မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်ဦးရေ နှစ်သန်းခွဲကျော် ရှိလာ

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၅)

မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အထိ ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခ နဲ့ အဓိကရုဏ်းများကြောင့် နေရပ်စွန့်ခွာပြီး ပြည်တွင်းမှာ စစ်ပြေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်တွေအဖြစ် တိမ်းရှောင်ခိုလှုံနေကြရတဲ့ ဦးရေစုစုပေါင်းက နှစ်သန်းခွဲကျော် (၂,၅၈၉,၁၁၂ ဦး) ရှိလာပြီ ဖြစ်ပါတယ်။ အဆိုပါ ဒုက္ခသည်ဦးရေ နှစ်သန်းခွဲကျော်ထဲမှာ ၁,၀၀၉,၁၉၀ ဦး (အာဏာမသိမ်းမီ နှင့် အာဏာသိမ်းပြီးနောက် တိုးလာတဲ့ အရေအတွက်ပေါင်း)က နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်ဦးရေဖြစ်ပါတယ်။ ၄၉၇,၂၀၀ ဦး ကတော့ အာဏာမသိမ်းခင်ကာလမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းထဲမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေ ဖြစ်ပါတယ်။ ကျန် ၁,၀၈၂,၇၂၂ ဦးကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ (PDF/LDF/ CDF/CNDF/KNDF စသဖြင့်) အကြားမှာ ဖြစ်ပွားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အတွင်း ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် ဖြစ်ပါတယ်။

Download as PDF Version

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ လစဉ်တိုးနေပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမ ငါးလတာ (ဇန်နဝါရီလ မှ မေလ) အတွင်းမှာပဲ ဒုက္ခသည်ဦးရေ ၅၂၇,၆၉၇ ဦးထက်မနည်းတိုးခဲ့ပါတယ်။ အဲ့ဒီ့အရေအတွက်ဟာ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ ပြည်တွင်းစစ်ပြေး ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၄၉ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်စုစုပေါင်းကို နယ်မြေဒေသအလိုက် ကြည့်ရင် စစ်ပြေးဒုက္ခသည်အများဆုံး ရှိလာတာက စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုက္ခသည် ၃၄၄,၂၅၀ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း ရှိလာပါတယ်။ ဒုတိယအများဆုံးဒေသက ကယားပြည်နယ် ဖြစ်ပြီး စစ်ပြေးဒုက္ခသည် ၁၅၃,၆၀၀ ဦး (၁၄ ရာခိုင်နှုန်း) ရှိပါတယ်။ ကျန် ၅၈၄,၈၇၂ ဦး (၅၄ ရာခိုင်နှုန်း) ကတော့ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း နဲ့ ဧရာဝတီတိုင်းတို့ အတွင်းက ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေကို မြို့နယ်အလိုက် ပြန်လေ့လာမယ်ဆိုရင် မြို့နယ်ပေါင်း ၇၇ ခုအတွင်းမှာ စစ်ပြေးဒုက္ခသည်တွေ ရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒီမြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၂၂ ခုပါဝင်ပြီးတော့ စစ်ကိုင်းတိုင်းဟာ စစ်ပြေးဒုက္ခသည် အများဆုံးရှိတဲ့ တိုင်းတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊​ ဒီးမော့ဆိုမြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၁၂၆,၀၀၀ ထက်မနည်းရှိနေပြီး စစ်ပြေးဒုက္ခသည် အများဆုံး ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ မြို့နယ်အားဖြင့် ကြည့်ရင် ဒုတိယ စစ်ပြေးဒုက္ခသည်အများဆုံး ရှိနေတဲ့ ပဲခူးမြို့နယ် မှာတော့ ၂၀၂၁ ခုနှစ် ၊ ဧပြီ ၁၂ ရက်က စစ်ကောင်စီနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒေသခံ တသိန်းခန့် ထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပါ လူဦးရေ တသိန်းခန့်ထဲမှာ လူဦးရေ ဘယ်လောက်အထိ နေရပ်ပြန်ခဲ့သလဲ၊ ထွက်ပြေးတိမ်းရှောင်နေရဆဲ လူဦးရေကရော ဘယ်လောက် အတိအကျရှိနေလဲ ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

∎ ဘာကြောင့်အလေးထားသင့်သလဲ

ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေ၊ ထပ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်တွေကို လေ့လာခြင်းအား ဖြင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံအပြောင်းအလဲနဲ့ လူသားချင်းစာနာအကူအညီလိုအပ်ချက်တွေကို သုတေသနပြု ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာအချက်အလက်များပဲဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment