စောင့်ဆိုင်းခြင်း၊ ရှုတ်ချခြင်းတို့ဖြင့် လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေးအပေါ် ဖြေရှင်းနိုင်ဖွယ်မရှိ

ကနဦးသုံးသပ်ချက် (အမှတ်-၅)

∎ ဖြစ်ရပ်အချက်အလက်

ပြီးခဲ့တဲ့လပိုင်းအတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ လောင်မီးကျနေချိန်မှာပဲအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုလာခဲ့ပြီး လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။

Download as PDF

∎ ကနဦးသုံးသပ်ချက်

အာဏာသိမ်းပြီး ၁၁ လ ကျော်လာချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ခုခံတွန်းလှန်စစ်ကို တုံ့ပြန်ဖို့ စစ်ကောင်စီတပ်တွေဟာ ပိုပြင်းထန်ပြီး အင်အားမမျှတဲ့ စစ်ရေးဆိုင်ရာ နည်းလမ်းတွေကို သုံးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တလအတွင်းကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် လူ ၃၅ ဦးခန့် မီးရှို့သတ်ဖြတ်ခံခဲ့ရသလို၊ ချင်းပြည်နယ်မှာလည်းအသက် ၁၃ နှစ်အရွယ် ကလေးတဦး အပါအဝင် ၁၃ ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ တခါကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ တလအတွင်း စစ်ပြေးဒုက္ခသည် ၃၃,ဝ၄၇ ဦးထက်မနည်းတိုးလာပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

အခုလို လောင်မီးကျနေချိန်မှာ အရပ်သားတွေအပေါ် အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး (Humanitarian Access) ကိစ္စတွေက အဓိက ကျလာပါတယ်။ ဒါက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲမှာ ပါဝင်တဲ့အချက်တခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံကိုလာခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်းတို့ရဲ့ ခရီးစဉ်အပြီး သတင်းထုတ်ပြန်မှုမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု ထောက်ပံ့အကူအညီပေးရေးကို အာဆီယံ လူသားချင်းစာနာမှု အထောက်အကူပေးရေးပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Center)၊ ကြက်ခြေနီအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အပြင်တခြားအဖွဲ့အစည်းတွေကတဆင့် ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းပိုင်းနဲ့ တရားဝင်မှုဆိုင်ရာ ကိစ္စတွေကြောင့် နှောင့်နှေးမယ့်သဘောရှိပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ လောင်မီးကျပြီး အကာအကွယ်မဲ့နေကြတဲ့အပေါ် စောင့်ကြည့်၊ စောင့်ဆိုင်းနေရုံ၊ ရှုတ်ချအပြစ်တင်နေရုံနဲ့ အလုပ်မဖြစ်တော့ပါဘူး။ အခုဖြစ်နေတဲ့ အခြေအနေအပေါ် နိုင်ငံရေးပြဿနာများကို ကိုင်တွယ်သလို အချိန်စောင့်ဆိုင်းပြီး ဖြေရှင်းတာမျိုး၊ ပါဝင်ဘက်အသီးသီးရဲ့ လက်ခံသဘောတူညီမှုကို တဖြည်းဖြည်း စောင့်ဆိုင်းပြီး ဖြေရှင်းတာမျိုးလုပ်လို့မရပါဘူး။ အရှည်သဖြင့် ဖြေရှင်းရမယ့် အရာတွေအတွက် အဓိကပါဝင်ဘက်တွေရဲ့ သဘောတူညီမှုလိုပေမဲ့ သဘောတူညီမှု မရနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှုအထောက်အကူပေးရေးကိစ္စတွေက စောင့်ဆိုင်းနေလို့ မရတော့ပါဘူး။ အရပ်သားကာကွယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေး ရေးအတွက် အဓိကအကျဆုံးဟာ ရင်ဝလှံစူး ဦးထိပ်မီးလောင် ဆိုသလို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်မှု (Sense of Urgency) ဖြစ်ပါတယ်။ ဒီလို အရေးတကြီးလုပ်နိုင်မှသာ အရပ်သားကာကွယ်ရေး လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ဘေးအန္တရာယ် လျှော့ချရေး (Threat Reduction) နဲ့ ထိခိုက်နစ်နာလွယ်မှုအခြေအနေများကို လျှော့ချရေး (Vulnerability Reduction) ကိစ္စရပ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ။

အရပ်သားပြည်သူတွေ လောင်မီးကျနေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အခြားဆက်စပ်တဲ့ အထောက်အကူပြု အဖွဲ့တွေကအရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်မှု မလုပ်ခဲ့ရင် ဒီ့ထက် ပိုကြီးမား ကျယ်ပြန့်လာမယ့် လူသားချင်းစာနာမှု အကျပ်အတည်းကိုရင်ဆိုင်ရနိုင်ပါတယ်။ ဒီအကျပ်အတည်းဟာ ကိုဗစ် ကပ်ဘေးကြောင့်လည်း တပူပေါ် အပူအဆင့်ဆင့် ထပ်တိုးပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ ဆိုးကျိုးသက်ရောက်စေမှာ ဖြစ်ပါ တယ်။ မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေအတွက် မဟာဗျူဟာတန်ဖိုး သိပ်ပြီးမကြီးမားလို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ကိုင်တွယ်ရခက်ခဲလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသတွင်းနိုင်ငံတွေအကြား၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအကြား ဘော်လီဘောပုတ် ဖြေရှင်းလို့ မရတော့ပါဘူး။

ကမ္ဘောဒီးယား ‌ကြွေးကြော်နေတဲ့ မြန်မာ့အရေး ချဉ်းကပ်မှုအသစ်ဆိုတာနဲ့တော့ အာဆီယံဟာ ဒီအရေးကို ဦးစီးဦးဆောင် လုပ်နိုင်ဖွယ်မမြင်ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးအစည်းအဝေးကျင်းပပြီး ချက်ချင်းဆိုသလို ကိုင်တွယ်ဆောင်ရွက်ဖို့ အထူးလိုအပ်နေပြီလို့ သုံးသပ်ရပါတယ်။အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့အနေနဲ့လူသားချင်းစာနာမှုဘေးကို တားဆီးနိုင်ရေး အရပ်သားတွေကို ပစ်မှတ်မထားဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဖို့ စစ်ကောင်စီကို ဖိအားပေးတာ၊ စာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲ ရောက်ရှိရေး အထူးအရေးပေါ် အစီအမံစနစ် (Ad-hoc mechanism and support system) တွေ ဆောင်ရွက်တာကို အမြန်ဆုံး လုပ်ဖို့လိုအပ်ပါလိမ့်မယ်။

∎ ဖြစ်တန်ခြေအကဲဖြတ်ချက်

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှု အထောက်အကူပေးရေး အရေးပေါ်အခြေအနေ ရောက်နေပေမဲ့ နိုင်ငံတကာတုံ့ပြန်မှု ချက်ချင်းလက်ငင်းရဖို့ ဖြစ်နိုင်ခြေ နည်းနေပါသေးတယ်။ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဖို့ ဆိုတာကလည်း အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ခွင့်ရဖို့ ဝင်ခွင့်လက်မှတ်သဘောအဖြစ်သာ စစ်ကောင်စီက ယူဆနေပါလိမ့်မယ်။ တခါ ဒီပြဿနာတွေထဲ ပါဝင်နေတဲ့ ဘက်အသီးသီးကလည်းစစ်ရေးနဲ့ နိုင်ငံရေး အသာစီးရရေးကိုပဲ ဦးစားပေးဖွယ် ရှိပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးမှာ အနိုင်ရရှိတာနဲ့ ပြဿနာတွေအားလုံး ကျွဲကူးရေပါဆိုသလို ပြေလည်ပြီး လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့ ရှုမြင်ထားပုံရပါတယ်။ မြန်မာလူထုအနေနဲ့ စစ်ဘေးနဲ့အခြားသော ကပ်ဘေးဒုက္ခတွေကို ပိုတိုးပြီး ခံစားရဖွယ်ရှိနေတာကို ဘက်အသီးသီးက သတိပြုသင့်ပါတယ်။

ယခုဖော်ပြသည့် ISP’s OnPoint ကဏ္ဍတွင် လတ်တလော ဖြစ်ပေါ်နေသော ထူးခြား အရေးပါသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ဆီလျော်မည့် ကနဦး သုံးသပ်ချက်များကို ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားရေးသားပြီး ဖြစ်တန်ခြေများအား ISP-Myanmar ကအကဲဖြတ် ဖော်ပြသွားပါမည်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

1 comment