တရုတ်သံအမတ် အပြောင်းအလဲအလွန် တရုတ်မြန်မာဆက်ဆံရေး လူ၊ မူနှင့် အီလစ်-ပြည်သူသဘောထားအဟ

၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့သည် တရုတ်သံအမတ်သည် တာဝန် ပြီးဆုံးပြီး ပြန်လည် ထွက်ခွာတော့မည် ဖြစ်သည်။ သံအမတ်၏ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် လေးနှစ်တာ သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးတွင် မကြုံစဖူး အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလအတွင်းတွင် မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်များနှင့် အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခြင်း၊ မြစ်ဆုံဆည် စီမံကိန်း ရပ်နားခြင်းများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော တရုတ် မြန်မာ ဆက်ဆံရေးသည် အေးစက် နေခဲ့ရာမှ ပြန်လည် အရောင်အသွေး စုံလင်လာခဲ့သည်။

တရုတ်နိုင်ငံ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး စသည့် ပြည်သူ လူထု အကျိုး ကျေးဇူးနှင့် ဆက်စပ်သော သံတမန်ရေးရာ လုပ်ငန်းများကို မြန်မာနို်င်ငံတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မူများဖြင့်လည်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်။ ပြီးခဲ့သော လေးနှစ်တာ ကာလအတွင်းတွင် တရုတ် နိုင်ငံ၏ ခါးပတ်လမ်း (Belt and Road Initiative) နှင့် တရုတ် မြန်မာစီးပွားရေး စင်္ကြံလမ်း (China Myanmar Economic Corridor) စီမံကိန်းများသည် မျှော်မှန်းချက် အဆင့်မှ လက်တွေ့အဖြစ်သို့ ပြောင်းလဲ အကောင်အထည် ပေါ်လာသည်။

တရုတ်နိုင်ငံသည် ပြည်သူ့ အကျိုးပြု သံတမန် လှုပ်ရှားမှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေး ဘက်စုံ မြှင့်တင်နိုင်ရေးများကို ဆောင်ရွက် လာသလို တဘက်တွင်လည်း ပြည်သူလူထုမှ တခဲနက် ကန့်ကွက်ထားသော မြစ်ဆုံဆည် ပြန်လည် တည်ဆောက်နိုင်ရေး တိုက်တွန်းပြောဆိုမှုများ၊ တရုတ်မြန်မာနယ်စပ်အရေး ပြဿနာများ စသည့် အပြုသဘောမဆောင်သော အငြင်းပွားစရာ အပြုအမူများရှိခဲ့သည်။ တနည်းဆိုရသော် လွန်ခဲ့သော နှစ်အနည်းအငယ် အတွင်းတွင် တရုတ်နိုင်ငံ၏ မြန်မာ မူဝါဒများသည် ပိုမို ဖိအားသုံး တွန်းတွန်းတိုက်တိုက် ဖြစ်လာခဲ့သည်။ ဤဆောင်းပါတွင် မကြုံစဖူးအပြောင်းအလဲများနှင့် အတူ အငြင်းပွားစရာများ များစွာရှိခဲ့သည့် တရုတ်သံမတ် မစ္စတာ ဟုန်လျန် မြန်မာနိုင်ငံတွင် တာဝန်ယူခဲ့သော လေးနှစ်တာ ကာလအတွင်း တရုတ်မြန်မာ မူဝါဒများကို လေ့လာ သုံးသပ်ပြီး၊ ရှေ့ အလားအလာများကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မူဝါဒများသည် တရုတ်သံအမတ်၏ အတ္တနောမတိ အပြင် ပိုမို ကျယ်ပြန့်သည့် အကြောင်းတရားများ ဖြစ်သော တရုတ်မြန်မာ နှစ်နိုင်ငံ၏ အချိုးမညီသော ဆက်ဆံရေး၊ ဘေဂျင်း၏ မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာသော နိုင်ငံခြားရေး မူဝါဒ အပါအဝင် တရုတ် နိုင်ငံမူဝါဒ အသိုင်းအဝန်းတွင် အမြစ် တွယ်နေသည့် အနောက်နိုင်ငံများ အပေါ်မယုံကြည်မူ များနှင့် ပိုမိုနက်ရှိုင်းစွာ ဆက်စပ်လျက်ရှိသည်။

ပထမဦးစွာ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံအား တဖက်စောင်းနင်း မှီခိုနေရသည့် အချိုးမညီသည့် တရုတ် မြန်မာဆက်ဆံရေးနှင့် ၎င်း၏ အကျိုးဆက်များကို ဆွေးနွေး လိုပါသည်။

၂၀၁၆ တွင် အစိုးရသစ် တာဝန်ယူပြီးနောက် တရုတ် မြန်မာ ဆက်ဆံရေးသည် မထင်မှတ်လာက်အောင် ပြန်လည် နီးကပ် လာခဲ့သည်။ တရုတ် နိုင်ငံ၏ ပြောင်းလဲလာသည့် အလွှာစုံ ဆက်ဆံရေး မူဝါဒ အောက်တွင် ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သော NLD ပါတီ ဦးဆောင်သော အစိုးရသစ်နှင့် ရင်းနှီးသော ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ခဲ့သလို အခြားသော အရေးပါသည့် ပလေယာများ jဖစ်သော လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ ပြည်နယ်နှင့် တိုင်းအစိုးရများ နှင့်လည်း ဆက်ဆံရေးများဖြန့်ကျက် တည်ဆောက်လာခဲ့သည်။ တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း မဟာဗျူဟာ အဆင့်မျိုးအဖြစ် ဆက်လက် ထိန်းထားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးရာ ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ သက်ရောက် လွှမ်းမိုးနိုင်မှုသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းများ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ ပိုမို ကြီးမားလာခဲ့သည်။ ထို့အတူ ရခိုင်ပြည်နယ် မြောက်ပိုင်း နေရပ်စွန့်ခွာသွားသူများအရေး နိုင်ငံတကာ ဖိအားများကို ခုခံရာတွင်လည်း တရုတ် နိုင်ငံသည် အားကိုး အားထားပြုရသော အရေးပါသည့် မိတ်ဖက် နိုင်ငံဖြစ်လာခဲ့သည်။ စီးပွားရေးတွင်လည်း တရုတ်နိုင်ငံ၏ ခါးပတ် လမ်းကြောင်းစီမံကိန်း “Belt and Road Initiative” သည် မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦ ဖွံံ့ဖြိုးတိုးတက်ရေး အကူအညီများ အလွယ်တကူ ရနိုင်မည့် ထွက်ပေါက်ဖြစ်လာခဲ့ပြန်သည်။

မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာများတွင် ပြန်လည် မှီခိုလာရခြင်းသည် ဆက်ဆံရေး ချိန်ခွင်လျှာအား တရုတ်ဘက်သို့ ပိုမို အလေးသာစေခဲ့ပြီး တရုတ်၏ မြန်မာ မူဝါဒကို ပိုမို တွန်းတွန်း တိုက်တိုက် ဖြစ်စေခဲ့သည်။ ဥပမာ- မူဆယ်မြို့ ဆင်ဖြူဈေး ရုံးအဆောက်အအုံသစ် တရုတ် မြန်မာ နယ်စပ်မျဉ်းအနီး ဆောက်လုပ်နေမှုကို နယ်စပ် စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟု ဆိုကာ တရုတ်နိုင်ငံ၏ တပ်ဖွဲ့က မြန်မာနိုင်ငံ အတွင်းသို့ လက်နက် အပြည့်အစုံဖြင့် ဝင်ရောက်တားမြစ်ခဲ့ခြင်များ ရှိခဲ့သည်။

ထို့အတူ တရုတ် မြန်မာနယ်စပ်တွင် လွှင့်ထူထားသော မြန်မာ အလံတိုင်ကို တရုတ် နယ်ခြားစောင့်တပ်က လက်နက် အပြည်အစုံဖြင့် လာရောက် ဖြုတ်ချခဲ့ခြင်း ၊ တရုတ်ရဲက မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ကာ မြန်မာနိုင်ငံသား ဆန္ဒပြသူကို ကိုယ်ထိ လက်ရောက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းများက တရုတ်နိုင်ငံ၏ ပိုမိုရဲတင်းသော မူဝါဒများကို ထင်ဟပ်နေသည်။ နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများမှာ ဖြစ်လေ့ ဖြစ်ထဖြစ်သော ပြဿနာတစ်ရပ်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားမှုမရှိဟု ယူဆဖွယ်ရှိသော တရုတ်နိုင်ငံ၏ တုံ့ပြန်မှုများသည် မြန်မာပြည်သူ လူထုအကြား မကျေနပ်ချက်များ တိုးပွား လာစေခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး များအပေါ် တစုံတရာအဆုံးအဖြတ် ပေးနိုင်သည့် တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး အီလစ် များ အကြား ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာခဲ့သော်လည်း၊ အီလစ်နှင့် မြန်မာပြည်သူ အကြား သဘောထားမျှရဲ့လား ဆိုသည်မှာ ဝိဝါဒပွားစရာမေးခွန်း တစ်ခု ဖြစ်နေသေးသည်။

ဒုတိယအနေဖြင့် တရုတ်နိုင်ငံ၏ ပိုမို တွန်းတွန်းတိုက်တိုက် ရှိလာသော မြန်မာ မူဝါဒကို မကြာမီကစ၍ တရုတ်တို့ကိုယ့်ကိုကိုယ် ရှုမြင် ပွဲထုတ်လာပုံ ပြောင်းလဲမှုနှင့်လည်း ဆက်စပ် နားလည်နိုင်သည်။ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာနေပြီး လက်ရှိ မဟာ အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၏ သြဇာတိက္ကမကို အန်တုခြိမ်းခြောက်လာနိုင်ခဲ့သည်။

စီးပွားရေး အင်အား ကြီးထွားလာမှုနှင့်အတူ တရုတ် နိုင်ငံသည် မိမိကိုယ်ကိုယ် ရူမြင်ပုံများလည်း ပြောင်းလဲ လာခဲ့သည်။ အထူးသဖြင့် လက်ရှိ သမ္မတ ရှီကျင့်ဖိန် တာဝန်ယူပြီးနောက် တရုတ် နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံသာ ဖြစ်သည်ဟူသော မိမိကိုယ်ကိုယ် သတ်မှတ် ပုံဖော်ထားမှုမှသည့် နိုင်ငံကြီး တစ်နိုင်ငံ အဖြစ် ပြောင်းလဲ ပုံဖော်လာခဲ့သည်။ တိုးတက်လာသည့် မိမိကိုယ် မိမိယုံကြည်မှုနှင့် အတူ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများလည်း ပိုမိုရဲတင်းလာခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် မိမိ၏ အကျိုးစီးပွားများ နှင့် သက်ဆိုင်သောကိစ္စရပ်များတွင် ခိုင်ခိုင်မာမာ ရပ်တည် ကာကွယ် ရပ်တည်မည်ဟု ကြွေးကြော်ခဲ့သည်။ ဘေဂျင်း၏ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာသော နိုင်ငံခြားရေး မူဝါဒများနှင့် အတူ ကမ္ဘာ တဝှမ်းရှိ ၎င်း၏ သံတမန်များသည်တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ဖော်ဆောင်ရာတွင် ပိုမို ရဲတင်းစွာပြောဆိုလာသည်ကို တွေ့ရသည်။

ထိုပြောဆိုချက်များသည် မရည်ရွယ်ပဲ လျှာ ခလုပ်တိုက်၍ အမှတ်တမဲ့ပြောမိခြင်းမျိုး မဟုတ်ဘဲ ဘေဂျင်း၏ ပြောင်းလဲလာသော မူဝါဒများကို ထင်ဟပ်နေသည်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်း တရုတ်သံအမတ် အနေဖြင့် ကချင်ပြည်နယ်ရှိ ပါတီများ ဘာသာရေး ခေါင်းဆောင်များအား မြစ်ဆုံဆည်ကို ဆန့်ကျင်ခြင်း မပြုရန်နှင့် အနောက် နိုင်ငံ သံတမန် များနှင့် ရင်းနှီးစွာ ဆက်ဆံခြင်း မလုပ်ရန် သတိပေးခဲ့ခြင်းများ၊ အလားတူ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ အထိ တာဝန် ယူထားသော အမေရိကန် သံအမတ်ဟောင်းတစ်ဦးအား မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားများကို လေးစားရန်နှင့် တရုတ် မြန်မာနယ်စပ်သို့ခရီးမသွားရန် ပြောဆိုခဲ့ခြင်းများသည် ဘေဂျင်း၏ ပြောင်းလဲ လာသော နိုင်ငံခြားရေးမူဝါဒ၏ လက္ခဏာ အသစ်တစ်ခုဖြစ်လာသည် ကောက်ယူနိုင်သည်။

တတိယ အနေဖြင့် တရုတ်နိုင်ငံ၏ ဝိဝါဒပွားစရာ မူဝါဒများသည် ဘေဂျင်း၏ တိုးတက်လာသော မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် အနောက်နိုင်ငံများသည်တရုတ် အကျိုး ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်နေသည် ဟူသော မလုံခြုံမှုအကြား ပေါ်ထွက်လာသော ဝိရောဓိ၏ ရလဒ်ဖြစ်သည်။ တရုတ်နိုင်ငံသည် စီးပွားရေး၊ စစ်ရေး အင်အားကြီးမားလာပြီး နိုင်ငံတကာအရေး များတွင် သြဇာ သက်ရောက်မှုများ ကြီးမားလာသလို တဘက်တွင်လည်း သမိုင်းကြောင်း အစဉ်အလားများ၊ နိုင်ငံရေး ယဉ်ကျေးမှုအမြင် ကွာဟမှု များကြောင့်၊ အမေရိကန် ဦးဆောင်သော နိုင်ငံများသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကန့်ကွက်ဟန့်တားရန်ကြိုးပမ်းနေသည်ဟူသော သံသယများလည်း ရှိနေသည်။

သို့ဖြစ်ရာ အနောက်နိုင်ငံများ မြန်မာပြည် မြောက်ပိုင်းတွင် ခြေရူပ်ခြင်းများကို မလိုလားသလို၊ မြစ်ဆုံဆည် အပါအဝင် အငြင်း ပွားစရာ စီမံကိန်းများအား ပြည်သူလူထုမှ တခဲနက် ကန့်ကွက်ခြင်းများကို အနောက်နိုင်ငံများ သို့မဟုတ် ၎င်းတို့မှ အထောက်အပံ့ ပေးထားသော အန်ဂျီအိုများမှ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေရန် ဆောင်ရွက်မှု အဖြစ်သာ မှတ်ယူလေ့ရှိကြသည်။ ထိုသည်ကို တာဝန်ပြီးဆုံး၍ထွက်ခွာတော့မည့်တရုတ်သံအမတ်၏ မကြာသေးမီက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားချက်များက ပေါ်လွင်စေသည်။ ၎င်းက ပြည်ပ အထောက်အပံ့ခံ အင်အားစု တစ်ချို့သည် မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းကို နိုင်ငံရေး အရ ဓားစားခံပြုလုပ်ပြီး တရုတ် မြန်မာ ချစ်ကြည်ရေးကို နှောက်ယှက်နေသည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ယခုနှစ် အစောပိုင်းက တရုတ်သံရုံး၏ ထုတ်ပြန်ချက် တစ်ခုတွင်လည်း မြစ်ဆုံဆည် အရေးတွင် ကန့်ကွက်နေသူများသည် ဒေသခံများ မဟုတ်ဘဲ ပြင်ပအဖွဲက အစည်းများသာ ဖြစ်သည်ဟု ရေးသားခဲ့သေးသည်။

ထိုကောက်ယူ စွပ်စွဲချက်များသည် တရုတ် မူဝါဒ အသိုင်းအဝန်းတွင် အမြစ်တွယ်နေသော အနောက်နိုင်ငံများအား မယုံကြည်သည့် သံသယစိတ်များကို ထင်ဟပ်လျက်ရှိသည်။ နိုင်ငံတကာ အသိုင်းအဝန်းမှ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုများနှင့် လွှမ်းမိုး သက်ရောက် လာနိုင်မှုများကို စိုးရိမ်မှုများ ရှိနိုင်သည်မှာ အငြင်းပွားဖွယ်ရာ တရပ်မဟုတ်ပါ။ သို့သော် လက်ရှိ တရုတ်မြန်မာ ဆက်ဆံရေးတွင် ဖြစ်ပွားနေသော အဖုအထစ်များသည် အနောက်နိုင်ငံများမှ အထောက်အပံ့ ပေးထားသော အဖွဲ့အစည်းများ၏ သွေးထိုးမှုကြောင့်သာ ဖြစ်သည်ဟူသော တရုတ်နိုင်ငံမှ မူဝါဒ ချမှတ်သူများ၊ ပညာရှင်၏ နားလည်မှုများသည် ပြဿနာ၏ အဖြေကို ရှာရတွင် ရေလိုက်လွဲစေပြီး လွန်ကျူးသော တုန့်ပြန်မှုများ ဖြစ်လာစေသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။

အချုပ်ဆိုရသော် တာဝန် ပြီးဆုံး၍ ထွက်ခွာတော့မည့် တရုတ်သံအမတ် စတင် တာဝန်ယူချိန်မှ စကာ တရုတ်နိုင်ငံ၏ မြန်မာ မူဝါဒများသည် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေးများ တည်ဆောက်ရာတွင် ပိုမို တက်ကြွလာခဲ့သလို မြစ်ဆုံဆည်အရေး၊ တရုတ် မြန်မာ နယ်စပ် ပြဿနာများတွင်လည်း တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို တွန်းတွန်း တိုက်တိုက် ဖိအားသုံး မြှင့်တင်လာခဲ့သည်ကို တွေ့ရသည်။

သို့သော် တရုတ်နိုင်ငံ၏ အငြင်းပွားစရာ အပြုအမူများသည် သံအမတ်၏ အတ္တနောမတိနှင့် ကိုယ်ရည် ကိုယ်သွေးများ အပြင် နိုင်ငံ တနိုင်ငံ၊ လူ့အဖွဲ့အစည်း အသိုင်းအဝန်း တစ်ခု၏ အမြင်များ ယူဆချက်များ နှင့် ပိုမိုနက်ရှိုင်းစွာ ဆက်စပ် လျက်ရှိရာ ရေရှည် သက်ရောက်နိုင်မှု အလားအလာများရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် အင်အား ကြီးမားလှသော အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် ကောင်းမွန်သော မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ မိမိ၏ အချုပ်အခြာအာဏာကို မထိပါးစေ ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဂုဏ်သိက္ခာရှိစွာ တန်းတူညီမျှရပ်တည်ရေးအတွက် ကာကွယ်ပေးနိုင်ရန် အရေးကြီးပါသည်။ ထိရောက်သောအထိန်းအထေ မပြုလုပ်နိုင်ပါက သြဇာခံ နိုင်ငံအဖြစ်သို့ရောက်သွားနိုင်ပြီး အထိန်းအထေ မတတ်ပါက နိုင်ငံကြီးများအကြား အားပြိုင်မှုတွင် မြေဇာပင် ဖြစ်သွားနိုင်ပါသည်။ ထိုနှစ်ခုအကြား မျှခြေကို ထိန်းသိမ်းရန် ကြိုးပမ်းခြင်း သည်ပင်လျှင် အနာဂတ် တရုတ် မြန်မာဆက်ဆံရေး၏ အဓိကအကျဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာပါလိမ့်မည်။

(ယခုဆောင်းပါးကို ဇွန် ၁၂ ရက်ထုတ် 7 Day News သတင်းဂျာနယ် အတွဲ – ၁၈၊ အမှတ်- ၁၄၊ စာမျက်နှာ ၂၂ တွင် ဖော်ပြခဲ့ပါသည်)

✔ ခင်ခင်ကျော်ကြီးသည် ISP-Myanmar သုတေသနဌာန လက်ထောက် ဒါရိုက်တာနှင့် ISP China Desk တာဝန်ခံဖြစ်ပါသည်။

About the author

Khin Khin Kyaw Kyee

Khin Khin Kyaw Kyee is the Deputy Director of Research and Head of China Desk in ISP Myanmar. She holds a Bachelor of Arts in Chinese Language from Mandalay University of Foreign Language and also obtained MA International Relations from Yunnan University in 2011 and MA International Studies and Diplomacy from School of Oriental and African Studies (SOAS) in 2016. She has experience in working with various international scholars, as well as CSOs, NGOs and INGOs since 2007. Her current research focus is on China-Myanmar relations, China’s Myanmar policy and One Belt One Road Initiative. Her research interest includes Foreign Policy, Public Diplomacy & Nation Branding, Non-traditional security issues and Geo-politics of Myanmar.

Add comment