ကိုဗစ်-၁၉ တတိယလှိုင်း အ‌ကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာအကူအညီဖြင့် ဖြေရှင်းရေး မူဝါဒအကြံပြုချက်

က
အောက်ဆီဂျင်ရရှိရန်အတွက် တန်းစီနေကြသူများ (ဓာတ်ပုံ – MPA)

ယခုအကြံပြုချက်ကို PDF file ဖြင့်လည်း Download ရယူနိုင်ပါသည်။

▪ နိဒါန်း

ဒယ်လ်တာနဲ့ အယ်လ်ဖာ မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်းဟာ စစ်ကောင်စီရဲ့ တရားဝင်ပိုး ဓာတ်ခွဲ စစ်နှုန်းအရ ၁၀ ယောက်မှာ လေးဦး နီးပါး ဖြစ်ပွား နေပါတယ်။ ဇွန် ၂၇ ရက်ကို အခြေခံ နှုန်းထားအဖြစ် သတ်မှတ်မယ် ဆိုရင် ပိုးတွေ့ရှိနှုန်းဟာ ရက် ၂၀ အတွင်း အဆ ၅၈၀ ကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ သေနှုန်းကလည်း တရှိန်ထိုး မြင့်တက်လာပြီး ရက်ပေါင်း ၂၀ အတွင်း အဆ ၃၂၀၀ ကျော်အထိ တိုးလာပါတယ်။ ရာခိုင်နှုန်းအားဖြင့် ကြည့်ရင်လည်း ဇူလိုင် ၁၇ ရက်မှာ ပိုးတွေ့ရှိနှုန်းက အမြင့်ဆုံး ၃၉ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ဖြစ်လာပြီး သေဆုံးနှုန်းက ပိုးတွေ့မှုအပေါ် မူတည် တွက်ချက်ရင် ၄ ဒသမ ၂၄ ရာခိုင်နှုန်းအထိ စံချိန်တင် ဖြစ်လာပါတယ်။ ဒါတွေဟာ စာရင်းမပေါက်ဘဲ တကယ် လက်တွေ့ ကူးစက် သေဆုံးနေသူတွေ အရေအတွက်နဲ့ယှဉ်ရင် အဖျားအနားပဲ ရှိပါတယ်။

ဒီနှုန်းနဲ့၊ ဒီလိုကူရာမဲ့ အခြေနေမျိုးနဲ့သာ ဆက်သွားမယ်ဆိုရင် လာမယ့်သီတင်းပတ်တွေ အတွင်းမှာ လူဦးရေရဲ့ ထက်ဝက်နီးပါး ရောဂါ ကူးစက်ခံရနိုင်ပြီး သိန်းနဲ့ချီ သေဆုံးဖွယ် ရှိနေပါတယ်။ ပြန့်နှံမှုနှုန်း များလာတာနဲ့ အမျှ၊ မျိုးဗီဇပြောင်း မျိုးကွဲအသစ်တွေ ပေါ်လာနိုင်ခြေကို လျော့မတွက်နိုင်တာနဲ့အမျှ မြန်မာ့ကပ်ဘေးဟာ ပြည်တွင်းရေး သက်သက်သာ မဟုတ်တော့ဘဲ ဒေသတွင်း နိုင်ငံတွေအတွက်ပါ အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒီအခြေနေဟာ ရောဂါကပ်ဘေးကနေ စားနပ်ရိက္ခာ ရှားပါးတဲ့ အငတ်ဘေးနဲ့ တရား ဥပဒေစိုမိုးမှု အလုံးစုံ ပျက်ယွင်းမှုဘေးစတဲ့ လူသားဘ၀ လုံခြုံမှု ဆုံးပါးခြင်းနဲ့ ဒေသတွင်း တည်ငြိမ်မှုထိခိုက်ခြင်းတွေကို ရှေးရူ သွားစေနိုင်ပါတယ်။ ဒါကို ဟန့်တားကာကွယ်ဖို့ လူလူချင်း ငဲ့ညှာစောင့်ရှောက်မှု မဖြစ်မနေ လုပ်ရတော့မယ့် (humanitarian imperative) အရေးပေါ်အခြေနေမျိုး ဖြစ်နေပါပြီ။ ပြည်တွင်းမှာလည်း တဦးချင်း၊ တမိသားစုချင်းကစလို့ ကဏ္ဍစုံ၊ အလွှာစုံ၊ နယ်ပယ်စုံ အင်အားစုအားလုံး၊ လူအဖွဲ့စည်းတခုလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်တဲ့ ချဉ်းကပ်မှု the Whole-of-Society Approach မျိုးကို အတတ်နိုင်ဆုံး အားကောင်းအောင် ဖော်ထုတ်ပြီး ဒီရောဂဗျသနကစလို့ ကပ်ဘေး အထွေထွေ အရေးကို ဖြေရှင်းဖို့ ကြိုးစားရပါမယ်။ ဒါ့အပြင် ပြည်တွင်း အင်အားသက်သက်နဲ့ ဖြေရှင်းနိုင်တယ် ဆိုပြီး ခေါင်းမာ တင်းခံနေလို့ မရတော့တဲ့၊ ကြီးမားတဲ့ အကျပ်အတည်းဆိုတာကို အသိမှတ်ပြု လက်ခံပြီး၊ တာဝန် သိသိနဲ့ နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုအကူအညီတွေကို အမြန်ဆုံး တောင်းခံရမယ့် အခြေနေမျိုး ဖြစ်ပါတယ်။

▪ လိုအပ်ချက် သုံးရပ်နှင့် နယ်ပယ် ငါးရပ်

ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို လူမှုစီးပွား၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံရေးစတဲ့ လူသားဘ၀ လုံခြုံမှု အခြေခံနဲ့ ဘက်စုံ လွှမ်းခြုံချဉ်းကပ်တဲ့ ကွင်းဆက်မှာ ပြည်သူ့ကျန်းမာရေး ရှုထောင့်ကို ကြည့်မယ်ဆိုရင် လက်တလော လိုအပ်ချက်ကြီး သုံးရပ်ကို တွေ့နိုင်ပါတယ်။ ဒါတွေကတော့ ရောဂါ စစ်ဆေးဖော်ထုတ်နိုင်စွမ်း၊ ရောဂါ ကုသနိုင်စွမ်းနဲ့ ရောဂါ ကာကွယ်ဆေး ထိုးနိုင်စွမ်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုအပ်ချက် သုံးရပ်စလုံးမှာ မြန်မာဟာ နောက်တန်းအကျဆုံးနိုင်ငံများ စာရင်းမှာပဲ ရှိနေပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းရာမှာ အဓိကအနေဖြင့် နယ်ပယ် ငါးခုကို တွေ့ရပြီး

(၁) ပြည်သူ့ဆေးရုံတွေ အစရှိတဲ့ လူထု ကျန်းမာရေးကဏ္ဍ (Public Health Sector)

(၂) ပုဂ္ဂလိကကဏ္ဍ (Private Sector)

(၃) စေတနာ့ ဝန်ထမ်း ဗော်လမ်တီယာတွေ ပါဝင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဘာသာရေး အသင်းအပင်းနဲ့ ခေါင်းဆောင်တွေ၊ စေတနာရှင်နဲ့ လုပ်ငန်းရှင်တွေစတဲ့ ရပ်ရွာ အသိုက်အမြုံ ဦးစီးဦးဆောင်ကဏ္ဍ (Community Sector)

(၄) တိုင်းရင်းသား လက်နက်ကိုင်အင်အားစု (EAOs) များ ထိန်းချုပ်ရာကဏ္ဍ(EAOs-controlled Sector)

(၅) ဝေဒနာရှင် တဦးချင်းအလိုက်၊ မိသားစု အလိုက် ဖြေရှင်းရင်ဆိုင်မှု (Individual/Family Coping) တို့ ဖြစ်ကြပါတယ်။

ဒီနယ်ပယ် ငါးခုစလုံးဟာ မနိုင်ဝန် ထမ်းရတဲ့ အဆင့် မဟုတ်တော့ဘဲ တချို့ပြိုကျလု၊ တချို့ ပြိုလဲသွားပြီ ဖြစ်ပါတယ်။ နယ်ပယ် ငါးခုမှာ လိုအပ်ချက် သုံးရပ်ဟာ ကြီးကြီးမားမား ရှိနေပြီး၊ နယ်ပယ် ကဏ္ဍအချင်းချင်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက် နိုင်စွမ်းလည်း ပျက်ပြားနေတာ တွေ့ရပါတယ်။

▪ လူထုယုံကြည်မှုရသော၊ လူထုထောက်ခံသော အစိုးရမရှိခြင်း

ဒယ်လ်တာနဲ့ အယ်လ်ဖာ မျိုးကွဲ ကိုဗစ်-၁၉ တတိယလှိုင်းဟာ မြန်မာ တနိုင်ငံတည်း ကွက်ဖြစ်တဲ့ ကပ်ဘေး မဟုတ်ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံလို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ ဒေသတွင်းက အင်ဒိုနီးရှား နိုင်ငံလိုနိုင်ငံမျိုးတွေကအစ အနောက်နိုင်ငံတွေ အထိ ပိုးတွေ့နှုန်းနဲ့ သေနှုန်းတွေ မြင့်တက်နေတာ တွေ့နိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံတိုင်း ကြုံရ၊ ခံစားရတာ မှန်ပေမယ့်၊ ဆိုးကျိုး သက်ရောက်မှု ပမာဏနဲ့ ဖြေရှင်း နိုင်စွမ်းတွေမှာတော့ မတူညီကြပါဘူး။ ဒီလို မတူညီ ရတာဟာ ရောဂါ ဖော်ထုတ် ဓာတ်ခွဲ စစ်ဆေးနိုင်စွမ်း၊ ကုသနိုင်စွမ်းနဲ့ ကာကွယ်ဆေး ထိုးနိုင်စွမ်းစတဲ့ ရှိရင်းစွဲ ပြည်သူ့ ကျန်းမာရေးစနစ် အားသာချက်အပြင် ပြည်သူ့ကျန်းမာရေး public health ကိစ္စတွေမှာ အလွန် အရေးကြီးတဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု ကောင်းတဲ့ အစိုးရရှိခြင်း၊ အုပ်စိုးသူတွေ အာဏာကိုင်စွဲ အုပ်ချုပ်ခွင့်ကို တရားဝင်စေတဲ့ နိုင်ငံရေးစနစ် တည်ရှိခြင်းတွေဟာ အခရာ ကျလှပါတယ်။ ဒီလို နိုင်ငံရေးစနစ်မျိုးနဲ့ အစိုးရမျိုးရှိခဲ့ရင် လက်တွေ့ မြေပြင်မှာ ချို့ငဲ့တာတွေ ရှိစေကာမူ လူထုယုံကြည်မှု (trust)၊ လူထုထောက်ခံမှု၊ ပူးပေါင်းပါဝင်မှုကိုအဓိက အားပြုရတဲ့ ကျန်းမာရေး ပညာပေး ကာကွယ်ကုသရေး လှုပ်ရှားမှုတွေဟာ တစုံတရာ အောင်မြင်တတ်ပါတယ်။

ပြီးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရ(NLD)၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် လက်ထက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းတွေမှာ လိုအပ်ချက်သုံးရပ်နဲ့ မူဝါဒဆိုင်ရာ ဝေဖန် ထောက် ပြစရာတွေ ရှိနေခဲ့စေကာမူ နယ်ပယ် ငါးရပ်မှာ ရှိတဲ့ စေတနာ အရင်းအမြစ်၊ လူအရင်းအမြစ်၊ ငွေကြေးစတဲ့ ရုပ်၀တ္ထု အရင်းအမြစ်၊ နိုင်ငံတကာအကူအညီ အရင်းအမြစ် စတာတွေကို စေ့ဆော် စုရုံးပြီး၊ လူထု ယုံကြည်ကိုးစားမှု မြင့်မြင့်မားမားနဲ့ ကျန်းမာရေး ပညာပေး ကာကွယ်ကုသရေးလှုပ်ရှားမှုတွေလုပ်ခဲ့တာ သတိပြု နိုင်ပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာ သိမ်းပြီးနောက်မှာ အထက်ပါ အခြေနေကောင်းမျိုးတွေ ဆိတ်သုဉ်းသလောက် နီးပါး ဖြစ်ခဲ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ခေတ်သစ် မြန်မာ့သမိုင်းတလျောက် လူထုထောက်ခံမှု၊ လူထုယုံကြည်မှု အနိမ့်ဆုံး အုပ်စိုးသူလို့ ပြောရလောက်အောင် ပြည်သူလူထုရဲ့ ဆန့်ကျင်မှုနဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ခွင့် ငြင်းဆန်မှုတွေကို ခံနေရပါတယ်။ စစ်ကောင်စီနဲ့ မပူးပေါင်းရေး လှုပ်ရှားမှု၊ စစ်ကောင်စီကို အုပ်ချုပ်ခွင့် မရအောင် ဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကြောင့် ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေး ဝန်ထမ်းပေါင်း ၆၀ ဦးကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး CDM လုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းပေါင်း ၅၉၅ ဦး ကိုလည်း ၀ရမ်းထုတ် တရားစွဲထားပါတယ်။ နဂိုကတည်းက အားနည်းခဲ့တဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ဒီလို ဖိနှိပ်မှုတွေကြောင့် ရေနစ်သူဝါးကူ ထိုးဖြစ်ခဲ့ရပါတယ်။

ါ့အပြင် ပုဂ္ဂလိက ဆေးရုံတွေ၊ ကျန်းမာရေးအတွက် လိုအပ်တဲ့ ပစ္စည်းထုတ်လုပ် ဖြန့်ချိနိုင်စွမ်းတဲ့ လုပ်ငန်းတွေ (ဥပမာ အောက်စီဂျင်ထုတ် စက်ရုံတွေ)၊ ကျန်းမာရေး ပစ္စည်းတွေကို ပြည်ပမှ တင်ပို့တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကို စစ်ကောင်စီက တားမြစ် ကန့်သတ်ချက်တွေ ထုတ်တာ၊ ပိတ်ပင်တာတွေကလည်း လိုအပ်ချက် သုံးရပ်စလုံးမှာ ရှားပါးခြင်း၊ ပြတ်တောက်ခြင်းတွေကို ဖြစ်ပေါ်စေပြန်ပါတယ်။

အလားတူ NLD အစိုးရ လက်ထက်မှာ လေ့ကျင့်ပေးခဲ့တဲ့ စေတနာဝန်ထမ်း ၅၀,၀၀၀ ကျော်ခဲ့ရှိတဲ့ ယန္တရားလည်း ဖျက်ဆီး ခံလိုက်ရပါတယ်။ စေတနာ့ ဝန်ထမ်း ဗော်လမ်တီယာတွေနဲ့ ရပ်ရွာ အခြေပြု လုပ်ငန်းတွေကို ဦးဆောင်နေခဲ့သူ အများစုဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်လို့ တချို့ အသတ်ခံရ၊ အဖမ်းခံရ၊ ထွက်ပြေး တိမ်းရှောင်ရနဲ့ ဝါးအစည်း ပြေသလို ဖြစ်နေကြရပါတယ်။ ဒီကြားထဲကမှ CDM ကျန်းမာရေး ဝန်ထမ်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေက “ပြည်သူမှာ ပြည်သူပဲရှိတယ်” ဆိုတဲ့ ခံယူချက်ကို ကိုင်စွဲပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကပ်ဘေးကို ကူညီ တွန်းလှန် ပေးနေကြပါတယ်။ ဒါကိုလည်း တချို့ နေရာဒေသတွေမှာ ထောင်ချောက်ဆင် ဖမ်းဆီးမှု တွေလုပ်နေတယ်ဆိုတဲ့ သတင်းတွေကို ကြားသိနေရပါတယ်။


တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAOs) များ ထိန်းချုပ်ရာ ကဏ္ဍမှာ အိမ်နီးချင်း နိုင်ငံတချို့ရဲ့ အကူအညီနဲ့ ကပ်ရောဂါ လိုအပ်ချက် သုံးရပ်ကို ဖြေရှင်းနေတာ တချို့တော့ရှိပါတယ်။ အထူးသဖြင့် အရှေ့မြောက်ဒေသနဲ့ မြောက်ပိုင်းဒေသတွေမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ EAOs များ ထိန်းချုပ် ဒေသတစုံလုံးနဲ့ ခြုံကြည့်ရင် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေရုံသာမက ဖြေရှင်းပုံဖြေရှည်းနည်း (ဥပမာ ကာကွယ်ဆေး အမျိုးအစား) အရည်အသွေးမှာ လည်း သတိပြုစရာတွေ ရှိနိုင်ပါတယ်။ အဆိုးဆုံးကတော့ စစ်ကောင်စီနဲ့ EAOs များအကြား တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပွားနေတာ၊ စစ်ကောင်စီက လေတပ်အင်အားကို အသုံးပြုပြီး တိုက်ခိုက်လို့ စစ်ဘေးရှောင်တွေ တိုးများ လာနေတာတွေက အခြေနေကို ထိန်းသိမ်းဖို့ ခက်ခဲစေပါတယ်။

ကိုဗစ်-၁၉ ကူးစက် ကပ်ဘေး ပထမနဲ့ ဒုတိယလှိုင်း ကာလတွေ အတွင်းမှာပဲ မြန်မာနိုင်ငံမှာ တဦးချင်းနဲ့ မိသားစု အဆင့်မှာ ဆင်းရဲ နွမ်းပါးသူ လူဦးရေ မြင့်တက်နေခဲ့တာပါ။ ကမ္ဘာ့ဘဏ်က ခန့်မှန်းရာမှာ မြန်မာ့စီးပွားရေးက စစ်အာဏာသိမ်းမှု မတိုင်မီ အခုနှစ်မှာ ခြောက်ရာခိုင်နှုန်းခန့် တိုးတက်မယ်လို့ ဆိုခဲ့ပေမဲ့ အာဏာသိမ်းပြီး နောက်မှာတော့ စီးပွားရေး တိုးတက်မှုဟာ ၁၀ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ထုတ်ပြန်ပါတယ်။ အခြားစီးပွားရေး အဖွဲ့အစည်းတွေကတော့ ၂၀ ရာခိုင်နှုန်းထိ ကျုံ့နိုင်တယ်လို့ သတိပေးထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လာမယ့် သုံးလကနေ ခြောက်လအတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၃ ဒသမ ၄ သန်းနဲ့ အထက် စားနပ်ရိက္ခာ အခက်အခဲ ကြုံရနိုင်ကြောင်း ထုတ်ပြန် ထားပါသေးတယ်။ ဝင်ငွေနည်းပါးတဲ့ မိသားစုဝင်တွေရဲ့ အခြေအနေဟာ ၂၀၂၀ ခုနှစ်မှာတင် ဆိုးရွားလျက်ရှိနေပြီး၊ နိုင်ငံရေး အကျပ်အတည်း အဆိုးဆုံး အခြေအနေမှာ နိုင်ငံ့လူဦးရေရဲ့ တဝက်နီးပါး (၄၈ ဒသမ ၂ ရာခိုင်နှုန်း) ဟာ ဆင်းရဲမှုမျဉ်းအောက် ကျရောက်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါတွေဟာ ကိုဗစ်-၁၉ တတိယ လှိုင်းမတိုင်ခင်က ထုတ်ပြန်ချက်တွေပါ။ အခုအခြေနေမှာဆို ဒီ့ထက်များစွာ ဆိုးဖွယ်ရှိပါတယ်။ ဒီလို ဝင်ငွေနည်းပါး၊ အလုပ်လက်မဲ့ပေါများ၊ ဘဏ်မှာ အပ်ထားတဲ့ ကိုယ်ပိုင်ပိုက်ဆံတောင် အလွယ်တကူပြန်ထုတ်မရတဲ့အခြေနေမှာ တဦးချင်းနဲ့ မိသားစုတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူ ကိုယ်ထ ရင်ဆိုင်နေရခြင်းဟာ ပြည်သူတွေအတွက် နာကျင် နာကျည်းစရာ အတိပဲ ဖြစ်နေပါတယ်။

ဒါကြောင့် ကူးစက်မြန်တဲ့ ဒယ်လ်တာ၊ အယ်လ်ဖာစတဲ့ မျိုးကွဲတွေနဲ့ တိုက်ခိုက်လာတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးဟာ နဂိုကတည်းက ချည့်နဲ့နေတဲ့ ပြည်သူ့ ကျန်းမာရေးစနစ်၊ လူထုနဲ့ နိုင်ငံတကာ ထောက်ခံမှု မရှိတဲ့ စစ်ကောင်စီစတဲ့ တပူပေါ် အပူအဆင့်ဆင့် ထပ်စေပါပြီ။ ဒါကြောင့် ဒီအရေးကို တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အရေး အပေါ်အခြေအနေ၊ အမျိုးသား လုံခြုံရေးပြဿနာ၊ ဒေသတွင်းကိုပါ ရိုက်ခတ်နိုင်တဲ့ လူလူချင်း ငဲ့ညှာ စောင့် ရှောက်မှု အကျပ်အတည်း အခြေအနေမျိုးအဖြစ် အသိမှတ်ပြုရပါမယ်။ လူအဖွဲ့စည်း တခုလုံး လက်တွဲပူးပေါင်း ဆောင်ရွက်တဲ့ ချဉ်းကပ်မှု the Whole-of-Society Approach မျိုးကို ပြန်လည် ဖော်ထုတ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်း ကြရမှာပါ။ မြန်မာနိုင်ငံအခြေစိုက် ကမ္ဘာကုလသမဂ္ဂ အဖွဲ့စည်းကလည်း အောက်စီဂျင် လိုအပ်ချက်တွေ ကို ကူညီ ဖြေရှင်းပေးဖို့နဲ့ ၂၀၂၁တခုနှစ်အတွင်း COVAX facility အစီအစဉ်ကနေတဆင့် မြန်မာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီလိုအကူအညီမျိုးနဲ့ ကျန်အလားတူ နိုင်ငံချင်းသော်လည်းကောင်း၊ ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ အားထုတ်မှု အရသော် လည်းကောင်း ရရှိနိုင်မယ့် အကူအညီတွေကို ကျေးဇူးတင် ကြိုဆိုကြရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးနဲ့ လိုအပ်ချက် ပမဏဟာ ဒီလောက်နဲ့တင် မလုံလောက်ဘူး ဆိုတာ ကိုဗစ်-၁၉ ကူးစက်နှုန်း၊ သေနှုန်းနဲ့ လိုအပ်ချက် သုံးရပ်နဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို ကြည့်ရုံနဲ့ သိသာနိုင်ပါတယ်။

▪ အကြံပြုချက်များ

(၁) မြန်မာနိုင်ငံအနေနဲ့လည်း ပြည်တွင်းအင်အား သက်သက်နဲ့ ခေါင်းမာတင်းခံနေလို့ မရတော့တဲ့ အကျပ်အတည်းဆိုတာ အသိမှတ်ပြု လက်ခံပြီး၊ တာဝန်သိသိနဲ့ နိုင်ငံတကာရဲ့ လူသားချင်း စာနာမှု အကူအညီတွေကို အမြန်ဆုံးတောင်းခံရမယ့် အခြေနေမျိုး ဖြစ်ပါတယ်။ ဒီလို တောင်းခံရာမှာ နှစ်နိုင်ငံဆက်ဆံရေး bilateral relations အရ တောင်းခံမှုတွေ လုပ်တာနဲ့တင် မလုံလောက်တော့ပါဘူး။ နိုင်ငံစုံ အပြည်ပြည်ဆိုင်ရာ ချိတ်ဆက် ကူညီမှုမျိုးကို တောင်းခံဖို့ လိုအပ်ပါတယ်။ နိုင်ငံစုံ အကူအညီနဲ့ ပတ်သက်ရင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးအပြီး ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေး သဘောတူညီချက် ငါးရပ်ကို အသုံးပြုနိုင်ပါတယ်။ ဒီသဘောတူချက် ငါးချက်ရဲ့ အမှတ်လေးမှာ “အာဆီယံအနေနဲ့ လူသားချင်း စာနာမှု အကူအညီများကို အာဆီယံ လူသားချင်း စာနာမှုအကူအညီပေးရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး စင်တာ (AHA) ကတဆင့်ပေးအပ်မယ်“ ဆိုပြီး ပါဝင်ပါတယ်။ ဒီသဘောတူညီချက်ကို စစ်ကောင်စီ ဥက္ကဌ ကိုယ်တိုင် သဘောတူခဲ့တာမို့ AHA ကတဆင့် လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌက တာဝန်ရှိရှိ တောင်းခံရပါမယ်။ စစ်ကောင်စီ ဥက္ကဌအနေနဲ့ တာဝန်သိသိ တောင်းခံသည် ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ ၅၂ သန်းသော ပြည်သူများ ကပ်ဘေးဆိုးက လွတ်မြောက်ဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ EAOs များ အပါအဝင် ကျန် Stakeholders အင်အားစု အသီးသီးအနေနဲ့ AHA အပါအဝင် နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကြားဝင် ဖြေရှင်းဆောင်ရွက်ပေးဖို့ (Humanitarian Intervention) ကို တောင်းခံကြရမှာ ဖြစ်ပါတယ်။

(၂) အာဆီယံနိုင်ငံ တော်တော်များများမှာလည်း ဒီကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ခံနေရတာကြောင့်ရော၊ AHA စင်တာကိုယ်၌က လုပ်ငန်းပိုင်းဆိုင်ရာ အကန့်အသတ် ရှိနေနိုင်တာကြောင့် AHA စင်တာမှာ အရင်းအမြစ်ဆိုင်ရာ ချို့တဲ့မှု ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် AHA စင်တာအနေနဲ့ မြန်မာ့အရေး အာဆီယံ ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံထားတဲ့ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု စတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြံရေးကောင်စီ အမြဲတမ်းနဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အေဂျင်စီများ (အထူးသဖြင့် WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့)၊ ဂျပန်၊ တောင်ကိုရီးယား၊ နော်ဝေစတဲ့ မြန်မာ့အရေး ကူညီအားပေးတဲ့ နိုင်ငံများရဲ့ အကူအညီနဲ့ Gavi COVAX AMC စတဲ့ နိုင်ငံတကာ ကာကွယ်ဆေး အစီအမံများရဲ့ အထောက်အပံ့တွေကို မြန်မာပြည်သူတွေအတွက် ရရှိအောင် ကြိုးပမ်းသင့်ပါတယ်။ AHA စင်တာအနေနဲ့ ဒီလို ဆောင်ရွက်နိုင်ဖို့ အာဆီယံနိုင်ငံများထဲကပဲ ဖြစ်ဖြစ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်း စာနာမှု ညှိနှိုင်းရေးမှူးရုံး (OCHA) နဲ့ ချိတ်ဆက်ပြီးတော့ပဲ ဖြစ်ဖြစ် ကျွမ်းကျင်သူတဦးကို ရွေးချယ်ပြီး မြန်မာနိုင်ငံ လူသားချင်စာနာမှု အကူအညီပေးရေးဆိုင်ရာ အထူးကိုယ်စားလှယ်တဦး (Humanitarian Special Envoy) ကို ခန့်အပ်သင့်ပါတယ်။

(၃) AHA စင်တာအနေနဲ့ မြန်မာ့ကိုဗစ်-၁၉ ကူးစက်မှုနဲ့ ဖြေရှင်းနေမှု အခြေနေမှန်ကို သိရှိနိုင်ဖို့ စစ်ဆေး အကဲဖြတ်ရေးအဖွဲ့ (Rapid Assessment Team) ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံကို အမြန်ဆုံး စေလွှတ်သင့်ပါတယ်။

(၄) စစ်ကောင်စီအနေနဲ့ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းအားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာပေးတာနဲ့ ၀ရမ်း ထုတ်ထားတာတွေကို ချက်ချင်း ပြန်ရုတ်သိမ်းတာတွေ ဆောင်ရွက်ရပါမယ်။ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ နယ်ပယ် ငါးရပ်အနက် နှစ်သက်ရာ နယ်ပယ်များမှာ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိရပါမယ်။

(၅) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုစသည့် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ပေးအပ်တဲ့ နယ်စပ် ဖြတ်ကျော် အကူအညီတွေ (Cross-border Assistance)၊ အဝေးမှ ချိတ်ဆက် ကူညီပံပိုးမှုတွေ (Remote Response)၊ နိုင်ငံစုံ လူသားချင်း စာနာမှု အကူအညီတွေကို စစ်ကောင်စီ အနေနဲ့ တားမြစ်၊ ပိတ်ပင်၊ ဖြတ်တောက်၊ အလွဲသုံးစား ပြုလုပ်မှာ မဟုတ်ကြောင်း တာဝန်ခံရမှာ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ Stakeholders အင်အားစု အသီးသီးကလည်း နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ လက်ခံရယူရေးနဲ့ ပတ်သက်ပြီး အားလုံး လက်တွဲ ပြေလည် ချောမွေ့အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကတိကဝတ်ပြု ကြေညာချက်မျိုး (Humanitarian Pledge) ကို ထုတ်ပြန်သင့်ပါတယ်။

▪ နိဂုံး

မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ ကပ်ဘေးဟာ အားလုံး လက်တွဲ ဖြေရှင်းနိုင်ပါမှ မျိုးဆက်လိုက် ရုပ်ရော စိတ်ပါ အနာတရကြီးစွာ ဖြစ်ရမယ့် အခြေနေကို သက်သာရာ ရအောင် အထောက်အပံ ဖြစ်နိုင်မှာပါ။ လူသားချင်း စာနာမှု အကျပ်အတည်းဟာ နိုင်ငံရေးမှာ အကြောင်းရင်းခံတာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့် ပိုဆိုးတာပဲ ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူသားချင်း စာနာမှုအကျပ်အတည်းကို ဖြေရှင်းရာမှာ လူလူချင်း ငဲ့ညှာစောင့်ရှောက်မှု အရေးပေါ်အခြေနေမျိုးကနေ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ထွန်းတဲ့ အခြေနေမျိုးအထိ ရှေးရူ သွားနိုင်အောင်ပါ ချိတ်ဆက် ကြံဆောင်သင့်ပါတယ်။ ဒါမျိုးကို ၂၀၀၄ ခုနှစ် ဆူနာမီ သဘာ၀ဘေးအပြီး အာချေးနဲ့ ၂၀၁၅ ငလျင်ဘေးအပြီး နီပေါတို့မှာ နမူနာကောင်းအဖြစ် တွေ့ရပါတယ်။ အကြောင်း မညီညွတ်လို့ နိုင်ငံရေးအပြောင်းအလဲကို မရှေးရူ နိုင်ခဲ့ရင်တောင် အမိ မြန်မာပြည်ရဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးမှာ လူ့အသက် ကယ်တဲ့ကိစ္စ ပြည်သူပြည်သားတွေ ဒုက္ခသက်သာရာရရေး ကိစ္စအတွက် ကြီးမားစွာ အထောက်အပံ ဖြစ်နိုင်တဲ့ ကိစ္စမို့ အထက်ဖော်ပြပါ အကြံပြုချက်တွေကို Stakeholders အင်အားစု အသီးသီးက အမြန်ဆုံး စဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ ကပ်ဘေးဟာ အားလုံး လက်တွဲ ဖြေရှင်းနိုင်ပါမှ မျိုးဆက်လိုက် ရုပ်ရော စိတ်ပါ အနာတရကြီးစွ ာဖြစ်ရမယ့် အခြေနေကို သက်သာရာ ရအောင် အထောက်အပံ ဖြစ်နိုင်မှာပါ။ လူသားချင်းစာနာမှု အကျပ်အတည်းဟာ နိုင်ငံရေးမှာ အကြောင်းရင်းခံတာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့် ပိုဆိုးတာပဲ ဖြစ်ဖြစ် ဖြစ်တတ် ပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းရာမှာ လူလူချင်း ငဲ့ညှာစောင့်ရှောက်မှု အရေးပေါ်အခြေနေမျိုးကနေ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ထွန်းတဲ့ အခြေနေမျိုးအထိ ရှေးရူသွားနိုင်အောင်ပါ ချိတ်ဆက် ကြံဆောင်သင့်ပါတယ်။ ဒါမျိုးကို ၂၀၀၄ ခုနှစ် ဆူနာမီ သဘာ၀ဘေးအပြီး အာချေးနဲ့ ၂၀၁၅ ငလျင်ဘေးအပြီး နီပေါတို့မှာ နမူနာကောင်းအဖြစ် တွေ့ရပါတယ်။ အကြောင်း မညီညွတ်လို့ နိုင်ငံရေးအပြောင်းအလဲကို မရှေးရူ နိုင်ခဲ့ရင်တောင် အမိမြန်မာပြည်ရဲ့ ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးမှာ လူ့အသက်ကယ်တဲ့ကိစ္စ ပြည်သူပြည်သားတွေ ဒုက္ခသက်သာရာရရေး ကိစ္စအတွက် ကြီးမားစွာ အထောက်အပံ ဖြစ်နိုင်တဲ့ ကိစ္စမို့ အထက်ဖော်ပြပါ အကြံပြုချက်တွေကို Stakeholders အင်အားစုအသီးသီးက အမြန်ဆုံး စဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။


ISP-Myanmar အနေဖြင့် မြန်မာ့အရေး ကိုဗစ်အထူးပြု (Special Series) စာစဉ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီတွင် စတင် ထုတ်ဝေပြီး အခမဲ့ ဖြန့်ချိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီမှ အောက်တိုဘာအထိ အချိန် ခြောက်လအတွင်း အထူးထုတ် စာစဉ် ငါးစောင် ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ကိုဗစ်အရေးနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ အပါအဝင် သုတေသီ ၈၃ ဦး၏ ဆောင်းပါးများ၊ ဘာသာရပ်ဆိုင်ရာ နှံ့စပ်သူ ၁၅ ဦး၏ အင်တာဗျူး ဖြေဆိုချက်များကို ဖော်ပြခဲ့သည်။ အရေအတွက်အားဖြင့် ဆောင်းပါးနှင့် အင်တာဗျူး စုစုပေါင်း ၁၂၀ ကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဖော်ပြချက်များကို www.ispmyanmarspecialseries.com ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်။













About the author

ISP Admin

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Add comment