Institute for Strategy and Policy – Myanmar

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၉)

မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။

Download as PDF

ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar