သည်။ အဆိုပါ တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန်လက်မှတ်သည် တရုတ်နှင့် အာဆီယံနိုင်ငံများတွင်း အကောက်ခွန်လျှော့ချပေးသော ကုန်သွယ်ခွင့်လက်မှတ်ဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၉-၃၀ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပထမအကြိမ်ညီလာခံကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်ကာ အွန်လိုင်းမှတဆင့် နှစ်ရက်ကြာ ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ စစ်ကောင်စီ ပြည်ထဲရေး ဒုတိယဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် အပါအဝင် နိုင်ငံ ၃၈ နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးများ၊ ရဲချုပ်များနှင့် အင်တာပိုလ် (INTERPOL) ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ လုံခြုံရေးဆိုင်ရာ အသိုက်အဝန်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်ရေး၊ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၉ တရုတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များကြောင့် ဖရဲနှင့် သခွားမွှေး ဝယ်လိုအား ကျဆင်းသွားကြောင်း မူဆယ်အခြေစိုက် သစ်သီးကုန်သည်တချို့၏ တုန့်ပြန်မှုကို စစ်ကောင်စီ သတင်းစာက ဖော်ပြခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့သို့ တရုတ်နိုင်ငံမှ ဝယ်လက်များ လာရောက်ကြသော်လည်း ကုန်သွယ်ရေးတွင် ထိန်းချုပ်ကန့်သတ်မှုများကြောင့် ဝယ်လိုအားကျဆင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လက်ရှိတွင် မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်သို့ ဖရဲ နှင့် သခွားမွှေးများကို နေ့စဉ် ကုန်ကား ၄၀ ခန့် ဝင်ရောက်လျက်ရှိသော်လည်း ဈေးနှုန်းမှာ လျော့နည်းနေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကိုဗစ်ရောဂါ ကန့်သတ်ချက်များ၊ အကောက်ခွန်စည်းမျဉ်းများတိုးလာခြင်း၊ ရှန်တိန်စနစ်ကြောင့် ကုန်တင်ကားများ ကြန့်ကြာခြင်း အစရှိသည်တို့ ကြောင့် တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှုများလည်း လျော့ကျခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၉ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်သည့် မဲခေါင်ဒေသလုံခြုံမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (Safe Mekong Coordination Center – SMCC) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများကြား တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်မြစ်ဝှမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းမှုမြှင့်တင်ရေးနှင့် သတင်းအချက်အလက်များ မျှဝေရေးအတွက် ရည်ရွယ်ကာ SMCC ရုံးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုံးကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၂၀၁၈ ခုနှစ် အထူးရန်ပုံငွေနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရန်ပုံငွေတို့ဖြင့် စုစုပေါင်းငွေကျပ် ၈၅၂ ဒသမ ၇၇ သန်းအသုံးပြုကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး မစ္စတာ ကျန်းကျိဟုန် တက်ရောက်ခဲ့သည်။ မဲခေါင်မြစ်ဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းစဥ်အောက်တွင် မဲခေါင်ဒေသတွင်းနိုင်ငံ ခြောက်နိုင်ငံကြား “Safe Mekong” အမည်ဖြင့် မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှု ခြောက်ကြိမ် ပြုလုပ်ခဲ့ကာ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သည့် မဲခေါင်မြစ်ပူးတွဲကင်းလှည့်လှုပ်ရှားမှုကို ၁၂၃ ကြိမ် တိုင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်သည့် မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံနှင့် အသိပညာပေးစင်တာတို့ကို နေပြည်တော်နှင့် ပင်းတယမြို့တို့၌ ၂၀၂၂ ခုနှစ် သြဂုတ် ၃၀ ရက်နှင့် နိုဝင်ဘာ ၂၈ ရက်တို့တွင် ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၈ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွင် အရေးပါသည့် ကန်ပိုက်တီ-ထိန်ချုန်း နယ်စပ်ဂိတ်တွင် အဓိက တင်ပို့ကုန်ဖြစ်သည့် မြန်မာ့တစ်သျှူးငှက်ပျောအခွန်ကို မြန်မာကျပ်ငွေဖြင့် ကောက်ခံရာမှ တရုတ်ယွမ်ငွေသို့ ပြောင်းလဲခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရာတွင် ယွမ်ငွေနှင့် ကျပ်ငွေကို တိုက်ရိုက်ဖလှယ် ကုန်သွယ်ခြင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် က စစ်ကောင်စီဗဟိုဘဏ်က ခွင့်ပြုခဲ့သည်။ သို့သော် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် ဆန်နှင့် ဆန်ကွဲများမှလွဲ၍ အခြားသော တင်ပို့မှုများကိုမူ အမေရိကန်ဒေါ်လာဖြင့်သာ ပြန်လည်ပေးချေရမည်ဟု ၂၀၂၂ ခုနှစ် ဇူလိုင် ၃ ရက်က မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များသို့ အကြောင်းကြားခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၈ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်သည့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် သဘာဝဘေး အသိပညာပေးစင်တာများ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် ပင်းတယမြို့၌ ကျင်းပသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ဘေးကင်းစွာ စီမံဆောင်ရွက်မှု အတွေ့အကြုံများကို မျှဝေလိုပြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စတာ ကျန်းကျိဟုန်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။ အဆိုပါအခမ်းအနားကို စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းတို့လည်း တက်ရောက်ခဲ့သည်။ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် အထက်ပါကဲ့သို့သော စင်တာငါးခုကို တည်ဆောက်ထားသည်။ ထို့အပြင် ယင်းရန်ပုံငွေဖြင့်ပင် ဆောက်လုပ်သည့် မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အအုံကို ၂၀၂၂ ခုနှစ် သြဂုတ် ၃၀ ရက်တွင် နေပြည်တော်၌ ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၈ မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ရွှေစည်းခုံစေတီတော်တွင် မီးပူဇော်ခြင်းနှင့် ချုအင်လိုင်း တန်ဆောင်းအတွက် လှူဒါန်းသည့် LED Board နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းအခမ်းအနားကို ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ တန်ဆောင်းအား ၁၉၆၁ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအတွက် ပြယုဂ်တခုဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုတို့အတွက် ကျေးဇူးတင်ကြောင်း စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက အခမ်းအနားတွင် ပြောခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ဇူလိုင်လတွင် မဲခေါင်-လန်ချန်း အစည်းအဝေးတတ်ရောက်ရန် မြန်မာနိုင်ငံကိုလာရောက်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်လည်း အဆိုပါ ချူအင်လိုင်း တန်ဆောင်းသစ် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တတ်ရောက်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၇ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနှင့်ပတ်သက်၍ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်သည်။ တွေ့ဆုံရာတွင် တရုတ်သံအမတ်သည် ပါတီညီလာခံ ရလဒ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အပေါ်အမြင်များနှင့် မြန်မာအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ တဖက်တွင်လည်း ဦးကိုကိုလှိုင်သည် ပါတီညီလာခံရလဒ်များနှင့် ကမ္ဘာကြီးအတွက် တရုတ်နိုင်ငံ၏ ဆောင်ရွက်နေမှုများကို ချီးကျူးခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေး ပိုမိုခိုင်မာစေရန် အတူတကွ ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ရေးသားထားသည်။ ယခုတွေ့ဆုံပွဲမတိုင်မီ တရုတ်သံအမတ်သည် ပါတီညီလာခံနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်အဖွဲ့များနှင့် မီဒီယာများမှ အထင်ကရပုဂ္ဂိုလ် ၅၀ ကျော်ပါဝင်သည့် ဆွေးနွေးပွဲဖိုရမ်တခုကို နိုဝင်ဘာလဆန်းပိုင်းက ကျင်းပခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၇ ခြောက်ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် ကူမင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ ပြပွဲကို တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် အစိုးရတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာကုမ္ပဏီ သုံးခုလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။ ယင်းပြပွဲတွင် စီမံကိန်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၁၆၉ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ် ၄ဝဝ ဘီလီယံကျော်ဖိုး ရှိသည် ဆိုသည်။ သို့ရာတွင် မြန်မာနှင့်မည်၍မည်မျှ လက်မှတ်ရေးထိုးခဲ့ခြင်းရှိမရှိကိုမူ ဖော်ပြမထားပေ။ |
၂၀၂၂၊ နိုဝင်ဘာ ၂၆ -၂၈ မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦး တီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်တွင် သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါပွဲသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများထဲမှ တခုဖြစ်ပြီး အခြားနိုင်ငံမှ ပါဝင်သူများသည် အွန်လိုင်းမှ ပါဝင်ဆွေးနွေးကြမည်ဟု ပြောဆို ထားသည်။ ဖွင့်ပွဲအခမ်းအနားကို တရုတ်သံမှူး မစ္စတာ ကျန်းကျိဟုန် နှင့် စစ်ကောင်စီစက်မှုဝန်ကြီး ဒေါက်တာ ချာလီသန်းလည်း အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။ စွန့်ဦးတီထွင်မှု၏ အရေးပါပုံနှင့် ယခုစီမံကိန်းသည် လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအတွက် ရည်ရွယ်ကြောင်း အခမ်းအနားတွင် တရုတ်သံမှူးက ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံဘက်မှလည်း ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးအတွက် စံနမူနာဖြစ်သည့် E-market Platform ကိုလည်း မိတ်ဆက်ခဲ့သည်ဟု သိရသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၅-၂၇ တရုတ်အစိုးရမှ ဦးဆောင်ကျင်းပသည့် တရုတ်-အာဆီယံ ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်နှင့် အဆင့်မြင့် နေထိုင်မှုဝန်းကျင်ပြပွဲသို့ စစ်ကောင်စီ ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်က အွန်လိုင်းမှ တဆင့်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြခဲ့သည်။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(RCEP) မူဝါဒများနှင့် အခွင့်အလမ်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ အင်တာနက်၊ အများပြည်သူ လုံခြုံမှုနည်းပညာနှင့် မြို့ပြလုံခြုံမှု၊ Smart Infrastructure ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ် ဆောက်လုပ်ရေးနှင့် အဆောက်အအုံများတိုးတက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ကာဗွန်ထုတ်လုပ်မှုနှင့် ကာဗွန်စုပ်ယူမှုမျှခြေရှိသည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဖိုရမ်သို့ တရုတ်နှင့်အာဆီယံနိုင်ငံအသီးသီးမှ အရာရှိများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၅ ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီထံ တရုတ်သံအမတ် လာရောက်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအရေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၄ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းတခုဖြစ်သည့် မူဆယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းအတွက် ဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး နယ်စပ်စီးပွားရေးဇုန် တည်ထောင်ရေးအတွက် လုပ်ဆောင်နေသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဆွေးနွေးမှုများတွင် ပုံမှန်အစည်းအဝေးကျင်းပနိုင်ရေး၊ နယ်စပ်စီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ တည်နေရာရွေးချယ်မှု၊ စီမံခန့်ခွဲမှု၊ စွမ်းဆောင်မှုများ သတ်မှတ်ခြင်း၊ လုပ်ငန်းအချိန်ဇယားနှင့် လမ်းပြမြေပုံ သတ်မှတ်ခြင်းတို့ ပါဝင်ပြီး ပဏာမ သဘောတူညီမှုများ ရရှိခဲ့သည်ဟု ဆိုသည်။ အစည်းအဝေးသို့ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဌာနမှ မစ္စတာ လီချန်းယန်၊ စီးပွားရေးသံမှူး မစ္စတာ တန်ရှုဖု၊ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှုး ဦးမြင့်သူရနှင့် နှစ်နိုင်ငံမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၂ တရုတ်ဦးဆောင်သည့် အစီအမံဖြစ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အောက်တွင်လုပ်ဆောင်နေသည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာအဖွဲ့၏ ငါးနှစ်တာလုပ်ဆောင်ခဲ့သည့်ကိစ္စများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် ငါးနှစ်တာအစီအမံများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၃-၂၀၂၇ ခုနှစ် ငါးနှစ်စီမံချက်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး မြန်မာအပါအဝင် လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG) မှ တာဝန်ရှိပုဂ္ဂိုလ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆင်းရဲမှု လျှော့ချရေးကဏ္ဍသည် ၂၀၁၆ မတ်လတွင် “၃+၅ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်” အမည်ဖြင့် ချမှတ်ခဲ့သော မဏ္ဍိုင်သုံးခုနှင့် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေးဦးတည်ချက် ငါးခုအနက် စိုက်ပျိုးရေးနှင့်တွဲဖက်ပါဝင်သည့် ဦးစားပေးကဏ္ဍတခုအဖြစ် ပါဝင်သည်။ ယခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဝမ်ယိအဆိုပြုခဲ့သည့် အစီအမံခြောက်ခုအနက် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် လာမည့် ငါးနှစ်တာကာလအတွင်း ပထမဦးစားပေးအစီအမံတခုဖြစ်သည်။ လွန်ခဲ့သည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သော စီမံကိန်း ၇၂ ခုရှိခဲ့ပြီး ထိုအထဲတွင် ဆင်းရဲမှုလျှော့ချရေးအတွက် ဆောင်ရွက်သည့် စိုက်ပျိုးရေးစီမံကိန်း ၂၈ ခုပါဝင်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၂ တရုတ်ရင်းနှီးမြှပ်နှံမှု တခုဖြစ်သည့် ဝမ်ပေါင်၊ ယမ်စီကြေးနီကုမ္ပဏီအတွက် ကြေးနီများသယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးဆောင်ရွက်သည်ဟုဆိုသည့် စစ်ကောင်စီတပ်သားများကို ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည့် Regional Friend Fighters(RFF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ လူမူကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ကြေးနီများသယ်ဆောင်ရာတွင် လုံခြုံရေးပေးသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ရင်း (၂၈) ကို မြောက်ယမားချောင်းတံတားကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးဦးသေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း မဇ္ဈိမသတင်းဌာနတွင် ဖော်ပြသည်။ ဝမ်ပေါင် ကြေးနီကုမ္ပဏီသည် ၂၀၂၂ မေလတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ယခုအကြိမ်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များအား ခြောက်ကြိမ်မြောက်ဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၂ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် စီးပွားရေးစင်္ကြံပူးတွဲကော်မတီကို အကောင်အထည်ဖော်ရေးကော်မတီအဖြစ် စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းသည်။ ယခုကော်မတီသည် စီမံကိန်းများကို အဆိုပြုခြင်း၊ လေ့လာခြင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့များ ဖွဲ့ခြင်း၊ နားလည်မှုစာချွန်လွှာများ အကောင်အထည်ဖော်ခြင်းတို့ကို အဓိကလုပ်ဆောင်မည်ဖြစ်သည်။ ထို့အပြင် စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် စီမံကိန်းများနှင့်ပက်သက်သည့် လုပ်ငန်းစဥ်များနှင့် စံချိန်စံညွှန်းများ ဆုံးဖြတ်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ စီမံကိန်းတိုးတက်မှုများကို အစီရင်ခံခြင်း အစရှိသည့် ကိစ္စရပ်များအတွက် အဓိကတာဝန်ယူမည်ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ၎င်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ပိုမိုချဲ့ထွင်ကာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည် ဖော်ရေးအတွက် အရှိန်မြှင့်လာခြင်းဖြစ်သည်။ ထိုကော်မတီတွင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ စိုက်/မွေး/ဆည်၊ ပို့/ဆက်၊ လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ စက်မှု၊ ဥပဒေရေးရာ၊ စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာ၊ ဆောက်လုပ်ရေး စသည့်ဝန်ကြီးတို့ဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားရေး၊ သယံဇာတ/ပတ်ဝန်းကျင်၊ ဟိုတယ်/ခရီး စသည့် ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ကြသည်။ အလားတူပင် စီးပွားရေးစင်္ကြံစီမံကိန်းများဖြတ်သန်းသွားမည့် မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများနှင့် ရခိုင်နှင့် ရှမ်းပြည်နယ်တို့၏ စီးပွားရေးဝန်ကြီးများကိုလည်း အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ စီမံ/ဘဏ္ဍာနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်တွင် စစ်ကောင်စီသည် ၄င်းစိတ်ကြိုက် အရာရှိများဖြင့် ယခင်အစိုးရလက်ထက်ကရှိခဲ့သည့် ပူးတွဲကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံမှာ ကွာခြားမှုမရှိဘဲ ကော်မတီ၏ အဓိကလုပ်ငန်း တာဝန်များတွင် ယခင်အတိုင်း မူဝါဒများအများအားဖြင့်တူညီသော်လည်း ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်တခုဖြစ်သည့် ပိုမိုကောင်မွန်သော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာရေး၊ ပြဿနာများကို စေ့စပ်ညှိနှိုင်းအဖြေရှာရေးဆိုသည့် အချက်နှင့် စီးပွားရေးစင်္ကြံဖွံ့ဖြိုးရေးအတွက် နှစ်ဖက်စလုံးမှ ပြည်သူလူထုများ ပါဝင်ရေးကို အားပေး ဆောင်ရွက်မည်ဟူသည့် လုပ်ငန်းတာဝန်မှာလည်း ကော်မတီအသစ်တွင် ပါဝင်လာခြင်းမရှိပေ။ |
၂၀၂၂၊ နိုဝင်ဘာ ၂၁ တရုတ်အစိုးရဦးဆောင်ကျင်းပသည့် တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်သို့ စစ်ကောင်စီဝန်ကြီး တက်ရောက်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ “အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ သမုဒ္ဒရာရင်းမြစ်အခြေပြု အဏ္ဏဝါစီးပွားရေး ရှုမြင်မှုဆိုင်ရာ သဘောတရားနှင့် လက်တွေ့ဖော်ဆောင်မှုများ” ခေါင်းစဉ်ဖြင့် အဏ္ဏဝါစီးပွားရေး၏ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို အဓိကတင်ပြခဲ့ကြသည်။ ထို့အပြင် အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးကွဲများဆိုင်ရာကိစ္စများနှင့် ခရီးသွားလာမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေး နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသရှိ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ယူနန်ပြည်နယ် အစိုးရတို့က ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ စစ်ကောင်စီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင်အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံနှင့် ပညာရှင်အဖွဲ့အစည်းများမှ သမ္မတဟောင်း၊ ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ယခုဖိုရမ်သည် နိုဝင်ဘာ ၁၉ မှ ၂၂ ရက်အတွင်း ကျင်းပခဲ့သည့် ခြောက်ကြိမ်မြောက် တရုတ်- တောင်အာရှ ကုန်စည်ပြပွဲနှင့် တွဲဖက် စီစဉ်ကျင်းပခဲ့သည့် ပထမဆုံးဖိုရမ်တခုဖြစ်သည်။ ၂၀၂၂ နှစ်ဆန်းပိုင်းကာလက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ အာဖရိက အရှေ့ပိုင်းဒေသ၊ မော်လဒိုက်နှင့် သီရိလင်္ကာနိုင်ငံခရီးစဉ်များတွင် တရုတ်-အိန္ဒိယသမုဒ္ဒရာကောင်စီ ဖွဲ့စည်းရေးအတွက် အဆိုပြုခဲ့ကြောင်း Silk Road Briefing တွင် ဖော်ပြထားသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂၀ တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော် အော့ဖ်လိုင်း(offline) တင်ဆက်ပြသမှုအစီအစဉ်၏ နဝမမြောက်ပွဲစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ပြုလုပ်ခဲ့ကြောင်း ရွှေဇာမဏီဂျာနယ်တွင် ဖော်ပြထားသည်။ အဆိုပါပွဲတွင် ချွမ်ကျိုးမြို့၏ သမိုင်းအမွေအနှစ်များ၊ ရှုခင်းများနှင့် အစားအစာများကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်အား Myanmar International Education Center (MIEC) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ပြသခဲ့သည်။ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာသည် တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော် အစီအစဥ်ကို အဆိုပါစင်တာအပြင် ရန်ကုန်ရှိ ကျောင်းအချို့၌ပါ ပြုလုပ်လျက်ရှိသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၈ တရုတ်နိုင်ငံ၊ ကွမ်းရှိမြို့တွင် ကျင်းပပြုလုပ်သည့် ရှစ်ကြိမ်မြောက် သွားဘက်ဆိုင်ရာ တရုတ်-အာဆီယံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဗီဒီယိုမက်ဆေ့ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ ရန်ကုန်နှင့် မန္တလေး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ကွမ်းရှိဆေးတက္ကသိုလ်နှင့် သွားနှင့်ခံတွင်းကောလိပ်တို့သည် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာမှုများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်ဟု ရေးသားထားသည်။ ထိုပွဲတွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနနှင့် ကွမ်းရှိ ဆေးတက္ကသိုလ်၊ သွားနှင့်ခံတွင်းကောလိပ် တို့သည် ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၈ မြန်မာကုန်သည်များအနေနှင့် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေဖြင့်လည်း ပို့ကုန်ရငွေအဖြစ် ပြန်လည်လက်ခံခွင့်ရှိကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာသည်။ နိုင်ငံခြားသို့ တင်ပို့ရောင်းချရာမှ ရရှိလာသည့် နိုင်ငံခြားငွေကို ယွမ်/ဘတ်ဖြင့် လက်ခံရယူလိုပါက လိုင်စင်လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်/ယွမ် ငွေတိုက်ရိုက် အသုံးပြုမှုကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ခွင့်ပြုခဲ့သော်လည်း ခုနစ်လအကြာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်တွင် ဆန်နှင့် ဆန်ကွဲများမှလွဲ၍ တခြားသော တင်ပို့မှုများကို အမေရိကန်ဒေါ်လာဖြင့်သာ ပြန်လည်ပေးချေရမည်ဟု ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး ယခုအခါ ပြန်လည်ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ နိုင်ငံခြားငွေလက်ခံရေးမူဝါဒအရ ယွမ်နှင့် ဘတ်တို့ကို ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်သတ်မှတ်ဈေးအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချပေးရမည်ဖြစ်သည်။ ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း တလအတွင်း ပြန်လည်ရောင်းချခွင့် သို့မဟုတ် ကိုယ်တိုင်သုံးစွဲခွင့် ရှိသည်။ ၎င်းသတ်မှတ်ချက်တွင် ပဲမျိုးစုံ(ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစဉ်းငုံ)၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း)၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း(ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်)၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း(ကျွဲ-နွား-ဆိတ် အရှင်၊ သားရေ၊ အေးခဲအသား၊ အသားခြောက်) စသည့်ပို့ကုန်များ ပါဝင်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၇ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းချဉ်ဖတ် တန်ချိန် ၃၀၀ တင်ပို့ထားပြီး ဆက်လက်တင်ပို့မည်ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည် ။ ၂၀၂၂ ဖေဖော်ဝါရီ ၁၈ တွင် မြန်မာမှ ပြောင်းချဉ်ဖတ် စုစုပေါင်း တန်ချိန် ၅၁ တန်ကို ချင်းရွှေဟော်နယ်စပ်မှ တရားဝင် ပထမဆုံးအကြိမ် တရုတ်ဘက်သို့တင်ပို့ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြောင်းချဉ်ဖတ်ကို ကျွဲနွားများကို အစာကျွေးရန် တရုတ်နိုင်ငံက ဝယ်ယူခြင်းဖြစ်သည်။ ထို့ပြင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်၀န်ကြီးဌာနတို့သည် အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကာ အဆိုပါစာချုပ်အရ မြန်မာ့ပြောင်းဆန်ကို ကုန်ချောအဖြစ် ပြုပြင်ရန် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ခြောက်ဦးသည် ပြောင်းချဉ်ဖတ် တရားဝင် တင်သွင်းခွင့်ရရှိရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ကုန်စည်တင်သွင်းခွင့် မှတ်ပုံတင်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၆ တရုတ်နိုင်ငံမှ ဦးဆောင်ကျင်းပသည့် တတိယအကြိမ် အာဆီယံ-တရုတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားတွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ MITV Channel က ရရှိခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါ ဇာတ်လမ်းတိုပြိုင်ပွဲသည် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့ ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ ဝူရှီးမြူနီစီပယ် အုပ်ချုပ်ရေးအဖွဲ့ နှင့် အခြားအစိုးရဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံအကြားတွင် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်ဟုဆိုသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၅ ပဉ္စမအကြိမ်မြောက် သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံ စာတမ်းဖတ်ပွဲကို ဒဂုံတက္ကသိုလ်၌ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တို့တွင် တရုတ်နှင့်မြန်မာ ပူးတွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။ ၎င်းသမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံပညာရပ်အောက်တွင် ၁။ ဘူမိဗေဒနှင့် ပထဝီဝင်၊ ၂။ ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာ၊ ၃။ ဇီဝဗေဒနှင့် ၄။ အခြားဆက်စပ်ပညာရပ် ဟူ၍ ဘာသာရပ်ခွဲလေးမျိုးကို သုတေသနပြု တင်ပြခဲ့ကြသည်။ နှစ်ရက်တာကျင်းပသည့် ၎င်းစာတမ်းဖတ်ပွဲသို့ တရုတ်တက္ကသိုလ်များမှ စာတမ်းရှင် ၁၅ ဦး၊ ဥရောပနှင့် အရှေ့တောင်အာရှမှ စာတမ်းရှင် ခြောက်ဦး၊ မြန်မာတက္ကသိုလ်များမှ စာတမ်းရှင် ၁၂၂ ဦးတို့က သုတေသနစာတမ်းပေါင်း ၁၄၃ စောင်ကို တင်သွင်းဖတ်ကြားခဲ့သည်။ အဆိုပါစာတမ်းဖတ်ပွဲသည် မြန်မာဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ နိုင်ငံတကာသုတေသနအတွေ့အကြုံရရှိစေရန်၊ တရုတ်နှင့် အခြား နိုင်ငံများမှ ပညာရှင်များနှင့် အဏ္ဏဝါဘူမိဗေဒပညာရပ်တွင် ဖလှယ်ခွင့်ရရှိစေရန်နှင့် လက်တွေ့အသုံးချသုတေသနပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ပုံမှန်ကျင်းပလျက်ရှိသည်ဟု ရေးသားထားသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၅ တရုတ်သံရုံး၊ ယူနန်ပြည်နယ်စီးပွားရေး ကိုယ်စားလှယ်ရုံးနှင့် ပြည်သူ့ ပြည်ပချစ်ကြည်ရေး အသင်းတို့ပူးပေါင်းကာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကောလိပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများသို့ ယွမ်ကိုးသောင်းကျော်တန်ဖိုးရှိ အားကစားပစ္စည်းရှစ်မျိုးကို လှူဒါန်းခဲ့ကြောင်း ရွှေဇာမဏီသတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ ကျောင်းများတွင် အားကစားလိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး ကျောင်းသားများအနေဖြင့် အားကစားချစ်မြတ်နိုးစေရန် ယူနန်ပြည်နယ် ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းအနေနှင့် လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုလှူဒါန်းသည့် အားကစားပစ္စည်းများကို ရန်ကုန်တိုင်းရှိ ရန်ကင်း၊ သင်္ကန်းကျွန်းနှင့် လှည်းကူးမြို့နယ်အတွင်းရှိ ကောလိပ်ကျောင်းနှင့် အခြေခံပညာကျောင်း ၁၀ ကျောင်းသို့ ပေးပို့ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၅ တရုတ်-မြန်မာ ခရီးသွားလာရေးလုပ်ငန်းမြှင့်တင်ရေး လူ့အရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါသင်တန်းကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း၊ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနယ်ပယ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံနှင့် စစ်ကောင်စီတို့သည် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနယ်ပယ်မှ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုသင်တန်းများအပြင် တရုတ်ဘာသာစကားသင်တန်းများလည်း ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာရေး ကြိုးပမ်းသွားမည်ဟု စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလတွင် ပြောဆိုထားသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၄ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ဘောလီဘောအသင်းသည် ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါပူးတွဲလေ့ကျင့်မှုကို နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုအရ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာအားကစားသမားများသည် တရုတ်နိုင်ငံတွင် သုံးလကြာမြင့်မည်ဖြစ်သည်။ ဘောလီဘောအပြင် ဝူရှူး၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့အားကစားနည်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအပါအဝင် စုစုပေါင်း ၁၀၁ ဦးကို ပထမအသုတ်အနေဖြင့် နိုဝင်ဘာလတွင် စေလွှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောဆိုထားသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၄ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်များအတွက် ဒေါ်လာငွေပေးချေမှုကို အတည်မပြုရန် ကုန်သည် ၆၀ ဦးသည် အသနားခံလွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ ထိုအသနားခံစာတွင် ဘဏ်လုပ်ငန်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများမှ ပို့ကုန်လုပ်ငန်းရှင်များ လက်မှတ်ထိုးခဲ့ကြသည်ဟု ဆိုသည်။ လက်ရှိတွင် မူဆယ် (၁၀၅ မိုင်) ကုန်သွယ်ရေးဇုန်မှ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ယွမ်ငွေကိုသာ အသုံးပြုနေကြသော်လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေလျက်ရှိသည်။ ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေရန် အတည်ပြုပါက ဆန်တင်ပို့မှုများ ရပ်တန့်သွားမည်ကို နယ်စပ်ကုန်သည်များက စိုးရိမ်နေကြောင်း ဖော်ပြခဲ့သည်။ ဆန်၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး စသည့် ပို့ကုန်များကို ဒေါ်လာငွေဖြင့်သာ ပေးချေရန် ဇွန် ၃၀ တွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ထုတ်ပြန်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၃ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ထံ မှတ်ပုံတင်ထားသည့် ပြည်တွင်း တစ်သျှူးငှက်ပျောကုမ္ပဏီ ၃၂ ခုကို ငှက်ပျောတင်ပို့ရန် တရုတ်နိုင်ငံမှ ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မှတ်ပုံတင်ထားသည့် ကုန်စည်များကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုမည်ဟု GACC က ကြေညာထားသည်။ ယခု ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ပထမ ခြောက်လတာအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆၈ သန်း ရရှိခဲ့ကြောင်း စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် ကန်ပိုက်တီနယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ မြန်မာမှ တစ်သျှူးငှက်ပျောတန်ချိန် ၁,၉၀၀ ခန့် တင်ပို့ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၂ တရုတ်နိုင်ငံသို့ မြန်မာ့ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့ရန်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ရေလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် မြိတ်ခရိုင်ရှိ ရေလုပ်ငန်းများအား တရုတ်စီးပွားရေးသံမှူး သွားရောက်လေ့လာခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မွေးမြူထုတ်လုပ်နေသည့် ကကတစ်ငါး၊ ရေငန်ပုစွန်နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများအား စီးပွားရေးသံမှူးဖြစ်သူ မစ္စတာတန်ရှုဖူ နှင့်အဖွဲ့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်တွင် မြိတ်နှင့် ကျွန်းစုမြို့နယ်တို့ အတွင်းရှိ ကကတစ်ငါးမွေးမြူရေးလုပ်ငန်း၊ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများ၊ ဒေသခံများပိုင် ဂျင်းခရုမွေးမြူရေးလုပ်ငန်း၊ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ ပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုင်းအဆင့် ဝန်ကြီးနှင့် အခြားအရာရှိများလည်း လိုက်ပါခဲ့သည်။ မြန်မာ့ရေထွက်ကုန်များ ကုန်ချောထုတ်လုပ်ရန်နှင့် နိုင်ငံခြားစျေးကွက်တိုးချဲ့နိုင်ရန် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းကို မြိတ်မြို့တွင် အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် အကုန်ကျခံတည်ဆောက်မည့်အကြောင်း စစ်ကောင်စီက ၂၀၂၂ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၁ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများကို အဓိကအကောင်အထည်ဖော်မည့် CITIC Myanmar ကုမ္ပဏီက ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံသို့ ဆေးဖက်ဆိုင်ရာ ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း ရွှေဇာမဏီသတင်းစာတွင် ဖော်ပြထားသည်။ ယင်းလှူဒါန်းမှုသည် “ကျောက်ဖြူအနာဂတ် လူမှုအကျိုးပြုစီမံကိန်းကြီး” ဟု အမည်ပေးထားသည့် စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည်ဟု ထုတ်ပြန်ထားပြီး Yannan Aid ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် CITIC Consortium အနေနှင့် လူမှုအကျိုးပြု စီမံကိန်း နှစ်ခုအကောင်အထည်ဖော်နေပြီး ပထမတခုမှာ ဝေးလံသော ကျေးရွာ ၁၃ ရွာတွင် အခမဲ့ ဆေးဝါးကုသပေးမည့် “ကျောက်ဖြူအနာဂတ် ရွေ့လျားစီမံကိန်း” ဖြစ်ပြီး ဒုတိယတခုမှာ ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း (KDNEDA) နှင့် ပူးတွဲ၍ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံအတွက် CT Scan အခန်းကို ဆောက်လုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၁ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများသည် တရုတ်နိုင်ငံနှင့် ပူးတွဲလေ့ကျင့်ရန် ယူနန်ပြည်နယ်၊ ချန်ဆားမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း စစ်ကောင်စီ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်သည့် အဆိုပါပူးတွဲလေ့ကျင့်မှုသည် သုံးလကြာမြင့်မည်ဖြစ်ပြီး ယခုလအတွင်း သွားရောက်ခဲ့မည့် ပထမအသုတ်တွင် ဘော်လီဘော၊ ဝူရှူး၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့အားကစားနည်းများမှ ၁၀၁ (နည်းပြ ၁၅၊ အားကစားသမား-ကျား ၅၂၊ မ ၃၄) ဦး ပါဝင်သည်။ ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁၁ သံအမတ်ကြီး ဦးတင်မောင်ဆွေအား တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယခင်သံအမတ်ကြီး ဦးမျိုးသန့်ဖေမှာ ဩဂုတ်လအတွင်းက ကွယ်လွန်ခဲ့ရာ ယင်းအတွက် အသစ်ခန့်အပ်ခြင်းဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၉ တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုအတွက် ပုံစံမျိုးစုံဖြင့် ပူးတွဲပို့ဆောင်နိုင်သည့် ကုန်တင်လက်မှတ် တစောင်တည်းစနစ် (one bill of loading) ကို ယူနန်ပြည်နယ် အစိုးရက စတင်လိုက်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါစနစ်အတွက် ကုန်တင်လက်မှတ်နှင့် ဘဏ္ဍာငွေလွှဲပြောင်းပေးခြင်း အခမ်းအနားကို ကူမင်းကုန်သွယ်ရေးဇုန်ရှိ Bank of China ဘဏ်ခွဲတွင် ပြုလုပ်ခဲ့သည်။ ထိုစနစ်တွင် ကုန်စည် စီးဆင်းမှု၊ နယ်စပ်ဂိတ်ဖြတ်သန်းမှု၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု၊ ကား-ရထားလမ်း ပူးတွဲပို့ဆောင်မှု၊ အခွန်လျော့ချမှုနှင့် ကုန်ပစ္စည်းထုတ်ယူနိုင်မှု စနစ်တို့ ပါဝင်မည်ဖြစ်သည်။ ကား-ရထားလမ်း ပူးတွဲပို့ဆောင်မှုအဖြစ် ကားလမ်း ၃၇၀ ကီလိုမီတာနှင့် ရထားလမ်း ၈၅၀ ကီလိုမီတာ၊ စုစုပေါင်း ၁၂၂၀ ကီလိုမီတာရှိ ကုန်စည်စီးဆင်းမှု စခန်း ၂၀ ကျော်တွင် လက်မှတ်တစ်စောင်တည်းဖြင့် ဖြတ်သန်းနိုင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် တရုတ်-မြန်မာနိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကား-ရထား-ပင်လယ်ရေကြောင်းလမ်း (အိန္ဒိယသမုဒ္ဒရာ)ကို တရုတ်က စတင်ပြေးဆွဲခဲ့သည်။ ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံမှ ချင်းရွှေဟော်-လန်ချန်း နယ်စပ်ဂိတ်သို့ ကားလမ်းမှတဆင့် ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတဆင့် လန်ချန်းမှ ဟုန်ဟော်ပြည်နယ်ရှိ ကုန်သွယ်ရေးဇုန် (Bonded Zone) သို့ရောက်ရှိမည် ဖြစ်သည်။ ထိုစနစ်ကို တရုတ်-လာအို ရထားလမ်းတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကား-ရထား-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်မှုတွင် ဒုတိယမြောက် ဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၉ ပြည်တွင်းကုမ္ပဏီပေါင်း ၆၀၀ ကျော်မှ ကုန်စည်အမျိုးအစားပေါင်း ၁,၆၀၀ ကျော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) ထံ မှတ်ပုံတင်နိုင်ရေး ကြိုးပမ်းနေကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ငှက်ပျော၊ နာနတ်၊ ထောပတ်၊ ကျွဲကောနှင့် ပဲပုပ်တင်ပို့သည့်ကုမ္ပဏီများ ပါဝင်ပြီး လက်ရှိတွင် ဆန်နှင့် ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီပေါင်း ၆၂ ခု၊ ပြောင်းတင်ပို့သည့် ကုမ္ပဏီပေါင်း ၁၁၂ ခုနှင့် ငှက်ပျောတင်ပို့သည့် ကုမ္ပဏီပေါင်း ၃၂ ခု သည် GACC တွင် မှတ်ပုံတင်ပြီးဖြစ်သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ မှတ်ပုံတင်ထားသည့် ကုန်စည်များကိုသာ နိုင်ငံအတွင်းသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း တရုတ်ဘက်က ကြေညာထားသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက် အထိ ကုမ္ပဏီနှင့် စက်ရုံပေါင်း ၁,၀၂၂ ခုက လျှောက်လွှာပေါင်း ၁,၈၅၀ ခုကို GACC ထံ တင်သွင်းပြီး မှတ်ပုံတင်ခွင့်ရရှိရန် လျောက်ထားခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၈ ပထမအကြိမ် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထင်ပေါ်ကျော်ကြားသူများဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပူးပေါင်းဆောင်ရွက်ရေး၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးကျော်မျိုးထွဋ်က ဆွေးနွေးခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများမှ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ စိန်ခေါ်မှုများအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ ဖော်ထုတ်ရေး၊ စီးပွားရေး နာလန်ထူရေး၊ ဒေသတွင်း ကုန်သွယ်မှူလမ်းကြောင်းများ ကောင်းမွန်ရေး၊ အကောက်ခွန်၊ စွမ်းအင်ရောင်းဝယ်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။ ဆွေးနွေးပွဲကို တရုတ်ပြည်သူ့နိုင်ငံခြားရေးရာသိပ္ပံက ဦးဆောင်ကျင်းပပြီး မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများမှ ကျော်ကြားသူများ တက်ရောက်ခဲ့သည်။ ယင်းဌာနသည် နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်သည့် အဖွဲ့အစည်း တခုဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၈ တရုတ်အစိုးရ ဦးဆောင်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် (Traditional Dance Festival of Mekong- Lancang) ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းဌာနတွင် ဖော်ပြထားသည်။ မဲခေါင်-လန်ချန်းနိုင်ငံများအတွင်း ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများကို လေ့လာနိုင်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်တို့အပြင် ဒေသတွင်းရှိ အနုပညာရှင်လူငယ်များအကြား ပိုမိုရင်းနှီးချစ်ခင်စေရန် ရည်ရွယ်ကြောင်းစစ်ကောင်စီ၏ ဝန်ကြီးကပြောဆိုခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၅-၁၀ တရုတ်နိုင်ငံက ဦးဆောင်ကျင်းပသော ငါးကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ခဲ့ကြောင်း Myantrade တွင် ဖော်ပြသည်။ နိုဝင်ဘာလ၌ ရှန်ဟိုင်းမြို့တွင် နှစ်စဉ်ကျင်းပသည့် ကမ္ဘာ့အကြီးဆုံး သွင်းကုန်ပြပွဲဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာဈေးကွက်ကို ချဲ့ထွင်နိုင်ရန်နှင့် အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရေးကို ရည်ရွယ်သည်။ ယခုအကြိမ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဗီဒီယိုကွန်းဖရန့်စနစ်ဖြင့် အမှာစကားပြောခဲ့သည်။ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက နှစ်စဉ်ပါဝင်ခဲ့ပြီး ယခုနှစ်တွင် မြန်မာ့ထွက်ကုန် ပစ္စည်းများကို ပြခန်းလေးခန်းဖြင့် ပြသခဲ့သည်။ “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်” (Regional Comprehansive Economic Partnership – RCEP) အဖွဲ့ဝင်နိုင်ငံများမှ ကုမ္ပဏီများ၊ ရပ်ဝန်းလမ်းကြောင်းအစီအမံ လမ်းကြောင်းတလျှောက်ရှိနိုင်ငံများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း(SCO) တွင် ပါဝင်သော နိုင်ငံများ တက်ရောက်ခဲ့သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၄ ၂၀ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်အလွန် တရုတ်-မြန်မာဆက်ဆံရေးအ လားအလာများကို တရုတ်သံအမတ်မှ မြန်မာ့ပါဝင်ဘက်အသီးသီးတို့ကို မိတ်ဆက်တင်ပြခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့ သည်။ မစ္စတာရှီကျင့်ဖျင်ဦးဆောင်သည့် ပါတီဗဟိုကော်မတီအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ရပ်ဝန်းလမ်းကြောင်း အစီအမံနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို လည်း ဆက်လက်ဖော်ဆောင်သွားရန် အလိုရှိကြောင်း တရုတ်သံအမတ်ကပြောခဲ့သည်။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်းများ၊ကုန်သွယ်ရေး၊အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လျှပ်စစ် ကဏ္ဍများ အပါအ၀င် ကဏ္ဍပေါင်းစုံတွင် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ ပြည်သူများ အတန်အသင့်ချမ်းသာ ကြွယ်ဝသောဘဝရရှိနိုင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်အဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၃ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းတခုဖြစ်သည့် မအီ-ကျောက်ဖြူလမ်းပိုင်း တည်ဆောက်ရေးစီမံကိန်း ဖြစ်တန်ခြေလေ့လာမှုအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ နေပြည်တော်-အောင်လံ-မအီ-ကျောက်ဖြူလမ်းစီမံကိန်းမှ နေပြည်တော်-မအီလမ်းပိုင်းအတွက် ဖြစ်တန်ခြေလေ့လာမှု (Feasibility Study) လုပ်ဆောင်ပြီးဖြစ်သောကြောင့်ကျန်ရှိနေသည့် မအီ-ကျောက်ဖြူလမ်းပိုင်း၏ဖြစ်တန်ခြေကို ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။ ထို့ပြင်လမ်းပိုင်းတည်ဆောက်ရာတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အသုံးပြုမည့် ယာဉ်စီးရေပမာဏနှင့် တွက်ချက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် ဘေကျင်းမြို့တွင် ရေးထိုးခဲ့သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှစ်နိုင်ငံပူးတွဲတည်ထောင်ရန် နားလည်မှုစာချွန်လွှာအရ နေပြည်တော်-အောင်လံ-မအီ-ကျောက်ဖြူလမ်းစီမံကိန်းအတွက် ဖြစ်တန်ခြေလေ့လာမှုပြုလုပ်ရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် China Harbour Engineering Company Limited (CHEC) တို့အကြား သဘောတူညီထားသည်။ ဤစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ဆောလျင်စွာဆောင်ရွက်ရမည့် စီမံကိန်းများ (Early Harvest Projects) များအနက် တခုအပါအဝင်ဖြစ်ပြီး အာဆီယံဒေသတွင်းဆက်သွယ်မှုဆိုင်ရာမဟာစီမံကိန်း (Master Plan on ASEAN Connectivity 2025 – MPAC 2025) နှင့် မြန်မာနိုင်ငံ၏စီမံကိန်းဘဏ် (Myanmar National Project Bank) တို့တွင်လည်း ထည့်သွင်းပါဝင်နေသည့်အတွက် အရေးကြီးစီမံကိန်းတခုအဖြစ် သတ်မှတ်ထားသည်။ |
၂၀၂၂၊ နိုဝင်ဘာ ၂ ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် စစ်ကောင်စီဝန်ကြီးနှင့် တရုတ်ကုမ္ပဏီ CITIC Consortium ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်မည့် အခြေအနေနှင့်ပတ်သက်ပြီး CITIC Consortium Myanmar Port Investment Limited ဒုတိယဥက္ကဋ္ဌနှင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦးတို့ နေပြည်တော်တွင်တွေ့ဆုံခဲ့ကြောင်းရေးသားထားသည်။ တွေ့ဆုံပွဲကို အဆိုပါဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပတ်၀န်းကျင်နှင့် လူမှုရေးသက်ရောက်မှု (EIA/SIA) ဆန်းစစ်သည့်အဖွဲ့သည် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏အနောက်တောင်ဒေသကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည့် အရေးပါသည့် စီမံကိန်းတခုဖြစ်သည်။ |
၂၀၂၂၊ နိုဝင်ဘာ ၁ တရုတ်အစိုးရ ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် မြန်မာနိုင်ငံ အပါအဝင် လန်ချန်း-မဲခေါင်နိုင်ငံအချို့အတွက် Amazon Web Service သင်တန်းများ ဖွင့်လှစ်လိုက်ကြောင်း တရုတ်သံရုံးနှင့် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ “မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေးသုတေသနဌာန ထူထောင်ခြင်း” စီမံကိန်း၏နောက်ဆက်တွဲအဖြစ် အဆိုပါသင်တန်းများကို စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါ AWS Cloud Computing သင်တန်းများကို မြန်မာနိုင်ငံမှ ၂၅ ဦးအပါအဝင် လန်ချန်း-မဲခေါင်နိုင်ငံများမှ သင်တန်းသား ၃၅ ဦးတို့အား နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချသွားမည်ဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း “Microsoft Cloud Computing နှင့် Cloud Security နည်းပညာသင်တန်း” ကျင်းပခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၃၁ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် တောင်တရုတ်ပင်လယ်ပေါ်ရှိ ဘေ့ဘူး ပင်လယ်ကွေ့ဆိပ်ကမ်းနှင့် ရန်ကုန်ဆိပ်ကမ်းကြား တိုက်ရိုက် ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းသစ် ဖွင့်လှစ်လိုက်ကြောင်း တရုတ်သံရုံးက ကြေညာခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာလာသော “SITC Venus” အမည်ရှိ ကုန်တင်သင်္ဘောတစီးသည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဘေ့ဘူးပင်လယ်ကွေ့ရှိ ချင်းကျိုးဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့သည်ဟုရေးသားထားသည်။ ဘေ့ဘူး-ရန်ကုန်ကြား ကုန်တင်သင်္ဘော လေးစင်း အပတ်စဉ်ပြေးဆွဲမည်ဖြစ်ပြီး ဘေ့ဘူးဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ၁၂ ရက်အတွင်း ကုန်စည်ပို့ဆောင်နိုင်မည် ဖြစ်သည်။ ၎င်းတိုက်ရိုက်ရေကြောင်းလမ်းသည် တရုတ်၏ ဘေ့ဘူး ပင်လယ်ကွေ့ဆိပ်ကမ်းနှင့် မြန်မာအပါအဝင် ဘက်စုံလွှမ်းခြုံမှုရှိသော ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) တွင် ပါဝင်သော ဒေသတွင်းဆိပ်ကမ်းများအကြား နောက်ထပ်ရေကြောင်းလမ်းသစ်တခု တိုးလာသည်ဟု ဖော်ညွှန်းထားသည်။ ဤရေကြောင်းလမ်းတွင် အပတ်စဉ် ပြေးဆွဲမည့် ကုန်တင်သင်္ဘော လေးစင်းတို့သည် ရန်ကုန်ဆိပ်ကမ်း၌ ခေတ္တရပ်နားမည်ဖြစ်သည်။ ခရီးစဉ်တလျှောက် ဆိုက်ကပ်မည့် ဆိပ်ကမ်းများမှာ ချင်းကျိုး-နန်ရှား-ရှယ်ခို-ခလန်-ရန်ကုန်-ဘီလာဝမ်-ခလန်-နန်ရှား-ရှယ်ခို-ဟိုင်ဖုန်-ချင်းကျိုး တို့ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဘေ့ဘူး ဒေသတခွင် ဆိပ်ကမ်းများနှင့်ချိတ်ဆက်စေရန် နှင့် ရထားလမ်း-ကားလမ်း-ပင်လယ်သမုဒ္ဒရာ (ကွန်တိန်နာ) နိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) တည်ဆောက်ရေးတွင် ပါဝင်စေရန်တရုတ်နိုင်ငံဘက်က ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ၂၀၁၉ စက်တင်ဘာတွင် ဘေ့ဘူး ဆိပ်ကမ်းနှင့် ရန်ကုန်ဆိပ်ကမ်းတို့အကြား ညီအစ်မဆိပ်ကမ်းဆက်ဆံရေး (a sister port relationship) အဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၃၁ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးအတွက် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနအရာရှိများအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲအရာရှိအကယ်ဒမီကျောင်းက သင်တန်းပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ဆိုက်ဘာမှုခင်း (cybercrime) ကျူးလွန်ပုံများအား ခွဲခြမ်းဆန်းစစ်ပြီး နိုင်ငံတကာ ဆိုက်ဘာ မှုခင်းတိုက်ဖျက်ရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို သင်ကြားပေးမည် ဖြစ်ကြောင်းရေးသားထားသည်။ သင်တန်းကို တရုတ်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီစဥ်ပြီးစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနမှ သင်တန်းသား ၁၂ ဦး တက်ရောက် ကြသည်။ တရုတ်စီးပွားရေး သံမှူးတန်ရှဖု က နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆိုက်ဘာမှုခင်းတိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ဖွင့်ပွဲတွင်ပြောခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၉ ဘက်စုံလွှမ်းခြုံမှုရှိသော ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP ၏ စာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် ပြည်တွင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်ရရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ထားသည်။ မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် မြန်မာပို့ ကုန်လုပ်ငန်းရှင်များအနေဖြင့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် နိုဝင်ဘာ ၁ ရက်မှစ၍ စိစစ်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။ ၎င်းအပြင် သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများအနေဖြင့် အွန်လိုင်းလျှောက်လွှာစနစ်အသုံးပြု၍ နိုဝင်ဘာ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ပါဝင်သည့် အဆိုပါသဘောတူစာချုပ်သည် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ အသက်ဝင်ပြီဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံအချို့၏ကန့်ကွက်မှုကြောင့် လတ်တလောတွင် တရုတ်အစိုးရဦးဆောင်သည့် RCEP အစီအစဥ်၌ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် မေ ၁ ရက်မှ စတင်ထည့်သွင်းသတ်မှတ်ခဲ့သည်။ အဆိုပါစာချုပ်အသက်ဝင်ခြင်းကြောင့် တရုတ်နှင့်မြန်မာကြားကုန်သွယ်မှုတွင် ကုန်စည်အမျိုးအစား ၅,၀၀၀ ကျော် အကောက်ခွန်သက်သာခွင့်ရမည်ဖြစ်သည်။ |
၂၀၂၂ ၊ အောက်တိုဘာ ၂၈ တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development – CFRD) ၏ မြန်မာနိုင်ငံရုံးခန်း ခုနစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံး ကထုတ်ပြန်ခဲ့သည်။ အဆိုပါဖောင်ဒေးရှင်းသည် တရုတ်နိုင်ငံတွင် အကြီးဆုံးအရပ်ဖက်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေအရင်းအမြစ်သန့်ရှင်းရေး စသည့် စီမံကိန်း ၁၄ ခုကို အကောင်အထည်ဖော်နေကြောင်းရေးသားထားသည်။ |
၂၀၂၂ ၊ အောက်တိုဘာ ၂၇ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း၏ အဓိကကျသောစီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အလိုမရှိကြောင်း ရခိုင်ပြည်နယ်ရှိဒေသခံများကဆန္ဒထုတ်ဖော်ကာ ကန့်ကွက်ခဲ့ကြသည်ဟု RFA သတင်းဌာနက ဖော်ပြထားသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ဒေသခံများ၏ ငါးဖမ်းလုပ်ငန်းအပေါ် ထိခိုက်နစ်နာနေသောကြောင့် ချက်ချင်းရပ်တန့်ရန် နှင့် ဒေသခံများကို လေးစားရန် စသည့် ဆိုင်းဘုတ်များဖြင့် ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြသည်။ ဒေသခံတို့၏ငါးဖမ်းလုပ်ကွက်များတွင် ၎င်းတို့၏ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ သင်္ဘောကြီးများဖြင့် ရေအောက်မြေတူးဖော်နေခြင်းကြောင့် ငါးဖမ်းလုပ်ကွက်နှင့် ငါးဖမ်းပိုက်များ ပျက်စီးကုန်သဖြင့် ရေလုပ်သားများ ငါးဖမ်းမရတော့ကြောင်း ဆိုသည်။ ဩဂုတ် ၂၇-၂၈ တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပတ်၀န်းကျင်နှင့် လူမှုရေးသက်ရောက်မှု (EIA/SIA) ဆန်းစစ်သည့်အဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ်နှင့် မဒေးကျွန်းတို့၌ ပြုလုပ်ခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို CITIC Myanmar Port Investment Limited နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ်တည်ထောင်ထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏အနောက်တောင်ဒေသကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည့် အရေးပါသည့် စီမံကိန်းတခုဖြစ်သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၇-၃၀ တတိယအကြိမ် မြန်မာ(လားရှိုး) – တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်စည်ပြပွဲကို စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်ကာ ကျင်းပခြင်းဖြစ်သည်။ အွန်လိုင်းပလက်ဖောင်း (Myanmar Online Expo Park) ကို အသုံးပြုပြီး အောက်တိုဘာ ၂၇ မှ ၃၀ ရက်အထိ လေးရက်တာပြုလုပ်ကျင်းပသည့် ၎င်းပြပွဲတွင် မြန်မာနှင့်တရုတ်နိုင်ငံထုတ် ဒေသထွက်ကုန်များ၊ စားသောက်ကုန်များ၊ ပရိဘောဂပစ္စည်းများနှင့် ရိုးရာအထည်များကို မြန်မာကုမ္ပဏီ ၃၃ ခုနှင့် တရုတ်ကုမ္ပဏီ ၁၀ တို့က ပါဝင်ပြသခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့်အဖွဲ့၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ ပါတီကော်မတီအတွင်းရေးမှူး ကျန်းကြည်းကျိန့်၊ လင်ချန်းမြို့တော်ဝန် သုကျန့်ဟွေးနှင့်အဖွဲ့နှင့် ကုန်သည်အသင်းအဖွဲ့များ တက်ရောက်ကြသည်။ ထိုကုန်စည်ပြပွဲကို အလှည့်ကျစနစ်ဖြင့်ကျင်းပရန် သဘောတူထားပြီး ပထမအကြိမ်ကုန်စည်ပြပွဲကို လားရှိုးမြို့၌ ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ပြပွဲကို ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံဘက်က စီစဉ်ကျင်းပခဲ့သည်။ ထိုကုန်စည်ပြပွဲမှတဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး ရပ်ဝန်းလမ်းကြောင်းအစီအမံနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး တွန်းအားပေးရန်တရုတ်နိုင်ငံက ရည်ရွယ်ထားကြောင်းထုတ်ပြန်ထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၆ မြန်မာ့ဒစ်ဂျစ်တယ်စာကြည့်တိုက် တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။ အဆိုပါသင်တန်းကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးစီမံခန့်ခွဲမှု ဗဟိုအကယ်ဒမီမှ ကျင်းပခြင်းဖြစ်သည်။ ၁၄ ရက်ကြာမြင့်မည့် မွမ်းမံသင်တန်းတွင် စမတ်စာကြည့်တိုက်တည်ဆောက်မှုနှင့် တက္ကသိုလ်စာကြည့်တိုက် ဂေဟစနစ် တည်ဆောက်မှုသင်ခန်းစာများ ပို့ချမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး တန်ရှုဖူ အပါအဝင် စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြသည်။ ယခုသင်တန်းသည် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှ စစ်ကောင်စီဝန်ကြီးဌာနများအတွက် ဖွင့်လှစ်ပေးသည့် တတိယမြောက်သင်တန်းဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နှင့် ၁၄ ရက်တို့တွင်လည်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့အတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၆ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ အထူးသဖြင့်စီးပွားရေးလုပ်ငန်းရှင်များ ဗီဇာ သက်တမ်းတိုးရာတွင် လွယ်ကူချောမွေ့စေရန် “နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပခဲ့ကြောင်း တရုတ်သံရုံး ကထုတ်ပြန်ခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာတွင် ဆွေးနွေးပွဲတွင် ဗီဇာသက်တမ်းတိုးလျှောက်ထားမှုအခြေအနေများ၊ ချိတ်ဆက်ဆောင်ရွက်သည့်ဌာန၊ လျှောက်ထားမှုလုပ်ငန်းစဉ်၊ ဗီဇာသက်တမ်းကာလ စသည့်ကိစ္စရပ်များအပေါ် စစ်ကောင်စီတာဝန်ရှိသူများနှင့် တရုတ်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းရှင်များအကြား ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ ဗီဇာသက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ် ချောမွေ့စေရေး၊ အွန်လိုင်းဗီဇာ သက်တမ်းတိုးလျှောက်ရန် ဖွင့်လှစ်ရေး၊ စိစစ်မှုလုပ်ငန်းစဉ် မြန်ဆန်စေရေး စသဖြင့် တရုတ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။ တရုတ်နိုင်ငံသားများ၏ ဗီဇာသက်တမ်းတိုးရာတွင် လွယ်ကူချောမွေ့စေရန် နှစ်ဦးနှစ်ဖက် ချိတ်ဆက်ဆောင်ရွက်မည့်အကြောင်း သဘောတူခဲ့ကြောင်း ရေးသားထားသည်။ ထိုဆွေးနွေးပွဲမတိုင်ခင် တွင် တရုတ်သံအမတ်ချန်းဟိုင်သည် စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးနှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၆ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကကျသော စီမံကိန်းတခုဖြစ်သည့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ထားသည်။ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို ကချင် ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကောင်အထည်ဖော်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်တည်းက နှစ်နိုင်ငံ သဘောတူ ထားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် ခရီးစဥ်အတွင်းတွင်လည်း ထိုစီမံကိန်းများ အကောင်ထည်ဖော်ရေး အရှိန်မြှင့်ရန် သဘောတူညီခဲ့သည်။ အဆိုပါအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပပြီး ဗဟိုကော်မတီအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးမြင့်ဆွေနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၄ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့နှင့် ကုမ္ပဏီများ ပူးပေါင်းလှူဒါန်းသည့် တတိယအကြိမ် မဟာဘုံကထိန်အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်၌ ပြုလုပ်ခဲ့ကြောင်း ရွှေဇာမဏီဂျာနယ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လာလျက်ရှိပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပုဂံရွှေစည်းခုံစေတီရှိ ချူအင်လိုင်းတန်ဆောင်းကို တရုတ်အင်ဂျင်နီယာများဖြင့် ပြင်ဆင်ပေးခဲ့သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင်လည်း ဗိုလ်တထောင်စေတီအတွက် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ သွပ်အစားထိုးအမိုးပြား (Polycarbonate) တပ်ဆင်လှူဒါန်းမှုများကို ပြုလုပ်ခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၄ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအလျင်အမြန်ရရှိရေး အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်အပေါ် အားကိုးလိုကြောင်း တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ကရက်သို့ပေးပို့သည့် မြောက်ပိုင်း ညီနောင် မဟာမိတ်သုံးဖွဲ့၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။ အဆိုပါသဝဏ်လွှာကို ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (ULA/AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(ကိုးကန့်) (MNTJP/MNDAA) တို့က တရုတ်ဘာသာဖြင့် ရေးသားပေးပို့ခဲ့ကြောင်း Arakan Army အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ အကြိမ်၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက် အောင်မြင်စွာ ကျင်းပနိုင်ခြင်းနှင့် ရှီကျင့်ဖျင် ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည် ရွေးချယ်ခံရသည့်အတွက် ကြိုဆိုဂုဏ်ပြုကြောင်းကိုလည်းရေးသားထားသည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်၏အခန်းကဏ္ဍအရေးကြီး ကြောင်းနှင့် ဆိုရှယ်လစ် ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးအတွက် ရှီကျင့်ဖျင်၏စီမံချက် ကြီးကျယ်ခမ်းနားကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) မှ တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင်လည်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၄ မြန်မာပြောင်းပို့ကုန်လုပ်ငန်း ၁၁၂ ခုအား ပြောင်းဆန်တင်ပို့ရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China – GACC) က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ထားသည်။ ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီ ၁၁၂ ခုအနက် အချို့ကုမ္ပဏီများသည် ပြောင်းတန်ချိန် ၁,၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ အစမ်းသဘောဖြင့် စတင်တင်ပို့တော့မည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌပြောကြားချက်ကိုလည်း ဖော်ပြ ထားသည်။ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ မှစပြီး မြန်မာပြောင်းကုန်သည်များအနေဖြင့် GACC ၌ မှတ်ပုံတင်၍ ကုန်သွယ်မှုပြုလုပ်ရန် တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ယခုနှစ် မေလ ၁၈ အထိ EOI အဆိုပြုလွှာ ၁၄၂ စောင် လက်ခံရရှိခဲ့ပြီး အချို့ကို GACC ထံ လွှဲပို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်၀န်ကြီးဌာနတို့သည် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လက်မှတ်ရေးထိုးထားသည်။ ထိုစာချုပ်အရ မြန်မာ့ပြောင်းဆန်ကို ကုန်ချောအဖြစ် ပြုပြင် (processing) ရန် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၃ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းကို မြစ်ဆုံစီမံကိန်း အကောင်ထည်ဖော်ခွင့် ရရှိထားသည့် State Power Investment Corporation (SPIC)/Upstream Ayeyawady Confluence Basin Hydropower Co., Ltd (ACHC) ကုမ္ပဏီက ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ကြောင်း Myanmar National Post သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကိုကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ခဲ့ကြောင်းရေးသားထားသည်။ တရုတ်နိုင်ငံပိုင် SPIC/ACHC ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်ပူးပေါင်း၍ ကချင်ပြည်နယ်ရှိ အသက် ၆၀ နှစ်အထက် လူကြီးများကို စားနပ်ရိက္ခာလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၂ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဓာတ်ပုံပြပွဲ ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ပြုလုပ်ခဲ့ကြောင်း အဆိုပါစင်တာမှ ဖော်ပြထားသည်။ “တရုတ်မှတ်တမ်း ရုပ်ရှင်ပွဲတော်” အစီအစဉ်အောက်တွင် တရုတ်ပြည်သူများ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကြိုးပမ်းချက်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ကြောင်းဖော်ပြထားသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်များ၊ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် တရုတ်ယဉ်ကျေးမှုကို ဖော်ပြသည့် ပြပွဲပြိုင်ပွဲများကို အဆိုပါစင်တာအပြင် ရန်ကုန်ရှိကျောင်းများ၌ ပြုလုပ်လျက်ရှိသည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၁ တရုတ်-မြန်မာ စီပွားရေးစင်္ကြံစီမံကိန်း (CMEC) ၏ တစိတ်တပိုင်းဖြစ်သည့် ကန်ပိုက်တီနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော်မည့်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အဆင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးကျင်းပခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည်။ ကချင်ပြည်နယ် အထူးဒေသ(၁)ရှိ ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သဘောတူညီထားသည့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် သုံးခုအနက် တခုဖြစ်ပြီး တရုတ်နိုင်ငံ ပေါင်စမ်းပြည်နယ်ခွဲ၏လက်အောက်ရှိ ထိန်ချုံးမြို့နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၂၁ခုနှစ် မေလ တွင်အတည်ပြုခဲ့သည်။ အစည်းအဝေးကို ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၁ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ သံအမတ်က နယ်စပ်ရေးရာဝန်ကြီးဌာနတွင် လာရောက်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြထားသည်။ သံအမတ် ချန်းဟိုင်နှင့် စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကိစ္စရပ်များအပါအဝင် ရှေ့ဆက်ဆောင်ရွက်မည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု အစီအမံများကိုလည်း ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည် ။ ရှမ်းပြည်နယ် ၊ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် ရပ်ဝန်းလမ်းကြောင်း အစီအမံ အောက်တွင် တရုတ်နိုင်ငံက မဟာဗျုဟာကျစီမံကိန်းများ အကောင်အထည်ဖော်မည့် ပြည်နယ်များဖြစ်သည်။ |
၂၀၂၂၊ အောက်တိုဘာ ၂၀ မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ သံအမတ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လာရောက်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးရန် လာရောက်သော သံအမတ် ချန်းဟိုင်နှင့်အဖွဲ့အား နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် စစ်ကောင်စီဝန်ကြီး ဦးမြင့်ကြိုင်က လက်ခံတွေ့ဆုံခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့်သက်တမ်းဆိုင်ရာ စီမံဆောင်ရွက်မှု၊ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ပစ္စည်းများ ကူညီထောက်ပံ့မှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရာတွင် တရုတ်၏ကူညီဆောင်ရွက်မှု၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးများအသင်း နှင့် တရုတ်နွယ်ဖွားများအား ကူညီဆောင်ရွက်မှု၊ နယ်စပ်ဒေသအပါအဝင် မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးခဲ့ကြသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၉ တရုတ်နိုင်ငံမှဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကျင်းပကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ အစည်းအဝေးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ၊ ရပ်ဝန်းလမ်းကြောင်းအစီအမံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကနဦးသဘောတူညီမှုများ ရရှိခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံနှင့် ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားသည့် မြန်မာနိုင်ငံတို့က ပူးပေါင်းကာကျင်းပခြင်းဖြစ်သည်။ လန်ချန်း-မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သတ်သည့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး တို့ တက်ရောက်ခဲ့ကြောင်းဖော်ပြထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၉ တရုတ်နိုင်ငံ ဘေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre – ACC) မှ ကျင်းပပြုလုပ်သော တရုတ်ဘာသာစကားသင်တန်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာဌေးအောင်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် ၎င်း၏ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အာဆီယံ-တရုတ် ဗဟိုဌာနနှင့်အတူ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်လာပြီး ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ ထို့ပြင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအောက်တွင် ခရီးသွားလုပ်ငန်းသုတေသနစီမံကိန်းနှင့် မုန့်ဖုတ်နည်းသင်တန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၈ တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development) နှင့် မြန်မာ-တရုတ်လုပ်ငန်းရှင်များအသင်း (China Enterprises Chamber of Commerce in Myanmar – CECCM) တို့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်၌ ပန်ဒါဝက်ဝံရုပ်ပုံပါ လွယ်အိတ်နှင့် ကျောင်းသုံးပစ္စည်း (Panda Pack) များ ပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးမှ ဖော်ပြထားသည်။ အဆိုပါစီမံကိန်းသည် “ပန်ဒါဝက်ဝံနိုင်ငံမှလာသော လက်ဆောင်” ဟူသည့် ဆောင်ပုဒ်ဖြင့် ရပ်ဝန်းလမ်းကြောင်း (Belt and Road) တလျှောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ မူလတန်းကျောင်းသားကျောင်းသူများကို Panda Pack များ ပေးအပ်သည့် နိုင်ငံတကာပရဟိတစီမံကိန်းတခုဖြစ်သည်။ ထိုစီမံကိန်းကို CFRD နှင့် အာလီဘာဘာပရဟိတလုပ်ငန်း (Alibaba Philanthropy) တို့ကပူးပေါင်းကာ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်အကောင်ထည်ဖော်ခဲ့ကြသည်။ စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်ဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ မူလတန်းကျောင်းသားကျောင်းသူပေါင်း လေးသိန်းကျော်ကို Panda Pack များ ပေးအပ်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၈ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသော နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်-ကျယ်ဂေါင် (မန့်ဝိန်း) နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ယူနန်ပြည်နယ် ရှိ တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အစည်းအဝေးတွင် ကျယ်ဂေါင်ဂိတ် ပြန်လည်ဖွင့်လှစ်ရေးအပြင် မူဆယ်-ရွှေလီ ကုန်သွယ်ရေးလမ်းကြောင်းတလျှောက် ကွန်တိန်နာ သယ်ယူပို့ဆောင်မှုအကောင်အထည်ဖော်ရေး၊ ယွမ်-ကျပ် တိုက်ရိုက် ရောင်းဝယ်ရေးကို ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသို့ ထောပတ်သီး၊ နာနတ်သီး ကျွဲကောသီး၊ သံပုရာသီးနှင့် ကန်စွန်းဥများ တရားဝင်တင်ပို့နိုင်ရန် အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China – GACC ထံမှ ခွင့်ပြုချက်အမြန်ဆုံးရရှိရေး။ ကြံရာသီနီးကပ်လာသည့်နှင့်အမျှ ကြံတင်ပို့မည့်ကားများအားဝင်ခွင့်ပြုရေး၊ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များ ဖြေလျှော့ပေးရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်းရေးသားထားသည်။ မူဆယ်-ကျယ်ဂေါင် (မန့်ဝိန်း) နယ်စပ်ဂိတ်သည် ကိုဗစ်ကပ်ရောဂါမတိုင်ခင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်များအနက် ကုန်သွယ်မှုပမာဏအများဆုံးဂိတ်တခုဖြစ်သည်။ အဆိုပါ နယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်မှစ၍ ကိုဗစ်ရောဂါကူးစက်မှုကြောင့် ပိတ်ထားခဲ့သည်။ တရုတ်-မြန်မာကုန်စည်ပို့ဆောင်သည့် နယ်စပ်ဂိတ်များအနက် လွယ်ဂျယ်-လိုင်းရင်း၊ ကန်ပိုက်တီ-ထိန်ချုံး၊ ချင်းရွှေဟော်-လင်ချန်း၊ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်၊ ကျိုင်းတုံ-တာလော့ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းနှင့် အခုနှစ်အတွင်းပြန်လည်ဖွင့်လှစ်နိုင်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင်လည်း မူဆယ်-ကျယ်ဂေါင် (မန့်ဝိန်း) ဂိတ် ပြန်လည်ဖွင့်လှစ်ရေးအတွက် နှစ်နိုင်ငံမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း တရုတ်နိုင်ငံတွင်းမှ ကုန်စည်များ တင်ဆောင်သော ကားများသာ မြန်မာနိုင်ငံသို့ထွက်ခွင့်ပြုပြီး မြန်မာနိုင်ငံမှ ကုန်စည်တင်ဆောင်လာသော ကားများအား တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုကြောင်း တရုတ်ဘက်က တင်ပြခဲ့သဖြင့် သဘောတူညီမှုမရခဲ့ပေ။ |
၂၀၂၂၊ အောက်တိုဘာ ၁၆ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) မှ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်သို့ သဝဏ်လွှာပေးပို့ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ထံသို့ လိပ်မူပေးပို့သည့် အဆိုပါသဝဏ်လွှာတွင် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသား ကွန်ဂရက်ကျင်းပခြင်း အတွက် ရှီကျင့်ဖျင်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများကို ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။ ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား အစဉ်အလာ ပေါက်ဖော်ဆက်ဆံရေးကို အားကောင်းစေရန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ အစိုးရ၊ ပြည်သူများနှင့်အတူ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုတည်ဆောက်ရန် အရေးကြီးကြောင်း ရေးသားထားသည်။ တရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်းတခု တည်ဆောက်ရန် အခြေခံအုတ်မြစ်အဖြစ် မြန်မာနိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ ပြန်လည်ရရှိအောင် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံနှင့် လက်တွဲ ဆောင်ရွက်လိုကြောင်းကိုလည်း ဖော်ပြထားသည်။ သဝဏ်လွှာကို အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၅ ၁၃၂ ကြိမ်မြောက် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲ (Canton Fair) ကို အွန်လိုင်းမှ ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်သည်။ အဆိုပါကုန်စည်ပြပွဲကို “ပြည်တွင်းနှင့် နိုင်ငံတကာအပြန်အလှန်ချိတ်ဆက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြပွဲအကြောင်းအရာများတွင် အွန်လိုင်းခင်းကျင်းပြသမှုပလက်ဖောင်း၊ ထောက်ပံ့ရေးနှင့် ဝယ်ယူရေး ချိတ်ဆက်ပေးရေးဝန်ဆောင်မှု၊ နယ်စပ်ဖြတ်ကျော် e-commerce အထူးဧရိယာ စသည့် အပိုင်း ၃ ပိုင်း ပါဝင်မည်ဖြစ်သည်။ ယခုအကြိမ်ပြပွဲကာလသည် ပိုမိုကြာမြင့်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်အထိ ၅ လတာ ကျင်းပမည်ဖြစ်သည်။ ၁၃၂ ကြိမ်မြောက် Canton Fair သို့ မြန်မာနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးနယ်ပယ်မှ လုပ်ငန်းရှင်များ အွန်လိုင်းမှတဆင့် ပါဝင်ကြရန် တရုတ်သံရုံးမှ ဖိတ်ခေါ်ထားသည်။ Canton Fair ကို တရုတ်နိုင်ငံခြားကုန်သွယ်ရေးစင်တာမှ စီစဉ်ပြီး တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကွမ်တုန်းပြည်နယ် ပြည်သူ့အစိုးရတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၄ မြန်မာနိုင်ငံ ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) နိုင်ငံတကာကုန်ထုတ်စွမ်းရည် ပူးပေါင်းဆောင်ရွက်ရေး အွန်လိုင်းမွမ်းမံသင်တန်း ဖွင့်လှစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ သင်တန်းတွင် တရုတ်နိုင်ငံ၏ ကုန်ထုတ်စွမ်းရည်အတွေ့အကြုံများ၊ နိုင်ငံတကာ စက်မှုလုပ်ငန်းပြောင်းရွှေ့မှုနှင့် နိုင်ငံတကာကုန်ထုတ်စွမ်းရည် ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးမြှင့်တင်ရေး ဗျူဟာများကို လိုက်နာခြင်းနှင့် စံပြလုပ်နည်းလုပ်ဟန်များ စသည်တို့ကို ပို့ချသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါသင်တန်းကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးစင်တာမှ တာ၀န်ခံကျင်းပမည်ဖြစ်ကြောင်း ရေးသားထားသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးတန်ရှုဖူမှ မိန့်ခွန်းပြောခဲ့ပြီး စစ်ကောင်စီ စွမ်းအင်၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ သင်တန်းသား ၁၈ ဦး တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ အဖွင့်မိန့်ခွန်းတွင် တရုတ်စီးပွားရေးသံမှူးက တရုတ်လုပ်ငန်းရှင်များသည် ကုန်ကြမ်းယူ၊ ကုန်ချောပေးသည့် လက်ခစားလုပ်ငန်း (CMP) များတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံ၌ CMP စက်ရုံ ၅၀၀ ကျော်ထူထောင်ထားကာ အလုပ်အကိုင် လေးသိန်းခန့် ဖော်ဆောင်ပေးထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် စစ်ကောင်စီ ၀န်ကြီးဌာနအသီးသီးကို သင်တန်းပို့ချလျက်ရှိပြီး အောက်တိုဘာ ၁၁ ရက်တွင်လည်း စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် မြန်မာရထားလမ်းစီမံရေးဆွဲမှုနှင့် တည်ဆောက်မှု အရာရှိများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၄ “တတိယ အကြိမ် မြန်မာ(လားရှိုး) – တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ” တွင် အွန်လိုင်းမှ တဆင့် ပါဝင်ပြသမည့် မြန်မာကုမ္ပဏီများကို သင်တန်းပေးခဲ့ကြောင်း Myantrade အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ “တတိယအကြိမ် မြန်မာ(လားရှိုး) – တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ” ကို မြန်မာနိုင်ငံက ဦးဆောင်၍ အွန်လိုင်းမှတဆင့် အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းကြေညာထားသည်။ ထိုကုန်စည်ပြပွဲကို တရုတ်-မြန်မာ အလှည့်ကျစနစ်ဖြင့်ကျင်းပရန် သဘောတူထားပြီး ပထမအကြိမ်ကုန်စည်ပြပွဲကို လားရှိုးမြို့၌ ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ပြပွဲကို ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံဘက်က စီစဉ်ကျင်းပခဲ့သည်။ ထိုကုန်စည်ပြပွဲမှတဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး ရပ်ဝန်းလမ်းကြောင်းအစီအမံနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး တွန်းအားပေးရန်တရုတ်နိုင်ငံက ရည်ရွယ်ထားကြောင်းထုတ်ပြန်ထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၄ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံသံအမတ်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနများမှဝန်ကြီးများနှင့်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ တရုတ် သံအမတ် ချန်းဟိုင်နှင့်အဖွဲ့သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စစ်ကောင်စီဝန်ကြီး ဒေါက်တာကံဇော်တို့နှင့်သီးခြားတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တရုတ်အစိုးရ၏ လက်ရှိပါဝင်ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးတိုးမြှင့်မှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းရေးသားထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၃ ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့အားကစားသမားများကို တရုတ်နိုင်ငံတွင် သင်တန်းပေးအပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်သံအမတ်ချန်းဟိုင်နှင့်အဖွဲ့သည် စစ်ကောင်စီ အားကစားဝန်ကြီး ဦးမင်းသိန်းဇံနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အားကစားဆိုင်ရာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြသည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားသမားများအား တရုတ်နိုင်ငံတွင် မွမ်းမံသင်တန်းပေးခဲ့ရာတွင်လည်းကောင်း၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ အမှတ်-၁ ကို အဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့ရာတွင်လည်းကောင်း တရုတ်အစိုးရ၏ ကူညီထောက်ပံ့မှုအား စစ်ကောင်စီဝန်ကြီးက ကျေးဇူးတင်စကားဆိုခဲ့သည်။ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာ့အားကစား ခြောက်ဖွဲ့မှ အားကစားသမား ၇၉ ဦးတို့ကိုလည်း တရုတ်အစိုးရ၏ အားကစားနည်းပညာစီမံကိန်းအစီအစဉ်ဖြင့် ပြိုင်ပွဲမတိုင်မီတွင် တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်စေခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၂ နိုင်ငံရေးအကဲဆတ်မှုကို သတိမူလျက် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ယခင်အစိုးရလက်ထက် ချုပ်ဆိုခဲ့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းစီမံကိန်းစာချုပ်များအတိုင်း ညှိုနှိုင်းဆောင်ရွက်သွားမည်အကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်တွင် ရေးထိုးခဲ့သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့သော ရှယ်ယာ ခွဲဝေမှု သဘောတူညီချက် (Shareholder Agreement) နှင့် Concession Agreement စာချုပ်များအတိုင်း တဖက်နှင့်တဖက် အပြန်အလှန်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး တွင် ဥက္ကဋ္ဌဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့ကြောင်းရေးသားထားသည်။ ထို့ပြင် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်သည့်အထိ အကောင်အထည်ဖော်ရန်မှသာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းကိုပါ ဆက်လက်အကောင်အဖော်နိုင်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဒေသခံများအား စက်ရုံလိုအပ်ချက်နှင့်ကိုက်ညီမည့် ကျွမ်းကျင်သင်တန်းများပေးသွားရန် ပြောဆိုခဲ့ကြောင်း သတင်းစာတွေဖော်ပြထားသည်။ အဆိုပါအစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် စစ်ကောင်စီဝန်ကြီးနှင့် ဒုဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအပါအဝင် ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ ကြောင်းရေးသားထားသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ အနောက်တောင် ဒေသကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည့် အရေးပါသည့် စီမံကိန်းတခုဖြစ်သည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၁ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း၏အဓိကကျသော စီမံကိန်းတခုဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်ပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ စက်ရုံဖွင့်ပွဲအခမ်းအနားတွင် တရုတ်နှင့်မြန်မာနိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်သောစီမံကိန်းတခုဖြစ်ပြီး ကျောက်ဖြူဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်လိုက်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်မှုများကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း တရုတ်သံအမတ်ချန်းဟိုင်က ပြောကြားခဲ့သည်။ ထို့ပြင် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံမှ တနှစ်လျှင် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကျောက်ဖြူ ၂၃၀ မဂ္ဂါဝပ် ဓာတ်အားခွဲရုံမှတဆင့် ရခိုင်ပြည်နယ်အတွင်းရှိ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများဆီသို့ ပေးပို့ဖြန့်ဖြူးသွားမည်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောဆိုခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ် စစ်ကောင်စီ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ Power China Resource Co.,Ltd နှင့် Kyauk Phyu Electric Power Co.,Ltd မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။ ကျောက်ဖြူမြို့နယ်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် အရေးပါသော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတည်ဆောက်လည်းရန်ပြင်ဆင်နေသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၁ မြန်မာ့ရထားလမ်းစီမံရေးဆွဲမှုနှင့်တည်ဆောက်မှုအရာရှိများအတွက် မွမ်းမံသင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ ထိုသင်တန်းတွင် တရုတ်နိုင်ငံ၏ ရထားလမ်းဒီဇိုင်းရေးဆွဲမှု၊ တည်ဆောက်မှုနှင့် လည်ပတ်စီမံအုပ်ချုပ်မှုအပိုင်းတွင် ခေတ်မီသဘော တရားနှင့်အတွေ့အကြုံများကို သင်ကြားပေးမည်ဖြစ်ကြောင်းရေးသားထားသည်။ အဆိုပါ မွမ်းမံသင်တန်းကို စစ်ကောင်စီ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသား ၂၅ ဦးက တက်ရောက်သွားမည်ဖြစ်ပြီးသင်တန်းမှာ ၂၁ရက်ကြာမြင့်ဖြစ်သည်။ ၄င်းသင်တန်းကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ China Railway Signal & Communication Shanghai Engineering Bureau Group Ltd မှ သင်ကြားပေးမည်ဖြစ်သည်။ တရုတ်စီးပွားရေးသံမှူးတန်ရှုဖူ တရုတ်-မြန်မာနှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတွင် ဖွံ့ဖြိုးတိုးတက်ရန်အလားအလာကောင်း ရှိနေသော်လည်း လက်ရှိတရုတ်-မြန်မာကု န်းလမ်းပို့ဆောင်ရေး လမ်းကြောင်းမှတဆင့် ပို့ဆောင်နိုင်သည့် ပမာဏနည်း၍ ထိရောက်မှုနည်းသဖြင့် အရည်အသွေးမြင့် မြန်မာ့ကုန်ပစ္စည်းအများအပြားက တရုတ်နိုင်ငံသို့ အချိန်မီမပို့ဆောင်နိုင် ကြောင်းထည့်သွင်းပြောဆိုခဲ့သည်။ ထို့ပြင်တရုတ်နိုင်ငံက အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် မူဆယ်-မန္တလေး ရထားလမ်းပိုင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အစိတ်အပိုင်းဖြစ်သည့်အပြင် အာရှဖြတ်ကျော်ရထားလမ်း (Trans-Asian Railway) ၏ အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သောကြောင့် စီးပွားရေးစင်္ကြံချိတ်ဆက်မှုပိုမိုအားကောင်းစေမည်ဟုပြောဆိုခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၁၀ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Hozon Auto နှင့် မြန်မာနိုင်ငံရှိ Grand Sirius Company Limited (GSE) တို့ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ Hozon Auto ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် Neta U နှင့် Neta V အမှတ်တံဆိပ် လျှပ်စစ်ကားများကို နိုင်ငံတကာစံညွှန်းနှင့်အညီ ဝန်ဆောင်မှုပေးရန်၊ မြန်မာနိုင်ငံ၏ ပြည်တွင်းမော်တော် ယာဉ်ဈေးကွက်အတွင်းသို့ မိတ်ဆက်ပေးရန်နှင့် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်ရန် ပါရှိသည်။ အဆိုပါ တရုတ်ကုမ္ပဏီသည် ပြည်ပဈေးကွက်ချဲ့ထွင်နေသော တရုတ်လျှပ်စစ်မော်တော်ယာဉ် ကုမ္ပဏီဖြစ်ပြီး အစ္စရေး၊ လာအို၊ နီပေါ၊ မြန်မာ အစရှိသော နိုင်ငံများအတွင်းသို့ ၂၀၂၂ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၇ ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်းများတွင် ကုန်စည်စီးဆင်းမှုချောမွေ့ရေး ညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်အစိုးရရုံးတွင်ကျင်းပခဲ့သည်။ ကန်ပိုက်တီ – ထိန်ချုံး နှင့် လွယ်ဂျယ် – လိုင်းရင်း ကုန်သွယ်ရေးဂိတ်များတွင် ကုန်ပစ္စည်းတင်ပို့ရာ၌ စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရန်၊ တစ်သျှူးငှက်ပျောနှင့် စိုက်ပျိုးသီးနှံထုတ်ကုန်များ အချိန်မီတင်ပို့နိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြောင်းရေးသားထားသည်။ ထို့အပြင် တရုတ်နိုင်ငံဘက်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ယာဥ်အစီးရေသတ်မှတ်ချက်အပြင် ကွန်တိန်နာ ဘောက်စ်စနစ်ဖြင့် ကန်ပိုက်တီ-ဟိုချောင် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မည့် အစီအစဥ်များနှင့် တရုတ်ခေါက်တို အစားထိုးယာဥ်မောင်း (ရှန်တိန်) စနစ်ဖြင့် ကုန်စည်ဖလှယ်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါအစည်းအဝေးကို မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကောင်စီ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ |
၂၀၂၂၊ အောက်တိုဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့သို့ အသွားတွင် တည်ရှိသည့် မိုင်းတွမ်းစစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့တရုတ်နိုင်ငံသား သုံးဦးကို မိုင်းတွမ်းရဲစခန်းမှ ဖမ်းဆီးရမိကြောင်း Tachileik News Agency တွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသား သုံးဦးမှာ ဆိုင်ကယ်ကယ်ရီ သုံးစီးဖြင့် မိုင်းဆတ်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ဝင်ရောက်လာသည်ကိုမူ မသိရှိရသေးပါ။ လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသား သုံးဦးအပြင် ထိုသူများကို ပို့ဆောင်သော ဆိုင်ကယ် ကယ်ရီသမားများကိုပါ ဖမ်းဆီးထားကြောင်း သတင်းဌာနက ဖော်ပြထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၄ တရုတ်-မြန်မာ ကုန်သွယ်ရေးရထားလမ်းကြောင်းများချိတ်ဆက်ရန် အရေးပါသည့် တာလီ-ရွှေလီ ရထားလမ်းပိုင်း၏ ပေါင်စန်းဥမင်လိုဏ်ခေါင်း မီးရထားသံလမ်းခင်းခြင်း ပြီးစီးခဲ့ကြောင်း ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြထားသည်။ တာလီ-ရွှေလီမီးရထားလမ်းသည် တာလီမြို့နှင့် ရွှေလီမြို့ကို ဆက်သွယ်ထားသော ခရီးသည်နှင့်ကုန်စည်ပူးတွဲပို့ဆောင်နိုင်သည့် တလမ်းသွားလျှပ်စပ်ရထားလမ်းတခုဖြစ်ပြီး ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI)၏ အစိတ်အပိုင်း ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် အရေးပါသော စီမံကိန်းတခု ဖြစ်သည်။ တာလီ-ရွှေလီရထားလမ်းပိုင်းရှိ ပေါင်စန်းလိုဏ်ခေါင်းကို ၂၀၂၂ ဧပြီ ၁၉ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး လိုဏ်ခေါင်း ၄၄ ခုရှိသည့်အနက် နှစ်ခုသာ ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိတော့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် တာလီ-ရွှေလီရထားလမ်းပိုင်းရှိ တာလီ-ပေါင်စန်းလမ်းပိုင်းအား အပြီးသတ် ဖောက်လုပ်နိုင်ခဲ့ကြောင်း တရုတ် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ ရထားလမ်းတခုလုံး ပြီးစီးသွားပါက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေးရထားလမ်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းတို့မှတဆင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်မည့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိရေးတရုတ်နိုင်ငံ၏ မဟာဗျူဟာကျသည့် စီမံကိန်းတခုဖြစ်သည်။ |
၂၀၂၂၊ အောက်တိုဘာ ၄ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရန် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China – GACC) တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ GACC ၏ ကြေညာချက်များ အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တရုတ်နိုင်ငံသို့ စားသောက်ကုန်များတင်ပို့သည့် လုပ်ငန်းများသည် GACC တွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံမှတင်ပို့မည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်များ အပါအ၀င် ကုန်စည်အမျိုးအစား ၁၈ မျိုးကို GACC တွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှတဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါကုန်စည်အမျိုးအစား ၁၈ မျိုးတွင် မပါ၀င်သည့် ကုန်စည်များကို တင်ပို့မည့်လုပ်ငန်းများသည် တရုတ်နိုင်ငံ၏ ပြတင်းတပေါက်အစီအစဉ် (Single Window System) ဖြင့် အွန်လိုင်းမှတဆင့် ကိုယ်တိုင် တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ကြောင်း ရေးသားထားသည်။ GACC ၏ ကြေညာချက်ထွက်ပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ကုမ္ပဏီနှင့်စက်ရုံ စုစုပေါင်း ၁,၀၂၂ ခု မှတ်ပုံတင်ရန်လျှောက်ထားပြီး ၎င်းတို့အနက် ကုမ္ပဏီ ၈၈၃ ခုမှာ စိုက်ပျိုးရေးဦးစီးဌာနမှတဆင့် လျှောက်ထားခြင်းဖြစ်သည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်၀န်ကြီးဌာနတို့သည် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လက်မှတ်ရေးထိုးထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁ တတိယအကြိမ် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲကို အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ထုတ်ပြန်ထားသည်။ တရုတ်(လင်ချန်း)-မြန် မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ပူး ပေါင်းကာ အောက်တိုဘာ ၂၇ ရက် မှ ၃၀ ရက်ထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲတွင် တရုတ်နိုင်ငံဘက်မှ ဒေသတွင်းထုတ်ကုန်၊ စက်မှုထုတ်ကုန်၊ လက်ဖက်စိမ်းနှင့်ရိုးရာဝတ်စုံများ ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပရိဘောဂပစ္စည်း၊ ကျောက်မျက်ရတနာ၊ ပြောင်း နှမ်း ဆန် စသည့်လယ်ယာထွက်ကုန်များနှင့် ပင်လယ်ထွက်ကုန်များ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာဘက်မှ ကုန်စည်ပြသရန် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများနှင့် ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့အား ဖိတ်ကြားထားသည်။ ထိုကုန်စည်ပြပွဲကို အလှည့်ကျစနစ်ဖြင့်ကျင်းပရန် သဘောတူထားပြီး ပထမအကြိမ်ကုန်စည်ပြပွဲကို လားရှိုးမြို့၌ ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ပြပွဲကို ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံဘက်က စီစဉ်ကျင်းပခဲ့သည်။ ထိုကုန်စည်ပြပွဲမှတဆင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ရပ်ဝန်းလမ်းကြောင်းအစီအမံနှင့် တရုတ်-မြန်မာစီး ပွားရေးစင်္ကြံ အတူတကွတည်ဆောက်မှုကို ကူညီတွန်းအားပေးရန်လည်း တရုတ်နိုင်ငံက ရည်မှန်းထားသည်။ |
၂၀၂၂၊ အောက်တိုဘာ ၁ တရုတ်အစိုးရ၏ ChinaAid အကူအညီဖြင့် ရယူထားသည့် ရထားတွဲဆိုင်းများ စီမံကိန်းစမ်းသပ်ပြေးဆွဲမှုကို စက်တင်ဘာလအတွင်း ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါရထားတွဲများကို တရုတ်နိုင်ငံမှနည်းပညာရှင်အဖွဲ့၏အကူအညီဖြင့် ရထားလမ်းကြောင်းပေါ်တွင် စမ်းသပ်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ စမ်းသပ်ပြေးဆွဲမှုအောင်မြင်သောကြောင့် အဆိုပါရထားတွဲဆိုင်းများကို မန္တလေး-ရန်ကုန်အပိုင်း ရထားပြေးဆွဲရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ရေးသားထားသည်။ အထက်တန်း ၁၄ တွဲနှင့် ဒုတိယတန်း ၁၄ တွဲ၊ စုစုပေါင်း ၂၈ တွဲပါဝင်သော ထိုရထားတွဲများကို တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။ လတ်တလောတွင် တရုတ်နိုင်ငံသည် မြန်မာ့မီးရထား၏ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့် သင်တန်းပေးနေကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၃၀ မြန်မာနိုင်ငံတွင် စက်သုံးဆီတင်သွင်းရာ၌ တရုတ်ယွမ်ငွေဖြင့် ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားချက်အရ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ ကုန်သွယ်မှုဘဏ္ဍာငွေ (Trade Financing) ရယူထားသည့် နိုင်ငံခြားငွေများ ပြန်လည်ပေးဆပ်ရန်အတွက် စက်သုံးဆီကုမ္ပဏီများမှ SWAP Facility ပမာဏအချို့အား ယွမ်ငွေဖြင့်ပေးဆောင်ခွင့်ပြုခြင်းနှင့် နောင်တွင်ကျသင့်မည့် စက်သုံးဆီဖိုးများကိုလည်း ယွမ်ငွေဖြင့်ပေးချေရန် ဗဟိုဘဏ်မှ ခွင့်ပြုလိုက်ကြောင်း အမိန့်ကြေညာစာတွင် ရေးသားထားသည်။ ထို့ပြင် AD လိုင်စင်ရဘဏ်များအနေဖြင့် ကာလတိုချေးငွေစနစ် ရယူထားသော ကုမ္ပဏီများ၊ လုပ်ငန်းများ၏ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာများအဖြစ် ပြန်လည်ရောင်းချခြင်းကို ဆောင်ရွက်စေပြီး ငွေကြေးလဲလှယ်ရန်၊ ပြန်လည်ပေးဆပ်ရန်နှင့် ပေးဆပ်သောပမာဏများအပေါ်မူတည်၍ Trade Financing ရယူရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များအတွက် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသော လုပ်ငန်း (AD) မှတဆင့် Trade Financing အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၈ တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားသုံးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ကြောင်း တာချီလိတ်သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားများမှာ လာအိုနိုင်ငံမှတဆင့် မဲခေါင်မြစ်ကို စက်လှေဖြင့် ဖြတ်ကျော်ကာ တာချီလိတ်မြို့အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားများကို တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ရွှေတြိဂံပါရာဒိုက်ဟိုတယ်အနီး မယ်ဟုတ်ချောင်းကမ်းဘေးတွင် ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရန် ဝမ်ပုံနယ်မြေရဲစခန်းက လုပ်ဆောင်နေကြောင်း ရေးသားထားသည်။ စက်တင်ဘာ ၂၇ ရက်တွင်လည်း ထိုင်း-မြန်မာနယ်စပ်တွင် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်သည့် တရုတ်နိုင်ငံသားကိုးဦးနှင့် ၎င်းတို့ကို သယ်ဆောင်ပေးသော ထိုင်းခရိုင်ခွဲအုပ်ချုပ်ရေးမှူးတဦးအား ထိုင်းစစ်တပ်မှ ဖမ်းဆီးခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၆ တာချီလိတ်၌ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည်ဟုစွပ်စွဲခံထားရသည့် တရုတ်နိုင်ငံသား ကိုးဦးနှင့် ထိုင်းနိုင်ငံ မယ့်ဖာလုံခရိုင်ခွဲ အုပ်ချုပ်ရေးမှူးတဦးကို ချင်းရိုင်ခရိုင် မယ့်ဖာလုံဒေသတွင် ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားကိုးဦးသည် တာချီလိတ်ဘက်မှ မယ့်ဖာလုံဒေသအတွင်းသို့ တရားမဝင် ၀င်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် call center လုပ်ကိုင်၍ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သောအလုပ်ကို လုပ်ကိုင်ကြောင်း ရေးသားထားသည်။ မြန်မာဘက်မှ လိုက်လံဖမ်းဆီးနေသောကြောင့် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးလာသည်ဟု ထွက်ဆိုခဲ့ကြောင်းကိုလည်း ရေးသားထားသည်။ အဆိုပါတရုတ်နိုင်ငံသားကိုးဦးကို ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက အရေးယူရန်ဆောင်ရွက်နေပြီး မယ့်ဖာလုံခရိုင်ခွဲ အုပ်ချုပ်ရေးမှူးကို လူကုန်ကူးမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း သတင်းဌာနတွင် ဖော်ပြထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၆ တရုတ်-မြန်မာပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက ထုတ်ဝေသော ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းမှတာဝန်ရှိသူများနှင့် သတင်းမီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၎င်းမဂ္ဂဇင်းသည် “တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု” အတွက် တရုတ်-မြန်မာဆက်ဆံရေးဆိုင်ရာ ဆောင်းပါးများ၊ သတင်းများအပါအဝင် သုတရသစာများကို တလတကြိမ်ထုတ်ဝေလျက်ရှိပြီး သတင်းမီဒီယာအဖွဲ့များနှင့်လည်း အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၆ တရုတ်နိုင်ငံတက္ကသိုလ်များမှ မြန်မာစာအဓိက ကျောင်းသူကျောင်းသားများ၏ ပထမအကြိမ် ဗီဒီယိုတိုပြိုင်ပွဲကို အွန်လိုင်းပုံစံဖြင့် စတင်ကျင်းပကြောင်း ပေါက်ဖော်(မြန်မာ) သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါပြိုင်ပွဲကို Sino-Pipeline International ကုမ္ပဏီလီမိတက်နှင့် ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာနတို့ စီစဥ်ကျင်းပခြင်းဖြစ်ပြီး ဘာသာစကား၊ အဆိုအကဖျော်ဖြေရေးနှင့် Micro ရုပ်ရှင်၊ စာပေစသည့် ပြိုင်ပွဲပုံစံသုံးမျိုးဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ရေးသားထားသည်။ ပြိုင်ပွဲဦးစီးကျင်းပရာတွင် ပါ၀င်သည့် Sino-Pipeline International ကုမ္ပဏီသည် တရုတ်-မြန်မာ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (China National Petroleum Corporation) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၆ ဗိုလ်တထောင်စေတီတော်အတွက် တရုတ်နိုင်ငံက လှူဒါန်းခဲ့သည့် ဆံတော်တိုက်လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများသွပ်အစားထိုးအမိုးပြားများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ တရုတ်သံအမတ် တက်ရောက်ကြောင်း သံရုံးစာမျက်နှာနှင့် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို တရုတ်သံအမတ်ချန်းဟိုင်၊ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းဒုဥက္ကဋ္ဌ ဆရာတော်ချန့်ကျန့်အပါအဝင် စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုလည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် “တရုတ်-မြန်မာ ဗုဒ္ဓရေစက် ဓမ္မသံယောဇဉ်” (China-Myanmar Buddhist Cultural Exchange) နှင့် “တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး” စသည်တို့ကို အလေးအနက်ထားပြောဆိုခဲ့ကြသလို ၎င်းသည် မြန်မာ-တရုတ်လူမှုရေးနှင့်ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်သံရုံးသည် တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းနှင့်တွဲကာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများအား လှူဒါန်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုနှင့်အနုပညာဘာသာရပ်အထူးပြု ကျောင်းသားများအတွက် ပထမဆုံးအကြိမ် “တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆု” ပေးအပ်သည့် အခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပခဲ့ရာ တရုတ်သံအမတ်နှင့်ယဉ်ကျေးမှုသံမှူး၊ ပါမောက္ခချုပ်၊ ဆရာဆရာမများ၊ ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများမှ ပညာသင်ဆုရ ကျောင်းသူကျောင်းသား ၅၅ ဦးတို့လည်း တက်ရောက်ခဲ့ကြသည်။ အဆိုပါပညာသင်ဆုသည် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို တရုတ်က ထောက်ပံ့အားပေးရန် ရည်ရွယ်သည်ဟု ရေးသားထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၅ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်သဖြင့် တရုတ်နှင့် ကုန်သွယ်မှုလိုင်စင်လျှောက်ထားခြင်းများကို ကုန်သွယ်ရေးစခန်းများတွင် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရာတွင် အွန်လိုင်းစနစ်ဖြင့် Tradenet 2.0 System တွင်သာမက လူကိုယ်တိုင်ဖြင့် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားခွင့်ပြုထားသည်။ ယနေ့အထိ လာရောက်လျှောက်ထားမှုများအနက် ယွမ်တသန်းနီးပါးတန်ဖိုးရှိ သွင်းကုန်လိုင်စင် နှစ်စောင်၊ အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နှင့်အာဆီယံနိုင်ငံများအကြား ထုတ်ပေးသည့် ယွမ်ငါးသန်းကျော်တန်ဖိုးရှိ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Form-E) အစောင် ၃၀ တို့ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၃ “ထာဝရတရုတ်-တောင်အာရှကုန်စည်ပြပွဲ”ကို တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ်နှင့် တောင်အာရှနိုင်ငံများ၏ ကုန်သွယ်ရေးအာဏာပိုင်များက ပူးပေါင်းကျင်းပမည်ဖြစ်ကြောင်း ကူမင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး ပြောကြားချက်ကို စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲသည် (၆) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၆) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန်ကုန်စည်ပြပွဲများဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ရပ်ဆိုင်းထားခဲ့ရသည်။ အဆိုပါကုန်စည်ပြပွဲနှစ်ခုကို လာမည့်အောက်တိုဘာ ၃၀ ရက် မှ နိုဝင်ဘာ ၇ ရက်အတွင်း အွန်လိုင်းမှတဆင့်နှင့် မြေပြင်အခမ်းအနား(အော့ဖ်လိုင်း) နှစ်မျိုးစလုံးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ Kunming Dianchi International Convention and Exhibition Center တွင် အဓိကပွဲများ ကျင်းပမည်ဖြစ်ပြီး တရုတ်အစိုးရဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ်အစိုးရနှင့် တောင်အာရှနိုင်ငံများမှ ကုန်သွယ်ရေးအာဏာပိုင်များက ပူးပေါင်းကျင်းပမည်ဖြစ်သည်။ အဆိုပါကုန်စည်ပြပွဲများတွင် အစိမ်းရောင်စွမ်းအင်မဏ္ဍပ်၊ ဖွင့်လှစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမဏ္ဍပ်၊ ဇီဝဆေးပညာနှင့်ဆေးပညာမဏ္ဍပ်၊ အဆင့်မြင့် လယ်ယာကုန်ထုတ်လုပ်ငန်းမဏ္ဍပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးမဏ္ဍပ်၊ ခရီးသွားခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာမဏ္ဍပ်၊ လျှပ်စစ်ပစ္စည်းများမဏ္ဍပ်၊ တရုတ်နိုင်ငံဆိုင်ရာမဏ္ဍပ်၊ နိုင်ငံတကာမဏ္ဍပ်၊ တရုတ်(ကူမင်း)၊ တောင်အာရှနှင့် အရှေ့တောင်အာရှသွင်းကုန်ကုန်စည်ပြပွဲနှင့် ကုန်သွယ်မှုဗဟိုဌာန အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။ အွန်လိုင်းပွဲကို www.csa-expo.com မှတဆင့် တပြိုင်နက်ကျင်းပမည်ဖြစ်ပြီး ၂၀၂၂ GMS စီးပွားရေးစင်္ကြံ အုပ်ချုပ်ရေးမှူးများဖိုရမ်၊ (၃) ကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ (၁၀) ကြိမ်မြောက် ယူနန်-တိုင်ပေ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုညီလာခံဖိုရမ်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှုလှုပ်ရှားမှုများ၊ (၁၅) ကြိမ်မြောက် တရုတ်-တောင်အာရှ စီးပွားရေးဖိုရမ်နှင့် (၁၈) ကြိမ်မြောက် အာဆီယံ နိုင်ငံရပ်ခြား တရုတ်လုပ်ငန်းရှင်များညီလာခံကိုလည်း အွန်လိုင်းနှင့် မြေပြင်အခမ်းအနားတွင် တပြိုင်နက်ကျင်းပမည် ဖြစ်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၃ တရုတ်နိုင်ငံ ဟိုက်ခိုနှင့်ပေကျင်းမြို့တို့တွင် ဘက်စုံလွှမ်းခြုံမှုရှိသော ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစင်တာ (RCEP)များကို တရုတ်အစိုးရက ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားကို မြန်မာနိုင်ငံ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စစ်ကောင်စီ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ထိုအခမ်းအနားတွင် တရုတ်နိုင်ငံမှ ညွှန်ကြားရေးမှူးချုပ် ကောင်းရွှမ်းရွှေမှ အမှာစကားပြောကြားခဲ့ပြီး စစ်ကောင်စီ ညွှန်ကြားရေးမှူးချုပ်မှ RCEP မူဘောင်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ RCEP Business Services Center သည် ဟိုင်နန်ပြည်နယ်နှင့် RCEP နိုင်ငံများ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တရုတ်နိုင်ငံ၏ ထွက်ပေါက်တခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းနိုင်ငံများ၏ ကုန်သွယ်ရေးနှင့် ထုတ်ကုန်များအတွက် စျေးကွက်တစ်ခုအဖြစ် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်အစိုးရ၏ဦးဆောင်မှုဖြင့် အဓိကအကောင်အထည်ဖော်နေသည့် RCEP အစီအစဥ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်အသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မေ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါစာချုပ်အသက်ဝင်ခြင်းကြောင့် တရုတ်နှင့်မြန်မာကြားကုန်သွယ်မှုတွင် ကုန်စည်အမျိုးအစား ၅,၀၀၀ ကျော် အကောက်ခွန်သက်သာခွင့်ရမည်ဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၂ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းပေါ် တည်ရှိသည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားသစ် အမှတ်(၂) ကို တည်ဆောက်လျက်ရှိကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တံတားသစ်သည် တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ထိုမှတဆင့် အိန္ဒိယနိုင်ငံသို့ချိတ်ဆက်ထားသော လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် တံတားတည်ဆောက်ပြီးစီးမည်ဆိုပါက တရုတ်-မြန်မာ- အိန္ဒိယကုန်သွယ်ရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍ၌ ပါဝင်အသုံးပြုနိုင်တော့မည့်အကြောင်းလည်း ရေးသားထားသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအောက်တွင် တရုတ်နိုင်ငံက ကချင်ပြည်နယ်ရှိ လီဒိုလမ်းမကြီးအစိတ်အပိုင်းပေါ်တွင် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန်စီမံကိန်းတည်ဆောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် စိုင်းပြင်းခဲ့သည်။ ၎င်းတံတားသစ်သည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်တွင် တည်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းတထောင်ဖြင့် သုံးနှစ်တာစီမံကိန်းကာလအတွင်း တည်ဆောက်ပြီးစီးရန် လျာထားခဲ့သည်။ တံတားအရှည် ၃,၂၁၂ ပေ ရှည်လျားပြီး အကျယ်မှာ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း တဖက်လျှင် ၃ ပေစီရှိကာ ခွင့်ပြုအလေးချိန် ယာဉ်တစီးလျှင် ၇၅ တန်ရှိမည်ဖြစ်သည်။ သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်သော တံတားဟောင်းတွင် တရက်လျှင် ယာဉ်အစီးရေ ၃,၀၀၀ ကျော်ခန့် ဖြတ်သန်းအသုံးပြုလျက်ရှိကြောင်း ၂၀၁၈-၂၀၁၉ ကာလအတွင်း ကောက်ယူခဲ့သည့် တံတားဖြတ်သန်းသွားလာမှုစစ်တမ်းအရ သိရသည်။ လီဒိုလမ်းမကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်စစ်တိုက်ထုတ်ရန် အနောက်မဟာမိတ်များက တရုတ်ထံ စစ်ကူပို့ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၁ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ စစ်ကောင်စီ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ တရုတ်ပြည်သူ့ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်း (Chinese People’s Association for Peace and Disarmament – CPAPD) ၏ဖိတ်ကြားချက်အရ အဆိုပါအခမ်းအနားသို့ မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့၏ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ ၎င်းအခမ်းအနားတွင် တရုတ်နိုင်ငံ၏ ဒုသမ္မတဝမ်ချိရှန်းက တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative) ကို အလေးထားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း အတွင်းရေးမှူးချုပ်၊ နီပေါနိုင်ငံသမ္မတအပါအဝင် ခြောက်နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၁ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ငါးရက်ကြာ အသွားအလာကန့်သတ်မှု ပြုလုပ်ထားရာမှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ အသွားအလာကန့်သတ်မှုကို စက်တင်ဘာ ၁၆ ရက်မှ စတင်ပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး ရွှေလီမြို့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဌာနမှ ကိုဗစ်ပိုးတွေ့လူနာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၂၁ ရက် ညသန်းခေါင်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လကုန်တွင် ရွှေလီ၌ ကိုဗစ်ပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာခဲ့သောကြောင့် အသွားအလာကန့်သတ်ကာ ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရွှေလီမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသော မြို့ဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၀ ၁၂၁ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကြပ်မတ်ရေးကို စတင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် China Radio International Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါဆောင်ရွက်မှုအတွက် မဲခေါင်လေးနိုင်ငံစလုံး၏ ဥပဒေကျင့်သုံးရေးဌာနများမှ သင်္ဘောခြောက် စင်းနှင့် အဖွဲ့၀င် ၁၀၀ ကျော်စေလွှတ်ပြီး မဲခေါင်မြစ်ကြောင်းရှိ သက်ဆိုင်ရာမြစ်ဝှမ်း၌ လေးရက်နှင့် သုံး ညကြာ ပူးတွဲကြပ်မတ်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ရေးသားထားသည်။ မဲခေါင်မြစ်ကြောင်းတလျှောက် တရားဥပဒေစိုးမိုးရေးအတွက် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းနှင့် ကြပ်မတ်ရေးလုပ်ငန်းများကို လစဉ် လုပ်ဆောင်လျက်ရှိသည်။ |
၂၀၂၂၊ စက်တင်ဘာ ၂၀ တရုတ်သံရုံး၏ထောက်ပံ့မှုဖြင့် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ တာဝန်ခံပူးပေါင်းဖွင့်လှစ်သော အခမဲ့အမျိုးသမီးစက်ချုပ်သင်တန်းကို ရခိုင်ပြည်နယ် မြေပုံမြို့၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါစက်ချုပ်သင်တန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းအား သုံးလတစ်ကြိမ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး တကြိမ်လျှင် ဒေသခံသင်တန်းသူ ၁၅ ဦးကို အခမဲ့ လက်ခံသင်ကြားပေးမည်ဖြစ်သည်။ စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်အကိုင်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး နေထိုင်မှုဘဝအခြေအနေများကို ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးနိုင်မည်ဟု ရည်ရွယ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ Zhejiang Normal University က တာဝန်ခံကျင်းပသည့် မြန်မာနိုင်ငံ အစိုးရစီမံအုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်း (Seminar on Improving Government Governance Ability) ကို အွန်လိုင်းစနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်သံရုံး၏ သံမှူး မစ္စတာ ထန်ရှုဖူ၊ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ သင်တန်းသား ၂၅ ဦးတက်ရောက်ခဲ့ကြသည်။ အဆိုပါ မွမ်းမံသင်တန်းကို ငါးရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမူဝါဒများ အစရှိသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။ သံမှူးမှ အစိုးရစီမံအုပ်ချုပ်မှုသည် အရေးပါသော အချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ လူမှုအဖွဲ့အစည်းအုပ်ချုပ်မှု၊ အခြေခံအဆောက်အအုံတည်ဆောက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုဗစ်ရောဂါအား အစိုးရ၏ထိရောက်သည့်ဖွဲ့စည်းမှုစွမ်းရည်နှင့် ပြည်သူ၏ ပါဝင်မှုစွမ်းရည်တို့ကြောင့် အောင်မြင်မှုရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် လက်ရှိတွင် တရုတ်-မြန်မာဆက်ဆံရေးသည် တိုးတက်လျက်ရှိပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်ဆောင်ရွက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖော်ဆောင်မှု၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာပြီး တရုတ်-မြန်မာ ဆက်ဆံရေးခိုင်မြဲလာကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၇ တရုတ်ဦးဆောင်ကျင်းပသည့် ပဉ္စမအကြိမ် တရုတ်-အာဆီယံ သတင်းအချက်အလက်ဆက်သွယ်ရေး ဖိုရမ် (5th China-ASEAN Information Harbor Forum)ကို စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက အွန်လိုင်းမှတဆင့် တက်ရောက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ “ဒစ်ဂျစ်တယ်ပိုးလမ်းမအား ပူးပေါင်း တည်ဆောက်ခြင်းဖြင့် မျှဝေခံစားနိုင်မည့် ဒီဂျစ်တယ်အနာဂတ်ဆီသို့” ဆောင်ပုဒ်ဖြင့် အဆိုပါဖိုရမ်ကို တရုတ်ဆိုက်ဘာအာကာသ စီမံအုပ်ချုပ်ရေးဌာန (Cyberspace Administration)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ကွမ်ရှီကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတို့ ပူးပေါင်း၍ နန်နင်းမြို့၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးပြီး သတင်းမှားနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ စသည့် ဆိုက်ဘာလုံခြုံရေးပြဿနာများကို အတူတကွရင်ဆိုင်ဖြေရှင်းရန်၊ နိုင်ငံသားများ၏အကျိုးစီးပွားကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဆွေးနွေးခဲ့သည်။ ၄င်းဖိုရမ်၏ရည်ရွယ်ချက်မှာ တရုတ်နှင့် အာဆီယံနိုင်ငံများကြား ချိတ်ဆက်ပေးမည့် “သတင်းအချက်အလက်ဆိုင်ရာ ပင်လယ်ရေကြောင်းပိုးလမ်းမကြီး” အဖြစ် အကောင်အထည်ဖော်ရန် ဖြစ်သည်။ ထို့အပြင် တရုတ်နှင့်အာဆီယံနိုင်ငံများအကြား အခြေခံအဆောက်အအုံတည်ဆောက်မှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုများတွင် သတင်းအချက်အလက်မျှဝေခြင်း နှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့ ပါဝင်သည်။ ထိုသို့မျှဝေခြင်းကြောင့် ပင်လယ် ထွက်ပေါက်ရှိသောမြို့များနှင့် သတင်းအချက်အလက်နည်းပညာများ၊ ဘဏ္ဍာရေး၊ နယ်စပ်ဖြတ်ကျော် e-commerce နှင့် စမတ်မြို့များတည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရာ၌ အထောက်အကူပြုရန် ရည်ရွယ်သည်။ ယခုနှစ်ဖိုရမ်တွင် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆက်သွယ်ရေးဌာနနှင့် ဒေသတွင်းဒီဂျစ်တယ်စီးပွားရေးတရပ် တည်ဆောက်နိုင်ရန် ဒီဂျစ်တယ်စီးပွားရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် အိုင်အိုတီနည်းပညာ (IoT) အသုံးပြုရေးကဏ္ဍများအတွက် ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိသည့် စီမံကိန်း ၃၂ ခုကို ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ဗီယက်နမ် စသည့်နိုင်ငံစုံကုမ္ပဏီများနှင့် ပေကျင်း၊ ရှန်ဟိုင်း စသည့်ပြည်နယ်အဆင့် တရုတ်ကုမ္ပဏီများအကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၆ မြန်မာနိုင်ငံမှ သကြားအမျိုးမျိုးကို ဟဲပေပြည်နယ်အခြေစိုက် အထွေထွေပစ္စည်း ရောင်းဝယ်ရေးကုမ္ပဏီတခုမှ ဝယ်ယူလိုကြောင်း ဖိတ်ခေါ်ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူက BETV Business သတင်းဌာနသို့ ပြောခဲ့သည်။ ထိုကုမ္ပဏီမှ သန့်စင်ပြီးသော သကြား၊ သကြားရည်၊ သကြားဖြူ၊ သကြားညို အစရှိသည့် သကြားအမျိုးအစားများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာခဲ့သည်။ အဆိုပါ ကုမ္ပဏီမှ နှစ်စဉ် သကြားတန်ချိန် ၃၀,၀၀၀ မှ ၉၀,၀၀၀ အထိ ဝယ်ယူလိုပြီး လစဉ်တန်ချိန် ၃,၀၀၀ ခန့် ဝယ်ယူတင်သွင်းရန် ကမ်းလှမ်းထားကာ နှစ်ဖက်ဈေးနှုန်းသတ်မှတ်ချက်ညှိနှိုင်းမှု ပြေလည်ပါက တင်ပို့ရောင်းချရန် ဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။ ယခင်က ပိုလျှံသော သကြားများကိုသာ ပြည်နယ်အဆင့်တွင် နှစ်ဦးနှစ်ဖက် နားလည်မှုဖြင့် ရောင်းချကြပြီး ကိုဗစ်ကာလအတွင်း ကန့်သတ်မှုများကြောင့် လက်ရှိနယ်စပ်ဒေသများမှတဆင့် သကြားတင်ပို့မှု ရပ်ဆိုင်းလျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များက တရုတ်နိုင်ငံမှပေးအပ်သော တရားဝင်သကြားတင်ပို့မှု ခွဲတမ်းကိုရလိုပြီး နှစ်နိုင်ငံကြား အစိုးရမှ အစိုးရသို့ သဘောတူညီမှု (Government to Government Agreement) ချုပ်ဆိုနိုင်ရန်အတွက် တောင်းဆိုလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကြံရာသီတွင် ပြည်တွင်းကုမ္ပဏီအချို့မှ သကြားတစ်တန်လျှင် ကျပ် ၉၀,၀၀၀ ခန့် ပေးဝယ်မည်ဟု ဖိတ်ခေါ်ထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၆ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသောမြို့ဖြစ်သည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုကြောင့် စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ငါးရက်တာ အသွားအလာကန့်သတ်မှု လုပ်ဆောင်ခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။ ရွှေလီမြို့တွင် ပိုးတွေ့လူနာတွေ့ရှိမှုနှုန်း မြင့်မားလာပြီး အသွားအလာကန့်သတ်မှုနေရာများလည်း တိုးလာခဲ့သည်။ ထိုသို့ အသွားအလာကန့်သတ်ခဲ့သော်လည်း နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့-မက်မန့်ဂိတ်ကို ဆက်လက်ဖွင့်လှစ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်မှုမရှိဟု ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းမှ ပြောခဲ့သည်။ တရုတ်နိုင်ငံဖက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုကြောင့် အသွားအလာကန့်သတ်ထားသည့်အပြင် နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ်၊ မိုင်းလား အထူးဒေသများတွင်လည်း တရုတ်နိုင်ငံ၏ ကိုဗစ်စည်းမျဉ်းစည်းကမ်းများအလိုက် ကိုဗစ်ရောဂါစစ်ဆေးခြင်းနှင့် အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းကို ဒေသခံများမှတဆင့် သိရသည်။ ထို့ပြင် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ဝမ်တိန်မြို့တွင် စက်တင်ဘာ ၂ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းကြောင့် အသွားအလာကန့်သတ်ချက်များကို လုပ်ဆောင်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဆက်လက်ဖွင့်ထားလျက်ရှိသည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၆ (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Nanning International Exhibition and Convention Center ၌ ကျင်းပခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးမှ ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် မစ္စတာဟန်ကျန့်၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူး၊ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် ကောင်စစ်၀န်ချုပ်များနှင့် အာဆီယံ-တရုတ်ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ ထို့ပြင် အာဆီယံနိုင်ငံများ၏ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က ဗီဒီယိုမိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ကြသည်။ အဆိုပါ (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စက်တင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အမျိုးသားပြခန်းကို ကုန်စည်ပြခန်း နှင့် RCEP နိုင်ငံများ ပြခန်းဧရိယာများတွင် ပါဝင်ပြသခဲ့သည်။ အဆိုပါပြခန်းဧရိယာတွင် ကျောက်မျက်များ၊ ပရိဘောဂများ၊ လယ်ယာထွက်ကုန်များ နှင့် စားသောက်ကုန်များ အစရှိသည့် ပြခန်း (၃၀) ကျော် ပါဝင်ခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၆ တရုတ်ဦးဆောင်ကျင်းပသော ၂၀၂၂ အာဆီယံမီဒီယာမိတ်ဖက်များဖိုရမ် (2022 ASEAN Media Partners Forum) သို့ မြန်မာကိုယ်စားလှယ်အဖြစ် စစ်ကောင်စီမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အွန်လိုင်းကတဆင့် ပါဝင်တက်ရောက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ “အသိအမြင်တိုးပွားရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်ရေး (Intelligence,Collaboration,Cohesion)“ ဆောင်ပုဒ်ဖြင့် တရုတ်နှင့်အာဆီယံနိုင်ငံများရှိ သတင်းမီဒီယာများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ နန်နင်းမြို့ ဝူရှင်းအပန်းဖြေစခန်း၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ သတင်းပြန်ကြားရေးကော်မတီမှ ပူးတွဲစီစဉ်ပြီး တရုတ်မီဒီယာအဖွဲ့ (China Media Group – CMG) နှင့် ကွမ်ရှီကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ အိမ်ရှင်အဖြစ် ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုဖိုရမ်သို့ မီဒီယာအဖွဲ့အစည်းများ၊ ပညာရှင်များအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဧည့်သည် ၁၈၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း တရုတ်ဘက်က ထုတ်ပြန်ထားသည်။ အခမ်းအနားတွင် CMG ဒုဥက္ကဋ္ဌဖြစ်သူ ရန်ရှောင်မင် က အာဆီယံနိုင်ငံများအကြား ဤသတင်းမီဒီယာဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုသည် ပုံသဏ္ဍာန်သစ်တခုဖြစ်ပြီး တရုတ်နှင့် အာဆီယံအကြား ပြည်သူအချင်းချင်း ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်ဆံရာမှာ တံတားတစင်းအဖြစ် အသုံးချနိုင်တော့မည့်အကြောင်း ပြောဆိုခဲ့သည်။ တရုတ်နှင့်အာဆီယံပူး ပေါင်းဆောင်ရွက်မှုအကြောင်းအရာများနှင့်ဆက်စပ်ပြီး ရုပ်သံသတင်း ထုတ်လွှင့်သွားနိုင်ရန် သတင်းကဏ္ဍတရပ်၊ တရုတ်-အာဆီယံ မီဒီယာမျက်နှာပြင် (China-ASEAN media port) တခုနှင့် CMG ကွမ်ရှီရုံးချုပ်တို့ကိုလည်း ဖိုရမ်မှာပင် စတင်မိတ်ဆက်ခဲ့ကြောင်း CGTN သတင်းမှာ ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ဩဂုတ် ၅ ရက်တွင်လည်း ၂၀၂၂ အာဆီယံ-တရုတ်မီဒီယာပူးပေါင်းဆောင်ရွက်မှုဖိုရမ် (2022 ASEAN-China Media Cooperation Forum) တရပ်ကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် (Global Development Initiative – GDI)၊ အာဆီယံ-တရုတ် မဟာဗျူဟာမြောက်ဘက်စုံပူးပေါင်းဆောင်ရွက်မှု (ASEAN-China Comprehensive Strategic Partnership) နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) အသီးသီးတွင် မီဒီယာ၏အရေးပါမှုကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ဝန်ကြီးအကြံပေးအရာရှိ ဒေါ်ဇင်မာထွေး တက်ရောက်ခဲ့သော်လည်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့ခြင်းမရှိပေ။ |
၂၀၂၂၊ စက်တင်ဘာ ၁၆ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်သည့် State Power Investment Cooperation (SPIC) / Ayeyawady Confluence Basin Hydropower Co., Ltd. (ACHC) ကုမ္ပဏီမှ ကချင်ပြည်နယ်ရှိ အသက် ၆၀ နှစ်အထက် လူကြီးများအတွက် စားနပ်ရိက္ခာလှူဒါန်းခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယာယီတာဝန်ခံ ချောင်ဂျင်း မှ အွန်လိုင်းမှတဆင့် အမှာစကားပြောကြားခဲ့ပြီး စစ်ကောင်စီ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့အရာရှိ၊ လူမျိုးစုခေါင်းဆောင်များ၊ အသက် ၆၀ နှင့်အထက် လူကြီးကိုယ်စားလှယ်များ၊ SPIC ကုမ္ပဏီကိုယ်စားလှယ်များ စုစုပေါင်း လူ ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။ သံရုံးယာယီတာဝန်ခံမှ ကချင်ပြည်နယ်နှင့် ယူနန်ပြည်နယ်ကြားတွင် နှစ်ဦးနှစ်ဖက် ရင်းနှီးစွာဆက်ဆံလျှက်ရှိကြောင်း၊ သံရုံးအနေနှင့် စားနပ်ရိက္ခာလှူဒါန်းခြင်းသည် တရုတ်သံရုံးနှင့် ကချင်ပြည်နယ်အတွင်း ပူးပေါင်းမှုကို မြှင့်တင်လိုပြီး ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှုကို ဖော်ပြလို၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ စားနပ်ရိက္ခာများကို သက်ကြီးရွယ်အိုများအား ခွဲဝေပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်ကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၅ ရှမ်းပြည်နယ်အရှေ့ဖျား တရုတ်နိုင်ငံဘက်ခြမ်းရှိ ကွမ်းလေကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနား(ရှစ်ဆောင်ပဏ္ဏား) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မုန်လခရိုင် အနောက်တောင်ပိုင်း လန်ချန်းမြစ်ကမ်းတွင် တည်ရှိပြီး ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ရပ်ဆိုင်းထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်းခဲ့ရသည့်အတွက် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတလျှောက်ရှိ နိုင်ငံများအနေဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် များစွာထိခိုက်ခဲ့ရာ ယခုအခါ လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ လန်ချန်း-မဲခေါင် နိုင်ငံတကာရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော ၎င်းဆိပ်ကမ်းသည် ပထဝီအနေအထားအရ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အချက်အချာနေရာတွင် တည်ရှိနေရုံသာမက မဲခေါင်မြစ်မှတဆင့် တရုတ်နိုင်ငံသို့ အရှေ့တောင်အာရှနိုင်ငံများဝင်ရောက်နိုင်သော အဓိကဆိပ်ကမ်းတခုလည်း ဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၅ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပညာသင်ဆုစီမံကိန်းမှတဆင့် ဘွဲ့ရရှိခဲ့သော မြန်မာကျောင်းသားများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တရုတ်သံရုံးမှ သံမှူး တန်ရူဖူ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စစ်ကောင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မိုးချယ် နှင့် ဘွဲ့ရရှိသော ကျောင်းသားများ နှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျုတည်ထောင်ရေးကို အလေးထားကြောင်း နှင့် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုစေလိုကြောင်း တရုတ်ဘက်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပညာသင်ဆုစီမံကိန်းမှတဆင့် မြန်မာနိုင်ငံမှ ကျောင်းသား ၂၀၀ ကျော်သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တရုတ်သံရုံးမှ ခရီးသွားလာရေးအထူးပြုဘာသာရပ်တွင် ထူးချွန်ဆုရရှိသော မန္တလေးတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ကျောင်းသား ၄၀ ဦးကိုလည်း ဩဂုတ် ၂၇ တွင် တရုတ်-မြန်မာချစ်ကြည်ရေးပညာရည်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၅ “ကျန်းမာရေးပိုးလမ်းဆီ ချီတက်မည် (Towards A Health Silk Road)” ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဖိုရမ်ကို တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ အွန်လိုင်းနှင့်အော့ဖ်လိုင်းပေါင်းစပ်စနစ်ဖြင့် ကျင်းပခဲ့ရာ ကွမ်ရှီကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒုမြို့တော်ဝန်၊ တရုတ်အမျိုးသားကျန်းမာရေးမှ ဒုဝန်ကြီး၊ အာဆီယံကျန်းမာရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်၊ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒုညွှန်ကြားရေးမှူးချုပ်တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ ဒေါက်တာသက်ခိုင်ဝင်း၏ ဗီဒီယိုမိန့်ခွန်းတွင် တရုတ်၏ကျန်းမာရေးပိုးလမ်းမှတဆင့် ကျန်းမာရေးဗဟုသုတ၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများကို တရုတ်နှင့်အာဆီယံနိုင်ငံများအကြား မျှဝေခြင်းဖြင့် ပြည်သူ့ကျန်းမာရေးစနစ် နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့်အကြောင်း မြန်မာကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (Myanmar Centre for Prevention and Control of Infectious Diseases) လုပ်ငန်းကို နမူနာထားပြီး ပြောကြားခဲ့သည်။ ဖိုရမ်အပြီးတွင် စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခဲ့ကြသည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၅ တရုတ်နိုင်ငံသို့ တရားဝင်ကြံတင်ပို့ခွင့်ရရှိရန်အတွက် တရုတ်နှင့်မြန်မာအစိုးရအချင်းချင်း သဘောတူညီချက်စာချုပ်ရန် မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ တောင်းဆိုထားကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ပိုလျှံကြံများကို တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်တင်ပို့ရာတွင်၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်းကစပြီး ပြည်နယ်အဆင့် နားလည်မှုစာချွန်လွှာမှတဆင့် ဆောင်ရွက်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများနှင့် ကိုတာစနစ်(သတ်မှတ်အကန့်အသတ်ဖြင့်တင်ပို့ခွင့်ပြုသည့်)ဖြင့် တရားဝင်ကြံတင်ပို့ခွင့်ပေးခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ၎င်းစနစ်အကောင်အထည်ဖော်ရန် တရားဝင်သဘောတူညီချက် မချုပ်ဆိုနိုင်သေးချေ။ စစ်ကောင်စီစာရင်းအရ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြံစိုက်ဧကပေါင်း ၄၅၀,၀၀၀ ခန့်ရှိပြီး၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြံပေါက်စျေး တတန်လျှင် ၉၀,၀၀၀ ကျပ်ရရှိမည်ဟု ခန့်မှန်းထားသည်။ ကြံကို စစ်ကိုင်းတိုင်းအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့နှင့်အနောက်ပိုင်း၊ ရန်ကုန် နှင့် မန္တလေးတိုင်းတို့မှာလည်း စိုက်ပျိုးကြသည်။ ကိုဗစ်ကပ်ရောဂါကူးစက်မှုကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထားခဲ့ရာမှ နှစ်နိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ချင်းရွှေဟော်၊ ၂၀၂၂ ခုနှစ် မတ်လတွင် ကျင်စန်းကျော့ စသည့် နယ်စပ်ကုန်သွယ်မှုတွင် အရေးပါသည့် ဂိတ်များကို ပြန်ဖွင့်ပြီး ကုန်သွယ်ခွင့်ပြုခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၄ တရုတ်-အာဆီယံစင်တာနှင့် ပီကင်းပြည်သူ့ နိုင်ငံခြားနှင့် ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းပြီး “၂၀၂၂ တရုတ်-အာဆီယံနေ့” ပြပွဲကို ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် China Radio International Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါပွဲကို တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ် ချန်းတဲ့ဟိုင်၊ တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံရုံး ယာယီတာ၀န်ခံ ဒေါ်ဇင်မာထွေးနှင့် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများ၏ သံရုံးများမှ သံအမတ်၊ သံမှူးကြီးနှင့် သံရုံး ဒုတိယအုပ်ချုပ်ရေးမှူးများ၊ တရုတ်နိုင်ငံ နိုင်ငံခြားရေး၀န်ကြီးဌာနမှ အာရှရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဖန်ဟုန်၊ ပီကင်းပြည်သူ့ နိုင်ငံခြားနှင့် ချစ်ကြည်ရေးအသင်း ဒုတိယသမ္မတ လျိုယုဟုန် နှင့် သက်ဆိုင်ရာ၀န်ကြီးဌာန၊ အဖွဲ့အစည်း၊ တက္ကသိုလ်များနှင့် မီဒီယာများမှ ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ ပြပွဲတွင် တရုတ်နှင့်အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှု၊ အနုပညာများနှင့် အစားအစာများကို တင်ဆက်ပြသခဲ့ကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၄ တရုတ်နိုင်ငံသို့ ပြောင်းဆန်များတရားဝင်တင်ပို့နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOIs) တင်သွင်းခဲ့သောကုမ္ပဏီများအနက် ကုမ္ပဏီ ၈၆ ခုကို တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်ဌာန (GACC) ထံ လွှဲပို့ထားပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုကုမ္ပဏီများအနေဖြင့် ယခုအခါ မှတ်ပုံတင်အမှတ် (registration code) လက်ခံရရှိမည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ မှတ်ပုံတင်အမှတ်ရရှိပြီးပါက စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသို့ ပြောင်းဆန်များ စတင်တင်ပို့နိုင်မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ မှစပြီး မြန်မာပြောင်းကုန်သည်များအနေဖြင့် GACC ၌ မှတ်ပုံတင်၍ ကုန်သွယ်မှုပြုလုပ်ရန် တရုတ်သံရုံးက ထုတ်ပြန်ခဲ့ရာ မေ ၁၈ တွင် ကုမ္ပဏီပေါင်း ၁၄၂ ခုတို့က EOI အဆိုပြုလွှာများ အသီးသီးတင်သွင်းခဲ့ကြသည်။ ၎င်းတို့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် တရုတ်အကောက်ခွန်ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော အပင်/တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင် သန့်ရှင်းရေး သဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ၏ နောက်ဆက်တွဲ အစိတ်အပိုင်းတခုဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြောင်းဆန်တန်ချိန် နှစ်သန်းကျော် နိုင်ငံခြားသို့ တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့တင်ပို့မှုသည် ဒုတိယအများဆုံး ဖြစ်ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၁၀ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပို့ကုန်နှင့်သွင်းကုန် ကိုယ်စားလှယ် ၂၃ ဦးကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဆက်ကြေးပေးသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း The Irrawaddy သတင်းဌာနတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများအနက် ၁၉ ဦးကို ခံဝန်ထိုးပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်လူများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟု နယ်စပ်ကုန်သည်များက သတင်းမီဒီယာကို ပြောခဲ့သည်။ ထိုသို့ဖမ်းဆီးမှုကြောင့် နယ်စပ်ကုန်သွယ်ရေးခေတ္တရပ်တန့်သွားခဲ့ရပြီး ခံဝန်နှင့် ပြန်လွှတ်ပေးကြောင်း ကြားသိရသည့်အချိန်တွင်မှသာ ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။ မူဆယ်ခရိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အပြင် စစ်ကောင်စီ၏ ပြည်သူ့စစ်လူပ်ရှားနေသည့်နေရာဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၉ တရုတ်နိုင်ငံက အာဆီယံမှတဆင့် မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းကို ပေးအပ်သည့်အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး ကျန်းကျိဟုန်၊ စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ အာဆီယံကိုယ်စားလှယ် နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး ဒုတိယတာဝန်ခံ ဆော့ဗန်နာ တို့ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံက အာဆီယံမှတဆင့် မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးလှူဒါန်းခြင်းသည် ဒုတိယအကြိမ် မြောက်ဖြစ်သည်။ ၂၀၂၂ ဇွန်လတွင်လည်း တရုတ်နိုင်ငံက အာဆီယံမှတဆင့် မြန်မာနိုင်ငံသို့ပေးအပ်သည့် ကိုဗစ်ကာကွယ်ဆေး နှစ်သန်းကို အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်းထံ လွှဲပြောင်းခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၈ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုအထည်ချုပ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများနှင့် မိသားစုများကို ထိုအထည်ချုပ်စက်ရုံများမှ ဆန်၊ ဆီ စသည့် စားသောက်ကုန်ပစ္စည်းများ နှင့် ငွေကြေးအချို့ ထောက်ပံ့ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ ပါဝင်ထောက်ပံ့သော ကုမ္ပဏီများတွင် တရုတ်ကုမ္ပဏီများဖြစ်သော Kaixi ( Myanmar )Fashion Co.,Ltd ၊ Handa(Yangon)Garment Co.,Ltd ၊ Hanboom(Myanmar)Garment Co.,Ltd ၊ Tian Yu International Co.,Ltd ၊ TianJin Golden Mountain Trade Co.,Ltd ၊ Costec International Co.,Ltd စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၇ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း၏ အဓိကကျသောစီမံကိန်းတခုဖြစ်သည့် ကွမ်းလုံတံတားသစ် တည်ဆောက်နေချိန်တွင် အသုံးပြုနိုင်ရန် အရံတံတားကို တရုတ်နိုင်ငံကတည်ဆောက်ပေးခဲ့ပြီး စစ်ကောင်စီသို့လွှဲပြောင်းပေးခဲ့သည်။ အရံတံတားသစ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လန်ချန်းအစိုးရက စစ်ကောင်စီ ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသည့်အခမ်းအနားသို့ လန်ချန်းပြည်သူ့အစိုးရ ကော်မတီ အတွင်းရေးမှူး ကျန်းကျိဟုန် ကူမင်းမြို့ရှိ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် နှင့် တရုတ်သံရုံးမှ စီးပွားရေးသံမှူး ထန်ရှုဖူ တို့က အွန်လိုင်းမှ တက်ရောက်ခဲ့သည်။ ကွမ်းလုံအရံတံတားသည် အရှည် ၁၅၅ မီတာရှည်လျားပြီး တန်ချိန် ၅၀ အလေးချိန် ခံနိုင်ရည်ရှိပြီး ၂၀၂၁ အောက်တိုဘာ ၂၀ ရက် တွင် ပြီးစီးခဲ့သည်။ အဆိုပါတံတားသည် သိန္ဒီ-ကွမ်းလုံ-ချင်းရွှေဟော် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအောက်တွင်ရှိသော ချင်းရွှေဟော်-လန်ချန်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၏ အစိတ်အပိုင်းတခုဖြစ်သည်။ ပင်မ ကွမ်းလုံတံတားသစ်စီမံကိန်းကို ChinaAid ၏အကူအညီဖြင့် China Yunnan Sunny Road Bridge Co.,Ltd. မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ တံတားသစ်စီမံကိန်းကိုတည်ဆောက်ရန် ၂၀၁၈ ခုနှစ်တွင် တရုတ်-မြန်မာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံခရီးစဥ်အတွင်းတွင်လည်း တံတားသစ်အကောင်အထည်ဖော်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနတို့အကြား သဘောတူညီမှု စာချုပ်ကို လဲလှယ်ခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၅ ၂၀၂၂ ခုနှစ် အမျိုးသားယဉ်ကျေးမှုစာပေဟောပြောပွဲ၏ ဒုတိယနှင့် တတိယအကြိမ် ဟောပြောပွဲများကို ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း ပေါက်ဖော်(မြန်မာ) သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါပွဲတွင် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုသေတနပြုတွေ့ရှိချက်များ၊ ယူနန်-မြန်မာ နယ်စပ်ဖြတ်ကျော် အလုပ်သမား၀န်ဆောင်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အခွင့်အလမ်းများ၊ နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာမူဘောင်တွင် အလုပ်သမားပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစပ်ထည့်သွင်းရေးနှင့် အရင်းအနှီး၊ လုပ်အား၊ နည်းပညာ၊ ယဉ်ကျေးမှုတို့ ပေါင်းစပ်ရေးကို ဆွေးနွေးခဲ့ကြကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ စက်တင်ဘာ ၄ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာမှ ဦးစီးသည့် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (offline) တင်ဆက်ပြသမှုအစီအစဉ်ကို ရန်ကုန်မြို့ရှိ BoWen School ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် တရုတ် လမုန့်ပွဲတော်၏ အကြောင်းအရာများနှင့် ဆက်နွယ်သော ဗီဒီယိုများ၊ ရိုးရာထုံးတမ်းအစဉ်အလာများနှင့် ဒဏ္ဍာရီပုံပြင်များကို ပြသခဲ့ကြောင်း ရေးသားထားသည်။ ထို့ပြင် တရုတ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးနှင့် ကယ်ဆယ်ရေးအကြောင်းအရာများ ပါဝင်သော ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသခဲ့သည်။ ပြပွဲတွင် တရုတ်ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အမေးအဖြေများ ကဏ္ဍများလည်း ပါဝင်ခဲ့ပြီး ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ ရူ့လင် နှင့် BoWen School မှ ကျောင်းအုပ်ဆရာမကြီး နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း ၄၀၀ ကျော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု ရေးသားထားသည်။ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (offline) တင်ဆက်ပြသမှုအစီအစဉ်သည် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကျင်းပပြုလုပ်လျက်ရှိပြီး ဩဂုတ်လတွင် လေးကြိမ် ကျင်းပခဲ့ပြီဖြစ်သည်။ |
၂၀၂၂၊ စက်တင်ဘာ ၄ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ တစိတ်တပိုင်းဖြစ်သည့် မန္တလေး-ကျောက်ဖြူမီးရထားလမ်း စီမံကိန်းဖြစ်နိုင်ချေလေ့လာမှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီ မြန်မာ့မီးရထားဦးဆောင် ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်၏ ပြောကြားချက်ကို စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါမီးရထားလမ်းစီမံကိန်း၏ ဖြစ်နိုင်ချေလေ့လာမှုများပြုလုပ်ရန် မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံပိုင် China Railway Eryuan Engineering Group (CREEG)တို့ကြား ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး လေ့လာမှုများကို တနှစ်ခွဲ ကာလအတွင်း အပြီးသတ်ရန် သဘောတူညီခဲ့ကြသည်။ မန္တလေး-ကျောက်ဖြူမီးရထားလမ်း စီမံကိန်းသည် တရုတ်နိုင်ငံနှင့်ချိတ်ဆက်မည့် မြန်မာနိုင်ငံဘက်ခြမ်းရှိ မူဆယ်-ကျောက်ဖြူ မီးရထားလမ်း၏ အစိတ်အပိုင်းဖြစ်ပြီး ရထားလမ်းအရှည်မှာ ၃၈၀ ကီလိုမီတာခန့်ရှိသည်။ ထို့ပြင် မူဆယ်-မန္တလေးမီးရထားလမ်းစီမံကိန်းသည်လည်း စီမံကိန်းဖြစ်နိုင်ချေလေ့လာမှုလုပ်ငန်းများ ပြီးစီးပြီဖြစ်သောကြောင့် အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သူရဦးအောင်မျိုးမြင့်က ထည့်သွင်းပြောဆိုခဲ့သည်။ |
၂၀၂၂၊ စက်တင်ဘာ ၂ ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာဌေးအောင်နှင့် ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲကုန်သည်ကြီးများ အသင်း၊ နေပြည်တော်ရုံး၏ညွှန်ကြားရေးမှူး Li Qiguiတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးပွဲတော်များ ကျင်းပရေး၊ ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ စင်းလုံးငှားလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲရေး၊ တရုတ်-မြန်မာနှစ်နိုင်ငံကြား ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့် ဘာသာစကားသင်တန်းများဖွင့်လှစ်ရေးတို့ ပါဝင်ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှခရီးသွား ၁.၄ သန်းကျော် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံကြား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှုသင်တန်းများ၊ ဘာသာစကားသင်တန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်လာစေရန် ကြိုးပမ်းလျက်ရှိသည်။ ဩဂုတ် ၂၇ ရက်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ခရီးသွားလာရေးအထူးပြုဘာသာရပ်ဖြင့် ထူးချွန်ဆုရရှိသော ကျောင်းသားများကို တရုတ်နိုင်ငံသံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေးပညာရည်ထူးချွန်ဆု ပေးအပ်ခဲ့သည်။ ထို့ပြင် ကူမင်းမြို့အခြေစိုက် စစ်ကောင်စီ၏ မြန်မာကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ဦးသော်တာအောင်ကလည်း ၂၀၂၂ ခုနှစ် အာရှတောင်တန်းဒေသ ခရီးသွားလာမှုမြှင့်တင်ရေးကွန်ဖရင့်တွင် မြန်မာ့ခရီးသွားကဏ္ဍနှင့်စပ်လျဉ်း၍ ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၃၁ မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်များမှတဆင့် တစ်သျှူးငှက်ပျောနှင့် အခြားသီးနှံများ တင်ပို့နိုင်ရေး လုပ်ငန်းများပြန်လည်စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး အလုပ်ညှိနိူင်းအစည်းအဝေးတွင် ပြောခဲ့ကြောင်း Eleven သတင်းဌာနတွင် ဖော်ပြထားသည်။ နယ်စပ်ဂိတ်များမှတဆင့် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ ဖြစ်စေရေးနှင့် ကုန်ကားများ စနစ်တကျသွားလာနိုင်ရေးတို့ကို ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် မတ် ၈ ရက်နေ့တွင်လည်း စစ်ကောင်စီ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ဂိတ်များအပြင် ပန်ဝါနှင့် ဖီမော်နယ်စပ်ဂိတ်များတွင်လည်း ကုန်စည်စီးဆင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၁၃ ရက်နေ့က ကချင်ပြည်နယ် ကန်ပိုက်တီ-ဟိုချောင်ဂိတ်မှ မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဦးခက်ထိန်နန်ကပင် ဦးဆောင်ကျင်းပခဲ့သည်။ ကိုဗစ်ကူးစက်မှုများကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် ကချင်ပြည်နယ်ရှိ အဓိကနယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီ-ထိန်ချုန်း နှင့် လွယ်ဂျယ်-လိုင်းရင်း ဂိတ်များကို တရုတ်ဘက်က ကိုဗစ်ကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လက စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး တင်ပို့ရေးလုပ်ငန်းများအတွက် ဇန်နဝါရီလမှ စတင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ |
၂၀၂၂၊ ဩဂုတ် ၃၀ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ခဲ့သည့် “မဲခေါင်-လန်ချန်း စီမံကိန်းသတင်းအချက်အလက်ဗဟိုဌာန (Mekong-Lancang Projects Data Center)” အဆောက်အအုံကို နေပြည်တော်၌ ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၎င်းဌာနအနေဖြင့် လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများအကြား စားနပ်ရိက္ခာ လုံခြုံရေးအတွက် သတင်းအချက်အလက်များ လေ့လာသုံးသပ်ပြီး ညွှန်းကိန်းများအတွက် ပံ့ပိုးပေးနိုင်မည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှုစင်္ကြံအဖြစ် စီစဉ်ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း ရေးသားထားသည်။ ထိုစင်္ကြံမှတဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ၊ ကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်းအချက်အလက်များနှင့်ညွှန်းကိန်းများကို ဒေသတွင်းနိုင်ငံများနှင့်အတူ အပြန်အလှန်ချိတ်ဆက် အသုံးပြု သွားမည်ဖြစ်သည်။ လန်ချန်း-မဲခေါင် အစီအမံအောက်တွင် ၂၀၁၇ ခုနှစ်မှစတင်ပြီး တရုတ်နိုင်ငံ၏ မတည် ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း ၃၁ ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သတင်းအချက်အလက်ဗဟိုဌာနစီမံကိန်းသည် ၂၀၁၈ ခုနှစ် ဒုတိယအသုတ် စီမံကိန်းကိုးခုတွင် အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။ ၂၀၂၂ ခုနှစ်အထိ ထိုစီမံကိန်း ၃၁ ခုအတွက် တရုတ်နိုင်ငံ၏မတည်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။ သတင်းအချက်အလက်ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တရုတ်သံရုံးယာယီတာဝန်ခံ ဒေါက်တာကျန်းကျိဟုန်နှင့်အဖွဲ့အပါအဝင် စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် နေပြည်တော်ကောင်စီဝင်များ တက်ရောက်ခဲ့ကြကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဩဂုတ် ၂၇၊ ၂၈ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် အရေးပါသည့် စီမံကိန်းတခုဖြစ်သော ကျောက်ဖြူအထူးစီးပွား ရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပတ်၀န်းကျင်နှင့် လူမှုရေးသက်ရောက်မှု ဆန်းစစ်မည့်အဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မဒေးကျွန်းတို့၌ နှစ်ရက်တာပြုလုပ်ခဲ့သည်။ လူထုတွေ့ဆုံပွဲတွင် စီမံကိန်း အချက်အလက်များ၊ နောက်ဆုံးတိုးတက်မှု အခြေအနေများနှင့် ESIA လုပ်ငန်းစဉ်အကြောင်းတို့ကို တက်ရောက်လာသည့် ဒေသခံပြည်သူများအား ရှင်းလင်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ESIA ဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့် မြေပြင်လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။ အခမ်းအနားကို စီမံကိန်းအကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ CITIC Consortium နှင့် ESIA လုပ်ငန်းစဉ်များအတွက် တာ၀န်ယူဆောင်ရွက်မည့် Myanmar Survey Research (MSR) တို့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်တွေ့ဆုံပွဲကို ကျောက်ဖြူဟိုတယ်၌ ဩဂုတ် ၂၇ ရက်တွင် ကျင်းပခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး၊ CITIC Myanmar ဒုတိယမန်နေးဂျင်းဒါရိုက်တာနှင့် လူမှုအဖွဲ့အစည်းများ၊ ကျောက်ဖြူမြို့နယ်ဒေသခံများအပါအဝင် စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ ဒုတိယအကြိမ်တွေ့ဆုံပွဲကို မဒေးကျွန်း ဘုန်းတော်ကြီးကျောင်း၌ ဩဂုတ် ၂၈ ရက်တွင် ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို CITIC Myanmar Port Investment Limited နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ်တည်ထောင်ထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏အနောက်တောင်ဒေသကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည့် အရေးပါသည့် စီမံကိန်းတခုဖြစ်သည်။ |
၂၀၂၂၊ ဩဂုတ် ၂၇ ခရီးသွားလာရေးအထူးပြုဘာသာရပ်၌ ထူးချွန်ဆုရရှိသော မန္တလေးတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာ ဒီဂရီကောလိပ်ရှိ ကျောင်းသား ၄၀ ဦးကို တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ထူးချွန်ဆု ပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ထိုဆုပေးပွဲကို နေပြည်တော်၌ ကျင်းပခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အခမ်းအနားတွင် စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး မစ္စတာပန်ဖုန်း တို့ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံ ယဉ်ကျေးမှုသံမှူးသည် ဩဂုတ် ၂၆ ရက်တွင်လည်း စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း နှင့် နေပြည်တော်၌ တွေ့ဆုံကာ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ |
၂၀၂၂၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံသည် ခရီးသွားလာရေးကို အမျိုးသားစီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရန် ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း ကူမင်းမြို့အခြေစိုက် စစ်ကောင်စီကောင်စစ်၀န်ရုံး ကောင်စစ်၀န်ချုပ်ဦးသော်တာအောင်က ကွေ့ကျိုးပြည်နယ် ကွေ့ယန်းမြို့တွင် ကျင်းပသည့် အာရှတောင်တန်းဒေသ ခရီးသွားလာမှုမြှင့်တင်ရေးကွန်ဖရင့်တွင် ပြောကြားခဲ့သည်ဟု CRI Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာ့ ခရီးသွားလုပ်ငန်း နာလန်ထူရေးအတွက် စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနသည် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲချမှတ်ထားပြီး နိုင်ငံခြားခရီးသည်များကို အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ထည့်သွင်း ပြောကြားခဲ့ကြောင်း သတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာရေး ကြိုးပမ်းသွားမည်ဟု စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလတွင် ပြောဆိုခဲ့ဖူးသည်။ |
၂၀၂၂၊ ဩဂုတ် ၂၆ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ သုံးလပတ်ကာလတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ပိုလျှံခဲ့သည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၂၊ ဧပြီ ၁ ရက် မှ ဇူလိုင် ၁ ရက်နေ့ထိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၈၇ သန်းရှိပြီး ပို့ကုန်ပမာဏမှာ ဒေါ်လာ ၄၉၈ သန်းကျော်နှင့် သွင်းကုန်ပမာဏမှာ ဒေါ်လာ ၈၈ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ ၄၆၈ သန်းကျော် ကုန်သွယ်ခဲ့ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၄၁၄ သန်းကျော်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၄ သန်း ရှိခဲ့သည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၅၅ သန်း၊ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၃၆ သန်းကျော်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၃ သန်းကျော် ကုန်သွယ်မှုပမာဏ အသီးသီးရှိခဲ့ပြီး ကျိုင်းတုံပို့ကုန်သွင်းကုန်ရုံးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ သန်းကျော်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ ဩဂုတ် ၂၆ တရုတ်-မြန်မာ ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး တရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး မစ္စတာ ပန်ဖုန်း နှင့် စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ နှစ်နိုင်ငံကြား ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရန်၊ သဗ္ဗညုဘုရား ပြန်လည်ပြုပြင် မွမ်းမံရေးစီမံကိန်းနှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ရှင်စေတီတော် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း အစရှိသော စီမံကိန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။ |
၂၀၂၂၊ ဩဂုတ် ၂၅ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၁ ခုနှစ်) ဖြင့် ဆောင်ရွက်သည့် နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေး ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း၏ လေထုအရည်အသွေးတိုင်းတာခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်တွင်ကျင်းပကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုအခမ်းအနားကို စစ်ကောင်စီ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထွန်းအုံ တက်ရောက်ပြီး ၅ ရက်တာပြုလုပ်မည့် အဆိုပါသင်တန်းတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၀န်ထမ်းများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စီမံကိန်း ၇၃ ခုကို အသုတ်လေးသုတ်ခွဲ၍ ပံ့ပိုးကူညီထားသည်။ |
၂၀၂၂၊ ဩဂုတ် ၂၄ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးကာကျင်းပသည့် မြန်မာနိုင်ငံ စပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ရေး နည်းပညာလေ့ကျင့်ရေးသင်တန်းကို အွန်လိုင်းမှ တဆင့်ဖွင့်လှစ်ခဲ့သည်။ ထို သင်တန်းကိုဟူနန်ပြည်နယ်အခြေစိုက်Yuan Longping High-tech Agriculture Co., Ltd မှ ဦးစီးကျင်းပခြင်းဖြစ်ပြီးသင်တန်းဖွင့်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးနှင့် ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မျိုးစေ့ထုတ်လုပ်ရေး သင်တန်းကို ၃၅ ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး အထွက်နှုန်းမြင့်မားစေသော နည်းပညာများကို သင်ကြားပေးမည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၂၄ တရုတ်နိုင်ငံ၏ မဟာဗျူဟာကျ စဥ်းစားချက်တခုဖြစ်သော တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးလမ်းကြောင်းသစ်ကို အသုံးပြုကာ ပို့ဆောင်ခဲ့သည့် ကုန်စည်ပို့ဆောင်မှုပမာဏမှာ တနှစ်တာအတွင်း ယွမ်သန်း ၂၀၀ တန်ဖိုးရှိကြောင်း တရုတ်သံရုံးကထုတ်ပြန် ကြေညာခဲ့သည်။ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ် (ရန်ကုန်-လင်ချန်း-ချိန်တူး) အဖြစ် တရုတ်နိုင်ငံက ဖော်ညွှန်းလေ့ရှိသော ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စမ်းသပ်ပြေးဆွဲခဲ့ပြီး ယခုနှစ် မေလတွင် လမ်းကြောင်းသစ်ကို တရားဝင်စတင်လည်ပတ်ကြောင်း တရုတ်သံရုံးက ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ် စတင်လည်ပတ်ချိန်မှ တနှစ်တာ ကာလအတွင်း ၁၄ ကြိမ် ကုန်စည်သယ်ယူပို့ဆောင်ခဲ့ပြီး တန်ချိန် တသောင်းကျော်ပို့ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုကုန်စည်လမ်းကြောင်းသည် တရုတ်၏အနောက်တောင်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ချိတ်ဆက်ပေးသော မဟာဗျူဟာကျသည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းတခု ဖြစ်သည်။ |
၂၀၂၂၊ ဩဂုတ် ၂၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲနှင့် တတိယအကြိမ်မြောက် အာဆီယံ-တရုတ် ပညာရေး၀န်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ် အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယ၀န်ကြီးချုပ်၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံများမှ ပညာရေး၀န်ကြီးများ တက်ရောက်ပြီး တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ |
၂၀၂၂၊ ဩဂုတ် ၂၁ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ နေ့စဉ်သုံး တရုတ်ဘာသာစကားပြော သင်တန်းဖွင့်ပွဲနှင့် နိုင်ငံအဆင့် Enchanting Myanmar Health & Safety Protocols အသိအမှတ်ပြု တံဆိပ်ပေးအပ်ခြင်း အခမ်းအနားကို ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့သည်။ ကိုဗစ်ကာလမတိုင်မီ မြန်မာနိုင်ငံ၌ ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် တရုတ်ဘာသာစကားပြောသင်တန်းများအနေဖြင့် ဖူကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ သင်တန်းတွင် ပုဂံမြို့ ဟိုတယ်နှင့် ခရီးသွားလာရေးဌာနမှ ဝန်ထမ်းများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး၊ ရှေးဟောင်းသုတေသန၊ ယွန်းကောလိပ် အစရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ဆက်နွယ်သော ဌာနများမှ တာဝန်ရှိသူ သင်တန်းသားများ စုစုပေါင်း ၃၀၂ ဦး တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပုဂံမြို့ရှိ ဟိုတယ် ၁၂ လုံးတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအစဉ်အရ (Enchanting Myanmar Health & Safety Protocols) သက်ဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၂၀ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းလပ်-တာလေ လမ်းမပေါ်တွင် စစ်ကောင်စီ၏ အဖွဲ့များမှ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား လေးဦးအား ဖမ်းဆီးရရှိကြောင်း ရိုးမအသံ သတင်းဌာနမှ ဖော်ပြထားသည်။ စစ်ဆေးရေးပြုလုပ်နေစဉ်တွင် မက်ခ်တူးအဖြူရောင်ကား တစင်းသည် အစစ်ဆေးမခံဘဲ မောင်းပြေးသောကြောင့် လိုက်လံဖမ်းဆီးရာတွင် နယ်စပ်ဖြတ်ကျော်ကာ ခိုးဝင်လာသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးရခဲ့သည်ဟုဆိုသည်။ ထိုတရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် မဲခေါင်မြစ်ကြောင်းတလျှောက် သင်္ဘောနှင့် လာရောက်ခြင်းဖြစ်ပြီး ကျိုင်းလပ်မြို့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနမှ ရေးသားထားခဲ့သည်။ လက်ရှိတွင် ထိုလေးဦးနှင့်တကွ နယ်စပ် ဖြတ်ကျော်ရန် အကူအညီပေးသော မြန်မာအမျိုးသားတစ်ဦးကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးမှ အမှုဖွင့်ထားသည်။ |
၂၀၂၂၊ ဩဂုတ် ၁၉ တရုတ်ဝမ်ပေါင်ကုမ္ပဏီတည်ရှိရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် နင်းမိုင်း ၇၈ လုံးကို သိမ်းဆည်းရရှိကြောင်း ဒေသခံကာကွယ်ရေးတပ်တခုဖြစ်သည့် ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထာ းသည်။ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားသည့် ပဋိပက္ခများတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ စီမံကိန်းဧရိယာများနှင့်စီမံကိန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားနှင့်ရဲများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး စီမံကိန်းကိုရပ်နားခဲ့သည်မှာ တနှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ ပြီးခဲ့သည့်ဇွန်လ ၂၇ ရက်နေ့ကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် ပဋိပက္ခအတွင်း ပါဝင်လိုခြင်းဆန္ဒမရှိကြောင်း သဘောထာ းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ကြေညာခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁၉ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါဆုံးစီမံကိန်းတခုဖြစ်ပြီး တရုတ်အစိုးရပိုင် CITIC Consortium က အကောင်အထည်ဖော်မည့် ‘ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း’ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA/SIA) လုပ်ဆောင်မည့် အဖွဲ့နှင့် လူထုတွေ့ဆုံဆွေးနွေးမှုကို နှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ လူထုတွေ့ဆုံဆွေးနွေးမှုကို စီမံကိန်းအကောင်အထည်ဖော်မည့် ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ဩဂုတ် ၂၇-၂၈ နှစ်ရက်တာကျင်းပသွားမည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအန်ဂျီအိုများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ သဘောထားအမြင်များကို တိုင်ပင်ဆွေးနွေးမည်ဟု ဖိတ်ကြားချက်တွင် ဖော်ပြထားသည်။ ထိုဆွေးနွေးပွဲတွင် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၊ CITIC Consortium၊ စီမံကိန်း စီမံခန့်ခွဲမှုအကြံပေး HATCHနှင့် EIA/SIA လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်ရန် ငှားရမ်းထားသည့် Myanmar Survey Research (MSR) တို့ပါဝင်မည်ဖြစ်သည်။ CITIC Myanmar နှင့် Myanmar MSR Consulting Co.,Ltd.တို့ သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) ဝန်ဆောင်မှုဆောင်ရွက်ရန်သဘောတူညီမှုစာချုပ်ကို ၂၀၂၂၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ရန်ပြင်ဆင်နေသော ရပ်ဝန်းလမ်းကြောင်းအစီအမံ (Belt and Road Initiative – BRI) ၏အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတွက် အဓိကကျသော စီမံကိန်းတခုဖြစ်ပါသည်။ အဆိုပါအထူးစီးပွားရေးဇုန်အတွင်း ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းတို့ ပါဝင်မည်ဖြစ်သည်။ |
၂၀၂၂၊ ဩဂုတ် ၁၈-၂၁ ဟောင်ကောင်မြို့၌ ကျင်းပသော International Travel Expo Hong Kong (ITE Hong Kong 2022) တွင် မြန်မာနိုင်ငံမှာလည်း ကိုယ်စားပြုပြခန်းကို ပြသခဲ့သည်ဟု စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဟောင်ကောင်မြို့တွင် Hong Kong Convention & Exhibition Centre တွင် 36th International Travel Expo Hong Kong နှင့် 17th MICE Travel Expo ကို ကျင်းပခဲ့ရာ ပြပွဲ ဖွင့်ပွဲသို့ စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့သည်။ ပြပွဲတွင် နိုင်ငံ နှင့် ဒေသ (၂၇) ခုကျော်မှ ပြခန်းများ ပါဝင်ခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁၇ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၌ အဓိကကျသော နယ်စပ်ဂိတ်တခုဖြစ်သည့် ရှမ်းပြည်နယ် မူဆယ်ခရိုင်အတွင်းရှိ မန့်ဝိန်းဂိတ် အပါအဝင် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများက ရွှေလီနှင့် ကျင်စန်းကျော့တို့တွင် ဆွေးနွေးခဲ့သည်။ မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဂိတ်ပြန်ဖွင့်ရန် ဆွေးနွေးနေချိန်၌ တရုတ်နိုင်ငံဘက်က ကြူကုတ် (ပန်ဆိုင်း) ဝမ်တိန်ဂိတ် တွင်ကာရံထားသည့် အကာအရံများကို ဖယ်ရှားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ရောဂါ ကူးစက်မှု စတင်မြင့်တက်နေချိန်တွင် ရှမ်းမြောက်ပိုင်းတကျောရှိ နယ်စပ်လူဝင်ဂိတ်များကို တရုတ်နိုင်ငံဘက်က အကာအရံများဖြင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျင်စန်းကျော့ဂိတ်ကို ဖွင့်လှစ်ထားသော်လည်း ကုန်ကျစရိတ် ပိုများခြင်း၊ ကုမ္ပဏီအများစုက လက်ဝါးကြီးအုပ်ထိန်းချုပ်ထားခြင်းနှင့် နယ်စပ်ကုန်သွယ်မှု တွင် မြန်မာနိုင်ငံဖက်ခြမ်း၌ အခွန်အခမြင့်မားနေသည့်အပြင် အဖွဲ့အစည်း ငါးဖွဲ့ကိုလည်း အခွန်ဆောင်ရ သောကြောင့် မြန်မာကုန်သည်များမှာ အခက်အခဲတွေ့နေရကြောင်း အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနတွင် ဖော်ပြထားသည်။ ထို့အပြင် ကိုဗစ်ကပ်ရောဂါ ထပ်မံဖြစ်ပွားပါက ကာကွယ်ရန်နှင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ရောက်ရှိနေသည့် စာအုပ်သက်တမ်းကုန် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခြင်း နှင့် ပြန်လည်ပို့ဆောင်ခြင်းတို့ကိုလည်း လုပ်ဆောင်ရန် ထည့်သွင်းဆွေး နွေးခဲ့ကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ ဩဂုတ် ၁၅ တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရန်ကုန်မြို့တွင်တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံ အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှု လေ့ကျင့်ရေးစတင်ခြင်းအခမ်းအနားသို့ တရုတ်နိုင်ငံသံမှူး Mr. Zheng Zhihong တက်ရောက်ခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်မြစ်ဒေသ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာန၊ တက္ကသိုလ်နှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း လူ ၅၀ ကျော် တက်ရောက်ခဲ့သည်။ တရုတ်သံမှူးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအရ မဲခေါင်မြစ်နိုင်ငံများမှ အစားအစာအချောကိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး လယ်ယာထွက်ကုန်များ တင်ပို့မှုကို မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏အထောက်အပံ့ဖြင့်စီမံကိန်းပေါင်း ၉၀ ကျော် ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။ |
၂၀၂၂၊ ဩဂုတ် ၁၅ ယူနန်ပြည်နယ်မှ ရွှေလီမြို့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ဥက္ကဋ္ဌ Zhaung Maio Yin ပါဝင်သည့် ကိုယ်စားလှယ် ၁၆ ဦးတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ဖွင့်လှစ်သည့် ခုတင် (၁၀၀၀) ကိုဗစ်ကုသရေးစင်တာသို့ လေ့လာရန် လာရောက်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။ ထိုကုသရေးစင်တာကို တရုတ်နိုင်ငံ၏အကူအညီဖြင့် ၂၀၂၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး တရုတ်နှင့်ကုန်သွယ်ရေးပြုလုပ်ရာတွင် အရေးပါသည့် ကုန်သည်များ၊ ကုန်တင်ကားမောင်းသမားများ၊ ကားနောက်လိုက်များ ကိုဗစ်ကုသမှုခံယူနိုင်ရန်နှင့် ကိုဗစ်စစ်ဆေးနိုင်ရန် အဓိကထား ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်နှင့် ပတ်သက်သည့် ဓာတ်ခွဲခန်းကို သွားရောက်လေ့လာခဲ့သည်။ ၂၀၂၁ ခုနှစ်မှစပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုများ နယ်စပ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ မဝင်ရောက်ရေးအတွက် အထူးဂရုပြုခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်ရှိ ပြည်သူများအတွက်လည်း ကိုဗစ်ရောဂါကာကွယ်ဆေး သန်းနှင့်ချီ လှူဒါန်းခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံအခြေစိုက် ယူနန် (တရုတ်) ကုန်သည်ကြီးများအသင်း (Myanmar Yunnan (China) Chamber of Commerce) ကို စတင်တည်ထောင်ပြီဖြစ်ကြောင်း ရွှေဇာမဏီသတင်းတွင် ဖော်ပြထားသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စစ်ကောင်စီ၏ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ (China Culture Center – CCC)၊ မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း (Myanmar-China Business Association – MCBA)၊ မြန်မာ-တရုတ်လုပ်ငန်းရှင်များအသင်း (Chinese Enterprises Chamber of Commerce in Myanmar – CECCM) နှင့် YOMA စီးပွားရေးလုပ်ငန်းစုတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ အပါအဝင် ဧည့်သည် ၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း ရေးသားထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရများနှင့် မြန်မာနိုင်ငံအခြေစိုက် ယူနန်စီးပွားရေးလုပ်ငန်းများနှင့် ယူနန်ပြည်သူများအကြား ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းသွားမည့် အကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ Xie Minggui က အခမ်းအနားတွင် ပြောဆိုခဲ့သည်။ မြန်မာနှင့် ယူနန်ရှိ စီးပွားရေးလုပ်ငန်းများသည် ယူနန်-မြန်မာ သယ်ယူပို့ဆောင်ရေးလမ်းကွန်ရက်ကို အသုံးပြုကာ မြန်မာနိုင်ငံရှိ လျှပ်စစ်စွမ်းအင်နှင့် အခြေခံအဆောက်အအုံဆိုင်ရာ တရုတ်အစိုးရစီမံကိန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။ အဆိုပါအသင်းသည် ရပ်ဝန်းလမ်းကြောင်းအစီအမံ (Belt and Road Initiative – BRI) နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC) တည်ဆောက်ရေးတွင် တရုတ်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန် ပါဝင်အားဖြည့်ရန် ရည်ရွယ်ကြောင်း ရေးသားထားသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရာတွင် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် စီမံကိန်းများ၏ အဓိကဆုံချက်ဖြစ်သည်။ စီးပွားရေး စင်္ကြံစီမံကိန်းများတွင် ပါဝင်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ယူနန်မှ ချိတ်ဆက်ထားသည့် ရထားလမ်း-ကုန်းလမ်း-ရေကြောင်းလမ်း ချိတ်ဆက်ထားသည့် လမ်းကြောင်းများသည် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရန်လည်း ရည်ရွယ်ပြီး ၄င်းပြည်နယ်ကို မြန်မာမှတဆင့် အရှေ့တောင်အာရှ၊ တောင်အာရှတို့၏ စီးပွားရေးဆုံချက်အဖြစ် အသွင်ပြောင်းရန် အစီအမံလည်းပါဝင်သည်။ |
၂၀၂၂၊ ဩဂုတ် ၁၃ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ တရားမဝင်ဆောက်လုပ်ရေးလုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသော တရုတ်စီးပွားရေးသမား ရှူကျွီ့ကျန်း ကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ရေးသားထားသည်။ ၎င်းသည် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများမှ တရားမဝင် လောင်းကစားလုပ်ငန်းများနှင့် ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းတွင်လည်း ပါဝင်ပတ်သက်နေသည်၊ ရွှေကုက္ကိုလ်စီမံကိန်းသည် ၎င်းပိုင်ဆိုင်သည့် တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) နှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ ၎င်းသည် တရုတ်အာဏာပိုင်များဆီမှ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ပြီး တရားမဝင် အွန်လိုင်းကာစီနိုလောင်းကစားလုပ်ငန်းများ လုပ်ကိုင်သောကြောင့် နိုင်ငံတကာတွင်လည်း ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတကာရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းသည် တရုတ်နိုင်ငံတွင်လည်း ကာစီနိုဖွင့်ခြင်းများနှင့် ပတ်သက်၍ အမှုများရင်ဆိုင်နေရပြီး အခြားသူများအား ကုမ္ပဏီမှတ်ပုံတင်ခိုင်းကာ အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်လျက် ရာဇဝတ်ဂိုဏ်းတခုကိုလည်း ခေါင်းဆောင်နေသူ ဖြစ်သည်ဟုဆိုသည်။ သို့သော် ၎င်းဖမ်းဆီးခံရမှုကြောင့် ရွှေကုက္ကိုလ်စီမံကိန်းအပေါ် ထိခိုက်မှုရှိမည်မဟုတ်ကြောင်း စီမံကိန်းတာဝန်ရှိသူတဦးက ဧရာဝတီသတင်းဌာနသို့ ပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁၂ စစ်ကောင်စီကို ထောက်ခံသည့် တရုတ်နိုင်ငံကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Freedom People Force က ဦးဆောင်ပြီး မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ပြုလုပ်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတွင် တရုတ်နိုင်ငံအနေနှင့် မိမိအကျိုးစီးပွားထက် မြန်မာပြည်သူများ၏ ဆန္ဒကိုနားထောင်ပြီး စစ်ကောင်စီကို ထောက်ခံခြင်း ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြသည်ဟု သံလွင်တိုင်းမ် သတင်းဌာနတွင် ဖော်ပြခဲ့သည်။ အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် စစ်ကောင်စီကို ထောက်ခံသည်ဆိုသောစွပ်စွဲချက်များဖြင့် ဒီမိုကရေစီ အရေးလူပ်ရှားသူများက တရုတ်အစိုးရကို ဆန္ဒပြခြင်း၊ စီမံကိန်းများကို ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁၀ တရုတ်နိုင်ငံ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်နေသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတွင် ကိုင်းဖြတ်-ကိုင်းဆက်ခြင်းဖြင့် အမြန်မျိုးပွားခြင်း နည်းပညာစနစ်နှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေးသရုပ်ခြံများ (Model of Germplasm Resource Nursery) တည်ဆောက်ထားပြီဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှစ၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ခဲ့သော ‘သရက်၊ ကျွဲကော၊ ပိန္နဲ၊ မာလကာ မျိုးကောင်းမျိုးသန့်ပျိုးပင်များ ထုတ်လုပ်ရန် ခေတ်မီစံပြပျိုးခင်းနှင့် ပျိုးရုံတည်ထောင်ခြင်း’ စီမံကိန်းကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ မြန်မာဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာနတွင် အကောင်အထည်ဖော်ခဲ့သည်ဟု ရေးသားထားသည်။ ဒေသခံမြန်မာတောင်သူများ စိုက်ပျိုးရေး နည်းပညာအလေ့အကျင့် ရရှိစေရန်နှင့် ခြံထွက်သီးနှံအရည်အသွေး မြှင့်တင်ရန် အဓိကရည်ရွယ်ကြောင်း ဖော်ပြခဲ့သော်လည်း တရုတ်နိုင်ငံ၏ မျိုးဗီဇပြောင်းလဲစိုက်ပျိုးမှုနည်းပညာကို စမ်းသပ်အသုံးပြုထားသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ |
၂၀၂၂၊ ဩဂုတ် ၇ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီဘက်တွင် ရပ်တည်ခြင်း မပြုရန် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအနီးတွင် တည်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ဒေသခံများကတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြ သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ စစ်ကောင်စီဘက်မှ ဆက်လက်ရပ်တည်ပြီး ပြည်သူများ၏ တောင်းဆိုချက်များကို မလိုက်နာပါက တရုတ်နိုင်ငံ၏ အကျိုးစီးပွားများအပေါ် ထိရောက်မှုရှိမည့် နောက်ဆက်တွဲလုပ်ဆောင်ချက်များ ဖြစ်ပေါ်လာမည်ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဩဂုတ် ၇ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေသည် တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။ ထိုသတင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝိန်းပင်းကလည်း သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောဆိုခဲ့သည်။ သို့သော် စစ်ကောင်စီ၏ နာရေးသတင်းကြေညာစာတွင် ၎င်းသေဆုံးရခြင်း အကြောင်းအရင်းကို အသေးစိတ် ရေးသားဖော်ပြထားခြင်းမရှိပေ။ တရုတ်နိုင်ငံ ဒေသတွင်း သတင်းစာဖော်ပြချက်အရ ၎င်းမကွယ်လွန်မီ တရက်အလိုကပင် ယူနန်ပြည်နယ်ရှိ အရာရှိတစ်ဦးနှင့် နောက်ဆုံးအစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။ ၎င်းသည် တရုတ်နိုင်ငံတွင် တနှစ်အတွင်း ဂျာမနီ၊ ယူကရိန်း၊ ဖိလစ်ပိုင်ပြီးနောက် စတုတ္ထမြောက် သေဆုံးခဲ့သည့် သံအမတ်လည်း ဖြစ်သည်ဟု ဆိုသည်။ |
၂၀၂၂၊ ဩဂုတ် ၂-၅ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ချန်းခရိုင်နှင့် ထိစပ်နေသော ကချင်ပြည်နယ် တရုတ်-မြန်မာ ကုန်သွယ်ရာ ကန်ပိုက်တီလမ်း၌ စစ်ကောင်စီနှင့် ကေအိုင်အေတို့အကြား နှစ်ရက်နေ့မှ ငါးရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ကုန်ကားများ ပိတ်မိနေပြီး ဆဒုံးမြို့သို့ ဒေသခံတရာဝန်းကျင်ခန့် တိမ်းရှောင်နေရသည်ဟု သတင်းဌာနများမှ ဖော်ပြခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၄ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အော့ဖ်လိုင်း (Offline) ပုံစံဖြင့် ပထမဆုံးအကြိမ် ဦးစီးကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာတွင် ဖော်ပြထားသည်။ အဆိုပါပွဲတွင် တရုတ်ယဥ်ကျေးမှုအမွေအနှစ်များနှင့် ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်အချို့ ပြသခဲ့ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတာဝန်ခံ Xu Ling ၊ FSG (Myanmar) Security Services Co., Ltd မှ တာဝန်ရှိသူများနှင့် အဆိုပါ ကုမ္ပဏီဝန်ထမ်းများ တက်ရောက်အားပေးကြည့်ရှုခဲ့သည်။ တရုတ်နိုင်ငံဆိုင်ရာ ဉာဏ်စမ်းပဟေဠိများ၊ ဓာတ်ပုံပြပွဲများနှင့် စာကြည့်တိုက်လေ့လာခြင်း အစီအစဥ်များလည်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ယခုပွဲသည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုများ တိုးပွားလာစေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး နောင်တွင်လည်း အစီအစဥ်များစွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဩဂုတ် ၃ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ၏ ထိုင်ဝမ်သို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်တနိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံပါကြောင်းနှင့် ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေနှင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ရပ်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်ပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းတို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေး ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးသို့ တောင်းဆိုအပ်ပါသည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ |
၂၀၂၂၊ ဩဂုတ် ၃ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို ကန့်ကွက်ပြီး တရုတ် တနိုင်ငံတည်းမူဝါဒကိုသာ ထောက်ခံသည့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးနှင့် ပူးတွဲ၍ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နွယ်ဖွားများက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြောက်ပိုင်းဒေသ အသီးသီးမှ တရုတ်နွယ်ဖွား အဖွဲ့အစည်းများ၊ တရုတ်ဘာသာ စာသင်ကျောင်းများနှင့် တရုတ်အဝေးရောက်တပ်များ၏ မျိုးဆက်ကိုယ်စားလှယ်တို့က တက်ရောက်ခဲ့သည်ဟု ရေးသားထားသည်။ အဖွဲ့အစည်းများက အမေရိကန်၏ လုပ်ရပ်သည် တရုတ်တနိုင်ငံတည်း မူဝါဒ (One-China Policy) အား ချိုးဖောက်နေခြင်း၊ ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပ တရုတ်လူမျိုးများသည် အမိနိုင်ငံပေါင်းစည်းရေးကို လိုလားကြောင်း ပြောခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။ ထို့ပြင် တရုတ်အစိုးရ၏ တုံ့ပြန်မှုနှင့် တန်ပြန်အရေးယူသည့်အစီအမံများကို ခိုင်မာစွာထောက်ခံကြောင်းကိုလည်း ရေးသားထားသည်။ ထိုင်ဝမ်သို့ သွားရောက်ခဲ့သော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်ကုန်သည်ကြီးများ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နွယ်ဖွားများက ကန့်ကွက်စာများ ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် စစ်ကောင်စီပိုင် သတင်းစာများတွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်းနှင့် ထိုင်ဝမ် ခရီးစဉ်ကို ဆန့်ကျင်သော ဆောင်းပါးများကို ထည့်သွင်းခြင်းများပြုလုပ်ခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၃ ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ သွားရောက်ခဲ့သည့်အပေါ် ကန့်ကွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်ကုန်သည်ကြီးများအသင်းအဖွဲ့များ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံရှိ ကွမ်ရှီးကုန်သည်ကြီးများအသင်းချုပ်၊ ကျဲ့ကျန်းကုန်သည်ကြီးများ အသင်းချုပ်၊ ဖူကျန့်ကုန်သည်ကြီးများအသင်းချုပ်၊ လျောင်နင်ကုန်သည်ကြီးများအသင်းချုပ် နှင့် စီချွမ်၊ ချုံချင့်ကုန်သည်ကြီးများအသင်းချုပ်တို့ ပါဝင်ခဲ့သည်။ အမေရိကန်နိုင်ငံ၏ လုပ်ရပ်သည် တရုတ်တနိုင်ငံတည်း မူဝါဒ (One China Policy) ကို ချိုးဖောက်သောကြောင့် အသင်းမှ ပြတ်ပြတ်သားသား ကန့်ကွက်ပြီး တရုတ်နိုင်ငံ ပေါင်းစည်းရေးကို လိုလားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင့် တရုတ်ကုန်သည်ကြီးများအသင်းများသည် တရုတ်နိုင်ငံအစိုးရ၏ တန်ပြန်ဆောင်ရွက်မှု အစီအမံအားလုံးကို အခိုင်အမာ ထောက်ခံကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ |
၂၀၂၂၊ ဩဂုတ် ၂ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကကျသော စီမံကိန်းတခုဖြစ်သည့် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းကို အွန်လိုင်းဖြင့် ဖွင့်လှစ်ကျင်းပကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ယူနန်ပြည်နယ် နိုင်ငံတကာစီးပွားရေးနည်းပညာ ကူးလူးဖလှယ်ရေးစင်တာမှ တာဝန်ခံကျင်းပသည့် အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ စီးပွားရေးသံမှူး Tan Shufu တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားသော နယ်စပ်မျဉ်း ထိစပ်လျက်ရှိသည့် ယူနန်-မြန်မာနယ်စပ်ဒေသတွင် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ခြင်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ သင်တန်းသားများအနေဖြင့် အဆိုပါသင်တန်းတွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ဗဟုသုတများကို လေ့လာသင်ယူ၍ သက်ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေမည့်အကြောင်း ရေးသားထားသည်။ ဤမွမ်းမံသင်တန်းသည် ၂၁ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်ခန်းစာများတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံနိယာမများ၊ ပုံစံနှင့်မူဝါဒများ၊ ယူနန်နယ်စပ်တလျှောက် ဘဏ္ဍာရေးနှင့် နယ်စပ်ဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုပုံစံသစ် စသည့်အကြောင်းအရာများ သင်ကြားပို့ချပေးသည်။ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကောင်အထည်ဖော်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတည်းက နှစ်နိုင်ငံ သဘောတူ ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ခရီးစဥ်အတွင်းတွင်လည်း ထိုစီမံကိန်းများ အကောင်ထည်ဖော်ရေး အရှိန်မြှင့်ရန် သဘောတူညီခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁ တရုတ်နိုင်ငံ အစိုးရမှ မူဆယ်သို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်း ပေးအပ်သည့် အခမ်းအနားကို တရုတ်-မြန်မာနယ်စပ်ဂိတ် တခုဖြစ်သည့် ကျင်စန်းကျော့-မက်မန့် (ဝမ်တိန်) နယ်စပ်ဂိတ်တွင် ကျင်းပခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ လှူဒါန်းသော ပစ္စည်းများမှာ ကာကွယ်ရေးနှာခေါင်းစည်း၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း၊ တခါသုံး ကာကွယ်ရေးဝတ်စုံ (PPE)၊ ဖိနပ်အစွပ်၊ မျက်နှာအကာအကွယ် (face shield)၊ တခါသုံး ရာဘာလက်အိတ်စသည်တို့ ပါဝင်ခဲ့သည်။ ၂၀၂၂ ဧပြီလ တွင်လည်း တရုတ်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် နှစ်သန်းကို မူဆယ်၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် တသန်းကိုလည်း တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြထားခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၁၁ ရက်တွင် တရုတ်နိုင်ငံ အစိုးရက မြန်မာ-တရုတ်နယ်စပ်မြို့ ငါးမြို့အတွက် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း တသန်း ပေးအပ်လှူဒါန်းပွဲကို ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာ၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ |
၂၀၂၂၊ ဩဂုတ် ၁ မူဆယ်မြို့၌ တရုတ်လူမျိုးများဦးဆောင်ဖွင့်လှစ်ထားသည့် အွန်လိုင်းမှတဆင့် လိမ်လည်သော ဂိုဏ်းကြီးတခုကို စစ်ကောင်စီနှင့်တရုတ်နိုင်ငံအာဏာပိုင်များသည် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ မင်္ဂလာမူဆယ် ကိုးထပ်တိုက်ဟု လူသိများသည့် ထိုဂိုဏ်းသည် တရုတ်နိုင်ငံဘက်မှ အလိုရှိနေသော ဂိုဏ်းတခုဖြစ်ပြီး တရုတ်လူမျိုးအဖွဲ့ဝင် အယောက် တထောင်ကျော်ပါဝင်ပတ်သက်နေကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံမှ ဖိအားကြောင့် နှစ်နိုင်ငံရှိ စစ်တပ်များ ပူးပေါင်းပြီး ဝင်စီးခြင်း ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ သို့သော် ကြိုတင်အသိပေးထားခြင်းများကြောင့် ဖမ်းဆီးခြင်းမပြုမီပင် အများစုမှာ လွတ်မြောက်သွားခဲ့ကြောင်း အဆိုပါဂိုဏ်းသည် အွန်လိုင်းစာမျက်နှာမှတဆင့် နိုင်ငံခြားသားများကို ဆွဲဆောင်ပြီး တရုတ်နိုင်ငံကိုအဓိက ပစ်မှတ်ထား ငွေကြေးလိမ်လည်ခြင်းများ ပြုလုပ်သည်ဟုလည်း ရေးသားထားသည်။ ဇန်နဝါရီ ၂၅ တွင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်း လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံသားပိုင် မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက် အမည်ဖြင့် ကာစီနိုလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ၆၀ ဦး အပါအဝင် လူ ၁၆၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။ |
၂၀၂၂၊ ဩဂုတ် ၁ ယူနန်ပြည်နယ်၌ လယ်ယာထွက်ကုန်များ အခြောက်ခံသည့် ကုန်ထုတ်လုပ်ရေး အဆင့်မြင့်နည်းပညာနှင့် လက်ရာလေ့ကျင့်ရေးသင်တန်း (2022 China-Myanmar International “Advanced Technology and Process Training for Agricultural Products Drying Production Line) စီမံကိန်းကို ဖွင့်လှစ်ခဲ့သည်။ ထိုဖွင့်ပွဲအခမ်းအနားအား အွန်လိုင်းနှင့် အွန်လိုင်းပြင်ပ သင်ကြားမှု (Online Offline) ပုံစံဖြင့် ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့တွင် တစ်ချိန်တည်းကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံမှ သက်ဆိုင်ရာ လုပ်ငန်းအသင်းအဖွဲ့၏ တာဝန်ခံပုဂ္ဂိုလ်များ၊ စီမံအုပ်ချုပ်သူများနှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးအသင်းအဖွဲ့များနှင့် သင်တန်းသား စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ၎င်းသင်တန်းတွင် စိုက်ပျိုးရေးကုန် ထုတ်လုပ်မှုအတွက် လိုအပ်သည့် နည်းပညာသဘောတရားများ၊ လက်မှုပညာ၊ စက်ပစ္စည်း အယူအဆနှင့် လက်တွေ့လုပ်ဆောင်ခြင်းများ ပါဝင်သည်။ ယခုအကြိမ်လေ့ကျင့်ရေးမှတဆင့် ကုန်ချောထုတ်လုပ်ရေးကို မြှင့်တင်နိုင်ပြီး တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် စိုက်ပျိုးရေးကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၃၁ တရုတ်ရင်းနှီးမြှုပ်နှံမှု အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရန် နောက်ဆုံးအကြိမ် သတိပေးတားမြစ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။ ထိုစီမံကိန်းများတွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၌ စက်ရုံအဆောက်အဦများ တည်ဆောက်၍ ပြန်လည်ငှားရမ်းသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မည့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတခုဖြစ်သော Best Garment (Myanmar) Co. Ltd. လည်းပါဝင်သည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ သန်းခန့်ရှိပြီး အဆိုပါကုမ္ပဏီနှင့်အတူ စင်္ကာပူအခြေစိုက် ကုမ္ပဏီ ခုနစ်ခုတို့မှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁၀၄၁ သန်းကျော်ဖြင့် နေစွမ်းအင်၊ ဆိပ်ကမ်းနှင့် သိုလှောင်ရုံလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြကြောင်း Myanmar Now သတင်းတွင် ဖော်ပြထားသည်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်တောင်းခံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ ယင်းတားမြစ်ချက်များအား လိုက်နာခြင်းမရှိလျှင် တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူသွားမည့်အကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် ကြေညာချက် ၁၀/၂၀၂၁ ဖြင့် NUG မှ သတိပေးတားမြစ်ခဲ့ပြီ ဖြစ်သည်။ တားမြစ်ချက် ဖောက်ဖျက်သည့်လုပ်ငန်းများအဖြစ် အမည်စာရင်းနှင့်တကွ ထုတ်ပြန်ထားခြင်းခံရသည့် ထိုကုမ္ပဏီများအနေဖြင့် စစ်ကောင်စီနှင့်လက်တွဲမဖြုတ်ပါက လက်တွေ့ကျကျ ပြင်းပြင်းထန်ထန် အရေးယူသွားမည့်အကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂၇ မြန်မာ့နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီသေဒဏ်စီရင်လိုက်ခြင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ရှုတ်ချကြောင်းထုတ်ပြန်ရာ၌ တရုတ်ကလည်း ပါဝင်ထောက်ခံခဲ့သည်ဟု ကုလသမဂ္ဂ၏သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအစည်းအဝေးများတွင် စစ်ကောင်စီဘက် ဘက်လိုက်ရပ်တည်ကာ ဗီတိုအာဏာသုံးပြီး အစဉ်တစိုက်အကာအကွယ်ပေးလေ့ရှိသော တရုတ်နိုင်ငံအနေဖြင့် ယခုအခါတွင် ရုရှားနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ အားလုံး တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချလိုက်သည့် ထူးခြားဖြစ်စဉ်တရပ်ဖြစ်သည်။ ဤထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက AP သတင်းဌာနမေးမြန်းမှုအား ဖြေကြားရာတွင် အခြေခံအဆောက်ဦ တိုက်ခိုက်ခြင်းအပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရန် “အထူးအရေးကြီးသော” တောင်းဆိုချက်ဖြစ်ကြောင်း ပြောသွားသည်။ “မည်သည့်နေရာတွင် မည်သူက ကျူးလွန်သည်ဖြစ်စေ အကြမ်းဖက်မှုအားလုံးကို လုံခြုံရေးကောင်စီအနေဖြင့် လုံးဝပယ်ချကြောင်း ပြင်းထန်သောအချက်ပြမှုတခုအဖြစ် တရုတ်က ယုံကြည်ကြောင်း၊ ဤအရေးကြီးသတင်းစကားကို ဘက်အသီးသီးက ပါဝင်သူများအားလုံး လိုက်နာကြမည်ဟု မျှော်လင့်ကြောင်း” ထည့်သွင်းပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့်တရုတ် စီမံကိန်းကြီးများသည် စတင်နိုင်ခြင်းမရှိသည့်အပြင် ချိန်းခြောက်ခံရမှုများ မကြာခဏကြုံနေရသည်။ |
၂၀၂၂၊ ဇူလိုင် ၂၇ မြန်မာ့ပဲပုပ်နည်းပညာဆိုင်ရာ ပြည်ပသင်တန်းကို အွန်လိုင်းဖြင့် ဖွင့်လှစ်ပြီဖြစ်ကြောင်း တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ Yuan Longping High-Tech Agriculture Co., Ltd. မှ တာဝန်ယူကျင်းပသည့် အဆိုပါသင်တန်းဖွင့်ပွဲသို့ စီးပွားရေးသံမှူး Tan Shufu တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနနှင့် Longping အဆင့်မြင့်သိပ္ပံနည်းပညာ နိုင်ငံတကာလေ့ကျင့်ရေးကောလိပ်မှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ စိုက်ပျိုးရေးဌာနမှ သင်တန်းသား ၄၀ ဦး တက်ရောက်ခဲ့ကြသည်။ စိုက်ပျိုးရေးအတွက် သဘာဝဂေဟအခြေအနေပေးထားချက် ကောင်းမွန်ပြီး ပဲစိုက်ပျိုးမှုလုပ်ငန်းအတွက် အခြေခံကောင်းမွန်သော မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အများဆုံး ပဲပုပ် တင်သွင်းသည့် တရုတ်နိုင်ငံနှင့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအလားအလာများစွာရှိကြောင်း Tan Shufu က ထည့်သွင်းပြောဆိုခဲ့သည်။ သင်တန်းကာလအားဖြင့် ၂၁ ရက်ကြာမြင့်ပြီး သင်ခန်းစာတွင် ပဲပုပ်ပျိုးထောင်မှုနည်းလမ်းများ၊ ပဲပုပ်၏ အာဟာရထူးခြားချက်များနှင့် ပဲပုပ်ပျိုးထောင်ရာတွင် မြေသြဇာကျွေးခြင်း၊ ဇီဝနည်းပညာ အသုံးချခြင်း စသည့် ခေါင်းစဉ်အကြောင်းအရာများ ပါဝင်ပို့ချသွားမည်ဖြစ်သည်။ |
၂၀၂၂၊ ဇူလိုင် ၂၆ မြန်မာနိုင်ငံတွင် နိုင်ငံခြားအရန်ငွေအဖြစ် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ကိုလည်း ထည့်သွင်းစုဆောင်းထားသည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများအား ပြောခဲ့သည်။ အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေကိုလည်း အရန်ငွေကြေးအဖြစ် ထိုက်သင့်သောပမာဏကို စုဆောင်းထားရှိပြီဖြစ်သဖြင့် စီးပွားရေးနာလန်မထူနိုင်တော့သည့် သီရိလင်္ကာနိုင်ငံသကဲ့သို့ ဖြစ်မလာနိုင်ကြောင်း (၁၈) ကြိမ်မြောက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၂၆ စစ်ကောင်စီက မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်ပြီး ရူတ်ချရန်ပျက်ကွက်နေသောကြောင့် ဝေဖန်ခံရနေသည့် အပေါ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း က “တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းရေး ဝင်မစွက်ရမူဝါဒ” ကို ကိုင်စွဲထားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ကွပ်မျက်ခဲ့မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် သြဇာအရှိန်အဝါသုံးကာ တားဆီးရန် အမေရိကန်နိုင်ငံက တိုက်တွန်းပြီးနောက်တွင် တရုတ်အစိုးရက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Ned Price က သတင်းစာရှင်းလင်းပွဲမှာ “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် တခြားနိုင်ငံတွေထက် ပိုပြီး သြဇာလွှမ်းမိုးနိုင်ရမယ်” ဟု ပြောခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၂၅ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ၏ အစိတ်အပိုင်းတခုဖြစ်သည့် နယ်စပ်စီးပွားရေးဇုံ တည်ဆောက်ရန် ရည်ရွယ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကြူကုတ်-ပန်ဆိုင်းတွင် နှစ်နိုင်ငံ နယ်စပ်တံတားပြုပြင်ရေး အတွက် နှစ်နိုင်ငံကြားဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ယူနန်ပြည်နယ် ရွှေလီမြို့ အစိုးရတာဝန်ရှိသူများနှင့် မူဆယ်-ပန်ဆိုင်းမြို့ရှိ တာဝန်ရှိသူများက မြန်မာဖက်ခြမ်း၌ တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံ ပူးပေါင်းကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ကြသည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်တံတားကို ပြုပြင်ရန် ရွှေလီအစိုးရမှ ယွမ်ငွေ သုံးသန်းလျာထားပြီး လုပ်ငန်းဆောင်ရွက်ရန် ဇူလိုင် ၁၅ မှ ဩဂုတ် ၁၅ ရက်အတွင်း ဆောင်ရွက်မည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း စီစဉ်ထားသည့် အချိန်ထက် နောက်ကျပြီး ဇူလိုင် ၂၅ ရက်မှ ကွင်းဆင်းဆွေးနွေးခြင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂၅ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသော တရုတ်- အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo) တွင် မြန်မာနိုင်ငံမှ (၁၉) ကြိမ်မြောက် ပါဝင်ပြသမည်ဟု စစ်ကောင်စီသတင်းစာမှ ဖော်ပြခဲ့သည်။ ကုန်စည်ပြပွဲနှင့် ပတ်သတ်သော ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ တွင် ကျင်းပခဲ့သည်။ ယခင်နှစ်များတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းရှင်များမှ ကိုယ်တိုင်သွားရောက်ခဲ့သော်လည်း ၂၀၂၀ ခုနှနှစ်မှ စတင်ကာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်မှုနှင့် ကန့်သတ်မှုများကြောင့် မြန်မာနိုင်ငံမှ မြန်မာ့ထွက်ကုန်များကို တရုတ်နိုင်ငံသို့ပေးပို့ကာ တရုတ်ကိုယ်စားလှယ်များက ပြသပေးခဲ့ကြသည်။ ပြပွဲတွင် မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြခန်း ၃၀ ကျော်ဖြင့် ပြသမည်ဖြစ်သည်။ |
၂၀၂၂၊ ဇူလိုင် ၂၅ ကချင်ပြည်နယ် မြစ်ကြီးနားနှင့်ဝိုင်းမော်မှ တရုတ်နိုင်ငံမှ တစ်သျှူးငှက်ပျောလုပ်ငန်းရှင် သုံးပုံနှစ်ပုံခန့် ထွက်ခွာသွားပြီဖြစ်ကြောင်း Kachin News Group သတင်းတွင် ဖော်ပြထားသည်။ တစ်သျှူးငှက်ပျောကုမ္ပဏီပေါင်း ၃၀ ကျော်မှ တရုတ်လုပ်ငန်းရှင်များသည် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် နှစ်နှစ်ဆက်တိုက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း ရေးထားသည်။ မြေငှားခ၊ မြေဩဇာခ၊ တင်ပို့ခ၊ အလုပ်သမားခများအတွက် အကုန်အကျခံပြီး တစ်သျှူးငှက်ပျောလုပ်ငန်းလုပ်ကိုင်ခဲ့ကြသည့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားခြင်း၊ အစစ်အဆေးများပြီး နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ပို့ကုန်များပျက်စီးကာ အရှုံးပေါ်သွားခြင်းများ ကြုံတွေ့ခဲ့ရကြောင်းရေးသားထားသည်။ ထွက်ခွာသွားသည့် တရုတ်လုပ်ငန်းရှင် ဟောင်းများနေရာတွင် တရုတ်လုပ်ငန်းရှင်အသစ်များဝင်ရောက်လုပ်ကိုင်ရန် မြန်မာကုမ္ပဏီများဖိတ်ခေါ်လျက်ရှိသော်လည်း အခြေအနေစောင့်ကြည့်နေကြသဖြင့် ရင်းနှီးမြှုပ်နှံရန် လာရောက်ကြခြင်းမရှိသေးကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂၅ တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့်မူအတိုင်း စွဲကိုင်ကျင့်သုံးလျက်ရှိကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို ကွပ်မျက်ခံရခြင်းအ ပေါ်မှတ်ချက်ပေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန် က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များကို ကူညီပေးသည်ဟု စွပ်စွဲခံခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက ပြောကြားလိုက်သည့်အပေါ် တရုတ်နိုင်ငံ၏မှတ်ချက်အား ရိုက်တာ (Reuters) သတင်းထောက်က မေးမြန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဘက်အသီးသီးမှ ပါဝင်ပတ်သက်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှ ၎င်းတို့၏ ကွဲပြားခြားနားချက်များနှင့် သဘောထားကွဲလွဲမှုများကို တိုင်းပြည်နှင့်လူမျိုး၏ ရေရှည်အကျိုးကိုကြည့်၍ မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု တရုတ်နိုင်ငံက အစဉ်အမြဲတိုက်တွန်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၂၄ တရုတ်နိုင်ငံ ယူနန်အစိုးရသည် ကူမင်း-ရန်ကုန်၊ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ ပါဝင်သော နိုင်ငံတကာခရီးသွားစင်္ကြံ ငါးခုကိုတည်ဆောက်ရေး အရှိန်မြှင့်တင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမြန်မာက ထုတ်ပြန်ခဲ့သည်။ ခရီးသွားစင်္ကြံ၌ မြန်မာအပြင် ကူမင်း-ဘန်ကောက်၊ ကူမင်း-ဟနွိုင်း၊ လန်ချန်း-မဲခေါင် စသည့် နိုင်ငံတကာခရီးသွားစင်္ကြံ တည်ဆောက်ပြီး အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရေးကို မြှင့်တင်မည်ဟု ထည့်သွင်းရေးသားထားသည်။ ထိုထုတ်ပြန်ချက်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင်ကျင်းပခဲ့သည့် ခရီးသွားပြပွဲတွင်ထုတ်ပြန်ခဲ့ပြီး မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား နှင့် ဒေသ ၇၁ ခုမှ အွန်လိုင်းနှင့် အော့ဖ်လိုင်းပုံစံဖြင့် ပြပွဲတွင် ပါဝင်ခဲ့ကြကြောင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂၂ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံး (ICJ) တွင် စစ်ကောင်စီအနေဖြင့် တရား ဆက်လက်ရင်ဆိုင်ရမည်ဟု ICJ ကဆုံးဖြတ်ခဲ့ရာ တရုတ်နိုင်ငံကိုယ်စားပြုတရားသူကြီး ရွှယ် ဟန်ချင်း ကလက်မခံဘဲကန့်ကွက်ခဲ့သည်။ ICJ တရားသူကြီး ၁၆ ဦးအနက် တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သူမှာ တရုတ်ကိုယ်စားပြု တရားသူကြီး ရွှယ်ဟန်ချင်းတဦးရှိကြောင်း ICJ ထုတ် Application of the Convention on the Prevention and Punishment of the Crime of Genocide (The Gambia V. Myanmar) အမှုတွဲတွင် ဖော်ပြထားသည်။ ရွှယ်ဟန်ချင်းက “ဂမ်ဘီယာနိုင်ငံသည် OIC အဖွဲ့အစည်းကို တာဝန်ပေးချက်အရသာ မြန်မာနိုင်ငံအား တရားစွဲနေခြင်း”၊ “စွပ်စွဲထားသည့် မြန်မာနိုင်ငံရှိ အဖြစ်အပျက်များနှင့် ဂမ်ဘီယာနိုင်ငံအား ပတ်သက်ဆက်နွယ်မှုအလျဉ်းမရှိခြင်း” ကြောင့် “ယခုကဲ့သို့ မြန်မာနိုင်ငံအား တရားစွဲဆိုခြင်းသည် OIC အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွား၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင့်ရှင်းအဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားမျှသာဖြစ်ပြီး လူထုတရပ်လုံး၏အကျိုးစီးပွားနှင့် သဘောသက်ရောက်မှု မရှိ” သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ဖြေရှင်းချက်ထုတ်ပြန်ထားပါသည်။ ပြီးခဲ့သည့် မတ် ၁၆ ရက်တွင် ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ် ချက်ချင်းရပ်တန့်ဖို့ ICJ အမိန့်စာ ထုတ်ပြန်ရာ၌လည်း ရုရှားတရားသူကြီးနှင့်အတူ တရုတ်တရားသူကြီး ရွှယ်ဟန်ချင်းတို့နှစ်ဦး ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ရွှယ်ဟန်ချင်းသည်၂၀၁၀ ခုနှစ်မှစတင်ကာ ICJ တရားရုံးအဖွဲ့ဝင် ဖြစ်လာပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၃၀ ခုနှစ် ဖေဖော်ဝါရီလအထိ ICJ တရားသူကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။ မြန်မာစစ်ကောင်စီနည်းတူ တရုတ်ဘေကျင်းအစိုးရသည်လည်း ရှင်ကျန်းပြည်နယ် ဝီဂါမူစလင်များအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် တိုင်ကြားခံထားရသည်။ |
၂၀၂၂၊ ဇူလိုင် ၂၂ မြန်မာ-တရုတ် နိုင်ငံတကာရထားလမ်း၏အဓိက အစိတ်အပိုင်း ဖြစ်သည့် တာလီ-ရွှေလီရထားလမ်း ပထမအပိုင်း တာလီ-ပေါင်စန်းရထားလမ်းပိုင်းကို စတင်ဖွင့်လှစ်လိုက်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်နှင့်မြန်မာကို ချိတ်ဆက်ပေးမည့် နိုင်ငံတကာ လမ်းကြောင်းအဖြစ် အရေးပါသည့် ၎င်းတာလီ-ရွှေလီရထားလမ်းကို အသုံးပြုခြင်းဖြင့် ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ မြန်မာနယ်စပ် ရွှေလီမြို့အထိ ခရီးစဉ်ကြာချိန် ခြောက်နာရီမျှသာ ရှိမည်ဟု တရုတ်အစိုးရပိုင် CRI သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရထားလမ်း၏ ဒုတိယတစ်ပိုင်းဖြစ်သည့် ပေါင်စန်း-ရွှေလီလမ်းပိုင်းတည်ဆောက်မှုကို ဖော်ဆောင်လျက်ရှိပြီး ဤရထားလမ်းဆောက်လုပ်ပြီးပါလျှင် မြန်မာနိုင်ငံမှ သီးနှံထွက်ကုန်များကို တရုတ်စျေးကွက်အတွင်းသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်မည်ဟု ၎င်းသတင်းဌာန၌ ဖော်ပြထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ တာလီ၊ တာလီမှ ရွှေလီ၊ ရွှေလီမှ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို ဆက်သွယ်မည့် ရထားလမ်းပိုင်းသည် တရုတ်၏ ရပ်ဝန်းလမ်းကြောင်းအစီအမံ၏အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ကုန်သွယ်လမ်းကြောင်းတခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုတ်က ရပ်ဝန်းလမ်းကြောင်းအစီအမံအောက်တွင် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေးရထားလမ်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းတို့နှင့်ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတ မြန်မာနိုင်ငံသို့ လာခဲ့စဉ်က ချုပ်ဆိုခဲ့သော သဘောတူစာချုပ် ၃၃ ခုအနက် အဆိုပါရထားလမ်းဖောက်လုပ်မှုစီမံကိန်းလည်း ပါဝင်ခဲ့သော်လည်း ယခုအချိန်အထိ မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်ခြင်းမရှိသေးချေ။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာ စဥ်းစားချက်တခုဖြစ်သည့် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရေး အတွက်အ ရေးပါသည့် အစိတ်အပိုင်းဖြစ်သည်။ |
၂၀၂၂၊ ဇူလိုင် ၂၁ မြန်မာပြောင်းကုန်သည်များအနေဖြင့် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ၌ မှတ်ပုံတင်၍ ကုန်သွယ်မှု ပြုလုပ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာ့ပြောင်းဖူးများ တရုတ်နိုင်ငံသို့ တင်သွင်းရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘာတူစာချုပ်အား နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးဖြစ်၍ ယခုလို တင်ပို့နိုင်ခြင်း ဖြစ်သည်ဟုလည်း GACC ပြောခွင့်ရသူ Li Kuiwen က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂၁ ၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး (Myanmar-China Drug Control Cooperation Meeting) ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC Myanmar) က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် နေပြည်တော်တွင် ကျင်းပခဲ့သည့် အစည်းအဝေးသို့ တရုတ်နိုင်ငံမှ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC) မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် လျန်ယွန်း (Liang Yun) ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်နိုင်ရန် အထူးစစ်ဆင်ရေးကိစ္စရပ်များ၊ တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်အစီအမံများ၊ စိတ်ပြောင်းဆေးဝါးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု မရှိစေရေး ထိန်းချုပ်ဆောင်ရွက်ရမည့် အခြေအနေများ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ လာမည့် ၁၉ ကြိမ်မြောက် နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို တရုတ်ဘက်က ဦးဆောင်ကျင်းပမည့်အကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂၀ တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ကြောင်းပူးတွဲကင်းလှည့်ရေးနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့သည် မဲခေါင်မြစ်၏ Sangla သောင်ခုံတွင် သောင်တင်နေသည့် မြန်မာကုန်တင်သင်္ဘောကို ကယ်ဆယ်ခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ (၁၁၉) ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားဆောင်ရွက်လျက် ရှိစဉ် အဆိုပါကယ်တင်နိုင် လိုက်ခြင်းသည် ဆုံးရှုံးမှုတန်ဖိုး ယွမ် နှစ်သန်းကျော်ကို သက်သာ စေခဲ့ကြောင်း ရေးသားထားသည်။ ယခုအကြိမ်ဆောင်ရွက်ခဲ့သည့် လေးနိုင်ငံပူးပေါင်းလှုပ်ရှားမှုတွင် ၎င်းတို့၏တရားဥပဒေစိုးမိုးရေးဌာန အသီးသီးက ရေယာဉ် လေးစီးနှင့် အရာရှိ ၈၄ ဦးတို့ကို စေလွှတ်ခဲ့ပြီး စုစုပေါင်းခရီး ကီလိုမီတာ ၅၈၀ ကျော် ခုတ်မောင်းခဲ့ရာ လေးရက်နှင့်သုံးညတာ ကြာမြင့်ခဲ့သည်။ ပုံမှန်ဆောင်ရွက်လျက်ရှိသည့် အဆိုပါပူးတွဲကင်းလှည့်မှုသည် ၁၀ နှစ်တာကာလအတွင်း နိုင်ငံအသီးသီးမှ သင်္ဘောစီးရေ ၁၃၀ ကျော်ကို ကယ်တင်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ယွမ် သန်းပေါင်း ၂၀၀ နီးပါးကိုလည်း ချွေတာနိုင်ခဲ့ကြောင်း ရေးသားထားသည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်းတလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက်ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်ပါသည်။ |
၂၀၂၂၊ ဇူလိုင် ၂၀ တတိယကြိမ်မြောက် တရုတ်-အာဆီယံ တရားရေးဖိုရမ် (The Third China-ASEAN Forum) ကို တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပပြီး စစ်ကောင်စီ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး က အွန်လိုင်းဖြင့် တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီသတင်းစာတွင် ဖော်ပြခဲ့သည်။ အဆိုပါဖိုရမ်ကို တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ် ( Supreme People Count of China- SPC) က ကြီးမှူးပြီး ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့တရားလွှတ်တော်မှ ပံ့ပိုးခဲ့သည်။ ဖိုရမ်တွင် အာဆီယံ ၁၀ နိုင်ငံမှ တရားသူကြီးချုပ်များ နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး တရားစီရင်ရေးနှင့် ဆက်နွယ်သော ဒေသတွင်း ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်မှု၊ မူပိုင်ခွင့်ဆိုင်ရာ ကာကွယ်မှုနှင့် ကပ်ရောဂါထိန်းချူပ်မှုဆိုင်ရာ စာတမ်းများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအပါအဝင် တက်ရောက်ကြသည့်နိုင်ငံများမှ တတိယကြိမ်မြောက် တရုတ်-အာဆီယံ တရားရေး ဖိုရမ် ( The Third China- ASEAN Forum)၊ နန်နင်း သဘောတူညီချက်ကို အတည်ပြုခဲ့ကြသည်။ |
၂၀၂၂၊ ဇူလိုင် ၂၀ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ဆက်တိုက်မြင့်တက်လာပြီးနောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်လာကြောင်း သတင်းမီဒီယာများတွင် ဖော်ပြကြသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လတွင် ယွမ်နှင့်မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေရန် စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင် လဆန်းတွင်မှု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် ဆန်နှင့်ဆန်ကွဲများမှ လွဲ၍ တခြားသော တင်ပို့မှုများကို အမေရိကန်ဒေါ်လာဖြင့်သာ ပြန်လည်ပေးချေရမည်ဟု ပြန်လည်ညွှန်ကြားခဲ့သည်။ ဒေါ်လာဖြင့် တင်ပို့ရမည့် သတ်မှတ်ချက်မတိုင်ခင် တရက်ကို ပျမ်းမျှကုန်ကားစီးရေ ၆၀ နှင့် ၇၀ အကြား မူဆယ်ကို ဝင်ရောက်မှုရှိခဲ့သော်လည်း ယခုလက်ရှိတွင် ၄၀ နှင့် ၅၀ အကြားသာ ဝင်ရောက်မှုရှိတော့သည့်အကြောင်း Bloomberg Myanmar သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ဗဟိုဘဏ်က တဒေါ်လာကို ၁,၈၅၀ ကျပ် သတ်မှတ်ထားသော်လည်း စျေးကွက်ပေါက်စျေးသည် ၂,၄၀၀ ကျပ်ကျော်ရှိနေသဖြင့် ဒေါ်လာနှင့်ကျပ်ငွေ တန်ဖိုးကွာဟချက် ကြီးမားနေခြင်းကြောင့် ကုန်သည်များ ထိခိုက်နစ်နာကြရကြောင်း၊ ကားအစီးရေ ရာနှင့်ချီကာ ကုန်သွယ်ရေးလုပ်ငန်းများမလုပ်ဆောင်တော့ဘဲ ရပ်ဆိုင်းနေကြကြောင်း စံတော်ချိန်သတင်းတွင် ဖော်ပြထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၈ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ခရီးသွားကဏ္ဍမြှင့်တင်ရန် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ယဉ်ကျေးမှုနှင့်ထုတ်ကုန်ပြပွဲ (Myanmar Culture and Product Shows) ကျင်းပပြုလုပ်ခဲ့ကြောင်း Popular News Journal တွင် ဖော်ပြထားသည်။ အဆိုပါပြပွဲကို တရုတ်-မြန်မာပြည်သူများအကြား ချစ် ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရန်၊ မြန်မာ့ယဉ်ကျေးမှုအား တရုတ်ပြည်သူများ နားလည်နိုင်စေရန်၊ ခရီးသွားကဏ္ဍမြှင့်တင်ရန်နှင့် မြန်မာ့ထုတ်ကုန်များအား တရုတ်ဈေးကွက်တွင် ပိုမိုတိုးချဲ့ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြပွဲ၌ ကျောက်စိမ်း၊ ရွှေပုလဲ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အဖျော်ယမကာ၊ စိုက်ပျိုးရေးထွက်ကုန် စသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းမျိုးစုံကိုလည်းကောင်း၊ ယွန်းထည် စသည့် မြန်မာ့ယဉ်ကျေးမှု အနုပညာ လက်ရာမျိုးစုံကိုလည်းကောင်း၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြာထုတ်ကုန် ပစ္စည်းများကိုလည်းကောင်း ခင်းကျင်းပြသခဲ့သည်။ ၎င်းပြပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်စီးပွားလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၈ တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း နည်းစနစ်ဖွံ့ဖြိုးစေခြင်းစီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲကို တရုတ်သံမှူး Zheng Zhihong တက်ရောက်ခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ ထို စီမံကိန်းမှာ တရုတ်နိုင်ငံရှိ ပြည်နယ်များ၊ အထူးသဖြင့် ယူနန်နှင့်ကွမ်ရှီးပြည်နယ်များတွင် အောင်မြင်နေသည့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း အတွေ့အကြုံကို တရုတ်မှမဲခေါင်နိုင်ငံများကို မျှဝေသည့် အစီအမံဖြစ်သည်။ ၂၀၂၁ ခုနှစ်ကစတင်ခဲ့သည်စီမံကိန်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့်ဟုတရုတ်က ယုံကြည်ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၈ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်၌ ကွမ်းလုံ အမှတ်(၂)တံတားကို တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်လျက်ရှိကြောင်း စစ်ကောင်စီသတင်းတွင် ဇူလိုင် ၁၈ ရက်က ဖော်ပြထားသည်။ အဆိုပါတံတားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့အနီး တရုတ်-မြန်မာနယ်စပ် လားရှိုး-သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် ကုန်သွယ်ရေးကားလမ်းပေါ်ရှိ သံလွင်မြစ်ကို ဖြတ်ပြီး China Yunan Sunny Road Bridge Co.,Ltd. မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ တံတားတည်ဆောက်ရန် အကြိုလေ့လာမှု (Feasibility Study) အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများက နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူချက်အရ တရုတ်အင်ဂျင်နီယာ ၂၅ ဦးတို့ဖြင့် အဆိုပါလေ့လာမှုလုပ်ငန်းကို ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကြသည်။ ယခုဆောက်လုပ်နေသည့် အမှတ်(၂)တံတားသည် အရှည် ၂၈၆ မီတာ၊ အကျယ် ၁၂ မီတာ၊ ခံနိုင်ဝန် ၇၅ တန်ဖြင့် လေးလမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ကြောင်း ရေးထားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၈ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ခရီးသွားကဏ္ဍမြှင့်တင်ရန် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ယဉ်ကျေးမှုနှင့်ထုတ်ကုန်ပြပွဲ (Myanmar Culture and Product Shows) ကျင်းပပြုလုပ်ခဲ့ကြောင်း Popular News Journal တွင် ဖော်ပြထားသည်။ အဆိုပါပြပွဲကို တရုတ်-မြန်မာပြည်သူများအကြား ချစ် ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရန်၊ မြန်မာ့ယဉ်ကျေးမှုအား တရုတ်ပြည်သူများ နားလည်နိုင်စေရန်၊ ခရီးသွားကဏ္ဍမြှင့်တင်ရန်နှင့် မြန်မာ့ထုတ်ကုန်များအား တရုတ်ဈေးကွက်တွင် ပိုမိုတိုးချဲ့ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြပွဲ၌ ကျောက်စိမ်း၊ ရွှေပုလဲ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အဖျော်ယမကာ၊ စိုက်ပျိုးရေးထွက်ကုန် စသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းမျိုးစုံကိုလည်းကောင်း၊ ယွန်းထည် စသည့် မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာမျိုးစုံကိုလည်းကောင်း၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားထုတ်ကုန်ပစ္စည်းများကို လည်းကောင်း ခင်းကျင်းပြသခဲ့သည်။ ၎င်းပြပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်စီးပွားလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၈ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ပထမသုံးလအတွင်း(ဧပြီမှ ဇွန်အထိ) မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ၌ တရုတ်က အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စစ်ကောင်စီသတင်းတွင် ဖော်ပြထားသည်။ ထိုပမာဏကို တရုတ်ကုမ္ပဏီ ခုနစ်ခုက ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအချက်အလက်တွင်ဖော်ပြထားသည်။ ထိုသုံးလအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၂ သန်းအနက် ဟောင်ကောင်က ၆ သန်းခန့်၊ ဂျပန်က ၃ သန်းခန့်နှင့် ထိုင်ဝမ်က ၂ သန်း အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ရေးသားထားသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုအားလုံးသည် ကုန်ထုတ်လုပ်မှု ကဏ္ဍတခုတည်းကိုသာ ဝင်ရောက်မြှုပ်နှံပြီး ကိုဗစ်ကပ်ရောဂါနှင့်နိုင်ငံရေး အပြောင်းအလဲအလွန် အထည်ချုပ်စက်ရုံများကို အဓိကဦးတည်ကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၂ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး တရားဝင်ဖွင့်လှစ်ပြီဖြစ်ကြောင်း CRI Myanmar သတင်းတွင် ဖော်ပြထားသည်။ ချုံချင့်မြို့အခြေစိုက် မြန်မာကောင်စီဝန်ရုံးဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြို့ဒုတိယမြို့တော်ဝန် Dan Yanzheng၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Wei Xiaodong အပါအဝင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေ တို့က တက်ရောက်ကြကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း ရေးသားထားသည်။ ယခုဖွင့်လှစ်လိုက်သော ကောင်စစ်ဝန်ရုံး၏ ကောင်စစ်ဝန်ဇုန်များတွင် စီချွမ်ပြည်နယ်နှင့် ဟူပေပြည်နယ်တို့အတွက်ပါ ပါဝင်ပြီး ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ဗီဇာ၊ ကောင်စစ်ဝန်ကာကွယ်ရေး စသည့်ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။ အခမ်းအနားတွင် ချုံချင့်မြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် ချုံချင့်-မြန်မာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း လေးခုအတွက် သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ တချိန်တည်းမှာပင် မြန်မာ့ကျောက်မျက်ရတနာပြပွဲနှင့် မြန်မာ့ကုန်စည်ပြပွဲကိုလည်း ဖွင့်လှစ်ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။ |
၂၀၂၂၊ ဇူလိုင် ၁၂ တရုတ်နိုင်ငံ ချုံချင့်မြို့တွင် မြန်မာစင်တာ (Myanmar Promotion Center) ကိုဖွင့်လှစ်ခဲ့ကြောင်း CRI Myanmar သတင်းတွင် ဖော်ပြထားသည်။ ချုံချင့်မြို့သို့ရောက်ရှိနေသည့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေလည်း လာရောက်ခဲ့ကြောင်း ရေးသားထားသည်။ ထိုစင်တာဖွင့်လှစ်ရခြင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ၊ အနုပညာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် ဖြစ်ပြီး သမိုင်းအဖြစ်အပျက်အပါအဝင် မြန်မာ့ဓလေ့ထုံးစံနှင့် နေထိုင်စားသောက်မှုပုံစံများ၊ မြန်မာ့အမှတ်လက္ခဏာပါရှိသော ယွန်းထည် စသည့်ကုန်ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားသည်ဟုသိရှိရသည်။ ထိုစင်တာသည် မြန်မာ့ရိုးရာ ကုန်ပစ္စည်းများကို တရုတ်ဈေးကွက်တွင် မိတ်ဆက်၊ တင်သွင်း၊ ဖြန့်ဖြူးလျက်ရှိပြီး အနာဂတ်တွင်လည်း နှစ်နိုင်ငံမှလုပ်ငန်းကုမ္ပဏီများကို လုပ်ငန်းချိတ်ဆက်ရန် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။ ချုံချင့်မြို့သည် မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်များအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရန် တရုတ်က ကြိုးပမ်းခဲ့သည့် ရထားလမ်း-ကားလမ်း-ပင်လယ်သမုဒ္ဒရာ (ကွန်တိန်နာ) နိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ် (New International Land-Sea Trade Corridor) ၏ ဗဟိုအချက်အချာဖြစ်သည်။ တရုတ်က ထိုလမ်းကြောင်းသစ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်တွင် တကြိမ်၊ ၂၀၂၂ ခုနှစ် ဧပြီတွင် တကြိမ်ပြေးဆွဲရာတွင် စတင်ထွက်ခွာရာ မဟာဗျူဟာကျသည့် မြို့လည်းဖြစ်သည်။ |
၂၀၂၂၊ ဇူလိုင် ၈ Greater Mekong Subregion (GMS) ၏ အရှေ့-အနောက်စီးပွားရေးစင်္ကြလမ်း (East-West Economic Corridor) မှ တစိတ်တပိုင်းဖြစ်သော အိန္ဒု-ကော့ကရိတ်လမ်းပိုင်းတွင် လမ်းအကျယ် ၁၀ မီတာကျော် ထပ်မံ ဖောက်လုပ်ပြီးစီးခဲ့သည်ဟု စစ်ကောင်စီ၏ Global New Light of Myanmar တွင် ဖော်ပြထားသည်။ China Road and Bridge Corporation (CRBC) သည်လည်း အဆိုပါလမ်းပိုင်းကို ၁၈ ကီလိုမီတာ လမ်းအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ပြီး ၁၅ ကီလိုမီတာ လမ်းပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ၎င်းကြောင့် ဘားအံမှ မြဝတီသို့သွားရာတွင် အချိန် နှစ်နာရီခွဲသာ ကြာမည်ဖြစ်ပြီး ဒေသခံများ၏ လူမှုစီးပွားရေးကို မြင့်တင်စေနိုင်မည်ဟု ဆိုသည်။ စီမံကိန်းအရ ကျုံဒိုးဆိပ်ကမ်းကိုလည်း ဆက်လက်အဆင့်မြှင့်တင်မည်ဖြစ်ရာ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့မှ ကုန်ပစ္စည်းများအား မော်လမြိုင်မြို့သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဟုလည်း ဖော်ပြထားသည်။ အဆိုပါလမ်းပိုင်းသည် ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဖြတ်ကျော်လမ်းတွင် ပါဝင်ပြီး တရုတ်နိုင်ငံ၏ ယူနန်ဒေသနှင့် ကွမ်းရှိဒေသတို့ကိုပါ ဖြတ်သန်းသွားနိုင်သည့် GMS ၏ တောင်-မြောက်စီးပွားရေးစင်္ကြလမ်း (North-South Economic Corridor) နှင့်လည်း ချိတ်ဆက်လျက် ရှိသည့် လမ်းဖြစ်သည်။ |
၂၀၂၂၊ ဇူလိုင် ၅ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီကို အခြေပြုပြီး စစ်ကောင်စီက စီမံကိန်းအနီးတဝိုက်ရှိရွာများကို နေ့စဉ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးတိမ်းရှောင်သူ ပိုမိုများပြားလာကြောင်း Myanmar Now သတင်းတွင် ဖော်ပြထားသည်။ စစ်ကောင်စီအင်အား ၁၀၀ ခန့်က ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာပြီး ပတ်ဝန်းကျင်ရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံ ၃,၀၀၀ ကျော် ထပ်မံထွက်ပြေးကြရသည်။ အဆိုပါထွက်ပြေးတိမ်းရှောင်သူများသည် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုးပြင်၊ လက်ပံတောင်း၊ ကျောက်ဖြူတိုင်၊ တုံရွာ၊ လယ်တီ၊ ဖောင်းကတာ၊ ဆည်တဲ၊ ဇီးတော၊ ညောင်ပင်ကြီး စသည့် ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံများဖြစ်ကြပြီး ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အသက်ကြီးရွယ်အိုများ ပါဝင်သဖြင့် စားဝတ်နေရေးနှင့်ကျန်းမာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။ လူဦးရေ ၁၇,၀၀၀ ကျော်အထိ တိုးလာသော ၎င်းစစ်ဘေးရှောင်ဒေသခံများသည် တောတောင်အတွင်းသို့သာမက ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာဘက်အထိ တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။ ဇွန် ၂၁ ရက်မှ စတင်ခဲ့သော စစ်ကောင်စီ၏နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးမှုများကြောင့် တရုတ်စီမံကိန်းအနီးရှိ မိုးကြိုးပြင်ရွာ၊ တုံရွာနှင့် တောကျောင်းရွာ အိမ်ခြေပေါင်း ၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီဖြစ်သည်။ |
၂၀၂၂၊ ဇူလိုင် ၅ မြန်မာ-တရုတ်နယ်စပ်နှစ်နိုင်ငံမြေယာအငြင်းပွားမှုဖြစ်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း မြို့နယ် နောင်ခမ်းကျေးရွာကို တရုတ်ဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့ကြောင်း သတင်း မီဒီယာ များတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံက လျှပ်စစ်ကုမ္ပဏီကမီးဖြတ်တောက်ခဲ့သောကြောင့် ကျေးရွာရှိ အိမ်ထောင်စု ၁၆၁ ခန့်မှာအခက်အခဲဖြစ်နေကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် တရုတ်အာဏာပိုင်များသည် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးအကြောင်းပြပြီး နောင်ခမ်းရွာအနီး နယ်စပ်တစ်လျှောက်တွင် ၁၅-၂၀ မီတာအကွာ ခြံစည်းရိုးနှစ်ထပ်ကို စတင်ဆောက်လုပ်ခဲ့သည်။ ခြံစည်းရိုးအမြင့်မှာ တရုတ်ဘက်ခြမ်းတွင် အမြင့် ၇ မီတာရှိပြီး မြန်မာဘက်ခြမ်းတွင် အမြင့် ၅ မီတာရှိသည်။ ခြံစည်းရိုးကာရာတွင် နယ်စပ်တကြောရှိ လယ်ကွင်းများဧရိယာများပါ ပါဝင်သောကြောင့် တောင်သူများ ဝင်ငွေ ဆုံးရှုံးခဲ့ရကြောင်း ရေးသားထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်လည်း တရုတ်နိုင်ငံမှ အလုပ်သမားများသည် သတိမပေးဘဲ နောင်ခမ်းရွာသားများ၏ လယ်ကွင်းများအတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ပြီး ခြံစည်းရိုးအလွှာအသစ်ထပ်မံကာဖို့ ကြိုးစားခဲ့ခြင်းကြောင့် အငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့သည်။ နောင်ခမ်းဒေသခံများ တရုတ်-မြန်မာနှစ်ဘက်အာဏာပိုင်များထံ အကြိမ်ကြိမ်တင်ပြခဲ့ပြီး တာဝန်ရှိသူများ၏ ညှိနှိုင်းပေးမှုကြောင့် တရုတ်ဘက်က ခြံစည်းရိုးကာခြင်းကို ရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအငြင်းပွားမှုဖြစ်ခဲ့သည့်လမှစပြီး တရုတ်ဘက်က မီးဖြတ်ခဲ့ရာ သုံးလခန့်အကြာတွင် တပတ်မျှသာ မီးပြန်ပေးပြီးနောက်ပိုင်း လုံးဝပြတ်တောက်သွားသည်။ ရွာသားများက တရုတ်ဘက်ရှိ လျှပ်စစ်မီးကုမ္ပဏီကို အကြိမ်ကြိမ် စာရေးတောင်းဆိုခဲ့သော်လည်း တစုံတရာအကြောင်းပြန်ခြင်း မရှိတော့ပေ။ တရုတ်၏ လျှပ်စစ်မီးကို နှစ်ပေါင်း ၂၀ ကျော် ဝယ်ယူသုံးစွဲလာခဲ့ကြသည့် ရွာသားများအနေဖြင့် အဆိုပါမီးအဖြတ်ခံရခြင်းကြောင့် လျှပ်စစ်အစားထိုးသုံးရန် မီးစက်နှင့် ဆိုလာစွမ်းအင်ကိုသာ အဓိကထား သုံးစွဲနေကြရပြီး မပြီးပြတ်သေးသော ထိုနယ်စပ်မြေယာ အငြင်းပွားမှုကြောင့်လည်း သူတို့၏လယ်ယာသို့ သွားရောက်လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်နေကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |
၂၀၂၂၊ ဇူလိုင် ၅ တရုတ်နိုင်ငံမှ ယွမ်ခြောက်သန်းကျော် တန်ဖိုးရှိသည့် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီနှင့်တရုတ်သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ထိန်ချုံးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းအခမ်းအနားတွင် ပေါင်စန်းပြည်နယ်ခွဲ ဒုအုပ်ချုပ်ရေးမှူး ချိန်သဲ့ကျွမ် မှ ပစ္စည်းများလွှဲပြောင်းပေးအပ်ကာ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် သော်တာအောင်က လက်ခံရယူခဲ့သည်။ ထိုပစ္စည်းများကို စစ်ကောင်စီခန့်အပ်သည့် ကချင်ပြည်နယ်အစိုးရအား လှူဒါန်းမည့်ဖြစ်ပြီး ကချင်ပြည်နယ်သို့ နယ်စပ်မှတဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်သွားမည့်အကြောင်း ရေးသားထားပါသည်။ |
၂၀၂၂၊ ဇူလိုင် ၄ မြန်မာ-တရုတ်နယ်စပ်၊ ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်၌ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေဖြင့် လွယ်ကူလျှင်မြန်စွာ ပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်ငါးဘဏ် ဖွင့်လှစ်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်ဟု စံတော်ချိန်သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဗဟိုဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ယခုအခါ ပုဂ္ဂလိကဘဏ်များကို နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့်ကျပ်လဲလှယ်၍ တိုက်ရိုက် ပေးချေအသုံးပြုနိုင်ရန် ထပ်မံတိုးချဲ့ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ပုဂ္ဂလိကဘဏ်များသည် နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရှိသည့် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ဖြစ်သည်။ ဘဏ်ရုံးခန်းများကို ချင်းရွှေဟော်နယ်စပ်ရှိ ဝမ်လီဟိုတယ် ခန်းမဆောင်၌ ဖွင့်လှစ်ထားပြီး ယွမ်ငွေအကောင့်ဖွင့်လှစ်ခြင်း၊ သွင်းကုန်ထုတ်ကုန်များအတွက် ယွမ်ငွေဖြင့် ငွေပေးချေခြင်းများကို ဝန်ဆောင်မှုပေးမည်ဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်/ယွမ်ငွေတိုက်ရိုက် အသုံးပြုမှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ က ခွင့်ပြုခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင် ၃ တွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် ဆန်နှင့်ဆန်ကွဲများမှ လွဲ၍ တခြားသော တင်ပို့မှုများကို အမေရိကန်ဒေါ်လာဖြင့်သာ ပြန်လည်ပေးချေရမည်ဟု မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များသို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ |
၂၀၂၂၊ ဇူလိုင် ၄ ပုဂံမြို့တွင်ကျင်းပသည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် တရုတ်ဦးဆောင်ကာလုပ်ဆောင်သွားမည့် အစီအမံ ခြောက်ရပ် ကိုကြေညာခဲ့သည်။ ဝမ်ယိက အဆိုပြုခဲ့သော အစီအမံခြောက်ရပ်တွင်မဲခေါင်ငါးနိုင်ငံနှင့် စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ အာကာသ၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဥ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။ အာကာသဆိုင်ရာ ပူးပေါင်းဆောင်မှုတွင် ကမ္ဘာလေ့လာရေးဂြိုဟ်တုများ ထုတ်လုပ်မှုဆိုင်ရာ ပူးတွဲဆောင်ရွက်နိုင်ရေး၊ တရုတ်နှင့်ရုရှားတို့ ဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ လကမ္ဘာသုတေသနစခန်းတွင် ပါဝင်နိုင်ရေး၊ အာကာသနည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းပေးအပ်နိုင်ရေး စသည့်တို့၌ မြန်မာအပါအဝင် မဲခေါင်ဒေသ ငါးနိုင်ငံအား ဖိတ်ခေါ်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင်လည်း တရုတ်နိုင်ငံအနေဖြင့် အဆိုပါငါးနိုင်ငံအား ကိုဗစ်ကာကွယ်ဆေးများ ပေးအပ်ကာ ကိုဗစ်ဆေးသုတေသနနှင့်ဖွံ့ဖြိုးမှု (R&D) ၌ တိုးမြှင့်ဆောင်ရွက်မည့်အကြောင်း ရေးသားထားသည်။ ထို့အပြင် လန်ချန်း-မဲခေါင်နိုင်ငံများသည် တရုတ်-လာအိုရထားလမ်းမှ ရရှိသည့် အကျိုးခံစားမှုများကို ဆက်လက်တိုးချဲ့ပြီး ဒေသတွင်းကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ၊ ဘဏ္ဍာရေးနှင့် စွမ်းအင်လုံခြုံမှုများ အကာအကွယ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။ အစည်းအဝေးမှ ပူးတွဲကြေညာချက် (Joint Press Communique) အဖြစ် အကောက်အခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြည်သူများအကြား အပြန်အလှန်သင်ယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဟူသော ကဏ္ဍလေးခုအတွက် သီးသန့်ထုတ်ပြန်ချက် လေးခုကို ထုတ်ပြန်ပြီး တရုတ်-မြန်မာပူးတွဲသတင်းစာရှင်းလင်းပွဲတရပ်လည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အစည်းအဝေးအပြီးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မြေနေရာအတွင်းသို့ အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် တရုတ်နိုင်ငံအနေဖြင့် မဲခေါင် မြစ်ဝှမ်းဒေသရှိနိုင်ငံများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်း ၅၀၀ ကျော် ထောက်ပံ့ခဲ့ပြီး သည်။ မဲခေါင်ဒေသ ငါးနိုင်ငံမှ ကျောင်းသားပေါင်း ၂၀,၀၀၀ ကျော်အား ပညာတော်သင်ဆုများပေးအပ်ကာ တရုတ်နိုင်ငံသို့ ပညာသင်စေခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီိနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ဦးစားပေးပူးပေါင်းဆောင်ရွက်ရာတွင် တရုတ်၏ ‘ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်’ (Global Development Initiative) နှင့် ‘ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative)’ ကိုလည်းကောင်း ကြိုဆိုထောက်ခံကြောင်း ပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၄ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်၏မျှော်မှန်းချက်သုံးခုကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အာဆီယံအထူးသံတမန် ပရပ်ဆုတ်ခွန်းနှင့်ပုဂံမြို့တွင် တွေ့ဆုံချိန် ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့မှာ ပထမအချက်- ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆို ချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည်။ ဒုတိယအချက်- မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေးအတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးရင်း မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသ လက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်။ တတိယအချက်- မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံဘုံတူညီမှု ငါးရပ် ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်သည်။ |
၂၀၂၂၊ ဇူလိုင် ၃ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင် ယွမ်ငွေအစား အမေရိကန်ဒေါ်လာနှင့် အရောင်းအဝယ်ပြန်လုပ်ရန် မြန်မာကုန်သွယ်ရေးဦးစီးဌာနမှ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်လုပ်ငန်းရှင်တွေ ကို ညွှန်ကြားချက် ပေးပို့ခဲ့သည်။အဆိုပါ ညွှန်ကြားချက်ထဲတွင် ဆန်နှင့် ဆန်ကွဲကို တရုတ်ယွမ်ငွေနဲ့ ဆက်လက် အသုံးပြုခွင့် ပေးထားပြီး ကျန်လယ်ယာထွက်ကုန် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် တပြေးညီ သတ်မှတ်ရန်အတွက် အမေရိကန်ဒေါ်လာသာ အသုံးပြုရမည်ဟု ဆိုသည်။ ဆက်လက်ပြီး ကုန်သွယ်မှုများမှ ရရှိလာမည့် အမေရိကန်ဒေါ်လာများကို ပို့ကုန်စတင် တင်ပို့သည့်ရက်မှ ၄၅ ရက်အတွင်း ပြည်တွင်းဘဏ်စာရင်းထဲ ထည့်သွင်းရမည်ဟုလည်း ဖော်ပြထားသည်။ တရုတ်နယ်စပ်အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေသော ပြောင်း၊ ရော်ဘာ၊ ပဲနှင့် ဆီထွက်သီးနှံများကို အမေရိကန်ဒေါ်လာ တမျိုးတည်းနှင့်သာ ယခုလမှစတင်ပြီး ဈေးနှုန်းသတ်မှတ် ဆောင်ရွက်သွားရန် စစ်ကောင်စီ၏ နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီက ပြန်လည် သတ်မှတ်လိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။ |
၂၀၂၂၊ ဇူလိုင် ၃ သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံပြီး တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။ ထိုအခမ်းအနားသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံစေတီတော်ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင် လည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို “တို့ခေါ်မယ် ပေါက်ဖော်” ရုပ်သံဗီဒီယိုဖြင့် ဖွင့်လှစ်ခဲ့ပြီး တရုတ်သံအမတ် ချန်းဟိုင်က မြန်မာသို့ ကိုးကြိမ်တိတိ လာရောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းမှ ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆိုပါချူအင်လိုင်းတန်ဆောင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သင်္ကေတတခု ဖြစ်လာကြောင်း၊ ၎င်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို အမွေဆက်ခံခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၃ တရုတ်သံအမတ် ချန်းဟိုင်နှင့် စစ်ကောင်စီ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ရှေ့မှောက်၌ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် လက်ခံလွှာများ၊ သဘောတူညီချက်များကို အသီးသီး လွှဲပြောင်းပေးအပ်၊ လက်ခံခဲ့ကြသည်ဟု စစ်ကောင်စီ သတင်းစာများတွင် ထုတ်ပြန်ထားသည်။ ထိုလွှဲပြောင်းလက်ခံ၊ လဲလှယ်မှုများတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်၏အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှု သင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တရုတ်မှ လှူဒါန်းသည့် ယွမ် ၄၂ သန်းကျော်တန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းလက်ခံလွှာနှင့် အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ ၁,၀၀၀ လွှဲပြောင်းလက်ခံလွှာတို့ ပါဝင်သည်။ |
၂၀၂၂၊ ဇူလိုင် ၃ သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မစတင်မီ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် ပုဂံမြို့တွင်သီးခြားတွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီတို့က သတင်းထုတ်ပြန်ခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောက်ရွက်မှုများလုပ်ဆောင်ရန် နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး အရှိန်မြှင့် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အကောင်အထည်ဖော်ရန် နှင့် တရုတ်-မြန်မာရေနံပိုက်လိုင်း လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည်။ ထို့အပြင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားရန်၊ တရုတ်မှ ဓာတ်မြေဩဇာများ မြန်မာသို့ ပိုမိုတင်သွင်းနိုင်ရန်၊ မြန်မာမှ လယ်ယာနှင့်ရေထွက်ကုန်များ တရုတ်သို့ ပိုမိုတင်ပို့နိုင်ရန်၊ မြန်မာပညာသင်များ တရုတ်သို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရန်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှုချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီသတင်းစာက ရေးသားထားသည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်နှင့် စစ်ကောင်စီ၏ရှေ့လုပ်ငန်းစဥ်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝမ်ယိကို ပြောဆိုခဲ့သည်။ ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် လင်ချန်း-မဲခေါင်အစီအမံ အောက်တွင်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် (Global Development Initiative) နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative) တို့နှင့် ပေါင်းစပ်ကာ မဲခေါင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၂ မှ ဇူလိုင် ၃ မြန်မာအနေဖြင့် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် အဖွဲ့သည် ဇူလိုင် ၂ ရက်တွင် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဇူလိုင် ၃ ရက်တွင်လည်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရပ်ဆုတ်ခွန်း (Prak Sokhonn)၊ လာအိုဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေ ကိုမာဆစ် (Saleumxay Kommasith)၊ ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်း (Don Pramudwinai) နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်း (Bui Thanh Son) တို့လည်း ၎င်းတို့၏အဖွဲ့နှင့်အတူ ပုဂံ-ညောင်ဦးလေဆိပ်သို့ အသီးသီးရောက်ရှိခဲ့ကြသည်။ လာရောက်ကြသည့် နိုင်ငံခြားရေးဝန်ကြီးများအား စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့မှ သွားရောက်ကြိုဆိုခဲ့ကြကြောင်း ရေးသားထားသည်။ |
၂၀၂၂၊ ဇူလိုင် ၂ သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခြင်းသည် “မြန်မာနိုင်ငံအစိုးရ၏ အချုပ်အခြာအာဏာနှင့်တည်ရှိမှုကို အသိအမှတ်ပြုခြင်းသာဖြစ်ကြောင်း” စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါတက်ရောက်မှုသည် မဲခေါင်ဒေသနိုင်ငံအားလုံး တသားတည်းဖြစ်နေခြင်းကို ပြသရာဖြစ်ပြီး ယင်းအစည်းအဝေးတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားနှင့် ဒေသတွင်းနိုင်ငံများအကြား သဘောတူညီမှုစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ |
၂၀၂၂၊ ဇူလိုင် ၁ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံကိုလာရောက်မည်ဖြစ်သည့် အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရ ပုဂ္ဂိုလ် ကျောက်လိကျန် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ထိုခရီးစဥ်မှ တရုတ်အနေဖြင့် အရှေ့တောင် အာရှ လေးနိုင်ငံတို့နှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးတိုးမြှင့်ရန်၊ အဆင့်မြင့် ရပ်ဝန်းလမ်းကြောင်း ပူးပေါင်း ဆောင်ရွက်မှုလုပ်ဆောင်ရန်၊ လုံခြုံငြိမ်းချမ်းပြီး သာယာဝပြောသော အသိုက်အဝန်းတခု တည်ဆောက်ရန် တို့ပါဝင်ကြောင်း ထည့်သွင်းပြောဆိုထားသည်။ ထို့အပြင် အလုံးစုံလွှမ်းခြုံပြီး မဟာဗျူဟာကျသော တရုတ်-အာဆီယံမိတ်ဖက်ဖွဲ့မှု (China-ASEAN Comprehensive Strategic Partnership) ကို စတင်ရန် မျှော်မှန်းကြောင်း ပြောဆိုခဲ့သည်။အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ တရုတ်နိုင်ငံက ‘ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် (Global Development Initiative)’ နှင့် ‘ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative)’ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စီးပွားရေးနာလန်ထူမှုမြှင့်တင်ရန်၊ တည်ငြိမ်မှုနှင့်ငြိမ်းချမ်းမှု ထိန်းသိမ်းရန်၊ ကြိုးပမ်းလုပ်ဆောင်သွားမည့် အကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုအစည်းအဝေးတွင်မူ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အပြန်အလှန်နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများ ဆင်ခြင်သုံးသပ် နိုင်ရန်၊ ဖွံ့ဖြိုးရေးဆိုင်ရာ အသေးစိတ်အစီအစဉ် (blueprint) များ အကြမ်းဖျင်းရေးဆွဲနိုင်ရန်၊ အဆင့်မြင့်ရပ်ဝန်းလမ်းကြောင်းပူးပေါင်းဆောက်ရွက်မှုမြှင့်တင်ရန် အတွက် ပူးပေါင်းဆောင်ရွက်သွားရန် အခွင့်အလမ်းတရပ်အဖြစ် တရုတ်က ရှုမြင်ကြောင်း ဆိုပါသည်။ |
၂၀၂၂၊ ဇွန် ၃၀ – တရုတ်နိုင်ငံမှ အာဆီယံကတဆင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးနှစ်သန်းကို အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်းထံ လွှဲပြောင်းခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ တရုတ်သံအမတ်ချန်းဟိုင်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူထားသည့် အာဆီယံဘုံသဘောတူညီမှု ၅ရပ်ကို အကောင်ထည်ဖော်ရန် မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အားဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်းပြောဆိုခဲ့သည်။ ပရက်ဆုက်ခွန်းက တရုတ်က လှူဒါန်းသည့် ကာကွယ်ဆေးများကို မြန်မာနိုင်ငံရှိလာရေးခက်ခဲသည့် ဒေသများသို့ ဖြန့်ဝေပေးသွားမည် ဟုပြောဆိုခဲ့ကြောင်းတရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ထို့အပြင်လူသားချင်းစာနာမှုအကူအညီပေးရာတွင် နိုင်ငံရေးမတူကွဲပြားချက်များကို ဘေးဖယ်ထားပြီး ပြင်ပမှ ပါဝင်သင့်သူအားလုံးအနေဖြင့် မြန်မာ့အရေးအခြေအနေတိုးတက်စေရန် အရောင် အသွေးမပါဘဲ ပါဝင်လုပ်ဆောင်သင့်ကြောင်း အာဆီယံ အထူးသံတမန်က ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇွန် ၃၀ – ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်ကုန်သွယ်ရေးတွင် အဓိက အရေးပါသော ဂိတ်တခုဖြစ်သည့် လွယ်ဂျယ်သို့သွားရာလမ်းပိုင်းသည် မိုးရွာသွန်းမှုများကြောင့် လမ်းနှင့်တံတားများ ပျက်စီးပြီး ခရီးသွားလာမှုပြတ်တောက်လျက်ရှိကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ လွယ်ဂျယ်မြို့သို့ သွားသည့်လမ်းပိုင်းသည် လမ်းများနိမ့်ကျပျက်စီးခဲ့သလို တံတားအချို့ ကျိုးကျသွားခဲ့ကာ မော်တော်ယာဉ်များ အသွားအလာမလုပ်နိုင်ကြောင်းကို တာဝန်ရှိသူများက ဒေသအာဏာပိုင်များထံတွင် တင်ပြထားသော်လည်း အကြောင်းမထူးသေးကြောင်း ရေးသားထားသည်။ တရုတ်ပြည်ကို ကုန်သွယ်ကူးသန်းရာ အဓိကလမ်းမကြီးဖြစ်သည့် မိုင် ၅၀ ကျော်ခန့်ရှိ ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်ကုမ္ပဏီ ဟုန်ရှင်းကျန်းဖက တာဝန်ယူဆောက်လုပ်ရန် လက်မှတ်ထိုးခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကာလအတွင်း တရုတ်လုပ်သားများ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ရာမှ ယခုစစ်အာဏာသိမ်းကာလအထိ ရပ်ဆိုင်းထားလျက်ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂၉ – ၂၀၂၂ ခုနှစ်တွင် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများဆိုင်ရာ အစည်းအဝေးကို စစ်ကောင်စီ၏စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လန်ချန်း-မဲခေါင်စီမံကိန်းလုပ်ငန်းများသည် စီမံကိန်းပထမအသုတ်ဖြစ်သော ၂၀၁၇ ခုနှစ်တွင် စီမံကိန်းငါးခု၊ ဒုတိယအသုတ် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းကိုးခု၊ တတိယအသုတ် ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းခြောက်ခု၊ စတုတ္ထအသုတ် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလေးခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုပဉ္စမအသုတ် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖော်ပြပါစီမံကိန်းစုစုပေါင်း ၃၁ ခုအတွက် တရုတ်၏မတည်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇွန် ၂၉ – တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများအောက်တွင် အရေးပါသည့် စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက မီဒီယာများကိုပြောဆိုခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် အကုန်အကျခံပြီး တည်ဆောက်နေသော အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်မှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ၈၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ထွက်ရှိနိုင်မည့် အဆိုပါဓာတ်အားပေးစက်ရုံသည် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံဖြစ်ပြီး ပြည်တွင်းတွင် ပထမဦးဆုံးအသုံးပြုမည့် ဂျာမနီထုတ် စွမ်းအားမြင့်ဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 ဖြင့် လည်ပတ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း BETV Business သတင်းတွင် ဖော်ပြထားသည်။ IPP/BOT စနစ်ဖြင့် တည်ဆောက်လျက်ရှိသည့် ၎င်းဓာတ်အားပေးစက်ရုံသည် ရွှေဓာတ်ငွေ့တွင်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ ဓာတ်အားထုတ်လုပ်မည်ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ် Powerchina နှင့် မြန်မာ Supreme Groupတို့ ပူးတွဲအကောင်အထည်ဖော် နေသည့်စီမံကိန်းတခုဖြစ်သည်။
၂၀၂၂၊ ဇွန် ၂၈ – မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ လာမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံခြားသတင်းဌာနများကို ပြောခဲ့သည်။ အဆိုပါအစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည့်အကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အတွင်း တရုတ်ကျောထောက်နောက်ခံပြုထားသော အဆိုပါဒေသခွဲပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်သည့် စီမံကိန်း ၇၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း BETV Business သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂၇ – မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင် နှင့် စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင် နှင့်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇွန် ၂၇ – လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးတဝိုက် ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ပဋိပက္ခအတွင်း ၎င်းတို့ပါဝင်လိုခြင်းဆန္ဒမရှိကြောင်း သဘောထားထုတ်ပြန်ချက်တစောင် ထုတ်ပြန် ကြေညာခဲ့သည်။ လက်ပံတောင်းတောင်ဒေသတဝိုက် လက်နက်ကိုင်အဖွဲ့အစည်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ပွားလာပြီး ဗို့အားမြင့် လျှပ်စစ်ဓာတ်အားတာဝါတိုင် ဖောက်ခွဲခံသော်လည်း လူသေဆုံးမှုမရှိသေးကြောင်း ဖော်ပြထားသည်။ ကုမ္ပဏီအနေဖြင့် စီမံကိန်းလည်ပတ်မှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၁၆ လကျော်ကြာ ရပ်နားထားကာ ဝန်ထမ်းနှင့် ဒေသခံပြည်သူများအတွက် အကူအညီပေးလျက်ရှိပြီး ယခုဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း၊ အပြစ်မဲ့ပြည်သူနှင့် အနီးဝန်းကျင်ရပ်ရွာများအား အန္တရာယ်မပြုစေလိုကြောင်း ရေးသားထားပါသည်။ ၎င်းတို့၏ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် သူတို့၏ အသက်ရှင်နေထိုင်ခွင့်နှင့် ရွေးချယ်ခွင့်များအား အလေးထားစေလိုကြောင်း လက်နက်ကိုင်ဆောင်ထားသူနှင့် မကိုင်ဆောင်ထားသူ အဖွဲ့အစည်းများအားလုံးအား ဝမ်ပေါင်ကုမ္ပဏီက တောင်းဆိုထားသည်။
၂၀၂၂၊ ဇွန် ၂၁ – တရုတ်ကုမ္ပဏီပိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ ရွာအချို့ကို စစ်ကောင်စီတပ်မှ အင်အားသုံးရှင်းလင်းခဲ့ကြောင်း RFA တွင် ဖော်ပြထားသည်။ ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးအတွက် တာဝန်ယူထားသော စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် နံနက်ပိုင်းတွင် တိုက်ပွဲမရှိဘဲ စီမံကိန်းအနီးရှိ မိုးကြိုးပြင် (မြောက်) ရွာသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ကာ အိမ်ခြေသုံးပုံနှစ်ပုံခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းသတင်းဌာနက ရေးသားထားသည်။ Chindwin Post ဖော်ပြချက်တွင်မူ ညနေပိုင်း၌ ဆားလင်းကြီးတော်လှန်ရေးတပ် (SRA) နှင့် ချင်းတွင်းကာကွယ်ရေးအဖွဲ့ (CDF) မဟာမိတ်တပ်များက ကြေးနီစီမံကိန်း လုပ်ဆောင်နေသော ဝမ်ပေါင်ကုမ္ပဏီဧရိယာသို့ ၆၀ မမ၊ ၁၂၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ အဆိုပါအင်အားသုံးစီးနင်းမှုကြောင့် အနီးတဝိုက်ရှိ ရွာပေါင်း ၂၀ ကျော်မှ ဒေသခံတစ်သောင်းကျော် ဘေးကင်းလုံခြုံရာသို့ ထွက်ပြေးပုန်းရှောင်နေရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း RFA သတင်းဖော်ပြချက်အရ သိရသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အပါအဝင် တရုတ်စီမံကိန်းများ ရပ်တန့်ထားရန်နှင့် ဝန်ထမ်းများ CDM လုပ်ကြရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီဝင်ရောက်စီးနင်းမှုများသည် အခုရက်ပိုင်းအတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပေးကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂၀ – ပြီးခဲ့သော မေလအတွင်း တရုတ်-မြန်မာနယ်စပ် လင်ချန်း (မုန်တိန်)-ချင်းရွှေဟော်ဂိတ်တွင် ကုန်သွယ်မှုပမာဏနှင့်တန်ဖိုးသည် ယခင်နှစ်ထက် ပိုမိုတိုးတက်လာကြောင်း တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါနယ်စပ်ဂိတ်၌ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်လျှင် ကုန်စည်ပို့ဆောင်မှုပမာဏသည် ၈၁ ရာခိုင်နှုန်းခန့် တိုးလာပြီး ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃၃၄ သန်းရှိကြောင်း မုန်တိန်အကောက်ခွန်ဌာနစာရင်းအား ကိုးကားဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ ကြံရိတ်သိမ်းရာသီဖြစ်သည့် မေလတွင် ကြံတန်ချိန် ၁၁၃,၀၀၀ ခန့်ကို အဆိုပါနယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တင်ပို့ခွင့်ပြုခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၇ – တရုတ်-မြန်မာနယ်စပ်ရှိ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်နယ်စပ်ဂိတ်တွင် စမတ်စိစစ်ရေးစက် စမ်းသပ်မှု ပထမဦးဆုံးအနေဖြင့် အောင်မြင်ခဲ့သည်ဟု မင်္ဂလာသတင်းတွင် ဖော်ပြထားသည်။ အဆိုပါစက်တပ်ဆင်မှုသည် နယ်စပ်ဂိတ်ရှိ အခြေခံအဆောက်အဦးများ ပြည့်စုံစေရန်နှင့် ဒီဂျစ်တယ် သတင်းအချက်အလက်စနစ်များ မြှင့်တင်ပြီး ပြည်ဝင်ပြည်ထွက်စနစ်များ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ရန်ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါစမတ်စိစစ်ရေးစက်ဖြင့် နယ်စပ်ရှိ လူဝင်-လူထွက် ဖြတ်သန်းမှုကို လျင်မြန်စွာ ဖြတ်သန်းနိုင်မည် ဖြစ်သည့်အတွက် လူတဦးချင်း၏ ပုဂ္ဂလိကအချက်အလက်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားနိုင်မည့် အနေအထားဖြစ်နေသည်။
၂၀၂၂၊ ဇွန် ၁၆ – တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့လိုသည့် မြန်မာကုမ္ပဏီများအနေဖြင့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မေလက မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်အရ (Sanitary and Phytosanitary (SPS) Protocol) သတ်မှတ်ချက်များနှင့်အညီ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ပြည်ပတင်ပို့သည့် ကုမ္ပဏီမှတ်ပုံတင်ခြင်းကိစ္စတွင် ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာကိုယ်တိုင် တင်ပြလျှောက်ထား ရမည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၁၆ – ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြထားသည်။ အဆိုပါအခမ်းအနားတွင် တရုတ်သံရုံးမှ စီးပွားရေးသံမှူး Tan Shufu တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ကျန်းမာရေးကဏ္ဍကို တရုတ်-မြန်မာဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိက အချက်အဖြစ် အမြဲတစေထားရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများလှူဒါန်းခြင်း၊ မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) တည်ဆောက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးစီမံကိန်း ဖော်ဆောင်ခြင်း စသည့် အကူအညီများ ပေးအပ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုအခါတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပညာရှင်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးဆိုင်ရာ အကူအညီစီမံကိန်းများ၏ ဖြစ်နိုင်ခြေ လေ့လာမှုနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မြန်မာ-တရုတ်နယ်စပ် ဒေသတလျှောက်တွင် ငှက်ဖျား ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ထည့်သွင်းဆွေးနွေး ခဲ့သည်။
၂၀၂၂၊ ဇွန် ၁၅ – ပြည်ဝင်ခွင့်ဗီဇာအချို့ ပြန်လည်လျှောက်ခွင့်ပြုပြီဖြစ်ကြောင်း တရုတ်သံရုံးက လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ယခုပြန်လည်လျှောက်ခွင့်ပြုလိုက်သည့် ဗီဇာအမျိုးအစားများတွင် တရုတ်နိုင်ငံသား သို့မဟုတ် အမြဲနေထိုင်ခွင့်ဗီဇာရှိသူဆွေမျိုးထံ သွားရောက်တွေ့ဆုံသည့် ရက်ရှည်ဗီဇာ ‘Q1’ နှင့် ရက်တိုဗီဇာ ‘Q2’၊ အလုပ်လုပ်ကိုင်လျက်ရှိသော ဆွေမျိုးထံ သွားရောက်တွေ့ဆုံသည့် ရက်ရှည်ဗီဇာ ‘S1’ နှင့် ရက်တိုဗီဇာ ‘S2’၊ ရက်ရှည်အလုပ်လုပ်ကိုင်သူများအတွက် အလုပ်ဗီဇာ ‘Z’၊ စီးပွားရေးလုပ်ကိုင်သူများအတွက် ဗီဇာ ‘M’၊ အစည်းအဝေးတက်ရောက်သူများအတွက် ဗီဇာ ‘F’၊ လေကြောင်းလိုင်းဝန်ထမ်းများအတွက် ခေတ္တဖြတ်ကူးခွင့်ဗီဇာ ‘C’၊ အဆင့်မြင့်ပညာရှင်များအတွက် ဗီဇာ ‘R’ တို့ ပါဝင်သည်။ ဖော်ပြပါဗီဇာများအနက် မိသားစုကိစ္စနှင့်အလုပ်ကိစ္စဗီဇာအမျိုးအစားဖြစ်သည့် Z၊ S1၊ Q1 နှင့် သတင်းမီဒီယာသမားအတွက် ရက်ရှည်ဗီဇာ ‘J1’ များကမူ သက်တမ်းမကုန်သေးပါက ဗီဇာထပ်မံလျှောက်ရန်မလိုဘဲ ပြည်ဝင်ခွင့်ရရှိနေမည်ဖြစ်သည်။သံတမန်အရာရှိများအတွက် ‘Diplomatic’ ဗီဇာ နှင့် အစိုးရဝန်ထမ်းများအတွက် ‘Service’ ဗီဇာ ဟူသော အထူးဗီဇာနှစ်မျိုးကိုမူ သံရုံးတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ယခုလျှောက်ထားခွင့်ရှိသည့် ဗီဇာအမျိုးအစားတွင် ဟောင်ကောင်ဗီဇာ၊ အလည်ဗီဇာနှင့် ဆေးကုသခံယူမှုဗီဇာများ မပါဝင်သေးပါ။ အဆိုပါအကြောင်းကြားစာတွင် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူနည်း၊ လိုအပ်သောစာရွက်စာတမ်းများ၊ ကြာချိန်နှင့်ကုန်ကျစရိတ်၊ ခွင့်ပြုဗီဇာအမျိုးအစားနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်ဆိုင်ရာ အသိပေးချက်များအား အသေးစိတ် ဖော်ပြထားသည်။ တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက်မှစတင်၍ မြန်မာအပါအဝင် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာယာယီပိတ်လာခဲ့ရာ ယခုမှသာ ပြန်လည်ဖွင့်ပေးခြင်းဖြစ်သည်။
၂၀၂၂၊ ဇွန် ၁၄ – မြန်မာ့ငှက်ပျောသီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ထုတ်ပြန်ကြေညာခဲ့သည်။။ ငှက်ပျောသီးတင်ပို့ရာတွင် ယခုနှစ် မေလအတွင်း မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်(Sanitary and Phytosanitary (SPS) Protocol)အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ငှက်ပျောဖူးစထွက်ချိန်မှ ရက်သတ္တပတ် ၁၀-၁၁ ခန့်ကြာ အသီးဖြစ်ထွန်းသည့် ငှက်ပျောသီးအစိမ်းများကိုသာ တင်ပို့ခွင့်ရှိပြီး ငှက်ပျောသီးအမှည့်များတင်ပို့ခွင့် မရသေးကြောင်း၊ ပိုးမွှားနှင့်မှိုတက်ခြင်းမှ ကင်းစင်ရမည်ဟု တရုတ်ဘက်မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ အကြီးစားငှက်ပျောသီးစိုက်ပျိုးမှုကို တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့ကာ တရုတ်သို့ ငှက်ပျောသီးတင်ပို့သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ သို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်သွင်းခွင့်မရခဲ့သဖြင့် တရားဝင်တရုတ်စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
၂၀၂၂၊ ဇွန် ၁၄ – တရုတ်ကျွမ်းကျင်ပညာရှင်များ၏ကူညီမှုဖြင့် အကောင်အထည်ဖော်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကိုချိတ်ဆက်မည့် သံလွင်တံတား (တာဆန်း) အဆင့်မြှင့်တင်ရေးစီမံကိန်းသည် ၂၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကောင်စီ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတံတားသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း အကြားတွင် တည်ရှိပြီး ယာဉ်အလေးချိန် ၇၅ တန်ဖြင့် ခံနိုင်ဝန်ရှိသည်ဟုရေးသားထားသည်။ တံတားအဆင့်မြှင့်တင်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါတံတားပြီးစီးပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှတဆင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒေသထွက်ကုန်များကို ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံများသို့ပါ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် များစွာ ထောက်ပံ့နိုင်မည်ဖြ စ်ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၄ – ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ဖွဲနုမှ ဖွဲနုဆီ ဆီကြမ်းထုတ်စက်ရုံ တည်ဆောက်ရန်အတွက် တရုတ်အခြေစိုက် ကုမ္ပဏီ နှစ်ခုနှင့် အိန္ဒိယအခြေစိုက် ကုမ္ပဏီ သုံးခု ထံမှ ဈေးနှုန်းအဆိုပြုလွှာများ တောင်းခံရရှိထားပြီဖြစ်ကြောင်း BETV သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ပါရှိခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ သန်း (ကျပ် ၆.၅ ဘီလီယံခန့်) တန်ဖိုးရှိသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၁၄ – မြန်မာ့ငှက်ပျောသီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ထုတ်ပြန်ကြေညာခဲ့သည်။။ ငှက်ပျောသီးတင်ပို့ရာတွင် ယခုနှစ် မေလအတွင်း မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်(Sanitary and Phytosanitary (SPS) Protocol)အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ငှက်ပျောဖူးစထွက်ချိန်မှ ရက်သတ္တပတ် ၁၀-၁၁ ခန့်ကြာ အသီးဖြစ်ထွန်းသည့် ငှက်ပျောသီးအစိမ်းများကိုသာ တင်ပို့ခွင့်ရှိပြီး ငှက်ပျောသီးအမှည့်များတင်ပို့ခွင့် မရသေးကြောင်း၊ ပိုးမွှားနှင့်မှိုတက်ခြင်းမှ ကင်းစင်ရမည်ဟု တရုတ်ဘက်မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ အကြီးစားငှက်ပျောသီးစိုက်ပျိုးမှုကို တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့ကာ တရုတ်သို့ ငှက်ပျောသီးတင်ပို့သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ သို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်သွင်းခွင့်မရခဲ့သဖြင့် တရားဝင်တရုတ်စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
၂၀၂၂၊ ဇွန် ၁၄ – မြန်မာ့ငှက်ပျောသီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ထုတ်ပြန်ကြေညာခဲ့သည်။။ ငှက်ပျောသီးတင်ပို့ရာတွင် ယခုနှစ် မေလအတွင်း မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်(Sanitary and Phytosanitary (SPS) Protocol)အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ငှက်ပျောဖူးစထွက်ချိန်မှ ရက်သတ္တပတ် ၁၀-၁၁ ခန့်ကြာ အသီးဖြစ်ထွန်းသည့် ငှက်ပျောသီးအစိမ်းများကိုသာ တင်ပို့ခွင့်ရှိပြီး ငှက်ပျောသီးအမှည့်များတင်ပို့ခွင့် မရသေးကြောင်း၊ ပိုးမွှားနှင့်မှိုတက်ခြင်းမှ ကင်းစင်ရမည်ဟု တရုတ်ဘက်မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ အကြီးစားငှက်ပျောသီးစိုက်ပျိုးမှုကို တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့ကာ တရုတ်သို့ ငှက်ပျောသီးတင်ပို့သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ သို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်သွင်းခွင့်မရခဲ့သဖြင့် တရားဝင်တရုတ်စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
၂၀၂၂၊ ဇွန် ၁၄ – တရုတ်ကျွမ်းကျင်ပညာရှင်များ၏ကူညီမှုဖြင့် အကောင်အထည်ဖော်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကိုချိတ်ဆက်မည့် သံလွင်တံတား (တာဆန်း) အဆင့်မြှင့်တင်ရေးစီမံကိန်းသည် ၂၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကောင်စီ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတံတားသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း အကြားတွင် တည်ရှိပြီး ယာဉ်အလေးချိန် ၇၅ တန်ဖြင့် ခံနိုင်ဝန်ရှိသည်ဟုရေးသားထားသည်။ တံတားအဆင့်မြှင့်တင်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါတံတားပြီးစီးပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှတဆင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒေသထွက်ကုန်များကို ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံများသို့ပါ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် များစွာ ထောက်ပံ့နိုင်မည်ဖြ စ်ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၄ – ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ဖွဲနုမှ ဖွဲနုဆီ ဆီကြမ်းထုတ်စက်ရုံ တည်ဆောက်ရန်အတွက် တရုတ်အခြေစိုက် ကုမ္ပဏီ နှစ်ခုနှင့် အိန္ဒိယအခြေစိုက် ကုမ္ပဏီ သုံးခု ထံမှ ဈေးနှုန်းအဆိုပြုလွှာများ တောင်းခံရရှိထားပြီဖြစ်ကြောင်း BETV သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ပါရှိခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ သန်း (ကျပ် ၆.၅ ဘီလီယံခန့်) တန်ဖိုးရှိသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၁၄ – မြန်မာ့ငှက်ပျောသီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ထုတ်ပြန်ကြေညာခဲ့သည်။။ ငှက်ပျောသီးတင်ပို့ရာတွင် ယခုနှစ် မေလအတွင်း မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်(Sanitary and Phytosanitary (SPS) Protocol)အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ငှက်ပျောဖူးစထွက်ချိန်မှ ရက်သတ္တပတ် ၁၀-၁၁ ခန့်ကြာ အသီးဖြစ်ထွန်းသည့် ငှက်ပျောသီးအစိမ်းများကိုသာ တင်ပို့ခွင့်ရှိပြီး ငှက်ပျောသီးအမှည့်များတင်ပို့ခွင့် မရသေးကြောင်း၊ ပိုးမွှားနှင့်မှိုတက်ခြင်းမှ ကင်းစင်ရမည်ဟု တရုတ်ဘက်မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ အကြီးစားငှက်ပျောသီးစိုက်ပျိုးမှုကို တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့ကာ တရုတ်သို့ ငှက်ပျောသီးတင်ပို့သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ သို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်သွင်းခွင့်မရခဲ့သဖြင့် တရားဝင်တရုတ်စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
၂၀၂၂၊ ဇွန် ၁၀ – မြန်မာနိုင်ငံမှ ဆန်ကွဲ တန်ချိန် ၅၉၀ ကို ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းခဲ့သည်ဟု မင်္ဂလာသတင်းမှာ ဖော်ပြထားသည်။ အဆိုပါဆန်ကွဲများကို မြီးရှည်နဲ့ ဆန်ခေါက်ဆွဲလုပ်ရာတွင် အဓိက အသုံးပြုရန်အတွက် ယူနန် ထိန်ကွမ်း (Tengkun) ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်က တင်သွင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၀ – တရုတ်သံရုံးမှ သံမှူး Zheng Zhihong သည် စစ်ကောင်စီ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ သွားရောက်၍ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သိပ္ပံနှင့် နည်းပညာ စီမံကိန်းများ တိုးတက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ တရုတ်ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု အစီအစဥ်အောက်တွင် ၂၀၁၈ခုနှစ်စတင်ကာ မြန်မာနိုင်ငံတွင် စီမံကိန်း ၉၂ အတွက်တရုတ်မှရန်ပုံငွေထောက်ပံ့ခဲ့ကြောင်းဖော်ပြထားသည်။ ထိုစီမံကိန်း အရေ အတွက်မှာ မဲခေါင်အဖွဲ့ဝင်နိုင်ငံများကို တရုတ်မှအကူအညီပေးအပ်သည့် စီမံကိန်းများတွင် အများဆုံးဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် လန်ချန်း- မဲခေါင် အစီအမံအောက်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ၊ သိပ္ပံနှင့် နည်းပညာ၊ ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပညာရေးစသည့် ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၉ – တရုတ်နိုင်ငံ ဟွေကျိုးမြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၃၀၀ ကို တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ်မှတစ်ဆင့် ဇွန် ၉ ရက် နံနက်ပိုင်းက လွှဲပြောင်းပေးခဲ့သည်ဟု စံတော်ချိန်သတင်းစာတွင် ဖော်ပြထားသည်။ လွှဲပြောင်းပေးခံရသူများတွင် ရခိုင်ပြည်နယ်မှ ၁၄၇ ဦး၊ ကချင်ပြည်နယ်မှ ၃၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၇ ဦး၊ ရှမ်းပြည်နယ်မှ ၂၄ ဦးအပါအဝင် အခြားသူများသည် မန္တလေးတိုင်းဒေသကြီးမှဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံသားများကို မူဆယ်မြို့နန်းတော်ဂိတ် မှတစ်ဆင့် လွှဲပြောင်းပေးနေသည်မှာ ၃၀၀၀၀ ကျော် ရှိပြီဖြစ်သည်ဟု ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၈ – ဗြိတိသျှကိုလိုနီအစိုးရမှ ဟောင်ကောင်ဒေသကို တရုတ်အစိုးရသို့ လက်လွှဲပေးအပ်ခြင်း ၂၅နှစ်မြောက် အထိမ်းအမှတ်ပွဲကို စစ်ကောင်စီနှင့်ဆက်စပ်နေသော Lotte ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သံတမန်ရေးရာကန့်ကွက်လွှာ ထုတ်ပြန်ကြေညာခဲ့ကြောင်း Asia Times သတင်းစာနှင့် Justice For Myanmar (JFM) လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၈ – မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၂) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်-တရုတ် ယဉ်ကျေးမှုစင်တာမှ “မြန်မာ-တရုတ်ရှုမျှော်ခင်း အလှတရား၊ ပေါက်ဖော်သံယောဇဉ် နက်ရှိုင်းစေသား” ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲကို ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် နှစ်နိုင်ငံ၏ သဘာဝရှုမျှော်ခင်းများ၊ သမိုင်းဝင်ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးတမ်းများ တင်ဆက်ပြသပြီး အိမ်နီးချင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ရိုးရာမပျက် “ပေါက်ဖော်” ချစ်ကြည်ရေးကို လက်ဆင့်ကမ်း မျှဝေသွားမည်ဟု ဖော်ပြထားသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ ရှုခင်းဓာတ်ပုံများကို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(Myanmar Hotelier Association)မှ ပံ့ပိုးတင်ဆက်ပေးပြီး တရုတ်နိုင်ငံ၏ ရှုခင်းဓာတ်ပုံများကို www.travelchina.org.cn နှင့် Beijing Sunny International Communications Ltd. တို့မှ ပံ့ပိုးတင်ဆက်ပေးထားသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၈ – တရုတ်-မြန်မာ ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တက်ဟုန်းပြည်နယ်ခွဲအုပ်ချုပ်ရေးမှူးမှ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း တက်ဟုန်းညီညွတ်ရေးသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်-မြန်မာလူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ယွမ်ငွေပေးချေမှု၊ တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်း သယ်ယူပို့ဆောင်ရေးသဘောတူညီချက်၊ နယ်စပ်ဂိတ်စခန်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်ရန် တရုတ်ဘက်မှ မျှော်လင့်ကြောင်း ဖော်ပြထားသည်။ မြန်မာ့အလင်းသတင်းစာဖော်ပြချက်တွင် မြန်မာ-တရုတ် သံတမန်ထူထောင်သည့် ၇၂ နှစ် မြောက်နေ့အထိမ်းအမှတ်အဖြစ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များ၌ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ မြန်မာဘက်က ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ပါရှိသည်။
- ၂၀၂၂၊ ဇွန် ၈ – တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၂) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် တရုတ်သံရုံးက “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း – ရုပ်ပုံဖြင့် မိမိနှင့် တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်ဖြင့် အစီအစဉ်တခု ကျင်းပခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်သည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသားများမှ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားခြင်းများ၊ ပညာတော်သင်နှင့် အလုပ်လုပ် ရသည့် အတွေ့အကြုံများ၊ စာအုပ်စာပေနှင့် ရုပ်ရှင်များအကြောင်း ဖော်ပြခြင်းများကို တရုတ်သံရုံးမှ လူမှုကွန်ရက်တွင် ပြန်လည်မျှဝေ ဖော်ပြခဲ့သည်။ ယခုအစီအစဉ်တွင် တက်တက်ကြွကြွ ပါဝင်သူများအား ကျေးဇူးတင်ရှိကြောင်းနှင့် လက်ဆောင်များ ပေးအပ်မည်ဟု ဆိုသည်။ ဆက်လက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု များကို အားပေးရန်နှင့် ချစ်ကြည်ရင်းနှီးစွာ ခေတ်ကာလသစ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ဆောင်သွားရန် ကြိုဆိုပါသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
- ၂၀၂၂၊ ဇွန် ၇ – တရုတ်ဦးဆောင်သည့် အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ မဲခေါင်မြစ်ပေါ်တွင် ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး ဖြစ်တန်ခြေလေ့လာမှု” (The Feasibility Study on Myanmar Wan Pong Port Improvement Project) ကို ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်နိုင်ခြေ လေ့လာမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း၊ ဒီဇိုင်းပုံရေးဆွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုလေ့ကျင့်ရေးအစီအစဉ်များ သတ်မှတ်ခြင်း စသည်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ရှိ ဝမ်ပုံဆိပ်ကမ်းသည် မဲခေါင်မြစ်ပေါ်တွင်တည်ရှိပြီး လာအိုနိုင်ငံနှင့်ကုန်သွယ်ရေးတွင် အဓိကအရေးပါပြီး ကိုဗစ်ကာလတွင် မြန်မာနိုင်ငံမှကုန်များကို ထိုဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ လမ်းကြောင်းသစ်များမှတဆင့် တင်ပို့ခဲ့သည်။ တရုတ်၏ မဲခေါင်နိုင်ငံများအပေါ်မှာ သြဇာဖြန့်ကျက်မှုအတွက် အရေးပါသည့် စီမံကိန်းတခုဖြစ်ပြီး ရေကြောင်းအခြေအနေ ကောင်းမွန်စေရန်အတွက် တရုတ်နှင့်မြန်မာကြား လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ဆောင်ရွက်ရန် သဘောတူညီထားသည်။ ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံနှင့် အခြား လန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
- ၂၀၂၂၊ ဇွန် ၆ – တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် JOOX Music သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းတော့မည့်အကြောင်း JOOX Music Myanmar မှ ထုတ်ပြန်ကြေညာချက်ထားသည်။ ဈေးကွက်အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံ၌ ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းလိုက်ရကြောင်း ကြော်ငြာချက်တွင် ပါရှိသည်။ JOOX Music သည် သီချင်းပုဒ်ရေ ၄၅ သန်းကျော်ကို နားထောင်နိုင်သည့် ဖုန်းအပ်ပလီကေးရှင်းတခုဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်မာဈေးကွက်သို့ ဝင်ရောက်ခဲ့သော တန်စင့် (Tencent) ကုမ္ပဏီပိုင် တေးဂီတလွှင့်ဝန်ဆောင်မှုဖြစ်ကြောင်း ၎င်းသတင်းဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပြီးနောက် အဆိုပါအပ်ပလီကေးရှင်းအသုံးပြုသူအချို့သည် ၎င်းတို့ဖုန်းများမှ ဖြုတ်ချခဲ့ကြပြီး မြန်မာအဆိုတော်အချို့က သူတို့၏သီချင်းများကို ဖယ်ရှားခဲ့ကြကြောင်းလည်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဇွန် ၂ – တရုတ်-မြန်မာလမ်းကြောင်းသစ်ပေါ်က ချုံချင့်-လင်ချမ်း-မြန်မာ နိုင်ငံတကာအထူးရထားဖြင့် သယ်ဆောင်လာခဲ့သော ပထမဆုံးအသုတ်ကုန်ပစ္စည်းများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကုန်တင်ကားများပေါ်သို့ ပြောင်းလဲတင်ဆောင်ပြီး ကုန်းလမ်းပို့ဆောင်ရေးဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ နိုင်ငံတကာအထူးရထားသည် မေ ၂၃ ရက်တွင် စတင်ထွက်ခွာလာခဲ့ပြီး ၂၈ ရက်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်သို့ ရောက်ရှိကာ ဇွန် ၁၀ ရက်တွင် နောက်ဆုံးဂိတ် ဖြစ်သည့် မန္တလေးသို့ရောက်ရှိမည်ဟု တရုတ်သံရုံးကထုတ်ပြန်ထားသည်။
- ၂၀၂၂၊ ဇွန် ၁ – မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဘက်မှ တရုတ်နိုင်ငံသို့ဝင်ရောက်မည့် သစ်သီးတင်ကားများအနေနဲ့ ဆေးစစ်စရာမလိုဘဲ တင်ပို့မည့်တရုတ်ဘက်က မြို့များသို့ တိုက်ရိုက်သွားနိုင်ပြီ ဖြစ်ကြောင်းတရုတ်ဘက်က ကြေညာခဲ့သည်။ ယခင် သစ်သီးများကို ဆေးစစ်ရုံ သာမကဘဲ ကွာရန်တင်းသုံးရက်ခန့်ဝင်ရသောကြောင့် သစ်သီးကားများအနေဖြင့် အချိန်မှီမရောက်ဘဲ ကြန့်ကြာခြင်းများဖြစ်ခဲ့သည်။ မြန်မာဘက်မှ တရုတ်ဘက်သို့ ဖရဲ၊ သခွား၊ သရက်သီးများ အများဆုံးတင်ပို့နေသည်။
- ၂၀၂၂ မေ ၂၉ – တရုတ်အစိုးရက စစ်ကောင်စီကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ၁၀ သန်း၊ ကာကွယ်ဆေး ဆေးထိုးအပ် ၁၃ သန်းနှင့် Mobile Laboratory Vehicles နှစ်စီးတို့ကိုလှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ပြီး တရုတ်သံ အမတ်ချန်းဟိုင် နှင့် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။ ဒေါက်တာသက်ခိုင်ဝင်းက ယခုအကြိမ် တရုတ်မှ လှူဒါန်းသည့် ကာကွယ်ဆေး များကို လူငယ်နှင့်ကလေးသူငယ်များအတွက် အဓိကထား ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ Mobile Laboratory Vehicles နှစ်စီးကို နယ်စပ်ဂိတ်များတွင် ဦးစားပေးအသုံးပြုမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အသုံးဝင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် ကာကွယ်ဆေး ပမာဏ စုစုပေါင်း ၅၁ ဒသမ ၁၉ သန်းရှိပြီး ၂၁ ဒသမ ၁ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ကာကွယ်ဆေး ၃၀ ဒသမ ၀၉ သန်းကမူ သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်းထည့်သွင်းထုတ်ပြန်ထားသည်။
- ၂၀၂၂ မေ ၂၈ – တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းမှ တတိယအသုတ်အဖြစ် ဆေးထိုးအပ် ၅ ဒသမ ၄၂ သန်းကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။
- ၂၀၂၂၊ မေ ၂၇ – ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာရန် အစီအမံများချမှတ်ရေးအတွက် စစ်ကောင်စီကို တွန်းအားပေးရန် ရည်ရွယ်သောထုတ်ပြန်ချက်တစ်ရပ်နှင့် ပတ်သက်ပြီး တရုတ်နှင့် ဗြိတိန်တို့သဘောထားကွဲလွဲမှုကြောင့် သဘောတူညီမှုမရခဲ့ပေ။ တရုတ်၏တောင်းဆိုမှု များပြားလွန်းခြင်းက ဆွေးနွေးမှုများ ပျက်ပြားစေရန် ဦးတည်ခဲ့ကြောင်း ဗြိတိန်ဘက်က ပြောဆိုခဲ့ပြီး အာဆီယံ၏သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်ရာမှာ “အကန့်အသတ်ရှိတိုးတက်မှု” နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက အလွန်စိုးရိမ်နေသည်ဟု မူလစာသားတွင် တရုတ်ဘက်က “အကန့်အသတ်” ဟူသောစာသားထက် “တိုးတက်မှုနှေးကွေးသည်” ဟူသောစာသားကို အသုံးပြုရန်သာ အဆိုပြုခဲ့သည်ဖြစ်ကြောင်း AFP သတင်းဌာနဖော်ပြချက်အရ သိရသည်။
- ၂၀၂၂၊ မေ ၂၇ – ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကျင်စန်းကျော့ဂိတ်မှတဆင့် တရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၈၀ ခန့်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု ပြုလုပ်နေကြောင်းစစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ မြန်မာမှ ဆန်နှင့် ဆန်ကွဲတို့ ပါဝင်သော လယ်ယာထွက် ကုန်ပစ္စည်းများ တင်ဆောင်သော ကုန်တင်ယာဉ်အစီးရေ ၄၀ ခန့်တင်ပို့နေပြီး တရုတ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်သော ကုန်တင်ယာဉ် အစီးရေ ၄၀ ခန့်တင်သွင်းနေကြောင်းရေးသားထားသည်။ မေ ၁၆ ရက်မှ စတင်ကာ ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံသို့ကုန်စည်ပို့ဆောင်ရာတွင် တရုတ်ခေါက်တို အစားထိုးယာဥ်မောင်း (ရှန်တိန်)ဖြင့် တင်ပို့နေရာမှ အစားထိုး ယာဉ်မောင်းစနစ် (ရှန်တိန်စနစ်) ဖြင့်ကုန်တင်ယာဥ်များ အပြန်အလှန်ဝင်ထွက်ခွင့်ပြုခဲ့သည်။
- ၂၀၂၂၊ မေ ၂၇ – ၁၁၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်းတလျှောက် ပူးတွဲ ကင်းလှည့်ကြပ်မတ်ရေးအစီအစဥ်ပြီးစီးကြောင်း ကြေညာခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်သော အစီအစဥ်ဖြစ်သည်။
- ၂၀၂၂၊ မေ ၂၆ – စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ မေ ၂၆ ရက်တွင် ဌာနတွင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုဆွေးနွေးပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership-RCEP) နှင့် ဆက်စပ်အကြောင်းအရာများ၊ အကောက်ခွန် သက်သာခွင့်နှင့် ကုန်သွယ်ဖက် နိုင်ငံများ၏ စည်းမျဉ်းများ၊ အကောက်ခွန်မဟုတ်သော စီမံ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး RCEP၊ အာဆီယံ-တရုတ်နှင့် တရုတ်နိုင်ငံမှ တဖက်သတ်ပေးသော အကောက်ခွန် သက်သာခွင့်နှင့် ပတ်သက်ပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှု အခြေအနေများကို သုံးသပ်ဆွေးနွေး ပြောကြားခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
- ၂၀၂၂၊ မေ ၂၆ – လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အနီးတွင် စစ်ကောင်စီက ဒေသခံငါးဦးကို မိုင်းဆွဲသည့်သူများအဖြစ် စွပ်စွဲဖမ်းဆီးပြီးနောက် နှစ်ဦးအား ပစ်သတ်ခဲ့သည်။ ဖမ်းဆီးပစ်သတ်ခံရသည့်သူများမှာ ကြေးနီစီမံကိန်း ဝန်ထမ်းများဖြစ်နေကြောင်း Myanmar Now ၏ ဖော်ပြချက်အရ သိရသည်။ တရုတ်စီမံကိန်းဝန်ထမ်းများအား စစ်ကောင်စီဘက်မှ ဖမ်းဆီးသတ်ဖြတ်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
- ၂၀၂၂၊ မေ ၂၅ – လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် “လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံပိုင်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး” စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ မက္ကဒေးမီးယားပျိုးပင် ၃၀,၂၈၂ ပင်၊ အခွံမာခွဲကိရိယာနှင့် အခွံနွှာစက် ၂၀၆ လုံးတို့ကို တောင်သူ ၁၁၈ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းအား အမေရိကန်ဒေါ်လာ ၃၈၄,၃၀၀ ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဖြစ်ကာ မြန်မာနိုင်ငံမှ မက္ကဒေးမီးယားစိုက်ပျိုးသော တောင်သူများကို လက်တွေ့အကျိုးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- ၂၀၂၂၊ မေ ၂၅ – တရုတ်နိုင်ငံမှ အကူအညီပေးသည့် အားကစားနည်းပညာစီမံကိန်းအစီအစဥ်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည့် မြန်မာ့ အားကစားအဖွဲ့ ခြောက် ဖွဲ့မှ အားကစားသမား ၇၉ ဦးမှအားကစားသမားများသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ရရှိခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာအားကစားအဖွဲ့သည် တရုတ်နိုင်ငံ၌ လေ့ကျင့်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း မြန်မာအားကစားသမားများကို အဝေးမှနည်းပြသင်ကြားပေးပြီး ပြိုင်ပွဲအကြို လေ့ကျင့်ပေးကာ ကူညီပေးခဲ့သည်ဟု သံရုံးက ဆိုသည်။
- ၂၀၂၂၊ မေ ၂၃ – တရုတ်၏ မဟာဗျူဟာကျ စဥ်းစားချက်တခုဖြစ်သော တရုတ် (ချုံချင့်) – မြန်မာ (ရန်ကုန်) မှ တဆင့် အိန္ဒိယသမုဒ္ဒရာ အထိ မီးရထားလမ်း၊ ကုန်းလမ်း၊ ရေလမ်းများချိတ်ဆက်မည့် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းသစ် စတင်ပြေးဆွဲခဲ့ကြောင်းတရုတ်သံရုံးက ကြေညာခဲ့သည်။ ရထားတွဲသည် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွာလာပြီး နေစွမ်းအင်သုံးစက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသဖြင့်ပါဝင်သော စံချိန်မီ ကွန်တိန်နာအလုံးပေါင်း ၆၀ သယ်ဆောင်လာသည်။ ရထားမှာ ချုံချင့်မြို့မှ လန်ချန်းမြို့အထိ ပြေးဆွဲမည်ဖြစ်ပြီး ချင်းရွှေဟော်မှတစ်ဆင့် မန္တလေးမြို့သို့ ကုန်တင်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်သည်။ ကီလိုမီတာ ၂,၀၀၀ ခန့်ရှည်လျားသော အဆိုပါ “ကားလမ်းနှင့်ရထားလမ်း” ပူးပေါင်းပို့ဆောင်ခြင်း အစီအမံအောက်တွင် ကုန်ပစ္စည်းများသည် ၁၅ ရက်အတွင်း မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျ နည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားစေမည်ဖြစ်သောကြောင့် ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းလမ်းကြောင်းအသုံးပြုခြင်းအားဖြင့် ချုံချင့်နှင့်အနီးတဝိုက်ဒေသထုတ်ကုန်များကို မန္တလေးမှတဆင့် ရေကြောင်းပို့ဆောင်မှုဖြင့် ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့်တောင်အာရှဒေသအထိ တင်ပို့နိုင်မည်ဖြစ်ပြီး အပြန်တွင် မြန်မာနှင့် အရှေ့တောင်အာရှဒေသထွက်ကုန်များကို တင်ဆောင်နိုင်မည်ဖြစ်ကြောင်း Global Timesသတင်းဌာနက ဖော်ပြထားသည်။ ထိုရထားလမ်းဖွင့်ပွဲသို့ ချုံချင်းမြို့ရှိ အသစ်ဖွင့်လှစ်ထားသော မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ တရုတ်ဘက်က ထိုလမ်းကြောင်းကိုပြီးခဲ့သည့် သြဂုတ်လတွင် ပထမအကြိမ်စမ်းသပ်ပြေးဆွဲခဲ့သည်။
- ၂၀၂၂၊ မေ ၂၁ – ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံဘက်ခြမ်း ကျယ်ဂေါင်နှင့် ဝမ်တိန်တွင် ပိတ်မိနေခဲ့သည့် မြန်မာကုန်ကားများနှင့် ကုန်ပစ္စည်းများကို ကျင်စန်းကျော့ဂိတ်မှ ပြန်လည်ထုတ်ပေးမည်ဟု တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ကုန်ကားများနှင့်ကုန်ပစ္စည်းများ ဝမ်တိန်တွင် ပိတ်မိနေသည်မှာ သုံးလဝန်းကျင်ရှိနေပြီဖြစ်ကြောင်း မြန်မာသတင်းမီဒီယာများတွင် ရေးသားထားသည်။ မေ ၂၃ ရက်မှစ၍ ကျယ်ဂေါင်မှ ကုန်ပစ္စည်းများကို အရေအတွက်၊ ပစ္စည်းအမျိုးအမည်နှင့် အခြားလိုအပ်သည့် အချက်အလက်များကို ဖောင်ဖြည့်ပြီးမှ ထုတ်ယူခွင့်ရမည်ဖြစ်ပြီး ထိုစာရင်းဝင်ပစ္စည်းတိုင်းအား စိစစ်ပြီး ကျင်စန်းကျော့ဂိတ်ပေါက်မှသာ ပေးထွက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အဓိကတင်ပို့သော ကုန်ပစ္စည်းအများစုတွင် အလှကုန်ပစ္စည်း၊ ယာဉ်ယန္တရားအပိုပစ္စည်းနှင့် ကုန်မာပစ္စည်းများ ပါဝင်သည်။ ထိုသို့ ရက်ကြာပိတ်မိနေသော ကုန်ပစ္စည်းများကို ပြန်လည်ထုတ်ယူခွင့်ရသော်လည်း ကျယ်ဂေါင်တွင် မြန်မာဘက်မှကိုယ်စားလှယ်များ မရှိတော့သည့်အတွက် ဂိုဒေါင်မှပစ္စည်းများထုတ်ယူရာတွင် အခက်အခဲရှိ နေကြောင်း၊ တရုတ်နိုင်ငံဘက်မှ အကောက်ခွန်ရှင်းလင်းမှုမှာ အနည်းငယ် ရှုပ်ထွေးမှုရှိနေကြောင်း၊ လမ်းခရီးကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များမှုရှိနေကြောင်းကိုလည်း ကုန်သည်များက သတင်းမီဒီယာများကို ထုတ်ဖော် ပြောဆိုထားသည်။
- ၂၀၂၂၊ မေ ၂၀ – တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဝှေ့ကန်း သည် တက်ဟုန်း ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံသို့ တက်ရောက်လာကြသည့် ကူမင်းအခြေစိုက် မြန်မာအပါအဝင် ဘင်္ဂလားဒေရှ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် မန်စီဟိုတယ်၌ တွေ့ဆုံခဲ့သည်။ ထိုညီလာခံတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကော်ဖီ ထုတ်လုပ်မှုနှင့်လုပ်ငန်းများကို ပြန်လည်ထူ ထောင်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ယခု ညီလာခံသည် ကော်ဖီလုပ်ငန်းအား စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ကြောင်း၊ တက်ဟုန်းပြည်နယ်ခွဲနှင့်လည်း ပိုမိုခိုင်မာသော ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ထောင်ကာ နိုင်ငံအသီးသီးတို့နှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လိုသည်ဟု တွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
- ၂၀၂၂၊ မေ ၂၀ – တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီကိုအားပေးထောက်ခံခြင်းမပြုရန် နှင့် စစ်ကောင်စီအပေါ် ထောက်ခံမှုများ အပေါ်ကန့်ကွက်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် နော်ဝေနိုင်ငံတို့အပါအဝင် ဥရောပနိုင်ငံအချို့ရှိ တရုတ်သံရုံးများရှေ့တွင် မြန်မာနိုင်ငံသားများက စုရုံးဆန္ဒပြခဲ့ကြသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တရုတ်သံရုံးက ဆန္ဒပြသူများပေးသည့် တိုက်တွန်းစာကို လက်မခံခဲ့ဘဲ ပြင်သစ်တွင်မှု တရုတ်သံရုံးရှေ့ ဆန္ဒပြခွင့်မရခဲ့သည့်အတွက် ပဲရစ်မျှော်စင်ရှေ့တွင် စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ဆက်လက်ပြီး သြစတြေးလျနှင့် တောင်ကိုရီးယားနိုင်ငံများရှိ တရုတ်သံရုံးများရှေ့တွင်လည်း ဆန္ဒပြဖို့ စီစဉ်ထား ကြောင်းလည်းရေးသားထားသည်။
- ၂၀၂၂၊ မေ ၁၉ – တရုတ်နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား ၁၇၀ ဦးကို တရုတ်အစိုးရက မြန်မာဘက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်တွင် လွှဲပြောင်းပေးခဲ့သည်။ ထိုလွှဲပြောင်းပြည်နှင်ခံရသူများသည် တရုတ်အကျဉ်းထောင်းအသီးသီးတွင် ခြောက်လကျော်မှ နှစ်နှစ်ကြာ ထိန်းသိမ်းခံထားရသူ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၅၄ ဦးတို့ရှိပြီး ၎င်းတို့တွင် အချို့သည် ဖမ်းဆီးခံရစဉ်က ပါရှိသွားသည့် ရွှေဆွဲကြိုး၊ လက်စွပ်၊ ငွေနှင့် မြန်မာနိုင်ငံသားမှတ်ပုံတင်ကဒ်များ ပြန်လည်ပေးအပ်ခံရခြင်းမရှိကြောင်း Eleven သတင်းဌာနဖော်ပြချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစတင်ကာ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို မူဆယ်နန်းတော်ဂိတ်မှ ပြန်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံသား ၂၀,၀၀၀ ကျော် ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။
- ၂၀၂၂၊ မေ ၁၉ – တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး ရှမ်းပြည်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့ သွားလာလှုပ်ရှားမှုရှိသည့် ဒေသတစ်ခုဖြစ်သည့် နမ့်ခမ်းမြို့အနီးတွင် မေ ၁၉ ရက်၊ မနက် ၇ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများ အဆက်မပြတ်ကြားရသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သျှမ်းသံတော်ဆင့်၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ပေါက်ကွဲသံများသည် တရုတ်နိုင်ငံဘက်မှ လာသည့်အသံဖြစ်ပြီး တရုတ်စစ်သားများ၏ စစ်ရေးလေ့ကျင့်မှုများကြောင့် ဖြစ်သည်ဟုလည်း ဒေသခံများက ပြန်လည်ဖြေကြားကြသည်ဟု ဖော်ပြထားသည်။
- ၂၀၂၂ မေ ၁၈ – တရုတ်မှ မြန်မာသို့ လှူဒါန်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆိုင်နိုဖမ်း (Sinopharm) ဆေးအလုံး ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းကျော် ထဲမှ ပထမအသုတ်အနေဖြင့် ဆိုင်နိုဖမ်း ဆေးအလုံး ငါးသန်းနှင့် ဆေးထိုးအပ် ၁ ဒသမ ၉၈ သန်း ရောက်ရှိခဲ့ကြောင်းတရုတ်သံရုံးက ထုတ်ပြန်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို တရုတ်သံရုံးမှ တာဝန်ရှိသူများက စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့သည်။ အဆိုပါ ပေးပို့လှူဒါန်းလာသော ဆိုင်နိုဖမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ ထားရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်းလမ်း၊ လေကြောင်းလမ်းတို့ဖြင့် အအေးလမ်းကြောင်း မပျက် ဆက်လက်ဖြန့်ဝေသွားမည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။
- ၂၀၂၂၊ မေ ၁၈ – “မြန်မာနိုင်ငံစိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် သိုလှောင်မှုနည်းပညာလေ့ကျင့်ရေးသင်တန်း” အား အွန်လိုင်းမှ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူပေါင်း ၄၅ ဦးတက်ရောက်သည်။ သင်တန်းတွင် တရုတ်စိုက်ပျိုးရေးထွက်ကုန်များအကြောင်းကို နားလည်သိရှိစေပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်များထုတ်လုပ်သည့် စံနှုန်းအဆင့်အတန်းမြှင့်တင်ရေး မျှဝေသွားမည်ဖြစ်ကြောင်း ရေးထားသည်။ ဆက်လက်ပြီး တရုတ်စီးပွားရေးသံမှူးက ရပ်ဝန်းလမ်းကြောင်း အစီအမံ (Belt and Road) နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအား ပူးတွဲတည်ဆောက်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများသည် နှစ်ဦးနှစ်ဖက်အတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့် အရေးပါသည့် အစိတ်အပိုင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
- ၂၀၂၂၊ မေ ၁၈ – တရုတ်နိုင်ငံသို့ ပြောင်းဆန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOIs) တောင်းခံရာတွင် ကုမ္ပဏီပေါင်း ၁၄၂ ခုအထိ အဆိုပြုတင်သွင်းပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တရားဝင်တင်ပို့မည့် ပြောင်းဆန်များကို စစ်ကောင်စီ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်တို့ ပါဝင်သော အလုပ်အဖွဲ့၊ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထွေထွေအကောက်ခွန်ဌာန (GACC)တို့က အဆင့်ဆင့် စစ်ဆေးကြကြောင်းရေးသားထားသည်၊၊ တင်ပို့မည့် ပြောင်းဆန်များ၏ ဇီဝလုံခြုံရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပင်/တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင် သန့်ရှင်းရေးသဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်အကောက်ခွန်ဝန်ကြီးဌာနတို့ တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။
- ၂၀၂၂၊ မေ ၁၆ – တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသည့် နယ်စပ်ဂိတ်တခုဖြစ်သည့် ကျင်စမ်းကျော့-မက်မန့် ဂိတ်ကို ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးပမာဏ အဆက်မပြတ် ပြန်လည်တိုးတက်လာခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကုန်သွယ်မှု ပမာဏမှာ တန်ချိန် ၂၇၆,၄၀၀ တန်ရှိပြီး နေ့စဥ် သွင်းကုန်၊ပို့ကုန်သယ်ဆောင်မှု တန်ချိန် ၂,၆၀၀ ကျော် ရှိကြောင်း ရေးသားထားသည်။ နေ့စဥ် ကုန်သွယ်မှုတန်ဖိုးမှာ တရုတ်ယွမ် ၁၇ သန်းရှိပြီး ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ကာလနဲ့ နှိုင်းယှဥ်ပါက ၂၅၆ရာခိုင်နူန်း တိုးမြှင့်လာကြောင်း ဖော်ပြထားသည်။ ထိုကုန်စည်လမ်းကြောင်းတွင် ခေတ်မှီနယ်စပ်ဂိတ်စီမံအုပ်ချုပ်ရေးစနစ် (Smart Cross-border Border Port Managment) ကို စတင်အသုံးပြုနေပြီး ကွန်တိန်နာနယ်စပ်ဂိတ်ဖြတ်သန်းရာမှာ ခွဲခြားသိရှိနိုင်သည့်စနစ်တပ်ဆင်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှု အချက်အလက်ပလက်ဖောင်း စတင်အသုံးပြုခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နယ်စပ်ဂိတ်များတွင် One Stop Services စီမံအုပ်ချုပ်ရေး ပလက်ဖောင်းထားရှိပြီး နယ်စပ်ဂိတ် ဝန်ဆောင်မှု အရည်အသွေးအား မြှင့်တင်ထားကြောင်းကိုလည်း ရေးသားထားသည်။
- ၂၀၂၂၊ မေ ၁၆ – နှစ်နိုင်ငံ အဓိက ကုန်စည်ကူးသန်းသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကျင်စန်းကျော့-မန့်မိုင် (ဝမ်တိန်) ဂိတ်မှတဆင့် မြန်မာကုန်ကားများကို တရုတ်နိုင်ငံအတွင်းသို့ မေ ၁၆ ရက်မှ စတင်၍ ဝင်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းတရုတ်မီဒီယာများကဖော်ပြခဲ့သည်။၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး အဆိုပါ နယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့သော်လည်း နှစ်နိုင်ငံ နယ်စပ် အဝင်အထွက်ကို တရုတ်ဘက်မှ ကုန်တင်ကား အစားထိုးယာဉ်မောင်း (ရှန်တိန်) စနစ်ဖြင့်သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့် ကန့်သတ်ထားခြင်းကို ဖြေလျှော့ပေးလိုက်ချင်းဖြစ်ပြီး ယခုအခါ မြန်မာကုန်တင်ကားများအား တိုက်ရိုက် ပြန်လည်ဝင်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟုသိရသည်။
- ၂၀၂၂၊ ဧပြီ ၁၈ – မေ ၁၆ – ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် မူဆယ်မြို့ပြတည်ဆောက်ရေးဌာနတို့မှ တာဝန်ရှိသူများသည် ကျယ်ဂေါင်မြစ် သန့်ရှင်းရေးလုပ်ဆောင်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ပေါက်ဖော်သတင်းဌာနက ဖော်ပြသည်။ မြန်မာနိုင်ငံမူဆယ်မြို့နှင့်ကပ်လျပ်တည်ရှိသည့် ကျယ်ဂေါင်မြို့တွင် ကောင်းမွန်သော လူနေမှုပတ်ဝန်းကျင် ရရှိစေရန်နှင့် ရေလွှမ်းသည့် မိုးရာသီအတွင်း ရေဘေးအန္တရာယ်ကင်းစေရန်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ချိတ်ဆက်ကာ ဆွေးနွေးညှိနှိုင်းပြီး ကျယ်ဂေါင်မြစ်ချောင်းအထက်ပိုင်းရှိ အမှိုက်နှင့် နုန်းမြေများကို ပူးပေါင်းရှင်းလင်းကြသည်ဟု ရေးသားထားသည်။
- ၂၀၂၂၊ မေ ၁၅ – တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံဘက်သို့ ကြံတင်ပို့ခွင့်ပြုခဲ့သည်။ ကြံတင်ပို့ရာတွင် နယ်စပ်ဂိတ်တွင် ကရိန်းဖြင့် သယ်ယူရန် မလိုအပ်တော့ဘဲ မြန်မာနိုင်ငံဘက်က ကြံကုန်ကားများအား တရုတ်ယာဥ်မောင်းများဖြင့် တရုတ်နိုင်ငံတွင်းသို့ တိုက်ရိုက်တင်ပို့နိုင်ပြီ ဖြစ်ကြောင်းကိုလည်းသတင်းမီဒီယာများတွင် ရေးသားထားသည်။ မြန်မာနိုင်ငံဘက်က တရုတ်ဘက်သို့ ကြံတန်ချိန် အနည်းဆုံး တသိန်းခွဲ၊ နှစ်သိန်းနီးပါး တင်ပို့ရန်ရှိပြီး တရုတ်ဘက်ကမူ မေလကုန်အထိသာ ကြံတင်ပို့မှုကို လက်ခံသွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ယမန်နှစ်က မူဆယ်မြို့နယ် မြန်မာ-တရုတ် နယ်စပ်တကြောတွင် စိုက်ပျိုးသည့် ကြံအများစုကို ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန် ဂိတ်ပေါက်မှ တင်ပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်ဟုဆိုကာ နယ်စပ်ဂိတ်များအား အလျင်အမြန် ပိတ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် မြန်မာကုန်ကားများ လနှင့်ချီကြာ ပိတ်မိနေခဲ့သည်။
- ၂၀၂၂၊ မေ ၁၃ – မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအားကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများနှင့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်း စစ်ကောင်စီလျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်နှင့် တရုတ်သံအမတ် ချန်းဟိုင်တို့တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြခဲ့သည်။ ထို့အပြင် သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ထိုသို့ဆွေးနွေးခြင်းမပြုမီ မေ ၃ ရက်တွင် တရုတ်ကုမ္ပဏီများက အကောင်အထည်ဖော်ရန်တင်ဒါရရှိထားသည့် စီမံကိန်း ၂၉ ခုအနက် အကောင်အထည်မဖော်ရသေးသည့် စီမံကိန်း ၂၆ ခုကို တင်ဒါရပ်ဆိုင်းကာ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့သည်။
- ၂၀၂၂၊ မေ ၁၃ – မြန်မာနိုင်ငံ၏ ပထမဆုံး ၁၀၀ မဂ္ဂါဝပ်အဆင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းသည် မကွေးတိုင်းရှိ ကင်းတားတွင် အပြည့်အဝ စတင်တည်ဆောက်နေပြီဟု တရုတ်မီဒီယာများတွင်ဖော်ပြခဲ့သည်။ အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင်ဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီလီမိတက် (Power China) မှ တည်ဆောက်နေကြောင်းဖော်ပြထားသည်။ အဆိုပါစီမံကိန်းမှာ စီမံကိန်းငါးခုဖြင့်စုစုပေါင်း လျှပ်စစ်ဂာဓာတ်အား ၁၆၀ မဂ္ဂါဝပ် ထွက်ရှိမည့် စီမံကိန်းအုပ်စု၏ အစိတ်အပိုင်းဖြစ်သည်။ စီမံကိန်းပြီးစီးပါက နိုင်ငံဓာတ်အားလိုင်းနှင့်ချိတ်ဆက်မည်ဖြစ်ပြီ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းတွင် ဓာတ်အားဖြန့်ဝေရန် အစီအစဥ်ရှိကြောင်း ရေးသားထားသည်။
- ၂၀၂၂၊ မေ ၁၁ – မြန်မာပြည်မှ တရုတ်ဘက်သို့ တင်ပို့သည့် သစ်သီးများတွင် ကိုဗစ်ပိုးတွေ့ရှိပါက မီးရှို့ဖျက်ဆီးပစ်မည်ဟု တရုတ်ဘက်မှ သတိပေးခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းစာတွင် ဖော်ပြထားသည်။ ဧပြီလနှောင်းပိုင်းမှ မြန်မာ့ထုတ်ကုန်နှင့် သစ်သီးတင်သွင်းမှုများကို စတင်လက်ခံကာ ကားသမားတဦးလျှင် ဆေးစစ်ခ ၃၂၀ ယွမ်ဖြင့် စစ်ဆေးမှုခံယူရပြီး ကိုဗစ်ပိုးတွေ့ရှိပါက ကားတစ်စီးနှင့် အပြည့်တင်ထားသည့် သရက်သီးများအားလုံး မီးရှို့ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ၎င်းသတင်းစာဖော်ပြချက်အရ သိရသည်။
- ၂၀၂၂၊ မေ ၁၁ – တရုတ်အစိုးရက အာဆီယံနိုင်ငံများကို အကူအညီပေးသည့် အစီအစဥ်ဖြစ်သော Initiatie for ASEAN Intergration (IAI) အရ မြန်မာနိုင်ငံတွင် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်းအကောင်အထည်ဖော်ရန် တရုတ်နှင့်မြန်မာကြား စာလွှာ (Exchange Letter) လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဥ်အရ တရုတ်နိုင်ငံက ဓာတ်ခွဲခန်းသုံး စက်ကိရိယာများ ထောက်ပံ့ပေးမည့်အပြင် ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားပေးမည့် အစီအစဥ်များ ပါဝင်ကြောင်း ရေးသားထားသည်။
- ၂၀၂၂၊ မေ ၁၁ – တရုတ်ကုမ္ပဏီများက အကောင်အထည်ဖော်ရန် တင်ဒါအောင်ထားသည့် နေရောင်ခြည် စွမ်းအင်စီမံကိန်း တချို့ကို စစ်ကောင်စီက လုပ်ပိုင်ခွင့် ရပ်နားလိုက်သော်လည်း တရုတ် ရင်းနှီးမြှုပ်နှံသူအများစုက မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ယုံကြည်စိတ်ချကြကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော Global Times သတင်းစာ၌ ဖော်ပြထားသည်။ တရုတ်ကုမ္ပဏီအနည်းစုကသာ နိုင်ငံရေးမတည်ငြိမ်မှုသည် သူတို့၏စီးပွားရေး လုပ်ငန်းများအား သက်ရောက်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်ကြကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စီမံကိန်းများဆက်လက် အကောင်အထည်ဖော်နိုင်မရှိကြောင်း၊ စီမံကိန်းလုပ်ပိုင်ခွင့်များ ရပ်နားလိုက်ရသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီအများစု၏ ယုံကြည်မှုအပေါ်တွင် ထိခိုက်မှုမရှိကြောင်း ရေးသားထားသည်။ မေ ၃ ရက်တွင် စစ်ကောင်စီက ခွင့်ပြုပြီးသား တရုတ်ဆိုလာစီမံကိန်း ၂၉ ခုအနက် အကောင်အထည်မဖော်ရသေးသည့် စီမံကိန်း ၂၆ ခုကို တင်ဒါရပ်ဆိုင်းကာ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
- ၂၀၂၂၊ မေ ၁၀ – တရုတ်-မြန်မာ နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်း၏ အဓိကအစိတ်အပိုင်း ဖြစ်သော တာလီ-ရွှေလီ ရထားလမ်းတွင် တာလီမှပေါင်စန်းလမ်းပိုင်းအထိ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းနှင့် တံတားတည်ဆောက်ရေး စီမံကိန်းများအပါအဝင် ရထားလမ်းခင်းခြင်းအလုံးစုံ ပြီးစီးပြီ ဖြစ်ကြောင်း တရုတ်သံရုံးကထုတ်ပြန်သည်။ ထိုရထားလမ်းမှာ ယခုနှစ်တွင်စတင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။ တာလီ-ရွှေလီရထားလမ်းသည် စုစုပေါင်း ၃၃၀ ကီလိုမီတာရှည်ပြီး တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီဟူ၍ အပိုင်းလိုက် တည်ဆောက်ခြင်းဖြစ်ပြီး ယခုအကြိမ် ရထားလမ်းခင်းမှုသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာ ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာစဥ်းစားချက်တခုဖြစ်သည့် ယူနန်ပြည်နယ်ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရေး အတွက်အရေးပါသည့် အစိတ်အပိုင်းဖြစ်သည်။ ထိုရထားလမ်းသည် မြန်မာနိုင်ငံတွင် တရုတ်က ရပ်ဝန်းလမ်းကြောင်းအစီအမံအောက်တွင် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေးရထားလမ်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းတို့နှင့်ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။
- ၂၀၂၂၊ မေ ၉ – အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာ့အရေးကို ကြားဝင်ဖျန်ဖြေဖို့ ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ချီးမွမ်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်း (Wang Wenbin) က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံရာတွင် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်ထည်ဖော်ရန်၊ ကမ္ဘောဒီးယား၏ မူဝါဒကို အားပေးထောက်ခံကြောင်း၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်ရန် အစုအဖွဲ့အားလုံး၏ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန် ပါဝင်ပတ်သက်သူများအား တိုက်တွန်းပြောဆိုကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ မေ ၉ – မတ်လတွင် တရုတ်-မြန်မာနယ်စပ်ရှိ အဓိက ပို့ကုန်သွင်းကုန် နယ်စပ်ဂိတ်ဖြစ်သည့် ရွှေလီမှ လဲ့ယွင် နှင့် လားမန်း လမ်းကြောင်းနှစ်ခု ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်စည်ပို့ဆောင်မှု ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း မင်္ဂလာသတင်းတွင် ဖော်ပြထားသည်။ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ချိန်ကစပြီး မတ် ၁၃ ရက်မှ ဧပြီ ၂၉ ရက်အထိ ကုန်တင်အလေးချိန် တန် ၁၆,၀၀၀ နီးပါး ဖြတ်သန်းခဲ့ကြောင်းရေးသားထားသည်။
- ၂၀၂၂၊ မေ ၇ – တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ရှင်းရှားအကာက်ခွန်သည် Sunward Intelligent Equipment Co., Ltdမှ မြန်မာနိုင်ငံသို့တင်ပို့သော တူးဖော်ရေးစက် ခုနှစ်လုံးအတွက် တရုတ်ဦးဆောင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အသိမှတ်ပြုလက်မှတ် ပထမဆုံးအကြိမ် ထုတ်ပေးခဲ့ကြောင်း Mingala News၏ ဖော်ပြချက်အရ သိရသည်။ RCEP အောက်တွင် တရုတ်နှင့်မြန်မာကြား တင်သွင်းတင်ပို့နေသည့်ကုန်ပစ္စည်းများအတွက် အခွန်သက်သာခွင့်များ သတ်မှတ်ထားသည်။ သဘောတူညီထားသည့် ရှင်းရှားအကောက်ခွန်၏အဆိုအရ ၂၀၂၁ ခုနှစ်တွင် ဟူနန်ပြည်နယ်နှင့်မြန်မာအကြား သွင်းကုန်ကုန်သွယ်မှုပမာဏ ယွမ် ၂ ဘီလီယံ ရှိပြီး ယခုနှစ်ပထမသုံးလပတ်တွင် ယွမ် ၄၉၇ သန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ ဟူနန်ပြည်နယ်၏ အဓိက တင်ပို့သည့် ကုန်စည်များမှာ ဂဟေပိုက်များ၊ တူးဖော်ရေးစက်များ၊ ကြွေပန်းကန်ခွက်ယောက်များ၊ ဖိနပ်နှင့် ဦးထုပ်များ စသည်တို့ဖြစ်ကြောင်း သိရသည်။
- ၂၀၂၂၊ မေ ၆ – တရုတ်-မြန်မာပူးပေါင်းထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို နေပြည်တော်စသည့် ဒေသဆေးရုံများတွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် တရုတ်အမျိုးသား ဆေးဝါးထုတ်လုပ်ရေး အဖွဲ့အစည်း (China National Pharmaceutical Group Corp – CNPGC) မှ ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် အရည်အသွေး စစ်ဆေးမှုနည်းပညာပိုင်း ဆိုင်ရာလမ်းညွှန်ခဲ့ကြောင်း ရေးသားထားသည်။ တရုတ်၏ အကူအညီဖြင့် မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင် မထုပ်ပိုးရသေးသော ကာကွယ်ဆေးအရည် ပူးပေါင်းထုပ်ပိုးသည့်စက်ရုံကို ပထမဦးဆုံး စတင်လည်ပတ်နိုင်ခဲ့ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင်ထည့်သွင်းထုတ်ပြန်ထားသည်။
- ၂၀၂၂၊ မေ ၅ – မြန်မာ့ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့ရာတွင် ရောဂါပိုးမွှားကင်းရှင်းကြောင်း အသိအမှတ်ပြုလွှာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား ငှက်ပျောသီးတင်ပို့ရန် တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သောကြောင့် ထိုသို့အသိမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကချင်ပြည်နယ်ရှိ တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအပါအဝင် ငှက်ပျောစိုက်ပျိုးသူများ လိုက်နာရမည့် အချက်အလက်များ၊ အသီးခူးရမည့်ကာလနှင့် ဒေသအပါအဝင် ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်းအတွက် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ စနစ်တကျသုံးစွဲခြင်းနှင့် ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) ဆိုင်ရာ စံချိန်စံနှုန်းများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက ညွှန်ကြားထားကြောင်းသိရသည်။
- ၂၀၂၂၊ မေ ၅ – စစ်ကောင်စီ၏ စီးပွားရေးဦးပိုင်လီမိတက်နှင့် အကျိူးတူဖက်စပ်လုပ်ကိုင်နေမှုကြောင့် ဒေသတွင်းတော်လှန်ရေး အဖွဲ့အစည်းများ၏ လက်ပံတောင်းကြေးနီစီမံကိန်းဆက်မလုပ်ရန် သတိပေးထုတ်ပြန်မှုများအပေါ် လွန်စွာစိုးရိမ်ပူပန်နေသည်ဟု တရုတ် ကြေးနီစီမံကိန်းကုမ္ပဏီများက ကြေညာချက်ထုတ်ပြန်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီများ၏ ဒုတိယအထွေထွေမန်နေဂျာ Dong Shiyong လက်မှတ်ထိုးထားသော ယင်းကြေညာချက်တွင် စီမံကိန်းဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ကန်ထရိုက်တာများနှင့် ပတ်ဝန်းကျင်လူ့အသိုက်အဝန်း ဘေးကင်းလုံခြုံရေးအတွက် လက်ရှိ အခြေအနေအပေါ် ဂရုတစိုက် လေ့လာစောင့်ကြည့်နေကြောင်းလည်း ရေးထားသည်။ “မကြာသေးမီက မိမိတို့စီမံကိန်းနှင့် ပတ်သက်သည့် ကောလာဟလများ၊ မှားယွင်းသောယူဆချက်များ၊ အခြေအမြစ်မရှိသော စွပ်စွဲချက်အများအပြားရှိခဲ့ပြီး မိမိတို့၏ ဝန်ထမ်းအချို့နှင့် မိသားစုကို ခြိမ်းခြောက်မှုများရှိသည့် အခြေအနေကို မိမိတို့ လွန်စွာစိုးရိမ်ပူပန်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တည်ရှိနေခြင်းကြောင့် ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပြီး စီမံကိန်းရပ်တန့်ထားစဉ်မှာလည်း ဝန်ထမ်းများအား ဆက်လက် ထောက်ပံ့ပေးခဲ့သည့်အပြင် ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ငွေကြေးမြောက်မြားစွာ ရင်းနှီးသုံးစွဲထားသည်ဟု ဆိုသည်။ ထို့ပြင် စီမံကိန်းတွင် အရေးပါသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဝန်ထမ်းအဖွဲ့တဖွဲ့ကိုသာ သတ္တုတွင်းလုပ်ငန်းခွင်အတွင်း ဆန္ဒအလျှောက်လုပ်ကိုင်စေပြီး ကျန်းမာရေးအကာအကွယ်ပေးသည့် အထူးသဖြင့် မိုးရာသီတွင် စီမံကိန်းမှ ဓာတုပစ္စည်းနေရာများနှင့် ရေကန်များ လျှံထွက်မသွားစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်းကိုလည်းထည့်သွင်းရေးသားထားသည်ဟုဆိုသည်။
- ၂၀၂၂၊ မေ ၄ – စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ စစ်ကောင်စီပိုင် ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများအတွက် လုံခြုံရေးယူပေးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စစ်ကားတစီး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ ယခုတိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ပတောင်းတောင်ကြေးနီစီမံကိန်းအား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရမှုဖြစ်သည်။
- ၂၀၂၂၊ မေ ၄ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆိုလာပါဝါစီမံကိန်းများကို လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သော စီမံကိန်း ၂၉ ခုအနက် လုပ်ငန်းဆက်လက်အကောင်အထည်ရန် ကြန့်ကြာနေသည့် စီမံကိန်း ၂၆ ခုကို စစ်ကောင်စီက တင်ဒါဖျက်သိမ်းပြီး ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ NLD အစိုးရလက်ထက်တွင် တင်ဒါအောင်မြင်ခဲ့သော တရုတ်ကုမ္ပဏီအများစုသည် စစ်ကောင်စီလက်ထက်တွင် စီမံကိန်း သုံးခုကိုသာ အကောင်အထည် ဖော်လျက်ရှိပြီး ကျန်စီမံကိန်း ၂၆ ခုကို ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိပေ။ စစ်ကောင်စီအမည်ပျက်စာရင်းဝင်ကုမ္ပဏီ ကိုးခုအနက် Sungrow Power Supply ကုမ္ပဏီသည် ဆိုလာပါဝါစီမံကိန်း ၁၂ ခုဖြင့် အများဆုံး တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း၊ စီမံကိန်းတစ်ခုစီ၌ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုပမာဏရှိပြီး ယခုနှစ် နွေရာသီအတွက် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်ကြောင်း သိရသည်။
- ၂၀၂၂၊ မေ ၂ – မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ မှတဆင့် ဘုန်းတော်ကြီးကျောင်း ၄၉ ကျောင်း၊ ဘိုးဘွားရိပ်သာ ၁၂ ခု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ နှာခေါင်းစည်း ၃၆၀,၀၀၀ ခု စသည့် ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ကြောင်း သိရသည်။ မြန်မာပြည်သူများ ကပ်ရောဂါအတွက် ကိုယ်ခံအားအတားအဆီး မြှင့်တင်ပေးကာ ကပ်ရောဂါကာကွယ်ရေး ရလဒ်ခိုင်မာစေရန် ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တရုတ်သံရုံးက ဖော်ပြသည်။
- ၂၀၂၂၊ မေ ၂ – စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီတို့ လုပ်ကိုင်နေသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ပြန်လည်စတင်ရန် ခွင့်မပြုကြောင်း Salingyi People’s Force နှင့် အခြားသော ဒေသခံမဟာမိတ်တပ်ဖွဲ့များက ထပ်မံကြေညာခဲ့သည်။ ကြေးနီစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ရောက်ကြရန်နှင့် စီမံကိန်းပတ်ဝန်းကျင်ရှိ စျေးဆိုင်ခန်းများအားလုံး မဖွင့်ကြရန် သတိပေးခြင်း ဖြစ်သည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ကျေးရွာ ၂၆ ရွာရှိ မြေယာများကို သိမ်းဆည်းကာ နှစ် ၆၀ စီမံကိန်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်တွင်လည်း ဆားလင်းကြီး – ယင်းမာပင်မြို့နယ်များ ဝန်းကျင်ရှိ တရုတ်ကြေးနီစီမံကိန်းများကို ရပ်ဆိုင်းရန်နှင့် ဝန်ထမ်းများ မေ ၅ ရက် နောက်ဆုံးထား CDM ဝင်ရောက်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က သဘောထားထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သေးသည်။
- ၂၀၂၂၊ မေ ၁ – မြန်မာနိုင်ငံသည် ဘက်စုံလွှမ်းခြုံမှုရှိသော ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) အစီအစဥ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင် အသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ အဆိုပါအစီအစဥ်သည် တရုတ်အစိုးရ၏ ဦးဆောင်မှုဖြင့်အဓိက အကောင်အထည်ဖော်နေသည့် ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု တခုဖြစ်သည်။ အဆိုပါစာချုပ်အသက်ဝင်ခြင်းကြောင့် တရုတ်နှင့်မြန်မာကြားကုန်သွယ်မှု တွင် ကုန်စည် အမျိုးအစား ၅,၀၀၀ ကျော် အကောက်ခွန်သက်သာခွင့်ရမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များ၏ ၆၇ ဒသမ ၉ ရာခိုင်နှုန်းကို အကောက်ခွန်မဲ့ စည်းကြပ်ခွန်အဖြစ် ခွင့်ပြုပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ၂၂ ဒသမ ၆ ရာခိုင်နှုန်းကို ၁၀ နှစ်မှ နှစ် ၂၀ အတွင်း အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျော့ချသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုစာချုပ်တွင် မြန်မာနိုင်ငံ သာမက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဘရုနိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ တရုတ်၊ ဂျပန်၊ သြစတေးလျ၊ နယူးဇီလန် စသည့် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ကြသည်။
- ၂၀၂၂၊ မေ ၁ – တရုတ်သံအမတ် ချန်းဟိုင်သည် တရုတ်အစိုးရ၏ အစီအစဥ်ဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းများမှ တရုတ်ဝန်ထမ်းများကိုအပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် အားပေးစကားပြောကြားခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အကူအညီပေးနေသည့် စီမံကိန်းများတွင် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန၊ ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန၊ မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေးစီမံကိန်းနှင့် မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) စသည်တို့ ပါဝင်ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံတွင် တရုတ်အစိုးရက အကူအညီပေးနေသည့် စီမံကိန်းများသည် ပေါက်ဖော်ဆက်ဆံရေး အားကောင်းစေရန်အတွက် အရေးပါသလို ကိုဗစ်ကာလတွင်းမှာပင် မရပ်တန့်ဘဲ ဆက်လက်အကောင်အထည် ဖော်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ တာဝန်ယူမှု တာဝန်ခံမှုကို ပြသနေကြောင်း တရုတ်သံရုံးက ထည့်သွင်းထုတ်ပြန်ထားသည်။
- ၂၀၂၂၊ မေ ၁ – ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် နယ်စပ်ခြံစည်းရိုးကို တရုတ်က အခိုင်အမာ တည်ဆောက်ထားသည့်အတွက် ကြံများကို ကရိန်းဖြင့်ကျော်ပြီး တင်ပို့နေရကြောင်း သတင်းဌာနများကဖော်ပြခဲ့သည်။ တရုတ်ဘက်က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မုံးကိုးဒေသတလျှောက် နယ်စပ်ခြံစည်းရိုး တည်ဆောက်ထားသည့်အပြင် ကျင်စန်းကျော့ဂိတ်ကိုလည်း ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး ရပ်ဆိုင်းထားသည်။ ကျင်စန်းကျော့ဂိတ် ပိတ်ထားခြင်းကြောင့် မူဆယ် (၁၀၅) မိုင်၊ ပန်ဆိုင်းနှင့် မုံးကိုးမှ ကြံတင်ကား အစီးရေနှစ်ရာကျော် မုံးကိုးမြို့ပေါ်တွင် သောင်တင်နေသည်။ ထို့ကြောင့်ကုန်သည်များအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး တိုက်ပွဲဖြစ်ပွားသည့် ဒေသများနှင့် အနီးတဝိုက်တွင် စစ်ကောင်စီဘက်က ကြံခုတ်ခွင့် မပေးခြင်း၊ ကရိန်းဖြင့် တင်ပို့ရသောကြောင့် အချိန်ကြန့်ကြာခြင်း၊ အချိန်လွန်မှ တင်ပို့ရသည့်အတွက် ဈေးကောင်းမရခြင်းများ ဖြစ်ပေါ်နေသည်။ ကြံကုန်သည်များက ကျင်စန်းကျော့ဂိတ်မှ ပြန်လည်တင်ပို့နိုင်ရန် တောင်းဆိုနေကြပြီး မုံးကိုးနှင့် တရုတ်ကြားရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုနေကြကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၃၀ – တရုတ်၏မဟာဗျူဟာကျ အစီအမံတခုဖြစ်သည့် “တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး ယူနန်ပြည်နယ် လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့နယ်မှကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ချိတ်ဆက်ရန် စီစဥ်ထားသည့် နယ်စပ်ဖြတ်ကျော် ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တရုတ်မီဒီယာများ တွင် ဖော်ပြခဲ့သည်။ တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်းမှာ ဧရာ၀တီမြစ်ကြောင်းတလျောက် ဗန်းမော်မြို့ဆိပ်ကမ်းမှ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကို ဖြတ်သန်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အက်ဒမန်ပင်လယ်ပြင်၊ ထို့မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ချိတ်ဆက်မည့်တရုတ်၏ အစီအမံတခုဖြစ်သည်။ ဗန်းမော်-ကျန်းဖုန်း ကားလမ်းပေါ်ရှိ လွယ်ဂျယ်-လိုင်းရင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ခြောက်လကြာ ပိတ်ထားခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
- ၂၀၂၂၊ ဧပြီ ၂၉ – တရုတ်အစိုးရ၏ မြန်မာနိုင်ငံအား ကိုဗစ်ကာကွယ်ဆေး ၁၀ သန်းထပ်မံ ပံ့ပိုးမည့် အစီအစဥ်ကို တရုတ်သံရုံးက ကြေညာခဲ့သည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးနိုင်ရန် အဆိုပါကာကွယ်ဆေး၏ ပထမအသုတ်ကို မေလအတွင်းတွင် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်ကစ၍ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးပေါင်း ၁၁ ဒသမ ၁ သန်းအခမဲ့ ပံ့ပိုး ကူညီပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအား တရုတ်ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀ ကျော် စျေးသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၂၈ – မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး စစ်ကောင်စီသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သံတမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်ထားပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားအပါအဝင် လိုအပ်သည့် မြေဩဇာများကို တရုတ်နိုင်ငံမှနေ၍ အစိုးရချင်း ချိတ်ဆက်ဝယ်ယူတင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ထားကြောင်းနှင့် တရုတ်ဘက်မှ ခွင့်ပြုချက်မရမီ အချိန်အတွင်း အခြားနိုင်ငံများမှ အချိန်မီဝယ်ယူတင်သွင်းရရှိနိုင်ရေး ဆောင်ရွက်ထားရန်လိုကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးလှမိုးက ပြောကြားသည်။
- ၂၀၂၂၊ ဧပြီ ၂၈ – တရုတ်အစိုးရက မြန်မာပြည်သူများ၏ အသံကို အလေးထားရန် လက်ပံတောင်းဒေသခံများက ဆန္ဒထုတ်ဖော်ကြောင်း မြေလတ်အသံ သတင်းဌာနက ဖော်ပြသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ယမားတံတားပေါ်တွင် လက်ပံတောင်းတောင်ဒေသ လူငယ်များဦးဆောင်ပြီး တရုတ်အစိုးရအား မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားရန်နှင့် ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ခံပံ့ပိုးနေခြင်းကို ရပ်တန်းကရပ်တန့်ပါဟု အဓိပ္ပါယ်ရသည့် “China: Respect Myanmar People’s Voice, Stop Supporting Fascist Criminals” စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။
- ၂၀၂၂၊ ဧပြီ ၂၈ – တရုတ်-မြန်မာ နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ဆွေးနွေးပွဲအား တရုတ်သံအမတ် ချန်းဟိုင်၊ မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာ ဌာနမှူး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီး ဌာနမှူး၊ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ တာဝန်ရှိသူများနှင့် ကူမင်း မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ကြုံတွေ့နေရသော အခက်အခဲများအတွက် ဖြေရှင်းရေးနည်းလမ်းများ ရှာဖွေခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။
- ၂၀၂၂၊ ဧပြီ ၂၇ – မြန်မာပြည်တွင်းဘဏ်တခု ဖြစ်သော CB Bank သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်-ကျပ် တိုက်ရိုက်ပေးချေအသုံးပြုနိုင်သည့် Foreign Currency Account (Chinese Yuan) ယွမ်ငွေအကောင့် ဖွင့်လှစ်နိုင်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၁ ခုနစ် ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားသည့် ကုန်ပစ္စည်း ၃၈ မျိုးကို မူဆယ်နယ်စပ်ဂိတ်တွင် ယွမ်-ကျပ် တိုက်ရိုက်ပေးချေကာ ကုန်သွယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေကာ ဆောင်ရွက်နိုင်သည့် ဘဏ်များတွင် မြန်မာ့စီးပွားရေးဘဏ်၊ ဟောင်ကောင်အခြေစိုက် Bank of China – Hong Kong နှင့် Industrial and Commercial Bank of China (ICBC) တို့ ပါဝင်ကြသည်။ အဆိုပါ ယွမ်ငွေအကောင့်ဖြင့် တရုတ်နိုင်ငံရှိ မည်သည့်ဘဏ်ကိုမဆို ယွမ်ငွေ တိုက်ရိုက်လွှဲပြောင်းနိုင်ပြီး ဝင်ရောက်လာသည့် ယွမ်ငွေများကိုလည်း ကျပ်ငွေအကောင့်သို့ ပြန်လည်လွှဲပြောင်းနိုင်ကြောင်း သိရသည်။
- ၂၀၂၂၊ ဧပြီ ၂၇ – မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် မန္တလေးသပိတ်အင်အားစုက တရုတ်နိုင်ငံအလံကို မီးရှို့၍ ဆန္ဒပြခဲ့ကြကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ မီးရှို့ဆန္ဒပြရာတွင် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒကို အလေးထားသည့်အနေဖြင့် စစ်ကောင်စီအား ထောက်ပံ့ပေးနေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ တရုတ်ပြည်ခရီးစဥ် နောက်ပိုင်းတွင် နွေဦးတော်လှန်ရေး အင်အားစုများ၏ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ စစ်ကောင်စီအား တရုတ်က ထောက်ခံပေးနေသည်ဟူသော အယူအဆသည် အဆိုပါခရီးစဥ်နောက်ပိုင်းတွင် ပိုမိုအားကောင်းလာပြီး တရုတ်အလံမီးရှို့ဆန္ဒပြခြင်း၊ အိတ်ဖွင့်ပေးစာပေးပို့ခြင်း တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တရုတ်စီမံကိန်းများ ရပ်ဆိုင်းထားရန် ထုတ်ပြန်ချက်များပါ ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။
- ၂၀၂၂၊ ဧပြီ ၂၆ – တရုတ်နယ်စပ်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာမှ မြန်မာကျပ်သို့ တရက်အတွင်း လဲလှယ်ရန် ညွှန်ကြားချက်မှ ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်တွင် စစ်ကောင်စီက နိုင်ငံခြားသုံးငွေဖြင့် ရရှိလာသော ဝင်ငွေများကို ရောက်ရှိပြီး တရက်အတွင်း နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် မြန်မာကျပ်ငွေသို့ လဲလှယ်ရောင်းချရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
- ၂၀၂၂၊ ဧပြီ ၂၅ – တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် စစ်ကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အောင်နိုင်ဦးက နိုင်ငံတကာသတင်းမီဒီယာများနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရုတ်ကုမ္ပဏီအချို့၏ စက်ရုံများကို မီးရှို့ဖျက်ဆီးမှု ကြုံတွေ့ခဲ့ရပြီးနောက် အလားတူဖြစ်ရပ်များ မဖြစ်ပေါ်စေရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏သတင်းစာက ရေးထားသည်။ ထို့ပြင် တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် အကောင်းမမြင်စေရန်နှင့် မှားယွင်းအပြစ်တင်စေရန်အတွက် အနောက်နိုင်ငံများက သွေးထိုးပေးနေပြီး ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများအကြား အထင်အမြင်မမှားစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်းလည်း ဆိုသည်။
- ၂၀၂၂၊ ဧပြီ ၂၅ – တက်ဟုန်းပြည်နယ်ခွဲနှင့် စစ်ကောင်စီ မူဆယ်ခရိုင်တာဝန်ရှိသူများအကြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ဆက်လက်အသုံးပြုခြင်း၊ နယ်စပ်ဖြတ်ကျော် အရေးပေါ်အခြေအနေများကို ပူးတွဲကိုင်တွယ် ဖြေရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းအတွက် ထိရောက်သော အစီအမံများကို လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် မူဝါဒကို လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အွန်းလိုင်းမှ ထုတ်ဝေခြင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းစသည့် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း ရေးထားသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွင် နယ်စပ်ဖြတ်ကျော် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိရောက်အားကောင်းစေရန်အတွက် ပုံမှန်အစည်းအဝေးကျင်းပခြင်းနှင့် အရေးပေါ်ကိစ္စရပ်များအတွက် ဆွေးနွေးဖလှယ်ရေးယန္တရားကို ထူထောင် ခဲ့ကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၂၅ – မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်များ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ ၅၅၈ ခုတို့က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင် တောင်းဆိုချက် ခုနစ်ချက် ပါဝင်ခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ တရုတ်ပြည်ခရီးစဥ်အား စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသည့် လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ကန့်ကွက်ခဲ့ကြသည်။ တရုတ်အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်မှတ်ထားနိုင်သောကြောင့် တရုတ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်ကို စိုးရိမ်ကြောင်း၊ ရပ်ဝန်းလမ်းကြောင်း အစီအမံ (BRI) အား တရားဝင်အစိုးရ ပြန်လည်တင်မြောက်နိုင်ရန်အတွက် အထောက်အကူ ပြုနိုင်သည့် အစီအစဥ်အဖြစ် ကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူလူထု၏ ဆုံးဖြတ်ချက်ကို လေးစားပြီး စစ်ကောင်စီအား ထောက်ပံ့နေခြင်းကို အမြန်ဆုံးရပ်တန့်ရန် စသည့် တောင်းဆိုချက်များ ပါဝင်ကြောင်း သိရသည်။
- ၂၀၂၂၊ ဧပြီ ၂၂ – နိုင်ငံဖြတ်ကျော် ယူနန် e-commerce ဖြင့် ပို့ဆောင်သော ကုန်စည်များသည် ချင်းရွှေဟော်နယ်စပ်ဂိတ် မှတဆင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ ယူနန် Teng Kun စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးပစ္စည်းများသည် ယူနန်ပြည်နယ် လင်ချမ်းမြို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ထွက်ခွာပြီး မြန်မာနိုင်ငံသို့ ၉၈၁၀ e-commerce ပုံစံဖြင့် ပို့ဆောင်ခဲ့ကြောင်း ရေးထားသည်။ ၉၈၁၀ ပုံစံဖြင့် နိုင်ငံဖြတ်ကျော် e-commerce ဆောင်ရွက်လျှင် ရောင်းချသူက ကုန်ပစ္စည်းရောင်းဝယ်ရေးအခြေအနေအလိုက် အချိန်နှင့်အမျှ ကုန်စည်များ ဖြည့်သွင်းနိုင်ပြီး ကုန်စည်ရောင်းချပြီးနောက် နိုင်ငံခြားငွေလဲလှယ်ရှင်းလင်းခြင်းကို ဆောင်ရွက်နိုင်ကြောင်းနှင့် သာမန်နိုင်ငံဖြတ်ကျော် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းနှင့် နှိုင်းစာလျှင် e-commerce သည်ဝယ်ယူသူနှင့် ရောင်းချသူ နှစ်ဖက်လုံးအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း ပါရှိသည်။ လက်ရှိတွင် လင်ချမ်း-ချင်းရွှေဟော်နယ်စပ်ဂိတ်အနေဖြင့် ကုမ္ပဏီမှ တရုတ်ပြည်ပြင်ပပုဂ္ဂိုလ်များဆီသို့ (B2C) ပို့ကုန်တင်ပို့ရောင်းချသော ၉၆၁၀၊ နိုင်ငံဖြတ်ကျော် B2B တိုက်ရိုက်ပို့ကုန် တင်ပို့သော ၉၇၁၀ နှင့် ၉၈၁၀ စသည့်နိုင်ငံဖြတ်ကျော် e-commerce အကောက်ခွန်ရှင်းလင်းခြင်းပုံစံ သုံးမျိုးရှိပြီး လင်ချမ်းမြို့ နန်စန်နယ်စပ်ဂိတ်တွင်လည်း ၉၈၁၀ ပို့ကုန်ပုံစံ အကောက်ခွန်ရှင်းလင်းခြင်းကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ရေးထားသည်။
- ၂၀၂၂၊ ဧပြီ ၂၁ – တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ပိုမိုဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးတို့ ပူးတွဲ၍ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင် စွမ်းအင်စီမံကိန်းသည်မှ ရရှိမည့်ဓာတ်အားကို ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်းကိုလည်း နိုင်ငံဓာတ်အားလိုင်းမှ တဆင့်ဖြန့်ဝေပေးသွားမည်ဟုထည့်သွင်း ရေးသားထားသည်။ လက်ရှိအချိန်တွင် တည်ဆောက်ရေးနှင့် ဒီဇိုင်း ရေးဆွဲခြင်း ကနဦးစတင်နေပြီဖြစ်သည်။ ထို့အပြင် မီးလင်းချိုင်စီမံကိန်းကို အထူးဦးစားပေး စွမ်းအင်စီမံကိန်းအဖြစ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ကနဦးအကောင်အထည် ဖော်မည့်စာရင်းတွင် ထည့်သွင်းရန် စစ်ကောင်စီမှ အဆိုပြုထားကြောင်း ထည့်သွင်းရေးသားထားသည်။ မီးလင်းချိုင်စီမံကိန်းသည် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများ၌ ဗြိတိသျှဗားဂျင်းကျွန်းစုတွင် စာရင်းသွင်းထားသော်လည်း ယခုထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီကိုယ်တိုင်က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ထို့အပြင် တရုတ်ကုမ္ပဏီများက တည်ဆောက်ခဲ့သည့် တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၂၀ ဝယ်ယူရန် ညှိနှိုင်း နေကြောင်းဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၂၁ – ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်များတဝိုက်ရှိ တရုတ်ကြေးနီစီမံကိန်းများ အားလုံးကို ရပ်ဆိုင်းရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က ပူးပေါင်းပြီး သဘောထားထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။ ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းအနေဖြင့် မေ ၅ ရက် နောက်ဆုံးထား CDM ဝင်ရောက်ရန်နှင့် ကြေးနီစီမံကိန်းများအား ရပ်ဆိုင်းထားရန်၊ မရပ်ဆိုင်းပါက ဖယ်ရှားတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။ အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်း၌ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ တရုတ်ပြည်ခရီးစဥ်နောက်ပိုင်း စစ်ကောင်စီအပေါ် တရုတ်နိုင်ငံက ထောက်ခံပေးနေသည်ဆိုသော သုံးသပ်ချက်များ ကျယ်ပြန့်လာပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
- ၂၀၂၂၊ ဧပြီ ၁၉ – တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် ရထားလမ်းကြောင်းများချိတ်ဆက်ရန်အရေးပါမည့် တာလီ-ရွှေလီရထားလမ်းပိုင်းအတွင်း ပေါင်စန်းလိုဏ်ခေါင်း ဖောက်လုပ်ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြခဲ့သည်။ တာလီ-ရွှေလီရထားလမ်းတွင် လိုဏ်ခေါင်း ၄၄ ခု တည်ရှိပြီး ဖောက်လုပ်ရန် ကျန်ရှိနေသည်မှာ နှစ်ခုသာ ရှိတော့သည်ဟု ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်လည်း တာလီ-ရွှေလီရထားလမ်းပိုင်းရှိ တာလီ-ပေါင်စန်းလမ်းပိုင်းအား အပြီးသတ်ဖောက်လုပ်နိုင်ခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာစဥ်းစားချက်တခုဖြစ်သည့် ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်ရေးအတွက် အရေးပါသော အစိတ်အပိုင်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေး ရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းတို့မှတဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
- ၂၀၂၂၊ ဧပြီ ၁၈ – တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Peace and Development) သည် မြန်မာ-တရုတ်ဆက်ဆံရေးဗဟိုအသင်းနှင့် ပူးပေါင်းကာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနသို့ Computer နှင့် Colour Printer (၃၅) စုံ လှုဒါန်းပေးအပ်ခဲ့ကြောင်း ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းက ဖော်ပြထားသည်။ အဆိုပါ ပစ္စည်းများအား ပြည်သူ့စာကြည့်တိုက်များအား ပေးပို့သွားမည်ဟုလည်း သိရသည်။ အဆိုပါလှုဒါန်းပွဲကို စစ်ကောင်စီပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းလည်း တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာ-တရုတ်ဆက်ဆံရေးဗဟိုအသင်းမှ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းကို ထုတ်ဝေဖြန့်ချိနေခြင်း ဖြစ်သည်။
- ၂၀၂၂၊ ဧပြီ ၁၈ – တရုတ်ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတခုအား ရွှေကျင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ၎င်းစီမံကိန်းသည် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် Power China က ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ပြီး ၄၀ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သည့်အနက် ၂၀၂၁ ခုနှစ် မတ်လတွင် ဝင်ရောက်ခဲ့သည့် မီးလင်းချိုင်စွမ်းအင် စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ကြေးဖြင့် အများဆုံး ဖြစ်ခဲ့သည်။
- ၂၀၂၂၊ ဧပြီ ၁၆ – တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် ဂိတ်တခုဖြစ်သော ဝမ်တိန်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပြီး ချိန်မှစ၍ ဧပြီ ၁၆ရက်နေ့အထိ ပို့ကုန် သွင်းကုန် ပစ္စည်းတန်ဖိုး ယွမ်ငွေအားဖြင့် ၁ ဒသမ ၈ ဘီလီယံကျော်ကုန်သွယ်ခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ ၂၀၂၁ ခုနှစ်တွင်း ကိုဗစ်ကပ်ရောဂါများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ပြီးနောက် ဝမ်တိန်နယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ စ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်တိန်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ယခုအထိ ကုန်စည်ပို့ဆောင်မှုပေါင်း တန်ချိန် ၂၈,၀၀၀ ကျော်နှင့် အဝင်အထွက် မော်တော်ယာဥ် စုစုပေါင်း ၁၁,၀၀၀ ကျော် အထိ ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၁၁ – ကူမင်းမြို့ရှိ “ပစိဖိတ်-အာရှ အဝေးပြေးလမ်းမကြီး ငါးခု”ကို မြန်နှုန်း အဆင့်မြှင့်တင်ခြင်း အောင်မြင်ခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ G320 (ဟူရွေ)၊ G56 (ဟန်ရွေ)၊ G8511 (ကူးမို)၊ G213 (လန်မို)၊ G326 (ရှုဟယ်) ဟူသော အဝေးပြေးလမ်းမကြီး ငါးခုသည် ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ကို ဆက်သွယ်ထားကာ ကူမင်းမှတဆင့် ရောက်ရှိနိုင်သည်။ ကူမင်းမြို့သည် Jinhong၊ Huangma၊ Chengcheng နှင့် Southeast Ring ကဲ့သို့သော အမြန်လမ်းများကို ဆက်တိုက်တည်ဆောက်ခဲ့ပြီး လာအိုနှင့် ဗီယက်နမ်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းများပိုမို များပြားလာသည်ဟု ရေးထားသည်။ ကူမင်းမြို့သည် နောက်ပိုင်းတွင် ကျင်းရိအဝေးပြေးလမ်း ပဏာမလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ပြီး ကျောက်ဖြူဆိပ်ကမ်းကို ဆက်သွယ်ကာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့၏ နိုင်ငံတကာ ရေလမ်းကြောင်းကို ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၁၁ – ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ MACCS (Myanmar Automated Cargo Clearance System – မြန်မာကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ်) အား စတင်အသုံးပြုခဲ့ပြီး နေ့စဥ်ကုန်စည်တင်ပို့မှပမာဏမှာ တန်ချိန် ၂,၀၀၀ကျော်ရှိကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ ယခုနှစ်စမှ ဧပြီ လအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ကြံတန်ချိန်ပေါင်း ၁၁၃,၀၀၀ အထိ ရှိခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံသို့ ကြံတင်ပို့နိုင်ရေးအတွက် နေ့စဥ် တာဝန်ချိန် နှစ်ကြိမ်ဖြင့် ရဲအင်အား ၃၀ ကျော် အသုံးပြုကာ စစ်ဆေးဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၇ – တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါအစည်းအဝေးတွင် ကနဦး စတင်အကောင်ထည်ဖော်နေသည့် အထည်ဖော်မည့် စီးပွားရေးစင်္ကြံ စီမံကိန်းများ စာရင်း တွင်ပါဝင်သည့် (Early Harvest List of China- Myanmar Economic Corridor) ကားလမ်းမကြီးများ၊ ရထားလမ်း၊ ဆိပ်ကမ်းစီမံကိန်းနှင့် တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ ရေကြောင်းပညာရေး လေ့ကျင့်ရေးနှင့် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာပင်လယ်-ကုန်းကြောင်း-ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ်၊ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၇ – တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခြောက်နှစ်ပြည့် အခမ်းအနားကို ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း Mingala News သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်လည်း တက်ရောက်ခဲ့ကြောင်း သိရသော်လည်း စစ်ကောင်စီ၏ သတင်းဖော်ပြချက်များတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်အစိုးရ၏ မဲခေါင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး မြင့်တင်နိုင်ရန်အတွက် အလေးထားလုပ်ဆောင်နေခြင်း ဖြစ်သည်။
- ၂၀၂၂၊ ဧပြီ ၅ – (၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို ဂျကာတာတွင် ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ အစည်းအဝေးတွင် အာဆီယံဆိုင်ရာ တရုတ်သံအမတ် တန်းရှိကျွင့်က ယမန်နှစ်က တရုတ်နှင့် အာဆီယံတို့အကြား တွေ့ဆုံဆွေးနွေးဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြောင်းနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင်း အအောင်မြင်ဆုံးနှင့် အတက်ကြွဆုံး ပူးပေါင်းဆောင်ရွက်မှု စံနမူနာတစ်ခု ဖြစ်လာခဲ့ကြောင်း ရေးထားသည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် အမြဲရှိနေမည်ဖြစ်ပြီး တရုတ်-အာဆီယံ အသိုက်အဝန်းတည်ဆောက်မှု မြှင့်တင်ရေးအတွက် အာဆီယံနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ အစည်းအဝေးကို မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များလည်း တက်ရောက်ကြပြီး ၎င်းတို့က အာဆီယံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်လာခြင်းအတွက် တရုတ်နိုင်ငံအား နွေးထွေးစွာ ဂုဏ်ပြုကြပြီး အာဆီယံ၏ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်မှစ၍ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာ၌ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၅ – တရုတ်သံရုံး၏ အကူအညီဖြင့် ပြင်ဆင်တည်ဆောက်နေသော ပုဂံရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်း စီမံကိန်း ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြခဲ့သည်။ အဆိုပါချူအင်လိုင်းတန်ဆောင်း ပြင်ဆင်ခြင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံမှ အလုပ်သမားများနှင့် အင်ဂျင်နီယာများက ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်း ပုဂံကို လာရောက်စဥ်က ရွှေစည်းခုံစေတီအတွက် လှူဒါန်းခဲ့သည့် ငွေဖြင့် အဆိုပါတန်ဆောင်းအား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ချူအင်လိုင်းတန်ဆောင်းအပြင် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက်လည်း တရုတ်အစိုးရက ၂၀၁၉ ခုနှစ်တည်းက လုပ်ဆောင်နေကြောင်း သိရသည်။
- ၂၀၂၂၊ ဧပြီ ၅ – စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို တရုတ် သို့လာရောက်ရန်ဖိတ်ကြားခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖော်ပြသည့် အတွက်ကန့်ကွက်သည့်ကြေညာချက်တစောင်ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ခဲ့သည်။ အဆိုပါကြေငြာချက်တွင် တရားမဝင်စစ်ကောင်စီ၏ အဖွဲ့ဝင်များအား တလေးတစား ဖိတ်ကြားခြင်းသည် အာဏာသိမ်းမှုကိုဖီဆန်နေသော လူထုအပေါ် အလေးဂရုမပြုရာ၊ စိတ်ကသိကအောက် ဖြစ်စေသော လုပ်ရပ်တခုဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်နှင့် မည်သို့သော လက်တွဲဆောင်ရွက်မှုဖြစ်စေ တရုတ်ပြည်အစိုးရ၏ ဂုဏ်သတင်းကို ပိုမိုထိခိုက်စေရုံသာရှိမည်ဖြစ်ကြောင်း ရေးသားထားသည်။ ပြည်သူချင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် တရုတ်ပြည်အတွက် အကောင်းဆုံးအလုပ်သင့်ဆုံး နည်းလမ်းမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး အတွက် တိုင်းရင်းသားလူမျိုးစုများအပါအဝင် NUGနှင့် အတူပူးပေါင်းပြီး စစ်တပ်ကို ဖိအားပေးရေးပင် ဖြစ်သည်။ ဤနည်းဖြင့်သာ ခိုင်မာအားကောင်းသော တရုတ်-မြန်မာ အနာဂတ်အကျိုးစီးပွားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ရေးထားသည်။ NUG အနေဖြင့် တရုတ်ပြောကြားသော မြန်မာပြည်တွင်း နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအကူးအပြောင်းပြန်လည်စတင်နိုင်ရန် “အစိုးရနှင့်ဖွံ့ဖြိုးရေး” ဆိုင်ရာ အတွေ့အကြုံ မျှဝေခြင်း ကမ်းလှမ်းချက်ကို ကြိုဆိုသည်။ မြန်မာပြည်သူတို့၏ ဆန္ဒကိုအလေးအနက်ထား၍ မြန်မာပြည်သူတို့၏ အသံကို နားစွင့်ကာ ယခုကဲ့သို့ ထိခိုက်ယိုယွင်းလာသည့် ဆက်ဆံရေးအား “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေး ပုံစံသစ်တရပ်ထူ ထောင်ခြင်းဖြင့် ရှေ့ဆက်သွားရန် အသင့်ရှိနေကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၃ – တရုတ်-မြန်မာ ဘာသာပြန်စာပေ တိုးတက်ဖွံ့ဖြိုးရေးဆွေးနွေးပွဲဖိုရမ် အမည်ဖြင့် တရုတ်သံရုံးက ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်သံရုံး၏ ထောက်ပံ့မှုဖြင့် တရုတ်စာအုပ် ၁၀ အုပ် အား မြန်မာနိုင်ငံတွင် ဘာသာပြန်ဆို ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံတွင် နာမည်ကျော်ဝတ္ထုရှည် “အရှေ့က နေဝန်းထွက်သည့် ပမာ” စာအုပ်အား တရုတ်ဘာသာသို့ ဘာသာပြန်ဆိုသူ ပေကျင်းတက္ကသိုလ်မှ မြန်မာစာပါမောက္ခ Ji Lianfang၊ Jiang Yongren နှင့် Yang Guoyin တို့က အွန်လိုင်းမှ တဆင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဘာသာပြန်ဆိုမှုနည်းလမ်း၊ မူပိုင်ခွင့်ရယူမှု၊ ယဥ်ကျေးမှုကွာခြားချက် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
- ၂၀၂၂၊ ဧပြီ ၂ – တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် သုံးသန်းလှူဒါန်းခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ တရုတ်သံရုံးမှ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် နှစ်သန်းကို မူဆယ်၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် တသန်းကိုလည်း တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးအရေအတွက်မှာ ၄၁ သန်းကျော် ရှိကြောင်း ရေးထားသည်။
- ၂၀၂၂၊ ဧပြီ ၂ – ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) ရထားသည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ချုံချင့်မှထုတ်လုပ်သော မော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ သယ်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းလဲမည်ဖြစ်သည်။ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းကလည်း မဟာဗျူဟာကျသည့် တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)- အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာပင်လယ် ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို ပထမအကြိမ် ပြေးဆွဲခဲ့သေးသည်။
- ၂၀၂၂၊ ဧပြီ ၁ – တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို မန္တလေး၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယခုအကြိမ် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ အနုပညာရှင် ၃၀ ဦးကျော် ပါဝင်တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေတင်ဆက်ခြင်း၊ ဟောပြောခြင်း၊ ရုပ်သေးအက ဒြပ်မဲ့ယဉ်ကျေးမှု လက်ဆင့်ကမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ ရုပ်သေးပညာရပ် အပြန်အလှန်သရုပ်ပြလေ့လာခြင်းနှင့် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံမှ ရုပ်သေးအက တင်ဆက်ကပြခြင်း စသည့်အစီအစဉ်များ ပါဝင်ကြောင်း ရေးထားသည်။
- ၂၀၂၂၊ ဧပြီ ၁ – မူဆယ်နှင့် ချင်းရွှေဟော်တွင် MACCS (Myanmar Automated Cargo Clearance System – မြန်မာကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ်) စနစ်အား အပြည့်အဝ စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးကြေညာသည်။ MACCS စနစ်ကို ရန်ကုန်နှင့် မြဝတီတို့၌ ဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါစနစ်နှင့် ပတ်သက်၍ သင်တန်းပို့ချပေးခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
- ၂၀၂၂၊ ဧပြီ ၁ – မြန်မာသံအမတ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး တို့သည် မြန်မာ-တရုတ် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်သို့ တင်ပို့ရန် အပင်/တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင် သန့်ရှင်းရေး (Sanitary and Phytosanitary-SPS) သဘောတူစာချုပ်များ လဲလှယ်ခဲ့သည်။ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း ၆၅၀ ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်းနှင့် ငှက်ပျောသီး တင်ပို့ရန် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း ရေးထားသည်။
- ၂၀၂၂၊ ဧပြီ ၁ – စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ (အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့ကို သီးခြား)ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမှုအပေါ်မူတည်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံ၊ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးနှင့် နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ဂိတ်တိုးမြှင့် ဖွင့်လှစ်သွားနိုင်မည့် အလားအလာများကို ဆွေးနွေးကြောင်း ဖော်ပြထားသည်။ ထို့နောက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အကောင်အထည်ဖော်မှုအခြေအနေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရေးထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ဝမ်ယိက အခြေအနေများ မည်သို့ပင် ပြောင်းလဲနေစေကာမူ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့နောက် ဝမ်ယိက တရုတ်အနေဖြင့် မြန်မာ့အဖွဲ့အစည်းများကို အုပ်ချုပ်မှုဆိုင်ရာနည်းနာများ မျှဝေပေးရန် အသင့်ရှိနေပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများ ပြန်လည်စတင်ရာတွင် ကူညီရန်လည်း အသင့်ရှိနေကြောင်း ပြောကြားသည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ခရီးစဉ်အတွင်း သဘောတူညီချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်တနိုင်ငံတည်း မူဝါဒကိုသာ အခိုင်အမာထောက်ခံကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။
- ၂၀၂၂၊ မတ် ၃၀ – တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေး၊ နယ်စပ်ဂိတ်များဖွင့်လှစ်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရေး၊ အစားထိုးစိုက်ပျိုးရေးနှင့် တရုတ်နိုင်ငံသို့တင်ပို့ရေး၊ ကုန်သွယ်ရေးနှင့် စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရေးထားသည်။ ထို့အပြင် လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်စွာ တိုးတက်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ မတ် ၂၉ – ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တရုတ်သံအမတ်ချန်းဟိုင်တို့ တရုတ်သံရုံးတွင် တွေ့ဆုံခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်သည်။ တွေ့ဆုံရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်ဖြစ်ပေါ်လာနိုင်မည့် အနာဂတ်နိုင်ငံရေး အလားအလာ အခြေအနေများအပေါ် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရေးထားသည်။ အဆိုပါတွေ့ဆုံမှုကို တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခြင်း မရှိပေ။
- ၂၀၂၂၊ မတ် ၂၈ – ၂၀၂၂ခုနှစ် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးဖိုရမ်ကို ကူမင်းတွင် ကျင်းပကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ ဖိုရမ်တွင် လေးနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားတည်ဆောက်မှုကို မြှင့်တင်နိုင်ရန်၊ ကူးစက်ရောဂါဆိုးကျိုးများကို ကျော်လွှားနိုင်ရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းများနှင့် နည်းလမ်းများကို စူးစမ်းလေ့လာပြီး မြှင့်တင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းတို့သည် လေးနိုင်ငံမှ စီးပွားရေးအသိုင်းအဝိုင်းများနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရေးထားသည်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) သည် အရေးပါသော စင်္ကြံလမ်းတခုဖြစ်သော်လည်း ၂၀၁၉ ခုနှစ်အတွင်းက အိန္ဒိယအနေဖြင့် ရပ်ဝန်းလမ်းကြောင်း (BRI) ဖိုရမ်တက်ရောက်ခဲ့ခြင်း မရှိသောကြောင့် BCIM မှာ ရပ်ဝန်းလမ်းကြောင်း အစီအမံတွင် ပါဝင်ခြင်း မရှိတော့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါ ပြောဆိုချက်များကို တရုတ်က တရားဝင် ငြင်းဆိုထားသည်။
- ၂၀၂၂၊ မတ် ၂၈ – မြန်မာ-တရုတ်ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးအသင်းမှတဆင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၃၃ ကျောင်းသို့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။
- ၂၀၂၂၊ မတ် ၂၈ – ၁၄ နှစ်ကြာ ခက်ခဲကြမ်းတမ်းစွာ ကြိုးပမ်းပြီးနောက် တရုတ်-မြန်မာ နိုင်ငံတကာဆက်သွယ်ရေး လမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်းပိုင်းရှိ စန်းရန်ဥမင်လိုဏ်ခေါင်းကြီးကို ဘေးကင်းစွာဖောက်လုပ်ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ထို့ကြောင့် တာလီ-ရွှေလီရထားလမ်း၏ တာလီမှပေါင်စန်းလမ်းပိုင်းရှိ ဥမင်လိုဏ်ခေါင်း ၂၁ ခုလုံးဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပြီး တာလီမှ ပေါင်စန်းလမ်းပိုင်း ကနဦးလည်ပတ်မှုအတွက် အခြေခံအုတ်မြစ်ချမှတ်ပေးနိုင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါရထားလမ်းမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာစဉ်းစားချက်ဖြစ်သည့် ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာချိတ်ဆက်ရေးအတွက် အရေးပါသောအစိတ်အပိုင်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖောက်လုပ်ရန်စီစဉ်ထားသည့် မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ ရထားလမ်းတို့မှ တဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။
- ၂၀၂၂၊ မတ် ၂၇ – ကိုဗစ်ကပ်ရောဂါကြောင့် မတ် ၂ ရက်မှစ၍ ယာယီပိတ်ခဲ့ရသော ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန်-မန်မိုင် လမ်းကြောင်း)ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ပြည်တွင်းသတင်းမီဒီယာများက မတ် ၁၂ ရက်နေ့တွင် ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်ကြောင်း ရေးသားကြသော်လည်း နောက်ပိုင်းရက်များတွင်မူ အဆိုပါလမ်းပိုင်းတွင် ကုန်တင်ယာဉ်စီးရေ ရာနှင့်ချီပိတ်မိနေဆဲဖြစ်ကြောင်း သတင်းဖော်ပြချက်များ ရှိခဲ့သည်။
- ၂၀၂၂၊ မတ် ၂၅ – မြန်မာ-တရုတ်ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးအသင်းမှတဆင့် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဘုန်ကြီးကျောင်း ၁၆ ကျောင်းသို့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။
- ၂၀၂၂၊ မတ် ၂၅ – အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်မှာ အရေးပါသော ခြေလှမ်းတရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယခုခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်လိုက်နာခဲ့ခြင်းလည်း ဖြစ်ပြီး တရုတ်အနေဖြင့် မြန်မာ့အရေး အာဆီယံကြားဝင်စေ့စပ်ခြင်းကို ထောက်ခံကြောင်း ပြောခဲ့သည်။အာဆီယံအထူးသံတမန် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းသည် မတ်လ ၂၁ရက်မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့သည်။
- ၂၀၂၂၊ မတ် ၂၅ – တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားရခြင်းကြောင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုကုန်ကြမ်းတင်သွင်းသော တရုတ်မြေရှားသတ္တုထုတ်လုပ်ရေး လုပ်ငန်းစုများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် အနည်းဆုံး ၂၅ ရာခိုင်နှုန်းလျော့နည်းကာ ထုတ်လုပ်နေရကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းဌာနက ရေးသားသည်။ တရုတ်သတ္တုကုန်ကြမ်းလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ တင်သွင်းနေရသောကြောင့် ကမ္ဘာ့ဈေးကွက်တွင် သတ္တုကုန်ကြမ်းယာယီပြတ်တောက်မှုများ ဖြစ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
- ၂၀၂၂၊ မတ် ၂၃ – စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်/ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လက်နက်ကြီးကျည် နှစ်လုံး တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း Network Media Groupနှင့် ကချင်ဘာသာဖြင့်ဖော်ပြသောသတင်းဌာနများ က ဖော်ပြသည်။ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်းရေးသားထားသည်။ တရုတ်ဘက်သို့ လက်နက်ကြီးကျည်ကျရောက်ခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
- ၂၀၂၂၊ မတ် ၂၃ – တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်သံအမတ်ချန်းဟိုင်၊ စစ်ကောင်စီအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီဝန်ကြီးများနှင့် စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တက်ရောက်ကြသည်။ အဆိုပါ ကာကွယ်ဆေးရည် RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံသည် Sinopharm အုပ်စုက အာရှ-ပစိဖိတ်ဒေသ၌ ပထမဆုံးတရားဝင် ထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း တရုတ်သံရုံးက ရေးသားသည်။ ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းသို့ ယွမ် ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမည် ဖြစ်ပြီး တရုတ်သံရုံးနှင့် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးထိုးအပ်သုံးသန်း အရေးပေါ်လှူဒါန်းရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ မတ် ၂၂ – တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံသည် ၁၁၅ ကြိမ်မြောက် မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး ကင်းလှည့်အစီအစဉ်လုပ်ဆောင်ခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်ပါသည်။
- ၂၀၂၂၊ မတ် ၂၂ – တရုတ်သံရုံးက အမျိုးသားပြတိုက်များ၊ အမျိုးသားစာကြည့်တိုက်နှင့် ယဉ်ကျေးမှုတက္ကသိုလ်များသို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် လှူဒါန်းခဲ့သည့် ကိုယ်အပူချိန်စမ်းသပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုတို့ ပေါင်းစပ်ထားသော စက်ပစ္စည်းများတပ်ဆင်ပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဖော်ပြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်း အများပြည်သူများအတွက် ဘေးကင်း၍စနစ်တကျဖွင့်လှစ်ရေး၊ တရုတ်-မြန်မာယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း ရေးထားသည်။
- ၂၀၂၂၊ မတ် ၂၀ – ‘လန်ချန်း-မဲခေါင် သီတင်းပတ်’ အထိမ်းအမှတ်အနေဖြင့် ‘လန်ချန်း-မဲခေါင်ဗဟုသုတ အမေးအဖြေအစီအစဉ်’ကို ကျင်းပမည် ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ မတ် ၂၁ ရက်မှ ၂၅ ရက်အထိ တရုတ်သံရုံး တရားဝင် Facebook စာမျက်နှာတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရွေးချယ်စရာမေးခွန်း လေးခုကို နေ့စဉ် ထုတ်ပြန်ပေးမည်ဖြစ်ပြီး မေးခွန်း အားလုံးကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်သူများထဲမှ သုံးဦးကို ရွေးချယ်၍ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်၍ တက်တက်ကြွကြွပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ရေးထားသည်။
- ၂၀၂၂၊ မတ် ၁၆ – တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တရားဝင် စတင်ထုတ်လုပ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ မြန်မာ့ဆေးဝါးလုပ်ငန်း (MPI) နှင့် တရုတ်နိုင်ငံ Sinopharm (CNBG) တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမည်မှာ Myancopharm ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းခြင်းနှင့် မထုပ်ပိုးရသေးသောဆေးရည် (RTF Bulk) ပံ့ပိုးပေးခြင်းအပြင် ပညာရှင်များ စေလွှတ်ကာ ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ရေးထားသည်။
- ၂၀၂၂၊ မတ် ၁၅ – မန္တလေးအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးမှ ဦးဆောင်ကာ ယူနန်ပြည်နယ်နှင့် မန္တလေးမြို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတို့အကြား ကိုဗစ်-၁၉ ရောဂါကုသမှုဆိုင်ရာ အတွေ့အကြုံဆွေးနွေးဖလှယ်ပွဲ ကျင်းပခဲ့သည်ဟု ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြသည်။ ဆွေးနွေးပွဲကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုကောင်စစ်ဝန်ချုပ် ကျန်းဝေ့၊ ယူနန်ပြည်နယ် ပြည်ပဆိုင်ရာ ရုံးခန်းကိစ္စရပ်များ ဒုတိယအဆင့် လှည့်လည်စစ်ဆေးသူ ချွေးဟွမ့်ရုံ၊ ကူမင်းဆေး တက္ကသိုလ် ဒုဆေးရုံအုပ်ကြီး ရှဲ့ပေါင်စိန်းနှင့် မန္တလေးမြို့တော်ဆေးရုံ စီမံခန့်ခွဲရေးဒါရိုက်တာ လီကျိရွှင့်တို့တက်ရောက်ကြသည်။ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသသို့ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးခြင်းသည်လည်း ကြီးမားသော အထောက်အကူပြုခြင်းဖြစ်ပြီး တရုတ်-မြန်မာ ကူးစက်ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးတွင် ထင်ရှားသော အကျိုးသက်ရောက်မှုရှိစေခဲ့ကြောင်း ရေးထားသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကူးစက်ရောဂါ စတုတ္ထလှိုင်းခြိမ်းခြောက်လာနေသည့်အတွက် ယခုအကြိမ် နှီးနှောဖလှယ်ပွဲသည် မန္တလေးတိုင်းဒေသကြီး၏ ရောဂါကုသမှုအတွက် ကောင်းကျိုးပေးနိုင်လိမ့်မည်သာမက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ရောဂါတိုက်ဖျက်ရေးအတွက် ကူညီမှုဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။
- ၂၀၂၂၊ မတ် ၁၅ – မြန်မာမှ ဆန်၊ ဆန်ကွဲအပါအဝင် ကုန်စည် ခုနစ်မျိုးကို တရုတ်ဘက်သို့ တင်သွင်းခြင်းကို ယာယီရပ်နားကြောင်း ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force က မြန်မာဘက်ခြမ်းကို အကြောင်းကြားခဲ့သည်။ ယာယီရပ်နားကြောင်း အကြောင်းကြားရာတွင် ကိုဗစ်ရောဂါ ကူးစက်ဝင်ရောက်မှုကို သိပ္ပံနည်းကျ တားဆီးကာကွယ်ရန်နှင့် ဝမ်တိန်-မန့်မန်ဂိတ် ကုန်စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ညွှန်ကြားချက်ကြောင့် မြန်မာကုန်သည်များ ဆက်တိုက်အရှုံးပေါ်နေကြောင်းလည်းသတင်းမီဒီယာများတွင် ပြောဆိုကြသည်။ တရုတ်၏ ကြေညာချက်တွင် ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်သုံး သယ်ယူကုန်စည်၊ အေးခဲလတ်ဆတ်/အေးခဲကုန်စည်၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံးကုန်ပစ္စည်းနှင့် ထုပ်ပိုးလွယ်သော စားသောက်ကုန်များ ပါဝင်ကြောင်း ရေးထားသည်။
- ၂၀၂၂၊ မတ် ၁၅ – ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် သက်ကြီးရွယ်အိုများအား ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်သည့်အခမ်းအနားကို သံရုံး၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အခမ်းအနားသို့ တရုတ်သံအမတ်ချန်းဟိုင်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်း ဥက္ကဋ္ဌ၊ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းတို့ တက်ရောက်ကြပြီး မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းမှတစ်ဆင့် မြန်မာနိုင်ငံတနိုင်ငံလုံးရှိ ဒေသအသီးသီးမှ ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်းပေါင်း ၃၆၀,၀၀၀ လှူဒါန်းပေးအပ်ကြောင်း ရေးထားသည်။
- ၂၀၂၂၊ မတ် ၁၅ – တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့-မူဆယ်လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီးရေ ၄၀၀ ကျော် ပိတ်မိနေကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။ မတ် ၂ ရက်မှစ၍ ကိုဗစ်ပိုး အကြောင်းပြုကာ တရုတ်ဘက်က ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် တရုတ်အကောက်ခွန်စည်းမျဉ်းများနှင့် ကိုဗစ်ထိန်းချုပ်စစ်ဆေးခြင်းများကြောင့် ကုန်သွယ်ရေးတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း ဒေသခံကုန်သည်များက ပြောဆိုကြသည်။ ကျင်စန်းကျော့တွင် ကုန်တင်ယာဉ်စီးရေ ရာနှင့်ချီပိတ်မိနေသောကြောင့် လားရှိုး၊ မန္တလေးနှင့် တရုတ်သို့ ကုန်စည်တင်ပို့နေသော ဒေသများတွင်လည်း ကုန်တင်ယာဉ်များ ရပ်တန့်နေရကြောင်း ရေးထားသည်။ ထို့အတူ ခေါက်တိုယာဉ်ငှားရမ်းခများလည်း ဆက်လက်မြင့်တက်လျက်ရှိနေသည်။
- ၂၀၂၂ ၊ မတ် ၁၃ – မြန်မာ-တရုတ်နယ်စပ်ကချင်လွတ်လပ်ရေးတပ်မတော်/ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် လိုင်စင် အထက်ဘက်ရှိ မဂါးယန် စစ်ရှောင်စခန်းအနီးတွင် စစ်ကောင်စီတပ်များနှင့် KIA တပ်များ ထိတွေ့တိုက်ပွဲများ ရှိခဲ့ပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးအချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ကချင်ဘာသာဖြင့်ဖော်ပြသည့်သတင်းဌာနများကရေးသားထားသည်။ လတ်တလော ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရုတ်ဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
- ၂၀၂၂၊ မတ် ၁၃ – ၂၀၂၂ ခုနှစ်အတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ကြံတန်ချိန် ၃၇,၄၀၀ ကျော်ကို ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၃,၈၃၁ စီးဖြင့် တင်သွင်းနိုင်ခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ကြံတင်ပို့မှုကိစ္စနှင့် ပတ်သက်၍တရုတ်နိုင်ငံယူနန်ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တင်သွင်းနိုင်ရေး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကြံသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် ‘အစိမ်းရောင်လမ်းကြောင်း’ ဖွင့်လှစ်ပြီး တရုတ်နိုင်ငံဘက်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။
- ၂၀၂၂၊ မတ် ၁၂ – တရုတ်ယာဉ်မောင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ဆယ်ရက်ကြာပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ရက်ကြာရှည်ပိတ်ထားခဲ့သောကြောင့် နယ်စပ်တွင်ကုန်ကားများ ရာနှင့်ချီပိတ်ဆို့နေပြီး ပုပ်သိုးလွယ်သည့် သီးနှံများနှင့် ကုန်စိမ်းကားများကို ဦးစားပေးကာ တင်ပို့ခွင့်ပေးထားကြောင်း ကုန်သည်များက သတင်းမီဒီယာများကို ပြောခဲ့သည်။
- ၂၀၂၂၊ မတ် ၁၀ – တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ် ၏ ထောက်ပံ့မှုဖြင့် ပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါသင်တန်းသို့ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်၊ တရုတ်သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်