တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင် ဝမ်ချီစမ်းသည် ပါတီတွင်း ကျင့်ထုံးတခု ဖြစ်သည့် အသက် ၆၇ တွင် အနားယူရသည့် အစဉ်အလာကို ကျော်လွန်ပြီး ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ဆက်လက် ပါဝင်ခြင်း ရှိမရှိတို့ ဖြစ်သည်။ ထိုမေးခွန်းများ၏ အဖြေကို ခုနစ်ရက်ကြာ ပါတီညီလာခံ၏ အပြီးသတ်တွင် ချပြခဲ့ပါသည်။

တရုတ် ခေါင်းဆောင်များတွင် မိမိတို့၏ ကိုယ်ပိုင် နိုင်ငံရေးအတွေးအခေါ်များ ရှိပြီး ထိုအတွေးအခေါ်များကို အခြေခံ၍ နိုင်ငံကို မောင်းနှင့်လေ့ရှိကြသည်။ မော်စီတုန်း၏ နိုင်ငံရေး အတွေးအခေါ်၊ တိန်ရှောင်ဖိန်၏ တံခါးဖွင့်ဝါဒ၊ ကျန်ဇီမင်း၏ ကိုယ်စားပြု သုံးခုဝါဒ၊ ဟူကျင်တောင်း၏ သိပ္ပံနည်းကျ ဖွံ့ဖြိုး တိုးတက်မှု စသည်တို့မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ပြီး နောက်ပိုင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မူ လမ်းပြ မူဝါဒများဖြစ်ခဲ့သည်။ အဆိုပါ နိုင်ငံရေး အတွေးအခေါ်များကိုပင် ပါတီ အခြေခံဥပဒေတွင် မှတ်တမ်းတင်လေ့ရှိသည်။ သို့သော် အတွေးအခေါ် ပိုင်ရှင်၏ အမည်နှင့် မူဝါဒကို ပူးတွဲပြီး မှတ်တမ်းတင်ခံရသည့် ဂုဏ်ပြုခြင်းမျိုးအား ခေါင်းဆောင်တိုင်း မရရှိခဲ့ပေ။ ပါတီ အခြေခံဥပဒေတွင် မော်စီတုန်း၏ နိုင်ငံရေး အတွေးအခေါ်ဟု ထည့်သွင်း ဖော်ပြခဲ့သော်လည်း ကျန်ဇီမင်းနှင့် ဟူကျင်တောင်းတို့၏ မူဝါဒများကို ဖော်ပြရာ၌ သူတို့၏ အမည်များနှင့် ပူးတွဲ ဖော်ပြခြင်းမျိုး မရှိခဲ့ပေ။ သို့သော် “ခေတ်သစ်တခုသို့ ဝင်ရောက်မည့် တရုတ် အသွင်လက္ခဏာများဖြင့် ရှီ၏ ဆိုရှယ်လစ် အတွေးအခေါ်” ဟူသော စကားလုံးကို ပါတီ၏ လမ်းညွှန်မူဝါဒ တခုအဖြစ် ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေ၌ ပုံနှိပ် ထည့်သွင်းခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ရှီကျင့်ဖိန်၏ အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေအတွင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းက ရှီကျင့်ဖိန်အား မော်စီတုန်း၊ တိန်ရှောင်ဖိန်တို့ကဲ့သို့ တရုတ်ကွန်မြူနစ် ပါတီ၏ ကြီးကျယ်သော ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။ ပိုမို တိတိကျကျပြောရလျှင် ရှီသည် မော်တုန်းနောက်ပိုင်းတွင် တာဝန် ထမ်းဆောင်နေစဉ်အတွင်း ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် အမည် ဖော်ပြခြင်းခံရသော ပထမဆုံးခေါင်းဆောင်ဖြစ်လာခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီသည် ၁၉ ကြိမ်မြောက် ပါတီညီလာခံအပြီးတွင် နောက် ငါးနှစ်တာ ကာလအတွင်း ပါတီအား ဦးဆောင်သွားမည့် ခေါင်းဆောင် အသစ်များ၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။ ညီလာခံတွင် ပါတီ အမြဲတမ်း ဗဟိုကော်မတီဝင် ၂၀၀ ကျော်၊ ပေါ်လစ်ဗျူရို ၂၅ ဦးနှင့် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။ စည်းမျဉ်းစည်းကမ်းများအရ ပါတီဝင်ပေါင်း သန်း ၈၀ ကျော်သည် ဗဟိုကော်မတီဝင် ၃၀၀ ကျော်ကို ရွေးချယ်ပြီး ထို ဗဟိုကော်မတီဝင်များမှ ပေါ်လစ်ဗျူရို ၂၅ ဦးနှင့် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ဦးကို ရွေးချယ်သည်။ ဗဟိုကော်မတီသည် တနှစ်တကြိမ် တွေ့ဆုံလေ့ရှိပြီး ဗဟိုကော်မတီ မရှိသည့် အချိန်တွင် ဆုံးဖြတ်ချက်များကို ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၂၅ ဦးက ချမှတ်သည်။ ပေါ်လစ်ဗျူရို အစည်းအဝေးများ မရှိသည့်အခါတွင် ဆုံးဖြတ်ချက်များကို အမြဲတမ်းအဖွဲ့ဝင် ၇ ဦးက ဆုံးဖြတ်ရမည် ဖြစ်ရာ ပေါ်လစ်ဗျူရို အဖွဲ့သည့် တရုတ်နိုင်ငံ၏ အရေးအပါဆုံးသော ဆုံးဖြတ်ချက်များကို ချမှတ်သည့် အခွင့်အာဏာ အရှိဆုံး အဖွဲ့ဖြစ်လာခဲ့သည်။ ထို ၇ ဦး သည် တရုတ်နိုင်ငံ၏ အနာဂတ်ကိုပဲ့ကိုင်မည့်သူများဖြစ်လာသည်။

လက်တွေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် ခေါင်းဆောင်များကို အောက်ခြေမှ စတင်ကာ အဆင့်ဆင့် ရွေးချယ်ခြင်းမျိုးမဟုတ်ပဲ ပါတီခေါင်းဆောင်များမှ ရွေးချယ် တာဝန်ပေးခြင်းမျိုးဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် တိန်ရှောင်ဖိန်၏ ရွေးချယ်မူဖြင့် ကျန်ဇီမင်းသည် တတိယမျိုးဆက် ခေါင်းဆောင် အဖြစ် စတင်တာဝန်ယူခဲ့သည်။ ထိုအချိန်မှစပြီး ရှီကျင့်ဖိန် အာဏာရခဲ့သည် ၂၀၁၂ ခုနှစ်အချိန်အထိ တာဝန်ယူခဲ့သော ခေါင်းဆောင်များသည် အချိန် အတိုင်းအတာတခု ကြိုတင်၍ နောက်တက်မည့် ခေါင်းဆောင်များကို ရွေးချယ်ပေးခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ကျန်းဇီမင်းသည် ၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်း နောက်ပိုင်းတွင် ပါတီ အထွေထွေ အတွင်းအရေးမှူး အဖြစ် စတင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် ပါတီညီလာခံတွင် သူ့နေရာ ဆက်ခံမည့် အလားအလာ ရှိသူအဖြစ် ဟူကျင်တောင်းကို ပေါ်လစ်ဗျူရို အမြဲတမ်း အဖွဲ့တွင် ထည့်သွင်းခဲ့သည်။ ဟူကျင်တောင်းသည် ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်မယူမီ ၁၀နှစ် ခန့်စောကာ ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဟူကျင်တောင်းကို ကျန်းဇီမင်း၏ ဆက်ခံသူအဖြစ် တိန်ရှောင်ဖိန်ကပင် ရွေးချယ် သတ်မှတ်ပေးခဲ့သည် ဟူသော သုံးသပ်ချက်များလည်းရှိသည်။

ထို့အတူ ရှီကျင့်ဖိန်သည် ၂၀၀၇ ခုနှစ် ကတည်းကပင် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ပါဝင်ခဲ့ပြီး ဒုတိယ သမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ရှီ အာဏာ လွှဲပြောင်းမယူခင် အချိန်တော်တော်ကြာ ကတည်းကပင် သူသည် နောက်ဆက်ခံမည့်သူ ဖြစ်မည် ဆိုခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းနိုင်ခဲ့ကြသည်။ ထိုအစဉ်အလာအတိုင်း ဆက်လက် ကျင့်သုံးပါက ရှီ၏ နေရာကို ဆက်ခံမည့် အလားအလာ ရှိသူသည် ပြီးခဲ့သော ၁၉ ကြိမ်မြောက် ညီလာခံမှတဆင့် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ဦးတွင် ပါဝင် လာရမည်ဖြစ်သည်။ သို့သော် ထုတ်ပြန်ထားခဲ့သော ပေါ်လစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ရှီ၏နေရာကို ဆက်ခံနိုင်မည့် အလားအလာ ရှိသူ မပါဝင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လက်ရှိ ရွေးချယ်ထားသော ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်များ၏ အသက်သည် ၆၀ မှ ၆၇ နှစ်အတွင်းဖြစ်နေသည်။ သို့ဖြစ်ရာ သူတို့သည် အသက် ၆၈ တွင် အနားယူရမည့် အစဉ်အလာနှင့် တွက်ချက်ပါက သူတို့အားလုံးသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ နောက် ၁၀ နှစ်တာကာလအတွင်း ပါတီအထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ရန် အသက်ကြီးလွန်း နေသည်ကို တွေ့ရသည်။

တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ၇ ဦး စာရင်းနှင့် ရွေးချယ်ပုံအဆင့်ဆင့်။ (Infographic by The Myanmar Quarterly)

ယခု ပြောင်းလဲလိုက်သည့် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ဦးတွင် ရှီကျင့်ဖိန်နှင့် လီခဲ့ချန်တို့မှ အပ (၂၀၁၂ ခုနှစ်က ရွေးချယ်ခြင်းခံခဲ့ရသော) ကျန်ငါးဦးမှာ အနားယူသွားခဲ့သည်။ ရှီ၏ သစ္စာရှိ မဟာမိတ် တဦးဖြစ်ပြီး အသက် ၆၉ နှစ် ရှိပြီဖြစ်သော ဝမ်ချီစမ်းသည် ညီလာခံ အလွန် ခေါင်းဆောင်သစ် စာရင်းတွင် ထပ်မံ ပါဝင်လာခြင်း မရှိပဲ အနားယူသွားခဲ့သည်ကို တွေ့ရသည်။ ထိုအချက်အရ အသက်၆၈ တွင် အနားယူကြရသည့် ပါတီ၏ ဓလေ့ကို ရှီက ဆက်လက် ထိန်းသိမ်းခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် တွင် အသက် ၆၉ နှစ် ရှိပြီဖြစ်သော ရှီသည် ပါတီရာထူးမှ အနားယူရမည့်အနေအထားတွင်ရှိသည်။ တဖက်တွင်လည်း ရှီသည် ပါ တီတွင်းတွင် မော်စီတုန်းမျှ အပ မည်သည့် ခေါင်းဆောင်မှ မရရှိခဲ့သော သြဇာများကို တည်ဆောက်ထားနိုင်ခြင်း၊ ပါတီတွင်း ဆက်ခံမည့် အလားအလာရှိသူကို ရွေးချယ်ထားမှု မရှိခြင်းတို့ကြာင့် သူ၏ ၂၀၂၂ အလွန်နိုင်ငံရေး ရည်မှန်းချက်များ မျှော်ကြည့်ရန် ခက်ခဲစေသည်။

ထိုမရေရာမှုများဖြင့်ပင် ရှီသည် သူ၏ အာဏာ ဆုပ်ကိုင်နိုင်မှုကို မြှင့်တင် လိုဟန်ရှိသည်။ ဆိုလိုသည်မှာ သူသည် အာဏာကို ဆက်လက် ကိုင်ဆွဲထားဦးမည်ဟု သေချာပါက ပါတီတွင်း မလိုလားမှုများ ဆန့်ကျင်မှုများ ရှိလာနိုင်သည့် အပြင် သူ့နေရာ ဆက်ခံမည့်သူကို ရွေးချယ် ချပြ ထားပါကလည်း သူသည် ၂၀၂၂ အလွန်တွင် အာဏာ လွှဲမည်ဆိုသည့် အရိပ်အယောင် ဖြစ်နေသဖြင့် သူ၏ အာဏာချုပ်ကိုင်မှုနှင့် မူဝါဒ အကောင်အထည် ဖော်နိုင်မှု တို့ကို အင်အား လျော့သွားစေနိုင်သည်။ သို့ဖြစ်ရာ ရှီသည် သူ့ အာဏာ အခိုင်မာဆုံး ဖြစ်စေမည့် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အနေထားတရပ်ကို ရွေးချယ်ခဲ့ဟန် တူသည်။ လက်ရှိ အနေအထားအရ ရှီသည် သူ၏ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ် နိုင်ငံတော်နှင့် ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်ရေး တရုတ်အိမ်မက်ကို သူ၏ နိုင်ငံရေး အတွေးအခေါ်များ၊ မူဝါဒများနှင့် ပိုင်ပိုင်နိုင်နိုင် ထုဆစ်နိုင်မည့် အနေအထားတွင် ရှိနေပြီး ၂၀၂၂ ခုနှစ် အလွန် ရှီ၏ အခန်းကဏ္ဍသည်လည်း ထို တရုတ်အိပ်မက်၏ အောင်မြင်မှု အတိုင်းအတာပေါ်တွင် အများကြီး မူတည်နေလိမ့်မည် ဖြစ်ပါသည်။

နောက် ငါးနှစ်တာ ကာလအတွင်း ရှီနှင့်အတူ တရုတ်အိပ်မက်ကို ထုဆစ်မည့်သူများမှာ ပေါ်လစ်ဗျူရိုတွင် ပါတီရုံးအဖွဲ့မှူး တာဝန်ယူထားသော လီကျန်းဆူး၊ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဝမ်းရန်၊ မူဝါဒရေးရာ သုတေသနဌာနမှူး ဝမ်ဟုနင်၊ ပါတီ အသင်းအဖွဲ့ ဆိုင်ရာ ဌာနမှူး ကျောင့်လဲ့ကျိနှင့် ရှန်ဟိုင်းပါတီ အကြီးအကဲ ဟန်ကျိန်တို့ ပါဝင်သည်။ ထိုပုဂ္ဂိုလ်များ တာဝန်ယူမည့် နိုင်ငံရေးရာ နေရာများနှင့် ပါတီနေရာများကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပြီးခဲ့သော ငါးနှစ်တာ ကာလအတွင်းတွင် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်များတွင် သမ္မတရှီကျင့်ဖျင် နှင့် ဝန်ကြီးချုပ်လီခဲ့ချိန်တို့မှအပ လွှတ်တော် ဥက္ကဋ္ဌ ကျန်းတဲ့ကျန်းသည် မြန်မာနိုင်ငံနှင့် ထိတွေ့မှု အများဆုံးဟု ဆိုနိုင်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတ ဦးထင်ကျော်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဥပဒေနှင့် အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။ ကျန်းတဲ့ကျန်းသည် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့မှ အနားယူသွားခဲ့ရာ သူ၏ နေရာကို လက်ရှိ ပါတီတွင်း အဆင့်သုံး ဖြစ်သည့် လီကျန်းဆူးက ဆက်ခံမည်ဟု ယူဆရသည်။

လက်ရှိအခင်းအကျင်း အပေါ်တွင် မူတည်၍ တရုတ် – မြန်မာ ဆက်ဆံရေးကို သုံးသပ်ရာတွင်မူ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ် – မြန်မာ ဆက်ဆံရေးကို အဓိက မောင်းနှင့်သူမှာ ရှီ ဖြစ်သည်။ ယခင်က တခြားနိုင်ငံ၏ ပြည်တွင်းရေးဟု ဆိုကာ လက်ရှောင်တတ်သော တရုတ်နိုင်ငံသည် ရှီ လက်ထက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များ၌ သိသိသာသာ ပါဝင်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ ဖိတ်ကြားခြင်းမှာ ရှီ၏ အဓိက တိုက်တွန်းမှုကြောင့်ဟု သိရသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင်သာမက မြန်မာနိုင်ငံ အနောက်ဘက်ရှိ ပြဿနာများကို ဖြေရှင်းရာတွင် ဘင်္ဂလာဒေ့ရှ် နှင့် ညှိနှိုင်း ဆွးနွေးရန် ကြားဝင် စေ့စပ်ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးသည်။ နိုင်ငံခြားရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခဲ့သော ရှီသည် တရုတ်နိုင်ငံ၏ မြန်မာမူဝါဒတွင်လည်း အရေးပါဆုံး အခန်းကဏ္ဍတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ လူမှုစီးပွား အပါအဝင် နိုင်ငံတကာ ဆက်ဆံရေး ကိစ္စများတွင်ပါ အရေးအပါဆုံးသော ဆုံးဖြတ်ချက်များကို ချမှတ်ကာ တရုတ်နိုင်ငံကို ပဲ့ကိုင်သွားကြမည့် ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင်များက တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးနိုင်စွမ်းရှိမည်ကို လျစ်လျူ မရူသင့်ပေ။

(ယခုဆောင်းပါးကို နိုဝင်ဘာ ၁ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၄၈ တွင် ဖော်ပြခဲ့သည်)

About the author

Khin Khin Kyaw Kyee

Khin Khin Kyaw Kyee is the Deputy Director of Research and Head of China Desk in ISP Myanmar. She holds a Bachelor of Arts in Chinese Language from Mandalay University of Foreign Language and also obtained MA International Relations from Yunnan University in 2011 and MA International Studies and Diplomacy from School of Oriental and African Studies (SOAS) in 2016. She has experience in working with various international scholars, as well as CSOs, NGOs and INGOs since 2007. Her current research focus is on China-Myanmar relations, China’s Myanmar policy and One Belt One Road Initiative. Her research interest includes Foreign Policy, Public Diplomacy & Nation Branding, Non-traditional security issues and Geo-politics of Myanmar.

Add comment