စစ်အာဏာသိမ်းမှု တနှစ်ပြည့်
ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ်

ကနဦးသုံးသပ်ချက် (အမှတ်-၇)

∎ ဖြစ်ရပ်အချက်အလက်

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ပြန်လန်ကျစေခဲ့တဲ့ စစ်အာဏာသိမ်းမှု ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ တနှစ်ပြည့်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာခြင်းကို နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုက ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆက်ရှိနေပြီး၊ အခု ဖေဖော်ဝါရီ ၁ ရက် “အသံတိတ်သပိတ်” ဆင်နွှဲပြီး ဆန့်ကျင်ကြောင်း ပြသရာမှာလည်း (စစ်ကောင်စီဘက်က ကြိုတင်ဖမ်းဆီး၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ရှိတဲ့ကြားက တွန့်ဆုတ်မသွားဘဲ) လူထုက ပူးပေါင်းပါဝင်ခဲ့ပါတယ်။

Download as PDF

∎ ကနဦးသုံးသပ်ချက်

အာဏာသိမ်းခဲ့တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ သူတို့အပေါ်ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုမျိုးစုံကို နိုင်ငံအနှံ့ ဒေသအများစုမှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ခွင့်လည်း အခုထိမရသေးပါဘူး။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖတ်ဆယ်လို့မရအောင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချွတ်ခြုံကျခဲ့ရပြီဖြစ်သလို ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရမှုတွေကလည်း အဆိုးဆုံးသောအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီး နှိပ်စက်တာတွေ၊ တိုက်ပွဲတွေနဲ့အတူ စစ်ပြေးဒုက္ခသည် တိုးပွားလာတာနဲ့ အရပ်သားသေဆုံးမှု စံချိန်တင်များလာတာစတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ကြီးစွာရင်ဆိုင်နေရပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

စစ်အာဏာသိမ်း တနှစ်ပြည့် မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်ကြည့်တဲ့အခါ ချိန်ထိုး အကဲဖြတ်အပ်တဲ့ ရှုထောင့်သုံးရပ် ရှိပါတယ်။ ပထမတခုက တွန်းလှန်ပုန်ကန်မှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေက လတ်တလော နိုင်ငံရေးအခင်းအကျင်းအပေါ် ဘယ်လို အပြောင်းအလဲ ရလဒ်ဖြစ်စေနိုင်မလဲဆိုတဲ့ ရှုမြင်ချက်ပါ။ ဒုတိယအချက်က ပလေယာအသစ်တွေ ပေါ်လာခြင်းက ရှိရင်းစွဲ နိုင်ငံရေးအခြေအနေအပေါ် ဘယ်လို သက်ရောက်စေမလဲဆိုတာ နဲ့ တတိယတခုက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးထားမှုနှုန်းစံတွေက ဒီအဖြစ်အပျက်တွေနောက်ပိုင်း ဘယ်လို အပြောင်းအလဲ ဖြစ်စေသလဲဆိုတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူအများစုရဲ့ဆန္ဒကို လျစ်လျူရှု ပစ်ပယ်ထားတဲ့အပြင် လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ် နှိမ်နင်းတာတွေကိုလည်း မလျှော့သေးပါဘူး။ ဒါတင်မကဘဲ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ဖော်တဲ့ ပုံလည်း မရှိပါဘူး။ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုဘက်ကလည်း စစ်ကောင်စီ “လုံး၀အုပ်ချုပ်ခွင့်မရစေဖို့” အတွက် နည်းပေါင်းစုံသုံး ဖိအားပေးမှု ဆက်လုပ်နေတဲ့အပြင် လက်နက်ကိုင်တွန်းလှန်မှုကိုပါ အားပြုလာကြပါတယ်။ ဒါကြောင့် ပထမ ရှုမြင်ချက်အရကြည့်ရင် လူထုလိုလားတဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဖြစ်စေဖို့ ရေတိုမှာ မဖြစ်နိုင်သေးဘဲ ရေရှည်မြော်မြင်ချက်နဲ့ ဆက်လုပ်ရဦးမယ့်အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ ရေတို ရလဒ်ထွက်ချင်ဇောကဲလွန်းတဲ့ တုံ့ပြန် ဆောင်ရွက်ချက် တွေကြောင့် ပြင်းထန်တဲ့ နာကျည်းမှုတွေ၊ အနိုင်-အရှုံး သဲသဲကွဲကွဲ ရချင်တဲ့ “ရန်-ငါ-စည်း” တွေးခေါ်မှုတွေက သက်ရောက်မှု ကြီးမားနေဆဲ ဖြစ်ပါတယ်။

ဒုတိယရှုမြင်ချက်အရ ပလေယာသစ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော် မတီ (CRPH) အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF၊ LDF၊ CDF၊ KNDF စသဖြင့်) တွေရဲ့ အခန်းကဏ္ဍကိုထည့်မစဉ်းဘဲ ဒီနိုင်ငံရဲ့ ပြဿနာတွေ ပြေလည်မှုရနိုင်မှာ မဟုတ်ပါဘူး။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေကအစ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုအဆုံး ဒီပလေယာသစ်တွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာကပါ တိတိ ပပ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုပြီး ဆောင်ရွက်မှသာ ပြေလည်နိုင်ပါမယ်။ ဒီအတွက် အကျပ်အတည်း ဆက်ရှိနေပုံပါပဲ။

နောက်ဆုံးရှုမြင်ချက်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးထားမှု နှုန်းစံတွေနဲ့ လက်ခံကျင့်သုံးမှုတွေ အပြောင်းအလဲ ဖြစ်လာပါတယ်။ နိုင်ငံရေးမှာ ပိုမိုနိုးကြားတက်ကြွစွာ ပါဝင်လာခြင်းနဲ့ အတူ “အားလုံး ပါဝင်ရေး” ဆိုတဲ့ သဘောထားနဲ့ မူဝါဒတွေ ရှေ့တန်းရောက်လာပါတယ်။ လူမျိုးစုတွေအကြား၊ ဘာသာ မတူသူတွေအကြား ခွဲခြားဖိနှိပ်မှုတွေကို ကန့်ကွက်ရှုတ်ချကြပြီး ခေတ်ဟောင်း၊ စနစ်ဟောင်းတွေကို တွန်းလှန်ဖြိုချလိုတဲ့ အယူအဆတွေ အားကောင်းလာပါတယ်။

∎ ဖြစ်တန်ခြေအကဲဖြတ်ချက်

အာဏာသိမ်းမှု တနှစ်လွန် အခြေအနေကို အကဲဖြတ်ရာမှာလည်း အခုတင်ပြခဲ့တဲ့ ရှုမြင်ချက်သုံးရပ်နဲ့ပဲ ချိန်ထိုးကြည့်ပါမယ်။ ရေတို ရလဒ်ထွက်ချင်ဇောကဲလွန်းတဲ့ တုံ့ပြန် ဆောင်ရွက်ချက်တွေထက် ရေရှည်အတွက် စနစ်တကျပြင်ဆင်နိုင်ခဲ့ရင် လူထု မျှော်လင့်နေတဲ့ ရလဒ်ကောင်းထွက်ဖို့ ပိုပြီးနီးစပ်နိုင်ပါတယ်။ “ပါးရိုက်ရင် နားကိုက်မယ်” ဆိုတဲ့ တုံ့ပြန်မှုမျိုးကိုပဲ ဦးစားပေးပြီး ရလဒ်ထွက်ရေးကို မစဉ်းစားနိုင်ရင် ရေရှည်မှာ အပြောင်းအလဲဖြစ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒုတိယတခုဖြစ်တဲ့ ပလေယာသစ်တွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာအပါအဝင် အင်အားစုအသီးသီးက ဝါးတားတားလုပ်မနေဘဲ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုပြီး အတိအလင်း ပူးပေါင်းဆောင်ရွက်တာတွေ လုပ်မယ်၊ ပလေယာသစ်တွေဘက်ကလည်း ဒီအခြေအနေရအောင် လုပ်ဆောင်မယ် ဆိုရင် မြင်သာတဲ့ အချိုးအကွေ့တွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို စဉ်းစားချက်မျိုး အားနည်းပြီး “ဟိုကွေ့ရောက်ဟိုတက်နဲ့ လှော်၊ ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော်” ဆိုတဲ့ စဉ်းစားချက်၊ လုပ်ဆောင် ချက်မျိုး လွှမ်းမိုးနေရင် ရေရှည်မှာ အခက်ကြုံရနိုင်ပါတယ်။ တတိယတခုအနေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးထားမှု စံနှုန်းတွေနဲ့ ကျင့်သုံးလိုက်နာမှု ပြောင်းလဲခြင်းတွေက ဘုံရန်သူ ကို တိုက်နေလို့ အားကောင်းတာထက် ပြောင်းလာတဲ့ အယူအဆနဲ့ လက်ခံကျင့်သုံးမှုတွေ လူ့အဖွဲ့အစည်းအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်ကျင့်သုံးနိုင်ဖို့ လုပ်ရပါဦးမယ်။ အထူးသဖြင့် လူတိုင်းနီးပါး “မျှဝေခံစားမှုရှိတဲ့ နိုင်ငံသားများ”အဖြစ် ခံယူကျင့် သုံးနိုင်ဖို့အတွက် ဆက်ပြီးကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment