သဘောထားကြေညာချက်

၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) အနေဖြင့် ဆန့်ကျင်ကန့်ကွက်ပါသည်။ ထို့နည်းတူ စစ်အာဏာသိမ်းရန် မည်သည့် အကြောင်းပြချက်မျိုးကိုမျှ လက်သင့်မခံပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကလည်း မည်သည့် နိုင်ငံရေးအကျပ် အတည်းမျိုး ရှိစေကာမူ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် မလုပ်ဆောင်သင့်ကြောင်း သဘောထားမှတ်ချက်များ ပြုခဲ့ပြီးဖြစ်သည်။

၂။ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် နိုင်ငံရေးဖြေလျော့မှု (Political Liberalization) ဖြစ်စဉ်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီတည်ဆောက်ရေး ဦးတည်ချက်များကို အရှိန်အဟုန်မြှင့်တင်ရမည့်အချိန်တွင် ယခုကဲ့သို့ စစ်အာဏာသိမ်းယူခဲ့ခြင်းသည် တိုင်းပြည်၏ နိုင်ငံရေးဖြစ်ထွန်းမှုအား နောက်ပြန်လန်ကျစေသည့် ဖြစ်ရပ်ဆိုးပင်ဖြစ်ပါသည်။ ထို့အတူ ၁၉၅၈ ခုနှစ်မှ စတင်ပြီး ယိုယွင်းပျက်ပြားခဲ့ရသည့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအား ပြန်လည်ရင်ကြားစေ့သင့်မြတ်စေရန် အလွန်တရာခက်ခဲသည့် အခြေအနေသို့ တွန်းပို့ရာ ရောက်စေသည်။

၃။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနှင့် ဆက်နွှယ်၍ ဖမ်းဆီးခံထားသူများအားလုံးနှင့် ကာလရှည်ကြာ အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။ ထို့အပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု၊ ကန့်ကွက် အရေးဆိုမှုများကို အကြမ်းဖက်ဖြေရှင်းခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူများအား (အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများအား) အလုပ်မှထုတ်ပယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန်လည်း တိုက်တွန်းပါသည်။

၄။ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်ဖြစ်သော လက်ရှိ အထွေထွေအကျပ်အတည်းမှ ထွက်မြောက်ရေးအတွက်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်များ အပါအဝင် ပြည်သူလူထု၏ မျှော်လင့်ချက်များကို ထောက်ရှု၍လည်းကောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ အနေဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ရပ်တည်နိုင်ရေးအတွက်လည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို အမြန်ဆုံးပြုလုပ်ပါရန် အလေးအနက် တောင်းဆိုပါသည်။

၅။ ISP-Myanmar သည် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော လွတ်လပ်၍ ပါတီစွဲကင်းပြီး အစိုးရမဟုတ်သည့် သုတေသနအဖွဲ့တခုဖြစ်ပါသည်။ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှု အားကောင်းစေရန် ဦးတည်ပါသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment