အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်၊ ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ချိန်ထိုးရမယ့် အညွှန်းစနစ်

အနှစ်ချုပ်

အာဆီယံရဲ့ မြန်မာ့အရေး ဆောင်ရွက်မှုများအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက နည်းပါးပါတယ်။  ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီက ပစ်ခတ်ချေမှုန်းတာတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ဒီဘက်နောက်ပိုင်း နှစ်ဖက်အပြန်အလှန်အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူအများစုဟာ ခါးသီးနာကျည်းမှုတွေ ပိုများနေတဲ့အတွက် လတ်တလောမှာ ကြားဝင် စေ့စပ်ရေး၊ ဆွေးနွေးဖြေရှင်းရေးတို့အတွက် အဆင်သင့်ဖြစ်သေးပုံ၊ ကြိုဆိုချင်သေးပုံ မရပါဘူး။ ဒီအချက်ကလည်း မြန်မာနိုင်ငံကို မကြာမီလာရောက်ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် စိန်ခေါ်မှုတရပ်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို နိုင်ငံရေးအရ အထူးသတိထားနေတာကြောင့် ဒီခရီးစဉ်ဟာ နိုင်ငံရေးရလဒ်ကြီးကြီးမားမား ချက်ချင်းထွက်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးကိုပဲ ဦးစားပေးရမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိအထူးကိုယ်စားလှယ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် အကုန်ထိသာ တိုတောင်းပေမယ့် ရှုပ်ထွေးလှတဲ့ မြန်မာ့အကျပ်အတည်း ပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။

Download as PDF Version

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမယ့် အချက်တွေထဲမှာ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA) ကတဆင့် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးကို စစ်ကောင်စီနဲ့ သဘောတူညီမှုရယူနိုင်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင် ဆန်းစုကြည်နဲ့ ခရီးစဉ်အတွင်း တွေ့ဆုံခွင့်ရရှိခြင်း၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်မြောက်ရေးအတွက် ဆောင်ရွက်နိုင်ခြင်းတို့ဟာ အဓိကကျဖွယ်ရှိပါတယ်။ အဲဒီလိုလတ်တလောကိစ္စတွေနဲ့အတူ အလယ်အလတ်နဲ့ ရေရှည်အတွက်ကတော့ အချိန်တန် ရင်မှည့်လာတဲ့အခါ မြန်မာနိုင်ငံတွင်းက တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေပါ ပါဝင်တဲ့ ဘက်စုံအင်အားစုအသီးသီးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို ဦးတည်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ သက်တမ်းဟာ ဒီနှစ်ကုန်ရင် အပြောင်းအလဲရှိမှာကြောင့်ရော၊ အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းအောင်မြင်အောင်ဖြေရှင်းနိုင်ဖို့ တဖွဲ့တည်း စွမ်းဆောင်နိုင်ဖို့ရာ လုပ်ငန်းပိုင်း၊ စွမ်းရည်ပိုင်းနဲ့ အရင်းအမြစ်ပိုင်းအရပါ အကန့်အသတ်များစွာရှိနေတာကြောင့် တရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံကြီးတွေပါ ပါဝင်တဲ့ ပေါင်းစပ်ညှိနှိုင်းရေးယန္တရားတခုကို ဖော်ဆောင်သင့်ပါတယ်။

စစ်ကောင်စီအနေနဲ့ မကြာမီရင်ဆိုင်ရမယ့် ကမ္ဘာ့ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်အရေး အသာရ ချင်တာရော၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာကျင်းပဖွယ်ရှိတဲ့ အာဆီယံထိပ်သီးအစည်းဝေးမှာ အပြ ကောင်းစေဖို့ရော၊ တရုတ်အပါအဝင် အင်အားကြီးနိုင်ငံတချို့ရဲ့အတွင်းကျိတ် ဖိအားပေးမှုတွေ လျော့ပါးစေဖို့ရော၊ ကိုဗစ်-၁၉ အကျပ်အတည်းနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နိုင်ငံတကာ အထောက်အကူ ရစေဖို့အတွက်ရော အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း အလျော့အတင်းတချို့ လုပ်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုဘက်မှာတော့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကလွဲပြီး အခြားမရှိဘူးလို့ ခံယူသူများအနေနဲ့ တော်လှန်ရေးအတွက် ပြည်တွင်းပြည်ပ ပုံအောထောက်ခံမှုရရှိရေးက ကြံ့ချိုသဏ္ဌာန် တချောင်းတည်းသော ဦးတည်ရာဖြစ်ပြီး အထူးကိုယ်စားလှယ် ခရီးစဉ်ဟာ စစ်ကောင်စီကို အသိမှတ်ပြုရေး ဖြစ်မသွားစေဖို့ပဲ ဦးစားပေး အာရုံစိုက်ဖွယ်ရှိပါတယ်။ သံတမန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းစဉ်ကို အဓိကအားပြုလိုသူများနဲ့ ဒီလမ်းစဉ်ကို တွဲဖက်ဆောင်ရွက်ရမယ်လို့ ခံယူသူများအတွက်ကတော့ ဒီခရီးစဉ်ကနေ ပြည်သူတွေရဲ့ လိုလားချက် ပြည့်မြောက်ရေး လမ်းစပွင့်အောင် ဘယ်လို ဖန်တီးနိုင်မလဲဆိုတာ အနိမ့်ဆုံး နည်းနာတရပ်အဖြစ် ကြံဆ အားထုတ်ကြဖွယ် ရှိပါတယ်။ ISP-Myanmar အနေနဲ့ ဒီလို ကြံဆ အားထုတ်မှုတွေအတွက် အထောက်အကူ ဖြစ်အောင်အကြံပြုချက်ငါးရပ်နဲ့ ချိန်ထိုးရမယ့် အညွှန်းစနစ်ကို ဒီမူဝါဒအာဘော်ဆောင်းပါးမှာ ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။

နိဒါန်း

အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အမေရိကန်၊ အိန္ဒိယတို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကပါ အာဆီယံရဲ့ ဦးဆောင်ကိုင်တွယ်မှုကို ထောက်ခံထားကြပါတယ်။ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံနိုင်ငံများအတွင်း သဘောထားကွဲလွဲမှု၊ ဘက်မညီမှု၊ မတူညီတဲ့ မူဝါဒရပ်တည်များကြောင့် ရှေ့ကိုမရောက်နိုင်ဘဲ အကျပ်ရိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းဖို့ အထူးကိုယ်စားလှယ် ရွေးချယ်ရာမှာလည်း လေးလနီးပါး ကြာမြင့်ခဲ့ပြီးနောက်မှာ ဘရူနိူင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒါတိုအီရီဝမ်ယူဆော့ဖ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါတိုအီရီဝမ်ယူဆော့ဖ် ဟာ ဇွန်လဆန်းတုန်းက နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥက္ကဋ္ဌလို့ သုံးနှုန်းမိတာကြောင့် တရားဝင်အသိမှတ်ပြုမှု ဆိုတဲ့ အငြင်းပွားဖွယ်ရာ ဖြစ်ပြီး ဝေဖန်ခံခဲ့ရသူပါ။ အာဆီယံအဖွဲ့ဥက္ကဋ္ဌ ဖြစ်ပေမယ့် သံခင်းတမန်ခင်းမှာ အတွေ့အကြုံနည်းပြီး မြန်မာ့အရေးဖြေရှင်းရေးမှာ တက်တက်ကြွကြွမရှိခဲ့တဲ့ ဘရူနိုင်းနိုင်ငံက ဦးဆောင်ကိုယ်စားလှယ် ဖြစ်လာတာဟာ မြန်မာ့အရေးဖြေရှင်းရေးမယ့် အာဆီယံရဲ့အခန်းကဏ္ဍကို အယုံအကြည်နည်းနေတဲ့ မြန်မာပြည်သူ အများစုအတွက်တော့ စိတ်ပျက်စရာပါပဲ။ 

မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ဒါတိုအီရီဝမ်ယူဆော့ဖ်က သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ပါဝင်ဘက်တွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရစေရမယ်လို့ ကတိကဝတ်ပြုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း အာဆီယံ အပေါ် ယုံကြည်မှုကျဆင်းနေပြီး ဒီခရီးစဉ်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင် ရုပ်ပြ လာရောက်တဲ့ သဘောသာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တချို့ရှိပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က မကြာမီ ရင်ဆိုင်ရမယ့် ကမ္ဘာကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် အရေးမှာ ရုပ်ပြကောင်းပြီး အသာရချင်တာ၊ စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်ဖွယ်ရှိတဲ့ ၂၀၂၁ ခုနှစ် အာဆီယံ ထိပ်သီး အစည်းဝေးမှာလည်း မျက်နှာပြ ကောင်းချင်တာ၊ တရုတ် အပါအဝင် အင်အားကြီး နိုင်ငံတချို့ရဲ့ အတွင်းကျိတ် ဖိအားပေးမှုတွေကို လျော့ပါးစေချင်တာ၊ ကိုဗစ်-၁၉ အကျပ်အတည်းနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နိုင်ငံတကာ အထောက်အကူ ရချင်တာတွေကြောင့်လည်း  အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီက အလျော့အတင်းတချို့ လုပ်ဖွယ်ရှိနိုင်တယ်လို့ သုံးသပ်ရပါတယ်။ တခါ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များရဲ့ဘုံသဘောတူညီချက်တွေ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ရေတိုနဲ့မပြီးဘဲ ရေရှည်ဆောင်ရွက်ရမယ်၊ ပထမအဆင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်​တွေကို ရလဒ်ထွက်အောင် စတင်ဆောင်ရွက်ရမယ်၊ အချိန်တန် ရင့်မှည့်တဲ့အခါ မြန်မာနိုင်ငံတွင်းက တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဘက်စုံ အင်အားစုအသီးသီးနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ခြင်း ရှိရမယ်၊ ဒီလိုဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေနဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်စတဲ့ ဒေသတွင်းနိုင်ငံတွေအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံကြီးတွေပါ ပါဝင်တဲ့ ပေါင်းစပ် ညှိနှိုင်းရေးယန္တရားတခုကို ဖော်ထုတ်နိုင်ရမယ် စသဖြင့် အကြောင်းအချက် အများအပြား ပြည့်စုံဖို့ လိုအပ်လှပါတယ်။

အာဆီယံ၏ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအားထုတ်မှုနှင့် အထူးကိုယ်စားလှယ်အခန်းကဏ္ဍ

အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်တာဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ တုန်းက ပြုလုပ်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များ အထူးအစည်းအဝေးရဲ့ ရလဒ်တခု ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအဖြစ် အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြဿနာကို ထိပ်သီး အစည်းအဝေး ခေါ်ယူပြီး အဖြေရှာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ သဘောတူညီချက်ငါးရပ် ထွက်ခဲ့ပါတယ်။ ဘုံသဘောတူညီချက် ငါးရပ်က – 

၁)        အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့

၂)         ပါဝင်ဘက်အားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့

၃)         အထူးကိုယ်စားလှယ်ခန့်အပ်ပြီး ကြားဝင်ညှိနှိုင်းပေးဖို့

၄)         အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးစင်တာ ကနေတဆင့်  အကူအညီတွေပေးဖို့

၅)        အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ တို့  ဖြစ်ပါတယ်။

ဒီအချက်တွေထဲက နံပါတ်(၃) အချက်ဖြစ်တဲ့ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့တခုတည်းတင် လေးလ ကြာခဲ့ပါတယ်။ အာဆီယံဟာ ဉရောပသမဂ္ဂ(အီးယူ)၊ အာဖရိကသမဂ္ဂ(အေယူ) တို့လို ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်ပေမဲ့ အဲ့ဒီအဖွဲ့အစည်းတွေလောက် စုဖွဲ့မှု အားမကောင်းပါဘူး။ ဒါ့အပြင် အာဆီယံမှာ ဆုံးဖြတ်ချက် တိုင်းအတွက် အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ သဘောတူညီမှု လိုအပ်သလို တနိုင်ငံချင်းစီရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူး ဆိုတဲ့ မူကလည်း ရှိနေပါတယ်။ 

မြန်မာမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုအပေါ်မှာ အာဆီယံနိုင်ငံတွေရဲ့ တုန့်ပြန်ပုံတွေက မတူညီကြပါဘူး။ အထူးသဖြင့် မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ထိုင်း၊ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ဗီယက်နမ်နဲ့ လာအို၊ အာဏာရှင် ခေါင်းဆောင်အုပ်ချုပ်တဲ့ ကမ္ဘောဒီးယားတို့ဟာ  အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူးဆိုတဲ့ မူကို ကိုင်စွဲထားပြီး စစ်တပ်ကို အသိမှတ်ပြုတဲ့ ဘက်ကို ယိမ်းကြပါတယ်။ ဖိလစ်ပိုင်ကလည်း မြန်မာ့အရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ပြောပြီး ဆက်တိုက်နှုတ်ဆိတ်ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားတို့ကတော့ အရပ်သားတွေအပေါ် စစ်တပ်က အင်အားသုံး ဖိနှိပ် သတ်ဖြတ် တာတွေကို ပြစ်တင်ရူတ်ချပြီး  လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနဲ့ လူမှုတရားမျှတမှု မြှင့်တင်ခြင်းတို့ လုပ်ဆောင်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရဲ့ ပဋိညာဉ်စာတမ်းပါ ကတိကဝတ်တွေကို ထောက်ပြရင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့ တိုက်တွန်းကြပါတယ်။ 

