မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

✤ မိတ်ဆက်

NCA ခြောက်နှစ်ပြည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ ယခု “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို ဆက်လက်ဖော်ပြခြင်းဖြစ်သည်။ နောက်ရက်များတွင် “စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန်ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံဖော်ပြသွားမည် ဖြစ်သည်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

➥ “NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” ကို ယခု link တွင် ဖတ်ရှုနိုင်ပါသည်။

∎ အနှစ်ချုပ်

╸မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုများအဖြစ် သတ်မှတ်နိုင်သလို လက်နက်ကိုင် တိုက်ပွဲကြီး/ ငယ်တွေလည်း ပြန်၍ ဖြစ်ပေါ်နေပါတယ်။

╸စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ အခု ကြေညာမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစပြီး ရေတွက်ရင်အကြိမ် ၂၀ မြောက် အပစ်ရပ်သက်တမ်းတိုး ကြေညာခြင်း ဖြစ်ပါတယ်။ ကြေညာချက်မှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက် ကပ်ဘေးကို ထောက်ထားသောအားဖြင့် အပစ်ရပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တယ်လို့ဖော်ပြထားပါတယ်။ လေးလကြာ အပစ် ရပ်စဲကြဖို့ နှစ်ဖက်သော အင်အားစုတွေကို အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုထားတာကို တုံ့ပြန်ပုံလည်း ရပါတယ်။

╸အပစ်ရပ် ကြေညာချက်အသစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO) တွေကို ဦးတည် ပစ်မှတ်ထားပုံ ရပြီး၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUGနဲ့ PDF စတဲ့ အင်အားစု အသစ်များ ပါဝင်ပုံ မရပါဘူး။ ဒါကြောင့် အခုတကြိမ် အပစ်ရပ် ကြေညာချက်ဟာလည်း ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး (Dialogue) ဆီ မရောက်နိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။

╸တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) က အရင် အခြေအနေအဟောင်း ဖြစ်ပြီး လက်မှတ် ထိုးထားတဲ့ EAO တွေကိုတောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်နိုင်စွမ်း နည်းပါးပါတယ်။ NCA ပြင်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ အသစ်သော လက်နက်ကိုင် အန်တုသူ အင်အားစုတွေအတွက်လည်း လွှမ်းခြုံနိုင်မှု မရှိပါဘူး။

╸စစ်ကောင်စီအနေနဲ့ အရင် အင်အားစုဟောင်းတွေ (Old Players) နဲ့ အခင်းအကျင်းအဟောင်းကို လက်ခံ ညှိနှိုင်း နိုင်တယ်လို့ယူဆရပေမဲ့ အင်အားစုသစ်များနဲ့ အသစ်သော အခြေအနေအတွက်တော့ မဟာဗျူဟာ စဉ်းစားထားပုံ မရပါဘူး။

╸မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ ပထဝီ နိုင်ငံရေးအကျိုးစီးပွားများဟာလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခု ကာလလိုအင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည် တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ကာလမှာ “အညှီရှိ၊ ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂ တွေက ပိုပြင်းထန် တတ်ပါတယ်။

∎ နိဒါန်း

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်တာ ခြောက်နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အခြေအနေအသစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲနဲ့ သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက် ချေမှုန်းခဲ့ပါတယ်။ စစ်ကောင်စီက အကြမ်းမဖက် လှုပ်ရှားမှုတွေကို ရက်စက်စွာ ချေမှုန်း ဖြိုခွဲခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းများအရ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်အထိ) အကြမ်းမဖက် ဆန္ဒပြသူ ပြည်သူ ၁,၁၈၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကာလမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။

အကြမ်းမဖက် လူထုဆန္ဒပြပွဲတွေ အကြမ်းဖက် ချေမှုန်း ခံရပြီးတဲ့နောက် တက်ကြွသူ လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ NUG အစိုးရက ဖက်ဒရယ် တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး၊ အမည် အမျိုးမျိုးနဲ့ ဒေသစုံမှာလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ပေါ်ပေါက်လာပါတယ်။ ဂျပန်အခြေစိုက် Nikkei Asia သတင်းဖော်ပြချက်တွေအရNUG က ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ၈,၀၀၀ ကျော်ကို လေ့ကျင့်သင်တန်း ပေးထားတယ်လို့ ဖော်ပြပါတယ်။မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ တိုက်ခိုက်မှုများအပေါ် အနီးကပ် လေ့လာ နေကြသူတွေ ခန့်မှန်းချက်အရ နိုင်ငံအနှံ့မှာ PDF တပ်ဖွဲ့ပေါင်း၁၂၀ မှ ၃၀၀ အကြား ရှိနိုင်ပြီး၊ အင်အားအရ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်တယ်လို့ တွက်ဆကြပါတယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ၂၀၁၁ ခုနှစ် ဩဂုတ်မှာ စတင်ကြေညာပါတယ်။ နောက်ပိုင်းမှာ EAO ၁၅ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေက တဆင့် နှစ်ဖက် အပစ်ရပ်မှု သဘောတူညီနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ EAO ရှစ်ဖွဲ့နဲ့၊ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် နှစ်ဖွဲ့ ထပ်တိုးပြီး စုစုပေါင်း EAO ၁၀ ဖွဲ့နဲ့ NCA သဘောတူညီချက် ရရှိခဲ့ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးဆွေးနွေး အဖြေရှာမှုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) [နောက်ပိုင်း NLD အစိုးရလက်ထက်မှာ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်] ကို ငါးကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူညီချက်မှာ ထည့်သွင်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၇၁ ချက် ရခဲ့ပါတယ်။ ဒါပေမဲ့ NCA သဘောတူညီမှု ပြင်ပမှာ အင်အားကြီးတဲ့ EAO အဖွဲ့တွေ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပြီး၊ NLD အစိုးရ လက်ထက်မှာပဲ အင်အားကြီးမားလာတဲ့ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်မှာ ရက္ခိုင့် တပ်တော် (AA) ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေညာခဲ့ပါတယ်။ (စစ်အာဏာ သိမ်းအပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာတော့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ၊ ဒေသဆိုင်ရာ ခုခံရေးတပ်(LDF) တွေ ပေါ်ပေါက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ်အတွက် အင်အားစုသစ်တွေ ထပ်တိုးလာခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အချိန်တိုအတွင်းမှာပဲ ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ NUG၊ CPRH နဲ့ PDF တွေကို“အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ NUG အစိုးရကလည်း ပြည်သူတရပ်လုံး ခုခံစစ်အဖြစ် အုံကြွတော်လှန်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တိုက်တွန်း ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်း ပဋိပက္ခ တင်းမာမှု ပိုမို မြင့်မားလာပြီး နိုင်ငံတကာရဲ့ လိုလားချက်တခု ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်း ပြေလည်နိုင်တဲ့ အခြေအနေက လတ်တလော အနေအထားမှာ မရှိသေးပါဘူး။

∎ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၀၁၁ ခုနှစ် ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန် စတင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရနှစ်ဆက် ဆယ်စုနှစ်တခုတိုင်ခဲ့ပါပြီ။ ဆယ်နှစ်တာ ကာလအတွင်း တည်ငြိမ်ဖွံ့ဖြိုးမှု တစုံတရာနဲ့ NCA စာချုပ်ကို EAO အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် အကြောင်းတရား ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလို့ ပြောနေပေမဲ့ NCA ပြင်ပမှာ လက်နက်ကိုင်အဖွဲ့ကြီးတွေ မပါဘဲ ကျန်နေပါသေးတယ်။ ၂၀၁၁ ခုနှစ်ကနေစတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း ရေရှည်ကြာလွန်းတဲ့ လုပ်ငန်းစဉ် (Protracted Peace Process) ဖြစ်လာပါတယ်။နိုင်ငံတကာ သုတေသန စာပေများအရ ရှည်ကြာလွန်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဟာ အစိုးရတွေရဲ့ ဦးဆောင်မှု၊စွမ်းဆောင်နိုင်စွမ်း အပေါ်မူတည်ပြီး အတက်အကျ ရှိတတ်ပါတယ်။ ပြန်ပြီး ပျက်ပြယ် တတ်ကြတာလည်း ရှိပါတယ်။ ပဋိပက္ခများဆီ တကျော့ပြန်ပြီး လည်သွားကြတာလည်း ရှိတတ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေကြပေမဲ့ ပစ်ခတ်မှုတွေ ငြိမ်းမသွားပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က “ငြိမ်းချမ်းရေးမရှိသော လုပ်ငန်းစဉ်” ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ စေ့ဆော်မှုတွန်းအား မီးပေါင်ကျလာပြီး၊လက်မှတ် ရေးထိုးထားတဲ့ EAO တွေအတွက်လည်း မက်လုံးမရှိ ဖြစ်လာပါတယ်။ NCA သဘောတူညီချက် ပြင်ပမှာ အင်အားကြီးမားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) စတဲ့ အဖွဲ့အစည်းတွေ ရှိနေကြပါတယ်။ NCA သဘောတူညီချက်ဟာ ဘယ်သော အခါကမျှ အင်အားစုအားလုံးကို လွှမ်းခြုံတဲ့ သဘောတူညီချက် (all-inclusive pact) တခု မဖြစ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာပဲ အောက်ခြေပြည်သူ လူထုတွေအတွက် “နေ့စဉ်ဘဝ ငြိမ်းချမ်းရေး” ပျောက်ဆုံးနေရပါတယ်။

ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်များအတွင်းပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) ငါးကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူညီချက် (Union Accords) တနည်းပြောရရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ နိုင်ငံရေး သဘောတူညီချက် ၇၁ ချက် ရရှိခဲ့တယ်လို့ဖော်ပြကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အစပျိုးတောင် သဘောတူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါအပြင် နယ်စည်းပိုင်းခြား သတ်မှတ်ရေး (demarcation) သဘော တူညီချက်တွေကို သဘောတူနိုင်ခဲ့တာ မရှိတော့ ဒီအချက်တွေကြောင့်ပဲ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်မီ၊ အရင် NLD အစိုးရ လက်ထက်ကတည်းကငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာ တစ်ဆို့နေမှုတွေ ရှိခဲ့ပါတယ်။ တချို့သောသူများက ‘NCA ဟာ သေဆုံးပြီ’ လို့ ပြောခဲ့ကြပါတယ်။

∎ NCA သဘောတူညီချက် ငြိမ်းချမ်းရေးအတွက် အာမခံချက်လော၊ ထောင်ချောက်လော

NCA အတွက် ညှိနှိုင်း ဆွေးနွေးကြရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ကိုယ်စားလှယ် Nationwide Ceasefire Coordination Team (NCCT) နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) တို့ အကြား လပေါင်း ၅၀ ကျော်နဲ့ ဆွေးနွေးပွဲပေါင်း ၂၅၀ ကျော် ပြုလုပ် ညှိနှိုင်းခဲ့ကြရပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်တွင်း အင်အားစုများ ကိုယ်တိုင်ကြိုးပမ်းမှု (Home-Grown) နဲ့ အစိုးရ-EAOs-နိုင်ငံရေး ပါတီများရဲ့ ဖက်စပ် လုပ်ငန်းစဉ် (Joint Venture) အဖြစ် ဂုဏ်ယူ ပြောဆို ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ အမြင်မှာတော့ NCA သဘောတူညီချက်ဟာ တိုင်းရင်းသား အုပ်စုတွေဘက်က စတင် အဆိုပြုတာ၊ ဒါကို သူတို့ဘက်က လက်ခံ စဉ်းစားပေးတာ ဖြစ်ပြီး၊ နောက်ဆုံး တပ်မတော်-EAOs-နိုင်ငံရေးပါတီများ အားလုံးရဲ့ သဘောတူညီချက်အဖြစ် မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ NCA နဲ့ပြည်ထောင်စု သဘောတူညီချက်တွေကို ပြည်ထောင်စု လွှတ်တော်ကပါ တရားဝင် အတည် ပြုပေးထားပါတယ်။ ဒါကြောင့်ပဲအကယ်၍ ပြန်လည် ပြင်ဆင်မယ်ဆိုရင် အင်အားစုအားလုံးက ပြန်ပြီး သဘောတူညီ၊ လွှတ်တော်ကို နောက်တကြိမ် ပြန်ဖြတ်ရမယ်လို့ မြင်ကြပါတယ်။ NCA ကို ပထမဆုံးအကြိမ် အပြည့်စုံဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်လို့ ဂုဏ်တင် ပြောဆိုကြတာလည်း ရှိပါတယ်။ နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး သဘောတူ ထားကြတာ ဖြစ်ပါတယ်။ NCA ဟာ အရေးပါတဲ့ အဖွဲ့အစည်းစနစ်- အင်စတီကျူးရှင်း (institution) တခုလို့ ယူဆနိုင်ပြီး၊ အကယ်၍ NCA မရှိတော့ဘူးဆိုရင်နောက်ထပ် အစား ထိုးစရာ၊ စည်းနှောင်ထားမှု တစုံတရာရှိတဲ့ အထောက်အထား မှတ်တမ်းတခုခု မရှိတော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

