အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၇၃)
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၃၃သန်းကျော်သာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဆိုပါ ပမာဏဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံး ပမာဏကို ရောက်နေတာ ဖြစ်ပါတယ်။ ကာလတူနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၃၆၄ သန်း လျော့နည်းသွားပါတယ်။ ဇွန်၊ဇူလိုင်၊ သြဂုတ်မှာဆိုရင် တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာ ဝင်ရောက်ထားပါတယ်။ အဆိုပါသုံးလအတွင်း ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာဆိုရင် ယခင်ရှိရင်းစွဲ စီမံကိန်းတွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေသာ ဖြစ်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာမှု ရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။







