Institute for Strategy and Policy – Myanmar

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။


အကျဉ်းချုပ်

‒ ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးပြီး အင်တိုက် အားတိုက် လုပ်ကြ၊ ကာကွယ်ဆေး ထိုးနှံရေး အတွက် မဟာဗျူဟာတွေ ချမှတ်နေ ကြပေမယ့် မြန်မာမှာတော့ အရင်းအမြစ် မလောက်ငတာ၊ အာဏာသိမ်း စစ် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်လိုတာ၊ စစ်ကောင်စီဘက်ကလည်း ပေါင်းစပ် ညှိနှိုင်းမှု မရှိတာတွေကြောင့် တကျောင်း တဂါထာ ဖြစ်နေပါတယ်။

‒ မြန်မာအဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ်ဆေး ရနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက မျှော်မှန်းလို့ ရနိုင်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး ခြောက်သန်းကို မှာယူထားပါတယ်။ ရုရှားနိုင်ငံကနေလည်း ကာကွယ်ဆေး ခုနစ်သန်း ဝယ်ယူဖို့ ပြင်ဆင်ထားပြီး ကနဦး အနေနဲ့ ကာကွယ်ဆေး နှစ်သန်း ဝယ်ယူဖို့ သဘောတူ ထားပါတယ်။

‒ မြန်မာနိုင်ငံမှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံထားပြီး (စုစုပေါင်း လူဦးရေ၏ ၃ ဒသမ ၂ ရာခိုင်နှုန်း) လို့ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) နယ်မြေတွေမှာ ကိုယ်ပိုင်အစီအစဉ်နဲ့ ကာကွယ်ဆေး ထိုးနှံနေပါတယ်။ ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှု၊ ထိရောက်မှုစတဲ့ အရည်အသွေး၊ ထိုးနှံပုံ၊ မှတ်တမ်းမှတ်ရာ ထားရှိပုံကအစ စည်းစနစ်နဲ့ စံသတ်မှတ်ချက် တန်းဝင်ရေးဟာ အရေးပါလာပါတယ်။

‒ ယခင် NLD အစိုးရ ချမှတ်ထားတဲ့ မူဝါဒအတိုင်း “မည်သူတဦးမျှ နောက်မကျန်ရစ်စေရ” သဘောအရ ကာကွယ်ဆေး ရရှိခြင်း တန်းတူညီမျှမှု ရှိဖို့ လိုအပ်ပါတယ်။ ဘယ်အုပ်စုတွေကို ဦးစားပေး ကာကွယ်ဆေး ထိုးစေမလဲ ဆိုတာကို ကျန်းမာရေး ရှုထောင့်၊ အရင်းအမြစ် လုံလောက်မှု ရှုထောင့်၊ လူမှု တရားမျှတမှု (social justice) ရှုထောင့်များကပါ အလေးအနက် ထည့်သွင်း စဉ်းစားရပါမယ်။

‒ စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ မှန်းပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မယ်လို့ ဆိုပါတယ်။

‒ Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံအပါအဝင် လာအို၊ မြောက်ကိုရီးယား၊ တီမော လက်စတီ စတဲ့ နိုင်ငံတွေဟာ ၂၀၂၅ ခုနှစ် အလွန် ကာလမှသာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးစီးမယ်လို့ ဖော်ပြပါတယ်။ EIU နဲ့ Our World in Data တွေကို ကိုးကားတွက်ချက်ပြီး ဖော်ပြထားတဲ့ Nikkei Asia ဆောင်းပါး သုံးသပ်ချက်မှာတော့ ၂၀၂၃ ခုနှစ် အလွန်မှသာ ကာကွယ်ဆေး ထိုးနှံမှုတွေ လုံလောက်မယ်လို့ ပြောထားပါတယ်။

‒ ၂၀၂၁ ခုနှစ် မတ်မှာ ကိုဗစ်ကာကွယ်ဆေး နိုင်ငံခြားတင်ပို့မှုကို အိန္ဒိယနိုင်ငံက ရပ်ဆိုင်းလိုက်ပြီး၊ ပြည်တွင်း ကူးစက်မှု ထိန်းချုပ်ရေးကို ဦးစားပေးလိုက်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများအဖို့ ကာကွယ်ဆေး ရရှိနိုင်ရေးဟာ ကြီးမား တဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု စတဲ့ အခြားကာကွယ်ဆေး ထုတ်လုပ်သူ တွေဆီက ရဖို့ အကန့်အသတ်ရှိနေတဲ့အခါ နိုင်ငံအများစုက တရုတ်နဲ့ ရုရှားထုတ် ကာကွယ်ဆေးတွေအပေါ် ဝယ်လိုအား များနေပါတယ်။

နောက်ခံအခြေအနေ

ကိုဗစ် ဒုတိယလှိုင်း ကာလအတွင်း ယာယီ ထိန်းချုပ်နိုင်ဟန်ရှိတဲ့ အောင်မြင်မှုအပေါ် စိတ်ကျေနပ် နှစ်သိမ့်နေမှု (complacency) ဖြစ်ခဲ့ကြပါတယ်။ အဲဒီကတဆင့် ကာကွယ်ဆေး နှောင့်နှေးနေခြင်း၊ စစ်ဆေးမှုနှုန်း နည်းပါးခြင်းနဲ့ ရင်းမြစ် မသိရတဲ့ ကူးစက်မှုတွေ များပြားလာတာနဲ့ အထူး ကူးစက်ပြန့်နှံ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲများ (contagious variants) တွေကြောင့် နိုင်ငံအများစုမှာ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်လာရပါတယ်။

၂၀၂၁ ခုနှစ် မေလဆန်းပိုင်းမှာဆိုရင် အိန္ဒိယနိုင်ငံမှာ တရက်ကို ကူးစက်မှု လူ ၄၀၀,၀၀၀ ကျော်နဲ့ ကမ္ဘာ့ကူးစက်မှု အများဆုံး စံချိန် ချိုးခဲ့ပါတယ်။ ဇူလိုင်နောက်ဆုံးပတ်အထိ စာရင်းအရဆိုရင် အိန္ဒိယမှာ ကူးစက်မှု စုစုပေ ၃၁ ဒသမ ၄ သန်းနဲ့ သေဆုံးသူ ၄၂၀,၀၀၀ ကျော် ရှိလာပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ မြန်မာ စတဲ့နိုင်ငံတွေမှာလည်း ကူးစက်မှု တဟုန်ထိုး မြင့်မားလာပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်း ကာလမှာ ထိန်းချုပ်နိုင်မှု စံပြနိုင်ငံတွေ ဖြစ်ခဲ့တဲ့ ဗီယက်နမ်၊ တိုင်ဝမ်နဲ့ အရှေ့တောင်အာရှ နိုင်ငံများဟာ အောင်လံတွေ ပြိုလဲ ကျကုန်ပါတယ်။ ဒီအခါ ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေးအတွက် ပိုပြီး အားထုတ်လာကြသလို လူဦးရေ အများအပြားကို ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းလာရပါတယ်။

ကာကွယ်ဆေး မဟာဗျူဟာ (Vaccine Strategy) ဆိုသည်မှာ အဘယ်နည်း

ကာကွယ်ဆေးများ (Vaccines) က ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်နိုင်ဖို့ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းများ (antibodies) ပရိုတင်းများ ထုတ်လုပ်နိုင်ဖို့ လေ့ကျင့် ပေးပါတယ်။ သဘောကတော့ လူ့ခန္ဓာကိုယ်က ရောဂါပိုးကို တွေ့ရှိပြီးသား သဘော ဖြစ်သွားပါတယ်။ လူသားတွေကို အကြီးအကျယ် မဖျားနာစေဘဲနဲ့ ကာကွယ်ဆေးက အရေးပါတဲ့ ပဋိပစ္စည်းများ ထုတ်လုပ်ဖို့ လှုံ့ဆော် ထားပေးပါတယ်။ ဤနည်းအားဖြင့် လူတဦးအတွက် ကာကွယ်ထားပေးပြီး ဖြစ်သလို၊ ကူးစက်မှု ကွင်းဆက် (chains of transmission) ကိုလည်း ဖြတ်တောက်ပေးပါတယ်။ နိုင်ငံတွေက ဗိုင်းရပ်စ်ပိုး ကာကွယ်ရေးအတွက် လူဦးရေအများစုကို ကာကွယ်ဆေး ထိုးနှံပေးဖို့ ကြိုးပမ်း ဆောင်ရွက်ကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ကာကွယ်ဆေး ထိုးနှံရေး မဟာဗျူဟာများကို လေ့လာတဲ့အခါ –



‒ အရည်အသွေး ကောင်းပြီး လုံခြုံ ဘေးကင်း၊ ထိရောက်တဲ့ အာနိသင် ကာကွယ်ဆေးများ (quality, safety and efficacy) ရရှိရေး ဦးစားပေးကြတာကို တွေ့ရှိရပါတယ်။

‒ နိုင်ငံတကာ မျက်နှာစာမှာတော့ သွေးစည်း ညီညွတ်ရေး အသင်းအဖွဲ့များ၊ ဆက်ဆံရေး ကောင်းမွန်မှုအပေါ် မူတည် ပြီး ကာကွယ်ဆေး အမြန် ရရှိနိုင်ရေး (swift access) ဗျူဟာချမှတ် ဆောင်ရွက်ကြပါတယ်။ သုတေသန၊ နည်းပညာ စွမ်းဆောင်ရည် ရှိတဲ့ နိုင်ငံတွေက ကိုယ်ပိုင် ထုတ်လုပ်ဖို့လည်း ကြိုးပမ်း၊ အားပေးကြပါတယ်။

‒ ကာကွယ်ဆေး ရရှိလာတဲ့အခါ တန်းတူညီမျှမှုရှိစွာ ဆေးထိုးနှံပေးရေး (equitable access) ကလည်း အချက်တခု ဖြစ်ပါတယ်။

‒ ပြည်သူများနဲ့ ယုံကြည်မှု တည်ဆောက်ရေးကလည်း အရေးကြီးပါတယ်။ အဆက်မပြတ် ပွင့်လင်းမြင်သာ စွာ ဆက်သွယ်နေဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေး ခွင့်ပြုပေးမိန့်၊ အတည်ပြုမှု၊ အကြံပြုချက်များ၊ ကာကွယ်ဆေး ဘေးကင်းမှုအပေါ် ဆက်လက် စောင့်ကြည့် လေ့လာနေမှု၊ ဖြန့်ဝေမှု၊ စီမံမှု၊ ဒေတာ အချက်အလက် သိမ်းဆည်းမှု.. စတာတွေကို စဉ်ဆက်မပြတ် ထုတ်ပြန်နေရပါမယ်။ သတင်းအသစ်များ ဖြစ်ထွန်းနေမှု နဲ့ ဘေးထွက် ဆိုးကျိုးများ စတဲ့ ပုံမှန် ဖြစ်ထွန်းမှုကိုလည်း တင်ပြဖို့ လိုအပ်ပါတယ်။ သတင်းမှား တိုက်ဖျက်ရေးဟာလည်း အရေးကြီးပါတယ်။

‒ ကျန်းမာရေး ပညာရှင်များ၊ ဝန်ထမ်းများကိုလည်း ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပညာပေး၊ ဖြည့်ဆည်းနေဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးစနစ် တခုလုံးနဲ့ ပတ်သက်လို့ ချိတ်ဆက် ဆောင်ရွက်မှုတွေကိုလည်း စဉ်းစားရပါမယ်။

‒ လူတဦးချင်း၊ ရပ်ရွာလူထု အဖွဲ့အစည်းတွေနဲ့ အင်အားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်တဲ့ နည်းလမ်း (inclusive way) နဲ့ သူတို့ နားထောင်လာအောင်၊ ယုံကြည်မှု ရရှိနိုင်အောင်၊ ပူး ပေါင်းဆောင်ရွက်မှု ရရှိနိုင်အောင် လုပ်ဖို့ကတော့ သိပ်ကို အရေးကြီးပါတယ်။


ကာကွယ်ဆေး မဟာဗျူဟာ လိုအပ်ပါသလား

ဩဇာကြီးမားတဲ့ The Economist မဂ္ဂဇင်းက ဆွေးနွေးခဲ့တဲ့ ကိုဗစ်ကပ်ဘေးအလွန် စီးပွားရေး ပြန်လည် ထူထောင်မှုမှာ ဖြစ်နိုင်မယ့် အက်ကြောင်းတွေထဲက ပထမဆုံးတခုက ကာကွယ်ဆေး ရရှိပြီးသူတွေနဲ့ မရသေးသူတွေ အကြားက ခြားနားမှု ဖြစ်ပါတယ်။ နိုင်ငံအလိုက် ကွာခြားမှု ရှိသလို၊ လူတဦးချင်း အလိုက် လည်း ကွာခြားမှုရှိမှာ မလွဲမသွေပါပဲ။

ကာကွယ်ဆေး ထိုးနှံရရှိခြင်းက လူတဦးချင်းရဲ့ လူမှုဆက်ဆံရေး ဘဝအတွက် အရေးကြီးပါတယ်။ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မယ့်အပြင်၊ လူ-လူချင်း ပေါင်းသင်း ဆက်ဆံရေး၊ ထုတ်လုပ်မှု၊ လူမှု အသိုက်အဝန်း ဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

တသီးပုဂ္ဂလ လူတဦးချင်းရဲ့ ဘဝ၊ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ဘဝ (Productive Life) အတွက်လည်း အရေးကြီးပါတယ်။ လူတဦးချင်း ထုတ်လုပ်နိုင်စွမ်း ရှိမှသာ စီးပွားရေးဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတခုရဲ့ ထုတ်လုပ်နိုင်စွမ်းအတွက် လည်း အရေးကြီးပါတယ်။ ဓနဥစ္စာတောင့်တင်းတဲ့ နိုင်ငံတွေအဖို့ လူတိုင်းကို ကာကွယ်ဆေးထိုးပေးနိုင်ပြီး၊ စီးပွားရေး (Economy) ကို ပြန်လည် စတင်နိုင်ပြီ ဖြစ်ပါတယ်။ ချို့ငဲ့တဲ့ နိုင်ငံများအဖို့ ရောဂါကူးစက်မှု သံသရာမှာ ဆက်ပြီး ရုန်းကန်နေကြရဦးမှာ ဖြစ်ပါတယ်။ တခါ သင်ယူလေ့လာရေး (Learning) အတွက်လည်း အရေးကြီးပါတယ်။ လုံခြုံ စိတ်ချရတဲ့ သင်ယူလေ့လာရေးအတွက် ကာကွယ်ဆေး ရရှိရေးဟာ ကလေးတွေ၊ ကျောင်းဆရာ-ဆရာမတွေ အတွက် အရေးကြီးလာပါတယ်။ ဒီလို အခြေအနေ‌တွေကြောင့်ပဲ နိုင်ငံအများက ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးကို မဟာဗျူဟာ ချမှတ် ကြိုးပမ်းနေကြသလို ဒါတွေကို အလျင်အမြန် ဖော်ဆောင်နိုင်ဖို့ ကာကွယ်ဆေး မဟာဗျူဟာလည်း လိုအပ်ပါတယ်။

ကာကွယ်ဆေး ရနိုင်သည့် ရင်းမြစ်များ


အစောပိုင်းမှာ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများအဖို့ အိန္ဒိယက ထုတ်တဲ့ ကာကွယ်ဆေးကို မျှော်ကိုး ခဲ့ကြပါတယ်။ အိန္ဒိယက ပြည်ပ တင်ပို့မှု ရပ်စဲပြီး ပြည်တွင်းကိုသာ ဦးစားပေးရတဲ့ မူဝါဒ ချမှတ်လာတဲ့အခါ အခက်အခဲ တွေ့ကြရပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ကမ္ဘာ့ကုလသမဂ္ဂ (UN) က ဦးဆောင်တဲ့ COVAX ခေါ်တဲ့ ကာကွယ်ဆေး ရရှိရေး အစီအစဉ် ရှိပါတယ်။ COVAX ကတော့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံများ၊ ဝင်ငွေနည်း နိုင်ငံများကာကွယ်ဆေး ရရှိနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO)၊ ဥရောပ ကော်မရှင်၊ ပြင်သစ်အစိုးရတို့ စတင်တည်ထောင်ပြီး၊ GAVI ,the Vaccine Alliance, the Coalition for Epidemic Preparedness Innovations, WHO တို့ ပါဝင်ကြပါတယ်။ COVAX က သူ့ရဲ့ကာကွယ်ဆေး ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံက ရယူတာကြောင့် နောက်ထပ် ကာကွယ်ဆေး ရရှိရေး အခက်အခဲများလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံအဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ်ဆေး ရရှိနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက မျှော်မှန်းလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ဖြစ်ပြီး နောက်ပိုင်း တရုတ်နိုင်ငံကနေ ကာကွယ်ဆေး ခြောက်သန်းကို မှာယူထားပါတယ်။ ဒီအထဲကမှ လေးသန်း (Sinovac ကုမ္ပဏီမှ နှစ်သန်း၊ Sinopharm မှ နှစ်သန်း) ကို ဝယ်ယူခဲ့ပါတယ်။ နှစ်သန်းကို တရုတ်က လှူခဲ့တာဖြစ်ပြီး ကာကွယ်ဆေး သုံးသန်းတော့ ရောက်လာပါပြီ။ ရုရှားနိုင်ငံကနေလည်း ကနဦးအနေနဲ့ ကာကွယ်ဆေး နှစ်သန်း ဝယ်ယူဖို့ သဘောတူညီမှု ရထားပြီး ခုနစ်သန်း ဝယ်ယူဖို့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အမှန်မှာတော့ ဝင်ငွေနည်း နိုင်ငံတခုအဖို့ ကာကွယ်ဆေး ရရှိရေးအတွက် ရွေးချယ်စရာမရှိပါဘူး။ အခု အခြေအနေ အတိုင်း ဆိုရင် တရုတ်နဲ့ ရုရှား ကာကွယ်ဆေးတွေကို အားထားရဖို့ ဖြစ်နိုင်ပါတယ်။ အာရှတိုက်မှာ နိုင်ငံ ၁၉ ခုက တရုတ် ကာကွယ်ဆေးတွေ သုံးနေပြီး၊ နိုင်ငံကိုးခုက ရုရှား ကာကွယ်ဆေးကို အသုံးပြုနေကြပါတယ်။ ရုရှားနိုင်ငံက Sputnik V ကာကွယ်ဆေးကို အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ထုတ်လုပ်ဖို့ လျာထားပြီး၊ တရုတ် ကာကွယ်ဆေးကိုလည်း အင်ဒိုနီးရှားနဲ့ မလေးရှား အပါအဝင် အခြားအာရှနိုင်ငံ ၁၀ ခုမှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

ကာကွယ်ဆေး စီမံခန့်ခွဲမှု

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံပြီး (စုစုပေါင်း လူဦးရေရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်း) လို့ ဖော်ပြကြပါတယ်။ (နှစ်ကြိမ် ထိုးနှံပြီးလို့ ယူဆနိုင်ပါတယ်)။ အခြားသတင်းများအရ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) နယ်မြေတွေမှာ ကိုယ်ပိုင် အစီအစဉ်နဲ့ ကာကွယ်ဆေး ထိုးနှံနေတယ်လို့ ဖော်ပြကြပါတယ်။

UWSP/UWSA ထိန်းချုပ်ရာ ပန်ဆန်း ဗဟိုပြု ဒေသတခုလုံးရှိ လူဦးရေ ၅၀၀,၀၀၀၊ ထိုင်းနယ်စပ် မိုင်းဆတ် ခရိုင်အတွင်းရှိ ၁၇၁ စစ်ဒေသတွင် လူဦးရေ ၂၀၀,၀၀၀၊ NDAA ထိန်းချုပ်ရာဒေသရှိ လူဦးရေ ၁၀၀,၀၀၀ ကျော် ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီလို့ ဆိုပါတယ်။ SSPP/SSA ထိန်းချုပ်ရာ ဝမ်ဟိုင်းဒေသမှာလည်း လူဦးရေ ၅၀၀,၀၀၀ အထိ ထိုးနှံသွားမယ်လို့ ဆိုပါတယ်။ KIO/KIA ထိန်းချုပ်ရာ ဒေသများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေပါတယ်။

ကာကွယ်ဆေး ထိုးနှံမှုမှာ ဦးစားပေး အုပ်စုတွေ ရှိပါတယ်။ ဒါပေမဲ့ NLD အစိုးရ ချမှတ်ထားတဲ့ မူဝါဒ “မည်သူတဦးမျှ နောက် မကျန်ရစ်စေရ” သဘောအရ ကာကွယ်ဆေး ရရှိမှု တန်းတူညီမျှမှု ရှိဖို့ လိုအပ်ပါတယ်။

အချိန်ဇယား

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ လူဦးရေ ဘယ်မျှအတိုင်းအတာ ကူးစက်/ တနည်း ကာကွယ်ဆေး ရရှိတဲ့အခါ အုပ်စုလိုက် ခုခံအား (herd immunity) သို့မဟုတ် လူဦးရေ ခုခံအား (population immunity) ရရှိမယ်ဆိုတာ အတိအကျ တွက်ချက် ဖော်ပြတာ မရှိပါဘူး။ ဝက်သက်ရောဂါ (measles) တုန်းက လူဦးရေ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ဆေး ထိုးပေးဖို့ လို အပ်ပါတယ်။ အလားတူ ပိုလီယို ရောဂါအတွက် လူဦးရေ ၈၀ ရာခိုင်နှုန်းတိုင် အနိမ့်ဆုံး ကာကွယ်ဆေးပေးဖို့ လိုအပ်ပါတယ်။ အခု အခါ နိုင်ငံအများစုက လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းတိုင် ကာကွယ်ဆေး ရရှိရေးအတွက် ကြိုးပမ်းရုန်းကန် နေကြပါတယ်။

မြန်မာနိုင်ငံအဖို့ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ဘယ်အချိန်မှာ ကာကွယ်ဆေး ထိုးနှံပြီးစီးနိုင်မလဲ

စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်မယ်လို့ မှန်းပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး စတင် ထိုးနှံပေးတော့မယ်လို့ ဆိုပါတယ်။ အခုလထဲမှာပဲ နည်းလမ်း နှစ်သွယ်နဲ့ စတင်ထိုးနှံပေးဖို့ရှိပြီး ပထမဦးစားပေးအနေနဲ့ ကာကွယ်ဆေး ခြောက်သန်း ရဖို့ ရှိတယ်လို့ NUG က ပြောထားပါတယ်။ NUG ရဲ့ နည်းလမ်း နှစ်သွယ်အနက် ပထမနည်းလမ်းက ရလာတဲ့ ကာကွယ်ဆေး တွေကို တိုင်းရင်းသား ဒေသတွေမှာ ထိုးပေးမှာ ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းကတော့ တတိယ အဖွဲ့အစည်းတွေက ထိုးနှံ ပေးမယ်လို ဆိုပါတယ်။ ဒါ့အပြင် အခုရလာတဲ့ ကာကွယ်ဆေးတွေက အရင် NLD အစိုးရလက်ထက်က လုပ်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။ NUG က ထိုးနှံပေးမယ့် ကာကွယ်ဆေးအမျိုး အစားကိုတော့ မသိရသေးပါဘူး။

Economist Intelligence Unit (EIU) ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံအပါအဝင် လာအို၊ မြောက်ကိုရီးယား၊ တီမော လက်စတီ စတဲ့ နိုင်ငံတွေက ၂၀၂၅ အလွန်ကာလမှသာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးစီးမယ်လို့ ဖော်ပြပါတယ်။ EIU နဲ့ Our World in Data တွေကို ကိုးကားတွက်ချက်ပြီး ဖော်ပြထားတဲ့ Nikkei Asia ဆောင်းပါး သုံးသပ်ချက်မှာတော့ ၂၀၂၃ ခုနှစ် အလွန်မှသာ ကာကွယ်ဆေး ထိုးနှံမှုတွေ လုံလောက်မယ် ဖော်ပြပါတယ်။

EIU ရဲ့ နိုင်ငံအလိုက် စီးပွားရေး အခြေအနေ အစီရင်ခံစာ (ဇူလိုင် ၂၄, ၂၀၂၁) မှာတော့ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ရုရှား နိုင်ငံက ကာကွယ်ဆေးတွေ ရဖို့ ထုတ်ဖော်ပြောကြားထားတယ်။

အကြံပြုချက်များ နှင့် ဆက်လက်ဆွေးနွေးဖွယ် အကြောင်းများ

မြန်မာနိုင်ငံအနေနဲ့ ထိရောက်တဲ့ ကာကွယ်ဆေး ဖြန့်ဝေမှု၊ လူသားရင်းမြစ်နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အာဆီယံရဲ့ AHA၊ ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာမှု ညှိနှိုင်းရေးမှူးရုံး (OCHA) တွေနဲ့ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ ဒီအတွက် ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာ ISP-Myanmar က ဖော်ပြထားတဲ့ “ကိုဗစ် တတိယလှိုင်း အကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီဖြင့် ဖြေရှင်းရေး မူဝါဒ အကြံပြုချက် “ မှာလည်း အကျယ်တဝင့် ဖတ်နိုင်ပါတယ်။

ဒါ့အပြင် ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် တကျောင်း တဂါထာ ထိုးနှံမှုတွေမှာ ကာကွယ်ဆေးရဲ့ လုံခြုံစိတ်ချရမှုနဲ့ ထိရောက်မှုစတဲ့ အရည်အသွေး၊ ထိုးနှံပုံ၊ မှတ်တမ်းမှတ်ရာ ထားရှိပုံကအစ စည်းစနစ်ရှိရေး ဦးစားပေးသင့်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပြီးနောက် ထိရောက်မှု ပြန်လည် သုံးသပ်မှုဟာလည်း မရှိမဖြစ် လိုအပ်တဲ့ ဖြစ်စဉ်ပါ။ ကာကွယ်ဆေး အာနိသင်ကို သိရှိနိုင်တဲ့အပြင်၊ လိုအပ်တဲ့ နောက်ဆက်တွဲ သုတေသနများလည်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

တတ်နိုင်သမျှ သတင်းအချက်လက် ဖလှယ်တာ၊ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်တာ၊ ပဋိပက္ခကြောင့် စစ်မက်ပြိုင်မှုတွေ ကြောင့် အင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှု မဖြစ်နိုင်သေးရင်တောင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့လို၊ ကျန်လွတ်လပ်တဲ့ အဖွဲ့စည်းတွေကတဆင့် အချက်အလက်ဖလှယ်၊ မှတ်တမ်းမှတ်ရာဖလှယ်တာမျိုးတွေကို ဆောင်ရွက်သင့်ပါတယ်။ ကာကွယ်ဆေး ထိုးနှံမှုမှာ ကပ်ဘေး ကယ်ဆယ်ရေး အဓိက ဖြစ်သင့်ပြီး၊ နိုင်ငံရေး ကွဲပြားမှုတွေကိုအလွန်အကျူး ရှေ့တန်းတင် အမြတ်ထုတ်တာမျိုး မပြုလုပ်ကြဖို့လည်း လိုအပ်ပါတယ်။ တချိန်တည်းမှာ ကာကွယ်ဆေး ထိုးနှံမှုမှာ လူမှုတရားမျှတမှု (social justice) အခြေအနေကိုပါ အလေးအနက် ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ရည်ညွှန်းကိုးကား

Centers for Disease Control and Prevention. (2019, October 30). Vaccinate with Confidence. https://www.cdc.gov/vaccines/partners/vaccinate-with-confidence.html [Access date: July 20,2021]

D’Souza, G., & Dowdy, D. (2021, April 7). What is Herd Immunity and How Can We Achieve It With COVID-19? Johns Hopkins Bloomberg School of Public Health. https://www.jhsph.edu/covid-19/articles/achieving-herd-immunity-with-covid19.html . [Access date: July 20, 2021]

European Commission. (2020, June 17). Coronavirus: Commission unveils EU vaccines strategy. European Commission. https://ec.europa.eu/commission/presscorner/detail/en/IP_20_1103 [Access date: July 23,2021]

Johns Hopkins University & Medicine. (2021). Report Series: A Primer on Covid-19 Vaccine Development, Allocation and Deployment. Johns Hopkins Coronavirus Resource Center. https://coronavirus.jhu.edu/vaccines/report [Access date: July 20, 2021]

Li, G. (2021, July 6). Asia’s new COVID waves. Nikkei Asia. https://asia.nikkei.com/Spotlight/The-Big-Story/Asia-s-new-COVID-waves . [Access date: July 26, 2021]

Paddock, R. C. (2021, July 4). Virus Surges in Myanmar After Coup. The New York Times. https://www.nytimes.com/2021/07/01/world/asia/covid-myanmar-coup.htm

World Health Organisation. (n.d.). Coronavirus disease (COVID-19): Herd immunity, lockdowns and COVID-19. WHO. Retrieved July 29, 2021, from https://www.who.int/news-room/q-a-detail/herd-immunity-lockdowns-and-covid-19 [Access date: July 20,2021]

The Economic Intelligence Unit. (2021, May 4). Myanmar- Asia’s Covid-19 vaccination timeline: still playing catch-up.

The Economist Intelligence Unit. (2021, July). Country Report – Myanmar (3rd Quarter 2021). Economist Intelligence Unit Limited. [Access date: July 26, 2021]


About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment

Institute for Strategy and Policy – Myanmar