NCA သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မှု အားနည်းလွန်းခြင်းက လက်တွေ့ပြဿနာ ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို စလုံးရေ စ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ တပ်ဖွဲ့တွေအကြား နယ်စည်းသတ်မှတ်မှု (demarcation) အတွက်လည်း စစ်တပ်ဘက်က ဆွေးနွေးလိုစိတ် မရှိသလို၊ အရပ်သား အစိုးရကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ ဦးဆောင်နိုင်စွမ်း မဲ့နေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မချောမွေ့မှုတွေ၊ တစ်ဆို့မှုတွေ ရှိခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ လွှတ်တော်တွေကို စစ်ကောင်စီကဖျက်သိမ်းခဲ့ပါတယ်။ NCA လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အင်အားစုတွေ မရှိတော့တဲ့အခါ လုံးဝရပ်ဆိုင်းသွားပါတယ်။ NCA စာချုပ်အရ ဖွဲ့စည်း တည်ဆောက်ထားမှုတွေ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) စတာတွေလည်း အားလုံး မရှိတော့သကဲ့သို့၊ ရှေ့မဆက်နိုင်ဘဲရပ်ဆိုင်းခဲ့ပါတယ်။ အရင်ကာလက ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီး၊ အစားထိုးအနေနဲ့ ဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေတဲ့အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့ခဲ့ပေမဲ့ NCA အကောင်အထည်ဖော်မှုက အာဏာသိမ်းပြီး ရှစ်လကြာတဲ့ အထိ အကောင်အထည် ပေါ်မလာပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်မှာ NCA နဲ့ ထာဝရ ငြိမ်းချမ်းရေးစတဲ့ ဝေါဟာရတွေကို ထည့်သွင်းဖော်ပြထားဆဲ ရှိပါတယ်။

NCA သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုတွေ၊ အသစ်သော အခြေအနေတို့ အတွက်ထည့်သွင်း စဉ်းစားထားတာမျိုး မရှိဘူးလို့ ယူဆထားနိုင်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ စစ်ကောင်စီက စောစီးစွာပဲ NUG၊ CPRH နဲ့ PDF တွေကို “အကြမ်းဖက် အဖွဲ့အစည်း” များအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒီအချက်က ညှိနှိုင်းဆွေးနွေးရေးအတွက် တံခါး ပိတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။လက်ဟောင်း အင်အားစု EAO တွေ (လက်မှတ် ရေးထိုးထားသူရော – မထိုးထားသူပါ Signatories and Non-signatories) အတွက်ရည်ရွယ်ထားပုံ ရပါတယ်။ အသစ်သော အင်အားစုများအတွက် ထည့်သွင်း စဉ်းစားထားခြင်း မရှိဘူးလို့ တွက်ဆနိုင်ပါတယ်။အသစ်သော အခြေအနေ၊ အသစ်သော အင်အားစုများ အတွက် စစ်ကောင်စီက အခုချိန်မှာ လုပ်နေတဲ့၊ အရင်ကလည်း EAO တွေကို လုပ်ခဲ့ဖူးတဲ့“ငြိမ်ဝပ်ပိပြားရေး၊ ချေမှုန်းရေး” ကလွဲလို့ အခြား မဟာဗျူဟာ စဉ်းစားနိုင်စွမ်း ကင်းမဲ့နေတယ် ယူဆနိုင်ပါတယ်။ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဟန့်အတားကြီးတခု ဖြစ်လာနိုင်ပါတယ်။

∎ အသစ်သော အင်အားစုများ၊ အသစ်သော အခြေအနေ

နှစ် ၇၀ ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း နောက်ထပ် အင်အားစုအသစ်တွေ ထပ်ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွဲခံခဲ့ရပြီး နောက်ပိုင်း ဖြစ်တည်လာတဲ့ NUG အစိုးရနဲ့ ဒေသ အများအပြားမှာ ရရာ လက်နက်စွဲကိုင်ပြီး ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ဖြစ်ပါတယ်။ စစ်ကောင်စီက အခု ပေါ်ပေါက်လာတဲ့အင်အားစု အသစ်တွေကို မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ထဲမှာ ထည့်သွင်း စဉ်းစားပုံ မရှိပါဘူး။

အဲဒါအပြင် NUG၊ CPRH နဲ့ PDF အဖွဲ့အစည်းတွေကို စစ်ကောင်စီက “အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့တာကြောင့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြင်ပက အဖွဲ့အစည်းတွေ ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွ ဆန့်ကျင်ကြဖို့ NUG က ခုခံစစ်ပွဲ ကြေညာတဲ့အခါ မြန်မာနိုင်ငံရေး ပဋိပက္ခဟာ တင်းမာမှုတွေပိုလို့ မြင့်မားလာပါတယ်။

ဒီလို ပြည်တွင်း ပဋိပက္ခဝန်းကျင်က အင်အားစုသစ်တွေကို လျစ်လျူရှုထားဖို့ ခက်ခဲနိုင်ပါတယ်။ အချို့သော နေရာတွေမှာ PDF တွေဟာ တဖြည်းဖြည်းနဲ့ တိုက်ခိုက်နိုင်စွမ်း မြင့်မားလာမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်တာ ဒါမှမဟုတ် ကြီးမားတဲ့ ဖျက်စီးနိုင်စွမ်းကို လုပ်နိုင်တဲ့စွမ်းရည် (lethality) မြင့်မားလာတာ တွေ့ရပါတယ်။ အရင်က သေနတ်သံ မကြားဖူးတဲ့ ဒေသအများအပြားမှာတိုက်ပွဲတွေ ဖြစ်လာတာ၊ ပြည်တွင်း ဒုက္ခသည် (IDPs) အရေအတွက် အလျှင်အမြန် မြင့်မားလာနေတဲ့ အခြေအနေတွေကို မြင်တွေ့နေရပါတယ်။ ပဋိပက္ခ မြေပုံသစ် (Conflict map) ဟာ အသစ် တဖန် ပြန်လည်ရေးဆွဲနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာ သံတမန်ရေး ဝန်းကျင် အခြေအနေဟာ ပုံမှန် အနေအထားမှာ ရှိမနေပါဘူး။ ကမ္ဘာ့ကူးစက်ကပ်ဘေး Covid-19 Global Pandemic ကြောင့် အကျပ်အတည်း မြင့်မားနေသလို၊ နိုင်ငံတကာ စီးပွားဆုတ်ယုတ် ကျဆင်းနေမှုနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကြောင့် နိုင်ငံတကာ သံတမန်ရေး အာရုံစိုက်မှု မြင့်မားနေတဲ့ အချိန် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အပါအဝင် နိုင်ငံတကာမှာမြန်မာကိစ္စဟာ နိုင်ငံတကာအရေး ဖြစ်နေခဲ့ရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ပထဝီနိုင်ငံရေးအကျိုးစီးပွား များကလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည်တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ ကာလမှာ “အညှီရှိ၊ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂတွေက ပိုပြင်းထန်တတ်ပါတယ်။

∎ မူဝါဒရေးရာ ရိုက်ခတ် သက်ရောက်မှုများ

နိုင်ငံတကာ မိသားစုကတော့ ညှိနှိုင်း ဖြေရှင်းရေးကိုသာ ဝိုင်းဝန်းတောင်းဆိုနေပါတယ်။ ဒီလိုအခြေအနေမှာ ဘက်အသီးသီး ပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို ပြန်စနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးက အဓိကငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေးရပ် သတ်မှတ်ထားတဲ့နေရာမှာ ပဋိပက္ခတွေ မဖြစ်ပွားမီ ကြိုတင်ကာကွယ်မှု ဆိုင်ရာ သံတမန်ရေး(preventive diplomacy)၊ ငြိမ်းချမ်းရေး ရစေရေး (peacemaking)၊ ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းထားရေး (peacekeeping) နဲ့ပဋိပက္ခလွန် လူ့အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး (post-conflict peace building) စသဖြင့် ခွဲခြားထားပါတယ်။ ဒီရှုထောင့်က ကြည့်ရင်ပဲ မြန်မာနိုင်ငံမှာ လုပ်ငန်းစဉ် အဆင့် အတော်များများ ပြန်လည် ဖြတ်သန်းကြရပါဦးမယ်။ လက်ငင်းမှာတော့ နိုင်ငံတကာက တောင်းဆိုနေသလို တွေ့ဆုံဆွေးနွေးရေး (Dialogue) စားပွဲဝိုင်းဆီကို ပြန်ရောက်ဖို့ဝေးလို့ တွေ့ဆုံစကားပြောဖို့အကြောင်း စကားပြောကြ (talks before the talk) ဖို့တောင် မလွယ်ကူသေးပါဘူး။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်၊ ပဋိပက္ခ မြင့်မားလာမှု အကျိုးဆက်က ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေဆီ ကူးစက်ဖွယ် စိုးရိမ်မှု ဖြစ်နေကြပါတယ်။ ပဋိပက္ခရဲ့ ဆိုးကျိုးအဖြစ် ပြည်တွင်း ဒုက္ခသည်များရဲ့ လူသားချင်းစာနာမှု အရေးပေါ်အခြေအနေကို ဒေသတွင်းနိုင်ငံတွေ လျစ်လျူရှုထားလို့ မရနိုင်အောင် ဖြစ်လာရပါတယ်။ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမား ပြဿနာတွေနဲ့အတူ လူခိုးဝင်မှု၊ လူကုန်ကူးမှု ပြဿနာကို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ လက်နက်မှောင်ခို ဈေးကွက် တဖန်ပြန်လည် ထွန်းသစ်လာမှုကလည်း ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ် ဖြစ်လာပြီး၊ တပြိုင်နက်တည်းမှာ ပြည်တွင်း ပဋိပက္ခကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှု မြင့်မားလာနိုင်တဲ့ ပြဿနာလည်း ရှိနေပါတယ်။

မည်သို့သော ဆင်ခြေ အကြောင်းပြချက် ဖြစ်ပါစေ၊ ဒေသတွင်း နိုင်ငံတွေအဖို့ နိုင်ငံတခုအတွင်းမှာ လက်နက်ကိုင် အင်အားစုများပြန့်ကျဲ ပေါ်ထွန်းလာတာ၊ နည်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနေတာက ရှုစိမ့်နိုင်ဖွယ် အခြေအနေ တရပ် မဟုတ်ပါဘူး။ အထူးသဖြင့် “အကြမ်းဖက်မှု” ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေအပေါ်လေးလေးနက်နက် ထည့်သွင်း စဉ်းစားချက်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ အပေါ် စစ်ကောင်စီကအကြမ်းဖက်ချေမှုန်းမှု လုပ်ခဲ့တာကို တန်ပြန်သောအားဖြင့် ပေါ်ပေါက်လာတဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေ၊ (စစ်မျက်နှာစာနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာ) လက်လုပ်မိုင်းနဲ့ ဗုံးခွဲမှု စသဖြင့် တိုက်ခိုက်မှုတွေကို အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံတကာသံတမန် ဆက်ဆံရေး နယ်ပယ်မှာ အချိန်ယူ နားလည် စဉ်းစားပေးနိုင်ဖို့ ဆိုတဲ့အချက်က ရှုပ်ထွေး ပွေလီလှပါတယ်။

တချိန်တည်းမှာပဲ မြန်မာ့အရေး လူသားချင်း စာနာမှု အရေးပေါ် အခြေအနေအတွက် သတိပေး ခေါင်းလောင်းသံက ပိုမြည်နေပါပြီ။ ထင်ရှားတဲ့ ခေါင်းဆောင်များနဲ့ လေ့လာ သုံးသပ်သူတွေ၊ သံတမန်တွေက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (failed state) ဖြစ်သွားမယ့် အလားအလာအပေါ် စိုးရိမ်မှုတွေကို အတိအလင်း ပြောဆိုနေကြပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက နိုင်ငံခြား အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ကန့်သတ်မှုတွေ ရှိနေခဲ့ပါတယ်။ နိုင်ငံတွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (INGO/NGO) တွေရဲ့ လုပ်ကိုင် ဆောင်ရွက် နိုင်စွမ်းကလည်း သိသိသာသာ ကန့်သတ် ခံနေရပါတယ်။

အတိုက်အခံ လှုပ်ရှားမှုအတွင်း စုစည်းမှုနဲ့ ခေါင်းဆောင်မှု ပြဿနာကလည်း လက်တွေ့အဖြစ် ရှိနေပါတယ်။ အသစ်သောဆန့်ကျင်ရေး အင်အားစုတွေနဲ့ ရှိရင်းစွဲ EAO တွေအကြားမှာ ညီညွတ်မှု တည်ဆောက်ရေးက ရှစ်လကျော်ကြာသည့်တိုင် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ၊ မဟာမိတ် တည်ဆောက်မှု၊ မူဝါဒဆိုင်ရာ ပြဿနာတွေလည်းအပြင်ပန်းအရတောင် မြင်သာလာပါတယ်။ မညီညွတ်သေးသော၊ စုစည်းမှုအားနည်းသေးသော ခေါင်းဆောင်မှုကနေ ရည်မျှော်ရာပန်းတိုင် အရောက်သွားဖို့ ကိစ္စတွေအတွက် ခက်ခဲနိုင်ပါသေးတယ်။

တပြိုင်နက်တည်းမှာ အကျယ်အပြန့်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး (broader democratization) နဲ့ လူမှု အသိုက်အဝန်းအတွက် ငြိမ်းချမ်းရေး (community peace) ကိစ္စတွေ ဖွံ့ဖြိုး အားကောင်း လာစေရေးအတွက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် ပဋိပက္ခ အသွင်ပြောင်းတိုးတက်မှု (conflict transformation) ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့လိုအပ်နေပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေထဲမှာ အရပ်ဘက်လူမှု အဖွဲ့အစည်းက ပါဝင် ဆောင်ရွက်နေသူတွေ၊ ဖယ်ကျဉ်ခံထားရတဲ့အုပ်စုတွေ၊ အမျိုးသမီးတွေ၊ ဒေသခေါင်းဆောင်တွေ၊ ထုံးတမ်းစဉ်လာ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရဲ့ အနာဂတ်အတွက်ရေရှည်မြော်မြင် ကြိုးပမ်းမှုကို အားထည့်ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။ ထင်ရှားသူ ခေါင်းဆောင်များနဲ့ နိုင်ငံတကာ မိသားစုတွေ စိုးရိမ်ပူပန်နေကြတဲ့ မြန်မာနိုင်ငံ “ကျရှုံးနိုင်ငံတခု ဖြစ်မသွားစေရေး” အတွက် ရပ်တန့်နေတဲ့ ငြိမ်ချမ်းရေး ဖြစ်စဉ်နဲ့အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်ကို မူပိုင်းဆိုင်ရာ ပရိယာယ်ကြွယ်မှု၊ ဖန်တီး‌တီထွင်မှု ရှိတဲ့လုပ်ငန်းစဉ်များနဲ့ အဟောင်း၊ အသစ် အဓိက အင်အားစုများ အားလုံးက ၀ိုင်းဝန်း ကြိုးစားကြဖို့ လိုအပ်မယ်လို့ သုံးသပ်ရပါတယ်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment