နှစ်တရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီ-စနစ်အခြေခံမြန်မာ့နိုင်ငံရေး

၁၉၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ  ၂၀၂၁ ခုနှစ် ဇူလိုင်မှာပဲ နှစ်တရာ ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာလည်း မကြာခင်မှာ ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တခုကြာ ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကတည်းက အာဏာရပါတီအဖြစ် ရှိခဲ့တာကြောင့် နိုင်ငံ့အုပ်ချုပ်ရေးကို ၇၂ နှစ်ကျော်ကြာ တဆက်တည်း ရယူခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်မှု၊ နိုင်ငံခေါင်းဆောင်မှုတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့တဲ့အပြင် ပြည်တွင်းစစ်၊ အငတ်ဘေး၊ ယဉ်ကျေးမှုတော်လှန်ရေးလို လူတန်းစားပဋိပက္ခတွေ၊ တခါ ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တီယန်မင်ရင်ပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ကြားကပဲ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးဦးဆောင်မှုကို ကာလရှည်ရယူခဲ့တာ ဖြစ်ပါတယ်။

အခုဆောင်းပါးမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်နိုင်စွမ်း၊ ပါတီက ပုံဖော်တဲ့ နိုင်ငံခြားဆက်ဆံရေး ကိစ္စရပ်တွေအပြင် မြန်မာ့နိုင်ငံရေးပါတီများနဲ့ ဆက်ဆံရေးအခြေအနေတွေကို တင်ပြပါမယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံမှာနိုင်ငံရေးမုန်တိုင်းထန်မှုတွေကြားထဲ နိုင်ငံရေးပါတီ ပေါင်းများစွာဟာ အတက်အကျတွေ ရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာသိမ်းမှု အကြိမ်ကြိမ် ကြုံခဲ့ရတာကြောင့် ပါတီနိုင်ငံရေး (တပါတီ စနစ်ပဲ ဖြစ်ဖြစ် ပါတီစုံစနစ်ပဲဖြစ်ဖြစ် ဒီအပေါ် အခြေခံတဲ့ နိုင်ငံရေး) ဟာ အသက်မဝင်ခဲ့သလို လူထုကောင်းကျိုး အတွက် ထိထိမိမိ သယ်ပိုးနိုင်အောင် အရှည်မတည်တံ့ခဲ့ပါဘူး။ ဒါ့အပြင် စစ်အာဏာရှင် စနစ် အဆက် ဆက်ကြောင့် မတည်ငြိမ်ဖြစ်ခဲ့ရတဲ့အတွက် တရုတ်- မြန်မာ နိုင်ငံရေးပါတီများအကြားဆက်ဆံရေးဟာ မြန်မာ့ ခေတ်သစ် နိုင်ငံတော်တည်ဆောက်ရေးအတွက် ခရီးမပေါက်၊ အထောက်အကူ မပြုခဲ့ပါဘူး။ မြန်မာ့ နိုင်ငံရေး စနစ်တည်ငြိမ်ဖို့နဲ့ ပါတီစုံဒီမိုကရေစီနစ်ထွန်းကားဖို့ဆိုရင် စစ်တပ်ဟာ ဒူးနေရာဒူး တော်နေရာတော် ရှိနေဖို့ အရေးကြီးသလို၊ နိုင်ငံရေးပါတီလို အင်စတီကျူးရှင်းတွေ အားကောင်းတည်တံ့ဖို့ လိုပါတယ်။ ဒီနေရာမှာ တရုတ်ပြည်ကွန်မြူနစ် ပါတီအပါအဝင် အာရှဒေသတွင်း ကောင်းကျိုး ဆိုးပြစ် နမူနာယူအပ်တဲ့ ပါတီတွေကို လေ့လာတာ၊ အဲ့ဒီပါတီတွေနဲ့ မိတ်ဖက်ဆက်ဆံရေး တည်ဆောက်တာတွေဟာ အရေးကြီးလှတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်နိုင်စွမ်း

လူဦးရေ သန်း ၁၄၀၀ နီးပါးရှိတဲ့ တရုတ်နိုင်ငံမှာ ပါတီဝင် သန်း ၉၀ ကျော်သာရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီက ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေမရှိဘဲ နိုင်ငံရေးအာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ခြင်းရဲ့ အဓိကအကြောင်းအချက်တခုက စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့  ဦးဆောင်မှုနဲ့အတူ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူတဦးချင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးဟာ ၁၉၈၀ ပြည့်နှစ်မှာ ဒေါ်လာ၂၀၀ ဝန်းကျင်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ကျော် အထိ တိုးတက်လာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လူဦးရေ သန်း ၇၇၀ ကျော်ကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတဝန်းမှာ မြေအောက်ရထား၊ ကျည်ဆန်ရထား၊ မိုးပျံလမ်း၊ မိုးမျှော်တိုက်တာတွေနဲ့ ကမ္ဘာ့အဆင့်မီလေဆိပ်တွေစတဲ့ ခေတ်မီအခြေခံအဆောက်အဦတွေက ဆယ်စုနှစ်အနည်းငယ်အတွင်း အလျင်အမြန် ထွက်ပေါ်လာခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်မှု၊ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မှုတွေဟာ တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။

ပါတီက ပုံဖော်သည့် နိုင်ငံခြားဆက်ဆံရေး

တရုတ်ကွန်မြူနစ်ပါတီဟာ ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ တရုတ်ပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ် သက်ရောက်မှု များစွာရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ အခြားနိုင်ငံတွေက နိုင်ငံရေးပါတီတွေနဲ့ ပါတီချင်း ဆက်ဆံရေး ဖော်ဆောင်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးကို လွမ်းမိုးပုံဖော်ခဲ့တာတွေလည်း ရှိပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်တည်ထောင်ချိန်ကတည်းက ပါတီရဲ့ နိုင်ငံခြားဆက်ဆံရေးရုံးဟာ အခြားနိုင်ငံတွေက ကွန်မြူနစ်ပါတီတွေနဲ့ အပြန်အလှန် နှီးနှောဖလှယ်မှုတွေ ရှိခဲ့ပြီး ပါတီချင်းဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီအချက်ကလည်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးကဏ္ဍမှာ အဓိကအစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်။ ပါတီချင်းဆက်ဆံရေးဖြစ်လို့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံကိုယ်စားပြုဆွေးနွေးသူတွေအကြား ထားရှိရမယ့် လုပ်ရိုးလုပ်စဉ်တွေကို ရှောင်ရှားနိုင်သလို နိုင်ငံရဲ့ မူဝါဒကို လွှမ်းမိုးနေတဲ့ နိုင်ငံရေးပါတီတွေ အချင်းချင်း ဆွေးနွေးမှုတွေဖြစ်တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် သက်ရောက်မှု များစွာရှိပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အခြားနိုင်ငံတွေရဲ့ နိုင်ငံရေးပါတီတွေအကြား ပါတီချင်းဆက်ဆံရေးဟာ တရုတ်နဲ့ အခြား နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ရာမှာလည်း အရေးပါတဲ့ ယန္တရား တခု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ အမေရိကန်နိုင်ငံရေးပါတီတွေအကြား နိုင်ငံရေးပါတီများ အဆင့်မြင့်တွေ့ဆုံပွဲကို ပီကင်းနဲ့ ဝါရှင်တန်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးလို့ ပြောရမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကိုတောင် ပါတီချင်း ဆက်ဆံရေး မူဘောင်အောက်ကနေ ချဉ်းကပ်ခြင်းဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမှာ ပါတီချင်းဆက်ဆံရေးရဲ့ အရေးပါမှုကို မီးမောင်းထိုး ဖော်ပြနေပါတယ်။

သမ္မတ ရှီကျင့်ဖျင် အာဏာရပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေက ပါတီတွေနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ၊ အပြန်အလှန် လေ့လာသင်ယူရေးအပြင် တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုစနစ်၊ ခေါင်းဆောင်မှုစနစ်တွေကို မျှဝေခြင်း အစီအစဉ်များတွေကိုလည်း ဦးစားပေး ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ပြည်ပနိုင်ငံရေးပါတီများရဲ့ နိုင်ငံရေး၊ စီးပွားရေးရပ်တည်ချက်တွေအပြင် အဲဒီနိုင်ငံရေးပါတီတွေရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စတွေနဲ့ စွမ်းဆောင်နိုင်မှုတွေမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးနိုင်မှုတွေအပေါ် သုတေသနပြု လေ့လာခဲ့တာတွေ ရှိပါတယ်။ လက်ရှိမှာ တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံပေါင်း ၁၆၀ ခန့်က နိုင်ငံရေးပါတီပေါင်း ၆၀၀ ကျော်နဲ့ တရားဝင် ဆက်ဆံရေး တည်ဆောက်ထားပါတယ်။

မြန်မာ့နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေး

တရုတ်ကွန်မြူနစ်ပါတီဟာ သူ့ရဲ့ မိတ်ဖက် နိုင်ငံရေးပါတီတွေကတဆင့် အခြားနိုင်ငံများနဲ့ ဆက်ဆံရေးကို ချဉ်းကပ်လေ့ရှိတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာလည်း ပါတီချင်းဆက်ဆံရေးဟာ အရေးပါတဲ့ အစိတ်အပိုင်းတခုအဖြစ် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် အဆက်ဆက်ကြောင့် မတည်မငြိမ်ဖြစ်ခဲ့ရတဲ့ အတွက် တရုတ်-မြန်မာနိုင်ငံရေးပါတီများအကြား ဆက်ဆံရေးဟာ မြန်မာ့ခေတ်သစ်နိုင်ငံတော်တည်ဆောက်ရေးအတွက်တော့ ခရီးမပေါက်၊ အထောက်အကူ မပြုနိုင်ခဲ့ဘူးလို့ ဆိုရပါမယ်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံဟာ တရားဝင်အစိုးရနဲ့ နိုင်ငံချင်းဆက်ဆံရေးကို တည်ဆောက်ခဲ့သလို အဲဒီအချိန်က မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း ပါတီချင်းဆက်ဆံရေး မူဘောင်အောက်ကနေ ထောက်ပံ့မှုတွေလုပ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးနောက်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးကို တဖြေးဖြေးလျှော့ချခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံဟာ စစ်အစိုးရလက်အောက် ကျရောက်ခဲ့တာကြောင့် တရုတ်-မြန်မာဆက်ဆံရေးမှာ ပါတီချင်းဆက်ဆံရေးထက် အစိုးရချင်းဆက်ဆံရေးကို ပိုမိုအားပြုခဲ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်များစွာရှိခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ အဲဒီအချိန်တုန်းက မိတ်ဖက်ပါတီ မရှိခဲ့တာကြောင့် ပါတီနိုင်ငံခြားရေး ယန္တရားဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်အကြားမှာ များစွာသက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အခင်းကျင်းနဲ့ အတူ နိုင်ငံရေးပါတီတွေ တရားဝင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ပါတီချင်းဆက်ဆံရေးကို ပြန်ပြီး အာရုံစိုက်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ (အဲဒီအချိန်တုန်းက) ဒုတိယသမ္မတ ရှီကျင့်ဖျင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အကြား ဆက်ဆံရေး ပိုမိုနီးကပ်လာစေဖို့ ဆွေးနွေးခဲ့ကြပါတယ်။

တဖက်မှာလည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့လည်း ပါတီချင်း ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီချင်းဆက်ဆံရေးခေါင်းစဉ်အောက်ကနေ တရုတ်နိုင်ငံကို ဖိတ်ကြားခဲ့ပြီး ကော်ဇောနီခင်း ကြိုဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပါတီချင်းဆက်ဆံရေး လမ်းကြောင်းအောက်ကတဆင့် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေရှိတဲ့ပါတီနဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့တာဟာ ၂၀၁၅ အလွန် NLD အစိုးရ လက်ထက် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာက ပေကျင်းမှာလုပ်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ သမ္မတရှီက တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံရေးပါတီများအကြား ဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းသွားမယ်လို့ပြောခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့  ၂၀၁၅ ခုနှစ်အလွန် ကာလတွေမှာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ပါတီကြီးနှစ်ခု ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီတွေအပြင် အခြားနိုင်ငံရေး အလားအလာရှိတဲ့ ပါတီတွေနဲ့လည်း ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ကနဦးမှာ သူနဲ့ ဝါဒတူဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးကိုသာ ဦးစားပေး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ကြားကာလတွေမှာ တရုတ်ကွန်မြူနစ်ပါတီဟာ မြန်မာ့နိုင်ငံရေးပါတီ အသီးသီးနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေးကို ပုံဖော်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူထုထောက်ခံမှု အများဆုံး ရထားတဲ့ NLD ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ဖော်ဆောင်နိုင်ဖို့ အားထုတ်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံအလွှာပေါင်းစုံက လူပေါင်း ၂,၀၀၀ ကျော်ကို တရုတ်နိုင်ငံက ဖိတ်ကြားခေါ်ယူခဲ့ပါတယ်။ အဲဒီအထဲမှာ ပါတီအသီးသီးက ဗဟိုကော်မတီဝင်တွေ အပါအဝင် NLD ပါတီဝင် ၇၀၀ ကျော်၊ ပြည်ခိုင်ဖြိုးပါတီဝင် ၂၀၀ ကျော်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပါ တီဝင် ၁၀၀ ကျော်လောက်ကို ပါတီချင်း အပြန်အလှန်လေ့လာသင်ယူရေး ခေါင်းစဉ်အောက်ကနေ ခေါ်ယူခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ မူဝါဒတွေကို သင်တန်းပို့ချတာတွေ လုပ်ခဲ့ပါတယ်။

ဘက်မညီဆက်ဆံရေးနှင့် ချိန်ညှိနိုင်ရေးအဖြေ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားခဲ့ပေမဲ့ နှစ် ၇၀ ကျော် နိုင်ငံရေးမုန်တိုင်းထန်မှုနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် တရုတ်-မြန်မာ ပါတီချင်းဆက်ဆံရေးဟာ များစွာ ခရီးမပေါက်ခဲ့ပါဘူး။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့်လည်း ဆယ်စုနှစ်ပေါင်းများစွာ အခြေမတည်နိုင်သေးတဲ့ မြန်မာ့ပါတီနိုင်ငံရေးဟာလည်း တဖန်ချည့်နဲ့ စေခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ ပထဝီအနေအထားအရ၊ လူဦးရေအရ၊ စီးပွားရေးအရ၊ သံတမန်ရေးရာအရ အဘက်ဘက်မှာ အားနည်းတဲ့ဘက်က ရှိနေပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ ခေတ်အဆက်ဆက် နိုင်ငံတော် အာဏာရယူခဲ့ကြသူတွေရဲ့ စွမ်းဆောင်ရည်အားနည်းမှုတွေကြောင့်အပြင် အခု အာဏာသိမ်းစစ်ကောင်စီကြောင့်လည်း ဘက်မညီတဲ့ ဆက်ဆံရေးကို ပိုပြီးတဖက်စောင်းနင်း ဖြစ်စေပါလိမ့်မယ်။ တနည်းအားဖြင့် အားနည်းတဲ့ဘက်က အလွှမ်းမိုးခံ၊ အသုံးချခံ ဖြစ်တတ်တဲ့ သဘောကို သမိုင်းသင်ခန်းစာအဖြစ် သတိချပ်ရပါမယ်။

အလားတူပဲ မကြာခဏဆိုသလို အခြေမခိုင်ခင်မှာပဲ အစက ပြန်စနေရတဲ့ မြန်မာ့နိုင်ငံရေးစနစ်နဲ့ အကျိုးဆက် တခုဖြစ်တဲ့ နိုင်ငံရေးပါတီတွေ အင်အားချည့်နဲ့စေမှုတွေကလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ ပါတီချင်းဆက်ဆံရေး တည်ဆောက်ရာမှာ မြန်မာ့နိုင်ငံရေးပါတီတွေ ကြုံနေရမယ့် စိန်ခေါ်မှုတခုပဲ ဖြစ်ပါတယ်။ ပါတီချင်း ဆက်ဆံရေးဟာ နိုင်ငံချင်း ဆက်ဆံရေးရဲ့ အုတ်မြစ်တခု ဖြစ်တာကြောင့် သက်တမ်းသံမဏိရှည်ကြာပြီး စနစ်ခိုင်မာအားကောင်းတဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ ပါတီချင်း ဆက်ဆံရေး တည်ဆောက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အခြေခိုင်အားကောင်းတဲ့ ပါတီနိုင်ငံရေး စနစ်တရပ် ထွန်းကားမှသာ ဒီ ဘက်မညီတဲ့ ဆက်ဆံရေးကို တစုံတရာ ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တော်လှန်ရေးအတွေ့အကြုံရှိခဲ့တဲ့ တရုတ်ပြည်ကွန်မြူနစ် ပါတီအပါအဝင် ဒေသတွင်း ဒီမိုကရေစီ စနစ်အောက်က ပါတီတွေရဲ့ သမိုင်းအတွေ့အကြုံကို လေ့လာတာ၊ မိတ်ဖက်ဆက်ဆံရေးတွေတည်ဆောက်တာဟာ စစ်အာဏာရှင်စနစ် တော်လှန်ရေးကစလို့ ဒီမိုကရေစီတည်ဆောက်ရေးအထိ အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ဖို့ မြန်မာ့နိုင်ငံရေးပါတီတွေကို အထောက်အကူ ဖြစ်စေနိုင်မယ်လို့ သုံးသပ်ရပါတယ်။

About the author

Khin Khin Kyaw Kyee

Khin Khin Kyaw Kyee is the Deputy Director of Research and Head of China Desk in ISP Myanmar. She holds a Bachelor of Arts in Chinese Language from Mandalay University of Foreign Language and also obtained MA International Relations from Yunnan University in 2011 and MA International Studies and Diplomacy from School of Oriental and African Studies (SOAS) in 2016. She has experience in working with various international scholars, as well as CSOs, NGOs and INGOs since 2007. Her current research focus is on China-Myanmar relations, China’s Myanmar policy and One Belt One Road Initiative. Her research interest includes Foreign Policy, Public Diplomacy & Nation Branding, Non-traditional security issues and Geo-politics of Myanmar.

1 comment

  • ဒီလိုသုံးသပ်ချက်တွေဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဖြစ်နိုင်ရင် အခုလို မြန်မာ+တရုတ် ဆက်ဆံရေးနဲ့အလားအလာသုံးသပ်ချက်သာမက မြန်မာနိုင်ငံက မဖြစ်မနေ အနာဂတ်မှာဆက်ဆံရမယ့်နိုင်ငံတွေကိုဖတ်ချင်၊မှတ်မိပါတယ်။ကျေးဇူးပါ။