Institute for Strategy and Policy – Myanmar

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု

✤ မိတ်ဆက်

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို အောက်တိုဘာ ၂၀ ရက်က ဖော်ပြခဲ့ပါသည်။ ယခု “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူ စုစုပေါင်း ၃၂ ဦးအား ISP-Myanmar က မေးမြန်းခဲ့ပြီး၊ ၎င်းတို့၏ ဖြေဆိုချက်များကို ဖော်ပြခြင်းဖြစ်ပါသည်။ နောက်ရက်များတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) နှင့် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story တို့ကိုလည်း ဖော်ပြသွားမည် ဖြစ်သည်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

∎ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခုနှင့် ရလဒ်များအနှစ်ချုပ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်ခဲ့သည်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပင် အကျပ်ဆိုက်မှု deadlock ဖြစ်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေသေးသော်လည်း) NCA အကောင်အထည်ဖော်ရေး တရားဝင်လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေပြီဖြစ်သည်။ ထို့ကြောင့် NCA ကို အခြေခံသောလုပ်ငန်းစဉ်နှင့် NCA အပေါ် အခြေမပြုသော ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အလားအလာများကို ပြန်လည်သုံးသပ်ရန် အဓိကမေးခွန်းများ ထွက်ပေါ်လာပါသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးသင့်မေးထိုက်သည်များကို မေးခွန်းထုတ်ခြင်းသည် ကြုံတွေ့နေရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် ပထမခြေလှမ်းအားထုတ်မှု ဖြစ်နိုင်ကောင်းပါသည်။ ထို့ကြောင့် ပဏာမအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ EAOs အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများ စသဖြင့် ၃၂ ဦးအား ISP-Myanmar က မေးခွန်း ၇ ခု မေးမြန်းခဲ့ပါသည်။ ယခု မေးမြန်းချက်၏ အဖြေများကို ယတိပြတ်အဖြစ် မှတ်ယူသည်ထက် ဆက်လက်စဉ်းစားဆင်ခြင်နိုင်ရေးအတွက် အညွှန်းပြုစရာ အထောက်အကူအဖြစ် ရည်ရွယ်ပါသည်။

∎ နောက်ခံအခြေအနေ

ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်စပ် အခြေအနေ (context) ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက် မှာ ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) လုပ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အကျပ်ဆိုက်မှု deadlock ပြေလည်ခြင်း မရှိဘဲ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းစဉ် သုံးရပ်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ၂၀၂၀ ပြည့်နှစ်အလွန်မှာ အကောင်အထည်ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံး ရပ်ဆိုင်းသွားပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒီဇိုင်း (design) ပိုင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုယ်တိုင်က အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်တွေ အတွက် အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပင်လျှင် တိုင်းရင်းသားတွေရဲ့ သဘောထား၊ ဆွေးနွေးချက်၊ လိုလားချက်တွေ လျစ်လျူရှုခံရတာ ရှိခဲ့ပါတယ်။ အဆိုးဆုံးက လုံခြုံရေး ကဏ္ဍ ဆွေးနွေးချက်တွေ ရှေ့မရောက်တဲ့အပြင် သဘောတူညီချက်တခုမှလည်း မရခဲ့ပါဘူး။ တဖက်မှာလည်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု ပူးတွဲ ကော်မတီ (JMC) ယန္တရား ဟာ လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်တွေနဲ့ ရှုပ်ထွေးခဲ့ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းပေးမှုတွေ အသက် မဝင်ခဲ့ပါဘူး။ ဒါ့အပြင်တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်ဆိုက်မှု deadlock ကို ဖြေရှင်း ပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ NCA ပြင်ပကနေ ဖြေရှင်းဖို့ ကြိုးစားမှုအဖြစ် လုပ်ခဲ့တဲ့ ၁၀+၁၀ လို ထိပ်သီး အစည်းအဝေးကလည်း အလုပ် မဖြစ်ခဲ့ပါဘူး။ NCA ကိုပဲ အခြေပြုပြီး ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တာကြောင့် NCA ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ နေရာ မရှိခဲ့တာလည်း ပြဿနာတခု ဖြစ်ခဲ့ပါတယ်။ ဒါကို NCA ပြင်ပ သီးသန့် စာချုပ် ဒါမှမဟုတ် သဘောတူညီမှု ယူပြီး ဖြေရှင်းနိုင်ရေးလမ်းစ ဖော်တာမျိုး ရှိခဲ့ပေမဲ့ အပြီးမသတ် နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး အသစ်အသစ်သော အင်အားစုတွေနဲ့ အခင်းအကျင်း သစ်တွေ ဖြစ်လာပါတယ်။ 

NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမြေပုံက ပြောင်းလဲလာပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုဖြစ်လာသလို၊ နိုင်ငံအရှေ့မြောက်ဘက်မှာလည်း မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန် မြင်လာရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း မှာလည်း တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ကနေရှမ်းပြည်နယ် တောင်ပိုင်းအထိ ဆင်းလာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဒေသမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာအချို့နဲ့ စစ်ကောင်စီအကြား အကြိမ်ရေ ရာနဲ့ချီတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ 

နောက်ထပ် ပေါ်လာတဲ့ အခင်းအကျင်းသစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေရဲ့ ခုခံ တွန်းလှန်စစ် ဖြစ်ပါတယ်။ နိုင်ငံအနှံ့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၈၀ ကနေ အများဆုံး ၃၀ဝ ကျော်အထိ ရှိတဲ့ PDF အဖွဲ့တွေရဲ့ ခုခံ တွန်းလှန်စစ်ကိုချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသတွေမှာ အများဆုံး တွေ့ရပြီး ကယားပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်နေပါတယ်။

ခြုံပြောရရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသတွေမှာ အနည်းနဲ့အများ ဆိုသလို EAO တွေရဲ့တိုက်ပွဲဆင်မှုနဲ့ PDF တွေရဲ့ ခုခံ တွန်းလှန်စစ်က အရှိန်ကောင်းလာပါတယ်။ စစ်အာဏာ မသိမ်းခင် အချိန်က တပ်မတော်နဲ့အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွား မှုမရှိတော့ဘဲ အပစ်ရပ်နေတာကထူးခြားချက်တခု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းအတွက် ဆက်စပ် အခြေအနေ (context) ပြောင်းလဲသွားမှု၊ စကတည်းက အားနည်းချက် ရှိနေတဲ့ဒီဇိုင်း၊ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အသစ်အသစ်သော အခင်းအကျင်း စတဲ့အချက်တွေက ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ NCA ကို အခြေပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်မှုမရှိဘူးဆိုတဲ့ အငြင်းပွားမှု ရှိနေချိန်မှာပဲ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အခင်းအကျင်းတွေက ကြိုးပမ်းမှု ဖြစ်စဉ်ကို ရှေ့မရောက်စေဘဲအကျပ်ရိုက်မှု deadlock ဖြစ်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖြစ်စဉ်တခုလုံး ပျက်စီးသွားပြီး NCA ပျက်ပြယ်ပြီဆိုတဲ့ သုံးသပ်ချက်တွေပါ ရှိခဲ့ပါတယ်။ စစ်ကောင်စီက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ဦးဆောင်မှုနဲ့ NCA လမ်းကြောင်း အတိုင်း ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးတဲ့ ကိစ္စကလွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေး အဖြေရှာလို့ ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌက အောက်တိုဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော် အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေတွေက NCA အခြေခံ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် ပြန်လှန် ဆန်းစစ်စရာ ဖြစ်စေခဲ့ပါတယ်။

∎ မေးခွန်း  ခုနှင့် ရလဒ်အဖြေများ

ပစ္စက္ခအခြေအနေတွေအရ NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ်နဲ့ NCA ကို အခြေမပြုတဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေး အလားအလာတွေကို ပြန်ပြီးသုံးသပ်ဖို့ အဓိကမေးခွန်းတွေ ထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးသင့်မေးထိုက်တာတွေကို မေးခွန်းထုတ်ခြင်း ဟာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပထမခြေလှမ်း အားထုတ်မှု ဖြစ်နိုင်ပါတယ်။ ပဏာမအနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေ၊ EAOs အဖွဲ့ဝင်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ သုတေသီတွေနဲ့ လေ့လာသုံးသပ်သူ စသဖြင့် ၃၂ ဦးကို ISP-Myanmar က မေးခွန်း ၇ ခု မေးခဲ့ပါတယ်။ ဒီမေးမြန်းချက်ရဲ့ အဖြေတွေကို ယတိပြတ်အဖြစ် မှတ်ယူတာထက် ဆက်လက်စဉ်းစားနိုင်ဖို့ အညွှန်းပြုစရာ အထောက်အကူအဖြစ် ရည်ရွယ်ပါတယ်။

ISP-Myanmar ရဲ့ မေးခွန်းတွေကို ဖြေခဲ့ကြတဲ့ ၃၂ ဦးထဲမှာ ခုနစ်ဦးဟာ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ EAOs တွေထဲက ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ တခါ NCA လက်မှတ်ထိုးမထားတဲ့ EAOs တွေထဲက ကိုယ်စားလှယ်လေးဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေထဲက ကိုယ်စားလှယ် ခြောက်ဦး၊ နိုင်ငံရေး လေ့လာသုံးသပ် သူတွေအပါအဝင် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တလျှောက်ပါခဲ့တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ သုတေသီတွေ စသဖြင့် စုစုပေါင်း ၁၅ ဦး လည်း ပါဝင်ဖြေဆိုခဲ့ပါတယ်။ အခုဖော်ပြချက်မှာ ဖြေဆိုသူတွေရဲ့ ပုဂ္ဂလိကလုံခြုံမှုကို အလေးထားပြီး ကာယကံရှင်တွေရဲ့ဆန္ဒမပါဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုမှာမဟုတ်ပါဘူး။ ဖြေဆိုသူ ၃၂ ဦးစလုံးဟာ မေးခွန်းဖြေဆိုမှုတွေအပြင် မေးခွန်းတခုချင်းစီအတွက် သီးခြားမှတ်ချက်ပေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုမှတ်ချက်ပေးမှုတွေထဲမှာ သူတို့မှတ်ချက်စကားတွေကို ဖော်ပြခွင့်ပေးခဲ့သူတွေရဲ့ ဖြေဆိုချက်တွေကိုလည်း အလျဉ်းသင့်သလို ကောက်နုတ်ဖော်ပြပေးသွားပါမယ်။

