Institute for Strategy and Policy – Myanmar

ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

အလေးထားရမည့်အကြောင်းအချက်များ အမှတ် – (၅၁)

Photo – AFP

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုက ခုနှစ်လကျော် ကြာလာတဲ့အခါ မြန်မာ့နိုင်ငံရေး မြင်ကွင်းတွေမှာ နေရာအနှံ့လက်နက်ကိုင်တော်လှန်မှုတွေ၊ အပြန်အလှန် အကြမ်းဖက် တုန့်ပြန်မှုတွေနဲ့ စစ်ရေး တင်းမာမှုတွေ ပြည့်နှက်လာပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့အနာဂတ်က ကျရှုံးနိုင်ငံ (Failed State) ဖြစ်တော့မလား၊ ဒါမှမဟုတ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဖယ်ကျဉ်ခံနိုင်ငံ (Pariah State) ဖြစ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးစိုးလာပါတယ်။ ဒီနိုင်ငံရဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ မလွယ်သေးပေမဲ့ ပဋိပက္ခဒဏ်ကိုတော့ အရပ်သားပြည်သူတွေ ခါးစည်းခံနေရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကို အပြုတ်တိုက်အပြတ်ရှင်းနည်းနဲ့ ရန်ငါစည်းခြား တော်လှန်းခြင်းက လူအများလက်ခံကြတဲ့ လမ်းစဉ်တခု ဖြစ်လာပါတယ်။ အခု ဖြစ်နေတဲ့ အဆိုးကျော့ သံသရာ ဘယ်အချိန်မှာ ပြီးမလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ ဘာကြောင့် ရှည်ကြာစေသလဲဆိုတဲ့အပေါ် နိုင်ငံတကာဖြစ်စဉ်တွေကို အခြေခံပြီး ပြောဆိုဆွေးနွေးကြတာမျိုး ရှိကြပါတယ်။ အဲဒီ ဆွေးနွေးမှုတွေဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေခဏခွာပြီး တစုံလုံး ခြုံငြုံကြည့်တဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ဒီလို အချိန်မှာ လေ့လာသင့်တဲ့ အကြောင်းအရာ တခု ဖြစ်ပါတယ်။

Download as PDF

∎ ဆိုလိုရင်းအနှစ်ချုပ်

နိုင်ငံအတွင်းထဲ တငွေ့ငွေ့နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ နိုင်ငံတခုနဲ့တခု ဖြစ်ကြတဲ့ စစ်ပွဲတွေ၊ ပဋိ ပက္ခတွေလောက်အဖြေရဖို့ ပိုမလွယ်ဘူးလို့ နိုင်ငံတကာ သုတေသီတွေက ဆိုပါတယ် (Mason & Fett, 1996)။ ဒါ့အပြင် ပြည်တွင်းစစ်တွေဟာ နိုင်ငံတခုနဲ့တခု ဖြစ်ကြတဲ့ စစ်ပွဲတွေနဲ့ သဘော သဘာ၀မတူဘဲ အချိန်ကာလ ပိုကြာစေတဲ့ တွန်းအားတွေနဲ့ အရင်းခံအကြောင်းတရားတွေလည်း ရှိပါတယ်။ ပြည်တွင်းစစ် တာရှည်စေနိုင်တဲ့ အကြောင်းအချက်များစွာထဲက သုတေသီ Elshelmani (2015) ဆွေးနွေးထားတဲ့ အဓိက ကျတဲ့ အချက် သုံးချက်ကို ကောက်နုတ်ပါမယ်။ အဲ့ဒီအချက်တွေက (၁) ပြည်တွင်းစစ်မှာ ပါဝင်တဲ့ ဘက်အသီးသီးအကြား အပေးအယူလုပ်နိုင်တဲ့ ဘောင်အကန့်အသတ်ရှိခြင်း၊ (၂) ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့ အစည်းတိုင်းရဲ့အတွင်းပိုင်းမှာ သဘောထားတင်းမာသူ နဲ့ ပျော့ပြောင်းသူ စသဖြင့် အားပြိုင်မှု ရှိတတ်ခြင်း (၃) ဆက်တိုက် ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေထဲမှာ စစ်စီးပွားရေးစတဲ့ အကျိုးစီးပွားတွေ အမြစ်တွယ် လာခြင်းတို့ ဖြစ်ပါတယ် (Elshelmani, 2015)။

စစ်ပွဲတွေဟာ နည်းအမျိုးမျိုးနဲ့ အဆုံးသတ်ကြပါတယ်။ ဘယ်လိုပုံစံနဲ့ အဆုံးသတ်ကြတာပဲ ဖြစ်ဖြစ် တဖက်နဲ့ တဖက် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ပြောဆိုဆွေးနွေး ညှိနှိုင်းခြင်းကို အဆင့်တခုအဖြစ် ကျော်ဖြတ်ရမြဲဖြစ်ပါတယ်။ ဒီအခါမှာ ဘက်အသီးသီးအကြား အပေးအယူ၊ အညှိအနှိုင်း လုပ်ရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပြဿနာတွေမှ တဖက်နဲ့တဖက် အပေးအယူ လုပ်နိုင်တဲ့ ဘောင်က အကန့်အသတ် ရှိပါတယ်။ ဒီနေရာမှာလည်း တော်လှန်သူတွေဘက်က ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေက လူမှု့အဖွဲ့အစည်းတစုံလုံးကို အပြောင်းအလဲလုပ်ချင်တဲ့အထိ ကြီးမားရင်အပေးအယူ လုပ်ဖို့ဆိုတာ အထူးခက်ခဲပါတယ်။ အုပ်စိုးသူ အာဏာရှိသူတွေကလည်း ဒီလိုမျိုး ရည်မှန်ချက်မြင့်မားတဲ့တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးဘောင်ကနေ ထုတ်ပြီး စစ်ရေးအရ ပြင်း ပြင်းထန်ထန် ဖြေရှင်းဖို့ တံဆိပ်အမျိုးမျိုးကပ်ပြီး တုန့်ပြန်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံး အစွန်းကိုယ်စီရောက်သွားပြီးပြည်တွင်းစစ်ဟာ ပိုပြီးရှည်ကြာသွားပါတယ်။

ဒုတိယတချက်က ငြိမ်းချမ်းရေး သဘောတူညီမှုတွေရဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းတဲ့ စားပွဲဝိုင်းပေါ် ရောက်ဖို့ အတွက် အင်အားကြီးမားပြီး၊ ကိုယ်စားပြုမှု အပြည့်အ၀ ရှိတဲ့ ခေါင်းဆောင်မှုက ပါဝင်ဖက်တိုင်းမှာ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်မှာလည်းပြည်တွင်းစစ် အခြေအနေမှာ အခက်အခဲတွေ အများကြီး ရှိတတ်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းအတွင်း သဘောထားတင်းမာသူတွေနဲ့ သဘာထား ပျော့ပျောင်းတဲ့ အုပ်စုတွေအကြား အားပြိုင်မှုတွေ၊ ကိုယ်စားပြုမှု မသေချာတာမျိုးတွေကိုပြည်တွင်းစစ် အခြေအနေတွေမှာ အများဆုံး မြင်ရလေ့ရှိပါတယ်။ တခါတလေမှာ စားပွဲဝိုင်းပေါ် ရောက်နေတဲ့ ခေါင်းဆောင်တွေက အောက်ခြေမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို မထိန်းချုပ်နိုင်တာ မျိုးတွေတောင် ရှိတတ်ပါတယ်။ ဒါတွေ ကြောင့်လည်းပြည်တွင်းစစ်တွေဟာ အဖြေရှာဖို့ ပိုပြီး ကြန့်ကြာတတ်ပါတယ်။

နောက်ဆုံး အချက်ကတော့ နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်ကနေ ချဉ်းကပ်ပြီး သုတေသီတွေ ထောက်ပြတဲ့ အကျိုးစီးပွားပြဿနာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေမှာ သဘာ၀အရင်းအမြစ် ပေါကြွယ်တဲ့ ဒေသတွေကို ဘက်တခုခုက ထိန်းချုပ်ထားနိုင်ပြီး စီးပွားရေးအရ အကျိုးအမြတ် ရရှိတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အဲဒီဒေသတွေဟာ ပဋိပက္ခဖြစ်စဉ်ဝဲဩဃထဲမှာ တဝဲလည်လည် ဖြစ်နေတတ်ပြီး ရုန်းထွက်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုနဲ့ ငွေကြေးကိစ္စတွေ၊မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေ၊ လူကုန်ကူးမှု ပြဿနာတွေ အစရှိတဲ့ ကိစ္စများမြောင်ဟာလည်း ကျွဲကူးရေပါသဘောဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမှာ အသစ်၊အသစ်သော ဇာတ်ကောင်များကိုလည်း မွေးဖွားစေနိုင်တဲ့အပြင်လူ့အဖွဲ့အစည်းကိုလည်း အဆိုးကျော့ စက်ဝန်းဆီကို ဦးတည်စေပါတယ်။ ဒါကြောင့်လည်း ဒီအချက်ဟာ ပြည်တွင်းစစ်ကိုရှည်ကြာစေနိုင်တဲ့ အချက်တွေထဲမှာ တချက်အဖြစ် ပါဝင်နေပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

ပြည်တွင်းစစ်တွေဟာ နှစ်ကာလရှည်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးမှုတွေ၊ သေကြေမှုတွေဟာ တရိပ်ရိပ်နဲ့ တိုးလာနေမှာဖြစ်ပါတယ်။ အဲ့ဒီ လူ့အဖွဲ့အစည်းအနေနဲ့လည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မွေးဖွားနိုင်မှာ မဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကိုသာ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှု သံသရာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အဲဒီ နိုင်ငံတခုတည်းရဲ့ ပြဿနာမျိုး မဟုတ်ဘဲ ဒေသတွင်း နိုင်ငံတွေ အတွက်ပါ ၀န်ထုပ်၀န်ပိုး ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်အချက်တွေက ပြည်တွင်းစစ်ကို တာရှည်စေ သလဲဆိုတာကို လေ့လာခြင်းက အလေးထားသင့်တဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ 

∎ မြန်မာနိုင်ငံနှင့်ဆီလျော်သလား

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်ခဲ့တာ ကြာပါပြီ။ အခု အချိန်မှာလည်းအကိုင်အတွယ်မတတ်ရင် မူရင်းအခြေအနေထက် ပိုပြီး ဆိုရွားသွားစေနိုင်တဲ့ အချိုးအကွေ့ တခုကို ရောက်နေပါတယ်။ ဒါကြောင့်ဘယ်အကြောင်းအချက်တွေက ပြည်တွင်းစစ်တွေကို ပိုပြီး တာရှည် စေနိုင်သလဲဆိုတာကို လေ့လာတာဟာ မြန်မာနိုင်ငံနဲ့အင်မတန်မှ ဆီလျော်ပါတယ်။ အထူးသဖြင့် သုတေသီ Elshelmani (2015) ထောက်ပြခဲ့တဲ့ အချက် သုံးချက်လုံံကို မြန်မာ့ပြည်တွင်းစစ် သံသရာထဲမှာ မကြာခဏ ဆိုသလို တွေ့ရတတ်ပါတယ်။

ပထမအချက်ဖြစ်တဲ့ အပေးအယူလုပ်နိုင်သော ဘောင်အကန့်အသတ်ဟာ မြန်မာနိုင်ငံလို စစ်ရေး၊ နိုင်ငံရေး နောက်ခံကားချပ်မတူညီတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများစွာရှိနေတဲ့ အခြေအနေမှာ ပိုပြီး ထင်ဟပ်ပါလိမ့် မယ်။ မတူညီတဲ့ ဖယ်ဒရယ်ရည်မှန်းချက်တွေ၊ သမိုင်းဆိုင်ရာ နာကြဉ်းချက်တွေနဲ့ မယုံကြည်မှုများစွာ ရှိနေပါတယ်။ အဲဒီကနေ ဆင့်ပွားလာတဲ့ လုံခြုံရေးဆိုင်ရာပေါင်းစည်းရေးအမြင်တွေကလည်း တူညီမှု မရှိပါဘူး။ ဒါ့အပြင် အခု စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦး တော်လှန်ရေးကနေမွေးဖွားပေးလိုက်တဲ့ လက်နက် ကိုင်တပ်တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ကြီးမားလှတဲ့ စနစ်ပြောင်း၊ ခေတ်ပြောင်းရည်မှန်းချက်တွေက အာဏာကို နည်းပေါင်းစုံသုံးပြီး ကြီးစိုးခြယ်လှယ်ထားတဲ့ စစ်တပ်နဲ့ အပေးအယူ၊ အလျော့အတင်းလုပ်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိမနေသေးပါဘူး။

ဒုတိယအချက်ကိုလည်း မြန်မာနိုင်ငံမှာ တောက်လျှောက် ကြုံတွေ့ခဲ့ရဖူးပါတယ်။ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ တခုချင်းစီရဲ့ ခေါင်းဆောင်ရွေးချယ်မှုပုံစံနဲ့ သဘောသဘာ၀တွေဟာ တဖွဲ့နဲ့ တဖွဲ့ကွဲပြားမှု ရှိသလို အတွင်းပိုင်း အားပြိုင်မှု၊ ပဋိပက္ခတွေလည်း ရှိပါတယ်။ နောက်ထပ် သတိပြုနိုင်တာက နိုင်ငံရေးအရ ကိုယ် စားပြုမှုကို ရရှိထားတဲ့ ခေါင်းဆောင်တွေနဲ့ အောက်ခြေကတပ်မဟာတွေ၊ တပ်ရင်းတွေကို ကွပ်ကဲကြရတဲ့ စစ်ရေးခေါင်းဆောင်တွေအကြား မဟာဗျူဟာစဉ်စားချက် အခြေခံ မတူညီကြတာကို ရံဖန်ရံခါ တွေ့ရ လေ့ရှိပါတယ်။ ဒါတွေဟာ သာမာန်အချိန်တွေမှာ မသိသာပေမယ့် အရေးကြီးတဲ့ နိုင်ငံရေး အလှည့်အပြောင်း ဆုံးဖြတ်ချက်တွေချခါနီးမှာ ပေါ်လာတတ်ပြီး အုပ်စုဖွဲ့ပြိုင်ဆိုင်မှု၊ ဖြေရှင်းမှုတွေ ဖြစ်လာပါတယ်။

နောက်ဆုံးအချက်ဖြစ်တဲ့ အကျိုးစီးပွားနဲ့ စစ်ပွဲတွေအကြား ချိတ်ဆက်နေမှုဟာ မြန်မာနိုင်ငံမှာတော့ နည်းလမ်းမျိုးစုံနဲ့ ဘက်အသီးသီးအကြားမှာ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် စစ်စီးပွားရေး ဆိုင်ရာ အကျိုးစီးပွားကိစ္စတွေ ဖြစ်ပါတယ်။တရားမဝင် ကုန်သွယ်မှုက အစ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေအဆုံး ဒေါ်လာ ဘီလီယံချီတဲ့ ငွေကြေးတွေဟာ နိုင်ငံ့စီးပွားရေးထဲကို နည်းလမ်းမျိုးစုံနဲ့ စီးဝင်နေပြီး ဒီငွေတွေက လက်နက်ကိုင် ပဋိပက္ခကို ပြန်ပြီး အထောက်အပံ့ ဖြစ်စေပါတယ်။နိုင်ငံရဲ့ ရင်းမြစ်တွေကို နယ်ပယ်အသီးသီးမှာ စစ်တပ်က ချုပ်ကိုင်ခြယ်လှယ်ထားပြီး၊ တဖက်က တော်လှန်ရေး အင်အားစုတွေအကြားမှာလည်း စစ်ပွဲတွေအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကို ရှာဖွေရာကနေ အဲဒီ ကုန်ကျစရိတ် ရှာဖွေနိုင်ရေးအတွက် စစ်ပွဲတွေက အကြောင်းအချက်တခု ပြန်ဖြစ်စေပါတယ်။

အချုပ်အားဖြင့် ပြည်တွင်းစစ်ကို မရပ်တန့်နိုင်သေးတာ၊ အချိန် ပိုရှည်ကြာစေတတ်တာတွေအတွက် အခြား သော အရင်းခံအကြောင်းအရာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ အခု ဖော်ပြတဲ့အချက်သုံး ချက်ကို ထည့်သွင်းစဉ်းစားတာကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေ ခဏခွာပြီး တစုံလုံးကို အဖြေရှာတဲ့နေရာမှာ တစုံတရာအထောက်အကူ ဖြစ်စေနိုင်ပါတယ်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar