အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု

ကနဦးသုံးသပ်ချက် (အမှတ်-၉)

∎ ဖြစ်ရပ်အချက်အလက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) ရဲ့ ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှာ ပြောခဲ့ပါ တယ်။ နောက်ဆုံးထားအကြောင်းပြန်ဖို့ မူလကသတ်မှတ်ထားတဲ့ မေ ၉ ရက် အထိ သိရတဲ့အချက်အလက်တွေအရ EAOs ၂၁ ဖွဲ့ရှိတဲ့အထဲမှာ ၁၀ ဖွဲ့က တွေ့ဆုံဖို့ အကြောင်းပြန်ခဲ့ပါတယ်။ 

Download as PDF Version

∎ ကနဦးသုံးသပ်ချက်

စစ်အာဏာသိမ်းပြီး နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ပွဲတွ​အများဆုံးဖြစ်နေတဲ့ ဒေသတွေက EAOs တွေဖြစ်တဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့အပါအဝင် အများစုဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့ ငြင်းဆန်ထားပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေး နည်းလမ်းကို လက်ခံပေမဲ့ ပါဝင်သင့်သူ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်မှ ပါဝင်ဆွေးနွေးမယ်လို့ KIA နဲ့ KNU အပါအဝင် KNPP နဲ့ CNF တို့က ထုတ်ပြန်ခဲ့ပါတယ်။ 

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။



စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရင် အခြေအနေသုံးရပ်ကို မြင်သာစေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေဟာ အရင်ကလို​ပုံမှန်အခြေအနေ (old normal) မဟုတ်တော့ဘူး၊ ဘက်အသီးသီးက တိုင်းပြည်ကို သူတို့လိုလားတဲ့ အခြေအနေသစ် (new normal) အဖြစ် ဖန်တီးဖို့ ကြိုးစားနေကြပြီး၊ တိတိပပ ပုံပေါ်လာတာ မရှိသေးပါဘူး။ သေချာတာကတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု အခင်းအကျင်းမျိုးရဖို့ ရေခံမြေခံရှိတဲ့ ပုံမှန်အခြေအနေမဟုတ်တော့တာ၊ ရှိရင်းစွဲအထိုင်ကိုလွန်သွားပြီ (post-normal) ဆိုတဲ့အပေါ် သိမြင်ချက်က စစ်ကောင်စီဘက်၊ အထူးသဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌဆီမှာ ရှိနေပုံမရပါဘူး။ ဒါ့အပြင် ဆိုရှယ်မီဒီယာရဲ့ ဖိအားက ပဋိပက္ခမှာ ပါဝင်ပတ်သက် နေကြသူတွေအပေါ် သက်ရောက်မှု ရှိနေပြီး၊ ညှိနှိုင်းဆွေးနွေး စေ့စပ်မှုဖြစ်စဉ်တိုင်းမှာ ကနဦးကာလ မရှိမဖြစ် လိုအပ်ချက်တရပ်ဖြစ်တဲ့ လျှို့ဝှက်အပ်တဲ့အချိန်တခုအထိ ခိုင်မာတိကျတဲ့ လျှို့ဝှက်ပြင်ဆင်မှုမျိုးမရှိရင် တခဏ အတွင်း အရာအားလုံး ပျက်သွားနိုင်တယ်ဆိုတာ ဒုတိယအချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ ကြိုးပမ်းချက်တွေ အရာမထင်ခြင်းမှာလည်း ဒီအချက်ကို တွေ့ရပါတယ်။ တတိယတချက်က စစ်ကောင်စီဟာ သမ္မတ ဦးသိန်းစိန်လက်ထက်ကလို အားကောင်းတဲ့ ကျောထောက်နောက်ခံ တတ်သိနဲ့ လော်ဘီစုဖွဲ့မှုတွေ ရှိနေပုံမရသလို၊ EAOs ခေါင်းဆောင် တော်တော်များများက ဦးသိန်းစိန်ဟာ “ရိုးတယ်”၊ ငြိမ်းချမ်းရေးအတွက် အလုပ်အတူတွဲ စမ်းလုပ်ကြည့်လို့ရနိုင်တယ်ဆိုတဲ့ သံသယအကျိုးခံစားခွင့် ပေးလိုစိတ် ရှိသော ရှုမြင်ပုံ (perception) မျိုးဟာ လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌ အပေါ်  ရှိမနေတာကလည်း အရေးပါပါတယ်။ 

ISP-Myanmar က ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ဖော်ပြခဲ့တဲ့ “NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်း ရေးဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” ရဲ့ အောက်ထစ်ဖြစ်တန်ခြေမှာ ဆိုခဲ့သလိုပဲ စစ်ကောင်စီ ဟာ လူထုထောက်ခံမှုကင်းမဲ့ခြင်းနဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း အကျပ်အတည်း (legitimacy crisis) ကို ရင်ဆိုင်နေရဆဲ ဖြစ်တဲ့အပြင် ရှိရင်းစွဲ EAOs တွေနဲ့ ဆက်ဆံရေး၊ ယုံကြည်မှုအပိုင်းတွေမှာလည်း အဆိုးရွားဆုံး အနေအထား ဖြစ်နေပါတယ်။ တဖက်မှာလည်း လက်နက်ကိုင် ပဋိပက္ခ မြေပုံသစ်က ပိုကျယ်လာပြီး တိုက်ပွဲဖြစ်မှုတွေက ပြင်းထန်နေပါတယ်။ မြန်မာ့လက်နက်ကိုင် ပဋိပက္ခမှာ အသစ်အသစ်သော ဇာတ်ကောင် တွေ ပေါ်လာသလို၊ ရှိရင်းစွဲ EAOs အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ လိုလားချက်တွေက အပြောင်းအလဲ ဖြစ်လာ ပါတယ်။ အထူးသဖြင့် အရင်အစိုးရတွေ စဉ်းစားခဲ့သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းကို ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ တွဲချိတ်မယ်ဆိုတဲ့ စဉ်းစားချက်အဟောင်းက အလုပ်မဖြစ်တော့ဘဲ “ စစ်တပ် နိုင်ငံရေးကနေ ထွက်ခြင်းကသာ အဖြေဖြစ်မယ်” ဆိုတဲ့ ယူဆချက်တွေ ပိုပြီး အားကောင်းမောင်းသန် ဖြစ်လာပါတယ်။ ဒီအနေအထားမှာ ပုံမှန်စဉ်းစားချက်ကို အခြေပြုတဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုက မြေသား အခြေမခိုင်တဲ့ ကွင်းပြင်မှာ ဝှဲချီးမဏ္ဍပ်ထိုးပြီး အလှူဖိတ်သလို ခိုင်မာမှု မရှိတာကြောင့် အဆီတထပ် အသာတထပ် မက်လုံးတွေဟာလည်း သဲတရှပ်ရှပ်ဖြစ်ရုံသာမက မဏ္ဍပ်ပါ ပြိုပျက်လွယ်မယ့် အန္တရာယ်ကို အားလုံးက စိုးထိတ်ကြမှာပါပဲ။ ဒါကြောင့်ပဲ စစ်ကောင်စီ ဥက္ကဋ္ဌက သူကိုယ်တိုင် တွေ့ဆုံမယ်ဆိုတဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ဟာ အောင်မြင်နိုင်ခြေ မရှိပါဘူး။ 

ဒါ့အပြင် ISP-Myanmar ရဲ့ ကနဦးသုံးချက် အမှတ် – ၆ နဲ့ အမှတ် – ၈ တို့မှာ အလေးပေး ဖော်ပြခဲ့သလို အခု အခြေအနေမှာ အရေးပါတဲ့ ပလေယာသစ်တွေ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) ရဲ့ အခန်းကဏ္ဍကို တိတိပပ ထုတ်ဖော် ပြောဆိုတာမျိုး၊ ထည့်သွင်းဆောင်ရွက်တာမျိုး မလုပ်သရွေ့ လူသားချင်းစာနာမှု အကူ အညီပေးရေးတွေ ကစလို့ ပဋိပက္ခဖြေရှင်းရေးကိစ္စအထိ ခက်ခဲနေကြဦးမှာ ဖြစ်ပါတယ်။ 

∎ ဖြစ်တန်ခြေအကဲဖြတ်ချက်

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နဲ့ ဆက်စပ်ပြီး ဖြစ်တန်ခြေနှစ်ရပ် ရှိနိုင်ပါတယ်။ စစ်ကောင်စီ ကမ်းလှမ်းချက်မှာ အများဆုံးရနိုင်တဲ့ ဖြစ်တန်ခြေက စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေး သော်လည်းကောင်း တဖွဲ့ချင်းစီအလိုက် သဘောတူညီမှု (Bilateral agreement) လောက်ပဲဖြစ်နိုင်ပါတယ်။ ဒါကလည်း လုပ်ငန်းစဉ်အဆင့်လောက်သာ ဖြစ်နိုင်ပြီး၊ သမ္မတ ဦးသိန်းစိန် လက်ထက်က EAOs အများစုပါဝင်ပြီး (Multilateral) တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဖော်ဆောင်နိုင်ခဲ့တဲ့ အဆင့်မျိုး မရနိုင်ပါဘူး။ ဒီလိုမျိုး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက်က သူတို့ မျှော်မှန်းသလောက် မပေါက်ရောက်၊ မအောင်မြင်ဘူးဆိုရင် အဆိုးဆုံး ဖြစ်တန်ခြေက စစ်တပ်တွင်းမှာ သဘောထားတင်းမာသူတွေ အားကောင်းလာပြီး၊ လက်ရှိထက် ပိုမိုသော ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။

➥ “ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ “လူသားချင်းစာနာထောက်ထားမှုအပြင်” (HUMANITARIAN PLUS) ချဉ်းကပ်မှုနည်းလမ်း” မူဝါဒဆိုင်ရာအာဘော် အမှတ် (၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.ispmyanmar.com/burmese/2022/01/22/op-6/

➥ “မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ” မူဝါဒဆိုင်ရာအာဘော် အမှတ် (၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.ispmyanmar.com/burmese/2022/03/10/op-8/

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

1 comment