◉ မေးခွန်း (
NCA သို့မဟုတ် NCA ကို ပြင်ဆင်၍ ရှေ့ဆက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်ဖြစ်ဦးမည်ဟု ယူဆပါသလား။

“NCA သေဆုံးပြီ” ဆိုတဲ့ သုံးသပ်ချက်တွေဟာ NLD အစိုးရ လက်ထက်ကတည်းက ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ “NCA ပျက်သွားပြီ” ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်လောင်ခဲ့ပါတယ်။ ဒါပေမဲ့ NCA ဟာ အခုချိန်အထိ ဆက်ရှိနေပြီး စစ်ကောင်စီ ဘက်ရော၊ NCA လက်မှတ်ရေးထိုးထားသူတွေဘက်မှာပါ NCA ကို ဖျက်သိမ်းတာ၊ ပစ်ပယ်တာမျိုး မလုပ်သေးပါဘူး။ NCA ဟာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီသွားနိုင်ဖို့ လမ်းတခုဖြစ်ပေမဲ့ လူထုထောက်ခံမှု ကင်းမဲ့ခြင်းနဲ့ အာဏာ ကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း အကျပ်အတည်း (Legitimacy Crisis) ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီလက်ထက်မှာ NCA မူဘောင်တွေ ဆွေးနွေးပြီး၊ နိုင်ငံရေးသဘောတူညီချက် တွေ လုပ်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌကတော့ NCA လမ်းကြောင်းအတိုင်း ဆက်လုပ်မယ်၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးတဲ့ကိစ္စက လွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးအဖြေရှာလို့ရတဲ့ သဘော ပြောထားပါတယ်။ တဖက်မှာလည်း NCA လက်မှတ်ထိုးထားတဲ့ EAOs တွေ ကိုယ်တိုင်က (ရွေးကောက်ခံအစိုးရ၊ လွှတ်တော်အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေမှာ) NCA မူဘောင်အတိုင်း စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေး တာကို ပေါ်ပေါ်ထင်ထင် လုပ်ချင်ပုံမရှိပါဘူး။ ဒါကြောင့်ပဲ “NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ် ဒါမှမဟုတ် NCA ကို ပြင်ဆင်ပြီး ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်း အလုပ်ဖြစ်ဦးမလား” ဆိုတာက အဓိကကျတဲ့ မေးခွန်းတခုဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြရာမှာ NCA ဟာ အလုပ်မဖြစ်နိုင်တော့ဘူးလို့ ယူဆမှု ၆၆ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ အလုပ်ဖြစ်သေးတယ်လို့ ယူဆမှု ၂၂ ရာခိုင်နှုန်း ရှိပြီး သဘောထားမှတ်ချက်မပေးလိုမှု ၁၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါကြောင့် NCA အခြေပြု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစဉ်တစိုက် ပါဝင်ပတ်သက်နေကြသူများ ကိုယ်တိုင် ယုံကြည်မှု လျော့ပါးလာတာကို တွေ့ရပါတယ်။ NCA စာချုပ် လက်မှတ်ထိုး ထားတဲ့ EAOs တွေထဲမှာတောင် NCA အလုပ်မဖြစ်နိုင်တော့ဘူးလို့ ဖြေဆိုကြတာရှိပါတယ်။ NCA ကို လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်နိုင်ရင် ဆက်သွားနိုင်မယ်လို့ မျှော်လင့်တာတွေ ရှိကြသလို တဖက်မှာလည်း အရင်ကတည်းက အကောင်အထည်ဖော်မှု အလွန်အားနည်းတဲ့ သဘောတူညီချက် ဖြစ်နေတဲ့အပြင် ရွေးကောက်ခံအစိုးရ၊ လွှတ်တော် အစရှိတဲ့ ယန္တရားတွေ မရှိတော့တာကြောင့် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆကြတာကိုတွေ့ ရပါတယ်။

◉ မေးခွန်း (၂) 
EAOs များအနေဖြင့် တပေါင်းတစည်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ သီးသန့်တဖွဲ့ချင်းစီသော် လည်းကောင်း စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) ငြိမ်းချမ်းရေးစာချုပ်သစ်များ ချုပ်ဆိုလာမည်ဟု ယူဆပါသလား။

NCA မတိုင်ခင် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ EAOs တဖွဲ့ချင်းစီနဲ့ စကားပြောပြီး နှစ်ဘက်အပစ်ရပ်ရေး သဘောတူညီချက် အရင်လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ EAOs အဖွဲ့တွေ ပေါင်းစည်းပြီး NCA လမ်းကြောင်း ဖြစ်လာပါတယ်။ လက်ရှိမှာလည်း NCA လက်မှတ်ထိုးမထားပေမဲ့ ပဏာမ အပစ်ရပ်သဘောတူစာချုပ် လုပ်ထားတဲ့ EAOs တွေ ရှိသလို၊ NCA မဟုတ်တဲ့ စာချုပ်သစ်ဖော်ဆောင်ဖို့ အရေးဆိုထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (FPNCC) လို အဖွဲ့တွေလည်း ရှိနေပါတယ်။ NLD အစိုးရလက်ထက် NCA အကျပ်ရိုက်မှု deadlock ဖြစ်ချိန်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ရှေ့ရောက်စေဖို့ NCA ပြင်ပ စာချုပ် ဒါမှမဟုတ် သဘောတူညီချက်ယူပြီးလုပ်ဖို့ လမ်းစဖော်တာမျိုးရှိခဲ့ပေမဲ့ အပြီး မသတ်နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားပြီး ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော် မရှိတော့တဲ့ အခြေအနေမှာ “EAOs တွေအနေနဲ့ တပေါင်းတစည်းဖြစ်စေ၊ အစုအဖွဲ့လိုက် ဖြစ်စေ၊ သီးသန့်တဖွဲ့ချင်းဖြစ်စေ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ငြိမ်း ချမ်းရေးစာချုပ်သစ် ချုပ်ဆိုလာမည်လား} ဆိုတာ အဓိကကျတဲ့မေးခွန်းတခု ဖြစ်ပါတယ်။  

ဒီမေးခွန်းကို ဖြေဆိုကြတဲ့အခါ  ဖြစ်လာနိုင်တယ်လို့ ယူဆမှုက ၄၄ ရာခိုင်နှုန်း ရှိသလို မဖြစ်နိုင်ဘူးလို့ ယူဆမှုလည်း ၄၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ မဖြေလိုမှုက ၁၂ ရာခိုင်နှုန်း ရှိပါ တယ်။ ဖြစ်လာနိုင်တယ်လို့  ယူဆကြရာမှာ အရင် စစ်အစိုးရ နဝတ၊ နအဖခေတ်မှာ တဖွဲ့ချင်း အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ သာဓကတွေရှိတာကြောင့် တနှစ်၊ နှစ်နှစ်အတွင်း ဖြစ် လာနိုင်တာ၊ ကိုယ့်အဖွဲ့အကျိုးစီးပွားကိုသာကြည့်ပြီး စစ်ကောင်စီနဲ့ အပေးအယူလုပ်မယ့် EAOs များ ရှိလာနိုင်တာ၊ နောက်ကွယ်မှာ တရုတ်အစိုးရရဲ့ဖိအားတွေ ရှိနေနိုင်တာ စတဲ့ အချက်တွေကြောင့် ယူဆတာကို တွေ့ရပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆသူတွေကတော့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အဘက်ဘက်မှာ စစ်ကောင်စီဟာ နာမည်ပျက်များ နေတာကြောင့် ယုံကြည်မှုအားနည်းနေပြီး  ဘယ် EAO ကမှ စာချုပ်ချုပ်ဆိုဖို့ စဉ်းစားမှာ မဟုတ်ဘူး။ ဒါ့အပြင် စစ်ကောင်စီက အချိန်မရွေး ပြုတ်ကျနိုင်တဲ့ အနေအထားရှိတာကို နှစ်ဖက်လုံးက နားလည်ကြတဲ့အတွက် မဖြစ်နိုင်ဘူးလို့ယူဆတာ အစရှိတဲ့အချက်တွေကို အဓိကထား ပြောဆိုကြပါတယ်။

◉ မေးခွန်း (၃) 
စစ်ကောင်စီနှင့် 
EAOs များ၊ PDF များ၏ တိုက်ပွဲပုံသဏ္ဍာန်သည် တိုက်ပွဲကြီးများအဖြစ် အသွင်ပြောင်းလဲသွားပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့် နက်ရှိုင်း တာရှည်လာမည်ဟု ယူဆပါသလား။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီ က အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက်ပိုင်း လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လိုက်ပါတယ်။ နိုင်ငံအနှံ့မှာ ပြည်သှူကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (LDF) စတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း များစွာ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံအသစ် ဖြစ်ထွန်းလာပါတယ်။ နိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်မြောက်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှု တွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာပြီး၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲလို့ နေရာအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်လာပါတယ်။ စစ်ကောင်စီဘက်က အပစ်ရပ်ကာလကို ငါးလအထိ သက်တမ်းတိုးခဲ့ပေမဲ့ PDF တွေကို EAOs တွေဆီကနေ ခွဲထုတ်ကိုင်တွယ်ဖို့ ပြင်ဆင်လာတာ၊ EAOs ဒေသတွေမှာ စစ်ကောင်စီတပ်တွေ တိုးမြှင့် ချထားခြင်းတွေ ရှိလာပါတယ်။ တခါ EAOs အချင်းချင်းအကြား နယ်မြေချဲ့ထွင်ရေး ကြိုးပမ်းမှု ဖြစ်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ “စစ်ကောင်စီနဲ့ EAOs တွေ၊ PDF တွေရဲ့ တိုက်ပွဲပုံသဏ္ဌာန်ဟာ တိုက်ပွဲကြီးတွေအဖြစ် အသွင်ပြောင်းသွားပြီး ပြည်တွင်းစစ် ပိုမိုကျယ်ပြန့် နက်ရှိုင်း တာရှည်လာမလား” ဆိုတာက အဓိကကျတဲ့ မေးခွန်းတခု ဖြစ်လာပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြရာမှာ တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်ပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့်နက်ရှိုင်း တာရှည်လာမယ်လို့ ယူဆမှုက ၇၂ ရာခိုင်နှုန်းအထိရှိတာ တွေ့ရပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆမှုက ၁၆ ရာခိုင်နှုန်းရှိပြီး၊ မဖြေလိုတာ ၁၂ ရာခိုင်နှုန်း ရှိပါတယ်။ တိုက်ပွဲတွေ ကျယ်ပြန့်လာမယ်လို့ ယူဆကြရာမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေကို စစ်ကောင်စီက ဖြိုခွင်းနှိပ်စက်တာတွေ၊ စစ်မြေပြင်သဖွယ် ကိုင်တွယ်ပုံတွေနဲ့ ပြုမူတုံ့ပြန်နေပုံတွေဟာ အဲဒီအခြေအနေ ရောက်ရှိအောင် တွန်းပို့နေတာ၊ ဒီလုပ်ရပ်တွေကြောင့်လည်း ပြည်သူလူထုဘက်က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ထားခြင်းဖြစ်နေတာ စတဲ့အချက်တွေက အဓိကကျတယ်လို့ ပြောဆိုကြပါ တယ်။ တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်လာမှာမဟုတ်ဘူးလို့ ယူဆတဲ့အခါ NCAလက်မှတ် ထိုးထားတဲ့ EAOs တွေအားလုံး တိုက်ပွဲဝင်နေတာမဟုတ်ဘူး၊ UWSA နဲ့ AA တပ်ဖွဲ့တွေ က နှုတ်ဆိတ်နေဆဲဖြစ်နေတာ၊ PDF တွေဟာ ဗဟိုကနေ သေနင်္ဂဗျူဟာ ညွှန်ကြားနိုင်တဲ့ အမိန့်ပေးစနစ် (Central Command) နဲ့ တိုက်ပွဲဝင်နိုင်ခြင်း မရှိ‌သေးတာ စတဲ့အချက် တွေကို ထောက်ပြကြတာတွေ့ရပါတယ်။

◉ မေးခွန်း (၄) 
အဓိက အင်အားကြီး EAOs များနှင့် PDF များ အားလုံး ညီညွတ်ပေါင်းစည်း၍ “တပ်ပေါင်းစု” ဖြင့် စစ်ကောင်စီကို တိုက်ပွဲဝင်နိုင်မည်ဟု ယူဆပါသလား။

အင်အားကြီးမားတဲ့ EAOs တွေ အပါအဝင် အားလုံးပေါင်းစည်းထားတဲ့ “တပ်ပေါင်းစု” နဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်၊ အောင်ပွဲခံနိုင်ရေးကို နှစ် ၇၀ ကျော်ကြာ မြန်မာပြည်တွင်း စစ် ကာလအတွင်း တော်လှန်ရေးအင်အားစုတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ “တပ်ပေါင်းစု” နဲ့ တိုက်ပွဲဝင်နိုင်ရေးက မျှော်မှန်းကြိုးစားသလို မဖြစ်ခဲ့ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အခု စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်မှုမှာလည်း အင်အားကြီး  EAOs တွေအားလုံးပါဝင် တဲ့ “တပ်ပေါင်းစု” နဲ့ တိုက်ပွဲဝင်နိုင်ရေးက မျှော်မှန်းချက်တခု ဖြစ်လာပါတယ်။ တချိန်ထဲမှာပဲ အားလုံးပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဆုံချက်ဖြစ်လာပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Charter) အသက်ဝင်လာမယ် ဆိုရင် အင်အားကြီး EAOs တွေနဲ့ “တပ်ပေါင်းစု” ဖွဲ့စည်းဖို့ ဆွဲဆောင်နိုင်မယ့် မြော်မြင်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်  “အဓိက အင်အားကြီး EAOs တွေနဲ့ PDF တွေအားလုံး ညီညွတ်ပေါင်းစည်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို တိုက်ပွဲဝင်နိုင်မလား” ဆိုတာက အဓိကကျလာတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။ 

အဲဒီမေးခွန်းကို ဖြေဆိုရာမှာ  “တပ်ပေါင်းစု” နဲ့ တိုက်ပွဲဝင်နိုင်မယ်လို့ ယူဆမှုက ၃၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ၅၆ ဒသမ ၃ ရာခိုင်နှုန်းက မယူဆဘူးလို့ ဖြေဆိုခဲ့ပါတယ်။ ကျန် ၁၂ ဒသမ ၄ ရာခိုင်နှုန်း က ဖြေကြားလိုခြင်း မရှိခဲ့ပါဘူး။ မယူဆဘူးလို့ ပြောသူတွေက EAOs နဲ့ PDF တွေအကြား “တပ်ပေါင်းစု” ဖြစ်လာဖို့အတွက် ပြောဖို့အလွန်စောပြီး ခက်ခဲနိုင်ကြောင်း၊ သမိုင်းကြောင်းများအရ “တပ်ပေါင်းစု” တွေ တာရှည်ခံလေ့မရှိတာကို ထောက်ပြကြပါတယ်။ တခါ အခုကာလမှာလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှာ အခက်အခဲများစွာရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် EAOs တွေနဲ့ အသစ်ပေါ်ပေါက်လာတဲ့ PDF တွေအကြား စစ်ရေးရည်မှန်းချက်တွေ မတူညီနိုင်ကြောင်း ပြောကြပါတယ်။ ယူဆတယ်လို့ မှတ်ချက်ပေးကြသူတွေကတော့ EAOs တွေနဲ့ PDFs တွေ ပေါင်းစည်းဖို့ လူထုက ဖိအားပေးနေတာကြောင့် မကြာခင် စုစည်းမှုပုံစံသစ်တွေ မြင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဟာ အင်အားကြီး EAOs တွေ အကြားမှာ ပြီးပြတ်ခြင်းမရှိသေးသလို၊  ဦးစွာပါဝင်လာတဲ့ EAOs တွေ အစဉ်သဖြင့် ဆက်ပါနိုင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ကတိကဝတ်အပေါ်မှာသာ မူတည်တယ်လို့ သုံးသပ်ကြပါတယ်။

◉ မေးခွန်း (၅) 
EAOs များ၏ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုနှင့် နွေဦးတော်လှန်ရေး ဦးတည်ချက်များ အောင်မြင်ရန် အားထုတ်မှုများ ဆုံချက်ကျပြီး ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် မျှော်လင့်နိုင်ပြီဟု ယူဆပါသလား။

နှစ် ၇၀ ကျော်ကြာ မြန်မာ့ပြည်တွင်းစစ်မှာ EAOs တွေရဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုဟာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု နွေဦးတော်လှန်ရေးရဲ့  ဦးတည်ချက်တွေထဲမှာ အကြောင်းအချက်ငါးရပ် ပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ရွေးကောက်ခံ တရားဝင် အစိုးရသစ် ဖွဲ့စည်းနိုင်ရေး၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့ ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်မှာ “EAOs တွေရဲ့  ငြိမ်းချမ်းရေးအတွက် အား ထုတ်မှုနဲ့ နွေဦးတော်လှန်ရေး ဦးတည်ချက်တွေ အောင်မြင်ဖို့ အားထုတ်မှုတွေ ဆုံချက်ကျပြီး ပြည်ထောင်စုသစ် တည်ဆောက်ဖို့အတွက် မျှော်လင့်နိုင်ပြီလား” ဆိုတာက အဓိက ကျတဲ့ မေးခွန်းတခုဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြရာမှာ မဖြစ်နိုင်သေးဘူးလို့ ယူဆမှုက ၄၇ ရာခိုင်နှုန်း ရှိပါတယ်။ ၃၈ ရာခိုင်နှုန်းကတော့ မျှော်လင့်နိုင်ပြီလို့ ယူဆခဲ့ပါတယ်။ ၁၅ ရာခိုင်နှုန်းက ဖြေကြားလိုခြင်း မရှိခဲ့ပါဘူး။ မျှော်လင့်နိုင်ပြီလို့ ယူဆကြသူတွေက ဗမာပြည်မက ပြည်သူတွေဟာ တိုင်းရင်းသားတွေကြုံနေခဲ့ရတဲ့ အခက်အခဲ၊ ဒုက္ခတွေနဲ့ ခံစားချက်တွေကို အခုကာလမှာ အတိုင်းအတာတခုအထိ နားလည်လာကြတယ်၊ ဒါကြောင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ဆုံချက်က ရှိနေပြီလို့ ပြောကြပါတယ်။ တဖက်မှာလည်း မျှော်လင့်ဖို့ မဖြစ်နိုင်သေးဘူးလို့ ယူဆကြရတာဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ရည်မှန်းချက်တွေ တူပေမယ့် ဖက်ဒရယ် ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် သဘောတူညီမှု မရှိသေးတာ၊  အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဗမာပြည်မက တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ EAOs  တွေအကြား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Charter) နဲ့ ပတ်သက်လို့ သဘောထား  တထပ်တည်းမကျသေးတာ အစရှိတဲ့ အချက်တွေကို ထောက်ပြ ဆွေးနွေးကြပါတယ်။

◉ မေးခွန်း (၆) 
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပိုမိုရှုပ်ထွေးသည့် ပဋိပက္ခအသစ်များကြောင့်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာ၏ ကြား၀င်ကူညီမှုနှင့် ပံ့ပိုးမှုများ လျော့ပါးသွားမည်ဟု ယူဆပါသလား။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာရဲ့ ကြားဝင်ကူညီမှုနဲ့ ပံ့ပိုးမှုတွေဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တလျှောက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာလည်း နိုင်ငံတကာရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတွေဟာ အင်အားစုအသီးသီး၊ ဘက်အသီးသီးမှာ ရှိခဲ့ပါတယ်။ ရံဖန်ရံခါမှာ နှစ်ဖက် ပဋိပက္ခ အရှိန်လျှော့ချရေးနဲ့ ပြေလည်နိုင်ရေးကိစ္စတွေမှာပါ နိုင်ငံတကာ (အထူးသဖြင့် တရုတ်၊ ဂျပန် အစရှိသဖြင့်) ဝင်ရောက်ဆောင်ရွက်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒီလို ကြားဝင်ကူညီမှုနဲ့ ပံ့ပိုးမှုတွေရှိခဲ့ပေမဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မျှော်မှန်းထားသလောက် ရှေ့မရောက်ခဲ့တဲ့အပြင်၊ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီး နောက်ပြန်လန်တဲ့ အခြေအနေ ဆိုက်လာပါတယ်။ တချိန်တည်းမှာပဲ လက်နက်ကိုင်အဖွဲ့သစ်တွေ ဖြစ်တည်လာပြီး ပဋိပက္ခနယ်မြေသစ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် “စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသော ရှုပ်ထွေးတဲ့ပဋိပက္ခအသစ်တွေကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နိုင်ငံတကာရဲ့ ကြားဝင်ကူညီမှုနဲ့ ပံ့ပိုးမှုတွေ လျော့သွားမလား” ဆိုတာ အဓိကကျတဲ့မေးခွန်းတခု ဖြစ်လာပါတယ်။

ဒီမေးခွန်းကို ဖြေဆိုရာမှာ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုများ လျော့နည်းသွားမယ်လို့ ယူဆမှုက ၅၃ ရာခိုင်နှုန်း ရှိပြီး အများဆုံးဖြစ်ပါတယ်။ မလျော့နည်းဘူးလို့ ယူဆမှုက ၃၁ ရာခိုင်နှုန်း ရှိနေပြီး မဖြေလိုသူ ၁၆ ရာခိုင်နှုန်း ရှိပါတယ်။ လျော့နည်းသွားမယ်လို့ ယူဆသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးထက် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှု၊ ကြားဝင်စေ့စပ်ရာမှာ တိုးတက်မှုရှိဖို့ကို လိုလားကြတယ်၊ နိုင်ငံရေးရလဒ်က ယုံကြည်နိုင်လောက်တဲ့ ဖြစ်ပေါ်တိုးတက်မှု (Credibility) မရှိရင် နိုင်ငံတကာက စိတ်ပျက်သွားနိုင်တယ်ဆိုပြီး ပြောကြပါတယ်။ လျော့သွားမယ် မထင်ဘူးလို့ ဖြေကြသူတွေကတော့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တွဲလျက် ဖြစ်နေတာကြောင့် မလျော့နိုင်ဘူးလို့ ယူဆတာရှိသလို၊ လက်ရှိအခြေအနေကို ဘယ်လို ချဉ်းကပ်ဆောင်ရွက်ရမလဲဆိုတာအတွက် အချိန်ယူနေတာကြောင့် ယာယီလျော့နည်းတာ ဖြစ်ပြီး ပြန်တိုးတက်လာမယ်လို့ ယူဆတာလည်းရှိပါတယ်။ နိုင်ငံတကာလို့ ပြောရာမှာ တရုတ်ကိုတော့ သီးသန့်ဆွေးနွေးဖို့လိုအပ်ပြီး၊  တရုတ်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အောင်မြင်အောင်ပံ့ပိုးခြင်းထက် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး (Stability) ကို သာ အဓိကအာရုံစိုက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

◉ မေးခွန်း (၇) 
ပြည်တွင်းစစ်နှင့် လက်ရှိ ကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းပြည်ပြိုကွဲရေးအခြေအနေ ကျရောက်သွားနိုင်သည်ဟု ယူဆပါသလား။

စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင် ပဋိပက္ခတွေဟာ ပိုမိုကျယ်ပြန့်လာပြီး အရင်က တိုက်ပွဲမဖြစ်ခဲ့တဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ဖြစ်လာပါတယ်။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ “လုံးဝ အုပ်ချုပ်၍မရစေရ” ဆိုတဲ့ လှုပ်ရှားမှုတွေ ကလည်း ဆက်ရှိနေပြီး၊ ဒီအပေါ်မှာ စစ်ကောင်စီဘက်က အင်အားသုံး ဖိနှိပ်ချေမှုန်းတာတွေကို ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေလည်း အရှိန်ကောင်းစွာ ပေါ်ပေါက်လာပါတယ်။ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ လွှမ်းမိုးမှုရအောင် စစ်ကောင်စီက နည်းပေါင်းစုံသုံး လုပ်နေပေမဲ့ အရပ်ဘက်အုပ်ချုပ်ရေး တည်ထောင်နိုင်ဖို့ အခက်ကြုံနေပါတယ်။ တခါ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်ဆိုင်းနေပြီး ဖက်ဒရယ်ထက် ကွန်ဖက်ဒရေးရှင်း ကို လိုလားတဲ့ အင်အားကြီး EAOs တချို့ကလည်း အခြေအနေကို စောင့်ကြည့်နေပုံရပါတယ်။  ဒီအနေအထားမှာ “ပြည်တွင်းစစ်နဲ့ လက်ရှိကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့  အချုပ်အခြာအာဏာနဲ့ တိုင်းပြည်ပြိုကွဲရေး အခြေအနေ ကျရောက်သွားနိုင်သလား” ဆိုတာ အဓိကကျတဲ့မေးခွန်းတခု ဖြစ်စေပါတယ်။ 

ဒီမေးခွန်းကို ဖြေဆိုရာမှာ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ယူဆမှုက ၆၉ ရာခိုင်နှုန်းရှိပြီး များပြားတဲ့ပမာဏ ဖြစ်ခဲ့ပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆမှုက ၂၅ ရာခိုင်နှုန်းရှိပြီး၊ မဖြေလိုသူ  ၆ ရာခိုင်နှုန်း ရှိပါတယ်။ တိုင်းပြည် ပြိုကွဲနိုင်တယ်လို့ ယူဆကြရာမှာ ၁၈ ရာစု နှောင်းပိုင်း တရုတ်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ပုံစံမျိုးကို ရည်òန်းကြပါတယ်။ တနိုင်ငံလုံးအနေနဲ့ လွှမ်းမိုးထိန်းချုပ်ထားနိုင်စွမ်း မရှိသော်လည်း ဒေသအလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းတည်ထောင် အုပ်ချုပ်ကြတဲ့ စစ်ဘုရင်ခေတ် (Chinese Warlords Era) လို ဖြစ်သွား နိုင်တယ်လို့ မှန်းဆကြပါတယ်။ တခါ ၁၉၉၀ ပြည့်လွန်နှစ်တွေက အရှေ့ဥ‌ရောပဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဘော်လကန်ကျွန်းဆွယ်ဒေသ နိုင်ငံငယ်များ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကြပြီး နိုင်ငံငယ်များအချင်းချင်း စစ်မက်ဖြစ်ပွားခြင်း (Balkanization) လို အခြေအနေ ဖြစ်သွားနိုင်တယ်လို့ မှန်းဆတာလည်း ရှိကြပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆကြသူတွေကတော့ ပင်လုံစာချုပ်အပေါ် အမှန်တကယ် ယုံကြည်နေသမျှ ဆက်သွားနိုင်ခြင်း၊ EAOs တချို့ကလွဲပြီး အများစုက ဖက်ဒရယ်ဒီမိုကရေစီကိုသာ လိုလားကြခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်သလို နယ်မြေအသီးသီးက အဖွဲ့အစည်းတွေကသာ ခွဲထွက်ဖို့ ဆုံးဖြတ်ထားရင် တိုင်းပြည်ပြိုကွဲမှုဟာ အရင်ကတည်းက ဖြစ်ပွားပြီးခဲ့ပြီလို့လည်း ပြောဆိုကြပါတယ်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးသင့်မေးထိုက်သည်များကို မေးခွန်းထုတ်ခြင်းသည် ကြုံတွေ့နေရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် ပထမခြေလှမ်းအားထုတ်မှု ဖြစ်ကောင်းပါသည်။ ထို့ကြောင့် ပဏာမအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ် သူ ၃၂ ဦးအား ISP-Myanmar က မေးခွန်း ၇ ခု မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ ယခု မေးမြန်းချက်၏ အဖြေများကို ယတိပြတ်အဖြစ် မှတ်ယူသည်ထက် ဆက်လက်စဉ်းစား ဆင်ခြင်နိုင်ရေးအတွက် အညွှန်းပြုစရာ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာငါးခုကို အပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်းဖြစ်ပါသည်။ ပထမဆုံးအနေ ဖြင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း(Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် - အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို  အောက်တိုဘာ ၂၀ ရက်က ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ 

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar