အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ် – (၄)
(၂၀၂၁ ခုနှစ် မေ ၂၁ ရက် မှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ ဖြစ်သည်။)
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းပေါ်ပေါက်လာတဲ့ ခုခံတွန်းလှန်စစ်တွေထဲမှာ ကရင်နီဒေသလို့ ခေါ်ကြ တဲ့ ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ်တို့ဟာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန် လာခဲ့တဲ့ ဒေသတစ်ခုဖြစ်လာခဲ့ပါတယ်။ ISP-Myanmar က ယခုဖော်ပြထားတဲ့ ညွှန်းပြမြေပုံမှာ ကရင်နီဒေသတွင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေ၊ စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တဲ့နေရာတွေ ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ နေရာတွေ ၊ ပဋိပက္ခကြား အရပ်သားများ ထိခိုက် သေဆုံးခဲ့ရတာတွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့နေရာတွေအပြင် စစ်ပြေးဒုက္ခသည်တွေရဲ့ အရေအတွက် တည်နေရာတွေကိုလည်း ဖော်ပြထားပါတယ်။ ဒီအချက်အလက်တွေဟာ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက် ကနေ ၂၀၂၂ ခုနှစ် ၊ ဧပြီ ၃၀ ရက် အတွင်း ရရှိခဲ့တဲ့ အချက်အလက်တွေကို အခြေပြုထားပါတယ်။
∎ တိုက်ပွဲဖြစ်ပွားမှု နဲ့ လေကြောင်းတိုက်ခိုက်မှု များပြား
၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း ကရင်နီဒေသထဲမှာ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပါအဝင် ကရင်နီတော်လှန်ရေးတပ် အနည်းဆုံး ၁၀ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ ၂၄၇ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ ပွဲဦးထွက်စဥ်က တူမီး၊လက်လုပ် သေနတ်တွေကိုသာ ကိုင်တွယ်တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိုက်ပွဲဝင် ရိုင်ဖယ်၊ စက်သေနတ်၊ စနိုက်ပါ စတဲ့ ခေတ်မီ လက်နက်တွေကိုပါ တပ်ဆင်လာနိုင်ပြီး ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေ ဖြစ်စဉ်တွေကိုပြန်ကြည့်ရရင် နှစ်ဖက်ထိပ်တိုက်တိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီရဲ့ မြို့ပေါ်အခြေစိုက် တပ်မ ဌာနချုပ်စခန်းနဲ့ ရဲစခန်းတွေအပြင် တပ်စွဲထားတဲ့တောင်ကုန်းတွေပါ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေလည်း ပါဝင် ပါတယ်။
၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက် က တိုက်လေယာဥ်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တာ အနည်းဆုံး ၁၂၃ ကြိမ် ရှိခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှုထဲမှာ Helicopter gunship တွေနဲ့ ပစ်ခတ်တာတွေ ပါဝင်သလို ဖျက်အားပြင်း ဗုံးကြီးတွေ ကြဲချပြီး တိုက်ခိုက်တာတွေလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။ ဒီးမော့ဆိုမြို့နယ်ဟာ လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးခံခဲ့ရပြီး စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၉၅ကြိမ် ထက်မနည်း ရှိခဲ့ ပါတယ်။
∎ အရပ်သားသေဆုံးမှု နှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများပြား
အထက်မှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှု အစရှိတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ရက်အတွင်းမှာ အရပ်သားသေဆုံးမှု ဦးရေ ၁၁၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ အရပ်သားသေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ မီးရှို့ အလောင်းဖျောက်ဖျက်တာ၊ လမ်းပြအဖြစ် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတာတွေနဲ့ လက်နက်ကြီးကျည်စ ထိမှန်လို့ သေဆုံးတာတွေ အပြင် တိုက်ပွဲကြားမပြေးနိုင်လို့ နေအိမ်အတွင်း ပုန်းနေရင်း စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ သူတွေလည်းပါဝင်ပါတယ်။
ကရင်နီဒေသတွင်း လက်နက်ကိုက်ပဋိပက္ခကြားမှာ စစ်ကောင်စီဘက်က အရပ်သားနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်လို့ ထိခိုက်ပျက်စီးရတဲ့ နေအိမ်အရေအတွက်ကလည်း ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်းမှာ အဆောက်အဦး ၇၁၄ ခု ထက်မနည်း ရှိခဲ့ပါတယ်။ ဒီ အဆောက်အဦး ၇၁၄ ခု ထဲမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေအပြင် စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေထဲက အိမ်တွေနဲ့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေလည်း ပါဝင်ပါတယ်။
∎ ကရင်နီဒေသတခုလုံးရှိ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းကျော် စစ်ပြေးဒုက္ခသည်ဖြစ်လာ
ကရင်နီဒေသတွင်း ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ပဋိပက္ခကြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ဦးရေ စုစုပေါင်း ၁၉၉,၆၁၅ ဦးထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီ့ကိန်းဂဏန်းကို ပြန်ခွဲခြမ်းစိတ်ဖြာကြည့်ရင် စစ်ပြေးဒုက္ခသည်တွေဟာ ဒီးမော့ဆို မြို့နယ်ထဲမှာ ၇၈,၂၆၅ ဦး ၊ လွိုင်ကော် မြို့နယ်ထဲမှာ ၅၂,၃၁၁ ဦး ၊ ဖယ်ခုံမြို့နယ်ထဲမှာ ၅၁,၀၀၀ ဦး၊ ဖရူဆိုမြို့နယ်ထဲမှာ ၆,၉၀၃ ဦး၊ ဖားဆောင်းမြို့နယ်ထဲမှာ ၄,၀၀၀ ဦး၊ ဘော်လခဲမြို့နယ်ထဲမှာ ၃,၇၄၁ ဦး၊ ရှားတောမြို့နယ်ထဲမှာ ၂,၃၉၅ ဦး နဲ့ မယ်စဲ့ မြို့နယ်ထဲမှာ ၁,၀၀၀ ဦး တို့ ရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကရင်နီဒေသ တခုလုံးမှာ လူဦးရေစုစုပေါင်း ၃၉၀,၂၁၀ ဦး ရှိပါတယ်။ အဲ့ဒီ့စုစုပေါင်းလူဦးရေထဲမှာ ၁၉၉,၆၁၅ ဦး က နေရပ်စွန့်ခွာ ထွက်ပြေးနေရတာကြောင့် ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ကရင်နီဒေသတွင်းမှာ ရှိရင်းလူဦးရေ ရဲ့ ၅၁ ဒသမ ၁၆ ရာခိုင်နှုန်း က စစ်ပြေးဒုက္ခသည် ဖြစ်နေတာကို တွေ့ရှိရပါတယ်။
∎ ဘာကြောင့် အလေးထားသင့်သလဲ
ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက် ၊ သေဆုံးဒဏ်ရာ ရခဲ့ပုံ ဖြစ်စဥ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ပမာဏတွေကို လေ့လာခြင်း အားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်တဦတွေ ရှိ၊ မရှိ ဆိုတဲ့ အပေါ် အသွင်းကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) နဲ့ လူသားလုံခြုံရေးဆိုင်ရာ ( Human Security) ကိစ္စရပ်တွေအတွက်လည်း သုတေသန ပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေ အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) တို့လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