မြန်မာ့အရေးဖြေရှင်းဖို့ အထူးကိုယ်စားလှယ် ခန့်အပ်တဲ့ ကိစ္စမှာလည်း အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အမြင်ကွဲပြားမှုတွေ ရှိခဲ့ပါတယ်။ ကျွန်းဆွယ်နိုင်ငံတွေဖြစ်ကြတဲ့ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က မြန်မာ့အရေးမှာ အယူအဆပိုင်းဆိုင်ရာ အခိုင်မာဆုံးဖြစ်တဲ့ အင်ဒိုနီးရှားကိုယ်စားလှယ်ကို ခန့်အပ်တာဝန်ပေးချင်ပါတယ်။ အာရှကုန်းမကြီးနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကတော့ ထိုင်းကိုယ်စားလှယ်ကို ခန့်အပ်ချင်ပါတယ်။ အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက ကိုယ်စားလှယ်ကိုပဲ တာဝန်ပေးလိုက်ပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး  ဒါတိုအီရီဝမ် ယူဆော့ဖ်ဟာ အာဆီယံသမိုင်းမှာ မြန်မာ့အရေးအတွက် ဒုတိယမြောက် ခန့်အပ်တဲ့ အထူးကိုယ်စားလှယ် (Special Envoy) ဖြစ်လာပါတယ်။ သူ့ မတိုင်ခင် ၂၀၀၆ ခုနှစ်တုန်းက မလေးရှားနိုင်ငံခြားရေးဝန်ကြီး Syed Hamid Albar ဟာ အာဆီယံကတာဝန်ပေးတဲ့ ကိုယ်စားလှယ် (Envoy) အဖြစ်နဲ့ မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်ဆံရေး လမ်းကြောင်းဖွင့်ဖို့ အာဆီယံက ကြိုးပမ်းခဲ့တဲ့ လုပ်ဆောင်ချက်တခုပါ။ သိသာထင်ရှားတဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ 

အခု အထူးကိုယ်စားလှယ် ဖြစ်လာတဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး  ဒါတိုအီရီဝမ် ယူဆော့ဖ် ဆောင်ရွက်ရမယ့် အချက်သုံးချက်က လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး နဲ့  နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့အတွက် ဘက်စုံအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာဖို့ ကြားခံ တိုက်တွန်းညှိနှိုင်းရေးတို့ပဲ ဖြစ်ပါတယ်။ ဘယ်လောက်အောင်မြင်အောင်လုပ်နိုင်မလဲ မသေချာပေမဲ့ တစုံတရာ ထိရောက်အောင် လုပ်လိုတဲ့ စိတ်ဆန္ဒကိုတော့ မြင်ရပါတယ်။ ဒါပေမဲ့ သူ့မှာ အချိန်ကန့်သတ်ချက်ရှိပြီး ဒီနှစ်ကုန်ရင် အထူးကိုယ်စားလှယ်ရာထူးကို လက်လွှဲရဖို့ ရှိနေပါတယ်။  အထူးကိုယ်စားလှယ် ရာထူးကို အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့နိုင်ငံနဲ့ ချိတ်ဆက်ထားတာကြောင့် နောက်လာမယ့် အထူးကိုယ်စားလှယ်ဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးယူမယ့် ကမ္ဘောဒီးယားက ဖြစ်လာနိုင်ပါတယ်။ မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ဟာ တဦးတည်း၊ တသမတ်တည်း ရှိမနေတာကြောင့် အာဆီယံအနေနဲ့ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်မလားဆိုတာ စိုးရိမ်စရာဖြစ်ပါတယ်။ 

တဖက်မှာလည်း မြန်မာပြည်သူတွေဟာ အာဆီယံရဲ့ ကြားဝင်မှုအပေါ် ယုံကြည်မှု နိမ့်ပါးနေတာကို အထင်အရှား တွေ့ရပါတယ်။ မကြာသေးခင်တုန်းကလည်း ၄၂ ကြိမ်မြောက် အာဆီယံလွှတ်တော်ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကမ်းလှမ်းမှုကို  အာဆီယံက တုံ့ပြန်ခဲ့တာ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တဦးကိုတော့ လေ့လာသူ အဖြစ် တက်ခွင့်ပေးခဲ့ပါတယ်။ ဒီအချက်ကလည်း အာဆီယံအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်မှု ပိုမိုကျဆင်းစေခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်လည်း မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းတဲ့အခါ အင်အားကြီး နိုင်ငံတွေရဲ့ တရားဝင်အားပေးထောက်ခံမှုသာမက ဝင်ရောက်ပံ့ပိုးပေးမှုပါ လိုအပ်နေတာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီးယူ အစရှိတဲ့ အင်အားကြီး နိုင်ငံ၊ အုပ်စုတွေအနေနဲ့ မြန်မာ့အရေးမှာ အာဆီယံကို လွှဲထားပြီး မျက်နှာလွှဲခဲပစ် မလုပ်ကြဖို့ လိုအပ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီအပြင် နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့အထိ တက်လှမ်းနိုင်ဖို့ ပံ့ပိုး အားဖြည့်ပေးကြရမှာ ဖြစ်ပါတယ်။ 

လက်တလောမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ ဖုန်းကတဆင့် ဆက်သွယ်ပြောဆိုထားပြီး မြန်မာ့နိုင်ငံရေးကို အခြေကျ ဖြေရှင်းနိုင်ဖို့ (Political Settlement) အတွက် ပံ့ပိုးသွားမယ်လို့ အထူးကိုယ်စားလှယ်ကို ဝမ်ယိက ပြောခဲ့ပါတယ်။ တခါ အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဩဂုတ် ၄ ရက်က အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။  

ကြံပြုချက်များနှင့် ချိန်ထိုးရမည့် အညွှန်းစနစ်

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဉ်မှာ နိုင်ငံရေးရလဒ် ကြီးကြီးမားမား ချက်ချင်းထွက်ပေါ်ရေး အတင်းဖိအားပေးတွန်းတာထက် ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ လက်ရှိ အထူးကိုယ်စားလှယ် သက်တမ်းဟာ ၂၀၂၁ ခုနှစ် အကုန်ထိသာ တိုတောင်းပေမယ့် ရှုပ်ထွေးလှတဲ့ မြန်မာ့အကျပ်အတည်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ် ဆောင်ရွက်သင့်ပါတယ်။ အောက်ဖော်ပြပါ အကြံပြုချက်နဲ့ အညွှန်းစနစ်ဟာ လက်ရှိအထူး ကိုယ်စားလှယ်အပါအဝင် လာမယ့်နှစ်တွေမှာ ခန့်အပ်မယ့် အာဆီယံအထူးကိုယ်စားလှယ်များနဲ့ အာဆီယံအဖွဲ့တခုလုံးရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှု (ယေဘုယျအားဖြင့် နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှု ပြုမယ်ဆိုရင် ဆောင်ရွက်သင့်တာများ) အတွက်ပါ တွက်ချင့်ဖော်ပြထားခြင်းဖြစ်ပါတယ်။

၁) အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဆောင်ရွက်ရမယ့် အချက် တွေထဲမှာ အာဆီယံရဲ့ AHA စင်တာကတဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးကို စစ်ကောင်စီနဲ့သဘောတူညီမှုရယူနိုင်ခြင်းဟာ အဓိကအကျဆုံးအချက်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ –

(၁-က) အာဆီယံကိုဗစ်-၁၉ တုံ့ပြန်ရေး ရန်ပုံငွေ (ASEAN COVID-19 Response Fund) အပြင် ကျန်နိုင်ငံတကာအကူအညီတွေကို ချိတ်ဆက်ပြီး ကာကွယ်ဆေး အကူအညီပေးအပ်နိုင်ခြင်း၊ ဒီအကူအညီတွေကို ပြည်သူ့ကျန်းမာရေးစနစ်အတွင်းကသာမက လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့စည်းတွေကတဆင့်ပါ စီမံခန့်ခွဲ ထိုးနှံခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း၊

(၁-ခ)တိုင်းရင်းသားဒေသတွေနဲ့ နေရပ်စွန့်ခွာ  IDPs စခန်း၊ ဒုက္ခသည်စခန်းတွေအတွက် ကာကွယ်ဆေးနဲ့ ကျန်လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော် ကူညီခွင့်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခြင်း၊

(၁-ဂ) ဒီအကူအညီတွေနဲ့ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်နေတဲ့ အဖွဲ့တွေကို လက်နက်ကိုင် အင်အားစု အသီးသီးက အကြမ်းဖက် ဖြတ်တောက်၊ ပိတ်ဆို့၊ အလွဲသုံးစားလုပ်တာတွေမရှိအောင် ဘက်အသီးသီးနဲ့ ညှိနှိုင်းပေးနိုင်ခြင်း၊ (ISP-Myanmar က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ဖော်ပြခဲ့သော “ကိုဗစ်-၁၉ တတိယလှိုင်း အကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအကူအညီဖြင့် ဖြေရှင်းရေး မူဝါဒ အကြံပြုချက်” ဖော်ပြခဲ့သည့်အတိုင်း) “အင်အားစု အသီးသီးကလည်း အင်အားစု အသီးသီးကလည်း နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ လက်ခံရယူရေးနဲ့ ပတ်သက်ပြီး အားလုံး လက်တွဲပြေလည် ချောမွေ့အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကတိကဝတ်ပြု ကြေညာချက်မျိုး (Humanitarian Pledge) ကို ထုတ်ပြန်” နိုင်အောင်ညှိနိုင်းပေးခြင်း  စတဲ့အချက်တွေက အထူးကိုယ်စားလှယ်အတွက် အရင်ဆုံးဦးစားပေးရမယ့် တာဝန်ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် သုံးရပ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တယ်ဆိုရင်ပဲ သူ့တာဝန်ရဲ့ ၁၅ ရာခိုင်နှုန်း ပြီးမြောက် အောင်မြင်တယ်လို့ ISP-Myanmar က အညွှန်းမှတ်ယူချင်ပါတယ်။ ဒါဟာ အာဆီယံ ဘုံသဘောတူညီချက် အမှတ် ၄ နဲ့ အညီ ဖြစ်ပါတယ်။

၂) အထူးကိုယ်စားလှယ်အနေနဲ့

(၂-က) စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် အားထုတ်နိုင်ခြင်း၊ ကျန်လက်နက်ကိုင် အင်အားစုများအနေနဲ့လည်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်အောင်နည်းလမ်းရှာဖွေနိုင်ခြင်း၊

(၂-ခ) ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်မြောက်ရေး ဆောင်ရွက်နိုင်ခြင်း၊

(၂-ဂ) အကြမ်းမဖက် လှုပ်ရှားမှုမှာပါဝင်သူတွေကို မတရားပုဒ်မများတပ်ပြီး စွဲဆိုထားတာတွေကို ဂုဏ်သိက္ခာရှိစွာ လွတ်ငြိမ်းခွင့်ရရှိအောင် ဆောင်ရွက်ခြင်းတို့ကို ညှိနှိုင်းနိုင်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်း အလုပ်ပြီးမြောက်တယ်လို့ ISP-Myanmar က အညွှန်းမှတ်ယူချင်ပါတယ်။ ဒါဟာ အာဆီယံ ဘုံသဘောတူညီချက် အမှတ် ၁ နဲ့ အညီဖြစ်ပါတယ်။

၃) အထူးကိုယ်စားလှယ်အနေနဲ့  

(၃-က) အဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ  ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခြင်း၊ 

(၃-ခ) နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လွတ်လပ်တဲ့ သတင်းမီဒီယာများနဲ့ တွေ့ဆုံခွင့်ရရှိခြင်း၊

(၃-ဂ) NUG အပါအဝင် အရေးပါတဲ့ အင်အားစုများနဲ့ ဆွေးနွေးခြင်း၊ 

(၃-ဃ) အခြေခံ အခွင့်အရေးများ၊ အထူးသဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အမြန်ဆုံးပြန်လည်ဖြေလျော့ပေးအောင် ဆောင်ရွက်နိုင်ခြင်း၊

(၃-င) အချိန်တန်ရင့်မှည့်တဲ့အခါ ဘက်အားလုံးပါတဲ့ အပြုသဘော ဆွေးနွေးမှုတွေကတဆင့် မြန်မာ့ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနိုင်ခြင်းတွေဟာ  ၂၅ ရာခိုင်နှုန်းသော ပြီးမြောက်မှုဖြစ်တယ်လို့ ISP-Myanmar က အညွှန်းမှတ်ယူချင်ပါတယ်။ ဒီအကြံပြုချက်အမှတ် ၃ ဟာ၊ အကြံပြုချက်အမှတ် ၄နဲ့ ခွဲမရတဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါဟာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ထဲက အမှတ် ၂ နဲ့ အညီ ဖြစ်ပါတယ်။

၄).        အထူးကိုယ်စားလှယ်အနေနဲ့

(၄-က) တိုင်းရင်းသားလက်နက်အဖွဲ့များ (EAOs) အားလုံးနဲ့ တွေ့ဆုံပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ဖော်ဆောင်မှုကို အာဏာသိမ်းပြီးနောက် ပြောင်းလဲလာတဲ့ လက်ရှိနိုင်ငံရေးပကတိအခြေနေနဲ့ ဆီလျော်အောင် ညှိနှိုင်းဆွေးနွေးခြင်း၊

(၄-ခ) လိုအပ်ပါက NCA ပြင်ပသီးသန့်သဘောတူညီမှုများကို သက်ဆိုင်သူများသဘောညီလက်ခံလို့ ညှိနှိုင်းဆွေးနွေးခြင်း၊ 

(၄-ဂ) ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့လည်း ယုံကြည်မှုတည်ဆောက်တာနဲ့ တွန်းအားပေးတာ ချိန်ကိုက်ညီတာနဲ့အမျှ ရိုဟင်ဂျာအရေး တရားမျှတ ဂုဏ်သိက္ခာရှိစွာ အဖြေရှာဖို့ကိုပါ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊

(၄-ဃ) အိမ်နီးချင်း နိုင်ငံအသီးသီး၏ နယ်စပ်များရှိ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ IDPs များ အားလုံး စိတ်သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေရာချထားနိုင်ရေးကို ညှိနှိုုင်းခြင်း၊

(၄-င) အချိန်တန် ရင့်မှည့်တဲ့အခါ ငြိမ်းချမ်းရေး တည်ဆောက်ရေး နဲ့ လူနည်းစုတန်းတူအခွင့်ရေး ဆွေးနွေးမှုများကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လမ်းစအဖြစ် ရှာဖွေနိုင်ခြင်းတွေဟာ ၂၅ ရာခိုင်နှုန်းသော ပြီးမြောက်မှုဖြစ်တယ်လို့ ISP-Myanmar က အညွှန်းမှတ်ယူချင်ပါတယ်။ ဒါဟာလည်း အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲက အမှတ် ၂ နဲ့အညီ ဖြစ်ပါတယ်။

၅). အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဉ်အပြီးမှာ 

(၅-က) နိုင်ငံတကာရဲ့ ထောက်ခံမှုကို တိုးမြှင့်ရရှိခြင်း၊ 

(၅-ခ) အထူးကိုယ်စားလှယ်ရဲ့ သက်တမ်းဟာ ဒီနှစ်ကုန်ရင် အပြောင်းအလဲရှိမှာကြောင့်ရော၊ အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းအောင်မြင်အောင် ဖြေရှင်းနိုင်ဖို့၊ မြန်မာ့အနာဂတ် ပြန်လည်ထူထောင်ရေးကူညီဖို့ တဖွဲ့တည်း စွမ်းဆောင်နိုင်ဖို့ရာ လုပ်ငန်းပိုင်းအရ၊ စွမ်းရည်ပိုင်းအရ၊ အရင်းအမြစ်ပိုင်းအရပါ အကန့်အသတ်များစွာ ရှိနေတာကြောင့် တရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံကြီးတွေပါ ပါဝင်တဲ့ ပေါင်းစပ်ညှိနှိုင်းရေးယန္တရားတခုကို ဖော်ဆောင်ခြင်း တို့ကို ဆောင်ရွက်နိုင်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်း အလုပ်ပြီးမြောက်တယ်လို့ ISP-Myanmar က အညွှန်းမှတ်ယူချင်ပါတယ်။

နိဂုံး

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံကကြားဝင်ဖြေရှင်းပေးဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်ရပ်တွေကိုကြည့်ရင် ၂၀၀၈ နာဂစ်တုန်းက လူသားချင်းစာနာမှု အကူအညီပေးအပ်တဲ့ ဖြစ်ရပ်ကလွဲပြီး အခြားသောနိုင်ငံရေးအရ စေ့စပ်ကြားဝင်ဖြေရှင်းပေးဖို့လုပ်ဆောင်ခဲ့တဲ့ ကြိုးပမ်းမှုများဟာ မအောင်မြင်ခဲ့တာကို တွေ့ရပါတယ်။ 

ကိုဗစ် တတိယလှိုင်းဒဏ်ကို အလူးအလဲ ခံလိုက်ရတဲ့ မြန်မာနိုင်ငံအတွက် AHA စင်တာက တဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ကူညီလှုဒါန်းမှုတွေကို အခုအချိန်မှာ အတိုင်းအတာတခုအထိ မြင်ရပါတယ်။  ဒီနေရာမှာ AHA စင်တာက တဆင့်မဟုတ်ဘဲ တိုက်ရိုက်လှုဒါန်းမှုတွေပါ ပြုလုပ်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး၊ အထူးကိုယ်စားလှယ်အသစ်ကိုပါ ခန့်အပ်ရမှာ ဖြစ်တာကြောင့် စစ်ကောင်စီနဲ့ ကြိုတင်လမ်းဖောက်ထားတဲ့ ခြေလှမ်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဟာ အရင်ကထက် မြန်မာ့အရေးအပေါ် လေးနက်မှုရှိတယ်ဆိုတာတော့ ထင်ရှားပါတယ်။

စစ်ကောင်စီအနေနဲ့ မကြာမီရင်ဆိုင်ရမယ့် ကမ္ဘာ့ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်အရေး အသာရချင်တာရော၊ လာမယ့်နိုဝင်ဘာလမှာ ကျင်းပဖွယ်ရှိတဲ့ အာဆီယံထိပ်သီးအစည်းဝေးမှာ အ​ပြ ကောင်းစေဖို့ရော၊ တရုတ် အပါအဝင် အင်အားကြီးနိုင်ငံတချို့ရဲ့ အတွင်းကျိတ်ဖိအားပေးမှုတွေကို လျော့ပါးစေဖို့ရော၊ ကိုဗစ်-၁၉ အကျပ်အတည်းနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နိုင်ငံတကာအထောက်အကူရစေဖို့အတွက်ရော အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း အလျော့အတင်း တချို့လုပ်ဖွယ်ရှိပါတယ်။ 

ဒီမူဝါဒအာဘော်ဆောင်းပါးမှာ အကြံပြုခဲ့တဲ့ အချက်ငါးချက်ဟာ အခုရေတွင်းတူး အခုရေကြည်သောက် လို့ရမယ့် ရေတိုကိစ္စများသက်သက် မဟုတ်ပါဘူး။ ပထမအဆင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေကို စတင်ရလဒ်ထွက်အောင်ဆောင်ရွက်ပြီး ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ် ဆောင်ရွက်မယ်ဆိုတာကို[ZSB2]  ထပ်မံသတိပြုစေချင်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အနှစ်ချုပ်ရင် လူ့အခွင့်ရေး၊ လူသားချင်းစာနာမှုအကူအညီအရေးနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ အချက် သုံးချက်ပဲ ထွက်ပါတယ်။ ဒီအချက် သုံးချက်ဟာ ခွဲထုတ်လို့မရတဲ့ သုံးချောင်းထောက်ပါပဲ။ လူ့အခွင့်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတွေကတော့ အချိန်ဆွဲလို့မရ၊ မျက်ကွယ်ပြု လျစ်လျူရှုလို့မရဘဲ အရေးဆို၊ တွန်းအားပေး၊ လူ့အသက်တွေ ချက်ချင်းကယ်တင်ရေး အဓိကပဲဖြစ်ပါတယ်။ အရင်းခံ ပဋိပက္ခဖြေရှင်းရေးကတော့ အချိန်တန်ရင့်မှည့်တဲ့အခါမှသာ အားလုံးလက်ခံနိုင်တဲ့ ထွက်ပေါက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအချိန်ကို အမြန်ရင့်မှည့်အောင် ၀ိုင်းဝန်းကြိုးစားနိုင်ကြရင် မြန်မာနိုင်ငံ အေးချမ်းသာယာတိုးတက်ပြီး ပြည်သူတွေအားလုံး ဂုဏ်သိက္ခာရှိရှိ ရှင်သန်လို့ ပျော်ရွှင်သုခခံစားနိုင်ကြမှာပဲ ဖြစ်ပါတယ်။

ရည်ညွှန်းကိုးကား

အာဆီယံ အထူးကိုယ်စားလှယ် အလုပ်ဖြစ်ပါ့မလား. (2021, August 06). BBC Burmesehttps://www.bbc.com/burmese/burma-58108887

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ထံသို့ ကျေးဇူးတင်လွှာပေးပို့. (2021, August 25). https://www.facebook.com/d.wave.newsletter/posts/4643618025648501

Association of Southeast Asian Nations. (n.d.). Retrieved August, 2021, from https://asean.org/category/statements-meetings/

Bland, B. (2021, August 24). Weak and inadequate, ASEAN yet remains indispensable. Nikkei Asiahttps://asia.nikkei.com/Opinion/Weak-and-inadequate-ASEAN-yet-remains-indispensable

US Department of State. (2021, August 04). Deputy Secretary Sherman’s Call with Zin Mar Aunghttps://www.state.gov/deputy-secretary-shermans-call-with-zin-mar-aung/

Explained: The Tussle Over ASEAN’s Special Envoy to Myanmar. (2021, August 03). The Irrawaddyhttps://www.irrawaddy.com/opinion/analysis/explained-the-tussle-over-aseans-special-envoy-to-myanmar.html

Strangio, S. (2021, August 05). Can ASEAN’s Special Envoy Resolve the Crisis in Myanmar? The Diplomathttps://thediplomat.com/2021/08/can-aseans-special-envoy-resolve-the-crisis-in-myanmar/?fbclid=IwAR1wQslksigdoVeIfIxNYF9OQ7NTfAL3WJRdL490jYsBxsk4j4JiLigkT50

Strangio, S. (2021, August 10). New ASEAN Envoy to Myanmar Pledges to Meet With Opposition, Detained Activists. The Diplomathttps://thediplomat.com/2021/08/new-asean-envoy-to-myanmar-pledges-to-meet-with-opposition-detained-activists/?fbclid=IwAR0pv0bwaIoKGq6oGUKQ9LRZUMH2Ad6EIVxOoMZzVvQMQq_0YY3GiHxUfBU

Ministry of Foreign Affairs of the People’s Republic of China. (2021, August 08). Wang Yi Speaks with Special Envoy of ASEAN to Myanmar and Bruneian Second Minister of Foreign Affairs Erywan bin Pehin Yusof on the Phone. https://www.fmprc.gov.cn/mfa_eng/zxxx_662805/t1900446.shtml

About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment