သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ် ခံရသူ ၂၀၉ ဦးအထိ ရှိလာ

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၂၃

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ ဆက်စပ်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်ချမှတ်ခံရသူ၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူတွေအပြင် သေဒဏ်နဲ့ထောင်ဒဏ်တသက်တကျွန်းပူးတွဲချမှတ်ခံရသူအပါအဝင် စုစုပေါင်း ၂၀၉ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီ့ ၂၀၉ ဦးထဲမှာ ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူများနဲ့ ဝရမ်းထုတ်ခံရပြီး သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး ၊ ဖမ်းဆီးခံရပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၆ ဦးနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၈၆ ဦးတို့ ပါဝင်ပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူ ၂၀၉ ဦးထဲမှာ ရန်ကုန်တိုင်းအတွင်းက ၂၀၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ပြီး ကျန် ၇ ဦး၊ ရာခိုင်နှုန်းအား ဖြင့် ၃ ဒသမ ၃ ရာခိုင်နှုန်းကတော့ ဧရာဝတီတိုင်း အတွင်းက ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ယောက်ျားလေး နှစ်ဦးလည်း ပါဝင်ပါတယ်။ 

Dowload as PDF Version

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပ မြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦး နှင့် ထောင်ဒဏ်တသက် တကျွန်းချမှတ်ခံရသူ ၁၂ ဦး ရှိခဲ့ပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ အများဆုံးရှိခဲ့တဲ့ မြို့နယ်ဖြစ်ပါ တယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း သေဒဏ်ချမှတ်ခံရသူ ၁၇ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၃၀ ဦး နဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းပူးတွဲချမှတ်ခံရသူ၃ ဦးတို့ရှိခဲ့ပြီး ဒုတိယအများဆုံး သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံခဲ့ရတဲ့ မြို့နယ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက ဦးကျော်မင်းယု (ခ) ဂျင်မီ၊ ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရ ဇော်တို့ လေးဦးကို သေဒဏ်အတည်ပြုပြီး ကြိုးပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သေဒဏ်ချမှတ်ခံ ထားရတဲ့သူတွေကို အခုလိုမျိုး ကြိုးပေးဖို့လုပ်ဆောင်တာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအသိုင်းအဝိုင်းက ဝေဖန်ကန့်ကွက် ခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း သေဒဏ်အတည်ပြု ချမှတ်တာကို ဆန့်ကျင် ကြောင်းအပြင် အာဏာသိမ်းလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆို ခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်လေ့လာနေကြပြီး စစ်ကောင်စီကို အကြမ်းဖက်တိုက်ခိုက်တာတွေရပ်တန့်ဖို့နဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးထားတဲ့ သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးသမားတွေ နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သူတွေကို ဖမ်းဆီးအကျဥ်းချပြီး စစ်ခုံရုံးမှာ ခုခံပိုင်ခွင့်မရှိဘဲ သေဒဏ်ချမှတ်နေတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး မေလအစီရင်ခံစာ၊ မြန်မာအခန်းကဏ္ဍမှာ ဖော်ပြထားပါတယ်။  

∎ ဘာကြောင့်အလေးထားသင့်သလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

1 comment