Institute for Strategy and Policy – Myanmar

ကုလသမဂ္ဂ စင်မြင့်ထက်၌ မြန်မာ့ကိုယ်စားပြုခွင့်ရရေး အားပြိုင်မှု

က

သိသင့်သမျှအကြောင်းခြင်းရာ

ကုလသမဂ္ဂ စင်မြင့်ထက်၌ မြန်မာ့ကိုယ်စားပြုခွင့်ရရေး အားပြိုင်မှု

ဒီကနေ့မှာစတင်မယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဏာသိမ်း စစ်ကောင်စီတို့အကြား နိုင်ငံကိုယ်စားပြုခွင့် ရရှိရေးအတွက် ကြိုး ပမ်းမှုတွေကို သိသင့်သမျှ အကြောင်းချင်းရာ (Backgrounder) အဖြစ်ISP-Myanmar က ဖော်ပြလိုက်ပါတယ်။

ရေးသားသူများ
နန်းလွင်၊ သန့်အောင်ပိုင်၊ လင်းထက်အောင်

၂၀၂၁ ခုနှစ် မတ် ၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်။
Photo-Mladen ANTONOV/AFP
၂၀၂၁ ခုနှစ် မတ် ၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်။
Photo-Mladen ANTONOV/AFP

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် တည်းဖြတ်ခဲ့သည့်ဆောင်းပါးကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ (မြန်မာစံချိန်တော်ချိန်) တွင် အချက်အလက်အသစ်များ ဖြည့်စွက်ခဲ့ပါသည်။


အကျဉ်းချုပ်ဆွေးနွေးချက်
●	ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေး ကောင်စီတို့ရဲ့ အစည်းအဝေး အစီအစဉ်တွေမှာ မြန်မာ့အရေးကိစ္စဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်းမှာ စတင်ပါဝင်လာခဲ့ပါတယ်။ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာဆိုရင်  မြန်မာ့အရေးဟာ ၂၀၀၅ ခုနှစ်ကစလို့ ဆက်တိုက် ပါဝင်နေခဲ့ပြီး ဥက္ကဋ္ဌရဲ့ သဘောထားထုတ်ပြန်ချက်သုံးခုကိုလည်း ၂၀၀၇၊ ၂၀၀၈ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့ပါ တယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်နဲ့ တံခါးပိတ်ဆွေးနွေးမှုအပါအဝင် စုစုပေါင်း ကိုးကြိမ်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်သုံးခုနဲ့ ဥက္ကဋ္ဌ သဘောထားထုတ်ပြန်ချက်တခုလည်း ထွက်ရှိထားပါတယ်။  
●	ကုလသမဂ္ဂ စင်မြင့်ထက်မှာ မြန်မာ့ကိုယ်စားပြုခွင့်ရရေး စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ပြိုင်ဆိုင်ကြမယ့် သံတမန်တိုက်ပွဲဟာ အမြင့်ဆုံး သံခင်းတမန်ခင်းတိုက်ပွဲတခု ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိ‌ရေးဟာ အာဏာ ဆက်လက် ကိုင်ထားရေး တရား၀င်ဖြစ်မှု အတွက် အရေးပါသလို၊ နိုင်ငံတကာ အသိအမှတ်ပြုရေး ကြိုးပမ်းနေတဲ့ NUG အတွက် လည်း အဓိကကျပြီး လူသားချင်းစာနာမှု အကူအညီပေးရေးအတွက်ပါ အထောက်အကူပြုမှာ ဖြစ်ပါ တယ်။
●	ကုလသမဂ္ဂအနေနဲ့ NUG ဘက်ကို အသိအမှတ်ပြုပေးလိုက်မယ်ဆိုရင် ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်တွေမှာ NUG က တစိတ်တပိုင်း ပါဝင်ခွင့်ရ လာမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂမှာ တရားဝင် အသိအမှတ်ပြုနိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ အသိအမှတ် ပြုခဲ့မယ်ဆိုရင် မြန်မာလူထုရဲ့ ပြင်းထန်အားကောင်းလှတဲ့ သဘောထားကို မျက်ကွယ် ပြုရာ ရောက်တဲ့အတွက် ကုလသမဂ္ဂကို အပြင်းအထန်ဆန့်ကျင် ကန့်ကွက်တဲ့ အခြေအနေတွေ ဖြစ်လာ နိုင်ပါတယ်။ ဖြစ်တန်ခြေတွေထဲမှာ အခုလက်ရှိ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားတဲ့ ဖြစ်တန်ခြေ ဖြစ်လာမယ်ဆိုရင်တောင် တရုတ်နိုင်ငံအနေနဲ့ NUG ကိုယ်စားလှယ်ကို လက်ခံလိုက်တယ် ဆိုတဲ့ အမြင်မျိုး မဖြစ်ရလေအောင် နည်းလမ်းမျိုးစုံနဲ့ စီမံဖွယ်ရှိပါတယ်။ ဥပမာ- ဆုံးဖြတ်ချက်ရဲ့ စကားလုံးအသုံးအနှုန်းရွေးချယ်ပုံကစလို့ လက်ရှိ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ NUG ဘက်က နိုင်ငံရေး အရ မှိုရသလို မျက်နှာပွင့်တဲ့ “အမြင်” မျိုး မဖြစ်ရအောင် ကြိုးစားစီမံတာမျိုးပါ။ ဒါကြောင့် အခု ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းအနေနဲ့ မိန့်ခွန်း ပြောခွင့်မရတာ၊ ဒီ့ထက်ဆိုးရင် ညီလာခံအတွင်း ဝင်ရောက်တက်ခွင့် မရတာမျိုးပါ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သက်တမ်းကိုလည်း ပုံမှန်အတိုင်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိပဲ ထားဖွယ်ရှိ ပါတယ်။ စက်တင်ဘာ ၁၄ ရက် ညပိုင်း(မြန်မာစံတော်ချိန်)မှာ စတင်ခဲ့တဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အစည်းအဝေးမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

နိဒါန်း​​

၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ အာဏာသိမ်း စစ်ကောင်စီ အကြား ကိုယ်စားပြုခွင့် ရရှိရေးအတွက် ကြိုးပမ်းရတော့မှာပါ။ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ဆိုတာ နိုင်ငံတကာ စင်မြင့်ထက်မှာ နိုင်ငံကို တရားဝင် ကိုယ်စားပြုခွင့်ရမယ်၊ အသိအမှတ်ပြုမှုရရှိ တယ်လို့ မှတ် ယူကြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အထွေထွေ ညီလာခံမှာသာမကဘဲ ကုလသမဂ္ဂ ဆက်စပ် အဖွဲ့အစည်းတွေမှာ အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ လူ့အခွင့်အရေး ကောင်စီတွေမှာပါ နိုင်ငံကိုယ်စားပြု ပြောဆိုခွင့်ရလာမှာဖြစ်ပါတယ်။  ဒါကြောင့် အထွေထွေညီလာခံမှာ အသိအမှတ်ပြုမှုရရှိဖို့ နှစ်ဦးနှစ်ဖက်စလုံးအတွက် အမြင့်ဆုံး သံခင်းတမန်ခင်း တိုက်ပွဲလို့ဆိုရမှာပါ။ 

➤ ယခု ဆောင်းပါးကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ တရုတ် နိုင်ငံတခုတည်းဆီကသာ “အစိုးရ” လို့ သုံးနှုန်းခံရပြီး ကျန်နိုင်ငံတွေဆီက တရားဝင် အသိအမှတ်ပြုခြင်း မခံရသေးပါဘူး။ ဆန့်ကျင်မှုတွေကို ပြည်တွင်းမှာ အပြင်းအထန်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် အာဏာ ဆက်လက်ကိုင်ထားရေးနဲ့ တိုင်းပြည်ကို ထိန်းချုပ်ထားရေး၊ တရား၀င်ဖြစ်မှုအတွက်  နိုင်ငံတကာနဲ့ ကုလသမဂ္ဂလို စင်မြင့်ရဲ့ အသိအမှတ်ပြုရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ စစ်အစိုးရ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ ထိုင်ခုံကနေ ဖယ်ရှားရေးနဲ့ နိုင်ငံတကာက တစုတဝေးတည်း အရေးယူရေးကိစ္စရပ်တွေကို ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။ ဒီတကြိမ်  ကုလသမဂ္ဂမျက်နှာစာ သံတမန်တိုက်ပွဲမှာ NUG ကို ရှေ့တန်း ရောက်စေတဲ့ အချက်ကတော့ (‌NLD အစိုးရက ခန့်အပ်ထားတဲ့) ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်  ဦးကျော်မိုး ထွန်းက အာဏာသိမ်းမှုကို ရဲရဲတင်းတင်းတင်း ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ အရပ်သားအစိုးရဘက်က ရပ်တည်ကြဖို့  တောင်းဆိုခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက သူ့ကို ရာထူးက ထုတ်ပယ်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ အမှုတပ်ခဲ့ပေမဲ့ ကုလသမဂ္ဂက စည်းမျဉ်းအတိုင်း ညီလာခံ ဆက်လက် တက်ခွင့်ပေးခဲ့တာက NUG အတွက် တပန်းသာစေတဲ့ အချက် ဖြစ်ပါတယ်။ 

ဦးကျော်မိုးထွန်း ရယူထားတဲ့ နယူးယောက် အမြဲတမ်း ကိုယ်စားလှယ်နေရာဟာ ကုလသမဂ္ဂစနစ်အတွင်း အရေး ပါတဲ့ နေရာဖြစ်ပြီး သံတမန်လုပ်ထုံးလုပ်နည်း ရှုထောင့်က ကြည့်ရင် အမြင့်ဆုံး ဖြစ်ပါတယ်။ အဲဒီနေရာကို ရရှိထားမယ်ဆိုရင် အခြား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများရှိ ဘယ်နေရာမှာမဆို မြန်မာနိုင်ငံကို အမြင့်ဆုံး ကိုယ်စား ပြုနိုင်မှာ ဖြစ်ပါတယ်။ သမိုင်းတလျောက်မှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်ဖြေရှင်းမှု၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် အရေးယူဆောင်ရွက်မှု စတာတွေနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် အရွေ့တခုကို မလုပ်နိုင်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဝေဖန်မှုကို အမြဲတစေ ခံခဲ့ရပါတယ်။ စစ်အစိုးရ အဆက်ဆက်ဟာ ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှုတွေကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ခဲ့သလို ကုလသမဂ္ဂရဲ့ တိုင်းပြည်အတွင်း လှုပ်ရှားမှုတွေကို ကန့်သတ်ခဲ့ပါတယ်။ တခါ ကုလသမဂ္ဂရဲ့ အကြုံပြုချက်တွေအပေါ် လိုက်ပါဆောင်ရွက်မှုလည်း အားနည်းခဲ့ပါတယ်။ 

၁၉၉၃ ခုနှစ် နောက်ပိုင်းမှာ မြန်မာ့အရေးကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေ ညီလာခံနဲ့ လူ့အခွင့် အရေး ကောင်စီတွေရဲ့ အစည်းအဝေး အစီအစဉ်တွေမှာ စတင်ပါဝင်လာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က စပြီး လုံခြုံရေး ကောင်စီအစည်းအဝေးတွေမှာ မြန်မာ့အရေးက ဆက်တိုက် ပါဝင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၇ ခု နှစ်တွေမှာဆိုရင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ သဘောထားထုတ်ပြန်ချက်တွေပါ ထွက်ရှိခဲ့ပါတယ်။ အခု ဖေဖော်ဝါရီ အာဏာသိမ်းပြီး နောက်မှာ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့  အထူး ကိုယ်စား လှယ်နဲ့ တံခါးပိတ်ဆွေးနွေးမှုတွေအပါအဝင် စုစုပေါင်း ကိုးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး  သတင်းထုတ်ပြန်ချက်သုံးခုနဲ့ ဥက္ကဋ္ဌရဲ့ သဘောထားထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန် ချက်တွေမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချတာတွေ ပါဝင်ပေမဲ့ ပြင်းထန်တဲ့စကားလုံးတွေနဲ့ ပစ်မှတ်ထား အရေးယူမယ်ဆိုတဲ့ စကားလုံးတွေကို တရုတ်နဲ့ရုရှားရဲ့ ကန့်ကွက်မှုတွေကြောင့် ဖယ်ရှားပစ်ခဲ့ရပါတယ်။  

ဒါပေမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွေမှာ လုပ်ဆောင်လေ့မရှိတဲ့ ကိစ္စတခုအဖြစ် အာဏာသိမ်းမှုကို ရှုတ်ချတာနဲ့ လက်နက်ရောင်းချမှုကို အဖွဲ့ဝင်နိုင်ငံတွေက တားဆီးရန် တိုက်တွန်းခြင်း ဆုံးဖြတ်ချက်ကို ချမှတ် နိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အထူး ဆွေးနွေးမှု လုပ်ခဲ့သလို ဆုံးဖြတ်ချက်နှစ်ခုကိုလည်း ချမှတ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေး ထောက်ခံဆန္ဒပြသူတွေဟာ “Responsibility to Protect” (R2P) ကို မျှော်လင့်ခဲ့ကြပြီး ကုလသမဂ္ဂက စေလွှတ်တဲ့ ငြိမ်းချမ်းရေး တပ်သားတွေလာဖို့ အရပ်သား အစိုးရ အာဏာရအောင် လုပ်ဆောင်ပေးဖို့  အဓိကတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဟာ လက်တွေ့ မှာတော့ တရုတ်နဲ့ရုရှားရဲ့ ကန့်ကွက်မှုတွေကြောင့် လေသံပြင်းပြင်း ရှုတ်ချမှုတောင် မလုပ်နိုင်ခဲ့ပါဘူး။

ကုလသမဂ္ဂစင်မြင့်မှာ NUGရဲ့ ကိုယ်စားလှယ်ကိုသာ အသိအမှတ်ပြုပေးလိုက်ရင်၊ ဒါမှမဟုတ် NUG ကို ပြတ်ပြတ်သားသား အသိအမှတ်ပြုမှု မဟုတ်ဘဲ ဦးကျော်မိုးထွန်းကိုပဲ ဆက်လက် ထားရှိမယ်ဆိုရင်  ပြည်တွင်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို စစ်ကောင်စီက ရပ်တန့်ပစ်လိုက်တာမျိုးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကို ပိတ်ပင်ပစ်လိုက်တာမျိုးတွေနဲ့ တုံ့ပြန်လာနိုင်ဖွယ်ရာရှိပါတယ်။ ကုလသမဂ္ဂက အခုတကြိမ်ချမှတ်မယ့် အဆုံးအဖြတ်ဟာ မြန်မာနိုင်ငံက ဒီမိုကရေစီ ထောက်ခံသူတွေရဲ့ ဖိအားတင် မကဘဲ စစ်ကောင်စီရဲ့ ဖိအားကိုပါ ရင်ဆိုင်ရမှာဖြစ်ပြီး တဖက်ဖက်ကို အလေးသာခဲ့ရင်  နှစ်ဘက်စလုံးရဲ့ ငြင်းဆန်မှုတွေ ကြောင့်  ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေ ပြည်တွင်းမှာ ဆက်လက် အကောင်အထည်ဖော်ရေး အကျပ် အတည်းတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုအငြင်းပွားမှုမျိုး ဖြစ်နေသလဲ

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့် မဆုံးဖြတ်ခင် တပတ်အလို၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ NUG က တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့  တိုက်တွန်း လိုက်ပါ တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီက တင်မြှောက်တဲ့ ကိုယ်စားလှယ်နဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေ တခဲနက် ထောက်ခံထားတဲ့  မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ယှဉ်ပြီး ရွေးချယ်ဖို့  ကုလသမဂ္ဂမှာ  အကျပ်အတည်းဖြစ်နေပါတယ်။ အခြေခံအားဖြင့် ကုလသမဂ္ဂစင်မြင့်မှာ အစိုးရတရပ်ကို တရားဝင် အသိအမှတ်ပြုခြင်းဟာ –

(၁) နယ်မြေပိုင်နက်ကို ထိရောက်စွာ ထိန်းချုပ်ခြင်း၊ 

(၂) ဒီမိုကရေစီအရ တရားဝင်မှု၊

(၃) နိုင်ငံတကာဥပဒေများကို လိုက်နာခြင်း ဆိုတဲ့ အဓိက အချက်သုံးချက်ပေါ်မှာ မူတည်ပြီး စဉ်းစား သုံးသပ် ပါတယ်။ 

အခုဖြစ်ပေါ်နေတဲ့ အကျပ်အတည်းမှာ စစ်ကောင်စီဟာ မကြာခဏ ဖြစ်ပွားနေတဲ့ တိုက်ခိုက်ခံရမှုတွေက လွဲပြီး နယ်မြေပိုင်နယ်ကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ခြင်းဆိုတဲ့ အားသာချက် ရှိနေသလို NUG ဘက်မှာတော့ မြန်မာပြည်သူလူထုရဲ့ တခဲနက် အားပေးထောက်ခံမှုကို ရရှိထားပါတယ်။ ဒါကြောင့် တရားဝင်မှုမှာ အားသာချက် ရှိနေတယ်လို့ ပညာရှင်တွေက ပြောဆိုထားပါတယ်။ ထူးခြားချက်တခုက NUG အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ မဟာမိတ် ပြုထားတာကြောင့် EAOs နယ်မြေတွေဟာ သူတို့ရဲ့ အမာခံ နယ်မြေ အဖြစ် သုံးသပ် ယူဆတာမျိုးလည်း ရှိပါတယ်။

တဖက်မှာလည်း NUG ဟာ ဒီမိုကရေစီလိုလားတဲ့ အရပ်သားတွေက ထောက်ခံမှုရထားပြီး လက်ရှိ အချိန်မှာ လည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းရင်း လူထုအတွက်လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးနေတာ မျိုးရှိ ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေရဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့အပြင် လက်ရှိ မှာလည်း စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေပြီး နိုင်ငံအနှံ့မှာ ရှိနေတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကလည်း NUG ကိုထောက်ခံထားပါတယ်။ ဒါ့အပြင် NUG အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာမယ်လို့ ကတိပြုထားတဲ့အပြင် International Criminal Court က လုပ်ဆောင်ချက်တွေကို လက်ခံမယ်လို့ ကတိပြု ထားပါတယ်။ ဒါကြောင့် NUG ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက် ကျုးလွန်နေတဲ့ စစ်ကောင်စီနဲ့ မတူဘဲ  ဒီမိုကရေစီအရ တရား၀င်မှုရှိတယ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘဲ အာဏာသိမ်းခဲ့တဲ့အပြင် အနယ်နယ်အရပ်ရပ်မှ လက်နက်ကိုင် ဆန့်ကျင်မှုများကြောင့် ထိရောက်တဲ့ နယ်မြေထိန်းချုပ်မှု လက်ဝယ်မှာ ကိုင်ဆွဲထားနိုင်ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ စာတမ်းမှာ သုံးသပ်ထားပါတယ်။ သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ သပိတ်မှောက်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင် နေဆဲဖြစ်တယ်။ စစ်ကောင်စီဟာ ပြည်သူတွေအပေါ် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှု တွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေ ကျုးလွန်တာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ရေးသားထားပါတယ်။ စာတမ်းရှင်တွေကတော့ စစ်ကောင်စီဟာ နိုင်ငံတကာက အသိအမှတ်ပြုလောက်တဲ့ တရားဝင်မှုတွေ မရှိဘူးလို့သုံးသပ်ပါတယ်။ သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီအရတရားဝင်မှုနဲ့ နိုင်ငံတကာဥပဒေများလိုက်နာမှုများမှာ စစ်ကောင်စီအတွက် မေးခွန်းထုတ်စရာဖြစ်ပါတယ်။

အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း 

ကုလသမဂ္ဂဆိုင်ရာ အဓိကအရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့ အထွေထွေညီလာခံမှာ ပါဝင်ခွင့်ရဖို့ အဖွဲ့ဝင် နိုင်ငံတွေအားလုံးဟာ သံတမန်ခန့်အပ်လွှာ (Credential) ကို နှစ်စဉ် တင်ပြဖို့ လိုအပ်ပါတယ်။ ဒီလိုမှသာ သက် ဆိုင်ရာ နိုင်ငံအလိုက် တက်ရောက်မယ့် ကိုယ်စားလှယ်များအတွက် တရားဝင် အသိအမှတ်ပြုမှု စာလွှာ (Accreditation) ကို  လက်ခံရရှိပြီး ကုလသမဂ္ဂအထွေထွေညီလာခံနှင့် အခြားအစည်းအဝေးတွေမှာ တရားဝင် နိုင်ငံ ကိုယ်စားပြု တက်ရောက်ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ (Head of State) ဒါမှမဟုတ် အစိုးရအဖွဲ့ခေါင်းဆောင် (Head of Government) ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီး (Foreign Minister) က တရားဝင်ကိုယ်စားလှယ်များအဖြစ် နိုင်ငံကို ကိုယ်စားပြုဖို့ အတည်ပြုခန့်အပ်ထားတဲ့ သံတမန်ခန့်အပ်လွှာကို ကုလသမဂ္ဂထံ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

နှစ်စဉ် စက်တင်ဘာမှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် နိုင်ငံတိုင်းဟာ ငါးဦးထက်မပိုသော ကိုယ်စားလှယ်စာရင်းကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ရုံးထံ တင်ပြဖို့ လိုပါတယ်။ ကိုယ်စားပြု တက် ရောက်နိုင်ဖို့ အထွေထွေညီလာခံက တာဝန်ပေးအပ်ထားတဲ့ သံတမန်ခန့်အပ်လွှာ စိစစ်ရေးကော်မတီ (Credential Committee) က နိုင်ငံတခုချင်းအလိုက် စစ်ဆေးသုံးသပ်ခြင်းကို အထွေထွေညီလာခံ ကျင်းပနေစဉ်ကာလအတွင်း လုပ်ဆောင်နေမှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ ကော်မတီရဲ့ အကြံပြုချက်ကို အထွေထွေညီလာခံသို့  တင်ပြသွားမှာ ဖြစ်သလို ညီလာခံကလည်း မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ အလိုအလျောက် အတည်ပြုလေ့ရှိပါတယ်။ ဒါပေမဲ့ ကော်မတီရဲ့ အကြံပြုချက်အပေါ် ညီလာခံမှာ အငြင်းပွားမှု ရှိလာရင် လူအများထောက်ခံမှုနဲ့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်ကြတဲ့ အခါ ကော်မတီရဲ့အစီရင်ခံစာကို ကိုးကားရပါတယ်။ ဒါ့အပြင် အားလုံးက သဘောတူညီပေမဲ့ နိုင်ငံတနိုင်ငံက မဲခွဲဆုံးဖြတ်ဖို့ အဆိုကို တင်သွင်းနိုင်ပါတယ်။ 

ကော်မတီဟာ အစိုးရ (ဒါမှမဟုတ်) ခေါင်းဆောင် တယောက်ကို အခြား နိုင်ငံတနိုင်ငံမှ တရားဝင် အသိအမှတ် ပြုခြင်းရှိမရှိ ဆိုတဲ့ ကိစ္စအပေါ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ တာဝန်မရှိပါဘူး။ အပြိုင်တင်သွင်းလာတဲ့ ကိုယ်စားပြုမှု အချက်အလက်တွေကို ကြည့်ပြီးမှသာ တရားဝင်အစိုးရဟာ အာဏာသိမ်းယူခံရတာ ဒါမှမဟုတ် ပုန်ကန်မှုတွေကြောင့် ဖြုတ်ချခံရတာ စတဲ့အခြေအနေတွေပေါ်မူတည်ပြီး အရေးပါတဲ့ နိုင်ငံရေး ဖြစ်ရပ်နဲ့ အခြေအနေတွေကို အခြေပြု စဉ်းစားဆင်ခြင်မှာ ဖြစ်ပါတယ်။ ကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေအတွက် ၁၉၅၀ ပြည့်နှစ် ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာတမ်းက ရည်ရွယ်ချက်များနဲ့ အခြေခံမူတွေအပြင် ကိစ္စရပ်တခုစီတိုင်းရဲ့ အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ အကြံပြုထားပါတယ်။

စစ်ဆေးသုံးသပ်ခြင်းကို ဆောင်ရွက်မယ့် သံတမန်ခန့်အပ်လွှာစိစစ်ရေးကော်မတီဟာ တနှစ်သက်တမ်းရှိပြီး အဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံနဲ့ ဖွဲ့စည်းထားပါတယ်။ တရုတ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေက  နှစ်စဉ်ပါဝင်တာ ဖြစ်ပေမဲ့ အခြားအဖွဲ့ဝင် ခြောက်နိုင်ငံကို ညီလာခံ စတင်မယ့် ပထမဆုံးရက် ညီလာခံသဘာပတိက ဖိတ်ခေါ်ပြီးမှသာ သိရမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဝင်တွေကို ရွေးချယ်ရာမှာ အငြင်းပွားဖွယ်ကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အထွေထွေအတွင်းရေးမှူးချုပ်ရုံးက ကြားနေနိုင်ငံများကို ချဉ်းကပ် ‌ရွေးချယ်လေ့ရှိပါတယ်။ နိုင်ငံတွေကို ဒေသ အလိုက်ဇုန် ငါးခုကနေ ရွေးချယ်ပါတယ်။ အာရှနဲ့ပစိဖိတ်ဒေသ၊ အနောက်ဉရောပ၊ လက်တင်အမေရိကနဲ့ ကာရေဘီယံနိုင်ငံတွေက တနိုင်ငံစီနဲ့ အာဖရိကတိုက်က နှစ်နိုင်ငံတို့ ဖြစ်ပါတယ်။ များသောအားဖြင့် အခြားနိုင်ငံများနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး သမာသမတ်ရှိတယ်လို့ ယူဆရတဲ့ နိုင်ငံတွေဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ကော်မတီအဖွဲ့ဝင်များကို ညီလာခံမှာ မဲခွဲဆုံးဖြတ်လေ့မရှိဘဲ အတည်ပြုပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်မတီက သုံးသပ်စိစစ်နေစဉ်အတွင်း လက်ရှိ ကိုယ်စားလှယ်ကပဲ ဆက်လက် တက်ရောက် နိုင်ပါတယ်။

ကိုယ်စားပြုခွင့်အငြင်းပွားမှုသမိုင်းဖြစ်စဉ်များနှင့်မြန်မာ

ပြီးခဲ့တဲ့ နှစ် ၃၀ ကာလကို ပြန်ကြည့်ရင် ကုလသမဂ္ဂအထွေထွေညီလာခံက အာဏာသိမ်းအစိုးရတွေ၊ စစ်အာဏာရှင်တွေကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာတွေကိုတွေ့ရမှာပါ။ လက်ရှိကြုံတွေ့နေရတဲ့ ကိုယ်စားပြုခွင့်ရရှိရေး အကျပ်အတည်းဟာ ဟေတီ (၁၉၉၂)နဲ့ ဆီရာလီယွန် (၁၉၉၆) မှာ အာဏာသိမ်းလိုက်တဲ့ အခြေအနေတွေနဲ့ ဆင်တူပါတယ်။ ဟေတီမှာဆိုရင်လည်း အာဏာသိမ်းစစ်တပ်က နယ်မြေအရ ထိန်းချုပ်မှုကို လုပ်နိုင်ပေမယ့် အထွေထွေညီလာခံမှာ ဖယ်ရှားခံလိုက်ရတဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ကိုပဲ အသိအမှတ် ပြုခဲ့ပါတယ်။​​ ဆီရာလီယွန်ရဲ့ဖြစ်ရပ်မှာလည်း  အာဏာသိမ်းစစ်တပ်ရဲ့ တင်ပြမှုကို ငြင်းပယ်ပြီး ဖယ်ရှားခံရတဲ့ အစိုးရကို အသိအမှတ်ပြုပေးခဲ့ပါတယ်။ 

၂၀၀၉ ခုနှစ် ဟွန်ဒူးရပ် စစ်အာဏာသိမ်းမှုမှာဆိုရင်လည်းအာဏာသိမ်း စစ်ခေါင်းဆောင် တင်သွင်းလာတဲ့ ကိုယ်စားပြုမှုထက် အရပ်သားအစိုးရက တင်သွင်းလာတဲ့ ကိုယ်စားပြုမှုကိုသာလက်ခံဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေဟာ မြန်မာအတွက်တော့ နမူနာဖြစ်ရပ်တွေ ဖြစ်ပါတယ်။

ကိုယ်စားပြုမှုနဲ့ ပတ်သက်လာရင် ၁၉၄၆ ခုနှစ်ကတည်းက အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေစပြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကွန်ဂို (၁၉၆၀)နဲ့ ယီမင် (၁၉၆၂) တို့မှာဆိုရင် နယ်မြေအများစု စိုးမိုးထားနိုင်တဲ့ အာဏာသိမ်း အစိုးရတွေရဲ့ ကိုယ်စားပြုခွင့်တွေကို လက်ခံခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ဖြစ်ရပ်အတော်များများမှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စဉ်းစားချက်တွေ၊ ကမ္ဘာ့နိုင်ငံရေး နောက်ခံအခြေအနေတွေက လွှမ်းမိုးမှု ကြီးကြီးမားမားရှိနေပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ် ပြီးဆုံးခါနီးအချိန်မှာလည်း နယ်မြေ အများစု စိုးမိုးထားနိုင်ပြီဖြစ်တဲ့  တရုတ်ကွန်မြူနစ်အစိုးရနဲ့ ထိုင်ဝမ်အစိုးရတို့အကြား ကိုယ်စားပြုခွင့် အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်အစိုးရအနေနဲ့ ကိုယ်စားပြုခွင့်ရခဲ့ပေမဲ့ ၁၉၇၁ ခုနှစ်မှာတော့ တရုတ်ကွန်မြူနစ်အစိုးရက အစားထိုး ကိုယ်စားပြုခွင့် ရခဲ့ပါတယ်။ နောက်ခံအခြေအနေကို ကြည့်ရင် အဲဒီကာလမှာ  တရုတ်-ဆိုဗီယက် အကွဲအပြဲတွေကြောင့်  အမေရိကန်နဲ့ တရုတ်အကြား ဆက်ဆံရေး တိုးတက်နေချိန်လည်းဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်ထောက်ခံတဲ့ ဘယ်လာရုစ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာဆိုရင် အုပ်စိုးသူတွေက ရွေးကောက်ပွဲ ရလဒ်တွေကို လိုသလိုပုံဖော်ပြီး အာဏာကို ဆက်လက်ကိုင်စွဲထားကြသလို အုပ်စိုးသူတွေပဲ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရှိနေတာပါ။ ဒီနိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး တစုံတရာ အပြောင်းအလဲ ဖြစ်လာနိုင်ခြေကလည်း မရှိသလောက်ပါဘဲ။ ဒါ့အပြင် ပါလက်စတိုင်းနဲ့ ထိုင်ဝမ်နိုင်ငံတွေဆိုရင် နယ်မြေ၊ အစိုးရ၊ ပြည်သူလူထု၊ အချုပ်အခြာအာဏာပိုင်စိုးမှု ရှိနေပေမဲ့လည်း တဖက်မှာ အမေရိကန်ရဲ့ မဟာမိတ်အစ္စရေး၊ ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်တို့ဖြစ်နေတဲ့အတွက် ကိုယ်စားပြုမှုက လိပ်ခဲတည်းလည်း ဖြစ်ခဲ့ပါတယ်။ 

အာဏာသိမ်းအစိုးရတွေကို အသိအမှတ်မပြုဘဲ ဖယ်ရှားခံရတဲ့အစိုးရတွေကို အသိအမှတ်ပြုတဲ့ နမူနာ အငြင်းပွားမှုတော်တော်များများဆိုရင် (ဥပမာ-ဟွန်ဒူးရပ်) ကိုယ်စားပြုခွင့် အငြင်းပွား မှုမဖြစ်ရသေးခင်မှာဘဲ အာဏာသိမ်းအစိုးရနဲ့ အာဏာရှင်အစိုးရတွေကို အထွေထွေ ညီလာခံကဖြစ်ဖြစ်၊ လုံခြုံရေး ကောင်စီကဖြစ်ဖြစ် ကြိုတင်အရေးယူရှုတ်ချမှု ရှိထားတာတွေကို သတိချပ်ရမှာပါ။ မြန်မာအရေးနဲ့ ပတ်သက်ပြီး ၂၀၂၁ ဇွန်မှာ  စစ်တပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံတဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒနဲ့ လူ့အခွင့် အရေးကို လေးစားဖို့နဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကို ရှုတ်ချတဲ့အဆိုပြုချက်ကို ကုလသမဂ္ဂမှာ အတည်ပြုနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေအရ စည်းနှောင်ထားတာ မဟုတ်ပေမဲ့ မြန်မာကို လက်နက် ရောင်းချမှု ရပ်တန့် ပစ်လိုက်ဖို့ အဆိုကိုလည်း အတည်ပြုခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင်မြန်မာပြည်သူတွေ ထောက်ခံတဲ့ NUG ရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ကြည့်နိုင်ပါတယ်။

မြန်မာအရေးဟာ ဘာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တာလဲ 

တကယ်လို့ မြန်မာအရေးကို နိုင်ငံရေးအရ ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ရင် နှစ်ဖက်စလုံးမှာ  သွေးထွက် သံယိုမှုများတဲ့ ပဋိပက္ခအသွင်မျိုး ပိုပြင်းထန်လာမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ‌ရေး အတွက်လည်း များစွာ ထိခိုက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေ၊ နေရပ်စွန့်ခွာ ပြေးရသူတွေလည်း အမြောက်အမြား ပေါ်လာနိုင်ပြီး ပြည်တွင်းမှာ မထိန်းချုပ်နိုင်တဲ့ အခြေအနေဟာ နယ်စပ်ကတဆင့် အိမ်နီးချင်းနိုင်ငံတွေဆီကိုပါ သေချာပေါက် ပျံ့နှံ့ရောက်ရှိနိုင်တာကြောင့် (Spillover effect) ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်တခု အဖြစ် ရှိနေပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာတာနဲ့အမျှ လက်နက်ကုန်သွယ်ရေးနဲ့ ဖြန့်ဖြူးမှု အတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်နိမိတ်အသုံးချမှုတွေ ရှိလာပါမယ်။ တခါ နယ်စပ်မျဉ်းတလျောက် ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ တဖက်နိုင်ငံအတွင်း ကျည်ကျရောက်မှု ဖြစ်စဉ်တွေကြောင့် လုံခြုံရေးတင်းမာမှု ဖြစ်စဉ်တွေ လည်း ပိုများလာနိုင်စရာ ရှိပါတယ်။ ဒီလို ရိုက်ခတ်မှုတွေကြောင့် မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ကြိုးပမ်းမှု တွေဟာ ထိရောက်မှုရှိဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

ပဋိပက္ခအရှိန် အားကောင်းတဲ့ကာလမှာ နိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ပိုမိုမြင့်တက်လာစရာလည်း ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေသာမက ကမ္ဘာတဝန်းက နိုင်ငံများအတွက် အထူးစိုးရိမ်စရာ ကိစ္စရပ်တခုပါပဲ။ မူးယစ်ဆေးဝါးရောင်းဝယ်ရာ ဒေသတလျှောက်မှာလည်း နယ်စပ်ဖြတ်ကျော်မှုခင်းတွေဖြစ်တဲ့ လူကုန်ကူးမှု ပြဿနာ၊ သဘာဝသယံဇာတ တရားမဝင်ကုန်သွယ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ဖမ်းဆီး ရောင်းဝယ်ခြင်းစတဲ့ ကိစ္စရပ်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေးထားကြတဲ့ အရေးကြီး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ 

ပြည်တွင်း မငြိမ်မသက်မှုကြောင့် မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဒုက္ခသည် ဝင်ရောက်မှုတွေဟာ  တရုတ်နိုင်ငံက မလိုလားတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရေးမတည်ငြိမ်မှုတွေက  တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေဖြစ်တဲ့ စီမံကိန်းကြီးတွေ အကောင်အထည်ဖော်ရေးနဲ့ လက်ရှိစီမံကိန်းတွေ ဆက်လက်လည်ပတ်ရေးအတွက် အကျပ်အတည်း ဆိုက်စေ ပါတယ်။ ဒါကြောင့် ဒီအရေးကိစ္စကို အထူးအလေးထားပြီး လုပ်ဆောင်ဖို့ လိုအပ်တာဖြစ်သလို အကျိုးစီးပွားဦးစားပေးတွေ မတူကြတဲ့ နိုင်ငံတွေအကြားမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တခု ဖြစ်နေပါတယ်။

အင်အားကြီးနိုင်ငံများနှင့် အာဆီယံ၏အခန်းကဏ္ဍ

တရုတ်၊ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အကျိုးဆက်တွေ အတွက် စေ့စပ်ညှိနှိုင်းရေးကို အာဆီယံက တဆင့် ဆောင်ရွက်သွားဖို့ တရားဝင် အားပေး ထောက်ခံထားပါတယ်။ အာဆီယံခေါင်းဆောင်များ သီးသန့် အစည်းအဝေး ပြုလုပ်ပြီး ဘုံသဘောတူညီချက် ငါးရပ် ရခဲ့ပါတယ်။ အခု အချိန်မှာ အာဆီယံအထူးကိုယ်စားလှယ် ခန့်ထားနိုင်ပေမဲ့လည်း အပြောင်းအလဲတွေ ဖြစ်ပေါ် တိုးတက်လာဖို့ စွမ်းဆောင်ရည်ပိုင်း၊  ရင်းမြစ်ပိုင်း အကန့်အသတ်များစွာ ရှိနေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲပေးတဲ့ အခါမှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ တနိုင်ငံချင်းစီက ကိုယ်ပိုင် စဉ်းစားချက်များနဲ့ မဲပေးကြမှာဖြစ်ပါတယ်။  ကုလသမဂ္ဂရောက် မြန်မာအရေးနဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံစဉ်းစားချက် မရှိတာကြောင့် နိုင်ငံတကာယုံကြည်မှုအပေါ် မေးခွန်းထုတ်စရာလည်း ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာဆိုရင် မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် သဘောထား တင်းမာပြီး ဆန့်ကျင်ကြတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံကလွဲရင် ကျန်နိုင်ငံတွေဟာ တရုတ်နဲ့ လေသံတခုတည်း ထွက်ကြမယ့် အခြေအနေဖြစ်ပါတယ်။ သံတမန်ခန့်အပ်ရေးမှာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်ပါဝင်နေတဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစလုံးက ကုလသမဂ္ဂမှာ စစ်ကောင်စီကို အရေးယူမှုပြုလုပ်မယ့် အဆိုပြုချက်တွေ၊ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမယ့် စာသားတွေကို ကန့်ကွက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ 

အာဏာမသိမ်းခင် ရက်ပိုင်းကလည်း နေပြည်တော်ကို ရုရှားကာကွယ်ရေးဝန်ကြီး လာခဲ့သလို အာဏာသိမ်း စစ်တပ်ကလည်း ရုရှားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာတာရှိပါတယ်။  အာဏာသိမ်းစစ်တပ်ဟာ တရုတ် အပေါ် မှီခိုမှု မကင်းနိုင်ပေမဲ့လည်း ဒေသတွင်းမှာ ပါဝင်စွက်ဖက်မှု နည်းပြီး အလှမ်းဝေးတဲ့ ရုရှားလို နိုင်ငံနဲ့ ပိုမို နီးစပ်လိုဟန် ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ တရားဝင်မှုအတွက် အကူအညီဖြစ်နိုင်မဲ့ ခေါင်းဆောင်ပိုင်း ခရီးစဉ်တွေကို အာဏာသိမ်းပြီးနောက်ပိုင်း အကြိမ်ကြိမ် မြင်တွေ့နေရသလို လက်နက် ဝယ်ယူမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ရုရှားကလည်း အာရှဒေသမှာ တစုံတရာ အင်အား ချိန်ခွင်လျှာ ညှိတာကို (counterbalancing) လုပ်နိုင်ဖို့အတွက် ကုလသမဂ္ဂစင်မြင့်ထက်က မြန်မာအရေးမှာ စစ်ကောင်စီ ဘက်က ရပ်တဲ့ ဖျက်မြင်းအနေနဲ့ ပါဝင်လာနိုင်စရာ ရှိပါတယ်။

တရုတ်နိုင်ငံက မြန်မာ့အရေးဟာ ပြည်တွင်းရေးမို့ မစွက်ဖက်သင့်ဘူးလို့ ဆိုခဲ့ပေမဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ မကြာသေးခင်ကလည်း အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ရှန်းဟာ မြန်မာနိုင်ငံကို တပတ်ကြာ လာရောက်ခဲ့ပါတယ်။ တခါ တရုတ်စီမံကိန်းတွေ အများအပြား အကောင်အထည်ဖော်ဖို့ ရှိနေတာကြောင့်လည်း မြန်မာ့အရေးမှာ အားစိုက်ထုတ်မှုရှိတာကို တွေ့ရပါတယ်။ မြန်မာ့အရေးကို အဓိကအားစိုက်ရမယ့် ကိစ္စရပ်အဖြစ် အမေရိကန်ပြည်ထောင်စုကလည်း သဘောထားပုံမရပါဘူး။ ဒါကြောင့်လည်း မြန်မာ့အရေးကိုင်တွယ်ရာမှာ အခြေခံအားဖြင့် တရုတ်နဲ့ အမြင်သဘောထား တူညီတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ နိုင်ငံကြီးများ ပါဝင်တဲ့ သံတမန်ခန့်အပ်လွှာစိစစ်ရေးကော်မတီမှာ တရုတ်နိုင်ငံက ကြိုးပမ်း အားထုတ်တဲ့အတိုင်း ဖြစ်လာဖို့များနေပါတယ်။ နှစ်ဖက်အကြား တဖက်ဖက်ကို အလေးသာခဲ့ရင် ဖြစ်လာမယ့် အခြေအနေတွေအရ နိုင်ငံကြီးတွေအနေနဲ့ မြန်မာနိုင်ငံ အရေး ဆုံးဖြတ်တဲ့အခါ မြွေမသေ တုတ်မကျိုး’ လမ်းကြောင်းမျိုးနဲ့ နှစ်ဖက်လှုပ်ရှားသာတဲ့ အခြေအနေမျိုးကိုလည်း ရွေးချယ်သွားတာမျိုးလုပ် နိုင်ပါတယ်။

အငြင်းပွားမှုဖြေရှင်းခြင်း ဖြစ်တန်ခြေများ

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အရင်ကိစ္စရပ်တွေမှာ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဖြစ်တန်ခြေ လေးရပ် ထုတ်နုတ်လို့ ရနိုင်ပါတယ်။ ဖြစ်တန်ခြေ – ၁ နဲ့ ဖြစ်တန်ခြေ-  ၂ က ရိုးရှင်းပါတယ်။ စစ်ကောင်စီ ဒါမှမဟုတ် NUG အနေနဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရတာမျိုးပါ။ ကိုယ်စားပြုခွင့်ရမယ့်ဘက်က နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ကိစ္စရပ်တွေအပြင် ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့တွေမှာပါ ကိုယ်စားပြုခွင့်ရမှာ ဖြစ်ပါတယ်။ ကိုယ်စားပြုခွင့်ရမယ့်ဘက်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူလူထု အများစုအတွက် ချိတ်ဆက် လုပ်ကိုင်နိုင်စွမ်း ရှိသင့်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ရှိနေပါတယ်။ ဒီလုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကစလို့ စားနပ်ရိက္ခာ အစရှိတဲ့ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းစဉ်တွေအထိ ပါဝင်ပါတယ်။

ဖြစ်တန်ခြေ-၃ နဲ့ ဖြစ်တန်ခြေ-  ၄ ကတော့ လက်ရှိကိုယ်စားလှယ်ကို ဆက်ပြီး ကိုယ်စားပြုခွင့် ပေးတာနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့် မပေးတော့တာ တနည်းအားဖြင့် ခုံအလွတ်ထားမယ့် ဖြစ်တန်ခြေ တွေပါ။ လက်ရှိကိုယ်စားလှယ်ဟာ NLD အစိုးရက ခန့်ထားခဲ့တဲ့ ဦးကျော်မိုးထွန်းဖြစ်ပြီး လာမယ့် အထွေထွေ ညီလာခံမှာ သက်တမ်းကုန်ဆုံးမှာပါ။ ဒါပေမဲ့ ဖြစ်တန်ခြေ – ၁ နဲ့ ဖြစ်နေခြေ – ၂ ဖြစ်မလာနိုင်တဲ့အခါ ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ကိုယ်စားပြုခွင့်ပေးတယ်ဆိုတဲ့ ဖြစ်တန်ခြေ – ၃  ဆုံးဖြတ်ချက်ကျလာနိုင်ပါတယ်။ သတိပြုရမှာက ဒီအချက်ဟာ စစ်ကောင်စီကို လက်သင့်မခံနိုင်လို့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်သာဖြစ်ပြီး NUG ကို အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ သက်ရောက်မှာမဟုတ်ပါဘူး။ တခါ အခုလက်ရှိ မြန်မာ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကိုပဲ ဆက်ထားတဲ့ ဖြစ်တန်ခြေ ဖြစ်လာမယ်ဆိုရင်တောင် တရုတ်နိုင်ငံ အနေနဲ့ NUG ကိုယ်စားလှယ်ကို လက်ခံလိုက်တယ် ဆိုတဲ့ အမြင်မျိုး မဖြစ်ရလေအောင် နည်းလမ်းမျိုးစုံနဲ့ စီမံဖွယ် ရှိပါတယ်။ ဥပမာ-ဆုံးဖြတ်ချက်ရဲ့ စကားလုံးအသုံးအနှုန်းရွေးချယ်ပုံကစလို့ လက်ရှိ ကိုယ် စားလှယ် ဦးကျော် မိုးထွန်းနဲ့ NUG ဘက်က နိုင်ငံရေး အရ မှိုရသလို မျက်နှာပွင့်တဲ့ “အမြင်” မျိုး မဖြစ်ရအောင် ကြိုးစား စီမံတာမျိုးပါ။ ဒါကြောင့် အခု ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စား လှယ် ဦးကျော်မိုးထွန်းအနေနဲ့ မိန့်ခွန်း ပြောခွင့်မရတာ၊ ဒီ့ထက်ဆိုးရင် ညီလာခံအတွင်း ဝင်ရောက် တက်ခွင့် မရတာမျိုးပါ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သက်တမ်းကိုလည်း ပုံမှန်အတိုင်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိပဲ ထားဖွယ်ရှိ ပါတယ်။ စက်တင်ဘာ ၁၄ ရက် ညပိုင်း(မြန်မာစံတော်ချိန်)မှာ စတင်ခဲ့တဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် ညီလာခံဖွင့်ပွဲ အစည်းအဝေးမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဖြစ်တန်ခြေ – ၄ ကတော့ မြန်မာ့အရေးဟာ လက်ငင်းဖြေရှင်းလို့ မရနိုင်သေးဘူး၊ ရှုပ်ထွေးတဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်ချမှတ်ဖို့ ရွှေ့ဆိုင်းလိုက်တာမျိုးပါ။ ဒီအခါမျိုးမှာ မြန်မာနိုင်ငံအတွက် ဘယ်သူမှ ကိုယ်စားပြုခွင့်မရတော့ဘဲ ကုလသမဂ္ဂစင်မြင့်မှာ ပြောရေးဆိုခွင့် မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။ ဒီလို ခုံအလွတ် ထားမယ့် ဖြစ်တန်‌ခြေ – ၄ သာ ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုအတွက် အလွန်နစ်နာမှာ ဖြစ်ပါတယ်။ 

သတိပြုစရာ ရိုက်ခတ်မှုများနှင့် စဉ်းစားစရာအကျိုးဆက်များ

ကုလသမဂ္ဂအနေနဲ့ NUGကို အသိအမှတ်ပြုမယ်ဆိုရင် ကုလသမဂ္ဂနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်တွေမှာ NUG က တစိတ်တပိုင်း ပါဝင်ခွင့်ရလာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အနေနဲ့ ပေးမဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ကိစ္စတွေမှာ NUG နဲ့ ကုလ အဖွဲ့အစည်းတွေအကြား ညှိနှိုင်းပြီး လုပ်နိုင်ရင် နယ်စပ်ဒေသမှာရှိနေတဲ့ ရွှေ့ပြောင်းသူများ ကူညီရေး၊ စစ်ပြေး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်စပ်ပြီး ကူညီရေး စတဲ့ကိစ္စတွေမှာ တစုံတရာ အကျိုး သက်ရောက်မှု ရှိနိုင်ပါတယ်။ 

ဒါပေမဲ့လည်း တဖက်မှာ NUG ဘက်က ကိုယ်စားလှယ်ကို လုံးလုံးလျားလျားရွေးချယ်ခဲ့ရင် ပြည်တွင်းမှာ လက်နက်ကိုင်အုပ်ချုပ်နေတဲ့ စစ်ကောင်စီနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေး ညှိနှိုင်းမယ့် နေရာမှာ အကျပ်အတည်း ပိုမိုဆိုက်နိုင်တာကို ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါမယ်။ စစ်ကောင်စီဟာ NUG ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသလို သူတို့ရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လုပ်ဖို့လည်း ငြင်းဆန်ထားတာကြောင့် ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ပြည်တွင်းက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တိုင်းပြည်အတွင်းကနေ မောင်းထုတ်တာမျိုး၊ ပိုမိုတင်းကြပ်တာမျိုးနဲ့ အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် ချုပ်ကိုင်တာမျိုးတွေ လုပ်လာ နိုင်ပါတယ်။ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂမှာ တရားဝင်အသိအမှတ်ပြုနိုင်ခြေ နည်းပေမဲ့ အသိ အမှတ်ပြုခဲ့ရင် မြန်မာပြည်သူလူထုရဲ့ ပြင်းထန်အားကောင်းလှတဲ့ သဘောထားကို မျက်ကွယ်ပြုရာ ရောက်တဲ့ အတွက် ကုလသမဂ္ဂအပေါ် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်တဲ့ အခြေအနေတွေ ပေါ်လာနိုင်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီကို အသိအမှတ်ပြု ပေးလိုက်ရင် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှု တွေ ပိုပြီး ကျူးလွန်စေဖို့၊ အထူးသဖြင့် နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်တာတွေအပြင် အာဆီယံ အပါအ၀င် ဒေသတွင်းက နိုင်ငံရေးညှိနှိုင်းမှုတွေလုပ်ဖို့ ကြားဝင်စေ့စပ်မှု ကြိုးပမ်းချက်တွေမှာပါ အားလျော့ သွားစေ လိမ့်မယ်လို့ ဉပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

လာမယ့် ကုလသမဂ္ဂဆုံးဖြတ်ချက်ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ဂိမ်းအပြောင်းအလဲ ဖြစ်စေနိုင် လောက်တဲ့ အဆုံးသတ် အောင်ပွဲဖြစ်နိုင်သလားလို့ ဆိုခြင်းကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက် ဖြစ်ပါ တယ်။ အင်အားကြီးနိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အမြင်မှာတော့  ကုလသမဂ္ဂ စင်မြင့်ကတဆင့် မြန်မာ့အရေးဟာ အသံကျယ်ကျယ် ထွက်လာတာဟာ အသိအမှတ်ပြုခံရရေး ဂုဏ်သိက္ခာ တိုက်ပွဲလား၊ အပြောင်း အလဲကို ယူဆောင်ပေးနိုင်တဲ့ ရလဒ်ထွက်ရေးလားဆိုတဲ့အပေါ် ချိန်ဆစရာ မေးခွန်းဖြစ်နေဆဲပါပဲ။  

တဖက်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ ကုလသမဂ္ဂမှာ အသိ အမှတ်ပြုခံရရေးတိုက်ပွဲဟာ ဒီမိုကရေစီပြန်လည်ရယူရေးအတွက် အမှန်တကယ်ပဲ အထောက်အပံ့ပေးနိုင်မယ်ယူဆလို့ ကုလသမဂ္ဂစစ်မြေပြင်က ဒီဒေး၊ နိုင်ငံတကာမျက်နှာစာအတွက် ဒီဒေး စသဖြင့် တက်ထောင်မောင်းနင်း ညာသံပေးခဲ့မိသလား။ ဒါမှမဟုတ် ကုလသမဂ္ဂမှာ ဂုဏ်သိက္ခာပိုင်း ပြိုင်ဆိုင်မှု အဖြစ်သာ အားထည့်ခဲ့တာလား ပြန်လှန်သုံးသပ်သင့်ပါတယ်။ တကယ်လို့ ကုလသမဂ္ဂ ကိုယ်စားပြုခွင့် တိုက်ပွဲနဲ့ ရလဒ်ဟာ မီးထက် မီးခိုးအူထွက်တာပိုများနေတဲ့ ကိစ္စမျိုး ဖြစ်နေတယ်ဆိုရင် ဒါကို နည်းနာအဖြစ်သာ အားပြုပြီး နောင်မှာ မလိုအပ်ဘဲ မျှော်လင့်ချက်အမှားတွေ မပေးမိဖို့ သတင်းစကားပါးပုံကို ပိုအာရုံစိုက်ဆင်ခြင်စရာ ဖြစ် ကောင်းပါတယ်။ နည်းနာနဲ့ မဟာဗျူဟာ ခွဲစဉ်းစားတာ၊ ဆက်စပ်စဉ်းစားတာတွေ လုပ်နိုင်မယ်ရင် ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်အရေး ရလဒ်ကနေ ဘယ်လိုမဟာဗျူဟာမြောက်ကိစ္စမျိုးကို အားပိုထည့်ဆောင်ရွက်မယ် ဆိုတာ ပြန်လည်သုံးသပ်ခွင့်ရနိုင်ခြေ ရှိပါတယ်။ 

ဥပမာအနေနဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီကုလကိုယ်စားပြုခွင့် မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ ဘုံသဘောတူညီမှုရှိနေတယ်ဆိုရင် ဒီသဘောတူချက်ကို ပိုအားကောင်းအောင်ဆောင်ရွက်ပြီး သံတမန်တွန်းအား အဖြစ် အသုံးချဖို့ ချဉ်းကပ်တောင်းဆိုတာ၊ လက်တွေ့ရလဒ်ထွက်မယ့် သံတမန်ရေး လှုပ်ရှားမှုမျိုးစုံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားထည့်တာက မဟာဗျူဟာ ဖြစ်နိုင်သလား ဆိုတာဟာလည်း ကုလရောက် မြန်မာအရေးကနေတဆင့် ထပ်ဆင့်စဉ်းစားဆင်ခြင်နိုင်စရာတခုပဲဖြစ်ပါတယ်။

Recommended Readings 

  1. Currie, K. (2021, May 27). Beyond the Coup: Can the United Nations Escape Its History in Myanmar? Just Securityhttps://www.justsecurity.org/76641/beyond-the-coup-can-the-united-nations-escape-its-history-in-myanmar/
  2. Fawthrop, T. (2021, September 3). Who Will Win the Battle for Myanmar’s UN Seat? The Diplomathttps://thediplomat.com/2021/09/who-will-win-the-battle-for-myanmars-un-seat/
  3. Genser, J. (2019, February 1). In Re: United Nations Credentials Committee – Challenge to the United Nations Credentials of the Delegation of Nicolás Maduro to Represent The Government of Venezuela. Perseus Strategies. https://www.perseus-strategies.com/wp-content/uploads/2019/01/Legal-Opinion-UN-Credentials-Challenge-on-Venezuela-2.1.19-FINAL.pdf?mod=article_inline
  4. Magnusson, A., & Pedersen, M. B. (2012). A Good Office? International Peace Institute. https://reliefweb.int/sites/reliefweb.int/files/resources/ipi_ebook_good_offices.pdf
  5. Ratliff, S. (1999). UN Representation Disputes: A Case Study of Cambodia and a New Accreditation Proposal for the Twenty-First Century. California Law Review. 87, 1207-1264. https://lawcat.berkeley.edu/record/1116794?ln=en
  6. Renshaw, C. (2021, October 10). The battle for Myanmar’s seat in the UN General Assembly. The Interpreter.https://www.lowyinstitute.org/the-interpreter/battle-myanmar-s-seat-un-general-assembly
  7. Special Advisory Council for Myanmar. (2021, August). Briefing Paper: Myanmar’s representation in the United Nationshttps://specialadvisorycouncil.org/wp-content/uploads/2021/08/SAC-M-Briefing-Paper-Myanmars-Representation-in-the-UN-ENGLISH.pdf
  8. United Nations General Assembly. (2021, June 18). Adopting Resolution Condemning Lethal Violence by Myanmar’s Armed Forces. United Nations. https://www.un.org/press/en/2021/ga12339.doc.htm

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar